ယူအက်စ်သွား တောလား - ၇

ဇွန် ၂၅ သောကြာနေ့ ခရီးစဉ်ရဲ့ ဒုတိယနေ့မှာတော့ သွားရောက်မယ့် နေရာကတော့ အိုင်ဒါဟိုပြည်နယ်ထဲက တံတားတစ်ခုနဲ့ ရေတံခွန်တစ်ခု။ အထက်ပိုင်းမှာ စတုရန်းပုံသဏ္ဌန်ရှိတဲ့ နဗာဒါးပြည်နယ်ရဲ့ အထက်ပိုင်းကနေ မိုင် ၅၆၅ မိုင် အရှေ့မြောက်ဖက်စူးစူးကို နေ့တဝက်လောက်နီးပါး မောင်းရတာပါ။ လမ်းတလျှောက် အိမ်တွေ၊ မြို့တွေလည်းမတွေ့ စိမ်းစိမ်းစိုစိုမရှိ သစ်ပင်တွေကလည်း လူတရပ်သာသာတောင်မရှိ မြေကဝါကျင်ကျင် လေကပူ နဗာဒါးပြည်နယ်ဟာ အင်မတန်ခေါင်တယ်။ နေ့လည် ၁ နာရီလောက်မှာတော့ နေ့လည်စာစားဖို့ ဓာတ်ဆီဆိုင်မှာ ရပ်ပေးပါတယ်။ ပေါင်မုန့်မစားနိုင်တဲ့ အဖေက သမီး သူများတွေ ခေါက်ဆွဲပြုတ် စားကြတယ်တဲ့။ ခေါက်ဆွဲပြုတ်ဘူးဝယ် ရေနွေးထည့် နှစ်မိနစ်လောက်ထား ခေါက်ဆွဲပြုတ်က ချဉ်ချဉ်စပ်စပ်ဆိုတော့ စားလို့ကောင်းသား။ ကြက်ဥပြုတ်၊ ငှက်ပျောသီး၊ ငှက်ပျောသီးခြောက်၊ ပေါက်ပေါက်ဆုပ်တွေ ဝယ်တယ်။ အဖေနဲ့ကျွန်မက ငှက်ပျောသီးကို အမြဲလိုလို စားပေမဲ့ အမေကိုတော့ တဝက်ပဲ‌ကျွှေးတယ်။ အမေ့မှာ သွေးချို၊ ဆီးချိုရှိတယ်။ ကျွန်မတို့ကသာ အစားအသောက်ဒုက္ခရောက်တာ ကျွန်မဘေးက တရုတ်သားအမိ၊ သားအဖ ၃ ယောက်က ဝက်ပေါင်ခြောက်လေးထုတ်၊ သံဗူးထဲက ပဲသီးလေးထုတ်ပြီး တနပ်စာ ပြီးလိုက်တာပဲ။

အိုင်ဒါဟိုပြည်နယ်ထဲကို ဝင်တာနဲ့ မျက်စိတဆုံး စိုက်ခင်းစိမ်းစိမ်း၊ ရေဖျန်းနေတဲ့ သံတိုင်းတွေ၊ ရိတ်သိမ်းထားတဲ့ ပြောင်းဖူးလိပ်တွေနဲ့ မြင်ကွင်းက လုံးဝပြောင်းသွားတယ်။ အိုင်ဒါဟိုပြည်နယ်က တောင်သူပြည်နယ် ပင်စင်စားတွေ အငြိမ်းစားယူသင့်တဲ့ ပြည်နယ်တွေထဲမှာ ပါဝင်ပါတယ်။ နဗားဒါးပြည်နယ်ထက်စာရင် အိုင်ဒါဟိုပြည်နယ်က စည်ကားသား။ Twin Falls မြို့က Perrine Memorial တံတားကို သွားလည်ကြပါတယ်။ ၁၉၂၇ မှာ တည်ဆောက်ခဲ့ပြီး အဲဒီအချိန်တုန်းကတော့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတံတားပေါ့။ ဟင်... ဒီတံတားလေးကိုများ တကူးတက လာကြည့်တယ်လို့ ထင်နေတုန်း မြစ်ထဲကို ငုံ့ကြည့်လိုက်တော့ လား...လား... မြစ်ရေက စိမ့်းလဲ့နေလိုက်တာများ။ ဒီမြစ်ထဲမှာ အပင်လေးတွေနဲ့ ဒီလိုစိမ်းလဲ့နေတဲ့ မြစ်ရေပြင်ရှိနေတာ မယုံနိုင်စရာဘဲ။ စပိဘုတ်၊ လှေလှော်တဲ့သူတွေ ရှိတယ်။ မြစ်အလှကို ကြာကြာမခံစားနိုင်ပါဘူး နေရိပ်ထဲကို ပြန်ပြေးရတယ်။ အန်းမစ်ချ်အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့သေးတယ်။ အန်းမစ်ချ်မှန်း သိသာစေတဲ့ ဆံပင်ကို ပိုက်အုပ်အဖြူလေး ဆောင်းထားတာရယ်၊ ပုံစံရိုးတဲ့ ဂါဝန်ရှည်ကြီး ဝတ်ထားထာရယ်၊ ဘာမိတ်ကပ်၊ ရတနာပစ္စည်းမှ မဝတ်ထားတာကြောင့်ပါ။ နောက်ထပ်တစ်နာရီလောက်မောင်းရင် အနောက်ဖက်က နိုင်အာဂရာရေတံခွန်လို့ တင်စားကြတဲ့ ရှိရှူန်း Shoshone ရေတံခွန်ကို ရောက်ပါတယ်။ နိုင်အာဂရာရေတံခွန်ထက် ၂၅ ပေမြင့်ပေမဲ့ ကြီးကျယ်ခမ်းနားမှုကတော့ နိုင်အာဂရာကို မမှီပါဘူး။ ရေတံခွန်ကနေ ရေအားလျှပ်စစ်ထုတ်ယူပါတယ်။ Shoshone အမေရိကန်အင်ဒီယန်းတွေ နေတိုင်တဲ့ဒေသလို့ ဆိုပေမဲ့ အမေရိကန်အင်ဒီယန်းတွေကို မတွေ့ခဲ့ပါဘူး။




ရေတံခွန်ကနေ တဝေါဝေါကျဆင်းနေတဲ့ ရေတွေဟာ မြစ်ထဲရောက်တော့ ငြိမ့်ငြိမ့်လေး စီးဆင်းနေပြန်တယ်။ မြစ်ဘေးတဖက်တချက်မှာ ကျောက်ဆောင်တွေပဲရှိပြီး ဘာအပင်မှ မရှိဘူး။ ဓာတ်ပုံရိုက်ပြီးတာနဲ့ အဖေတို့က သစ်ပင်ရိပ်မှာ ထိုင်နေတော့တာပဲ။ ဒီလောက်အဝေးကြီးကနေ လာပြီးမှ ထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ရောက်တုန်းရောက်ခိုက် ပေးထားတဲ့ နာရီဝက်၊ တနာရီအတွင်း နှံ့အောင်လည်ပါမှ တန်တာ။ အဖေတို့တော့ မလိုက်နိုင်တော့ဘူး သမီးဘာသာ သွားတဲ့။ ဗျုးပွို င့်ကို သွားပြီး ဓာတ်ပုံရိုက်။ နေကတအားပူတော့ သစ်ပင်ရိပ်မှာ ထိုင်နေတဲ့ အဖေတို့ဆီကို ပြန်ပြေးတော့တာပဲ။ ခရီးသွားတဲ့အခါ ဝိုင်းက တကယ့်ခရီးသွားကောင်းတစ်ယောက် သူ့လောက် တက်ကြွတာ မရှိဘူး။ နေ့လည်စာကို မြန်မြန်စားပြီး ဓာတ်ပုံပတ်ရိုက်နေတော့တာ။ တညနေလုံးမောင်းပြီး ည ၆ နာရီလောက်မှာတော့ ညနေစာစားဖို့ တရုတ်ဘူဖေးဆိုင်မှာ ရပ်ပေးပါတယ်။ အဖေတို့က ထမင်းဖြူ၊ သယ်လာတဲ့ ဗာလချောင်ကြော်နဲ့ စားလိုက်တော့မှ တင်းတိမ်တယ် နေသာထိုင်သာ ရှိပါသတဲ့။ နှစ်နပ်မှာ တစ်နပ်က ထမင်းစားရတော့ တော်သေးတာပေါ့တဲ့။ ကျွန်မ ခရီးသွားတဲ့အခါ ဒီလောက်အစားအသောက်ဒုက္ခ မကြုံခဲ့ဘူး။ အဖေတို့လည်း အာရှတစ်ခွင် ခရီးသွားနေတာ ဒီလိုအစားအသောက်ဒုက္ခ မကြုံဘူး။ အမေရိကန်ကျမှပဲ အစားအသောက်ဒုက္ခ ရောက်လိုက်တာ။ အဖေက ကျွန်မကို ချီးကျူးတယ် ဒီလောက်ဆိုးရွားတဲ့ အမေရိကန်စာကို စားနိုင်လို့တဲ့။ ကျောင်းမှာတုန်းကဆို အာဂျီရိုဆောင်က အစားအသောက်တွေ သိပ်ဆိုးတာ။ ဘယ်တော့မှ မပိန်တဲ့ကျွန်မ အမေရိကန် စရောက်ခါစ လေးပေါင်ကျတယ်။ စင်္ကာပူကိုပဲ ပြန်ပြေးချင်နေတော့တာပဲ။ နောက်တော့ ပြန်လို့မဖြစ်ပါဘူးလေ စမိတဲ့ဇာတ် ဆုံးအောင်ကရမှာပေါ့ဆိုပြီး ယတိပြတ်ဆုံးဖြတ်လိုက်မှပဲ ခံသာသွားတော့တယ်။




အာဂျီရိုဆောင်ကို ညနေစာ သွားမစားဘူး ခေါက်ဆွဲပြုတ်ကမှ ကောင်းသေးတယ်။ ကျွန်မအခန်းရှေ့က စီနီယာကိုလံဘီယာသူဆို အာဂျီရိုဆောင်ကို ဘယ်တော့မှ သွားမစားဘူး။ အခန်းထဲမှာပဲ ခိုးကြောင်ခိုးဝှက် ချက်ပြုတ်တယ်။ အခန်းထဲမှာ ချက်ပြုတ်ခွင့် မရှိဘူး။ မိရင် ဖိုင်း  ၅၀။ ကျွန်မက အဖေ၊ အမေတို့ကို ကျောင်းကဘွဲ့နှင်းသဘင် တက်စေချင်တာ။ ဘာဖြစ်လို့လဲဆိုတော့ အာဂျီရိုဆောင်က အစားအသောက်တွေကို စားဖူးစေချင်လို့။ ကျောင်းတက်တုန်းက ဘူဖေးကိုလည်း တပတ်မှ တခါတောင် အနိုင်နိုင်၊ တရုတ်ဘူဖေး၊ အိန္ဒိယဘူဖေး နှစ်ဘူးဝယ်ပြီး ဆူနမ်၊ ရာမား၊ မိုင်း၊ ကျွန်မတို့တွေ ဝေမျှစားခဲ့ရတယ်။ နှစ်ပတ်လောက်မှတစ်ခါ  ဘူဖေးသွားစားရင် ဝေသာလီပြည်ကို ဘီလူးဝင်စီးသလား ထင်ရတယ်။ ဘူဖေးဆိုင်ကတော့ ကျွန်မတို့လက်ချက်နဲ့ အရင်းပြုတ်လေမလားမသိ။ ဘူဖေးက ၁၀၊ ကျွန်မတို့က ၃၀ ဖိုးလောက် စားတာကိုး။ မက်ဒေါနယ်က မက်ချစ်ကန်း  ၂ ကျပ်တန်ပဲ စားနိုင်တယ်။ အဲဒီတုန်းက ငတ်နေတော့ တချိန်လုံး စားဖို့ပဲ တွေးနေတော့တာပဲ။ ခုတော့ ပုံမှန်ဝင်ငွေရှိပြီ ကျောင်းတက်တုန်းကလို ‌ချွှေတာစရာမလိုဘဲ စားချင်တာကို စားကြိုက်စားနိုင်ပေမဲ့ မစားနိုင်တော့ဘူး ထူးဆန်းပေစွ။ လူးပက်စ်ဖြစ်နေတော့ ပိုဆိုးတယ် လည်ချောင်းနာလို့ မစားနိုင် သားကြီးငါးကြီး အနံ့တွေကို မခံနိုင်။ စားနိုင်တာဆိုလို့ အသီးအနှံလောက်ပဲရှိတယ်။ အဖေက သမီးက အဖေတို့ မစားနိုင်တာကို ပြောနေတယ် သမီးကျတော့လည်း စားနိုင်လို့လားတဲ့ ဟုတ်သားပဲ။ ဘယ်အရာမဆို စားနိုင်တဲ့ အမေတောင် အစားအသောက် နည်းတယ်။




အဖေကတော့ ကြိုက်တယ်လို့ ဘယ်ရှိပါ့မလဲ သမီးရဲ့ အားရှိအောင် ဒီလိုပဲ ဖျစ်ညှစ်စားရတာပေါ့တဲ့။ ကျွန်မကတော့ ဘယ်လိုပဲဖျစ်ညှစ် စားကိုမစားဝင်တာ။ Mountain Time Zone ထဲမှာရှိတော့ ဆန်ဖရန်စစ္စကိုထက် တစ်နာရီ စောနေပြန်တယ်။ တိုးဂိုက်က မနက်ဖြန်က ဒီတိုးခရီးစဉ်ရဲ့ အရေးကြီးတဲ့နေ့ဖြစ်တယ် ကင်မရာ၊ အိုင်ပတ်၊ ဖုန်းတွေကို ဘက်ထရီအားသွင်းထားပါတဲ့။ ဇွန် ၂၆ စနေနေ့မှာ သွားရောက်လည်ပတ်မဲ့နေရာကတော့ ဝိုင်အိုမင်ပြည်နယ်ထဲက ရဲလိုးစတုန်းအမျိုးသားဥယျာဉ်ပါ။ 2012 ရုပ်ရှင်ကို ကြည့်ဖူးတဲ့သူတွေဆိုရင် ရဲလိုးစတုန်းအမျိုးသားဥယျာဉ်အကြောင်း သိကြမှာပါ။ ဝိုင်အိုမင်ပြည်နယ်ကတော့ ကောင်းဘွိုင်ဦးထုပ်၊ ကောင်းဘွိုင်ဘွတ်ဖိနပ်စီးပြီး နွားတွေ၊ ကျွှဲတွေ၊ သိုးတွေကို လိုက်ကျောင်းတဲ့ ကောင်းဘွိုင်ပြည်နယ်ဆိုပါတော့။ ဒါရိုက်တာအမ်းလီရဲ့ နာမည်ကျော် Brokeback Mountain ရုပ်ရှင်ထဲမှာ ဝိုင်အိုမင်းပြည်နယ်အလှကို မြင်တွေ့ရမှာပါ။ ရဲလိုးစတုန်းအမျိုးသားဥယျာဉ်ထဲကို ဝင်တာနဲ့ ကားတန်းကြီးက အရှည်ကြီး။ ထင်းရှူးပင်တွေက နေရာတိုင်းမှာ တကယ့်ကို သာယာလှပတဲ့ နေရာပါပဲ။ အမေရိကန်သမ္မတ သီဟိုဒိုရုစဗဲ့က အမျိုးသားဥယျာဉ်အဖြစ် စတင်လုပ်ဆောင်ခဲ့ပါတယ်။ တောမီးအကြီးအကျယ် လောင်ကျွှမ်းတာကို မီးသတ်သမားတွေ၊ လုပ်အားပေးတွေနဲ့ ငြိမ်းသတ်ခဲ့ပေမဲ့ မငြိမ်းနိုင်ဘဲ ပထမဆုံးနှင်းကျတဲ့အခါမှပဲ ငြိမ်းသွားပါသတဲ့။ မီးလောင်တုန်းက လဲပြိုနေတဲ့ ထင်းရှူးပင်တွေကို ဒီအတိုင်းပဲ ထားပါတယ်။ ရဲလိုးစတုန်း အမျိုးသားဥယျာဉ်မှာ ငါးမျှားချင်ရင် ငါးမျှားခွင့်ပါမစ် ဝယ်ယူပြီး ငါးမျှားလို့ရပေမဲ့ ငါးမိရင် ကင်ချက်စားခွင့် မရှိဘဲ ငါးနဲ့ ဓာတ်ပုံရိုက်ချင်ရိုက် ပြီးတော့ ပြန်လွှတ်ရပါတယ်တဲ့။ အမျိုးသားဥယျာဉ်ထဲ လက်နက်တွေနဲ့ ဝင်ခွင့် မရှိပါဘူး။ ဓာတ်ပုံတွေ များသွားလို့ နောက်အပိုင်းမှာမှ ဆက်ပါဦးမယ်။

စန်းထွန်း
သြဂုတ် ၃၁၊ ၂၀၁၅။

ယူအက်စ်သွား တောလား - ၆

ဇူလှိုင် ၂၅ သောကြာနေ့မနက် ၇ နာရီမှာ Whitcomb မှာ ချက်အောက်လုပ်၊ ဟိုတယ်ဘေးနားက စတားဘာ့ခ်မှာ ဗင်နီလာလက်တေးနဲ့ မုန့်၊ ငှက်ပျောသီး၊ သစ်သီးဖျော်ရည်ဘူးတွေဝယ်။ မနက်စာအဖြစ် မနေ့ညက ယိုးဒယားဆိုင်ကနေ ဝယ်လာတဲ့ ကော်ပြန့်လိပ် တကိုက်၊ ဗင်နီလာလက်တေး တကျိုက်သောက်လိုက်။ အဖေတို့က စတားဘာ့ခ်က မုန့်တွေကို ကြိ ုက်တယ် သိပ်မချိုလို့။ အစိမ်းရောင်ဖျော်ရည်ဘူးကတော့ စိမ်းရွှေရွှေနံ့ရလို့ မသောက်နိုင်ဘူး လွှင့်ပစ်လိုက်ရတယ်။ ဟိုတယ်အဝမှာ တက္ကစီငှားဖို့ စောင့်နေတုန်း ကားသန့်သန့်ခန့်ခန့်တစီး လာရပ်တယ်။ ဘယ်သွားမလဲမေးတော့ Fisherman Wharf ကို ၂၀ ပဲ ပေးပါဆိုတော့ စီးဖြစ်သွားတယ်။ သူ့ကားကြီးက အကောင်းစားဆိုတော့ ဈေးကြီးမယ်လို့ ထင်နေတာ။ Fisherman Wharf ကို ဆယ့်ငါးမိနစ်လောက်ပဲ မောင်းရတယ်။ တောင်ကုန်းလေးတွေ၊ ဆီအုန်းပင်နဲ့တူတဲ့ အပင်တွေ၊ ပင်လယ်ကမ်းခြေနဲ့ဆိုတော့  ဆန်ဖရန်စစ္စကိုက နေချင့်စဖွယ် သာယာသား။ ဘယ်သူ့မှလဲ မတွေ့တော့ စက်ဘီးငှားတဲ့ကောင်တာက ကလေးမလေးကို မေးကြည့်တော့ Red & White Fleet ဒီနေရာ သေချာပါတယ်တဲ့။ ပင်လယ်ကမ်းခြေနားကို တပတ်လျှောက်ကြည့်ကြတယ်။ စင်ယော်တွေက သိမ်းငှက်နီးပါးလောက်တောင် ရှိတယ်။ ဟိုနားမှာ လက်ကေ့စ်အိတ်တွေနဲ့ တဖွဲ့တွေ့တယ် ကျွန်မတို့နဲ့ တကားတည်းများ ဖြစ်မလားမသိဘူး။ ၉  နာရီ ကျော်ကျော်လေးမှာ အဝါရောင်တိုးကားကြီး ရောက်လာတော့ တိုးဂိုက်ကို မေးကြည့်တော့ ကျွန်မတို့စီးရမဲ့တိုးကား၊ သူက ကျွန်မတို့တိုးဂိုက် လက်စလီတဲ့။

ဟိုတယ်ထဲမှာ ဓာတ်ပုံရိုက်နေတုန်း ခပ်ချောချော၊ သဘောကောင်းတဲ့ အမေရိကန်မလေးက ရိုက်ပေးခဲ့ပါတယ်

နေ့လည်စာစားပြီး ၁၀ နာရီခွဲမှာ ဒီမှာပြန်ဆုံမယ်တဲ့။ ဗိုက်မဆာသေးပေမဲ့ နေ့လည်စာဝယ်ဖို့ လိုက်ကြည့်တော့ ချောင်ဒါ chowder လို့ခေါ်တဲ့ ခပ်ပျစ်ပျစ်ဟင်းရည်ကို ပေါင်မုန့်ထဲ ထည့်ထားတဲ့ဟာကို ဝယ်ကြတာတွေ့လို့ လိုက်ဝယ်တယ်။ နောက် လော့စတာအစိမ်းကို သံပုရာသီးညှစ်ပြီး စားရတာ။ chowder ကို ဘယ်သူမှ မစားနိုင်ဘူး။ ကမ်းခြေတလျှောက် လျှောက်ကြည့်တော့ အဖေက သမီးရေ ဒါ ရေငုပ်သင်္ဘောနဲ့တူတယ်တဲ့။ ဟုတ်ပါ့ ဖတ်ကြည့်တော့ ရေငုပ်သင်္ဘောတဲ့။ ရေငုပ်သင်္ဘောက တည်ဆောက်ပုံက ရိုးရိုးသင်္ဘောတွေနဲ့ မတူဘူး လုံးလုံးကြီး။ အထဲမှာ ရေဒီယိုခန်း၊ သင်္ဘောသားတွေ နေတဲ့အခန်း၊ ဗုံးတွေထားတဲ့အခန်း။ ယောကျာ်း ၄၂ ယောက်၊ ရက် ၉၀၊ ရေတရက်မှ မချိုးရ 42 Men 90 days No bath။ အယ်ဘနေမြို့ကို သွားတုန်းက တွေ့ခဲ့တဲ့ USS ဖျက်သင်္ဘောက ရေငုပ်သင်္ဘောတွေကို ဖျက်ဆီးတာ။ ရေငုပ်သင်္ဘောရှိတယ်လို့ မသင်္ကာရင် ရေအနက်ဘယ်လောက်မှာ ပေါက်ကွဲဆိုပြီး ပစ်ချလိုက်ရင် အဲဒီဗုံးတွေက သတ်မှတ်ထားတဲ့ ရေအနက်ရောက်ရင် ပေါက်ကွဲတော့တာပဲ။ ကျွန်မ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေထဲမှာ  ရေငုပ်သင်္ဘောပါတယ်။ ၁၀ နာရီခွဲတော့ ဆန်စဖန်စစ္စကိုဘေခရူစီးဖို့ တန်းစီပါတယ်။ ဆန်ဖရန်စစ္စကိုမြို့ကို ဖြတ်ကျော်ပြီး ဂိုးဒင်းဂိတ်တံတားအောက်ခြေကနေ တပတ်ပြန်ပတ်မောင်းတဲ့ ခရူသင်္ဘောပေါ်ကနေ မြင်ရတဲ့ ဆန်ဖရန်စစ္စကိုမြို့၊ ဂိုးဒင်းဂိတ်တံတား ရှုခင်းအင်မတန်လှတယ်။ တံတားအလယ်ခေါင်မှာ မြူတွေရစ်ဆိုင်းနေလို့ မြူတွေကြားတွေထဲက အနီရောင်တံတားကြီး ထွက်လာတာ ပန်းချီကားတစ်ချပ်လိုပဲ။


San Francisco Bay Cruise စီးဖို့စောင့်ဆိုင်းနေစဉ်
ရေငုပ်သင်္ဘော


တံတားပေါ်ကို ဖြတ်ကျော်ပြီး တဖက်ခြမ်းကဗျုးပွိုင့်မှာ ဓာတ်ပုံရိုက်ဖို့ ရပ်ပေးပါတယ်။ ပထမဆုံးနေ့မှာ ဒုတိယအဖြစ် သွားရောက်မယ့်နေရာကတော့ ဆန်ဖရန်စစ္စကိုနဲ့ ဆန်ဂရန်မန်တိုမြို့ကြားက နေပါဗယ်လီ Napa Valley ဝိုင်တွေထုတ်လုပ်တဲ့ အရပ်ပါ။ ဆန်ဂရန်မန်တိုက ကယ်လီဖိုးနီးယားရဲ့မြို့တော်ပေမဲ့ ဆန်ဖရန်စစ္စကို ပိုကြီးတယ်။ နေပါဗယ်လီအရပ် ရောက်တာနဲ့ မြင်ရတာက မျက်စိတဆုံး အတန်းလိုက် စနစ်တကျစိုက်ထားတဲ့ စပျစ်ခြံစိုက်ခင်းတွေပါ။ မြေအနီရောင်မှာ စပျစ်စိုက်ခင်း စိမ်းစိမ်းလေးတွေကို အတန်းလိုက် မြင်ရတာ သီပေါ၊ ကလောတို့ဖက် ရောက်နေသလိုပဲ။ နေပါဗယ်လီ ဝိုင်တွေက နာမည်ကြီးတယ်။ ဆူနမ်တို့ အိမ်မှာတုန်းက ကျွန်မတို့တွေ ပါတီပွဲ ကျင်းပဖို့ ဝိုင်ဝယ်မယ်ဆိုရင် နေပါဗယ်လီထွက် ဝိုင်တွေပဲဝယ်တယ်။ ဈေးချိုသလို အရသာလည်း မဆိုးဘူး။ ဆိုင်တဆိုင်မှာ ဝိုင်မြည်းကြတော့ အမေက ဒီဝိုင်တော်တော်ကောင်းတာပဲတဲ့။ လေယာဉ်ပေါ်မှာ သူများတွေ ဝိုင်သောက်လို့ မှာသောက်တာ ခါးလိုက်တာတဲ့။ နောက်တစ်ခေါက် တန်းစီမလားဆိုတော့ မစီတော့ပါဘူး။ ဆိုင်အနောက်ဖက်က ပန်းခြံလေးမှာ ဓာတ်ပုံရိုက်ကြတယ်။ နေ့လည်ဆိုတော့ နေရှိန်ပြင်းတယ်။ ပထမဆုံးနေ့မှာ နောက်ဆုံးသွားရောက်မယ့်နေရာက တာဟိုးရေကန် Lake Tahoe ပါ။ ဆန်ဖရန်စစ္စကိုကနေ မိုင် ၂၂၅ မိုင်ဝေးပြီး ကယ်လီဖိုးနီးယားနဲ့ နဗားဒါး Nevada ပြည်နယ်ကြားမှာ ရှိပါတယ်။ လိတ်ခ်တာဟိုးဆိုတာကို ပထမဆုံးကြားဖူးခဲ့တာက ၂၀၁၃ ဒီဇင်ဘာ ၈ ရက် မေရီလန်းကနေ နယူးယောက်ကို ပြောင်းလာတဲ့နေ့ ဘတ်စ်ကားမှာ အတူတူထိုင်တဲ့ အဘွားကြီးက မလေးရှားတရုတ်မ။ သူရောက်ဖူးတဲ့ နိုင်ငံတွေအကြောင်း မေးမြန်းတော့ အာဖရိကနိုင်ငံတွေကလွဲလို့ နိုင်ငံတော်တော်များများ ရောက်ဖူးတယ် မက်ဒါကာစကာတောင် ရောက်ဖူးတယ်။


ဆန်ဖရန်စစ္စကို အမှတ်အသား ဂိုးဒင်းဂိတ်တံတား


အီဂျစ်၊ ဆီးရီးယားလည်း ရောက်ဖူးတယ်။ အမေရိကန်ဗီဇာက ၁၀ နှစ်ရလို့ လေယာဉ်ခတွေ ဈေးချချိန်ကိုစောင့်ပြီး ကြိုတင်ဘွတ်ကင်လုပ်။ သူတို့အဘွားကြီး ၃ ယောက် အမေရိကန်ကို နှစ်တိုင်းလာလည်နေတာ ဒီနှစ်တော့ အရှေ့ဖက်ခြမ်းကို လာလည်တာတဲ့။ အနောက်ဖက်ခြမ်းက ရောက်ဖူးတဲ့နေရာတွေထဲမှာ ဘယ်နေရာကို အကြိုက်ဆုံးလည်းမေးတော့ လိတ်တာဟိုးတဲ့။ မြို့လေးက သေးသေးလေး ဒါပေမဲ့ လိတ်တာဟိုးရေကန်ဘေးမှာ တညအိပ်ခဲ့ရတာကို သူသဘောအကျဆုံးတဲ့။ လိတ်တာဟိုးရေကန်နား ရောက်လာတာနဲ့ ထင်းရှူးတောတွေ မြင်ရတယ်။ လေမှာတောင် ထင်းရှူးနံ့ရတယ်လို့ ခံစားမိတယ်။ လိတ်တာဟိုးက အင်မတန် သာယာပါတယ် ရေကလည်း ကြည်လင်ပြာလဲ့နေတာများ အောက်ခြေက ကျောက်စရစ်ခဲတွေ ငါးသေးသေးလေးတွေကို မြင်ရတယ်။ အမေက အင်းလေးကန်က ပိုကြီးတယ်တဲ့။ ငါးမျှား၊ စပိတ်ဘုတ်စီး၊ ကနူးလှေလှော်ဖို့ သိပ်ကောင်းတဲ့နေရာ။ ဆောင်းရာသီဆိုရင်လည်း စကိတ်၊ စနိုးဘုတ်တင်းတို့ စီးလို့ကောင်းမယ့်နေရာ။ ၁ နာရီလောက်ပဲ အချိန်ရတော့ လိတ်တာဟိုးမှာ နာရီဝက်လောက်ပဲနေပြီး Safeway မှာ ဈေးဝယ်ကြတယ်။ တိုးဂိုက်က ဟိုတယ်မှာ မနက်စာ မ‌ကျွှေးဘူး မနက်စာကို ဝယ်ထားလို့ မှာထားတယ်။ အဖေက ကြက်ကြော်စားချင်တယ်ဆိုလို့ ဝယ်လိုက်တာ ငန်လို့တဲ့ မစားနိုင်ဘူး။ သူက စင်္ကာပူက KFC လို ကောင်းမယ်လို့ ထင်တာကိုး။ ရေမှတ်ပြီး ဝယ်လိုက်တာ အချိုရည်ဘူးတွေ ဖြစ်နေတယ်။ ချယ်ရီသီး၊ ငှက်ပျောသီး၊ ပန်းသီး အသီးအနှံကတော့ များများဝယ်ထားရတယ်။ ဒီနေ့ညအိပ်မဲ့နေရာက နဗားဒါးပြည်နယ် ရီနိုမြို့က Sands Regency Reno ဟိုတယ်ပါ။ ဟော်တယ်က အကြီးကြီး ကာဆီနိုတွေရှိတယ်။


Napa Valley နာမည်ကျော်ဝိုင်တွေထွက်တဲ့ နေပါဗယ်လီ


အခန်းထဲ ပစ္စည်းချ၊ ရေမိုးချိုးပြီး ဘူဖေးစားဖို့ သွားတော့ ၉  နာရီဆို ပိတ်ပြီတဲ့။ အေးရှန်းဆိုင်စားချင်လို့ ဘယ်မှာရနိုင်မလဲဆိုတော့ နာရီဝက်လောက် တက္ကစီငှားစီးသွားရင်တော့ ၂၄ နာရီလုံးဖွင့်တဲ့ အေးရှန်းဆိုင် ရှိတယ်တဲ့။ အစားတလုတ်အတွက် အဲဒီလောက် အချိန်မပေးချင်၊ ပင်ပန်းလို့ အိပ်ချင်နေပြီဆိုတော့ အောက်ထပ်က မက်ဆီကန်ဆိုင်မှာပဲ ထမင်းနဲ့တူတဲ့ဟာ ဝယ်လိုက်တယ်။ ထမင်းကလည်း လုံးတီးဆန် မာလို့မစားနိုင်ဘူး။ ပဲမကြိုက် ကြက်သားကလည်း မဆလာတွေနဲ့ဆိုတော့ ဘယ်လိုမှာ မစားနိုင်ဘူး။ ငှက်ပျောသီးစားပြီး ဗိုက်ဖြည့်ရတယ်။ အင်း ... အမေရိကားမှာ ခရီးသွားတဲ့အခါ အစားအသောက် တော်တော်ဒုက္ခရောက်တာပဲ။ ငံပြာရည်ကြော်ယူလာပေမဲ့ ထမင်းမရှိတော့ စားလို့မရ။ နောက်ဆို ခရီးသွားရင် ထမင်းပေါင်းအိုးသေးသေး၊ ဆန်ထုပ်ပါ ယူသွားရမယ့်ပုံ။ တောင်တွေ ပတ်လည်ဝိုင်းနေပေမဲ့ မြေပြန့်မှာရှိတဲ့ ရီနိုမြို့လေးဟာ သဲကန္တာရနဲ့နီးတော့ ပူလောင်အိုက်စပ်တယ်။ နဗားဒါးပြည်နယ်ရဲ့ ဟိုတယ်တိုင်းမှာ ကာဆီနိုရှိသလိုပဲ။ ဆန်ဖရန်စစ္စကိုနဲ့ လိတ်တာဟိုးကို သဘောကျတယ်။ အနောက်ဖက်သို့ ခရီးသွားခြင်း ဒုတိယနေ့မှာတော့ ဘယ်ပြည်နယ်ကိုများ ခရီးဆန့်မှာပါလိမ့်။

စန်းထွန်း
သြဂုတ် ၂၆၊ ၂၀၁၅။

လိတ်တာဟိုး နဗားဒါးပြည်နယ်

ယူအက်စ်သွား တောလား - ၅

နေ့လည် ၁ နာရီ လက်မှတ်ဆိုပေမဲ့ နေ့လည် ၁၁ နာရီလောက်ကတည်း  အိမ်ကထွက်ပါတယ်။ နယူးယော့ခ်ကာ မဟုတ်တော့ လမ်းမြန်မြန် မလျှောက်နိုင်ဘူးကိုး။ လစ်ဘာတီဖယ်ရီဂိတ်မှာလည်း လူတွေကြိတ်ကြိတ်တိုးနေတာပဲ။ အွန်လိုင်းကနေဝယ်ထားတဲ့ အီးတစ်ကဒ်နဲ့ လက်မှတ်သွားထုတ်၊ Reserved Line ဆိုတော့ အကြာကြီး တန်းစီစရာ မလိုဘူး၊ လုံခြုံရေးစစ်တာကတော့ လေဆိပ်မှာလိုပဲ အိုင်ပတ်၊ ကင်မရာ၊ ဖုန်း၊ သော့၊ ခါးပတ် အကုန်ဗန်းထဲထည့်ပြီး စကန်ဖတ်တယ်။ ဖိနပ်ချွှတ်ရလား မမှတ်မိတော့ဘူး။ သင်္ဘောက လူ ၃၀၀ လောက် ဆန့်တယ်လို့ထင်ပါတယ်။ လွတ်လပ်ရေးရတဲ့အထိမ်းအမှတ်အဖြစ် ပြင်သစ်ကနေ အမေရိကန်ကို ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးအပ်တာပါ။ နှစ်ပေါင်း ၁၀၀ ကျော်ပြီ ခုတော့ နယူးယော့ခ်ရဲ့ အမှတ်အသားပေါ့။ ရောက်တာနဲ့ သစ်ပင်ရိပ်မှာထိုင်ပြီး အမောဖြေကြတယ်။ သူများတွေ လီမွန်နိတ်သောက်နေတာတွေလို့ ဝယ်သောက်တာ ကောင်းသား။ သားအဖနှစ်ယောက် စကားကောင်းနေကြတုန်း အမေက လျှောက်ကြည့်နေတယ်။ နိုင်အာဂရာတုန်းကို စွတ်သွားမလားထင်တာ မသွားဘူး။ လစ်ဘာတီရုပ်တု၊ နယူးယော့ခ်စကိုင်းလိုင်းနဲ့ ဓာတ်ပုံရိုက်တယ်။ အထပ်ကို တက်လို့ရတယ် သမီးတခါမှ မတက်ဖူးဘူး တက်ရအောင်။ အိတ်၊ မုန့် ဘာမှသယ်လို့မရဘူး လော့ကာထဲမှာ တနာရီ ၂ ကျပ်နှုန်းနဲ့ အပ်ရတယ်။ အောက်ခြေကလည်း ထုထည်တော်တော်ကြီးတာပဲ။

ဓာတ်လှေကားစောင့်နေတာကြာလို့ အပေါ်ထပ်ကို ၁၀ မိနစ်တဲ့ လှေကားနဲ့ပဲ တက်ရအောင်။ အမ်မလေး .... ဘယ်ကသာ ၁၀ မိနစ် ကမှာလဲ မိနစ် ၂၀ လောက် တက်လိုက်ရတယ်။ မြင့်လိုက်တာ ၅ ထပ်လို့သာဆိုတယ် ကွန်ထရပ်တိုက် ၁၀ ထပ်လောက် မြင့်တယ်။ လူလိမ်တွေ၊ လူညာတွေ ၁၀ မိနစ်လို့ ညာတယ်။ အပေါ်ထပ်ကနေ မြင်ကွင်းက တော်တော်လှတယ်။ နေရာကျဉ်းကျဉ်းလေးမှာ ကိုယ့်ကိုယို့ပေး၊ ကပ်ပေးပြီး ရှောင်ရှားရတယ်။ အပေါ်ကိုတက်မှ ထုထည်ဘယ်လောက် ကြီးမားမှန်း သိတယ်။ လစ်ဘာတီရုပ်တုမှာ ခေါင်းအထိ တက်လို့ရတယ် ဓာတ်လှေကားနဲ့တော့ မဟုတ်ဘူး လှေကားထစ်တွေနင်းပြီး တက်ရမှာ။ လစ်ဘာတုရုပ်တုအောက်ခြေကိုတောင် ဒီလောက်တက်ရတာ ခေါင်းအထိ ဆိုရင်တော့ ဟမ်မလေး ... မတက်တော့ပါဘူး။ ဗိုက်ဆာလာလို့ အဲဒီမှာပဲ နေ့လည်စာ စားဖြစ်တယ် အမေရိကန်စာပေမဲ့ အဖေတို့ စားနိုင်သားပဲ။ ပြန်ဖို့ Q တန်းကြီးက အရှည်ပြီး ၁၀၊ ၁၅ မိနစ်လောက်ပဲ စောင့်ရပါတယ်။ Ellis Island ကို ဝင်ကပ်ပါတယ် အဖေတို့ ဥရောပကလူတွေ အမေရိကန်ကို ရွှေ့ပြောင်းလာတော့ ဂရင်းကဒ်ထုတ်ပေးတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးက အဲလစ်အိုင်လန်မှာပေါ့။ တက်ကြည့်ကြဦးမလား တော်ပြီ ညောင်းတယ် အရေးကြီးတဲ့ လစ်ဘာတီကို ရောက်ပြီးပြီပဲ။ ပင်ပန်းလို့ ရထားပေါ်မှာ အိပ်လိုက်ကြတာ။ ဇူလှိုင် ၂၃ အင်္ဂါနေ့မှာတော့ ဘွဲ့ဓာတ်ပုံသွားရိုက်ကြတယ်။ နောက်နှစ်ရက်မှာသွားမယ့် ကယ်လီဖိုးနီးယားခရီစဉ်အတွက် စထွက်မယ့် ဆန်ဖရန်စစ္စကိုမြို့ အပူချိန်ကိုကြည့်တော့ ၆၀ ဖာရင်ဟိုက် ကျော်ကျော်လေးပဲ ရှိပါလား။ နယူးယော့ခ်ထက်တောင် အေးနေသေးတယ်။




မဖြစ်ဘူး ဘွတ်ဖိနပ်နဲ့ အနွေးထည် ဝယ်ရမယ်။ ဘွဲ့ဓာတ်ပုံရိုက်ပြီးတော့ Skechers မှာ ဘွတ်ဖိနပ်ဝယ်၊ အမေ့ဖိနပ်ကိုကြိုက်လို့ ကျွန်မပါ လိုက်ဝယ်။ အနွေးထည်အတွက် ၃၄ လမ်းက မေစီစတိုးမှာရှာတော့ ၄ ထပ်ညွှန်လိုက်၊ ၆ ထပ်ညွှန်လိုက်နဲ့၊ နွေရာသီဆိုတော့ အနွေးထည်က သိပ်မရှိဘူး။ ၄၂ လမ်းနဲ့ Fifth Avenue အမှတ်ငါးလမ်းမကြီးက Zara ဇာရာမှာ အဖေ့အတွက် အနွေးထည်၊ အမေ့အတွက် အနွေးထည်၊ ကျွန်မရဲ့ ဦးထုပ်ကားကားကြီးကို ဆောင်းနေရတဲ့ အဖေ့အတွက် ဦးထုပ်တစ်လုံးဝယ်တယ်။ ကိုင်း .... အနောက်ဖက်သို့ ၇ ရက်ခရီးအတွက် ရယ်ဒီ။ အဖေက အစားအသောက် ဒုက္ခတွေ့လို့ ဗာလချောင်ကြော် ၊ ပုဇွန်ငံပြာရည်ကြော်တစ်ဗူး ယူသွားမယ်တဲ့။ ပိုက်ဆံတော်တော်ကုန်မယ့်ခရီးမို့လို့ အဖေတို့က မသွားချင်ပေမယ့် အားလုံးစီစဉ်ထားပြီးတာက တစ်ချက်၊ မနှစ်က ဆူနမ်တို့မိဘတွေ ဘွဲ့နှင်းအတွက်လာတော့ ဆူနမ်က သူ့မိဘတွေကို ဂရမ်းကမ်ညမ်၊ လာ့စ်ဗီးဂတ်စ်တွေကို ပို့တော့ အနောက်ဖက်ကို တခေါက်မှ မရောက်ဖူးတဲ့ ကျွန်မက အရမ်းသွားချင်တယ်။ မကြာသေးခင်ကမှ ဝိုင်းအစ်မနှစ်ယောက် ယူအက်စ်ကို လာလည်လို့ ကယ်လီဖိုးနီးယားဖက်ကို တပတ်ခရီးထွက်ထားတော့ အနောက်ဖက်ခြမ်းကို သွားလည်ရအောင်လို့ပြောရင် ဝိုင်းက လိုက်မှာမဟုတ်။ မိဘတွေနဲ့မှ မဟုတ်ရင် ကယ်လီဖိုးနီးယားဖက်ကို ရောက်မယ့်ကိန်း မမြင်တော့ သွားဖို့အတင်းစီစဉ်ထားရတာမလား။ ဇွန် ၂၄ နယူးယော့ခ်ကနေ ဆန်ဖရန်စစကိုဆီ ထွက်မဲ့လေယာဉ်က နေ့လည် ၂ နာရီဆိုတော့ နေ့လည် ၁၁ နာရီလောက်မှာ အိမ်ကထွက်ပါတယ်။

လေဆိပ်ကို တက္ကစီမငှားဘဲ ရထားစီးသွားဖို့ စီစဉ်ထားတယ်။ ကျွန်မအိမ်နားက ရထားဘူတာမှာက ဓာတ်လှေကား မရှိတော့ လက်ကေ့အိတ်ကို အဖေက အပေါ်ကနေဆွဲ ကျွန်မက ဘီးနှစ်ဖက်ကို ကိုင်ပြီးတင်ရတယ်။ ဟူး .... တက္ကစီခ သက်သာချင်တော့ ပင်ပန်းလိုက်တာ။ အပြန်ကျရင်တော့ တက္ကစီပဲစီးတော့မယ်။ အိမ်နားကနေ 7 ရထားနှစ်ဘူတာစီးပြီး ဂျက်ဆင်ဟိုက်အမြန်ဘူတာမှာ အမြန်ရထား E စီး။ ကောင်းကင်ရထားစီးပြီး တာမင်နယ် ၇ ဆီ သွားရပါတယ်။ ကောင်းကင်ရထားခ ၅ ကျပ်ကို MetroCard နဲ့ ပေးလို့ရတယ်။ စင်္ကာပူမှာတော့ ကောင်းကင်ရထားတွေက ဖရီးနဲ့တူတယ်။ တာမင်နယ် ၇ ရောက်တော့ United Airlines မှာ ချက်ကင်ဝင်။ TSA စစ်ဖို့မလိုတော့ ခါးပတ်၊ အနွေးထည်၊ ဖိနပ်၊ နာရီ၊ ဖုန်း၊ အိုင်ပတ်၊ ကွန်ပျူတာ၊ သော့တွေကို ချွှတ်ပြီး ဗန်းထဲထည့်စစ်ရမလိုဘူး။ စကန်ဖတ်တဲ့နေရာကိုသွားပြီး လူကိုစကန်ဖတ်ရုံပဲ။ နယူးယော့ခ်ကနေ နေ့လည် ၂ နာရီ ထွက်ပေမဲ့ ဆန်စဖရန်စစ္စကို ညနေ ၅ နာရီ ရောက်မှာပါ။ လေယာဉ်စီးချိန် ၆ နာရီကြာပြီး ပစိဖိတ်တိုင်းဇုန်မှာရှိတဲ့ ဆန်ဖရန်စစ္စကိုက နယူးယော့ခ်ထက် ၃ နာရီတိတိ နောက်ကျပါတယ်။ လေယာဉ်ပေါ်မှာ ကျွန်မတို့တွေ အတူတူ မထိုင်ရဘူး။ လေယာဉ်မယ်လာတော့ အဖေနဲ့အမေကို ရေတခွက်ပေးဖို့ အကူအညီတောင်းရတယ်။ အဖေက လိမ္မော်ရည်တောင် သောက်လိုက်သေးတယ်ဆိုပဲ။ အဖေ လိမ္မော်ရည်ကို ဘယ်လိုတောင်းသလဲမေးတော့ လက်ညှိုးထိုးပြလိုက်တာပေါ့တဲ့။ အဖေက သူများတွေ ခေါက်ဆွဲဝယ်စားကြတာ တွေ့တယ်သမီးတဲ့။ လေယာဉ်ပေါ်က အစားအသောက်တွေက ကောင်းမယ်လို့မထင်။ ချယ်ရီသီး၊ ပန်းသီး၊ ငှက်ပျောသီး၊ ကြက်သားမုန့် ကျွန်မတို့မှာ ရိက္ခာအပြည့်အစုံပါတယ်။




ဆန်ဖရန်စစ္စကိုလေဆိပ်ကနေ မြို့ထဲကို ကောင်းကင်ရထား ရှိသလားဆိုတာ အင်တာနက်မှာ ရှာဖွေမထားတော့ တက္ကစီပဲ စီးလိုက်ပါတယ်။ တက္ကစီဆရာက ကယ်လီဖိုးနီးယားမှာ မိုးခေါင်နေတာ လေးနှစ်ရှိပြီတဲ့။ အပင်တွေက အရှေ့ဖက်ကလို စိမ်းစိမ်းစိုစို မရှိဘဲ ခြောက်ခြောက်သွေ့သွေ့ လေကလည်း ပူတယ်။ အိမ်ခေါင်မိုးတွေကလည်း ခပ်ချွှန်ချွှန်မဟုတ်ဘဲ အမိုးမပါသလိုဘဲ။ ကယ်လီဖိုးနီးယားဖက်မှာ ငလျင်လှုပ်လေ့ရှိတော့ အထပ်အမြင့်ကြီးဆောက်လို့ မရဘူး။ ရေကိုလည်း ‌ချွှေတာရတယ် သတ်မှတ်ထားတဲ့လစ်မစ် ကျော်သွားရင် ၃ ဆ ဈေးတက်တယ်။ ဒုတိယအဆင့် သတ်မှတ်ထားတဲ့လစ်မစ် ကျော်သွားရင် ရေကိုဖြတ်ပြီတဲ့။ ပိုက်ဆံရှိရင်တောင် ရေကိုသုံးချင်တိုင်း သုံးလို့မရတဲ့ဘဝ။ ဟိုင်းကြီးရွာသစ်ကနေ စံပြရွာကိုပြောင်းတော့ ကျွန်မတို့အိမ်က ကမ်းနားမှာ။ ရွာထဲက ရေတွင်းနဲ့ တော်တော်ဝေးတယ်။ ရေထရက်တွေဆိုရင် ရွာထဲကို လှေနဲ့သွားပြီး အဝတ်လျှော်၊ ပြန်လာရင် ယိုးဒယားဖိုင်ဘာပုံး ၂ ပုံးနဲ့ ရေအပြည့်သယ်လာရတယ်။ ဆန်ဆေးရေတွေဆို လွှင့်မပစ်ရဘူး ပန်းကန်အကြမ်းဆေးဖို့ ထားရတယ်။ ရေရှားတဲ့ဒုက္ခကို ခံစားဖူးတော့ ကိုယ်ချင်းစာပါတယ်။ ခုတော့ အဖေတို့ဦးဆောင်မှုနဲ့ ဘုန်းကြီးကျောင်းကနေ ရေပိုက်တွေနဲ့ သွယ်ထားတယ်။ နှစ်ရက်ခြားတခါ ရေလာရင် ရာဝင်အိုးဘယ်နှစ်အိုးလို့ ပြောလိုက်ရုံပဲ။ ဟိုတယ်က မြို့လယ်ခေါင်မှာရှိတဲ့ Witcomb ဟိုတယ် သမိုင်းဝင်ဟိုတယ်တွေထဲက တစ်ခုပါတဲ့။

ညနေစာစားဖို့ အာရှဆိုင်မေးတော့ ဟိုတယ်က မြေပုံနဲ့တကွ ညွှန်ပေးလိုက်တယ်။ South Market က Basil ယိုးဒယားဆိုင်၊ အဲဒီဆိုင်မှာ လူပြည့်နေရင် လမ်းတဖက်ခြမ်းက ယိုးဒယားဆိုင်ကို သွားပါတဲ့။ ၃ ဘလောက်သာဆိုတယ် တစ်ဘလောက် ဆိုတာများ အဝေးကြီး။ အေးကလည်းအေး အနွေးထည်တွေ၊ ဘွတ်ဖိနပ်တွေ စီးလာတာ မှန်သွားတယ်။ Basil ဆိုင်ကိုတွေ့တော့ လမ်းမတဖက်ခြမ်းမှာ လမ်းအဆုံးထိအောင်သွားပြီး လူကူးမျဉ်းကြားက ကူးမယ်ဆိုရင် အဝေးကြီးလျှောက်ရမှာ။ နယူးယော့ခ်ကာပီပီ ဟိုကြည့်ဒီကြည့် ကားရှင်းရင် ကူးလိုက်တာပေါ့။ အစားအသောက်က တော်တော်ကောင်းပါတယ်။ တုန်ယမ်းဟင်းချိုက ချဉ်စုတ်နေလို့ မသောက်နိုင်တာကလွဲရင်။ အေးလွန်းလို့ ဟိုတယ်ကိုအပြန် ကျွန်မတို့တွေ ပြေးရသေးတယ်။ မနက်ဖြန်မနက် ၉  နာရီ Fisherman Sharf မှာ စောင့်နေပါလို့တစ်ကဒ်မှာသာပါတာ တိုးဂိုက်ဆီက ဘာမတ်ဆေ့စ်မှမရလို့ စိတ်ပူမိသေးတယ်။ ဘယ်ကိုဆက်သွယ်ရမှန်းမသိ။ အနောက်ဖက်သို့ခရီးသွားခြင်း ၇ရက်ခရီးစဉ်အကြောင်း နောက်အပိုင်းတွေကျမှ တင်ပါဦးမယ်။

စန်းထွန်း
သြဂုတ် ၂၃၊ ၂၀၁၅။

ယူအက်စ်သွား တောလား - ၄

မနက် ၇ နာရီ နိုင်အာဂရာ ရေတံခွန်ဆီသွားတော့ Niagara in-depth tour မလိုက်တဲ့သူတွေကို food court ရှေ့မှာချပေးခဲ့ပြီး ၉  နာရီခွဲမှာ Maid of the mist စီးဖို့ လာခေါ်မယ်တဲ့။ နိုင်အာဂရာမြစ်က ကနေဒါနဲ့ယူအက်စ်ကို နယ်နမိတ်ခြားထားတဲ့ မြစ်ပါ။ ဝိုင်ဖိုင်မှာ ကနေဒါလိုင်းတွေ တွေ့ရတယ်။ ကနေဒါဖက်က ရေအားလျှပ်စစ်ထုတ်တဲ့ ရေကာတာကို တွေ့ရပါတယ်။ ယူအက်စ်ဖက်မှာလည်း ရှိတယ်တဲ့ ကျွန်မတို့ကားအောက်ဖက်ဆိုတော့ မမြင်ရဘူး။ Whirlpool State Park မှာ ခဏရပ်ပေးပါတယ်။ ရေတွေက အမြင့်ကနေ စီးဆင်းတော့ ဝဲဂယက်တွေ ထနေတဲ့နေရာမှာ အောက်စီဂျင် ပိုများတယ်။ အဲဒီတော့ အဲဒီမှာ ဖမ်းမိတဲ့ငါးတွေက အရသာရှိတယ် အရသာအရှိဆုံးလို့တောင် ဆိုရမယ်တဲ့။ ပရော်ဖက်ရှင်နယ် water rafting သမားတွေဆို အဲဒီမှာ လာလေ့ကျင့်ကြတယ်တဲ့။ ၁၅ မိနစ်လောက်မောင်းရင် နိုင်အာဂရာခံတပ်ဟောင်းကို ရောက်ပါတယ်။ လက်မှတ်ပြရင် လက်ဖမိုးပေါ်မှာ လိပ်ပြာတံဆိပ်တုံး ထုပေးတယ်။ ဘယ်ခံတပ်က ဗြိတိသျှခံတပ်လို့ထင်သလဲလို့ တိုးဂိုက်ကမေးတော့ သရဖူတံဆိပ်ရှိတဲ့ခံတပ်က ဗြိတိသျှတွေ ဆောက်ခဲ့တာနေမှာ။ မမှန်ဘူး အဲဒါ ပြင်သစ်တွေ ဆောက်ခဲ့တာ နောက်တော့ ဗြိတိသျှတွေက လူတွေတက်ကြည့်လို့ရအောင် အထပ်ပါတဲ့ခံတပ် ထပ်ဆောက်တယ်။ ဒီမှာ ဗြိတိသျှတွေ၊ ပြင်သစ်တွေ ဒေသခံအမေရိကန်အင်ဒီးယန်းဆီကနေ ဝက်ဝံရေတို့ဘာတို့ကို ဈေးပေါပေါနဲ့ဝယ်ပြီး ပြန်ရောင်းကြတာပေါ့။


Whirlpool State Park
အဲဒီနေရာမှာ အောက်ဆီဂျင် ပိုများလို့ အဲဒီက ငါးတွေက အရသာ အရှိဆုံး
ပရော်ဖက်ရှင်နယ် rafting သမားတွေ လာလေ့ကျင့်တဲ့ နေရာပါတဲ့
ကနေဒါဖက်က လျှပ်စစ်ဓာတ်အားထုတ်တဲ့ ရေကာတာ


အရင်ခေတ်တုန်းက အမေရိကန်စစ်သည်တော်တွေဝတ်တဲ့ အဝတ်အစား ဝတ်ထားတဲ့ ကောင်လေးသုံးယောက်ကို တွေ့တယ်။ ဟိုးတုန်းက သေနတ်က ခုခေတ်လို ကျည်ဆံနဲ့ပစ်ရတာ မဟုတ်ဘူး။ gun power မှုန့်ကို အလုံးဖြစ်အောင်လုပ်ပြီး ပစ်ရတာ အသံလည်း အရမ်းမြည်တယ်။ သေနတ်ပစ်မယ့်နေရာမှာ လူတွေရှိနေလို့ လူရှင်းအောင် စောင့်ရတယ်။ ပထမအကြိမ်ပစ်တာ ပေါင်ဒါမှုန့်မထွက်လို့ ဒုတိယအကြိမ်ပစ်မှ မြည်တယ်။ ပြီးတော့ စစ်သားလေးက ဓာတ်ပုံတွဲရိုက်ဖို့ ဖိတ်ခေါ်တယ် ရှက်မနေပါနဲ့တဲ့။ ခံတပ်ပေါ်ကို တက်ကြည့်ကြလို့ စစ်သားလေးက အောက်ဆင်းကြပါလို့ လှမ်းအော်တယ်။ နိုင်အာဂရာခံတပ်ဟောင်း ဘေးမှာရှိတဲ့ Lake Ontario လိက်ခ်အွန်တေရီအိုဟာ ကြီးလွန်းလို့ ပင်လယ်လို့တောင် ထင်ရတယ်။ ငါးမျှားနေတဲ့ ဘုတ်ကလေးတွေ တွေ့တယ်။ ရာသီဥတု ကောင်းမွန်နေတော့ ကနေဒါနိုင်ငံ တိုရွန်တို Toronto မြို့ စကိုင်းလိုင်း skyline ကို ပျပျလေး လှမ်းမြင်ရတယ်။ ရေကန်နားဆိုတော့ နေပူပေမယ့်လည်း လေတိုက်ရင် အေးတယ်။ ခံတပ်က အခန်းတွေကို လျှောက်ကြည့်ကြတယ်။ ဒီအခန်းက ပစ္စည်းသိုလှောင်ခန်း၊ ဒီအခန်းက အိပ်ခန်း၊ ဒီအခန်းက ထမင်းစားခန်း၊ ဒီအခန်းက ထမင်းချက်တဲ့အခန်း ဖြစ်ရမယ်။ ထင်းမီးနဲ့ချက်ပြုတ်တာကို ခုခေတ်အမေရိကန်ကလေးတွေ ဘယ်မြင်ဖူးပါ့မလဲ။ ဘာဘီကျူးကင်ရင် မီးသွေးနဲ့ ကင်ရတာလောက်ပဲ သိမှာ။ အခန်းတခန်းရောက်တော့ ဘာမှန်းမသိတဲ့ သံပုံးကြီးကိုကြည့်ပြီး ဘာဖြစ်မလဲလို့ ခန့်မှန်းကြတယ်။


သေနတ်ပစ်တာ သရုပ်ပြတဲ့ အမေရိကန်စစ်သားလေးနဲ့အတူ
ပင်လယ်လို့ ထင်ရတဲ့ Lake Ontario ရာသီဥတုကောင်းလို့ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ စကိုင်းလိုင်းကို ပျပျလေး မြင်ရတယ်
အမြောက်ကြီးနဲ့


သြော်...သိသွားပုံရတဲ့ တရုတ်ကြီးကို what is that လို့မေးတော့ နားမလည်ဘူး sheme ရှံမား ဘာလဲလို့ တရုတ်လိုမေးတော့ တရုတ်လို ပြန်ဖြေတယ်။ ကျွန်မက နားမလည်ဘူးလို့ ခေါင်းခါပြတယ် ဒီတော့ သူက လက်ဝါးနှစ်ဖက်ထောင်ပြီး မီးကင်တဲ့ပုံ လုပ်ပြတယ်။ သြော်... ဟီတာ အပူပေးစက်လို့ ပြောချင်တာ ဖြစ်ရမယ်။ ခံတပ်ကအပြန်မှာ ကနေဒါဖက်နဲ့ ဓာတ်ပုံရိုက်ကြတော့ မိသားစုပုံ ရိုက်ချင်လိုက်တာ နောက်ကတရုတ်ကြီးကို အကူအညီ တောင်းရမယ်။ အမြောက်နဲ့ လင်မယားနှစ်ယောက် အပြန်အလှန် ပို့စ်အမျိုးမျိုးနဲ့ ရိုက်နေတာ တွေ့တယ်မလား။ အကူအညီတောင်းဖို့ နေနေသာသာ သူတို့ဘာသာ ရှုပ်ရှပ်ခတ်နေတာပဲ။ တရုတ်ကြီးက ကင်မရာပေးတဲ့ပုံ လုပ်ပြတော့ သူတို့ကို ဓာတ်ပုံရိုက်ခိုင်းတာလားပေါ့။ နောက်မှ ကျွန်မတို့ကို ရိုက်ပေးမလို့ဆိုတာ သဘောပေါက်သွားတယ်။ ကျွန်မတို့ မြန်မာလို ပြောနေတာကို သူ ဘယ်လိုလုပ် နားလည်ပါလိမ့်။ ၉  နာရီခွဲမှာ Maid of the Mist စီးဖို့ တန်းစီကြတယ်။ မိုးကာအပြာလေးတွေ ဝတ်ရတယ် ကနေဒါဖက်က အနီရောင်။ နိုင်အာဂရာမြစ်ရေက စိမ်းညှို့နေတာပဲ စင်ရော်တွေမှ အများကြီး။ Horseshoe ရေတံခွန်မှာ Cave of the winds အဝါရောင်မိုးကာအင်္ကီျ ဝတ်ထားတဲ့သူတွေ တွေ့တယ်။ Cave of the winds က ရေတံခွန်အောက်ခြေဆီကို လှေကားထစ်တွေနဲ့ တက်ရပြီး တဝေါဝေါ ကျနေတဲ့ ရေတံခွန်နား သွားတာပါ။ အဲဒီကိုသွားရင် သူတို့ဆီကဖိနပ်ကို မစီးဘဲနဲ့ ဝင်ခွင့်မပြုဘူး။ ၂၀၁၃ မန်မိုရီယမ်ဒေးပိတ်ရက် နိုင်အာဂရာကိုသွားတုန်းက Cave of the winds ဆီသွားဖို့ တန်းစီနေတုန်း ပထမဆုံး သတိထားမိသူက ရာမား။


တဖက်ခြမ်းက ကနေဒါ
Horseshoe Falls,  Cave of the Winds

ဘာလို့ လူတော်တော်များများ အဲဒီဖိနပ်ကို စီးထားပါလိမ့် အကြောင်းရှိလိမ့်မယ်။ သွားစုံစမ်းတော့ အဲဒီဖိနပ်မစီးဘဲ ဝင်ခွင့်မပြုဘူးတဲ့။ ကျွန်မတို့ဖိနပ်နဲ့ဆိုရင် ရေစိုနေတဲ့ကြမ်းပြင်မှာ ချော်လဲမှာ စိုးလို့နဲ့တူတယ်။ ဖိနပ်လေးက ပေါ့ပေါ့ပါးပါး ကြိုးသိုင်းဖိနပ်လေး။ နိုင်အာဂရာရေတံခွန်က ကမ္ဘာ့ထူးဆန်းအံ့ဖွယ်ထဲမှာ ပါဝင်ပါတယ်။ လူတွေ အမြဲကြိတ်ကြိတ်တိုးနေတဲ့ နေရာတစ်ခုပေါ့။ food court မှာ နေ့လည်စာအဖြစ် အိန္ဒိယစာစားတယ် နံလို့တဲ့ မစားနိုင်ဘူး။ တရုတ်စာလည်း မစားနိုင်၊ ကုလားစာလည်း မစားနိုင်၊ အမေရိကန်စာလည်း မစားနိုင်နဲ့ ယူအက်စ်မှာ အဖေတို့ ခရီးသွားတဲ့အခါ  အစားအသောက်ဆင်းရဲတယ်။ နိုင်အာဂရာရေတံခွန်ကနေ အရှေ့တောင်ဖက်စူးစူး မိုင် ၄၀၀၊ ၆ နာရီခွဲလောက်မောင်းရင် နယူးယော့ခ်စီးတီးကို ရောက်ပါတယ် ယာဉ်ကြောမပိတ်ရင်ပေါ့။ ၂ နာရီခွဲတခါ Rest Area တွေမှာ rest room အတွက်  ၁၅ မိနစ်လောက် ရပ်ပေးပါတယ်။ ကျွန်မဘေးမှာထိုင်တဲ့ အိန္ဒိယအမျိုးသမီးက နေမကောင်းဖြစ်လို့ အိမ်သာသွားချင်နေတာ။ အောင့်ထားရလို့ နဖူးပေါ်မှာ ‌ချွှေးတွေထွက်။ သူ့အမျိုးသားက နီးစပ်ရာအိမ်သာမှာ ရပ်ပေးဖို့ မေတ္တာရပ်ခံတော့ တိုးဂိုက်မလေးတွေက ကားသမားကိုပြော။ ကားသမားက ဒီလိုဟိုင်းဝေးလမ်းမကြီးမှာ အိမ်သာဘယ်မှာရှိပါ့မလဲ မင်းတို့အိမ်သာရှိမယ့်နေရာမြင်လား ၂ နာရီခွဲတခါ ရပ်ပေးနေတာပဲ မအောင့်နိုင်ဘူးလားနဲ့ ဆူပူကြိမ်းမောင်းတော့တာပဲ စကားပြောတာ ရိုင်းလိုက်တာ။

