ယူအက်စ်သွား တောလား - ၂၁

ဇူလှိုင် ၅ အင်္ဂါနေ့မနက်  ၈ နာရီခွဲလောက် ဝါရှင်တန်ဒီစီမြို့ထဲကိုရောက်တော့ ရှင်းလင်းနေတယ်။ ဇူလှိုင် ၄ လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်ပြီးတော့ ကိုယ့်လိုပဲ ခွင့်ဆက်ယူကြတယ်နဲ့ တူတယ်။ ၁ နှစ်လောက် နေခဲ့ဖူးတဲ့မြို့၊ ကိုယ်ချစ်တဲ့မြို့ဆိုတော့ ကိုယ့်ဇာတိမြို့ကို ပြန်ရောက်သွားသလိုပါပဲ။ အမေရိကန်နိုင်ငံရဲ့ မြို့တော် ဝါရှင်တန်မြို့က ဒီစီလို့အတိုကောက်ခေါ်ကြတဲ့ District of Columbia ပြည်နယ်ထဲမှာပါ။ မြို့တော်တည်မယ်ဆိုတော့ မေရီလန်းပြည်နယ်နဲ့ ဗာဂျီးနီးယား ပြည်နယ်ထဲက နည်းနည်းဖဲ့ပေးပြီးတော့ ဒီစီပြည်နယ် တည်ခဲ့တာပါ။ အမေရိကန်အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် အပေါ်ဖက် ကနေဒါနဲ့ကပ်လျက် မြောက်ဖက်အကျဆုံး ဝါရှင်တန်ပြည်နယ်နဲ့ကွဲလွဲအာင်လို့ ဝါရှင်တန်ဒီစီလို့ ခေါ်ကြတယ်။ ၂၀၁၃ ကန်တက်ကီပြည်နယ်ကနေ ဆူနမ်တို့ရှိတဲ့ မေရီလန်းကို ပြောင်းလာပြီးတော့ အလုပ်ရတာက ဝါရှင်တန်ဒီစီမှာ ရုံးက ကယ်ပီတယ်ဘေးနား။ အဲဒီနေရာလေးကို သိပ်သဘောကျတာ ကယ်ပီတယ်အဆောက်အဦးကိုလည်း အရမ်းသဘောကျတယ်။ ဖြတ်သွားတိုင်း ဓာတ်ပုံမရိုက်ဘဲ မနေနိုင်ဘူး။ ကယ်ပီတယ်ကနေ လင်ကွန်းမယ်မိုရီရယ်အထိ နေရှင်နယ်မောလ်တလျှောက် ဘေးတဖက်တချက်မှာက ပြတိုက်တွေ။ ပြတိုက်တွေက ဝင်ကြေးအခမဲ့ ပြတိုက်တခုကို နှံ့ဖို့ဆိုရင် အနည်းဆုံး ၅ နာရီလောက် အချိန်ပေးရတယ်။ ဒါတောင် အသေးစိတ်ဖတ်တာ မဟုတ်သေးဘူး။



ဒီစီမှာ အလုပ်လုပ်နေတုန်း စနေနေ့ဆိုရင် ဒီစီကိုသွားလည်ပြီး National Air & Space Museum ၊ National Gallery of Art ၊ Samithsonian National Museum of National History ၊ Samithsonian National Musuem of American History ၊ United States Botanical Garden ၊ Library of Congress ၊ National Washington Cathedral ၊ White House ၊ Capitol တို့ကို သွားလည်ဖြစ်တယ်။ ဒါတောင် ကိုယ်မရောက်သေးတဲ့ ပြတိုက် ၂ ခု ကျန်သေးတယ်။ ဒီစီမှာ ကိုယ်သွားလည်တဲ့ နေရာတွေအကြောင်းတွေကို All about DC ပို့စ်စီးရီးလ်တွေအနေနဲ့ ၂၀၁၃ တုန်းက တင်ဖူးပါတယ်။ ဆူနမ်အကြိုက်ဆုံးနေရာက World War II Memorial ၊ ကိုယ့်အကြိုက်ဆုံးနေရာက ကယ်ပီတယ်နဲ့ ချယ်ရီပွဲတော် ကျင်းပတဲ့ Tidal Basin ။ ပန်းခြံနားမှာ ကားရပ်ပေးပြီး အိမ်ဖြူတော်ကို ၁၀ မိနစ်လောက် လမ်းလျှောက် အိမ်ဖြူတော်ရှေ့မှာ ဓာတ်ပုံရိုက်။ အရင်ဆို ခြံစည်းရိုးဘေးနားကနေ ဓာတ်ပုံရိုက်လို့ရပေမဲ့ ဒီတခါတော့ လမ်းတဖက်ခြမ်းကနေ ဓာတ်ပုံရိုက်ရတယ်။ ပုံမှန်ဆို လူကြိတ်ကြိတ် တိုးနေတတ်တဲ့နေရာ မနက်စောစောလည်းဖြစ်ပြန် ကိုယ်တို့တိုးကားတစ်စီးပဲရှိတော့ လူရှင်းနေတယ်။ တဖက်ခြမ်းက မန်မိုရီယမ်ကျောက်တိုင်နဲ့ ဓာတ်ပုံရိုက်။ အိမ်ဖြူတော်ကနေ တိုးကားဆီအပြန် လမ်းဘေးမှာ ရောင်းနေတဲ့ ဒီစီအမှတ်တရပစ္စည်းဆိုင်ကနေ တူတော်မောင်အတွက် ရှပ်အင်္ကီျလေး တစ်ထည်ဝယ်တယ်။ မန်မိုရီယမ်ကျောက်တိုင်ဘေး တဖက်တချက်က မြက်ခင်းပြင် အကျယ်ကြီး။ ဘောလုံးကစားတဲ့သူ၊ ချယ်ရီပွဲတော်ချိန်ဆို စွန်လွှတ်တဲ့သူ၊ အပြေးလေ့ကျင့်တဲ့သူ၊တိုးရစ်တွေနဲ့ အတော်စည်တဲ့ နေရာတစ်ခု။




