ဂျီစီ ခရီးကြမ်း - ၁၃

ဟေ ... နိုင်ငံခြားမှာ ပိုက်ဆံအကုန်ခံ အပင်ပန်းခံပြီး ပညာသင်ခဲ့တာ ပြည်တွင်းမှာနေတဲ့သူထက်တော့ ပိုပေးရမှပေါ့။ ဟင့်အင်း ... ဗီယက်နမ်မှာတော့ နိုင်ငံခြားမှာ အလုပ်မရလို့ ပြန်လာတာ။ နင့်ဘာသာ နိုင်ငံခြားမှာ ဘယ်လောက်ရရ ပြည်တွင်းမှာဆိုရင် ပြည်တွင်းဈေးပဲ။ နိုင်ငံခြားဈေးရချင်ရင် နိုင်ငံခြားနေမှာနေ ပြည်တွင်းကို မလာတဲ့။ ဝိုင်းနဲ့ကိုယ် ငြင်းကြခုန်ကြရင်း နောက်ဆုံးတော့ သဘောပေါက်သွားကြတယ်။ ဗီယက်နမ်မှာ နိုင်ငံခြားထွက် ပညာသင်တဲ့သူ များတာကိုး။ လူတိုင်းနီးပါး နိုင်ငံခြားထွက် ပညာသင်ကြတယ်။ ကိုယ်တို့နိုင်ငံမှာတော့ နိုင်ငံခြားထွက် ပညာသင်ကြတဲ့သူနည်းတော့ နိုင်ငံခြားပြန်တွေ ဈေးကောင်းတယ်ထင်ပါ့။ အလုပ်အသစ်က H1B transfer ပဲ လုပ်ပေးတယ် ဂရင်းကဒ်စပွန်ဆာ မပေးဘူး။ သူငယ်ချင်းတွေက ဂရင်းကဒ်စပွန်ဆာပေးတဲ့ အလုပ်ကို စောင့်ပါလားတဲ့။ ဂရင်းကဒ်စပွန်ဆာပေးတဲ့ အလုပ်က ဘယ်တော့ရမယ်မှန်းမသိ။ ဒီလောက် ကြပ်နေတဲ့အချိန် အော်ဖာပေးတာယူ H1B နဲ့ဆက်လုပ် နောက်မှမီးစင်ကြည့်ကမယ်။ အဝေးကြီး မစဉ်းစားဘူး နောက် ၂ နှစ်အတွက်ပဲ စဉ်းစားမယ်။ တတိယအဆင့် I-485  က ငါးလရှိနေပြီ ဘာသတင်းမှ မကြားဘူး။ အလုပ်ရှင်က cancel လိုက်ပြီလားမသိ ကိုယ်လည်း ဘာမှလုပ်လို့မရ။ ကိုယ်လုပ်နိုင်တာက ဘုရားမှာ ဆုတောင်းတာပဲ လုပ်နိုင်တော့တယ်။ နေ့လည်ထမင်းစားပြီးလို့ လမ်းလျှောက်ထွက်ရင် ဝေါစတိလမ်းနားက Lady of Victory ၊ Trinity Church သွားပြီး ဂရင်းကဒ် အမြန်ဆုံးရပါစေလို့ ဆုတောင်းတယ်။ စတိတ်မှာ ကျောင်းလာတက်သူ အများစုက အဆိုင်လမ်လျှောက်ကြတယ် နင်က ဘာလို့မလျှောက်တာလဲ။

အဆိုင်လမ်လျှောက်ဖို့ လုံးဝစိတ်မကူးဘူး စင်္ကာပူမှာကျောင်းတက် အလုပ်လုပ် ဟောင်ကောင်၊ မကာအို သွားလည်သွားတာတွေ ပတ်စ်ပို့မှာ ရှိနေတယ်။ ဖိနှိပ်ခံရလို့ အဆိုင်လမ်လျှောက်ပါတယ်ဆိုရင် ဘယ်သူက ယုံမလဲနော် ကိုယ့်ဟာကို တွေးကြည့်တာပါ။ ဂရင်းကဒ်ဝယ်မလားလို့တော့ စိတ်ကူးမိတယ် ဟန်ဆောင်လက်ထပ်တာကိုပြောတာ။ အစတုန်းကတော့ တရားရုံးမှာ လက်မှတ်ထိုးရင် ဒေါ်လာ ၂ သောင်း ကွာရှင်းပြတ်ဆဲပြီးရင် ဒေါ်လာ ၁ သောင်း စုစုပေါင်း ၃ သောင်းကုန်ရင် ဂရင်းကဒ်ရတယ် လုပ်မလားလို့ အသိအစ်မက ပြောဖူးတယ်။ ဂရင်းကဒ်လျှောက်တာ ၃ သောင်းလောက် ကုန်နေပြီ ပလုံပြီလားမသိ။ ဂရင်းကဒ်ဝယ်တာကမှ ဟုတ်ဦးမယ် ဝယ်မယ်ဆိုရော ဂဃနဏ ဘယ်သူမှမသိဘူး ကြားဖူးတာပဲရှိတယ်။ တချို့တွေက ကွဲရှင်းပြတ်ဆဲပေးစေချင်ရင် ပိုက်ဆံထပ်ညစ်ကြတာတွေလည်း ရှိတယ်တဲ့။ နယ်ကလူတွေက ဈေးသက်သက်သာသာနဲ့ လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ သူတို့က မိန်းမအရမ်းလိုချင်နေကြတဲ့သူတွေဆိုတော့ ကွာရှင်းမပေးမှ ဒုက္ခ သွားမလုပ်လေနဲ့ဆိုလို့ ရယ်လိုက်ရတာ။ ဝိုင်းနဲ့ဖေ့ဘွတ်မှာ မိတ်ဆွေဖြစ်နေတဲ့ တောင်ဗီယက်နမ်က ညီအစ်မ ၂ ယောက်က အဲဒီလိုဟန်ဆောင်လက်ထပ်ပြီး ဂရင်းကဒ်ကို ဝယ်တာတဲ့။ ညီမအငယ်ကတော့ ဟန်ဆောင်လက်ထပ်ရာကနေ တကယ်ချစ်ကြိုက်သွားလို့ လက်ထပ်သွားကြတယ်။ နင်လည်း အဲဒီလိုမဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်သလဲလို့ နောက်နေလို့ မပြုံးဘဲဝါးလုံးကွဲ ရယ်လိုက်ကြတာ။ ဂျူလိုင်လကုန်မှာ USCIS ကနေ RFE (Request For Evidence) တောင်းတဲ့စာ ရှေ့နေ့ဆီကို ရောက်တယ်။ မနှစ်က ဆေးစစ်တဲ့ဖောင်မှာ Gonorrhea စစ်တာမပါလို့ ထပ်စစ်ခိုင်း၊ မွေးစာရင်း ထပ်တောင်းတာ။ ရှေ့နေ့က တော်သေးတယ် စန်းစန်းရေ ကိုယ့်ဖက်က ပေးနိုင်တာတွေမို့လို့ အလုပ်ရှင်ဆီက တောင်းတဲ့ဟာဆိုရင်တော့ သေပြီပဲ။

 H1B transfer approved မဖြစ်ခင် မြန်မြန်တင်ရအောင် H1B approved ဖြစ်သွားရင် ဂရင်းကဒ်အတွက် ခက်သွားလိမ့်မယ်။ ဆေးခန်းတွေကို မေးကြည့်တော့ ဆေးစစ်ခက ၃၀၀ - ၅၀၀ ကြား အလုပ်ဝင်ခါစ  ၆ လမပြည့်သေးတော့ ကျန်းမာရေးအာမခံ မရှိသေးဘူး။ ကျန်းမာရေးအာမခံရှိလည်း အဲဒီစစ်ဆေးတာတွေက အကျုံးမဝင်လို့ ကိုယ့်ဘာသာပေးရတယ်။ အရင်စစ်ခဲ့တဲ့ဆေးခန်းကို သွားမေးတော့ မနှစ်ကစစ်ပြီးသား မနှစ်ကဖောင်မှာ မပါလို့မဖြည့်တာ ဖောင်အသစ်ကို ဖြည့်ပေးမယ် ပိုက်ဆံတပြားမှ ထပ်ပေးစရာမလိုဘူးတဲ့။ နယ်မှာ အရပ်လက်သည်နဲ့ မွေးခဲ့လို့ ကိုယ့်မှာ မွေးစာရင်းမရှိဘူး။ ကျမ်းကျိန်လွှာကို နိုထရီလုပ်ထားတာပဲရှိတယ်။ သူငယ်ချင်းတွေကို မေးကြည့်တော့ သူတို့က ရန်ကုန်သူတွေ ဂျမန်ခနာဆေးရုံမှာ မွေးခဲ့တာ မွေးစာရင်းသွားတောင်းတော့ ထုတ်ပေးတယ်တဲ့။ စတိတ်ကို အလည်ရောက်နေတဲ့ အဖေက ဟိုင်းကြီးက သူ့သူငယ်ချင်းကိုဖုန်းခေါ်ပြီး ဟိုင်းကြီးတိုက်နယ်ဆေးရုံက ဆရာဝန်ကို မွေးစာရင်းထုတ်ပေးဖို့ပြောတော့ သူမွေးပေးတာ မဟုတ်လို့ မထုတ်ပေးနိုင်ဘူးတဲ့။ ငပုတောမြို့နယ်က တိုက်နယ်ဆရာဝန်ကြီးကတော့ ထုတ်ပေးနိုင်မယ်ထင်တယ်တဲ့။ အဖေနဲ့ တိုက်နယ်ဆရာဝန်က အင်မတန်ခင်ကြပေမဲ့ မွေးစာရင်းကိစ္စကိုတော့ မကူညီပေးနိုင်ဘူး။ နယူးယောက်က မြန်မာရှေ့နေ့ကို မွေးစာရင်းထုတ်ပေးနိုင်မလား မေးကြည့်တော့ ရန်ကုန်မှာမွေးခဲ့ရင် ကျန်းမာရေးဦးစီးဌာနမှာ မှတ်ပုံတင်၊ သန်းခေါင်စာရင်းနဲ့ ကိုယ်တိုင်မဟုတ်လည်း သွားထုတ်လို့ရတယ်။ နယ်မှာမွေးခဲ့ရင်တော့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှာ သွားထုတ်ရမယ်တဲ့။

ဝတုတ်နေလို့ အမေနဲ့မကြီးကတောင် မမှတ်မိတဲ့ စန်းထွန်း၊ သဲသဲ၊ တရုတ်မယန်း၊ ဝိုင်း၊ ဂျူးဂျူး
SariPraPhai Thai Restaurant, Woodside, NY. Oct 14, 2017.

အရင်တုန်းက ဟိုင်းကြီးကျွှန်းက ငပုတောမြို့နယ်အပိုင် ခုမှ ဟိုင်းကြီးမြို့နယ် ဖြစ်သွားတာဆိုတော့ ငပုတောမှာ သွားထုတ်ရမယ်။ မွေးစာရင်းမမြင်ဘူးလို့ တူတော်မောင် ဘုန်းသန့်ခေါင်ရဲ့ မွေးစာရင်းကို တောင်းကြည့်ရတယ်။ အဖေ ရန်ကုန်ကိုပြန်ရောက်တာနဲ့ မနားဘဲ နောက်နေ့ချက်ချင်း ပုသိမ်ကိုဆင်း ပုသိမ်ကနေ ငပုတောမြို့ကို ကားထပ်စီး။ ကျန်းမာရေးဦးစီးဌာနရောက်တော့ မြို့နယ်ဆရာဝန်ကြီးနဲ့တွေ့ဖို့ အကြာကြီးစောင့်ရတယ်။ မွေးစာရင်းထုတ်ပေးဖို့ ၇ သိန်း ပေးရမယ်၊ ဒါတောင် ချက်ချင်းရဖို့ မသေချာဘူး၊ နေပြည်တော်ကို တက်ရမလားမသိ။ ထောင်ကျနိုင်လို့ ၇ သိန်းပေးရင်တောင် လုပ်ပေးဖို့အင်တင်တင်။အဖေ့မှာ စတိတ်က ပြန်ရောက်တာနဲ့ ချက်ခြင်းနယ်ကိုဆင်း၊ အကြာကြီးစောင့်၊ ဟိုပြေးဒီပြေး သမီးအတွက် ပင်ပန်းရှာတယ်။ အစစ်လုပ်ချင်ပါတယ်ဆိုတာတောင် ခက်လွန်းလို့ အတုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာလမ်းမှာ အတုလုပ်ပေးတယ် ၅ ထောင်ပဲပေးရတယ် နိုထရီအပါအဝင်။ မွေးစာရင်းက အတုမှန်းမသိအောင် ဟောင်းနွှမ်းစုတ်ပြတ်နေတဲ့ စာရွက်နဲ့လုပ်ထားတယ်။ တချို့တွေဆို ဘွဲ့တောင် အတုလုပ်ကြတာတဲ့။ ဒီဗွီပေါက်လို့ သံရုံးဝင်တဲ့အခါ ဘွဲ့လတ်မှတ်အတုမို့လို့ အငြင်းခံရဖူးတယ် မွေးစာရင်းအတုမှန်းသိပြီး ဂရင်းကဒ်ကို ငြင်းနေမှဒုက္ခ။ မတတ်နိုင်တော့ဘူး မွှေးစာရင်းအတုမို့လို့ ငြင်းတယ်ဆိုလည်း ကံပဲအေ။ မွေးစာရင်းနဲ့ နိုထရီကို မြန်မာပြည်လူကြုံနဲ့ အမြန်ဆုံးပို့။ ရှေ့နေ့ကိုပေးတော့ ရှေ့နေ့က အေး ဒါမှသူတို့လိုချင်တာ ကျန်းမာရေးဦးစီးဌာနတံဆိပ်၊ မိသားစုသန်းခေါင်စာရင်း အိုကေပြီ Fedex ပို့ခ ၁၅၀ ထပ်ပေး သြဂုတ်လကုန်ခါနီး USCIS ကို တင်တယ်။

ဖေဖေါ်ဝါရီ ကိုယ် လက်ဗွေသွားနှိပ်တုန်းက ဆူနမ်က လေဘာစာတီဖီကိတ်အဆင့်ပဲ ရှိသေးတယ်။ ခု ဂရင်းကဒ်ရပြီတဲ့ လေဘာစာတီဖီကိတ်အဆင့်ကကြာပြီး ဒုတိယအဆင့် I-140 နဲ့ တတိယအဆင့် I-485 က မြန်လိုက်တာ တဒိုင်းဒိုင်းပဲ။ ကိုယ်တို့အုပ်စုထဲမှာ ဂရင်းကဒ်မရတာ ကိုယ်တယောက်တည်း ကျန်တော့တယ် အားငယ်လိုက်တာ။ H1B တင်ထားတာလည်း ငါးလရှိပြီ ဘာသတင်းမှမကြား H1B အဟောင်းသက်တမ်းက စက်တင်ဘာဆိုကုန်ပြီ ၁ လပဲကျန်တော့တယ်။ ဂရင်းကဒ်လျှောက်နေတုန်း H1B transfer လုပ်ဖူးတဲ့ ဆူနမ်က စန်းစန်း H1B အဟောင်း သက်တမ်းကုန်သွားပေမဲ့ H1B transfer result မသိမချင်း legal ဖြစ်တယ် out of status မဖြစ်ဘူး စိတ်မပူနဲ့တဲ့။ အွန်လိုင်းဖိုရမ်တွေမှာ ဖတ်ကြည့်တော့ ဘာသတင်းမှမကြား တက်ဆပ်၊ နီဘားစကား၊ ဗာမွန်၊ ကယ်လီဖိုးနီယားရုံးတွေထဲမှာ ကိုယ်လျှောက်တဲ့ နီဘားစကားရုံးက လိပ်နှုန်းနဲ့ အလုပ်လုပ်နေတယ်။ Priority Date က current ဖြစ်နေပြီလို့ပြတယ် ဆိုလိုတာက ကိုယ့်ဟာကို စစ်နေပြီပေါ့။ ဒီအချိန်မှာ ကိုယ်ဘာအလိုချင်ဆုံးလဲလို့မေးရင် နိဗ္ဗာန်တွေအသာထား ခုချိန် အလိုချင်ဆုံးက ဂရင်းကဒ်ပဲ။ ဂရင်းကဒ်ရှိရင် အလုပ်ပြုတ်လည်း အေးဆေးပဲ အချိန်ပြည့်အလုပ် မလုပ်ချင်ရင်တောင် အချိန်ပိုင်းအလုပ် လုပ်လို့ရတယ်။ အချိန်ပိုင်းအလုပ် မလုပ်ချင်ရင်တောင် အလုပ်အကိုင်မဲ့အခွင့်အရေး အစိုးရဆီက တောင်းလို့ရတယ်။  ဗီဇာအတွက် ရင်တမမ ဘယ်တော့ status မရှိဖြစ်သွားမလဲ illegal ဖြစ်သွားမလဲ ပူစရာမလိုတော့ဘူး။ ကိုယ်လုပ်နိုင်တဲ့ ဆုတောင်းတာ၊ သောက်တော်ရေ၊ ပန်း၊ ဆီမီးကပ်တာကိုတော့ သေသေချာချာ လေးလေးနက်နက် လုပ်တယ်။ ကိုယ်က နိုင်ငံခြားသားဆိုတော့ အလုပ်အရမ်းကြိုးစား အခွန်တွေဆောင် ဘာအခွင့်အရေးမှမရှိ။

လင်မယား ၂ ယောက် အလုပ်လုပ်လို့ ဝင်ငွေနည်းတဲ့မိသားစုလို့ သတ်မှတ်ထားတဲ့ဝင်ငွေကို ကျော်သွားရင် အစိုးရက ထောက်ပံ့နေတဲ့ ကျန်းမာရေးအာမခံ မက်ဒီကိတ် ဆုံးမှာစိုးလို့ အလုပ်မလုပ်၊ ကလေး ၄ ယောက်မွေးပြီး အလုပ်လက်မဲ့၊ single mom ဆိုပြီး အစိုးရဆီက ထောက်ပံ့ငွေ တောင်းနေတာတွေ ရှိတယ်။ ဒီမိုကရေစီနိုင်ငံဆိုတော့ loopwhole ဥပဒေကို အမြတ်ထုတ်တာတွေရှိတယ်။ အောက်တိုဘာ ၅ ရက် ညနေ ၃ နာရီ USCIS က alert မတ်ဆေ့အီးမေးလ်ရတော့ ရီဂျတ်များဖြစ်ပြီလားလို့ ရင်တဒိတ်ဒိတ်နဲ့ စစ်လိုက်တော့ I485 card production တဲ့။ ဂူဂယ်မှာ ရှာကြည့်တော့ ဂရင်းကဒ် approved ဖြစ်ပြီလို့ဆိုလိုတာတဲ့။ approved ဖြစ်ပြီဆိုပေမဲ့ H1B transfer လုပ်ထားတာကိုသိသွားလို့ ဂရင်းကဒ်မထုတ်ပေးရင် ဒုက္ခပဲနော်လို့ စိတ်ပူနေလို့ ဝိုင်းက ငါတော့ အဲဒီလိုမထင်ပါဘူးတဲ့။ ဆူနမ်က အဲဒီလိုမရှိပါဘူး approved ဖြစ်ပြီးမှ ဘွာတေးလုပ်လို့မရဘူး ပူပင်သောကတွေကို ရှာဖွေမတွေးပါနဲ့တော့ စိတ်ချလက်ချ ပျော်ပါတော့လို့ ပြောယူရတယ်။ ရှေ့နေ ကို လှမ်းမေးတော့ ကွန်ဂရက်ကျူလေးရှင်း ၂ ပတ်ကနေ ၂လကြား စာတိုက်ကနေ ဂရင်းကဒ်ရောက်လာလိမ့်မယ်။ သူငယ်ချင်း၊ မိတ်ဆွေတွေကို ဖုန်းဆက်၊ မတ်ဆေ့ပို့ ထခုန်မတတ် ဝမ်းသာတယ်။ ၆ နှစ် ဒုက္ခခံရတဲ့အကျိုး ခံစားရပြီ။ တချိန်လုံး ထမ်းပိုးထားရတဲ့ အင်မတန်လေးလံလှတဲ့ အထုပ်ကြီး လွှတ်ချလိုက်ရသလို စိတ်နှလုံးပေါ့ပါးသွားတယ်။ ရှေ့နေ့၊ ကိုယ့်သူငယ်ချင်းတွေကတော့ ကိုယ့်အဖြစ်အပျက်ကိုကြည့်ပြီး ကိုယ်ဟာ အင်မတန့်အင်မတန် ကံကောင်းတဲ့သူလို့ ပြောကြတယ်။ အလုပ်ပြုတ်ပြီဆိုကတည်းက ဂရင်းကဒ်က ပြီးသွားပြီ အင်မတန်ကံကောင်းလွန်းလို့သာ ဂရင်းကဒ်ရတာတဲ့။ ကိုယ်ဟာ ဘယ်အရာကိုမှ လွယ်လွယ်နဲ့မရ သူများထက် ပိုက်ဆံကုန်၊ သူများထက် စိတ်ဆင်းရဲရသူမို့ ကံလည်းကောင်းသလို ကံလည်းဆိုးတယ်။ အခက်အခဲ အင်မတန်များပြားလှတဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ ဂျီစီခရီးကြမ်းဟာ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ မိဘကောင်း၊ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတွေရဲ့ အကူအညီနဲ့ ချောမွေ့ခဲ့တယ် ဆိုပါတော့။

ပြီးပါပြီ။

စန်းထွန်း
ဒီဇင်ဘာ ၃၁၊ ၂၀၁၇။
ချစ်အစ်မများ မခိုင်၊ မမီး
Penang Malaysian Restaurant, Edison, New Jersey

ဂျီစီ ခရီးကြမ်း - ၁၂

အရင်အလုပ်တွေတုန်းကတော့ ခုသောကြာနေ့ဟာ နောက်ဆုံးနေ့လို့ အကြောင်းကြားသေးတယ်။ ဒီအလုပ်ကတော့ ချက်ချင်းဖြုတ်တာ သူဋ္ဌေးရုံးခန်းက ပြန်လာတာနဲ့ အီးမေးလ်က ဝင်လို့မရတော့ဘူး။ ခရစ်စမတ်ချိန်ဆိုတော့ အလုပ်ရှာလို့မရမဲ့အတူတူ ၇ ရက်တရားစခန်း ဝင်လိုက်တယ်။ စိတ်ဖိစီးမှု worry တွေများလို့နဲ့ တူပါရဲ့ နှာသီးဝကိုတောင် မှတ်လို့မရဘူး။ ဒါပေမဲ့ သီလကုသိုလ်၊ ဝေယျာဝစ္စကုသိုလ်တော့ ရပါတယ်။ စီဗွီကို အကောင်းဆုံးပြင်ဆင်ပြီး အလုပ်ဆိုဒ်တွေမှာတင်။ ဇန်နဝါရီ ၁ ရက်ဆိုတာနဲ့ အလုပ်ခေါ်တဲ့ဖုန်းတွေ ဝင်လာပြီ။ မနက် ၉  နာရီကနေ ညနေ ၆ နာရီအထိ အခန်းအောင်းပြီး အလုပ်ရှာ၊ အင်တာဗျူးအတွက် ပြင်ဆင်၊ HackerRack ၊ LeetCode ဆိုဒ်တွေမှာ ပရိုဂရမ်းမင်းလေ့ကျင့်၊ အင်တာဗျူးအမေးအဖြေတွေ ပြန်ဖတ်၊ ကျောင်းမှာသင်တဲ့ FPP course က သင်ခန်းစာတွေ ပြန်လေ့လာ။ ပထမဆုံးဖုန်းအင်တာဗျူးက ကယ်လီဖိုးနီးယားက သူတို့ကုမ္ဗဏီအကြောင်း ဘာတွေသိလဲမေးတော့ ဟယ် ကုမ္ဗဏီအကြောင်း မလေ့လာထားဘူး။ ဒါဆို ကုမ္ဗဏီကို စိတ်မဝင်စားဘူးပေါ့ ဆောရီးဆိုပြီး ဖုန်းချသွားလို့ ပထမဆုံးအင်တာဗျူးမှာ ပထမဆုံးမေးခွန်းနဲ့တင် ကျတယ်။ အင်တာဗျူးတွေ များများဖြေတော့မှ မဖြေနိုင်ရင် လေ့လာမှတ်သား ဒီလိုနဲ့တဖြည်းဖြည်း အင်တာဗျူး ကျွှမ်းကျင်လာတယ်။ တချို့တွေက သဘောကောင်းတယ် တချို့တွေက ရိုက်ပေါက် အော်ဖာကမ်းရင်တောင် ငြင်းပစ်လိုက်မယ် တကထဲမှပဲ။ Coding Test စာမေးပွဲတွေ ဖြေရတယ်။ လူတွေ့အင်တာဗျူး ၅ ခုရတယ် ကိုယ့်ကိုကိုယ်တော့ ဖြေနိုင်တယ်လို့ထင်တာပဲ။ အရည်အချင်း တူတယ်ဆိုရင်တောင် ဂရင်းကဒ်၊ စီတီဇင်တို့ကို ခေါ်မှာပေါ့။

အလုပ်ရှုပ်တဲ့ H1B transfer ဂရင်းကဒ်စပွန်ဆာ လိုချင်တဲ့သူကို ဘယ်ခေါ်ပါ့မလဲ။ ထရန့်လက်ထက်မှာ တင်းကျပ်နေတာတွေ သတင်းမှာလည်း တွေ့နေရတယ်။ တရားစခန်းမှာ သိခဲ့တဲ့ လူကောင်သေးသလောက် လမ်းလျှောက်ရင် ဒုန်းဒုန်းမြည်အောင် လမ်းလျှောက်လို့ ဒေါ်ဒုန်းလို့ နာမည်ပြောင်ပေးထားတဲ့ မျက်ခုံးတခြား မျက်ခုံးမွှေးဆွဲခဲတံတခြား ဆွဲတတ်တဲ့  အန်တီကြီးက သူ့သားမက်ကို ဖုန်းဆက်ခိုင်းတယ်။ အစ်ကိုကြီးက ကွန်ပျူတာနဲ့ အလုပ်လုပ်တော့ သူတို့ရုံးမှာခေါ်နေတဲ့ အလုပ်တွေကို ကိုယ့်ဆီ အီးမေးလ်ပို့ပေးတယ် ကိုယ်က စီဗွီပို့တယ်။ အစ်ကိုကြီးက ကိုယ့်လို ကျောင်းသားဗီဇာကနေ H1B သွားတာဆိုတော့ ကိုယ့်အခြေအနေကို နားလည်တယ်။ စီဗွီပို့ပေးတယ်၊ လမ်းညွှန်ပေးတယ်၊ သင်ပြပေးတယ်ဆိုတာ အင်မတန်သဘောကောင်းပြီး ကူညီတတ်လို့။ ၂၀၁၂ ကန်တက်ကီမှာတုန်းက ကိုယ်အလုပ်ရှာနေတယ်ဆိုတာ ဘလော့ဖတ်ပြီးသိလို့ HR ကို ပို့ပေးမယ် စီဗွီပို့ဆိုပြီး အီးမေးလ်ပို့ကူညီတဲ့သူ ရှိဖူးတယ်။ စင်္ကာပူအမျိုးသားတက္ကသိုလ်တက်တုန်းက ကိုယ်နဲ့တဖွဲ့တည်းကျတဲ့ တရုတ်မက မိုက်ခရိုဆော့မှာ အလုပ်လုပ်နေတယ်။ ၂၀၁၃ အလုပ်ပြုတ်တော့ အဲ့ဒီတရုတ်မကို မိုက်ခရိုဆော့ HR ကို စီဗွီပို့ပေးပါလားလို့ အကူအညီတောင်းတော့ မလုပ်ပေးနိုင်ဘူးတဲ့။ အမြင်ကပ်လို့ ဖေ့ဘွတ်မှာ unfriend လုပ်လိုက်တယ် စိတ်ပုပ်မ။ သူငယ်ချင်းတွေက စိတ်ပူကြတယ် အင်တာဗျူးဘယ်လိုနေလဲလို့ မေးကြတယ်။ စီနီယာတယောက်ဆို အလုပ်ရှာနေတာကြာပြီ ဖုန်းအင်တာဗျူးတခုမှတောင် မရဘူးတဲ့။

မကြီးရှိနေလို့ တော်သေးတယ် သူကချက်ပြုတ်ပေးတော့ အစားအသောက်အတွက် ပူစရာမလိုဘူး။ အလုပ်ပြုတ်လို့ ကျန်းမာရေးအာမခံမရှိတော့ ဆေးခန်းလည်းမပြနိုင်ဘူး။ ကိုယ်သောက်တဲ့ hydroxychloroquine ဆေးက အလုံး ၆၀ တလစာ ကျန်းမာရေးအာမခံနဲ့ ၁၀ ပေးရပေမဲ့ ကျန်းမာရေးအာမခံမပါရင် ၂၀၀ ပေးရတယ်။ အရင်တုန်းက ကျန်းမာရေးအာမခံ တလကို ကိုယ်က ၂၀၀၊ ကုမ္ဗဏီက ၄၀၀ ပေးတယ်။ ကျန်းမာရေးအာမခံ တလ ၆၀၀ ဆိုတာ ဈေးအပေါဆုံး ကျန်းမာရေးအာမခံ။ ပြည်နယ်ဥပဒေအရ အလုပ်ပြုတ်သွားပေမဲ့လည်း အရင်ကုမ္ဗဏီရဲ့ ကျန်းမာရေးအာမခံထဲ ပါဝင်ခွင့်ရှိတာကို CORBA လို့ခေါ်တယ်။ CORBA နဲ့ဆိုရင် ကျန်းမာရေးအာမခံ တလ ၆၀၀ ကိုယ်ကပေးရမှာ။ အလုပ်ပြုတ်လို့ ဝင်ငွေမရှိချိန် တလ ၆၀၀ ပေးဖို့ဆိုတာ အတော့်ကိုမလွယ်တာ။ ကုမ္ဗဏီက CORBA ယူမလား မေးပေမဲ့ မယူနိုင်တော့ဘူး။ ဈေးပေါတဲ့ အာမခံဝယ်ပြီး ဆေးဝယ်ရတယ်။ တော်သေးတယ် ဆရာဝန်မက  ၆ လစာ ဆေးဝယ်ခွင့် ပေးထားတယ်။ ဆေးခန်းသွားပြရင် ကျန်းမာရေးအာမခံနဲ့ဆို ၄၀ လောက်ပဲပေးရပေမဲ့ ကျန်းမာရေးအာမခံမရှိရင် ဆရာဝန်ပြခ၊ သွေးစစ်ခ တခါပြရင် ၄၀၀ ကနေ ၆၀၀ လောက်ကုန်တယ်။ အလုပ်ပြုတ်ချိန်မှာ ဆေးခန်းလည်း မပြနိုင်ဘူး။ ဆရာမကြီးဒေါက်တာဒေါ်ခင်နွှယ်ဝင်း ဗွီဒီယိုတွေ နားထောင်ပြီး ဆနွှင်းနဲ့ ငါးကြီးဆီ Carlson cod liver oil၊ ပန်းသီးရှလကာရည်၊ ဗီတာမင်ဒီ၊ probiotics ၊ ဇင့်၊ မက်ဂနီဆီယမ်၊ စီလီနီယမ်၊ ဘီ၊ ကေ ၊ ချဉ်ဖတ်၊ အရွက်ပြုတ်ရည်၊ အရိုးပြုတ်ရည်၊ ဂလူတန်ရှောင်တော့ လုပက်စ်ရောဂါ သိသိသာသာ သက်သာလာတယ်။

နာကျင်ကိုက်ခဲတာတွေ  လုံးဝမရှိတော့ဘဲ နေလို့ထိုင်လို့ အင်မတန်ကောင်းလာတယ်။ ဆရာမကြီးကို ကျေးဇူးအရမ်းတင်လို့ ရှိခိုးကန်တော့ချင်တယ်။ ဇန်နဝါရီမှာ ဒုတိယအဆင့်ဖြစ်တဲ့ I-140 approved ဖြစ်တယ်။ ရှေ့နေ့က approved ဖြစ်လိမ့်မယ်လို့ မထင်ထားဘူးတဲ့။ နောက်နေ့ ဒါရိုက်တာမကို အီးမေးလ်ပို့တော့ ကွန်ဂရက်ကျူလေးရှင်း၊ နောက်နေ့ withdraw လုပ်မလို့တဲ့။ ဟေ ... ပျော်တာတွေ တရက်ပဲခံတယ်။ withdraw မလုပ်ပါနဲ့လားလို့ တောင်းပန်တော့ ဂရင်းကဒ်ရသွားလို့ အလုပ်မခန့်ရင် အလုပ်ရှင်ကို တရားစွဲပြီး ၆ လစာတောင်းလို့ရတယ်။ အလုပ်ရှင်က အလုပ်ဖြုတ်ထားတဲ့သူဆီကနေ တရားစွဲမှာကို ကြောက်တာပေါ့ ကိုယ့်ကိုကိုယ် ကာကွယ်ရမယ်။ ရှေ့နေ့ကို မေးကြည့်ပါလား ဘယ်လိုလုပ်ရမလဲတဲ့။ ရှေ့နေ့က ဒါရိုက်တာမက ပိုတောင်သိသေးတယ် withdraw မလုပ်ဖို့ အလုပ်ရှင်ကိုတောင်းပန် သူတို့တောင်းဆိုတာကို လုပ်ပေးတဲ့။ ဒါရိုက်တာမက ကိုယ့်အခြေအနေကို နားလည်တယ်။ စန်းစန်း ဇန်နဝါရီ ၂၀ က နောက်ဆုံးနေ့ ကိုယ့်သဘောနဲ့ကိုယ် နှုတ်ထွက်တယ်လို့ ရေးပေးရင် ကျန်တဲ့ နစ်နာကြေး ၂ ပတ်စာပေးတယ်။ သူဋ္ဌေးက ဘယ်သူ့ကိုမှ ပေးတာမဟုတ်ဘူး ကိုယ့်မို့လို့ ပေးတာတဲ့ မောင်မင်းကြီးသား ကျေးဇူးကြီးလှပါပေတယ်။ ကိုယ်သဘောနဲ့ကိုယ် နှုတ်ထွက်တယ်ဆိုတဲ့စာရေးပြီး ဒါရိုက်တာမကို အီးမေးလ်ပို့။ ဒါရိုက်တာမက အိုကေတယ်ဆိုမှ ပရင့်ထုတ် လက်မှတ်ထိုးပြီး ရုံးကိုပို့။ ရုံးက ၂ ပတ်စာ pay check ပို့ပေးတယ်။ အမှန်က ကိုယ် ဒီဇင်ဘာ ၁၃ ကတည်းက အလုပ်ပြုတ်တာ။ အခု pay check ကြောင့် ဇန်နဝါရီလကုန်မှာ အလုပ်ပြုတ်တာလို့ ပြောလို့ရသွားတယ်။

Fall foliage hiking at Palisades State Park, New Jersey. November 2014.

pay check အချိန် ၁ လခွဲဆိုတာ H1B transfer လျှောက်တဲ့အချိန်မှာ အရမ်းအရေးပါတယ်။ pay check ၃ လလောက် ကွာနေရင် H1B transfer လျှောက်ဖို့ခက်တယ်။ သူငယ်ချင်းတွေကို ပြောပြတော့ ဘာလို့လတ်မှတ်ထိုးလိုက်ရတာလဲပေါ့။ ကိုယ်အဲ့ဒီလို လက်မှတ်ထိုးလိုက်လို့ အလုပ်ရှင်က withdraw မလုပ်သေးတာ။ လတ်မှတ်သာမထိုးလို့ကတော့ ချက်ချင်း withdraw လုပ်မှာ။ အလုပ်ရှင်က cancel withdraw revoke လုပ်ချင်တယ်ဆိုရင် လွယ်လွယ်လေး။ စပွန်ဆာမလုပ်တော့ဘူးဆိုတဲ့ စာရွက်တရွက် USCIS ကို ပို့လိုက်ရုံပဲ။ ဖေဖေါ်ဝါရီလကုန်မှာ လက်ဗွေသွားနှိပ်ရတယ်။ မတ်လဆန်းမှာ EAD Card production ဆိုတဲ့ alert မတ်ဆေ့အီးမေးလ်ရပြီး တပတ်အကြာမှာ စာတိုက်ကနေ အီးအေဒီကဒ် ပို့လာတယ်။ ဂရင်းကဒ်လျှောက်နေတုန်း H1B ဗီဇာကုန်သွားခဲ့ရင် အီးကေဒီကဒ်နဲ့ အလုပ်လုပ်ဖို့ပေးတာ။ အီးအေဒီကဒ်က တစ်နှစ်သက်တမ်းရှိပြီး အကြိမ်ကြိမ် ထပ်တိုးလို့ရတယ်။ သူများတွေအတွက်ကတော့ အီးအေဒီကဒ်ရတယ်ဆိုတာ ဂရင်းကဒ်ရသလိုမျိုးပဲ။ ဂရင်းကဒ်မရသေးခင် တရားဝင်ကဒ်တခု ထုတ်ပေးထားတဲ့သဘော။ ကိုယ့်မှာတော့ အီးအေဒီကဒ်ရလည်း မပျော်နိုင်ပါဘူး အလုပ်ရှင်က အချိန်မရွေး withdraw လုပ်နိုင်တာကိုး။ ရှေ့နေ့က အလုပ်ရရင်တောင် အီးကေဒီကဒ်ကို မသုံးနဲ့ H1B transfer လုပ်ရမယ်။ အီးအေဒီကဒ်သုံးပြီးမှ အလုပ်ရှင်က withdraw လုပ်ရင် နင့်မှာ ဘာ status မှမရှိတော့ဘူး illegal ဖြစ်သွားမယ်။  H1B transfer ပေးတဲ့အလုပ်ရှာ transfer လုပ် tri state နယူးယောက်၊ နယူးဂျာဆီ၊ ကွန်နက်တီကပ်ပြည်နယ်တွေမှာ အလုပ်ရရင် ပိုကောင်းမယ်တဲ့။ သူငယ်ချင်းတွေကတော့ အီးအေဒီကဒ်ရပြီး ကံကောင်းရင် တလနဲ့ ၃ လကြား ဂရင်းကဒ်ရနိုင်တယ်။ ဂရင်းကဒ်ရပြီးမှ အလုပ်ရှာပါလားတဲ့။

၃ လနဲ့ ဂရင်းကဒ်မရရင် ဘယ်လိုလုပ်မလဲ။ ဒုတိယအဆင့် I-140 approved ဖြစ်ပြီးလို့ ခြောက်လကြာရင် AC21 ဥပဒေအရ ရာထူးတူ၊ လစာတူရင် ကုမ္ဗဏီအသစ်က ဂရင်းကဒ်ကို ဆက်ယူလို့ရတယ် ဆိုပေမဲ့ အစကနေ ပြန်လျှောက်ရတာပါပဲ။ Priority Date ကိုတော့ ဆက်ယူလို့ရတယ်။ ကိုယ့်ကိုလျှောက်ပေးတာ EB2 ဆိုတော့ EB1 ထက် လစာများတယ်။ တရုတ်မယန်းဆို EB2 နဲ့လျှောက်ပြီး EB1 က ပိုမြန်တယ်ထင်ရင် ရှေ့နေ့က EB1 နဲ့ ပြောင်းလျှောက်ပေးတယ်တဲ့။ ဖေဖေါ်ဝါရီလကုန်မှာ ဝေါစထိနားကကုမ္ဗဏီက လူတွေ့အင်တာဗျူးပြီး သဘောကျတယ်။ သူတို့ပေးမဲ့လစာက အရင်လစာထက်နည်းတော့ အင်တာဗျူးတဲ့ တရုတ်မက ခွင့်တလ၊ အလုပ်တနေ့ ၇ နာရီ၊ ကျန်းမာရေးအာမခံကို အလုပ်ရှင်က ၉၀ ရာခိုင်နှုန်း၊ အလုပ်သမားက ၁၀ နှုန်းဆိုတော့ ဒေါ်လာ ၂၀ ကျော်ပဲ ပေးရတယ်။ အလုပ်လုပ်တာ အရမ်းဆိုးဝါးလွန်းမှ အလုပ်ဖြုတ်တယ်၊ သူဆို ဒီမှာအလုပ်လုပ်တာ ၁၈ နှစ်၊ ဘော့စ်ဂျင်ဆိုရင်လည်း ၁၈ နှစ် ဒီမှာ အလုပ်လုပ်ရတာ အရမ်းကောင်းတယ် အော်ဖာပေးရင် လက်ခံမလားမေးတော့ လက်ခံမယ်ပေါ့။ နောက်တပတ် အင်တာဗျူးထပ်ခေါ်တယ် database အပိုင်း လုပ်ဖူးလားမေးတယ်။ ဆန်ဖရန်စစ္စကို SFMAT အတွက် ဆာဗာမှာတင်ထားတဲ့ Excel ဖိုင်ကို ဒီနေ့ဒေတာအဖြစ်ကို  database ထည့်၊ ဒီနေ့ဒေတာနဲ့ မနေ့ဒေတာ ကွာခြားချက်ကို Excel ထဲထည့်တဲ့ C# windows application ရေးဖူးတဲ့အကြောင်း ပြောတာနဲ့ ချက်ချင်းအော်ဖာပေးတော့တာပဲ။ ဂရင်းကဒ်တော့ စပွန်စာမပေးနိုင်ဘူး H1B transfer တော့ လုပ်ပေးမယ်တဲ့။ application နဲ့ database အလုပ် ၂ ခုရှိတာ ဘယ်အလုပ်ကို လုပ်ချင်လဲတဲ့။ ၂ ခုစလုံးလုပ်နိုင်ပါတယ်ပြောတော့ database management specialist ရာထူးပေးတယ်။

ဌာနရဲ့အကြီးဆုံးဘော့စ် ဂျင်ဘရောင်းကို မြင်လိုက်တာနဲ့ စကားပြောကြည့်လိုက်တာနဲ့ စိတ်သဘောထားကောင်းတဲ့လူလို့ ခံစားမိတယ်။ မတ်လဆန်းမှာ အော်ဖာပေးတော့ ပြောထားတဲ့လစာထက် ပိုပေးတယ်။ အရင်လစာထက် နည်းတယ်ဆိုပေမဲ့ အခွင့်အရေးတွေပေါင်းလိုက်ရင် အရင်လစာနီးပါးလောက် ပြန်ရတယ်။ ရုံးက ဟိုဖက်ခြမ်းပြောင်းမှာမို့ ဧပြီလဆန်းမှာမှ ရုံးတက်စေချင်တယ်တဲ့။ အတော်ပဲ ဒီကလည်း အဲဒီလောက်မှ ရုံးတက်ချင်တာ။ အော်ဖာလတ်မှတ်ထိုးပြီးတာနဲ့ အလုပ်ရှာတဲ့ဆိုဒ်တွေမှာရှိတဲ့ စီဗွီကို invisible ၊ inactive လုပ်။ မြန်မာပြည်က ကုမ္ဗဏီတခုက ယူအက်စ်မှာ ကျောင်းပြီးတဲ့သူတွေကို recruit လုပ်နေတာ။ HR က ကိုယ့်ကိုအင်တာဗျူး ကယ်လီဖိုးနီယားမှာနေ့တဲ့ သူဋ္ဌေးက အင်တာဗျူးတယ်။ အင်တာဗျူးပြီးတော့ ကိုယ့်ကိုသဘောကျတယ် အော်ဖာကမ်းချင်တယ်။ သူဋ္ဌေးနဲ့ကျောင်းနေဖက်၊ ကုမ္ဗဏီ အတူထူထောင်သူနဲ့ အင်တာဗျူးစေချင်တယ်။ အမ်အိုင်တီမှာ သူဋ္ဌေးနဲ့ ကျောင်းအတူတူတက်ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်မှာ ကိုယ့်ကိုစာသင်ဖူးတဲ့ ဆရာမဖြစ်နေတယ်။ တီချယ်ကလည်း သဘောကျတော့ အော်ဖာကမ်းတယ်။ လစာက နည်းတဲ့အပြင် ကိုယ်က ဝေါစတိနားက အလုပ်ကို လက်ခံပြီးသားဖြစ်နေပြီလို့ အော်ဖာကို ငြင်းလိုက်တယ်။ လစာပေးတာနည်းလို့လား ထပ်ညှိပေးမယ်လို့ ပြောသေးတယ်။ မြန်မာပြည်ကနေ ထွက်လာတာ ၁၀ နှစ်နီးပါး ရှိတော့မယ် မြန်မာပြည်ဈေးကွက်ကို မသိဘူး။ ခုလက်ခံလိုက်တဲ့ အလုပ်က NGO အလုပ်  ကိုယ်အရမ်းလုပ်ချင်နေတဲ့အလုပ်လို့ ပြောလိုက်ရတယ်။ မြန်မာပြည်က အလုပ်အော်ဖာက လစာပေးတာ နည်းတယ်။ စင်္ကာပူကနေပြန်လာတဲ့ ကိုယ့်သူငယ်ချင်းတွေဆို ဘယ်လောက်ရတာလို့ ဝိုင်းကိုပြောပြတော့ ဗီယက်နမ်မှာဆို နိုင်ငံခြားကနေ ဘယ်လောက်ပဲဘွဲ့ရခဲ့ ယူအက်စ်ဒေါ်လာ ၅၀၀ ကနေ ၈၀၀ ပဲ ရတာတဲ့။ ဘာတွေဆက်ဖြစ်မလဲဆိုတာ နောက်ဆုံးအပိုင်းမှ ဆက်ပါဦးမယ်။

စန်းထွန်း
ဒီဇင်ဘာ ၂၆၊ ၂၀၁၇။

ဂျီစီ ခရီးကြမ်း - ၁၁

၂၀၁၅ မေလမှာ ကလိုင်းရင့်ပီအေရုံးက ကွန်းထရပ်စာချုပ် ထပ်မတိုးတော့ ရုံးချုပ်ကိုပြန်လာရတယ်။ ပီအေရုံး နောက်ဆုံးနေ့မှာ မငိုဘူးလို့ စိတ်တင်းထားပေမဲ့ မျက်ရည်က အလိုလိုကျလာတယ်။ ကိုယ့်ကို ချစ်တဲ့သူတွေ၊ ကိုယ်က ချစ်တဲ့သူတွေရှိတဲ့ ကိုယ်ချစ်တဲ့ရုံးကို ခွဲခွာရတော့လေ။ ရုံးချုပ်ရောက်တော့ ဂျော်ဂျီယာပြည်နယ် အက်လန်တာမြို့ရုံးခွဲအတွက် ကူလုပ်ပေးရတယ်။ ကလိုင်းရင့် ကွန်နက်တီကပ်တက္ကသိုလ်က Oracle Unifier သုံးတော့ လေ့လာရတယ်။ Oracle Unifier နဲ့ ရီပို့တွေလုပ်၊ database အပိုင်းကျွှမ်းတော့ query ၊ stored procedure ရေးတဲ့အပိုင်းကို ကူလုပ်ပေး။ Data Integration အတွက် Web Services သုံးတော့ ကူရေးပေးရတယ်။ စီနီယာကဲလ်ဗင်ဂျီးက ကိုယ်ရေးနိုင်မှန်းသိတော့ ဂျူနီယာတွေ ရေးထားတာတွေကို ပေါင်းခိုင်းတယ်။ ဂျူနီယာတွေက အခုမှကျောင်းပြီးခါစ ကွန်ပျူတာနဲ့ပြီးတာမဟုတ်တော့ ပရိုဂရမ်းမင်းမကျွှမ်းကျင်။ ရေးချင်သလို ရေးထားတာတွေကို standard နဲ့ကိုက်ညီအောင် ပေါင်းပေးရတယ်။ တရုတ်ကလေး ဒေးဗစ်ဒူက ကိုယ့်ကို ကျေးဇူးတင်လို့တဲ့ ဒိန်ချဉ်ဝယ်‌ကျွှေးတယ်။ အက်လန်တာရုံးက ဂျူနီယာကုလားမလေးက သေချာ testing မလုပ်ဘဲ သူရေးတာမှန်တယ် error မရှိဘူးဆိုပြီး ငြင်းနေလို့ နင် testing ဘယ်လိုလုပ်လဲမေးတော့ အဲ့လိုတော့ testing မလုပ်ဘူးတဲ့။ အဲ့ဒါကို စီနီယာကယ်ဗင်ဂျီးကို cc အီးမေးလ်ထည့်ပြီး ငြင်းနေတာ။ စီနီယာကယ်ဗင်ဂျီးက စန်းစန်း သူရေးနိုင်ရဲ့လားမေးတော့ သူရေးတာ ကြည့်ပြီးပြီ လော့ဂျစ်မှန်တယ် ပေါင်းရေးတာ မှားနေတယ်လို့ ကာကွယ်ပြောလိုက်ရတယ်။

အလုပ်ထဲမှာ အငယ်တွေကို ကူညီပေးတာ၊ လုပ်နိုင်တာကို စီနီယာတွေ၊ ဂျူနီယာတွေ သိပေမဲ့ အက်လန်တာရုံး မန်နေဂျာက မသိဘူး။ သူဋ္ဌေးက ကိုယ့်ကိုခေါ်တွေ့ပြီး ကိုယ့်လုပ်ဆောင်ရွက် မကောင်းဘူး။ သူလည်း ပရိုဂရမ်မာ ဘဝကလာတာ ဘယ်လိုလေ့လာသင့်ယူရမယ်၊ စီနီယာခဲတန်ဆီက သင်ယူရမယ်။ ပီအေရုံးက ကိုယ့်ကိုမရွေးဘဲ လုပ်သက်၂ နှစ်ပဲရှိတဲ့ ဂျူနီယာကို ရွေးသွားတယ်။ ကိုယ့်လုပ်ဆောင်ချက် မကောင်းလို့ ဖြစ်မယ် ကောင်းလို့ကတော့ ရွေးမှာပေါ့။ အခု ဂျူနီယာလစာပေးမယ်၊ မကြိုက်ရင် အလုပ်ထွက်နိုင်တယ်လို့ပြောတော့ ခံပြင်းလိုက်တာ။ H1B နဲ့အလုပ်ထွက်ဖို့မလွယ်၊ ဂရင်းကဒ်ကလည်း တန်းလည်းဆိုတော့ ဒေါသကို မြိုသိပ်ပြီး စဉ်းစားပေးတာ ကျေးဇူးတင်ပါတယ်။ အခု ဂရင်းကဒ်က တန်းလန်းမို့လို့ အလုပ်ထွက်ဖို့အဆင်မပြေဘူး။ အော်ဖာကို လက်ခံပါတယ် ကလိုင်းရင့်က ပရောဂျက်ရရင် အရင်လစာပေးမလားဆိုတော့ ပေးမယ်တဲ့။ ဒေါသထွက်လိုက်တာ ကိုယ်အလုပ်ကြိုးစားတာ ကိုယ်အသိဆုံး။ ဗီဇာကိစ္စ ပူစရာမလိုတဲ့ ဂရင်းကဒ်ရှိလို့ကတော့ ချက်ချင်းအလုပ်ထွက်မှာ။ သူဋ္ဌေးကလည်းသိတယ် ကိုယ်အလုပ်ထွက်လို့ မရဘူးဆိုတာ သက်သက်အနိုင်ကျင့်တာ။ ပြောလိုက်သေးတယ် သူ စီးပွားရေးလုပ်လာတာ အနှစ် ၂၀ ရှိပြီ။ ဘယ်သူ့ကိုမှ မတရားမလုပ်ဘူးတဲ့။ အယ်မလေးတော် ငပြူးကပဲ ပြဲရတယ်ရှိသေး။ တရုတ်လေးဒေးဗစ်ဒူရဲ့ရည်းစား တရုတ်မမက်ဂီက အိုင်အိုဝါတက္ကသိုလ်မှာ တက်ခဲ့တာဆိုတော့ အိုင်အိုဝါပြည်နယ်မှာ ကျောင်းတက်ခဲ့တဲ့ ကိုယ်နဲ့လေပေးဖြောင့်တယ်။

တနေ့ရထားပေါ်မှာဆုံတုန်း သူဋ္ဌေးအကြောင်း အတင်းတုတ်တော့ သူ့ရည်းစားဒေးဗစ်ဒူ ကလိုင်းရင့်ပရောဂျက်ပြီးတော့ ကလိုင်းရင့်က အလုပ်တနေရာပဲရှိလို့ တခြားတယောက်ကို ဆက်ခေါ်တယ် ဒေးဗစ်ဒူကို မခေါ်ဘူး။ အဲ့ဒါကို သူဋ္ဌေးက မင်း အလုပ်လုပ်တာမကောင်းလို့ မခေါ်တာလို့ပြောတယ်တဲ့။ မက်ဂီ ဘယ်လောက်ပဲ ကြိုးစားလုပ်လုပ် ဘယ်တော့မှ အကောင်းမပြောဘူး။ ရှေးတရုတ်အဘိုးကြီးတွေ စတိုင်နဲ့ အုပ်ချုပ်တာ။ အရမ်းတော်တဲ့သူတွေက ကိုလံဘီယာတက္ကသိုလ် တက်တယ်၊ နည်နည်းတော်တဲ့သူက နယူးယောက်တက္ကသိုလ် တက်တယ်၊ ပိုက်ဆံရှိပြီး အရည်းအချင်းမရှိသူတွေက Fordham တက္ကသိုလ်တက်တယ်လို့ မက်ဂီကိုပြောတယ်။ သူဋ္ဌေးက မက်ဂီ Fordham တက္ကသိုလ်မှာ တက်ခဲ့မှန်းသိလို့ တမင်သက်သက်ပြောတာ အတော်ဆိုးတဲ့သူဋ္ဌေး။ စီနီယာခဲတန်က စန်းစန်း သူဋ္ဌေးက ဘယ်လိုနေလဲ သဘောကောင်းပါတယ် စကားတွေပြောတယ်။ အေး လစာတိုးပေးဖို့ပြောကြည့် သဘောမကောင်းတော့ဘူး မခေါ်တော့ဘူးလို့ပြောလို့ ရယ်လိုက်ရတာ။ အဲဒီလို သူဋ္ဌေးရဲ့ ကောင်းသတင်းက မွှေးတယ်။ ကွန်ပျူတာဘွဲ့ရမဟုတ်တဲ့ ကျောင်းပြီးခါစ ကလေးတွေကို ဈေးသက်သက်သာသာနဲ့ခေါ်ခိုင်း။ စီနီယာတွေက ဂျူနီယာတွေကို သင်ပြပြီး အလုပ်ပိုလုပ်ရ။ စနစ်တကျမရှိ ဒါရိုက်တာက ဒါလိုချင်တာပဲသိတယ် ဘယ်လို resource တွေ ပေးရမလဲမသိ။ အဲ့ဒါကြောင့် ဒီတရုတ်ကုမ္ဗဏီမှာ အမေရိကန်တွေ မမြဲဘူး။ ပရောဂျက်ပရိုပိုဆယ်ရာထူးအတွက် နယူးယောက်တိုင်း သတင်းစာကနေ ခေါ်ထားတဲ့ ဂရိကောင်လေးဆို ခြောက်လတောင် မခံဘူး အလုပ်ထွက်ရော။

တရုတ်မယန်းကို မေးကြည့်တော့ ပီအေရုံးက ပရောဂျက်က အသေးစားလေး ဘတ်ဂျက်ကနည်းတော့ ဂျူနီယာကို ခေါ်မှာပေါ့ လစာများတဲ့ ကိုယ့်ကိုခေါ်မလား။ အလုပ်ချက်ချင်း ထွက်ချင်ပေမဲ့ ဂရင်းကဒ်ကတန်းလန်း ခုနေထွက်ရင် ဂရင်းကဒ်ကို အစကနေပြန်လုပ်ရမှာ။ စီနီယာကယ်ဗင်ဂျီးက ကြသပတေးနေ့ ညနေစာင်းမှာ ပရောဂျက်တခုပေးပြီး စန်းစန်း ဒီပရောဂျက်က  secure မဖြစ်ဘူး secure ဖြစ်အောင်လုပ် တနင်္လာနေ့ ပေးရမယ်တဲ့။ ဖတ်ကြည့်တော့ web service က secure မဖြစ်ဘူး secure ဖြစ်အောင် လုပ်လို့ရတဲ့နည်းတွေ အများကြီး ။ ဘယ်နည်းသုံးလို့လဲမပြော web service security ကို တခါမှမလုပ်ဖူးဘူး။ သောကြာနေ့ စီနီယာကယ်ဗင်ဂျီးကို မေးကြည့်တော့ သူမသိလို့ ကိုယ့်ကိုခိုင်းတာတဲ့။ စီနီယာခဲတန်ကို မေးကြည့်တော့ သူလည်းမသိဘူး။ စီနီယာတွေတောင် မသိတာ ကိုယ့်ကိုခိုင်းတယ်။ မကြီးက သူ့သူငယ်ချင်းအစ်ကိုကြီးကို မေးပေးတာ့ သူက business ပိုင်းလုပ်တာများတယ်။ application လုပ်တဲ့ သူ့သူငယ်ချင်းတွေ မေးကြည့်မယ်တဲ့။ စင်္ကာပူက ဘကြီးကို မေးကြည့်တော့ သူရေးဖူးတယ် နင်က ဘယ်လိုရေးချင်တာလဲ ဘယ်လိုရေးရမယ်မှန်းကို မသိတာ။ နယူးဇီလန်မှာနေတဲ့ စာတော်တဲ့ကျောင်းနေဖက်ကို မေးကြည့်တော့ သူကရေးဖူးတယ် အစ်မက ဘာလိုရေးချင်တာလဲ အဲဒါကို မသိတာ။ ကိုယ်နဲ့မကြီးက စနေတနင်္ဂနွေပိတ်ရက် ဗာမွန်ပြည်နယ်ဖက် ဆောင်းဦးရာသီ ရွက်ကြွေချိန်အလှ fall foliage ကိုကြည့်ဖို့ တိုးကားပေါ်မှာ။ ဖုန်းနဲ့မေးမြန်းနေရတာ ခရီးထွက်တာတောင် အလုပ်က အဲဒီလို  ဖိစီးလိုက်သေးတယ်။ ဗာမွန်ပြည်နယ် ချန်ပိန်ရေကန်နား ဘာလင်တန်မြို့မှာနေတဲ့ မိုင်းဖန်က သူ့ဆီဝင်လည်ဖို့ ခေါ်ပေမဲ့ တိုးကားနဲ့ဆိုတော့ ဝင်လည်လို့မရဘူး။ ဘာလင်တန်မြို့ထဲ ဖြတ်တော့ စိတ်ထဲကနေပဲ မိုင်းဖန်ကို နှုတ်ဆက်လိုက်ရတယ်။

Fall foliage hiking at Palisade State Park, New Jersey. November 2014.

တနင်္လာမှာတော့ မသိဘူးဆိုပြီး ပေးလိုက်ရတယ်။ စီနီယာခဲတန်နဲ့ဆုံရင် သူတောင်မသိတာကို သူများကိုလုပ်ခိုင်းတယ်ဆိုပြီး ကယ်ဗင်ဂျီးအကြောင်း အတင်းတုတ်တယ်။ ကွန်နက်တီကပ်တက္ကသိုလ် ပရောဂျက်ပြီးတော့ ဆန်ဖရန်စစ္စကိုရုံးက ပီးရာ့ကောင်တီ ပရိုပိုဆယ်ပရောဂျက် ဝင်ကူရတယ်။ Open Text ၊ MVC 4 သုံးတော့ လေ့လာရတယ်။ ဒီရုံးမှာလုပ်ရတာ တကယ်ပင်ပန်းတယ် တအားစိတ်ဖိစီးတယ် အဲ ပညာလည်း အရမ်းတိုးတယ်။ သြဂုတ်လကုန်မှာ ဂရင်းကဒ်ပထမအဆင့်ဖြစ်တဲ့ လေဘာစင်တီဖီကိတ် အတည်ပြုတယ်။ ရှေ့နေ့က စန်းစန်း အရမ်းမြန်တယ် ကံကောင်းတယ်တဲ့။ ဒုတိယအဆင့်ဖြစ်တဲ့ I-140 Immigration Petition နဲ့ တတိယအဆင့်ဖြစ်တဲ့ I-485 Adjustment of Status ကို အောက်တိုဘာလမှာ တပြိ ုင်တည်း file လုပ်ဖို့ စာရွှက်စာတမ်းတွေ အများကြီးဖြည့်ရတယ်။ ဂရင်းကဒ်အတွက် medical examination ကို USCIS က သတ်မှတ်ထားတဲ့ဆေးခန်းမှာ တီဗွီ၊ Syphills ၊ Gonorrhea လိင်ရောဂါတွေ၊ အသည်းရောင်အသားဝါရောဂါ၊ မူးယစ်ဆေးသုံးလား၊ စိတ်ကျန်းမာရေး၊ ခန္ဓာကိုယ်က ပုံမှန်ဆောင်ရွက်နိုင်လားတွေ စစ်တယ်။ MMR (measles, mumps-rubella) ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် စစ်ရတယ်။ ငယ်ငယ်တုန်းက ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး ထိုးဖူးပေမဲ့ စာရွက်စာတမ်းမရှိ။ ဆုံဆို့က နည်းနေလို့ ဆေးဆိုင်တွေမှာ သွားထိုးခိုင်းတာ prednisone သောက်နေတယ်ဆိုတော့ မထိုးပေးဘူး။ ဆေးဆိုင်က rheumatologist ဆရာဝန်မကို ဖုန်းဆက်တော့ အဲ့ဒီကာကွယ်ဆေး ထိုးပေးလို့မရဘူး။ အဲ့ဒါတွေက flu vaccine လို dead virus မဟုတ်ဘူး live virus တွေ။ သာမန်လူဆို ဘာမှမဖြစ်ပေမဲ့ လုပက်စ်ရောဂါအတွက် immune supressive thearphy ယူနေတဲ့သူမို့ ထိုးလိုက်ရင် တကိုယ်လုံးပျံ့ပြီး အသက်အန္တရာယ်တောင် စိုးရိမ်ရတယ် လုံးဝလုံးဝ မထိုးပါနဲ့တဲ့။

ဆေးခန်းကို သွားပြောတော့ ထောက်ခံစာလိုတယ်တဲ့။ rheumatologist က ရက်ချိန်းရဖို့ ၂ လလောက်စောင့်ရတာဆိုတော့ Queens က မိသားစုဆရာဝန်ကိုပြောပြပြီး ထောက်ခံစာရေးခိုင်းရတယ်။ ဆေးခန်းက ဆေးစစ်ချက်ကို ချိတ်ပိတ်ပေးလိုက်တာကို ရှေ့နေ့ကိုပေး။ သူဋ္ဌေးက ခရီးသွားလို့၊ ဒါရိုက်တာမက ခရီးသွားလို့နဲ့ အောက်တိုဘာမှာ တင်ဖို့မှန်းထားတဲ့ I-140 နဲ့ I-485 ကို နိုဝင်ဘာလကုန်ခါနီးမှ တင်ရတယ်။ ပီးရော့ကောင်တီပရောဂျက် presentation ပြတော့ ကိုယ်က ခပ်မြန်မြန်လေးလုပ်တတ်လို့ စိတ်မချလို့ဆိုပြီး ကျောင်းပြီးခါစ ဂျူနီယာပရောဂျက်မန်နေဂျာလေး တရုတ်လေးတီနိုက ကိုယ့်ဘေးနားမှာ တချိန်လုံးရပ်စောင့်နေလို့ စိတ်တိုလိုက်တာ။ ကိုယ်ဒီလောက်တော့ နားလည်ပါတယ် ကလိုင်းရင့်ကို ပြနေတာ အရေးကြီးမှန်းသိတယ်။ Business Analyst က စန်းစန်း နောက် page တခုကိုပြပါ၊ Submit button လေးကို နှိပ်လိုက်ပါဆိုမှ သူခိုင်းတဲ့အတိုင်း လုပ်တာ။ တရုတ်မလေးကျင်းနဲ့ ဂျူနီယာပရောဂျက် မန်နေဂျာတီနိုအကြောင်း အတင်းတုတ်တော့ သူ့ကိုလည်း အဲ့ဒီလိုတဲ့။ သူဋ္ဌေးက နှိပ်စက်လိုက်၊ မန်နေဂျာတွေက နှိပ်စက်လိုက်၊ စီနီယာတွေက နှိပ်စက်လိုက်၊ ဂျူနီယာတွေက နှိပ်စက်လိုက်နဲ့။ ကလိုင်းရင့်က ပရိုပိုဆယ်ပရောဂျက်ကို လက်ခံတော့ MVC framework နဲ့ ရေးပေးရတယ်။ စီနီယာအဲလက်ဝမ်က သဘောကောင်းတယ် သင်ပြတယ် ကူညီတယ် စီနီယာပီပီ ကာကွယ်ပေးတယ်။ ပရိုပိုဆယ်ပရောဂျက်ပြီးလို့ ကလိုင်းရင့်ဆီက အဖြေကိုစောင့်နေတုန်း ဘာပရောဂျက်မှမရှိတော့ Open Text ကို လေ့လာခိုင်းတယ်။

နိုဝင်ဘာ Thanksgiving ပိတ်ရက် နယူးဂျာဆီပြည်နယ် လောကချမ်းသာ မဟာစည်တရားရိပ်သာမှာ လေးရက်တရားစခန်း ဝင်ဖြစ်တယ်။ ၂၀၀၅ သင်္ကြန် မှော်ဘီဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်တောရမှာ ပထမဆုံးတရားစခန်း ဝင်ဖူးတာဆိုတော့ တရားစခန်းမဝင်ဖြစ်တာ ၁၀ နှစ်ကျော်ပြီ။ တရားစခန်းမှာ တွေ့ကြုံရတဲ့သူတွေကတော့ အမျိုးမျိူးပဲ။ စိတ်ထားသဘောထားကောင်း နှလုံးပြည့်ဝတဲ့သူတွေရှိသလို ကုသိုလ်တပဲ ငရဲတပိသာလို လူတွေလည်းရှိတယ်။ အဲ့ဒီအကြောင်း နောက်မှပို့စ်ရေးဦးမယ်။ ခရစ်စမတ်ကနေ နယူးရီးယားအထိ ၇ ရက်တရားစခန်းရှိပေမဲ့ ခွင့်သိပ်မရှိတော့လို့ မဝင်ဖြစ်တော့ဘူး။ ဒီဇင်ဘာ ၁၃ ရက်နေ့ နေ့လည် ၁၁ နာရီ သူဋ္ဌေးက ရုံးခန်းထဲလာခဲ့ဆိုလို့ သွားတော့ ဒါရိုက်တာမပါ တွေ့တယ်။ အလုပ်ဖြုတ်လိုက်ပြီတဲ့ တနေ့တော့ဖြစ်လာမယ်ဆိုတာ မျှော်လင့်ပြီးသားဆိုတော့ သိပ်ပြီးမအံ့သြဘူး။ ဘယ်နေ့နောက်ဆုံးလည်းဆိုတော့ ဒီနေ့နောက်ဆုံးတဲ့။ ပရောဂျက်ရမလားလို့ စောင့်နေတာ မရနိုင်တော့ဘူး ပီအေရုံးက ပြန်လာပြီးကတည်းက အလုပ်ဖြုတ်မလို့ဟာ ဂရင်းကဒ်လျှောက်နေမှန်းသိလို့ ဂရင်းကဒ်ကလည်း ကြာလိုက်တာ ဘာမှမထူးဘူးလားတဲ့။ ဒါရိုက်တာမက သူမလုပ်ချင်ဆုံးအလုပ်ကတော့ အလုပ်ဖြုတ်တာပဲတဲ့။ ဘာပရောဂျက်တွေ လုပ်နေလည်း ပရောဂျက်ကပြီးပြီး Open Text လေ့လာနေတာ။ ဘာမှ hand over လုပ်စရာမရှိတော့ ပြီးတာနဲ့ ပစ္စည်းသိမ်းပြီးပြန်ပေါ့ ရှေ့နေ့ကိုအကြောင်းကြား အလုပ်ရှာ။ ဒီအချိန်က holidays ရာသီ အလုပ်ရှာဖို့မလွယ်ဘူး။ အကုန်လုံး ခရီးသွားနေကြတာ ဇန်နဝါရီ ၁ ရက်နေ့မှ စကြလိမ့်မယ်။

ဒီရုံးမှာလုပ်တာ ဘယ်လောက်ကြာပြီလဲ ၃ နှစ်နဲ့တလ သူ့ကို ၂ ပတ်စာပေးလိုက်။  H1B ကို ဘာလုပ်မှာလဲ cancel withdraw လုပ်မှာလား မလုပ်ဘူး withdraw လုပ်ရမှာ အလုပ်ရှုပ်လို့။ ဂရင်းကဒ်ကိုရော ဘယ်လိုလုပ်မှာလဲ ဘယ်လိုမှမလုပ်ဘူး ဒီအတိုင်းသွားနေမှာ။ ဒီစာချုပ်ထဲမှာ ပါတာတွေကို ဖတ်ကြည့်ပြီး လတ်မှတ်ထိုး။ ဒီနေ့နောက်ဆုံးနေ့ အလုပ်ဖြုတ်တယ်အစား ကွန်းထရပ်ပြီးသွားတယ်လို့ ရွေးထားတယ် ကျေးဇူးတင်ပါတယ်။ ရုံးမှာ ပစ္စည်းလည်း သိပ်မရှိတော့ ပလတ်စတစ်အိတ်တခုတည်း စုထည့်။ ခင်တဲ့သူတွေက ရုံးမှာမရှိကြတော့ ဘယ်သူ့ကိုမှ မနှုတ်ဆက်ဘဲ ရုံးကထွက်ခဲ့တယ်။ ရှေ့နေ့ဆီသွားတော့ I-140 နဲ့ I-485 ဂရင်းကဒ်ဒုတိယအဆင့်နဲ့ တတိယအဆင့်ကို ရှေ့အပတ်က တင်လိုက်ပြီ။ USCIS ရုံးက လက်ခံရရှိပြီလို့ အကြောင်းကြားတာနဲ့ ရပ်လိုက်ရမလား အမြန်လုပ်မလားလို့မေးတယ်။ အမြန်လုပ်ချင်တယ် အမြန်ခ ၁၅၀၀ ထပ်ပေးရတယ်။ ရှေ့နေရုံးမှာ ပါလာတဲ့ထမင်းဘူးထဲက ထမင်းစား ညနေ ဝိုင်းနဲ့ စန္ဒရားဖျော်ဖြေပွဲကြည့်ဖို့ ချိန်းထားတော့ နယူးယောက်ပြည်သူ့စာကြည့်တိုက်မှာ စောင့်နေလိုက်တယ်။ မကြီးရောက်တဲ့အချိန် ဖုန်းဘထ္ထရီကုန်နေလို့ ဖုန်းခေါ်လို့မရ။ တော်သေးတယ် လေးလွှာမှာဆိုတာ မတ်ဆေ့ပို့ထားလို့။ သူငယ်ချင်းတွေကို အသိပေး အားလုံးက စိတ်ပူကြတာပေါ့ ဒီဇင်ဘာလလယ် အလုပ်ဖြုတ်တော့ အလုပ်ရှာဖို့အင်မတန်ခက်တဲ့အချိန်။ ထရန့်သမ္မတဖြစ်တော့ H1B တွေ ဂရင်းကဒ်လျှောက်တာတွေကို တင်းကြပ်မယ်လို့ ပြောနေတဲ့အချိန်။ အလုပ်ပြုတ်ပြန်ပြီပေါ့ သုံးခါမြောက်။ ကိုယ့်သူငယ်ချင်းတွေထဲမှာတော့ ကိုယ်အလုပ် အပြုတ်ဆုံးပဲ မယ်ပြ ုတ်လို့တောင် နာမည်ပြောင်းရမယ်။  ဘယ်လိုဒုက္ခတွေ ဆက်ကြုံရသလဲဆိုတော့ နောက်အပိုင်းမှ ဆက်ပါဦးမယ်။

စန်းထွန်း
ဒီဇင်ဘာ ၂၂၊ ၂၀၁၇။

ဂျီစီ ခရီးကြမ်း - ၁၀

H1B က ၃ နှစ်သက်တမ်းရှိပြီး နောက်ထပ်တကြိမ် ထပ်တိုးခွင့် ရှိပါတယ်။ နှစ်ကြိမ်ပြီးရင်တော့ စတိတ်ပြင်ပကို ပြန်ထွက်ပြီးမှ H1B လျှောက်ခွင့်ရှိတယ်။ H1B တွေက မိသားစုကို စတိတ်ကိုခေါ်လာ ကလေးတွေက စတိတ်မှာကျောင်းတက်။ H1 မှီခိုနဲ့က ၂၁ နှစ်အထိပဲရတော့ ၂၁ နှစ်ပြည့်လို့ မိဘတွေက ဂရင်းကဒ်မရသေးရင် ကလေးတွေက စတိတ်မှာ ဆက်နေချင်ရင် F1 ကျောင်းသားဗီဇာ ပြန်လျှောက်ရတယ်။ အင်တာနေရှင်နယ်ကျောင်းသားရဲ့ ကျောင်းလခက ဈေးကြီးတော့ ကိုယ့်တိုင်းပြည်ပြန်မလား စတိတ်မှာဆက်နေမလား။ စတိတ်မှာ ကြီးပြင်းခဲ့တော့ ကလေးတွေက စတိတ်မှာပဲ ဆက်နေချင် ဗီဇာကအဆင်မပြေ ပြသနာတွေ မျိုးစုံပါပဲ။ ယိုးဒယားဘုန်းကြီးကျောင်းမှာ ဆုတောင်းလို့ ဆုတောင်းပြည့်ရင် ဆင်ရုပ်သွားလှုရတယ်ဆိုလို့ တရုတ်တန်းမှာ ဈေးအပေါဆုံးဆင်ရုပ် သွားဝယ်ပြီး လှုတယ်။ သြော် ...  ဘုရားလှုှုဖို့ကျတော့ ဈေးအပေါဆုံးရှာဝယ်တယ် ကိုယ့်အတွက်ဆို ဈေးကြီးတာ ရှာဝယ်တယ်။ အလုပ်တဖက်၊ တလခွဲတခါ စာမေးပွဲတွေ ဖြေရတာ အရမ်းပင်ပန်းတယ်။ အလုပ်မှာပင်ပန်းလို့ စာမကြည့်နိုင်၊ စာမကြည့်ဖြစ်တော့ စာမေးပွဲအတွက် စိတ်ပူ၊ စာမေးပွဲတွေ မဖြေနိုင်လို့ စိတ်ဖိစီး လုံးချာလည် လိုက်နေတာပါပဲ။ NC Not Credit ၊ C ၊ B- ၊ B+ ၊ A ရတဲ့ဘာသာတွေလည်း ရှိတယ်။ အရင်တုန်းကတော့ စာမေးပွဲကျမှာကို သိပ်ကြောက်တာ။ စာမေးတွေ ဖြေရတာများလွန်းတော့ မကြောက်တော့ဘူး ဘာလာလာ လာထားပဲ။ ကျရင်နောက်တခေါက်ထပ်ဖြေ ကျောင်းအကြွေးထပ်တိုး credit မရလို့ ဘွဲ့ရဖို့နောက်ကျရုံပေါ့။

Software Enginnering အတန်းတုန်းက တအုပ်စုထဲကျ ကျောင်းတော်ကရန်စရှိတဲ့ တက်စဖာမိခေးလ်နဲ့ ပြန်ဆုံတယ်။ ဟိုင်းလို့ ဝတ်ကြေတမ်းကြေ နှုတ်ဆက်ပေမဲ့ စိတ်ထဲအမြင်ကတ်နေတုန်းပဲ။ ဂျူနီယာမွန်ဂိုလီးယားမလေးနဲ့ဆုံတော့ ကိုယ်တို့ရုံးတွေကလည်း နီးတော့ တခါတလေ နေ့လည်စာ အတူထွက်စားကြတယ်။ စီနီယာခဲတန်က ရုံးချုပ်ကိုပြန်သွားပြီး MTA ရုံးမှာ ပတ်ထရီရှာနဲ့ကိုယ် နှစ်ယောက်တည်း ကျန်ခဲ့တယ်။ ပြီးခါနီး ပရောဂျက် ၄ ခုလောက်ကို တယောက်တည်းလုပ်ရတော့ အရမ်းပင်ပန်းပေမဲ့လည်း ပျော်တယ်။ ဂရမ်းစင်ထရယ်ဘူတာနားက MTA ပရောဂျက်ပြီးတော့ ရုံးချုပ်ကို ပြန်သွားရတယ်။ နယူးယောက်ပြည်နယ် အစိုးရရုံးတခုအတွက် ပရိုပိုဆယ်ပရောဂျက်ရေးပြီးတော့ presentation ပြခါနီးတရက်အလို P6 database နဲ့ ချိတ်ပေးရမယ်ဆိုတော့ ဘယ်ကနေ ဘယ်လိုချိတ်ရမှန်းမသိ။ စီနီယာခဲတန်က Port Authorithy မှာလုပ်နေတဲ့ တွန်မီကိုဖုန်းခေါ် ချိတ်ဆက်ခိုင်းတော့မှ အဆင်ပြေသွားတော့တယ်။ ဆန်ဖရန်စစ္စကိုရုံးက ဆန်ဖရန်စစ္စကို SFMTA ပရောဂျက်ကို ကူလုပ်ပေးရတယ်။ ဆန်ဖရန်စစ္စကိုနဲ့ နယူးယောက်က ၃ နာရီကွာတော့ ကိုယ့်နေ့လည်ထမင်းစားချိန်က သူတို့ဆီမှာ ရုံးတက်ချိန် အစည်းအဝေးတွေ ထိုင်ကြတဲ့အချိန် တခါတလေ နေ့လည်ထမင်းစားဖို့ နောက်ကျတယ်။ အစည်းအဝေးတွေမှာ သူတို့လိုချင်တာတွေနားထောင် စီနီယာခိုင်းတဲ့အတိုင်းလုပ်။ ဒီနေ့SFMTA ဆာဗာဆိုဒ်မှာ တင်ထားတဲ့ Excel ဖိုင်ကို ဒေါင်းလုပ်ချပြီး database ထဲသွင်း။

ဒီနေ့ဒေတာနဲ့ မနေ့ကဒေတာ မတူတဲ့ဒေတာတွေကို Excel  ထဲတည့် C# Windows application ရေးပြီး SFMTA ဆာဗာမှာစမ်းရတာ။ ပရောဂျက်တိုင်း ပညာရတယ်။ Port Authority က ရေးဖြေစာမေးပွဲအောင်ပြီး အင်ဂျင်နီယာဋ္ဌာနက ပရောဂျက်ကိုလုပ်ရတော့ နယူးဂျာဆီပြည်နယ် Newark မှာ အလုပ်ဆင်းရတယ်။ အသွား ၁ နာရီခွဲ အပြန် ၁ နာရီခွဲ တခါတလေ ရထားပေါ်မှာ အိပ်ပျော်သွားတယ်။ အလုပ်နဲ့နီးတဲ့နေရာကို ပြောင်းမလားလို့ အိမ်ရှင်ဂျပန်မကမေးတော့ မပြောင်းဘူးလို့။ ပရောဂျက်က ၆ လ တစ်နှစ်ဆိုပြီးပြီ အိမ်ကောင်းကောင်းရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ Port Authority မှာ အလုပ်လုပ်ရတာ အင်မတန်ပျော်စရာကောင်းတယ်။ ခန့်မှန်းတွက်ချက်တဲ့ဋ္ဌာနက အင်ဂျင်နီယာတွေက သဘောကောင်းကြတယ်။ ၂၀၁၄ ဒီဇင်ဘာ ကိုယ်လက်တွေနာတော့ ရုံးအသစ်ကဝေးလို့ ပင်ပန်းတာနေမှာပါ အနားယူလိုက်ရင် ပျောက်မှာပါ။ လက်ချောင်းအဆစ်တွေ ကြီးလာတော့ ဂေါက်လားမသိ၊ တလောက ဝက်သားနဲ့မျှစ်ချဉ်တွေ စားလို့လားမသိ။ ဆရာဝန်က သေသေချာချာ စမ်းသပ်စစ်ဆေးပြီး လုပက်စ်လို့ထင်တယ် သွေးတွေစစ်ရမယ်တဲ့။ သွေးအဖြေထွက်လာတော့ လုပက်စ်ရောဂါလို့ နာမည်ထပ်ပြီး rheumatologist ဆီလွှတ်တယ်။ ဆရာဝန်က mild lupus ဆိုပြီး ဆေးတွေတိုက်ပေမဲ့ တချိန်လုံးကိုယ်လက်တွေ နာနေတာပဲ။ အရင်တုန်းကလို ပိတ်ရက်ဆိုရင် လမ်းလျှောက်ထွက်၊ တောင်တက်ပေမဲ့ ခုတော့ ကုတင်ပေါ်မှာပက်လက်။ တဖြည်းဖြည်းပိန်လာ လမ်းလျှောက်ရင် ကွတတ၊ အထိုင်အထ၊ အတက်အဆင်း နာတယ်။

ရုံးက နယူးယောက်တဖက်ကမ်း Exchange Place ကိုပြောင်းတော့ အိမ်ကနေ ၁ နာရီ ၁၅ မိနစ်စီးရတယ်။ Pantry မှာ နေ့လည်စာစာရင်း ဂျော်ဒန်ကြီးဂျမားနဲ့ ခင်သွားတယ်။ ဂျမားဟာ အင်မတန်ဗဟုသုတနဲ့ ပြည့်စုံတဲ့သူ သူနဲ့အကြောင်းအရာအားလုံး ဆွေးနွေးလို့ရတယ်။ ကွတတ ထော့နဲ့နဲ့ လမ်းလျှောက်နေတဲ့ ကိုယ့်ကို ငယ်ငယ်လေးနဲ့ လေးဖက်နာဖြစ်ရလားလို့ ပြောကြတယ်။ လုပက်စ်ဟာ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ နေထိုင်မှုပုံစံကြောင့် ဖြစ်ရတာ။ မျိုးရိုးထဲမှာ လေးဖက်နာဖြစ်တဲ့သူလို့မကြားမိ၊ ကချင်၊ ကရင်ပြည်နယ်လို စစ်ဖြစ်တဲ့ဒေသမှာ ကြီးပြင်းခဲ့တာမဟုတ်၊ အစားအသောက်ဆိုရင် ကျန်းမာရေးနဲ့ ညီညွှတ်တာတွေစား၊ အားကစား ကိုယ်လက်လှုပ်ရှားမှု လိုက်စားတဲ့သူဆိုတော့ စိတ်ဖိစီးမှုကြောင့် လုပက်စ်ဖြစ်တယ်လို့ထင်တယ်။ စိတ်ဖိစီးတာကတော့ မပြောနဲ့တော့ စတိတ်ရောက်ကတည်းက ဖိစီးလိုက်တဲ့စိတ်ဆိုတာ တချက်ကလေးမှ စိတ်အေးချမ်းသာ နေရတယ်ကို မရှိဘူး။ ၂၀၁၅ ဇူလှိုင် အဖေ၊ အမေ ဘွဲ့ယူဖို့ လာလည်တော့ ဘာဆိုဘာမှ မစားနိုင်၊ လမ်းမလျှောက်နိုင်၊ ပိန်ညောင်နေတဲ့ ကိုယ့်ကိုကြည့်ပြီး အဖေက မျက်ရည်ကျတယ်။ ဘော်စတွန်ဟာဘားခရူကို  အပေါ်ဆုံးထပ်ကနေစီးလို့မျက်နှာမှာ butterfly rush ဖြစ်ပြီး မည်းကျန်ခဲ့တာ ၂ နှစ်လောက် ကုယူရတယ်။ အရင်လို တောင်တက်ဖို့ဝေးစွ လမ်း ၁၀ မိနစ်လောက် လျှာက်တာတောင် မောလို့။ ကီမိုသရဖီဆေးတွေကြောင့် အဆုတ်ကိုထိပြီး ညာဖက်ဘယ်ဖက် စောင်းအိပ်လို့မရ။ လူက တဖြည်းဖြည်း ပိန်ညောင်လာပြီး ပိန် ၂၀ ကျသွားလို့ ခန္ဓာကိုယ်က လေတိုက်ရင် လွင့်သွားမတတ် ပါးလှပ်လှပ်ပဲ ကျန်တော့တယ်။

နိုင်အာဂရာ ရေတံခွန် မေ ၂၀၁၃။

အားလုံးက ခွင့်ယူပြီး အိမ်မှာနားလို့ ပြောကြပေမဲ့ အိမ်မှာနားရင် ပိုကိုက်တယ်။ ရုံးမှာဆိုရင် တလှုပ်လှုပ်နဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ နာလို့နာမှန်းမသိ။ ခြေကျင်းဝတ်တွေ ယောင်လို့ ဖိနပ်အမာတွေ မစီးနိုင်ဘူး။ ဟင်းမချက်နိုင်ဘူး မြန်မာဆိုင် ၂ ဆိုင်က ဝယ်စားရတယ်။ မကြီးက ဂျပန်အိမ်မှာ မဖြစ်ဘူး မေ့လဲနေရင်တောင် သိမှာမဟုတ်ဘူး မြန်မာအိမ်ပြောင်းဆိုလို့ အခန်းရှာတော့ အသိအစ်မ၊ မွေးစားအမေတို့ နေတဲ့တိုက်က မြန်မာအိမ်မှာ အခန်းရတယ်။ သားအမိသားအဖ ၄ ယောက်ကတခန်း၊ ကိုယ်ကတခန်း။ အဆင်ပြေပေမဲ့ ရုံးကနေပြန်ရောက်ချိန် ည ၇ နာရီဆိုရင် အိမ်ရှင်သားအမိ ၃ ယောက်က တန်းစီရေချိုးခန်းဝင်ကြတဲ့အချိန်ဆိုတော့ အိမ်သာနည်းနည်း ဒုက္ခရောက်တယ်။ ဆရာဝန်အသစ် ပြောင်းပြတာ သက်သာတယ်။ H1B ရတာ ခြောက်လပြည့်ပြီးတဲ့အချိန်မှာ ဂရင်းကဒ်လျှောက်ပေးဖို့ ရုံးကိုပြောတော့ လျှောက်ပေးမယ် ရှေ့နေခ၊ လျှောက်ခ ကိုယ့်ဘာသာ ပေးရမယ်တဲ့။ H1B လျှောက်တဲ့တရုတ်ရှေ့နေက ရှေ့နေခ ခြောက်ထောင်တောင်းတယ်။ ရှေ့နေမှာတောင်မှ H1B ဦးစားပေးလုပ်တဲ့ရှေ့နေ၊ အဆိုင်လမ် ဦးစားပေးလုပ်တဲ့ရှေ့နေ၊ မိသားစု ဦးစားပေးတဲ့ရှေ့နေ အမျိုးမျိုးရှိသေးတယ်။ ဒုက္ခသည်တွေက ရောက်ပြီးတစ်နှစ်ကြာတာနဲ့ ဂရင်းကဒ်ရတယ်။ ဒုက္ခသည်ဆိုတာ နာမည်သာဆိုးတာ ပိုက်ဆံတပြားမှ မကုန်ဘဲ ဂရင်းကဒ်ရတယ်။ အစိုးရက မိသားစုကို ထောက်ပံ့တယ်၊ ကျောင်းတက်ရင် အစိုးရကတောင် ပိုက်ဆံပြန်ပေးသေးတယ်။ အဆိုမ်လမ်က တစ်နှစ်အတွင်း EAD ကဒ်ရပြီး ဂရင်းကဒ်ရမရတာကတော့ case ပေါ်မူတည်တယ်။ ဂရင်းကဒ်ကို လက်ထပ်လို့၊ မိသားစုကခေါ်ရင် ၂ နှစ်အတွင်း ဂရင်းကဒ်ရတယ်။

ဂရင်းကဒ်တွေထဲမှာ အလုပ်ကနေလျှောက်တဲ့ ဂရင်းကဒ်က အခက်ဆုံးပဲ။ အဆင့် ၃ ဆင့်ရှိပြီး တရုတ်၊ အိန္ဒိယတွေက အနည်းဆုံး ၆ နှစ်၊ မြန်မာတွေကတော့ ၂ နှစ်ခွဲလောက်ကြာတယ်။ စတိတ်ရောက်တာ ၁၀ နှစ်ရှိပြီ အလုပ်အဆင်မပြေလို့ ဂရင်းကဒ်မရသေးတာလည်း ရှိတယ်။ Stage 1 : PERM Labor Certification အဆင့်က ၆ လကနေ တစ်နှစ်လောက်ကြာတယ်။ ဒီအလုပ်အတွက် သင့်တော်တဲ့ စီတီဇင်၊ ဂရင်းကဒ်တွေ မရှိလို့ ဂရင်းကဒ်လျှောက်ပေးရတယ်ဆိုတဲ့ သဘော။ ဘယ်ရာထူး၊ လစာဘယ်လောက်ဆိုတာကို HR ၊ ဒါရိုက်တာမက ဆုံးဖြတ်ပြီး job description ကို ရှေ့နေကရေး၊ ဒါရိုက်တာမနဲ့ကိုယ်က ထပ်ဖြည့်။ စိတ်တိုင်းကျပြီဆိုမှ အလုပ်သမားဋ္ဌာနကို တင်တယ်။ အဲဒါ 1. Prevailing Wage Request ပထမအဆင့်။ နောက် 2. Recruitment Period ဒုတိယအဆင့်လုပ်ဖို့အလုပ်ရာထူးကို နယူးယောက်တိုင်းသတင်းစာမှာ ကြေငြာခ ၁၆၀၀ ပေးပြီး ကြေငြာရတယ်။ ဘူတာရုံတွေမှာကမ်းတဲ့ မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ကမ်းတတ်တဲ့ သတင်းစာမှာ ကြေငြာခက ၂၀၀ ပေးရတယ်။ ရုံးက website မှာ အလုပ်ကြေငြာရတယ်။ ရုံးတွင်း အီးမေးလ်ပို့ပြီး အလုပ်ရှိတယ် စိတ်ဝင်စားရင် အီးမေးလ်ပို့ပေးပါလို့ ကြေငြာတယ်။ ရုံးက အလုပ်ကြေငြာတဲ့အီးမေးလ်ရတော့ အလုပ်ရှာနေတဲ့ သူငယ်ချင်း ၂ ယောက် စီဗွီတွေ ပို့ပေးလိုက်တာ နယူးယောက်မှာ နေတဲ့တယောက်ကိုတော့ လူတွေ့အင်တာဗျူးတယ်။ နယ်မှာနေတဲ့တယောက်ကိုတော့ ဖုန်းနဲ့ဗျူးတယ်။ ဒါရိုက်တာမက ဖုန်းဆက်ပြီး စီဗွီတွေမပို့နဲ့လို့ ကြိမ်းမောင်းတော့ ကိုယ့်မှာ နားမလည်နိုင်ဘူး။

အလုပ်ရှိတယ် ကြေငြာပြီး စီဗွီပို့ပေးတာကို မကြိုက်ရင် မဗျူးနဲ့ပေါ့ အဲ့ဒါ စိတ်ဆိုးစရားလားဆိုပြီး စိတ်တိုနေတာ။ တရုတ်မယန်းကို ပြောပြတော့မှ ဟဲ့ အဲ့ဒါဂရင်းကဒ်အတွက် ကြေငြာနေတာ။ နင်က စီဗွီတွေပို့ပေးတော့ သူတို့မှာ အင်တာဗျူးရတယ်၊ documents တွေ လုပ်ရတယ်၊ ဘာလို့ရီဂျက်လုပ်ရတယ်ဆိုတာ အလုပ်သမားဋ္ဌာနကို တင်ရတော့ အလုပ်ရှုပ်တာပေါ့။ အဲ့ဒါကြောင့် နင့်ကို စီဗွီတွေ မပို့ပေးနဲ့လို့ ဆူတာ။ ဒီတော့မှ ဒါရိုက်တာမ ကိုယ့်ကိုဘာလို့ စိတ်တိုမှန်းသိတော့တယ်။ ကိုယ်လား အဲဒီလို ဒူပါတယ် တုံးပါတယ် အပါတယ်ဆို။ အလုပ်သမားဋ္ဌာနက လစာပေးတာနည်းလို့လား၊ သင့်တော့်တဲ့ စီတီဇင်၊ ဂရင်းကဒ်တွေ ရှိရဲ့သားနဲ့ မခေါ်တာလားလို့ သံသယရှိလို့ Audit ဝင်ရင် သူတို့ရှေ့မှာ အင်တာဗျူးပြရတယ်။ စီနီယာ ၂ ယောက် Audit ထိတယ်ကြားတယ်။  ကိုယ့်အတွက် လျှောက်ပေးတဲ့ job description ကို ကြည့်ပြီးတော့ တရုတ်မယန်းက လူတိုင်းလျှောက်နိုင်တဲ့အလုပ်ပဲ။ သူ့အလုပ်ဆို Cognos ပါတော့ တော်ရုံလူမလျှောက်ဘူးတဲ့။ ကိုယ့်ရာထူးအတွက် လျှောက်တဲ့သူမရှိဘူးဆိုပြီး ဝမ်းသာနေတာ တရုတ်မယန်းက Audit ဝင်နိုင်တယ်လို့ သတိပေးတော့ ပျော်တာတွေပျောက်ပြီး စိုးရိမ်မိတယ်။ တတိယအဆင့်က 3. File PERM Application (Priority Date) အလုပ်သမားဋ္ဌာနမှာ လေဘာ certificate လျှောက်ပြီး PD ယူရတယ်။ PD ကအရေးကြီးတယ် လူများတဲ့တရုတ်၊ အိန္ဒိယက PD ရဖို့ ၂ နှစ်လောက် ထပ်စောင့်ရတယ်။ ဘာတွေဆက်ဖြစ်မှာလဲ ဆိုတာတော့ နောက်အပိုင်းမှ ဆက်ပါဦးမယ်။

စန်းထွန်း
ဒီဇင်ဘာ ၁၈၊ ၂၀၁၇။

ဂျီစီ ခရီးကြမ်း - ၉

နေစရိတ်၊ စားစရိတ်၊ ဖုန်းဘေလ်၊ ကားအာမခံ၊ ကျန်းမာရေးအားမခံ စရိတ်တွေက တလကို တထောင်ကျော်လောက်ကုန်တော့ အလုပ်ပြုတ်တာ တလကျော်တာနဲ့ စိတ်ပူရပြီ။  အလုပ်ဘယ်တော့ရမလဲ၊ ဘယ်ပြည်နယ် ဘယ်မြို့မှာ အလုပ်ရမလဲ၊ ဘယ်လိုရုန်းကန်ရဦးမလဲ။ အိမ်က ပိုက်ဆံအတွက် လုံးဝစိတ်မပူနဲ့ ပို့ပေးမယ်ဆိုပေမဲ့ ကျောင်းသားဗီဇာက ကုန်တော့မယ်၊ ကျောင်းလခက မကျေသေးဘူး၊ ဘွဲ့ရဖို့က ခရက်ဒစ်တွေ လိုသေးတယ်၊ အလုပ်မရမှာကို စိတ်ပူရတာပါပဲ။ အလုပ်ပြုတ်တာ ဒုတိယအကြိမ်ဆိုတော့ ပထမအကြိမ် ကန်တက်ကီတုန်းကလိုတော့ စိတ်မပူတော့ဘူး။ နေစရိတ်သက်သာအောင် ဒီဇင်ဘာလမှာ ဆူနမ်တို့အိမ်မှာ ကပ်နေဖို့ပြောကြည့်တော့ ဆူနမ်က ဆူတော့တာပဲ။ အစ်မ၊ မိဘတွေကိုပဲ အားကိုးနေတယ်၊ ဒီအသက်အရွယ်အထိ မရပ်တည်နိုင်သေးဘူး၊ စိတ်ဆိုးရင်လည်း သူငယ်ချင်း ကောင်းဖို့အတွက် ပြောရမယ်။ လာနေလို့ရတယ် အမ်းထရူးကို မေးကြည့်ဦးမယ်၊ သူလည်း ပိုက်ဆံပေးနေတာဆိုတော့။ အဲဒီလို သူငယ်ချင်းအရင်းခေါက်ခေါက်ကပြောတော့ စိတ်ထဲထောင်းခနဲ ဒေါသထွက်တယ်။ ဒါပေမဲ့လည်း သူပြောတာ မှန်နေတော့ နောက်နောင် ကိုယ့်ဘာသာ ရပ်တည်နိုင်အောင် ကြိုးစားမယ် သူများကို အားမကိုးတော့ဘူး။ ဆူနမ့်ကို စိတ်ဆိုးပေမဲ့ ညီအစ်မလိုခင်တဲ့သူငယ်ချင်းက ကိုယ့်ကိုကောင်းစေချင်လို့ပြောတာဖြစ်သလို ကိုယ်ကလည်း စိတ်ထဲတေးထား မှတ်ထားတတ်သူမဟုတ်။ အစတုန်းကတော့ စိတ်ထဲတင်းကနဲဖြစ်ပေမဲ့ နောက်တော့ဘယ်လိုမှ မနေတော့ဘူး။

နယူးယောက်အလုပ်က အော်ဖာကို နိုဝင်ဘာလလယ်မှာရ ပြောင်းရွှေ့ဖို့ ၂ ပတ်ပဲအချိန်ရတယ်။ ပေးသင့်တာတွေပေး၊ ပစ်သင့်တာတွေပစ်၊ နယူးယောက်ကို USPS နဲ့ ပို့သင့်တာတွေပို့။ အားခြင်းစီစဉ်ပြီး နယူးယောက်ကို ၂၀၁၃ ဒီဇင်ဘာ ၇ ရက်နေ့ပြောင်း ၉ ရက်နေ့ ရုံးတက်။ CPT အင်တန်းရှစ် ၂ နှစ်ခွဲက ၂၀၁၃ ဒီဇင်ဘာမှာကုန်ပြီ။ H1B လျှောက်ဖို့မဖြစ်နိုင်သေးတော့ CPT ကို တစ်နှစ်ထပ်တိုးလို့ရလားလို့ ကျောင်းကိုမေးကြည့်တော့ ရတယ် အဝေးသင် လေးဘာသာဆက်တက် ကျောင်းလခ ၆၀၀၀ သွင်းရင် တိုးပေးမယ်တဲ့။ အလုပ်ပြုတ်ထားလို့ ၆၀၀၀ မသွင်းနိုင်ဘူး ခွဲပေးလို့ရလားမေးတော့ တခြားသူဆိုမလုပ်ပေးဘူး ကိုယ့်ကိုတော့ လုပ်ပေးမယ်တဲ့။ ဒီလိုနဲ့ သူများတွေက ၃ နှစ်လောက်နဲ့ မာစတာဘွဲ့ရပေမဲ့ ကိုယ်ကတော့ လေးနှစ်တက်ပြီးမှ မာစတာဘွဲ့ရတယ်။ နယူးယောက်က အလုပ်ရတာနဲ့ ကျောင်းက CPT ကို ၂၀၁၄ ဒီဇင်ဘာအထိ တိုးပေးလိုက်တယ်။ မေရီလန်းမှာ ကြုံတွေ့ခဲ့ရတဲ့ မိတ်ဆွေတွေအကြောင်းကို နောက်မှပို့စ်ရေးဦးမယ်။ မြို့အသစ်၊ အလုပ်အသစ်၊ အိမ်အသစ်၊ ပတ်ဝန်းကျင်အသစ်၊ နေရာဒေသအသစ်မှာ နေသားတကျဖြစ်ဖို့ ၂ လလောက် အချိန်ယူရတယ်။ အိမ်ရှင်တွေက သဘောကောင်းပေမဲ့ အိမ်ရှင့်သမီး ဆယ်ကျော်သက်မလေးက ညဉ့်နက်သန်းခေါင်အထိ ဧည့်ခန်းထဲမှာ ရုပ်ရှင်ကြည့်တယ်။ နယူးယောက်တိုက်ခန်းတွေက ကျဉ်းတော့ အသံအကုန်ကြားရတယ်။ အလုပ်ကပင်ပန်း အိပ်ရေးကမဝ ခေါင်းတွေ အရမ်းကိုက်တယ်။

တပတ်နေပြီးတာနဲ့ ဒီအိမ်နဲ့ရေရှည်မဖြစ်ဘူးဆိုပြီး အိမ်အသစ်ရှာတော့ နတ်ဆုနဲ့မိုချီရှိတဲ့ ဂျပန်အိမ်ကိုတွေ့တယ်။ အိမ်ရှင်ကို တလနို့တစ်ပေးပြီး ၂ လအကြာမှာ ဂျပန်အိမ်ကို ပြောင်းတယ်။ ကိုယ်ရုံးသွားတဲ့ မနက် ၈ နာရီဆို အိမ်ရှင်တွေက အိပ်ယာက မနိုးသေးဘူး။ ကိုယ်အိပ်တဲ့အချိန် ည ၁၁ နာရီ အိမ်ရှင်တွေက အိမ်ပြန်မရောက်သေးဘူး။ စနေ၊ တနင်္ဂနွေပိတ်ရက်က အိမ်ရှင်တွေ ပိတ်ရက်မဟုတ်တော့ အိမ်ရှင်တွေနဲ့ကိုယ် တပတ်နေလို့တခါမှတောင် မတွေ ့ဖြစ်ဘူး။ အစ်မရဲ့သူငယ်ချင်းအစ်မက ဂျပန်အိမ်ကဈေးကြီးတယ် ဈေးသက်သာတဲ့အိမ်တွေ ရှာပေးပေမဲ့ ဂျပန်အိမ်မှာ အဆင်ပြေနေတော့ မပြောင်းတော့ဘူး။ ဘယ်လောက်ပဲဆူညံနေပါစေ အိပ်ပျော်တတ်တဲ့သူဆိုရင် ကိစ္စမရှိပေမဲ့ အသံကြားရင် အိပ်မပျော်တော့ အိမ်လခဈေးကြီးတယ်ဆိုပေမဲ့ ဂျပန်အိမ်နဲ့ပဲ အဆင်ပြေတယ်။ ကိုယ် အရင်တုန်းက ဘယ်လောက်ပဲ ဆူညံနေပါစေ အိပ်ပျော်တယ်။ စတိတ်ကိုရောက်တော့ အိပ်မပျော်တော့တာ စိတ်ဖိစီးမှုတွေ များလို့နဲ့တူပါရဲ့။ ရုံးက ၃၆ လမ်း အင်ပါရာစတိတ် အဆောက်အဦးနောက်လမ်းမှာ တရုတ်ကုမ္ဗဏီဆိုတော့ အလုပ်များတယ်။ ပထမဆုံးလုပ်ရတဲ့ ပရောဂျက်က လဂွါးရီးယားလေဆိပ် ပရောဂျက်ပရိုပိုဆယ် P6 Database ကနေ data တွေကို ဂျူးမကြီးရိုဆာဆီကတောင်း database ဒီဇိုင်းချ။ application ရေးတဲ့တရုတ်က main frame application ပဲရေးဖူးတော့ Sharepoint နဲ့မရေးတတ်။

ဒေတာတွေကို ခဏခဏပြောင်းတော့ ရိုဆာ၊ တရုတ်ကြီးနဲ့ အလုပ်လုပ်ရတာ အင်မတန်စိတ်ပင်ပန်းတယ်။ တလအကြာမှာ ၄၂ လမ်း ဂရမ်းစင်ထရယ်ဘူတာနားက ကလိုင်းရင့် MTA က ပရောဂျက်ကို သွားကူရတယ်။ ကလိုင်းရင့်ဆိုဒ်မှာ အလုပ်လုပ်ရတာ ပိုပျော်တယ်။ ကိုယ့်ကျွှမ်းကျင်တဲ့ ပရိုဂရမ်းမင်းတွေနဲ့ ရေးရတဲ့အပြင် စီနီယာခဲတန်၊ ပရောဂျက်မန်နေဂျာ ပတ်ထရီရှာတို့နဲ့ အလုပ်လုပ်ရတာ အရမ်းအဆင်ပြေတယ်။ H1B လျှောက်ပေးဖို့ ဖေဖေါ်ဝါရီလမှာ ရုံးကိုမေးကြည့်တော့ ဒါရိုက်တာမက ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် ခဲတန်နဲ့ပတ်ထရီရှာတို့ကို ကိုယ့်အလုပ်လုပ်တာ ဘယ်လိုနေလဲလို့ မေးကြည့်တယ်။ နှစ်ယောက်စလုံးက အလုပ်ကြိုးစားတယ် ကလိုင်းရင့်နဲ့လည်း အဆင်ပြေတယ် ပူးပေါင်းဆောင်ရွက်မူလည်း ကောင်းတယ်လို့ ထောက်ခံပေးတယ်။ H1B လျှောက်ဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ရုံးကပေးပြီး ရှေ့နေခ၊ appliciation fees တွေကို ကိုယ့်ဘာသာပေးရတယ်။ ဆူနမ့်ကုမ္ဗဏီကျတော့ ရှေ့နေခ၊ လျှောက်ခတွေကို ရုံးကပေးတယ်။ ရုံးကလူတွေကို မေးကြည့်တော့ ရုံးကတော်တော်များများ တရုတ်ရှေ့နေနဲ့ လုပ်ကြတယ်။ ရှေ့နေခ ၁၅၀၀၊ application fee ၁၅၀၀ ကို ရုံးက ချက်လက်မှတ်ရေးပေး၊ ရုံးကို ကိုယ်ကပြန်ပေး၊ Fedex ဖိုး ဘာကြေးညာကြေးနဲ့ H1B အတွက် ၃၀၀၀ -  ၃၅၀၀ လောက်ကုန်တယ်။ ပထမဆုံး H1B ဆိုရင် ဧပြီ ၁ ရက်နေ့မှာပဲ လက်ခံတဲ့အတွက် ဧပြီ ၁ ရက်နေ့အရောက် အစိုးရကလက်ခံတဲ့ ၈၅၀၀၀ ထဲပါအောင် ပို့ရတယ်။

လစ်ဘာတီရုပ်တု နယူးဂျာဆီပြည်နယ်
ဇှုလှိုင် ၄၊ ၂၀၁၃။

ဧပြီ ၁ ရက်နေ့ အမှီပို့ဖို့ အချက်အလက်တွေ မှန်မမှန်၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေပါမပါ သေသေချာချာ အထပ်ထပ်စစ်ရတယ်။ အစိုးရကသတ်မှတ်ထားတဲ့ ၈၅၀၀၀ ထက် လျှောက်တဲ့သူအရေအတွက်က ၃ ဆများနေလို့ lottery စနစ်နဲ့ အရင်စစ်ချတယ်။ lottery အောင်မှ နောက်တဆင့် စဉ်းစားတယ်။ H1B လျှောက်လွှာကို ဧပြီ ၁ မှာ တင်ရပြီး အောက်တိုဘာကို အဖြေသိရပြီ။ အဖြေမသိခင် ကျောင်းသားဗီဇာကုန်သွားခဲ့ရင် ခွင့်ယူ၊ unpaid leave ယူပြီး H1B Approved ဖြစ်ပြီဆိုမှ အလုပ်ပြန်လုပ်လို့ရတယ်။ ရုံးက H1B လျှောက်တဲ့ ၆ ယောက်ထဲမှာ ၃ ယောက်က ရီဂျက်ဆိုတဲ့သတင်း စီနီယာခဲတန်ဆီက ကြားတော့ နေမကောင်းချင်သလိုတောင်ဖြစ်တယ်။ အိန္ဒိယမလေးက approved ဖြစ်ပြီး ပီအိပ်ချ်ဒီတက်နေတဲ့ တလောကမှ သမီးလေးမွေးထားတဲ့ တရုတ်ကလေးက ရီဂျက် ။ စန်းစန်း နင့်မှာ ဘာကဒ်ရှိလဲလို့ ရှေ့နေကမေးတော့ SSN (Social Security Number) ကဒ်၊ ဒရိုင်ဘာလိုင်စင်ကဒ်ရှိတယ်။ အီးအေဒီ EAD ကဒ်လိုမျိုးရှိလား ဘာကဒ်မှမရှိဘူး I20 စာရွက်ရဲ့ နောက်ဆုံးစာရွက်မှာ ဘယ်ကုမ္ဗဏီ၊ ဘယ်နေရာ၊ ဘယ်လိုရာထူးနဲ့၊ ဘယ်နေ့ဘယ်ရက်အထိ CPT အင်တန်းရှစ် အလုပ်လုပ်ခွင့်ရှိတယ်ဆိုတဲ့ စာရွက်ပဲရှိတယ်။ အဲဒါကို USCIS ဗာမွန်ရုံးက အီးအေဒီကဒ်တင်ပါဆိုတော့ ဘယ်လိုလုပ်ရမလဲ။ အရာရှိက ဗီဇာအကြောင်း နားမလည်ဘူး ပြန်တင်ရမယ် ပြန်တင်ခ ၅၀၀ ပေးရမယ်။ ကျောင်းသားဗီဇာကလည်း ကုန်တော့မယ် H1B ကလည်း ရီဂျက်များတယ် ကြားတယ်။

ကျောင်းကို CPT အင်တန်းရှစ် ထပ်တိုးလို့ရလားမေးကြည့်တော့ ထပ်မတိုးပေးနိုင်တော့ဘူး၊ တခြားကျောင်းကိုရှာ၊ တက္ကသိုလ်၊ NGO အလုပ်မျိုးကိုရှာ၊ သူတို့က ကိုတာမလိုတော့ H1B ၊ ဂရင်းကဒ် လျှောက်ရင်မြန်တယ်။ အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ဗော်လန်တီယာလုပ်ဖူးတဲ့ အဖွဲ့အစည်းကို မေးကြည့်တော့ အလုပ်မရှိဘူး။ ဆူနမ့်ကို မေးကြည့်တော့ ဒယ်လာဝဲယားပြည်နယ်မှာ ကျောင်းတကျောင်းရှိတယ်။ ကိုယ်တို့လို ဗီဇာအခက်အခဲကြုံတဲ့ ကျောင်းသားတွေကို ရိုက်စား အဲလေ ခဏကယ်တင်ပေးတဲ့ကျောင်း ဆိုပါတော့။ ပထမဆုံးနေ့မှာ CPT ထုတ်ခိုင်းတဲ့ ဒီတော့ ငါးရက်အလုပ်လုပ် ပိတ်ရက်မှာ ကျောင်းသွားတက် H1B Approved ဖြစ်ခဲ့ရင် မတက်နဲ့တော့။ H1B ရီဂျက်ဖြစ်ခဲ့ရင် ကျောင်းဆက်တက် နောက်နှစ် H1B ဆက်လျှောက် ရရင်ကျောင်းမတက်နဲ့တော့။ ဘွဲ့ရဖို့ထက် ဗီဇာ status ကို ထိန်းတဲ့သဘော။ လိုအပ်တဲ့ အလုပ်အော်ဖာစာ၊ လခ ၃ လ၊ ဘဏ်စာရင်း ၃ လ၊ ဘွဲ့လက်မှတ်၊ အမှတ်စာရင်း၊ grading ၊ transcripts တွေပို့တော့ ကိုယ့်လျှောက်လွှာကို လက်မခံဘူး grading ၃ အောက် နည်းနေလို့တဲ့။ ကျောင်းက မပြီးသေးဘူး ကျောင်းပြီးရင်တော့ grading ၃ ကျော်မှာပါ ဆူပါဗိုက်ဆာ၊ ပရော်ဖက်ဆာတွေဆီက ထောက်ခံချက်ယူပေးပါမယ်လို့ ပြောတာတောင် လက်မခံဘူး။ အစ်မသူငယ်ချင်းက ယိုးဒယားဘုန်းကြီးကျောင်းက ဆုတောင်းပြည့်တယ်လို့ပြောလို့ သွားဆုတောင်းသေးတယ်။

ကိုယ်ကြိုးစားလို့ရတာ အကုန်ကြိုးစားပြီးပြီ H1B ရမရကတော့ ကံပဲ။ မရရင် ၂၀၁၄ ဒီဇင်ဘာ CPT ကုန်တဲ့အထိ အလုပ်လုပ် ကျောင်းအကြွေးတွေဆပ်။ နေဖို့ကံပါရင်တော့ ရလိမ့်မယ် ကိုယ်လုပ်နိုင်တာက ဆုတောင်းတာပဲ လုပ်နိုင်တော့တယ်။ ၂၀၁၃ စက်တင်ဘာ ၁၁ ကျောင်း replacement office က ဂျူလီက စက်တင်ဘာ ၉  ရက်နေ့မှာ ကိုယ့် status ပြောင်းသွားတဲ့အကြောင်း၊ H1B ရပြီ အောက်တိုဘာ ၁ ရက်နေ့မှာ effect ဖြစ်မဲ့အကြောင်း၊ ကွန်ဂရက်ကျူလေးရှင်းလုပ်တဲ့ အီးမေးလ်ရတော့မှ ရှေ့နေ့ကိုလှမ်းမေး ရှေ့နေက အတည်ပြုပေးတော့မှ ပျော်လိုက်တာ။ နောက်ထပ် ၃ နှစ်နေလို့ရပြီ အလုပ်မပြုတ်ရင်ပေါ့ H1B နဲ့က အလုပ်ပြောင်းဖို့မလွယ်ဘူး။ အလုပ်ပြောင်းချင်ရင် အလုပ်အသစ်က H1B Transfer လျှောက် ရတော့မှ အလုပ်သစ်ကို ပြောင်းကြတာများတယ်။ H1 Transfer လို့ ခေါ်ကြပေမဲ့ H1 အသစ်တင်တာပါပဲ။ ဒါပေမဲ့ ပထမဆုံး H1B လျှောက်သလို ဧပြီ ၁ ရက်နေ့မှ တင်ရတာမဟုတ်ဘူး။ ကြို က်တဲ့အချိန်မှာ ကြိုက်သလောက်  H1B Transfer လျှောက်လွှာ တင်လို့ရတယ်။ H1 Transfer ၂ ခုလျှောက်တယ်ဆိုပါတော့ ၂ ခုစလုံးရရင်တောင် ၁ ခုပဲ အလုပ်လုပ်ခွင့်ရှိတယ်။ H1 Transfer လုပ်ရင် အလုပ်တခုနဲ့တခုကြား gap ဖြစ်နေရင် စာရွက်စာတမ်းတွေ ထပ်တောင်းခံရ ရီဂျက်ဖြစ်နိုင်တယ် safe မဖြစ်ဘူးဆိုပါတော့။ ဒီရုံးမှာပဲ ဂရင်းကဒ်ရတဲ့အထိနေပြီး ဂရင်းကဒ်ရတာနဲ့ အလုပ်ထွက်မယ်လို့ စိတ်ကူးထားပေမဲ့ ကြံစည်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ ခက်ခဲရှုပ်ထွေးလှတဲ့ employment based ဂရင်းကဒ်လျှောက်တဲ့အခါ ကြုံတွေ့ရတာတွေကတော့ နောက်အပိုင်းမှ ဆက်ပါဦးမယ်။

စန်းထွန်း
ဒီဇင်ဘာ ၁၄၊ ၂၀၁၇။

ဂျီစီ ခရီကြမ်း - ၈

အလုပ်ပြုတ်ပြီဆိုတာနဲ့ ကျောင်းကို အရင်ဆုံး အကြောင်းကြားတော့ ကျောင်းက ကျောင်းလခအကြွေး  လစဉ်ဆပ်နေတာတွေကို ရပ်ပေးတယ်။ အလုပ်ရပြီဆိုတာနဲ့ ကုန်ကျစရိတ်၊ လခတွေပေါ်မူတည်ပြီး ကျောင်းလခအကြွေး တလကိုဘယ်လောက် ဆပ်ရမယ်ဆိုတာ ကျောင်းကဆုံးဖြတ်ပါတယ်။ အလုပ်ဝင်ပြီး ၂ လဆိုတာနဲ့ ကျောင်းအကြွေးတွေ စဆပ်ရပြီ။ အတိုးနူန်းက ၉  လား ၁၂ လား မမှတ်မိတော့ဘူး အတိုးနှုန်းများလို့ ဆပ်နိုင်သမျှ များများဆပ်နိုင်အောင် ကြိုးစားရတယ်။ ဖယ်ဒရယ်ခွန်၊ စတိတ်ခွန် (ပြည်နယ်ပေါ်မူတည်ပါတယ် တန်နက်ဆီ၊ တက္ကဆပ်ပြည်နယ်တို့က ပြည်နယ်ခွန် ပေးစရာမလို။ ပြည်နယ်ခွန် ပေးစရာမလိုတော့ လစာလည်း နည်းတယ်။ ကိုယ်နေတဲ့ ကန်တက်ကီပြည်နယ်ကတော့ ပြည်နယ်ခွန် ပေးရတယ်) ၊ Social Security (ပင်စင်ခွန်) ပေးရပြီး မက်ဒီကဲလ်ခွန် (ကျန်းမာရေးခွန်) တော့ ပေးစရာမလို။ အခွန်တလ တထောင်ကျော် နှစ်ထောင်နီးပါး ဆောင်ရတယ်။ ဆူရှီလိပ်တဲ့ကောင်လေးတယောက်က သူကတော့ ဆူရှီလိပ်တာ ဘယ်လောက်ရတယ် ဘယ်လောက်ကုန်တယ် ဘယ်လောက်ကျန်တယ် အစ်မလစာ ဘယ်လောက်ရလဲမေးတော့ ရတဲ့လစာထက် အများကြီးလျှော့ပြော ကျောင်းအကြွေး တလကိုဘယ်လောက်ဆပ်ရတယ် လကုန်ပိုက်ဆံကုန် တပြားမှမစုမိဘူးလို့ ပြောလိုက်ရဖူးတယ်။ သူ့လစာက အစိုးရကို ကိုယ်အခွန်ဆောင်နေသလောက်ပဲဆိုတာ သိသွားရင် စိတ်အားငယ်မှာစိုးလို့။

စတိတ်ကျောင်းကို ရောက်တာနဲ့ ပထမဆုံးသင်ရတာ အမေရိကန်ယဉ်ကျေးမှုသင်ခန်းစာ။ အမေရိကန်မှာ အသက်၊ အိမ်ထောင်ရှိလား၊ ကလေးရှိလား၊ ဘာလုပ်သလဲ၊ လစာဘယ်လောက်ရလဲမေးတာ အင်မတန်ရိုင်းပါတယ်တဲ့။ လစာအနည်းအများဆိုတာ ပညာ၊ အရည်အချင်း၊ ကံတရားပေါ် မူတည်ပါတယ်။ ဆူရှီလိပ်တဲ့သူရဲ့လစာနဲ့ အိုင်တီသမားလစာ အရမ်းကွာသလို အိုင်တီသမားရဲ့ တလဝင်ငွေဟာ ကလေးအထူးကု ဆရာဝန်တယောက်ရဲ့တရက်ဝင်ငွေပဲ ရှိတယ်။ ကိုယ့်ထက်တော်တဲ့သူက ကိုယ့်လောက်အလုပ်ကံမကောင်း ကိုယ့်လောက်မတော်တဲ့သူက အလုပ်ကံကောင်းတာတွေ တွေ့ရတော့ ကံတရားကို ယုံကြည်လာတယ်။ ၂၀၁၂ ဒီဇင်ဘာ ခရစ်စမတ်ပိတ်ရက် ၁၀ ရက် မေရီလန်းကို လာလည်တုန်းက ရာဂျတ် အိုင်ဘီအမ်မှာ အလုပ်ရတယ်ဆိုပြီး LinkedIn ဆိုဒ်မှာ တွေ့လိုက်တဲ့အကြောင်း ဆူနမ်တို့ကို ပြောပြတော့ ရာမားက အမှတ်မှားတာနေမှာပါလို့တောင် ပြောသေးတယ်။ မာစတာဘရိမ်းလို့ ကိုယ်တို့နာမည်ပေးထားတဲ့ မိုင်းဖန် အိုင်ဘီအမ်အင်တာဗျူး ၃ ဆင့်မှာကျ၊ ကန်တက်ကီအလုပ်က ဆူပါဗိုက်ဆာဝီလီယမ်ဂရင်းက အိုင်ဘီအမ်အင်တာဗျူး ၂ ဆင့်မှာကျ။ မိုင်းဖန်ဆီကနေ အိုင်ဘီအမ်အင်တာဗျူး အရမ်းခက်တယ်လို့ ကြားဖူးတယ်။

၂၀၁၃ ဖေဖေါ်ဝါရီ မေရီလန်းပြည်နယ်ကိုပြောင်းတော့ တန်နက်စီပြည်နယ်က အမ်းထရူးက ဆူနမ့်အိမ်မှာ ရောက်နှင့်နေပြီ။ ရာဂျတ်နဲ့အမ်ထရူးက တန်နက်စီပြည်နယ် မန်းဖစ်မြို့က ယူပီအက်စ်ရုံးမှာ အတူလုပ်ခဲ့တယ်။ သူ သိပ်မလုပ်နိုင်ဘူး သိပ်ခက်တာတွေ မခိုင်းပါနဲ့ လွယ်တာတွေပဲ ခိုင်းပါလို့ ဆူပါဗိုက်ဆာကို ပြောတဲ့ ရာဂျတ်။ ဆူနမ်၊ ရာမား၊ ဂင်္ဂါ၊ ရာဂျတ်တို့က နီပေါကနေ ကျောင်းတက်ဖို့ စတိတ်ကို အတူလာခဲ့ကြတာ။ ပိတ်ရက်တွေဆို ထရေလာမှာ ထမင်းစုချက်စားရင် ရာဂျတ်က အာလူးသုတ်ကို မဆလာတွေ အများကြီးထည့်လို့ သူပဲစားနိုင် ကျန်တဲ့သူတွေ မစားနိုင်။ ကျောင်းသား ၅ ယောက် စုဝယ်ထားတဲ့ကားကို ရာဂျတ်ပဲ မောင်းလွန်းလို့ သူငယ်ချင်းတွေ ငြိငြင်တာခံရတဲ့သူ။ ရာဂျတ်ဟာ ကိုယ်ချင်းစာစိတ်၊ မျှတတဲ့စိတ်မရှိလို့ သူ့ကိုဘယ်သူမှ ရင်းရင်းနှီးနှီး မပေါင်းဘူး။ အိုင်ဘီအမ်မှာလုပ်နေတဲ့ သူ့သူငယ်ချင်းအိန္ဒိယသားက အလုပ်သွင်းပေးတာဆိုပေမဲ့ အင်မတန်ခက်တဲ့ အင်တာဗျူး ၅ ဆင့်ကို ဘယ်လိုကျော်ဖြတ်ခဲ့လဲမသိ။ သူ့အကြောင်း အမ်းထရူးဆီကနေ သိထားတော့ ရာဂျတ် အိုင်ဘီအမ်မှာ အလုပ်ရတာကို အံ့သြကြတာပေါ့။ ကိုယ်တို့လေးယောက် ခရီးတွေသွားကြတာကို မြောက်ဘက်အကျဆုံး ကနေဒါနဲ့ကပ်လျက် မင်နီဆိုးတားပြည်နယ်မှာနေတဲ့ ရာဂျတ်က အားကျတယ်လို့ပြောရင် ကိုယ်တို့ကလည်း အိုင်ဘီအမ်မှာ အလုပ်ရစမ်းပါ ဝေးလံခေါင်သီတဲ့နေရာမှာ နေနိုင်ပါတယ်လို့။

အိုရှင်းစီးတီး၊ မေရီလန်းပြည်နယ်၊ ဂျူလှိုင် ၇၊ ၂၀၁၃။

စတိတ်မှာ အရင်ဆုံး ဖုန်းအင်တာဗျူး၊ ရေးဖြေစာမေးပွဲအောင်မှ လူတွေ့အင်တာဗျူး ခေါ်ပါတယ်။ မေရီလန်းကို ရောက်တာနဲ့ လူတွေ့အင်တာဗျူး ၃ ၊ ၄ ခုလောက် ရတယ်။ အလယ်ပိုင်းထက်စာရင် အရှေ့၊ အနောက်ကမ်းခြေ၊ တောင်ဖက်ပိုင်းတွေမှာ အလုပ်ပိုပေါတော့ အလုပ်မြန်မြန် ရလွယ်တယ်။ အဲဒါကြောင့် ကွန်ပျူတာသိပ္ဗံဋ္ဌာန ဒါရိုက်တာအီလင်းက ကိုယ့်ကို မြို့ကြီးတွေမှာ အလုပ်သွားရှာလို့ အကြံပေးတာ။ ရာမားသွင်းပေးလို့ အမ်းထရူးက ရာမားလုပ်နေတဲ့ ကုမ္ဗဏီမှာ အလုပ်ရတယ်။ စတိတ်မှာ networking အဆက်အသွယ်က အရမ်းအရေးပါတယ်။ သူငယ်ချင်း၊ စီနီယာတွေက သွင်းပေးရင်၊ ဆူပါဗိုက်ဆာ၊ ပရော်ဖက်ဆာတွေက ထောက်ခံချက်ရေးပေးရင် မြန်မြန်အလုပ်ရတယ်။ အလုပ်ပြုတ်တာ ၃ လခွဲရှိပြီဆိုတော့ ကျောင်းမှာ ပရောဂျက်စီမံခန့်ခွဲရေး ၁ လသင်တန်း သွားတက်ရတယ်။ လေယာဉ်ခမတတ်နိုင်လို့ ဘတ်စ်ကား နေ့လည် ၂ နာရီ မေရီလန်းပြည်နယ်ကထွက် ပန်ဆယ်ဗေးနီးယားပြည်နယ် ပစ်စဘာ့ဂ်မြို့ မှာကားပြောင်း အိုဟိုင်းရိုးပြည်နယ်ကိုဖြတ် အီလီနွိုက်ပြည်နယ် ချီကာဂိုမြိ ု့မှာ ကားပြောင်း အိုင်အိုဝါပြည်နယ် ဘာလင်တန်မြို့မှာ ကားပြောင်း နောက်နေ့ညနေစောင်း ၄ နာရီလောက်မှာ အိုင်အိုဝါပြည်နယ် ဖဲလ်ဖီးမြို့ကိုရောက်တယ်။ ပစ်စဘာ့ဂ်မြို့လေးက ကလောမြို့လေးလို အင်မတန်သာယာတယ်။ ဘတ်စ်ကားဂိတ်ကနေ ကျောင်းကို နာရီဝက်လောက် လမ်းလျှောက်ရတယ်။ ကျောင်းသားရေးရာဋ္ဌာနကို လာကြိ ုဖို့ အကူအညီတောင်းလို့ရပေမဲ့ လမ်းလျှောက်ချင်လို့။ ဒီတခေါက် ကျောင်းပြန်ရတာ ကိုယ့်မြို့ကိုယ့်ဇာတိကို ရောက်သလို ခံစားရတယ်။

ကျောင်းသားရေးရာဋ္ဌာနကိုသွား စာရင်းသွင်း အခန်းသော့၊ ထမင်းစားလက်မှတ်တောင်း။  ပရောဂျက်စီမံခန့်ခွဲမှုသင်တန်းမှာ ကယ်လီဖိုးနီးယားပြည်နယ်ကလာတဲ့ တရုတ်၊ ဝါရှင်တန်ပြည်နယ်ကလာတဲ့ မွန်ဂိုလီးယား၊ မေရီလန်းကလာတဲ့ ကိုယ် သုံးယောက်တည်း။ အားလုံးက ၃ လအတွင်း အလုပ်မရလို့ ကျောင်းသားဗီဇာ စတေးတပ်ကို ထိန်းတဲ့အနေနဲ့ ကျောင်းကိုပြန်လာရတာ။ သူတို့ ၂ ယောက်မှာ ကားပါလာတယ်။ မွန်ဂိုလီးယားကျောင်းသားက ကားကို shipping နဲ့ပို့၊ တရုတ်ကျောင်းသားက ကားမောင်းလာတာ။ ကန်တက်ကီပြည်နယ်ကနေ မေရီလန်းပြည်နယ်အထိ မိုင် ၆၀၀ မောင်းတဲ့အကြောင်း ပြောပြတော့ နင့်မှာ ချိန်းပါလား၊ ကားတာယာမှာ ရေခဲခွဲတဲ့ဟာတွေပါလား မပါဘူး ကားအကြောင်း နားလည်လား နားမလည်ဘူး။ အဲဒါတွေမပါဘဲ မိန်းကလေးတယောက်တည်းမောင်းတာ တော်တော်မိုက်မဲတာပဲလို့ ကောင်းချီးပေးကြတယ်။ သူတို့ ၂ ယောက်က အာဂျီရိုဆောင်မှာ မနက်နဲ့နေ့လည်စာပဲစားတယ် ညနေစာကို အပြင်မှာစားတယ်။ တနှစ်လုံး အာဂျီရိုဆောင်မှာ ဖြစ်ညှစ်စားခဲ့ပြီးပြီ တော်ပါတော့ နောက်ထပ်မစားနိုင်တော့ဘူးတဲ့။ အာဂျီရိုဆောင်က အော်ဂင်းနစ်အသီးအနှံတွေက အင်မတန်ကောင်းတယ်။ ဒါကြောင့် မြို့ထဲကအငြိမ်းစားတွေ ကျောင်းမှာလာစားကြတာ။ ကိုယ်ရဲ့မက်ဘုတ်ကွန်ပျူတာထဲကို ကျောင်းကအင်တာနက်ကေဘယ်သွင်းလို့မရလို့ ဆူနမ့်ကို လှမ်းမေးတော့ အဲ့ဒီအကြောင်း ခုပဲပြောနေကြတာတဲ့။ ဝေါမတ်ဆိုင်မှာ router သွားဝယ်ပြီး အင်တာနက်ကေဘယ်ကို router ထဲထည့်တော့မှ အဆင်ပြေတယ်။ ကျောင်းရောက်ပြီး တပတ်အကြာ အလုပ်အော်ဖာရလို့ မေရီလန်းကို ပြန်ခဲ့တယ်။ အဲဒီ router ကို ဝေါမတ်ဆိုင်ပြန်ပို့ တပတ်အလကားသုံးလိုက်ရတယ်။

အပြန်ဘတ်စ်ကားမှာ အင်ဒီယားနားပြည်နယ် အင်ဒီယားနားပိုလစ်မြို့က တက်လာတဲ့ မြန်မာမလေးနဲ့ မိတ်ဆွေဖွဲ့ သူက နယူးယောက်သွားမှာတဲ့။ အဲဒီလိုနဲ့ ချီကာဂိုမြို့လည်ခေါင်ကို ထရန်စစ်အနေနဲ့  ဘတ်စ်ကားနဲ့ လေးခေါက်ဖြတ်ဖူးပေမဲ့ ချီကာဂိုမြို့ထဲ တခါမှမလည်ဖူးခဲ့ဘူး။ အလုပ်က ဝါရှင်တန်ဒီစီမြို့ထဲက ကယ်ပီတယ်ဘေးနားမှာ။ အင်တာဗျုးတဲ့သူက hazel မျက်လုံးအရောင်လှလှနဲ့ လူမည်းစပ်တဲ့သူ၊ အလုပ်က အလုပ်သမားဋ္ဌာနကို လုပ်ပေးရမှာဆိုတော့ စီတီဇင်လိုချင်တာ၊ တစ်နှစ်ပြည့်ရင် H1B လျှောက်ပေးမယ်တဲ့။ တရုတ်မ ကလဲယားနဲ့ကိုယ်က တခန်းတည်း၊ အမေရိကန် ၂ ယောက်၊ အိန္ဒိယတယောက်၊ ပရောဂျက်မန်နေဂျာ၊ business analyst ၊ office staff ၊ HR ဒီစီရုံးမှာ ၁၀ ယောက်လောက်ပဲရှိတယ်။ ဆူနမ်တို့အိမ်ကနေ ဘူတာရုံကို ငါးမိနစ်မောင်း၊ ကားကိုဘူတာရုံမှာထား၊ ရထား ၁ နာရီ ၂၀ မိနစ်စီး။ အလုပ်ဝင်ပြီး တလမပြည့်ခင် အိမ်ခန်းရှာတယ်။ Rockville က မြန်မာအိမ်၊ အိန္ဒိအိမ် သွားကြည့်တယ်။ မြန်မာအိမ်ရှင်က သဘောကောင်းပေမဲ့ ရေချိုးခန်းကို ယောကျ်ားလေး ၂ ယောက်နဲ့ ရှယ်သုံးရမယ်။ Silver Springs က townhouse အိမ်ရှင်က အမည်းမ၊ ရေချိုးခန်းအိမ်သာ တယောက်တည်းသုံးရတယ်၊ ဈေးနည်းနည်းကြီးပေမဲ့ အဲဒီအိမ်ပဲ ရွေးဖြစ်တယ်။ အိမ်ကနေ ဘူတာရုံကို ငါးမိနစ်မောင်း၊ ဘူတာရုံမှာ ကားထားခဲ့၊ အနီရောင်လိုင်းအစ Glemont ဘူတာကနေ ဝါရှင်တန်ဒီစီမြိ ု့ထဲကို နာရီဝက်လောက်စီး။ ဆူနမ်တို့က အနီရောင်အဆုံး Shady Grove ဘူတာနားမှာနေတာ။ ရထားအစအဆုံးဆိုရင် ၁ နာရီခွဲလောက်ကြာပေမဲ့ အိမ်ကနေ ဆူနမ့်အိမ်ကို မိနစ် ၂၀ လောက်ပဲ မောင်းရတယ်။

ဂရိတ်စမုတ်ကီတောင်၊ တန်နက်ဆီပြည်နယ်၊ စက်တင်ဘာ ၂၄၊ ၂၀၁၃။

ဆူနမ်တို့နဲ့ နိုင်အာဂရာရေတံခွန်၊ နယူးယောက်၊ တန်နက်စီပြည်နယ်က ဂရိတ်စမုတ်ကီးတောင်၊ အိုရှင်းစီးတီး၊ ဗာဂျီးနီးယားပြည်နယ် ခရီးတွေသွားဖြစ်တယ်။ အလုပ်သမားဋ္ဌာနက ငါးနှစ်ကွန်းထရပ်ကို ၃ နှစ်နဲ့ရပ်ပြီး တခြားကုမ္ဗဏီကို ပေးချင်နေတာဆိုတော့ အလုပ်သိပ်မရှိဘူး။ ကုမ္ဗဏီကလည်း ကွန်းထရပ်မရပ်ဖို့ ကြိုးစားနေတယ်။ သောကြာနေ့ဆို တရုတ်မ ကလဲယားကွမ်း၊ စင်္ကာပူသူ နီကိုးတို့နဲ့ နေ့လည်စာစား။ ပိတ်ရက်ဆို နေရှင်နယ်မောလ်က ပြတိုက်တွေသွား။ နေရှင်နယ်မောလ်မှာ ကိုယ်မရောက်ဖူးတဲ့ ပြတိုက် ၂ ခုပဲ ကျန်တော့တယ်။ ကလဲယားကွမ်းနဲ့ မေရီလန်း၊ ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယား ပြည်နယ် ၃ ခုဆုံတဲ့ ဟာပါးဖယ်ရီမှာ တောင်သွားတက်ကြတယ်။ ၂၀၁၃ အောက်တိုဘာ ၁ ကနေ ၁၆ အထိ အစိုးရပိတ်လိုက်တော့ ရုံးတော်တော်များများ ပိတ်ကြတဲ့အထဲ ကိုယ်တို့ရုံးလည်းပါတယ်။ ရာမားနဲ့ အမ်းထရူးတို့ရုံး NIH (National Institute of Health) ကတော့ အောက်တိုဘာ ၁၇ မှာ ပြန်ဖွင့်ပေမဲ့ ကိုယ်တို့ရုံးကတော့ ဖွင့်မလာခဲ့ဘူး။ ကွန်းထရပ်ကို တခြားရုံးက ရသွားပြီမို့  အလုပ်ပြုတ်ပြန်ပြီပေါ့ နှစ်ခါ။ ကလဲယား၊ စီနီယာတွေကို ကွန်းထရပ်ရသွားတဲ့ရုံးက ပြန်ခေါ်တယ်။ ကလဲယား၊ ဗီယက်နမ်လေး သက်ငုယင်က ထောက်ခံပေးပေမဲ့ စီတီဇင်မဟုတ်၊ ပရောဂျက်အစကတည်းက ပါခဲ့တဲ့သူမဟုတ်လို့ ကိုယ့်ကိုမခေါ်ဘူး။ ကိုယ့် resume ကို monster ဆိုဒ်မှာတွေ့လို့ နယူးယောက်အလုပ်ကို စိတ်ဝင်စားလားတဲ့။

ဖုန်းအင်တာဗျူးအောင်ပြီး နယူးယောက်မှာ ရေးဖြေ၊ လူတွေ့စာမေးပွဲ လာဖြေဖို့ခေါ်တယ်။ အိမ်ရှင့်တူမ ဇာရာလည်း နယူးယောက်ကို ရောက်ဖူးချင်တော့ ဘတ်စ်ကားနဲ့ နယူးယောက်ကို မနက်သွားညပြန် သွားကြတယ်။ Port Authority Bus Terminal ကနေ မြို့ထဲလမ်းလျှောက် Bryant Park ဝင်လည် နေ့လည် ၂ နာရီထိုးတော့ ၃၆ လမ်းရုံးကိုသွား ရေးဖြေလူတွေ့အင်တာဗျူးဖြေ။ ဂရမ်းစင်ထရမ်နားလျှောက်လည် ညနေ ၅ နာရီထိုးခါနီး ဘတ်စ်ကားဂိတ်ကိုပြေး ညဉ့်နက်မှ ဝါရှင်တန်ဒီစီရောက်တယ်။ ကော်လိုရာဒိုပြည်နယ် တက္ကသိုလ်တခုက အော်ဖာကမ်းချင်တယ်။ အကြီးအကဲတယောက် ပြန်ရောက်ပြီး ဆုံးဖြတ်တာကို စောင့်နေတာတဲ့။ နယူးယောက်အလုပ်က အော်ဖာကမ်းလားတော့ နယူးယောက်အလုပ်ကို ယူရမလား၊ ကော်လိုရာဒိုအလုပ်ကို စောင့်ရမလား။ ဆူနမ်တို့ကတော့ နင် တောင်တက်တာ ဝါသနာပါတော့ ကော်လိုရာဒိုပြည်နယ်မှာဆို တက်စရာတောင်တွေမှ အများကြီး။ ဒါပေမဲ့ နင် တယောက်တည်း ဖြစ်နေမှာနော် အာရှသားနည်းလိမ့်မယ် နယူးယောက်ကတော့ ပိုကောင်းမယ်ထင်တယ်။ အိမ်ရှင်ရှယ်ရွန်က နယူးယောက်မှာ ၁၈ နှစ်နေခဲ့ဖူးတော့ နယူးယောက်ကိုရွေးဖို့ အားပေးတယ်။ နယူးယောက်က the city that never sleep ၊ if you can make in NYC, you can make it anywhere လို့ပြောလာတော့ နယူးယောက်က အော်ဖာကို လက်ခံလိုက်တယ်။ အိမ်ရှင်ကို ပီဇာဝယ်‌ကျွှေးတော့ ဝိုင်တိုက်ပြီး ဂုဏ်ပြုတယ်။ ကန်တက်ကီမှာတုန်းကလို craglist မှာရှာ အီးမေးလ်နဲ့အဆက်အသွယ်လုပ်၊ သွားမကြည့်ဘဲ တခါတည်းပြောင်းဖို့တော့ နယူးယောက်မှာ မလုပ်ရဲဘူး။

နယူးယောက်မှာ အသိမိတ်ဆွေတွေ ဘယ်သူရှိလဲလို့ ရှာဖွေတော့ ဖို့ဝိန်းကအစ်မရဲ့ မိတ်ဆွေရဲ့အမျိုး အစ်မမိသားစု နယူးယောက်မှာရှိတယ်။ သူတို့ကို အကူအညီတောင်းပြီး အခန်းရှာခိုင်းတော့ သူတို့တိုက်ရှေ့မှာ အခန်းရတယ်။ မီးဖိုချောင်သုံးပစ္စည်း၊ အင်္ကီျတွေ ပေးသင့်တာပေး၊ ပစ်သင့်တာပစ်။ ကားကိုသွားရောင်းတော့ dealer တွေက ဒီလောက်အိုဟောင်းတဲ့ကားကို မဝယ်ဘူး CarMax မှာ သွားရောင်းပါတဲ့။ CarMax က ၃၀၀ ပေးတယ် ၄၅၀၀ နဲ့ဝယ် ပြင်ဆင်ခနဲ့ ၆၀၀၀ လောက်ကုန်တဲ့ကားကို ၃၀၀ ပဲပေးမယ်ဆိုတော့ ဝမ်းနည်းလိုက်တာ။ ကားကလည်း အပြင်ကသာလှတာ ၁၉၉၆ မိုင်တသိန်းသုံးသောင်း အင်ဂျင်ချက်ဆိုင်းပေါ် အင်ဂျင်ကနေ ဆီတွေယိုကျ ၂ နာရီလောက်မောင်းပြီးရင် အင်ဂျင်ပူလို့ လီဗာဖိနင်းရင်တောင် မိုင်မတက် နောက်ဖက်ဘယ်ဖက်တံခါးဖွင့်လို့မရ နောက်ညာဖက်မှန်ဖွင့်လို့မရ နောက်ဖုံးဖွင့်လို့မရတဲ့ကားကို ဘယ်သူက တထောင်ပေးချင်ပါ့မလဲ။ အဲဒီလိုမှ မရောင်းရင် ဘယ်ကိုသွားပစ်ရမလဲ ၃၀၀နဲ့ ဝယ်တာကိုပဲ ကျေးဇူးတင်ရတယ်။ ဆူနမ်တို့က ဖို့ဝိန်းကအစ်မကို ပြန်ရောင်းခိုင်းတဲ့။ ကိုယ်တို့ကားတွေအကြောင်း ပြောရရင် ကိုယ့်ရဲ့ money eater ကားအကြောင်း ပြောကြပြီး ဟားကြတော့တာပဲ။ ဆူနမ်နဲ့ ရာမားကားက ၄၅၀၀ နဲ့ဝယ်ပြီး ဘာပြသနာမှမဖြစ်သလို  ၄၀၀၀ ကျော်နဲ့ ပြန်ရောင်းတော့ ဘာမှအရှုံးသိပ်မရှိဘူး။ ကျောင်းမှာတုန်းက ဆူနမ်တို့ကားဟာ ဆူနမ်တို့ဆီမှာတုန်းက ပြသနာများသလောက် ကိုယ့်ဆီရောက်တော့ ဘာပြသနာမှမရှိဘူး။ ကိုယ်နဲ့ ယန်းဇီ သိပ်မမောင်းတာလည်းပါတယ်။ ဖို့ဝိန်းအစ်မဆီမှာတုန်းက ဘာပြသနာမှမရှိပေမဲ့ ကိုယ့်ဆီရောက်မှ ပြသနာပေါင်း သောင်းခြောက်ထောင်ဖြစ်တာ ကိုယ့်ကံပေါ့။

တစ်ထောင်ကျော် ၂ ထောင်လောက်သာ တန်ဖိုးရှိတဲ့ကားကို ပြင်ဆင်ပြီး ၄၅၀၀ နဲ့ရောင်းမှန်းသိရက်နဲ့ ဝယ်တာ ကိုယ့်အမှား။ ဘတ်စ်ကားနဲ့ လက်ကေ့စ်အိတ်တွေအများကြီး သယ်လို့ရပေမဲ့ ကိုယ်က ၂ အိတ်ပဲသယ်နိုင်တော့ ကျန်တဲ့အိတ်တွေကို USPS နဲ့ပို့။ အိမ်ရှင်က ရထားဂိတ်အထိ လိုက်ပို့ပေးတယ်။ ဘတ်စ်ကားပေါ်မှာ မလေးတရုတ်မ ပီနန်မြို့မှာနေတဲ့ အဘွားကြီး ၅ ယောက်ထဲက တယောက်နဲ့ စကားလက်ဆုံကြတယ်။ သူတို့က ကမ္ဘာပတ်နေကြတာ အသံထွက်က ဗြိတိသျှလေသံ။ သူတို့ဘာသာ ခရီးအစီအစဉ်ဆွဲ ဈေးပေါတဲ့ hostel မှာနေ ဒီစီပြီးတော့ နယူးယောက်၊ ဘော်စတွန်ကို လည်မလို့တဲ့ အာဂအဘွားကြီးတွေ။ ယူအက်စ်ဗီဇာ ၁၀ နှစ်ရတော့ မနှစ်က အနောက်ဖက်ခြမ်း၊ ဒီနှစ်အရှေ့ဖက်ခြမ်း လည်တာတဲ့။ ကိုယ့်ကုမ္ဗဏီက တရုတ်ဆိုတော့ တရုတ်တွေမကောင်းဘူး မတရားခိုင်းတယ် ကောင်းတဲ့ကုမ္ဗဏီရှာတဲ့။ နယူးယောက်ကို ၂၀၁၃ ဒီဇင်ဘာ ၇ ရက်နေ့ပြောင်း ဒီဇင်ဘာ ၉  ရက်မှာ ရုံးတက်။    နယူးယောက်က မေရီလန်းထက် အများကြီးပိုအေးတယ်၊ အင်မတန် ဆူညံတယ်၊ လူနေထူထပ်တယ်၊ မြေအောက်ရထားတွေ ညစ်ပတ်တယ်၊ အစားအသောက် ပေါတယ်။ နယူးယောက်ကအစ်မ မိသားစုက ကိုယ့်ကို ကူညီစောင့်ရှောက်တယ်။ နယူးယောက်မှာ ကြုံတွေ့ရတာတွေကတော့ နောက်အပိုင်းကျမှ ဆက်ပါဦးမယ်။

စန်းထွန်း
ဒီဇင်ဘာ ၆၊ ၂၀၁၇။

နိုင်အာဂရာရေတံခွန် ဇူလှိုင် ၂၀၁၃။

ဂျီစီ ခရီးကြမ်း - ၇

အလုပ်က အချိန်ပြည့်အလုပ် အပတ်တိုင်း အိမ်စာ၊ အဆိုင်းမင့်တင်၊ အဆိုင်းမင့် တင်ရမဲ့အချိန် နီးနေပြီ အဆိုင်းမင့် မပြီးသေးလို့ စိတ်ဖီစီး။ တလခွဲတခါ mid exam ၊ final exam တွေကို သတ်မှတ်ထားတဲ့ learning center တွေမှာ ဖြေရတယ်။ learning center တွေကို စာမေးပွဲခန်းသုံးခ ၆၀ ပေးရတယ်။ ဆူနမ်က စန်းစန်း ၆၀ သက်သာချင်ရင် စာကြည့်တိုက်တွေမှာ ဖြေလို့ရတယ်ပြောလို့ စာကြည့်တိုက်တွေကို proctor လုပ်ပေးမလားလို့ မေးကြည့်တာ တချို့တလေပဲ လုပ်ပေးတယ်။ စာမေးပွဲမေးခွန်းတွေကို ကျောင်းက စာကြည့်တိုက်ကိုပို့ပေး စာမေးပွဲဖြေချိန်ကျရင် စာကြည့်တိုက်ကထုတ်ပေး အဖြေလွှာကို ကျောင်းကိုပို့ပေးတယ်။ အလုပ်နည်းနည်းရှုပ်တော့ စာကြည့်တိုက်ဝန်ထမ်းတွေက ဘယ်လုပ်ပေးချင်ပါ့မလဲ။ ပိုက်ဆံ ၆၀ သက်သာပေမဲ့ စာဖတ်နေသူတွေကြားထဲမှာ ဖြေရတာဆိုတော့ အာရုံသိပ်စုစည်းလို့ မရဘူး။ အစတုန်းက စာမေးပွဲကျမှာ သိပ်ကြောက်တာ။ တလခွဲတခါ စာမေးပွဲတွေ ဖြေနေရတော့ စာမေးပွဲကျမှာကို မကြောက်တော့ဘူး။ ဒီတခေါက် မအောင်ရင် နောက်တခေါက် ထပ်ဖြေမယ် သင်တန်းကြေးတွေ ထပ်တိုးလို့ ကျောင်းသားအကြွေးတွေတော့ များလာတာပေါ့။ ၃ လတခါ ဘာတွေလုပ်နေပါတယ်၊ ဘာအတွေ့အကြံကြုံတွေ ရပါတယ်၊ ကျောင်းကသင်တဲ့ TM Transcendental Meditation ကြောင့် စိတ်ဖိစီးတာတွေ လျှော့ပါတယ် (အမှန်က TM ကိုမကြိုက်) ဆိုတဲ့ ရီပို့ရေးတင်ရတယ်။ အလုပ်တဖက်နဲ့ အဝေးသင်တက်ရတာ ပင်ပန်းတယ်။

ချက်ပြုတ်ရတယ် ဝယ်စားဖို့ အဆင်မပြေဘူး။ စာမေးပွဲနီးရင် တရုတ်ဆိုင်က ဝယ်စားတယ် တရုတ်စာဆိုပေမဲ့ အမေရိကန်တရုတ်စာဆိုတော့ ချိုတယ် မစားနိုင်ဘူး။ ပိတ်ရက်တွေဆို ကိုရီးယား၊ ဗီယက်နမ်ဆိုင် ဈေးသွားဝယ်။ ဆိုင်မှာတယောက်တည်း ထိုင်မစားချင်လို့ အမြဲတမ်း take out လုပ်တယ်။ လူဝီဗီလ်မှာနေတဲ့အချိန်အတွင်း ဘွတ်ဖိနပ်ဝယ်ဖို့၊ မျက်မှန်လုပ်ဖို့ ၂ ခါပဲ လျှော့ပင်းမောလ်ရောက်တယ်။ ရုံးမှာလည်း အပေါင်းအသင်းမိတ်ဆွေမရှိ အတော်ပျင်းစရာကောင်းတယ်။ အိမ်ရှင်မန်ဒီက နင် ဘားလည်းမသွားတော့ ဘယ်လိုလုပ်မိတ်ဆွေ ရမလဲတဲ့။ မြိ ု့တောင်ဖက်ပိုင်းကလူတွေဆိုရင် နိုင်ငံခြားသားတွေကို မကြိုဆိုဘူးတဲ့။ ရုံးက တူရကီလေးမူဆာဖာက မြန်မာဒုက္ခသည်တွေကို ဘာသာပြန်လုပ်ပေးမဲ့ ဘော်လန်တီယာလူလိုတယ်ဆိုလို့ ခရစ်ယာန်ဘုရားကျောင်းကလူတွေနဲ့ မြိ ု့အနောက်ဖက်ပိုင်းက မွန်၊ ဟိန္ဒူမိသားစုကို ဘာသာပြန်လုပ်ပေးတယ်။ မြို့အနောက်ဖက်ပိုင်းမှာ ဘော်လန်တီယာလုပ်မယ်ဆိုတော့ မန်ဒီက စိတ်မချဘူး မသွားနဲ့တဲ့။ မြို့အနောက်ပိုင်းက ပြည့်တန်ဆာ၊ မူးယစ်ဆေး၊ မူခင်းတွေပေါတဲ့ အမည်းရောင်နယ်မြေ လုံခြုံစိတ်ချမှုမရှိဘူးတဲ့။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကသူတွေ ကြိုပို့လုပ်ပေး၊ သူတို့နဲ့အတူတူ ရှိနေမှာဆိုတော့ စိတ်ပူစရာမရှိပါဘူး။ ယောကျာ်းကဟိန္ဒူ၊ မိန်းမကမွန် မိသားစုက မလေးရှားကမ့်ကနေ ရောက်လာတာ ဗုဒ္ဓသာသာဝင်တွေ။ ခရစ်ယာန်လို့ ပြောပေမဲ့ ခရစ်ယာန်နဲ့မတူဘူးလို့ ဘုရားကျောင်းကလူတွေက ပြောတယ်။

ဒုက္ခသည်တွေကို အစိုးရက လေယာဉ်လတ်မှတ်ပေး၊ အိမ်ငှားပေးထားတယ်၊ စားဖို့ food stamp ပေးတယ်။ ဒုက္ခသည်အစ်ကိုကြီး အလုပ်ရတော့ ဘုရားကျောင်းက ပါတီပွဲလေး လုပ်ပေးတယ်။ ဘုရားကျောင်းကလူတွေက အပတ်တိုင်း ဈေးဝယ်ဖို့ လိုက်ပို့ပေးတယ် မြန်မာ၊ ဆိုမာလီယား၊ အာဖရိကဒုက္ခသည်တွေ လိုအပ်တာတွေ ကူညီတယ်။ ဘုရားကျောင်းကလူတွေ ဒုက္ခသည်တွေကို မေတ္တာစေတနာနဲ့ကူညီပေးတာ တကယ်ချီးကျူးတယ် ကိုယ်ဆို အဲဒီလိုမလုပ်နိုင်ဘူး။ တလတခါ မိုင် ၁၀၀၊ ၂ နာရီအဝေးက အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့မှာနေတဲ့ ဆူနမ့်ဆီကို သွားလည်တယ်။ ၂၀၁၂ ဂျူလှိုင် ၄ မှာ ရာမားရှိတဲ့ မန်ဆာချူးဆက်ပြည်နယ် ဘော်စတွန်ကနေ ၁ နာရီအဝေးမှာရှိတဲ့ ဂလော်ချက်စတာမြို့ကို သွားလည်တယ်။ ကိုယ့်ရဲ့ ပထမဆုံးပြည်တွင်းခရီးဆိုတော့ မန်ဒီက အဝတ်တစုံအပို၊ ပိုက်ဆံအကြွေ၊ မုန့်နည်းနည်းယူသွားဖို့၊ ရာသီဥတုဆိုးလို့ လူဝီဗီလ်မြို့ကို လေယာဉ်မရှိရင် အနီးအနားက လက်ဆင်တန်၊ စင်စင်နာတီမြို့ကိုသွား ပြီးမှတက္ကဆီနဲ့လာလို့ မှာကြားတယ်။ လေဆိပ်သွားဖို့ ရုံးကအထွက်မှာ ကားတစီးကို ပွတ်တိုက်ခဲ့သေးတယ်။ သောကြာနေ့ည ကန်တက်ကီပြည်နယ် လူဝီဗီလ်ကနေ နယူးဂျာဆီပြည်နယ် Newark ၊ ညဉ့်နက်သန်းခေါင် ဘော်စတွန်ကို ကိုယ်က ချောချောမောမော ရောက်တယ်။ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြိ ု့မှာ မိုးသီးတွေကြွေလို့ လေယာဉ်နောက်ကျ၊ ဝါရှင်တန်ဒီစီမှာ လေဆင်နှာမောင်းဝင်တိုက်လို့ ဘော်စတွန်သွားမဲ့ လေယာဉ်ကိုမမှီ နောက်နေ့လေယာဉ်အတွက် တညလုံးတန်းစီ စားစရာ၊ သောက်စရာမရှိ။

၄၅ မိနစ်အဝေးမှာရှိတဲ့ ပြည်တွင်းလေဆိပ်ကနေ လေယာဉ်စီးပြီး စနေနေ့ နေ့လည်မှ ဘော်စတွန်ရောက်လာတဲ့ ဆူနမ်ကို ထမင်းဘူးနဲ့ သွားကြိုကြတယ်။ ဘော်စတွန်မှာ ဟားဗတ်၊ အမ်အိုင်တီတက္ကသိုလ်တွေဆီ သွားလည်ကြတယ်။ ဘော်စတွန်ကပြန်ရောက်တော့ ကားမှာစာလာကပ်သွားတယ် ကိုယ်ပွတ်ခဲ့ကားပိုင်ရှင်ဆီက။ သူက ကိုယ်တို့ရုံးက ကန်တက်ဆိုတဲ့ သာမယ်အင်ဂျင်နီယာမလေး။ သူ့ကားပြင်နေတုန်းက ရုံးလာဖို့ကို ကိုယ်ကပေးရမှာ ကန်တက်က ကားပြင်ဆင်ခက ၉၀၀ ပဲတောင်းတယ်။ အာမခံသုံးရင် ၃ နှစ်အထိ record ထဲမှာရှိနေပြီး အာမခံကြေးလည်း တက်မှာဆိုတော့ အားလုံးက အာမခံမသုံးဘဲ အိပ်စိုက်ပေးဖို့အကြံပေးတယ်။ စန်းစန်း အဲဒီလိုတိုက်မိပြီးရင် ဘယ်ဖုန်းနံပါတ်ကို ဆက်သွယ်ပါဆိုပြီး စာရေးထားခဲ့ရမှာ ဘာမှမပြောဘဲထားခဲ့တာ hit and run ပြစ်မှုမြောက်တယ် ရဲကလိုက်ဖမ်းပြီး ထောင်ချလို့ရတယ်သိလားလို့ ပီတာ ပြောပြတော့မှ ကြောက်လိုက်တာ။ အလုပ်က တနှစ်ကွန်းထရပ်စာချုပ်ပြီးရင် ထပ်မတိုးနိုင်ဘူးဆိုတော့ အလုပ်စရှာရပြီ။ အင်တာဗျူးတွေရှိရင် ခွင့်ယူလို့ရတယ်။ ၂၀၁၂ စက်တင်ဘာ အမေစု အမေရိကန်ကိုလာတော့ လူဝီဗီလ်မြို့မှာ မိန့်ခွန်းပြောတယ်။ လတ်မှတ်မရတော့ မြန်မာဝတ်စုံဝတ်ပြီးသွားရင် အထဲကိုဝင်ခွင့်တော့ ရမယ်ထင်တယ်လို့ ဆူပါဗိုက်ဆာဂျရတ်က ပြောတယ်။ လူဝီဗီလ်ပြီးရင် ဖို့ဝိန်းမြို့က ခန်းမဆောင်မှာ မြန်မာတွေကို မိန့်ခွန်းပြောမှာဆိုတော့ ဖို့ဝိန်းကအစ်မနဲ့လည်း တွေ့ရအောင် ခွင့် ၂ ရက်ယူပြီး မိုင် ၂၃၀၊ ၄ နာရီ မောင်းရတဲ့ ဖို့ဝိန်းမြို့ကို ချီတက်တယ်။

ဆူနမ်၊ ရာမား၊ စန်းထွန်း
မန်ဆာချူးဆက်ပြည်နယ် ဂလော့ချက်စတာမြို့နားက ပင်လယ်ကမ်းခြေ
၂၀၁၂ ဂျူလှိုင် ၅
ရာမားက လေးအော့ဖ်ဖြစ်ပြီး ဆူနမ့်ဆီရောက်နေလို့ လမ်းမှာ စင်စင်နာတီမြို့ကိုဝင်ပြီး ဆူနမ်၊ ရာမားတို့နဲ့ နေ့လည်စာစား ရာမားကို စိတ်ဓာတ်မကျ အားမငယ်ဖို့ အားပေးရတယ်။ ရာမားက မေရီလန်းပြည်နယ် rockville မြို့မှာ အလုပ်ရလို့ မေရီလန်းပြည်နယ်ကိုပြောင်းတယ်။ မကြာပါဘူး work from home အလုပ်လုပ်လို့ရလို့ ဆူနမ် ရာမားဆီပြောင်းတယ်။ ဆူနမ် မေရီလန်းကိုပြောင်းမယ်ဆိုတော့ ဝမ်းနည်းလိုက်တာ အရေးအကြောင်းဆို ပြေးလာမဲ့ အကောင်းအဆိုး တိုင်ပင်ဆွေးနွေးမဲ့သူ အနီးအနားမှာ မရှိတော့ဘူးဆိုပြီးတော့လေ။ ဆူနမ်ဖိတ်လို့ ခွင့်၃ရက်ယူရုံနဲ့ အားလပ်ရက် ၁၀ ရက်လည်းရတော့ ၂၀၁၂ ခရစ်စမတ် မေရီလန်းကို သွားလည်ဖြစ်တယ်။ ဆူနမ်တို့နဲ့ အိမ်ဖြူတော်နား၊ ကယ်ပီတန်နား သွားလည်ကြတယ်။ ခရစ်စမတ်အကြိုနေ့ ကိုယ်ကြောင့် ကယ်ပီတန်ရှေ့က ခရစ်စမတ်သစ်ပင်နားအထိလျှောက် ဘူတာရုံရှာမတွေ့ ဖုန်းဘထ္ထရီဒေါင်း ခြေကုန်လက်ပန်းကျ တက္ကစီမတွေ့ အနားရပ်လာတဲ့ဘတ်စ်ကားပေါ်တက်ပြီး အနီးဆုံးဘူတာရုံမှာချပေးပါလို့ပြော သဘောကောင်းတဲ့ဒရိုင်ဘာက ပိုက်ဆံမယူတဲ့အပြင် ဘူတာရုံနားချပေးပြီး အသေအချာ လမ်းညွှန်ပေးသွားသေးတယ်။ အေးလွန်းလို့စတားဘတ်ဆိုင်ဝင် ကော်ဖီ၊ မုန့်ဝယ်တော့ မကြာခင်ဆိုင်ပိတ်တော့မယ်တဲ့။ နောက်နေ့ တကိုယ်လုံး ကိုင်ရိုက်ထားသလိုနာတာ စန်းစန်းကြောင့် စန်းစန်းကိုနင်းခိုင်းတဲ့။ အဲဒီလို ကိုယ်ခေါင်းမာတဇွတ်ထိုးဆန်တာတွေကို ကိုယ့်သူငယ်ချင်းတွေ ခံရတယ်။

နှင်းကျတဲ့နေ့၊ ဆူနမ်တို့နဲ့ အပြင်သွားတဲ့နေ့လောက်သာ အိမ်မှာနေပြီး မနက်ဆိုရာမားက ကိုယ့်ကိုဘူတာရုံမှာချပေး ရထားစီးပြီးဒီစီကိုသွား ကယ်ပီတန်ထဲဝင်လည်၊ ကယ်ပီတယ်မောလ်တလျှောက်က ပြတိုက်တွေ၊ ဝါရှင်တန်နေရှင်နယ်ကသီဒရယ်တွေကိုသွားလည် ညနေစောင်းမှပြန်လာ။ တနှစ်ကွန်းတရပ်စာချုပ်မပြည့်ခင် ၂ လအလို ဒီသောကြာနေ့က မင်းရဲ့နောက်ဆုံးနေ့လို့ မန်နေဂျာကပြောလာတော့ ဝမ်းနည်းလိုက်တာ။ မင်း အလုပ်လုပ်တာ မကောင်းလို့မဟုတ်ဘူး စီးပွားရေးမကောင်းလို့ ကွန်းထရပ်ဝန်ထမ်းအားလုံး လေးအော့ဖ်ဖြစ်တာ။ reference letter လိုတယ်ဆိုရင် အချိန်မရွေးပြော။ တလောက ကိုယ်စိတ်ဆိုးလွန်းလို့ရန်ဖြစ်ထားတဲ့ ဆူပါဗိုက်ဆာဂျရတ်က သတင်းကြားကြားခြင်း စိတ်ပူလို့ ပြေးလာတယ်။ နောက်ဆုံးနေ့ နှုတ်ဆက်နေ့လည်စာစား ရုံးနားကရေကန်ဘေးမှာ အတော့်ကိုဝမ်းနည်းပက်လက် ငိုတယ်။ လူဝီဗီလ်မှာ အင်တာဗျုးတခုက သဘောကျပေမဲ့ H1B စပွန်ဆာဆိုတာ တခါမှမကြားဖူးဘူးတဲ့။ ၂ နာရီအဝေးက မြို့တော်ဖရန့်ဖွတ်က အစိုးရရုံးမှာ အိန္ဒိယသားတွေနဲ့ အင်တာဗျုးတာ အော်ဖာကမ်းတောင် မယူဘူးလို့ ဒေါသထွက်ရဖူးတယ်။ အင်တာလည်းမဗျူးဘဲ အလုပ်အော်ဖာရတာလည်း ရှိသေးတယ်။ လစာလည်းမဆိုးဘူး သူက ကိုယ်လုပ်နိုင်တယ်ဆိုတာသိတော့ ကိုယ့်ကိုအလုပ်အရင်ခန့် သူ့မှာကွန်းထရပ်အလုပ်ရတော့မှ ကိုယ့်ကိုသွင်း သူက ၂ ဆရ အဲဒီလို။ နောက် ၁ လနေလို့မှ အလုပ်မရရင် မေရီလန်းကိုပြောင်းခဲ့တော့ အမ်းထရူးလည်း တန်နက်ဆီပြည်နယ်မှာ ကွန်းထရပ်အလုပ်ပြီးလို့ ဆူနမ်တို့ဆီမှာလာနေပြီး အလုပ်ရှာမှာ။

ဆူနမ်တို့က အမ်းထရူးကို ကိုယ့်ဆီလာခိုင်း ပြီးမှမေရီလန်းကိုမောင်းလာ တန်နက်ဆီပြည်နယ် မန်းဖစ်မြို့က ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့အထိလေယာဉ်ခက ဝါရှင်တန်ဒီစီလေယာဉ်ခထက် ဈေးကြီးနေ၊ ကိုယ်နဲ့အမ်းထရူးကလည်း သိပ်မခင်တော့ အကူအညီမတောင်းတော့ဘူး။ ကားက အင်ဂျင်ဝိုင်ဆီတွေယိုလို့ မန်ဒီက တနေရာတည်းမှာ သတ်သတ်မှတ်မှတ် ရပ်ခိုင်းတယ်။ မိုးရွာတဲ့နေ့ ရုံးအဝင်အကွေ့နားမှာ ကားတပတ်လည်ထွက်သွားလို့ကားတာယာကို လဲထားတယ်။ ကားအင်ဂျင်အပူချိန်တက်လို့ ပြင်ရင်ဘယ်လောက်ကျမလဲမေးတော့ မပြင်တော့နဲ့ အသစ်ဝယ်တဲ့။ မေရီလန်းခရီးအတွက် ကားကြံ့ခိုင်မှုစစ်ဆေး ကားပြင်ဆိုင်ကတော့ ဖောက်သည်ကြီးတယောက် လျော့သွားပြီဆိုပြီး စိတ်မကောင်းဖြစ်နေမှာ။ ကန်တက်ကီပြည်နယ်ကနေ မေရီလန်းပြည်နယ်အထိ မိုင် ၆၀၀၊ ၉  နာရီမောင်းရတဲ့ခရီးကတော့ တကယ့်ကို အမှတ်တရပဲ။ မနက် ၆ နာရီကနေ မောင်းလာလိုက်တာ ကန်တက်ကီပြည်နယ်ကတော့ မြေပြန့်ဆိုတော့ မောင်းရတာအဆင်ပြေတယ်။ ၂ နာရီမောင်းပြီးရင် ကားရပ်နားနေရာမှာ ကားပြင်ဆိုင်က ပြလိုက်တဲ့အတိုင်း အင်ဂျင်ထဲထည့် ကားလည်းနား လူလည်းနား။ မန်ဒီကမှာတယ် ကားရပ်နားနေရာမှာနားရင် ကားတံခါးကို လော့ချထားတဲ့။ အနောက်ဗာဂျီးနီးယားပြည်နယ်ထဲကို ဝင်တာနဲ့ တောင်တန်းတောင်ကုန်းတွေ လမ်းတွေက ကွေ့ကွေ့ကောက်ကောက်။ တခါတလေ တောင်ကြောကိုဖြတ်ရင် ကားတစီးတလေတောင် မတွေ့ဘူး။ ကားကို လီဘာတင်ပြီး အရှိန်မြှင့်တာ မိုင် ၄၀ ကနေ မတက်တော့ဘူး ဟိုင်းဝေး မိုင် ၆၀ နဲ့ မောင်းရမှာ။ ဆီကုန်ခါနီးဆိုတော့ အနီးအနားက ဆီဆိုင်မှာဝင်ထည့်တော့ ကားကိုဘယ်လိုရပ်လိုက်လဲမသိဘူး။

ကားက ဘယ်လိုမှ စက်နှိုးလို့မရတော့ဘူး ခေါင်းနားပန်းကြီးသွားတယ်။ ဆီလာထည့်တဲ့ လူကြီး ၂ ယောက်ကို အကူအညီတောင်းပြီးပြကြည့်တော့ သူတို့လည်းမသိဘူး။ စိတ်အေးအေးထားပြီး စက်နှိုးကြည့်လို့ နှိုးတော့မှ သက်ပြင်းချနိုင်တယ်။ တချို့နေရာတွေ့မှာ မြူတွေဝေ့ဆိုင်း နှင်းတွေကျ ကားကြောပြတ် အင်ဂျင်စက်သံက ခပ်ယဲ့ယဲ့ ကားကလီဘာတင်လို့မရ ဖုန်းစစ်ကနယ်ကမမိ ကားထိုးရပ်သွားရင်ဒုက္ခ ကားအိုကားဟောင်းကို တယောက်တည်းမောင်းလာမိတာ မှားလေခြင်း။ ဆီဆိုင်ကို ဝင်ထည့်တော့ ဆီဆိုင်မတွေ့ လမ်းကတောလမ်းလေး ဘာကားမှမတွေ့ အတော်ကြောက်သွားတယ်။ လမ်းမပေါ်ရောက်လို့ ကားတွေအများကြီးတွေ့မှ စိတ်နည်းနည်းအေးတယ် အရေးအကြောင်းဆို အကူအညီတောင်းလို့ရမှာကိုး။ အရေးပေါ်အချက်ပြစစ်ကနယ်ပြပြီး ဖုန်တွေညစ်ပေနေတဲ့ ကားမှန်ဆင်းသုတ်။ မေရီလန်းပြည်နယ်ထဲဝင်တာနဲ့ မြေပြင်ကပြန့်ပြူးနေပြီး ကားတွေက အများကြီး။ ဆူနမ့်အိမ် ညနေစောင်းရောက်တော့ ဆူနမ်တို့က အံ့သြနေတော လမ်းမှာတညအိပ်ပြီး နောက်နေ့မှရောက်လာမယ် ထင်နေတာ။ ကိုယ်က မောင်းလို့ရသမျှမောင်း မမောင်းနိုင်ရင် အနီးအနားကဟိုတယ်မှာအိပ် ဆက်မောင်းမယ်လို့ စဉ်းစားထားတာ တနေ့တည်း ရောက်လာတာပဲ ကောင်းပါတယ်။ ခရီးအဝေးကြီးကို ကားအစုတ်လေးနဲ့မကြောက်မရွံ့ မောင်းလာပြီးတော့မှ လမ်းမှာတခုခုဖြစ်ခဲ့ရင် မကြောက်မလန့်တော်ဆိုပြီးတော့ ကြောက်နေတော့တာ။ ကားကောင်းလို့ကတော့ ခရီးအဝေးမောင်းရလည်း မမှုပါဘူး။ နောက်နောင် ဘယ်တော့မှ ကားအစုတ်နဲ့ ခရီးအဝေးကို တယောက်တည်း မမောင်းတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ အဲ အရှေ့အနောက် အမေရိကန်နိုင်ငံဖြတ်ကျော်ခရီးတော့ မောင်းချင်သေးတယ် ကားအကောင်းနဲ့။ မေရီလန်းပြည်နယ်မှာ အလုပ်ရှာဖွေတဲ့ အပိုင်းကတော့ နောက်အပိုင်းမှ တင်ပါဦးမယ်။

စန်းထွန်း
နိုဝင်ဘာ ၁၉ ၊ ၂၀၁၇။

ဂျီစီ ခရီးကြမ်း - ၆

လူဝီဗီလ်မှာနေတဲ့ စီနီယာကျောင်းသားများရှိလားလို့ ကျောင်းကိုမေးကြည့်တော့ နီပေါကျောင်းသားတယောက်ရှိတယ်။ အီးမေးလ်ဆက်သွယ်တော့ စတိတ်ပြင်ပကို ရောက်နေတယ် နောက် ၂ လမှ ပြန်လာမယ်တဲ့။ စီနီယာဆီကနေ အကူအညီမရနိုင်တော့ craiglist ဆိုက်ကနေ အိမ်ခန်းရှာတော့ အိမ်ရှင်က ထောက်ခံပေးမဲ့သူ reference ၂ ယောက်တောင်းတယ်။ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ လုပ်အားပေးလုပ်ခဲ့တဲ့ NGO အဖွဲ့အစည်းက ဒါရိုက်တာအစ်မနဲ့ ပရော်ဖက်ဆာလာမန်တို့ရဲ့ ရာထူး၊ လိပ်စာ၊ အီးမေးလ်တွေ ပေးလိုက်တယ်။ ကိုယ့်နာမည်က စန်းစန်းဆိုတော့ ဂျပန်လားလို့မေးတယ်။ ကိုယ့်ဓာတ်ပုံတောင်း သူတို့မိသားစုဓာတ်ပုံ၊ မြေအောက်ခန်းက ကုတင်၊ မှန်တင်ခုံ၊ အဝတ်ဗွီရို၊ ရေချိုးခန်းဓာတ်ပုံတွေ ပို့ပေးတယ်။ လာမနေခင် လာကြည့်ပါဆိုပေမဲ့ သွားမကြည့်နိုင်တော့ဘူး။ ကျောင်းကထွက်ခွာပြီး ၁ လ ပြည့်တဲ့နေ့ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့ကို ပြောင်းတယ်။ အဲဒီအချိန် မိုင်းဖန်က သူ့ရည်းစားရှိတဲ့ ဗာမွန်ပြည်နယ်ကို သွားလည်နေတော့ ဆူနမ်က မိုင်းဖန်ရဲ့ ကားအသစ်စက်စက်ကိုမောင်းပြီး လိုက်မပို့ရဲ ဘူး။ အိမ်ကထွက်ခွာဖို့ ၁ နာရီအလို တက္ကစီဘွတ်ကင်လုပ်ထားတာ ပျက်သွားလို့ အသည်းအသန် တက္ကစီရှာ ဘတ်စ်ကားကို လက်မတင်လေး မှီတယ်။ ဘတ်စ်ကားမောင်းတဲ့သူကို စောင့်ပေးပါနော် ဒီကားနဲ့လိုက်ရမှဖြစ်မယ်လို့ အကူအညီတောင်းတော့ မြန်မြန်လုပ် စောင့်ပေးမယ်တဲ့။

စတိတ်လာတုန်းက လက်ကေ့အိတ် ၂ အိတ် ဟမ်းကယ်ရီ ၁ အိတ်ပဲပါတယ်။ ခုလည်း အဲဒီအတိုင်းပါပဲ ဒါပေမဲ့ စာအုပ်တွေကြောင့် ပေါင်ချိန်ပိုနေလို့အပိုကြေး ၉၀ ထပ်ပေးရတယ်။ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့လည်ခေါင်က ဘတ်စ်ကားဂိတ်ရောက်တော့ တက္ကစီငှား။ အိမ်ရှင်တွေက လာကြိုပေးနိုင်တယ်ဆိုပေမဲ့လည်း အားမှန်းမသိမအားမှန်းမသိ အားနာလို့။ အိမ်ရှင်တွေက အမေရိကန်မ၊ အမျိုးသားက အိန္ဒိယသား၊ အသက် ၃၅ လောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ သားကြီးလုကပ်က ၈ နှစ်၊ သမီးငယ် ကေတီက ၅ နှစ်။ လုကပ်က အသားဖြူဖြူ မျက်ခုံးထူထူ မျက်လုံးနက်နက်နဲ့လူချောလေး ယူရေးရန်းရုပ်ပေါက်တယ်။ ကေတီက ဘိုမလေး အာရှစပ်ထားတယ်လို့ လုံးဝမထင်ရဘူ။ ဆံပင်ရွှေဝါရောင်နဲ့ လိမ္မာသိတတ် သူ့အမေလို စိတ်ကောင်းနှလုံးကောင်း ရှိတယ်။ မြေအောက်ထပ်မှာ ရေချိူးခန်း၊ အိမ်သာ၊ ကုတင်ပါတယ်။ ကိုယ့်အခန်းရှေ့မှာ အပြေးစက်၊ home theatre လုပ်ထားတယ်။ မီးဖိုးချောင်ကတော့ အပေါ်ထပ်မှာ။ ဝေါမတ်လိုက်ပို့ပေးပြီး စားစရာတွေ နည်းနည်းဝယ်။ မိုင်းဖန်ရဲ့ ထမင်းပေါင်းအိုးကို သုံးနေတဲ့ဆူနမ်က အမေဇွှန်ကနေ သေသေချာချာ ရွေးဝယ်ထားတဲ့ ထမင်းပေါင်းအိုး သေးသေးလေးကို သူမသုံးဖြစ်တော့ ထည့်ပေးလိုက်တယ်။ တော်သေးတယ် ဆူနမ်အမြော်အမြင်ကြီးပေလို့ အမေရိကန်အိမ်မှာ ထမင်းပေါင်းအိုးမရှိဘူး။

အဲဒီထမင်းပေါင်းအိုး ခုထိ သုံးနေသေးတယ် ၂၀၁၂ မတ်လ က ပေးလိုက်တာဆိုတော့ ၅ နှစ်တောင်ရှိပြီ။ ၂၀၁၇ လေဘာဒေးပိတ်ရက် ရာမားအိမ် သွားလည်တော့ အဲ့ဒီထမင်းပေါင်းအိုးနဲ့ဆင်တူ နင်တို့ကျောင်းမှာသုံးတဲ့ ထမင်းပေါင်းအိုး ရှိသေးလားမေးတော့ မရှိတော့ဘူးတဲ့။ ထမင်းပေါင်းအိုးတခုလုံးကို ရေခဲသေတ္တာထဲထည့်လိုက်လို့ ပျက်သွားတယ်တဲ့။ ရာမားက smart people make stupid mistakes ဆိုလို့ ရယ်လိုက်ရတာ။ ဆူနမ်က စန်းစန်း နင်သိပ်ကံကောင်းတယ် စာမေးပွဲကျ ငါတို့ထက် ၃ လနောက်ကျတာ ကံကောင်းခြင်းတမျိုးပဲ။ ငါတို့အတူတူ ကျောင်းပြီးရင် တောင်မင်းမြောက်မင်း မကယ်နိုင်။ ဟော ခုတော့ နင်ကျောင်းပြီးတဲ့အချိန် မိုင်းဖန် အလုပ်ရနေပြီဆိုတော့ နင့်ကိုခေါ်တယ်။ သိပ်မကြာဘူး မနီးမဝေးမှာ အလုပ်ရ လစာလည်းကောင်း blessing in disguise အဆိုးထဲကအကောင်းပဲ။ ကိုယ့်ကို ကံကောင်းတယ်လို့ပြောရင် သိပ်လက်မခံချင်ဘူး မကြိုးစားဘဲနဲ့တော့ ကံမကောင်းဘူးလို့ ခေါင်းမာမာနဲ့ ပြောနေတုန်း။ တကယ်တော့ ကိုယ်ဟာ ကံကံရဲ့အကျိုးတရားကို ယုံကြည်သက်ဝင်သူတယောက်ပါ။ အရင်တုန်းကဆို မိဘတွေဆန္ဒအရ ဘုန်းကြီးကျောင်းလိုက်ပေမဲ့ ယုံကြည်သက်ဝင်သူ မဟုတ်ဘူး။ ၂၀၀၅ သင်္ကြန်တရားစခန်း မှော်ဘီဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်ဆရာတော်ကို ဖူးမြော်ရတော့မှ သံဃာကို ကြည်ညိုလာခဲ့သူတယောက်။