ဟိုတယ်တွေ အများကြီးရှိတာ ကနေဒါဖက်ခြမ်း
Maid of the Mist

တိုးဂိုက်တွေလည်း ဘာမှမတတ်နိုင်တာကို သိသွားတဲ့ အိန္ဒိယကြီးက တိုးဂိုက်မလေးဆီက အိမ်သာသော့တောင်းပြီး ကားပေါ်က အိမ်သာကို သုံးလိုက်တယ်။ ကားပေါ်မှာ အိမ်သာပါပေမယ့် တကယ့်အရေးပေါ်မှပဲ သုံးရပါ့မယ်တဲ့။ တခါသုံးပြီးရင် ကားထဲမှာ သုံးရက်လောက် နံနေတတ်လို့တဲ့။ ကျွန်မတို့ကတော့ ကားပေါ်မှာအိပ်လိုက်၊ ငိုက်လိုက်၊ ဘေးကရှုခင်းတွေကို ကြည့်လိုက်။ ကန်တက်ကီနဲ့မေရီလန်းပြည်နယ်တွေမှာနေတုန်းက ကားမောင်းရတော့ အဖေက သိပ်စိတ်ပူတာ။ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့က ဒီစီဟိုင်းဝေး Dixie Highway အမြန်နှုန်း ၆၅ ကို ၇၅ ၊ ၈၀ မိုင်နဲ့ မောင်းတာအဖေရလို့ပြောတော့ စိတ်ပူမှာပေါ့။ တွေ့လားအဖေ အမေရိကန်မှာ ကားမောင်းရတာ ဘယ်လောက်ရှင်းသလဲ ။ ဆိုင်းဘုတ်မှာ အတိအကျ လမ်းညွှန်ပြီးသား ဆိုင်းဘုတ်တွေကို ကြည့် အဲဒီအတိုင်း အတိအကျလိုက်နာရင် ကားမောင်းရတာ အေးဆေး။ ယူအက်စ်မှာသာ ကားမောင်းရဲတာ ရန်ကုန်မှာတော့ ကားမမောင်းရဲဘူး။ ရာသီဥတုက မိုးအုံ့နေတော့ တောင်တွေမှာ မြူခိုးဝေနေတယ်။ ယူအက်စ်မှာ နွေရာသီလို့သာပြောတာ တို့ဆီက ဆောင်းတွင်းထက်တောင် အေးနေပါလား။ နိုင်အာဂရာက မြောက်ဖက်ကျတော့ နယူးယော့ခ်ထက် ပိုအေးတယ်။


Maid of the Mist စီးဖို့ အဲဒီတာဝါတိုင်က အောက်ခြေကို ဆင်းရတာ

နယူးယော့ခ်နဲ့တနာရီလောက် အဝေးမှာရှိတဲ့ နယူးဂျာဆီပြည်နယ်က ဓာတ်ဆီဆိုင်မှာ အိမ်သာအတွက် ရပ်ပေးတော့ တိုးကား ၃ စီး ဆုံကြတယ်။ ကုမ္ဗဏီအတူတူပဲဖို့ တိုးဂိုက်တွေ တိုင်ပင်ပြီး ပတ်မပို့တော့ဘဲ မက်ဟန်တန်ကိုတစ်စီး၊ ဖလပ်ရှင်းကိုတစ်စီး၊ နယူးဂျာဆီကိုတစ်စီ ထွက်မယ်တဲ့။ ကျွန်မတို့ကားက ဖလပ်ရှင်းကို သွားမှာမို့ အထုပ်တွေ ပြောင်းစရာမလိုတော့ဘူး။ ဖလပ်ရှင်းကိုရောက်တော့ ည ၈ နာရီ ။ 7 ရထားကကျပ်၊ ရထားကျပ်တာကို မကြံ ုဘူးတဲ့ အဖေတို့ rush hour အတွေ့အကြံ ုရသွားတယ်။ ကျွန်မ မနက်ဖက် ရုံးတက်ရင် တခါတလေ တန်းကိုင်စရာမရှိလို့ ကိုယ်ကိုဟိုယိမ်း၊ ဒီယိမ်းနဲ့ထိန်းပြီး စီးရတယ်။ ခုတော့ rush hour ကို ရှောင်တဲ့အနေနဲ့ မနက် ၈ နာရီခွဲ ရုံးတက်ပြီး ညနေ ၅ နာရီခွဲ ရုံးဆင်းတယ်။ အဖေတို့ ဂျပန်ကကျည်ဆန်ရထားမှာ rush hour ချိန်ဆို ရထားဝန်ထမ်းတစ်ယောက်က လူတွေကို အတင်းတွန်းထည့်တာ တီဗွီမှာ မြင်ဖူးတယ်မလား။ အဲဒီလောက်တော့ မကျပ်သေးဘူး။ ညနေ ၉  နာရီလောက်မှပဲ အိမ်ရောက်တယ်။ နောက်နေ့ ကိုယ်လက်တွေနာနေလို့ ဘယ်မှမသွားဖြစ်ဘူး အိမ်မှာပဲ အနားယူတယ်။ ဇူလှိုင် ၂၂ တနင်္လာနေ့မှာ လစ်ဘာတီရုပ်တုဆီ သွားကြတဲ့အကြောင်းကို နောက်အပိုင်းကျမှပဲ တင်ပါဦးမယ်။

စန်းထွန်း
သြဂုတ် ၁၄၊ ၂၀၁၅။

ရေးခဲ့ပြီးတာတွေက
ဒီစီသွား တောလား - ၁
ဒီစီသွား တောလား - ၂
ဒီစီသွား တောလား - ၃
ဒီစီသွား တောလား - ၄
ဒီစီသွား တောလား - ၅

ယူအက်စ်သွား တောလား - ၃

ဒုတိယနေ့မှာ ပထမဆုံး သွားရောက်လည်ပတ်တာက ကော်နင်းဂလပ်ပြတိုက် Corning Glass Museum ပါ။ ၂၀၁၃ မန်မိုရီယမ်ဒေးပိတ်ရက် အမ်းထရူးကလည်း တိုယိုတာရေ့ဗ်ဖိုး ကားအသစ်ဝယ်ပြီးခါစ နိုင်အာဂရာရေတံခွန်ကို သွားလည်ကြတော့ အပြန်မှာ ည ၁၁ နာရီလောက် ကော်နင်းမြို့ကို ဖြတ်တော့ စန်းစန်းရေ အဲဒါမှာ ကော်နင်းဂလပ်ပြတိုက်ရှိတယ်လို့ ပြဖူးတယ်။ Corning Glass Works ခု Corning Incoporated ကနေ ၁၉၅၁ မှာ စတင်တည်ဆောက်ခဲ့ပြီး ကုမ္ဗဏီရဲ့ နှစ်တစ်ရာပြည့် လက်ဆောင်အဖြစ် တိုင်းပြည်ကို လှုဒါန်းခဲ့တယ်။ ကျွန်မတို့သုံးနေတဲ့ ကွန်ပြူတာ၊ တီဗွီ မျက်နှာပြင် ဖန်သားပြင်ကို အဲဒီကော်နင်းအင်ကော်ပိုရိတ်တတ်က တီထွင်ခဲ့တာပါတဲ့။ ကွန်ပျူတာတက္ကသိုလ် ဂုဏထူးတန်းတက်တုန်းက သင်ရတဲ့ဘာသာထဲမှာ TCP/IP ဘာသာရပ်ပါတယ်။ အဲဒီဘာသာမှာ ဒေတာတွေကို သယ်ယူပေးတဲ့ ကေဘယ်ကြိုးတွေအကြောင်း သင်ရတယ်။ Optical Fiber ဆိုတာ သေးငယ်တဲ့ နန်းကြိုးမျှင်လေး မှန်နဲ့လုပ်ထားပြီး အလင်းရောင်စစ်ကနယ်တွေကို တိတိကျကျ သယ်ယူတဲ့အပြင် ဘန်ဝစ် bandwidth အများကြီးကိုလည်း သယ်ဆောင်နိုင်ပါတယ်။ မှန်နဲ့လုပ်ထားတွေက တော်တော်လှတာပဲ။ ကော်နင်းပြတိုက်မှာပဲ နေ့လည်စာစားတော့ မက်ဆီကန်စာ အဖေတို့ နည်းနည်းစားဝင်တယ် ငှက်ပျောသီး၊ ပန်းသီး၊ ချယ်ရီသီး အသီးအနှံကို မပြတ်ဆောင်ထားရတယ်။




မှန်ပြုလုပ်တာကို ပြတဲ့ပြပွဲက အပေါ်ထပ်သီရေတာမှာပါ။ ကျွန်မတို့ရောက်သွားတော့ စတောင်စနေပြီ။ အပူအအေးပေးပြီး မှန်ပြုလုပ်တာကို အင်္ဂလိပ်၊ တရုတ်ဘာသာ စကားတွေနဲ့ ရှင်းပြပါတယ်။ အခုပြုလုပ်တဲ့ ဖန်ပုလင်းကို ပရိတ်သတ်ထဲက ကံထူးသူတစ်ယောက်ကို လက်ဆောင်ပေးပါမယ်။ ဆလိုက်မီးထိုးပြီး ကံထူးသူကို ရှာတဲ့အခါ ပရိတ်သတ်တွေက မတ်တပ်ရပ်ပြီး လက်ဝှေ့ယမ်းကြတယ်။ အမေတောင် မတ်တပ်ရပ်ပြီး လက်တွေဝှေ့ယမ်းလို့ ကျွန်မနဲ့အဖေ ပြုံးကြသေးတယ်။ ကလေးမလေးတစ်ယောက်ပုံ တီဗွီဖန်သားပြင်မှာ ပေါ်လာတဲ့အခါမှာတော့ ကံထူးရှင်ကို သိပါပြီ။ ပြတိုက်ရှေ့မှာ ကားသွားစောင့်တော့ ကားအရိပ်အယောင်တောင် မမြင်ရဘူး။ အဖေက လမ်းမဖက်ထွက်ပြီး ဟိုကြည့်ဒီကြည့် ကားပေါ်က အိန္ဒိယကြီးတစ်ယောက်နဲ့ စကားပြောနေတာတွေ့လို့ အင်္ဂလိပ်စကား မပြောတတ်ဘဲနဲ့ ဘယ်လိုများ ပြောကြပါလိမ့်။ အဖေက နာရီကိုပြတယ် အချိန်စေ့နေပြီလို့ဆိုလိုချင်တာ ဖြစ်ရမယ်။ အိန္ဒိယကြီးက ခေါင်းညိမ့်ပြီး ထောက်ခံတယ် ပြီးတော့ လက်ခါပြတယ် ကားမရောက်ဘူးလို့ ဆိုချင်တာ ဖြစ်ရမယ်။ ပြီးတော့ နှစ်ယောက်သား ရယ်ကြတယ် အင်း... အင်တာနေရှင်နယ် ဘာသာစကားနဲ့တော့ ဟုတ်နေတာပဲ။ ကျွန်မဘေးက အိန္ဒိယမိသားစုက ကိတ်မုန့် ဖုတ်တဲ့အခါသုံးတဲ့ ဖန်ပြားဝယ်တယ်။ ကော်နင်းမြို့ကနေ မြောက်ဖက်စူးစူး နာရီဝက် မိုင် ၂၀ လောက်မောင်းရင် ဝက်ကင်ဂလမ်းအမျိုးသားဥယျာဉ်ကို ရောက်ပါတယ်။




အဖေတို့ဘေးနားမှာထိုင်တဲ့ အသက်ကြီးကြီး အိန္ဒိယစုံတွဲကတော့ လမ်းမလျှောက်နိုင်လို့ မလိုက်တော့ဘူး။ ကျွန်မတို့ကို အပေါ်မှာချပေးပြီး အောက်ဖက်ကို Gorge Trail အတိုင်း နာရီဝက်လောက် ဆင်းရမှာပါ တိုးကားက အောက်ဖက်မှာ စောင့်နေတယ်။ ကျောက်ဆောင်တွေကြား မြစ်ချောင်းလေး ကွေ့ဝိုက်စီးဆင်းနေတာ၊ သဘာဝအလျှောက် ဖြစ်ပေါ်နေတဲ့ ကျောက်ဆောင်တွေက အင်မတန် ထူးဆန်းတယ်။ ဗာမွန်သွားတောလားတုန်းက ရောက်ခဲ့ဖူးတဲ့ Ausable Chasm နဲ့ တူပါတယ်။ နားလိုက်၊ ဓာတ်ပုံရိုက်လိုက်၊ အဖေတို့ကတောင် ကျွန်မထက် လျှောက်နိုင်သေးတယ်။ အဖေက ကျွန်မ လမ်းလျှောက်နေတဲ့ပုံကိုကြည့်ပြီး သမီးလမ်းလျှောက်တာ ကျိထောက်ကျိထောက်နဲ့တဲ့။ ကျိထောက်ကျိထောက်ဆိုတာ မြန်မာလို ထော့နင်းထော့နင်းလို့ ဘာသာပြန်ရမယ်ထင်တယ်။ တိုးဂိုက်က နာရီဝက်လို့သာပြောတာ ကျွန်မတို့မှာ တနာရီလောက် လျှောက်လိုက်ရတယ်။ ရှုခင်းတွေက အင်မတန်လှပြီး သာယာပါတယ်။ အနောက်မြောက်ဖက်စူးစူး မိုင် ၁၆၀ ၊ ၃ နာရီလောက်မောင်းပြီးရင် နိုင်အာဂရာရေတံခွန်ဆီ ရောက်ပါတယ်။ နိုင်အာဂရာနား ရောက်တာနဲ့ ယဉ်ကြောကျပ်လာပြီ ကားတွေပြည့်နေပြီ။ ညနေစာစား၊ Thundering Water Cultural Show ကြည့်ပြီးလို့ ၉  နာရီခွဲမှာ food court ရှေ့မှာပဲ ပြန်ဆုံမယ်တဲ့။ food court မှာ တရုတ်စာစားတာ စားမကောင်းဘူး ချိုရဲနေတာပဲ ဈေးကလည်း ကြီးသေးတယ်။ ပြီးတော့ နိုင်အာဂရာရေတံခွန်ဆီ လမ်းလျှောက်ကြတယ်။




နိုင်အာဂရာဆိုတာ အမေရိကန်အင်ဒီယန်း ဘာသာစကားနဲ့ thundering water လို့ အဓိပ္ဗာယ်ရပါသတဲ့။
အမေရိကန်ဖက်ခြမ်းကို ကွေ့ဝိုက်ဝင်နေတော့ ကနေဒါဖက်ခြမ်းကနေကြည့်ရင် ပိုလှတယ်။ ကနေဒါဖက်ခြမ်းမှာ ဟိုတယ်ပိုများတယ်။ အတူတူ လမ်းလျှောက်နေရာက အမေက လမ်းမြန်မြန်လျှောက်ပြီး ဟိုးအဝေးကြီးကို ရောက်သွားလို့ ကျွန်မက ခြေထောက်နာနေလို့ မလိုက်နိုင်ဘူး အဖေ့ကိုပဲ လိုက်ခိုင်းရတယ်။ လူတွေ ဒီလောက်အများကြီးမှာ ပျောက်သွားရင် ဘယ်မှာရှာမှာတုန်း၊ အင်္ဂလိပ်စကားလည်း မပြောတတ်၊ နယူးယောက်မှာတုန်းကတော့ အိမ်လိပ်စာ၊ ဖုန်းနံပါတ်ပါတဲ့ စာရွက်လေး ပေးထားပေမဲ့ ခုတော့ မဆောင်ထား။ အဖေနဲ့ကျွန်မ ဝိုင်းဆူကြတော့ ငြိမ်နေတယ်။ အမေဟာ အဲဒီလို စွတ်သွားတတ်တယ် ပတ္တရားကမ်းခြေမှာလည်း အဲဒီလိုသွားလို့ မကြီးတို့တွေ  ခေါင်းတောက်အောင် ရှာလိုက်ကြရသေးတယ်။ အမေ ဘာဖြစ်လို့ စွတ်သွားတာလဲမေးတော့ မြင်ချင်လို့တဲ့ သမီးတို့ကို စောင့်ပြီးမှ သွားလို့မရဘူးလားမေးတော့ အင်း စောင့်ပါမယ်တဲ့။ ၈ နာရီ food court အပေါ် ဒုတိယထပ်မှာရှိတဲ့ သီရေတာမှာ တင်ဆက်တဲ့ အမေရိကန်အင်ဒီးယန်း ယဉ်ကျေးမှုပြပွဲ Cultural Show ကို သွားကြည့်ကြပါတယ်။ မီးမှိန်မှိန်လေး ထွန်းထားပြီး အကုန်လုံး မှောင်နေတော့ ကပြမယ့်လူတွေ စင်ပေါ်ကပဲ ထွက်လာမလား၊ လူအုပ်ကြားထဲ ဘယ်နေရာကနေများ ထွက်မလားလို့ ခန့်မှန်းကြည့်နေတာ နောက်တော့ ကျွန်မတို့ ဝင်လာတဲ့ မိန်းအပေါက်ဝကနေပဲ အိုးစည်ဗုံမောင်းတီးပြီး ဝင်လာတာပါပဲ။




အမေရိကန်အင်ဒီယန်းရုပ်က အာရှတွေနဲ့ဆင်တယ်။ ငှက်မွှေးငှက်တောင်၊ အရောင်တောက်ပတဲ့ ရိုးရာဝတ်စုံတွေကလည်း လှတယ်။ အမျိုးသမီးတွေစီးတဲ့ ဘွတ်ဖိနပ်လေးက အတော်လှတယ်။ နှစ်သစ်ကူးချိန်မှာ ကတဲ့အက၊ Eagle Dance သိမ်းငှက်အကဆိုရင် တောင်ပံတွေဝဲပြီး ကပြသွားတယ်။ ကောင်လေးတစ်ယောက်က ကွင်းအဝိုင်းတွေကို ချိတ်ဆက်ပြီး ကပြသွားတာ တော်တော်ကောင်းတယ်။ နောက်ဆုံးပိတ်မှာတော့ ပရိတ်သတ်ထဲက ကလေးမနဲ့မိန်းမပျိုကို ဖိတ်ခေါ်ပြီး အတူတူ ကကြပါတယ်။ ၄၅ မိနစ်လောက် ခုန်ပေါက်ပြီး ကရလို့ အကသမားတွေ ချွှေးဒီးဒီးကျတယ်။ ယဉ်ကျေးမှုကပွဲပြီးတော့ ၉  နာရီလောက်ပဲ ရှိသေးတယ် နေဝင်လုပြီ အလင်းရောင်ကောင်းကောင်း ရှိသေးတယ်။ ရေတံခွန်ဖက်ကို ပြန်သွားဦးမလားမေးတော့ ညောင်းတယ်တဲ့။ ညနက်လာတာတဲ့အခ် သိသိသာသာ အေးလာတယ် ရေကန်နဲ့နီးတာကိုး။ တချက်တချက် လေတိုက်ရင် အေးစိမ့်သွားတာပဲ။ ကားမှတ်တိုင်နားက ပန်းခြံမှာထိုင်နေတုန်း အကိုကြီးတစ်ယောက် လာထိုင်တယ်။ ကျွန်မတို့တွေက စကားပြောနေကြတော့ မြန်မာလား ဟုတ်တယ် အဖေရေ ဒီမှာ မြန်မာတွေ သွားထိုင်ပြီး စကားပြောနေ။ ဘဘကြီးတစ်ယောက် လာထိုင်တယ် သူ့မိန်းမနဲ့‌ ချွှေးမက အိတ်တွေထားခဲ့တယ်။ ဘဘကြီးက ရွှေဘိုသားတဲ့ ဇူလှိုင် ၁ ရက်နေ့ရောက်တာ ယူအက်စ်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာ။‌ ချွှေးမက ဆရာဝန် Coney Island ကော်နီကျွှန်းဖက်မှာနေတယ်။




မကြာခင် ကယ်လီဖိုးနီးယားကို ပြောင်းတော့မှာမို့လို့အရှေ့ဖက်ခြမ်းကို လည်နေတာပါတဲ့။ စကား‌တွေ ကောင်းနေလိုက်တာ တိုးကားလာတော့မှပဲ ဂွတ်ဘိုင်ရတယ်။ ဘဘကြီးက လမ်းတပတ် ပတ်လျှောက်လိုက်ဦးမယ်ဆိုလို့အဖေက ဦးလေးသားသမီးတွေ ရှာမတွေ့ဘဲ နေဦးမယ် ဒီမှာပဲ ထိုင်စောင့်နေပါလားလို့ အကြံပေးတယ်။ food court ရှေ့မှာ ရပ်ထားတဲ့ တိုးကားကို တက်ခါနီး ဘဘကြီး ဖြတ်သွားတာနဲ့ ကျွန်မတို့တွေ နှုတ်ဆက်လိုက်ကြသေးတယ်။ Niagara Falls In-depth Tour လို့ခေါ်တဲ့ နိုင်အာဂရာခံတပ်၊ Maid of the Mist လို့ခေါ်တဲ့ နိုင်အာဂရာရေတံခွန်နားကို သင်္ဘောနဲ့သွားတဲ့အကြောင်းကတော့ အပိုင်း ၄ အနေနဲ့ တင်ပါဦးမယ်။

စန်းထွန်း
သြဂုတ် ၁၁၊ ၂၀၁၅။

ရေးခဲ့ပြီးတာတွေက
All About DC - 3
All About DC - 4
ဗာမွန်သွား တောလား - ၁
ဗာမွန်သွား တောလား - ၂