ကက်ပီတယ်ကနေ လင်ကွန်းမယ်မန်မိုရီရယ်အထိကို နယ်ရှင်နယ်မောလ်လို့ခေါ် ပြီး အဲဒီမြက်ခင်းပြင်တလျှောက် စာအုပ်ပွဲတော်၊ တရုတ်ယဉ်ကျေးမှုပွဲတော်၊ သမ္မတကျမ်းသစ္စာခံယူပွဲတွေ ကျင်းပကြတယ်။ ဒီစီမှာ လည်စရာနေရာ တော်တော်များက နေရှင်နယ်မောလ်တလျှောက်မှာဆိုတော့ လမ်းလျှောက်လည်တာက ပိုအဆင်ပြေတယ် ရထားစီးနေရင်တောင် ပိုကြာသေးတယ်။ အနီရောင် capital bike share စက်ဘီးလေးတွေက ဒီစီမှာ လူသုံးများတယ်။ အဲဒီစက်ဘီးလေးတွေနဲ့ ဒီစီတခွင် လည်ပတ်နိုင်သလို ကိုယ်နဲ့နီးတဲ့နေရာကနေ ယူစီးပြီး ကိုယ်သွားမဲ့နေရာ အနီးမှာ စက်ဘီးကိုထားခဲ့လို့ရတော့ အဆင်ပြေတယ်။ နယူးယောက်မှာလည်း အပြာရောင်စီးတီးဘိုက်ခ် citi bike ရှိတယ်။ မက်ဟက်တန်မှာနေတဲ့သူတွေကတော့ စီးတီးဘိုက်ခ် သုံးကြတယ်။ မေရီလန်းမှာ နေတုန်းက စက်ဘီးဝယ်ပြီး Bike Trail လမ်းမှာ စက်ဘီးစီး ထွက်ချင်တာ။ ကိုယ့်ကားက sedan ဆိုတော့ စက်ဘီးတင်လို့မရဘူး။ ကားနောက်မှာ စက်ဘီးတင်တဲ့ mount က စက်ဘီးထက် ဈေးကြီးတယ်။ ကားအသစ်လဲရင် စက်ဘီးတင်လို့ရတဲ့ SUV ကားဝယ်မယ်လို့ စိတ်ကူးထားတာ နယူးယောက်မှာ အလုပ်ရတော့ ကားကိုရောင်းပြီး နယူးယောက်ကို ပြောင်းလာပြီးကတည်းက ကားမမောင်းတော့တာ သုံးနှစ်လောက်ရှိပြီ။အမေရိကန်ပြည်တွင်းစစ်ပြီးတော့ လူမည်းတွေကို ကျွှန်အဖြစ်ကနေ လွှတ်ငြိမ်းခွင့်ပေးခဲ့တဲ့ အမေရိကန်သမ္မတ အေဗရာဟမ်လင်ကွန်း အမှတ်တရ တည်ဆောက်ထားတဲ့ လင်ကွန်းမန်မိုရီယမ်မှာ တိုးရစ်တွေနဲ့ စည်ကားတယ်။

မာတင်လူသာကင်း သမိုင်းဝင် I have a dream မိန့်ခွန်းပြောကြားခဲ့တဲ့ လင်ကွန်းမန်မိုရီယမ်ရှေ 

၁၉၆၃ သြဂုတ် ၂၈ March on Washington for Jobs and Freedom ချီတက်ပွဲတုန်းက နေရှင်နယ်မောလ်တလျှောက် ထောင်သောင်းချီတဲ့ လူထုကြီးကို မာတင်လူသာကင်းဂျူနီယာက သမိုင်းတွင်တဲ့ I have a dream မိန့်ခွန်းကို လင်ကွန်းမန်မိုရီယမ်ရှေ့မှာ ဟောပြောခဲ့တာပါ။ Lincoln Memorial Reflection Pool ရေကန်ဘေးနားတလျှောက် လမ်းလျှောက် ဓာတ်ပုံတွေ ရိုက်ပြီးတော့မှ ကိုရီးယားစစ်ပြန် မန်မိုရီယမ် Korean War Veterans Memorial ကိုတွေ့တော့ ဓာတ်ပုံသွားရိုက်ဖို့ အချိန်မရှိတော့ဘူး။ အာကသပြတိုက်ရှေ့နားမှာ ခရီးသည်တွေကို ချပေးခဲ့ပြီး ကယ်ပီတယ်ရှေ့မှာ ဓာတ်ပုံရိုက်ကြတယ်။ တိုးခရီးသည်တွေက ခပ်ဝေးဝေးကနေ ရိုက်ကြပေမဲ့ ကိုယ်တို့ကတော့ ကယ်ပီတယ်ကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့အထိ ယာယီတဲကိုတွေကိုကျော်လွန်ပြီး မြင်ကွင်းကောင်းတဲ့အထိ လမ်းလျှောက်ပြီး ဓာတ်ပုံရိုက်ကြတယ်။ ကယ်ပီတယ်က ကြည့်ရင်နီးသလိုနဲ့ အတော်ဝေးတယ်။ ဒါတောင် ကယ်ပီတယ်ရှေ့နားက Capitol Reflection Pool ရေကန်နားတောင် မရောက်သေးဘူး။ အာကာသအမျိုးသား ပြတိုက်ကတော့ အမြဲစည်းကားတယ်။ လကမ္ဘာကို သွားရောက်ခဲ့တုန်းက အကြောင်း၊ ကမ္ဘာမြေ အပါအဝင် ဂြိုလ်ကိုးလုံးနဲ့ နေစကြာဝဋ္ဌာ၊ လေယာဉ်ကို ပထမဆုံးတီထွင်တဲ့ Wright Brothers ၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တုန်းက သုံးခဲ့တဲ့ လေယာဉ်တွေအကြောင်းနဲ့ စိတ်ဝင်စားဖို့ အရမ်းကောင်းတယ် အာကာသကို စိတ်ဝင်စားတဲ့သူမို့လားမသိ။ ကိုယ်သွားလည်ချင်တဲ့ နေရာတစ်ခုက အာကာသယာဉ်တွေ လွှတ်တင်တဲ့ ဖလော်ရီဒါပြည်နယ် အောလန်ဒိုမြို့နားက ကနေဒီအာကသစင်တာ။



ပတ်တိုးမတ်မြစ်အတိုင်း စုန်ဆင်းပြီး Ronald Reagan Washington National Airport ၊ Alexandria မြို့ဟောင်း၊ ပတ်တဂွန်တို့ကို မြင်တွေ့ရတဲ့ ပတ်တိုးမတ်ခရူစ်ကို မကြီးစီးနေချိန်မှာ ကိုယ်နဲ့အမေက ကမ်းမှာထိုင်စောင့်ကြတယ်။ နေ့လည် နေပြင်းတဲ့ အချိန်ဆိုတော့ နေလောင်ကာခရင်တွေ ထုတ်လိမ်း၊ အမိုးပြာအောက်မှာထိုင်နေပေမဲ့ ပူလောင်အိုက်စပ်နေတယ်။ ခရူစ်စီးဖို့ စောင့်နေတဲ့ အမေရိကန်စုံတွဲကတော့ အေးဆေးပဲ အမိုးမရှိတဲ့နေရာမှာ ထိုင်နေတယ်။ သူတို့ကို ကြည့်ရတာ နေပူထဲမှာ ထိုင်နေတာ မဟုတ်သလိုဘဲ။ ဝါရှင်တန်ဒီစီကနေ အရှေ့မြောက်ဖက်စူးစူး ဘာတီမိုးမြို့ကို ကျော်ဖြတ်ပြီး မိုင် ၁၅၃ ၊ ၂ နာရီ ခွဲလောက်မောင်းရင် ပန်ဆယ်ဗေးနီးယားပြည်နယ်က  မြို့တော်ဟောင်း ဖီလာဒဲဖီးယားမြို့ကို ရောက်ပါတယ်။ Philadelphia ဆိုတာ City of Brotherly Love လို့ အဓိပ္ဗာယ်ရပါသတဲ့။ ဖီလာဒဲဖီးယားမြို့က အမေရိကန်သမိုင်းမှာ အရေးပါလှတဲ့မြို့ပါ။ ၁၆၈၂ William Penn က ပန်ဆယ်ဗေးနီးယားကိုလိုနီရဲ့ မြို့တော်အဖြစ် တည်ထောင်ခဲ့ပြီး Founding Fathers of US အမေရိကန်နိုင်ငံ ထူထောင်သူတွေ တွေ့ဆုံရာမြို့၊ ၁၇၇၆ ဗြိတိသျှလက်အောက်ကနေ ခွဲထွက်ပြီး Declaration of Independence လွှတ်လပ်ရေးကြေငြာစာတမ်း လက်မှတ်ရေးထိုးကြတဲ့မြို့၊ ၁၇၈၇ Constitution အခြေခံဥပဒေကို ရေးဆွဲကြတဲ့မြို့၊ နယူးယောက်ကို မြို့တော်တည်ချင်ပေမဲ့ ဗြိတိသျှရေတပ် လာတိုက်မှာ စိုးရိမ်လို့ ဝါရှင်တန်ဒီစီကို မြို့တော်အဖြစ် ရွေးခဲ့တာပါတဲ့။ ဝါရှင်တန်ဒီစီကို မြို့တော်အဖြစ် တည်ဆောက်နေတုန်းမှာ ဖီလာဒဲဖီးယားမြို့ကို ယာယီမြို့တော် ဖြစ်ခဲ့ပါတယ်။ လွှတ်လပ်ရေးကြေငြာတုန်းက တီးခဲ့တဲ့ လွတ်လပ်ရေးခေါင်းလောင်းနဲ့ လွတ်လပ်ရေးခန်းမ ရှိပါတယ်။


Philadelphia Museum of Art ပြတိုက်ရှေ့က လှေကားထစ်တွေကို မရပ်မနားပြေးတက်ပြီး လက်နှစ်ဖက်ကိုမြှောက် ကြွေးကြော်တဲ့  နာမည်ကျော် စတားလုန်းရဲ့ Rocky ရုပ်ရှင်က ဖီလာဒဲဖီးယားမြို့မှာ ရိုက်ကူးခဲ့တာပါ။ ၂၀၁၄ ဖီလာဒဲဖီးယားကို သွားလည်တုန်းက ပြတိုက်ရှေ့မှာ Rocky စတိုင်အတိုင်း ဓာတ်ပုံရိုက်နေတာ တွေ့ခဲ့တယ်။ ကိုယ့်လိုပဲဆိုလိုခရီးထွက်လာတဲ့ အိန္ဒိယနိုင်ငံသား ဆရာဝန်အဘိုးကြီးက ပြတိုက်နားမှာ ရော့ကီရုပ်တုကို တွေ့ခဲ့ပေမဲ့ ကိုယ်ကတော့ မတွေ့ခဲ့ဘူးရယ်။ ကိုယ်တို့ရုံးက ဂျူနီယာပရောဂျက်မန်နေဂျာလေးက University of Pennsylvania တက္ကသိုလ်ထွက်တဲ့။ လွတ်လပ်ရေးခန်းမရှေ့မှာ ဓာတ်ပုံရိုက် ခန်းမထဲဝင်မလို့ တန်းစီနေတဲ့လူတွေကို မေးကြည့်တော့ ဝင်ကြေးအခမဲ့ တန်းစီနေတဲ့လူတန်းက အရှည်ကြီးဆိုတော့ မဝင်တော့ဘူး။ ၂၀၁၅ အဖေ၊ အမေတို့နဲ့ လာတုန်းက လွတ်လပ်ရေးခေါင်းလောင်းကို ပိုက်ဆံပေးမှ ဝင်ကြည့်လို့ရတယ်ထင်လို့ မဝင်ခဲ့ဘူး။ တုံးလိုက်ပုံများ သူများတွေကို မေးကြည့်တာ မဟုတ်ဘူး ဒါတောင် ၂၀၁၄တုန်းက တစ်ခေါက်ရောက်ဖူးထားတယ်။ ကိုယ့်ကိုကိုယ် မှတ်ညဏ်ကောင်းတယ်လို့ ထင်နေတာ ဒီတခါတော့ လွဲသွားပြီ။ လွတ်လပ်ရေးခေါင်းလောင်းကို အပြေးအလွှားဝင်ကြည့်။ ဖီလာဒဲဖီးယားကနေ အရှေ့မြောက်စူးစူး မိုင် ၉၆ ၊ ၂ နာရီသာသာမောင်းရင် နယူးယောက်ကို ရောက်ပါတယ်။ နယူးယောက်ရောက်တော့ ည ၈ နာရီ မြေအောက်ရထား ၄၅ မိနစ်လောက်စီး အိမ်ရောက်တော့ ည ၉  နာရီ။ အမေက မနှစ်တုန်းက ဘော်စတွန်ကို ရောက်ဖူးတယ် မကြီးက မရောက်ဖူးသေးဘူး လိုက်ပို့မလို့ဟာ ဘာတွေလုပ်နေလို့လဲမသိ မရောက်ဖြစ်ဘူး။ ဇူလှိုင်လကုန်မှာ နယူးဂျာဆီဖက်ကို ပြောင်းလာတယ်။ အိုင်အိုဝါ၊ အင်ဒီးယားနား၊ အိုဟိုင်းရိုး၊ ကန်တက်ကီ၊ မေရီလန်း၊ ဝါရှင်တန်ဒီစီ၊ နယူးယောက်ပြီးရင် ကိုယ်နေဖူးတဲ့ ၈ ခုမြောက်ပြည်နယ် ဆိုပါတော့။


ကိုယ့်ရုံးက တရုတ်မယန်းရဲ့ တိုက်ခန်းကို ဆက်ယူပြီး သူ့ဆီက မွေ့ယာ၊ ထိုင်ခုံ၊ မိုက်ခရိုဝေ့၊ စာကြည့်စားပွဲ၊ ဗီရိုတွေ ဝယ်လိုက်တယ်။ ယန်းကလည်း သူ့ပစ္စည်းတွေ နည်းနည်းပါးပါး ချန်ထားပေးခဲ့တယ်ဆိုတော့ အတော်အဆင်ပြေသွားတယ်။ မကြီးသူငယ်ချင်းတစ်ယောက်က ထိုင်ခုံ၊ အပူပေးစက်၊ ရေအေးစက်၊ အဝတ်ထည့်တဲ့ဗီရို၊ ရေပူရေအေးစက်တွေ ပေးတာ မသယ်နိုင်တော့လို့ ရေပူရေအေးစက် ထားခဲ့ရတယ်။ ဒီတခေါက်အိမ်ပြောင်းတာ ပစ္စည်းအတော်များတယ်။ ကားသမားက အမေ့ကို မြင်ဖူးသလိုပဲတဲ့ ဘုရင့်နောင်ပွဲရုံအကြောင်း ပြောဖြစ်ကြပြီး ကားသမားက ဟိုင်းကြီးသားတစ်ယောက်နဲ့ ဘုရင့်နောင်ပွဲရုံတစ်ခုမှာ အလုပ်အတူလုပ်ဖူးတယ်။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဆိုတာ အမှန်ပဲ။ နယူးဂျာဆီဖက်ကအိမ်က သုံးထပ်အိမ် ကိုယ်တို့က အောက်ဆုံးထပ် ဘေးပတ်လည်နဲ့ နောက်ဖေးမှာ ဘူးသီး၊ ပဲသီး၊ မုန်လာတွေ စိုက်ထားတယ်။ ကိုယ်တို့နားမှာက ပေါ်တူဂီ၊ အိုင်းရစ်များတယ် အာရှသားနည်းတယ်။ နယူးယောက်လို ဆူညံညစ်ပတ်မနေဘူး။ ကွင်းလိုတော့ အစားအသောက် မပေါဘူး ကားလိုတယ်။ တက်စ်လည်း နယူးယောက်ထက် သက်သာတယ်။ အဝတ်အစား၊ အိမ်သုံးအစားအသောက်တွေကို တက်စ်ပေးစရာ မလိုပေမဲ့ ချက်ပြ ုတ်ပြီးတဲ့ အစားအစာဆိုရင်  တက်စ်ပေးရတယ်။ လိုအပ်တာတွေကို IKEA Brooklyn မှာသွားဝယ်။ မမီးငယ်တို့က ဝင်ခေါ်ပေးလို့ နယူးဂျာဆီ ဘုန်းကြီးကျောင်း ရောက်ဖြစ်တယ်။ ဆရာတော်အပါး ၅၀ ကို သိမ်ဆင်းလောင်း။ နိဗ္ဗာန်ဈေးပွဲတော်မှာ ဘိန်းမုန့်၊ အကြော်စုံ၊ မုန့်ဟင်းခါး၊ ယုဇနပန်းအိုးဝယ်။ အပြန်မှာ Patel Brothers ကုလားဆိုင်မှာဈေးဝယ်။ အသိအစ်မရဲ့ Costco ကဒ်ကိုယူပြီး ဈေးဝယ်ပြီး ပိုက်ဆံရှင်းတော့ အဲဒီအစ်မပါမှ ဝယ်လို့ရမှာတဲ့။ Costco က Wholesale လက်ကားရောင်းတော့ ဈေးသက်သာတယ်။ အချိန်ကုန်ပြီး ပင်ပန်းတာပဲ အဖတ်တင်တယ်။ အမေက ဝယ်ချင်တာတောင် ဝယ်လို့မရဘူးဟုတ်လား ကမြင်းမတွေလို့ ဒေါသထွက်တော့ ရယ်လိုက်ရတာ။
The Beatles အဖွဲ့ထဲက အဆိုတော် John Lennon ရဲ့ Imagine အမှတ်တရ
Central Park , New York
Central Park


သမီးတွေနဲ့ နေရတာပျော်ပေမဲ့ အဖေတစ်ယောက်တည်း ဘိုးဘိုးကို ပြုစုနေရတာကို စိတ်မချတော့ အမေက ပြန်ချင်တယ်။ ပြန်ဖို့လူကြုံရှာတော့ တချို့လူကြုံတွေက ပိုက်ဆံပေးရတယ်တဲ့။ အမေက ဘာလို့ပိုက်ဆံပေးရမှာလဲ ကိုယ့်ဘာသာပြန်မယ်တဲ့။ ကိုယ်က အမေက ဖုန်းလည်း မခေါ်တတ်နဲ့ ဘယ်လိုလုပ်ဖြစ်မှာလဲ အဲဒါကြောင့် အဖေ့ကို အားမကိုးဘဲ ကိုယ့်ဘာသာ ဖုန်းခေါ်တတ်အောင် သင်ပါဆိုတာ ဘာညာ အခြေအတင်ငြင်းခုန်ကျတော့ အမေ မျက်ရည်ကျပြီး စိတ်မကောင်းဖြစ်တယ် နှစ်ရက်လောက် မျက်နှာမကောင်းဘူး။ ဖုန်းခေါ်တတ်ပါတယ် နိုင်ငံခြားကိုလည်း အခေါက်ခေါက် သွားဖူးနေတာပဲနဲ့ အမေ့ကို ပြန်ချော့ရတယ်။ သြဂုတ် ၁၇ အရင်အိမ်ရှင် ညီမလေးက ရန်ကုန်ကိုပြန်တော့ အမေ့ကို ထည့်ပေးလိုက်တယ်။ လေဆိပ်မှာ အမေက လူဝင်မှုကြီးကြပ်ရေးကောင်တာ ဖြတ်ပြီးပေမဲ့ အိမ်ရှင်ညီမလေး လက်ကေ့စ်အိတ်တွေ အဆင်မပြေလို့ မဝင်နိုင်သေးဘူး။ နောက်ဆုံး လက်မှတ်ပြပြီး ညွှန်တဲ့နေရာသွား ဂိတ်ပေါက်ကို အတော်အကြာကြီးစောင့် လေယာဉ်ထွက်ခါနီးမှာ အိမ်ရှင်ညီမလေး ရောက်လာတယ်။ အမေက အတော်စိတ်ပူသွားတာတဲ့ ဖုန်းခေါ်မလို့ စဉ်းစားသေးတယ်တဲ့။ လေယာဉ်လက်မှတ်မှာ ဂိတ်ပေါက်နံပါတ်၊ လေယာဉ်နံပါတ်၊ လေယာဉ်ပေါ် တက်ခါနီး စောင့်ရတဲ့ Group နံပါတ်တွေကို ကြည့်ပုံကြည့်နည်း သင်ထားပေးတဲ့အပြင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ရေးပေးထားတဲ့ စာရွက်လည်းရှိတော့ အဆင်ပြေမှာပါ။ အမေ ရန်ကုန်ကိုပြန်သွားတော့ ကိုယ်တို့ညီအစ်မတွေ ပျင်းကျန်ခဲ့တယ်။

Central Park
Alice in Wonderlands, Central Park
မဟာစည် သာသနာ့ရိပ်သာ မနာလပန်မြို့ နယူးဂျာဆီပြည်နယ်

ပိတ်ရက်တွေမှာ Brooklyn Botanical Garden Hight Line နယူးယောက်တခွင်လောက်ပဲ သွားဖြစ်တယ်။ အောက်တိုဘာ ၁၅၊ ၁၆  သစ်ရွှက်တွေ အရောင်ပြောင်းချိန် Fall Foliage ဗာမွန်ပြည်နယ် ခရီးစဉ်အကြောင်းကိုတော့ နောက်ပို့စ်တွေမှ တင်ပါဦးမယ်။ ၂၀၁၅ မှာ ဗာမွန်ပြည်နယ်ဖက်ကို ခရီးထွက်ဖူးပေမဲ့ ခုတစ်ခေါက်က သစ်ပင်တွေ အရောင်ပြောင်းချိန် peak time မှာ သွားတာဆိုတော့ ပိုလှတယ်။ နယူးဂျာဆီပြည်နယ် Bear Mountain ဝက်ဝံတောင်၊ မက်ဟန်တန်အထက်ဖက် ဂျော့ဝါရှင်တန်တံတားကို ကျော်ဖြတ်ပြီး ဟက်ဆန်မြစ်ကမ်းဘေးက Palaside Park  မှာ Hiking ထွက်တဲ့အကြောင်းတွေကိုလည်း တင်ပါဦးမယ်။ အဲ လာမယ် ကြာမယ် ဆိုပါတော့။

Happy Traveling !

စန်းထွန်း
နိုဝင်ဘာ ၂၀၊ ၂၀၁၆။

မကြီးမွေးနေ့ Kang Ho Dong Baekjeong ဆိုင်
ကိုးရီးယားတောင်း မက်ဟန်တန်
ဂွျှန်အက်ဖ်ကနေဒီ နိုင်ငံတကာလေဆိပ် အမေ ရန်ကုန်ပြန်တဲ့နေ့ သြဂုတ် ၁၇

ယူအက်စ်သွား တောလား - ၂၀

ဂျူလှိုင် ၄ လွတ်လပ်ရေးနေ့မနက် ၇ နာရီ ဟိုတယ်ကနေထွက် ၇ ခွဲလောက် နိုင်အာဂရာကိုရောက် ပထမဆုံးထွက်မဲ့ Maid of the Mist သင်္ဘောကိုစီး။ အမေရိကန်ဖက်ကထွက်တဲ့ သင်္ဘောပေါ်မှာ အပြာရောင်မိုးကာလေးတွေ ဝတ်ရပြီး ကနေဒါဖက်က သင်္ဘောပေါ်မှာ အနီရောင်မိုးကာလေးတွေ ဝတ်ရတယ်။ ရာသီဥတုက အတော်သာယာတယ် နေသာပြီး သက်တန့်နှစ်စင်း မြင်ရတယ်။ နိုင်အာဂရာဆိုတာ ဒေသခံအမေရိကန် အင်ဒီယန်းစကားနဲ့ thundering water လို့အဓိပ္ဗာယ်ရပါသတဲ့။ thundering water ဆိုတဲ့အတိုင်း ရေတွေတဝေါဝေါ စီးဆင်းနေပြီး ရေကလည်း အင်မတန် ကြည်လင်အေးမြတော့ အတော်သာယာ အေးချမ်းလှပတဲ့ နေရာတစ်ခု။ Cave of the Winds လို့ခေါ်တဲ့ အဝါရောင်မိုးကာအင်္ကီျလေးတွေ ဝတ်ထားပြီး အမေရိကန်ရေတံခွန် အောက်ဖက်အထိ ဆင်းနေကြတဲ့သူတွေကို ဖြတ်ကျော်ခဲ့တယ်။ ၂၀၁၃ နိုင်အာဂရာရေတံခွန် ပထမဆုံးအကြိမ်အဖြစ် ဆူနမ်၊ ရာမား၊ အမ်းထရူးတို့နဲ့ လာလည်တုန်းက Discovery Tickets နဲ့ သွားလည်လို့ရတဲ့အထဲမှာ Cave of the Winds ပါတယ်။ တန်းစီနေတုန်း ရာမားက အရင်သတိထားမိတာ ဘာလို့လူတိုင်းကြိုးသိုင်းဖိနပ်တွေ စီးထားပါလိမ့်။ ကောင်တာကို သွားမေးတော့မှ ကောင်တာကနေ ထုတ်ပေးတဲ့ ကြိုးသိုင်းဖိနပ်နဲ့မှ ရေတံခွန်ကို ဆင်းခွင့်ပြုတာတဲ့။ ရေတံခွန်က တံတားတွေမှာ ချော်လဲမှာစိုးလို့နဲ့ တူပါရဲ့။



နိုင်အာဂရာရေတံခွန်က ဂငယ်ပုံစံ အတွင်းဖက်ကို ကွေ့ဝင်နေတော့ အမေရိကန်ဖက်ကနေ သိပ်မမြင်ရဘူး။ သင်္ဘောနဲ့သွားကြည့်မှ သေသေချာချာ မြင်ရတယ်။ ကနေဒါဖက်ကတော့ အသေအချာမြင်ရတယ် ကနေဒါဖက်က မြင်ကွင်းပိုလှတယ် ဟိုတယ်တွေလည်း များတယ်။ အမေရိကန်နိုင်ငံသားတွေကတော့ ဗီဇာမလိုပေမဲ့ ကိုယ်တွေသွားရင် ဗီဇာလိုတော့ တံတားဖြတ်လိုက်ရုံပဲဆိုပေမဲ့ ကနေဒါဖက်ကို မရောက်ဖြစ်သေးဘူး။ နိုင်အာဂရာရေတံခွန်ကတော့ အမြဲတမ်းလူစည်ကားနေတာပါပဲ။ ကမ္ဘာ့အံဖွယ်ထဲကတစ်ခု အမေရိကန်မှာ မဖြစ်မနေသွားလည်သင့်တဲ့ နေရာတစ်ခုဆိုပါတော့။ ရေတံခွန်ဘေးနား တောင်အမြင့်လေးကို လူတွေတက်နေကြတာမြင်တော့ အမေ့ကို အောက်ခြေမှာစောင့်ခိုင်းပြီး တောင်ထိပ်တက်ကြတယ်။ လူသွားလမ်းလေးက ကျဉ်းကျဉ်းလေး တက်တဲ့ဆင်းတဲ့သူ တအားများတော့ ဓာတ်ပုံအေးအေးဆေးဆေး မရိုက်နိုင်ဘူး။ လျှပ်တပြက် အပြေးအလွှား ရိုက်ရတယ်။ လူရှင်းအောင် စောင့်ဖို့ကလည်း လူကဘယ်တော့မှ ရှင်းမှာမဟုတ်ဘူး။ ဓာတ်ပုံရိုက်နေရင် ဆင်းတဲ့သူတက်တဲ့သူတွေ အကုန်လုံး ရှေ့ဆက်မတိုးနိုင်တော့ ခပ်သုတ်သုတ်တက် ခပ်သုတ်သုတ်ရိုက်။ ကိုယ်တွေရိုက်နေတုန်း အိန္ဒိယအမျိုးသမီးတစ်ယောက် ခပ်တည်တည်ပဲ မပြောမဆို ကိုယ်တို့ဘေးမှာ ဝင်ရိုက်တယ်။ နည်းနည်းလေးမှ အားနာတဲ့ပုံလည်း မပြဘူး ဘယ်လိုဟာတွေပါလိမ့်။


မနှစ်က အဖေ၊အမေတို့နဲ့ ကယ်လီဖိုးနီးယားကို ၇ ရက်ခရီးသွားတော့ တကားလုံးက ပြည်ကြီးတရုတ်တွေ။ ဟိုတယ်မှာ မနက်စာ‌ကျွှေးရင် ကိုယ်စားနိုင်သလောက်ပဲစား အလကားရတယ်ဆိုပြီး ပန်းသီး၊ မုန့်တွေ အပိုမသယ်ဖို့ တိုးဂိုက်က တရုတ်တွေကို သတိပေးရတယ်။ တရုတ်နဲ့အိန္ဒိယလူမျိုးတွေမှာ လူကြောက်တာ၊ အားနာတယ်ဆိုတာ ရှိပုံမရဘူး။ အဲဒီလို ဓာတ်ပုံတွေ အပြေးအလွှားရိုက်ရင်း လေတိုက်လို့ ကိုယ့်ဦးထုပ်က လူသွားလမ်းကို ကာထားတဲ့ ခြံစည်းရိုးတန်းကိုကျော်ပြီး အပြင်ကိုကျသွားပါလေရော။ ခြံစည်းရိုးကလည်း ခါးသာသာလောက် သွားကောက်ဖို့ကလည်းခက်တော့ မကောက်တော့ပါဘူးဆိုပြီး လုပ်နေတာ မကြီးက သွားကောက်မယ်ဆိုပြီး ခြံစည်းရိုးကိုကျော်ခွ ဦးထုပ်သွားကောက် ပြီးတော့ ဓာတ်ပုံတွေရိုက်။ လူကရှင်းနေတော့ ဓာတ်ပုံရိုက်လို့ သိပ်ကောင်း။ ဓာတ်ပုံဝါသနာအိုးတချို့ သူ့လိုခြံစည်းရိုးကျော်ပြီး ဓာတ်ပုံရိုက်ကြတယ်။ မကြာခင် လုံခြံရေးက ခြံစည်းရိုးမကျော်ရဘူးလို့ လာပြောလိမ့်မယ် မတော်ပြုတ်ကျ အန္တရာယ်များတာကိုး။ ရပါတယ် မကောက်နဲ့လို့သာ ပြောတာ အဲဒီဦးထုပ်လေးကို ကိုယ်သိပ်ကြိုက်တာ။ မကောက်ခဲ့ရင် အတော်နှမြောတသ ဖြစ်နေဦးမှာ။ ရေတံခွန်ဘေးနားတလျှောက် လမ်းလျှောက်ရင်း ဓာတ်ပုံတွေရိုက်။ ရေကတော်တော် ကြည်လင်အေးမြတယ်။ လမ်းကိုကာထားတဲ့ သံတန်းတွေကိုကျော်ပြီး အုတ်ခုံပေါ်တက်ပြီး ဓာတ်ပုံတွေရိုက်။


ဓာတ်ပုံတွေကို ပြန်ကြည့်တော့ အတော်လေးလှနေတာ တွေ့ရတယ်။ နင်အရင်အခေါက် လာတုန်းကအဲဒီလို မရိုက်ဖူးဘူးမလား လာ ရိုက်ပေးမယ် သံဘောင်ကိုကျော်တက်။ မကြီးအကူအညီနဲ့ သံဘောင်ကိုအတော်လေး ဖက်တက်လိုက်ရတယ်။ ဓာတ်ပုံရိုက်လို့ မပြီးသေးခင်မှာပဲ လုံခြုံရေးယူနီဖောင်း ဝတ်ထားတဲ့ မိန်းကလေးက စက်ဘီးနဲ့ လုံခြုံရေးကင်းလှည့်နေတုန်း တွေ့သွားလို့ ခုဆင်းပါလို့ ပြောသွားတယ်။ ဓာတ်ပုံလှလှလေး တစ်ပုံရဖို့ဆိုတာ အချိန်လည်း ပေးရတယ် စိတ်လည်း အတော်ရှည်ရတယ်။ အမေက သမီးမျက်နှာတွေ နီလာသလိုပဲလို့ပြောတော့ ကိုယ့်ကိုနေရိပ်ထဲ အတင်းဝင်ခိုင်း။ နေပူထဲမှာ အကြာကြီး ဓာတ်ပုံရိုက်ခိုင်းတယ်ဆိုပြီး အမေက မကြီးကိုဆူ။ ကိုယ်ကလည်း ရောက်တုန်းရောက်ခိုက် ဓာတ်ပုံရိုက်ပေးမယ်ဆိုပြီး မကြီးကင်မရာကိုလု၊ မကြီးက ကိုယ့်ကိုနေရိပ်ထဲ အတင်းဝင်ခိုင်း၊ မကြီးက အမေ့ကို ဓာတ်ပုံရိုက်ပုံရိုက်နည်း သင်ပေးပြီးဓာတ်ပုံရိုက်။ ကိုယ့်မျက်နှာ နီလာတာ Butterfly rash ဖြစ်တာ လူးပက်စ် flare ဖြစ်တာလို့ခေါ်တယ်။ ၂၀၁၅ ဘော်စတွန်ခရူစ်စီးတုန်းက အမေကတော့ပြောသား သမီးမျက်နှာ နီလာသလိုပဲတဲ့။ နေပူလို့ဖြစ်မှာပါဆိုပြီး နေလိုက်တာ ညဖက်မျက်နှာသစ်တော့ မျက်နှာတခုလုံး နီရဲနေတာပဲ။ မျက်နှာတခုလုံး နီရဲယောင်ကိုင်းနေပြီး ညတိုင်းအဖျားနည်းနည်းတက်တယ်။ လူးပစ်ကြောင့် ပင်ပန်းလို့ ည ၉ နာရီဆိုရင် အိပ်ငိုက်နေပြီ။ အရေပြားဆရာဝန်နဲ့ သွားပြတော့ တော်တော်ပြင်းတဲ့ butterfly rash တဲ့။



ရုံးကလူတွေက sun burn ဖြစ်တယ်လို့ထင်ကြတယ် လူးပက်စ်ကြောင့်လို့ ရှင်းမပြတော့ဘူး။  ယောင်တာတွေ သက်သာသွားတော့ မျက်နှာတပြင်လုံး မည်းကျန်ခဲ့တာ တနှစ်လောက်ကုယူရတယ်။နေကာခရမ်အမြဲလိမ်း၊ လက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုပ်အမြဲဆောင်းပြီး နေအရမ်းပူတဲ့ နေ့လည်နေပူထဲမှာ အကြာကြီးနေတာကို ရှောင်ရတယ်။ နေ့လည်စာကို food court မှာစား အဲဒီ food court က အစားအစာတွေက ဈေးကြီးပြီး မကောင်းဘူး။ မနေ့ညက တရုတ်ဘူဖေးဆိုင်မှာ စားကောင်းလိုက်တာ ကိုယ်က ၁၆ ကျပ်ပဲပေးပေမဲ့ ၃၀ ဖိုးလောက် စားပလိုက်တော့ ဆိုင်ရှင်ရှုံးတာပေါ့။ နိုင်အာဂရာရေတံခွန်ကနေ  အမေရိကန် အရှေ့ဖက်ခြမ်းကနေ အနောက်ဖက်ခြမ်းအထိ ကနေဒါနဲ့ကပ်လျက် ဖောက်ထားတဲ့ I 90 ဟိုင်းဝေလမ်းမအတိုင်း အရှေ့ဖက်စူးစူးကို ၂ နာရီလောက်မောင်းပြီး တောင်ဖက်စူးစူးကို ၁ နာရီလောက်မောင်းရင် မိုင် ၁၅၅ ဝေးတဲ့ Watkins Gen အမျိုးသားဥယျာဉ်ကို ရောက်ပါတယ်။ အွန်တေရီရိုရေကန် Lake Ontario အောက်ဖက် လက်ချောင်းကလေးလို ပုံသဏန်ရှိတဲ့ Finger Lakes ဒေသကို ဖြတ်ကျော်ခဲ့တယ်။ ရေကန်တွေ ပေါများလှတဲ့ အဲဒီဒေသဟာ အင်မတန်သာယာတယ်။ ကယ်လီဖိုးနီးယားက Napa Valley လို စပျစ်ခြံတော်တော်များများ တွေ့ရတယ်။ ဒီဒေသကထွက်တဲ့ ဘီယာ၊ ဝိုင်က နာမည်ကြီးပါသတဲ့။ Watkins Glen အမျိုးသားဥယျာဉ်က Gorge Trail က ပေ ၄၀၀ နက်ပြီး ပေ ၂၀၀ မြင့်တဲ့ ကျောက်ကမ်းပါးတွေကြားက စီးဆင်းနေတဲ့ မြစ်အတိုင်း ၂ မိုင်လောက် လမ်းလျှောက်ရပါတယ်။ အဆင်း ၁ နာရီလောက်ဆင်းရပြီး ပတ်ဝန်းကျင်ရှုခင်းက အင်မတန်သာယာတယ်။ ကိုယ်ကတော့ အဆင်းကိုတောင်မောလို့ အဖြူစုံတွဲတစ်တွဲဆို ကလေးငယ်လေးကို ကျောပိုးပြီး တောင်တက်လာတယ်။


လမ်းကလည်း လူတစ်ကိုယ်စာ သွားလောက်ရုံ။ မနှစ်က အဖေတို့နဲ့သွားတုန်းက တိုးဂိုက်က မြန်မြန်လျှောက်ရင် မိနစ် ၂၀ နဲ့တင် ရောက်တယ်ဆိုလို့ ဆင်းလိုက်တာ ၁ နာရီလောက် ဟိုက်နေအောင် ဆင်းခဲ့ရဖူးတယ်။ အမှန်ကတော့ ၂ မိုင်ဆိုတော့ ပုံမှန်လျှောက်နှုန်းနဲ့ဆိုရင် မိနစ် ၄၀၊ ခပ်မြန်မြန်လျှောက်ရင် နာရီဝက်လောက်နဲ့တင် ရောက်နိုင်ပါတယ်။ ကိုယ်က ခြေထောက်ကလည်းနာ ရှုခင်းတွေကလည်းလှတော့ ၁၀ မိနစ်လျှောက်ပြီးရင် ဓာတ်ပုံရိုက်တော့ ၁ နာနီနဲ့ ၁၀ မိနစ်လောက်ကြာတယ်။ မနှစ်ကလည်း ရောက်ဖူးတယ် လမ်းအရင်ကလို သိပ်မလျှောက်နိုင်တော့လို့ အမေ့ကို မဆင်းခိုင်းတော့ဘူး။ တိုးဘတ်စ်ကားက ကိုယ်တို့ချပေးခဲ့ပြီး တောင်ခြေမှာ စောင့်နေမှာ အမေ ဘတ်စ်ကားနဲ့ လိုက်သွားနော်လို့ အသေအချာရှင်းပြ ဖုန်းပေးပြီး တောင်ခြေကို ဆင်းကြတယ်။ ရှုခင်းတွေကလှတော့ ဓာတ်ပုံမရိုက်ဘဲမနေနိုင် ၁ နာရီနဲ့ ၁၀ မိနစ်အကြာ တောင်ခြေကိုရောက်တော့ တိုးဂိုက်မလေးက နင့်အမေကို မတွေ့တော့ဘူး ကားဒရိုင်ဘာလည်း လိုက်ရှာတာ နှံ့နေပြီ နင့်အမေ့ကို မတွေ့သေးလို့ ကားက တောင်ခြေကို ဆင်းမလာသေးဘူး နင့်အမေ့ကို ဖုန်းဆက်ပြီး ကားဆီကိုသွားပါလို့ပြောပါ။ တိုးဂိုက်စ်မလေးက ပြောတော့ ပင်ပန်းနေရတဲ့အထဲ အမေ့ကို စိတ်အရမ်းပူသွားလို့ လူကခွေလဲမလိုတောင် ဖြစ်တယ်။ အမေ့ကို ဖုန်းခေါ်တော့ ကလေးကစားကွင်းမှာတဲ့ ကားကိုပြန်သွားပါ ကားနံပါတ်ကို မှတ်မိလားဆိုတော့ မှတ်မိတယ် ၇၄၇တဲ့။ ကားဒရိုင်ဘာက အမေ့ကိုတွေ့ပြီ တောင်အောက်ကို ဆင်းလာပြီဆိုတော့မှ ဟင်းချနိုင်တော့တယ်။ အဲဒီလိုဖြစ်မှာစိုးလို့ အသေအချာ ရှင်းပြတာကို ခေါင်းတော့ညိတ်တယ် တော်သေးတယ် ဖုန်းကိုင်သေးလို့။


အမေက ဖုန်းမခေါ်တတ် ဖုန်းမကိုင်တတ်တာကို ကိုယ်တို့တွေက အားမလိုအားမရဖြစ်။ အဖေ့ကိုလည်း သင်ဖို့ပြော သင်ခိုင်း။ အဖေက သင်ပေးပေမဲ့ အမေက သိပ်မသုံးတော့ မေ့သွားပြန်ရော။ အဖေ့ကို အားကိုးလွန်းတော့ အဖေ့ကိုပဲ အားကိုးမနေနဲ့လို့ ပြောရတယ်။ မနှစ်က နိုင်အာဂရာရေတံခွန်မှာ ကိုယ်တို့ကို မစောင့်ဘဲ လျှောက်ကြည့်နေလို့ အဖေက လိုက်ခေါ်ရတယ်။ အမေ လမ်းလျှောက်တာ တကယ်မြန်တယ် ကိုယ်က ခြေထောက်နာနေလို့ အဖေ့ကို လိုက်ဖမ်းခိုင်းရတယ်။ အမေ ဘာလို့ သမီးတို့ကို မစောင့်ဘဲ သွားရတာလဲဆိုတော့ ကြည့်ချင်လို့တဲ့။ တချို့ငယ်တဲ့ ကလေးတွေကို  ကြိုးပါတဲ့ ကျောပိုးအိတ်လေး  လွယ်ပေးထားတယ် မိဘတွေက ကြိုးလေးဆွဲပြီး ထိန်းလို့ရတယ်။ အမေ့ကိုလည်း အဲဒီကျောပိုးအိတ် လွယ်ခိုင်းရမယ်လို့ပြတော့ ရယ်လိုက်ကြတာ။ ပတ္တရားသွားတုန်းကလည်း အမေက အဲဒီလို လျှောက်သွားလို့ မကြီးတို့မှာ စိတ်ပူပြီး လိုက်ရှာရတယ်။ သမီးတွေနဲ့ လူကွဲသွားလို့ ရဲကိုသွားပြောရင် အင်္ဂလိပ်စကားမပြောတတ် ကိုယ်တို့ဖုန်းနံပါတ်လည်း မသိ ဖုန်းလည်းမရှိတော့ ဘယ်လိုရှာမလဲ။ ကန်တက်ကီအိမ်ရှင်မက ရင်သားကင်ဆာ လမ်းလျှောက်ပွဲ မသွားခင် ၈ နှစ် လူးကတ်နဲ့ ၅ နှစ် ကက်သရင်းကို အမေ၊ အမေ နာမည်၊ ဒီနေ့ဝတ်ထားတဲ့ အင်္ကီျအရောင်၊ ဖုန်းနံပါတ်၊ အိမ်လိပ်စာ မေးတယ်။ အပြင်သွားရင် အဖေတို့ကို အိမ်လိပ်စာ၊ ဖုန်းနံပါတ်၊ နာမည်ပါတဲ့ စာရွက်လေး ထည့်ပေးထားတယ်။ လူကွဲသွားခဲ့ရင် ရဲဆီသွားပြီး အဲဒီစာရွက်လေးပြပြီး ဖုန်းခေါ်ခိုင်းဖို့ မှာထားရတယ်။


အဖေက လူရိပ်လူကဲသိတော့ စိတ်မပူရဘူး အမေက သူ့သားသမီးကလွဲရင် ကျန်တာတွေ စိတ်မဝင်စားတော့ စိတ်ပူရတယ်။ အမေ့ကို အဖေ့လောက် ညဏ်မကောင်းဘူးလို့ထင်တာ အမေက သူသွားခဲ့ဖူးတဲ့ နေရာတွေက အပင်တွေ၊ အဆောက်အဦးတွေကို အံ့သြစရာကောင်းလောက်အောင် မှတ်မိနေတယ်။ ကိုယ့်ဦးထုပ်ပြုတ်ကျတဲ့နေရာ၊ ခြံစည်းရိုးကိုကျော်ပြီး ဓာတ်ပုံရိုက်တဲ့နေရာကို ဂူကယ်မတ်နဲ့ကြည့်ပြီး အယ်မလေး အဲဒီနေရာက အမြင့်ကြီးပါလား ပြုတ်ကျရင်တော့ သေပြီဆရာဆိုပြီး အမြင့်ကြောက်တတ်တဲ့ မကြီးက ဓာတ်ပုံရိုက်တုန်းက မကြောက်ဘဲ ခုမှကြောက်နေလေရဲ့။ မြစ်ထဲလူပြုတ်ကျခဲ့ရင် ကယ်ဆယ်ဖို့အတွက် ရေစီးနှေးသွားအောင် လုပ်လို့ရတယ်၊ ညဖက်ရောက်ရင် ရေကိုပြောင်းပြန် စီးစေပြီး လျှပ်စစ်ဓာတ်အား ထုတ်တယ်၊ နိုင်အာဂရာရေတံခွန်ကို ၃ ယောက် ဖြတ်ဖူးတယ် တတိယမြောက်က အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ကြောင်နက်ကလေးလည်း ပါသေးတယ်။ ရေတံခွန်ဖြတ်ပြီးတဲ့အခါ ကြောင်နက်ကလေးက ကြောင်ဖြူလေး ဖြစ်သွားတယ်လို့ တိုးဂိုက်မလေးက ရှင်းပြတယ်။ ကြောင်အနက်ကနေ အဖြူဖြစ်သွားတာ အရမ်းကြောက်သွားလို့ ဖြစ်ရမယ်။ ဇူလှိုင် ၅ တနင်္လာနေ့ ဝါရှင်တန်ဒီစီက ကယ်ပီတယ်၊ အာကာသပြတိုက်၊ ပတ်တိုးမတ်ခရူစ်၊ လင်ကွန်းမန်မိုရီယမ်၊ ပန်စယ်ဗေးနီးယားက လွတ်လပ်ရေးခေါင်းလောင်း၊ လွတ်လပ်ရေးအဆောက်အဦးတွေ အကြာင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !

စန်းထွန်း
နိုဝင်ဘာ ၅၊ ၂၀၁၆။