၂၃ လမ်း ဗုံးပေါက်မှု ...

စက်တင်ဘာ ၁၆ ရက် ညနေ ၅ နာရီခွဲ
ပန်စတေရှင်မှာ သေနတ်ပစ်မှု ဖြစ်လို့ ပိတ်ထားတယ်လို့ သူငယ်ချင်းတစ်ယောက်က သတင်းပေးလာတယ် ဟယ်လီကော်ပတာသံ သတိထားမိလား။ ပန်စတေင်ရှင်ကနေ ရထားစီးမဲ့သူတွေပြင်ဆင်ကြဖို့ ဒါရိုက်တာလင်ဒါရေး သတိပေးလာတော့မှပဲ ဟယ်လီကော်ပတာသံ၊ ရဲကားသံကို သတိထားမိတော့တယ်။ ကျင်း နင် ပန်စတေရှင်ကနေ ရထားစီးပြန်မှာမလား အင်း ဒါပေမဲ့ ပန်စတေရှင် Apps  ကနေ ဘာ alert မှ မပို့ဘူး ဝက်ဆိုဒ်မှာ ဝင်ကြည့်လေ။ လင်ဒါနဲ့ကယ်လီ ပန်စတေရှင်ကနေ ရထားစီးပြန်မှာမလား ဘယ်လိုပြန်မလဲ ငါလည်းအဲဒါကို စဉ်းစားနေတာ ဘယ်လိုပြန်ရမလဲလို့။ တနာရီလောက် စောင့်ပြီးမှ ပြန်ရမလား၊ တခြားရထား၊ ဘတ်စ်ကားစီးပြီး ပြန်ရမလား မသိတော့ပါဘူးဟယ်။  ၃၃ လမ်းကို အမှတ်ငါးလမ်းမကြီးကနေ ပိတ်ထားတယ် ရဲကားတွေ၊ ရဲတွေ အများကြီး သတင်းထောက်တွေ သတင်းပို့နေတာတွေ့တယ်။

လူတယောက်က ဝက်သားခုတ်တဲ့ဓားကို ကိုင်ထားလို့ ရဲက ဓားကိုချဖို့ ဟန့်ထားတာ ရဲကိုဓားနဲ့ခုတ်လို့ ပစ်လိုက်တာတဲ့။ ဖြစ်တဲ့အချိန်က ညနေငါးနာရီခွဲ ရုံးဆင်းချိန် အရှုပ်ဆုံးအချိန်။ တခါတုန်းကလည်း လူတစ်ယောက် အပေါ်မှာလုယက်ပြီး မြေအောက်ရထားထဲ ဝင်ပြေးလို့ရဲတွေကလိုက်ဖမ်း။ ကိုယ်စီးနေတဲ့ရထားရှေ့မှာဖြစ်တာမို့ ရထားက စက်ကိုရပ်လိုက်ပြီး မီးပဲဖွင့်ထားတယ်။ အဲယားကွန်း ပိတ်လိုက်တော့ လေဝင်လေထွက်မကောင်း။ ခရီးသည်တွေက ပြတင်းပေါက်တွေကို တတ်နိုင်သလောက်ဖွင့် နေမကောင်းတဲ့သူဆို မေ့လဲသွားနိုင်တယ်။ မတ်တပ်ရပ်နေတဲ့ တချို့ကတော့ ကြမ်းပြင်မှာ ထိုင်ချလိုက်တော့တယ်။ ကိုယ်က ထိုင်ခုံမရတော့ ၁ နာရီမတ်တပ် ရပ်ရတယ် အလုပ်နောက်ကျတော့ ရထားတစီးလုံး မေတ္တာပို့လိုက်ကြတာ အဲဒီလုတဲ့အကောင်ကို


စက်တင်ဘာ ၁၇ ရက် စနေနေ့
နယူးယောက် ဘော်တနစ်ကယ်ဂါးဒင်း ပန်းခြံက စနေနေ့မနက် ၁၀ နာရီထိ ဝင်ကြေးအခမဲ့။ နှင်းဆီတွေ အစွမ်းကုန်ပွင့်တဲ့အချိန် မကြီးလည်း မရောက်ဖူးသေးဘူးဆိုတော့ သွားလည်ဖို့ စိတ်ကူးတယ်။ ပန်းခြံက  subway ရထားဘူတာကနေ ဘတ်စ်ကားငါးမှတ်တိုင်လောက် စီးရတယ်။ ဂရမ်းစင်ထရယ်ကနေ Metro North ရထားစီးရင်တော့ ပန်းခြံရှေ့တည့်တည့်ရောက်တယ်။ ရုံးပိတ်ရက်တွေဆို အိမ်ကနေ ၃၃ လမ်းကို ရထားမရှိဘူး ဝေါထရိတ်စင်တာကနေ ရှယ်တယ်ဘတ်စ် ဆွဲပေးတယ်။ ဂရမ်းစင်ထရယ်ကို မနက် ၉  နာရီရောက်ဖို့ အိမ်ကနေ ၈ နာရီလောက် ထွက်ရမယ်။ အိမ်ကနေ မနက် ၈ နာရီထွက်ဖို့ မနက် ၇ နာရီလောက် အိပ်ယာထပြီး ပြင်ဆင်ရမှာဆိုတော့ အိပ်ယာစောစော မထချင်တာနဲ့ပဲ မသွားဖြစ်ဘူး။ နေ့လည်ထမင်းစား၊ ရေချိုး၊ ရထားပေါ်ရောက်တဲ့အထိ ဘယ်သွားလည်ရမလဲ မဆုံးဖြတ်ရသေးဘူး။ High Line မရောက်ဖူးသေးဘူး သွားလည်ကြမယ် ရှယ်တယ်ဘတ်စ်က ၂၃ လမ်းမှာရပ်ရင် ဆင်းပြီးအဲဒီကို လမ်းလျှောက်ကြမယ်။ ရှယ်တယ်ဘတ်စ်က ၂၃ လမ်းမှာ မရပ်ဘဲ ၂၉  လမ်းမှာရပ်လို့ အဲဒီကနေလမ်းလျှောက်။ High Line နားရောက်ခါနီးတော့မှ RunKeeper နဲ့မှတ်ဖို့ သတိရတော့တယ်။




RunKeeper ၊ Map my walk  ဆိုတဲ့ Apps တွေက ဘယ်နှစ်မိုင်၊ ဘယ်တွေကို၊ ဘယ်လောက်နှုန်းနဲ့လျှောက်တယ်၊ ကယ်လိုရီဘယ်လောက် လောင်ကျွှမ်းတွေဆိုတာ သိရတယ်။ ဟိုက်လိုင်းဆိုတာ အရင်တုန်းက ရထားသံလမ်း၊ ခုတော့ အထပ်မြင့်အဆောက်အဦးတွေကြားက သစ်ပင်ပန်းမန်တွေ စိမ်းစိမ်းစိုစိုနဲ့ လမ်းလျှောက်ချင်စရာ လမ်းကလေး။ ထိုင်ခုံလေးတွေ၊ မြက်ခင်းလေးတွေ၊ နေပူစာလှုံမဲ့နေရာလေးတွေနဲ့ သာယာတယ်။ အစအဆုံး ၃ မိုင်လောက်ပဲရှည်တယ်။ တရုတ်ဘုန်းကြီးတစ်ယောက် ဘုရားပုံတွေပေးရင် မယူဖို့၊ ပိုက်ဆံမပေးဖို့ နို့တစ်ဘုတ်လေး ထောင်ထားတယ်။ အမ်တီအေက ရထားတွေအများကြီး ရပ်ထားတယ်၊ ဟတ်ဆန်မြစ်နဲ့ ဟိုဘိုကန်၊ ယူနီယမ်စီးတီး နယူးဂျာဆီဖက်ကို မြင်ရတယ်။ ညောင်ပင်သေးသေးလေး တစ်ပင်တွေ့တယ်။ ဂျော့ကင်းအပြေးသမားတွေကို တခြားလမ်းကပြေးဖို့ လုံခြုံရေးအစောင့်က ပြောတယ်။ Hudson Yards ပရောဂျက်က အထပ်မြင့်အဆောက်အဦးတစ်ခုပဲ ပြီးသေးတယ်။ ဟက်ဆန်ရပ် ပျားအုံလိုအဆောက်အဦးက landmark ဖြစ်လာမှာလို့ အေဘီစီသတင်းမှာ တွေ့လိုက်တယ်။ mega bus  ဘတ်စ်ကားနဲ့ စီးဖို့စောင့်နေတဲ့ ခရီးသည်တွေ တွေ့တယ်။ ဘတ်စ်ကားခက $1 ကနေစတယ်လို့ ရေးထားတာပဲ။



Chipotle မှာ ညစာစား တိုင်းစကွဲဖက်ကိုလမ်းလျှောက် ဓာတ်ပုံရိုက်။ တိုင်းစကွဲက ညဖက်ရောက်မှ မီးရောင်တွေ ပြိုးပျက်ပျက်၊ ကြော်ငြာဘုတ်တွေ တလက်လက်နဲ့ အတော်စည်တာကိုး။ ခြေထောက်လည်း အတော်ညောင်းနေပြီ ည ၈ နာရီလည်း ထိုးနေပြီဆိုတော့ ရှယ်တယ်ဘတ်စ်စီးဖို့အမှတ် ၇ လမ်းမကြီးအတိုင်း ၂၈ လမ်းထိလျှောက်။ ည ၈ နာရီခွဲ ရှယ်တယ်ဘတ်စ်ပေါ်တက်ဖို့ တန်းစီနေတုန်း ရဲကားတစ်စီး ဖြတ်သွားတယ်။ ရဲကားသံတွေ ဆူညံနေပေမဲ့ နယူးယော်ကာတွေ အတွက်ကတော့ ရိုးနေပြီ။ ကောင်းကင်မှာ ဟယ်လီကော်ပတာတစီး အောက်ကိုမီးမောင်းထိုးပြီး ရှာနေတော့ အင်း ရှေ့မှာတခုခုတော့  ဖြစ်နေပြီ။ မကြီးက ဟယ်လီကော်ပတာကို ဓာတ်ပုံရိုက်တယ်။ ဟယ်လီကော်ပတာက အောက်ကိုမီးမောင်းထိုးရှာတာ မြင်ရပါ့မလား မြင်ရတယ် ဘော်စတွန်ဗုံးဖောက်တဲ့သူ ရွက်လှေထဲမှာ ပုန်းနေတော့ ဟယ်လီကော်ပတာကနေ လူ၊ သွေးထွက်နေတာတွေကို မြင်ရတယ်။ နည်းပညာတွေ သိပ်ကောင်းတယ် အေဘီစီသတင်းမှာ ဘော်စတွန်ဗုံးဖောက်ခွဲသူကို ဘယ်လိုရှာဖွေတယ်၊ ဘယ်လိုဖမ်းဆီးတာတွေကို တင်ဆက်သွားတာ သိပ်ကောင်းတာပဲ။ ကားလမ်းတွေပိတ်ပြီး နေရာကနေ မရွေ့တာ ဆယ့်ငါးမိနစ်လောက်ကြာလို့ နီးတဲ့ခရီးသည်တွေ ဆင်းပြီးလမ်းလျှောက်ကြတယ်။

တခါတလေ လမ်းလျှောက်တာက ကားစီးတာထက် ပိုမြန်တယ်။ ရှယ်တယ်မောင်းတဲ့သူက အမှတ် ၇ လမ်းမအတိုင်း မမောင်းတော့ဘဲ အမှတ် ၁၀ လမ်းမအတိုင်း မောင်းတော့မှ ကားကရွေ့တော့တယ်။ သတင်းတွေ ကြည့်တော့လည်း ဘာသတင်းမှ မတက်လာဘူး။ ဘေးမှာထိုင်တဲ့ အန်တီကြီးနဲ့ စကားတွေပြောရင်း မနေ့က ပန်စတေရှင်းမှာ ရဲကိုဓားနဲ့ခုတ်တဲ့အကြောင်း၊ နယူးဂျာဆီ Seaside Park မြို့မှာ ရေတပ်အတွက် Charity ပွဲမှာ အမှိုက်ပုံးမှာ ဗုံးပေါက်ပေမဲ့ လူထိခိုက်မှု မရှိတဲ့အကြောင်း ပြောဖြစ်ကြတယ်။ သူနေတာက ကိုယ်တို့နားမှာဆိုတော့ တရုတ်ကုန်စုံဆိုင် သိလား၊ ပတ်ဝန်းကျင်က safe ဖြစ်လား မေးကြည့်တယ်။ သူအဲဒီမှာနေတာ ၁၀ နှစ်ကျော်ပြီ အိုင်းရစ်၊ ပေါ်တူဂီတွေများတယ် ခုတော့ စပန်းနစ်တွေ များလာတယ်ဆိုပြီး နှာခေါင်းရှုံ့ပြတယ်။ ကားမရှိဘဲ ဘယ်လိုသွားလာလဲမေးတော့ ဘတ်စ်ကား ဘယ်နံပါတ်ကို စီးတယ်၊ သူ့အိမ်က ဘယ်နားမှာဆိုပြီး ပြောဆိုနေကြတာ ဝေါထရိတ်စင်တာရောက်မှ ရပ်တော့တယ်။ ကိုယ့်ကို ဘတ်စ်ကားမြေပုံ ပေးလိုက်သေးတယ် မကြီးက ရှယ်တယ်ဘတ်စ်က ၁ နာရီတောင်ကြာတယ်ဆိုပဲ။ ကိုယ်ကတော့ အိုင်းရစ်အန်တီကြီးနဲ့ စကားကောင်းနေတာ ကြာမှန်းမသိလိုက်ဘူး။


ရထားပေါ်ရောက်တော့ ၂၃ လမ်းမှာ ပေါက်ကွဲမှုဖြစ်လို့ ရှယ်တယ်ဘတ်စ် နောက်ကျမယ်လို့ ကြေငြာသံကြားလိုက်တယ်။ သတင်းတွေကြည့်လိုက်တော့ တက်လာပြီ ချယ်ဆီးမှာ ဗုံးပေါက်လို့တဲ့ အမ် အဲဒီနားက ဟိုက်လိုင်းမှာ ငါတို့ပတ်နေတာလေ။ ၂၃ လမ်း ငါတို့ရှယ်တယ်ဘတ်စ်စောင့်နေတာ ၂၈ လမ်း။ ဟယ်လီကော်ပတာဝဲ၊ ရဲကားတွေသွားတာ ငါတို့ရှေ့ ၅ ဘလောက်က လမ်းကိုပေါ့။ အောင်မယ်လေး ကံသီပေလို့ ရှယ်တယ်ဘတ်စ်သာ ၁၀ မိနစ်လောက်စောရင် အဲဒီနားမှာ ပိတ်မိနေမှာ။ အိမ်ရောက်တော့ ည ၁၁ နာရီ ပုံ့ပုံ့ကို ဖုန်းဆက်ပြီးပြောပြ။ မပေါက်ကွဲသေးတဲ့ ဗုံးတခုကို ၂၇ လမ်းမှာတွေ့တယ်တဲ့။ တနင်္လာနေ့ကျတော့ ဗုံးခွဲတဲ့သူကိုမိတယ် ကိုယ်အိမ်ရဲ့ မိနစ် ၄၀ အဝေးလောက်ကမြို့မှာ။ ဟယ်မလေး ဘယ်နေရာမှ safe မဖြစ်ပါလား။ ၂၀၁၃ ဒီစီမှာတုန်းက ကိုယ့်ရုံးက ကယ်ပီတယ်ဘေးနားမှာ ရဲကားသံတဝီဝီကြားလား ကယ်ပီတယ်နားမှာ သေနတ်ပစ်မှုဖြစ်လို့ shelter in place အမိန့်ထုတ်ထားတယ်လို့ မန်နေဂျာလာပြောလို့ သတင်းတွေကြည့်တော့ စိတ်မူမမှန်တဲ့ မိန်းမတယောက်က အိမ်ဖြ ူတော်နားကို ကားနဲ့ဝင်ဖို့ကြိုးစားပြီး ပန်ဆယ်ဗေးနီးယားလမ်းမအတိုင်း မောင်းပြေးတာ ကယ်ပီတယ်ဟေး နားရောက်တော့ ရဲကပစ်လိုက်တာ။ အဲဒီမိန်းမရဲ့ဘေးနားမှာ ကလေးငယ်လေးတစ်ယောက်ပါတယ်။ ကလေးကတော့ ဘာမှထိခိုက်ဒဏ်ရာမရဘူး။ အိမ်ဖြူတော်နဲ့ကယ်ပီတယ်ဆိုတာ ကမ္ဘာပေါ်မှာ လုံခြံခြုံရေးတင်းကျပ်ဆုံး နေရာတွေထဲမှာ ပါဝင်တယ်။

ဝါရှင်တန်ပြည်နယ် စီရေတယ်နားက လျှော့ပင်းမောလ်မှာ သေနတ်ပစ်လို့တဲ့၊ ဘယ်ကျောင်း၊ ဘယ်နေရာမှာ သေနတ်ပစ်လို့တဲ့  မြန်မာပြည်က လူတွေက တွေးကြမယ် အမေရိကန်မှာ နေရတာ ကြောက်စရာကြီး။ ရန်ကုန်မြို့လယ်ခေါင်မှာ တူက အဒေါ်ကိုရိုက်သတ်သွားလို့တဲ့၊ အလုံမှာ အနုကြမ်းစီးလို့တဲ့၊ ယောကျာ်းက မိန်းမကို ဓားနဲ့ထိုးလို့တဲ့၊ ကောင်မလေးက ရည်းစားဟောင်းကို ဓားနဲ့ထိုးလို့တဲ့၊ လေးလောင်းပြိုင် လူသတ်မှုတဲ့  အမေရိကန်က လူတွေက တွေးကြမယ် မြန်မာပြည်မှာ နေရတာ ကြောက်စရာကြီး။ အင်း ဘယ်မှာများ နေရမှာပါလိမ့်။

စန်းထွန်း
စက်တင်ဘာ ၂၅၊ ၂၀၁၆။

ယူအက်စ်သွား တောလား - ၁၈

အမေတို့ရောက်ပြီး မကြာခင် လစ်ဘာတီရုပ်တုကို လိုက်ပို့ဖို့စီစဉ်ထားတာ အိုင်အိုဝါပြည်နယ်မှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းက နယူးယောက်ကို လာလည်မှာမို့ သူလာတော့မှပဲ တခါတည်း လိုက်ပို့တော့မယ်ဆိုပြီး စောင့်နေတာ။ သူလာလည်မယ်လို့ မှန်းထားတဲ့ နှစ်ပတ်အလိုမှာ လက်မှတ်ဝယ်ဖို့ လစ်ဘာတီခရူဆိုက်ကို ဝင်ကြည့်လိုက်တော့ လက်မှတ်တွေက ကုန်သလောက် ဖြစ်နေပြီ။ ဇူလိုှုင် ၂ ရက် ညနေ ၃ နာရီပဲ ကျန်တော့လို့ သူငယ်ချင်းကို အမြန်ဖုန်းဆက်ပြီး  အသည်းအသန် ဝယ်လိုက်ရတယ်။ ဂျူလှိုင် ၄ လွတ်လပ်ရေးနေ့ အားလပ်ရက်ဖြစ်သလို နွေရာသီခရီးတွေ သွားကြတဲ့အချိန်ဆိုတော့။ လစ်ဘာတီခရူလက်မှတ်က ၃ မျိုး ရှိတယ် ခေါင်းအထိတက်လို့ရတဲ့ Crown Ticket က အမြဲ sold out ။ crown ticket က ၂၈ ကျပ် ရိုးရိုးက ၂၅ ကျပ်။ နယူးယောက် Battery Park ဖက်ကနေ သွားလို့ရသလို နယူးဂျာဆီဖက်ကလည်း သွားလို့ရတယ်။ Ellis Island ကိုဝင်လည်လို့ရပေမဲ့ တခါမှ  ဝင်မဖြစ်ဘူး။ ၁၈၉၂  ကနေ ၁၉၅၄  ခုနှစ်အထိ ရွှေ့ပြောင်းအခြေချသူ  ၁၂ သန်း အမေရိကန်ကို ပြောင်းရွှေ့ကြတုန်းက Ellis Island က အလုပ်အများဆုံး လူဝင်မှုကြီးကြပ် စစ်ဆေးတဲ့နေရာတခုပါတဲ့။ အဲဒီသူငယ်ချင်းက မာစတာတက်တုန်းက သိတာ ပုံ့ပုံ့က ပဲခူးသူ။ ပုသိမ်၊ တောင်ငူ၊ ဘိတ်က ကျောင်းသူတွေ မာစတာကို ရန်ကုန်မှာ လာတက်ရတယ်။ NUS မှာ ကျောင်းတက်တော့ ကွန်ပျူတာတက္ကသိုလ် UCSY က ကျောင်းသား တော်တော်များတယ်။ UCSY 11 Batch ကဆို ကိုယ်၊ အိအိ၊ ဘ၊ ပြည့်ပြည့်၊ ဘိုဘိုလွင်။ နောက်နှစ် ပုံ့ပုံ့ NUS မှာ ကျောင်းလာတက်တယ် ပုံ့ပုံ့က ဘသူငယ်ချင်းဆိုတော့ သိနေကြတယ်ဆိုပါတော့။




နောက်ငါးနှစ်ကြာတဲ့အခါ အိုင်အိုဝါပြည်နယ်က ကိုယ်တက်ခဲ့တဲ့ကျောင်းမှာ ကျောင်းလာတက်တယ်။ ဖေ့ဘွတ်မှာတွေ့လို့ ကိုယ်ကဆက်သွယ်တော့မှ အဆက်အသွယ်ရပြီး နှစ်ပတ်တခါ၊ တလတခါ စကားပြောဖြစ်ကြတယ်။ ရန်ကုန်က မိသားစု၊ စင်္ကာပူက သူငယ်ချင်းတွေနဲ့ စကားပြောဖို့ အချိန်ပေးရ ကျောင်းသားလည်း ကျောင်းသားဆိုတော့ သူ့မှာ အားတဲ့အချိန်ဆိုတာ ခပ်ရှားရှား။ သူ့သူငယ်ချင်း တရုတ်မတွေနဲ့ ဖလော်ရီဒါဖက်ကို သွားမလား၊ နယူးယောက်မှာ တရားစခန်းဝင်မလားနဲ့ တရားစခန်းစီစဉ်တဲ့ ဒေါက်တာတင်မာထွန်းကို မေးကြည့်တော့ နေရာပြည့်နေပေမဲ့ ရအောင်စီစဉ်ပေးလို့ နယူးယောက်ကို လာဖြစ်သွားတယ်။ တရားစခန်းပြီးတဲ့ စနေနေ့လစ်ဘာတီရုပ်တုလက်မှတ်ကို ဘွတ်ထားတာ တရားစခန်းက နောက်တပတ်အင်္ဂါနေ့လောက်မှ ပြီးမှာဆိုတော့ ပုံ့ပုံ့က မလိုက်ဖြစ်တော့ဘူး။ လဂွာရီရာလေဆိပ်ကနေ ဘတ်စ်ကားစီးပြီး ဟာလမ်းမှတ်တိုင်မှာဆင်းနေ အဲဒီကနေ ရထားပေါ် တင်ပေးလိုက်မယ်လို့ ကနဦးကစီစဉ်တာ  ဝိုင်းက လေဆိပ်ကိုသွားရင် NYC Airporter စီးတယ်လို့ပြောဖူးတယ် ရှာကြည့်လိုက်တော့ လဂွာရီရာလေဆိပ်ကနေ ဂရမ်းစင်ထရယ်ကို ကြိုပို့ရှိတယ်။ ဘတ်စ်ကားခထက် ဈေးကြီးပေမဲ့ တက္ကစီထက်တော့ သက်သာတယ် အဲဒါစီးပြီး ဂရမ်းစင်ထရမ်ထဲက နာရီစင်နားမှာစောင့်နေ White Plains ကိုသွားမဲ့ ရထားပေါ် တင်ပေးလိုက်မယ်။ ကျောင်းကနေ တနာရီလောက်ဝေးတဲ့ အိုင်အိုဝါပြည်နယ် ဘာလင်တန်မြို့ကနေ အီလီနွိုက်ပြည်နယ် ချီကာဂို၊ နယူးယောက် လဂွာရီဝါလေဆိပ်၊ ရှယ်တယ်ဘတ်စ်စီးပြီး ဂရမ်းစင်ထရယ်ကို ပုံ့ပုံ့က ညနေ ၄ နာရီခွဲလောက်ကတည်းက ရောက်နှင့်နေပြီ။ ကိုယ့်ရုံးရှိတဲ့ ၃၆ လမ်းကနေ ဂရမ်းစင်ထရယ်ရှိတဲ့ ၄၂ လမ်းထိ လမ်းလျှောက်ပြီး ၆ နာရီခွဲလောက်မှ ဂရမ်းစင်ထရယ်နာရီမှာ ပုံ့ပုံ့နဲ့ဆုံတယ်။ ပုံ့ပုံ့နဲ့မတွေ့တာ ၆ နှစ်လောက်ရှိပြီ အရင်အတိုင်းပဲ ဘာမှမပြောင်းလဲဘူး။




ရထားလက်မှတ်ဝယ် ရထားချိန်နီးပြီးဆိုတော့ ရထားဂိတ်ပေါက်ကို အူယားဖားရားပြေး ။ ဂရမ်းစင်ထရယ်၊ တိုင်းစကွဲအနီးတဝိုက် ၊ ဘရွတ်ကလင်း ဘုန်းကြီးကျောင်း အနီးတဝိုက်၊ ရထားဘူတာကနေ သူသွားမဲ့အိမ်အထိ ဂူဂယ်မြေပုံပရင့်စာရွက်တွေကို ပေးပြီးရှင်းပြ။ သူ့အသိအစ်မက ရထားရဲ့ပထမဆုံးခေါင်းကို စီးပါလို့မှာထားလို့ ပထမဆုံးခေါင်းထိလျှောက် ရထားပေါ်တက်တော့ ရထားထွက်ဖို့ မိနစ်ပိုင်းအလို။ ရထားဘူတာတွေမှာ ဘူတာနာမည်တွေ ရေးထားတယ် အဲဒါတွေကြည့်၊ ဘေးကလူတွေကိုမေး၊ ရထားလက်မှတ်စစ်တဲ့သူတွေမေး အေး အေး မေးကြည့်လိုက်မယ်။ ငါးမိနစ်လောက်ကြာလို့ ဖုန်းဆက်ကြည့်တော့ ဘေးကလူတွေက ဖုန်းပြောနေကြလို့ မမေးရသေးဘူး ရထားလက်မှတ်စစ်လာပြီ မေးကြည့်လိုက်မယ်။ ရထားလက်မှတ်စစ်ကို မေးကြည့်လိုက်လားမေးတော့ မေးချိန်တောင် မရလိုက်ဘူး ထွက်သွားလို့တဲ့။ စီးသွားတဲ့ Local လား Express လားဆိုတာ Metro North ဆိုဒ်မှာ ရထားအချိန်၊ သွားမဲ့နေရာ၊ ဂိတ်ပေါက်ကို ကြည့်ပြီးရှာလိုက်တော့ အမြန်ရထား ၃ ဘူတာဆို ရောက်လိမ့်မယ်ဆိုပြီး မတ်ဆေ့တွေပို့။ ကိုယ်ကလည်း မြေအောက်ထဲမှာဆိုတော့ အင်တာနက်က မမိ ချောချောမောမော ရောက်ပြီဆိုမှပဲ စိတ်အေးတော့တယ်။ နောက်နေ့ ဂရမ်းစင်ထရယ်ရောက်ရင် ဖုန်းဆက်လိုက် တရားစခန်းဝင်မဲ့ ဘရွတ်ကလင်း ဘုန်းကြီးကျောင်းဆီရောက်မဲ့ ရထားပေါ် တင်ပေးလိုက်မယ်ဆိုပြီး စောင့်နေတာ သူ့အသိအစ်မက လိုက်ပို့လို့ ဘရွက်ကလင်းဘုန်းကြီးကျောင်းဆီသွားတဲ့ လမ်းပေါ်မှာ။




ပုံ့ပုံ့မလိုက်တော့လို့ ပိုနေတဲ့လက်မှတ် အလကားမဖြစ်ရလေအောင် အသိညီမလေးတွေကို မေးကြည့်တော့ သူတို့က မအားကြဘူး။ Battery Park ရောက်တော့ ကျူတန်းကြီးက အရှည်ကြီး အမေနဲ့မကြီးကို တန်းစီခိုင်းပြီး လက်မှတ်ထုတ်တဲ့ပေးတဲ့ Fort Clinton ကိုသွား။ အဲဒီမှာလည်း ကျူတန်းကရှည်တယ် နေရှင်နယ်ပါ့ခ်ရိန်းဂျားကို မေးကြည့်တော့ ကိုယ့်အီးတစ်ကဒ်က လက်မှတ်ထုတ်စရာမလိုဘူး Reserved Line မှာ တန်းစီရုံပဲတဲ့။ မကြီးကိုဖုန်းခေါ် လူတွေကများလို့မတွေ့ Reserved Line မှာစီတော့ စောသေးတယ် ၂ နာရီခွဲမှ လာခဲ့ပါတဲ့။ ပိုနေတဲ့လက်မှတ်ကို စောစောလာပြီး လက်မှတ်ဝယ်ဖို့စီနေတဲ့သူကို လျှော့ဈေးနဲ့ရောင်းဖို့အိုင်ဒီယာ ဘာလို့မရပါလိမ့်။ ခံတပ်ကိုပတ်ကြည့် ခုံမှာထိုင်ပြီး အနားယူ ၂ နာရီမခွဲခင် တန်းစီဖို့သွားတော့ ကျူတန်းတောင်ရှည်နေပြီ။ လေဆိပ်မှာစစ်တဲ့အတိုင်း ကင်မရာ၊ ဖုန်း၊ အိုင်ပတ်၊ သော့၊ ပိုက်ဆံအိတ်၊ ခါးပတ်တွေကို ဗန်းထဲ့ထည့်ပြီး စကင်ဖတ်ပြီး စစ်တယ်။ သင်္ဘောကပ္ဗတိန်က ကြေငြာတာတွေ မကြားတချက်၊ ကြားတချက် မက်ဟက်တန်စကိုင်းလိုင်း၊ လစ်ဘာတီနဲ့ ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်ကြ။ တရုတ်ကလေးတယောက်ကတော့ ဆဲဖီစတစ်နဲ့ ဓာတ်ပုံတွေရိုက် ကျောင်းသားနဲ့တူတယ်။ Audio Phone လေးတွေတောင်းပြီး နားထောင် လစ်ဘာတီရုပ်တုကို တပတ်ပတ်ပြီး ဓာတ်ပုံတွေရိုက်။

အမေ့ဆီမှာ အိတ်တွေထားပြီး လစ်ဘာတီရုပ်တုခြေရင်းထိ ဓာတ်လှေကားနဲ့ တက်တယ်။ လှေကားနဲ့တက်ရင် ၁၅ မိနစ်ပဲကြာတယ်လို့ ရေးထားတာကိုတွေ့လို့ တက်လိုက်တာ အယ်မလေး အထပ် ၇ ထပ်လောက် တက်လိုက်ရတယ် ခြေထောက်များဆို တောင့်နေတာပဲ။ ကိုယ်တောင် ဟောဟဲဖြစ်တာ အဖေနဲ့အမေဆို ဘယ်လောက်များ ပင်ပန်းလိုက်မလဲ ပြန်ဆင်းလို့လဲမဖြစ်။ ဒီနှစ်တော့ ဘယ်ရမလဲ ဘယ်လောက်ပဲကြာကြာ ဓာတ်လှေကားပဲ စောင့်စီးတော့တယ်။ အိန္ဒိယလူမျိုးနဲ့တူတဲ့လူတစ်ယောက်က နင် ဘယ်လိုလုပ်ပြီး လစ်ဘာတီပြတိုက်က ထွက်လာတာလဲလို့မေးလို့ ငါ့လက်မှတ်က Ground Ticket ပေမဲ့ လစ်ဘာတီရုပ်တုခြေရင်းထိ တက်လို့ရတယ်၊ လစ်ဘာတီရုပ်တုခေါင်းအထိ တက်လို့ရတဲ့ Crown Ticket ဆိုတာ ရှိသေးတယ်လို့ ရှင်းပြလိုက်သေးတယ်။ လစ်ဘာတီအိုင်လန်က သေးသေးလေး တပတ်ပတ်ပြီး ဓာတ်ပုံရိုက်ပြီးရင် ပြီးပြီ အဲလစ်အိုင်လန်လည်း မဝင်တော့ပါဘူး။ နောက်ဆုံးသင်္ဘောကို မမှီရင် ရဲသင်္ဘောနဲ့ ပြန်လို့ရတယ်တဲ့။ မက်ဟက်တန်ကို မကပ်ခင် ကမ်းပေါ်တက်ဖို့ လှုပ်လှုပ်ရွရွ အသင့်ပြင်နေသူတွေက အာရှသားတွေ၊ ထိုင်ရာကမထ အေးအေးဆေးဆေးတွေက အဖြူတွေ။ ဂျူလှိုင်  ၃ ကနေ ၅ အထိ ဒီစီ၊ နိုင်အာဂရာရေတံခွန် ၃ ရက်ခရီး ထွက်တဲ့အကြောင်းကတော့ နောက်ပို့စ်တွေမှပဲ တင်ပါတော့မယ်။

စန်းထွန်း
စက်တင်ဘာ ၁၇၊ ၂၀၁၆။

ယူအက်စ်သွား တောလား - ၁၇

ဂျွှန် ၁၉  ရက် စနေနေ့မှာတော့ ကိုယ်လုပ်နေတဲ့ Atlanta ရုံးက ကွန်နပ်တီကပ်တက္ကသိုလ် ပရောဂျက်အတွက် လိုအပ်တဲ့ Oracle Unifier Training တက်ရပါတယ်။ နေ့လည် ၂ နာရီပြီးတော့ ၃၃လမ်း မေစီစတိုးရှေ့က လူတွေထိုင်အနားယူ အပန်းဖြေတဲ့ ထိုင်ခုံလေးတွေမှာ  ထိုင်စောင့်နေတဲ့ အမေနဲ့မကြီးကိုခေါ်ပြီး အောက်မန်ဟန်တန်ကို ရထားစီး။ စတေတန်အိုင်လန်ကိုသွားတဲ့ ဖယ်ရီကိုစီး လစ်ဘာတီရုပ်ထုနားကိုဖြတ်တော့ လစ်ဘာတီရုပ်ထုကို မြင်ရတဲ့ဖယ်ရီအခြမ်းမှာ လူတွေကြိတ်ကြိတ်တိုး။ အဲ့ဒီစတေတန်အိုင်လန်ဖယ်ရီက နာရီဝက်တခါ မက်ဟန်တန်အောက်ဖက်ကနေ စတေတန်အိုင်လန်ဖက်ကို ၂၄နာရီ ပြေးဆွဲပါတယ် ဖယ်ရီခက အခမဲ့ ။ စတေတန်အိုင်လန်မှာ နာရီဝက်လောက်နားပြီး မန်ဟန်တန်ဖက်ကို ပြန်စီး။ ဘရော့ဝေးလမ်းမထက်က Charging Bull ရုပ်ထုကတော့ အမြဲတမ်း လူစည်ကားနေတာပါပဲ။ Wall Street က တိုးရစ်တွေ လည်ပတ်ကြတဲ့နေရာတခု။ Trinity Church ကို ဝင်လည်တယ်။ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အိမ်ခြံမြေသူဋ္ဌေးကြီး ဒေါ်နယ်ထရန့်ရဲ့Tumph Building ရှေ့မှာ ဓာတ်ပုံရိုက်ကြတယ်။

Charging Bull
Wall Street က ပြတိုက် ဝင်ကြေးအခမဲ့

Trump Building
Trinity Church

အင်ဒီးယားနားပြည်နယ်မှာနေတဲ့ မခိုင်ဆီကိုသွားလည်ဖို့က မိုင် ၆၆၀၊ ၁၀ နာရီ ရထားစီးသွားလို့မရဘူးလားလို့ အမေကမေးတော့ နယူးယောက်ကနေ နီးနီးနားနား ရထားကြီး ဂျုံးဂျုံးဂျက်ဂျက် စီးသွားလို့ရမဲ့နေရာကို စဉ်းစားကြည့်တယ်။၂၀၁၄တုန်းက ဝိုင်းနဲ့ Hiking ထွက်ဖူးတဲ့ Upstate က Cold Springs ကို ပြေးသတိရတယ်။ ဂျွှန် ၂၀ စနေ့မနက် ၈ နာရီလောက် အိမ်ကထွက် ဂရမ်းထစင်ထရယ်ဘူတာကနေထွက်တဲ့ ရထားကို ၁ နာရီလောက်စီး။ Hudson မြစ်ဘေးအတိုင်း ခုတ်မောင်းပြီး စိမ်းစိုနေတဲ့တောင်တန်းတွေကို မြင်ရတာ Escape from concrete jungle ပါပဲ။ ပိတ်ရက်တွေမှာ စက်ဘီးစီးထွက်တဲ့သူ၊ တောင်တက်တဲ့သူတွေနဲ့ စည်ကားတယ်။ မြစ်ဘေးနားမှာ ပါလာတဲ့မုန့်တွေစား။ ယောကျာ်းနှစ်ယောက် မင်္ဂလာဆောင် ဓာတ်ပုံရိုက်တာကို ထိုင်ငေးကြတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဆိပ်ကမ်းမှာ သင်္ဘောကြီးမြင်ဘူးတယ် ဘာလဲဟင်လို့ Information Counter မှာ စပ်စုကြည့်တော့ နယူးဂျာဆီကနေလာတဲ့ ဘင်္ဘောတဲ့။ ရေကူးလို့ရတဲ့၊ စပိဘုတ်တွေစီးတဲ့နေရာကို နီးနီးလေးလို့ထင်နေတာ နာရီဝက်လောက် လျှောက်ရတယ်။ လေကတဖြူးဖြူးဆိုတော့ သဲသောင်ပြင်မှာဖျာခင်းပြီး အိပ်တော့တာပဲ။ ရေမကူးရဘူးလို့ရဲက လာပြောတော့ ခဏရေကူးရပ်ကြတယ် ရဲပြန်သွားတာနဲ့ အမေရိကန်ကလေးတွေ ရေထပ်ကူးကြတယ်။ စပိဘုတ်ငှားလို့ရတဲ့နေရာရှိတယ် ကနူးလှေ လှော်ကြတာလည်းတွေ့တယ်။ တွေ့ရခဲတဲ့ ရေနွေးငွေ့သဘောၤ မောင်းသွားတာတွေ့တယ်။


ဇွန် ၂၁ ရက် အင်္ဂါနေ့ညနေရုံးဆင်းတော့ မကြီးနဲ့အမေ ရောက်နေတဲ့ တိုင်းစကွဲယားမှာဆုံတယ်။ ယောဂဖျာ ၂ ချပ်၊ ရေဘူးတွေ၊ မုန့်တွေနဲ့ အလကားဝေနေတာတဲ့။ သွားတန်းစီတော့ ညနေ ၆ နာရီစမဲ့ ယောဂစုပေါင်းလေ့ကျင့်ခန်းအတွက် ညနေ ၅ နာရီခွဲမှဝေမှာတဲ့။ ယောဂဆရာမက သင်ပေးတာကို လိုက်လုပ်ကြတာ အဲဒီမျိုး Free Activites တွေ နယူးယောက်မှာ အများကြီးပဲ။ ဘရိုင်ယန်ပန်းခြံမှာဆို ဘရော့ဝေး၊ စတိတ်ရှိုး၊ ဗွီဒီယိုပြတာတွေရှိတယ်။ အလကားရတာများဆို ပျော်နေတာပါပဲ။  လမ်း ၅၀ က ရော်ခါဖယ်လာစင်တာ၊ စိန့်ပေါလ်ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ ထရန့်အဆောက်အဦးရှေ့မှာ ဓာတ်ပုံရိုက်ကြတယ်။ ထရန့်အဆောက်အဦးရှေ့မှာ Satellite တပ်ထားတဲ့ကား၊ ကင်မရာမန်းတွေ၊ သတင်းထောက်တွေ၊ ရဲကားနဲ့ ရဲ ၃ ယောက်လောက်က စောင့်နေတော့ ဘာအစီအစဉ်ရှိလဲ၊ ဒေါ်နယ်ထရန့်လာမှာမို့ အဲဒီလိုစည်ကားနေတာလားလို့ ရဲကိုသွားမေးတာ ဘာအစီအစဉ်မှ မရှိဘူး အမြဲအဲ့ဒီလိုတဲ့။

Times Square
St. Paul Church
Rockerfeller Center
in front of Trump Building

တိုင်းစကွဲယားကနေ ရော်ခါဖယ်လာစင်တာ၊ Lexington Ave ၅၂ လမ်းအထိ လမ်းလျှောက်ပြီး ထရမ်စီးမဲ့နေရာအထိ ၁ နာရီလောက် လျှောက်ရတော့ အမေ ခြေထောက်ညောင်းနေပြီ ထိုင်နားရတယ်။ ကိုယ်တို့က အမေ့ကို အရင်လို ကျန်းမာသန်စွမ်းတုန်း ငယ်သေးတယ်လို့ပဲ ထင်နေတာ။ အမေ့အသက် ၆၀ ပြည့်ပြီ မနှစ်ကလာလည်တုန်းကနဲ့ ဒီနှစ် တော်တော်ကွာသွားပြီ။ မနှစ်က ဆီးချိုတက်လို့ ဆေးရုံတက်ရပြီးကတည်းက အမေ့ကျန်းမာရေး တော်တော်ကျသွားတယ်။ ထရမ်စီး ရုစဗဲ့အိုင်လန်ကနေ မက်ဟန်တန်စကိုင်းလိုင်းကြည့်။ ဇွန် ၂၆ တနင်္ဂနွေနေ့ မနက် ၁၀ နာရီမှာ အိမ်နားက သုံးပါးကျောင်းကို ဆွမ်းသွားကပ်ကြတယ်။ အိမ်ရှင်အန်တီက သူချက်ထားတဲ့ဟင်းတွေ ထည့်ပေးလိုက်ပြီး ဆရာတော့်ကို ဆွမ်းကပ်တယ်။ အိမ်ကိုနေ့လည်စာ ပြန်စားပြီးတော့ ဘရွှတ်ကလင်းတံတားကို သွားလည်ကြတယ်။ လစ်ဘာတီရုပ်တု၊ ဝါရှင်တန်ဒီစီ၊ နိုင်အာဂရာရေတံခွန် သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်တွေမှ တင်ပါဦးမယ်။

စန်းထွန်း
စက်တင်ဘာ ၅၊ ၂၀၁၆။

Roosevelt Island
St.Paul Church
သုံးပါးကျောင်းဆရာတော်ကို ဆွမ်းကပ်
Brooklyn Bridge
ဒီနှစ် သော့တွေ တော်တော်များလာတယ်၊ သော့တင်မကဘူး earphone တွေပါ ချိတ်ထားကြတယ်
ဘရွှတ်ကလင်းတံတားမှာ အချစ်တွေကို သော့ခတ်လိုက်ပြီး
နောင်ထပ်မဖွင့်နိုင်အောင် သော့ကို ပင်လယ်ထဲ
လွှင့်ပစ်လိုက်တယ်နဲ့ တူပါရဲ့