နိုင်ငံခြားရောက်တော့ ကိုယ့်ထက်တော်တဲ့သူက ကိုယ့်လောက်အလုပ်ကံမကောင်း၊ ကိုယ့်ထက်ညံ့တဲ့သူက ကုမ္ဗဏီကောင်းကောင်းမှာ လစာကောင်းကောင်းရတာတွေ မြင်ရတော့မှ ကံတရားဆိုတာကို ယုံကြည်လာတယ်။ အခက်အခဲတွေကြုံတော့မှ ဘုရား၊ တရား၊ သံဃာကို ပိုပြီးဆည်းကပ်လာတယ်။ ကန်တက်ကီအိမ်နဲ့ရုံးက မိုင် ၁၀၊ မိနစ် ၂၀ လောက်မောင်းရတယ်။ တက္ကစီခေါ် တခါစီးရင် ၃၅၊ ၄၀ ပေးရတယ် ပြီးတော့ ချက်ခြင်း မရဘူး။ နယ်မြို့တွေက အဲဒီအတိုင်းပဲ အများသုံးသယ်ယူပို့ဆောင်ရေးက နယူးယောက်လို အဆင်မပြေဘူး။ လူဝီဗီလ်မှာ အလုပ်လုပ်နေတဲ့ အတန်းထဲက ဂျော်ဒန်သားမဟာကို မေးကြည့်တယ် ရုံးကိုဘယ်လိုသွားလဲလို့။ သူက မြို့ထဲက တိုက်ခန်းမှာနေတာ ရုံးကလည်း မြို့ထဲမှာပဲ ဘတ်စ်ကားစီးတယ် တလမှ ၄၀ ပေးရတယ် ကြိုက်သလောက်စီးတဲ့။ ရုံးနားမှာ ဘတ်စ်ကားစောင့်စီးတာ ဘတ်စ်ကားတစီးလုံး ကိုယ်တယောက်တည်း။  တနေရာရပ်လို့ ဘာဖြစ်တာလဲမေးတော့ ဂိတ်ဆုံး နောက်ဘတ်စ်ကားလာလိမ့်မယ်  နောက်ထပ် နာရီဝက်လောက်မှ ရုံးကနေ မြို့ထဲကိုပတ်မောင်း အဲဒီကနေမှအိမ်ကို ၁ နာရီ ၄၅ မိနစ်ကြာမှာတဲ့။ ဘတ်စ်ကားဂိတ်မှာ တယောက်တည်း အိမ်ရှင်ကိုဖုန်းဆက် အကူအညီတောင်း လာကြိုခိုင်း။ နောက်တော့ အိမ်ရှင်က ကြိုပို့လုပ်ပေးတယ် အသွား ၁၀၊ အပြန် ၁၀ ဆိုတော့ တက္ကစီထက် အများကြီးသက်သာတယ်။

Thunder over Louisville Festival. April 24, 2012.
ည ၉  နာရီခွဲမှ မီးရှုးမီးပန်းဖောက်မှာကို ညနေ ၄ နာရီကတည်းက စောင့်နေကြတာ

အိမ်ရှင်အမေရိကန်မမန်ဒီက သဘောမနောကောင်း၊ အပြောကောင်း၊ ဂျပန်မှာ ၂ နှစ်လောက်နေဖူးတယ်။ ဂျပန်က သူ့မွေးစားမိဘတွေနဲ့ ခုထိအဆက်အသွယ်ရှိတုန်း။ အိမ်ရှင်မက်နိက အိန္ဒိယသား လက်ဆီတန်မြို့က ကန်တက်ကီပြည်နယ်တက္ကသိုလ်မှာ အင်ဂျင်နီယာကျောင်းပြီးတော့ မန်ဒီနဲ့ အိမ်ထောင်ကျနေတာ။ မန်ဒီက အိမ်ကနေ သွင်းကုန်ထုတ်ကုန်လိုင်စင်လုပ်ပြီး မန်နိချ်က အေတီအန်တီကုမ္ဗဏီမှာ မန်နေဂျာ။ ကန်တက်ကီပြည်နယ်က ဘတ်စကတ်ဘောခရေစီ လူဝီဗီတက္ကသိုလ်အသင်း UOL နဲ့ ကန်တက်ကီတက္ကသိုလ်အသင်း UK အသင်းက ဗိုလ်လုဖက်။ ဘတ်စကတ်ဘောရာသီဆို UOL ပရိတ်သတ်တွေက အနီရောင်အလံလေးထောင်၊ UK ပရိတ်သတ်တွေက အပြာရောင်အလံလေးထောင်။ အိမ်ရှင်မက်နိက UK ကန်တက်ကီတက္ကသိုလ်ကျောင်းထွက်ဆိုတော့ UK အမာခံပရိတ်သတ်။ မတ်လဆိုရင် လူဝီဗီလ်မြို့မှာ ကျင်းပတဲ့ ကန်တက်ကီဒါဘီမြင်းပွဲက နာမည်ကြီးတယ်။ ဒါဘီပွဲပြီးရင် Thunder Over Louisville မီးရှုးမီးပန်းပွဲက နှစ်သစ်ကူးချိန် နယူးယောက်က မီးရှုးမီးပန်းပွဲအတိုင်းပဲ။ အနီးအနားက အင်ဒီယားနား၊ အိုဟိုင်းရိုးပြည်နယ်တွေကပါ လာကြည့်တယ်။ ရုံးက လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်တဲ့ ကုမ္ဗဏီဆိုတော အင်ဂျင်နီယာ ယောက်ျားလေးတွေများတယ်။ အာရှသားက နည်းနည်းလေး ကိုယ့် Central Enginering ဋ္ဌာနကလူတွေက သဘောကောင်းတယ်။

Excel VBA နဲ့ ရေးထားတာတွေကို C# Windows ပြန်ပြောင်းရေး၊ အင်ဂျင်နီယာတွေ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ Software Application တွေရေးပေး။ ကိုယ့်လိုကွန်ထရပ်တာ တူရကီလေးမူဆာဖာက နင့်ရှေ့မှာ သုံးယောက်ဖြုတ်ထားတယ် သတိထားလို့ ပြောတဲ့နေ့က ဖျားချင်ချင်တောင်ဖြစ်တယ်။ ဆူပါဗိုက်ဆာဂျရတ်က မင်း အလုပ်ကြိုးစားတယ် သဘောကျတယ် ၆ လပြည့်ရင် အမြဲတမ်းဝန်ထမ်းဖြစ်ဖို့ ပြောပေးတယ်တဲ့။ ၂ ပတ်ကဲနေမယ် တိုက်ခန်းသစ်ရှာမယ်လို့ ပြောထားတဲ့အိမ်ရှင်ကို ၆ လလောက်နေပါရစေ အမြဲထမ်းဝန်ထမ်းဖြစ်မှ တိုက်ခန်းရှာတော့မယ်လို့ပြန်ပြောတော့ ကြိုက်သလောက်နေပါ အေးအေးဆေးဆေးရှာတဲ့။ မန်ဒီက ခင်ဖို့ကောင်းတယ် ကိုယ့်ကို ညီမလေးလို ဂရုစိုက်တယ်။ ပိတ်ရက်တွေဆို ကိုရီးယားဆိုင် လိုက်ပို့ပေးတယ် ဖက်ထုပ်လုပ်နည်း သင်ပေးတယ်။ ကိုယ် ဟင်းချက်ရင် ဘာတွေချက်တာလဲမေးပြီး နင့်မိဘတွေကတော့ သိပ်ဂုဏ်ယူမှာပဲ ဓာတ်ပုံရိုက်ပို့တဲ့။ အုန်းနို့ကျောက်ကျောကျွှေးတာ ကြိုက်လို့တဲ့။ တက္ကဆပ်ပြည်နယ်က သူ့အမေလာလည်တော့ အုန်းနို့ကျောက်ကျော လုပ်ပေးရတယ်။ သူ့မိဘတွေလည်း သဘောကောင်းတယ်။ မန်ဒီက ကြက်သွန်ကြော်ကြိုက်တဲ့ အာရှဆန်တဲ့ အမေရိကန်မ။ ဆူနမ်တို့က ဒီလိုချည်းကြိုပို့စီးနေလို့ မဖြစ်ဘူး ကားဝယ် ဆူနမ်၊ ရာမား၊ ဂင်္ဂါ၊ မိုင်းဖန်က တယောက်တထောင်ချေးတယ်။ ကားဝယ်ဖို့ လိုက်ရှာတော့ Dealer တွေဆီသွားကြည့် တတ်နိုင်တဲ့ ၄၀၀၀၊ ၅၀၀၀ တန်မတွေ့။ တသောင်းတန်လောက် ဝယ်မယ်ဆိုရင် financing လုပ်လို့ရပေမဲ့ credit scores က မကောင်းလို့ အတိုးနှုန်း ၁၂ ပေးရမယ်တဲ့။၊

ဖို့ဝိန်းမြို့ကအစ်မက သူ့ကားကို ၄၅၀၀ နဲ့ရောင်းမယ်ဆိုတော့ ညီအစ်မလိုခင်တဲ့အစ်မဆိုတော့ ဘယ်နှစ်ခုနှစ်ကထုတ်တဲ့ကားလဲ၊ မိုင်ဘယ်လောက်မောင်းပြီးပြီလဲ၊ ဘာကားလဲဆိုတာလောက်ပဲမေးပြီး ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်။ အစကတော့ ဖို့ဝိန်းကအစ်မက လူဝီဗီလ်အထိ မိုင် ၂၅၀၊ ၄ နာရီ မောင်းပြီးလာပို့မယ်၊ ဆူနမ်နဲ့ မိုင်းဖန်က စင်စင်နာတီမြို့ကနေ ဖို့ဝိန်းကိုသွားယူ လူဝီဗီလ်အထိ မောင်းလာမယ်လို့စီစဉ်၊ နောက်ဆုံးတော့ ၃၀၀ ပေးပြီး ထရပ်ကားနဲ့ပဲ သယ်တော့တယ်။ ထရပ်ကားနဲ့သယ်တာမှာ အမိုးဖွင့်မဟုတ်ဘဲ ထုတ်ပိုးထားရင် ဈေးပိုပေးရတယ်။ ကားကရောက်တာနဲ့ ဘီးပြားနေလို့ အိမ်ရှင်မန်ဒီကိုယ်တိုင်လေထိုး ဆိုင်ကိုသွားပို့သွားယူ။ မန်ဒီကတော့ပြောတယ် ကားမှာအင်ဂျင်ချက်ဆိုင်း ပြနေတယ်တဲ့။ စတိတ်မှာကားမောင်းသက်က ၃ နှစ်အောက်၊ ကန်တက်ကီပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်လို့ ကားအားမခံက ဈေးများတယ်။ ကားမှတ်ပုံတင်ဖို့သွားတာ မီးလုံးမကောင်းလို့၊ ကားပြတင်းအောက်ဖက်နားမှာ VIN နံပါတ်ပါပြီး ကားရှေ့ကဒက်ရှ်ဘုတ်မှာ VIN နံပါတ်မပါလို့ကန်တက်ကီပြည်နယ်ရဲ့ မြို့တော်ဖရန့်ဖွတ်မြို့က မော်တော်ကားရုံးကိုလှမ်းတောင်း၊ VIN နံပါတ်မရှိဘူးဆိုတော့ ခိုးခံရတဲ့ကားများလားတဲ့။ လူဝီဗီလ်မြို့ထဲက မော်တော်ကားရုံးကို ပို့လိုက်လို့ အိမ်ရှင်ကို အကူအညီတောင်း လိုက်ပို့ခိုင်းပြီး သွားယူ။

အရောင်းအဝယ်စာချုပ်မပါလို့ ဖို့ဝိန်းကအစ်မကို လှမ်းတောင်းတော့ ကားက သူ့နာမည်ပေါက်မဟုတ်ဘူးတဲ့ အရင်ရောင်းခဲ့သူနာမည်နဲ့ပဲ မောင်းနေတာတဲ့။ စန်းစန်း နင် ငါတို့ကားကိုဝယ်တုန်းက ဂင်္ဂါနဲ့နင် ဘဏ်မှာ အရောင်းအဝယ်စာချုပ် လက်မှတ်ထိုးတာ မှတ်မိလား။ မှတ်မိတယ် ငါ အီဂျစ်မလေးအာရပ်ကို ကားရောင်းတုန်းကလည်း ဘဏ်မှာပဲ အရောင်းအဝယ်စာချုပ် လက်မှတ်ထိုးခဲ့တာ။ အရင်ရောင်းခဲ့သူက တခြားပြည်နယ်ကို ပြောင်းသွားခဲ့ရင် ဘယ်လိုလုပ်မလဲ ဒုက္ခပါပဲ ဘယ်လို့သူ့နာမည်မပြောင်းထားတာလဲ လွယ်လွယ်လေးကို ဘဏ်မှာသွားလုပ်ရင် ပိုက်ဆံပေးရတာလည်းမဟုတ်ဘဲနဲ့ အဲ ... အဲဒါတော့ ငါလည်း မသိဘူးဟ။ ကံကောင်းတာက အရင်ရောင်းခဲ့သူက ဖို့ဝိန်းမြို့မှာပဲ ရှိနေသေးတော့ စာချုပ်ကိုလက်မှတ်ထိုးခိုင်း အသိဆရာတော်ဘုန်းကြီးက နိုထရီထုပြီး အရင်ရောင်းသူက ကိုယ့်ကိုရောင်းတယ်ဆိုတဲ့ အရောင်းအဝယ်စာချုပ် ရလာတဲ့အကြောင်းကိုတော့ ဆူနမ်တို့ကို မပြောပြတော့ပါဘူး။ ပြောလိုက်ရင် ပါးစပ်ကလေးဟ မျက်လုံးအပြူးသား အံ့အားသင့်တဲ့မျက်လုံးတွေ what .... why ဆိုတဲ့ မေးခွန်းတွေကို ကိုယ်မဖြေရှင်းနိုင်တော့လို့ပါဘဲ။ ဒီလိုနဲ့ မော်တော်ကားရုံးကို ၅ ခေါက်မြောက်ရောက်ပြီးမှ မှတ်ပုံတင်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး အလွန်လွယ်ကူရိုးစင်းတဲ့ ကားမှတ်ပုံတင်တာလေးကိုတောင် ခက်ခဲခက်ဆစ် လုပ်ယူရသူပါ။ ကိုယ့်ကိုလည်း သိပါတယ် ကိုယ်ဟာ ဘယ်အရာကိုမှ လွယ်လင့်တကူ ရရိုးထုံးစံမရှိ၊ သူများထက် နှစ်ဆ၊ သုံးဆပိုကြိုးစားရ၊ ပင်ပန်းမဲ့ဇာတာပါတယ်ဆိုတာ။ ကန်တက်ကီရုံးမှာ လေးအော့ဖြစ်ပြီး မေရီလန်းပြည်နယ်ကို ပြောင်းတဲ့အကြောင်းကိုတော့ နောက်အပိုင်းတွေမှ ဆက်ပါဦးမယ်။

စန်းထွန်း
နိုဝင်ဘာ ၁၅၊ ၂၀၁၇။

ဂျီစီ ခရီးကြမ်း - ၅

ကျောင်းမှာ ၈ လတက် ၂ နှစ်ခွဲ အင်တန်းရှစ်ဆင်း အလုပ်အချိန်ပြည့်လုပ် အဝေးသင်တက်တာကို Ciricular Practical Training CPT လို့ ခေါ်ပါတယ်။ ကျောင်း ၂ နှစ်တက် ၂ နှစ်  အင်တန်းရှစ်ဆင်းတာကို Optional Practical Training OPT လို့ ခေါ်ပါတယ်။ OPT ဆင်းနေတုန်း စာလုပ်စရာမလိုတော့ CPT က OPT ထက် ပိုပင်ပန်းတယ်လို့ထင်တယ်။ ကိုယ်တို့ကျောင်းက CPT ၈ လ ကျောင်းတက်ပြီးတာနဲ့ လုပ်ငန်းခွင်ဝင်ဖို့ သင်တန်းပေးတယ်။ စီဗွီဖောင်ပေးလိုက်ရင် replacement course သင်ကြားတဲ့ဆရာတွေက စာမျက်နှာ ၂ မျက်နှာ စတိတ်ဖောမတ်နဲ့ ပြင်ဆင်ထားတဲ့ စီဗွီဖောင် ပြန်ပေးတယ်။ အမေရိကန် ဓလေ့ထုံးစံတွေကို သင်ကြားပေးတယ်။ လက်ဆွဲနှုတ်ဆက်တဲ့အခါ မနီးမဝေးသင့်တော်တဲ့ အကွာအဝေးကနေ မဖွမညှစ် လက်ဆွဲနှုတ်ဆက်တတ်အောင် ကျောင်းသားတွေ တယောက်ခြင်းအခန်းရှေ့ထွက် လက်ဆွဲနှုတ်ဆက်ရတယ်။ အင်တာဗျူးသွားတဲ့အခါ ရုံးဝတ်စုံဝတ်ဆင်သင့်ပြီး ခန္ဓာကိုယ်မှာ အရောင် ၃ ရောင်ထက် မပိုသင့်ဘူး။ ဟိုင်း ဟောင်းအာယူဆိုတာ ဟိုင်းပါတဲ့။ အမေရိကန်တွေက အနံ့ကိုသတိထားလို့ ဆိုးဝါးတဲ့အနံ့တွေ မရှိဖို့လိုတယ်။ အရည်အချင်းတူတဲ့နှစ်ယောက်ဆို လက်မြောက်ခိုင်း အနံ့ဆိုးမထွက်တဲသူကို ရွေးမယ်ဆိုတဲ့ ကာတွန်းလေးပြတော့ ရယ်လိုက်ကြတာ။ ၁ မိနစ်အတွင်း ကိုယ့်အကြောင်းကို အထိမိဆုံး ပြောနိုင်အောင် လေ့ကျင့်ရတယ်။

အင်တာဗျူးရင် မေးတတ်တဲ့ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်၊ ရည်မှန်းချက်၊ ဘယ်အခက်အခဲက ဂုဏ်အယူရဆုံးလဲ၊ ဘာတွေလေ့လာသင်ယူချင်လဲ၊ အားလပ်ချိန်မှာ ဘာတွေလုပ်သလဲ၊ ဘာဝါသနာပါလဲဆိုတာတွေ ပြင်ဆင်ရတယ်။ အတန်းဖော်တွေ ပြောတဲ့အထဲမှာ ကောင်းတာတွေပါရင် မှတ်ထားပြီး အင်တာဗျူးဖြေတဲ့အခါ ထည့်ပြောတယ်။ စတိတ်မှာ ဘာ visa status နဲ့နေတာလဲလို့မေးရင် F1 ကျောင်းသားဗီဇာလို့ မဖြေနဲ့။ ကျောင်းသားဗီဇာလို့ ဖြေလိုက်လို့ကတော့ တခါတည်းဖုန်းချသွားရော။ တရားဝင်အလုပ်လုပ်ခွင့် work authorization  ၂ နှစ်ခွဲ ရှိပါတယ် ကျောင်းသားဗီဇာနဲ့လို့ ဖြေရတယ်လို့ သင်တယ်။ ဒီလောက်အတန်တန် သင်နေတဲ့ကြားထဲက ဘာဗီဇာနဲ့ နေတာလဲလို့ လျှပ်တပြတ်မေးလိုက်တဲ့အခါ အီသီယိုးပီးယားကျောင်းသားယေဒီက ကျောင်းသားဗီဇာနဲ့ပါလို့ မဆိုင်းမတွဖြေလိုက်တဲ့အခါ တတန်းလုံး ပွဲကျတော့တာပဲ။ အာဂျီရိုထမင်းစားဆောင်မှာတွေ့တဲ့ ယေဒီကို ဘာဗီဇာနဲ့နေတာလဲလို့နောက်တော့ တရားဝင်အလုပ်လုပ်ခွင့်ရှိတဲ့ ကျောင်းသားဗီဇာပါလို့ အရွှန်းသံလေးနဲ့ ပြန်ဖြေတယ်။ အင်တာဗျူးမှာမေးတတ်တဲ့ ပုစ္ဆာတွေ၊ ပြသနာဖြေရှင်းနည်းတွေ လေ့လာပြီး အင်တာဗျူးကောင်းကောင်း ဖြေနိုင်ဖို့ ပြင်ဆင်ရတယ်။ အလုပ်အော်ဖာရတဲ့အခါ ချက်ချင်းလက်မှတ်မထိုးဘဲ ကျောင်းကိုအရင်ပြ ကျောင်းမှအိုကေဆိုမှ လက်မှတ်ထိုးသင့်ပါတယ်တဲ့။

ကိုယ်တွေက စတိတ်အတွေ့အကြုံမရှိသေးတော့ စာချုပ်ထဲက လှည့်ကွက်တွေကို မသိနိုင်ဘူးလေ။ ရိုက်စားအိန္ဒိယ ကုမ္ဗဏီတွေ အထူးသဖြင့် နယူးဂျာဆီပြည်နယ်ဖက်ကဟာတွေက ကျောင်းသားတွေ အလုပ်အရမ်းလိုချင်နေမှန်းသိတော့ သူတို့ဆီမှာ သင်တန်းလာတက် ၃ လပြီးရင် အလုပ်သွင်းပေးမယ် ၆ လလုပ်ပေးရမယ်ဆိုပြီး မက်လုံးပေး။ နောက်တော့ သူတို့ပရောဂျက်တွေမှာ လစာနည်းနည်းနဲ့ မတန်မရာလုပ်ခိုင်း။ ဒီထက်ကောင်းတဲ့အလုပ်အော်ဖာရတော့ ထွက်လို့လည်းမရ ထွက်ရင် ၆ လစာပေးရမယ်ဆိုလို့ ကျောင်းက ကူညီဖြေးရှင်းပေးရတာတွေ ရှိတယ်။ အလုပ်ရရင်၊ အလုပ်ပြောင်းရင်၊ လေးအော့ဖ်ဖြစ်ရင်၊ ဘာပဲဖြစ်ဖြစ် အရင်ဆုံးကျောင်းကို အကြောင်းကြောင်းရမယ်တဲ့။ စတိတ်မှာ SSN Social Security Number က အရေးကြီးတယ်။ အင်တာဗျူးတွေမှာ background check လုပ်ချင်လို့ SSN နံပါတ်တောင်းရင် နောက်ဆုံးဂဏ္ဏန်း ၄ လုံးကိုသာ ပေးပါတဲ့။ SSN ကဒ်ဆိုတာ ဂဏ္ဏန်း ၉  လုံး နာမည်ပါတဲ့ စာရွှက်သေးသေးလေးတခု။ နာမည်နဲ့ SSN နံပါတ်သိရင် identity theft လုပ်နိုင်တယ်တဲ့။ ကျောင်းရောက်ပြီး ၂ လအကြာ ကွန်ပျူတာအခန်းစောင့် ၅ နာရီလားမသိ လုပ်ရတယ်။ ကျောင်းက ပိုက်ဆံနည်းနည်းပေးတယ် SSN ရအောင်လို့။ သိလား စန်းစန်း SSN က အရေးကြီးတယ် အမ်းထရူးဂူရုန်းက နီဘာစကားပြည်နယ်က တက္ကသိုလ်တခုမှာ တက်နေတာ ၆ လ ကြာတဲ့အထိ SSN မရလို့ ဒီကျောင်းကိုပြောင်းလာတာ။

စတိတ်မှာ credit scores လည်း အရေးကြီးတယ် ခရက်ဒစ်ကဒ်သုံးပြီး ပိုက်ဆံဆပ်နိုင်မှ ခရက်ဒစ်စကိုးတက်မှာ။ ကယ်ပီတန်ဝမ်းဘဏ်က ကျောင်းသားခရက်ဒစ်ကဒ်ကို အရင်ဆုံးရတာက မိုင်းဖန်။ ခရက်ဒစ်စကိုး များများတက်အောင်ဆိုပြီး pizza ranch ကြက်ကြော်ဆိုင်ကို ခဏခဏချီတက်ကြတယ်။ မိုင်းဖန်ခမျာ ကိုယ်တို့ ညှင်းဆဲသမျှ ခံရတယ်။ ခရက်ဒစ်စကိုးက တက်ဖို့ခက်သလောက် ကျဖို့တော့ အင်မတန်လွယ်တာ။ အချိန်မှီမဆပ်ရင် နောက်ကြကြေးများတယ်။ ခရက်ဒစ်ကဒ်တွေ အများကြီးလျှောက်ဖွင့်ရင်၊ JCrew ၊ Banana Republic တို့လို အဝတ်အထည်ကုမ္ဗဏီတွေက ခရက်ဒစ်ကဒ်တွေဖွင့်ရင်၊ အချိန်မှီအကြွေးမဆပ်ရင် ခရက်ဒစ်စကိုးကျတယ်။ ကန်တက်ကီရုံးမှာ PNC ဘဏ်က ဘဏ်ကဒ်တွေအကြောင်း လာရှင်းပြတော့ debit card ပေမဲ့ ခရက်ဒစ်စတိုးတွေ တိုးအောင်လုပ်တဲ့ကဒ်ရှိတယ်လို့ပြောတယ်။ ကျောင်းမှာ recruiting လာလုပ်တဲ့ Micro Retails ကုမ္ဗဏီကနေ ပထမဆုံးအင်တာဗျူးနဲ့ အင်တန်းရှစ်အလုပ်ရသွားတဲ့ ယန်းဇီနဲ့ ဘော်ဒါပေါင် အိုဟိုင်းရိုးပြည်နယ် ကလီဗီလန်းမြို့နားကို ပြောင်းသွားကြတယ်။ ယန်းဇီကျောင်းက ထွက်ခါပြီးမကြာခင် ကိုယ်တို့ကားကို ဘေးခန်းကဂျူနီယာ အီဂျစ်မလေးက ၅၀၀ နဲ့ဝယ်သွားတယ်။ ၆၀၀ နဲ့ဝယ် ၅၀၀ နဲ့ရောင်း ကားမောင်းလိုင်စင်လည်းရ ပိုက်ဆံလည်း မရှုံးတဲ့ ကောင်းကျိုးပေးတဲ့ကားဆိုပါတော့။ Algorithms ဘာသာရပ်မှာ B- ရပေမဲ့ တက္ကဆပ်ပြည်နယ်မှာ အလုပ်ရလို့အဝေးသင်ကျမှ Alogrithms ထပ်တက်ဆိုပြီး ကမ္ဘောဒီးယားလေး ချန်ဒရီယာကို ကျောင်းကနေ ထွက်ခွာခွင့်ပေးလိုက်တယ်။

ဆူနမ်၊ စန်းထွန်း၊ မိုင်းဖန်
ဧပြီ ၆၊ ၂၀၁၂။ Good Friday အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့လည်က ဗီယက်နမ်စားသောက်ဆိုင်
Alogrithms မှာ A Hons ရတဲ့ တရုတ်နဲ့နီပေါကျောင်းသား ၂ ယောက် ပရော်ဖက်ဆာရူဘီ ထောက်ခံပေးလို့ အမေဇွန်ကို အင်တာဗျူးသွားရတယ်။ အနောက်ဖက် ဝါရှင်တန်ပြည်နယ် ဆီရေတယ်မြို့အထိ လေယာဉ်လတ်မှတ်၊ ဟိုတယ်ခတွေကို အမေဇွန်ကပေးတယ်။ ဘာတွေမေးလဲဆိုတော့ အစုံပဲ မေးသမျှကို ဝိုက်ဘုတ်ပေါ်မှာရှင်းပြရတာ တနေကုန်ပဲတဲ့။ အမေဇွန်အင်တာဗျူး အင်မတန်ခက်သလို အမေဇွန်ကုမ္ဗဏီက တကယ်ကောင်းတယ်။ နင် သိပ်တော်တာပဲလို့ ချီးမွမ်းတော့ ငါလား တချို့ဘာသာတွေမှာ  B- ရတယ် တချို့ဘာသာတွေမှာ အောင်ရုံ တချို့ဘာသာတွေကျတော့ စိတ်ဝင်စားလို့ အမှတ်နည်းနည်းကောင်းတယ် အေကျောင်းသားမဟုတ်ဘူးတဲ့။ မိုင်းဖန်က ဘာသာတိုင်း အေရတဲ့ အေကျောင်းသူ။ ကိုယ့်မှာလည်း အလုပ်မရသေးတော့ ဘယ်သွားမှန်းမသိ။ ကမ္ဘောဒီယားလေး ဆမ်နမ်ချန်လို သွားနေစရာအစ်မအိမ်၊ အသိမိတ်ဆွေ၊ အမျိုးအိမ်မရှိ။ ကျောင်းမှာဆက်နေလို့တော့ရတယ် အပြင်ဆောင်မှာနေ ချက်ပြုတ်စားရင် စရိတ်သက်သာတယ်။ ဒါပေမဲ့ မြို့ကြီးတွေမှာ အလုပ်ရဖို့လွယ်ကူတော့ မြို့ကြီးတွေဆီ သွားသင့်တယ်လို့ ဒါရိုက်တာဒီလိန်းက အကြံပေးတယ်။ ကိုယ်သွားစရာမရှိ ဖြစ်နေတာကို ဆူနမ်သိသွားတော့ မိုင်းဖန်ကိုပြော မိုင်းဖန်က သူ့ဆီမှာလာနေပြီး အလုပ်ရှာဖို့ပြောတယ်။ ကျောင်းကနေ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့အထိ ဘတ်စ်ကားလတ်မှတ်ကို မိုင်းဖန် ဝယ်ပို့ပေးတယ်။

အလုပ်ရှာတာ ၃ လရှိနေပြီ အလုပ်မရသေးတဲ့ဆူနမ်ကို မိုင်းဖန်ကပြောပေးလို့ မိုင်းဖန်ကုမ္ဗဏီက ဆူနမ့်ကို အင်တာဗျူး အလုပ်အော်ဖာရလို့ကိုယ်ရောက်ပြီး နောက်တနေ့ ဆူနမ် ရောက်လာတယ်။ ကိုယ့်နေစားစရိတ်ကို မိုင်းဖန်နဲ့ဆူနမ် တာဝန်ယူတယ်။ တယောက်ချက်တာ တယောက်မစားနိုင် ကိုယ့်အစားအစာ ကိုယ့်ဘာသာချက်စား သုံးယောက်လုံး အချက်အပြုတ်မကျွှမ်း။ မိုင်းဖန်နဲ့ကိုယ်က ငါးပေါင်းစားရင် ဆူနမ်က ညှီလို့တဲ့။ မိုင်းဖန်က ပရိုဂရမ်းမင်းမကျွှမ်းတဲ့ ဆူနမ်ကို ညနေတိုင်း စာသင်တယ်။ သူ အလုပ်သွင်းပေးထားတာဆိုတော့ ဆူနမ်မလုပ်နိုင်မှာကို မိုင်းဖန်က စိတ်ပူ။ ဆူနမ်ကလည်း မိုင်းဖန် မျက်နှာပျက်ရမှာစိုးလို့ စိတ်ဖိစီး။ အလုပ်ရှာတဲ့ဆိုဒ်တွေမှာ စီဗွီဖောင်တွေ တင်ပြီးတာနဲ့ ဘဝဟာ သနားစရာ။ အိပ်ယာကတောင် မနိုးသေးဘူး ဖုန်းခေါ်နေပြီ။ တနေ့တနေ့ အင်တာနက်ဆိုဒ်မှာ စီဗွီဖောင်ပစ်တင်၊ ဖုန်းလာရင်ဖြေ၊ အင်တာဗျူးဖြေဖို့ပြင်ဆင်၊ အင်တာဗျူးဖြေ၊ လေ့လာသင်ယူနဲ့ ယားလို့တောင် မကုတ်အား။ အလုပ်ရှာတဲ့သူက အလုပ်လုပ်တဲ့သူထက် ပင်ပန်းတယ်။ ဘယ်ဆီဘယ်ဝယ်  ဘယ်တော့မှ အလုပ်ရမယ်မှန်းမသိ။ ၄၅ မိနစ်အဝေးက စင်စင်နာတီမြို့မှာ ရေးဖြေလာဖြေဆိုတော့ တက္ကစီငှားရင် ပိုက်ဆံအများကြီးကုန်မယ် မိုင်းဖန်နဲ့ဆူနမ်က ရုံးမသွားခင် ကိုယ့်ကိုလိုက်ပို့၊ ရေးဖြေစာမေးပွဲဖြေ၊ အဖြေလွှာကို မိုင် ၁၀၀ အဝေးက ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့ကရုံးကို ဖတ်စ်နဲ့ပို့၊ လူ ၄ ယောက်နဲ့ ဖုန်းအင်တာဗျူး ၁ နာရီလောက်ဖြေ။ နေ့လည်ထမင်းစားချိန်မှာ မိုင်းဖန်နဲ့ဆူနမ်လာခေါ်။

ရေးဖြေ၊ ဖုန်းအင်တာဗျူးအောင်တော့ လူတွေ့အင်တာဗျူး face to face လာဖြေခိုင်းတယ်။ မနက် ၉  နာရီရုံးမတက်ခင် စင်စင်နာတီမြို့လည်ကောင်မှာရှိတဲ့ ဘတ်စ်ကားဂိတ်မှာ ချပေးခဲ့တယ်။ မိုင်းဖန်က အင်တာဗျူးသွားဖြေတဲ့အခါသုံးဖို့ ပိုက်ဆံ ၁၀၀ ပေးတယ်။ အဲဒီအချိန်တုန်းက စမတ်ဖုန်းမရှိ တလ ၄၀ ပေးရတဲ့ prepaid ဖုန်းဆိုတော့ အင်တာနက်ပွတ်လို့မရဘူး စာအုပ်သယ်ရတယ်။ နေ့လည် ၁၁ နာရီ ဘတ်စ်ကားစီး နေ့လည် ၁ နာရီ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့လည်ကောင်ရောက်။ တက္ကစီ နာရီဝက်စီး လူ ၄ ယောက်နဲ့ အင်တာဗျူး  ၂ နာရီဖြေ၊ အပြန်တက္ကစီလာခေါ်၊ ည ၆ နာရီ ခွဲ ဘတ်စ်ကားနဲ့ပြန်။ ဘတ်စ်ကားစောင့်ရင်း မြို့လည်ကောင်တဝိုက် ပတ်လျှောက်ပြီး ဓာတ်ပုံရိုက်။၊ ည ၉  နာရီခွဲ မိုင်းဖန်တို့လာကြို နေ့လည်စာလွတ်။ မိုင်းဖန်တို့လည်း လမ်းတွေမှားလို့ အတော်ကြီးကြာမှ ရောက်လာတယ်။ အင်တာဗျူးတဲ့ ဝီလီယမ်ဂရင်းက ကိုယ် recursive နဲ့ဖြေထားတာကို သဘောကျလို့တဲ့။ ဟင်း ဟင်း FPP အတန်းကို နှစ်ခေါက်တက် ထုံးလိုခြေ ရေလိုနှောက် ထောင်းလမောင်းကြေထားတဲ့ တန်ဖိုးတွေ ခံစားရပြီ။ ပရိုဂရမ်းမင်း ဖြေထားတာကိုကြည့်ပြီး ဖြေသူရဲ့ ပြသနာဖြေရှင်းနည်း problem solving skill ၊ စဉ်းစားနည်း၊ ဖြတ်ထိုးညဏ်၊ IQ ကို ခန့်မှန်းလို့ရတယ်ထင်တယ်။ အင်တာဗျုးပြီး တပတ်အကြာ အော်ဖာရတော့ နှစ်ပတ်အတွင်း ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့ကို ပြောင်းရတယ်။ ကိုယ့်ရဲ့ money eater ကား၊ လူဝီဗီလ်မြို့က အတွေ့အကြုံတွေအကြောင်းကတော့ နောက်အပိုင်းကျမှ ဆက်ပါဦးမယ်။

စန်းထွန်း
နိုဝင်ဘာ ၁၁ ၊ ၂၀၁၇။

ဂျီစီ ခရီကြမ်း - ၄

ကိုယ်တို့လေးယောက်ထဲမှာ ဗီယက်နမ်မလေး မိုင်းဖန်က အတော်ဆုံး မာစတာဘရိမ်းလို့ ခေါ်ကြတယ်။ မလေးရှား HP မှာ အလုပ်လုပ်ခဲ့ပြီး တော်လို့ ကယ်လီဖိုးနီးယားပြည်နယ်ကိုလွှတ် ၂၀၀၈ စီးပွားပျက်ကပ်ဆိုက်တော့ laid off လေးအော့ဖ်ဖြစ်ပြီး ဗီယက်နမ်ကို ပြန်ရသူ။ ဒီတော့ မိုင်းဖန်က လေးအော့ဖ်ဆိုတာကို သိပ်ကြောက်တာ။ အလုပ်တွေပြုတ်ကုန်ပြီကြားလို့ သူဋ္ဌေးကို မေးကြည့်တော့ စီးပွားရေးအခြေအနေ အဲဒီလောက်မဆိုးသေးပါဘူးပြောပြီး နောက်နေ့ အလုပ်ဖြုတ်တာ ချက်ခြင်းဗီယက်နမ် ပြန်ရတာတဲ့။ မိုင်းဖန် ရည်းစားက ဗာမွန်ပြည်နယ်မှာဆိုတော့ မိုင်းဖန်က စတိတ်ကို လာချင်နေတာ။ စတိတ်ကို ကျောင်းတက်ဖို့လာတော့ အိုင်အိုဝါပြည်နယ် စီဒါးရက်ပစ်မြို့မှာ ကျောင်းကလာကြိုမှာကို စောင့်နေတုန်း မိုင်းဖန်လို့ ဗီယက်နမ်လို ပီပီသသ ခေါ်သံကိုကြားလိုက်ရတဲ့အခါ ကြောင်တောင်တောင် ဖြစ်သွားတယ်တဲ့။ ဗီယက်နမ်ကုမ္ဗဏီမှာ အလုပ်အတူတူလုပ်ခဲ့တဲ့ ဟွားလည်း ကျောင်းတက်ဖို့ လာတာ ရေစက်များ ဆန်းကြယ်တယ်နော်။ ဟွားလဲ့ဆိုတာ ဗီယက်နမ်ဆို ပန်းလို့အဓိပ္ဗာယ်ရပါသတဲ့ ယောကျ်ားလေးကို ဘာလို့ပန်းနာမည် ပေးထားတာလဲ မသိဘူး။ အဲဒီအကြောင်း မေးမယ်မေးမယ်နဲ့ မမေးဖြစ်ဘူး။ ဟွားက အူတူတူ အတတ သိပ်ခင်ဖို့မကောင်း  မိုင်းဖန်နဲ့လည်း ဝတ်ကျေတန်းကျေ မေးထူးခေါ်ပြောဆိုတော့ သိပ်မခင်ဘူး။

ဆူနမ်နဲ့ ရာမားက တက္ကသိုလ်မှာအတူတူ တတန်းတည်း တတိယနှစ်ယောက်မှ အခင်ဆုံးသူငယ်ချင်းတွေဖြစ်၊ အလုပ်ဝင်တော့လည်း ကုမ္ဗဏီအတူတူ၊ စတိတ်လာတော့လည်း အတူတူ။ ကြောက်တတ်တဲ့ ရာမားက ဆူနမ့်အခန်းမှာပဲ နေလေ့ရှိတယ်။ ဆူနမ်၊ ရာမား၊ ဂင်္ဂါ၊ ရာဂျစ်တို့လေးယောက် စတိတ်ကိုလာတာ အိန္ဒိယ၊ ကာတာ၊ လန်ဒန်၊ ချီကာဂို ၂ ရက်နီးပါးလောက် ကြာတယ်။ လက်ကေ့အိတ်ပျောက်တာ နာမည်ကြီးတဲ့ အိန္ဒိယလေဆိပ်မှာ လက်ကေ့အိတ် ပျောက်မလိုဖြစ်။ အကြမ်းဖက်သမား လူမျိုးရုပ်ပေါက်တဲ့ ရာဂျစ်ကို လန်ဒန်လေဆိပ်မှာ ခေါ်ယူစစ်ဆေးခံရတယ်တဲ့။ ကိုယ့်ထက် ၂ ရက်စောပြီး ရောက်လာတဲ့ ကျောင်းသားတွေ နှင်းမုန်တိုင်းတိုက်လို့ ချီကာဂိုလေဆိပ်မှာ ၂ ရက်လောက် စောင့်ခဲ့ရတယ်တဲ့။ ဆူနမ်နဲ့အဆောင်မှာအတူတူနေ၊ တက္ကသိုလ်မှာ စီနီယာ၊ ယူအက်စ်ကျောင်းမှာလည်း စီနီယာဖြစ်တဲ့ အက်စမီတာမန်ချေးက ညီအစ်မလို ချစ်ကြတယ်။ မန်ချေးဆိုတာ နီပါလီလို လူသားလို့အဓိပ္ဗာယ်ရတယ်တဲ့ ဘာလို့မန်ချေးလို့ ခေါ်ခိုင်းတာလဲမသိ မန်ချေးလို့ခေါ်ပါဆိုလို့ ခေါ်တာ။ အန်စမီတာမန်ချေးအမျိုးသားက H1B ဗီဇာနဲ့ စတိတ်မှာ အိုင်တီအလုပ် လုပ်နေတယ်။ အဲ့ဒါဆို ကျောင်းမတက်ဘဲ ယူ့ယောကျ်ားနောက် လိုက်လာလို့ရတာပဲ။ H4 မှီခိုဗီဇာဆိုရင် အလုပ်လုပ်ခွင့် မရှိဘူးလေ။

ကျောင်းဖွင့်စတုန်းက ဆူနမ်၊ ရာမားက အက်စမီတာမန်ချေး၊ စီနီယာနီပေါကျောင်းသားတွေနဲ့တရုန်းရုန်း။ မိုင်းဖန်ကလည်း စီနီယာဗီယက်နမ်မလေးငါးနဲ့ တရုန်းရုန်း။ ကျောင်းဖွင့်စတုန်းက ကိုယ့်မှာတော်တော် အထီးကျန်တာ။ တချိန်လုံး စတိတ်လာမိတာ မှားလေခြင်းလို့ နောင်တရနေတာ။ ဂျူလိုင်လ ပြန်လာချိန် စီနီယာတွေကလည်း ကျောင်းကထွက်ခွာသွားပြီ၊ တယောက်အကြောင်း တယောက်သိလာပြီဆိုတော့ ကိုယ်တို့လေးယောက် တရုန်းရုန်း။ ဗီယက်နမ်တွေရဲ့ အင်္ဂလိပ်စာအသံထွက်က အင်မတန်ဆိုးတယ် ဘယ်သူမှ နားမလည်ဘူး။ မိုင်းဖန်ကပြောရင် ဆူနမ်က စန်းစန်း ဘာသာပြန်တဲ့။ မိုင်းဖန်က ကိုယ့်ကို အင်္ဂလိပ်လိုပြော ကိုယ်က ဆူနမ်တို့ကို အင်္ဂလိပ်လိုပြန်ပြော english to english ဘာသာပြန်ရတယ် ဆိုပါတော့။ နောက်တော့ တယောက်အကြောင်း တယောက်သိလာပြီဆိုတော့ ဘာသာပြန်စရာမလိုတော့ဘူး။ မိုင်းဖန်းက တဝါးဝါးပြော ကိုယ်တို့က တဟားဟားရယ် ဘေးကလူတွေကတော့ ဘာမှနားလည်မှာမဟုတ်ဘူး ကိုယ့်နည်းကိုယ့်ဟန်နဲ့တော့ ဟုတ်နေကြတာပဲ။ ဆူနမ်နဲ့ကိုယ်က ဘိတ်ချီး ကိုယ်က စာကလွဲရင် အကုန်သိ မီနီဂူဂယ်ဆိုတဲ့ နာမည်ပြောင်ရတယ်။ လေ့လာသင်ယူရတဲ့ ဘာသာရပ်တွေထဲမှာ ကြိုက်နှစ်သက်တဲ့၊ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ ဘာသာရပ်တွေ ရှိသလို ထူးခြားတဲ့ ပရော်ဖက်ဆာတွေလည်း ရှိတယ်။

Software Engineering ဘာသာရပ်သင်တဲ့ အီသီးယိုးပီးယားသား ပရော်ဖက်ဆာဆီးဖူးဟာ အင်မတန်စည်းကမ်းတင်းကြပ်သူလို့ နာမည်ကြီးတယ်။ သူ့စာသင်ချိန်မှာ အိပ်ငိုက်လို့မရဘူး အိပ်ငိုက်ရင် မျက်နှာသစ်ခိုင်းတယ်။ ကြိမ်လုံးတဝင့်ဝင့် ရှိနေတတ်ပြီး အာရုံလွင့်လို့မရဘူး။ ပရောဂျက်တွေလုပ်တော့ တရုတ်ပန်ဒါ ပေါင်၊ ဂရင်းကဒ် အီသီယိုးပီးယားသား တက်စဖာမီခဲတို့နဲ့ လုပ်ရတယ်။ ကိုယ်တို့အင်တာနေရှင်နယ်ကျောင်းသားတွေက ကျောင်းလခသုံးသောင်း ပေးရချိန်မှာ ဂရင်းကဒ်တွေက ၁ သောင်းပေး ကျောင်းမှာတစ်နှစ်တက် အင်တန်းရှစ် ၂ နှစ်ခွှဲဆင်းရတယ်။ ပရောဂျက်ဆွေးနွေးချိန် ပေါင့်ကို တရုတ်လို  သွှေ့ သွှေ့ yes yes လို့နောက်တာကို ပရောဂျက်ဆွေးနွေးချိန်မှာ အင်္ဂလိပ်လိုပဲပြောပါတဲ့ တက်စဖာက။ ကျောင်းဆရာဖြစ်တဲ့တက်စဖာအတွက် ပရိုဂရမ်းမင်းတွေက ခက်ခဲနေတာ့ ပရောဂျက်ကို သူမလုပ်နိုင်ဘူးလို့ပရော်ဖက်ဆာစီးဖူးကို သွားပြောတယ်။ ကိုယ်က ဘော်လန်တီယာလုပ်ပြီး ကူလုပ်ပေးပါမယ်လို့ ပြောရတယ်။ ကိုယ်တို့ ညှိနှိုင်းထားတဲ့ဟာတွေ မဟုတ်ဘဲ ပန်ဒါပေါင်က သူရေးထားတာတွေ ပြသွားခဲ့တယ်။ ကိုယ်လည်း သိပေမဲ့ ကိုယ်လုပ်တဲ့အပိုင်းကိုပြ error တက်ရင် ဘယ်လိုဖြစ်တာပါလိမ့် မနေ့ကအကောင်းဆိုပြီး အရွှန်းဖောက်။ အဲ့ဒါကို တက်စဖာက ကိုယ်တို့ညှိုနိုင်းလုပ်ထားတာ မဟုတ်ဘူးဆိုပြီးပြောတော့ team work မလုပ်ဘူးဆိုတာ ပေါ်နေတာပေါ့။

အထီးကျန် ဆာလောင်ငတ်မွှတ် ပင်ပန်းဆင်းရဲတဲ့ ကျောင်းသူဘဝကို ထင်ဟပ်နေတဲ့ဓာတ်ပုံ
၂၀၁၂ ဖေဖေါ်ဝါရီ ကျောင်းကမထွက်ခွှာခင် ဘေးခန်းကို ရောက်လာတဲ့ အမ်ဘီအေကျောင်းသူ
ကမ္ဘောဒီယားမလေး ဗီဆာခါလေးကို ကျောင်းနားကရေကန်ကို လိုက်ပို့ပေးရင် ဗီဆာခါလေး ရိုက်ပေးထားတဲ့ပုံ

အမြင်ကပ်လိုက်တာ တက်စဖာကို နောက်ဆိုဟိုင်းတောင် နှုတ်မဆက်တော့ဘူး။ ပရောဂျက်ပြီးရင် အရမ်းခင်ရင်ခင် မခင်ရင် မခေါ်မပြောနိုင် ဖြစ်သွားတတ်တယ်။ ၂၀၁၄ နယူးယောက်မှာ စာမေးပွဲဖြေတော့ တက်စဖာနဲ့တွေ့သေးတယ်။ ဟိုင်းလို့နှုတ်ဆက်လိုက်ပေမဲ့ အမြင်ကပ်တယ် မမြင်ချင်ပါဘူးဆိုမှ လာဆုံနေသေးတယ်။ Springs & Hibernate အတန်းကို နယ်သာလန်သား ပရော်ဖက်ဆာမိခဲသင်တယ်။ ပရော်ဖက်ဆာက ငယ်ငယ်ချောချော ကိုယ့်ထက် ၂ နှစ်ပဲကြီးတယ်။ ကိုယ်တို့လို မာစတာကျောင်းသား ရွှေတံဆိပ်ဆုရပြီး ဆရာဖြစ်နေတာ။ Springs & Hibernate ကခက်တော့ ညနေတိုင်း မိုင်းဖန်က ဆူနမ်နဲ့ရာမားကို သင်ပေးတယ်။ စာမေးပွဲက အရမ်းခက်လို့ ဘယ်သူမှမဖြေနိုင်ဘူး နေ့လည်ထမင်းစားချိန်ပြီးမှ ကျောင်းသားတွေ မျက်နှာရှုံ့မဲ့ပြီး ထွက်သွှားကြတယ်။ ပရော်ဖက်ဆာကတော်တော့ ခက်တာတွေမေးပြီး ကျောင်းသားတွေကို ပညာပြတယ်။ ကျောင်းသားတွေ ကွန်ပလိမ်းတက်ကြလို့နဲ့တူတယ် ကိုယ့်အလှည့်ကျတော့ မေးခွန်က အဲဒီလောက်မခက်ဘူး။ ကိုယ် A ရတယ်ဆိုတော့ မိုင်းဖန်တို့ အံ့အားသင့်ကြတယ်။ Web Application သင်တဲ့ အီရတ်သား ပရောက်ဖက်ဆာနာဂျစ်ကလည်း မာစတာကျောင်းသား ရွှေတံဆိပ်ရပြီး ဆရာပြန်လုပ်တဲ့သူ။

စာအရမ်းသင်တဲ့ဆရာ ဗဟုသုတတွေဝေငှ ကျောင်းသားတွေဆီကလည်းသင်ယူ မေးခွန်းတွေအများကြီး မေးတတ်တဲ့ ပါကစ္စတန်၊ ဂျော်ဒန်၊ အိန္ဒိယကျောင်းသားတွေနဲ့ ဘတပြန်ကျားတပြန်။ မေးခွန်းမမေးတဲ့ကိုယ့်ကို မေးခွန်းမေးရင် ၃ မှတ်ပေးမယ်လို့ပြောတတ်တဲ့ဆရာ။ မနက်တိုင်း quizz တွေမေး၊ မနက် ၉  နာရီကတည်းက ဖြေလိုက်တာ နေ့လည်ထမင်းစားချိန် အဖြေကိုပြတော့ မကျေနပ်သေးလို့ ထပ်ရေးခိုင်း၊ တချို့ကျောင်းသားတွေကျတော့ အောင်ပြီ အမှတ်ထပ်လိုချင်ရင် ထပ်ဖြေ၊ မေးခွန်းက open book အင်တာနက်မှာ ရှာလို့ရတယ်၊ ယန်းစီနဲ့ကိုယ်ကတော့ ညနေ ၄ နာရီမှ ပြန်ရတယ် နေ့လည်စာငတ်။ အမှတ်တွေထွက်တော့ မနက်ဖြန် ကျတဲ့ကျောင်းသားတွေ စာမေးပွဲလာဖြေရင် အမှတ်ပေးမယ်။ အောင်ပြီးသား ကျောင်းသားတွေ လာဖြေရင်တော့ အမှတ်မပေးဘူးတဲ့။ ကိုယ်က အောင်ပေမဲ့ အမှတ်မရလည်း သွားဖြေတယ် pracitice makes perfect ။ အတန်းပြီးသွားတော့ ကျောင်းသားတွေ ပရော်ဖက်ဆာနဲ့ pizza ranch ကြက်ကြော်ဆိုင်မှာ သွားစားကြတယ်။ ပရော်ဖက်ဆာနာဂျစ်က သူ့အတန်းထဲမှာ ဖေ့ဘွှတ်ကြည့်မလား ကြိုက်တာလုပ်လို့ရတယ်။ အဲ မောက်စ် ကလစ်တာတော့ မကြိုက်ဘူး။ ပရော်ဖက်ဆာနာဂျစ်က မားဂြိုလ်ကိုသွားမဲ့ အာကာသယာဉ်မှုးအဖြစ် ဝင်ပြိုင်တာ Mars 100  အထဲပါသေးတယ်။ ကျောင်းတက်တုန်းက အိပ်ရေးမဝ ဆာလောင်ငတ်မွှတ် နေ့တိုင်းအိမ်စာအချိန်မှီပြီးဖို့ စာမေးပွဲမှာ ဘီရဖို့ ကြိုးစားရတာ တကယ်ပင်ပန်းတယ်။

ဆူနမ်တို့ နီပေါ ၅ ယောက် စုဝယ်ထားတဲ့ကားဟာ သူတို့လက်ထဲမှာတော့ အင်မတန်ချူချာတာ စီးတဲ့သူကလည်း များတာကိုး။ ကားမောင်းလေ့ကျင့်လို့ ကိုယ်က ဓာတ်ဆီအပိုထည့်ပေးမယ်ကြံရင် ဆူနမ်က ဘာလဲ ရာဂျစ်အတွက် ထည့်ပေးမလို့လား ကိုယ်မောင်းဖို့ပဲကိုယ်ထည့်။ ဂျူလှိုင် ကျောင်းကိုပြန်လာပြီး သိပ်မကြာခင် ဆူနမ်၊ ရာမား၊ မိုင်းဖန်က ကားမောင်းလိုင်စင်ရတယ်။ ကိုယ့်ကို ကားမောင်းသင်ပေးနိုင်တာက ဆူနမ်ပဲ ရှိတယ် အရေးအကြောင်းဆို စတီယာတိုင်ကို ဆွဲလှည့်ဖို့ မိုင်းဖန်က အားမရှိ။  ပိန်ပိန်ညောင်ညောင် chop stick ခြေတံလေးတွေနဲ့ ရာသီဥတုအေးရင် ချောင်းတဟွတ်ဟွတ်ဆိုး အားရင် ကုတင်ပေါ်မှာ လဲနေတတ်တာ မိုင်းဖန်။ ဆူနမ်က ဘရိတ် ဘရိတ်လို့အော်ရင် ကိုယ်က ဒီမှာကြည့် ဘရိတ် ဘရိတ်နင်းထားတယ်တွေ့လားလို့ အော်တယ်။ ခေါင်းမာပြီး အကြောက်အလန့်မရှိတဲ့ ကိုယ့်ကို ကားမောင်းသင်ရတာ ဆူနမ် အင်မတန်စိတ်ညစ်တယ်။ ဘယ်နေ့ ကားတိုက်မလဲလို့ စိတ်ပူနေရတာတဲ့။ သင်မောင်းသမားတွေ ကားမောင်းလေ့ကျင့်ရင် ကားမောင်းလိုင်စင်ရထားတဲ့သူ ပါရတယ်။ ဆူနမ်တို့လက်ထဲမှာတုန်းကတော့ ချူချာလွန်း ကားပြင်ဆိုင်ကို မကြာခဏရောက်လွန်းလို့ အကုန်အကျ များနေတဲ့အတွက် ကိုယ့်ကိုမရောင်းခင် နောက်ဆုံးကားပြုပြင်ထိန်းသိမ်းခငွေကို မိုင်းဖန်က စန်းစန်းအတွက် လက်ဆောင်ဆိုပြီး ပေးသတဲ့။ ယန်းဇီက သူ့ဘော်ဒါတရုတ်မကားကို အမြဲစီးပြီး ကားမောင်းလေ့ကျင့်ဖို့၊ ဈေးဝယ်သွားတာလောက်ပဲ သုံးတယ်။ ကျောင်းနဲ့အဆောင်က လမ်းမလေးပဲ ခြားတယ်။

ယန်းဇီ၊ ကမ္ဘောဒီးယားလေး ချန်ထရီရာတို့က ကားမောင်းလိုင်စင် တခါတည်းနဲ့ရတယ်။ ဘယ်သူတော့ဖြင့် ဘယ်လိုကြောင့် ကားမောင်းလိုင်စင်ဖြေဆိုခွင့် ဘယ်နှစ်ပတ်ပိတ်လိုက်ပြီလို့ကြားရင် တွေ့တာနဲ့ stop means fullly stop ၊ green means go ၊ red means stop လို့ စကြတော့တာပဲ။ ကိုယ် ကားမောင်းကျင့်ရင် လိုက်ပေးဖို့ အကူအညီတောင်းတဲ့အခါ ယန်းဇီက လိုက်ပေးပေမဲ့ မနက်စောစော ကားမောင်လိုင်စင်ဖြေဖို့ကျတော့ မလိုက်ပေးနိုင်ဘူး။ ယန်းဇီက ညဉ့်နက်မှ အိပ်ယာဝင်တော့ မနက်ကို အိပ်ယာထနောက်ကျတယ် ကျောင်းတက်ခါနီးမှ အူယားဖားယား ပြေးလာတာ။ တခါတော့ ဘယ်သူမှမပါဘဲ သွားဖြေတာ အရာရှိက သူငယ်ချင်းမပါဘူးလားလို့မေးတော့ ဟိုနားမှာဆေးလိပ်သွားသောက်နေတယ်လို့ ညာပြောတာ ကားမောင်းပြပြီးတဲ့အခါ ၃ ပတ်ပိတ်လိုက်တယ်။ ဘယ်သူမှခေါ်လို့မရလို့ တယောက်တည်းလာတာကို ရိပ်မိတယ်ထင်ပါရဲ့။ parellel parking  အတွက်လေ့ကျင့်နေတုန်း ကျောင်းသားတွေ သူတို့ကားဘေးနားမှာ parallel parking ကျင့်တာ တိုက်မိလို့ ထွက်ပြေးသွားတယ် ကျေးဇူးပြုပြီး သူတို့ကားနားမှာ လာမကျင့်ပါနဲ့တဲ့။ တခြားမြို့ကိုရောက်ရင် ကားမောင်းလိုင်စင်ရဖို့ ခက်တာမို့ ကျောင်းကမထွက်ခွာမှီ ကားမောင်းလိုင်စင်ရဖို့ အင်မတန် အရေးကြီးတယ်။ ကိုယ်က ၅ ခေါက်မြောက် ကျောင်းကမထွက်ခွာခင်နေ့မှာ ကားမောင်းလိုင်စင်ရတယ်။

အမှတ်နည်းနည်းလိုပေမဲ့  တခြားမြို့ကိုရောက်ရင် ကားမောင်းလိုင်စင်ရဖို့ခက်တယ် မြို့ကြီးတွေမှာ သတိထားမောင်းဆိုပြီး ကားမောင်းလိုင်စင် ထုတ်ပေးလိုက်တယ်။ အဲ့ဒီလို ကားမောင်းလိုင်စင် ရရှိထားသူဆိုတော့ ဆူနမ်တို့ ကိုယ့်ကားစီးရင် နောက်ခုံမှာထိုင်နေဦးတော့ ခါးပတ်ပတ်ကြတယ်။ တတန်းတည်းသား အီသီယိုးပီးယားကနေခွှဲထွက်တဲ့ အီထရီယာနိုင်ငံကနေ ဒီဗွီပေါက်လို့ရောက်လာတဲ့ အာရိယန်ဟာ ကားအလိုရှိရင် လာငှားတတ်ပေမဲ့ ကားမောင်းကျင့်ဖို့ လိုက်ခဲ့ပေးပါဆိုရင် tomorrow လို့ ပြောတတ်တယ်။ အားနာတတ်တဲ့ဆူနမ်က နိုးလို့မပြောတိုင်း ကိုယ်နဲ့မိုင်းဖန်က tomorrow never comes. say no လို့ ဆူနမ်ကိုပြော အာရီယန်ကို အမြင်ကပ်။ နိုင်ဂျီးရီးယားသူ အမ်ဘီအေကျောင်းသူတယောက်က သူ့ကိုကားမောင်းသင်ပေးစေချင်တယ် ကိုယ့်ကားနဲ့ ဓာတ်ဆီတောင် ကိုယ်ကစိုက်ပေးရမလားမသိ။ သဘောကောင်းတဲ့ယန်းဇီက ငြင်းရခက်နေရင် ကိုယ်က လူမိုက်ကြီးလုပ်ပြီး မအားဘူး ပရောဂျက်ရှိတယ်လို့ ငြင်းတယ်။ ဆူနမ်တို့နီပေါတွေလည်း အိန္ဒိယတွေ ညစ်တယ်လို့ မြင်တယ်တဲ့။ ကိုယ့်တသက်တော့ သဘောမနောကောင်း ကူညီတတ်တဲ့ အိန္ဒိယဆိုတာ မကြုံဖူး‌သေးဘူး။ Social Security Number (SSN) ၊ credit score တွေ အရေးကြီးပုံအကြောင်း၊ အလုပ်ဘယ်လိုရှာဖွေခဲ့လဲဆိုတာတွေ နောက်အပိုင်းကျမှ ဆက်ပါဦးမယ်။

စန်းထွန်း
နိုဝင်ဘာ ၈၊၂၀၁၇။

ရှေ့တန်းဘယ်မှညာ ယန်းဇီ၊ ချန်ထရီရာ၊ စန်းထွန်း
နောက်တန်းဘယ်မှညာ ဗိဆာခါလေး၊ ပေါင်
တက်ဆက်ပြည်နယ်မှာ အလုပ်ရတဲ့ ကမ္ဘောဒီးယားလေး ချန်ထရီရာရဲ့ နှုတ်ဆက်ပွဲ