ယူအက်စ်သွား တောလား - ၁၄

ကယ်လီဖိုးနီးယား ၇ရက်ခရီးစဉ်ပြီးတော့ အတော်ပင်ပန်းသွားတယ်။ နောက်တပတ် ရုံးပိတ်ရက်မှာ ဘော်စတွန်ကို သွားမှာဆိုတော့ တပတ်လုံးလုံး အိမ်မှာနေရတာ အဖေနဲ့အမေ ပျင်းနေမှာပဲဆိုပြီး ဗုဒ္ဓဟူးနေ့ညနေ ရုံးဆင်းချိန်မှာ အိမ်နားကဘူတာနားမှာ အဖေတို့ကို ဝင်ခေါ်ပြီး မက်ဟန်တန်နဲ့ ကွင်းစ်ကြားက ရုစဗဲ့အိုင်လန် ကျွှန်းလေးဆီ လိုက်ပို့ဖြစ်ပါတယ်။ F ၊ M ၊ R ရထားတွေက ရုစဗဲ့အိုင်လန်ဘူတာမှာ ရပ်တာမို့ ရုစဗဲ့အိုင်လန်ကို တိုက်ရိုက်သွားလို့ရပေမဲ့ မက်ဟန်တန်ဖက်ခြမ်းကို ရထားစီးပြီးမှ ထရမ် Tram စီးသွားတာပါ။ ထရမ်စီးခက ရထားကဒ် Metro Card နဲ့ပဲ ပေးနိုင်ပါတယ်။ ထရမ်စီးပြီး မက်ဟန်တန်၊ ကွင်းစ်တို့ကို အပေါ်စီးကနေ မြင်ရတဲ့မြင်ကွင်းက တမျိုးလှတယ်။ ၂၀၁၀ ဟောင်ကောင်လေဆိပ်နားကနေ Giant Buddha ရုပ်ထုရှိတဲ့ Lantau Island လန်ထောင်အိုင်လန်ဆီကို ကောင်းကင်ကေဘယ်လ်ကား စီးပြီးသွားလည်ခဲ့ဖူးတာကို သတိရမိတယ်။ ရုစဗဲ့အိုင်လန်က မက်ဟန်တန် တဖက်ကမ်းဆိုတော့ အိမ်ခန်းတွေက ကျဉ်းပေမဲ့ အိမ်ခန်းငှားခက ဈေးကြီးတယ်။ ကျွှန်းပတ်ပတ်လည်မှာ jogging ပြေးဖို့၊ စက်ဘီးစီးဖို့ လမ်းလေးရှိတယ်။ ကိုယ်က ပြေးစက်ထက် အဲဒီလိုနေရာမျိုးမှာ ဂျော့ကင်းပြေးချင်တာ။ ကန်တက်ကီအိမ်က ကိုယ့်အခန်းရှေ့မှာ ပြေးစက်ရှိတယ် တခါမှ မပြေးဘူး။ မေရီလန်းမှာကျတော့ ဆူနမ်တို့အိမ်နားက ရေကန်၊ ကိုယ့်အိမ်နားက မတ်သရူးဟက်ဆန် ပြေးလမ်းတွေမှာတော့ ပြေးတယ်။ နယူးယောက်ရောက်တော့မှ လုံးဝမပြေးတော့တာ။ ခုတော့ပိုဆိုး ပြေးကိုမပြေးနိုင်တော့ဘူး။

Yale University Library, New Haven, Connecticut

ဂျူလှိုင် ၁၁၊ ၁၂ မှာ တစ်ညအိပ်၊ နှစ်ညခရီးခရီး ဘော်စတွန်ခရီး ထွက်ဖြစ်ပါတယ်။ ကိုယ့်အိမ်ကနေ ငါးဘူတာလောက်ပဲဝေးတဲ့ ဖလပ်ရှင်းမှာ မနက် ၈ နာရီခွဲဆုံ၊ ရှယ်တယ်နဲ့ တရုတ်တန်းကိုသွား၊ တိုးဂိုက်ဆီမှာ ချက်ကင်ဝင်၊ ၉  နာရီလောက်မှာ နယူးယောက်ကနေ ထွက်ခွာပါတယ်။ တိုးဂိုက်နာမည်က Dragon ဟင် ... တိုးဂိုက်လေးက ငယ်ငယ်လေးပါလား ခန္ဓာကိုယ်ဆိုဒ်ကြောင့် နေပါလိမ့်မယ်။ ပထမဆုံးသွားရောက် လည်ပတ်မဲ့နေရာကတော့ နယူးယောက်ရဲ့ အရှေ့မြောက်စူးစူး မိုင် ၈၀၊ ၂ နာရီသာသာမောင်းရတဲ့ Connecticut ကွန်နပ်တီကပ်ပြည်နယ် New Haven နယူးဟေဗင်မြို့က  နာမည်ကျော် Yale University ယေးလ်တက္ကသိုလ်။ အမေရိကန်သမ္မတဟောင်း ဂျော့ဒဘလူဘုရှ်ချ်၊ ဘီလ်ကလင်တန်၊ ဟီလာရီကလင်တန်တို့ တက်ခဲ့တဲ့ကျောင်းပေါ့။ ယေးတက္ကသိုလ်ကျောင်းသူမလေးက တိုးဂိုက်အဖြစ် ကျောင်းကိုလိုက်ပြမှာပါ။ တိုးဂိုက်မလေးက ထက်မြက်ပြီး ပရော်ဖက်ရှင်နယ်ဆန်တယ်လို့ သူထင်တယ်။ တဖ်စ်ပေးနိုင်ပါတယ် ကျောင်းသားတွေအတွက် မုန့်ဖိုးအနေနဲ့ပေါ့လို့ တိုးဂိုက်က မှာတယ်။ တိုးဂိုက်မလေးက ငယ်ငယ်ချောချောလေး အင်္ဂလိပ်လိုရော၊ တရုတ်လိုရော ရှင်းပြပါတယ်။ သူ့အလုပ်ကို ကျွှမ်းကျွှမ်းကျင်ကျင် တိတိကျကျ ပရော်ဖက်ရှင်နယ်ဆန်ဆန် အကောင်းဆုံးလုပ်သွားတယ်။

