ငြိမ်းအေးခြင်း ...



ဆေးခန်းပြဖို့ ချိန်းထားသည့်အချိန်က မနက် ၉  နာရီ။ အိမ်ကနေ ၄၅ မိနစ်သာသာ ဝေးသောခရီးမို့ မနက် ၈ နာရီလောက်မှထွက်လျှင် ရသော်လည်း ဘာမှလုပ်စရာ မရှိတော့သည်နှင့် ပုံမှန်အိမ်မှထွက်ချိန် မနက် ၇ နာရီခွဲလောက်တွင် မြို့ထဲသို့ ထွက်လာခဲ့သည်။ ခန့်မှန်းသည့်အတိုင်း ဆေးခန်းသို့ရောက်သောအခါ ဆေးခန်းက မဖွင့်သေး။ လက်မှနာရီကို ကြည့်လိုက်တော့ မနက် ၈ နာရီခွဲတိတိ စောင့်ဆိုင်းရမည့် နာရီဝက်ကို ဘာလိုကုန်ဆုံးရမလဲလို့ စဉ်းစားကြည့်လိုက်သောအခါ လမ်းထိပ်က စတားဘာ့ခ်ကော်ဖီဆိုင်ကို ပြေးမြင်သည်။ အမြဲစည်ကား ဆူညံနေတတ်သော စတားဘာ့ခ်ကော်ဖီဆိုင်တွင် အေးအေးလူလူ စာထိုင်ဖတ်ဖို့၊ ကံကောင်းထောက်မ၍ လမ်းဘေးနားက ထိုင်ခုံ ရခဲ့လျှင် ဖြတ်သွားဖြတ်လာများကို ငေးကြည့်ရင်း အချိန်ဖြုန်းလို့ ရသော်လည်း ထိုင်ခုံရဖို့ဆိုသည်မှာ မသေချာပါ။ လမ်းတဖက်ခြမ်းကို ကြည့်လိုက်တော့ စိန့်ပေါလ်ဘုရားရှိခိုးကျောင်း တံခါးပိတ်ထားမလား ဖွင့်ထားမလား။ ဘုရားကျောင်းကန်ဆိုသည်မှာ အမြဲတံခါးဖွင့်ထားပေလိမ့်မည်ဟု ထင်ပါသည်။ လူတစ်ယောက်ဝင်သွားသည်ကို တွေ့လိုက်သည် ဒါဆို တံခါးဖွင့်ထားသည်နှင့်တူသည်။ တံခါးမဖွင့်ထားလျှင် လမ်းတပတ်လျှောက်မည် တံခါးဖွင့်ထားလျှင် ဘုရားကျောင်းကို ပတ်ကြည့်နေမည်။ တံခါးဖွင့်လိုက်သောအခါ ရောင်စုံမှန်ချပ်များဖြင့် ပုံဖော်ထားသောဘုရားရှိခိုးကျောင်း ပြတင်းပေါက်မှ ဖြာကျနေသော အလင်းတန်းကြောင့် ခန်းမတခုလုံး လင်းထိန်နေသည်။ မျက်နှာကြက်တွင် ချိတ်ဆွဲထားသော မီးဆိုင်းများက တင့်တယ်လှသည်။ အဝင်တံခါးမဘေး လက်ဝဲဘက်ခြမ်းတွင် အမှတ်တရပစ္စည်း အရောင်းဆိုင်ရှိသည်။ လက်ယာဖက်ခြမ်းတွင် ဆီမီးပူဇော်ဖို့ ဖရောင်းတိုင်ခွက်များရှိသည်။ ဝတ်ပြုသူများက ဆီမီးပူဇော်ထားသည်မို့ ဆီမီးခွက်တော်တော်များများ ထိန်လင်းနေသည်။

အလယ်ခေါင်တွင် ရေထည့်ထားသည့် မုခ်ခွက်ကြီးရှိပြီး ရေတံလျောက်မှတဆင့် အောက်ဖက်သို့ တသွင်သွင် စီးဆင်းနေသည်။ ဝတ်ပြုသူများထိုင်သည့် သစ်သားထိုင်ခုံတန်းလျား ဘေးတဖက်တချက်ရှိ ပန်းချီကားများ၊ ရုပ်တုများ၊ သူတော်စင်များရှေ့တွင် ဒူးထောက်ဝတ်ပြုဖို့ နေရာရှိသည်။ ရှေ့ဆုံးထိုင်ခုံတွင် ဝတ်ပြုသူများ ရှိသလို အလယ်အစွန်ဖက် အကျဆုံးထိုင်ခုံတွင် ဆံပင်ရှည်များ မျက်နှာကိုဖုံးကာ ထိုင်လျက်ဝတ်ပြုနေသည်လား၊ အိပ်ပျော်နေသည်လား ခွဲခြားမသိနိုင်သော မိန်းကလေးနှစ်ယောက်တွေ့သည်။ နောက်ဖက်အကျဆုံး ထိုင်ခုံတွင်ထိုင်ပြီး လက်နှစ်ဖက်ကိုယှက်ကာ မျက်စိမှိတ်လိုက်သည်။ ထိုအခါ စမ်းရေစီးသံကို ကြားရသည် စောစောက တွေ့ခဲ့သော ရေမုခ်ခွက်မှ ဖြစ်ပါလိမ့်မည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းကို ခံစားရသည်။ နှာသီးဝမှတဆင့် တိုးဝင်လာသောလေ၊ ထွက်ခွာသွားသောလေကို ခံစားမိသည်။ ခရစ်တော်ရှေ့ ဝိပသနာမှတ်နေသည့် ကိုယ့်အဖြစ်ကို ရယ်ချင်မိသွားသည်။ အိုး ဘယ်သူသိတာမှတ်လို့။ ဆိတ်ငြိမ်အေးခြမ်းခြင်းကြောင့် စိတ်ရောကိုယ်ပါ အနားရသောအခါ အိပ်ချင်လာသည်။ အိပ်ပျော်သွားလို့ မဖြစ်ပါဘူးလေ။ မျက်စိဖွင့်လိုက်ပြီး ဘေးဘီကိုကြည့်လိုက်သောအခါ ကိုယ့်လိုငြိမ်ငြိမ်သက်သက် ထိုင်နေသူ၊ လမ်းလျှောက်ကြည့်နေသူ အချို့ကို တွေ့ရသည်။ ကိုယ့်လို အချိန်ဖြုန်းချင်လို့ လာတာလား၊ ဆုတောင်းစရာရှိလို့ လာတာလား၊ ဘုရားကျောင်းကန် သွားဦးမှဟု တမင်သက်သက် အချိန်ပေးပြီး လာတာလား၊ လမ်းကြုံလို့ ဝင်လာတာလား၊ လမ်းမကြုံကြုံအောင် ဝင်လာတာလား။ ဘုရားကျောင်းကန်ဆိုသည်မှာ ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ လာရောက်လာသူမှန်သမျှကို ဆိတ်ငြိမ်အေးချမ်းခြင်း ခံစားရစေသည်။ နာရီကြည့်လိုက်တော့ ၉  နာရီတီးရန် ငါးမိနစ်အလို ဆေးခန်းသွားသင့်ပြီ။ ဘုရားကျောင်းတံခါးကို တွန်းဖွင့်လိုက်သောအခါ ၆၀ ဒီဂရီ ဖာရင်အိုက်အပူချိန်ကြောင့် အိုက်စပ်စပ်၊ တဝီဝီ မြည်နေသော ကားသံ၊ ပျားပန်းခပ်မျှ များပြားလှသော လူအုပ်ကြီးကို တွေ့လိုက်ရသောအခါ ပူလောင်ခြင်းကို ခံစားရသည်။ သြော် အပူတောထဲ ဝင်ရပြန်ဦးမည်။

စန်းထွန်း
မေ ၂၁၊ ၂၀၁၆။

2 comments:

Anonymous said...

မမအို်င်အိုရာ

San San Htun said...

Anonymous said...
သက်သာလားစန်းထွန်းလေး..
တဒင်္ဂအေးချမ်းလည်း အမြတ်ပါဘဲ။
မမအိုင်အိုရာ
May 21, 2016 at 7:47 PM