Invisalign ...

ကိုယ့်မှာ သွားပိုးစားတာ၊ နာကျင်ကိုက်ခဲတာတွေ မရှိတော့ သွားပြသနာ နည်းနည်းကင်းတယ်လို့ ဆိုရမယ်။ ရှစ်တန်းကျောင်းသူတုန်းက အပေါ်အံသွား မကျွှတ်ဘဲနဲ့ အောက်အံသွား ထွက်လာလို့ အပေါ်အံသွားကို သွားနုတ်ရဖူးတယ်။ စင်္ကာပူကိုမသွားခင် ညာဖက်ရှေ့သွား နည်းနည်းကျဲနေတာကို အမေပြောလို့ သွားဖို့ဖူးတယ်။ ၂၀၁၄ ကုန်ခါနီး ရေသောက်ရင် နည်းနည်းကျဉ်သလို ခံစားရလို့ ဖလပ်ရှင်းက တရုတ်သွားဆရာဝန်ဆီ သွားပြတာ gum disease ရေစီးကမ်းပြိုရောဂါ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ မကုရင် သွားတွေ ကျွှတ်ထွက်သွားလိမ့်မယ် deep cleansing လုပ်ရမယ် ဓာတ်မှန်ရိုက်ပြီး သွားအာမခံဆီက ခွင့်ပြုချက်တောင်းရမယ်။ သွားအာမခံက ခွင့်ပြုရင် deep cleansing လုပ်ရမယ် သွားအာမခံက ပေးထားတာတွေအများကြီး မသုံးဘဲထားတာ နှမြောစရာကြီး။ ရိုးရိုး cleansing လုပ်တာတောင် အင်မတန်နာတာ deep cleansing ဆို ဘယ်လောက်နာလိုက်မလဲ။ သွားအာမခံက ခွင့်ပြုလို့ deep cleansing လုပ်ဖို့ ရက်ချိန်းတာကို မသွားတော့ဘူး။  ၂၀၁၆ ကျတော့ ဖို့ထားတာတွေ မရှိတော့လို့ တရုတ်တန်းက မြန်မာဆရာဝန်မနဲ့ သွားဖို့တယ်။  သွားပိုးစားတာတော့ မရှိဘူး gum disease နည်းနည်းရှိတယ်။ deep cleansing လုပ်ရမယ် သွားကျဲတာကို ဖို့ပေးလိုက်တယ်။ အဲ့ဒီသွားဆရာဝန်မကို မကြိုက်လို့ နောက်မြန်မာသွားဆရာဝန်မနဲ့ သွားပြတယ်။ gum disease ရှိလို့ ညတိုင်း သွားမှန်မှန်တိုက်ဖို့ပြောတယ်။ ကိုယ်က ညတိုင်း သွားမှန်မှန်တိုက်တယ်။ သွားကျဲနေတာကို ဖို့ဖို့ထက် ကီးချိန်းတပ်ပြီး သွားတွေညှိဖို့ ဆွေးနွေးတယ်။ အသက်ငယ်ရင် ကီးချိန်းတပ်ခတွေကို သွားအာမခံက ပေးတယ်။ ကိုယ့်အသက်က မငယ်တော့ဘူးဆိုတော့ ကီးချိန်းပဲတပ်တပ်၊ Invisalign အံကပ်အကြည်တပ်တပ် သွားအာမခံက မပေးဘူး။ ကီးချိန်းက သွားတွေကို ကီးချိန်းနဲ့ဆွဲချုပ်ထားတော့ မြန်တယ်၊ ကီးချိန်းအောက်ဖက်ကို သေသေချာချာ သန့်ရှင်းရေး မလုပ်ရင် သွားပိုးစားမယ်၊ အစားအသောက် နည်းနည်းရှောင်ရမယ်။ အံကပ်အကြည်က ကီးချိန်းထက် ဈေးနည်းနည်းကြီးတယ်၊ တပ်ထားတာကို မမြင်ရဘူး၊ စားခါနီးချွှတ်၊ သွားတိုက်၊ ပြန်တပ်။ ကီးချိန်းက ရုပ်ဆိုးတယ်ထင်လို့ အံကပ်အကြည်ကို ရွေးလိုက်တယ်။

၂ ပတ်တိုင်း အံကပ်အကြည်လဲပြီး ၂၁ ခါလဲပြီးတဲ့အခါ ဖြစ်သွားမယ့်သွားပုံစံကို 3D နဲ့ပြတယ်။ ၄၇၀၀ ကုန်ကျပြီး ၁၁ လ ကြာမယ်။ ၂၀၁၄ တုန်းက တရုတ်သွားဆရာဝန်လွှတ်လို့ အံဖုံးအကြည်တပ်တယ့် ဆရာဝန်နဲ့သွားပြသေးတယ်။ ၆ လကြာမယ် ၆၀၀၀ ကျမယ်ဆိုလို့ ပြန်ပြေးခဲ့တယ်။ ခုတော့ မလုပ်လို့မဖြစ်တော့ဘူး ကြာရင်သွားက ပိုကျဲလာမယ် ဖို့လို့မရတော့ဘူး။ gum diease ကို deep cleansing လုပ်ပြီး ကုတယ်။ ကိုယ့်သွားအာမခံက ပုံမှန် cleansing တနှစ် ၂ ခါ၊ deep cleansing တနှစ် ၂ ခါ ခွင့်ပြုတယ်။ deep cleansing လုပ်ပြီးတယ့်အခါ သွားအတွင်းထဲအထိ ထည့်တယ့်ပိုးသတ်ဆေးတွေကို သွားအာမခံကမပေးတော့ ကိုယ့်ဘာသာပေးရတယ်။ ၄၀၀ လောက်ကုန်တယ် ဒါတောင် သွားဆရာဝန်မက အမြတ်မယူ အရင်းဈေးအတိုင်း ပေးတာတဲ့။ အံကပ်အကြည်တပ်မှာမို့လို့ အံဆုံးသွား wisdom teeth လေးချောင်း နှုတ်ပစ်ရတယ်။ အံဆုံးတွေဟာ မရှိလည်းဖြစ်တယ် အဆုံးမှာဆိုတော့ သွားတိုက်ရင် အဆုံးထိမတိုက်ဖြစ်တော့ သွားပိုးစားတတ်တယ်။ အရိုးတွေပိုကျလာမှာစိုးလို့ ညတိုင်း water floss ၊ သွားတိုက်၊ mouth wash လုပ်ခိုင်းတယ်။ ကြိုးနဲ့ floss လုပ်ရမှာပျင်းရင် ရေနဲ့ floss လုပ်တယ့် waterpik စက်ဝယ်ပြီး လုပ်ခိုင်းတယ်။ သွားတွေမှာ ဘာလို့ကျောက်တည်တာလည်းလို့ မေးကြည့်တော့ ခံတွင်းမှာ ရောဂါပိုးမွှားတွေ အများကြီး။ တံတွေးမှာ ကယ်လဆီယမ်တွေပါနေလို့ ကျောက်တည်တာပါတယ့်။ အံကပ်အကြည်လုပ်ဖို့ သွားဖို့တာတွေရှင်း ရှေ့သွားအရင်းနားမှာ ပဲ့နေတာနည်းနည်းရှိလို့ နည်းနည်းဖြတ်ထုတ်လိုက်တော့ ညာဖက်ရှေ့သွားက တော်တော်ကျဲသွားတယ်။ သွားတချောင်းရဲ့ တဝက်နီးပါးလောက်ရှိတော့ ဝိုင်းက နင်အရင်တုန်းက ဒီလောက်မကျဲပါဘူး။ အေး အခု အောက်ခြေပဲ့နေတာတွေ ဖြတ်ထုတ်လိုက်တော့ ပိုကျဲသွားတယ်။ ၆ လ ကြားပြီးတော့မှ ကျဲနေတုန်းပဲဆိုရင် အဲ့ဒီဆရာဝန်မကို တရားစွဲမယ်လို့ပြောပြီး ရယ်လိုက်ရတာ။

photo credit - Google

သွားဆရာဝန်မကို သွားအခြေအနေ တိုးတက်လာလားလို့မေးတော့ အရင်တုန်းကဆို ထိလိုက်တာနဲ့ သွေးထွက်တယ်။ ခု deep cleansing လုပ်တော့မှ သွေးထွက်တယ်တဲ့ ညတိုင်း  floss ၊ သွားတိုက်၊ mouth wash ပိုလုပ်ဖို့ တွန်းအားပေးတယ်။ ရှေ့အပတ်တနင်္ဂနွေနေ့က အံကပ်အကြည်တပ်တယ်။ အစာစားမယ်ဆိုရင် အံကပ်အကြည်ချွှတ်၊ အစပိုင်းဆိုတော့ ချွှတ်ရတာ အတော်ခက်တယ်။ အစာစားပြီးရင် သွားတိုက်၊ ပြီးရင် ပြန်တပ်။ အရင်ဆို ဗိုက်နည်းနည်းဆာတာနဲ့ စားပြီပဲ သယ်လာတယ့် အစားအစားတွေကလည်း အများကြီး။ အလုပ်ထဲမှာ စိတ်ဖိစီးရင် မဆာလည်း စားနေတော့တာပဲ။ ခုတော့ ဗိုက်နည်းနည်းဆာရင် ဘေးနားမှာချထားတယ့် မုန့်ကိုလှမ်းကြည့်ပေမယ့် သွားတိုက်ရမှာပျင်းလို့ ရေသောက်တယ်။ ဗိုက်တော်တော် ဆာလာတော့မှစားတယ် စားပြီးတာနဲ့သွားတိုက် အံကပ်အကြည်ပြန်တပ်။ သြော် .... ငါ့နှယ် အစာမြင်နေတာတောင် စားလို့မရတယ့် ပြိတ္တာဖြစ်နေပါရော့လား။ အံကပ်အကြည်တပ်နေတုန်း ဝိတ်လျှော့တယ်ဆိုတာ ဖြစ်နိုင်တယ်။ စားချင်ပေမယ့် သွားတိုက်ရမှာပျင်းလို့ မစားတော့လို့လေ။ အရင်တုန်းကဆို မနက်ရုံးမသွားခင် ဆနွှင်းနဲ့ cod liver oil သောက်၊ ညစာစားပြီးရင်သောက်။ အံကပ်အကြည် ဝါသွားလို့ ဆနွှင်းမသောက်တော့ဘူး။ အံကပ်အကြည် အရောင်ပြောင်းသွားနိုင်လို့ ကော်ဖီ၊ ဆေးလိပ်မသောက်သင့်ဘူးတယ့်။ အံကပ်အကြည်တပ်နေတုန်း ရေပူသောက်လို့မရဘူး။ အံကပ်အကြည်က ပလတ်စတစ်နဲ့ လုပ်ထားတော့ ရေပူသောက်ရင် အပူရှိန်ကြောင့် ပုံပျက်သွားမှာစိုးလို့။ ရေနွှေးကြမ်းကြိုက်တယ့်ကိုယ် အခုရိုးရိုးရေ သောက်နေရတယ်။ ၂ ပတ်တိုင်း အံကပ်အကြည်လဲ ၆ ပတ်ပြည့်ရင် သွားဆရာဝန်မနဲ့ တွေ့ဖို့ချိန်းထားတာ။ ၂ ပတ်နဲ့ သွားဆရာဝန်မက တွေ့ဖို့ပြန်ချိန်းတယ်။ အသက်ငယ်တယ့်သူတွေလို အရိုး၊ သွားတွေ မြန်မြန်မစေ့နိုင်၊ အရိုးတွေပိုကျနေမှာ၊ သွားတွေပိုးစားနေမှာ စိုးရိမ်နေတယ်နဲ့ တူပါရဲ့။ ၁၁ လဆိုတာ ခဏလေးပါ။ သူများတွေတောင် ၂ နှစ်ကို လုပ်နိုင်ရဲ့သားနဲ့ ကိုယ်က ၁၁ လ ဘာလို့မလုပ်နိုင်ရမှာလဲ။ သွားလည်းလှမယ် တသက်လုံး ဘယ်တော့မှ မကျတယ့်ဝိတ်လည်း ကျမယ်။ အင်း ... ခုတော့ အစာမြင်တိုင်း မစားနိုင်တယ့် ပြိတ္တာကြီးကိုဖြစ်လို့။

စန်းထွန်း
ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၈။

အခွန်ဆောင်ခြင်း အနုပညာ ...


စတိတ်မှာ ဖေဖေါ်ဝါရီ၊ မတ်၊ ဧပြီလတွေဟာ အစိုးရကို အခွန်ဆောင်ရမယ့် အချိန်ကာလဆိုတော့ Tax Refund အများကြီးရအောင် လုပ်ပေးမယ်ဆိုတယ့် ဆော့ဝဲလ်၊ စာရင်းကိုင်တွေ တီဗွီ၊ သတင်းစာ၊ အင်တာနက်မှာ ပလူပျံနေအောင် ကြေငြာကြတယ့် အချိန်ဆိုပါတော့။ IRS Internal Revenue Service က ၂၀၁၇ အတွက် အခွန်ဆောင်တာတွေကို ဇန်နဝါရီ ၂၉  မှာ စတင်လက်ခံပြီး နောက်ဆုံးလက်ခံမယ့်ရက်က ဧပြီ ၁၅ ပါ။ ဧပြီ ၁၅ ကျော်မှ အခွန်ဆောင်မယ်ဆိုရင်တော့ ပင်နယ်တီဒဏ်ကြေး ဆောင်ရပါတယ်။ IRS က အခွန်ဆောင်တာကို လက်ခံလိုက်ပြီ၊ ပိုက်ဆံပြန်ပေးတယ်ဆိုတာတွေ IRS ဆိုဒ်မှာ Social Secuirty Number (SSN)၊ ပြန်အမ်းငွေပမာဏနဲ့ tracking လိုက်လို့ရပါတယ်။ ပုံမှန်က ၂၁ ရက်အတွင်း  အခွန်ပြန်အမ်းတတ်ပြီး မသင်္ကာလို့ စာရွက်စာတမ်းတွေ ထပ်တောင်းရင်တော့ ကြာတတ်ပါတယ်။ ကိုယ့် SSN နဲ့ တခြားသူက အခွန်ဆောင်ခဲ့ရင်၊ Identity Theft ဖြစ်ခဲ့ရင် IRS က SSN တခုကို တခါပဲအခွန်ဆောင်ခွင့်ပြ ုတာမို့ မြန်မြန်အခွန်ဆောင် မြန်မြန်အခွန်ပြန်အမ်းတာ စိတ်အချရဆုံးမို့လို့အမြန်ဆုံးအခွန်ဆောင်လုပ်ဖို့ ဆော်သြပါတယ်။ တကယ်လို့ IRS က စာရွှက်စာတမ်း ထပ်တောင်းတာ၊ ပြင်ခိုင်းတာတွေ လုပ်ခဲ့ရင် ပြင်ဆင်ဖို့ အချိန်ပိုရတာပေါ့။ ဇန်နဝါရီလလယ်လောက်မှာ ကိုယ့်အလုပ်ဟောင်းနဲ့ အလုပ်သစ်က W2 တွေ ရတာနဲ့ အခွန်ဆောင်ဖို့ ပြင်ဆင်ရပါတော့တယ်။ ရုံးကအမေရိကန်မလေးကို မေးကြည့်တော့ သူက စာရင်းကိုင်နဲ့ အခွန်ဆောင်တယ်၊ အစိုးရဆီမှာ deduction လုပ်နိုင်တာတွေ စာရင်းကိုင်က ပိုသိတယ်တဲ့။ ကိုယ်က တခါမှ စာရင်းကိုင်နဲ့ အခွန်မဆောင်ဖူးဘူး။ ၂၀၁၂ ကနေ ၂၀၁၄ အထိ Tarbo Tax ဆော့ဝဲလ်နဲ့ အခွန်ဆောင်ခဲ့တယ်။ ၂၀၁၂ ကန်တက်ကီပြည်နယ်မှာတုန်းက ဖက်ဒရယ်အစိုးရဆီက ပြန်အမ်းငွေရပေမယ့် ကန်တက်ကီပြည်နယ်အစိုးရကို ပြန်ပေးရတယ်။ အခွန်ပြန်အမ်းငွေနဲ့ မတ်ဘွတ်ကွန်ပျူတာ ဝယ်လိုက်တယ်။ ၂၀၁၃ ကျတော့ ကန်တက်ကီ၊ မေရီလန်း၊ နယူးယောက် အလုပ် ၃ ခုအတွက်ဆိုတော့ Tarbo Tax ဆော့ဝဲလ်ခတင် နှစ်ရာကျော်လောက် ပေးရတယ်။

၂၀၁၂၊ ၂၀၁၃ တုန်းက ကားမှတ်ပုံတင်တာ၊ လှုဒါန်းတာ၊ ကျောင်းလခအကြွေးရဲ့ အတိုးငွေတွေအတွက် deduction လုပ်လို့ရတယ်။ ၂၀၁၅ ကျတော့ ပီအေရုံးက တရုတ်မယန်းက နင်က အိမ်ထောင်မရှိဘူး၊ မှီခိုသူလည်း မရှိဘူး ၊ ပထမဆုံးအိမ်ပိုင်ဆိုပြီး  ကလိမ်းစရာလည်း မရှိဘူး။ ကျောင်းလခအကြွေး၊ နိုင်ငံခြားကနေဝင်ငွေ၊ အမွေရတာ၊ လောင်းကစားနိုင်တာ၊ ရှယ်ယာဆီကဝင်ငွေ၊ လှုဒါန်းငွေ ဘာဆိုဘာမှ ကလိမ်းစရာမရှိဘူး။ ဒီလောက်ရိုးရှင်းတာကို ပိုက်ဆံအကုန်အကျခံပြီး ဆော့ဝဲလ်နဲ့အခွန်ဆောင်တယ်။ ကိုယ့်ဘာသာ အခွန်ဆောင်ကြည့်ပါလား ဆော့ဝဲလ်နဲ့အခွန်ဆောင်ခ သက်သာတာပေါ့။ ယန်းပြောတာ မှန်နေတော့ အခွန်ဆောင်ခ သက်သာအောင် ကိုယ့်ဘာသာ အခွန်ဆောင်ကြည့်တယ်။ အမလေး ... ခေါင်းကိုမူးနောက်နေတာပဲ W2 boxes တွေထဲကဟာတွေထည့် ဒီပမာဏက ဘယ်ကနေရောက်လာတာလဲ မသိဘူး။ ၂ ရက်လောက် ခေါင်းတွေပူထူသွားပြီး ယန်းကိုမေးကြည့်တော့ အဲဒါ standard deduction amount ၊ IRS က standard deduction chart မှာ ကြည့်ရတယ်၊ ဝင်ငွေ ဘယ်လောက်ဆိုရင်၊ Single ၊ no dependent ဆိုရင်  standard deduction ဘယ်လောက်ဆိုတာ အဲ့ဒီ chart ကနေ ရတာ။ သြော် .. . ဒီလိုလား လိုအပ်တာတွေဖြည့် မနှစ်က အခွန်ဆောင်တယ့်စာရွက်ကိုပြန်ကြည့်၊ ဘယ်လောက်အခွန်ပြန်အမ်းငွေဆိုတာ သေသေချာချာတွက်ချက်၊ အခွန်ပြန်အမ်းငွေကို ကိုယ့် checking account ထဲထည့်ခိုင်းတော့ ဘဏ် Routing Number၊ Account Number မှန်အောင်စစ်။ တော်ကြာ သူများဘဏ်အကောင့်ထဲ ကိုယ့်ပိုက်ဆံတွေ ရောက်သွားမှဒုက္ခ သေသေချာချာ နှစ်ခေါက်ပြန်စစ်။ IRS ဆိုဒ်မှာ e filing လုပ်တော့ လက်မခံဘူး ပြန်စစ်ဆေး လိုတာတွေထပ်ဖြည့် accepted ဆိုမှ စိတ်အေးသွားတယ်။ နယူးယောက်ပြည်နယ်မှာ နေတာဆိုတော့ နယူးယောက်ပြည်နယ်အစိုးရကို အခွန်ဆောင်တော့ အခွန်ပြန်အမ်းငွေက ကိုယ်တောင်းတာထက် ငါးဆယ်ပိုပေးတယ်။ အလဲ့... ဒီလိုဆိုတော့လည်း မဆိုးပါလား။

၂၀၁၆ ကျတော့ ကိုယ့်ဘာသာကိုယ် အခွန်ဆောင်ပေမယ့်လည်း မနှစ်ကလို အခက်အခဲမရှိတော့ဘူး။  မနှစ်ကအတိုင်း ဘာမှမပြောင်းလဲတော့လေ။ ကိုယ်က စတိတ်မှာ အခွန်ဆောင်ရတာ အရမ်းများတယ်လို့ပြောရင် မကြီးက အစိုးရကို အခွန်များများပေးရမှ ကောင်းတယ်၊ ဥရောပမှာဆို အခွန်အများကြီး ဆောင်ရတာတဲ့။ ဥရောပမှာ အစိုးရက ပင်စင်၊ ကျန်းမာရေး၊ ပညာရေး ပြည့်စုံအောင် ဆောင်ရွက်ပေးတော့ အခွန်အများကြီး ပေးရတာတန်တယ်။ စတိတ်မှာက ပင်စင်ကမသေချာ၊ ကျန်းမာရေးအာမခံ၊ တက္ကသိုလ်ပညာသင်စရိတ် ဈေးအရမ်းကြီးတယ်။ စတိတ်ထက်စာရင် ကနေဒါက ပိုကောင်းတယ်လို့ထင်တယ်။ ကိုယ် စတိတ်ကို ရွေးမိတာမှားတယ် ကနေဒါ၊ ဂျာမဏီ၊ နော်ဝေး၊ ဒိန်းမတ်၊ ဆွီဒင်တို့ကို ရွေးရမှာ။ ကိုယ့်အိမ်ရှင်အန်တီကြီးဆို အလုပ်က ငွေသားရတော့ အစိုးရကို အခွန်ဆောင်စရာမလို။ ဝင်ငွေနည်းမိသားစုဆိုတော့ Medicaid ၊ Medicare ကျန်းမာရေးအာမခံရတော့ ကျန်းမာရေးအာမခံအတွက် ပိုက်ဆံမကုန်။ Medicare ဆိုတာ အသက် ၆၅ ကျော်ရင်၊ မသန်မစွမ်းဖြစ်ရင် ဖယ်ဒရယ်အစိုးရကပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှု။ Medicaid က ဝင်ငွေနည်းတယ့်မိသားစုကို ဖယ်ဒရယ်၊ ပြည်နယ်အစိုးရကပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှု။ အရင်ရုံးက တရုတ်ကြီးဗင်းဆင့် အလုပ်ပြုတ်တော့ အစိုးရက မက်ဒီကိတ်ပေးတယ်။ အလုပ်အသစ်ရတော့ အလုပ်ကကျန်းမာရေးအာမခံ ယူမလားမေးတော့ ဗင်းဆင့်က သူ့မှာမက်ဒီကိတ်တစ်နှစ်ရထားတယ် အဲ့ဒါကုန်မှ ရုံးကကျန်းမာရေးအာမခံကို ယူမယ်တယ့်။ ဈေးအနည်းဆုံး ကျန်းမာရေးအာမခံက တလ ၆၀၀ ပေးရပြီး ရုံးက ၄၀၀၊ ကိုယ်က ၂၀၀ ပေးရတယ်။ ၂၀၁၃ ဒီစီရုံးမှာတုန်းက ကိုယ့်မှာကျောင်းက ကျန်းမာရေးအာမခံရှိတော့ ကျောင်းကကျန်းမာရေး အာမခံဆက်ယူရမလား၊ ရုံးကကျန်းမာရေး အာမခံဆက်ယူရမလား။ တရုတ်မကလဲယားကွမ်းက ကျောင်းကကျန်းမာရေး အာမခံက ပိုကောင်းတယ်၊ coverage ပိုကောင်းတယ်ပြောလို့ ကျောင်းကျန်းမာရေး အာမခံယူလိုက်တယ်

အလုပ်ပြ ုတ်ပြီး ပိုက်ဆံမရှိလို့ ကျန်းမာရေးအာမခံ မဝယ်နိုင်သူ ကျန်းမာရေးအာမခံမရှိလို့
ပင်နယ်တီဒဏ်ကြေး ၆၉၅ ကျပ် ဆောင်ရမည်ဟု သိလိုက်ရသောအခါ ဝမ်းနည်းပက်လက်ဖြစ်နေသူ

အသိအစ်မတစ်ယောက် အလုပ်လုပ်ရင် ဝင်ငွေနည်းမိသားစု မဟုတ်တော့လို့ မက်ဒီကိတ်မရတော့ဘူး။ ကျန်းမာရေးအာမခံအတွက် ကုန်ကျမယ့်ငွေကြောင့် အလုပ်လုပ်တာ တွက်ခြေမကိုက်ဘူးလို့ပြောဖူးတယ်။ ရုံးကဆူပါဗိုက်ဆာမက သူ့သူငယ်ချင်းစာရင်းကိုင်က အခွန်ဆောင်တာတွေ လုပ်ပေးတယ်၊ အခွန်ပြန်အမ်းငွေ အများကြီးရအောင် လုပ်ပေးတယ်လို့ ပြောတာနဲ့၊ တခါမှ စာရင်းကိုင်နဲ့ အခွန်မဆောင်ဖူးတော့ စာရင်းကိုင်နဲ့ အခွန်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ နယူးဂျာဆီပြည်နယ်မှာ အိမ်ခန်းငှားနေတာဆိုရင် ပြည်နယ်အစိုးရဆီက ကလိမ်းလို့ရတယ်။ ကိုယ်နေတာက အိမ်ရဲ့မြေအောက်ထပ်၊ အိမ်ရှင်က အိမ်ခန်းငှားခကို ငွေသားနဲ့ယူတာ၊ တရားဝင်ငှားခွင့်မရှိတယ့်နေရာ၊ အိမ်ရှင်က အိမ်ငှားခရငွေတွေကို IRS ဆီ တင်ပုံမရဘူး။ ကိုယ်တင်လိုက်ရင် IRS က အိမ်ရှင်ကို မေးခွန်းထုတ်နိုင်တယ်ဆိုတော့ အစိုးရဆီက ၃၅၀ မရလည်းနေပါစေ အိမ်ရှင်ကို ဒုက္ခမရောက်စေချင်ဘူး။ ကျန်းမာရေးအာမခံဖောင် 1095 မှာ သြဂုတ်ကနေ  ဒီဇင်ဘာအထိ ငါးလပဲ ကျန်းမာရေးအာမခံရှိတော့ ပင်နယ်တီဆောင်ရမယ်။ ပင်နယ်တီ ဘယ်လောက်ပေးရမှာလဲ ၆၉၅ ဘုရားရေ ... ၆၉၅ မဆောင်ချင်ရင် ဝင်ငွေရဲ့ ၂% ဆောင်လို့ရတယ်။ ၂ % က ပိုများတယ် ၆၉၅ ပဲဆောင်။ ကျန်းမာရေးအာမခံက ၃ လ မရှိလို့ရတယ် ၃ လထက်များရင် ပင်နယ်တီဆောင်ရတယ်။ ကျန်းမာရေးအာမခံ ၅ လလောက်မရှိတဲ့သူကို စတိတ်ပြင်ပမှာနေတာ ၃ လလောက်ဆိုပြီး ကြံဖန်ပေးဖူးတယ်။ ၇ လတောင် မရှိတယ့်သူကိုတော့ ကြံဖန်ပေးဖို့ခက်တယ် ပင်နယ်တီသာ ဆောင်လိုက်တော့။ ဒီ ၇ လအတွင်း ဈေးပေါတယ့် ကျန်းမာရေးအာမခံဝယ်ပြီး ဆေးတွေဝယ်ဖူးတယ်။ စာရင်းကိုင်က ပင်နယ်တီမပေးရအောင် တလ ၂၀၀ ကျော်ပေးရတယ့် ကျန်းမာရေးအာမခံ ဝယ်ထားရတယ်။ ကိုယ့်ကျန်းမာရေးအာမခံကို မေးကြည့်တော့ အဲ့ဒါကျန်းမာရေးအာမခံမဟုတ်ဘူး Wellness Program ပင်နယ်တီကို ကာဗာမဖြစ်ဘူးတယ့်။ အရင်အလုပ်ပြ ုတ်တော့ COBRA ဥပဒေအရ သူတို့ကျန်းမာရေးအာမခံမှာ ပါဝင်လို့ရတယ်။ ဒါပေမယ့် တလ ၆၀၀ ကျော် ကိုယ့်ဘာသာ ပေးရမယ်တယ့်။ အလုပ်ပြ ုတ်တယ့်အချိန် တလ ၆၀၀ အကုန်အကျခံပြီး ကျန်းမာရေးအာမခံ ဘယ်လိုလုပ် ဝယ်နိုင်ပါ့မလဲ။ အလုပ်အော်ဖာကို မတ်လမှာရပေမယ့် ရုံးအသစ်ပြင်ဆင်နေလို့ ဧပြီလမှ အလုပ်ဆင်းစေချင်တယ်။ ကိုယ်ကလည်း ဧပြီလလယ်မှ ရုံးတက်ချင်တယ် ဘာဖြစ်လို့လဲဆိုတော့ အီးအေဒီကဒ်ရပြီး ၃ လအကြာမှာ ဂရင်းကဒ်ရနိုင်တော့ ၃ လလောက်စောင့်ပါလားလို့ စီနီယာဗီယက်နမ်မလေးနား၊ ဆူနမ်တို့က အကြံပေးလို့။

ဧပြီလလယ်အထိ ဂရင်းကဒ်မှ ဘာမှမထူးခြားတော့ H1B transfer လုပ် မေလမှာအလုပ်ဆင်း ၃ လအကြာ သြဂုတ်လမှ ကျန်းမာရေးအာမခံရတယ်။ အောင်မလေးတော် ... အလုပ်ပြုတ်ပြီး ပိုက်ဆံမရှိလို့ ကျန်းမာရေးအာမခံ မဝယ်နိုင်ပါဘူးဆိုနေမှ ကျန်းမာရေးအာမခံမရှိလို့ ပင်နယ်တီဒဏ်ကြေး ဆောင်ရမယ်တယ့်။ ၂၀၁၈ ကျတော့ အစိုးရအသစ် ပေါ်လစီကြောင့် ကျန်းမာရေးအာမခံမရှိလည်း ပင်နယ်တီကြေး ဆောင်စရာမလိုတော့ဘူး။ နိုင်ငံခြားသားဆိုတော့ ပညာတွေသင် အလုပ်ကြိုးစားလုပ် အခွန်အများကြီးဆောင်ပေမယ့် ဘာအခွင့်အရေးမှမရှိဘူး။ ကိုယ့်ဆီကငွေတွေကို ညှစ်ထုတ်ဖို့ပဲ ကြံစည်နေတယ့်တိုင်းပြည်။ အခွန်မဆောင် ကျန်းမာရေးစရိတ်ကို အစိုးရဆီကနေ ညှစ်ထုတ်နေတာက သူ့နိုင်ငံသားတွေ၊ အလုပ်မလုပ် single mom လုပ် ကလေးတွေ အများကြီးမွေးပြီး အစိုးရဆီက ထောက်ပံ့ငွေ ညှစ်ထုတ်နေတယ့်သူတွေနဲ့ပဲ တန်တယ်။ စာရင်းကိုင်အလုပ်ရုံးခန်းရှိတဲ့ နယူးဂျာဆီ Fort Lee ကနေ  နယူးယောက်ကိုပြန်ဖို့ နယူးဂျာဆီပြည်နယ် ဂျော့ဝါရှင်တန်တံတားနားမှာ ဘတ်စ်ကားစောင့်နေတုန်း ကိုယ်ပိုင်ကားတွေ လာလာရပ်ပြီး ရပ်စောင့်နေတယ့်သူတွေ တင်နေတာတွေ့တယ်။ အငှားကားလည်းမဟုတ်၊ တကူးတက လမ်းကြုံတင်နေတဲ့ပုံ စပ်စုနေတုန်း ဘတ်စ်ကားရောက်လာလို့ အပြေးအလွှားပြေးတက်။ အဲ့ဒီနားမှာ နေခဲ့ဖူးတယ့် အသိအစ်မကို မေးကြည့်တော့ ကြိုပို့လုပ်တယ့် ဘတ်စ်ကားတွေများလား။ သေချာပါတယ် ဘတ်စ်ကားမဟုတ်ဘူး ကိုယ်ပိုင်ကားတွေ လူရိပ်လူကဲခတ်တဲ့နေရာမှာ အဖေ့ကို မမှီပေမယ့် အဖေ့ခြေရာ နည်းနည်းလေးတော့ နင်းနိုင်ပါတယ် (နီးနီးလေးကို အကဲခတ်တာ လုံးဝလွဲသွားတာကတော့ လွဲတယ့်အခါလည်း လွဲပေမပေါ့) ။ စိတ်ထဲမတင်မကျဖြစ်နေလို့ အသိအစ်ကိုကြီးကို မေးကြည့်တော့ လူ ၃ ယောက်ဆိုရင် တံတားဖြတ်ခ တဝက်သက်သာလို့နေမှာလို့ ပြောမှပဲ စိတ်ထဲရှင်းသွားတော့တယ်။ နယူးယောက်ကို ဂျော့ဝါရှင်တန်တံတားဖြတ်ခက ငွေသားဆိုရင် ၁၅ကျပ်၊ အီးဇီးပတ်စ်နဲ့ဆိုရင် ရုံးတက်ရုံးဆင်းချိန် ၁၂.၅၀၊ ရုံးတက်ရုံးဆင်းချိန် မဟုတ်ရင် ၁၀.၅၀၊ လူ ၃ ယောက်ဆိုရင် ၆.၅၀ တဲ့။ မေရီလန်း၊ ဗာဂျီးနီးယား ပြည်နယ်တွေမှာ လူ ၃ ယောက်ပါမှ HOV အမြန်လမ်းကနေ မောင်းခွင့်ရှိလို့ လူတွေစောင့်တင်လေ့ရှိတယ်လို့ ဝါရှင်တန်ဒီစီရုံးက တရုတ်မကလဲယားကွမ်း ပြောဖူးတယ်။ အင်း ... ဒီနှစ်တော့ အခွန်ပြန်မရတော့ပါဘူး ကိုယ်က ပြန်မပေးရဘူးဆိုရင်ဘဲ ဝမ်းသာရတော့မယ်။

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၈၊ ၂၀၁၈။

ထုပ်ပိုးသိမ်းဆည်းခြင်း အနုပညာ ...

ထုပ်ပိုးသိမ်းဆည်းနေသူ ...

ရှေ့နှစ်ပတ်မှာ အိမ်ပြောင်းရတော့မယ်ဆိုတော့ သိမ်းဆည်းထုပ်ပိုးနေရပြီ။ ပစ္စည်းတွေက များလိုက်တာ အကုန်လုံးကို လွှတ်ပစ်ချင်နေမိတော့တာပဲ။ လိုအပ်တာတွေ၊ နောက်အသုံးဝင်မယ့်ဟာတွေကို အိတ်၊ စက္ကူဘူးတွေထဲ မျိုးတူတာတွေစုထည့်၊ ဘာတွေပါလဲဆိုတာရေးမှတ်။ မသုံးတော့တာတွေ၊ အသုံးမလိုမယ့်ဟာတွေလွှင့်ပစ်။ အိမ်ဟောင်းမှာ ထုပ်ပိုးပြင်ဆင် အိမ်သစ်မှာနေရာချ အိမ်မပြောင်းခင် ၃ ပတ် အိမ်ပြောင်းပြီး ၃ ပတ်လောက် အလုပ်များနေဦးမှာ။ စတိတ်ကို လာတုန်းက လက်ကေ့ ၂ အိတ်၊ ဟမ်းကယ်ရီ ၁ အိတ်၊ အိုင်အိုဝါကျောင်းကနေ အိုဟိုင်းရိုးပြည်နယ်မှာနေတဲ့ မိုင်းဖန်ဆီသွားပြီး အလုပ်ရှာတုန်းကလည်း အဲ့ဒီအတိုင်း၊ ကန်တက်ကီပြည်နယ်ကို ပြောင်းတော့လည်း အဲ့ဒီအတိုင်း။ ကန်တက်ကီပြည်နယ်ကနေ မေရီလန်းပြည်နယ်ကိုပြောင်းတော့ ပစ္စည်းနည်းနည်း များလာပြီ ကားထဲအကုန်ပစ်ထည့်လိုက်တာပဲ။ မေရီလန်းပြည်နယ်ကနေ နယူးယောက်ပြည်နယ်ကိုပြောင်းတော့ ပစ္စည်းနည်းနည်း များလာပြီ မသယ်နိုင်တာတွေ USPS နဲ့ပို့။ ၂၀၁၆ နယူးယောက်ပြည်နယ်ကနေ နယူးဂျာဆီပြည်နယ်ကိုပြောင်းတော့ ပစ္စည်းအတော်များတယ်။ အမေနဲ့မကြီးရှိတော့ သိပ်မပင်ပန်းဘူး။ တရုတ်မယန်းဆီက ဝယ်ထားတယ့်ပစ္စည်းတွေနဲ့ ဒီတခေါက် ပစ္စည်းအတော်များတယ်။ အိမ်အသစ်က နေရာကျဉ်းလို့ စာအုပ်စင်၊ စားပွဲခုံတွေ မသယ်တော့ဘူး။ နောက်ထပ်ပြောင်းရင် ဒီထက်ပိုများလာဦးမှာ။ လကုန်ရက်က ရုံးဖွင့်ရက်ဖြစ်နေတော့ ရုံးပိတ်ရက်ပဲ ပြောင်းချင်တယ်။ ဒီတော့ လမကုန်ခင်ပြောင်းမလား၊ လကုန်ပြီးမှပြောင်းမလား ဘယ်ဟာက အသက်သာဆုံးလဲ။ အင်တာနက်၊ တီဗွီလိုင်းကို ပြန်အပ်မလား၊ ဆက်ယူမလား။

၂ နှစ်ကွန်းထရပ်ကို ၁ နှစ်ခွဲနဲ့ရပ်မယ်ဆိုရင် early termination fee ပေးရမလား။ မြို့အသစ်ကို ပြောင်းမှာမို့လို့ termination fee ပေးစရာမလိုဘူး။ မြို့အသစ်မှာ ခုယူထားတဲ့ service ရမလား။ ရတယ် နယူးယောက်ဆိုတော့ နယူးဂျာဆီထက် ဈေးနည်းနည်း မြှင့်တယ်။ ကိုယ်က တီဗွီလိုင်းတွေ မကြည့်ဖြစ်တော့ အင်တာနက်ပဲယူလို့ရမလား။ downgrade လုပ်လို့ရတယ် ဒါပေမယ့် နည်းပညာရှင်က လာတပ်ပေးရမယ် လာတပ်ဆင်ခ ၁၀၀ ပေးရမယ်။ ဘုရားရေ ... ကိုယ် နယူးဂျာဆီအိမ်မှာ အင်တာနက်တပ်တုန်းက နည်းပညာရှင်လာမတပ်ပေးပါဘူး။ router နဲ့ စက်ကလေး ၁ ခု ရောက်လာတော့ user manual ကြည့်ပြီး ကိုယ့်ဘာသာတပ်လိုက်တာပဲ။ အင်တာနက်မရသေးလို့customer service ကို ဖုန်းခေါ်လိုက်တော့ activate လုပ်ပေးတာနဲ့ အင်တာနက်ရတာပဲ။ အိမ်အသစ်မှာက ခု provider မတပ်ဘူးသေးလို့ နည်းပညာရှင် လာတပ်ပေးမှရမယ်။ စနေနေ့ မနက်၊ နေ့လည်ပဲ နည်းပညာရှင်က လာတပ်ပေးမှာ ကိုယ်က စနေနေ့ညနေစောင်းမှ အိမ်အသစ်ကိုရောက်မှာ။ ရုံးတက်ရက် တရက်ခွင့်ယူပြီး နည်းပညာရှင်လာတပ်ပေးမှာကိုလည်း မစောင့်ချင်ဘူး။ အိမ်အသစ်ရောက်ပြီး တပတ်အကြာ စနေနေ့မနက်မှ အင်တာနက်ရမယ်။ ခု provider ထက် ဈေးသက်သာတွေများ တွေ့မလားလို့ရှာဖွေတာ ခုယူထားတဲ့ အင်တာနက် package က အသက်သာဆုံးဆိုတာ တွေ့လိုက်ရတော့ ပြောင်းဖို့မစဉ်းစားတော့ဘူး။ USPS မှာ အိမ်ဟောင်းလိပ်စာကနေ အိမ်အသစ်လိပ်စာကို auto forward လုပ်ဖို့ change address လုပ်ရမယ်၊ အိမ်ရှင်အသစ်ကို deposit ပေးရမယ်၊ အိမ်ရှင်အဟောင်းဆီက deposit တောင်းရမယ်၊ mover ရှာရတယ်၊ moving fee ကဘယ်လောက်ဆိုတော့ တစ်ဖ်နဲ့ငွေသားဘယ်လောက် ထုတ်ထားရမယ်။

ဘဏ်အကောင့်တွေမှာ လိပ်စာပြောင်းရမယ်၊ HR ကို လိပ်စာအသစ်ပြောင်ခိုင်းရမယ်၊ နယူးယောက်စီးတီးမှာ နေတဲ့အတွက် နယူးယောက်စီးတီးတက်စ် ပေးရတော့မယ်၊ လစာထဲက နယူးယောက်စီးတီးတက်စ်နှုတ်ရင် အရင်ထက်ဝင်ငွေဘယ်လောက် လျော့သွားမှာလဲ၊ နယူးယောက်က နယူးဂျာဆီတက် Sales Tax များတယ်။ တော်ပြီ ... သိပ်မစဉ်းစားနဲ့ တွက်ရ၊ ချက်ရ၊ ခေါင်းပူအောင် စဉ်းစားရလို့နဲ့တူတယ် ညာဖက်ခေါင်းမှာ ဆံပင်ဖြူတွေ ပိုများလာတယ်။ အိတ်တွေမလောက်လို့ ဆလာအိတ်ဝယ်မလားလို့ သွားကြည့်တာ တအိတ် ၂ ကျပ် ကွာလတီက တော်တော်ညံ့လို့ ပိတ်ရက် IKEA မှာ သွားဝယ်ရတယ်။ IKEA သွားရင် အိမ်အသစ်မှာ လိုအပ်မယ်ထင်တာလေးတွေ ကြည့်ထားရတယ်။ တရားစခန်းသွားရင် စောင်၊ မွေ့ယာအဖုံး၊ ခေါင်းအုံးအဖုံးတွေ ယူသွားရတယ်။ comforter ထက် sleeping bag က သယ်ရလွယ်ကူတော့ ဈေးချတုန်း ဝယ်ထားရတယ်။ ကြည့် ... ဘာမှမဝယ်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် လိုအပ်တာဆိုတော့လည်း ဝယ်ရပြန်တယ်။ ကိုယ် စတိတ်မှာနေတာ ၆ နှစ်ရှိပြီ ဒေါင်းကုတ် ၁ ထည်ပဲ ရှိတယ်။ မကြီးက ၁ နှစ်တောင် နေခဲ့တာမဟုတ်ဘူး ဒေါင်းကုတ် ၃ ထည် ကိုယ့်လို  မစ်ဒါဝတ် မဟုတ်ဘူး။ သူသာ စတိတ်မှာ ၆ နှစ်လောက်ဆိုရင် ပစ္စည်းတွေ ဘယ်လောက်များမလဲမသိဘူး။ အများနဲ့ရှယ်နေတုန်းကတော့ အိမ်ရှင့်ပစ္စည်းတွေ သုံးလို့ရတယ်။ ကိုယ့်ဘာသာနေမယ်ဆိုရင် လိုအပ်တာအကုန် ရှိရမှာဆိုတော့လည်း ပစ္စည်းက များမှာပါပဲ။ အဖေက အိမ်ပိုင်၊ လစာကောင်း၊ စိတ်ထားကောင်း၊ ပညာတတ်တဲ့ ယောက်ျားရှာတဲ့။ အဲ့ဒီလိုမျိုး တွေ့ပါ့မလား အဖေရဲ့၊ တွေ့ပြန်ရင်လည်း သွားမှရှိပါ့မလား၊ ကိုယ့်ဘာသာ အိမ်ဝယ်ဖို့ကတောင် ဖြစ်နိုင်ချေရှိသေးတယ်လို့ ပြန်နှက်တော့ တဟားဟား ရယ်နေလေရဲ့။ အိမ်ပိုင်တဲ့ယောကျ်ားလည်းမတွေ့၊ ကိုယ့်ဘာသာလည်း အိမ်မဝယ်နိုင်သေးတော့ အိမ်ပြောင်းဖို့အတွက် ထုပ်ပိုးသိမ်းဆည်းလိုက်ပါဦးမယ်။

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၄၊ ၂၀၁၈။

Journey to Mars ...

Telsa roadster in orbit
photo credit - Google

အာကာသကို စိတ်ဝင်စားသူတွေအတွက်ကတော့ ၂၀၁၈ ဖေဖေါ်ဝါရီ ၇ ရက်နေ့က ထူးခြားတဲ့နေ့လို့ ဆိုရတယ်။ SpaceX ကုမ္ဗဏီကနေ အာကာသစတေရှင်အတွက် ထောက်ပံ့ပစ္စည်းတွေ ပို့ဆောင်ပေးတဲ့ Falcon 9 လို့အမည်တွင်တဲ့ ဒုံးပျံ ၃ ခုပါဝင်တဲ့ ကမ္ဘာပေါ်မှာအကြီးဆုံးဒုံးပျံ Falcon Heavy အောင်မြင်စွာစမ်းသပ် လွှတ်တင်နိုင်တဲ့နေ့မို့လို့ပါပဲ။ အင်ဂျင် ၂၇ ခုပါဝင်ပြီး ၁၈ ဘိုးအင်း ၇၄၇ လေယာဉ်လို ပေါင် ၅ သန်း တင်နိုင် အာကာသထဲကို ၆၄ မက်ထရစ်တန် ( ၁၄၁၀၀၀ ပေါင်) လွှတ်တင်နိုင် Delta IV Heavy ထက် နှစ်ဆပိုသယ်နိုင်ပြီး ကုန်ကျစရိတ်က ၃ ပုံ၁ပုံပဲ ကုန်ကျတယ်လို့ SpaceX က ဆိုပါတယ်။ ဒုံးပျံတွေ စမ်းသပ်လွှတ်တင်တဲ့အခါ ပုံမှန်က ကွန်ဂရက်၊ စတီးအတုံးတွေပဲ လွှတ်တင်နေတာတွေက အင်မတန်ပျင်းစရာကောင်းလို့ သာမန်မဟုတ်တဲ့ နည်းနည်းခံစားလို့ရတဲ့အရာကို လွှတ်တင်ဖို့ SpaceX စီအီးအို Elon Musk ဆုံးဖြတ်ခဲ့ပါတယ်။ သူမှန်းထားတဲ့အတိုင်းပါပဲ လူတွေရင်ထဲ ရောက်ခဲ့တယ်ဆိုပါတော့။ Falcon Heavy ဒုံးပျံသယ်ဆောင်ပြီး အာကာသထဲကို လွှတ်တင်ခဲ့တဲ့အရာကတော့ ဒေါ်လာတသိန်းတန် Telsa ရဲ့ Roadster ကား။ ကားကို အာကာသယာဉ်မှုးဝတ်စုံဝတ်ဆင်ထားတဲ့ Starman လို့နာမည်ပေးထားတဲ့ လူရုပ်တုနဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်ခဲ့တာပါပဲ။ ကားရဲ့စတီယာရင်တိုင်မှာ Don't panic လို့ရေးထားပြီး David Bowie ရဲ့ Life on Mars သီချင်းကို ဖွင့်ထားခဲ့ပါတယ်။ ကားရဲ့ဘထ္ထရီက ၁၂ နာရီ ခံမယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် ၄ နာရီပဲ ခံခဲ့ပါတယ်။ နောက်အောင်မြင်မှုတခုကတော့ ဒုံးပျံလွှတ်တင်တဲ့အခါ အရှိန်မြှင့်ပေးရတဲ့ booster တွေကို ပုံမှန်ဆိုရင် သမုဒ္ဒရာထဲလွှတ်ချပေမဲ့ SpaceX က ဒုံးပျံလွှတ်တင်ပြီးရင် သမုဒ္ဒရာထဲပစ်မချဘဲ သတ်မှတ်ထားတဲ့နေရာကို ပြန်ထားပြီး ပြန်လည်အသုံးချတာပါ။ booster ၃ ခုထဲက ၂ ခုဟာ မြေပြင်ပေါ် အောင်အောင်မြင်မြင် ဆင်းသက်ခဲ့ပါတယ်။ ဖလော်ရီဒါကမ်းခြေက သင်္ဘောပေါ်မှာ ဆင်းသက်ဖို့ သတ်မှတ်ထားတယ့် booster ကတော့ မိုင် ၃၀၀ အရှိန်နဲ့ သမုဒ္ဒရာထဲ ထိုးကျခဲ့ပါတယ်။

Final photo of star man
photo credit - Google
2 boosters successfully landed.
Photo credit  - Google

ဒုံးပျံတွေ ပေါက်ကွဲပျက်စီးသွားတာတွေ မြင်ဖူးထားတော့ ဒုံးပျံအောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ရင် တကယ်စိတ်သက်သာရာရတယ်လို့ Elon Musk က ဆိုပါတယ်။ ဖေဖေါ်ဝါရီ ၇ ရက်နေ့ Eastern Standard Time နေ့လည် ၁ နာရီခွဲ ဖလော်ရီဒါပြည်နယ် ကနေဒီအာကာသစင်တာကနေ လွှတ်တင်ဖို့ သတ်မှတ်ထားတာ လေအရမ်းတိုက်နေလို့ ညနေ ၃ နာရီ ၄၅  မိနစ်မှာမှ လွှတ်တင်ဖြစ်ပါတယ်။ လွန်ခဲ့တယ့် ၇ နှစ်ခန့်က နာဆာရဲ့ နောက်ဆုံးအာကာသယာဉ်လွှတ်တင်တုန်းက လာကြည့်ကြတယ့် ပရိတ်သတ်လိုမျိုး မတွေ့ရတာအတော်ကြာပြီးမှ ဒီနေ့မှာတော့ ကြည့်ရှုသူနေရာမှာလည်းအပြည့်၊ ကမ်းခြေတွေမှာလည်းအပြည့်။ ဟိုတယ်၊ မိုတယ်တွေလည်း နေရာလွတ်မရှိအောင်ကို ပရိသတ်တွေ လာကြည့်ကြတယ်။ ကိုယ့်ရဲ့ bucket list တခုက ကနေဒီအာကာသ စင်တာကိုသွားပြီး အာကာသယာဉ်လွှတ်တာကိုကြည့်ဖို့ တနေ့နေ့ပေါ့။ ၁၉၉၅ စတန်းဖို့ဒ်တက္ကသိုလ်မှာ ရူပဗေဒဘာသာနဲ့ ပါရဂူဘွဲ့တက်ဖို့လာတဲ့ အီလွန်ဟာ ၂ ရက်တက်ပြီးတာနဲ့ အင်တာနက်ကိုလေ့လာဖို့ ကျောင်းကနေ ထွက်ခွာခဲ့ပါတယ်။ အွန်လိုင်းဈေးဝယ်ရာမှာ အသုံးပြုတဲ့  အွန်လိုင်းငွေပေးချေစနစ် Paypal ကို ရေးသားခဲ့ပြီး Ebay ကို ရောင်းချခဲ့ပါတယ်။ အီလက်ထရောနစ်ကား Telsa ၊ အာကာသဒုံးပျံကုမ္ဗဏီ SpaceX ၊ ဆန်ဖရန်စစ္စကို၊ လော့အိန်ဂျလစ် ပြေးဆွဲမယ့် မြေအောက်အမြန်ကား Hyperloop ကုမ္ဗဏီတွေ တည်ထောင်ခဲ့ပါတယ်။ အီလွန်ရဲ့ အိုင်ဒီယာတွေက သူများနဲ့မတူ တမူထူးခြားလို့ အင်မတန်သဘောကျတယ်။ SpaceX က အစိုးရထောက်ပံ့ငွေမယူတဲ့ private company ကမ္ဘာမြေတပတ် အာကာသခရီးစဉ်ကို ဒေါ်လာတသန်းနဲ့ ပို့ဆောင်ပေးဖို့ ကြိုးစားနေတယ်။ Powerball ၊ Mega millions ထီ သန်း ၃၀၀၊ ၄၀၀ တို့ ပေါက်လို့ကတော့ ကမ္ဘာတပတ် အာကာသယာဉ်နဲ့ ပတ်ချင်သား။

