မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၉

အမေရိကန်မှာ တစ်ကောင်ကြွက် ဖြစ်နေတဲ့ကိုယ့်ကို အဖေက အိမ်ထောင်ပြ ုစေချင်တယ်။ အဖေကသာ အိမ်ထောင်ပြုစေချင်တာ သမီးဖြစ်သူက ရည်းစားတောင်မရှိ။ သူများတွေများ နိုင်ငံခြားရောက်တာနဲ့ အထီးကျန်လို့ အမကျန်လို့နဲ့ အွန်လိုင်းကနေ ရည်းစားရ။ ကိုယ့်မှာတော့ ကျောင်းတက်တုန်းက မနက် ၁ နာရီထိ စာလုပ်ရလို့၊ အလုပ်လုပ်တော့လည်း အလုပ်တွေပိ၊ အပတ်စဉ် အဆိုင်းမန့်၊ တလခွဲတခါ စာမေးပွဲတွေပိ၊ မြန်မာသူငယ်ချင်းမရှိ၊ အွန်လိုင်းကနေလည်း မဒိတ်ချင်နဲ့အရွယ်တော်တစိတ်ဟိုင်းလို့ အပျိုကြီးစာရင်း ဝင်လာပြီ။ နယူးယောက်မြို့ နွေရာသီရုံးပိတ်ရက် မနက်စာစားပြီးတော့ သတင်းနားထောင်နေတဲ့  သမီးဖြစ်သူကို အဖေလုပ်သူက "လှလှပပ ပြင်ပြင်ဆင်ဆင်နေမှ ယောကျ်ားတွေက ကြိုက်မှာပေါ့"။ လှလှပပ ပြင်ပြင်ဆင်ဆင် နေတာပဲ ဘီဘီကရမ်လိမ်း၊ မျက်ခုံးမွှေးဆွဲ၊ နှုတ်ခမ်းနီဆိုး ဒီထက်အပြင် ဘာများအလှပြင်ရဦးမှာလဲ။ ရုံးမသွားခင် ဆိုးထားတဲ့ နှုတ်ခမ်းနီက မနက်မုန့်စားပြီးတာနဲ့ ပျက်ကုန်ရော။ အိုင်လိုင်နာဆိုးရင် မျက်ခွံမို့လို့ပေ မက်စ်ကာရာဆိုးရင် မျက်လုံးယားလို့။ စက်ဆီဖြစ်တောင် အတိုဝတ်ဖို့ကလည်း ကိုယ့်ခြေသလုံးတွေက ကရင်မခြေသလုံးလို တုတ်တုတ်ခဲခဲ။ ငယ်ငယ်တုန်းက မျောက်ရှုံးအောင်ဆော့၊ စက်ဘီးစီး၊ စကူတာစီးလို့ လဲကျတဲ့ဒဏ်ရာတွေ၊ ခြင်ကိုက်လို့ကုတ်တဲ့ ဒဏ်ရာတွေက ခြေသလုံးမှာ။ မောင်မောင်ကဆို စကပ်တို မဝတ်ပါနဲ့စန်းထွန်းရာတဲ့။ ခုလူးပက်စ်ဖြစ်တော့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ပဲ ဝတ်ရတော့တယ်။ သမီးလူးပက်စ်က ဒီလောက်ကိုက်ခဲနေတာ ဘယ်လိုလုပ် အိမ်ထောင်ပြုမှာတုန်း။ "ယောကျ်ားယူပြီး ကလေးမွေးလိုက်ရင် သွေးသားပြောင်းပြီး ပျောက်ချင်ပျောက်သွားမှာပေါ့" ။

ဒီရောဂါက ပျောက်သွားမဲ့ရောဂါမှ မဟုတ်တာ။ အိမ်ထောင်ပြုရင် ယောက်ျားကို ပြုစုရမှာ ခုတောင် ပင်ပန်းလို့ အများကြီး အနားယူရတာ သမီး ယောကျ်ားကို မပြုစုနိုင်ဘူး အဖေ။ "အိုး ... ယောကျ်ားက ပြုစုမှာပေါ့"။ ယောကျာ်းဆိုတာမျိုးက အိမ်ထောင်ကျရင် မိန်းမချက်‌ကျွှေးတာစားမယ်၊ မိန်းမဆင်ပေးတာ ဝတ်မယ်၊ မိန်းမပြုစုတာခံမယ်လို့ပဲ ကြားဖူးတယ်။ သမီးတသက် မိန်းမကို ပြုစုဖို့ အိမ်ထောင်ပြုတဲ့ယောကျ်ားလို့ မကြားဖူးဘူး။ ဒီရောဂါနဲ့ အိမ်ထောင်ပြုလို့ မဖြစ်ပါဘူး အဖေရာ။ လက်ထပ်ရမဲ့သူမရှိတော့ လူးပက်စ်ကို အကြောင်းပြပြီး ငြင်းနေတယ်။ အိမ်ထောင်ပြုချင်လာရင် အဖေ မတားနဲ့တော့ သိကြားမင်း ဆင်းတားတောင် မရတော့ဘူးလို့ ပြောနေမလားဘဲ။ ကိုယ့်မှာဖြစ်နေတဲ့ လူးပက်စ် Lupus ရောဂါဆိုတာ autoimmune disorder ကိုယ်ခံအားစနစ်က ဘတ်တီးရီးယားတွေ၊ မကောင်းတဲ့ဆဲလ်တွေ တိုက်ထုတ်ရမဲ့အစား ကောင်းတဲ့ဆဲလ်တွေကို ပြန်တိုက်တဲ့ရောဂါ။ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်တယ်လို့ ယူဆကြပေမဲ့ ဘာကြောင့်ဖြစ်မှန်း မသိသလို ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေးဝါး မရှိသေးဘူး။ ဆေးနဲ့ သက်သာအောင်ထိန်းပြီး သာမန်လူတွေလို အိမ်ထောင်သားမွေးပြု သက်တမ်းစေ့ နေသွားနိုင်တယ်။ အဆစ်အမြစ်တွေကိုက်၊ အရေပြားအကွက်ထ၊ မျက်နှာမှာ butterfly rash ထ၊ ကျောက်ကပ်၊ နှလုံးကို တိုက်ခိုက်တတ်တယ်။ အယ်မလေး အဖေက မိန်းမကိုပြုစုမဲ့ ယောကျာ်းတဲ့။ ဟဲ့
 ...  အမေ  နေမကောင်းရင် အဖေပြုစုတယ်လေ။ နေမကောင်းတဲ့အချိန်တော့ ပြုစုမှာပေါ့ တချိန်လုံးနေမကောင်းဖြစ်နေရင် ဘယ်ယောကျာ်းက ပြုစုမှာလဲ။

ဗောဓိရိပ်ငြိမ် ဆရာတော်၊ မှော်ဘီ ဝါးနက်ချောင်း
မနှစ်က နိုဝင်ဘာ ကိုယ့်မွေးနေ့အလှုလုပ်မယ် ဘာမှာလှုရင် ကောင်းမလဲ စဉ်းစားကြတယ်။ အရင်တုန်းကတော့ မှော်ဘီဝါးနက်ချောင်းက ဗောဓိရိပ်ငြိမ်ဆရာတော်ကို လှုနေကြ။ ဆရာတော့်မှာ သူဋ္ဌေးဒါကာ၊ ဒကာမတွေ အများကြီး တကယ်လိုအပ်တဲ့နေရာမှာ လှုမယ်လို့ စိတ်ကူးထားတယ်။ ကန်ဒီ့ဘလော့မှာ ဖတ်လိုက်ရတယ် မျက်မမြင်ကျောင်းမှာ မနက်စာလှုမဲ့အကြောင်း။ ခဝဲခြံနဲ့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း ဘယ်ကျောင်းကို လှုရင်ကောင်းမလဲ ဝိုင်းစဉ်းစားပေးကြပါဦး။ နောက်နေ့ကျတော့ အဖေက သမီးရေ အဖေ့မှာ အိုင်ဒီယာတစ်ခုရှိတယ် မျက်မမြင်ကျောင်းကို လှုမဲ့အစား အဖေ့ဘုရားကို လှုပါလား။ အဖေ့ဘုရားကို ခေါင်းလောင်းလှုဖို့ရှိတယ် သမီးတို့နာမည်တွေလည်း ပါတာပေါ့။ အွမ် ... သမီးက အဖေ့ဘုရားကို မလှုချင်သေးဘူး တကယ်လိုအပ်တဲ့ နေရာတွေကို လှုချင်တာ။ အဖေ့ဘုရားကနောက် မျက်မမြင်ကျောင်းကို အရင်လှုလိုက်ဦးမယ် အဖေ ခေါင်းလောင်းလှုတဲ့အခါလည်း သမီးအလှုငွေ ထည့်ပါ့မယ်။ အယ်မလေး မကြီးရေ အဖေကလေ စကားဆယ်ခွန်းမှာ အဖေ့ဘုရား အဖေ့ဘုရားဆိုတာက ၃ ခွန်းလောက်ပါတယ် သူ့ဘုရားကို သိပ်စွဲနေတာပဲ။ အဲဒါ အဖေတင်မဟုတ်ဘူးအေ့ အသိသူဋ္ဌေးတစ်ယောက်ဆိုရင်လည်း သူ့ဇာတိမြို့မှ သူဇာတိမြို့။ သေရင်တောင် သူ့ဇာတိမြို့မှာ မြှပ်ပါတဲ့။ သူ့မိန်းမကတော့ ရှင်းတယ် ဘယ်နေရာမှာမြှပ်မြှပ်။ ကြည့်ရတာ ယောကျာ်းတွေကများ အတ္တပိုကြီးသလား မသိဘူးနော်။

၂၀၁၀ လောက်က အဖေ့ဇာတိရွာမှာ ဘုရားပြိုပျက်ကိုပြင်ဖို့ အမျိုးတွေထဲမှာ အလှုရှင်ရှာတော့ အဖေက လှုမယ်တဲ့။ အဲဒီဘုရားအတွက် လိုအပ်တာတွေ ဝယ်ပို့ ဘုရားထီးတင်ပွဲလုပ်တော့မှ အဖေလည်း ဇာတိရွာကို တစ်ခေါက်ပြန်ရောက်တော့တယ်။ ကိုယ့်ကိုမွေးပြီး ဗမာပြည်တက်လာကတည်းက ရခိုင်ပြည်ကို မပြန်တော့တာ  ကိုယ့်တသက်ပဲဆိုပါတော့။ ဆရာမကြီးဒေါ်ခင်နှင်းယုဝထ္ထုထဲမှာ ဖတ်လိုက်ရတယ် အဘွားကြီးက သေခါနီးဆဲဆဲ လက်ကိုပဲ ဝိုင်းပြနေတော့ ညီမဖြစ်သူက သူ့အစ်မတော့ တခုခုကို စွဲနေတာနေမှာ။ ဂျာမန်ဆေးလား၊ ဘာလား အသက်ကယ်ဆေးလိုဟာမျိုးထိုးပြီး မေးကြည့်တော့ စိန်ထုပ်တဲ့။ သူ့စိန်ထုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာများ မနည်းဖြည်ရတယ်။ စိန်ထုပ်ကို ထုခွဲရောင်းချပြီး ဘယ်တွေမှာ လှုလိုက်ပါလို့ မမှာသွားဘူး။ အဖေလည်း သူ့ဘုရားကို စွဲနေရင် ဒုက္ခပါပဲ တရားထိုင်ဖို့၊ တရားစခန်းဝင်ဖို့ ပြောရဦးမယ်။ မျက်မမြင်ကျောင်းတွေက ဘယ်မှာမှန်းမသိ။ ကန်ဒီဘလော့မှာ တင်ထားတဲ့ ခဝဲခြံမျက်မမြင်ကျောင်း ဖုန်းနံပါတ်ကို အဖေ့ကိုပေး ဆက်ခိုင်းတော့ ဖုန်းတခုပဲ ဆက်လို့ရတယ် ဒါပေမဲ့ မကိုင်ဘူး။ အွန်လိုင်းကနေ ကျောင်းလိပ်စာ၊ ဖုန်းနံပါတ်ရှာပြီး ပေးလိုက်တယ်။ သမီးရေ ခဝဲခြံမျက်မမြင်ကျောင်းကို ရောက်ခဲ့ပြီ ဇန်နဝါရီ ၁ ရက်နေ့မှာ ဆရာတွေနဲ့ ကျောင်းသားတွေကို နေ့လည်စာ ကြက်သားဟင်းနဲ့‌ကျွှေးမယ်။ ဟင် အဖေဘယ်လိုများ မျက်မမြင်ကျောင်းကို ရှာတွေ့သွားတာလဲ။ ခဝဲခြံကိုသွားပြီး မျက်မမြင်ကျောင်း ဘယ်မှလဲလို့ မေးလိုက်တာ သိတဲ့လူက ညွှန်လိုက်တော့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတာပေါ့။ သြော် ကောင်းလိုက်တာ ဂူဂယ်မတ်နဲ့ ရှာစရာမလိုဘူး။

ခဝဲခြံ မျက်မမြင်ကျောင်း
ကလေးတွေက နေ့လည်စာမစားခင် အလှုရှင်တွေကို ဆုတောင်းမေတ္တာပို့တဲ့ ဓမ္မတေးသံကို ကြားရတော့ အဖေက မျက်ရည်ကျတယ်တဲ့။ မျက်မမြင်တွေ စက်ဘီးစီးနေတာကို အမေက အံ့သြလို့။ စားပြီးရင် လက်လေးတွေတွဲပြီး ကျောင်းဆောင်ဆီကို သွားကြတယ်။ စားကောင်းလားလို့မေးတော့ ဒီနေ့ပိုစားကောင်းတယ်တဲ့။ တကယ်လှုသင့်တဲ့နေရာပဲ သမီးရေ မကြီးတို့ကိုလည်း လှုခိုင်းမယ်။ အဖေ အဖေ့ခေါင်းလောင်း လှုတာထက် ပိုသဒ္ဓါမြောက်တယ်မလား။ အရင်တုန်းကဆို အမေက မျက်ရည်လွယ်တယ်။ သူ့ရွာကလူတွေရောက်လာရင် ခဏလေး တချက်လောက်တော့ ငိုတယ်။  JFK လေဆိပ်မှာ ကိုယ့်ကိုတွေ့တော့ အဖေက မျက်ရည်ကျတယ်။ ကိုယ်လူးပက်စ် Active ဖြစ်နေလို့ လည်ချောင်းတွေနာ၊ မစားနိုင်တာကို အဖေက မျက်ရည်ကျတယ်။ နာကျင်ကိုက်ခဲနေလို့ လမ်းကောင်းကောင်း မလျှောက်နိုင်၊ အထိုင်အထ ခက်တာကိုတွေ့တော့ အဖေက မျက်ရည်ကျတယ်။ အသက်ကြီးလာတော့မှ အဖေက မျက်ရည်လွယ်နေသလားမသိ။ မတ်လ ၁ ရက်နေ့က ကိုယ့်တူတော်မောင် ၁ နှစ်ပြည့်တယ်။ မကြီး မြန်မာပြည်ပြန်တာနဲ့ကြံကြုံလို့ မွေးနေ့လက်ဆောင်တွေ ထည့်ပေးလိုက်တယ်။ ကြီးဒေါ်ကြီးက သူ့တူကို ချစ်လိုက်တာ ဖုန်းသန့်ခေါင်လေးရေ အားဝါးပေး ဟိုကလေးကလည်း ဟိုဖက်ဒီဖက် အာဝါးပေး။ အဲဒါကို ကြီးဒေါ်ငယ်က ဟဲ့ ကလေးက အားဝါးမပေးချင်တာကို အတင်းမပေးခိုင်နဲ့။

ခွေးခေါ်ဖို့ လက်ဖျောက်တီးတတ်တယ် သီချင်းကို တဝါးဝါး အော်ဆိုတတ်တယ် မတ်တပ်ရင်ချင်နေချင်ပြီ။ မိန်းကလေးလားလို့ မေးကြတယ် ဖိုးပြုံးချိုလေးရေ အမြဲပြုံးနေတာပဲ။ အဲဒါ ပြုံးတာမှမဟုတ်တာ သူ့ပါးစပ်က ပြုံးတဲ့ပုံလေး ဖြစ်နေတာ။ ချစ်စရာလေးဟဲ့ အေး ခုတော့ ချစ်စရာလေး နောက်ဆို ခြစ်စရာကြီး ကြီးလေချဉ်လေ သံပုရာသီးမျိုး ဖြစ်လာတော့မှာ။ ကြီးဒေါ်ကြီး (မကြီး) ပြောသမျှကို ကြီးဒေါ်ငယ် (ကိုယ်) က ဂွတိုက်နေတာများ အဖေ့အဖေ ကိုယ်တို့အဘိုး လူ့ဂွစာကြီးနဲ့ တူလိုက်တာ။ လွန်ခဲ့တဲ့ ၄ လလောက်က အမေ့ညီမ အငယ်ဆုံး ချေချေမဟန် (ရခိုင်လို ချေချေဆိုတာ အဒေါ်လို့ခေါ်တာ) ဆေးရုံတက်ရတယ်။ အမေ့ညီအငယ် ချေချေကြီးတို့ အိမ်နားက ဆေးခန်းမှာ ပြနေတာ မသက်သာလို့ ရန်ကုန်ဆေးရုံကြီး တက်တယ်။ လည်ချောင်းကင်ဆာတဲ့ အဲဒါဆိုရှိတဲ့ရွှေတွေရောင်းပြီး ဘန်ကောက်က ဘာမင်ဂရပ်ဆေးရုံမှာ သွားကုမလား စဉ်းစားကြတယ်။ နေပါဦး ဆေးစစ်ချက်အဖြေ ကြည့်ပါဦး ခွဲစိတ်ကုသလို့ရရင် ဘယ်လောက်ကုန်မှာပဲ ခွဲစိတ်ကုသလို့မရဘူးဆိုင်ရင် ဘယ်လောက်ခံမှာလဲ စောင့်ကြည့်ပါဦး။ ကင်ဆာဆိုတာမျိုးက နှစ်စဉ်ဆေးစစ်ချက်မှာ ရှာတွေ့လို့ စောစောစီးစီး ကုသရင် အသက်ရှင်တယ်။ များသောအားဖြင့်ကတော့ ရောဂါကျွှမ်းမှ သိကြတာကိုး။

ကိုယ့်တူတော်မောင်
ခွဲစိတ်ဖို့ အားနည်းနေလို့ အိမ်ကို ၂ ပတ်နားခိုင်းလိုက်တယ်။ နာကျင်လွန်းလို့နဲ့ တူပါရဲ့ ခေါင်းကိုမလှုပ်နဲ့ဆိုတာကို ခေါင်းကိုတအားလှုပ်တယ်။ ချေချေမဟန်က ပြန်မပြောနားမထောင် အတော်ဆိုးတယ်။ အသုံးအစွဲကလည်း ကြီးပါဘိ ဘယ်တော့မှ မလောက်ဘူး။ ပိုက်ဆံလာတောင်းတော့ အဖေက ဟိုတပတ်ကပဲ ထုတ်ပေးထားသေးတယ် ကုန်ပြီလားလို့ မေးတာကို ကက်ကက်လန်အောင် ရန်တွေ့တယ်လေ။ နင်နေတဲ့အိမ်ကို ငါ ဆောက်ပေးတာဆိုတော့ အဲဒီအိမ်က မီးလောင်သွားပြီး ငါ့ယောက်ျားက ငါ့သဘော။ အဖေ့ကို ပြန်ပြောလို့ အမေကပါ စိတ်ဆိုးပြီး အဆက်အစပ် မလုပ်တော့တာ။ အမေ့အမေ အဘွားဆုံးတော့ အဘိုးက နောက်မိန်းမယူတယ်။ အမေ့အသက် ၁၉  နှစ် အိမ်ထောင်ပြုတော့ ချေချေကြီးက ၁၅ နှစ်လောက်၊ အမေ့မောင် မင်းချေ (ရခိုင်လို ဦးလေးကို ဘေးချေလို့ ခေါ်ရမှာ သူ့ညီမဖြစ်သူတွေက မောင်းချေ အစ်ကိုလို့ခေါ်တာကို ကိုယ်တွေက လိုက်ခေါ်ရင်း မင်းချေ ဖြစ်သွားတယ်) က ၁၂ နှစ်လောက်၊ ချေချေမဟန်က ၈ နှစ်သမီးလောက်။ အဖေက မိန်းမတစ်ယောက်ယူတာ ကလေး ၃ ယောက် ပါလာတယ်လို့ ပြောဖူးတယ်။ ချေချေတို့တွေ နားပေါက်ဟောင်းလောင်း ဖြစ်နေလို့ အဖေကပဲ နားကပ်ဝယ်ဆင်ပေးခဲ့ရတာတဲ့။ အဖေက သူတို့အတွက် အကိုကြီး အဖရာပါပဲ။ ၂ ပတ်အိမ်မှာနားပြီး ဆေးရုံပြန်တက်တော့ ခွဲလို့မရတော့ဘူး ကင်ဆာက ဦးနှောက်အထိ ပြန့်နေပြီတဲ့။ ပုသိမ်အထိ အောက်ဆီဂျင်ပါတဲ့ လူနာတင်ယာဉ်လိုမျိုးငှား၊ ပုသိမ်ကနေ ဟိုင်းကြီးအထိ ပဲ့ထောင်ငှားပြီးသယ်။ အိမ်ရောက်ပြီး ၁ ပတ်လောက်အကြာမှာ ဆုံးတယ်။

ကယောင်ကတမ်းပြော သေခါနီးကျတော့ ဝေဒနာတအားမခံစားရဘဲ အသက်ထွက်သွားတယ်တဲ့။ တရားခွေတွေ ဖွင့်ပေးထားဖို့ မှာရသေးတယ်။ ချေချေမဟန်ဆုံးတယ်ဆိုတော့ မကြီးက မျက်ရည်ဝဲမိတယ်တဲ့။ ကိုယ်ကတော့ မတွေ့တာလည်း ၁၀ နှစ်လောက်ရှိပြီ အရင်ကတည်းကလည်း ချစ်တဲ့အဒေါ်မဟုတ်တော့ ဘာမှမခံစားမိဘူး။ မိခင်မဲ့သွားတဲ့ ညီမဝမ်းကွဲနှစ်ယောက်ကိုတော့ သနားမိတယ်။ ချေချေမဟန်သာ အမေရိကန်မှာဆိုရင် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ နောက်ဆုံးပေါ် ကင်ဆာကုထုံးတွေနဲ့ဆိုတော့ ခုလို အသက် ၄၇ နှစ်လောက်နဲ့ သေမယ်မထင်ဘူး။ အကြီးမက သူ့အမေလို ပြန်မပြောနားမထောင် လူ့ကိုကြည့်ရင် ခေါင်းစောင်းပြီး ကြည့်တတ်တယ်။ ဖုန်းကဂိမ်းကို ဆော့နေတာ ခေါ်မကြားအော်မကြား ဖြစ်နေလို့သူ့အမေက တုတ်နဲ့ပေါက်တာခံရတဲ့သူ။ အငယ်မ လူလည် ကိုယ်နောက်ဖေးမှာ အရွက်သင်နေတုန်း ထမင်းအိုးဆူရင် မမရေ ထမင်းအိုးဆူနေပြီလို့ လာအသိပေးတယ်။ အကြီးမက ထမင်းအိုးဆူတာကို ငုတ်တုတ်ထိုင်ကြည့်နေတယ်။ စကားလည်းတတ်တော့ အငယ်ကို ပိုချစ်တတ်တယ်။ သူ စိတ်ကောင်းဝင်ရင် အဖေ့ကို တက်နင်းပေးပေမဲ့ တခါတလေ သမီးအဖေမှ မဟုတ်တာ ဘာလို့နင်းပေးရမလဲလို့ ဂျစ်တိုက်သေးတယ်။ ချေချေမဟန်က အမေ့ညီမအငယ်ဆုံး၊ သူ့အမျိုးသားက အဖေ့ညီတဝမ်းကွဲဆိုတော့ အဲဒီကလေးတွေက ကိုယ်တို့နဲ့ အမျိုးတအားတော်တယ် ဆိုပါတော့။ အမေတို့မောင်နှမငါးယောက်ထဲမှာ ချေချေမဟန်က အရပ်အရှည်ဆုံး၊ ပြန်မပြော နားမထောင်၊ ခေါင်းအမာဆုံး။



ရန်ကုန်မှာ ချေချေကြီးနဲ့နေပြီး စက်ချုပ်သင်နေတာ နောက်တော့ ဘာဖြစ်လို့လဲမသိ ဟိုင်းကြီးကိုလိုက်ဖို့ ဖြစ်သွားတယ်။ အဲဒီတုန်းက ရွှေတိဂုံဘုရားမှာ ရိုက်ထားတဲ့ဓာတ်ပုံကို ကိုယ်မှတ်မိနေသေးတယ် အဖေ၊ မကြီး၊ ကိုယ်၊ ချေချေမဟန်၊ အဖေ့ညီတဝမ်းကွဲ။ ကိုယ်တို့ထိုင်စောင့်နေပေမဲ့ ချေချေမဟန်ကတော့ ပေါ်မလာခဲ့ဘူး။ ဟိုင်းကြီးကို မလိုက်ချင်လည်း ပွင့်ပွင့်လင်းလင်းပြောပေါ့ ခုတော့ လူကြီးတွေကို ထိုင်စောင့်ခိုင်းတယ်။ ဟိုင်းကြီးရောက်တော့ အဖေ့ညီတဝမ်းကွဲနဲ့ အိမ်ထောင်ကျ။ ချေချေမဟန်က ယောကျာ်းရ အတော်ကံကောင်းတယ် ဘေးချေက ဘာမှမပြောဘူး ကလေးတွေကိုလည်း အကုန်လုပ်ပေးတယ်။ ဝက်သားထုတ်ထိုးကို ငါးထောင်ဖိုး ထိုင်စားတယ်။ သူများခေါင်းဆောင်မိန်းမတွေဆို သူတို့သားသမီးကို မြို့ကဘယ်ကျောင်းမှာ ထားမယ်၊ ဘယ်ကျူရှင်မှာထားမယ် အပြိုင်အဆိုင်။ ချေချေမဟန်က အကြီးမ ဆယ်တန်းကျလို့ကတော့ နောက်နှစ်ထပ်မထားဘူး ထုတ်ပစ်မယ်တဲ့ ပညာရေးကို အားပေးပုံများ။ ရပ်ကွက်ထဲမှာလည်း ဘယ်သူနဲ့မှ အဆင်မပြေ ကတောက်ကဆ ဖြစ်ထားတဲ့သူချည်း။ သာရေးနာရေး သွားတယ်လို့လည်းမရှိ။ ကလေးတွေကိုလည်း ပြောလို့မရရင် ဆော်ပလော်တီးတယ်။ ကလေးတွေက အဖေကိုပဲ ကပ်တယ်။ ရန်ကုန်ကိုလာတုန်းက အကြီးမက နှစ်နှစ်သမီး မနက်မိုးလင်းရင် အိပ်ယာမှာ သေးပေါက်လို့ ကလေးကိုရိုက်တယ်။ အဲဒါကလေးကို အမေဖြစ်သူက ကျင့်ပေးရာမှာ တရေးနိုးရင် ကလေးကိုသေးတည် ငါ့ကလေးတွေဆိုရင် နှစ်နှစ်လောက်ဆို အိပ်ယာပေါ်မှာ သေးပေါက်တာ မရှိတော့ဘူးလို့ အမေကပြောတယ်။ သေပြီးသွားသူရဲ့ ကောင်းကြောင်းကိုပဲ ပြောရမှာ ကိုယ်တို့ကတော့ပြောင်းပြန်။

ချေချေဆုံးပြီး အိမ်ကိုသွားရှင်းတော့ အမေ အတော်စိတ်မချမ်းမသာ ဖြစ်သွားတယ်။ ဒန်အိုးတွေဆိုတာလည်း အပေါက်တွေချည်းပဲ တခုမှအကောင်းမရှိဘူး။ ခွက်တွေကလည်း တရုတ်ထုတ် ဈေးပေါတဲ့ဟာတွေ၊ ကြောင်အီးအတွက် လုပ်ထားတာလည်း အကျယ်ကြီး၊ ခေါင်းအုံး၊ စောင်၊ ဖျာ အပိုမရှိ။ ခေါင်းဆောင်မိန်းမဆိုတော့ လစာကလည်း မနည်းပါဘူး။ အမေနဲ့ ချေချေကြီးက သိပ်စစ်စီတာ အပိုကုန်မှာကို နှမျောလို့။ ဒီလိုအစ်မတွေနဲ့နေပြီး အကျင့်ကောင်းတွေ သင်ယူခဲ့ပုံမရဘူး။ ရန်ကုန်တက်လာတော့ စမ်းချောင်းက မင်းချေတို့အိမ်မှာ တည်းတယ်။ နောက်တော့ ယောက်မဖြစ်သူက သိပ်မကြည်ချင်တော့ ကိုယ့်တို့အိမ်ရောက်လာတယ်။ စမ်းချောင်းအိမ်မှာတည်းတော့ ရွှေထုပ်ကို မင်းချေဆီမှာ အပ်ထားတယ်။ အခြေအနေမကောင်းတော့ဘူး ဟိုင်းကြီးကိုသယ်မှ အဖေ့ကို ရွှေထုပ်အပ်တယ်။ ဟိုင်းကြီးရောက်လို့ ရွှေထုပ်ကိုဖွင့်တော့ အဖေက သိပ်မသင်္ကာဘူး ဆွဲကြိုး၁ကုံးက ယိုးဒယားရွှေများလားပေါ့။ ဟိုဖက်ကမ်းကျောက်ချောင်းက ရွှေဆိုင်မှာ စစ်တော့ ယိုးဒယားရွှေတဲ့။ မင်းချေတို့ကများ လဲထားသလား အမေကတော့ မဖြစ်နိုင်ဘူး မင်းချေတို့က သူဋ္ဌေးတွေ လုပ်မှာမဟုတ်ဘူး  ချေချေလဲထားမှာနေမှာ။ ချေချေသူငယ်ချင်းက ချေချေ ယိုးဒယားရွှေ ဝယ်တယ်လို့ကြားတယ်။ ဗီရိုမှာညှပ်ထားတဲ့ ဘောက်ချာတစ်ခုတွေ့တယ် ရွှေပေါင်ထားတာ။ ချေချေ ချဲထိုးတယ်လို့လည်း မကြားမိဘူး အိမ်မှာလည်း အိမ်ထောင်ပရိဘောကအသစ်၊ ကလေးတွေမှာလည်း အင်္ကီျကောင်းကောင်း ဝယ်ဝတ်တာလည်း မတွေ့ဘူး။


အမေက ကလေးတွေဆီမှာ တော်ကြာ နားကပ်အသစ်တစ်မျိုး၊ တော်ကြာ နောက်တစ်မျိုး တွေ့ပြန်ပြီ။ နားကပ်ကို ပြင်တော့ လျော့တွက်ကလည်းဆုံး အသုံးအစွဲမတတ်တာ။ ဘေးချေက ငါမသိ ငါမသိဆိုပြီး မျက်နှာကို လက်နဲ့ကာထားလေရဲ့။ သူ့မိန်းမလုပ်သွားတာကို ရှက်မှာပေါ့လေ။ အဖေ အမြဲနောက်နေတဲ့ ပုံပြင်လေးရှိတယ်  သေခါနီးတော့ အဘွားကြီးက ရွှေထုပ်ပိုက်ထားတယ်။ တူ၊ တူမ၊ မြေးတွေက ရွှေထုပ်လိုချင်တော့ ပြ ုစုကြတာပေါ့။ အဘွားကြီ သေပြီးတော့ ရွှေထုပ်ကို ဖွင့်လိုက်တဲ့အခါ တကယ့်ရွှေအစစ် မဟုတ်တော့ တူ၊ တူမတွေ ပက်လက်လန်ကြကုန်တယ်။ အခုလည်း ချေချေလုပ်ပုံကြောင့် အားလုံးပက်လက် လန်ကြတယ်။ အမေက သူ့ညီမလို့ ပြောရမှာကို ရှက်လို့တဲ့။ အဲဒါကို သမီးအလိမ္မာတုံးလေးက ဘလော့ကနေ ကြေငြာမောင်းခတ်နေလေရဲ့။

စန်းထွန်း
မတ် ၂၆၊ ၂၀၁၆။

ရေးခဲ့ပြီးတာတွေက
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၁
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၂
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၃
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၄
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၅
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၆
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၇
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၈

Living with Lupus - 3

ညဖက် ထမင်းစားပြီးရင် ညာဖက်ရင်အောက်ဖက်က အောင့်လာတတ်တယ်။ ခဏကြာရင် ပျောက်သွားတယ်။ ဆရာဝန်ကိုပြောတော့ muscle cramps ကြွက်သားတွေ ညှစ်မိတာ နေမှာပါတဲ့။ ကိုယ့်မွေးစားအစ်မ သမီးအငယ်ကို မေးကြည့်တော့ သူမခံစားဖူးဘူး muscle cramps များလားတဲ့။ ဒီလိုနဲ့ ညာဖက်ကို စောင်းအိပ်လို့မရ၊ ဘယ်ဖက်ကို စောင်းအိပ်လို့မရ၊ တည့်တည့်အိပ်မှပဲ အိပ်လို့ရတော့တယ်။ ထိုင်နေရင်၊ မက်တပ်ရပ်နေရင်၊ တည့်တည့်အိပ်ရင် အကောင်း။ ကိုယ်ကလည်း အိပ်ရင် ဘယ်တော့မှ တည့်တည့်ငြိမ်ငြိမ်လေး မအိပ်ဘူး။ ညာဖက်စောင်း၊ ဘယ်ဖက်စောင်း၊ တခါတလေ ကြမ်းပြင်မှာ ဆင်းအိပ်သေးတယ်။ တရေးနိုးတော့ ကျောနာတယ်ဆိုပြီး ကုတင်ပေါ်ကို တက်အိပ်တယ်။ ကြသပတေးနေ့ကတည်းက အောင့်နေတာ။ သောကြာနေ့က ရာသီဥတုကလည်းအေး အထဲကလည်းအောင့်တော့ အိပ်လို့မရ။ ရုံးကလူတွေ တရုတ်နှစ်သစ်ကူး ဂျပန်ဆိုင်မှာ သွားစားကြတာ မလိုက်နိုင်တော့ဘူး။ Bento box ပဲ မှာလိုက်တော့တယ်။ စနေနေ့ လူးပက်ဆရာဝန် သွားပြတော့ နေလို့မကောင်းဘူး အောင့်တယ်လို့ပြောတော့ ကျောကုန်း၊ ရင်ဘတ်တွေကို နားကြပ်ကြီးနဲ့ သေသေချာချာ နားထောင်တယ်။ ထုံးစံအတိုင်း muscle cramps နေမှာပါတဲ့။ သွေးဖောက်၊ အရင် ၆ လုံး သောက်နေတဲ့ဆေးကို ၈ လုံး တိုးသောက်ခိုင်းတယ်။ ၁ လခွဲနေရင် ပြန်လာခဲ့တဲ့။

ဒေါက်တာချန်ဆီက ပြန်လာပြီးကတည်းက အိပ်ယာထဲ လဲတော့တာပဲ။ အထဲကအောင့်လို့ အိပ်လို့မရတာ ၃ ရက်တောင် ရှိနေပြီဆိုတော့ လူက နေလို့ထိုင်လို့မကောင်း။ မနက် ၃ နာရီလောက်မှာ ခေါင်းထိုးကိုက်လို့ နိုးလာပြီးအန်၊ ရေသောက်၊ ထိုင်လျက်အိပ်။ အစားသောက်ပျက်၊ စားစရာလည်း မရှိတော့ အိမ်ရှင့် နွားနို့၊ ပေါင်မုန့်တွေယူစား၊ နာလို့ငိုနဲ့ အတော်ခံလိုက်ရတယ်။ ခွင့် ၄ ရက်ယူနား၊ ကိုယ့်အစ်မသူငယ်ချင်းရဲ့ သူငယ်ချင်း၊ မွေးစားအစ်မတွေက အစားအစာတွေလာပေး။ ဒေါက်တာထွန်းလင်းဆီ သွားပြတော့ တစ်နှစ်တောင်ရှိပြီဆိုတော့ ဆေးမှတ်တမ်းတွေ ပြန်ဖတ်။ ပေါင်ချိန်ကြည့်တော့ ၉၆ ပေါင်၊ မနှစ်တုန်းက ၁၁၆ ပေါင်ဆိုတော့ ပေါင် ၂၀ တောင် ကျသွားတယ်။ ဒေါက်တာက ညည်းတော်တော်ပိန်သွားတာပဲတဲ့။ ပလပ်ကွင်းဆေးကိုသောက်ရင် တော်တော်များများ ဝလာကြတယ် ညည်းကျတော့ ပြောင်းပြန်။ ဟေမိုကလိုဘင်တွေ တက်လာပေမဲ့ သွေးအားက ဘာလို့နည်းနေပါလိမ့်။ ဧရာဝတီတိုင်းမှာ ဆန်တွေရှိနေပေမဲ့ ရှမ်းပြည်နယ်ကို မရောက်နိုင်သေးသလို သွေးအားက ပုံမှန်ပေမဲ့ ကြွက်သားတွေဆီ မရောက်ဘူး ဖြစ်နေတယ်။ အထဲက ဘယ်နေရာကမှန်းမသိ အောင့်တာကတော့ အထဲမှာ ယောင်ယမ်းနေတာဖြစ်တယ်။ အင်ဒိုမက်ဒီကေးဆေးကို တနေ့ ၃ ကြိမ် ၁၀ ရက် သောက်ခိုင်းတယ် သွေးဖောက်တယ်။ ညည်းကို လူးပက်စ်ဒေါက်တာက ကိုလက်စထရော စစ်လား။ မစစ်ဘူး လူကဒီလောက်ပိန်နေတာ ကိုလက်စထရော ဘယ်ရှိပါ့မလဲ။

ပိန်တာနဲ့မဆိုင်ဘူး။ ဒေါက်တာချန်က တော်တယ်နော် တော်ပါတယ် ဆေးပေးနည်းတာကလွဲရင်။ ဘာမှမစားမသောက်ဘဲ သွေးဖောက်ချင်တယ် တရက်လောက် သွေးလာဖောက်ပါလား။ ဒေါက်တာချန်က ဖုန်းဆက်လာတယ် ကိုယ့်သွေးထဲမှာ ဆားဓာတ်နည်းနေလို့ ဆားငန်တဲ့အစားအစာတွေ စားပေးပါတဲ့။ တလခွဲချိန်းထားတာကို နှစ်ပတ်ကြာရင် ပြန်လာတွေ့ဖို့ ချိန်းတယ်။ သွေးဖောက်ဖို့ စနေနေ့မနက် ၈ နာရီ ဆေးခန်းရောက်တော့ ကိုယ့်ရှေ့မှာ ၈ ယောက်လောက် တန်းစီနေတယ်။ ဒေါက်တာလင်းဆီမှာ သွေးဖောက်ပြီး ဒေါက်တာချန်ဆီရောက်တော့ သွေးဖောက်မလို့တဲ့။ မနက်ကပဲ ဖောက်ပြီးပြီ နောက်ထပ်ဖောက်လို့မရတော့ဘူးလို့ပြောလိုက်တော့ မဖောက်တော့ဘူး။ သူ့ပြောတဲ့ ဆေးအသစ်အကြောင်း ဖတ်ပြီးပြီလား။ ဖတ်ပြီးပြီ ဆိုးကျိုးတွေ အများကြီးပဲ မသောက်ချင်ဘူး။ ဒီလိုပါပဲ ရီပို့တွေကတော့ ဆိုးတာတွေပြောတာပေါ့။ သူ့လူနာတွေ သောက်ပြီးပြီ သက်သာလာတယ်။ side effect က infusion ဖြစ်မှာပဲ စိုးရိမ်ရတယ်။ တခုပဲ ဈေးကြီးလို့ အာမခံက ကာဗာမဖြစ်မှာဘဲ စိုးတယ်။ ဘယ်လောက်တောင် ဈေးကြီးလို့လဲ တနှစ်လုံးစာ ဒေါ်လာနှစ်သောင်း ဘုရားရေ။ ဆေးအသစ်သောက်ဖို့ စဉ်းစားသင့်တယ်။ ကိုယ့်အစ်မသူငယ်ချင်းကတော့ ဆေးအသစ်ကို မသောက်စေချင်ဘူး။ ကိုယ်လည်း နေမကောင်းဖြစ်တော့မှ တစ်ယောက်တည်း နေလို့မဖြစ်ဘူး။ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ နီးနီးနားနား နေမှဖြစ်တော့မယ်ဆိုပြီး အိမ်ရှာတာ ကိုယ့်အစ်မသူငယ်ချင်း၊ မွေးစားအစ်မတို့ရဲ့ တိုက်က မြန်မာအိမ်မှာ အခန်းရတယ်။

ဂျပန်အိမ်ကို နို့တစ်ပေးပြီး ပြောင်းဖို့ပစ္စည်းတွေ သိမ်းဆည်းတော့မှ ပစ္စည်းတွေ မရှိဘူးမရှိဘူးနဲ့ ထွက်လာလိုက်တာ။ လက်ကေ့အိတ် ၂ အိတ်၊ အိတ်ကြီး ၅ အိတ်။ ဒါတောင် ကိုယ့်မှာ မွေ့ယာ၊ မိုက်ခရိုဝေ့စ်၊ ဖုန်စုပ်စက်တွေ မရှိဘူး။ မီးဖိုချောင်သုံးပစ္စည်းဆိုလို့ ထမင်းပေါင်းအိုး သေးသေးလေးရယ်၊ အိုးတစ်လုံး၊ ထမင်းဘူးထည့်တဲ့ ဖန်ခွက်တွေ ဒီလောက်ပဲ။ လွှင့်ပစ်သင့်တာတွေကို လွှင့်ပစ်။ အိမ်ပြောင်းရမယ်ဆိုတော့ အိမ်အသစ်မှာ အဆင်ပြေပါ့မလား၊ ပစ္စည်းတွေလည်း သိမ်းရဆည်းရဆိုတော့ stress တော့ ရှိမှာပါပဲ။ နည်းနည်းအောင့်လို့ အိပ်မပျော် မနက် ၃ နာရီလောက် နိုးပြီးအန်၊ အိပ်ရေးမဝတော့ လူကမကြည်လင်၊ ခွင့်ယူပြီး နားမလား အဲလိုဆိုရင်လည်း အိပ်ပြီးရင် အိပ်နေတော့မှာ။ ဒါဆို ညဖက်အိပ်တော့မှာ မဟုတ်ဘူး။ အယ်မလေး ဒုက္ခ ... ဒုက္ခ ရုံးသွားမှ ဖြစ်မှာပါလေဆိုပြီး ရုံးသွား။ ရုံးရောက်တော့ မနက်စာ ပန်းသီးကရိုဆွမ် တကိုက်ကိုက်တာနဲ့ ပြန်အန်ထွက်တယ်။ မနက် ၁၁ နာရီလောက် ငှက်ပျောသီးတကိုက်ကိုက်တော့လည်း ပြန်အန်ထွက်တယ်။ အထက်လှန်ဖြစ်နေတာ အောက်မလျှောတာဘဲ ကံကောင်း။ ကျားတံဆိပ် မဟာဖြေဆေးစား ညနေ ၃ နာရီလောက်ကျတော့ နေလို့နည်းနည်း ကောင်းလာတာရော၊ ဗိုက်ဆာလာတာရောကြောင့် ပန်းသီးကရိုဆွမ်၊ ငှက်ပျောသီးတစ်လုံးတော့ စားဝင်သွားတယ်။ ကြာသပတေးနေ့မှာ မီးဖိုချောင်သုံးပစ္စည်းတွေ သိမ်းမယ်ဆိုပေမဲ့ နေမကောင်းတော့ မသိမ်းနိုင်ဘူး။ စနေနေ့ပြောင်းမှာကို သောကြာနေ့ကျမှ မီးဖိုချောင်သုံးပစ္စည်းတွေ သိမ်းရတယ်။ ကျန်တာတွေက သိမ်းပြီးသားဆိုတော့ ၉  နာရီလောက်ဆို ပြီးသွားပြီ။

မနက် ၆ နာရီခွဲ နိုးနေကျဆိုတော့ မနက်စာစား၊ ပြင်ဆင်ပြီးတဲ့အချိန် ၇ နာရီခွဲပဲ ရှိသေးတယ်။ mover က မနက် ၈ နာရီ လာမယ်ဆိုတော့ ပြောင်းရတာလည်းမြန်အောင် အထုပ်တွေကို အောက်ထပ်က Lobby ချ။ မွေးစားအစ်မက ဆူနေတယ် ဘာလို့အထုပ်အလေးကြီးတွေကို သယ်နေတာလည်း mover က လုပ်မှာပေါ့ ကိုယ်က နေသိပ်ကောင်းတာလဲမဟုတ်ဘဲနဲ့။ mover ဦးလေးကြီးက ကိုယ့်အိမ်ရှင်အသစ်ရဲ့ ဦးလေး အခန်းကိစ္စ သူနဲ့ဖုန်းပြောဆက်သွယ်ရတာ။ အခန်းခ ဈေးလျော့ခိုင်းတာကို သူ့အခန်းက ပြတင်းပေါက်နှစ်ပေါက်ပါတယ်လေး  ဘာလေးနဲ့ အခန်းတိုင်းမှာ ပြတင်းပေါက်နှစ်ပေါက် ပါတာပဲဟာကို။ စိတ်ရင်းကောင်းတယ် ကူညီတတ်တယ် စကားဖွတတ်တယ်။ စကားပြောကြည့်လိုက်တာနဲ့တင် တော်တော်အမြင်ကပ်စရာ ကောင်းတယ်။ ကိုယ်က လွန်ခဲ့တဲ့နှစ်နှစ် အိမ်ပြောင်းတုန်းက mover အစ်ကိုကြီးကို ခေါ်မလို့။ အိမ်ရှင်ဦးလေးနဲ့ အဲဒီ mover အစ်ကိုကြီးတို့ ဓာတ်လှေကားမှာ ထိုးကြကြိတ်ကြတာ ဟိုးလေးတကျော် ဖြစ်သွားတယ်ဆိုပဲ။ အိမ်ရှင်ဦးလေးကိုပဲ mover ခေါ်လိုက်ပါလို့ မွေးစားအစ်မက အကြံပေးလို့ ခေါ်လိုက်တာ အဆင်ပြေပေမဲ့ ၁၀၀ တောင် တောင်းလို့ နင်သွားတာပဲ ၆၀၊ ၇၀ လောက်ပဲ တောင်းမယ်ထင်ထားတာ။ တော်တော်ရိတ်တဲ့ ဦးလေးကြီး နောက်တခေါက်ပြောင်းရင် တခြား mover ပဲ ခေါ်တော့မယ်။ အိမ်ပြောင်းသမျှထဲမှာ ဒီတခေါက် အိမ်ပြောင်းတာ အပင်ပန်းဆုံးပဲ ကိုယ်ကလည်း နေသိပ်မကောင်းတော့လေ။

မွေးစားအစ်မအိမ်မှာ မနက်စာ၊ နေ့လည်စာ၊ ညစာစား၊ ခေါင်းအုံး၊ စောင်လောက်ပဲ ထုတ်ပြီး အနားယူရတယ်။ လက်ဆစ်တွေယောင်၊ ခန္ဓာကိုယ်က လှုပ်လိုက်ရင် အထဲက နှလုံး၊ အသည်း၊ အဆုတ်တွေက လိုက်လှုပ်သလိုပဲ နာတယ်။ နှလုံးခုန်မြန်နေပြီး အသက်ကို ပင်ပင်ပန်းပန်း ရှူရတယ်။ စကားကို လေစပ်အောင် မပြောနိုင်ဘူး။ အသက်ရှင်ရတာ ပင်ပန်းလိုက်တာ။ နာလွန်းလို့ငို ဘုရားမှာ သစ္စာဆို။ မင်းကွန်းဆရာတော်ဘုရားရဲ့ ပရိတ်ကြီး ၁၁ သုတ်၊ တောင်တန်းသာသနာပြုဆရာတော်ဘုရားရဲ့ ရေဆူပရိတ်ကို အမြဲဖွင့်ထားရတယ်။ လမ်းကို ဖြေးဖြေးလေး လျှောက်ရတယ် ရေဘူးအမြဲဆောင်ရတယ်။ insomia ဖြစ်လို့ တညလုံး အိပ်မပျော်ဘူးလို့ ထင်တာပဲ။ ဒါပေမဲ့ ၃ ၊ ၄ နာရီလောက်တော့ အိပ်ဖြစ်တယ်ထင်တယ်။ ခု somia ဖြစ်နေပြန်ပြီ ည ၈ နာရီခွဲ၊ ၉  နာရီလောက်ကတည်းက အိပ်ချင်နေတယ်။ ခုတော့  နေတော်တော် ကောင်းလာပါပြီ ရေဘူးမပါဘဲ ရုံးတက်လို့ရပြီ။ အိမ်ပြောင်းတာ ၃ ပေါင်ကျသွားလို့ ဝိတ်တက်အောင် လုပ်နေရတယ်။ ၉၃ ပေါင်ဆိုတော့ အားမရှိဘူး တခုခုလုပ်ပြီးရင် အနားယူရတယ်။ ကိုယ်က ဘယ်တော့မှဝိတ်မကျ၊ ဝိတ်ကျဖို့ကိုလည်း တခါမှမကြိုးစားခဲ့တဲ့သူ။ ပိန်ညောင်နေတဲ့ ကိုယ်ခန္ဓာကိုယ်ကိုကြည့်ပြီး စိတ်တိုင်းမကျဘူး။ ကိုယ်က အရင်လို ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်ချင်တာ။ ကိုယ်ကတစ်ခန်း၊ အိမ်ရှင်တွေက တစ်ခန်း။ အိမ်ရှင်တွေက ကိုယ့်အဖေအမေအရွယ်နီးပါး လင်မယားနဲ့ အသက် ၂၀ ကျော် သမီး ၂ ယောက်။ အိမ်ရှင်အမနဲ့ သမီးနှစ်ယောက်က မနက် ၄ နာရီထ၊ ၅ နာရီဆို အလုပ်သွားပြီ ဆူရှီဆိုင်မှာ လုပ်တယ်။ အိမ်ရှင်ဦးလေးက ကျောက်ကပ်မကောင်းလို့ တပတ်မှာ ၆ ရက်လောက် ဆေးရုံးမှာသွားပြီး ကျောက်ကပ်ဆေးရတယ်။

မနက်မိုးလင်းတာနဲ့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်ပြီး တရုတ်ကားတွေကို ထိုင်ကြည့်တယ်။ ညနေ အိမ်ပြန်ရောက်တာနဲ့ တီဗွီဖွင့်ပြီး တရုတ်ကားကြည့်တာ ညအိပ်တဲ့အထိ။ ကိုယ့်အိပ်ခန်းရှေ့က ဧည့်ခန်းဆိုတော့ ကိုယ်အသံမကြားရအောင် တီဗွီကို တိုးတိုးလေးဖွင့်တယ်။ အင်း ကိုယ်လည်း အဲဒီအသက်အရွယ်ရောက်ရင် တီဗွီရှေ့မှာထိုင်ပြီး ဗွီဒီယိုကားတွေ ကြည့်နေမလား။ ဝိုင်းကို ပြောပြတော့ ဝိုင်းက တကယ့်ကို misearable life တဲ့။ အပြင်ထွက်လည်ဖို့ ကျန်းမာရေးကမကောင်း၊ ကျန်းမာရေးကောင်းရင်တောင် အင်္ဂလိပ်စကားမပြောတတ်၊ ပိုက်ဆံကလည်း မရှိဆိုတော့ ဧည့်ခန်းထဲမှာထိုင်ပြီး တီဗွီကြည့်ရုံမှတပါး အခြားမရှိ။ ကိုယ့်တိုင်းပြည်မှာဆိုရင်တော့ အသိမိတ်ဆွေ၊ အမျိုးတွေဆီသွားလည်း၊ ဘုန်းကြီးကျောင်းသွား နည်းနည်းတော့ လုပ်စရာရှိနေမှာပဲ။ အမေရိကန်တွေကတော့ အငြိမ်းစားယူရင် ကိုယ့်ဝါသနာပါတာလေးလုပ်၊ ပင်စင်လစာနဲ့လည်း နေဖို့စားဖို့အဆင်ပြေ၊ ကျန်းမာရေးမကောင်းရင် အစိုးရက ကုပေးဆိုတော့ စုဆောင်းထားရင် ခြိုးခြံ‌ချွှေတာစွာနဲ့ အငြိမ်းစားယူပြီးမှ ခရီးတွေထွက်နိုင်သေးတယ်။ မနှစ်က ပိတ်ရက်တွေဆိုရင် meet up အဖွဲ့တွေနဲ့နယူးယောက်တခွင် လမ်းလျှောက်တော့ မန်ဘာတွေက များသောအားဖြင့် အငြိမ်းစားတွေ များတယ်။ ကိုယ်နေဖူးသမျှအိမ်ထဲမှာ ဒီအိမ်ပစ္စည်းတွေ အရှုပ်ဆုံးပဲ။ အရင်နေခဲ့တာက ဂျပန်အိမ်ဆိုတော့ ရှင်းလင်းနေတယ်။ နတ်ဆုနဲ့ မိုချီလေးကို သတိရမိတယ်။ သူတို့လည်း ကိုယ့်ကို လွမ်းနေမလား။ အိမ်အသစ်က အဆင်ပြေပေမဲ့ လူများတော့ အိမ်သာပြသနာ နည်းနည်းရှိတယ်။ ရုံးမဆင်းခင် တခါအိမ်သာသွားထားပေမဲ့ ရထား ၁ နာရီစီးပြီးလို့ အိမ်ရောက်တဲ့အခါ ရှူးပေါက်ချင်တယ်။

ည ၇ နာရီခွဲလောက်ကနေ ၈ နာရီခွဲလောက်အထိ အိမ်ရှင်မိသားစု ၄ ယောက်က တန်းစီရေချိုးကြတော့ အဲဒီအချိန် ရှူးပေါက်ချင်ရင် အောင့်ထားရတယ်။ မအောင့်နိုင်ရင် အခန်းထဲက ဗန်းလေးမှာ ကိစ္စရှင်းရတယ်။ သြော် ဂျပန်အိမ်ကို လွမ်းမိပါဘိ။ ဂျပန်အိမ်လို အရာအားလုံး အဆင်ပြေတဲ့အိမ်ကတော့ ရှားပါဘိ။ ကိုယ့်အတွက် ကျန်းမာရေးက အရေးကြီးတော့ ကျန်တာတွေ သည်းခံရတာ့မှာပေါ့။ လူးပက်စ်က နှလုံးနဲ့ကျောက်ကပ်ကို တိုက်တတ်တယ် အရင်တပတ်တုန်းက ညည်းနှလုံးက ဖလပ်ဖလပ်ဖြစ်နေတော့ ခုတော့အကောင်း။ အဲဒီတုန်းက အားနည်းနေလို့ဖြစ်မယ်။ ဒေါက်တာထွန်းလင်းညွှန်လို့ နှလုံးအထူးကု ဒေါက်တာဒေါ်ခင်စီ သွားပြတော့ နှလုံးခုန်တာ မြန်နေတယ် Echo ရိုက်ရမယ်တဲ့။ နေမကောင်း ၂ ခါဖြစ်တော့မှ ဆေးအသစ်သောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ လူးပက်စ်က All about medication သင့်တော်တဲ့ဆေးတွေ့ရင် သာမန်လူလိုပဲ နေထိုင်သွားနိုင်တယ်။ ကိုယ်လူးပက်စ်ဖြစ်တာ တစ်နှစ်ကျော်ပြီ ကိုယ့်လူးပက်စ်ကပဲ ပြင်းတာလား (ဆရာဝန်ကတော့ mild လို့ပြောတာပဲ)၊ ဆရာဝန်ကပဲ မစွမ်းတာလာတော့မသိ ပိုပိုဆိုးလာသလိုပဲ။ ၂၃ ပေါင် ကျသွားတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ ဧပြီလမှာ မွေးစားအစ်မရဲ့ သမီးပြတဲ့ ဆရာဝန်နဲ့ပြဖို့ စီစဉ်ထားတယ်။ ပြကြည့်တာပေါ့လေ ၃ လလောက်ဆိုရင်ပဲ ဆရာဝန် စွမ်းမစွမ်း သိနိုင်ပါတယ်။ တိုက်အောက်က Laundary Room မှာ အဝတ်သွားလျှော်တော့ အစ်ကိုကြီးတစ်ယောက်နဲ့ဆုံတယ်။ အရင်တိုက်မှာတုန်းက အကြွေစေ့သုံးပြီး ခုတိုက်က ကဒ်သုံးတော့ မလုပ်တတ်တာကို အဲဒီအစ်ကိုကို မေးကြည့်တော့ ရှင်းပြတယ်။ အစကတော့ အင်္ဂလိပ်လိုပြောနေတာ နောက်တော့ မြန်မာလားဆိုတော့ အင်း။

အကို့ကို မွေးစားအကိုရဲ့အဖေ ၁ လပြည့်အလှုလုပ်တော့ ဆုံဖူးပါတယ် အကို့မိန်းမမှာ လူးပက်စ်ရှိတယ်။ အဲဒီတုန်းက မွေးစားအကိုက သူ့သမီးနဲ့ကိုယ့်ကို လူးပက်စ်တွေလို့ မိတ်ဆက်ပေးဖူးတာကိုး။ မှတ်မိပြီ အကို့မိန်းမ နေကောင်းလား ကီမိုသွင်းလိုက်တာ သက်သာလာတယ် ဘယ်ဆရာဝန်နဲ့ ပြနေလဲ။ အကို့မိန်းမ ဒီတိုက်ကို စရောက်တုန်းက ဒီမှာ အဝတ်တခါလျှော်တာ flare up ဖြစ်သွားတယ်။ flare up ဆိုတာ လူးပက်စ် active ဖြစ်တာကို ဆိုလိုပါတယ်။ နောက်တော့ ဆရာဝန်က သူ့ကျောကုန်းမှာ ဇကာပေါက်ကပ် တပတ်ကြာလို့ ပြန်ခွာတော့ အဲဒီဇကာမှာ chemical တွေတွေ့တယ်။ အဲဒီ chemical တွေက လူးပက်စ်ကို ပိုဆိုးစေတယ် အဲဒါကြောင့် အကို အဝတ်လျှော်ဖို့တာဝန်ယူရတယ်။ ပန်းကန်ဆေးရင်လည်း လက်အိတ်နဲ့ဆေး၊ ဒါမှမဟုတ် ပန်းကန်းဆေးစက်နဲ့ဆေး။ အခုအိမ်မှာ ပန်းကန်ဆေးစက် မရှိဘူး။ ဂျပန်အိမ်မှာတုန်းက ပန်းကန်ဆေးစက် ရှိတာတောင် ကိုယ်က မသုံးဘူး။ အကို့မိန်းမကတော့ ကျောက်ကပ်ကို ထိတယ် ဆီးထဲမှာ ပရိုတင်းတွေများလို့ သွားပြရသေးတယ်။ butterfly rash ဖြစ်တယ်။ ကိုယ့် butterfly rash က တော်တော်ဆိုးတယ် ခုထိ မျက်နှာမှာ မည်းမည်းတွေ ကျန်နေတုန်း ခုထိ ဆေးလိမ်းနေရတုန်း။ အလုပ်လုပ်နေတုန်းလား အကို့မိန်းမကတော့ အလုပ်ကနေ ထွက်လိုက်ရတယ်။ အင်း လုပ်နေတယ် အိမ်မှာနေရင် ပိုကိုက်ခဲတယ်။ အတော်ကြီးနေမကောင်းတော့မှ ခွင့်ယူတယ်။ ကိုယ့်အလုပ်ကလည်း ခန္ဓာကိုယ်အားကို သိပ်သုံးစရာမလိုဘဲ ကွန်ပျူတာရှေ့ ငြိမ်ငြိမ်လေးထိုင် စဉ်းစားရတဲ့အလုပ်မို့သာ တော်တော့တယ်။ ဒီလိုပဲ လှုပ်တုပ်လှုပ်တုပ် နှေးစိနှေးစိနဲ့တော့ သွားနေတာပဲ။

အကို့မိန်းမက တရားထိုင်တယ်။ ကိုယ်လည်း အရင်က မနက် ၅ နာရီခွဲကနေ ၆ နာရီခွဲအထိ တရားထိုင်တယ်။ စထိုင်ခါစက မိနစ် ၂၀ လောက်ဆို ခြေထောက်တွေ နာလာတယ်။ ခုတော့ ၁ နာရီလုံးလုံး မနာမကျင်ဘဲ ထိုင်နိုင်ပြီ။ ဒါပေမဲ့ နှာသီးဝကလေကို မှတ်နိုင်တာ ၁၅ မိနစ်လောက်ပဲ ရှိတယ်။ တရားထိုင်ရင် ဦးနှောက်ကနေ နာကျင်တာတွေ သက်သာစေတဲ့ဓာတ်တမျိုး ထုတ်ပေးတယ်တဲ့ ဆရာတော်ဦးဇောတိကစာအုပ်မှာ ဖတ်လိုက်ရတာ။ ဘာပဲဖြစ်ဖြစ် တရားထိုင်တာ ကောင်းတဲ့အလုပ်ပါပဲ။ ခုတော့ မထိုင်ဖြစ်ဘူး။ ညဖက်အိပ်မပျော်ရင် လက်ကိုချလိုက်၊ ရင်ဘတ်ပေါ်တင်လိုက်၊ ခြေထောက်ကိုကွေးလိုက်၊ ဆန့်လိုက်နဲ့ တရားမှတ်ဖို့နေနေသာသာ နာတာကိုပဲ စိတ်ရောက်နေတော့လေ။ အသက်ထွက်ခါနီးချိန်ဆို အင်မတန်နာကျင်မှာ ဘယ်လိုလုပ်ပြီးများ တရားမှတ်နိုင်ပါ့မလဲနော်။ တရားအလေ့အကျင့်ရှိတဲ့သူမှပဲ နာကျင်တဲ့ဝေဒနာကို ခံစားချိန်မှာ တရားမှတ်နိုင်ပါ။ လူးပက်စ် active ဖြစ်နေတဲ့အချိန် တယောက်တည်းနေရတာမှာ ခက်ခဲမှပဲ။ ဟုတ်တယ် အိပ်ပျော်နေပြီ မီးက မပိတ်ရသေးဘူး။ စားဖို့သောက်ဖို့လည်း တယောက်တည်း လုပ်ရတယ်။ ပင်ပန်းနေပေမဲ့လည်း စားစရာမရှိဖြစ်မှာစိုးလို့ ဈေးဝယ်ရတယ်။ လူးပက်စ်သမားတွေက မိသားစု၊ မိတ်ဆွေ အကူအညီမယူလို့ မရဘူး အဲဒါကြောင့် ပြောင်းလာတာ။ ဆေးခန်းမှာ လူးပက်စ်သမားတွေမှ အများကြီး ရွယ်စုံဆိုဒ်စုံ။ အသက် ၁၃ နှစ်လောက် ကလေးမလေး မျက်နှာကလေးကလည်း ချစ်စရာလေး အဖေါ်လိုက်လာပေးတယ် ထင်နေတာ လူးပက်စ်ဖြစ်နေတာတဲ့။

ကိုယ့်သူငယ်ချင်း ဗီယက်နမ်မလေး မိုင်းဖန် လူးပက်စ်ရှိတယ်။ ခု ကိုယ်ဝန် ၂ လ ကိုယ်ဝန်က သူ့ကို ပိုပြီး strong ဖြစ်စေတယ်ဆိုပဲ မိခင်စိတ်ကြောင့်နေမှာ။ စတိတ်မှာမို့ တော်သေးတယ်နော် medicare ဆေးအလကားကုခွင့်ရလို့ မြန်မာပြည်မှာဆို ကုနိုင်မှာမဟုတ်ဘူး။ စတိတ်မှာက ဂရင်းကဒ်သမား၊ low income family ဝင်ငွေနည်းတဲ့ မိသားစုဆိုရင် medicare လျှောက်လို့ရပါတယ်။ အဲဒီ ဂရင်းကဒ်ရဲ့ မိဘတွေဟာလည်း ဆေးအလကားကုခွင့် ရှိပါတယ်။ စင်တီးဇင်ဖြစ်သွားရင် မောင်နှမတွေကို ခေါ်လို့ရတယ် ၈ နှစ်လောက်တော့ ကြာပါသတဲ့။ ကိုယ်ကတော့ ဂရင်းကဒ်လည်းမဟုတ်တော့ medicare လျှောက်လို့မရဘူး။ အလုပ်ထွက်ပြီး နားဖို့ပြောကြပေမဲ့ အလုပ်ထွက်ရင် ကိုယ့်နေစားကျန်းမာရေးစရိတ် ဘယ်သူပေးမလဲ။ ဂရင်းကဒ်လျှောက်နေတုန်းဆိုတော့ အလုပ်ထွက်လို့ မဖြစ်ပြန်ဘူး။ အလုပ်လုပ်နေမှ ကိုယ်စားချင်တာ၊ ကိုယ်ဝတ်ချင်တာ၊ လှုချင်တာလေး လှုနိုင်မှာကိုး။ ကိုယ်နဲ့ကိုက်တဲ့ဆေး၊ ဆရာဝန်တွေ့ပြီး ကျန်းမာလာဖို့ မျှော်လင့်ရတာပဲလေ။

စန်းထွန်း
မတ် ၂၀၊ ၂၀၁၆။

ရေးခဲ့ပြီးတာက
Living with Lupus - 1
Living with Lupus - 2