ပီအေရုံးမှ မိတ်ဆွေများ - ၁

၂၀၁၄ ဒီဇင်ဘာ နယူးယောက်က စတယ်လာကုမ္ဗဏီမှာ အလုပ်ရတော့ ၃၆လမ်းက ရုံးချုပ်မှာ ၁ လလောက်ပဲ နေရတယ်။ ပြီးတော့ ကလိုင်းရင့် ဂရမ်းစင်ထရယ်နား ၄၄ လမ်းက အမ်တီအေ မတ်ထရိုနော့ရုံးကို ရောက်သွားတယ်။ နယူးယောက်မှာ အမ်တီအေကို မသိတဲ့သူမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ နယူးယော့ကာတိုင်း အမ်တီအေ မြေအောက်ရထား၊ ဘတ်စ်ကားကို စီးရတာကိုး။ စီနီယာခဲတန်က ကိုယ့်တစ်ယောက်တည်း ပရောဂျက်တွေကို ကောင်းကောင်းထိန်းနိုင်တယ်ဆိုပြီး စိတ်ချလက်ချ ထားခဲ့တာ ၈ လပြီးလို့ အမ်တီအေ ပရောဂျက်အပ်ပြီးတဲ့အခါ ပရောဂျက်မန်နေဂျာ ပတ်ထရီရှာချန်နဲ့ကိုယ် ရုံးချုပ်ကို ပြန်ရတယ်။ ရုံးချုပ်မှာက မနက် ၉  နာရီကနေ ညနေ ၆ နာရီအထိ ရုံးတက်ရပြီး နေ့လည်ထမင်းစားချိန်ကို ၁ နာရီယူရတယ်။ ကလိုင်းရင့်ရုံးတွေမှာလို မနက် ၈ နာရီရုံးတက် ညနေ ၄ နာရီပြန် နေ့လည်ထမင်းစားချိန်ကို နာရီဝက်လောက်ပဲ ယူလို့မရဘူး။ နေ့လည်စာထမင်းစားပြီးရင် ၄၂လမ်း ဘရိုင်ယန်ပါ့ခ်ကို ပတ်ထရီရှာနဲ့ကိုယ်တို့လမ်းလျှောက်လေ့ရှိတယ်။ ရုံးမှာက လူသစ်တရုတ်တွေများ ကိုယ်ကလည်း ရုံးချုပ်မှာ နေရတဲ့အချိန်နည်းတော့ ရုံးကလူတွေကို သိပ်မသိဘူး။ ပတ်ထရီရှာချန်က ပီအေလို့အတိုကောက်ခေါ်တဲ့ THE PORT AUTHORITY OF NEW YORK & NEW JERSEY ကလိုင်းရင့်ရုံးမှာ ပရောဂျက်ရလို့ နယူးဂျာစီပြည်နယ် Newark မြို့မှာ အလုပ်ဆင်းသွားတော့ ကိုယ်တစ်ယောက်တည်း ပျင်းကျန်နေရစ်ခဲ့တာပေါ့။

ရုံးချုပ်မှာက မန်နေဂျာတွေများတော့ ဟိုလူကခိုင်း ဒီလူကခိုင်းနဲ့ ပရောဂျက် ၃ခုလောက်ကို တပြိုင်တည်းလုပ်ရတယ်။ နေရာကကျဉ်း၊ ကာထားတဲ့ဟာမရှိ၊ ကိုယ်ဘာကြည့်နေတာဆိုတာ အားလုံးကမြင်နိုင်ပြီး အလုပ်လုပ်ရတဲ့ ပတ်ဝန်းကျင်က မကောင်းဘူး။ ပြီးတော့ စာသင်ကျောင်းတွေကို ကွန်ပျူတာတွေ လိုက်ဆင်တဲ့ တရုတ်တွေက ဝင်လာလိုက်၊ ထွက်သွားလိုက်၊ စကားကို အော်ကြီးဟစ်ကျယ်ပြောလိုက်နဲ့ ဆူညံနေတာပဲ။ နောက်တော့ နယူးဂျာဆီပြည်နယ် Newark မြို့ 2GateAway Center မှာရှိတဲ့ ပီအေရုံးမှာ အင်တာဗျူးသွားဖြေရတယ်။ မန်နေဂျာက ဒီဒီကား ပန်ချာပီအိန္ဒိယမ အရပ်ကငါးပေလောက်၊ ပုပုဝဝ၊ အသားညိုညို၊ မျက်ခုံးကောင်းကောင်း၊ ခန့်ခန့်ချောချော၊ စကားကို အမြဲတမ်းပြုံးပြီး ချိုချိုသာသာ ပြောတတ်တယ်။ ကိုယ်တို့လို ပရိုဂရမ်မာကနေ မန်နေဂျာဖြစ်လာတဲ့သူ၊ စကားပြောတာ ရှင်းလင်းပြတ်သားတယ်၊ အရမ်းတော်ပြီး ထက်မြက်တယ်။ အင်တာဗျူးတဲ့သူတွေက စတယ်လာရုံးကနေ ကလိုင်းရင့်ပီအေမှာ အလုပ်လုပ်နေတာ ၄ နှစ်လောက်ရှိပြီဖြစ်တဲ့ ယူနန်သူ တရုတ်မယန်း၊ အရင်တုန်းက စတယ်လာမှာအလုပ်လုပ်ခဲ့ပြီး အခုပီအေဝန်ထမ်းဖြစ်နေတဲ့ တရုတ်ကြီးလင်းမင်။ ပီအေရုံးမှာ အလုပ်ရတော့ ကိုယ်ကသိပ်မသွားချင်ဘူး ၁ နာရီခွဲတောင် ရထားစီးပြီး ရုံးတက်ရမှာဆိုတော့လေ။ ကိုယ့်အိမ်ကနေ 7 ရထားနှစ်ဘူတာစီးပြီး ဂျက်ဆင်ဟိုက်ဘူတာမှာ အမြန်ရထား F ကိုစီး။

၂၅ မိနစ်လောက်စီးပြီးတော့ ၃၄ လမ်းဘူတာမှာဆင်း။ ၃၃ လမ်းကနေ နယူးဂျာစီကို သွားမဲ့ PATH ရထားကို မိနစ် ၂၀ လောက်စီးပြီး ဂိတ်ဆုံး ဂျာနယ်စကွဲမှာဆင်းပြီး ဝေါထရိတ်စင်တာကနေ Newark ဆီသွားမဲ့ရထားစီး။ ရထားလေးဆင့်စီးပြီး ၁ နာရီခွဲကြာတော့ နယူးဂျာစီဖက်မှာ အိမ်ရှာရမလား စဉ်းစားသေးတယ်။ ဂျပန်အိမ်မှာက နေရတာ တော်တော်လေး အဆင်ပြေတော့ ရုံးတက်ရတာ ဝေးပေမဲ့ အိမ်မပြောင်းချင်တော့ဘူး။ အဆင်ပြေတဲ့ roommate ကောင်းကောင်းရဖို့ဆိုတာ ခက်လှပါဘိ။ စီနီယာခဲတန်ကလည်း ဝေးပေမဲ့ ကလိုင့်ရင့်ရုံးမှာ လုပ်ရတာကောင်းတယ် သွားသာသွားတဲ့။ ကိုယ့်ရှေ့ထိုင်တာက ဖိလစ်ပိုင်ကြီး အက်စတီမိတ်တာ နေသန်ဒီမေစစ်။ သူက စင်္ကာပူမှာလည်း နေခဲ့ဖူးတယ် ဒိုဘီဂါ့စ်ဘူတာကို သူတို့ဆောက်ခဲ့တာဆိုပဲ။ နေသန်မှာ ဟိုင်းစကူးတက်နေပြီဖြစ်တဲ့ သမီးတစ်ယောက်၊ သားတစ်ယောက်ရှိတယ်။ စင်္ကာပူအကြောင်း၊ ဖိလစ်ပိုင်အကြောင်း၊ မြန်မာအကြောင်းပြောပြီး ကိုယ်နဲ့လေပေး အတော်ဖြောင့်တဲ့သူ။ ကိုယ့်အလုပ်ကလည်း အက်စတီမိတ်တာတွေနဲ့ တိုင်ပင်ဆွေးနွေးရတော့ ခင်နေတာပေါ့။ ကိုယ့်ဘေးမှာထိုင်တာက စတယ်လာရုံးက တရုတ်လေးရစ်ကီချန် တခါတလေ ရထားအတူစီးဖြစ်ရင် ရုံးကလူတွေအကြောင်း အတင်းတွေချတယ်။ ရစ်ကီချန်မှာက လေးနှစ်နဲ့တစ်နှစ်အရွယ် သမီးနှစ်ယောက်ရှိတယ်။ အငယ်ကလေးမှာ အရေပြား Asthma ရှိတယ် တကိုယ်လုံးယားလို့ ကုတ်နေရတာတဲ့။

autoimmune disorder disease ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ရောဂါတွေ၊ ဘတ်တီးရီးယားတွေကို တိုက်ရမဲ့အစား ကိုယ့်ခန္ဓာကိုယ်ကို ပြန်တိုက်တဲ့ရောဂါ။ လူးပက်စ်လိုမျိုးပဲ ဘာကြောင့်ဖြစ်မှန်း မသိသလို ကုသမပျောက်ကင်းနိုင်ဘူး၊ ဆေးသောက်ပြီးထိန်းလို့ရတယ်။ ရစ်ကီပြောပြတော့မှ အရေပြားအက်စ်တမာဆိုတာ ကြားဖူးတော့တယ်။ လင်းမင်နဲ့ရစ်ကီက ကွင်းကောလိပ်ထွက်တွေ။ ရစ်ကီအရှေ့မှာ ထိုင်တာက အက်စတီမိတ်တာ ကိုရီးယားကြီး ကင်ယောင်ကီ။ ကိုယ်က ကိုယ်သိတဲ့ ကိုရီးယားစကားတွေနဲ့ နှုတ်ဆက်တော့ ကိုရီယားစကား သင်ဖူးလားလို့မေးတယ်။ ဟင့်အင်း ကိုရီးယားရုပ်ရှင်တွေကြည့်ပြီး ကိုရီးယားစကား နည်းနည်းတတ်တာလို့ပြောတော့ အံ့တွေသြလို့။ ကိုယ်နဲ့ ကိုရီးယားရုပ်ရှင်၊ အစားအစာ၊ အိုပါးဂန်းဏန်းစတိုင် အကြောင်းပြောပြီး လေပေးဖြောင့်လေ့ရှိတယ်။ ဆိုးလ်မှာ ဂန်းနန်းရပ်ကွက်ဆိုတာ တကယ်ရှိသတဲ့။ ရှန်ဟိုင်းသား တရုတ်ကြီးလင်းမင်က စတယ်လာရုံးမှာ ၆နှစ်လုပ်ပြီး ပီအေဝန်ထမ်းဖြစ်လာတဲ့သူ ။ အတော်လေး သဘောကောင်းပြီး ကူညီတတ်တယ်။ ပီအေရုံးမှာ အိုင်ဒီကဒ်ရဖို့၊ ကွန်ပျူတာရဖို့က အတော်စောင့်ရတယ်။ နောက်တော့ မန်နေဂျာဒီဒီရဲ့ဘေးက မီတင်းခုံဝိုင်းမှာ ကွန်ပျူတာထားပေးပြီး ကိုယ့်ကိုထိုင်ခိုင်းတယ်။ မန်နေဂျာဘေးနားမှာ ထိုင်ရတာဆိုတော့ အနေကျုံ့တယ်။ ဒီဒီကလည်း မန်နေဂျာဆိုတော့ အစည်းအဝေးတက်နေရတာ များတယ်။ ဒီဒီက မိဘတွေနဲ့ အတူနေပြီး သားတစ်ယောက်ရှိတယ် အင်ဂျင်နီယာမေဂျာ တက်နေတယ်။ ဒီဒီက ရုံးကို ၂ နာရီလောက် ရထားစီးပြီး ရုံးတက်တယ်။

ဒီဒီရှေ့မှာထိုင်တာက ပီအေမှာ ၄ နှစ်လောက်ရှိပြီဖြစ်တဲ့ စတယ်လာရုံးက မြန်မာပြည်နဲ့ နယ်ချင်းဆက်နေတဲ့ ယူနန်သူ တရုတ်မယန်း။ စကားပြောရင် အားနဲ့မာန်နဲ့ပြောတတ် ငြင်းခုန်တတ်ပြီး စိတ်ရင်းကောင်းပြီး ကူညီတတ်တယ်။ ညနေ ၄ နာရီ မန်နေဂျာတွေ ပြန်သွားရင် ကိုယ်က ယန်းဆီသွားပြီး စကားတွေပြောတယ်။ ကိုယ်နဲ့သက်တူရွယ်တူ၊ ကိုယ်နဲ့ဘေးချင်းကပ်ထိုင်၊ ကိုယ်မသိတာတွေ မေးမြန်းတိုင်ပင်ရတဲ့သူ ပီအေမှာ ကိုယ်အခင်ဆုံး သူတစ်ယောက် ဖြစ်လာခဲ့တယ်။ ရုံးဆင်းရင် နှစ်ဘူတာလောက် ရထားအတူစီးဖြစ်ပြီး ခင်လာတဲ့သူက အသားညိုညို၊ အရပ်ငါးပေ၊ ခန္ဓာကိုယ်သေးသေးကွေးကွေးပေမဲ့ အမြဲသွက်လက်နေတဲ့ အက်စတီမိတ်တာ ဖိလစ်ပိုင်သူ လူစီတာ။ တလောက ရုတ်တရက် ဆုံးသွားလို့ လူစီတာဆိုတဲ့ပို့စ်တောင် ရေးဖြစ်သေးတယ်။ အက်စတီမိတ်တာ ဖိလစ်ပိုင်ကြီး မိုက်ကယ်က ဖိလစ်ပိုင်နဲ့တူလို့တဲ့ ဖိလစ်ပိုင်လားလို့ မေးလာတယ်။ မက်ဂမ်ဒါ အုမ်မာဂမ် (ကောင်းသော နံနက်ခင်းပါ) လို့ သင်ပေပြီး မိုက်ကယ်နဲ့ကိုယ် ဖိလစ်ပိုင်လို နှုတ်ဆက်လေ့ရှိကြတယ်။ နောက်တော့ မိုက်ကယ် ပင်စင်ယူသွားတယ်။ အိန္ဒိယတောင်ပိုင်းသား အုန်ကာ၊ ရီနာတို့နဲ့ အသိမိတ်ဆွေ ဖြစ်လာတယ်။ ရီနာက သက်သက်လွှတ်သမား၊ ယိုးဒယားမှာ ၁၆ နှစ်လောက် နေခဲ့တော့ ယိုးဒယားစကားတတ်တယ်။ သူ့သမီးက SAT စာမေးပွဲဖြေဖို့ လုပ်နေတယ်။ ပရောဂျက်ကို ရှင်းပြဖို့ မန်နေဂျာဒီဒီ အကူအညီတောင်းတာက အက်စ်စတီမိတ်တာ ထိုင်ဝမ်သား ခရစ်ယာန်ဘာသာဝင် ဝမ်ချန်။

သူ့အမျိုးသမီးနဲ့ ဘုရားကျောင်းမှာ တွေ့တာတဲ့ သားတစ်ယောက်ရှိတယ်။ ဝမ်က သဘောမနောကောင်းတယ်၊ ပေါင်းသင်းဆက်ဆံရေးလည်းကောင်းတယ်၊ သူနဲ့ဆို ကိုယ်တို့မှာ ပြောစရာတွေ မကုန်မခမ်းနိုင်အောင်ပဲ။ သူရဲ့ပထမဆုံးရုံးက ဝေါထရိတ်စင်တာ ၉ /၁၁ တုန်းက လူတွေ ဝေါထရိတ်စင်တာကနေ ခုန်ချတာကို မြင်ခဲ့ရတယ်။ အင်ဂျင်နီယာဋ္ဌာနရဲ့ အကြီးဆုံးဘော့စ်က အစည်းအဝေးရှိလို့ အပေါ်ဆုံးထပ်မှာ ရှိနေခဲ့တာ လေယာဉ်တိုက်ပြီးတော့ ပြန်မဆင်းလာနိုင်ခဲ့ဘူး။ သေဆုံးသွားတဲ့သူတွေရဲ့ ဓာတ်ပုံတွေကို ခုထိပီအေရုံးမှာ ချိတ်ဆွဲထားတယ်။ ဝမ်က စားသောက်ဆိုင်တွေမှာ နေ့လည်စာသွားစားဖို့ ဦးဆောင်စီစဉ်လေ့ရှိတယ်။ နောက်တော့ ဟောင်ကောင်သား အက်စတီမိတ်တာ ဟင်နရီယုက အမ်တီအေမှာ ၇ နှစ်လုပ်ပြီး ပီအေကို ပြောင်းလာတယ်။ ဝမ်နဲ့ဟင်နရီက အဖွဲ့ကျတယ်။ နောက်အက်စတီမိတ်တာတွေကတော့ အိန္ဒိယတောင်ပိုင်းသားတွေဖြစ်တဲ့ ရမ်ဒီနဲ့ဗန်ကာတာရှ် ရမ်ဒီနဲ့ကိုယ်က သူ့ရဲ့ တစ်နှစ်အရွယ် သမီး၊ ဟိန္ဒူနတ်ဘုရားတွေ အကြောင်းပြောပြီး အဖွဲ့ကျတယ်။ အက်စတီမိတ်တာတွေရဲ့ဘော့စ်က Chief Estimator အရပ်ငါးပေ၊ လူကောင်သေးတဲ့ ရွန်မိုနာကို။ ရွန်က အတော်သဘောကောင်းတယ် စကားပြောတာလည်း ရှင်းလင်းတယ်။ ရွန်က ပရောဂျက်ကို ဒီလိုလုပ်ချင်တယ်၊ ဒီဒီက ဒီလိုလုပ်လို့ မဖြစ်နိုင်ဘူးလို့ ငြင်းတယ်။ တခြားဋ္ဌာနတွေနဲ့ တိုင်ပင်ဆွေးနွေးကြတယ်။

အဲဒီရုံးမှာ ၆ လလောက်က ပရောဂျက်ကို လေ့လာရင်း၊ အစည်းအဝေးတွေတက်ရင်းနဲ့ လေ့လာသင်ယူရတယ်။ ကိုယ်က ပရိုဂရမ်းမင်း ကုတ်တင်း၊ စာရွက်စာတမ်းနိုင်ပေမဲ့ ကိုယ့်အားနည်းချက်က အစည်းအဝေးမှာ ပါဝင်ဆွေးနွေးတာ နည်းတယ်။ ကိုယ်လည်း ဒီရုံးရောက်မှ Meeting Summary Notes ရေးနည်း၊ Documents တွေရေးနည်း၊ မန်နေဂျာကို သတင်းပို့၊ တိုင်ပင်ဆွေးနွေးရတာ၊ အက်စတီမိတ်တာတွေက တောင်းဆိုတဲ့ဟာတွေကို မန်နေဂျာကို တင်ပြ၊ မန်နေဂျာက သဘောတူတော့မှ လုပ်ရမှယ်ဆိုတာ သိတော့တယ်။ တခါတုန်းက စီနီယာခဲတန် အက်စတီမိတ်တာတွေ ပြင်ခိုင်းသမျှပြင် ပြင်နေတာ ဒီဒီသိတော့ စိတ်ဆိုးလိုက်တာတဲ့။ ဒီဒီက ကိုယ့်ကို သဘောမကျဘူး ကိုယ် ဘာတွေလုပ်နေမှန်း သူမသိဘူး။ ကိုယ်ကလည်း ဒီဒီ့ကို သဘောမကျဘူး ကိုယ့်ကို ဘာမှမဆွေးနွေး၊ ညွှန်ကြားချက် မပေးလို့ တရုတ်မယန်းက ကိုယ်တို့နှစ်ယောက်ကြား ညှိနှိုင်းပေးတယ်။ နောက်တော့ ၁၁ ထပ်ကနေ ၁၇ ထပ်ကို ဒီဒီ၊ လင်းမင်း၊ ယန်း၊ ရုရှားကြီး ရူဒီ၊ ကိုယ်တို့ ပြောင်းရတယ်။ ရုရှားကြီးယူဒီက စတယ်လာမှာလုပ်တာ ၆ နှစ်လောက်ရှိပြီ ပီအေမှာလည်းကြာပြီ။ ၁၇ ထပ်ရောက်တော့မှ ကိုယ်လည်း ရူဒီနဲ့ခင်သွားတော့တယ်။ ရူဒီ မနက် ၇ နာရီရုံးတက်ပြီး ၄ နာရီရုံးဆင်းတယ်။ သူ့ရုရှားအသံထွက်ကို ကိုယ်တို့တွေ နားမလည်သလို သူကလည်း ကိုယ်တို့အေးရှန်းအသံထွက်ကို နားမလည်ဘူး။ တခါတလေ ဘော့စ်ရော့စာချိုကို သွားမေးပြီး ငြင်းခုန်တာကို ဆုံးဖြတ်ရတယ်။ ရူဒီမှာ အရွယ်ရောက်နေပြီဖြစ်တဲ့ သားသမီး ယောကျာ်းလေး ၃ ယောက်၊ မိန်းကလေး ၁ ယောက် ရှိတယ်။ သူနာပြုကောလိပ်တက်နေတဲ့ သမီးမိန်းကလေးကို အချစ်ဆုံးတဲ့။

ဆက်ပါဥ◌ီးမည်...
စန်းထွန်း
ဇွန် ၅၊ ၂၀၁၆။

အိမ်လခတောင်းတဲ့ ဦးလေးကြီး ...

အိမ်ရှင်ဦးလေးကြီးက မနက် ၄ နာရီ အိပ်ယာက ထကတည်းက ဧည့်ခန်းထဲမှာ တီဗွီကြည့်တယ်။ ဧည့်ခန်းက ကိုယ့်အခန်းရှေ့ဆိုတော့ တခါတလေ ကြားရတယ်။ တခါတုန်းက ကိုယ့်ကို သမီးလေး အိမ်လခပေးပြီးပြီလားလို့ လာမေးလို့ ဒေါသထောင်းကနဲ ထွက်သွားတယ်။ မနေ့က ပေးပြီးပြီလို့ ပြောလိုက်တော့ စိတ်မရှိနဲ့နော် သမီးတွေ ပြောနေတာကြားလို့တဲ့။ ကိစ္စမရှိပါဘူးလို့ ပြောလိုက်ပေမဲ့ ဒေါသထွက်မိတာကတော့ အမှန်ပဲ။ (ကိုယ်ကလည်း အဲဒါလေး မေးတာလေးကို ဘာလို့ဒေါသထွက်မှန်းမသိ)။ မကြီးကို ပြောပြတော့ ဘာမှမဟုတ်တာလေးကို ဒေါသထွက်မနေနဲ့ မြန်မာလူကြီးတွေက အဲဒီလို ကိုယ်နဲ့မဆိုင်တာတွေ ဝင်,ဝင်ရှုပ်တတ်တယ်တဲ့။ အမေရိကန်မှာနေတဲ့ ငါးနှစ်အတွင်း ကိုယ်တခါမှ အိမ်မငှားဖူးဘူး။ အိမ်လခမှန်သမျှကို အိမ်ရှင်အစ်မတွေနဲ့ပဲ ပေးနေတာ တခါမှအဲဒီလို အိမ်လခပေးပြီးပြီလားလို့ အမေးမခံရဖူးဘူး။ အထူးသဖြင့် ယောကျ်ားတစ်ယောက်က မေးလာတာမျိုးပေါ့။ အရင်တုန်းကတော့ မနက်ရုံးသွားရင် ဧည့်ခန်းမှာထိုင်ပြီး တီဗွီကြည့်နေတဲ့ ဦးလေးကြီးကို သွားပြီဦးလေးရေလို့ နှုတ်ဆက်သေးတယ်။ ခုတော့ စိတ်ခုသွားလို့ နှုတ်ကိုမဆက်တော့ဘူး။ မီးဖိုချောင်မှာ ကိုယ်ပန်းကန်တွေ ဆေးကြောနေရင် အိမ်ရှင်ဦးလေးကြီးက ဝင်လာပြီး ထမင်းအိုးတည်တာတို့၊ ပန်းကန်ဆေးတာတို့၊ မိုက်ခရိုဝေ့စ် ဝင်နွှေးတာတို့လုပ်တယ်။

ဘာသဘောနဲ့မျှ မဟုတ်ပေမဲ့ ကိုယ်လုပ်နေတာကို ဝင်ရှုပ်တာမျိုး၊ ကိုယ်က စောင့်ရတာမျိုးကို စိတ်မရှည်တာ။ ကိုယ်က ဘယ်လောက်မှ ကြာတာလည်းမဟုတ် အိမ်ငှားမတင်ဖူးဘူးလား မသိဘူး။ ကိုယ်မကျေနပ်တာတွေကို  အသံကျယ်ကြီးနဲ့မကြီးကို ပြောပြနေတာကို ဧည့်ခန်းထဲကနေ (အိမ်ရှင်ဦးလေးကြီးက ညဖက်ဆိုရင် ဧည့်ခန်းထဲမှာအိပ်တယ်) ကြားတယ်နဲ့ တူပါရဲ့။ သူ ပန်းကန်ဆေးနေတုန်း ကိုယ် ဝင်လာရင် ကိုယ့်ကိုဦးစားပေးတော့တာပဲ။ ကိုယ်ကလည်း ရပါတယ်လို့ အားနာပါးနာလေးတောင် မပြောဘူး။ ရုံးမဆင်းခင် အိမ်သာဝင်ခဲ့ပေမဲ့ ရထား ၁ နာရီစီးပြီးလို့ အိမ်ရောက်တာနဲ့ ရှုးပေါက်ချင်ပြီ။ အဲဒီအချိန်ဆို အိမ်ရှင်မိသားစုလေးယောက်က တန်းစီပြီး ရေချိုးခန်း ဝင်ကြတော့ ရေချိုးခန်းအိမ်သာ ဒုက္ခရောက်တယ်။ အိမ်ရှင်တွေနားတဲ့ တနင်္ဂနွေနေ့မျိုးဆို လူစုံတော့ ရေချိုးခန်းအိမ်သာကို ချောင်းနေရတယ်။ ကိုယ့်မွေးစားအစ်မနဲ့ ခင်လာတာ နှစ်နှစ်ကျော်ပြီ အသက်ဘယ်လောက်လဲ၊ ဘာလုပ်သလဲ၊ ဘယ်လောက်ရသလဲ၊ စီတီဇင်တွေလားလို့ ကိုယ်တခါမှ မမေးခဲ့ဘူး။ ကိုယ့်အသက်ကိုမေးပြီး အိမ်ထောင်မပြုသေးဘူးလား၊ လစာဘယ်လောက်ရသလဲ၊ ကိုယ့်မွေးစားအစ်မက ဘာလုပ်သလဲ၊ စီတီဇင်တွေလား၊ အဖေနဲ့ ဖုန်းပြောနေတာကိုကြားပြီး အဖေပါ နယူးယောက်ကို လာမှာလားလို့မေးတဲ့ သိပ်စပ်စုတတ်တဲ့ အန်တီကြီး၊ မဆိုင်တာတွေ ဝင်ရှုပ်တတ်တဲ့ အန်ကယ်ကြီး၊ ဒီအိမ်ရှင်လူကြီးတွေရဲ့ စရိုက်ကို မကြိုက်လို့ ရေရှည်နေဖို့ မစဉ်းစားတော့ဘူး။ ကိုယ့်ကျန်းမာရေးကလည်း ကောင်းလာပြီ၊ မကြီးလည်း လာတော့မယ်ဆိုတော့ တိုက်ခန်းရှာနေတယ် မကြာခင် အိမ်ပြောင်းတော့မယ်။

စန်းထွန်း
ဇွန် ၁၊ ၂၀၁၆။