ယူအက်စ်သွား တောလား - ၁၈

အမေတို့ရောက်ပြီး မကြာခင် လစ်ဘာတီရုပ်တုကို လိုက်ပို့ဖို့စီစဉ်ထားတာ အိုင်အိုဝါပြည်နယ်မှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းက နယူးယောက်ကို လာလည်မှာမို့ သူလာတော့မှပဲ တခါတည်း လိုက်ပို့တော့မယ်ဆိုပြီး စောင့်နေတာ။ သူလာလည်မယ်လို့ မှန်းထားတဲ့ နှစ်ပတ်အလိုမှာ လက်မှတ်ဝယ်ဖို့ လစ်ဘာတီခရူဆိုက်ကို ဝင်ကြည့်လိုက်တော့ လက်မှတ်တွေက ကုန်သလောက် ဖြစ်နေပြီ။ ဇူလိုှုင် ၂ ရက် ညနေ ၃ နာရီပဲ ကျန်တော့လို့ သူငယ်ချင်းကို အမြန်ဖုန်းဆက်ပြီး  အသည်းအသန် ဝယ်လိုက်ရတယ်။ ဂျူလှိုင် ၄ လွတ်လပ်ရေးနေ့ အားလပ်ရက်ဖြစ်သလို နွေရာသီခရီးတွေ သွားကြတဲ့အချိန်ဆိုတော့။ လစ်ဘာတီခရူလက်မှတ်က ၃ မျိုး ရှိတယ် ခေါင်းအထိတက်လို့ရတဲ့ Crown Ticket က အမြဲ sold out ။ crown ticket က ၂၈ ကျပ် ရိုးရိုးက ၂၅ ကျပ်။ နယူးယောက် Battery Park ဖက်ကနေ သွားလို့ရသလို နယူးဂျာဆီဖက်ကလည်း သွားလို့ရတယ်။ Ellis Island ကိုဝင်လည်လို့ရပေမဲ့ တခါမှ  ဝင်မဖြစ်ဘူး။ ၁၈၉၂  ကနေ ၁၉၅၄  ခုနှစ်အထိ ရွှေ့ပြောင်းအခြေချသူ  ၁၂ သန်း အမေရိကန်ကို ပြောင်းရွှေ့ကြတုန်းက Ellis Island က အလုပ်အများဆုံး လူဝင်မှုကြီးကြပ် စစ်ဆေးတဲ့နေရာတခုပါတဲ့။ အဲဒီသူငယ်ချင်းက မာစတာတက်တုန်းက သိတာ ပုံ့ပုံ့က ပဲခူးသူ။ ပုသိမ်၊ တောင်ငူ၊ ဘိတ်က ကျောင်းသူတွေ မာစတာကို ရန်ကုန်မှာ လာတက်ရတယ်။ NUS မှာ ကျောင်းတက်တော့ ကွန်ပျူတာတက္ကသိုလ် UCSY က ကျောင်းသား တော်တော်များတယ်။ UCSY 11 Batch ကဆို ကိုယ်၊ အိအိ၊ ဘ၊ ပြည့်ပြည့်၊ ဘိုဘိုလွင်။ နောက်နှစ် ပုံ့ပုံ့ NUS မှာ ကျောင်းလာတက်တယ် ပုံ့ပုံ့က ဘသူငယ်ချင်းဆိုတော့ သိနေကြတယ်ဆိုပါတော့။