Breakers Mansion, Newport, Rode Island

ယေးတက္ကသိုလ်ကို ၁၇၀၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး တတိယသက်တမ်း အရှည်ကြာဆုံးကျောင်းပါ။ ၁၇၁၈ ခုနှစ်မှာ အလှုရှင် ဗြိတိသျှအရှေ့အိန္ဒိယကုမ္ဗဏီရဲ့ မြို့တော်ဝန် Elihu Yale ကိုအစွဲပြုပြီး ယေးလ်ယူနီဗာစတီလို့ နာမည်ပေးခဲ့တာတဲ့။ တက္ကသိုလ်နာမည် ပြောင်းတဲ့အချိန် အလှုရှင်က အင်္ဂလန်ရောက်နေလို့ သိတောင်မသိဘူးတဲ့။ တိုးဂိုက်က အဆောက်အဦးတွေရဲ့ ရာဇဝင်ကို ရှင်းပြပါတယ်။ တရုတ်လိုရှင်းပြနေတဲ့အချိန်ဆို ဓာတ်ပုံပြေးရိုက်၊ အင်္ဂလိပ်လိုရှင်းပြချိန်မှာ နားထောင်၊ အဖေ့တို့ကို ပြန်ရှင်းပြ။ အဆောက်အဦးတွေက ရှေးဟောင်းအဆောက်အဦးတွေ အင်မတန်ခန့်ညားတယ်။ အရင်က ဘုရားရှိခိုးကျောင်း ခုတော့စာကြည့်တိုက် အောက်ထပ်မှာ။ စာအုပ်တွေ သိန်းသန်းချီ ရှိတယ်တဲ့။ ဘုရားရှိခိုးကျောင်းရှေ့က ရေပန်းလေးက ယေးလ်တက္ကသိုလ်ကျောင်းထွက် အမျိုးသမီးတစ်ယောက်ကို ဂုဏ်ပြုထားတာတဲ့။ ယေးတက္ကသိုလ်ဝင်းထဲမှာရှိတဲ့ ရုပ်ထုတစ်ခုမှာ ထူးခြားချက်တစ်ခုရှိတယ် ရှာကြည့်ပါတဲ့။ ရှာကြည့်တော့ မတွေ့ဘူး ရိုးရိုးသာမန်ရုပ်ထုပါပဲ။ သူ့လက်ကောက်ဝတ်မှာ သံကြိုးခတ်ထားတယ်တဲ့။ သြော် ... ဟုတ်သား။ သူက နေသန်‌ဟေလ် Nanthan Hale ။ အမေရိကန်တော်လှန်ရေးစစ်ပွဲတုန်းက Continental Army ဖက်က အမေရိကန်စစ်သား။ ပထမဆုံးအမေရိကန်စပိုင်လို့ ယူဆကြတယ်။ နယူးယောက်စီးတီးဆီက ထောက်လှမ်းရေးသတင်းတွေ စုဆောင်းဖို့ ဗော်လန်တီယာလုပ်ခဲ့တာ။ ဗြိတိသျှတွေ သူ့ကိုဖမ်းမိပြီး ကြိုးပေးမသတ်ခင် သူနောက်ဆုံးပြောခဲ့တဲ့စကားက  "I only regret that I have but one life to loose for my country" တဲ့။

Breakers Mansion, Newport, Rode Island

အမေရိကန်တွေက သူ့ကို သူရဲကောင်းလို့ သတ်မှတ်ထားတယ်။ စီအိုင်အေက ရုပ်တုကို လာတောင်းပေမဲ့ ယေးတက္ကသိုလ်က မပေးဘူးတဲ့။ ခုထိတိုင် ယေးလ်တက္ကသိုလ်ဝင်းထဲမှာ ရှိလေရဲ့။ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးရာလောက်ကဆိုတော့ ဓာတ်ပုံတွေဘာတွေ ဘယ်ရှိပါ့မလဲ။ နေသန်ဟေးလ်ရုပ်ထု ထုတော့မယ်ဆိုတော့ တက္ကသိုလ် Year Book ဓာတ်ပုံတွေထဲက ရုပ်ခပ်ဖြောင့်ဖြောင့်တစ်ယောက်ကို ရွေးချယ်ပြီး ထုထားတာတဲ့။ အဖေ တက္ကသိုလ်ကြီးက မခမ်းနားဘူးလား အင်း ခမ်းနားတယ်။ ဒီလိုတက္ကသိုလ်မျိုးမှာ ဘွဲ့ယူချင်တာ ခုတော့ မယူနိုင်တော့ဘူး အဖေ့မြေးလက်ထက်မှ တက်ယူပေါ့လို့ပြောတော့ အဖေက ပြုံးတယ်။ ကိုယ့်သားသမီး၊ တူ၊ တူမတွေက ယေးတက္ကသိုလ် တက်ရလောက်အောင် ထူးချွှန်ဦးမှ၊ အဖေကလည်း အသက်ရှည်ဦးမှ။ စုရပ်ဆီပြန်ရောက်တော့ တိုးဂိုက်မလေးကို တဖ်စ်ပေးချင်ပေမဲ့ သူများတွေမပေးတော့ မပေးဖြစ်ဘူး။ ဒုတိယသွားရောက်တဲ့နေရာကတော့ မိုင် ၁၀၀၊ ၂ နာရီအဝေးက ရုဒ်အိုင်လန် Rode Island ပြည်နယ်ထဲက နယူပို့ New Port မြို့ဆီက Breakers Mansion ပါ။ နေ့လည်စာကိုတော့ Fast Food ဆိုင်မှာစားရတယ်။ ယူလာတဲ့ခေါက်ဆွဲခြောက်ဘူးကို Convenient Store က ရေနွေးထည့်ပြီးပြုတ်၊ မက်ဒေါနယ်ကနေ Lobster Roll ၊ Mac Chicken Burger ဝယ်စားပေမဲ့ အဖေတို့က ပေါင်မုန့်ထက် ခေါက်ဆွဲပြုတ်ကို ပိုကြိုက်တယ်။ ရုဒ်အိုင်လန်ပြည်နယ်ထဲ ဝင်လိုက်တာနဲ့ ရွက်လှေတွေ အများကြီးတွေ့ရတယ်။ သူဋ္ဌေးတွေ အပန်းဖြေတဲ့ပြည်နယ် ဆိုပါတော့ ဘော်စတွန်နဲ့တူတယ်။ အိမ်ကို တကူးတက သွားကြည့်ရအောင် အဲဒီအိမ်က ဘာများထူးခြားပါလိမ့်။

Harvard University, Cambridge, Massachusetts

ဓာတ်ပုံရိုက်ခွင့် မရှိပါဘူး။ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းလိုက်ကြည့် အင်္ဂလိပ်၊ တရုတ်လို ရှင်းပြတဲ့ ဝေါ်ကီတော်ကီလေးကို နားထောင်၊ သိချင်တဲ့အရာတွေဆို ချိတ်ဆွဲထားတဲ့ နံပါတ်တွေကိုကြည့်ပြီး ဝေါ်ကီတော်ကီက နံပါတ်တွေကို ရိုက်ထည့်လိုက်ရင် ရှင်းပြပေးတဲ့အသံ ထွက်လာတယ်။ အိမ်ကြီးက တကယ်ခမ်းနားတယ်။ ပင်လယ်ကမ်းခြေဘေးနားမှာ ပန်းခြံလည်းရှိတယ်။ နောက်သွားရောက်လည်ပတ်မဲ့ နေရာကတော့ နယူပို့မြို့ကနေ မြောက်ဖက်စူးစူး မိုင် ၈၀၊ ၂ နာရီသာသာ မောင်းရတဲ့ မန်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့ပါ။ ဘော်စတွန်ဆိုရင် ဟားဗတ်၊ အမ်အိုင်တီတို့လို နာမည်ကြီးတက္ကသိုလ်တွေ ရှိတဲ့မြို့လို့ သိကြမှာပါ။ ၁၆၃၆ ခုနှစ်မှာ ဟားဗတ်တက္ကသိုလ်ကို စတင်တည်ထောင်ခဲ့ပြီး အမေရိကန်ရဲ့ သက်တမ်းအရှည်ကြာဆုံး တက္ကသိုလ်တစ်ခု။ ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်တွေထဲမှာ ပါဝင်ပါတယ်။ Love Story in Harvard ကိုရီးယားရုပ်ရှင် ကြည့်ပြီးကတည်းက ဟားဗတ်ကို ရောက်ဖူးချင်နေခဲ့တာ။ ဘော်စတွန်မြို့မှာ ရှိတာမဟုတ်ပါဘူး။ ဘော်စတွန်မြို့တဖက်ကမ်းက ကိန်းဘရချ်မြို့ Cambridge မှာ ရှိတာပါ။ မြို့လယ်ကောင်မှာ ကားပါကင်နေရာခက်တော့ သင့်တော်တဲ့နေရာမှာ ချပေးပြီး ဟားဗတ်ဆီ လမ်းလျှောက်ကြပါတယ်။ ဂျွှန်ဟားဗတ်ရုပ်တုရဲ့ ခြေထောက်ကို ကိုင်ပြီးတော့မှ ဓာတ်ပုံမရိုက်ရင် ဟားဗတ်ရောက်တယ်လို့ ဘယ်ဆိုနိုင်ပါ့မလဲ။

