ကိပ်ကော့သွား တောလား - ၂

အချိန်မမှီတော့လို့ Rode Island ပြည်နယ် Providence မြို့နားက ရော်ဂျာဝီလီယံတိရစ္ဆာန်ရုံကို မသွားဖြစ်တဲ့အတွက် ဘော်စတွန်က ကွန်စီဈေးမှာ ညစာစားမယ်လို့ တိုးဂိုက်က အစီအစဉ် ပြောင်းလိုက်ပါတယ်။ ပင်လယ်ကမ်းခြေနားမှာရှိပြီး ပင်လယ်စာတွေ အရသာရှိတဲ့ ဘော်စတွန်မြို့လေးက ချစ်စရာလေး။ ပြီးတော့ ကိုယ့်ဇာတိမြို့လေးနဲ့ တူတယ်။ ဘော်စတွန်မှာ သမိုင်းဝင်တဲ့ တီးပါတီလုပ်ခဲ့တယ်လို့ ဘော်စတွန်ရောက်တိုင်း တိုးဂိုက်က ပြောပေမဲ့ ခုထိ အဲဒီတီးပါတီဆိုတာ ဘာမှန်းမသိသေးဘူး။ ဂူဂယ်မှာ ရှာဖွေဖတ်မယ်လို့ တွေးထားပေမဲ့ တခါမှ ရှာမဖတ်သေးဘူး။ ကမ္ဘာကျော် ဟားဗတ်၊ အမ်အိုင်တီ တက္ကသိုလ်တွေဟာ ဘော်စတွန်မှာ ရှိပါတယ်။ Love Story in Harvard ကိုရီးယားရုပ်ရှင် ကြည့်ပြီးကတည်းက ဟားဗတ်ကို ရောက်ဖူးချင်နေတာ။ ရာမားက ဘော်စတွန်ကနေ ၁ နာရီဝေးတဲ့ ဂလော်ချက်စတာမြို့မှာ အလုပ်ရတော့ သူ့ဆီသွားလည်ရင်းနဲ့ ၂၀၁၂ ဂျူလှိုင်မှာ ဘော်စတွန်ကို ပထမဆုံး ရောက်ဖူးတယ်။ နောက်တော့ အဖေ၊ အမေတို့ကို လိုက်ပို့ရင်း၊ အက်ကေဒီယား ခရီးစဉ်ကလည်း ဘော်စတွန်ကို ဖြတ်သွားတာနဲ့ ဘော်စတွန်ကို ၄ ခေါက်လောက် ရောက်ဖူးတယ်။ ၄ ခေါက်လောက် ရောက်ဖူးပေမဲ့ ဘော်စတွန်ဆိုရင် သွားချင်တုန်းပဲ။ ကွန်စီဈေးက ဘော်စတွန်ရဲ့ အထင်ကရ ဈေးတစ်ခုပါ။ နှစ်ပေါင်းရာကျော်နေပြီ သွားတိုင်း ကြိတ်ကြိတ်တိုး နေတာပဲ။

ဘော်စတွန်ချောင်ဒါ (စွတ်ပြုတ်ပျစ်ပျစ်) ၊ လော်စတာရိုးလ် (လော်စတာပုဇွန်အသားကို ပေါင်မုန့်လုံးထဲ ညှပ်ထားတဲ့ဟာ ဟော့ဒေါ့လိုမျိုး) က နာမည်ကြီး ဘော်စတွန်ရောက်ရင် စားသင့်တယ် ဆိုပေမဲ့ ကိုယ်တွေက ထမင်းစားချင်နေတာဆိုတော့ အေးရှန်းဆိုင်ရှာတာ နှစ်ဆိုင်တွေ့တယ်။ တဆိုင်က ချက်ပြီးသားတွေ ရောင်းတာ၊ တဆိုင်က မှာမှချက်ခြင်း ကြော်ချက်ပေးတဲ့ တာယာကီဆိုင်။ အိမ်မှာမချက်စားဖြစ်တဲ့ အမဲသားတာယာကီမှာပြီး ထိုင်ခုံရှာတော့ နေရာအပြည့်။ လွတ်တဲ့ခုံလေးနေရာမှာ ဝင်ထိုင်တဲ့ သားအမိကို ဘယ်နှစ်ယောက်ထိုင်မှာလဲလို့ မေးကြည့်တော့ နှစ်ယောက်တဲ့။ ကိုယ်က ဘယ်လိုတွေးလိုက်လဲ မသိဘူး ထိုင်ခုံမရဘူးထင်ပြီး ထပ်မေးပြန်ရော နှစ်ယောက်တဲ့။ ဘေးမှာထိုင်နေတဲ့တစ်ယောက်က မင်းတို့ဝင်ထိုင်လို့ရတယ်လို့ပြောမှ ဝင်ထိုင်ဖြစ်တယ်။ စားသောက်ခုံတွေဘေးနား နံရံနားမှာ ကပ်ချထားတဲ့စန္ဒရားကို အဘိုးကြီးတစ်ယောက် တီးနေတာ တော်တော်နားထောင်ကောင်းတယ်။ သီချင်းတပုဒ်ပြီးတိုင်း ဝိုင်းက လက်ခုပ်တီး အားပေးတယ်။ ကိုယ်ကတော့ ဗိုက်ဆာလို့ အသားကုန် တီးနေတာနဲ့ လက်ခုပ်တောင် မတီးဖြစ်ဘူး။ အချိန်ပိုနေတာနဲ့ လျှော့ပင်းထွက်တယ် အန်တေလာ ကိုယ်ကြိုက်တဲ့ ဘရန်းမဟုတ်ဘူး။ ဝိုင်းက လေယာဉ်မှာ sample ရတဲ့ဟာကို သုံးကြည့်တာ ကောင်းလို့တဲ့ Crabtree & Evelyn LONDON ဆိုင်ကိုဝင်ပြီး ရေချိုးဆပ်ပြာရည် ရှာတယ်။ ဈေးမချတာနဲ့ မဝယ်ဖြစ်ဘူး ကိုယ်တွေက ၃၀ ရာခိုင်နှုန်း အနည်းဆုံးဈေးချမှ ဝယ်တာလေ။



ဈေးချတာကို မစောင့်ဘဲ မူရင်းဈေးနဲ့ ဝယ်တဲ့သူတွေဆိုတာ လူမိုက်တွေကွ။ တိုးတိုးပြော တော်ကြာ သူဋ္ဌေးတွေကြားရင် မင်းကို ဆဲလိမ့်မယ်။ အိတ်ခရေဇီ ဝိုင်းက Coach ဆိုင်ဝင်ကြည့်ရအောင်တဲ့။ ကိုယ်ဝယ်ဖို့ကြည့်နေတဲ့ စလွှယ်သိုင်း Saddle အိတ်က အသစ်ထွက်တာ ဈေးမချဘူး။ ဝိုင်း ကိုင်ကြည့်တဲ့ အိတ်က စလွှယ်သိုင်းအိတ် ပန်းရောင် အိတ်ဒီဇိုင်းနဲ့ အရောင်ကို သဘောကျနေပေမဲ့ အိတ်ကပ် ၁ ခုပဲပါတာကို ဝိုင်းက သဘောမကျဘူး ဖြစ်နေတယ်။ အရောင်းဝန်ထမ်းမလေးက ဆိုင်အပြင်ကို ယူပြတယ် ၃၀ ရာခိုင်နှုန်း ဈေးချနေတာ အိတ်ကို အခမဲ့သန့်ရှင်းပေးတယ် ဘောက်ချာပြစရာမလိုဘူး တက်စ်ကလည်း နယူးယောက်ထက် သက်သာတယ်လို့ အပြောကောင်း၊ ဝန်ဆောင်မှုကောင်း၊ ကိုယ်ကလည်း လိုချင်နေတာနဲ့ ဝယ်ဖြစ်သွားတယ်။ monogram အခမဲ့လုပ်ပေးတယ်ဆိုတော့ နာမည်၊ စာလုံးဒီဇိုင်း၊ အရောင်ရွေးရတော့  SAN.S.H ၊ အနက်ရောင်စာသားကို ရွှေးလိုက်တယ်။ ဘယ်လောက်စောင့်ရမလဲဆိုတော့ တစ်မိနစ်တဲ့ အရောင်းဝန်ထမ်းမလေးက အိတ်နဲ့အရောင်တူ ပိုက်ဆံအိတ်သေးလေးတွေ၊ သားရေကို ထိန်းသိမ်းတဲ့ ခရမ်တွေ လာပြပေမဲ့ မဝယ်တော့ဘူး။ ဒီလိုနဲ့ ဝိုင်းကတောင် မတိုက်တွန်းရဘဲ၊ ဝယ်ဖို့လည်း အစီအစဉ် မရှိဘဲ အိတ်ဝယ်ဖြစ်သွားတယ်။ ဝန်ထမ်းကောင်လေးက ဝိုင်းကို ဟိုအစ်မလည်း အိတ်ဝယ်ပါလားလို့ ပြောလို့ နိုး နိုး နိုး သူ့မှာ အိတ်တွေအများကြီး သူမလိုဘူးလို့ပြောရသေးတယ်။ ဆေဗာတိုရေ ဖာရာဂယ်မိုအိတ်လည်း ဝယ်ထားတာ ၂ နှစ်ပြည့်တော့တယ် တခါမှမလွှယ်ရသေးဘူး။ နေ့တိုင်းလွှယ်ပစ်ဖို့ကိုလည်း နှမြော ပွဲလမ်းသဘင်မှ လွှယ်မယ်ဆိုပြန်တော့လည်း ပွဲလမ်းသဘင်ကမရှိ။

မကြီး မွှေးနေ့လက်ဆောင်ပေးထားတဲ့ coach လိမ္မော်ရောင် စလွှယ်သိုင်းအိတ်ကို လွှယ်နေတာ ၄ နှစ်လောက်ရှိပြီ။ မနှစ်က အမေက သမီးအိတ်က စုတ်ပြတ်သတ်နေတာပဲ အိတ်ကောင်းကောင်း လွှယ်လို့ပြောပြီး မကြီးက သူဝယ်ထားတဲ့ MK အိတ်ပေးလို့ လွှယ်ဖြစ်တယ်။ MK အိတ်က သားသားနားနား လှပေမဲ့ အတော်လေးတယ်။ ကိုယ်က ရထားပေါ်မှာဖတ်ဖို့ စာအုပ်အထူကြီးတွေ သယ်တော့ အိတ်သေးသေးနဲ့ မရဘူး။ တခါတလေတော့လည်း သူများတွေလို အိတ်သေးသေးလေး လွှယ်ချင်သား။ အပြင်သွားရင် ရေဘူး၊ စာအုပ်၊ နေကာမျက်မှန်၊ မုန့်သယ်တော့ အိတ်သေးသေးနဲ့ မရဘူး။ ကိုယ်က စလွှယ်သိုင်းအိတ်နဲ့ ကျောပိုးအိတ် ပိုကြိုက်တယ်။ C21 စတိုင်းဆိုင်မှာ အန်တီကြီးတစ်ယောက် ကြည့်နေတဲ့ အနီရောင်စလွှယ်သိုင်းအိတ်ကို သဘောကျလို့ ကြည့်လိုက်တော့ Longchamp တံဆိပ်။ သားရေအတော်ကောင်းတယ် ဘာနာမည်တံဆိပ်မှ မရေးထားဘူး ပေါ့လိုက်တာများ ဘာမှမပါသလိုဘဲ ဈေးကြီးတယ်။ လောင်ချန့် Tote အိတ်ကို ဒီမှာတော်တော်များများ လွှယ်ကြတယ်။ ဝိုင်းကပြောဖူးတယ် လောင်ချန့်အိတ်တွေက သူ့မျက်စိထဲမှာ လှတယ်လို့လည်းမမြင် ဘာလို့နာမည်ကြီးမှန်း မသိဘူးတဲ့။ ခုတော့ သိသွားပြီ ဘာကြောင့်လည်းဆိုတာ လောင်ချန့်အိတ်ကို လွှယ်ပြီးတော့ Marc Jacobs က စလွှယ်သိုင်းအိတ်ကို လွှယ်ကြည့်တာ အယ်မလေး လေးလိုက်တာ လောင်ချန့်နဲ့များ တခြားစီ။ လောင်ချန့် လွှယ်ကြည့်ပြီးကတည်းက လောင်ချန့်ဖြစ်နေတယ်။ လောင်ချန့်အိတ် ဝယ်မလို့ ကြည့်နေတာ ဈေးကြီးတာနဲ့ အင်တင်တင်ဖြစ်နေတာ။ ဒီ coach အိတ်က ဈေးလည်းသက်သာတယ်၊ ဒီဇိုင်းလည်းကြိုက်တယ်၊ လွှယ်ဖြစ်မှာလည်း သေချာတာနဲ့ ဝယ်လိုက်တယ်။


ဟိုတယ်အခန်းထဲ ဝင်လိုက်တာနဲ့ ဆေးလိပ်နံ့ရတယ် ဒီအခန်းက ဆေးလိပ်မသောက်ရအခန်းပါ ဆေးလိပ်သောက်ရင် ဒဏ်ငွေ ၂၅၀ ရိုက်တယ်။ ပြတင်းပေါက်တွေဖွင့်၊ ပန်ကာဖွင့်တော့လည်း မသက်သာ၊ ဟိုတယ်အခန်းတံခါးကိုဖွင့်ထား ကောင်တာကို ဖုန်းဆက်ကြည့်တော့ တခုခုစီစဉ်ပေးမယ်တဲ့။ မိနစ် ၂၀ လောက် ကြာတော့ ဝန်ထမ်းကောင်လေးတစ်ယောက် အမွှေးနံ့ဘူးနဲ့ ရောက်လာပြီး တခန်းလုံးကို ဖျန်းပေးသွားတယ်။ အမွှေးနံ့တွေ မွှန်ထူပြီး ချောင်းတွေဆိုးလာလို့ ဟိုတယ်တပတ် လမ်းပတ်လျှောက်ရတယ် နောက်နေ့ မနက် ၇ နာရီ wakeup call နဲ့နိုးပြီး မနက် ၈ နာရီမှာ ဒုတိယခရီးစဉ် စတင်ပါတယ်။ ပထမဆုံး သွားရောက်မဲ့နေရာကတော့ မက်ဆာချူးဆက်ပြည်နယ် Plymouth မြို့က Plimoth Plantation ပါ။ ၁၆၂၀ အင်္ဂလန်နိုင်ငံ Plymouth မြို့ကနေ နာမည်ကျော် မေဖလားဝါးသင်္ဘောနဲ့ ၃ လကြာ အတ္တလတိတ်သမုဒ္ဒရာကို ကျော်ဖြတ်ပြီး အမေရိကားတိုက်ကို ဆိုက်ရောက်ပြီး အခြေချမြို့တည်တဲ့အခါ Plymouth မြို့လို့ ခေါ်တွင်ပါသတဲ့။ ပထမဆုံး ကျေးဇူးတော်နေ့ပွဲတော် ကျင်းပတဲ့နေရာ၊ နယူးအင်္ဂလန်နဲ့အမေရိကန်ရဲ့ သက်တမ်းအရင့်ဆုံး သမိုင်းဝင်မြို့လေးပါ။ ဟိုတုန်းက အင်္ဂလန်မှာ အင်္ဂလန်ဘုရားရှိခိုးကျောင်းရဲ့ ယုံကြည်မှုကို လက်မခံနိုင်သူတွေဟာ ဘာသာရေးလွှတ်လပ်ခွင့်အတွက် ဟော်လန်ကို ထွက်ပြေးတိမ်းရှောင်ပြီး အမေရိကားတိုက်ကို မေဖလားဝါးသင်္ဘောနဲ့ ရောက်လာခဲ့ပါတယ်။ အတ္တလနိတ်သမုဒ္ဒရာကို ၃ လတိုင်တိုင် ဖြတ်ကျော်တဲ့အချိန် ရောဂါဝေဒနာ ခံစားရလို့ တော်တော်များများ သေဆုံးကုန်ပါတယ်တဲ့။

အမျိုးသမီးတစ်ဦးက ဖယောင်းတိုင်တွေ  ပြုလုပ်နေပါတယ် သိချင်တာတွေကို မေးမြန်းနိုင်ပါတယ်။ ပျားဖွတ်တဲ့အခါသုံးတဲ့ဝတ်ရုံ၊ မှန်တံခါးနောက်မှာ ပျားတွေတဝီဝီ ပျံဝဲနေတဲ့ ပျားအုံ။ ဖန်ထည်ပြ ုလုပ်နေတာကို မြင်ခဲ့ပါတယ်။ အိုးလုပ်တဲ့နေရာကို တွေ့ရပြီး မတ်ခွက်၊ ပန်းအိုး၊ ပန်းကန်ပြားတွေ ရောင်းပါတယ် ဈေးကြီးတယ်။ မီးဖိုချောင်သုံးပစ္စည်းဆိုရင် ကိုယ်ကြိုက်တာက ကြွှေ၊ ဖန်။ ဒါပေမဲ့ အိမ်မှာ ကိုယ်က ကြွေတွေ၊ ဖန်တွေ ခွဲလွန်းလို့တဲ့ အမေက စတီးပန်းကန်၊ ဇလုံ သုံးတယ်။ ဒီ plantation မှာ ၁၇ ရာစုခေတ်က နေထိုင်မှုစနစ်ကို ပြသထားပါတယ်။ အိမ်တည်ဆောက်ထားပုံက တမျိုးလေး ထူးခြားတယ်။ အိမ်ထဲကို ဝင်လိုက်ရင် ၁၇ ရာစုခေတ်ကအတိုင်း ဝတ်စားထားတဲ့ လူတွေတွေ့ရင် ဘယ်တုန်းက ရောက်တာလဲ၊  ဘယ်လိုအခက်အခဲတွေကြုံလဲ၊ မိသားစုဝင်တွေ အင်္ဂလန်မှာ ကျန်ခဲ့လား၊ ဘာတွေချက်ပြုတ်နေလဲလို့မေးတော့ သူတို့က ပြန်ဖြေကြပါတယ်။ ဓာတ်ပုံရိုက်ခွင့်တောင်းပြီး ဓာတ်ပုံရိုက်တယ်။ အိမ်တွေက တောကအိမ်တွေ ကျနေတာပဲ။ ပြတင်းပေါက်တွေ ဘာလို့မရှိတာလဲ မေးကြည့်တော့ သူတို့က တချိန်လုံး အပြင်မှာ အလုပ်လုပ်နေကြတာ၊ နယူးအင်္ဂလန်ဆောင်းက အင်မတန်အေးတယ်၊ ဒီမှာ ကွန်ထရပ်စာချုပ်နဲ့ နေထိုင်ပြီး ဇာတိကိုပြန်တော့ အိမ်ကောင်းကောင်း မဆောက်ပါဘူးတဲ့။ သေချာတာကတော့ ခုခေတ်က သူတွေက ၁၇ ရာစုခေတ်က လူတွေထက် သက်တောင့်သက်သာ နေရတယ်ဆိုတာပါပဲ။ ဝိုင်းက play ထဲမှာပါတဲ့သူ အကုန်လုံးနီးပါးက အိုဗာဝိတ်တွေ ဖြစ်နေကြတဲ့။ ဟေ အိုဗာဝိတ် မဟုတ်ဘူး အဲဒါ အမေရိကန်ပုံမှန်ဆိုဒ်ဟ။

အိန္ဒိယမိသားစုနဲ့ ဓာတ်ပုံလုရိုက်ရတဲ့ ထိုင်ခုံ
ပထမဆုံးတစ်ယောက်ရဲ့ လေသံက အမေရိကန်လေသံ ဗြိတိသျှလေသံနဲ့ ပြောတဲ့သူကို ငှားသင့်တယ်။ သစ်ပင်တွေနဲ့ စိမ်းစိုနေတဲ့ အဆင်းလမ်းလေးက ခုံလေးမှာထိုင်ပြီး ဓာတ်ပုံရိုက်နေတုန်း ကားပေါ်က တစ်နှစ်ကျော် ကလေးငယ်လေးကို ချီထားတဲ့ အိန္ဒိယအမျိုးသားက စွေ့ကနဲ ဝင်ထိုင်တယ်။ နောက်တော့ သူ့မိန်းမ၊ သူ့မိဘတွေ စွေ့ခနဲ စွေ့ခနဲ ဝင်ထိုင်ကြတာ ဝိုင်းဘေးနားမှာ။ ဘယ်လိုမှ ဓာတ်ပုံရိုက်လို့မရတော့ နည်းနည်းဝေးဝေးသွားပြီး ဓာတ်ပုံရိုက်တော့ ကြားထဲဖြတ်လျှောက်တယ်။ ဆောရီးလို့ တခွန်းမှမပြောတဲ့အပြင် ဘာမှမဖြစ်သလိုဘဲ ဖာသိဖာသာ ခပ်တည်တည်ပဲ။ ဝိုင်းက စိတ်တွေဆိုးပြီး ရိုင်းလိုက်တာလို့ပြောတယ် ဟုတ်တယ် ထောက်ခံတယ်။ အဲဒီလူက မသိဘူးဆိုလို့ သူ့မိဘကများ သိမလားမှတ်တယ် သူ့မိဘလည်း မသိဘူး။ မိဘက မသိလို့ သားသမီးလည်း မသိတာပေါ့ သူ့ကလေးလည်း သိမှာမဟုတ်ဘူး။ ကိုယ်တို့တွေ ပွစိပွစိနဲ့ အတင်းတုတ်နေတာကို သူတို့က သတိထားမိပုံတောင် မပေါ်ဘူး။ ဗိုက်ဆာနေပြီ နေ့လည်စာစားမဲ့ အကြောင်းတွေ ပြောနေပြီး ကားရပ်လိုက်တော့ ကြည့်ရတာ စားသောက်ဆိုင်နဲ့လည်း မတူဘူး။ စားသောက်ဆိုင်ဆိုတာ မြို့လယ်ကောင်၊ ကားပါကင်အကျယ်ကြီး ရှိရမှာ။ ဟိုမှာတော့ pub လို့ရေးထားတယ်ဆိုပြီး သွားကြည့်လို့ ရေဒလက်ကို တွေ့ရတော့မှ Plimoth Grist Mill ကို ရောက်နေမှန်း သိတော့တယ်။ အဲဒီလို တိုးဂိုက်က စကားကို ရှင်းရှင်းလင်းလင်း ပြောတာ။

၁၆၃၆ ကိုလိုနီနယ်မြေ ရှာဖွေသူ ဂျွှန်ဂျန်နီ တည်ဆောက်ခဲ့တဲ့ ပုံစံအတိုင်း ခုလက်ရှိသုံးနေတာပါတဲ့။ ပေါင် ၂၀၀ လောက်လေးတဲ့ သစ်သားပြားနှစ်ခုကြားထဲ ပြောင်းဖူးစေ့တွေ ထည့်ကြိတ်၊ သစ်သားနှစ်ခုပြားကို လည်စေတာက ရေအားနဲ့လည်တဲ့ဒလက်။ သောကြာနေ့တိုင်း စက်ကိုလည်ပတ်ပြီး ပြောင်းဖူးခွဲကြမ်းတွေကို ရောင်းပါတယ်။ ဒီပြောင်းဖူးခွဲကြမ်းကတော့ စွပ်ပြုတ်လုပ်တာ၊ ဘယ်မှာသုံးတာ၊ ကြက်စာဆိုပြီး ရှင်းပြပါတယ်။ စက်ကိုအပေါ်ထပ်၊ အောက်ထပ်ကြည့်၊ ရေဒလက်နဲ့ ဓာတ်ပုံရိုက်တယ်။ ဘာတွေစားတယ်၊ ဝေလငါးသွားကြည့်တဲ့အကြောင်း၊ မာတာဗိုင်းရက်စ်ကျွှန်းဆီ သွားလည်တဲ့အကြောင်းကိုတော့ အပိုင်း ၃ မှ တင်ပါတော့မယ်။

စန်းထွန်း
ဇွန် ၁၀၊ ၂၀၁၇။

ဖယောင်းတိုင် လုပ်နေတာ
ပျားဖွတ်တဲ့အခါဝတ်တဲ့ ဝတ်စုံ
ဖန်လုပ်နေတာ
အမြင်ကပ်တဲ့သူတွေကို ဒီအမြောက်နဲ့ ကစ်ပစ်လိုက်မယ်
ရေဒလက်နဲ့လည်တဲ့အကြောင်း ရှင်းပြနေတာ
Love The Life You Live... 

ကိပ်ကော့သွား တောလား - ၁

မေ ၂၉  တနင်္လာနေ့ Memorial Day ရုံးပိတ်ရက်ဟာ စတိတ်မှာ ခရီးသွားကြတဲ့အချိန် ဆိုပါတော့။ ဆူနမ်နဲ့ရာမားက ခွင့် ၂ ရက် ဆက်ယူပြီး ကော်လိုရာဒိုပြည်နယ်ဖက်ကို သွားမလို့ လိုက်မလားတဲ့။ သောကြာနေ့ည ကော်လိုရာဒိုသွား တနင်္လာနေ့ည (သို့မဟုတ်) အင်္ဂါနေ့မနက်စောစော နယူးယောက်ကိုပြန်။ ကိုယ်က အလုပ်သစ်ဝင်ခါစဆိုတော့ ၃ လအထိ ခွင့်ယူလို့မရသေးတာရော၊ နယူးယောက်ကနေ ကော်လိုရာဒိုပြည်နယ် Denver မြို့ကို လေယာဉ်ခ ဈေးကြီးနေတာရောနဲ့ ဆူနမ်တို့နဲ့ မလိုက်ဖြစ်တော့ဘူး။ ကော်လိုရာဒိုပြည်နယ်ဟာ အလယ်ပိုင်းမှာရှိပြီး နှင်းလျှောစီးစခန်း၊ ဆောင်းဦးရာသီအလှကြောင့် နာမည်ကျော်တာမို့ ကိုယ်သွားလည်ချင်တဲ့ နေရာတစ်ခုပါ။ ကော်လိုရာဒိုခရီးကို မလိုက်ဖြစ်တော့ ပိတ်ရက်ဘယ်ကို သွားလည်ရင်ကောင်းမလဲ။ ခရီးတွေကလည်း အရှေ့မြောက်ဖက်ခြမ်းမှာ တော်တော်များများ သွားဖူးထားပြီ။ ဗီယက်နမ်မလေးဝိုင်းက ကိပ်ကော့ခရီးကို ရွှေးခြယ်ပြီး ကိုယ်ကလည်း မရောက်ဖူးသေးတာကြောင့် မေ ၂၇ ကနေ ၂၉ အထိ ကွန်နက်တီကပ်နဲ့ မက်ဆာချူးဆက်ပြည်နယ်ဖက်ကို ၃ ရက် ခရီးထွက်ဖြစ်တော့ ကိပ်ကော့သွား တောလားပို့စ်လေး ဖြစ်လာပါတယ်။ ၂ ယောက်ဆိုရင် ၃ ယောက်မြောက်က အလကားဆိုတော့ အသိအစ်မနှစ်ယောက်ကို လိုက်မလားလို့ ခေါ်သေးတယ်။ တစ်ယောက်က မိသားစုကို အချိန်ပေးချင်လို့၊ တစ်ယောက်က မြန်မာပြည်က ပြန်ရောက်ခါစဆိုတော့ မလိုက်ဖြစ်တော့ဘူး။ မက်ဟန်တန် တရုတ်တန်းကနေ ကားက မနက် ၇ နာရီ ၄၀ ထွက်မယ်၊ ငွေသားထုတ်ထားဖို့၊ ထီး၊ မိုးကာအင်္ကီျဆောင်လာဖို့ တိုးဂိုက်က မတ်ဆေ့ပို့တယ်။

ရုံးပိတ်ရက်ဆို ရထားက မနက် ၆ နာရီ ၂၀ မိနစ်၊  ၄၅ မိနစ် မှာပဲရှိတော့  ၆ နာရီ ၄၅ မိနစ် ရထားကိုစီးရင် ၇ နာရီ ၄၀ ကွက်တိရောက်နိုင်ပေမဲ့ ၆ နာရီ ၂၀ မိနစ်ရထားက တခုခုဖြစ်လို့ နောက်ကျသွားခဲ့ရင် ၆ နာရီ ၄၅ မိနစ်ရထားနဲ့ မှီနိုင်သေးတာကြောင့် ၆ နာရီ ၂၀ ရထားပဲစီးဖို့ ဆုံးဖြတ်လိုက်တော့တယ်။ အိမ်ကနေ  ဝေါထရိတ်စင်တာအထိ PATH ရထားစီး ဝေါထရိတ်စင်တာကနေ တရုတ်တန်းကို R ရထားစီး။ ရထားကနေ ၁၀ မိနစ်လောက်လမ်းလျှောက်တော့ ခရီးသွားမဲ့လူအုပ်ကြီးကို တွေ့ရတယ်။ ခရမ်းရောင်အင်္ကီျဝတ်ထားတဲ့ တိုးဂိုက်ကို မေးကြည့်တော့ ကိုယ့်တိုးဂိုက်တဲ့။ ချက်ကင်ဝင်ပြီးတဲ့ အချိန်က ၇ နာရီ ၁၅ မိနစ်။ ဝိုင်းကို မေးကြည့်တော့ လာနေပြီတဲ့ ၇ နာရီ ၃၅။ ဝိုင်းက 6 ရထားပေါ်မှာ တဘူတာအဝေးမှာ ရထားက ရုတ်တရက် ရပ်သွားလို့တဲ့။ ၇ နာရီ ၄၅ မိနစ် ခေါင်းကိုချာလပရမ်း တောင်ကြည့်မြောက်ကြည့် ပျာယိပျာယာနဲ့ ဝိုင်း ရောက်လာတယ်။ ဝိုင်းက အာဖရိကတိုက်က တိုဂို၊ အာရှက ကာဂျီကစ်စတန်၊ ဥရောပက အောစတီးရီးယားဖက်ကို တလလောက်အလုပ်ကိစ္စနဲ့ သွားနေရတာ ရှေ့တပတ်ကမှ နယူးယောက်ကို ပြန်ရောက်လာတာ။ သူ့အလုပ်အကြောင်း၊ ကျောင်းအကြောင်းတွေကိုမေး။ ဝိုင်းက နယ်သာလန်က နာမည်ကြီးကျောင်းမှာ ပါရဂူဘွဲ့ကို တက်နေတာ မနှစ်ကတည်းက။ သူ့အတန်းဖော်တွေက ကိန်းဘရစ်ချ်၊ အောက်စဖို့ဒ်၊ ကိုလံဘီယာကျောင်းဆင်း၊ ရာထူးကြီးကြီး၊ high profile တွေဆိုတော့ ယိုးဒယားက AIT တက္ကသိုလ်နဲ့ ESCP Europe Paris ကနေ မာစတာရထားတဲ့ ဝိုင်းက မျက်နှာငယ်တယ်တဲ့။  ပါရဂူစာတမ်းတင်ဖို့၊ ပရော်ဖက်ဆာရဲ့လက်ချာတက်ဖို့နဲ့ ၄ လတခါလောက် နယ်သာလန်ကို သွားရတယ်။


ပါရဂူဘွဲ့က ၄ နှစ်လောက် တက်ရမှာတဲ့ ကိုယ်လား မာစတာကိုတောင် ဂျွှမ်းပစ်နေအောင် တက်ခဲ့ရတာ ပါရဂူဘွဲ့ဆိုရင်တော့လား။ ကလေး ၃ ယောက်၊ အလုပ်တဖက်၊ မာစတာ ၃ ခု၊ ခုလည်း ပါရဂူဘွဲ့ဆက်တက်နေတဲ့ အစ်မတစ်ယောက်ကိုတော့ လုပ်နိုင်ပါပေတယ်လို့ ချီးကျူးမိတယ်။ ဝိုင်းရဲ့အလုပ်က ခရီးတွေသွားရတော့ အားကျမိပေမဲ့ သူ့လို ခရီးသွားနိုင်ဖို့ဆိုတာ ကျန်းမာပြီး ခံနိုင်ရည် အတော်ရှိမှဖြစ်မှာ။ ရောက်ပြီးနောက်နေ့ ပရောဂျက်တွေစလုပ်၊ စာတမ်းတွေကိုစစ်၊ နယ်တွေကွင်းဆင်းနဲ့။ မတူညီတဲ့နိုင်ငံ၊ အချိန်နာရီကွာခြားချက်၊ ရာသီဥတုကို ခံနိုင်ဖို့ဆိုတာ အတော်မလွယ်တာဘဲ။ အာဖရိကမှာ နွှေ၊ ကာဂျီကစ်စတန်မှာ ဆောင်း၊ သြစတီးယားမှာ နွှေဦး။ ကိုယ်သာဆိုရင် ဂျက်လက်တပတ်လောက် ဖြစ်နေတာနဲ့ အလုပ်လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ခရီးသည်အစုံရောက်နေပုံပေမဲ့ ကားကမရောက်သေးဘူးနဲ့တူတယ်။ မနေ့ကတည်းက ရထားမှာ လူရှင်းနေတယ် ဒီနေ့လူတွေ ခရီးစထွက်ကြတော့ လမ်းတွေပိတ်နေမှာ။ မုန်တိုင်းရှိလို့ လေယာဉ်တွေ နောက်ကျကုန်တယ်တဲ့ ဆူနမ်တို့ အဆင်ပြေရဲ့လားမသိ။ တိုးဂိုက်က ဝိုင်းဆီ မတ်ဆေ့ပို့တယ်တဲ့ သူ့မတ်ဆေ့ကို ရလားလို့ မေးတယ်တဲ့။ ဝိုင်းက မတ်ဆေ့တော့ မရဘူး ခရီးအတူသွားမဲ့ သူငယ်ချင်းက ပို့ပေးလို့ရတယ်။ မနက် ၇ နာရီခွဲ ရောက်အောင်လာပါလို့ပြောလို့ မင်းပို့တဲ့မတ်ဆေ့ထဲမှာ ၇ နာရီ ၄၀ လို့ရေးထားတယ်။ စိတ်မပူနဲ့ ၇ နာရီ ၄၀ ရောက်အောင်လာမှာ ၇ နာရီ ၃၀ လို့တော့ မပြောနဲ့။ ဝိုင်းက အဲဒီလို အချိန်တိကျတယ်။

ကိုယ့်အလုပ်အသစ်အကြောင်း၊ ဗီဇာကိစ္စတွေအကြာင်း၊ မိသားစု၊ သူငယ်ချင်းတွေအကြောင်းပြောပြီး စောင့်နေလိုက်တာ ကားက ၈ နာရီ ၁၀ မိနစ်မှ ရောက်လာတယ်။ ဒီနေ့ သူတို့ကုမ္ဗဏီက ကား ၂၈ စီးထွက်တယ်တဲ့ ဖလပ်ရှင်းဖက်ကနေ လာတဲ့သူတွေကို ကြိုပို့လုပ်ပေးပြီး လမ်းမှာကားပိတ်နေလို့ ကြာနေတာပါတဲ့။ ပထမဆုံးနေ့မှာတော့ ကွန်နက်တီကပ်ပြည်နယ်က ရေနွှေးငွေ့မီးရထား၊ ဘုတ်သင်္ဘော၊ Rode Island ပြည်နယ်က တိရစ္ဆာန်ဥယျာဉ်၊ ဒုတိယနေ့မှာ မက်ဆာချူးဆက်ပြည်နယ်က ဝေလငါးကြည့်တဲ့ခရူသင်္ဘော၊ တတိယနေ့မှာတော့ Marthas Vineyard ကိုသွားလည်ကြမယ်။ တိုးခရီးစဉ်ကို ဘွှတ်ကင်လုပ်တုန်းက ကျသင့်ငွေက ဟိုတယ်ခ၊ ကားခပဲ ပါဝင်ပြီးတော့ ခုမှဝင်လည်မဲ့နေရာတွေရဲ့ ဝင်ကြေးငွေကို ကောက်ပါတယ်။ တိုးဂိုက်နဲ့ကားဒရိုင်ဘာခက တနေ့ကို ၈ ကျပ်၊ ၃ ရက်စာ ၂၄ ကျပ်ကို ခရီးစဉ်နောက်ဆုံးနေ့မှ ကောက်ပါတယ်။ ကားမှာအိမ်သာပါပေမဲ့ အရေးပေါ်မှသုံးပါမယ်တဲ့ ၂ နာရီတခါ Rest Area တွေမှာ အိပ်သာအတွက် ကားခဏရပ်နားပါတယ်။ တိုးဂိုက်က သူ့ဖုံးနံပါတ်နဲ့ ကားနံပါတ်ကို မှတ်ခိုင်းပြီး အချိန်မှီပြန်လာဖို့ မှာကြားပါတယ်။ မနက် ၅ နာရီခွဲကတည်းက အိပ်ယာထပြီး ခရီးထွက်ဖို့ ပြင်ဆင်ရတော့ မနက်စာစားချိန် မရှိလိုက်ဘူး။ ခုမှပဲ ထောပတ်သီးကြက်ဥမီးကင် ထုတ်စားရတယ်။ အဲဒီနည်းက မကြီးသင်ပေးခဲ့တာ လုပ်ရတာလွယ်သလို ပရိုတင်းဓာတ်တွေ ပြည့်ဝတော့ ထောပတ်သီး၁လုံး ကြက်ဥ ၂ လုံးစားထားရင် ဗိုက်ကိုတင်းနေတာပဲ နေ့လည်စာတောင် သိပ်မဆာဘူး။


ထောပတ်သီးအစေ့ကိုထုတ်၊ အသားကိုဇွှန်းနဲ့နည်းနည်းခြစ်၊ ကြက်ဥဖောက်ထည့်၊ ဆား၊ ငရုတ်ကောင်း နည်းနည်းဖြူး၊ မိုက်ခရိုဝေ့စ်ထဲ  ၂ မိနစ်လောက်ဆိုရင် ရပြီ။ ဝိုင်းက လောကကြီးက ကျဉ်းကျဉ်းလေးဆိုတာ အမှန်ပဲ သူနဲ့အစည်းဝေး၊ သင်တန်းတွေမှာ ငါးခါလောက်ဆုံဖူးတဲ့ အာဖရိကန်တစ်ယောက်နဲ့ တိုဂိုမှာ ပြန်ဆုံတယ်တဲ့။ သူ့ဟိုတယ်ကနေ ရုံးကိုလမ်းလျှောက်သွားရင် တွေ့ရတဲ့အဆောက်အဦးကြီးက နာမည်ကျော်အာဖရိကဘဏ်တစ်ခု။ မတ်ဆေ့တွေပို့ နှုတ်ဆက်တော့ အဲဒီအဆောက်အဦးကြီးမှာ အလုပ်လုပ်နေတာတဲ့။ ဝိုင်းအတွက် လက်ဆောင်အဖြစ် တိုဂိုနိုင်ငံထွက် စလင်းဘတ်အိတ်၊ အုန်းသီးခြောက်မုန့်တွေ ပေးလိုက်တယ်။ စလင်းဘတ်အိတ်က အရာင်တွေက မြင်လိုက်တာနဲ့ အာဖရိကကမှန်း သိသာတယ်။ အုန်းသီးခြစ် မီးကင်လေးကတော့ ကြွှပ်ရွှနေပြီး အတော်စားကောင်းတယ်။ သူ့မှာ သမီးတစ်ယောက်ရှိတယ် နောက်ထပ်ကလေးမယူတော့ဘဲ သူ့သမီးရဲ့ပညာရေးကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးမယ်တဲ့။ သူက လူကသာအမည်း အတွေးအခေါ်ကတော့ အဖြူတွေအတိုင်းပဲ။ အာဖရိကန်အများစုက တတ်နိုင်သမျှ ကလေး‌မွေးကြတာကိုး။ ခဏကြာတော့ တရေးမှေးနေတာ တိုးဂိုက်က Rest Area ရောက်ပါတော့မယ် ၁၀ နာရီ ငါးမိနစ်ကျရင် ကားဆီပြန်လာပါလို့ ကြေငြာတော့ ဆင်းဖို့ပြင်ဆင်နေတာ ဆယ်မိနစ်ကြာလည်း Rest Area မရောက်သေးဘူး။ ဘယ်လိုပါလိမ့် ၁၀ နာရီ ၁၀ မိနစ်မှ Rest Area ရောက်ပြီး ဆယ်ငါးမိနစ် အချိန်ပေးတယ်တဲ့။ ဝိုင်းက သူလည်း အဲဒီလိုကြားတယ်တဲ့ ဒီတိုးဂိုက်ရဲ့ အင်္ဂလိပ်စကားက မလွယ်ကြောဘဲ သတိထားရမယ် သေချာအောင် ထပ်မေးရလိမ့်မယ်။

အိပ်သာဝင် တိုးဂိုက်က နေ့လည်စာကို Rest Area ကနေဝယ်နော် ဘုတ်သင်္ဘောမှာ ဈေးကြီးတယ် ဟော့ဒေါ့တစ်ခုကို ငါးကျပ်တောင် ပေးရတာလို့မှာတယ်။ Rest Area က ဆိုင်တွေက ဒိုးနက်၊ ပီဇာ၊ ပေါင်မုန့်တွေကို မစားချင်တော့ သယ်လာတဲ့ မုန့်တွေပဲ စားတော့မယ်။ ၃ ရက်ခရီးအတွက် အဝတ်အစားထုပ်က ကျောပိုးအိတ်သေးသေးလေး အဲ ရိက္ခာထုပ်ကတော့ ငါးပေါင်ကျော်လောက် လေးတယ်။ ပထမဆုံး သွားရောက်လည်ပတ်တဲ့ နေရာကတော့ နယူးယောက်ကနေ အရှေ့မြောက်ဖက်စူးစူး မိုင် ၁၁၀၊ ၂ နာရီလောက်မောင်းရင် ကွန်နပ်တီကပ်ပြည်နယ် Essex မြို့လေးကနေ နေ့လည် ၂ နာရီထွက်မဲ့ ကျောက်မီးသွေးသုံး ရေနွှေးငွေ့နဲ့မောင်းတဲ့ ရှေးဟောင်းရထားကို စီးကြမှာပါ။ ကျောက်မီးသွေးသုံး ရေနွှေးငွေ့နဲ့မောင်းတဲ့ရထားဆိုတာ သမိုင်းမှာ သင်ခဲ့ဖူးတာ ခုတော့ တကယ်စီးဖူးတော့မယ်။
၁၉၇၁ ခုနှစ်ကတည်းက ပြေးဆွဲနေပြီး Essex မြို့ကနေ ကွန်နက်တီကပ်မြစ်အတိုင်း ၁၂ မိုင် ခရီးက သာယာလှပတဲ့ရှုခင်းတွေကို မြင်တွေ့ရမှာပါတဲ့။ ခေါင်းကနေ ရေနွှေးငွေ့မီးခိုးတွေ တထောင်းထောင်းထနေတဲ့ ရထားကြီး ဝင်လာတာကို ဓာတ်ပုံရိုက်။ ရထားခေါင်းကို သွားရှာတော့ မရှိတော့ဘူး တဖက်ခေါင်းဖက်ကို ရောက်နေတယ်။ ရထားခေါင်းနဲ့ ဓာတ်ပုံရိုက် ကိုယ်တို့စီးရမဲ့အတွဲက ၅၀၁ ရထားတွဲငါးတွဲလောက်ပဲပါတယ်။ ရထားက အတော်ကျယ်ဝန်ပြီး သစ်သားခုံတွေနဲ့ဟိုးအရင်ခေတ်က အငွေ့အသက်ကို ခံစားရတယ်။ လမ်းတလျှောက် မြင်ကွင်းတွေက အတော်စိမ်းလန်းတယ် ကျော်ဖြတ်သွားတဲ့ မြို့အကြောင်းတွေ ရှင်းပြတယ်။


သင်္ဘောတွေမှ အများကြီး အရင်တုန်းက ရေလမ်းခရီးကြောင့် အတော်စည်ကားခဲ့တဲ့ မြို့တွေပေါ့။ သင်္ဘောဘုတ်ဆိပ်မှာ ရပ်ပေးတော့ ဆင်းကြပြီး သင်္ဘောစီးဖို့ လက်မှတ်ပြ ဒုတိယထပ် ရှေ့ဆုံးနားလောက်က အစွန်ဆုံးခုံမှာထိုင်။ ကွန်နက်တီကပ်မြစ်ကို ဆန်တက်ပြီး ဘေးပတ်ဝန်းကျင် ရှုခင်းတွေက သာယာတယ်။ စပိဘုတ်သင်္ဘောတွေ ဖြတ်သွားတဲ့အခါ လှိုင်းကြောင့် သင်္ဘောယိမ်းတယ်။ ငါးမျှားနေတဲ့သူတွေ၊ စပိဘုတ်သင်္ဘောပေါ်က လူတွေက လက်ပြနှုတ်ဆက်တယ်။ သင်္ဘောပေါ်က လူတွေကလည်း လက်ဝှေ့ယမ်း နှုတ်ဆက်တယ်။ မြစ်ရေပြင်က ကြည်စိမ်းနေသလို ဘေးပတ်ဝန်းကျင်ကလည်း သစ်ပင်တောတောင်တွေနဲ့ စိမ်းလန်းတယ်။ ဟိုအရင်တုန်းက မြစ်ရေက ညစ်ညမ်းလွန်းလို့ နယူးယောက်တိုင်းမ် သတင်းစာမှာတောင် ပါတယ်တဲ့။ နောက်တော့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွှက်ကြလို့ သန့်ရှင်းသွားပေမဲ့ မြစ်ရေကို ဒီအတိုင်းသောက်လို့ မရပါဘူးတဲ့။ သတ်မှတ်ထားတဲ့ မိုင်နှုန်းထက် ပိုမောင်းတဲ့သင်္ဘောကို ဖမ်းပြီးဒဏ်ရိုက်ပါသတဲ့။ သင်္ဘောအရှိန်လျှော့ရတဲ့အကြောင်းရင်းက ဆိပ်ကမ်းမှာသင်္ဘောတွေ ရှိတဲ့အခါ လှိုင်းအရှိန်ကြောင့် မှောက်ကုန်မှာစိုးလို့တဲ့။ ဟိုင်းကြီးကျွှန်းသူ ကိုယ်ကတော့ ဒီလိုသင်္ဘော စီးနေကြဆိုတော့ မထူးဆန်းဘူးပေါ့။ ရဲတိုက်ဆိုလို့ ကြည့်လိုက်တာ့ ခေါင်မိုးမရှိသေးတဲ့ ခနော်ချိတဲ့တဲ့ crappy ရဲတိုက်၊ ခရီးစဉ်ရှင်းပြသူက သူတို့သင်္ဘောမှာ အစားအသောက်၊ ရေ၊ အအေး၊ ဘီယာ၊ အကောင်းဆုံးဟော့ဒေါ့ကို အောက်ထပ်က ကောင်တာမှာ ရနိုင်ပါတယ်လို့ ကြေငြာတော့ ဘယ်ကသာ ဈေးအကြီးဆုံးဟော့ဒေါ့ဆိုပြီး တိုးတိုးလေး ဟားကြသေးတယ်။ သင်္ဘောခရီးစဉ်က ၁ နာရီခွဲကြာပြီး သင်္ဘောဆိပ်ပြန်ရောက်တော့ ရထားက ရောက်နှင့်နေပြီ။

ရထားပေါ်ပြန်တက် Essex မြို့ဆီ ပြန်တဲ့လမ်းမှာ Treasure Haunting ဂိမ်းကစားကြတယ်။ သင့်ရဲ့ဘယ်ဖက်ခြမ်းမှာ တံတားတစ်ခုကို ရှာဖွေတွေ့ရှိနိုင်မလား၊ သေသေချာချာ ရှာကြည့်မှ တွေ့မှာပါ၊ ရောက်တော့မယ် မျက်စိကိုအစွမ်းကုန်ဖွင့်ပြီး သတိထားပြီးရှာပါ ဟော တွေ့ပြီ ဟိုမှာတံတား။ နောက်တစ်ခုက သင့်ရဲ့ညာဖက်ခြမ်းမှာ နှင်းကျုံးတဲ့ကားကို ရှာပါ သေသေချာချာရှာဖွေမှ တွေ့မှာပါ အဲဒီနှင်းကျုံးကားက သာမန်နှင်းကျုံးကားတော့ မဟုတ်ပါဘူး City of Connecticut လို့ ရေးထားပါတယ်။ မျက်စိပြူးနေအောင် ရှာဖွေတော့ တွေ့တယ်။ သင့်ရဲ့ညာဖက်ခြမ်းမှာ သံဆိုင်ဘုတ်တစ်ခုကို ရှာဖွေပါ --- လို့ ရေးထားပါတယ် ချုံပုတ်တွေအောက်မှာ ကွယ်နေတော့ သေသေချာချာ ရှာဖွေမှ တွေ့မှာပါ။ ကလေးတွေတင် မကပါဘူး ကိုယ်တို့လည်း အဲဒီဂိမ်းကို ပါဝင်ကစားတယ်။ ဂိမ်းပါဝင်ကစားတဲ့ ကလေးတွေ ဘူတာမှာ အမှတ်တရပစ္စည်း ထုတ်ယူနိုင်ပါတယ်တဲ့။ ရထားတစ်စီးလုံး ခရီးသည်အပြည့်ပဲ ရေနွှေးငွေ့ရထားစီးရတဲ့ အတွေ့အကြုံအသစ်တစ်ခုပေါ့။ ကားပေါ်ရောက်တော့ ဗိုက်ဆာနေပြီ ပါလာတဲ့ ကြက်ဥပြုတ် ၃ လုံး၊ မုန့်တွေစား၊ ဝိုင်းက အာလူးကြော်ထုပ်ကို ယူသွားရမှာ သင်္ဘောစီးတဲ့အချိန်မှာ စားဖို့တဲ့။ ညနေ ၄ နာရီခွဲနေပြီမို့ Rode Island ပြည်နယ်က Roger William Zoo Park ကို မဝင်တော့ဘူးတဲ့။ တိရစ္ဆာန်ရုံက ၇၅ မိုင် တစ်နာရီအဝေးမှာရှိတာမို့ ညနေ ၅ နာရီခွဲမှရောက်မှာ။ ည ၆ နာရီမှာ တိရစ္ဆာန်ရုံပိတ်မှာဆိုတော့ နာရီဝက်တည်းနဲ့ သွားလည်ဖို့ အကျိုးမရှိတာနဲ့ ဝင်မလည်တော့ဘူး။ တိရစ္ဆာန်ရုံဝင်ခတွေ ပြန်ပေးမယ် ဘော်စတွန်ကွန်စီဈေးမှာ ဈေးဝယ် ညနေစာစားကြမယ်။ ကွန်စီဈေးမှာ ညစာစားပြီး ဈေးဝယ်ထွက်၊ နောက်နေ့ သင်္ဘော ၄ နာရီစီးပြီး ဝေလငါးသွားကြည့်တဲ့ အကြောင်းကတော့ အပိုင်း ၂ မှ ဆက်ပါဦးမယ်။

စန်းထွန်း
ဇွန် ၄၊ ၂၀၁၇။