ထုပ်ပိုးသိမ်းဆည်းခြင်း အနုပညာ ...

ထုပ်ပိုးသိမ်းဆည်းနေသူ ...

ရှေ့နှစ်ပတ်မှာ အိမ်ပြောင်းရတော့မယ်ဆိုတော့ သိမ်းဆည်းထုပ်ပိုးနေရပြီ။ ပစ္စည်းတွေက များလိုက်တာ အကုန်လုံးကို လွှတ်ပစ်ချင်နေမိတော့တာပဲ။ လိုအပ်တာတွေ၊ နောက်အသုံးဝင်မယ့်ဟာတွေကို အိတ်၊ စက္ကူဘူးတွေထဲ မျိုးတူတာတွေစုထည့်၊ ဘာတွေပါလဲဆိုတာရေးမှတ်။ မသုံးတော့တာတွေ၊ အသုံးမလိုမယ့်ဟာတွေလွှင့်ပစ်။ အိမ်ဟောင်းမှာ ထုပ်ပိုးပြင်ဆင် အိမ်သစ်မှာနေရာချ အိမ်မပြောင်းခင် ၃ ပတ် အိမ်ပြောင်းပြီး ၃ ပတ်လောက် အလုပ်များနေဦးမှာ။ စတိတ်ကို လာတုန်းက လက်ကေ့ ၂ အိတ်၊ ဟမ်းကယ်ရီ ၁ အိတ်၊ အိုင်အိုဝါကျောင်းကနေ အိုဟိုင်းရိုးပြည်နယ်မှာနေတဲ့ မိုင်းဖန်ဆီသွားပြီး အလုပ်ရှာတုန်းကလည်း အဲ့ဒီအတိုင်း၊ ကန်တက်ကီပြည်နယ်ကို ပြောင်းတော့လည်း အဲ့ဒီအတိုင်း။ ကန်တက်ကီပြည်နယ်ကနေ မေရီလန်းပြည်နယ်ကိုပြောင်းတော့ ပစ္စည်းနည်းနည်း များလာပြီ ကားထဲအကုန်ပစ်ထည့်လိုက်တာပဲ။ မေရီလန်းပြည်နယ်ကနေ နယူးယောက်ပြည်နယ်ကိုပြောင်းတော့ ပစ္စည်းနည်းနည်း များလာပြီ မသယ်နိုင်တာတွေ USPS နဲ့ပို့။ ၂၀၁၆ နယူးယောက်ပြည်နယ်ကနေ နယူးဂျာဆီပြည်နယ်ကိုပြောင်းတော့ ပစ္စည်းအတော်များတယ်။ အမေနဲ့မကြီးရှိတော့ သိပ်မပင်ပန်းဘူး။ တရုတ်မယန်းဆီက ဝယ်ထားတယ့်ပစ္စည်းတွေနဲ့ ဒီတခေါက် ပစ္စည်းအတော်များတယ်။ အိမ်အသစ်က နေရာကျဉ်းလို့ စာအုပ်စင်၊ စားပွဲခုံတွေ မသယ်တော့ဘူး။ နောက်ထပ်ပြောင်းရင် ဒီထက်ပိုများလာဦးမှာ။ လကုန်ရက်က ရုံးဖွင့်ရက်ဖြစ်နေတော့ ရုံးပိတ်ရက်ပဲ ပြောင်းချင်တယ်။ ဒီတော့ လမကုန်ခင်ပြောင်းမလား၊ လကုန်ပြီးမှပြောင်းမလား ဘယ်ဟာက အသက်သာဆုံးလဲ။ အင်တာနက်၊ တီဗွီလိုင်းကို ပြန်အပ်မလား၊ ဆက်ယူမလား။

၂ နှစ်ကွန်းထရပ်ကို ၁ နှစ်ခွဲနဲ့ရပ်မယ်ဆိုရင် early termination fee ပေးရမလား။ မြို့အသစ်ကို ပြောင်းမှာမို့လို့ termination fee ပေးစရာမလိုဘူး။ မြို့အသစ်မှာ ခုယူထားတဲ့ service ရမလား။ ရတယ် နယူးယောက်ဆိုတော့ နယူးဂျာဆီထက် ဈေးနည်းနည်း မြှင့်တယ်။ ကိုယ်က တီဗွီလိုင်းတွေ မကြည့်ဖြစ်တော့ အင်တာနက်ပဲယူလို့ရမလား။ downgrade လုပ်လို့ရတယ် ဒါပေမယ့် နည်းပညာရှင်က လာတပ်ပေးရမယ် လာတပ်ဆင်ခ ၁၀၀ ပေးရမယ်။ ဘုရားရေ ... ကိုယ် နယူးဂျာဆီအိမ်မှာ အင်တာနက်တပ်တုန်းက နည်းပညာရှင်လာမတပ်ပေးပါဘူး။ router နဲ့ စက်ကလေး ၁ ခု ရောက်လာတော့ user manual ကြည့်ပြီး ကိုယ့်ဘာသာတပ်လိုက်တာပဲ။ အင်တာနက်မရသေးလို့customer service ကို ဖုန်းခေါ်လိုက်တော့ activate လုပ်ပေးတာနဲ့ အင်တာနက်ရတာပဲ။ အိမ်အသစ်မှာက ခု provider မတပ်ဘူးသေးလို့ နည်းပညာရှင် လာတပ်ပေးမှရမယ်။ စနေနေ့ မနက်၊ နေ့လည်ပဲ နည်းပညာရှင်က လာတပ်ပေးမှာ ကိုယ်က စနေနေ့ညနေစောင်းမှ အိမ်အသစ်ကိုရောက်မှာ။ ရုံးတက်ရက် တရက်ခွင့်ယူပြီး နည်းပညာရှင်လာတပ်ပေးမှာကိုလည်း မစောင့်ချင်ဘူး။ အိမ်အသစ်ရောက်ပြီး တပတ်အကြာ စနေနေ့မနက်မှ အင်တာနက်ရမယ်။ ခု provider ထက် ဈေးသက်သာတွေများ တွေ့မလားလို့ရှာဖွေတာ ခုယူထားတဲ့ အင်တာနက် package က အသက်သာဆုံးဆိုတာ တွေ့လိုက်ရတော့ ပြောင်းဖို့မစဉ်းစားတော့ဘူး။ USPS မှာ အိမ်ဟောင်းလိပ်စာကနေ အိမ်အသစ်လိပ်စာကို auto forward လုပ်ဖို့ change address လုပ်ရမယ်၊ အိမ်ရှင်အသစ်ကို deposit ပေးရမယ်၊ အိမ်ရှင်အဟောင်းဆီက deposit တောင်းရမယ်၊ mover ရှာရတယ်၊ moving fee ကဘယ်လောက်ဆိုတော့ တစ်ဖ်နဲ့ငွေသားဘယ်လောက် ထုတ်ထားရမယ်။