John Harvard statue, Harvard University

တိုးဂိုက်က Harry Elkins Widener Memorial Library ကို ညွှန်ပြပြီး ဒီစာကြည့်တိုက်အကြောင်း သိလားလို့မေးတယ်။ ခေါင်းခါပြတော့ ဒီစာကြည့်တိုက်က ၁၉ ၁၂ တိုင်တန်းနစ်သင်္ဘောမြှပ်တုန်းက သေဆုံးသွားတဲ့ ဟားဗတ်ကျောင်းထွက် သားဖြစ်သူအတွက် သူ့အမေက တည်ဆောက်ခဲ့တာတဲ့။ စာအုပ် ၃.၅ သန်း ရှိတယ်။ နောက်သွားရောက်လည်ပတ်တဲ့ နေရာကတော့ အမ်အိုင်တီလို့ ခေါ်ကြတဲ့ မန်ဆာချူးဆက်နည်းပညာတတက္ကသိုလ်ပါ။ တက္ကသိုလ်မိန်း အဆောက်အဦးရှေ့မှာ ဓာတ်ပုံရိုက်၊ ရှေ့ကပန်းခြံမှာထိုင်၊ အံမယ် ... တရုတ်တွေက Falun Gong ဖာလွန်းကုန်းအကြောင်း စာရွက်တွေ၊ ဗွီဒီယိုနဲ့ ရှင်းပြနေတယ်။ ယူတာ့ပြည်နယ် စတိတ်ကယ်ပီတယ် အဆောက်အဦးရှေ့မှာလည်း တွေ့ဖူးတယ်။ ညနေစာစားဖို့အသွား Trinitiy Church ကိုဝင်ဖို့ စီစဉ်ထားပေမဲ့ ကားပါကင်နေရာ မရလို့ မဝင်တော့ဘူး။ အောက်မက်ဟန်တန်မှာရှိတဲ့ Trinity Church အတိုင်းပါပဲတဲ့။ ခုရောက်နေတဲ့နေရာ လမ်းမတလျှောက်က ဘော်စတွန်မာရသွန်ကျင်းပတဲ့နေရာ။ ၂၀၁၃ တုန်းက ဖြစ်ပွားခဲ့တဲ့ ဘော်စတွန်မာရသွန် ဗုံးပေါက်ကွဲတာ ဒီလမ်းမကြီးမှာတဲ့။ ညနေစာကို တရုတ်တန်းက တရုတ်ဆိုင်မှာ သွားစားကြတယ်။ အိန္ဒိယမိသားစုကတော့ တိုးအဖွဲ့နဲ့ မလိုက်ဘူး သူတို့ဘာသာ သွားစားတယ်။ မိသားစုစတိုင် ကိုယ်တို့က နံပါတ်တစ်စားပွဲဝိုင်း ၉  ယောက် ဒီညနေစာက တိုးခမှာပါပြီးသား။ ကိုယ်တို့ဘေးမှာက အင်ဒိုနီးရှား သားအမိသားအဖ သုံးယောက်၊ ကိုယ့်ဘေးမှာထိုင်တဲ့ တရုတ်မနဲ့ သူ့အဖွဲ့နှစ်ယောက်။

Massachusetts Institute of Technology, Cambridge, MA

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီက တော်လား၊ ကောင်းလားလို့မေးတော့ သူကတော့ ကောင်းပါရဲ့ သူ့အစိုးရအဖွဲ့က အရင်လူတွေ အတိုင်းပါတဲ့။ လော့စတာလာချတော့ ဓာတ်ပုံတွေ ရိုက်ကြတယ်။ အခွံကများများ အသားကနည်းနည်း။ တခြားဟင်းတွေကတော့ ကြက်ကြော်၊ ပဲသီးကြော်၊ soup ၊ တိုဖူးကြော် တအားမချိုတော့ စားကောင်းသား။ အဖေက သမီးရေ မနက်ဖြန်နေ့လည်ကျရင် Fast Food ပဲ စားရမယ်ထင်တယ်။ သူတို့ကို ခွင့်တောင်းပြီး ဟင်းကျန်တာတွေထည့်၊ ထမင်းဝယ်သွားရအောင်တဲ့။ ကြည့် ထမင်းမစားရမှာစိုးလို့ဖြစ်နေတာ။ ထမင်းဝိုင်းက အင်ဒိုနီးရှား၊ တရုတ်တွေကို ခွင့်တောင်းတော့ အိုကေ၊ သူတို့ကတောင် ကူထည့်ပေးတယ်။ ထမင်းတစ်ဘူး ၂ ကျပ် ဝယ်လိုက်တယ်။ ဘော်စတွန်ကနေ မြောက်ဖက်စူးစူး မိုင် ၄၅၊  ၁ နာရီသာသာ မောင်းရတဲ့ နယူးဟမ်ရှိုင်းယား New Hampshire ပြည်နယ် Nashua မြို့က Radisson ဟိုတယ်မှာ ညအိပ်ပါတယ်။ မိန်း Maine ပြည်နယ် Acadia National Park  အခေဒီးယားအမျိုးသားဥယျာဉ်ကို သွားတုန်းကလည်း ဒီဟိုတယ်မှာ တည်းတာပါပဲ။ ဟိုတယ်တံခါးက ဖွင့်မရလို့ ဘေးနားကအခန်းမှာကျတဲ့ တိုးခရီးသည်အန်ကယ်ကြီးက ကူညီဖွင့်ပေးတယ် ဒါလည်း မပွင့်ဘူး။ အောက်ထပ်ကိုဆင်း ကဒ်အသစ်လဲ၊ အဲဒါလည်း ဖွင့်မရ။ ဟိုတယ်ဝန်ထမ်းလို့ ထင်ရတဲ့သူကို အကူအညီတောင်းတော့မှ ပွင့်သွားလေရဲ့။

Lobster 
Radisson Hotel, Nashua, New Hampshire

နောက်နေ့မှာ ဘော်စတွန်ဟာဘားခရူစီး၊ နယူးအင်္ဂလန် ရေသတ္တဝါပြတိုက်၊ ကွင်စီမားကတ်ကို သွားလည်တဲ့အကြောင်းတွေကတော့ နောက်ပို့စ်မှပဲ တင်ပါတော့တယ်။ ဒီနေ့ နယူးယောက်မှာ ရာစုနှစ်အတွင်း အဆိုးရွာဆုံးနှင်းမုန်တိုင်းလို့ ပြောကြတဲ့ နှင်းမုန်တိုင်းတိုက်တာ နှင်းထုက ၁ ပေကျော်တယ်။ ကိုယ်ကြုံဖူးတဲ့ နှင်းမုန်တိုင်းထဲမှာ ဒီနှင်းမုန်တိုင်းက တော်တော်ပြင်းတယ်။ ဒီနှစ်ဆောင်း စံချိန်တင်ရလောက်အောင် ပူလှချည်ရဲ့၊ နှင်းဆိုတာတောင် မမြင်ရသေးဘူးလို့ ပြောနေကြတာ လာမဲ့လာတော့လည်း နှင်းထုက စံချိန်တင်တယ်။ အောက်ထပ်မှာ ကလေးတွေ နှင်းတွေနဲ့ ဆော့ကစားတဲ့ အသံတွေကြားရတော့ နှင်းတွေကို ဓာတ်ပုံရိုက်ချင်မိသား။ နည်းနည်းလေး အေးတာနဲ့ နှာရည်တွေ ကျတတ်တော့ အအေးမိသွားတော့မှ ဒုက္ခ။ ရာသီဥတုက အေးလွန်းတော့ နွေးနွေးထွေးထွေးဝတ် စောင်ပုံအောက်မှာဝပ်ပြီး ရေနွေးကြမ်းလေးသောက်လိုက်၊ စာဖတ်လိုက်၊ မုန့်တွေစားလိုက်နဲ့ Be safe ၊ keep warm နေပါတယ်။