နောက်ငါးနှစ်ကြာတဲ့အခါ အိုင်အိုဝါပြည်နယ်က ကိုယ်တက်ခဲ့တဲ့ကျောင်းမှာ ကျောင်းလာတက်တယ်။ ဖေ့ဘွတ်မှာတွေ့လို့ ကိုယ်ကဆက်သွယ်တော့မှ အဆက်အသွယ်ရပြီး နှစ်ပတ်တခါ၊ တလတခါ စကားပြောဖြစ်ကြတယ်။ ရန်ကုန်က မိသားစု၊ စင်္ကာပူက သူငယ်ချင်းတွေနဲ့ စကားပြောဖို့ အချိန်ပေးရ ကျောင်းသားလည်း ကျောင်းသားဆိုတော့ သူ့မှာ အားတဲ့အချိန်ဆိုတာ ခပ်ရှားရှား။ သူ့သူငယ်ချင်း တရုတ်မတွေနဲ့ ဖလော်ရီဒါဖက်ကို သွားမလား၊ နယူးယောက်မှာ တရားစခန်းဝင်မလားနဲ့ တရားစခန်းစီစဉ်တဲ့ ဒေါက်တာတင်မာထွန်းကို မေးကြည့်တော့ နေရာပြည့်နေပေမဲ့ ရအောင်စီစဉ်ပေးလို့ နယူးယောက်ကို လာဖြစ်သွားတယ်။ တရားစခန်းပြီးတဲ့ စနေနေ့လစ်ဘာတီရုပ်တုလက်မှတ်ကို ဘွတ်ထားတာ တရားစခန်းက နောက်တပတ်အင်္ဂါနေ့လောက်မှ ပြီးမှာဆိုတော့ ပုံ့ပုံ့က မလိုက်ဖြစ်တော့ဘူး။ လဂွာရီရာလေဆိပ်ကနေ ဘတ်စ်ကားစီးပြီး ဟာလမ်းမှတ်တိုင်မှာဆင်းနေ အဲဒီကနေ ရထားပေါ် တင်ပေးလိုက်မယ်လို့ ကနဦးကစီစဉ်တာ  ဝိုင်းက လေဆိပ်ကိုသွားရင် NYC Airporter စီးတယ်လို့ပြောဖူးတယ် ရှာကြည့်လိုက်တော့ လဂွာရီရာလေဆိပ်ကနေ ဂရမ်းစင်ထရယ်ကို ကြိုပို့ရှိတယ်။ ဘတ်စ်ကားခထက် ဈေးကြီးပေမဲ့ တက္ကစီထက်တော့ သက်သာတယ် အဲဒါစီးပြီး ဂရမ်းစင်ထရမ်ထဲက နာရီစင်နားမှာစောင့်နေ White Plains ကိုသွားမဲ့ ရထားပေါ် တင်ပေးလိုက်မယ်။ ကျောင်းကနေ တနာရီလောက်ဝေးတဲ့ အိုင်အိုဝါပြည်နယ် ဘာလင်တန်မြို့ကနေ အီလီနွိုက်ပြည်နယ် ချီကာဂို၊ နယူးယောက် လဂွာရီဝါလေဆိပ်၊ ရှယ်တယ်ဘတ်စ်စီးပြီး ဂရမ်းစင်ထရယ်ကို ပုံ့ပုံ့က ညနေ ၄ နာရီခွဲလောက်ကတည်းက ရောက်နှင့်နေပြီ။ ကိုယ့်ရုံးရှိတဲ့ ၃၆ လမ်းကနေ ဂရမ်းစင်ထရယ်ရှိတဲ့ ၄၂ လမ်းထိ လမ်းလျှောက်ပြီး ၆ နာရီခွဲလောက်မှ ဂရမ်းစင်ထရယ်နာရီမှာ ပုံ့ပုံ့နဲ့ဆုံတယ်။ ပုံ့ပုံ့နဲ့မတွေ့တာ ၆ နှစ်လောက်ရှိပြီ အရင်အတိုင်းပဲ ဘာမှမပြောင်းလဲဘူး။




ရထားလက်မှတ်ဝယ် ရထားချိန်နီးပြီးဆိုတော့ ရထားဂိတ်ပေါက်ကို အူယားဖားရားပြေး ။ ဂရမ်းစင်ထရယ်၊ တိုင်းစကွဲအနီးတဝိုက် ၊ ဘရွတ်ကလင်း ဘုန်းကြီးကျောင်း အနီးတဝိုက်၊ ရထားဘူတာကနေ သူသွားမဲ့အိမ်အထိ ဂူဂယ်မြေပုံပရင့်စာရွက်တွေကို ပေးပြီးရှင်းပြ။ သူ့အသိအစ်မက ရထားရဲ့ပထမဆုံးခေါင်းကို စီးပါလို့မှာထားလို့ ပထမဆုံးခေါင်းထိလျှောက် ရထားပေါ်တက်တော့ ရထားထွက်ဖို့ မိနစ်ပိုင်းအလို။ ရထားဘူတာတွေမှာ ဘူတာနာမည်တွေ ရေးထားတယ် အဲဒါတွေကြည့်၊ ဘေးကလူတွေကိုမေး၊ ရထားလက်မှတ်စစ်တဲ့သူတွေမေး အေး အေး မေးကြည့်လိုက်မယ်။ ငါးမိနစ်လောက်ကြာလို့ ဖုန်းဆက်ကြည့်တော့ ဘေးကလူတွေက ဖုန်းပြောနေကြလို့ မမေးရသေးဘူး ရထားလက်မှတ်စစ်လာပြီ မေးကြည့်လိုက်မယ်။ ရထားလက်မှတ်စစ်ကို မေးကြည့်လိုက်လားမေးတော့ မေးချိန်တောင် မရလိုက်ဘူး ထွက်သွားလို့တဲ့။ စီးသွားတဲ့ Local လား Express လားဆိုတာ Metro North ဆိုဒ်မှာ ရထားအချိန်၊ သွားမဲ့နေရာ၊ ဂိတ်ပေါက်ကို ကြည့်ပြီးရှာလိုက်တော့ အမြန်ရထား ၃ ဘူတာဆို ရောက်လိမ့်မယ်ဆိုပြီး မတ်ဆေ့တွေပို့။ ကိုယ်ကလည်း မြေအောက်ထဲမှာဆိုတော့ အင်တာနက်က မမိ ချောချောမောမော ရောက်ပြီဆိုမှပဲ စိတ်အေးတော့တယ်။ နောက်နေ့ ဂရမ်းစင်ထရယ်ရောက်ရင် ဖုန်းဆက်လိုက် တရားစခန်းဝင်မဲ့ ဘရွတ်ကလင်း ဘုန်းကြီးကျောင်းဆီရောက်မဲ့ ရထားပေါ် တင်ပေးလိုက်မယ်ဆိုပြီး စောင့်နေတာ သူ့အသိအစ်မက လိုက်ပို့လို့ ဘရွက်ကလင်းဘုန်းကြီးကျောင်းဆီသွားတဲ့ လမ်းပေါ်မှာ။




ပုံ့ပုံ့မလိုက်တော့လို့ ပိုနေတဲ့လက်မှတ် အလကားမဖြစ်ရလေအောင် အသိညီမလေးတွေကို မေးကြည့်တော့ သူတို့က မအားကြဘူး။ Battery Park ရောက်တော့ ကျူတန်းကြီးက အရှည်ကြီး အမေနဲ့မကြီးကို တန်းစီခိုင်းပြီး လက်မှတ်ထုတ်တဲ့ပေးတဲ့ Fort Clinton ကိုသွား။ အဲဒီမှာလည်း ကျူတန်းကရှည်တယ် နေရှင်နယ်ပါ့ခ်ရိန်းဂျားကို မေးကြည့်တော့ ကိုယ့်အီးတစ်ကဒ်က လက်မှတ်ထုတ်စရာမလိုဘူး Reserved Line မှာ တန်းစီရုံပဲတဲ့။ မကြီးကိုဖုန်းခေါ် လူတွေကများလို့မတွေ့ Reserved Line မှာစီတော့ စောသေးတယ် ၂ နာရီခွဲမှ လာခဲ့ပါတဲ့။ ပိုနေတဲ့လက်မှတ်ကို စောစောလာပြီး လက်မှတ်ဝယ်ဖို့စီနေတဲ့သူကို လျှော့ဈေးနဲ့ရောင်းဖို့အိုင်ဒီယာ ဘာလို့မရပါလိမ့်။ ခံတပ်ကိုပတ်ကြည့် ခုံမှာထိုင်ပြီး အနားယူ ၂ နာရီမခွဲခင် တန်းစီဖို့သွားတော့ ကျူတန်းတောင်ရှည်နေပြီ။ လေဆိပ်မှာစစ်တဲ့အတိုင်း ကင်မရာ၊ ဖုန်း၊ အိုင်ပတ်၊ သော့၊ ပိုက်ဆံအိတ်၊ ခါးပတ်တွေကို ဗန်းထဲ့ထည့်ပြီး စကင်ဖတ်ပြီး စစ်တယ်။ သင်္ဘောကပ္ဗတိန်က ကြေငြာတာတွေ မကြားတချက်၊ ကြားတချက် မက်ဟက်တန်စကိုင်းလိုင်း၊ လစ်ဘာတီနဲ့ ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်ကြ။ တရုတ်ကလေးတယောက်ကတော့ ဆဲဖီစတစ်နဲ့ ဓာတ်ပုံတွေရိုက် ကျောင်းသားနဲ့တူတယ်။ Audio Phone လေးတွေတောင်းပြီး နားထောင် လစ်ဘာတီရုပ်တုကို တပတ်ပတ်ပြီး ဓာတ်ပုံတွေရိုက်။