ဘဏ်အကောင့်တွေမှာ လိပ်စာပြောင်းရမယ်၊ HR ကို လိပ်စာအသစ်ပြောင်ခိုင်းရမယ်၊ နယူးယောက်စီးတီးမှာ နေတဲ့အတွက် နယူးယောက်စီးတီးတက်စ် ပေးရတော့မယ်၊ လစာထဲက နယူးယောက်စီးတီးတက်စ်နှုတ်ရင် အရင်ထက်ဝင်ငွေဘယ်လောက် လျော့သွားမှာလဲ၊ နယူးယောက်က နယူးဂျာဆီတက် Sales Tax များတယ်။ တော်ပြီ ... သိပ်မစဉ်းစားနဲ့ တွက်ရ၊ ချက်ရ၊ ခေါင်းပူအောင် စဉ်းစားရလို့နဲ့တူတယ် ညာဖက်ခေါင်းမှာ ဆံပင်ဖြူတွေ ပိုများလာတယ်။ အိတ်တွေမလောက်လို့ ဆလာအိတ်ဝယ်မလားလို့ သွားကြည့်တာ တအိတ် ၂ ကျပ် ကွာလတီက တော်တော်ညံ့လို့ ပိတ်ရက် IKEA မှာ သွားဝယ်ရတယ်။ IKEA သွားရင် အိမ်အသစ်မှာ လိုအပ်မယ်ထင်တာလေးတွေ ကြည့်ထားရတယ်။ တရားစခန်းသွားရင် စောင်၊ မွေ့ယာအဖုံး၊ ခေါင်းအုံးအဖုံးတွေ ယူသွားရတယ်။ comforter ထက် sleeping bag က သယ်ရလွယ်ကူတော့ ဈေးချတုန်း ဝယ်ထားရတယ်။ ကြည့် ... ဘာမှမဝယ်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် လိုအပ်တာဆိုတော့လည်း ဝယ်ရပြန်တယ်။ ကိုယ် စတိတ်မှာနေတာ ၆ နှစ်ရှိပြီ ဒေါင်းကုတ် ၁ ထည်ပဲ ရှိတယ်။ မကြီးက ၁ နှစ်တောင် နေခဲ့တာမဟုတ်ဘူး ဒေါင်းကုတ် ၃ ထည် ကိုယ့်လို  မစ်ဒါဝတ် မဟုတ်ဘူး။ သူသာ စတိတ်မှာ ၆ နှစ်လောက်ဆိုရင် ပစ္စည်းတွေ ဘယ်လောက်များမလဲမသိဘူး။ အများနဲ့ရှယ်နေတုန်းကတော့ အိမ်ရှင့်ပစ္စည်းတွေ သုံးလို့ရတယ်။ ကိုယ့်ဘာသာနေမယ်ဆိုရင် လိုအပ်တာအကုန် ရှိရမှာဆိုတော့လည်း ပစ္စည်းက များမှာပါပဲ။ အဖေက အိမ်ပိုင်၊ လစာကောင်း၊ စိတ်ထားကောင်း၊ ပညာတတ်တဲ့ ယောက်ျားရှာတဲ့။ အဲ့ဒီလိုမျိုး တွေ့ပါ့မလား အဖေရဲ့၊ တွေ့ပြန်ရင်လည်း သွားမှရှိပါ့မလား၊ ကိုယ့်ဘာသာ အိမ်ဝယ်ဖို့ကတောင် ဖြစ်နိုင်ချေရှိသေးတယ်လို့ ပြန်နှက်တော့ တဟားဟား ရယ်နေလေရဲ့။ အိမ်ပိုင်တဲ့ယောကျ်ားလည်းမတွေ့၊ ကိုယ့်ဘာသာလည်း အိမ်မဝယ်နိုင်သေးတော့ အိမ်ပြောင်းဖို့အတွက် ထုပ်ပိုးသိမ်းဆည်းလိုက်ပါဦးမယ်။

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၄၊ ၂၀၁၈။

No comments: