ဂျီစီ ခရီးကြမ်း - ၇

အလုပ်က အချိန်ပြည့်အလုပ် အပတ်တိုင်း အိမ်စာ၊ အဆိုင်းမင့်တင်၊ အဆိုင်းမင့် တင်ရမဲ့အချိန် နီးနေပြီ အဆိုင်းမင့် မပြီးသေးလို့ စိတ်ဖီစီး။ တလခွဲတခါ mid exam ၊ final exam တွေကို သတ်မှတ်ထားတဲ့ learning center တွေမှာ ဖြေရတယ်။ learning center တွေကို စာမေးပွဲခန်းသုံးခ ၆၀ ပေးရတယ်။ ဆူနမ်က စန်းစန်း ၆၀ သက်သာချင်ရင် စာကြည့်တိုက်တွေမှာ ဖြေလို့ရတယ်ပြောလို့ စာကြည့်တိုက်တွေကို proctor လုပ်ပေးမလားလို့ မေးကြည့်တာ တချို့တလေပဲ လုပ်ပေးတယ်။ စာမေးပွဲမေးခွန်းတွေကို ကျောင်းက စာကြည့်တိုက်ကိုပို့ပေး စာမေးပွဲဖြေချိန်ကျရင် စာကြည့်တိုက်ကထုတ်ပေး အဖြေလွှာကို ကျောင်းကိုပို့ပေးတယ်။ အလုပ်နည်းနည်းရှုပ်တော့ စာကြည့်တိုက်ဝန်ထမ်းတွေက ဘယ်လုပ်ပေးချင်ပါ့မလဲ။ ပိုက်ဆံ ၆၀ သက်သာပေမဲ့ စာဖတ်နေသူတွေကြားထဲမှာ ဖြေရတာဆိုတော့ အာရုံသိပ်စုစည်းလို့ မရဘူး။ အစတုန်းက စာမေးပွဲကျမှာ သိပ်ကြောက်တာ။ တလခွဲတခါ စာမေးပွဲတွေ ဖြေနေရတော့ စာမေးပွဲကျမှာကို မကြောက်တော့ဘူး။ ဒီတခေါက် မအောင်ရင် နောက်တခေါက် ထပ်ဖြေမယ် သင်တန်းကြေးတွေ ထပ်တိုးလို့ ကျောင်းသားအကြွေးတွေတော့ များလာတာပေါ့။ ၃ လတခါ ဘာတွေလုပ်နေပါတယ်၊ ဘာအတွေ့အကြံကြုံတွေ ရပါတယ်၊ ကျောင်းကသင်တဲ့ TM Transcendental Meditation ကြောင့် စိတ်ဖိစီးတာတွေ လျှော့ပါတယ် (အမှန်က TM ကိုမကြိုက်) ဆိုတဲ့ ရီပို့ရေးတင်ရတယ်။ အလုပ်တဖက်နဲ့ အဝေးသင်တက်ရတာ ပင်ပန်းတယ်။

ချက်ပြုတ်ရတယ် ဝယ်စားဖို့ အဆင်မပြေဘူး။ စာမေးပွဲနီးရင် တရုတ်ဆိုင်က ဝယ်စားတယ် တရုတ်စာဆိုပေမဲ့ အမေရိကန်တရုတ်စာဆိုတော့ ချိုတယ် မစားနိုင်ဘူး။ ပိတ်ရက်တွေဆို ကိုရီးယား၊ ဗီယက်နမ်ဆိုင် ဈေးသွားဝယ်။ ဆိုင်မှာတယောက်တည်း ထိုင်မစားချင်လို့ အမြဲတမ်း take out လုပ်တယ်။ လူဝီဗီလ်မှာနေတဲ့အချိန်အတွင်း ဘွတ်ဖိနပ်ဝယ်ဖို့၊ မျက်မှန်လုပ်ဖို့ ၂ ခါပဲ လျှော့ပင်းမောလ်ရောက်တယ်။ ရုံးမှာလည်း အပေါင်းအသင်းမိတ်ဆွေမရှိ အတော်ပျင်းစရာကောင်းတယ်။ အိမ်ရှင်မန်ဒီက နင် ဘားလည်းမသွားတော့ ဘယ်လိုလုပ်မိတ်ဆွေ ရမလဲတဲ့။ မြိ ု့တောင်ဖက်ပိုင်းကလူတွေဆိုရင် နိုင်ငံခြားသားတွေကို မကြိုဆိုဘူးတဲ့။ ရုံးက တူရကီလေးမူဆာဖာက မြန်မာဒုက္ခသည်တွေကို ဘာသာပြန်လုပ်ပေးမဲ့ ဘော်လန်တီယာလူလိုတယ်ဆိုလို့ ခရစ်ယာန်ဘုရားကျောင်းကလူတွေနဲ့ မြိ ု့အနောက်ဖက်ပိုင်းက မွန်၊ ဟိန္ဒူမိသားစုကို ဘာသာပြန်လုပ်ပေးတယ်။ မြို့အနောက်ဖက်ပိုင်းမှာ ဘော်လန်တီယာလုပ်မယ်ဆိုတော့ မန်ဒီက စိတ်မချဘူး မသွားနဲ့တဲ့။ မြို့အနောက်ပိုင်းက ပြည့်တန်ဆာ၊ မူးယစ်ဆေး၊ မူခင်းတွေပေါတဲ့ အမည်းရောင်နယ်မြေ လုံခြုံစိတ်ချမှုမရှိဘူးတဲ့။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကသူတွေ ကြိုပို့လုပ်ပေး၊ သူတို့နဲ့အတူတူ ရှိနေမှာဆိုတော့ စိတ်ပူစရာမရှိပါဘူး။ ယောကျာ်းကဟိန္ဒူ၊ မိန်းမကမွန် မိသားစုက မလေးရှားကမ့်ကနေ ရောက်လာတာ ဗုဒ္ဓသာသာဝင်တွေ။ ခရစ်ယာန်လို့ ပြောပေမဲ့ ခရစ်ယာန်နဲ့မတူဘူးလို့ ဘုရားကျောင်းကလူတွေက ပြောတယ်။

ဒုက္ခသည်တွေကို အစိုးရက လေယာဉ်လတ်မှတ်ပေး၊ အိမ်ငှားပေးထားတယ်၊ စားဖို့ food stamp ပေးတယ်။ ဒုက္ခသည်အစ်ကိုကြီး အလုပ်ရတော့ ဘုရားကျောင်းက ပါတီပွဲလေး လုပ်ပေးတယ်။ ဘုရားကျောင်းကလူတွေက အပတ်တိုင်း ဈေးဝယ်ဖို့ လိုက်ပို့ပေးတယ် မြန်မာ၊ ဆိုမာလီယား၊ အာဖရိကဒုက္ခသည်တွေ လိုအပ်တာတွေ ကူညီတယ်။ ဘုရားကျောင်းကလူတွေ ဒုက္ခသည်တွေကို မေတ္တာစေတနာနဲ့ကူညီပေးတာ တကယ်ချီးကျူးတယ် ကိုယ်ဆို အဲဒီလိုမလုပ်နိုင်ဘူး။ တလတခါ မိုင် ၁၀၀၊ ၂ နာရီအဝေးက အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့မှာနေတဲ့ ဆူနမ့်ဆီကို သွားလည်တယ်။ ၂၀၁၂ ဂျူလှိုင် ၄ မှာ ရာမားရှိတဲ့ မန်ဆာချူးဆက်ပြည်နယ် ဘော်စတွန်ကနေ ၁ နာရီအဝေးမှာရှိတဲ့ ဂလော်ချက်စတာမြို့ကို သွားလည်တယ်။ ကိုယ့်ရဲ့ ပထမဆုံးပြည်တွင်းခရီးဆိုတော့ မန်ဒီက အဝတ်တစုံအပို၊ ပိုက်ဆံအကြွေ၊ မုန့်နည်းနည်းယူသွားဖို့၊ ရာသီဥတုဆိုးလို့ လူဝီဗီလ်မြို့ကို လေယာဉ်မရှိရင် အနီးအနားက လက်ဆင်တန်၊ စင်စင်နာတီမြို့ကိုသွား ပြီးမှတက္ကဆီနဲ့လာလို့ မှာကြားတယ်။ လေဆိပ်သွားဖို့ ရုံးကအထွက်မှာ ကားတစီးကို ပွတ်တိုက်ခဲ့သေးတယ်။ သောကြာနေ့ည ကန်တက်ကီပြည်နယ် လူဝီဗီလ်ကနေ နယူးဂျာဆီပြည်နယ် Newark ၊ ညဉ့်နက်သန်းခေါင် ဘော်စတွန်ကို ကိုယ်က ချောချောမောမော ရောက်တယ်။ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြိ ု့မှာ မိုးသီးတွေကြွေလို့ လေယာဉ်နောက်ကျ၊ ဝါရှင်တန်ဒီစီမှာ လေဆင်နှာမောင်းဝင်တိုက်လို့ ဘော်စတွန်သွားမဲ့ လေယာဉ်ကိုမမှီ နောက်နေ့လေယာဉ်အတွက် တညလုံးတန်းစီ စားစရာ၊ သောက်စရာမရှိ။

၄၅ မိနစ်အဝေးမှာရှိတဲ့ ပြည်တွင်းလေဆိပ်ကနေ လေယာဉ်စီးပြီး စနေနေ့ နေ့လည်မှ ဘော်စတွန်ရောက်လာတဲ့ ဆူနမ်ကို ထမင်းဘူးနဲ့ သွားကြိုကြတယ်။ ဘော်စတွန်မှာ ဟားဗတ်၊ အမ်အိုင်တီတက္ကသိုလ်တွေဆီ သွားလည်ကြတယ်။ ဘော်စတွန်ကပြန်ရောက်တော့ ကားမှာစာလာကပ်သွားတယ် ကိုယ်ပွတ်ခဲ့ကားပိုင်ရှင်ဆီက။ သူက ကိုယ်တို့ရုံးက ကန်တက်ဆိုတဲ့ သာမယ်အင်ဂျင်နီယာမလေး။ သူ့ကားပြင်နေတုန်းက ရုံးလာဖို့ကို ကိုယ်ကပေးရမှာ ကန်တက်က ကားပြင်ဆင်ခက ၉၀၀ ပဲတောင်းတယ်။ အာမခံသုံးရင် ၃ နှစ်အထိ record ထဲမှာရှိနေပြီး အာမခံကြေးလည်း တက်မှာဆိုတော့ အားလုံးက အာမခံမသုံးဘဲ အိပ်စိုက်ပေးဖို့အကြံပေးတယ်။ စန်းစန်း အဲဒီလိုတိုက်မိပြီးရင် ဘယ်ဖုန်းနံပါတ်ကို ဆက်သွယ်ပါဆိုပြီး စာရေးထားခဲ့ရမှာ ဘာမှမပြောဘဲထားခဲ့တာ hit and run ပြစ်မှုမြောက်တယ် ရဲကလိုက်ဖမ်းပြီး ထောင်ချလို့ရတယ်သိလားလို့ ပီတာ ပြောပြတော့မှ ကြောက်လိုက်တာ။ အလုပ်က တနှစ်ကွန်းထရပ်စာချုပ်ပြီးရင် ထပ်မတိုးနိုင်ဘူးဆိုတော့ အလုပ်စရှာရပြီ။ အင်တာဗျူးတွေရှိရင် ခွင့်ယူလို့ရတယ်။ ၂၀၁၂ စက်တင်ဘာ အမေစု အမေရိကန်ကိုလာတော့ လူဝီဗီလ်မြို့မှာ မိန့်ခွန်းပြောတယ်။ လတ်မှတ်မရတော့ မြန်မာဝတ်စုံဝတ်ပြီးသွားရင် အထဲကိုဝင်ခွင့်တော့ ရမယ်ထင်တယ်လို့ ဆူပါဗိုက်ဆာဂျရတ်က ပြောတယ်။ လူဝီဗီလ်ပြီးရင် ဖို့ဝိန်းမြို့က ခန်းမဆောင်မှာ မြန်မာတွေကို မိန့်ခွန်းပြောမှာဆိုတော့ ဖို့ဝိန်းကအစ်မနဲ့လည်း တွေ့ရအောင် ခွင့် ၂ ရက်ယူပြီး မိုင် ၂၃၀၊ ၄ နာရီ မောင်းရတဲ့ ဖို့ဝိန်းမြို့ကို ချီတက်တယ်။

ဆူနမ်၊ ရာမား၊ စန်းထွန်း
မန်ဆာချူးဆက်ပြည်နယ် ဂလော့ချက်စတာမြို့နားက ပင်လယ်ကမ်းခြေ
၂၀၁၂ ဂျူလှိုင် ၅
ရာမားက လေးအော့ဖ်ဖြစ်ပြီး ဆူနမ့်ဆီရောက်နေလို့ လမ်းမှာ စင်စင်နာတီမြို့ကိုဝင်ပြီး ဆူနမ်၊ ရာမားတို့နဲ့ နေ့လည်စာစား ရာမားကို စိတ်ဓာတ်မကျ အားမငယ်ဖို့ အားပေးရတယ်။ ရာမားက မေရီလန်းပြည်နယ် rockville မြို့မှာ အလုပ်ရလို့ မေရီလန်းပြည်နယ်ကိုပြောင်းတယ်။ မကြာပါဘူး work from home အလုပ်လုပ်လို့ရလို့ ဆူနမ် ရာမားဆီပြောင်းတယ်။ ဆူနမ် မေရီလန်းကိုပြောင်းမယ်ဆိုတော့ ဝမ်းနည်းလိုက်တာ အရေးအကြောင်းဆို ပြေးလာမဲ့ အကောင်းအဆိုး တိုင်ပင်ဆွေးနွေးမဲ့သူ အနီးအနားမှာ မရှိတော့ဘူးဆိုပြီးတော့လေ။ ဆူနမ်ဖိတ်လို့ ခွင့်၃ရက်ယူရုံနဲ့ အားလပ်ရက် ၁၀ ရက်လည်းရတော့ ၂၀၁၂ ခရစ်စမတ် မေရီလန်းကို သွားလည်ဖြစ်တယ်။ ဆူနမ်တို့နဲ့ အိမ်ဖြူတော်နား၊ ကယ်ပီတန်နား သွားလည်ကြတယ်။ ခရစ်စမတ်အကြိုနေ့ ကိုယ်ကြောင့် ကယ်ပီတန်ရှေ့က ခရစ်စမတ်သစ်ပင်နားအထိလျှောက် ဘူတာရုံရှာမတွေ့ ဖုန်းဘထ္ထရီဒေါင်း ခြေကုန်လက်ပန်းကျ တက္ကစီမတွေ့ အနားရပ်လာတဲ့ဘတ်စ်ကားပေါ်တက်ပြီး အနီးဆုံးဘူတာရုံမှာချပေးပါလို့ပြော သဘောကောင်းတဲ့ဒရိုင်ဘာက ပိုက်ဆံမယူတဲ့အပြင် ဘူတာရုံနားချပေးပြီး အသေအချာ လမ်းညွှန်ပေးသွားသေးတယ်။ အေးလွန်းလို့စတားဘတ်ဆိုင်ဝင် ကော်ဖီ၊ မုန့်ဝယ်တော့ မကြာခင်ဆိုင်ပိတ်တော့မယ်တဲ့။ နောက်နေ့ တကိုယ်လုံး ကိုင်ရိုက်ထားသလိုနာတာ စန်းစန်းကြောင့် စန်းစန်းကိုနင်းခိုင်းတဲ့။ အဲဒီလို ကိုယ်ခေါင်းမာတဇွတ်ထိုးဆန်တာတွေကို ကိုယ့်သူငယ်ချင်းတွေ ခံရတယ်။

နှင်းကျတဲ့နေ့၊ ဆူနမ်တို့နဲ့ အပြင်သွားတဲ့နေ့လောက်သာ အိမ်မှာနေပြီး မနက်ဆိုရာမားက ကိုယ့်ကိုဘူတာရုံမှာချပေး ရထားစီးပြီးဒီစီကိုသွား ကယ်ပီတန်ထဲဝင်လည်၊ ကယ်ပီတယ်မောလ်တလျှောက်က ပြတိုက်တွေ၊ ဝါရှင်တန်နေရှင်နယ်ကသီဒရယ်တွေကိုသွားလည် ညနေစောင်းမှပြန်လာ။ တနှစ်ကွန်းတရပ်စာချုပ်မပြည့်ခင် ၂ လအလို ဒီသောကြာနေ့က မင်းရဲ့နောက်ဆုံးနေ့လို့ မန်နေဂျာကပြောလာတော့ ဝမ်းနည်းလိုက်တာ။ မင်း အလုပ်လုပ်တာ မကောင်းလို့မဟုတ်ဘူး စီးပွားရေးမကောင်းလို့ ကွန်းထရပ်ဝန်ထမ်းအားလုံး လေးအော့ဖ်ဖြစ်တာ။ reference letter လိုတယ်ဆိုရင် အချိန်မရွေးပြော။ တလောက ကိုယ်စိတ်ဆိုးလွန်းလို့ရန်ဖြစ်ထားတဲ့ ဆူပါဗိုက်ဆာဂျရတ်က သတင်းကြားကြားခြင်း စိတ်ပူလို့ ပြေးလာတယ်။ နောက်ဆုံးနေ့ နှုတ်ဆက်နေ့လည်စာစား ရုံးနားကရေကန်ဘေးမှာ အတော့်ကိုဝမ်းနည်းပက်လက် ငိုတယ်။ လူဝီဗီလ်မှာ အင်တာဗျုးတခုက သဘောကျပေမဲ့ H1B စပွန်ဆာဆိုတာ တခါမှမကြားဖူးဘူးတဲ့။ ၂ နာရီအဝေးက မြို့တော်ဖရန့်ဖွတ်က အစိုးရရုံးမှာ အိန္ဒိယသားတွေနဲ့ အင်တာဗျုးတာ အော်ဖာကမ်းတောင် မယူဘူးလို့ ဒေါသထွက်ရဖူးတယ်။ အင်တာလည်းမဗျူးဘဲ အလုပ်အော်ဖာရတာလည်း ရှိသေးတယ်။ လစာလည်းမဆိုးဘူး သူက ကိုယ်လုပ်နိုင်တယ်ဆိုတာသိတော့ ကိုယ့်ကိုအလုပ်အရင်ခန့် သူ့မှာကွန်းထရပ်အလုပ်ရတော့မှ ကိုယ့်ကိုသွင်း သူက ၂ ဆရ အဲဒီလို။ နောက် ၁ လနေလို့မှ အလုပ်မရရင် မေရီလန်းကိုပြောင်းခဲ့တော့ အမ်းထရူးလည်း တန်နက်ဆီပြည်နယ်မှာ ကွန်းထရပ်အလုပ်ပြီးလို့ ဆူနမ်တို့ဆီမှာလာနေပြီး အလုပ်ရှာမှာ။

ဆူနမ်တို့က အမ်းထရူးကို ကိုယ့်ဆီလာခိုင်း ပြီးမှမေရီလန်းကိုမောင်းလာ တန်နက်ဆီပြည်နယ် မန်းဖစ်မြို့က ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့အထိလေယာဉ်ခက ဝါရှင်တန်ဒီစီလေယာဉ်ခထက် ဈေးကြီးနေ၊ ကိုယ်နဲ့အမ်းထရူးကလည်း သိပ်မခင်တော့ အကူအညီမတောင်းတော့ဘူး။ ကားက အင်ဂျင်ဝိုင်ဆီတွေယိုလို့ မန်ဒီက တနေရာတည်းမှာ သတ်သတ်မှတ်မှတ် ရပ်ခိုင်းတယ်။ မိုးရွာတဲ့နေ့ ရုံးအဝင်အကွေ့နားမှာ ကားတပတ်လည်ထွက်သွားလို့ကားတာယာကို လဲထားတယ်။ ကားအင်ဂျင်အပူချိန်တက်လို့ ပြင်ရင်ဘယ်လောက်ကျမလဲမေးတော့ မပြင်တော့နဲ့ အသစ်ဝယ်တဲ့။ မေရီလန်းခရီးအတွက် ကားကြံ့ခိုင်မှုစစ်ဆေး ကားပြင်ဆိုင်ကတော့ ဖောက်သည်ကြီးတယောက် လျော့သွားပြီဆိုပြီး စိတ်မကောင်းဖြစ်နေမှာ။ ကန်တက်ကီပြည်နယ်ကနေ မေရီလန်းပြည်နယ်အထိ မိုင် ၆၀၀၊ ၉  နာရီမောင်းရတဲ့ခရီးကတော့ တကယ့်ကို အမှတ်တရပဲ။ မနက် ၆ နာရီကနေ မောင်းလာလိုက်တာ ကန်တက်ကီပြည်နယ်ကတော့ မြေပြန့်ဆိုတော့ မောင်းရတာအဆင်ပြေတယ်။ ၂ နာရီမောင်းပြီးရင် ကားရပ်နားနေရာမှာ ကားပြင်ဆိုင်က ပြလိုက်တဲ့အတိုင်း အင်ဂျင်ထဲထည့် ကားလည်းနား လူလည်းနား။ မန်ဒီကမှာတယ် ကားရပ်နားနေရာမှာနားရင် ကားတံခါးကို လော့ချထားတဲ့။ အနောက်ဗာဂျီးနီးယားပြည်နယ်ထဲကို ဝင်တာနဲ့ တောင်တန်းတောင်ကုန်းတွေ လမ်းတွေက ကွေ့ကွေ့ကောက်ကောက်။ တခါတလေ တောင်ကြောကိုဖြတ်ရင် ကားတစီးတလေတောင် မတွေ့ဘူး။ ကားကို လီဘာတင်ပြီး အရှိန်မြှင့်တာ မိုင် ၄၀ ကနေ မတက်တော့ဘူး ဟိုင်းဝေး မိုင် ၆၀ နဲ့ မောင်းရမှာ။ ဆီကုန်ခါနီးဆိုတော့ အနီးအနားက ဆီဆိုင်မှာဝင်ထည့်တော့ ကားကိုဘယ်လိုရပ်လိုက်လဲမသိဘူး။

ကားက ဘယ်လိုမှ စက်နှိုးလို့မရတော့ဘူး ခေါင်းနားပန်းကြီးသွားတယ်။ ဆီလာထည့်တဲ့ လူကြီး ၂ ယောက်ကို အကူအညီတောင်းပြီးပြကြည့်တော့ သူတို့လည်းမသိဘူး။ စိတ်အေးအေးထားပြီး စက်နှိုးကြည့်လို့ နှိုးတော့မှ သက်ပြင်းချနိုင်တယ်။ တချို့နေရာတွေ့မှာ မြူတွေဝေ့ဆိုင်း နှင်းတွေကျ ကားကြောပြတ် အင်ဂျင်စက်သံက ခပ်ယဲ့ယဲ့ ကားကလီဘာတင်လို့မရ ဖုန်းစစ်ကနယ်ကမမိ ကားထိုးရပ်သွားရင်ဒုက္ခ ကားအိုကားဟောင်းကို တယောက်တည်းမောင်းလာမိတာ မှားလေခြင်း။ ဆီဆိုင်ကို ဝင်ထည့်တော့ ဆီဆိုင်မတွေ့ လမ်းကတောလမ်းလေး ဘာကားမှမတွေ့ အတော်ကြောက်သွားတယ်။ လမ်းမပေါ်ရောက်လို့ ကားတွေအများကြီးတွေ့မှ စိတ်နည်းနည်းအေးတယ် အရေးအကြောင်းဆို အကူအညီတောင်းလို့ရမှာကိုး။ အရေးပေါ်အချက်ပြစစ်ကနယ်ပြပြီး ဖုန်တွေညစ်ပေနေတဲ့ ကားမှန်ဆင်းသုတ်။ မေရီလန်းပြည်နယ်ထဲဝင်တာနဲ့ မြေပြင်ကပြန့်ပြူးနေပြီး ကားတွေက အများကြီး။ ဆူနမ့်အိမ် ညနေစောင်းရောက်တော့ ဆူနမ်တို့က အံ့သြနေတော လမ်းမှာတညအိပ်ပြီး နောက်နေ့မှရောက်လာမယ် ထင်နေတာ။ ကိုယ်က မောင်းလို့ရသမျှမောင်း မမောင်းနိုင်ရင် အနီးအနားကဟိုတယ်မှာအိပ် ဆက်မောင်းမယ်လို့ စဉ်းစားထားတာ တနေ့တည်း ရောက်လာတာပဲ ကောင်းပါတယ်။ ခရီးအဝေးကြီးကို ကားအစုတ်လေးနဲ့မကြောက်မရွံ့ မောင်းလာပြီးတော့မှ လမ်းမှာတခုခုဖြစ်ခဲ့ရင် မကြောက်မလန့်တော်ဆိုပြီးတော့ ကြောက်နေတော့တာ။ ကားကောင်းလို့ကတော့ ခရီးအဝေးမောင်းရလည်း မမှုပါဘူး။ နောက်နောင် ဘယ်တော့မှ ကားအစုတ်နဲ့ ခရီးအဝေးကို တယောက်တည်း မမောင်းတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ အဲ အရှေ့အနောက် အမေရိကန်နိုင်ငံဖြတ်ကျော်ခရီးတော့ မောင်းချင်သေးတယ် ကားအကောင်းနဲ့။ မေရီလန်းပြည်နယ်မှာ အလုပ်ရှာဖွေတဲ့ အပိုင်းကတော့ နောက်အပိုင်းမှ တင်ပါဦးမယ်။

စန်းထွန်း
နိုဝင်ဘာ ၁၉ ၊ ၂၀၁၇။

ဂျီစီ ခရီးကြမ်း - ၆

လူဝီဗီလ်မှာနေတဲ့ စီနီယာကျောင်းသားများရှိလားလို့ ကျောင်းကိုမေးကြည့်တော့ နီပေါကျောင်းသားတယောက်ရှိတယ်။ အီးမေးလ်ဆက်သွယ်တော့ စတိတ်ပြင်ပကို ရောက်နေတယ် နောက် ၂ လမှ ပြန်လာမယ်တဲ့။ စီနီယာဆီကနေ အကူအညီမရနိုင်တော့ craiglist ဆိုက်ကနေ အိမ်ခန်းရှာတော့ အိမ်ရှင်က ထောက်ခံပေးမဲ့သူ reference ၂ ယောက်တောင်းတယ်။ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ လုပ်အားပေးလုပ်ခဲ့တဲ့ NGO အဖွဲ့အစည်းက ဒါရိုက်တာအစ်မနဲ့ ပရော်ဖက်ဆာလာမန်တို့ရဲ့ ရာထူး၊ လိပ်စာ၊ အီးမေးလ်တွေ ပေးလိုက်တယ်။ ကိုယ့်နာမည်က စန်းစန်းဆိုတော့ ဂျပန်လားလို့မေးတယ်။ ကိုယ့်ဓာတ်ပုံတောင်း သူတို့မိသားစုဓာတ်ပုံ၊ မြေအောက်ခန်းက ကုတင်၊ မှန်တင်ခုံ၊ အဝတ်ဗွီရို၊ ရေချိုးခန်းဓာတ်ပုံတွေ ပို့ပေးတယ်။ လာမနေခင် လာကြည့်ပါဆိုပေမဲ့ သွားမကြည့်နိုင်တော့ဘူး။ ကျောင်းကထွက်ခွာပြီး ၁ လ ပြည့်တဲ့နေ့ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့ကို ပြောင်းတယ်။ အဲဒီအချိန် မိုင်းဖန်က သူ့ရည်းစားရှိတဲ့ ဗာမွန်ပြည်နယ်ကို သွားလည်နေတော့ ဆူနမ်က မိုင်းဖန်ရဲ့ ကားအသစ်စက်စက်ကိုမောင်းပြီး လိုက်မပို့ရဲ ဘူး။ အိမ်ကထွက်ခွာဖို့ ၁ နာရီအလို တက္ကစီဘွတ်ကင်လုပ်ထားတာ ပျက်သွားလို့ အသည်းအသန် တက္ကစီရှာ ဘတ်စ်ကားကို လက်မတင်လေး မှီတယ်။ ဘတ်စ်ကားမောင်းတဲ့သူကို စောင့်ပေးပါနော် ဒီကားနဲ့လိုက်ရမှဖြစ်မယ်လို့ အကူအညီတောင်းတော့ မြန်မြန်လုပ် စောင့်ပေးမယ်တဲ့။

စတိတ်လာတုန်းက လက်ကေ့အိတ် ၂ အိတ် ဟမ်းကယ်ရီ ၁ အိတ်ပဲပါတယ်။ ခုလည်း အဲဒီအတိုင်းပါပဲ ဒါပေမဲ့ စာအုပ်တွေကြောင့် ပေါင်ချိန်ပိုနေလို့အပိုကြေး ၉၀ ထပ်ပေးရတယ်။ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့လည်ခေါင်က ဘတ်စ်ကားဂိတ်ရောက်တော့ တက္ကစီငှား။ အိမ်ရှင်တွေက လာကြိုပေးနိုင်တယ်ဆိုပေမဲ့လည်း အားမှန်းမသိမအားမှန်းမသိ အားနာလို့။ အိမ်ရှင်တွေက အမေရိကန်မ၊ အမျိုးသားက အိန္ဒိယသား၊ အသက် ၃၅ လောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ သားကြီးလုကပ်က ၈ နှစ်၊ သမီးငယ် ကေတီက ၅ နှစ်။ လုကပ်က အသားဖြူဖြူ မျက်ခုံးထူထူ မျက်လုံးနက်နက်နဲ့လူချောလေး ယူရေးရန်းရုပ်ပေါက်တယ်။ ကေတီက ဘိုမလေး အာရှစပ်ထားတယ်လို့ လုံးဝမထင်ရဘူ။ ဆံပင်ရွှေဝါရောင်နဲ့ လိမ္မာသိတတ် သူ့အမေလို စိတ်ကောင်းနှလုံးကောင်း ရှိတယ်။ မြေအောက်ထပ်မှာ ရေချိူးခန်း၊ အိမ်သာ၊ ကုတင်ပါတယ်။ ကိုယ့်အခန်းရှေ့မှာ အပြေးစက်၊ home theatre လုပ်ထားတယ်။ မီးဖိုးချောင်ကတော့ အပေါ်ထပ်မှာ။ ဝေါမတ်လိုက်ပို့ပေးပြီး စားစရာတွေ နည်းနည်းဝယ်။ မိုင်းဖန်ရဲ့ ထမင်းပေါင်းအိုးကို သုံးနေတဲ့ဆူနမ်က အမေဇွှန်ကနေ သေသေချာချာ ရွေးဝယ်ထားတဲ့ ထမင်းပေါင်းအိုး သေးသေးလေးကို သူမသုံးဖြစ်တော့ ထည့်ပေးလိုက်တယ်။ တော်သေးတယ် ဆူနမ်အမြော်အမြင်ကြီးပေလို့ အမေရိကန်အိမ်မှာ ထမင်းပေါင်းအိုးမရှိဘူး။

အဲဒီထမင်းပေါင်းအိုး ခုထိ သုံးနေသေးတယ် ၂၀၁၂ မတ်လ က ပေးလိုက်တာဆိုတော့ ၅ နှစ်တောင်ရှိပြီ။ ၂၀၁၇ လေဘာဒေးပိတ်ရက် ရာမားအိမ် သွားလည်တော့ အဲ့ဒီထမင်းပေါင်းအိုးနဲ့ဆင်တူ နင်တို့ကျောင်းမှာသုံးတဲ့ ထမင်းပေါင်းအိုး ရှိသေးလားမေးတော့ မရှိတော့ဘူးတဲ့။ ထမင်းပေါင်းအိုးတခုလုံးကို ရေခဲသေတ္တာထဲထည့်လိုက်လို့ ပျက်သွားတယ်တဲ့။ ရာမားက smart people make stupid mistakes ဆိုလို့ ရယ်လိုက်ရတာ။ ဆူနမ်က စန်းစန်း နင်သိပ်ကံကောင်းတယ် စာမေးပွဲကျ ငါတို့ထက် ၃ လနောက်ကျတာ ကံကောင်းခြင်းတမျိုးပဲ။ ငါတို့အတူတူ ကျောင်းပြီးရင် တောင်မင်းမြောက်မင်း မကယ်နိုင်။ ဟော ခုတော့ နင်ကျောင်းပြီးတဲ့အချိန် မိုင်းဖန် အလုပ်ရနေပြီဆိုတော့ နင့်ကိုခေါ်တယ်။ သိပ်မကြာဘူး မနီးမဝေးမှာ အလုပ်ရ လစာလည်းကောင်း blessing in disguise အဆိုးထဲကအကောင်းပဲ။ ကိုယ့်ကို ကံကောင်းတယ်လို့ပြောရင် သိပ်လက်မခံချင်ဘူး မကြိုးစားဘဲနဲ့တော့ ကံမကောင်းဘူးလို့ ခေါင်းမာမာနဲ့ ပြောနေတုန်း။ တကယ်တော့ ကိုယ်ဟာ ကံကံရဲ့အကျိုးတရားကို ယုံကြည်သက်ဝင်သူတယောက်ပါ။ အရင်တုန်းကဆို မိဘတွေဆန္ဒအရ ဘုန်းကြီးကျောင်းလိုက်ပေမဲ့ ယုံကြည်သက်ဝင်သူ မဟုတ်ဘူး။ ၂၀၀၅ သင်္ကြန်တရားစခန်း မှော်ဘီဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်ဆရာတော်ကို ဖူးမြော်ရတော့မှ သံဃာကို ကြည်ညိုလာခဲ့သူတယောက်။

နိုင်ငံခြားရောက်တော့ ကိုယ့်ထက်တော်တဲ့သူက ကိုယ့်လောက်အလုပ်ကံမကောင်း၊ ကိုယ့်ထက်ညံ့တဲ့သူက ကုမ္ဗဏီကောင်းကောင်းမှာ လစာကောင်းကောင်းရတာတွေ မြင်ရတော့မှ ကံတရားဆိုတာကို ယုံကြည်လာတယ်။ အခက်အခဲတွေကြုံတော့မှ ဘုရား၊ တရား၊ သံဃာကို ပိုပြီးဆည်းကပ်လာတယ်။ ကန်တက်ကီအိမ်နဲ့ရုံးက မိုင် ၁၀၊ မိနစ် ၂၀ လောက်မောင်းရတယ်။ တက္ကစီခေါ် တခါစီးရင် ၃၅၊ ၄၀ ပေးရတယ် ပြီးတော့ ချက်ခြင်း မရဘူး။ နယ်မြို့တွေက အဲဒီအတိုင်းပဲ အများသုံးသယ်ယူပို့ဆောင်ရေးက နယူးယောက်လို အဆင်မပြေဘူး။ လူဝီဗီလ်မှာ အလုပ်လုပ်နေတဲ့ အတန်းထဲက ဂျော်ဒန်သားမဟာကို မေးကြည့်တယ် ရုံးကိုဘယ်လိုသွားလဲလို့။ သူက မြို့ထဲက တိုက်ခန်းမှာနေတာ ရုံးကလည်း မြို့ထဲမှာပဲ ဘတ်စ်ကားစီးတယ် တလမှ ၄၀ ပေးရတယ် ကြိုက်သလောက်စီးတဲ့။ ရုံးနားမှာ ဘတ်စ်ကားစောင့်စီးတာ ဘတ်စ်ကားတစီးလုံး ကိုယ်တယောက်တည်း။  တနေရာရပ်လို့ ဘာဖြစ်တာလဲမေးတော့ ဂိတ်ဆုံး နောက်ဘတ်စ်ကားလာလိမ့်မယ်  နောက်ထပ် နာရီဝက်လောက်မှ ရုံးကနေ မြို့ထဲကိုပတ်မောင်း အဲဒီကနေမှအိမ်ကို ၁ နာရီ ၄၅ မိနစ်ကြာမှာတဲ့။ ဘတ်စ်ကားဂိတ်မှာ တယောက်တည်း အိမ်ရှင်ကိုဖုန်းဆက် အကူအညီတောင်း လာကြိုခိုင်း။ နောက်တော့ အိမ်ရှင်က ကြိုပို့လုပ်ပေးတယ် အသွား ၁၀၊ အပြန် ၁၀ ဆိုတော့ တက္ကစီထက် အများကြီးသက်သာတယ်။

Thunder over Louisville Festival. April 24, 2012.
ည ၉  နာရီခွဲမှ မီးရှုးမီးပန်းဖောက်မှာကို ညနေ ၄ နာရီကတည်းက စောင့်နေကြတာ

အိမ်ရှင်အမေရိကန်မမန်ဒီက သဘောမနောကောင်း၊ အပြောကောင်း၊ ဂျပန်မှာ ၂ နှစ်လောက်နေဖူးတယ်။ ဂျပန်က သူ့မွေးစားမိဘတွေနဲ့ ခုထိအဆက်အသွယ်ရှိတုန်း။ အိမ်ရှင်မက်နိက အိန္ဒိယသား လက်ဆီတန်မြို့က ကန်တက်ကီပြည်နယ်တက္ကသိုလ်မှာ အင်ဂျင်နီယာကျောင်းပြီးတော့ မန်ဒီနဲ့ အိမ်ထောင်ကျနေတာ။ မန်ဒီက အိမ်ကနေ သွင်းကုန်ထုတ်ကုန်လိုင်စင်လုပ်ပြီး မန်နိချ်က အေတီအန်တီကုမ္ဗဏီမှာ မန်နေဂျာ။ ကန်တက်ကီပြည်နယ်က ဘတ်စကတ်ဘောခရေစီ လူဝီဗီတက္ကသိုလ်အသင်း UOL နဲ့ ကန်တက်ကီတက္ကသိုလ်အသင်း UK အသင်းက ဗိုလ်လုဖက်။ ဘတ်စကတ်ဘောရာသီဆို UOL ပရိတ်သတ်တွေက အနီရောင်အလံလေးထောင်၊ UK ပရိတ်သတ်တွေက အပြာရောင်အလံလေးထောင်။ အိမ်ရှင်မက်နိက UK ကန်တက်ကီတက္ကသိုလ်ကျောင်းထွက်ဆိုတော့ UK အမာခံပရိတ်သတ်။ မတ်လဆိုရင် လူဝီဗီလ်မြို့မှာ ကျင်းပတဲ့ ကန်တက်ကီဒါဘီမြင်းပွဲက နာမည်ကြီးတယ်။ ဒါဘီပွဲပြီးရင် Thunder Over Louisville မီးရှုးမီးပန်းပွဲက နှစ်သစ်ကူးချိန် နယူးယောက်က မီးရှုးမီးပန်းပွဲအတိုင်းပဲ။ အနီးအနားက အင်ဒီယားနား၊ အိုဟိုင်းရိုးပြည်နယ်တွေကပါ လာကြည့်တယ်။ ရုံးက လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်တဲ့ ကုမ္ဗဏီဆိုတော အင်ဂျင်နီယာ ယောက်ျားလေးတွေများတယ်။ အာရှသားက နည်းနည်းလေး ကိုယ့် Central Enginering ဋ္ဌာနကလူတွေက သဘောကောင်းတယ်။

Excel VBA နဲ့ ရေးထားတာတွေကို C# Windows ပြန်ပြောင်းရေး၊ အင်ဂျင်နီယာတွေ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ Software Application တွေရေးပေး။ ကိုယ့်လိုကွန်ထရပ်တာ တူရကီလေးမူဆာဖာက နင့်ရှေ့မှာ သုံးယောက်ဖြုတ်ထားတယ် သတိထားလို့ ပြောတဲ့နေ့က ဖျားချင်ချင်တောင်ဖြစ်တယ်။ ဆူပါဗိုက်ဆာဂျရတ်က မင်း အလုပ်ကြိုးစားတယ် သဘောကျတယ် ၆ လပြည့်ရင် အမြဲတမ်းဝန်ထမ်းဖြစ်ဖို့ ပြောပေးတယ်တဲ့။ ၂ ပတ်ကဲနေမယ် တိုက်ခန်းသစ်ရှာမယ်လို့ ပြောထားတဲ့အိမ်ရှင်ကို ၆ လလောက်နေပါရစေ အမြဲထမ်းဝန်ထမ်းဖြစ်မှ တိုက်ခန်းရှာတော့မယ်လို့ပြန်ပြောတော့ ကြိုက်သလောက်နေပါ အေးအေးဆေးဆေးရှာတဲ့။ မန်ဒီက ခင်ဖို့ကောင်းတယ် ကိုယ့်ကို ညီမလေးလို ဂရုစိုက်တယ်။ ပိတ်ရက်တွေဆို ကိုရီးယားဆိုင် လိုက်ပို့ပေးတယ် ဖက်ထုပ်လုပ်နည်း သင်ပေးတယ်။ ကိုယ် ဟင်းချက်ရင် ဘာတွေချက်တာလဲမေးပြီး နင့်မိဘတွေကတော့ သိပ်ဂုဏ်ယူမှာပဲ ဓာတ်ပုံရိုက်ပို့တဲ့။ အုန်းနို့ကျောက်ကျောကျွှေးတာ ကြိုက်လို့တဲ့။ တက္ကဆပ်ပြည်နယ်က သူ့အမေလာလည်တော့ အုန်းနို့ကျောက်ကျော လုပ်ပေးရတယ်။ သူ့မိဘတွေလည်း သဘောကောင်းတယ်။ မန်ဒီက ကြက်သွန်ကြော်ကြိုက်တဲ့ အာရှဆန်တဲ့ အမေရိကန်မ။ ဆူနမ်တို့က ဒီလိုချည်းကြိုပို့စီးနေလို့ မဖြစ်ဘူး ကားဝယ် ဆူနမ်၊ ရာမား၊ ဂင်္ဂါ၊ မိုင်းဖန်က တယောက်တထောင်ချေးတယ်။ ကားဝယ်ဖို့ လိုက်ရှာတော့ Dealer တွေဆီသွားကြည့် တတ်နိုင်တဲ့ ၄၀၀၀၊ ၅၀၀၀ တန်မတွေ့။ တသောင်းတန်လောက် ဝယ်မယ်ဆိုရင် financing လုပ်လို့ရပေမဲ့ credit scores က မကောင်းလို့ အတိုးနှုန်း ၁၂ ပေးရမယ်တဲ့။၊

ဖို့ဝိန်းမြို့ကအစ်မက သူ့ကားကို ၄၅၀၀ နဲ့ရောင်းမယ်ဆိုတော့ ညီအစ်မလိုခင်တဲ့အစ်မဆိုတော့ ဘယ်နှစ်ခုနှစ်ကထုတ်တဲ့ကားလဲ၊ မိုင်ဘယ်လောက်မောင်းပြီးပြီလဲ၊ ဘာကားလဲဆိုတာလောက်ပဲမေးပြီး ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်။ အစကတော့ ဖို့ဝိန်းကအစ်မက လူဝီဗီလ်အထိ မိုင် ၂၅၀၊ ၄ နာရီ မောင်းပြီးလာပို့မယ်၊ ဆူနမ်နဲ့ မိုင်းဖန်က စင်စင်နာတီမြို့ကနေ ဖို့ဝိန်းကိုသွားယူ လူဝီဗီလ်အထိ မောင်းလာမယ်လို့စီစဉ်၊ နောက်ဆုံးတော့ ၃၀၀ ပေးပြီး ထရပ်ကားနဲ့ပဲ သယ်တော့တယ်။ ထရပ်ကားနဲ့သယ်တာမှာ အမိုးဖွင့်မဟုတ်ဘဲ ထုတ်ပိုးထားရင် ဈေးပိုပေးရတယ်။ ကားကရောက်တာနဲ့ ဘီးပြားနေလို့ အိမ်ရှင်မန်ဒီကိုယ်တိုင်လေထိုး ဆိုင်ကိုသွားပို့သွားယူ။ မန်ဒီကတော့ပြောတယ် ကားမှာအင်ဂျင်ချက်ဆိုင်း ပြနေတယ်တဲ့။ စတိတ်မှာကားမောင်းသက်က ၃ နှစ်အောက်၊ ကန်တက်ကီပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်လို့ ကားအားမခံက ဈေးများတယ်။ ကားမှတ်ပုံတင်ဖို့သွားတာ မီးလုံးမကောင်းလို့၊ ကားပြတင်းအောက်ဖက်နားမှာ VIN နံပါတ်ပါပြီး ကားရှေ့ကဒက်ရှ်ဘုတ်မှာ VIN နံပါတ်မပါလို့ကန်တက်ကီပြည်နယ်ရဲ့ မြို့တော်ဖရန့်ဖွတ်မြို့က မော်တော်ကားရုံးကိုလှမ်းတောင်း၊ VIN နံပါတ်မရှိဘူးဆိုတော့ ခိုးခံရတဲ့ကားများလားတဲ့။ လူဝီဗီလ်မြို့ထဲက မော်တော်ကားရုံးကို ပို့လိုက်လို့ အိမ်ရှင်ကို အကူအညီတောင်း လိုက်ပို့ခိုင်းပြီး သွားယူ။

အရောင်းအဝယ်စာချုပ်မပါလို့ ဖို့ဝိန်းကအစ်မကို လှမ်းတောင်းတော့ ကားက သူ့နာမည်ပေါက်မဟုတ်ဘူးတဲ့ အရင်ရောင်းခဲ့သူနာမည်နဲ့ပဲ မောင်းနေတာတဲ့။ စန်းစန်း နင် ငါတို့ကားကိုဝယ်တုန်းက ဂင်္ဂါနဲ့နင် ဘဏ်မှာ အရောင်းအဝယ်စာချုပ် လက်မှတ်ထိုးတာ မှတ်မိလား။ မှတ်မိတယ် ငါ အီဂျစ်မလေးအာရပ်ကို ကားရောင်းတုန်းကလည်း ဘဏ်မှာပဲ အရောင်းအဝယ်စာချုပ် လက်မှတ်ထိုးခဲ့တာ။ အရင်ရောင်းခဲ့သူက တခြားပြည်နယ်ကို ပြောင်းသွားခဲ့ရင် ဘယ်လိုလုပ်မလဲ ဒုက္ခပါပဲ ဘယ်လို့သူ့နာမည်မပြောင်းထားတာလဲ လွယ်လွယ်လေးကို ဘဏ်မှာသွားလုပ်ရင် ပိုက်ဆံပေးရတာလည်းမဟုတ်ဘဲနဲ့ အဲ ... အဲဒါတော့ ငါလည်း မသိဘူးဟ။ ကံကောင်းတာက အရင်ရောင်းခဲ့သူက ဖို့ဝိန်းမြို့မှာပဲ ရှိနေသေးတော့ စာချုပ်ကိုလက်မှတ်ထိုးခိုင်း အသိဆရာတော်ဘုန်းကြီးက နိုထရီထုပြီး အရင်ရောင်းသူက ကိုယ့်ကိုရောင်းတယ်ဆိုတဲ့ အရောင်းအဝယ်စာချုပ် ရလာတဲ့အကြောင်းကိုတော့ ဆူနမ်တို့ကို မပြောပြတော့ပါဘူး။ ပြောလိုက်ရင် ပါးစပ်ကလေးဟ မျက်လုံးအပြူးသား အံ့အားသင့်တဲ့မျက်လုံးတွေ what .... why ဆိုတဲ့ မေးခွန်းတွေကို ကိုယ်မဖြေရှင်းနိုင်တော့လို့ပါဘဲ။ ဒီလိုနဲ့ မော်တော်ကားရုံးကို ၅ ခေါက်မြောက်ရောက်ပြီးမှ မှတ်ပုံတင်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး အလွန်လွယ်ကူရိုးစင်းတဲ့ ကားမှတ်ပုံတင်တာလေးကိုတောင် ခက်ခဲခက်ဆစ် လုပ်ယူရသူပါ။ ကိုယ့်ကိုလည်း သိပါတယ် ကိုယ်ဟာ ဘယ်အရာကိုမှ လွယ်လင့်တကူ ရရိုးထုံးစံမရှိ၊ သူများထက် နှစ်ဆ၊ သုံးဆပိုကြိုးစားရ၊ ပင်ပန်းမဲ့ဇာတာပါတယ်ဆိုတာ။ ကန်တက်ကီရုံးမှာ လေးအော့ဖြစ်ပြီး မေရီလန်းပြည်နယ်ကို ပြောင်းတဲ့အကြောင်းကိုတော့ နောက်အပိုင်းတွေမှ ဆက်ပါဦးမယ်။

စန်းထွန်း
နိုဝင်ဘာ ၁၅၊ ၂၀၁၇။

ဂျီစီ ခရီးကြမ်း - ၅

ကျောင်းမှာ ၈ လတက် ၂ နှစ်ခွဲ အင်တန်းရှစ်ဆင်း အလုပ်အချိန်ပြည့်လုပ် အဝေးသင်တက်တာကို Ciricular Practical Training CPT လို့ ခေါ်ပါတယ်။ ကျောင်း ၂ နှစ်တက် ၂ နှစ်  အင်တန်းရှစ်ဆင်းတာကို Optional Practical Training OPT လို့ ခေါ်ပါတယ်။ OPT ဆင်းနေတုန်း စာလုပ်စရာမလိုတော့ CPT က OPT ထက် ပိုပင်ပန်းတယ်လို့ထင်တယ်။ ကိုယ်တို့ကျောင်းက CPT ၈ လ ကျောင်းတက်ပြီးတာနဲ့ လုပ်ငန်းခွင်ဝင်ဖို့ သင်တန်းပေးတယ်။ စီဗွီဖောင်ပေးလိုက်ရင် replacement course သင်ကြားတဲ့ဆရာတွေက စာမျက်နှာ ၂ မျက်နှာ စတိတ်ဖောမတ်နဲ့ ပြင်ဆင်ထားတဲ့ စီဗွီဖောင် ပြန်ပေးတယ်။ အမေရိကန် ဓလေ့ထုံးစံတွေကို သင်ကြားပေးတယ်။ လက်ဆွဲနှုတ်ဆက်တဲ့အခါ မနီးမဝေးသင့်တော်တဲ့ အကွာအဝေးကနေ မဖွမညှစ် လက်ဆွဲနှုတ်ဆက်တတ်အောင် ကျောင်းသားတွေ တယောက်ခြင်းအခန်းရှေ့ထွက် လက်ဆွဲနှုတ်ဆက်ရတယ်။ အင်တာဗျူးသွားတဲ့အခါ ရုံးဝတ်စုံဝတ်ဆင်သင့်ပြီး ခန္ဓာကိုယ်မှာ အရောင် ၃ ရောင်ထက် မပိုသင့်ဘူး။ ဟိုင်း ဟောင်းအာယူဆိုတာ ဟိုင်းပါတဲ့။ အမေရိကန်တွေက အနံ့ကိုသတိထားလို့ ဆိုးဝါးတဲ့အနံ့တွေ မရှိဖို့လိုတယ်။ အရည်အချင်းတူတဲ့နှစ်ယောက်ဆို လက်မြောက်ခိုင်း အနံ့ဆိုးမထွက်တဲသူကို ရွေးမယ်ဆိုတဲ့ ကာတွန်းလေးပြတော့ ရယ်လိုက်ကြတာ။ ၁ မိနစ်အတွင်း ကိုယ့်အကြောင်းကို အထိမိဆုံး ပြောနိုင်အောင် လေ့ကျင့်ရတယ်။

အင်တာဗျူးရင် မေးတတ်တဲ့ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်၊ ရည်မှန်းချက်၊ ဘယ်အခက်အခဲက ဂုဏ်အယူရဆုံးလဲ၊ ဘာတွေလေ့လာသင်ယူချင်လဲ၊ အားလပ်ချိန်မှာ ဘာတွေလုပ်သလဲ၊ ဘာဝါသနာပါလဲဆိုတာတွေ ပြင်ဆင်ရတယ်။ အတန်းဖော်တွေ ပြောတဲ့အထဲမှာ ကောင်းတာတွေပါရင် မှတ်ထားပြီး အင်တာဗျူးဖြေတဲ့အခါ ထည့်ပြောတယ်။ စတိတ်မှာ ဘာ visa status နဲ့နေတာလဲလို့မေးရင် F1 ကျောင်းသားဗီဇာလို့ မဖြေနဲ့။ ကျောင်းသားဗီဇာလို့ ဖြေလိုက်လို့ကတော့ တခါတည်းဖုန်းချသွားရော။ တရားဝင်အလုပ်လုပ်ခွင့် work authorization  ၂ နှစ်ခွဲ ရှိပါတယ် ကျောင်းသားဗီဇာနဲ့လို့ ဖြေရတယ်လို့ သင်တယ်။ ဒီလောက်အတန်တန် သင်နေတဲ့ကြားထဲက ဘာဗီဇာနဲ့ နေတာလဲလို့ လျှပ်တပြတ်မေးလိုက်တဲ့အခါ အီသီယိုးပီးယားကျောင်းသားယေဒီက ကျောင်းသားဗီဇာနဲ့ပါလို့ မဆိုင်းမတွဖြေလိုက်တဲ့အခါ တတန်းလုံး ပွဲကျတော့တာပဲ။ အာဂျီရိုထမင်းစားဆောင်မှာတွေ့တဲ့ ယေဒီကို ဘာဗီဇာနဲ့နေတာလဲလို့နောက်တော့ တရားဝင်အလုပ်လုပ်ခွင့်ရှိတဲ့ ကျောင်းသားဗီဇာပါလို့ အရွှန်းသံလေးနဲ့ ပြန်ဖြေတယ်။ အင်တာဗျူးမှာမေးတတ်တဲ့ ပုစ္ဆာတွေ၊ ပြသနာဖြေရှင်းနည်းတွေ လေ့လာပြီး အင်တာဗျူးကောင်းကောင်း ဖြေနိုင်ဖို့ ပြင်ဆင်ရတယ်။ အလုပ်အော်ဖာရတဲ့အခါ ချက်ချင်းလက်မှတ်မထိုးဘဲ ကျောင်းကိုအရင်ပြ ကျောင်းမှအိုကေဆိုမှ လက်မှတ်ထိုးသင့်ပါတယ်တဲ့။

ကိုယ်တွေက စတိတ်အတွေ့အကြုံမရှိသေးတော့ စာချုပ်ထဲက လှည့်ကွက်တွေကို မသိနိုင်ဘူးလေ။ ရိုက်စားအိန္ဒိယ ကုမ္ဗဏီတွေ အထူးသဖြင့် နယူးဂျာဆီပြည်နယ်ဖက်ကဟာတွေက ကျောင်းသားတွေ အလုပ်အရမ်းလိုချင်နေမှန်းသိတော့ သူတို့ဆီမှာ သင်တန်းလာတက် ၃ လပြီးရင် အလုပ်သွင်းပေးမယ် ၆ လလုပ်ပေးရမယ်ဆိုပြီး မက်လုံးပေး။ နောက်တော့ သူတို့ပရောဂျက်တွေမှာ လစာနည်းနည်းနဲ့ မတန်မရာလုပ်ခိုင်း။ ဒီထက်ကောင်းတဲ့အလုပ်အော်ဖာရတော့ ထွက်လို့လည်းမရ ထွက်ရင် ၆ လစာပေးရမယ်ဆိုလို့ ကျောင်းက ကူညီဖြေးရှင်းပေးရတာတွေ ရှိတယ်။ အလုပ်ရရင်၊ အလုပ်ပြောင်းရင်၊ လေးအော့ဖ်ဖြစ်ရင်၊ ဘာပဲဖြစ်ဖြစ် အရင်ဆုံးကျောင်းကို အကြောင်းကြောင်းရမယ်တဲ့။ စတိတ်မှာ SSN Social Security Number က အရေးကြီးတယ်။ အင်တာဗျူးတွေမှာ background check လုပ်ချင်လို့ SSN နံပါတ်တောင်းရင် နောက်ဆုံးဂဏ္ဏန်း ၄ လုံးကိုသာ ပေးပါတဲ့။ SSN ကဒ်ဆိုတာ ဂဏ္ဏန်း ၉  လုံး နာမည်ပါတဲ့ စာရွှက်သေးသေးလေးတခု။ နာမည်နဲ့ SSN နံပါတ်သိရင် identity theft လုပ်နိုင်တယ်တဲ့။ ကျောင်းရောက်ပြီး ၂ လအကြာ ကွန်ပျူတာအခန်းစောင့် ၅ နာရီလားမသိ လုပ်ရတယ်။ ကျောင်းက ပိုက်ဆံနည်းနည်းပေးတယ် SSN ရအောင်လို့။ သိလား စန်းစန်း SSN က အရေးကြီးတယ် အမ်းထရူးဂူရုန်းက နီဘာစကားပြည်နယ်က တက္ကသိုလ်တခုမှာ တက်နေတာ ၆ လ ကြာတဲ့အထိ SSN မရလို့ ဒီကျောင်းကိုပြောင်းလာတာ။

စတိတ်မှာ credit scores လည်း အရေးကြီးတယ် ခရက်ဒစ်ကဒ်သုံးပြီး ပိုက်ဆံဆပ်နိုင်မှ ခရက်ဒစ်စကိုးတက်မှာ။ ကယ်ပီတန်ဝမ်းဘဏ်က ကျောင်းသားခရက်ဒစ်ကဒ်ကို အရင်ဆုံးရတာက မိုင်းဖန်။ ခရက်ဒစ်စကိုး များများတက်အောင်ဆိုပြီး pizza ranch ကြက်ကြော်ဆိုင်ကို ခဏခဏချီတက်ကြတယ်။ မိုင်းဖန်ခမျာ ကိုယ်တို့ ညှင်းဆဲသမျှ ခံရတယ်။ ခရက်ဒစ်စကိုးက တက်ဖို့ခက်သလောက် ကျဖို့တော့ အင်မတန်လွယ်တာ။ အချိန်မှီမဆပ်ရင် နောက်ကြကြေးများတယ်။ ခရက်ဒစ်ကဒ်တွေ အများကြီးလျှောက်ဖွင့်ရင်၊ JCrew ၊ Banana Republic တို့လို အဝတ်အထည်ကုမ္ဗဏီတွေက ခရက်ဒစ်ကဒ်တွေဖွင့်ရင်၊ အချိန်မှီအကြွေးမဆပ်ရင် ခရက်ဒစ်စကိုးကျတယ်။ ကန်တက်ကီရုံးမှာ PNC ဘဏ်က ဘဏ်ကဒ်တွေအကြောင်း လာရှင်းပြတော့ debit card ပေမဲ့ ခရက်ဒစ်စတိုးတွေ တိုးအောင်လုပ်တဲ့ကဒ်ရှိတယ်လို့ပြောတယ်။ ကျောင်းမှာ recruiting လာလုပ်တဲ့ Micro Retails ကုမ္ဗဏီကနေ ပထမဆုံးအင်တာဗျူးနဲ့ အင်တန်းရှစ်အလုပ်ရသွားတဲ့ ယန်းဇီနဲ့ ဘော်ဒါပေါင် အိုဟိုင်းရိုးပြည်နယ် ကလီဗီလန်းမြို့နားကို ပြောင်းသွားကြတယ်။ ယန်းဇီကျောင်းက ထွက်ခါပြီးမကြာခင် ကိုယ်တို့ကားကို ဘေးခန်းကဂျူနီယာ အီဂျစ်မလေးက ၅၀၀ နဲ့ဝယ်သွားတယ်။ ၆၀၀ နဲ့ဝယ် ၅၀၀ နဲ့ရောင်း ကားမောင်းလိုင်စင်လည်းရ ပိုက်ဆံလည်း မရှုံးတဲ့ ကောင်းကျိုးပေးတဲ့ကားဆိုပါတော့။ Algorithms ဘာသာရပ်မှာ B- ရပေမဲ့ တက္ကဆပ်ပြည်နယ်မှာ အလုပ်ရလို့အဝေးသင်ကျမှ Alogrithms ထပ်တက်ဆိုပြီး ကမ္ဘောဒီးယားလေး ချန်ဒရီယာကို ကျောင်းကနေ ထွက်ခွာခွင့်ပေးလိုက်တယ်။

ဆူနမ်၊ စန်းထွန်း၊ မိုင်းဖန်
ဧပြီ ၆၊ ၂၀၁၂။ Good Friday အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့လည်က ဗီယက်နမ်စားသောက်ဆိုင်
Alogrithms မှာ A Hons ရတဲ့ တရုတ်နဲ့နီပေါကျောင်းသား ၂ ယောက် ပရော်ဖက်ဆာရူဘီ ထောက်ခံပေးလို့ အမေဇွန်ကို အင်တာဗျူးသွားရတယ်။ အနောက်ဖက် ဝါရှင်တန်ပြည်နယ် ဆီရေတယ်မြို့အထိ လေယာဉ်လတ်မှတ်၊ ဟိုတယ်ခတွေကို အမေဇွန်ကပေးတယ်။ ဘာတွေမေးလဲဆိုတော့ အစုံပဲ မေးသမျှကို ဝိုက်ဘုတ်ပေါ်မှာရှင်းပြရတာ တနေကုန်ပဲတဲ့။ အမေဇွန်အင်တာဗျူး အင်မတန်ခက်သလို အမေဇွန်ကုမ္ဗဏီက တကယ်ကောင်းတယ်။ နင် သိပ်တော်တာပဲလို့ ချီးမွမ်းတော့ ငါလား တချို့ဘာသာတွေမှာ  B- ရတယ် တချို့ဘာသာတွေမှာ အောင်ရုံ တချို့ဘာသာတွေကျတော့ စိတ်ဝင်စားလို့ အမှတ်နည်းနည်းကောင်းတယ် အေကျောင်းသားမဟုတ်ဘူးတဲ့။ မိုင်းဖန်က ဘာသာတိုင်း အေရတဲ့ အေကျောင်းသူ။ ကိုယ့်မှာလည်း အလုပ်မရသေးတော့ ဘယ်သွားမှန်းမသိ။ ကမ္ဘောဒီယားလေး ဆမ်နမ်ချန်လို သွားနေစရာအစ်မအိမ်၊ အသိမိတ်ဆွေ၊ အမျိုးအိမ်မရှိ။ ကျောင်းမှာဆက်နေလို့တော့ရတယ် အပြင်ဆောင်မှာနေ ချက်ပြုတ်စားရင် စရိတ်သက်သာတယ်။ ဒါပေမဲ့ မြို့ကြီးတွေမှာ အလုပ်ရဖို့လွယ်ကူတော့ မြို့ကြီးတွေဆီ သွားသင့်တယ်လို့ ဒါရိုက်တာဒီလိန်းက အကြံပေးတယ်။ ကိုယ်သွားစရာမရှိ ဖြစ်နေတာကို ဆူနမ်သိသွားတော့ မိုင်းဖန်ကိုပြော မိုင်းဖန်က သူ့ဆီမှာလာနေပြီး အလုပ်ရှာဖို့ပြောတယ်။ ကျောင်းကနေ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့အထိ ဘတ်စ်ကားလတ်မှတ်ကို မိုင်းဖန် ဝယ်ပို့ပေးတယ်။

အလုပ်ရှာတာ ၃ လရှိနေပြီ အလုပ်မရသေးတဲ့ဆူနမ်ကို မိုင်းဖန်ကပြောပေးလို့ မိုင်းဖန်ကုမ္ဗဏီက ဆူနမ့်ကို အင်တာဗျူး အလုပ်အော်ဖာရလို့ကိုယ်ရောက်ပြီး နောက်တနေ့ ဆူနမ် ရောက်လာတယ်။ ကိုယ့်နေစားစရိတ်ကို မိုင်းဖန်နဲ့ဆူနမ် တာဝန်ယူတယ်။ တယောက်ချက်တာ တယောက်မစားနိုင် ကိုယ့်အစားအစာ ကိုယ့်ဘာသာချက်စား သုံးယောက်လုံး အချက်အပြုတ်မကျွှမ်း။ မိုင်းဖန်နဲ့ကိုယ်က ငါးပေါင်းစားရင် ဆူနမ်က ညှီလို့တဲ့။ မိုင်းဖန်က ပရိုဂရမ်းမင်းမကျွှမ်းတဲ့ ဆူနမ်ကို ညနေတိုင်း စာသင်တယ်။ သူ အလုပ်သွင်းပေးထားတာဆိုတော့ ဆူနမ်မလုပ်နိုင်မှာကို မိုင်းဖန်က စိတ်ပူ။ ဆူနမ်ကလည်း မိုင်းဖန် မျက်နှာပျက်ရမှာစိုးလို့ စိတ်ဖိစီး။ အလုပ်ရှာတဲ့ဆိုဒ်တွေမှာ စီဗွီဖောင်တွေ တင်ပြီးတာနဲ့ ဘဝဟာ သနားစရာ။ အိပ်ယာကတောင် မနိုးသေးဘူး ဖုန်းခေါ်နေပြီ။ တနေ့တနေ့ အင်တာနက်ဆိုဒ်မှာ စီဗွီဖောင်ပစ်တင်၊ ဖုန်းလာရင်ဖြေ၊ အင်တာဗျူးဖြေဖို့ပြင်ဆင်၊ အင်တာဗျူးဖြေ၊ လေ့လာသင်ယူနဲ့ ယားလို့တောင် မကုတ်အား။ အလုပ်ရှာတဲ့သူက အလုပ်လုပ်တဲ့သူထက် ပင်ပန်းတယ်။ ဘယ်ဆီဘယ်ဝယ်  ဘယ်တော့မှ အလုပ်ရမယ်မှန်းမသိ။ ၄၅ မိနစ်အဝေးက စင်စင်နာတီမြို့မှာ ရေးဖြေလာဖြေဆိုတော့ တက္ကစီငှားရင် ပိုက်ဆံအများကြီးကုန်မယ် မိုင်းဖန်နဲ့ဆူနမ်က ရုံးမသွားခင် ကိုယ့်ကိုလိုက်ပို့၊ ရေးဖြေစာမေးပွဲဖြေ၊ အဖြေလွှာကို မိုင် ၁၀၀ အဝေးက ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့ကရုံးကို ဖတ်စ်နဲ့ပို့၊ လူ ၄ ယောက်နဲ့ ဖုန်းအင်တာဗျူး ၁ နာရီလောက်ဖြေ။ နေ့လည်ထမင်းစားချိန်မှာ မိုင်းဖန်နဲ့ဆူနမ်လာခေါ်။

ရေးဖြေ၊ ဖုန်းအင်တာဗျူးအောင်တော့ လူတွေ့အင်တာဗျူး face to face လာဖြေခိုင်းတယ်။ မနက် ၉  နာရီရုံးမတက်ခင် စင်စင်နာတီမြို့လည်ကောင်မှာရှိတဲ့ ဘတ်စ်ကားဂိတ်မှာ ချပေးခဲ့တယ်။ မိုင်းဖန်က အင်တာဗျူးသွားဖြေတဲ့အခါသုံးဖို့ ပိုက်ဆံ ၁၀၀ ပေးတယ်။ အဲဒီအချိန်တုန်းက စမတ်ဖုန်းမရှိ တလ ၄၀ ပေးရတဲ့ prepaid ဖုန်းဆိုတော့ အင်တာနက်ပွတ်လို့မရဘူး စာအုပ်သယ်ရတယ်။ နေ့လည် ၁၁ နာရီ ဘတ်စ်ကားစီး နေ့လည် ၁ နာရီ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့လည်ကောင်ရောက်။ တက္ကစီ နာရီဝက်စီး လူ ၄ ယောက်နဲ့ အင်တာဗျူး  ၂ နာရီဖြေ၊ အပြန်တက္ကစီလာခေါ်၊ ည ၆ နာရီ ခွဲ ဘတ်စ်ကားနဲ့ပြန်။ ဘတ်စ်ကားစောင့်ရင်း မြို့လည်ကောင်တဝိုက် ပတ်လျှောက်ပြီး ဓာတ်ပုံရိုက်။၊ ည ၉  နာရီခွဲ မိုင်းဖန်တို့လာကြို နေ့လည်စာလွတ်။ မိုင်းဖန်တို့လည်း လမ်းတွေမှားလို့ အတော်ကြီးကြာမှ ရောက်လာတယ်။ အင်တာဗျူးတဲ့ ဝီလီယမ်ဂရင်းက ကိုယ် recursive နဲ့ဖြေထားတာကို သဘောကျလို့တဲ့။ ဟင်း ဟင်း FPP အတန်းကို နှစ်ခေါက်တက် ထုံးလိုခြေ ရေလိုနှောက် ထောင်းလမောင်းကြေထားတဲ့ တန်ဖိုးတွေ ခံစားရပြီ။ ပရိုဂရမ်းမင်း ဖြေထားတာကိုကြည့်ပြီး ဖြေသူရဲ့ ပြသနာဖြေရှင်းနည်း problem solving skill ၊ စဉ်းစားနည်း၊ ဖြတ်ထိုးညဏ်၊ IQ ကို ခန့်မှန်းလို့ရတယ်ထင်တယ်။ အင်တာဗျုးပြီး တပတ်အကြာ အော်ဖာရတော့ နှစ်ပတ်အတွင်း ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့ကို ပြောင်းရတယ်။ ကိုယ့်ရဲ့ money eater ကား၊ လူဝီဗီလ်မြို့က အတွေ့အကြုံတွေအကြောင်းကတော့ နောက်အပိုင်းကျမှ ဆက်ပါဦးမယ်။

စန်းထွန်း
နိုဝင်ဘာ ၁၁ ၊ ၂၀၁၇။

ဂျီစီ ခရီကြမ်း - ၄

ကိုယ်တို့လေးယောက်ထဲမှာ ဗီယက်နမ်မလေး မိုင်းဖန်က အတော်ဆုံး မာစတာဘရိမ်းလို့ ခေါ်ကြတယ်။ မလေးရှား HP မှာ အလုပ်လုပ်ခဲ့ပြီး တော်လို့ ကယ်လီဖိုးနီးယားပြည်နယ်ကိုလွှတ် ၂၀၀၈ စီးပွားပျက်ကပ်ဆိုက်တော့ laid off လေးအော့ဖ်ဖြစ်ပြီး ဗီယက်နမ်ကို ပြန်ရသူ။ ဒီတော့ မိုင်းဖန်က လေးအော့ဖ်ဆိုတာကို သိပ်ကြောက်တာ။ အလုပ်တွေပြုတ်ကုန်ပြီကြားလို့ သူဋ္ဌေးကို မေးကြည့်တော့ စီးပွားရေးအခြေအနေ အဲဒီလောက်မဆိုးသေးပါဘူးပြောပြီး နောက်နေ့ အလုပ်ဖြုတ်တာ ချက်ခြင်းဗီယက်နမ် ပြန်ရတာတဲ့။ မိုင်းဖန် ရည်းစားက ဗာမွန်ပြည်နယ်မှာဆိုတော့ မိုင်းဖန်က စတိတ်ကို လာချင်နေတာ။ စတိတ်ကို ကျောင်းတက်ဖို့လာတော့ အိုင်အိုဝါပြည်နယ် စီဒါးရက်ပစ်မြို့မှာ ကျောင်းကလာကြိုမှာကို စောင့်နေတုန်း မိုင်းဖန်လို့ ဗီယက်နမ်လို ပီပီသသ ခေါ်သံကိုကြားလိုက်ရတဲ့အခါ ကြောင်တောင်တောင် ဖြစ်သွားတယ်တဲ့။ ဗီယက်နမ်ကုမ္ဗဏီမှာ အလုပ်အတူတူလုပ်ခဲ့တဲ့ ဟွားလည်း ကျောင်းတက်ဖို့ လာတာ ရေစက်များ ဆန်းကြယ်တယ်နော်။ ဟွားလဲ့ဆိုတာ ဗီယက်နမ်ဆို ပန်းလို့အဓိပ္ဗာယ်ရပါသတဲ့ ယောကျ်ားလေးကို ဘာလို့ပန်းနာမည် ပေးထားတာလဲ မသိဘူး။ အဲဒီအကြောင်း မေးမယ်မေးမယ်နဲ့ မမေးဖြစ်ဘူး။ ဟွားက အူတူတူ အတတ သိပ်ခင်ဖို့မကောင်း  မိုင်းဖန်နဲ့လည်း ဝတ်ကျေတန်းကျေ မေးထူးခေါ်ပြောဆိုတော့ သိပ်မခင်ဘူး။

ဆူနမ်နဲ့ ရာမားက တက္ကသိုလ်မှာအတူတူ တတန်းတည်း တတိယနှစ်ယောက်မှ အခင်ဆုံးသူငယ်ချင်းတွေဖြစ်၊ အလုပ်ဝင်တော့လည်း ကုမ္ဗဏီအတူတူ၊ စတိတ်လာတော့လည်း အတူတူ။ ကြောက်တတ်တဲ့ ရာမားက ဆူနမ့်အခန်းမှာပဲ နေလေ့ရှိတယ်။ ဆူနမ်၊ ရာမား၊ ဂင်္ဂါ၊ ရာဂျစ်တို့လေးယောက် စတိတ်ကိုလာတာ အိန္ဒိယ၊ ကာတာ၊ လန်ဒန်၊ ချီကာဂို ၂ ရက်နီးပါးလောက် ကြာတယ်။ လက်ကေ့အိတ်ပျောက်တာ နာမည်ကြီးတဲ့ အိန္ဒိယလေဆိပ်မှာ လက်ကေ့အိတ် ပျောက်မလိုဖြစ်။ အကြမ်းဖက်သမား လူမျိုးရုပ်ပေါက်တဲ့ ရာဂျစ်ကို လန်ဒန်လေဆိပ်မှာ ခေါ်ယူစစ်ဆေးခံရတယ်တဲ့။ ကိုယ့်ထက် ၂ ရက်စောပြီး ရောက်လာတဲ့ ကျောင်းသားတွေ နှင်းမုန်တိုင်းတိုက်လို့ ချီကာဂိုလေဆိပ်မှာ ၂ ရက်လောက် စောင့်ခဲ့ရတယ်တဲ့။ ဆူနမ်နဲ့အဆောင်မှာအတူတူနေ၊ တက္ကသိုလ်မှာ စီနီယာ၊ ယူအက်စ်ကျောင်းမှာလည်း စီနီယာဖြစ်တဲ့ အက်စမီတာမန်ချေးက ညီအစ်မလို ချစ်ကြတယ်။ မန်ချေးဆိုတာ နီပါလီလို လူသားလို့အဓိပ္ဗာယ်ရတယ်တဲ့ ဘာလို့မန်ချေးလို့ ခေါ်ခိုင်းတာလဲမသိ မန်ချေးလို့ခေါ်ပါဆိုလို့ ခေါ်တာ။ အန်စမီတာမန်ချေးအမျိုးသားက H1B ဗီဇာနဲ့ စတိတ်မှာ အိုင်တီအလုပ် လုပ်နေတယ်။ အဲ့ဒါဆို ကျောင်းမတက်ဘဲ ယူ့ယောကျ်ားနောက် လိုက်လာလို့ရတာပဲ။ H4 မှီခိုဗီဇာဆိုရင် အလုပ်လုပ်ခွင့် မရှိဘူးလေ။

ကျောင်းဖွင့်စတုန်းက ဆူနမ်၊ ရာမားက အက်စမီတာမန်ချေး၊ စီနီယာနီပေါကျောင်းသားတွေနဲ့တရုန်းရုန်း။ မိုင်းဖန်ကလည်း စီနီယာဗီယက်နမ်မလေးငါးနဲ့ တရုန်းရုန်း။ ကျောင်းဖွင့်စတုန်းက ကိုယ့်မှာတော်တော် အထီးကျန်တာ။ တချိန်လုံး စတိတ်လာမိတာ မှားလေခြင်းလို့ နောင်တရနေတာ။ ဂျူလိုင်လ ပြန်လာချိန် စီနီယာတွေကလည်း ကျောင်းကထွက်ခွာသွားပြီ၊ တယောက်အကြောင်း တယောက်သိလာပြီဆိုတော့ ကိုယ်တို့လေးယောက် တရုန်းရုန်း။ ဗီယက်နမ်တွေရဲ့ အင်္ဂလိပ်စာအသံထွက်က အင်မတန်ဆိုးတယ် ဘယ်သူမှ နားမလည်ဘူး။ မိုင်းဖန်ကပြောရင် ဆူနမ်က စန်းစန်း ဘာသာပြန်တဲ့။ မိုင်းဖန်က ကိုယ့်ကို အင်္ဂလိပ်လိုပြော ကိုယ်က ဆူနမ်တို့ကို အင်္ဂလိပ်လိုပြန်ပြော english to english ဘာသာပြန်ရတယ် ဆိုပါတော့။ နောက်တော့ တယောက်အကြောင်း တယောက်သိလာပြီဆိုတော့ ဘာသာပြန်စရာမလိုတော့ဘူး။ မိုင်းဖန်းက တဝါးဝါးပြော ကိုယ်တို့က တဟားဟားရယ် ဘေးကလူတွေကတော့ ဘာမှနားလည်မှာမဟုတ်ဘူး ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ ဟုတ်နေကြတာပဲ။ ဆူနမ်နဲ့ကိုယ်က ဘိတ်ချီး ကိုယ်က စာကလွဲရင် အကုန်သိ မီနီဂူဂယ်ဆိုတဲ့ နာမည်ပြောင်ရတယ်။ လေ့လာသင်ယူရတဲ့ ဘာသာရပ်တွေထဲမှာ ကြိုက်နှစ်သက်တဲ့၊ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ ဘာသာရပ်တွေ ရှိသလို ထူးခြားတဲ့ ပရော်ဖက်ဆာတွေလည်း ရှိတယ်။

Software Engineering ဘာသာရပ်သင်တဲ့ အီသီးယိုးပီးယားသား ပရော်ဖက်ဆာဆီးဖူးဟာ အင်မတန်စည်းကမ်းတင်းကြပ်သူလို့ နာမည်ကြီးတယ်။ သူ့စာသင်ချိန်မှာ အိပ်ငိုက်လို့မရဘူး အိပ်ငိုက်ရင် မျက်နှာသစ်ခိုင်းတယ်။ ကြိမ်လုံးတဝင့်ဝင့် ရှိနေတတ်ပြီး အာရုံလွင့်လို့မရဘူး။ ပရောဂျက်တွေလုပ်တော့ တရုတ်ပန်ဒါ ပေါင်၊ ဂရင်းကဒ် အီသီယိုးပီးယားသား တက်စဖာမီခဲတို့နဲ့ လုပ်ရတယ်။ ကိုယ်တို့အင်တာနေရှင်နယ်ကျောင်းသားတွေက ကျောင်းလခသုံးသောင်း ပေးရချိန်မှာ ဂရင်းကဒ်တွေက ၁ သောင်းပေး ကျောင်းမှာတစ်နှစ်တက် အင်တန်းရှစ် ၂ နှစ်ခွှဲဆင်းရတယ်။ ပရောဂျက်ဆွေးနွေးချိန် ပေါင့်ကို တရုတ်လို  သွှေ့ သွှေ့ yes yes လို့နောက်တာကို ပရောဂျက်ဆွေးနွေးချိန်မှာ အင်္ဂလိပ်လိုပဲပြောပါတဲ့ တက်စဖာက။ ကျောင်းဆရာဖြစ်တဲ့တက်စဖာအတွက် ပရိုဂရမ်းမင်းတွေက ခက်ခဲနေတာ့ ပရောဂျက်ကို သူမလုပ်နိုင်ဘူးလို့ပရော်ဖက်ဆာစီးဖူးကို သွားပြောတယ်။ ကိုယ်က ဘော်လန်တီယာလုပ်ပြီး ကူလုပ်ပေးပါမယ်လို့ ပြောရတယ်။ ကိုယ်တို့ ညှိနှိုင်းထားတဲ့ဟာတွေ မဟုတ်ဘဲ ပန်ဒါပေါင်က သူရေးထားတာတွေ ပြသွားခဲ့တယ်။ ကိုယ်လည်း သိပေမဲ့ ကိုယ်လုပ်တဲ့အပိုင်းကိုပြ error တက်ရင် ဘယ်လိုဖြစ်တာပါလိမ့် မနေ့ကအကောင်းဆိုပြီး အရွှန်းဖောက်။ အဲ့ဒါကို တက်စဖာက ကိုယ်တို့ညှိုနိုင်းလုပ်ထားတာ မဟုတ်ဘူးဆိုပြီးပြောတော့ team work မလုပ်ဘူးဆိုတာ ပေါ်နေတာပေါ့။

အထီးကျန် ဆာလောင်ငတ်မွှတ် ပင်ပန်းဆင်းရဲတဲ့ ကျောင်းသူဘဝကို ထင်ဟပ်နေတဲ့ဓာတ်ပုံ
၂၀၁၂ ဖေဖေါ်ဝါရီ ကျောင်းကမထွက်ခွှာခင် ဘေးခန်းကို ရောက်လာတဲ့ အမ်ဘီအေကျောင်းသူ
ကမ္ဘောဒီယားမလေး ဗီဆာခါလေးကို ကျောင်းနားကရေကန်ကို လိုက်ပို့ပေးရင် ဗီဆာခါလေး ရိုက်ပေးထားတဲ့ပုံ

အမြင်ကပ်လိုက်တာ တက်စဖာကို နောက်ဆိုဟိုင်းတောင် နှုတ်မဆက်တော့ဘူး။ ပရောဂျက်ပြီးရင် အရမ်းခင်ရင်ခင် မခင်ရင် မခေါ်မပြောနိုင် ဖြစ်သွားတတ်တယ်။ ၂၀၁၄ နယူးယောက်မှာ စာမေးပွဲဖြေတော့ တက်စဖာနဲ့တွေ့သေးတယ်။ ဟိုင်းလို့နှုတ်ဆက်လိုက်ပေမဲ့ အမြင်ကပ်တယ် မမြင်ချင်ပါဘူးဆိုမှ လာဆုံနေသေးတယ်။ Springs & Hibernate အတန်းကို နယ်သာလန်သား ပရော်ဖက်ဆာမိခဲသင်တယ်။ ပရော်ဖက်ဆာက ငယ်ငယ်ချောချော ကိုယ့်ထက် ၂ နှစ်ပဲကြီးတယ်။ ကိုယ်တို့လို မာစတာကျောင်းသား ရွှေတံဆိပ်ဆုရပြီး ဆရာဖြစ်နေတာ။ Springs & Hibernate ကခက်တော့ ညနေတိုင်း မိုင်းဖန်က ဆူနမ်နဲ့ရာမားကို သင်ပေးတယ်။ စာမေးပွဲက အရမ်းခက်လို့ ဘယ်သူမှမဖြေနိုင်ဘူး နေ့လည်ထမင်းစားချိန်ပြီးမှ ကျောင်းသားတွေ မျက်နှာရှုံ့မဲ့ပြီး ထွက်သွှားကြတယ်။ ပရော်ဖက်ဆာကတော်တော့ ခက်တာတွေမေးပြီး ကျောင်းသားတွေကို ပညာပြတယ်။ ကျောင်းသားတွေ ကွန်ပလိမ်းတက်ကြလို့နဲ့တူတယ် ကိုယ့်အလှည့်ကျတော့ မေးခွန်က အဲဒီလောက်မခက်ဘူး။ ကိုယ် A ရတယ်ဆိုတော့ မိုင်းဖန်တို့ အံ့အားသင့်ကြတယ်။ Web Application သင်တဲ့ အီရတ်သား ပရောက်ဖက်ဆာနာဂျစ်ကလည်း မာစတာကျောင်းသား ရွှေတံဆိပ်ရပြီး ဆရာပြန်လုပ်တဲ့သူ။

စာအရမ်းသင်တဲ့ဆရာ ဗဟုသုတတွေဝေငှ ကျောင်းသားတွေဆီကလည်းသင်ယူ မေးခွန်းတွေအများကြီး မေးတတ်တဲ့ ပါကစ္စတန်၊ ဂျော်ဒန်၊ အိန္ဒိယကျောင်းသားတွေနဲ့ ဘတပြန်ကျားတပြန်။ မေးခွန်းမမေးတဲ့ကိုယ့်ကို မေးခွန်းမေးရင် ၃ မှတ်ပေးမယ်လို့ပြောတတ်တဲ့ဆရာ။ မနက်တိုင်း quizz တွေမေး၊ မနက် ၉  နာရီကတည်းက ဖြေလိုက်တာ နေ့လည်ထမင်းစားချိန် အဖြေကိုပြတော့ မကျေနပ်သေးလို့ ထပ်ရေးခိုင်း၊ တချို့ကျောင်းသားတွေကျတော့ အောင်ပြီ အမှတ်ထပ်လိုချင်ရင် ထပ်ဖြေ၊ မေးခွန်းက open book အင်တာနက်မှာ ရှာလို့ရတယ်၊ ယန်းစီနဲ့ကိုယ်ကတော့ ညနေ ၄ နာရီမှ ပြန်ရတယ် နေ့လည်စာငတ်။ အမှတ်တွေထွက်တော့ မနက်ဖြန် ကျတဲ့ကျောင်းသားတွေ စာမေးပွဲလာဖြေရင် အမှတ်ပေးမယ်။ အောင်ပြီးသား ကျောင်းသားတွေ လာဖြေရင်တော့ အမှတ်မပေးဘူးတဲ့။ ကိုယ်က အောင်ပေမဲ့ အမှတ်မရလည်း သွားဖြေတယ် pracitice makes perfect ။ အတန်းပြီးသွားတော့ ကျောင်းသားတွေ ပရော်ဖက်ဆာနဲ့ pizza ranch ကြက်ကြော်ဆိုင်မှာ သွားစားကြတယ်။ ပရော်ဖက်ဆာနာဂျစ်က သူ့အတန်းထဲမှာ ဖေ့ဘွှတ်ကြည့်မလား ကြိုက်တာလုပ်လို့ရတယ်။ အဲ မောက်စ် ကလစ်တာတော့ မကြိုက်ဘူး။ ပရော်ဖက်ဆာနာဂျစ်က မားဂြိုလ်ကိုသွားမဲ့ အာကာသယာဉ်မှုးအဖြစ် ဝင်ပြိုင်တာ Mars 100  အထဲပါသေးတယ်။ ကျောင်းတက်တုန်းက အိပ်ရေးမဝ ဆာလောင်ငတ်မွှတ် နေ့တိုင်းအိမ်စာအချိန်မှီပြီးဖို့ စာမေးပွဲမှာ ဘီရဖို့ ကြိုးစားရတာ တကယ်ပင်ပန်းတယ်။

ဆူနမ်တို့ နီပေါ ၅ ယောက် စုဝယ်ထားတဲ့ကားဟာ သူတို့လက်ထဲမှာတော့ အင်မတန်ချူချာတာ စီးတဲ့သူကလည်း များတာကိုး။ ကားမောင်းလေ့ကျင့်လို့ ကိုယ်က ဓာတ်ဆီအပိုထည့်ပေးမယ်ကြံရင် ဆူနမ်က ဘာလဲ ရာဂျစ်အတွက် ထည့်ပေးမလို့လား ကိုယ်မောင်းဖို့ပဲကိုယ်ထည့်။ ဂျူလှိုင် ကျောင်းကိုပြန်လာပြီး သိပ်မကြာခင် ဆူနမ်၊ ရာမား၊ မိုင်းဖန်က ကားမောင်းလိုင်စင်ရတယ်။ ကိုယ့်ကို ကားမောင်းသင်ပေးနိုင်တာက ဆူနမ်ပဲ ရှိတယ် အရေးအကြောင်းဆို စတီယာတိုင်ကို ဆွဲလှည့်ဖို့ မိုင်းဖန်က အားမရှိ။  ပိန်ပိန်ညောင်ညောင် chop stick ခြေတံလေးတွေနဲ့ ရာသီဥတုအေးရင် ချောင်းတဟွတ်ဟွတ်ဆိုး အားရင် ကုတင်ပေါ်မှာ လဲနေတတ်တာ မိုင်းဖန်။ ဆူနမ်က ဘရိတ် ဘရိတ်လို့အော်ရင် ကိုယ်က ဒီမှာကြည့် ဘရိတ် ဘရိတ်နင်းထားတယ်တွေ့လားလို့ အော်တယ်။ ခေါင်းမာပြီး အကြောက်အလန့်မရှိတဲ့ ကိုယ့်ကို ကားမောင်းသင်ရတာ ဆူနမ် အင်မတန်စိတ်ညစ်တယ်။ ဘယ်နေ့ ကားတိုက်မလဲလို့ စိတ်ပူနေရတာတဲ့။ သင်မောင်းသမားတွေ ကားမောင်းလေ့ကျင့်ရင် ကားမောင်းလိုင်စင်ရထားတဲ့သူ ပါရတယ်။ ဆူနမ်တို့လက်ထဲမှာတုန်းကတော့ ချူချာလွန်း ကားပြင်ဆိုင်ကို မကြာခဏရောက်လွန်းလို့ အကုန်အကျ များနေတဲ့အတွက် ကိုယ့်ကိုမရောင်းခင် နောက်ဆုံးကားပြုပြင်ထိန်းသိမ်းခငွေကို မိုင်းဖန်က စန်းစန်းအတွက် လက်ဆောင်ဆိုပြီး ပေးသတဲ့။ ယန်းဇီက သူ့ဘော်ဒါတရုတ်မကားကို အမြဲစီးပြီး ကားမောင်းလေ့ကျင့်ဖို့၊ ဈေးဝယ်သွားတာလောက်ပဲ သုံးတယ်။ ကျောင်းနဲ့အဆောင်က လမ်းမလေးပဲ ခြားတယ်။

ယန်းဇီ၊ ကမ္ဘောဒီးယားလေး ချန်ထရီရာတို့က ကားမောင်းလိုင်စင် တခါတည်းနဲ့ရတယ်။ ဘယ်သူတော့ဖြင့် ဘယ်လိုကြောင့် ကားမောင်းလိုင်စင်ဖြေဆိုခွင့် ဘယ်နှစ်ပတ်ပိတ်လိုက်ပြီလို့ကြားရင် တွေ့တာနဲ့ stop means fullly stop ၊ green means go ၊ red means stop လို့ စကြတော့တာပဲ။ ကိုယ် ကားမောင်းကျင့်ရင် လိုက်ပေးဖို့ အကူအညီတောင်းတဲ့အခါ ယန်းဇီက လိုက်ပေးပေမဲ့ မနက်စောစော ကားမောင်လိုင်စင်ဖြေဖို့ကျတော့ မလိုက်ပေးနိုင်ဘူး။ ယန်းဇီက ညဉ့်နက်မှ အိပ်ယာဝင်တော့ မနက်ကို အိပ်ယာထနောက်ကျတယ် ကျောင်းတက်ခါနီးမှ အူယားဖားယား ပြေးလာတာ။ တခါတော့ ဘယ်သူမှမပါဘဲ သွားဖြေတာ အရာရှိက သူငယ်ချင်းမပါဘူးလားလို့မေးတော့ ဟိုနားမှာဆေးလိပ်သွားသောက်နေတယ်လို့ ညာပြောတာ ကားမောင်းပြပြီးတဲ့အခါ ၃ ပတ်ပိတ်လိုက်တယ်။ ဘယ်သူမှခေါ်လို့မရလို့ တယောက်တည်းလာတာကို ရိပ်မိတယ်ထင်ပါရဲ့။ parellel parking  အတွက်လေ့ကျင့်နေတုန်း ကျောင်းသားတွေ သူတို့ကားဘေးနားမှာ parallel parking ကျင့်တာ တိုက်မိလို့ ထွက်ပြေးသွားတယ် ကျေးဇူးပြုပြီး သူတို့ကားနားမှာ လာမကျင့်ပါနဲ့တဲ့။ တခြားမြို့ကိုရောက်ရင် ကားမောင်းလိုင်စင်ရဖို့ ခက်တာမို့ ကျောင်းကမထွက်ခွာမှီ ကားမောင်းလိုင်စင်ရဖို့ အင်မတန် အရေးကြီးတယ်။ ကိုယ်က ၅ ခေါက်မြောက် ကျောင်းကမထွက်ခွာခင်နေ့မှာ ကားမောင်းလိုင်စင်ရတယ်။

အမှတ်နည်းနည်းလိုပေမဲ့  တခြားမြို့ကိုရောက်ရင် ကားမောင်းလိုင်စင်ရဖို့ခက်တယ် မြို့ကြီးတွေမှာ သတိထားမောင်းဆိုပြီး ကားမောင်းလိုင်စင် ထုတ်ပေးလိုက်တယ်။ အဲ့ဒီလို ကားမောင်းလိုင်စင် ရရှိထားသူဆိုတော့ ဆူနမ်တို့ ကိုယ့်ကားစီးရင် နောက်ခုံမှာထိုင်နေဦးတော့ ခါးပတ်ပတ်ကြတယ်။ တတန်းတည်းသား အီသီယိုးပီးယားကနေခွှဲထွက်တဲ့ အီထရီယာနိုင်ငံကနေ ဒီဗွီပေါက်လို့ရောက်လာတဲ့ အာရိယန်ဟာ ကားအလိုရှိရင် လာငှားတတ်ပေမဲ့ ကားမောင်းကျင့်ဖို့ လိုက်ခဲ့ပေးပါဆိုရင် tomorrow လို့ ပြောတတ်တယ်။ အားနာတတ်တဲ့ဆူနမ်က နိုးလို့မပြောတိုင်း ကိုယ်နဲ့မိုင်းဖန်က tomorrow never comes. say no လို့ ဆူနမ်ကိုပြော အာရီယန်ကို အမြင်ကပ်။ နိုင်ဂျီးရီးယားသူ အမ်ဘီအေကျောင်းသူတယောက်က သူ့ကိုကားမောင်းသင်ပေးစေချင်တယ် ကိုယ့်ကားနဲ့ ဓာတ်ဆီတောင် ကိုယ်ကစိုက်ပေးရမလားမသိ။ သဘောကောင်းတဲ့ယန်းဇီက ငြင်းရခက်နေရင် ကိုယ်က လူမိုက်ကြီးလုပ်ပြီး မအားဘူး ပရောဂျက်ရှိတယ်လို့ ငြင်းတယ်။ ဆူနမ်တို့နီပေါတွေလည်း အိန္ဒိယတွေ ညစ်တယ်လို့ မြင်တယ်တဲ့။ ကိုယ့်တသက်တော့ သဘောမနောကောင်း ကူညီတတ်တဲ့ အိန္ဒိယဆိုတာ မကြုံဖူး‌သေးဘူး။ Social Security Number (SSN) ၊ credit score တွေ အရေးကြီးပုံအကြောင်း၊ အလုပ်ဘယ်လိုရှာဖွေခဲ့လဲဆိုတာတွေ နောက်အပိုင်းကျမှ ဆက်ပါဦးမယ်။

စန်းထွန်း
နိုဝင်ဘာ ၈၊၂၀၁၇။

ရှေ့တန်းဘယ်မှညာ ယန်းဇီ၊ ချန်ထရီရာ၊ စန်းထွန်း
နောက်တန်းဘယ်မှညာ ဗိဆာခါလေး၊ ပေါင်
တက်ဆက်ပြည်နယ်မှာ အလုပ်ရတဲ့ ကမ္ဘောဒီးယားလေး ချန်ထရီရာရဲ့ နှုတ်ဆက်ပွဲ 

ဂျီစီ ခရီးကြမ်း - ၃

Master of Computer Science ကျောင်းသားတွေကို Compro ကျောင်းသားတွေလို့ ခေါ်ပါတယ်။ ကျောင်းမှာ ၈ လတက် ကျောင်းစရိတ်တွေကို အကြွေးထဲ ပေါင်းထည့်သွား ၂ နှစ်ခွဲ အလုပ်လုပ်ရင်း အဝေးသင်တက် အကြွှေးဆပ် ကျောင်းပြီးတာနဲ့ အကြွေးလည်းကြေ ဘွဲ့လည်းရ။ ကျောင်းသားဖက်ကကြည့်ရင် ပိုက်ဆံနည်းနည်းနဲ့ မာစတာရ ကျောင်းသားများများလာရင် ကျောင်းကလည်း တွက်ခြေကိုက်။ နာမည်ကြီးကျောင်းက ဘွဲ့ဆိုတာတွေ ဂရုမစိုက်ဘူး ယူအက်စ်အတွေ့အကြုံပဲ လိုချင်ရင်တော့ ကျောင်းက မဆိုးဘူး။ ကိုယ်က ကျောင်းကို လုံးဝမကြိုက်။ FPP အတန်းမှာ ကိုယ့်ရမှတ် ၇၀ ဘီထက် နည်းနေတော့ ဆက်မတက်ခိုင်းဘူး။ ယူအက်စ်မှာ နေတာကြာပြီဖြစ်တဲ့ အာဘီဆစ်က စန်းစန်း status ဘာဖြစ်သွားပြီလဲလို့ မေးတယ်။ ကျောင်းသားဗီဇာ F1 ကို ဘာမှမလုပ်ဘူး ဇူလှိုင်မှာဖွင့်တဲ့အတန်းကို ၂ လ စောင့်ရမယ်တဲ့။ ဆူနမ်တို့က ကိုယ့်ကို ကျောင်းမှာဆက်နေဖို့ ပရော်ဖက်ဆာလာမန်ကို တောင်းပန်ပေမဲ့ ပရော်ဖက်ဆာက ကိုယ် ယူအက်စ်မှာ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးလို့ ပြောလိုက်သတဲ့။ ဆူနမ်တို့ စိတ်ဆိုးလိုက်ကြတာ ပရော်ဖက်ဆာဖြစ်ပြီး အဲဒီလိုပြောရသလားပေါ့။ ကိုယ့်လိုအမှတ်နည်းတဲ့ ပါကစ္စတန်ကျောင်းသားကိုကျတော့ ဆက်တက်ခိုင်းတဲ့အခါမှာတော့ နည်းနည်းလွန်သွားပြီလို့ထင်တယ်။ ဆူနမ်တို့က ပရော်ဖက်ဆာကို သွားတောင်းပန်ခိုင်းပေမဲ့ မတရားဘူး သွားမတောင်းပန်ဘူးဆိုပြီး ခေါင်းမာမာနဲ့ ငြင်းခဲ့တယ်။

စာမေးပွဲရမှတ်ဆိုတာတွေက ပရော်ဖက်ဆာ လက်ထဲမှာရှိတယ်။ ကိုယ်က TM ကိုမကြိုက် ကျောင်းကိုမကြိုက်ဘူးဆိုတာ သိတယ်နဲ့တူပါရဲ့။ ကျောင်းမှာဆက်နေရင် နေစားစရိတ်တွေ တက်နေမှာမို့ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က ရပ်ဆွေရပ်မျိုး အမျိုးလိုခင်တဲ့ အစ်မဆီမှာနေပြီး စောင့်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒီကျောင်းကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ကြုံးဝါးခဲ့တယ်။ ကျောင်းလခတွေ စာရင်းရှင်းတော့ အကြွေး ၆၀၀၀ တင်နေပြီ။ ကျောင်းအပ်တုန်းက ၆၀၀၀ ပေးပြီးသားအပြင် ကျောင်းမှာ ၂ လလောက်ပဲ နေရသေးတယ် ဘယ်နှယ့်ကျောင်းစရိတ်တွေ များနေပါလိမ့်။ နောက်တကျောင်းပြောင်းဖို့ဆိုရင် အရင်ကျောင်းက ကျောင်းအကြွေးတွေဆပ် ကျောင်းကနေ အကြွေးကင်းရှင်းပါတယ်ဆိုတဲ့ စာရွက်ထုတ်ပေးပြီးမှ ရမယ်တဲ့။ နောက်ကျောင်းပြောင်းဖို့ဆိုရင် ပိုက်ဆံတွေအများကြီးကုန် အချိန်တွေကုန်မှာ ဒီကျောင်းကို ပြန်တက်တာက အကောင်းဆုံးလို့ ဆုံးဖြတ်လိုက်တယ်။ အမေနဲ့မကြီးက ပိုက်ဆံကိစ္စ စဉ်းစားမနေနဲ့ မပျော်ရင်ပြန်လာလို့ ပြောပေမဲ့ ကိုယ် ကြိုးစားချင်တာ။ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးလို့ ပြောတဲ့စကားမှားမှန်း သက်သေပြချင်တာ။ လဲကျရင် ပြန်ထနိုင်အောင် ကြိုးစားချင်တာ။ သူများတွေလည်း ဒီလိုပဲရုန်းကန်နေကြတာပဲ ကိုယ်က သူများထက် ညံ့နေလို့လား။ ကိုယ် ဒီလောက် မညံ့ပါဘူး သူများထက် ပိုကြိုးစားအားထုတ်ရင် ဖြစ်ပါတယ်။

ကိုယ့်ရွှေးခြယ်ခဲ့တဲ့လမ်းကို အဆုံးထိ ဆက်လျှောက်ရမယ်။ အဲဒီ ၂ လ စောင့်ဆိုင်းနေချိန်ဟာ ကိုယ့်ဘဝရဲ့ အခက်ခဲဆုံး အပင်ပန်းဆုံး အချိန်တွေပါပဲ။ အသိအစ်မမှာလည်း အဆင်ပြေတာမဟုတ်တော့ ကပ်နေရတာ အားနာမိတယ်။ problem solving skills ကောင်းအောင် ပရော်ဖက်ဆာမိခဲလ်ညွှန်တဲ့ စာအုပ်တွေဖတ်၊ ပရိုဂရမ်းမင်းတွေ လေ့လာ၊ ဆူနမ်ပေးတဲ့ သင်ခန်းစာ၊ အိမ်စာတွေဖတ်။ NGO အဖွဲ့အစည်းရဲ့ ဝက်ဆိုဒ်ကို Joomla လေ့လာပြီး ပြင်ပေး။ မြန်မာဘာသာပြန်ပေးရင် ပိုက်ဆံရမယ်ဆိုလို့ ဇော်ဂျီဖောင့်လေ့ကျင့်။ စာမေးပွဲကျ ကျောင်းကထွက်လာရလို့ စိတ်ဓာတ်တွေ ကျနေတဲ့ကိုယ်ဟာ ဒုက္ခသည်တွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ယှဉ်ရင် ကိုယ့်ဒုက္ခဆိုတာ ဘာမှမဟုတ်ပါလားလို့ သဘောပေါက်သွားတယ်။ Why me လို့ အဆိုးတွေ မြင်နေရာကနေ blessing တွေ မြင်လာတယ်။ ဒုက္ခသည်ဆိုတာ နာမည်သာဆိုးတာ အခွင့်အရေးတော့ တော်တော်ရတယ်။ အသိအစ်မဆို စတိတ်ကိုလာဖို့ လေယာဉ်စရိတ်၊ နေဖို့တိုက်ခန်း ငှားထားပေးတယ်၊ စားသောက်ဖို့ food stamp ပေးတယ်။ နောက်တော့ ပြန်ဆပ်ရတယ်။ ဟာ ဒါဆို ဒုက္ခသည်လျှောက်ရင်ကောင်းမလား စတိတ်ကို ရောက်နေပြီဆိုတော့ ဒုက္ခသည်လျှောက်လို့မရဘူး အဆိုင်လမ်တော့ လျှောက်လို့ရတယ်။ ခုတော့ မလျှောက်သေးပါဘူး ကျောင်းပြီးမှလျှောက်ရင်ရော။ အဆိုင်လမ်က တစ်နှစ်အတွင်း လျှောက်ရတာတဲ့။ ကျောင်းကိုပြန်ရောက်တော့ ဘေးမှာရာမားအခန်း၊ ရာမားအခန်းရှေ့က မိုင်းဖန်အခန်း၊ ကိုယ့်အခန်းရှေ့က ဆူနမ်အခန်း။

မိုင်းဖန်၊ စန်းထွန်း၊ ရာမား၊ ဆူနမ်
နီပါလီ Dashain ပွဲတော် အောက်တိုဘာ ၁၁၊ ၂၀၁၁။
လေးကောင်းသား လောင်းကျော် ညနေဆို ဆူနမ့်အခန်းမှာ တရုန်းရုန်း စာလုပ်ကြ စားကြသောက်ကြ စကားပြောကြ။ ကိုယ်တွေ ရယ်သံနဲ့နှိပ်စက်လို့ အီဂျစ်မလေး အခန်းပြောင်းပြေးရတယ်။ FPP အတန်းမှာ ပရော်ဖက်ဆာလာမန်နဲ့ ပြန်တွေ့တယ်။ စာမေးပွဲမှာ A+ ရတော့ ပရော်ဖက်ဆာက ဘယ်လိုလေး ဖြေသွားတာ သိပ်ကောင်းတာပဲလို့ ချီးကျူးတယ်။ ကိုယ့်တသက်မှာ အမှတ်တရအရှိဆုံးစားမေးပွဲ ဘယ်နှယ့်ရှိစလို့ မျက်ခုံးချီပြီး ပြုံးနေတော့တာ။ ပရက်ဖက်ဆာလာမန်ရဲ့ လေးစားတဲ့အကြည့်တွေကိုမြင်တိုင်း ငါကွလို့ လက်တီးလက်မောင်း တန်းချင်နေတော့တာ။ FPP ၊ MPP အတန်းတွေမှာ ဘီရမှ ဆက်တက်ခွင့်ရှိတယ် ဘီမရရင် နောက်တတန်းစောင့်။ 500 level course တွေဖြစ်တဲ့ Advanced Software Developement (ASD) ၊ Web Programing Developement (WAP)  ၂ ခု ၊ Algorithms ဘာသာရပ်တွေကို မဖြစ်မနေယူရတယ်။ ASD ကို ကျောင်းအုပ်ကြီး ဒေါက်တာဂတ်သရီသင်တာ အောင်ချက်နည်းတယ် ၇၅ ရာခိုင်နှုန်းကျတယ်။ တနှစ်လုံးစာအတွက် သင်ရိုးညွှန်းတမ်းထွက်တော့ ဘယ်လမှာ ဘယ်ဘာသာရပ်ကို prority ဘယ်လောက်သုံးပြီးယူလို့ မိုင်းက လမ်းညွှန်ပေးတယ်။ အရမ်းတက်ချင်တဲ့ဘာသာ၊ တက်မဲ့သူများတဲ့ဘာသာဆို priority 5 အမြင့်ဆုံးယူပြီး လျှောက်ရတယ်။ Algorithms မှာ B- ရပေမဲ့ ပရော်ဖက်ဆာက algorithms ထပ်ယူစရာမလိုဘူးဆိုပြီး အောင်ပေးလိုက်တယ်။ မိုင်းက ASD ဘာသာရပ်ကို အဝေးသင်ကျမှ ယူခိုင်းတယ်။ ဆူနမ်တို့ကားကို တရုတ်မလေးယန်ဇီနဲ့ စပ်တူဝယ်တယ် ၆၀၀ ပေးရတယ်။

ညနေတိုင်း ဆူနမ်က ကားမောင်းသင်ပေးတယ်။ ကိုယ် ပင်ပန်းလို့အိပ်နေရင်တောင် ဆူနမ်က လာနိုးပြီး ကားမောင်းကျင့်ပေးတယ်။ lane change ၊ parallel parking လို ခက်တဲ့ဟာတွေဆိုရင် ဂင်္ဂါ လာသင်ပေးတယ်။ တညနေ ကားမောင်းကျင့်ဖို့ စက်နိုးတော့ မနိုးဘူး။ မိုင်းဖန်ကိုခေါ် ကားဘေးမှာ လေးကောင်းသား ကားအဖုံးကိုဖွင့် ဟိုဟာနှိပ်ကြည့် အင်ဂျင်ဝိုင်၊ ရေတွေစစ်ကြည့် ခေါင်းကုတ်လက်မှိုင်ချ။ ဂင်္ဂါလာကြည့်ပေးတော့မှ ဘတ်ထရီ အားမရှိတာတဲ့။ ယန်ဇီ မနေ့ညက ကားမောင်းလေ့ကျင့်ပြီး မီးပိတ်ဖို့မေ့သွားလို့ ဘတ်ထရီအားကုန်သွားတာ။ သူ့တရုတ်ဘော်ဒါတွေ ရောက်လာပြီး ကားစက်နိုး ဘတ်ထရီသွင်းတယ်။ စတိုင်ပင်လခရရင် pizza ranch ကြက်ကြော်ဆိုင်မှာ သွားစားကြတယ်။ ဝေသာလီပြည် ဘီလူးစီးသလို စားကြတာ ကျောင်းမှာငတ်တာကိုး။ ကြက်ပေါင် ၆၊ ၇ ခု အသာလေးပဲ။ တရုတ်ဘူဖေး၊ အိန္ဒိယဘူဖေး ၂ဘူးဝယ် ထမင်းတအိုးတည်ပြီး စားကြတယ်။ ဘိုင်ကျတဲ့အခါ မက်ဒေါနယ်က mac chicken စားကြတယ်။ လေဘာဒေးပိတ်ရက်တုန်းက ဗာဂျီးနီးယားပြည်နယ်မှာနေတဲ့ ရာမားဆီ သွားလည်တော့ ဆူနမ်နဲ့ ကျောင်းတုန်းကအကြောင်းတွေ ပြောနေကြသေးတယ်။ pizza ranch ဆိုင် ပိတ်သွားပြီတဲ့ ကိုယ်တို့ကျောင်းကလူတွေကြောင့်ဖြစ်မယ်။ ၈ ကျပ်ပေးပြီး ၃၀ ဖိုးလောက် စားကြတာကိုး ဈေးတက်လို့လည်းမဖြစ် ကြက်ကြော်ဆိုင်ကို သနားလိုက်တာ။

ဆူနမ်တို့ကျောင်းက ထွက်ခါနီး ညတိုင်းနီးပါး နှုတ်ဆက်ပွဲ ကျင်းပတယ်။ ကိုယ့်ကိုဖဲရိုက်သင်ပေးပြီး ဖဲရိုက်တယ်။ အဆောင်မှုး RA က နှုတ်ဆက်ပွဲတွေ လုပ်နေမှန်းသိတော့ အသံသိပ်မကျယ်ဖို့ သတိပေးရုံးလောက်ပဲ။ တခါတလေ ဘီယာ၊ ဝိုင် သောက်ကြတယ်။ အဆောင်တွင်း ဘီယာ၊ ဝိုင် သောက်ခွင့်မရှိ ထမင်းချက်ခွင့်မရှိ။ ကိုယ်တို့က ပေါင်းအိုးနဲ့ ခိုးကြောင်ခိုးဝှက် ချက်ကြတယ် ပြီးရင် အမွှေးတွေဖြန်း။ မီးဖိုချောင်ရှိပေမဲ့ သတ်သတ်လွှတ်ပဲ ချက်ခွင့်ရှိတယ် တရုတ်မတွေက ချက်ပြီးရင် မရှင်းလင်း နည်းနည်းဝေးတော့ သိပ်မချက်ဖြစ်ဘူး။ ယောကျာ်းလေးအဆောင်ကြတော့ ဆေးလိပ်ခိုးသောက်ကြလို့ fire alarm မြည်တာ ရိုးနေပြီတဲ့။ မိုင်းဖန်က အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမှာ အလုပ်ရတယ်။ ဆူနမ်နဲ့ရာမားက မေရီလန်းပြည်နယ် ဘာတီမိုးမှာနေတဲ့ ဆူနမ်နဲ့အဆောင်အတူတူ၊ တက္ကသိုလ်အတူတူ၊ အလုပ်ဝင်တော့လည်း ကုမ္ဗဏီအတူတူ၊ နီပေါတက္ကသိုလ်မှာလည်း စီနီယာ ယူအက်စ်ကျောင်းမှာလည်း စီနီယာ ညီအစ်မလိုချစ်ကြတဲ့ အက်စမီတာမန်ချေးဆီမှာ သွားနေပြီး အလုပ်ရှာကြမှာ။ ဆူနမ်တို့ ထွက်ခွာသွားတော့ အတော်ဝမ်းနည်းတာ။ ဖေဖေါ်ဝါရီအသုတ် ကျောင်းသား ၅၀ ကျော်မှာ မိန်းကလေးက ၅ ယောက်၊ ကိုယ်၊ ဆူနမ်၊ ရာမား၊ မိုင်းဖန်တို့က ညီအစ်မလိုခင်တယ်။ အီသီယိုးပီးယားကနေ ခွဲထွက်တဲ့ အက်စတီရာနိုင်ငံကနေ ဒီဗွီပေါက်လို့ စတိတ်ရောက်လာတဲ့ အာရီယန်နဲ့ က မခင်ဘူး။ ဇူလှိုင်အသုတ်ကျတော့ ကျောင်းသား ၄၀ ကျော်မှာ မိန်းကလေးဆိုလို့ တရုတ်မလေးယန်းဇီပါတယ်။

ယန်ဇီဟာ တဦးတည်းသောသမီး ငယ်ငယ်ကတည်းက စန္ဒရားတီးသင်ခဲ့တာဆိုတော့ စန္ဒရားကို ကျွှမ်းကျွှမ်းကျင်ကျင် တီးတတ်တယ်။ သူဋ္ဌေးသမီးဆိုတော့ သူ့အဖေရဲ့ ခရက်ဒစ်ကဒ်ကိုင်ပြီး ဝယ်ချင်တာဝယ် စားချင်တာစား။ တရုတ်ဘော်ဒါတွေလည်းများတော့ နေ့တိုင်းလိုလို အပြင်ထွက်စားတယ်။ ဒီဇင်ဘာမှာ ကျောင်း ၁၀ ရက် ပိတ်တော့ တခြားကျောင်းသားတွေက လျှောက်လည်ကြတယ်။ ကိုယ်ကတော့ လည်စရာပိုက်ဆံမရှိ ဆူနမ်တို့ကလည်း သူများအိမ်မှာ ကပ်နေရတာမို့ မခေါ်နိုင်။ ဒီလိုနဲ့ ပင်ပန်းအထီးကျန်တဲ့ နေ့ရက်တွေကို ဖြတ်သန်းလို့ စာမေးပွဲတွေအောင်၊ ကားမောင်းလိုင်စင်ရအောင် ကြိုးစားရတယ်။ ဇန်နဝါရီမှာ အလုပ်ရှာဖို့ ပြင်ဆင်တဲ့သင်တန်းပေးတယ်။ ဖုန်းအင်တာဗျုးမှာ ပထမဆုံးမေးမဲ့မေးခွန်းက legal status က ဘာလဲ။ ကျောင်းသားဗီဇာလို့ဖြေရင် တခါတည်းဖုန်းချသွားရော။ work authorization ရှိပါတယ် ကျောင်းသားဗီဇာ ၂ နှစ်ခွဲ အလုပ်လုပ်ခွင့်ရှိတယ်။ အစိုးရကို ဘာစာရွက်စာတမ်းမှ တင်စရာမလိုဘူး အလုပ်ရရင် ကျောင်းကနေ I 20 form ရဲ့ နောက်ဆုံးတတိယစာမျက်နှာမှာ ဘယ်ကုမ္ဗဏီ၊ ဘယ်နေရာ၊ ဘာရာထူး၊ ဘယ်နေ့ကနေ ဘယ်နေ့အထိဆိုတာ ထုတ်ပေးလိုက်ရင် အလုပ်လုပ်လို့ရပြီ။ တချို့ကုမ္ဗဏီတွေက ကျောင်းမှာအင်တာလာဗျူးတယ်။ ရေးဖြေ၊ လူတွေ့အင်တာဗျူးဖြေပြီး ပထမဆုံးအင်တာဗျူးနဲ့ ယန်ဇီက အိုဟိုင်းရိုးပြည်နယ်မှာ အလုပ်ရသွားတယ်။ ကိုယ့်ဘော်ဒါ တရုတ်ကလေး ပေါင်လည်း ယန်ဇီနဲ့ ကုမ္ဗဏီတခုတည်းမှာ အလုပ်ရတယ်။ အင်တန်းရှစ်အလုပ်ကို ကိုယ်ဘယ်လိုရှာဖွေရခဲ့ရသလဲတွေကို နောက်အပိုင်းမှ တင်ပါဦးမယ်။

စန်းထွန်း
နိုဝင်ဘာ ၄၊ ၂၀၁၇။

ဂျီစီ ခရီးကြမ်း - ၂

ကိုယ်လာတဲ့ ၂၀၀၈ ကျမှပဲ စင်္ကာပူမှာ ကျောင်းလခတွေ ဈေးတက်သွားတာ မာစတာက ၆ ထောင်၊ ကိုယ်တက်တဲ့ ဘွဲ့လွန်ဒီပလိုမာက ၁၆၀၀၀ လား ၁၈၀၀၀ လား မမှတ်မိတော့ဘူး။ ဘဏ်က ကျောင်းသားအကြွေး ၆၀၀၀ ချေးတယ်။ ကျောင်းပြီးရင် ပြန်ဆပ်ရတယ် အတိုးနှုန်းက အင်မတန်သက်သာတယ်။ ကိုယ်တို့သူငယ်ချင်းတွေ တယောက်ကိုတယောက် လက်မှတ်ထိုးပြီး ဘဏ်ကချေးတယ်။ ကံကောင်းတာက ကိုယ့်သူငယ်ချင်းတွေအားလုံး ကျောင်းပြီးအလုပ်ရလို့ အကြွေးတွေ အကုန်ဆပ်နိုင်ကြတာပဲ။ ကျောင်းမပြီး အကြွေးမဆပ်နိုင်တဲ့ သူငယ်ချင်းကို လက်မှတ်ထိုးပေးမိလို့ ကျောင်းအကြွေးတွေ စိုက်ဆပ်ရတဲ့သတင်းတွေကို ကြားဖူးကြမယ် ထင်ပါတယ်။ အစိုးရက ၆၀၀၀ ချေးတယ်။ စင်္ကာပူမှာ ဒါမှမဟုတ် နိုင်ငံခြားမှာရှိတဲ့ စင်္ကာပူကုမ္ဗဏီမှာ ၃ နှစ်အလုပ်လုပ်ရင် ပြန်ဆပ်စရာမလို။ Service Obligation ထိုးတယ်လို့ ခေါ်ပါတယ်။ ၆၀၀၀ ရမယ်ဆိုတော့ လက်မှတ်ထိုးကြတာပေါ့။ တရုတ်ကျောင်းသားတချို့Service Obligation မထိုးဘူးလို့ကြားတယ်။ ကျန်တာအဖေစိုက်၊ စင်္ကာပူမှာ နေစရိတ်၊ စားစရိတ် မကြီးက ထောက်ပံ့ပေး ခြိုးခြံ‌ချွှေတာရတဲ့ ကျောင်းသူဘဝ။ NUS မှာ ကျောင်းတက်ရတာ ပင်ပန်းပေမဲ့ ပျော်ဖို့ကောင်းတယ်။ စာမေးပွဲက open book ကြိုက်တဲ့စာအုပ် ကြိုက်သလောက် သယ်လာလို့ရတယ်။ အဲ့ဒါက closed book ထက် ပိုခက်တယ်လို့ ထင်တာပဲ။

ကိုယ်ဟာ စာတော်တဲ့ကျောင်းသား မဟုတ်သလို စာကြိုးစားတဲ့ ကျောင်းသားလည်း မဟုတ်ဘူး။ ဘာသာရပ်တိုင်းကို အောင်မှတ်နဲ့ကပ်အောင်ရုံတင်လေး ကပ်အောင်တာ။ ကျောင်းမှာ ပရောဂျက်တွေ လုပ်တုန်းကတော့ အော်ဟစ်ငြင်းခုန် ရန်ဖြစ်ကြပေမဲ့ အလုပ်ရှာတဲ့အခါ ကျောင်းသားအချင်းချင်း ရိုင်းပင်းကူညီသလို စီနီယာတွေကလည်း ကူညီပေးတယ်။ စင်္ကာပူရုံးကအလုပ်က ရေးဖြေးစာမေးပွဲဖြေ ပရောဂျက်သေးလေး ရေးခိုင်းတယ်။ ကိုကြီးကျော်က ဒီဇိုင်းကူညီပေး ဘလို့ချစ်စနိုးခေါ်ကြတဲ့ သင်္ဂီဘကို အကူအညီတောင်း ပရိုဂရမ်ကူရေးခိုင်း၊ လူတွေ့စာမေးပွဲဖြေ။ ကိုယ့်ကျောင်းနေဖက်ကောင်လေးကို အော်ဖာအရင်ကမ်းတာ သူက တခြားအော်ဖာလက်ခံပြီးပြီမို့ ကိုယ့်ကို အော်ဖာကမ်းလာခဲ့တယ်။ ကိုကြီးကျော်၊ ဘ သူငယ်ချင်းကောင်းတွေရဲ့ အကူအညီနဲ့ အလုပ်ရခဲ့တယ် ဆိုပါတော့။ အဲဒီတုန်းက ကိုယ်က ပရိုဂရမ်းမင်း မကျွှမ်းသေးတော့ စူပါဗိုက်ဆာက သိပ်သဘောမကျဘူး။ တစ်နှစ်ပြည့်တာနဲ့ အလုပ်ပြောင်းဖို့ အလုပ်တွေလျှောက်ရင်း စတိတ်ကျောင်းကို မထင်မှတ်ဘဲ လျှောက်မိလို့ စတိတ်ကို သွားရဖို့ဖန်လာပြန်ရော။ ၂၀၁၀ ဒီဇင်ဘာ ရန်ကုန်ကိုပြန် သူငယ်ချင်းတွေကို နှုတ်ဆက်တယ်။ အဖေက ကိုယ် စတိတ်ကိုသွားမယ်ဆိုတော့ မသွားစေချင်ဘူး။ မင်း... သမီး အဝေးကြီးကို သွားဖို့လုပ်နေပြန်ပြီ မသွားအောင်ပြောဦးလို့ အဖေက အမေ့ကို ပြောပေမဲ့ အမေက စတိတ်ကိုမသွားဖို့ နားမချတဲ့အပြင် မြင့်မြင့် ပျံနိုင်သမျှ ပျံလိုက်စမ်းသမီးတဲ့။

နိုင်ငံရပ်ခြားမှာ ပညာသင်နေတဲ့ ကျောင်းသားတွေအကြောင်း ဘီဘီစီ၊ ဗွီအိုအေ ရေဒီယိုမှာ နားထောင်ရတိုင်း အမေက သူ့သားသမီးတွေကို နိုင်ငံရပ်ခြားမှာ ပညာတော်သင် ဖြစ်စေချင်တာတဲ့။ သူတို့ပညာမတတ်လို့ သားသမီးတွေကို ပညာအမွေပေးမယ်ဆိုပြီး ပညာရေးကို အလေးထားတဲ့ မိဘမျိုးကိုရထားတာ  တကယ်ကံကောင်းတာပဲ။ စတိတ်မှာ တက္ကသိုလ်တွေက အများကြီး။ ဟားဗတ်၊ အမ်အိုင်တီ၊ ယေးလ်၊ ပရင်စတန် Invy League တက္ကသိုလ်တွေက ဝင်ခွင့်ခက်သလို ကျောင်းလခလည်း ဈေးများတယ်။ ယေးလ်တက္ကသိုလ်သွားလည်တုန်းက ယေးလ်တက္ကသိုလ်တက်နေတဲ့ တိုးဂိုက်မလေးပြောတာ ကျောင်းလခက တနှစ် ၆ သောင်းတဲ့။ ရိုက်စားကျောင်းတွေလည်း ရှိတယ် တချို့ကျောင်းတွေဆို ပိတ်လိုက်လို့ ကျောင်းသားတွေခမျာ  ပိုက်ဆံလည်းဆုံး၊ ဘွဲ့လည်းမရ ဒုက္ခတွေရောက်လိုက်တာ။ စတိတ်ကိုမလာခင် အဲဒီကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသူကိုမေးကြည့်တယ်။ သူက ကိုယ်တို့ကွန်ပျူတာကျောင်းထွက် ဂျူနီယာ အဆင်ပြေမှာပါ အစ်မရဲ့ လာခဲ့ပါတဲ့။ စတိတ်ကိုလာဖို့ ပိုက်ဆံစု ရုံးကိုတလနို့တစ်ပေး စတိတ်ကိုမလာခင် ၂ ရက်အလိုမှာ ရုံးက farewell လုပ်ပေးတယ်။ ၂၀၁၁ ဖေဖေါ်ဝါရီ ၁၉  စင်္ကာပူကနေ စတိတ်ကိုလာတဲ့ခရီးကတော့ တသက်မမေ့နိုင်တဲ့ခရီးပဲ။ ဖေဖေါ်ဝါရီဆိုတော့ သစ်ပင်တွေက အရွှက်မရှိ  ရိုးတံကျဲကျဲ မည်းခြောက်ခြောက်နဲ့ ရုပ်ဆိုးလိုက်တာ။

Fall foliage hiking at Bear Mountain State Park, New York

ရာသီဥတုကအေး သူငယ်ချင်းမရှိတော့ အတော်ဝမ်းနည်းတာ။ အာဂျီရိုဆောင်က အစားအသောက်တွေကလည်း ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး အစားအသောက်တွေ။ ချိုလွန်းငန်လွန်းတဲ့ အမေရိကန်စာ၊ အာဂျီရိုဆောင်က အစားအသောက်တွေကို မစားနိုင်လို့ တသက်လုံး ဘယ်တော့မှ မပိန်တဲ့ကိုယ် လေးပေါင်ကျတယ်။ နေရာဒေသသစ်မှာ ရာသီဥတုသစ်၊ လူအသစ်၊ ယဉ်ကျေးမှုအသစ်နဲ့ နေသားကျဖို့ အတော်ကြိုးစားရတယ်။ ရောက်ပြီးတပတ်အကြာ ဝင်ခွင့်စာမေးပွဲ ဖြေရတယ်။ ရမှတ်တွေ မူတည်ပြီး အတန်းတွေ ခွဲတယ်။ အမှတ်နည်းတဲ့သူက FPP  အမှတ်များတဲ့သူက MPP တက်ရတယ်။ ကိုယ်နဲ့ပါကစ္စတန်ကောင်လေးက ဘီ ၇၀ မှတ်ထက် နည်းလို့ နောက်ထပ်စာမေးပွဲ ထပ်ဖြေရတယ်။ ဆူနမ်နဲ့ရာမားက လေ့ကျင့်ဖို့ မေးခွန်းတွေ လာပေးတယ်။ ဆူနမ်တို့မှာ homework ၊ practice တွေ အကုန်ရှိတယ်။ အဲဒီစာမေးပွဲက အိမ်ပြန်ခရီးကို အဆုံးအဖြတ်ပေးမဲ့ စာမေးပွဲဆိုတော့ တညလုံးအိပ်မပျော်ဘဲ စိတ်လှုပ်ရှားနေခဲ့တယ်။ ကိုယ့်အမှတ်က ၇၀ ထက် နည်းပေမဲ့ ပရော်ဖက်ဆာက FPP တက်ခွင့်ပေးလိုက်တယ်။ ပါကစ္စတန်ကောင်လေးကတော့ ပြန်သွားရတယ်။ စတိတ်ကျောင်းက ပရိုက်ဗိုက်ကျောင်းပေမဲ့ အမြတ်အစွန်းမယူတဲ့ non profit ကျောင်း။ ကျောင်းတည်ထောင်သူ အိန္ဒိယယောဂီ မဟာရီချီရဲ့ Transcental Meditation နဲ့သင်တဲ့ကျောင်း။ TM ဆိုတာ တရားမှတ်နည်းတမျိုးပါပဲ။ The Beatles အဖွဲ့ဝင်တယောက်၊ အော်ဖရာဝင်းရေး တရားလာထိုင်လို့ TM ကို လူသိများတယ် ဆိုပါတော့။

မလေးရှားက HP မှာ အလုပ်လုပ်တဲ့ ဗီယက်နမ်မလေး မိုင်းဖန်က TM ကို မလေးရင်းဂစ် ၁၀၀ ပေးပြီး တက်လာတယ်။ ဆူနမ်တို့လည်း နီပေါမှာ တက်လာတယ်။ စတိတ်မှာတက်ရင် ၈၀၀ ကျော် ပေးရတယ် ဈေးကြီးတယ်ဆိုတာ နင်မသိဘူးလား အေး ငါမသိဘူး။ ကျောင်းက သက်သက်လွတ်‌ကျွှေးတယ်ဆိုတာကော သိလား အဲဒါတော့သိတယ်။ နေ့လည်စာမစားခင် ၁၅ မိနစ် တရားထိုင်ရတယ်။ ကိုယ်တို့ကျောင်းသားတွေကတော့ Close your eyes. Do u feel the quietness ? လို့ နောက်ကြတယ်။ တရားထိုင်ရင်း အိပ်ပျော်သွားရင် မနှောင့်ယှက်နဲ့ sign of good meditation တဲ့။ ကုလားဆို အမြင်ကပ်ပေမဲ့ ကိုယ့်ရဲ တက္ကသိုလ်ဒုတိယနှစ် အချစ်ဆုံးသူငယ်ချင်းတယောက်က ခေါင်းမြီးခြံခြုံ ကုလားမ။ စတိတ်မှာ လာတက်တာက ကုလားကျောင်း၊ အချစ်ဆုံးသူငယ်ချင်းတွေက ကုလားမ နီပေါမလေးတွေ။ ကိုယ့်သူငယ်ချင်း ခေါင်းမြီးခြုံမလေးက မလေးရှားမှာ ကျောင်းသွားတက်ဖို့ ကြိုးစားနေတာ။ ကိုယ် စင်္ကာပူမသွားခင်အထိတော့ မလေးရှားမှာ ဆရာမဖြစ်နေတယ် ကြားတယ်။ သူ ရန်ကုန်အလည်ပြန်ရောက်တယ်ကြားလို့ ဖုန်းဆက်သေးတယ် ဒင်းကို ဘယ်လိုမှ ဖမ်းလို့မမိဘူး။ တခါတလေ ခေါင်းမြီးခြုံမလေးတွေတွေ့ရင် ဟေ့ကောင် မင်းလို့ ပြောတတ်၊ အားရပါးရရယ်တတ်၊ အရင်တုန်းက ဆရာတော်ဦးဇောတိက စာအုပ်တွေ ဖတ်တယ်ဆိုတဲ့၊ ကိုယ့်ပခုံးကို မနာအောင် လက်သီးနဲ့ ဖွဖွလေး ထိုးတတ်တဲ့ သူငယ်ချင်းကို သတိရတယ်။ သူနဲ့ကိုယ် တွဲရိုက်ထားတဲ့ ဓာတ်ပုံမရှိပေမဲ့ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်နေတုန်းပဲ။ ကိုယ်တို့မတွေ့တာ ၁၅ နှစ်ကျော်ပြီ။

၂၀၁၁ စတိတ်ကျောင်းမှာ ကျောင်းလခ ၆၀၀၀ သွင်းရတယ်။ အဆောင်ခ၊ စားစရိတ်၊ ကျောင်းလခတွေကို အကြွေးထဲ ပေါင်းထည့်သွားပြီး ၈ လပြီးလို့ အင်တန်းရှစ်ဆင်း အလုပ်ရတဲ့အခါ ပြန်ဆပ်ရတယ်။ ကျောင်းကြွေးယူတဲ့အခါ ဂရင်းကဒ် ဒါမှမဟုတ် စီတီဇင် ၂ ယောက် လက်မှတ်ထိုးဖို့လိုပေမဲ့ ကျောင်းကအားလုံးလုပ်ပေးတယ်။ ဂျီစီ၊ စီတီဇင်တွေက ၁ သောင်းပဲ ပေးရပြီ ၁ နှစ်တက် အင်တန်းရှစ် ၂ နှစ်ခွဲ ဆင်းရတယ်။ အဆောင်မှာနေရင် ပိုက်ဆံမပေးရ ကျောင်းကြွေးထဲ ထည့်သွားတာဆိုတော့ ဈေးကြီးပေမဲ့ ချက်ချင်းပိုက်ဆံပေးစရာမလိုတော့ အဆောင်မှာနေတယ်။ အိမ်ထောင်ရှိသူတွေကတော့ mobile park ကား ကားအိမ်လေးတွေမှာ ငှားနေကြတယ်။ အဆောင်မှာ ချက်ပြုတ်စားခွင့်မရှိတော့ ကျောင်းပိတ်ရက်ဆိုရင် သူငယ်ချင်းတွေစုပြီး အဲဒီအိမ်မှာ မီးဖိုချောင်သုံးခ ပိုက်ဆံနည်းနည်း ပေးပြီးတော့ ချက်ပြုတ်စားကြတယ်။ အစားအသောက် မကောင်းဘူး၊ ထိုင်ခုံက ထိုင်လို့မကောင်းဘူးနဲ့ ဘာမဆို ကွန်ပလိမ်းလွန်းတဲ့ကိုယ့်ကို ကွန်ပလိမ်းဂဲလ်လို့ နာမည်ပေးထားတယ်။ စန်းစန်းဟာ ဘာလို့ဒီလောက်တောင် ကွန်ပလိမ်းရတာလဲလို့ အဖြေရှာကြတော့ မလေးရှားမှာနေဖူးတဲ့ ဗီယက်နမ်မလေးမိုင်းဖန်က စင်္ကာပူမှာနေလို့ဖြစ်မယ် စင်္ကာပူရန်းတွေ သိပ်ကွန်ပလိမ်းတာ။ ကျောင်းမှာဘယ်လို ရုန်းကန်ခဲ့ရလဲ၊ အလုပ်ဘယ်လို ရှာခဲ့ရလဲ ဆိုတာ‌တွေကိုတော့ နောက်အပိုင်းကျမှ ဆက်ပါဦးမယ်။

စန်းထွန်း
နိုဝင်ဘာ ၁၊ ၂၀၁၇။