ဝိုင်တခွက် ...

Photo credit Google

ဘီယာကို ခါးသည်ဟုဆိုကာ မကြိုက်သော်ငြား ဝိုင်ကိုတော့ နှစ်သက်လေသည်။ ဒါဆို ဝိုင်က မခါးဘူးလားဟု မေးလျှင် ခါးသည် သို့သော် ဘီယာလောက်မခါး ဝိုင်၏ အခါးအရသာကို နှစ်သက်သည်ဟုဆိုလျှင် ဘီယာချစ်သူများက မျက်စောင်းထိုးကြလိမ့်မည်။ အဆင့်အတန်းမြင့်မြင့် စားသောက်ဆိုင်တွင် စားသောက်နေသည့် ဝတ်ကောင်းစားလှ ဝတ်ထားသည့် ချောမောလှပသည့် အမျိုးသမီးကို ရိုသေလေးစားသည့် အမူအယာဖြင့် ဝိတ်တာမှ ဝိုင်ဖြည့်ပေးလိုက်သောအခါ သွယ်လျပျော့ပျောင်းသည့် လက်ချောင်းကလေးများဖြင့် ဝိုင်ခွက်ကို ညင်သာစွာ မွေ့ယမ်းကာ  မော့သောက်လိုက်သည့်  ရုပ်ရှင်ထဲမှ ဇာတ်လိုက်မင်းသမီး၏ ဟန်ပန်ကို သဘောကျဖူးသည်။ ကိုယ်တို့ တကယ့်လက်တွေ့ ဝိုက်သောက်ပုံကတော့ ရုပ်ရှင်ထဲကနှင့် လားလားမျှမတူ။ ဝိုင်ကြိုက်သော သူငယ်ချင်း၊ ဘီယာကြိုက်သော သူငယ်ချင်း ချီးယားလိုက်ကြပြီး တကြိုက်တည်း မော့ကြခြင်းဖြစ်သည်။

ဝိုင်တခွက်လောက် သောက်ပြီးသည်နှင့် တရှိန်းရှိန်း ပူတက်လာကာ ရီဝေဝေ ဖြစ်လာသည်။ တခါတုန်းက အစာမရှိဘဲ ဝိုင်သောက်ပြီးသည်နှင့် ထိုးအန်သောကြောင့် ဝိုင်းပြုစုလိုက်ရသည်မှာ ရီဝေဝေ ဖြစ်တာလေးတွေတောင် ဘယ်နားရောက်ကုန်မှန်းမသိဟု သူငယ်ချင်းများက ဆိုသည်။ ထိုအဖြစ်အပျက် ဖြစ်ပြီးကတည်းက ကိုယ် ဝိုင်သောက်တော့မည်ဆိုလျှင် တခုခု အရင်စားခိုင်းတော့သည်။ နှစ်ခွက်လောက် သောက်ပြီးသည်နှင့် အိပ်ပျော်သွားတတ်သောကြောင့်  သူငယ်ချင်းများနှင့် မဟုတ်လျှင် ဝိုင်မသောက်ပါ။ ကုမ္ဗဏီနှစ်ပတ်လည် ညစာစားပွဲတွင် သောက်တတ်သော်လည်း ရထားပေါ်တွင် အိပ်ပျော်သွားမည်ကို စိုးရိမ်သောကြောင့် ဆက်သောက်ချင်သော်ငြား တခွက်လောက်နှင့် ကျေနပ်ရသည်။ နှစ်သစ်ကူးလို့၊ သူငယ်ချင်းတွေ ပြန်ဆုံကြလို့၊ မွေးနေ့ပွဲမို့လို့၊ အလုပ်ရလို့ စသည်ဖြင့် ရှာကြံဂုဏ်ပြု ကျင်းပကြသောပွဲများတွင်  ဘီယာဘူးချင်း၊ ဝိုင်ဖန်ခွက်ချင်းတိုက်ပြီး ချီးယားလုပ်ကြသော အချိန်များကို သတိရမိသည်။ ကိုယ် ဝိုင်မသောက်ဖြစ်သည်မှာ နှစ်အတော်ကြာပြီ။ တနေ့နေ့ တချိန်ချိန်မှာတော့ ဝိုင်တခွက် သောက်ခွင့်ကြုံမယ် ထင်ပါရဲ့။

စန်းထွန်း
မေ ၁၃၊ ၂၀၁၆။

3 comments:

Anonymous said...

မမအိုင်အိုရာ

Lorem Ipsum said...


San San Htun said...

Anonymous said...
ကိုယ်ကတော့ ဝိုင်သောက်ရင် မမူးဘူး။
နောက်နေ့မှ ခေါင်းကိုက်တာ။
ဘာမှမလုပ်ချင်အောင်ပဲ။
နာကျဉ်ခြင်းများကင်းစင်ပပျောက်ပါစေနော်။
မမအိုင်အိုရာ
May 14, 2016 at 10:16 PM
ဆုမြတ်မိုး said...
နယူးဇီလန် ဝိုင်နီတွေကောင်းတယ်အမရယ်..သောက်ကြည့်ကြည့်..
Fat bird merlot ဆိုတာလေးက ညီမအကြိုက်..သွေးလည်ပတ်မှုကောင်းအောင် stress relief ဖြစ်အောင် တခါတခါသောက်ဖြစ်တယ်..။ ဘာသောက်သောက် အစားတစ်ခုခုအရင်စားတာပိုကောင်းတယ် မဟုတ်ရင် အစာအိမ်ထိတယ်လေ ။
May 15, 2016 at 9:31 PM