စန်းထွန်း
ဇန်နဝါရီ ၂၃၊ ၂၀၁၆။

ယူအက်စ်သွား တောလား - ၁၃

တချို့တရုတ်တွေက လာ့စ်ဗီးကပ်စ်မှာ ၂ ရက်နေမှာတဲ့။ ရာသီဥတုက အရမ်းပူ၊ ကာဆီနိုမှာ လူတွေတဝုန်းဝုန်း၊ ဆူညံပွက်လောရိုက်နေတဲ့ လာ့စ်ဗီးကပ်စ်မြို့ကို တစ်ရက်လောက် လည်ပတ်ရုံနဲ့တင် လုံလောက်ပြီလို့ ခံစားမိတယ်။ မကာအိုဆိုရင် နှစ်ရက်လောက် နေဖြစ်မယ်ထင်တယ်။ မနေ့က ဝယ်လာတဲ့ အစားအစာတွေနဲ့ မနက်စာစား၊ မနက် ၉ နာရီလောက်မှာ တိုးကားက လာခေါ်ပါတယ်။ ဒီတိုးခရီးစဉ်မှာ ခရီးသည်တွေအားလုံးက အချိန်ကို လေးစားတယ်။ သတ်မှတ်ထားချိန်ထက် စောစောရောက်နှင့်နေတတ်ကြတယ်။ တက်တယ့်အစီးကတက် ဆင်းတယ့်အစီးကဆင်းနဲ့ လာ့စ်ဗီးကပ်စ်လေယာဉ်ကွင်းက တော်တော်အလုပ်များတယ်။ မိုးမျှော်တိုက် အများကြီးနဲ့ အတော်စည်ကားတဲ့ မြို့ပဲ။ တိုးဂိုက်က မနက်စာနဲ့ နေ့လည်စာကို ပေါင်းစားတဲ့ brunch အဖြစ် တရုတ်ဘူဖေးဆိုင်မှာ စားကြမယ်တဲ့။ ဘူဖေးဆိုင်က ဖွင့်တောင်မဖွင့်သေးဘူး။ ငါးမိနစ်လောက် ကြာတော့မှဖွင့်တယ်။ အမယ်မစုံလင်ပေမဲ့ ရှိသင့်ရှိထိုက်တာတွေတော့ ရှိပါတယ်။ စားနေတုန်း ဘေးဝိုင်းက တရုတ်ကလေး အမြွှာနှစ်ယောက်ရဲ့ ပန်းကန် ပြုတ်ကျပါလေရော။ အမေဖြစ်သူက ဖုန်းအပွတ်မပြတ် ခဏနေတော့မှ ကလေးတွေကို ဆူတယ်။ အမေလုပ်သူက ကလေးတွေစားတာ ဂရုမစိုက်ဘဲ ဖုန်းကိုပဲ ကလိနေတယ်လို့ အဖေက ဝေဖန်တယ်။ နေ့လည်စာ စားပြီးတော့ မိနစ် ၂၀ ဆယ်မိုင်အဝေးမှာရှိတဲ့ Ethel M Chocolate Factory ကို သွားလည်ကြပါတယ်။

Ethel M Chocolate Factory Garden

ချောကလက်စက်ရုံအပြင်ဖက်က ကန္တာရပန်းခြံမှာ ဓာတ်ပုံတွေရိုက်ကြတယ်။ ကန္တာရအပင် ဆူးပင်တွေ၊ မွဲခြောက်ခြောက် အပင်တွေဆိုတော့ ဓာတ်ပုံသိပ်မရိုက်ဖြစ်ဘူး။ ချောကလက်စက်ရုံက ညဖက်မှာ ချောကလက်တွေ ထုတ်လုပ်တာမို့ ချောကလက် ထုတ်လုပ်နေတာကို မတွေ့ခဲ့ရဘဲ စက်တွေပဲ တွေ့ခဲ့ရတယ်။ ဘာလို့ဒီကန္တာရမှာ ချောကလက်စက်ရုံ လာတည်ထားရတာလဲဆိုတော့ လာ့စ်ဗီးကပ်စ်မြို့က ကြယ်ငါးပွင့် ဟိုတယ်တွေ အတွက်ပါတဲ့။ အဖြူရောင်ကုတ်အင်္ကီျ၊ အဖြူရောင် ဦးထုပ်ဆောင်းထားတဲ့ ချောကလက်စက်ရုံလုပ်သားတချို့က လက်ပြနှုတ်ဆက်ကြတယ်။ အလကားဝေတဲ့ ချောကလက်နမူနာတွေစား၊ တချို့တွေက ဝယ်ကြတယ်။ ကိုယ်စားဖူးသမျှထဲမှာတော့ Lindt ချောကလက် ကြိုက်တယ်။ Lindt ထက်ကောင်းတဲ့ ချောကလက်ကို မစားဘူးတာလည်း နေပါလိမ့်မယ်။ ယူတာ့ Utah ပြည်နယ် စတိတ်ကယ်ပီတယ် State Capitol အဆောက်အဦးက စနေနေ့မို့လို့ တံခါးပိတ်ထားလို့ ကိုယ်တို့က သစ်ပင်ရိပ်အောက်မှာ ထိုင်နေကြတာ။ တရုတ်မတစ်ယောက်က တံခါးဖွင့်နေပြီလို့ ကိုယ်တို့ကို လှမ်းအသိပေးတယ်။ အဖေက အဲဒီတရုတ်မက ယဉ်ယဉ်ကျေးကျေးလေးတဲ့။

Los Angeles, CA

ဘူဖေးဆိုင်ကနေ တိုးကားဆီသွားတော့ တရုတ်ပြည်မှာ ကလေးတစ်ယောက်ပဲ မွေးခွင့်ရှိတာ မဟုတ်ဘူးလား။ အစ်မက ဘာလို့ကလေးနှစ်ယောက် ရှိတာလဲဟင်လို့မေးတော့ သူတို့က စင်္ကာပူရန်းတွေတဲ့။ ခု တရုတ်ပြည်မှာ အလုပ်လုပ်နေတာတဲ့။ သြော် ဒါကြောင့် သူ့သားအကြီးကောင်က အင်္ဂလိပ်စကားကို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်တာကိုး။ တိုးဂိုက်က ကမ္ဘာပေါ်မှာ အရှည်ဆုံးမြစ် ၉ ခုကို မေးတော့ နိုင်းမြစ်၊ အမေဇုန်ဖြစ်လောက်ပဲ မှတ်မိတော့တယ်။ သူ့သားအကြီးကောင်က မြစ် ၉ ခုလုံး သိတယ်။ သားသား ဘယ်ကျောင်းမှာ ဘယ်နှစ်တန်း တက်နေတာလဲလို့မေးတော့ အင်တာနယ်ရှင်နယ်ကျောင်း တက်နေတာတဲ့။ ကုမ္ဗဏီတူတဲ့ တိုးကားတွေဆုံတော့ တခြားကားက ဆန်ဖရန်စစ္စကိုမြို့ကို သွားမှာမို့ ဆန်ဖရန်ဆစ္စကိုမြို့ကို သွားချင်ရင် ၆၅ ကျပ်ပေးပြီး အဲဒီတိုးကားနဲ့ လိုက်နိုင်ပါတယ်တဲ့။ အဲဒီတရုတ်မတို့ မိသားစု ဆန်ဖရန်ဆစစ္စကိုကားကို ပြောင်းသွားတယ်။ မိုင် ၁၅၆၊ ၃ နာရီသာသာ မောင်းရတဲ့ Barstow မြို့က Tanger Outlet Center ကို ပို့ပေးတယ်။ အောက်လက်ဆိုတော့ အတော်တန်တယ် Coach၊ Tommy Hilifiger ဆိုင်တွေမှာဆို Q တန်းကြီးက အရှည်ကြီး။

Los Angeles, CA

တွန်မီမှာ အဖေ့အတွက် ဘောင်းဘီ၊ အမေ့အတွက် ဘောင်းဘီ၊ အိတ်၊ မောင်မောင်နဲ့ သူ့သူငယ်ချင်း ငယ်လေးအတွက် တီရှပ်ဝယ်ဖြစ်တယ်။ ကိုယ့်တူတော်မောင် မောင်မောင့်သားအတွက် အင်္ကီျရှာတော့ ပိုလိုသားချည်းပဲ တွေ့တယ်။ မြန်မာပြည်ရာသီဥတုနဲ့က ချည်သားနဲ့ပဲကောင်းတော့ မဝယ်ဖြစ်တော့ဘူး။ Kate Spade ဆိုင်ကိုဝင်ပြီး အမေ အိတ်တစ်လုံးရွေး အမေ့ကို အိတ်ကောင်းကောင်းတစ်လုံး ဝယ်ပေးချင်တာ။ စင်္ကာပူမှာအလုပ်ရတော့ အမေ့ကို ကန်တော့ထားတဲ့ Rota လား၊ Roma လား တံဆိပ်မမှတ်မိတော့တဲ့ ကျားသစ်ကွက် လက်ကိုင်အိတ်လေးကို အမေက ခုထိလွယ်နေတုန်း။ အဲဒီအိတ် ကိုင်နေတာ ခုနှစ်နစ်လောက်ရှိနေပြီ။ အမေက အိတ်တစ်လုံးရွေးပြီး ဘယ်လောက်လဲ သမီးလို့မေးတော့ မြန်မာငွေနဲ့ဆို တစ်သိန်းခွဲ။ ဟေ ... ဒါဆို မယူတော့ဘူး ဘယ်လိုပြောပြော ထိကိုမထိတော့ဘူး။ သူ့ကို ကိုင်စေချင်ရင် ဈေးကို ညာပြောရတယ်။ တစ်ခါတုန်းက အမေက မကြီး Loreal နှုတ်ခမ်းနီကို ဆိုးကြည့်ပြီး ဘယ်လောက်လဲသမီး၊ ငါးထောင်ဆိုတော့ ကြုံရင် အမေ့အတွက်ပါ ဝယ်ခဲ့တဲ့။ တစ်သောင်းကျော်ဆိုတာ သိလို့ကတော့ ဆိုးတော့မှာ မဟုတ်ဘူး။ မောင်မောင်က အမေ့သမီးတွေ ပြောတဲ့ဈေးနှုန်းကို မယုံနဲ့တဲ့။ အဖေက သမီးရေ အိတ်ကောင်းစရာ မလိုဘူး အိတ်ဖောင်းဖို့ပဲ လိုတာ၊ အိတ်ကောင်းပြီး အိတ်မဖောင်းရင် အလကားပဲလို့ပြောတော့ ရယ်လိုက်ရတာ။

Union Station, Los Angeles

ဗစ်တိုးရီးယားဘက်ခမ်းက အင်တာဗျူးတစ်ခုမှာ ပြောဖူးတယ် အမျိုးသမီးတစ်ယောက်မှာ မဖြစ်မနေ ရှိသင့်တဲ့ အဆင်တန်ဆာတွေက အိတ်ကောင်းကောင်းတစ်လုံး၊ ဖိနပ်ကောင်းကောင်းတစ်ရံ၊ ကုတ်အင်္ကီျတစ်ထည်ပါတဲ့။ တော်တော်များများက လူဝီဗွီတန်ကို ကြိုက်ကြပေမဲ့ ကိုယ်က မကြိုက်ဘူး။ လူတွေအများကြီးမှာ ရှိနေတာကို မကြိုက်တာ။ ကိုယ်က Collection တို့လို လူအများကြီး မဝယ်တဲ့ ပစ္စည်းမျိုးကိုမှ သဘောကျတာ။ အိတ်ကောင်းကောင်းလေးတစ်လုံး လိုချင်လို့ အိတ် expert ဖြစ်တဲ့ ဝိုင်းကို လျှော့ပင်းထွက်ဖို့ ခေါ်ရတယ်။ ဝိုင်းက အိတ်ခရေဇီ လူဝီဗွီတွန်လို ဈေးကြီးတာတွေကနေ Marc Jacobs ၊ Furla တို့လို ဈေးတအားမကြီးတဲ့ ဘရန်းအထိ အိတ်တော်တော်များများရှိတယ်။ ဒါပေမယ့် Tory Burch ၊ Michael Kors တို့ကိုတော့ မသိဘူး။ အီတလီကနေ နယူးယောက်ကို ပြောင်းလာတော့ အိတ်ကြီးပဲကို လက်ကေ့စ်ကတစ်လုံး။ အိတ်တွေကို တစ်လုံးပြီးတစ်လုံး ဝယ်ပေမဲ့ အင်္ကီျကျတော့ မဝယ်ဘူးရယ်။ ရှိတဲ့ လေးငါးစုံလောက်ကိုပဲ လှည့်ပတ်ဝတ်တယ်။ တစ်ယောက်တမျိုး ခရေဇီ။ ယူအန်ရုံးမို့ suit ပဲဝတ်ရတော့ အောက်ကအင်္ကီျအရောင်နဲ့ ပုဝါ၊ အိတ် တစ်ရောင်တည်း၊ အိတ်အမျိုးမျိုး လွယ်တာတဲ့။ အီတလီတွေက ဖက်ရှင်စိတ်ဝင်စားတော့ ဟန်ကျပေမယ့် ရုံးဝတ်စုံနဲ့ အားကစားဖိနပ်စီး၊ ဖက်ရှင်ကျဖို့ထက် သက်တောင့်သက်သာ ဖြစ်တာကို အလေးပေးတယ့် အမေရိကန်ကိုရောက်တော့ အိတ်တွေတောင် အကုန်မလွယ်ဖြစ်ဘူးဆိုပဲ။

My Salvatore Ferragamo ‌မိုင့် ဆေဗာတိုရေ ဖာရာဂမို

ကိုယ်ကတော့ အများကြီးရှိစရာ မလိုဘူး ကောင်းကောင်း တစ်ခု၊ နှစ်ခုရှိရင် ရပြီ။ ဆိုင်တော်တော်များများကို ပတ်ပြီးတဲ့အချိန်မှာ ကိုယ်သဘောကျတဲ့ အိတ်ကလေး သွားတွေ့တယ်။ ဒါပေမဲ့ လက်ပွေ့အိတ်ရယ်၊ အဖြူဖက်ကို နည်းနည်းသမ်းတယ့် cream ကာလာဖြစ်နေတာကြောင့် မကြိုက်ချင်ဘူး။ Fifth Avenue က ဆိုင်မှာတော့ ရှိလောက်တယ်ဆိုတော့ ချီတက်ကြတယ်။ အဲဒီမှာ လက်ပွေ့အိတ်သေးသေး၊ စလွယ်လည်း သိုင်းလို့ရ၊ အနက်ရောင်ဖြစ်တယ့် အိတ်ကလေးကို တော်တော်သဘောကျလို့ ဝယ်လိုက်တယ်။ ဆယ်ဗာတိုရေ ဖာရာဂါမို Salvatore Ferragamo ဘရန်း အီတလီနိုင်ငံ ဖလောရင့်မြို့ကပါတဲ့။ နာမည်ကို မထွက်တတ်လို့ ငါးခါလောက် ထွက်ယူရတယ်။ Sak Fifth Avenue မှာ သွားကြည့်သေးတယ်။ ဗလန်တီနို၊ စိန့်လော့ရင့်တို့ဘာတို့ညာတို့ Celine ကိုတော့ ကြိုက်သား။ ဆယ်ဗာတိုရေ ဖာရာဂါမိုထက် ဈေးနှစ်ဆများနေလို့ မဝယ်နိုင်ဘူး။ ဝိုင်းက ဆယ်ဗာတိုရေ ဖာရာဂါမိုဆိုတာ သူနှစ်သက်တဲ့ဘရန်း၊ သူနဲ့သူအစ်မမှာလည်း ရှိပါတယ်တဲ့။ အိတ်ဝယ်ပြီးတော့ ရှိုးထုတ်ချင်ပေမဲ့ ဘာပွဲမှလည်းမရှိတော့ Deuter ကျောပိုးအိတ်ပဲ လွယ်ဖြစ်နေတယ်။ လျှော့ပင်းချိန် ၂ နာရီပြည့်တော့ ကားပေါ်ကို တက်လာသူတိုင်း အထုပ်တွေကိုယ်စီနဲ့။

waiting flight to NYC at LAX

လော့အိမ်ဂျလစ်မြို့ကို မိုင် ၁၁၆ မိုင် ၂ နာရီသာသာ မောင်းရပါတယ်။ လော့အိမ်ဂျလစ်မြို့က ဆန်ဖရန်ဆစ္စကိုလောက် မိုးမျှော်တိုက်တွေ မရှိပေမဲ့ ရာသီဥတုက သာသာယာယာ။ မြို့ထဲမှာ ချပေးပြီး ရှယ်တယ်ဘတ်စ်နဲ့ လော့အိန်ဂျလစ်လေဆိပ် LAX ကို ပို့ပေးမှာဆိုတော့ တိုးဂိုက်ကို မေးကြည့်တယ်။ လေဆိပ်မှာ အေးရှန်းစာများ ရနိုင်မလားဆိုတော့ ခေါင်းခါပြတယ်။ မြို့လယ်မှာ အေးရှန်းစားသောက်ဆိုင်တွေ ရှိတယ် အဲဒီမှာစားသောက်ပြီးရင် ယူနီယမ်စတေးရှင်ကနေ လေဆိပ်ကို ရှယ်တယ်ဘတ်စ်ရှိတယ် တစ်ယောက်ကို ၈ ကျပ်လောက်ပဲ ပေးရတယ်တဲ့။ ထမင်းမစားရရင် မျက်နှာလေးတွေ ငယ်နေတတ်တဲ့ အဖေကြောင့် တိုးကားရှယ်တယ်နဲ့ မလိုက်တော့ဘူး။ ရှယ်တယ်ဒရိုင်ဘာကို ဒီအနီးအနားမှာ အေးရှန်းဆိုင်များ ရှိသလားမေးတော့ မသိဘူးတဲ့။ ဒါဆိုလည်း Yelp မှာ အေးရှန်းဆိုင်လို့ ရိုက်ထည့်ပြီး rating ကောင်းတဲ့ဆိုင်ကို ရွေးလိုက်တယ်။ ငါးမိနစ်လောက်ပဲ လျှောက်ရတယ် ဆိုင်လေးက ဟောင်းဟောင်းလေး လူတွေလည်း ရှိနေတယ်။ မီနူးကြည့်ပြီး fish ball soup ၊ ထမင်းနဲ့ ကြက်သားကင် မှာလိုက်တယ်။ ကြက်သားကင် စားကြည့်တော့ ကောင်းတယ် အမေ့အတွက် နောက်တစ်ပွဲထပ်မှာတယ်။ အရသာက တရုတ်ဆိုင်တွေလို မချိုဘူး မေးကြည့်တော့ ကမ္ဘောဒီးယားတွေတဲ့။ မနက်ဖြန်ကျရင် နယူးယောက်ကို ၆ နာရီလေယာဉ်စီးရမှာ နေ့လည်စာကို လေယာဉ်ပေါ်မှာပဲ စားရမှာမို့ နောက်ထပ်နှစ်ပွဲ ထပ်မှာလိုက်တယ်။

ကိုယ်တွေက ဘာမဆို စားနိုင်ပေမဲ့ အဖေတို့နဲ့ ခရီးသွားရင် ထမင်းဆိုင်ရှာရတာက အလုပ်တစ်ခု။ ကိုယ်က ရောက်တုန်းရောက်ခိုက် နှံ့စေချင်တယ် အဖေက နေပူတယ်၊ တော်ပြီ ညောင်းပြီဆိုပြီး ထိုင်နေတတ်တယ်။ ဆူနမ်တို့နဲ့ သွားရင်လည်း ဆူနမ်ကဝတော့ လမ်းအများကြီး မလျှောက်နိုင်၊ တနေရာရောက်တိုင်း အိမ်သာဝင်ရတာ အလုပ်တစ်ခု။ မကြီးနဲ့သွားရင် ဓာတ်ပုံတွေ အများကြီးရိုက်ပေးရတာက အလုပ်တစ်ခု။ ခရီးသွားဖော်ထဲမှာ ဝိုင်းနဲ့ ခရီးသွားရတာ အကောင်းဆုံး။ သူက ကိုယ့်ထက်တောင် တက်ကြွသေးတယ်။ ဂူဂယ်မတ်က ညွှန်တယ့်အတိုင်း လမ်းလျှောက်ပြီးတဲ့အခါ ယူနီယမ်စတေရှင်ကို မတွေ့လို့ ပန်းခြံထဲက အိုးမဲ့အိမ်မဲ့တွေကို မေးကြည့်တော့ နှစ်ဘလောက်တယ့်။ လော့အိန်ဂျလစ်မြို့လေးက ဝါရှင်တန်ဒီစီလို ရှေးဟောင်းအဆောက်အဦးတွေနဲ့ လှပတဲ့မြို့ကလေး။ ယူနီယမ်စတေရှင်းက ဝါရှင်တန်ဒီစီ ယူနီယမ်စတေရှင်းထက် ပိုကြီးတယ်။ ယူနီယမ်စတေးရှင် အဆုံးထိလျှောက်ပြီး ညာကွေ့တော့ ရှယ်တယ်ဘတ်စ် နေရာကိုတွေ့တယ်။ ခဏနေတော့ ရှယ်တယ်ဘတ်စ် ရောက်လာတယ်။ ဆင်းတဲ့သူတွေကုန်လို့ လက်ကေ့စ်အိတ်ကို ဝမ်းခေါင်းထဲကို ထည့်ပြီးချိန် လက်မှတ်ဆိုတော့ ဟင် ... ဘယ်မှာ လက်မှတ်ဝယ်ရမှာလဲ ဟိုမှာ။ လက်မှတ်ရုံမှာ လူတန်းကြီးက အရှည်ကြီး။ လက်မှတ်မရသေးရင် လက်ကေ့စ်ကို ထားခဲ့မယ်တဲ့။ သူမှန်းတယ့်အတိုင်းပါပဲ တက်တယ့်သူတွေ ကုန်သွားတယ့်အထိ လက်မှတ်က မဝယ်ရသေးတော့ လက်ကေ့စ်အိတ်ကို ချထားခဲ့တယ်။ စောင့်ပေတော့ နောက်တစ်စီး မိနစ် ၂၀ ။

Staten Island, New York 

တရုတ်တွေက လေဆိပ်ကိုတန်းသွား လေဆိပ်မှာပဲအိပ်ပြီး ညဉ့်နက်သန်းခေါင်၊ နောက်တစ်နေ့လေယာဉ်တွေကို စီးကြပေမဲ့ ကိုယ့်မိဘတွေက လူကြီးတွေဆိုတော့ အဲဒီလိုလုပ်လို့ မရဘူး။ မကြီးက ကိုယ်တို့ကို ဟောလိဝုဒ်ကိုသွားပြီး ဟောလိဝုဒ်ဆိုတာကြီးနဲ့ ဓာတ်ပုံရိုက်စေချင်တာ။ LA မှာက ယူနီဗာဆယ်စတူတီယိုရှိပေမဲ့ အဖေနဲ့အမေက ကြိုက်မှာမဟုတ်။ ကိုယ်ကလည်း စင်္ကာပူက ယူနီဗာဆယ်ကို ရောက်ဖူးပြီးသားဆိုတော့ LA မှာ နောက်ထပ်တစ်ရက်ထပ်နေပြီး လျှောက်မလည်ချင်တော့ဘူး။ ၇ ရက် ခရီးနဲ့တင် တော်တော်ပင်ပန်းနေပြီ။ အစတုန်းကတော့ ဥရောပကို ၁၄ ရက်၊ ၂၁ ရက် ခရီး ထွက်မယ်လို့ စိတ်ကူးထားတာ။ ကယ်လီဖိုးနီးယား ၇ ရက် ခရီးစဉ်ပြီးတော့ ဥရောပကို ၇ ရက် ခရီးပဲ ထွက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဖေတို့ကို အီတလီနဲ့ပြင်သစ်ကို အလည်ပို့ပေးမယ်လို့ စိတ်ကူးနေတာ ဒီလိုမျိုး ပေါင်မုန်၊ စပါတာကီတို့ကို မစားနိုင်ရင် ဘယ်လိုလုပ် ဥရောပကို သွားလည်မလဲ။ အိုး ... အေးရှန်းဆိုင်တွေ ရှိမှာပေါ့ ထမင်းပေါင်းအိုးသေးသေး၊ ဆန်တစ်ထုပ်၊ ငံပြာရည်ကြော်တွေ သယ်သွားမှာပေါ့။ အဖေက မန်ယူပရိတ်သတ်ဆိုတော့ အဖေ့ကို အိုးထရန်ဖို့ဒ်ကွင်းကြီးဆီ အလည်တစ်ခေါက်လောက် ပို့ပေးချင်တာ။ သမီးတွေ ပို့ပေးရင်တော့ ရောက်ရချည်သေးရဲ့။ သမီးတွေက ပို့ပေးဖြစ်မဖြစ်တော့မသိ အဖေ့ခမျာတော့ သမီးတွေ စကားနဲ့တင် ပီတိတွေဖြာလို့။

ရှယ်တယ်ဘတ်စ်က တာမင်နယ်တွေမှာ ချပေးတော့ တာမင်နယ် ၁ ကို ရွေးလိုက်တယ်။ ဆင်းတော့ တက္ကစီတစ်စီးမှ မရှိဘူး အမှန်ဆို တက္ကစီတန်းမှာ တက္ကစီတွေရှိနေရမှာ။ လေဆိပ်ဝန်ထမ်းလို့ ထင်ရတယ့်သူကို မေးကြည့်လိုက်တော့ တက္ကစီတွေက အောက်ထပ်မှာတဲ့။ LAX လေဆိပ်က တော်တော်ကြီးတာပဲ။ ခရီးသွားတဲ့သူ၊ ခရီးကပြန်လာတဲ့သူတွေနဲ့ ပျားပန်းခပ်မျှ များပြားလှတဲ့ လူအုပ်ကြီးကို ကြည့်ပြီးတော့ တောသားမြို့တက် အဖေ့မှာ အံ့တွေသြလို့။ ဒါတောင် အဖေက နိုင်ငံတော်တော်များများ ရောက်ဖူးတာနော်။ သူ ရောက်ဖူးတဲ့ နိုင်ငံတွေထဲမှာ ယူအက်စ်က အကြီးကျယ်ဆုံးပါတဲ့။ ဟာ ... ဒါဆို အဖေ ဒေါ်လာတစ်သောင်းငါးထောင် (သိန်းတစ်ရာငါးဆယ်) တန်သွားတာပေါ့။ ယူအက်စ်ကို မလာရင် ယူအက်စ်မှာကုန်မဲ့ သိန်း ၁၅၀ ကို ပို့ပေးလိုက်မယ်၊ ယူအက်စ်ကိုလာမလား၊ သိန်း ၁၅၀ ယူမလားမေးတော့ ယူအက်စ်ကိုပဲ လာချင်ပါသတဲ့။ တက္ကစီမောင်းသမားကို ပရင့်ထုတ်ထားတဲ့ စာရွက်ပေးလိုက်တော့ မဝေးပါဘူး မိနစ် ၂၀ လောက်ပဲတဲ့။ လေယာဉ်က မနက် ၇ နာရီခွဲဆိုတော့ ၆ နာရီလောက် ချက်ကင်ဝင်ရမှာ မနက် ၅ နာရီလောက် တက္ကစီကို ဘယ်လိုခေါ်ရမလဲမေးတော့ ဟိုတယ်ကနေ လေဆိပ်ကို ရှယ်တယ်ရှိပါတဲ့။ ဟိုတယ်က သိပ်မကောင်းဘူး အင်းဆိုတော့လေ ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး ညအိပ်ရုံပဲဟာ ဈေးသက်သာဖို့အဓိက။

One World Observatory, New York City

မနက် ၅ နာရီမှာ ရှယ်တယ် ရောက်လာတယ် ကိုယ်တို့မိသားစုနဲ့ အန်ကယ်ကြီးတစ်ယောက်။ တာမင်နယ်လည်းအတူတူပဲ United Airlines ဆိုတော့လေ။ အန်ကယ်ကြီးက ရှယ်တယ်မောင်းသမားကို တစ်ဖစ်ပေးနေတာကိုတွေ့လို့ ပိုက်ဆံအိတ်ထဲ ရှာကြည့်တော့ ၂၀ တန်တွေပဲရှိလို့ တစ်ဖစ်မပေးလိုက်ရဘူး။ နယူးယောက်ကနေ ဆန်ဖရန်စစ္စကို လာတုန်းက TSA free ၊ ဒီတစ်ခါတော့ TSA ဖရီးမဟုတ်တော့ ဖုန်း၊ ကင်မရာ၊ အိုင်ပတ်၊ နာရီ၊ သော့၊ ခါးပတ်၊ အိတ်၊ ဖိနပ်တွေကို ဗန်းထဲထည့်စစ်တယ်။ ဦးထုပ်၊ ဖိနပ် ချွှတ်ရတယ်။ လေဆိပ်ထဲက အဲယားကွန်းက အေးတတ်တော့ အနွေးထည်ဆောင်ရတယ်။ သုံးယောက်တစ်တန်းတည်း၊ ကိုယ့်ဘေးနားမှာက အမေရိကန်မလေး။ တတန်းနဲ့တတန်း ကျဉ်းကျဉ်းလေး။ ကျယ်ကျယ်ခုံဆိုရင် ၅၀၊ ၁၀၀ လောက် ထပ်ပေးရတယ်။ မနေ့ညက ကမ္ဘောဒီးယားဆိုင်က ဝယ်လာတယ့် ထမင်းတွေစား၊ အိပ်လိုက်၊ Mulan ကာတွန်းကားကြည့်လိုက်နဲ့ နယူးယောက်ကို သတ်မှတ်ထားချိန်အတိုင်း ရောက်တယ်။ အယ်မလေးဟဲ့ ... လော့အိန်ဂျလစ်ကနေ နယူးယောက်ကို မိုင် ၃၀၀၀ လေယာဉ် ၆ နာရီစီးရတုန်းက ခေါင်းမမူးဘူး သူ့ကား နာရီဝက်လောက် စီးရတာ ခေါင်းကို မူးထွက်သွားတာပဲ။ ကိုယ်တို့ နယူးယောက်ကို ပြန်ရောက်တယ့်နေ့က ဇူလှိုင် ၂ ရက်၊ တစ်ရက်နား၊ ဇူလှိုင် ၄ လွတ်လပ်ရေးနေ့ဆိုတော့ ဟတ်ဆန် Hudson မြစ်ပေါ်မှာ မီးရှူးမီးပန်းဖောက်တာတွေကို အဖေတို့ကို ပြချင်ပေမဲ့ ညနေ ၄ နာရီလောက်ကတည်းက နေရာဦး၊ လူတွေက အများကြီး၊ အိမ်သာသွားဖို့ခက်၊ ည ၉ နာရီခွဲမှ မီးရှူးမီးပန်းဖောက်တာဆိုတော့ လိုက်မပြတော့ဘူး။

အိမ်နားမှာ မီးရှူးမီးပန်းဖောက်တော့ နတ်ဆုက ကြောက်လို့ ကုတင်အောက်ကို ဝင်ပြေး၊ ဧည့်ခန်းမှာ အိပ်နေတဲ့ အဖေတို့ဆီကိုပြေး၊ တအီအီနဲ့ ကိုယ့်ပေါ်ကိုတက်လာ၊ အဖေက လက်ကေ့စ်အိတ်တွေနဲ့တား၊ ဒါလည်း မရဘူး အတင်းဝင်လာ နောက်တော့ ခွေးလည်းမော လူလည်းမောပြီး အိပ်ပျော်သွားကြတယ်။ အမေက နတ်စုကို နတ်စိတဲ့ နတ်စု Natsu ဆိုတာ ဂျပန်လို နွေလို့အဓိပ္ဗာယ်ရပါသတဲ့ Shiba မျိုး။ နတ်စုဟာ အတော်ကြောက်တတ်တဲ့ ခွေးမလေး အိမ်ထဲကနေ ဝုတ်ဝုတ်ဟောင်ရဲပေမဲ့ အပြင်ထွက်ရင် ခွေးသေးသေးကိုတောင် ကြောက်လို့ သခင်နား ကပ်နေတတ်တယ်။ ဇူလှိုင် ၅ မှာ ကိုယ့်မွေးစားအမေတို့ မိသားစုက ကထိန်သင်္ကန်းကပ်တာ ကိုယ်တို့ကိုဖိတ်တော့ သုံးပါးကျောင်းမှာ သင်္ကန်းသွားကပ်ဖြစ်သေးတယ်။ ဇူလှိုင် ၆ ရက်မှာတော့ အောက်မက်ဟန်တန် ဘက်ထရီ Battery ပန်းခြံကနေ စတေတန်အိုင်လန် Staten Island ဆီ ၂၄ နာရီ နာရီဝက်တစ်ခါ အလကား ပြေးဆွဲပေးတဲ့ စတေတန်အိုင်လန်ဖယ်ရီ စီးကြတယ်။ လစ်ဘာတီရုပ်တုနားကနေ ဖြတ်မဲ့ဖက်မှာဆို လူတွေကြိတ်ကြိတ်တိုး။ စတေတန်အိုင်လန်မှာ နာရီဝက်လောက်နား၊ ဖယ်ရီပြန်စီး၊ နယူးယောက်စတိတ်အိတ်ချိန်း၊ ၉ ၁၁ တုန်းက ကယ်ဆယ်ရေးစခန်းအဖြစ် သုံးခဲ့ကြတဲ့ စိန့်ပေါလ်ဘုရားရှိခိုးကျောင်း၊ ထရစ်နစ်တီ Trinity ဘုရာရှိးကျောင်းတွေကို လိုက်ပို့ဖြစ်တယ်။

သုံးပါးကျောင်းဆရာတော်ကို သင်္ကန်းကပ်

အဖေက သမီး နယူးယောက်မှာ တော်တော်နှံ့တာပဲတဲ့။ ကိုယ် မနှစ်က meet up အဖွဲ့တွေနဲ့ walking tour တွေ သွားထားတဲ့အကျိုး။ ဆူနမ်တို့နဲ့ မဟုတ်ဘဲ သွားတဲ့ခရီးစဉ်တွေအားလုံးက ဘတ်ဂျက်တိုးတွေနဲ့ သွားတာပါ။ တိုးခမှာ ကားခ၊ ဟိုတယ်ခပဲ ပါဝင်ပြီး ပြတိုက်၊ ဘာညာဝင်ကြေး၊ စားစရိတ်၊ တိုးဂိုက်ခ တနေ့ ၈ ကျပ်ကို သပ်သပ်ပေးရပါတယ်။ ခရီးစဉ်မတိုင်ခင် ကြိုရောက်ချင်တယ်၊ ခရီးစဉ်ပြီးဆုံးသွားပေမဲ့လည်း ဆက်နေချင်ရင် တည်းခိုဖို့ ဟိုတယ်တွေနဲ့ ဝက်ဆိုက်မှာ ချိတ်ပေးထားတော့ ဟိုတယ်တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။ ကိုယ်သွားတဲ့ခရီးကို ဘွတ်တယ့်လင့်ခ်က ဒီမှာပါ။

7 Day Yellowstone, East & South Rim Grand Canyon and Antelope Canyon Tour from San Francisco
TakeTours
LLTours
Seagull Holiday Tour

ကိုယ်တို့က ဆန်ဖရန်စစ္စကို တစ်ရက်စောရောက်ပြီး မြို့လယ်က ဟိုတယ်တစ်ခုမှာ တည်းပါတယ်။ကြယ်သုံးပွင့် ဆိုပေမဲ့လည်း မဆိုးဘူး နှစ်ယောက်ကုတင်ကို ၁၀၀ နဲ့ ၁၅၀ ကြားပေးရတယ်။ ပြီးတော့ တိုးစုရပ်နဲ့ မိနစ် ၂၀ လောက်ပဲဝေးတယ်။ အပြန် LA မှာ တညအိပ်တာက Comfort Inn မှာပါ လေဆိပ်နဲ့နီးပြီး ဈေးသက်သာတဲ့ အင်းဆိုပါတော့။ တိုးခက ၆၀၀၊ လေယာဉ်ခက ၄၀၀၊ ဂရမ်းကမ်ညမ်မှာ ဟယ်လီကော်ပတာစီးတာက ၁၈၀၊ တရက် ၈ ကျပ်နှုန်းနဲ့ ၇ ရက်တိုးဆိုတော့ တိုးဂိုက်ခ ၅၆၊ တက္ကစီခ၊ အစားသောက်၊ ဘာညာဝင်ကြေးတွေနဲ့ဆိုရင် ဒီ၇ရက်တိုးက တစ်ယောက် ၁၅၀၀ အထက်မှာပဲ ရှိမယ်ထင်တယ်။ နောက်တစ်ပတ် ရုံးပိတ်ရက်မှာတော့ အဖေ့တို့ကို ဘော်စတွန် လိုက်ပို့ဖြစ်ပါတယ်။ ဘော်စတွန်ကို ကိုယ်သုံးခေါက်ရောက်ဖူးပြီး ဘော်စတွန်သွားတောလားတွေ တင်ဖူးပေမဲ့ ကိုယ့်မိဘတွေနဲ့ အမှတ်တရခရီးစဉ်မို့ ထပ်တင်ပါဦးမယ်။ အဲ ... လာမယ်ကြာမယ်ဆိုပါတော့။

ခရီးတွေများများ သွားနိုင်ပါစေ ...
စန်းထွန်း
ဇန်နဝါရီ ၁၈၊ ၂၀၁၆။