အမေ့ဆီမှာ အိတ်တွေထားပြီး လစ်ဘာတီရုပ်တုခြေရင်းထိ ဓာတ်လှေကားနဲ့ တက်တယ်။ လှေကားနဲ့တက်ရင် ၁၅ မိနစ်ပဲကြာတယ်လို့ ရေးထားတာကိုတွေ့လို့ တက်လိုက်တာ အယ်မလေး အထပ် ၇ ထပ်လောက် တက်လိုက်ရတယ် ခြေထောက်များဆို တောင့်နေတာပဲ။ ကိုယ်တောင် ဟောဟဲဖြစ်တာ အဖေနဲ့အမေဆို ဘယ်လောက်များ ပင်ပန်းလိုက်မလဲ ပြန်ဆင်းလို့လဲမဖြစ်။ ဒီနှစ်တော့ ဘယ်ရမလဲ ဘယ်လောက်ပဲကြာကြာ ဓာတ်လှေကားပဲ စောင့်စီးတော့တယ်။ အိန္ဒိယလူမျိုးနဲ့တူတဲ့လူတစ်ယောက်က နင် ဘယ်လိုလုပ်ပြီး လစ်ဘာတီပြတိုက်က ထွက်လာတာလဲလို့မေးလို့ ငါ့လက်မှတ်က Ground Ticket ပေမဲ့ လစ်ဘာတီရုပ်တုခြေရင်းထိ တက်လို့ရတယ်၊ လစ်ဘာတီရုပ်တုခေါင်းအထိ တက်လို့ရတဲ့ Crown Ticket ဆိုတာ ရှိသေးတယ်လို့ ရှင်းပြလိုက်သေးတယ်။ လစ်ဘာတီအိုင်လန်က သေးသေးလေး တပတ်ပတ်ပြီး ဓာတ်ပုံရိုက်ပြီးရင် ပြီးပြီ အဲလစ်အိုင်လန်လည်း မဝင်တော့ပါဘူး။ နောက်ဆုံးသင်္ဘောကို မမှီရင် ရဲသင်္ဘောနဲ့ ပြန်လို့ရတယ်တဲ့။ မက်ဟက်တန်ကို မကပ်ခင် ကမ်းပေါ်တက်ဖို့ လှုပ်လှုပ်ရွရွ အသင့်ပြင်နေသူတွေက အာရှသားတွေ၊ ထိုင်ရာကမထ အေးအေးဆေးဆေးတွေက အဖြူတွေ။ ဂျူလှိုင်  ၃ ကနေ ၅ အထိ ဒီစီ၊ နိုင်အာဂရာရေတံခွန် ၃ ရက်ခရီး ထွက်တဲ့အကြောင်းကတော့ နောက်ပို့စ်တွေမှပဲ တင်ပါတော့မယ်။

စန်းထွန်း
စက်တင်ဘာ ၁၇၊ ၂၀၁၆။

No comments: