ယူအက်စ်သွား တောလား - ၂၃



အောက်တိုဘာ ၁၅ တနင်္ဂနွေနေ့ မနက်စာကို ဟိုတယ်က မကျွှေးဘူး။ မနက်စာ စားချင်တယ်ဆိုရင် ညကတည်းက ပိုက်ဆံပေးပြီး မှာထားရတယ်။ မနက် ၇ နာရီခွဲ Plattsburgh မြို့က ဟိုတယ်ကနေထွက်တော့ မိုးဖွဲဖွဲလေး ရွှာနေတယ်။ Plattsburgh မြို့ကနေ တောင်ဖက်စူးစူး  ၁၃ မိုင် ၂၂ မိနစ်မောင်းရင် Ausable Chasm ကို ရောက်ပါတယ်။ Ausable Chasm က သဲကျောက်တောင်တွေ ကြားထဲက ၃ မိုင်ကျော်ရှည်တဲ့ တောင်ကြားလမ်းလေး။ Ausable မြစ်က ဖြတ်သန်းဆင်းနေပြီးတော့ ရေတံခွန်တောတောင်တွေနဲ့ အင်မတန် သာယာတယ်။ Grand Canyon of the Andirondacks လို့ တင်စားကြပြီး Andventure Trail ၊ Biking ၊ Golf ၊ Night tour ၊ Photo tours - Fall, Winter ၊ Raft ၊ Float Tours ၊ Rappeling ၊ Rock climbing ၊ Tubing tours တွေ ရှိပါတယ်။ နေရာတိုင်းကလှတော့ နေရာတိုင်း ဓာတ်ပုံရိုက်ချင်တယ်။ တနာရီ အချိန်ပေးပေမဲ့ ကိုယ့်တို့က ၁၅ မိနစ်ကျော်မှ ရောက်တယ်။ တချို့ဆို တိုးဂိုက်က လိုက်ခေါ်ရလို့ တနာရီခွဲလောက်မှ ရောက်တယ်။ မိုင်းဖန်က သူ့ဆီကို လာလည်ဖို့ voice mail ထားခဲ့တယ်။ ဖုန်းပြန်ခေါ်တော့ ဘယ်လိုမှခေါ်လို့ မရတော့ဘူး ကျောင်းမှာတုန်းက ဆူနမ်က  invisible & inavailable မိုင်းဖန်လို့ နာမည်ပေးထားတာ ခုထိ invisible ၊ inavailable မိုင်းဖန် ဖြစ်နေတုန်း။ ဆူနမ်ကိုဖုန်းဆက်ပြီး မိုင်းဖန်ကို ဘယ်လိုဆက်သွယ်ရမလဲ မေးတော့ ထုံးစံအတိုင်း  voice mail ထားပြီး ဆက်သွယ်ရတယ်တဲ့။  သူ အားတဲ့အချိန် voice mail စစ်တဲ့အခါ ပြန်ဆက်သွယ်လိမ့်မယ်တဲ့။ အေး ငါ voice mail တော့ ထားခဲ့ပြီ တကယ်လို့များ မိုင်းဖန် နင့်ကို အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ခဲ့ရင် ပြောပေးပါ ငါ သူနေတဲ့မြို့ကို ဖြတ်သွားပေးမဲ့ တိုးကားနဲ့ ခရီးသွားတာဆိုတော့ သူ့ဆီဝင်လို့မရဘူးလို့။

မိုင်းဖန်က ကိုယ့်ကားကိုယ်မောင်းပြီး ခရီးသွားနေတယ် ထင်နေတာ။ Ausable Chasm ကနေ ဖယ်ရီဂိတ်ဖြစ်တဲ့ Port Kent ကို ၃ မိုင် ၆ မိနစ်ပဲ မောင်းရတယ် ဖယ်ရီကိုလည်း သိပ်မစောင့်လိုက်ရဘူး။ နယူးယောက်ပြည်နယ် Port Kent ကနေ ချန်ပိန်ရေကန်ကြီးကို ဖြတ်ကျော်ပြီး မိုင်းဖန်နေတဲ့ ဗာမွန်ပြည်နယ် ဘာလင်တန်မြို့ကို ၁၀ မိုင် ၁၅ မိနစ်လောက်ပဲ စီးရပြီး တနာရီ ၁စီးရှိတယ်။ ဆောင်းရာသီမှာ ဖယ်ရီပိတ်ထားပြီး နွေရာသီကနေ ဆောင်းဦးအထိ ဖယ်ရီတွေ ရှိတယ်။ ချန်ပိန်ရေကန်ကြီးက အတော်ကျယ်ပြီး ရေကလည်း ကြည်လင်နေတယ်။ ၁၈၇၆ ကတည်းက အလွန်ကြီးမားတဲ့ မြွှေသဏ္ဍန်ရှိတဲ့ Lake Champlain Monster ကို တွေ့ရတယ်လို့ ပြောသူတွေရှိတော့ ဓာတ်ပုံရိုက်ရင်း မွန်းစတားများ တွေ့မလားလို့ ရှာကြည့်သေးတယ်။ လေတွေ တအားတိုက်လို့ ကားပေါ်ပြန်တက်ပြေးရတယ်။ ဘာလင်တန်မြို့နား ကပ်ခါးနီးနေပြီ ကားပေါ်တက်မလာသေးလို့ အိန္ဒိယသားအဖနှစ်ယောက်ကို တိုးဂိုက်က အတင်းလိုက်ခေါ်ရတယ် အဲဒီလို ဓာတ်ပုံရိုက်ဖို့ ဝါသနာကြီးတာ။ ခရီးစဉ်ရဲ့နောက်ဆုံးသွားရောက်လည်ပတ်မဲ့ နေရာကတော့ မိုင် ၆၀၊ ၁ နာရီခွဲမောင်းရတဲ့ ဗာမွန်ပြည်နယ် Pittsford မြိ ု့က New England Maple Museum ပြတိုက်။ လမ်းတလျှောက် တတောတတောင်လုံး ဝါထိန်နေတာများ အင်မတန်လှတယ်။ ဗာမွန်၊ နယူးအင်္ဂလန်ဒေသရဲ့ ဆောင်းဦးရွှက်ကြွှေချိန်ဟာ အင်မတန့် အင်မတန် လှပါပေတယ်။


လမ်းမှာ Middlebury မြို့က မက်ဒေါနယ်ဆိုင်မှာ နေ့လည်စာစားဖို့ ရပ်ပေးတယ်။ ကိုယ်တို့နောက်ဘေးတန်းမှာထိုင်တဲ့ အသက်ကြီးကြီး တရုတ်လင်မယားရဲ့ သားဖြစ်ဟန်တူတဲ့ ဦးလေးကြီးကို တိုက်မိတယ်။ မကြီးက သူ့ကုတ်အင်္ကီျပေါ်မှာ ငါ့နှုတ်ခမ်းနီ အကွက်လိုက် သူ့တော့ သိပုံမရဘူးလို့ပြောတော့ ကော်လံပေါ်က နှုတ်ခမ်းနီဆိုပြီး ကိုယ်တို့ညီအစ်မတွေ ရယ်လိုက်ရတာ။ မေပယ်ပြတိုက်မှာတော့ မေပယ်ပင်ကနေ syrup ထုတ်ယူပုံကို ဗွီဒီယိုတွေနဲ့ ရှင်းပြတယ်။ သစ်ပင်တွေက လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရယူပြီး နေရောင်ခြည်တွေနဲ့ အစာချက်တာကို photosynthesis လို့ခေါ်တယ်။ ဒါဆို ဆောင်းရာသီမှာ သစ်ပင်တွေ ဘယ်လို photosynthesis လုပ်မလဲလို့ နယူးယော့ခ် ဘော်တနစ်ကယ်ဂါးဒင်းကို forest tours သွားတုန်းက တိုးဂိုက်က မေးဖူးတယ်။ ဟုတ်ပါ့ ဆောင်းရာသီမှာ သစ်ပင်တွေ photosynthesis ဘယ်လိုလုပ်ပါလိမ့်။ ဆောင်းရာသီမှာ photosynthesis မလုပ်ဘဲ ဆောင်းရာသီအတွက် သစ်ပင်ထဲစုဆောင်းထားတာတွေကို စားသောက်ပြီး ဆောင်းရာသီမှာ အိပ်နေတာလို့ တိုးဂိုက်က ရှင်းပြတယ်။ အဲဒီလို မေဘယ်ပင်တွေက ဆောင်းရာသီမှာစားသောက်ဖို့ စုဆောင်းထားတာကို လူတွေက ထုတ်ယူကြတာ။ အဲဒီ syrup က ချိုပေမဲ့ ဆီးချိုသမားတွေစားရင် ဆီးချိုမတက်ဘူး ဒါကြောင့် ဒီရောက်တိုင်း သူအမြဲဝယ်တယ်လို့ တိုးဂိုက်က sales marketing ကြေငြာတယ်။ syrup က ချိုတာပဲကို ဆီးချိုမတက်ဘူးဆိုတာ မယုံပါဘူး ဂူဂယ်မှာ ဖတ်ကြည့်ပြီးမှ ယုံမယ်လို့ တွေးတာတာ ခုထက်ထိ ဂူဂယ်မှာ မဖတ်ကြည့်ရသေးဘူး။ အလကားမြည်းဖို့ ပေးထားတဲ့ယိုတွေ စားကြည့်တော့ peach နဲ့ wild elderberry jam ကိုကြိ ုက်တယ်။

တအားမချိုဘူး home made jam ဘူးလေးတွေကို အဝတ်စလေးတွေနဲ့ အုပ်ထားတာ ချစ်စရာလေးဆိုတော့ လက်ဆောင်ပေးဖို့ ၆ ဘူးလောက် ဝယ်ဖြစ်တယ်။ ကောင်မလေးတစ်ယောက် ခုန်နေတဲ့ပုံရိုက်နေတော့ မကြီးက သူလည်း ခုန်နေတဲ့ပုံ ရိုက်ချင်တယ်တဲ့။ ငါမရိုက်တတ်ဘူး မကြီးခုန်တာကို ရိုက်တော့ အဆင်မပြေဘူး ကိုယ်ခုန်တဲ့ပုံက တရုတ်သရဲကားတွေထဲမှာ သရဲတွေ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ခုန်နေတဲ့ပုံနဲ့တူတယ်။ ကိုယ့်ဓာတ်ပုံကြည့်ပြီး ရယ်လိုက်ရတာ။ ကိုယ်တို့က သူတို့ခုန်နေတဲ့ပုံ ရိုက်နေတာကို အားကျငေးကြည့်နေလို့နဲ့ တူပါရဲ့ ဓာတ်ပုံရိုက်ပေးတဲ့ ကောင်မလေးက ရိုက်ပေးမယ်တဲ့။ ရိုက်ပေးတဲ့အပြင် မကြီးကို အိုင်ဖုန်းနဲ့ရိုက်ပုံရိုက်နည်း သင်ပေးသွားတယ်။ အိုင်ဖုန်းနဲ့ရိုက်တဲ့အခါ အဝိုင်းကွက်ကို အကြာကြီးဖိထားပြီ ပုံတွေအများကြီးကို တရစပ်တည်း ရိုက်သွားတော့ multiple snapshot ခုန်တဲ့ပုံတပုံတော့ ရပေမပေါ့။ Bear Mountain ဝက်ဝံတောင်ကို သွားတက်တုန်းက ဝိုင်းကို သင်ပေးပြီး အဲဒီနည်းအတိုင်းရိုက်တာ ခုန်နေတဲ့ပုံကောင်းကောင်းလေး တစ်ပုံရတယ်။ ခုန်ရတာ မလွယ်ဘူး အတော်ပင်ပန်းတယ် သူများတွေတော့ ခုန်နေကျမို့ထင်တယ် ခုန်နေကျတာ ပေါ့ပေါ့ပါးပါးပဲ။ နယူးယောက်ကိုပြန်တဲ့လမ်းမှာတော့ ငိုက်လိုက် ဘေးပတ်ဝန်ကျင်ကို ငေးလိုက် အိပ်လိုက်နဲ့ပေါ့။ Rest Area မှာနားတော့ ဖလပ်ရှင်းဖက်ကို ပြန်မဲ့သူတွေကို တခြားကားမှာ ထည့်ပေးလိုက်ပြီး ကိုယ်တို့ကားက ဖလပ်ရှင်းကို မဝင်တော့ဘဲ မက်ဟန်တန်ဖက်ကိုပဲ တိုက်ရိုက်မောင်းတော့မယ်။ ဂျာစီစီးတီးမှာ ရပ်ပေးဖို့ အိန္ဒိယသားလေးက တောင်းဆိုတာကို တိုးဂိုက်က ဟိုလိုလိုဒီလိုလို လုပ်နေတာမို့ အိန္ဒိယသားလေးက ဂျာစီစီးတီးမှာ ဘယ်သူဆင်းချင်လဲလို့ တကားလုံးကိုမေးတော့ ခြောက်ယောက်လောက်က ရက်စ်တဲ့။ ရက်စ်တဲ့လူအကုန်လုံးက အိန္ဒိယသားတွေ အိန္ဒိယသားတော်တော်များများ အဲဒီနားမှာနေကြတယ်။ ဒီမိုကရေစီဆန်ဆန် အများသဘောဆန္ဒခံယူတာမို့ တိုးဂိုက်လည်း ဘာမှမတတ်နိုင်တော့ဘူး ။ Bear Mountain ၊ Palasides ဟိုက်ကင်းထွက်တဲ့အကြောင်းကတော့ နောက်ပို့စ်တွေမှ တင်ပါတော့မယ်။

Happy Traveling !
Merry Christmas & Happy New Year !

စန်းထွန်း
ဒီဇင်ဘာ ၂၃၊ ၂၀၁၆။

ယူအက်စ်သွား တောလား - ၂၂



သစ်ရွှက်တွေ အရောင်းပြောင်းတဲ့ ဆောင်းဦးရာသီမှာ သစ်ရွှက်တွေ အရောင်ပြောင်းတာကို ကြည့်ဖို့အတွက် Fall Foliage Special Tour တွေ ရှိပါတယ်။ ဗာမွန်၊ နယူးအင်္ဂလန်၊ ကွန်နက်တီကပ် ပြည်နယ်တွေဖက်ကို တိုးတွေရှိတော့ နယူးအင်္ဂလန်၊ ကွန်နက်တီကပ်ဖက်ကို သွားချင်တယ်။ ဗာမွန်၊ နယူးအင်္ဂလန်ဖက်က မြောက်ပိုင်းကျတော့ Fall Foliage က ကွန်နက်တီကပ်ထက် စောတယ်။ သစ်ရွှက်တွေ Just Change ၊ Peek time ၊ After Peek time အရောင်ပြောင်းတာတွေကို ILoveNY ဆိုဒ်မှာ ကြည့်လို့ရပါတယ်။ ဗာမွန်ကို ၂၀၁၄ တုန်းက သွားဖူးထားတော့ အတော်လှမှန်းသိတယ်။ ဝိုင်းက ကွန်နက်တီကပ်ဖက်ကို သွားဖူးတယ် ဗာမွန်လောက်မလှဘူး မသွားနဲ့လို့ အကြံပေးတယ်။ မက်ဆာချူးဆက်ပြည်နယ် Springfield ဖက်ကိုသွားတဲ့ ခရီးကျတော့ မရောက်ဖူးသေးလို့ ဝိုင်းက လိုက်မယ်တဲ့။ နောက်နေ့ကြည့်လိုက်တော့ ခုံမရှိတော့တာမို့ ဗာမွန်ကိုပဲ သွားရတော့မယ်။ ဝိုင်းက ဗာမွန်ကို ရောက်ဖူးပြီးသားမို့မလိုက်တော့တဲ့အခါ ကိုယ်တို့ညီအစ်မနှစ်ယောက်ပဲ သစ်ရွှက်တွေအရောင်ပြောင်းတဲ့ အလှဆုံးအချိန် အောက်တိုက်ဘာ ၁၅၊ ၁၆ မှာ ဗာမွန်ပြည်နယ်ဖက်ကို ခရီးထွက်ဖြစ်ပါတယ်။ ကြသပတေးနေ့ညနေမှာ ဂျော်ဂျီယာပြည်နယ် Atlanta ရုံးက စီနီယာကယ်ဗင်က ကိုယ်ပါဝင်ခဲ့ဖူးတဲ့ ကွန်နက်တီကပ်တက္ကသိုလ် ပရောဂျက်အတွက် Web Service Security အတွက် ကူညီပေးပါလို့ တာဝန်ပေးလာတယ်။ သောကြာနေ့အထိ ဘယ်လိုလုပ်ရမယ်ဆိုတာ စာတွေဖတ်ပြီး စဉ်းစားနေရတုန်း တနင်္လာနေ့ client ကို ပေးရမှာတဲ့။ ခရီးမသွားဘူးဆိုရင် စနေ၊ တနင်္ဂနွေ ရုံးကိုလာပြီး အလုပ်လုပ်လို့ရသေးတယ်။


ကိုယ့်ကွန်ပျူတာက MacBook Pro ဆိုတော့ မိုက်ခရိုဆော့စ် ဆော့ဝဲတွေ ထည့်မထားတော့ Remote အလုပ်လုပ်လို့မရ။ စင်္ကာပူက အသိအစ်ကိုတစ်ယောက်၊ NUS တက်တုန်းက ကိုယ့်တို့အတန်းထဲက ရွှေတံဆိပ်ဆုရတဲ့ကောင်လေး၊ သူငယ်ချင်းတစ်ယောက်ကို မေးမြန်းအကူအညီတောင်း။ သူတို့က လုပ်တော့လုပ်ဖူးတော့ ကိုယ်စီနီယာလုပ်ချင်တာနဲ့ မတူဘူး။ ကိုယ့်စီနီယာ အဲလက်စ်ဝမ်ကိုမေးကြည့်တော့ သူတခါမှ မလုပ်ဖူးဘူးတဲ့။ စီနီယာဟောင်း ခဲတန်ကိုမေးတော့ သူ့ကို ကယ်လ်ဗင်က လွန်ခဲ့တဲ့နှစ်ပတ်လောက်က မေးဖူးတယ် သူလည်းမသိဘူးတဲ့။ စီနီယာတွေတောင် ဘယ်လိုလုပ်ရမယ်ဆိုတာ မသိတဲ့ဟာကို ငါ့ကို ၂ ရက်တည်းနဲ့ အပြီးလုပ်ခိုင်းတယ်ဆိုပြီး ဒေါတွေပွ။ ဟင်း ဟင်း ဂရင်းကဒ်ရလို့ကတော့ ဒီအလုပ်ကနေ ချက်ချင်းထွက်ပစ်မယ်လို့ ကြိမ်းဝါး။ တိုးကားပေါ်မှာ ဖုန်းတွေဆက်၊ မတ်ဆေ့စ်တွေပို့၊ အင်တာနက်ကနေ စာတွေရှာဖတ် အဲဒီလို အလုပ်တန်းလန်းနဲ့ဆိုတော့ စိတ်မတင်မကျ ၁၀၀% မပျော်နိုင်ဘူး။ နယူးယောက်ကနေ ၂ နာရီလောက်မောင်းပြီးရင် Rest Area မှာ နာရီဝက်လောက် နားပါတယ်။ တချို့သူတွေက ချမ်းတောင်ချမ်းပုံမရဘူး ကိုယ်တွေကတော့ wool coat နဲ့။ မနက်စာနဲ့ နေ့လည်စာ ပေါင်းစားတဲ့ brunch ကို Rest Area က စားသောက်ဆိုင်တွေမှာ စားပါတယ်။ အိမ်ကယူလာတဲ့ ထမင်းကြော်၊ ပြောင်းဖူးပြ ုတ်၊ ပန်းသီး၊ လိမ္မော်သီး အသီးပေါင်းစုံ စားစရာအိတ်ကတင် အတော်လေးတယ်။ နယူးယောက်ကထွက်တာနဲ့ လမ်းတလျှောက် သစ်ရွက်တွေ အဝါရောင်၊ အနီရောင် ပြောင်းနေတာတွေ့ရတယ်။


Andirondack ဒေသထဲ ဝင်လိုက်တာနဲ့ တတောလုံး ဝါထိန်နေတာများ ခရီးသွားအကုန်လုံးက လှလိုက်တာလို့ ပြောယူရတယ်။ ၂၀၁၄ သွားတုန်းက peek time ကျော်ပြီးမှသွားတာမို့ ဒီလောက်မလှဘူး။ ခုတခေါက်ကတော့ peek time ဆိုတော့ အတော်လှတယ်။ ပထမဆုံးသွားရောက်တဲ့နေရာကတော့ နယူးယောက်ကနေ မြောက်ဖက်စူးစူး ၂၈၉  မိုင် ၄ နာရီ မိနစ် ၄၀ မောင်းရတဲ့ High Falls George ရေတံခွန်ပါ။ မိနစ် ၃၀ လောက်ပဲ လျှောက်ရပြီး ရေက အတော့်ကို ကြည်လင်တယ် တောတောင်စိမ့်စမ်းနဲ့ အင်မတန် သာယာတယ်။ နေရာတိုင်းကလှတော့ နေရာတိုင်းမှာ ဓာတ်ပုံရိုက်ချင်တယ်။ ViewPoint တွေမှာ ဓာတ်ပုံရိုက်ဖို့ဆို တန်းစီစောင့်ရတယ် တိုးကား ၃ ကားဆိုတော့လေ။ ဓာတ်ပုံတွေ အပြေးအလွှားရိုက် မကြီးက ဗျူးရှာတာ တော်တော်ကောင်းတယ်။ သူ့ဓာတ်ပုံရိုက်တဲ့နေရာဆို တရုတ်တွေ ဝိုင်းအုံလာတော့ပဲ။ သတ်မှတ်ထားတဲ့အချိန်ပြည့်ပြီလို့ တိုးဂိုက်ကပြောတော့ တိုးကားနားကိုသွား တောင်တွေနဲ့ဓာတ်ပုံရိုက် တိုးကားဆီသွားတော့ ကိုယ့်တို့ကားမဟုတ် တိုးကားကိုရှာ ကားပေါ်တက်တော့ ကိုယ်တို့ကနောက်ဆုံး နောက်ကျတဲ့အဖွဲ့ သီချင်းဆိုပြရမယ်တဲ့။ ဘာသီချင်းမှ ဟုတ်တိပတ်တိ တပုဒ်လုံးမရတော့ ဒုက္ခပါပဲ။ High Falls Gorge ကနေ အနောက်တောင်ဖက် ၈ မိုင် ၁၁ မိနစ်လောက်မောင်းရင် Lake Palacid ကို ရောက်ပါတယ်။ Lake Palacid မြို့လေးက ရေကန်၊ တောတောင်တွေနဲ့ အင်မတန် သာယာလှပတယ်။ ၁၉၃၂ ၁၉၈၀  ဆောင်းရာသီအိုလံပစ်ပွဲကို အဲဒီမြို့လေးမှာ ကျင်းပခဲ့ပါတယ်။ ၁၉၈၀ ဟောကီပွဲမှာ အမေရိကန်က ရုရှားကို Miracle on Ice ဆိုပြီး နိုင်ခဲ့တာကို အမေရိကန်တွေ အမှတ်တရရှိတယ်။ Mirror Lake က ကနူးလှေလှော်နေကြတဲ့သူတွေ တွေ့တယ်။ လမ်းတလျှောက်က သစ်ပင်အနီရောင်၊ အဝါရောင်တွေနဲ့ ဓာတ်ပုံရိုက်လို့ မဝနိုင်ဘူး။


မိန်းလမ်းမတလျှောက်မှာ ဈေးဆိုင်ခန်းလေးတွေ ရှိတယ်။ မြို့က သေးသေးလေးပေမဲ့ မိန်းလမ်းမတလျှောက်မှာ  Church နှစ်ခု တွေ့ခဲ့တယ်။ မေဘယ်ပင်က အစိမ်းအဝါအနီ ရောင်စုံဖြစ်နေပြီး လှလို့ ဓာတ်ပုံတွေ ရိုက်နေလိုက်တာ တရုတ်အဘိုးအဘွားကြီးတွေက ငါတို့ဓာတ်ပုံရိုက်ဖို့ စောင့်နေတယ်လို့ ပြောတော့မှ အသာလေးခွာပြီး ခပ်လှမ်းလှမ်းကနေ ဓာတ်ပုံထပ်ရိုက်ကြတယ်။ ဓာတ်ပုံကောင်းတပုံရိုက်ဖို့ဆိုတာ အတော်စိတ်ရှည်ရတယ်။ ပရော်ဖက်ရှင်နယ်မဟုတ်တော့ ဓာတ်ပုံတွေ အများကြီးရိုက်တာတောင် ပုံကောင်းတစ်ပုံ မထွက်ဘူး။ ည ၅ နာရီလောက်ဆို နေဝင်သွားပြီ မှောင်နေပြီ ဆိုတော့ ကိုယ်မသိတဲ့နေရာတွေဆို သွားရလာရ အင်မတန်ခက်တယ်။ အဲဒါကြောင့် ကားရပ်ပြီဆိုရင် ဘယ်နေရာ၊ တိုးကားနံပါတ် ဘယ်လောက်ဆိုတာ မှတ်ထားရတယ်။ အိန္ဒိယမလေး ၄ ယောက် ကားကိုရှာမတွေ့လို့ ၁၅ မိနစ်လောက် စောင့်နေရတယ်။ လူစုံပြီဆိုတော့ အရှေ့မြောက်ဖက်စူးစူး ၅၂ မိုင် ၁ နာရီ ၁၀ မိနစ်အဝေးက Plattsburgh မြို့ကို မောင်းပါတယ်။ နောက်ကျတဲ့အဖွဲ့တွေ သီချင်းဆိုရမယ်ဆိုတော့ လန့်သွားတယ် မကြီးသွားဆို မဆိုပါဘူးတဲ့။ အိန္ဒိယကလေးလေးက သီချင်းဆိုတယ် လက်ခုပ်သံတဖြောင်းဖြောင်းပေါ့။ အသံကောင်း အဆိုကောင်းတယ်ဆိုတာထက် လူအများကြားထဲမှာ ထွက်ဆိုရဲတာကို သဘောကျတာ ကိုယ်တွေထက် အများကြီးသာတယ်။ နောက်တစ်ယောက်က သီချင်းဆိုတဲ့ အမျိုးသမီးတစ်ယောက် တော်တော်နားထောင်ကောင်းတယ်။ တိုးဂိုက်ကလည်း သီချင်းတစ်ပုဒ်ဆိုတယ် မကြီးက အဲဒီသီချင်းကို သိတယ်တဲ့။ တိုးခရီးတွေ အကြိမ်ကြိမ်ထွက်ဖူးတဲ့ အထဲမှာ ဒီလိုမျိုးသီချင်းဆိုကြတာ ပထမဦးဆုံးပဲ။


၂၀၁၄ ဇူလှိုင် အဖေ၊ အမေတို့နဲ့ ကယ်လီဖိုးနီးယားဖက်ကို ၇ရက် ခရီးထွက်တုန်းက အဖွဲ့ကိုယ်စား တစ်ယောက်ထွက်ပြီး နာမည်၊ လူမျိုး၊ ဘယ်မှာနေတယ်၊ ယူအက်စ်ကို ပထမဆုံးအကြိမ် လာတာလားဆိုတာ ပြောပြီး မိတ်ဆက်ရတယ်။ ဆယ်တန်းအောင်ပြီးခါစ လှည်းတန်းက ဆရာကြီးဦးမြကြိ ုင်ကျောင်း၊ မြေနီကုန်းက Nelson English School မှာ မိုက်ကိုင်ပြောဖူး၊ ကျောင်း၊ အလုပ်မှာ Presentation တွေ လုပ်နေပေမဲ့ လူရှေ့ထွက်ပြောရမယ်ဆိုရင် ဒူးတုန်ချင်တုန်း။ အလုပ်ထဲမှာ ဂျူးမကြီးက Toast Master တက်ဖို့စည်းရုံးပေမဲ့ အကြောင်းအမျိုးမျိုးပြပြီး ထွက်ပြေးနေတုန်း။ Dale Carnegie ရဲ့ How to win friends and influence people ဆရာဖေမြင့်ရဲ့ ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်တဲ့သူစာအုပ်တွေ ဖတ်ဖူးပေမဲ့ ခုထိလူရှေ ့ထွက်ရမှာကို ကြောက်နေတုန်း။ ညစာ ဟောင်ကောင်ဘူဖေးဆိုင်မှာစားတော့ ဂဏ္ဏန်း၊ ခရု ပင်လယ်စာတွေက လတ်လို့ အတော်စားကောင်းတယ်။ ဘေးမှာထိုင်နေတဲ့ ဥရောပရုပ်ပေါက်တဲ့ မိန်းခလေးနှစ်ယောက်ကတော့ ကိုယ်တို့ညီအစ်မ စားတာတွေကိုကြည့်ပြီး လူကြည့်တော့ ပိန်ပိန်လေးတွေ မထင်ရဘူး အတော်စားနိုင်တာပဲလို့ တွေးမလားပဲ။ Plattsburg မြိ ု့လေးက Lake Champlain ရေကန်ဘေးနားမှာ။ မနက်ဖြန် ဖယ်ရီနဲ့ ချန်ပိန်ရေကန်ကြီးကိုဖြတ် အိုင်အိုဝါပြည်နယ်ကကျောင်းမှာ ကိုယ်နဲ့အတူတူကျောင်းတက်ခဲ့ဖူးတဲ့ ညီအစ်မလိုခင်တဲ့သူငယ်ချင်း ဗီယက်နမ်မလေး မိုင်းဖန်နေတဲ့ ဗာမွန်ပြည်နယ် Burlington မြိ ု့ကို ဖြတ်ကျော်ပြီး နယူးအင်္ဂလန်မေပယ်ပြတိုက်ကို ဝင်ရောက်ပြီး နယူးယောက်ကို ပြန်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ ဆက်တင်ပါတော့မယ်။

Happy Traveling !

စန်းထွန်း
ဒီဇင်ဘာ ၁၂၊ ၂၀၁၅။