Hyperloop
Photo credit - Google
Mission to Mars
Photo credit - ABC news

၂၀၄၀ မားဂြိုလ်မှာ လူအယောက် ၄၀ အခြေချနေထိုင်ဖို့ အီလွန်က ခန့်မှန်းထားတယ်။ မားဂြိုလ်ကို စူးစမ်းလေ့လာမဲ့ mars one ဆိုတဲ့ အဖွဲ့အစည်းရှိတယ်။ ၂၀၁၃ မှာ မားဂြိုလ်ကို စေလွှတ်မယ့် အာကာသယာဉ်မှုး လျှောက်လွှာတွေကို လက်ခံတယ်။ တကမ္ဘာလုံးက လျှောက်ကြတယ့်သူ အများကြီးထဲမှာမှ အယောက် ၁၀၀ အရင်ရွေးပါတယ်။ အိုင်အိုဝါကျောင်းက ပရော်ဖက်ဆာနာဂျစ်လည်း အယောက် ၁၀၀ ထဲမှာပါတယ်။ မားဂြိုလ်ခရီးစဉ်ဟာ ပြန်လမ်းမရှိတဲ့ခရီးဆိုတာ သိရက်နဲ့ဘာလို့လျှောက်ကြတာလဲ။ အေဘီစီသတင်းမှာ one way ticket ဆိုတာသိပေမယ့် မားဂြိုလ်သွားမယ့်အာသယာဉ်မှုးဖြစ်လို့ လေ့ကျင့်နေတဲ့သူတွေအကြောင်း။ 100 Mars မှာ ရွေးချယ်ခံရတဲ့ အရမ်းဝမ်းသာနေတဲ့သူအကြောင်းနဲ့ စိတ်ဝင်စားဖို့ကောင်းလို့ စိတ်ဝင်စားရင် အောက်ကလင့်ခ်တွေကနေ ကြည့်လို့ရပါတယ်။ ခုတော့ ရန်ပုံငွေလက်ကျန် သိပ်မရှိတော့လို့ မားဂြိုလ်ခရီးစဉ် ခဏရပ်နားထားတယ် ကြားတယ်။ ကိုယ်က အာကာသကို စိတ်ဝင်စားပေမယ့် ပြန်လမ်းမရှိတယ့် မားဂြိုလ်ခရီးစဉ်တော့ မသွားချင်ပါဘူး အဲ့လောက်သတ္တိမရှိဘူး။ မားဂြိုလ်ခရီး တကယ်ဖြစ်လာခဲ့ရင် တီဗွီဖန်သားပြင်ကနေ 5 ... 4 ... 3 ... 2 ... 1 .... ဆိုပြီး countdown လုပ်ပြီး အားပေးကြည့်ရှုနေမှာ။

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၈။

http://www.foxnews.com/tech/2018/02/08/elon-musk-posts-final-photo-tesla-roadster-headed-to-asteroid-belt.html

http://abcnews.go.com/Technology/signing-mission-mars-planning-return/story?id=29392141

http://abcnews.go.com/Technology/mission-mars-boldly/story?id=12607453

https://www.mars-one.com/

ဖတ်ပြီးတဲ့ စာအုပ်တွေ - ၂

ABC News - 20/20 shows - Wonder Boy
Photo credit - ABC news

စတိတ်မှာ ကိုယ်အကြိုက်ဆုံး သတင်းဌာနက အေဘီစီသတင်းဌာန။ အေဘီစီသတင်းဌာနရဲ့ ၂၀/၂၀ ၊ Nightline အစီအစဉ်တွေက ကိုယ်အကြိုက်ဆုံး အစီအစဉ်တွေ။ ၂၀/၂၀ ရဲ့ wonder boy ဆိုတဲ့ အစီအစဉ်ကနေ ဒီစာအုပ်လေးကို သိခဲ့တာပါ။ အေးခဲလှတဲ့ ဖေဖေါ်ဝါရီလရဲ့ တခုသောညမှာ နေသန်ကို နယူးယော့စီးတီးမှာ မွေးဖွားခဲ့ပါတယ်။ အိုးမိုင်ဂါ့ ... အိုးမိုင်းဂါ့ ... ဘာဖြစ်တာလဲ .... ဘာဖြစ်တာလဲ ... ဘာဖြစ်တာလဲ ... လူအယောက် ၂၀ လောက် နေသန်ထားတဲ့အခန်းထဲ ပြေးဝင်သွားကြပြီး ကလေးငိုသံလည်း မကြားရ။ ကလေး အသက်ရှင်သေးရဲ့လား ကလေးကို ကြည့်ချင်တယ်လို့ပြောတော့ ဆရာဝန်တွေက ကလေးကို မပြချင်ဘူး။ ကလေးကိုမြင်တော့ သူတို့တွေ လန့်သွားကြတယ်နဲ့တူတယ်။ ဆရာဝန်တယောက်က ကလေးအဖေကိုခေါ်ပြီး ဆေးစာအုပ်ထဲက အဖြူအမည်းဓာတ်ပုံကို ပြတယ်။ ဓာတ်ပုံထဲမှာက Teacher Collins syndrome ဖြစ်နေတဲ့ ဆယ်ကျော်သက်ကလေးရဲ့ဓာတ်ပုံ။ အလွန်ရှားပါးတဲ့ မျိုးရိုးဗီဇကြောင့် ပုံမှန်မဟုတ်တဲ့ မျက်နှာသွင်ပြင် ပါးရိုး၊ မျက်ခွံတွေမပါ။ အမေရိကန်ကလေးငါးသောင်းမှာ တယောက်ဖြစ်တတ်တယ်။ ကလေးအမေ ကိုယ်ဝန်ဆောင်ဓာတ်မှန်တွေမှာ ဒီရောဂါဖြစ်တယ်ဆိုတာလည်း မပေါ်။ ကလေးအမေက အသက် ၂၃ နှစ်၊ အားကစားရုံမှာ ကာယနည်းပြ၊ ကျန်းမာရေးလိုက်စားသူ၊ ငယ်ရွယ်တဲ့သူဆိုတော့ အာဟာရမပြည့်တာတို့၊ ကလေးပျက်ကျမှာတို့၊ down syndrome ဖြစ်မှာတို့ ဘာမှမပူရတဲ့သူ။ နေသန့်ကို မွေးပြီးတာနဲ့ တီချာကောလင်းရောဂါကို အထူးကုသပေးတဲ့ ကလေးဆေးရုံကို ပို့လိုက်တယ်။ ကလေးဆေးရုံက ဖုန်းဆက်တော့ ကွန်ဂရက်ကျူလေးရှင်း ... ကလေးအမေဖြစ်သူက ကွန်ဂရက်ကျူလေးရှင်းလို့ ပထမဆုံးပြောတဲ့သူပဲလို့ တွေးလိုက်တယ်။ ယောကျာ်းလေး မွေးတယ်လို့ကြားတယ် အံ့သြဝမ်းသာစရာ မကောင်းဘူးလား... နောက်နေတာလားလို့ ပြောမိတော့မလို့ .... မင်းရဲ့ကလေးဟာ ကျန်းမာအသက်ရှည်ပြီး ပျော်ရွှင်အံ့သြစရာကောင်းတဲ့ ကလေးဖြစ်လာမှာလို့ ပြောတာကို နေသန့်အမေက ယုံကြည်ပါတယ်တဲ့။

နေသန် ပထမဆုံးလကို ဆေးရုံမှာပဲ ကုန်ဆုံးပါတယ်။ မိဘတွေက ပုံမှန်ဖြစ်အောင် ဘယ်တော့ခွဲစိတ်မှုတွေ လုပ်မလဲလို့မေးရင် ခွဲစိတ်တာနဲ့ ပုံမှန်မဖြစ်တာတွေ ပျောက်သွားမှာမဟုတ်ဘူး။ ကံမကောင်းစွာနဲ့ ဒါက ခွဲစိတ်မူမဟုတ်ဘဲ ခရီးရှည်တခုဖြစ်နေခဲ့တယ်။ နေသန့်မိဘတွေ ဆေးရုံကအခန်းထဲမှာ ဂရမ်မီဆုပေးပွဲ ကြည့်နေခဲ့တယ်။ ဂရမ်မီဆုပေးပွဲ အဖွင့်သီချင်းအဖြစ် အဆိုတော် Christina Aguilera က Beautiful သီချင်းကို ဖြေဖျော်နေခဲ့တယ်။

You're beautiful
No Matter what they say
Words can't bring you down
You're beautiful
In every single way
Words can't bring you down

ခရစ်တီးနားက အဲ့ဒီသီချင်းကို သူတို့အတွက် ဆိုနေသလိုပါပဲ။ နေသန်ဟာ ရုပ်ရည်သွင်ပြင်ကြောင့်မဟုတ်ဘဲ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ထားကြောင့် ချောမောလှပတဲ့ကလေးမှာ ဖြစ်လာမယ်လို့ နေသန့်မိဘတွေ ဆုံးဖြတ်လိုက်တယ်။ ချက်ချင်းနေသန့်ဆီသွားပြီး ပထမဆုံးအကြိမ်အဖြစ် ချီကြည့်တယ်။ အံ့သြစရာ အဲဒီမှာပဲ နေသန့်ခရီးစဉ် စတင်ခဲ့တယ်။ နေသန့်အမေဟာ နေသန့်ကိုကြည့်ပြီး နေ့တိုင်းငိုတယ် သူ့ကလေးဆိုတာ မယုံနိုင်စရာဘဲ။ နားရွက်မပါလို့အကြားအာရုံနဲ့ ပါးရိုးတွေက ပုံမှန်မဟုတ်လို့ အစားစားတာ ခက်ခဲတယ်။ အသက်ရှူရတာ ခက်ခဲလို့ ပိုက်နဲ့ အသက်ရှူရတယ်။ အသွင်အပြင်၊ အသက်ရှူတာ၊ အစာစားတာ ကွဲပြားတာကလွဲလို့ နေသန်ဟာ တခြားကလေးနဲ့ ဘာမှမထူးခြားဘူး။ အသက်ရှင်သန်ရေးအတွက် လိုအပ်တဲ့ခွဲစိတ်မူကလွဲရင် အလှအပခွဲစိတ်မှုတွေ မလုပ်ခဲ့ဘူး။ နေသန်ကို တွန်းလှည်းနဲ့တွန်းသွားရင် အိုး ... နင်ကလေးမွေးထားတယ် ကြည့်ရအောင် .... ဘုရားသခင် ကောင်းချီးပေးပါစေ။ ဘယ်သူမှ ကလေးက ချစ်စရာကောင်းလိုက်တာ ကွန်ဂရက်ကျူလေးရှင်းလို့ မပြောကြဘူး။ နေသန် ၂ နှစ်သားအရွယ်ရောက်တော့ နေသန့်မိဘတွေ ဒုတိယကလေးယူဖို့ စဉ်းစားကြတယ်။ တီချာကောလင်းရောဂါဖြစ်နိုင်ခြေနှုန်းက ၅၀ - ၅၀ ဒါမျိုးထပ်မကြုံစေဖို့ အကြိမ်ကြိမ်စစ်ဆေးကြတယ်။ ဂျွှန်ဟော့ကင်းဆေးရုံကို နေသန့်မိဘတွေရဲ့ဒီအန်အေပို့ပြီး စစ်ဆေးလိုက်တော့ ဒုတိယကလေးက တီချာကောလင်းရောဂါ မဖြစ်နှိုင်တဲ့နှုန်းက ၉၉  ရာခိုင်နှုန်း။

ဒုတိယကလေး ဂျက်ကော့က ချောမောလှပတဲ့ ယောကျာ်းလေး။ နေသန် ၄၊ ၅ နှစ်အရွယ်ရောက်တော့ သူ့မျက်နှာကို သတိထားမိလာတယ်။ မွေးနေ့ပါတီပွဲတွေသွားရင် တခြားကလေးတွေက နေသန့်ကိုမြင်ရင် စူးစူးဝါးဝါး အော်ဟစ်ငိုယို ထွက်ခွာသွားကြတယ်။ ပထမဆုံးကလေးတယောက်က နေသန့်ကို monster မကောင်းဆိုးဝါးလို့ခေါ်တော့မှ နေသန် သူ့မျက်နှာ တခြားကလေးတွေနဲ့ မတူမှန်း သတိထားမိသွားတယ်။ သူတို့တွေဟာ တခြားသူကို အဲ့ဒီလိုမခေါ်ဘူး နေသန့်ကိုပဲ ခေါ်ကြတာ ဘာကြောင့်လဲဆိုတော့ နေသန်က သူတို့နဲ့ မတူလို့။ နေသန် ၁၁ နှစ်သားမှာ ခွဲစိတ်တာ ၅၄ ကြိမ် လုပ်ပြီးပြီ။ လူသစ်တွေနဲ့ တွေ့ရတဲ့အခါ တီချာကောလင်းရောဂါကြောင့်  ဒီလိုဖြစ်နေတာပါလို့ ရှင်းပြတယ်။ သူများနဲ့မတူတာကိုလည် စိတ်အနှောင့်အယှက် မဖြစ်တော့ပါဘူး တခါတလေဆို မေ့တောင်နေသေးတယ်။ ၂၀၁၅ ဆောင်းဦးရာသီ နီဗားဒါးပြည်နယ် ရီနိုမြို့ Billinghurst အလယ်တန်းကျောင်းကို ၆ တန်းတက်ရောက်ဖို့ ပထမဆုံးနေ့အဖြစ် နေသန် သွားရောက်ခဲ့ပြီး သူ့အတန်းဖော်တွေနဲ့ တွေ့ခဲ့တယ်။ နေသန့်အဖေ အကြံပေးလို့ ကျောင်းမတက်ခင် နေသန်က အတန်းဖော်တွေကို သူ့အခြေအနေတွေကို ရှင်းပြတဲ့စာရေးတယ်။ နေသန့်မှာ ခွေးသုံးကောင်ရှိပြီး ပိုကီမွန်၊ Star Wars ကြိုက်တဲ့အကြောင်းလည်း ထည့်ရေးတယ်။ ဓာတ်ပုံပါထည့်တယ် ပထမဆုံးနေ့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်တုန်လှုပ်ခြောက်ခြားစရာတွေ မဖြစ်အောင်လို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့။ မင်းတို့ Wonder စာအုပ်ဖတ်ပြီးပြီလား ငါက အဲ့ဒီစာအုပ်ထဲက Auggie Pullman လိုကလေးမျိုးပဲ။ ၂၀၁၂ မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ R.K Palacio ရဲ့ Wonder စာအုပ်ထဲကဇာတ်လိုက်ကျော် Auggie မှာ တီချာကောလင်းရောဂါရှိတယ်။ အော်ဂီမျက်နှာက ထိတ်လန့်တုန်လှုပ်စရာဆိုတော့ မြင်လိုက်တာနဲ့ နောက်ကိုဆုတ် အဝေးကိုရှဲကြတယ်။


ခင်မင်ဖို့ဝေးစွ အနားကိုတောင်မကပ်ချင် ရှောင်ဖယ်ကြတဲ့ အတန်းဖော်တွေနဲ့ သူငယ်ချင်း ဘယ်လိုဖြစ်သွားကြသလဲ။ အတန်းထဲကကျောင်းသားတွေ၊ စီနီယာတွေ အနိုင်ကျင့်တာကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲဆိုတာ လက်ကမချနိုင်လောက်အောင် ဖတ်လို့ကောင်းတယ်။ Wonder စာအုပ်ဟာ ကော်ပီငါးသန်းကျော်ရောင်းရပြီး ၄၅ ဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။ စာရေးသူ ဒီစာအုပ်ရေးဖို့ အိုင်ဒီယာရခဲ့တာကတော့ ဘရွှတ်ကလင်းရပ်ကွက်တခုက ရေခဲမုန့်ဆိုင်ရှေ့မှာ တီချာကောလင်းရောဂါကြောင့် ပုံမှန်မဟုတ်တဲ့မျက်နှာရှိတဲ့ ကလေးမလေးကို တွေ့လိုက်ရတော့ တွန်းလှည်းထဲက သူ့သားငယ်လေးက အော်ဟစ်ငိုယိုတော့မလိုဖြစ်နေတော့ ကလေးမလေးကို မထိခိုက်စေချင်လို့ အလျင်အမြန်ပြေးထွက်ပြီး အခြေအနေကို ရှောင်ရှားခဲ့ပေမဲ့ ဒီအဖြစ်အပျက်ကို စိတ်ထဲကမထွက်နိုင်ခဲ့သလို ဒီထက်ကောင်းမွန်တဲ့ ဖြေရှင်းနည်းနဲ့ မဖြေရှင်းခဲ့လို့ နောင်တရနေခဲ့တယ်။ ဒီလိုအဖြစ်အပျက်မျိုး နောင်ဘယ်တော့မှ မဖြစ်ရလေအောင် စာအုပ်ရေးတော့မယ်လို့ တွေးခဲ့ပါတယ်တဲ့။ Wonder စာအုပ်ဟာ နယူးယောက်တိုင်း အရောင်းရဆုံး ဘက်ဆဲလာထဲမှာ ပါသလို ကလေးတွေ ဖတ်သင့်တဲ့စာအုပ်၊ အလယ်တန်းကျောင်းတွေမှာ ဖတ်ဖို့သတ်မှတ်ထားတဲ့ စာအုပ်ပါ။ ကလေးစာအုပ်ဆိုပေမဲ့ လူကြီးတွေလည်း ဖတ်သင့်ပါတယ်။ ရေးထားတဲ့ အင်္ဂလိပ်စာက သိပ်မခက်ပါဘူး။ ဂျူလီယာရောဘတ်နဲ့ အိုဝင်ဝေဆင် ပါဝင်သရုပ်ဆောင်ထားတဲ့ wonder ရုပ်ရှင် ခုရုံတင်ပြသနေပါတယ်။ အေဘီစီသတင်းရဲ့ ၂၀/၂၀ wonder boy ကို ကြည့်ချင်ရင် အောက်ကလင့်ခ်လေးကနေ သွားကြည့်လို့ရပါတယ်။ Wonder စာအုပ်လေးကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

"If you have a choice between being right and being kind, choose kind."
Dr.Wayne W. Dyer

စန်းထွန်း
ဖေဖေါ်ဝါရီ ၇၊ ၂၀၁၈။


http://abcnews.go.com/US/familys-story-hardships-triumphs-son-rare-craniofacial-disorder/story?id=51142563

http://abc.go.com/shows/2020/episode-guide/2017-11/17-111717-wonder-boy

မိုးအုံ့သောနေ့ ...

photo credit - Google

ရုံးပိတ်ရက်သည် မိုးအုံ့သောနေ့ဖြစ်နေလျှင် အပြင်ကိုမသွားချင်တော့ဘဲ စောင်ပုံအောက်တွင် နစ်မြှပ်ကာ ပျင်းရိငြီးငွေ့၍သာ နေချင်တော့သည်။ ရုံးတက်ရက်များတွင် မနက် ၇ နာရီ နိုးစက်ပေးကာ မထချင်ထချင်ဖြင့် ရုံးတက်ဖို့ပြင်ဆင် အပြေးအလွှား ရုံးတက်ရသော်လည်း အကျင့်ဖြစ်နေသောကြောင့် ရုံးပိတ်ရက်တွင်လည်း နှိုးစက်မပေးရဘဲ မနက် ၇ နာရီခန့်တွင် နိုးလာခဲ့သည်။ စောစောအိပ်ယာထဖို့ မလိုတဲ့ ရုံးပိတ်ရက်ဆို မအိပ်ချင်ဘူး စောစောအိပ်ယာထဖို့လိုတဲ့ ရုံးတက်ရက်ဆို အိပ်ချင်တယ် ငါ့နှယ့်ဒုက္ခလို့ ရေရွတ်ကာ ဧည့်ခန်းထဲက စားပွဲပေါ်မှာ အသင့်ပြင်ဆင်ထားတဲ့ probiotics ဆေးကို ရေတခွက်နဲ့သောက်။ ရေချိုးခန်းထဲဝင် ရှူးပေါက်၊ မျက်နှာကို ရေနဲ့သစ်၊ ဘုရားမီးပူဇော်၊ သောက်တော်ရေကပ်။ အိပ်လို့မရတဲ့အတူတူ တရားထိုင်မှပါပဲဆိုကာ တရားထိုင်သောငြား စိတ်ကစုစည်းလို့မရ နှာသီးဝ၊ ဖောင်းပိန်၊ ထိတာ တခုမှမှတ်လို့မရ။ စိတ်တွေ လွင့်မျောနေလိုက်တာ ... ထရားထိုင်၊ စာဖတ်ပြီဆိုရင် အိပ်ချင်လာပြီ။ ဗိုက်ကတဂွီဂွီ မြည်လာပြီး ဗိုက်ဆာသလိုဖြစ်လာလို့ နာရီကြည့်လိုက်တော့ မနက် ၁၀ နာရီ။ အိပ်ယာထ မီးဖိုချောင်ထဲဝင်ပြီး ဘာတွေစားဖို့ရှိသလဲ ရှာဖွေတော့ ဘာဆိုဘာမှမရှိ။ ကောက်ညှင်းမှုန့်ကို ရေနည်းနည်းထည့်နယ် မုန့်လက်ကောက်လေးတွေ လုပ်ပြီးဆီထဲထည့်ကြော်။ တချိန်တည်းမှာပဲ ကြံသကာကို ရေနည်းနည်းထည့်ကြို။ ငါးမိနစ်လောက်ကြာတော့ မုန့်လက်ကောက်တွေကို အကျက်ညီအောင် တဖက်လှည့်ပေး။ ဆယ့်ငါးမိနစ်လောက်ဆို မုန့်လက်ကောက်တွေ စားဖို့ရယ်ဒီ။ မစားခင် ဓာတ်ပုံရိုက်ပြီး အဖေ၊ မကြီး၊ ချစ်အစ်မနှစ်ယောက်ကို မိုင်မုန့်လက်ကောက်ဆိုပြီး ဓာတ်ပုံပို့ပြီးကြွား လာရင်ကြော်ကြွေးမယ်လို့ ပြော။ သွားမတိုက်ဘဲ စားသောက်နေတာကို အမေသာမြင်လျှင် မျက်နှာမသစ် သွားမတိုက်ဘဲနဲ့ မစားနဲ့ ကျက်သရေမရှိဘူး သွား .... သွားတိုက်လို့ ဆူမှာ အသေအချာ။

ဘုရားစင်မှာ အိုင်ပတ်နဲ့ ပရိတ်ကြီး ၁၁ သုတ်၊ တောင်တန်းသာသနာပြုဆရာတော်ရဲ့ ရေဆူပရိတ်တရားဖွင့်။ အိပ်ခန်းတံခါးပိတ်လိုက်ရင် ဧည့်ခန်းထဲက ပရိတ်ကြီး ၁၁ သုတ် တရားကို မကြားရတော့။ မနက် ရုံးမသွားခင် ဘုရားစင်မှာ အိုင်ပတ်နှင့် တရား အမြဲဖွင့်ခဲ့သည်။ ကိုယ်နာဖို့တော့မဟုတ် နတ်တွေနာဖို့အတွက် ဖြစ်သည်။  အိပ်ခန်းထဲက စောင်ပုံအောက်ကို နစ်ဝင်ကာ မနေ့က ဖတ်လက်စ ဂျူး၏ မရှိမဖြစ်မိုးဝထ္ထု ပြန်ဖတ်။ ပြီးတော့ ဖတ်လက်စ Hidden Figures စာအုပ်ကို အပြီးဖတ်သည်။ စာကြည့်တိုက်မှ ငှားထားသော The Handmaid's tale စာအုပ်နှင့် To kill a mocking bird စာအုပ် ရှာသောအခါ ရုံးမှာထားခဲ့သည်ကို သတိရသွားသည်။ မနေ့က ဖတ်ပြီးသွားသော ဆရာမဂျူး၏ မြစ်တို့၏မာယာဝထ္ထုကို ရန်အောင်၊ ရဲအောင်၊ မေသန်းနု ပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်ကြည့်ချင်သောကြောင့် ဘားမီးကလပ်စစ်၊ ယူကျူတွင် ရှာတာမတွေ့။ စာအုပ်ဖတ်လိုက်၊ အေဘီစီသတင်းနားထောင်လိုက်၊ ဖေ့ဘွတ်ကြည့်လိုက်။ ရာသီဥတုက အေးစိမ့်စိမ့် မိုးတဖွဲဖွဲ ကောင်းကင်တခုလုံး ပြိုကျတော့မလို မှုန်မှိုင်းဝေသီ။ weather forecast ကြည့်လိုက်သောအခါ ညနေပိုင်း တွင် မိုးမရွာ။ မိုးတိတ်တုန်း တရုတ်ကုန်စုံဆိုင်သွားပြီး ဈေးဝယ်ဦးမှပါပဲ။ ပြတင်းပေါက်ဘောင်တွင် ရှိနေသောယုဇနပန်းအိုးတွင် ပန်းပွင့်နေသည်ကို တွေ့ရသောကြောင့် ပန်းပွင့်အနားတွင် ရှူလိုက်သောအခါ အားပါး ... မွှေးလိုက်တာ ယုဇနပန်းနံ့ ရေမွှေးရှိရင် သိပ်ကောင်းမှာပဲ။ ကောင်းကင်တွင် လျှပ်စီးတလက်လက် မိုးထစ်ချုန်းသံကို ကြားရသောအခါ မီးရှုးမီးပန်းဖောက်သံ၊ မိုးခြိမ်းသံများကြားလျှင် ကိုယ့်ဘေးနား လာကပ်နေပြီး တဆတ်ဆတ်တုန်နေသောကြောင့် ကိုယ်ဖက်ထားလျှင်တောင် ခုတင်အောက်ကိုပြေးဝင် တအိမ်လုံးပြေးလွှားပြီး နေစရာနေရာမရှိအောင် ကြောက်တတ်သော နတ်ဆုကို သတိရမိသည်။ ခုလိုချိန်ဆို နတ်ဆု ဘယ်လိုများ နေမှာပါလိမ့်။

ရုံးပိတ်ရက်များတွင် ကိုယ့်ခုတင်ပေါ် ခပ်တည်တည်နှင့် တက်အိပ်နေတတ်သော၊ ကိုယ်နှင့်နတ်ဆု  အခန်းအောင်းနေကြလျှင် ဘာတွေများလုပ်နေကြသလဲဟု လာချောင်းတတ်သော၊ တံခါးကို လက်ဖြင့်ဖွင့်တတ်သော်ငြား ကိုယ့်ကိုကြည့်ပြီး တံခါးဖွင့်ပေးဖို့ ချွှဲတတ်သော၊ ဘုကြည့်ကြည့်တတ်သော မိုချီ။ ဖုန်စုပ်မယ်၊ အခန်းသန့်ရှင်းရေးလုပ်မယ်၊ စာရေးမယ်ဟု တွေးထားသည်များ တခုမှမလုပ်ဖြစ်။ ရုံးပိတ်ရက်တွင် အပြင်မထွက်ဘဲ အိမ်တွင်းအောင်းလျှင် ခေါင်းကိုက်တတ်သောကြောင့် မနေ့က ဒင်ဆမ်းသွားစားသည်။ ၁ နာရီခန့်စောင့်ရ၊ စားပြီးလျှင် ဘရွှတ်ကလင်းတံတားကို အသွားအပြန်လမ်းလျှောက်ထားသောကြောင့် ပင်ပန်းသည်နှင့်တူသည်။ ဘာမှမလုပ်ချင် စောင်ပုံအောက်မှာ အနားယူချင် ကွေး၍သာ နေချင်တော့သည်။ နွေရာသီဆိုလျှင် ပန်းခြံထဲ လမ်းလျှောက်ထွက်နိုင်သော်ငြား ဆောင်းရာသီဖြစ်သောကြောင့် အေးခဲနေသော ရာသီဥတုတွင် အပြင်သို့မထွက်ချင်။ တရုတ်ကုန်စုံဆိုင်တွင် ဈေးဝယ်ပြီးသောအခါ  ချက်ပြုတ်။ နေ့လည်စာကို အတော်နောက်ကျပြီးမှ စားဖြစ်သည်။ ရေချိုးလိုက်သောအခါမှ ငြီးစီစီဖြစ်နေသည်များ ပျောက်ကာ လန်းဆန်းသွားသလို ခံစားရသည်။ မနက်ဖြန် ထမင်းဘူးအတွက်ပြင်ဆင်၊ မနက်စာ၊ သစ်သီး၊ နေ့လည်စာထည့်သည့် ထမင်းဘူးအိတ်ကိုကြည့်ကာ ကိုယ်ဟာ ဘယ်တော့မှ အငတ်ခံမှာမဟုတ်ဘူး၊ စားလို့မကောင်း အရသာမရှိလည်း ဗိုက်ဝအောင်တော့ စားလိမ့်မယ်၊ ငတ်မှာကိုတော့ ပူစရာမလိုဘူးဆိုသည့် အမေ့စကားကို သတိရမိသည်။ အချက်အပြုတ်မကျွှမ်း၊ ချက်တာပြုတ်တာကိုလည်း ဝါသနာမပါသည့်  ကိုယ့်သူငယ်ချင်းက ကျောင်းစာမေးပွဲမှာ ရမှတ်ကောင်းကောင်းရဖို့၊ အလုပ်ထဲမှာ အောင်မြင်ဖို့က ပိုခက်တယ်ကွ။ ကိုယ်တို့က ခက်ခဲတာတွေကို လုပ်နိုင်ပြီးပြီ ဟင်းချက်တာများ လွယ်ပါတယ် ဟိုဟာပစ်ထည့် ဒီဟာပစ်ထည့်ဟု ပြောဖူးသည်ကို သတိရသွားသောအခါ ကိုယ့်ဖက်ကိုယ်ယက်တဲ့ လိပ်မဟု ရေရွတ်ကာ ပြုံးမိသည်။ gum disease ရေစီးကမ်းပြို သွားရောဂါကို ဂရုတစိုက် ကုသရမည်ဟု သွားဆရာဝန်က မှာကြားထားသောကြောင့် အိပ်ယာဝင်ခါနီးတိုင်း water floss ၊ electronic bursh ၊ mouth wash ကို မဖြစ်မနေလုပ်သည်။ မျက်နှာသစ်၊ eye cream လိမ်း၊ serum ၊ night cream လိမ်း၊ ဂျပန်အလှပညာရှင် Chizu Saeki စာအုပ်ထဲက နည်းအတိုင်း ငါးမိနစ်လောက် မျက်နှာကို နှိပ်နယ်ပေး၊ တပတ်တခါ sheet mask နဲ့ပေါင်းတင်ဖြစ်သည်။ ထိုကဲ့သို့ တခါတရံ တနေကုန် ညစ်ပတ်ပေတူးနေသော်ငြား ညဖက်တွင်တော့ သန့်ရှင်းလှပစွာဖြင့် အိပ်ယာဝင်တတ်လေသည်။

စန်းထွန်း
ဖေဖေါ်ဝါရီ ၄၊ ၂၀၁၈။