I wonder ....



ကိုယ့်မှာ ဆန္ဒတစ်ခု ရှိနေခဲ့တယ် ကိုယ် သေဆုံးသွားခဲ့အခါ မျက်ကြည်လွှာ၊ နှလုံး၊ ကျောက်ကပ်၊ အသည်း လှုလို့ရတာ အကုန်လှုဒါန်းပြီး ခန္ဓာကိုယ်ကို သုတေသနလုပ်ငန်းအတွက် လှုဒါန်းချင်ခဲ့တာ။ မိသားစုက ခွင့်ပြုမပြုတော့ မသိ တချိန်ချိန်မှာတော့ ဖျောင်းဖြနှစ်သိမ့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ့်နှလုံးကို လက်ခံရရှိတဲ့သူဟာ အကယ်၍များ မိန်းကလေး ဖြစ်နေခဲ့ရင် မျက်ခုံးထူထူ၊ နှာတံပေါ်ပေါ်၊ အသားညိုညို ၊ ပိန်သွယ်တဲ့ခန္ဓာကိုယ်၊ မြင့်မားတဲ့အရပ်အမောင်း၊ ကချင်လွယ်အိတ်အနီလေး လွယ်တတ်ပြီး စကားလုံးတွေနဲ့ ပစ်ပေါက်တတ်တဲ့ ကောင်လေးတစ်ယောက်ကိုများ ရင်ခုန်လေမလား။ နဖူးပေါ်ဝဲနေတဲ့ ရွှေရောင်ဆံပင်ညိုညိုလေးတွေကို ခေါင်းလေးငဲ့ကာ ခါယမ်းတတ်တဲ့၊ မျက်လုံးဝိုင်းဝိုင်းနက်နက်၊ စာအရမ်းတော်တဲ့ ကျောင်းသားတစ်ယောက်ကို စွဲလမ်းမိလေမလား။ မျက်ခုံးပါးလျလျအောက်က တည်ငြိမ်အေးချမ်းတဲ့ မျက်ဝန်းညိုညို၊ ပါးချိုင့်လေးတွေပေါ်အောင် အပြုံးချိုချိုလေးတွေ ပြုံးတတ်တဲ့၊ အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်တတ်တဲ့၊ သာမန်မထင်မရှား ရုပ်ရှည်ရှိတဲ့၊ စိတ်နှလုံးသား ကောင်းမွန်တဲ့ ကောင်လေးတစ်ယောက်ကို မြတ်နိုးနှစ်သက်နေလေမလား။ တီးလုံးသံသက်သက် သီချင်းတွေကို တခါတရံမှာ နားထောင်နေလေမလား။ လောကကြီးကို သိချင်စိတ် အပြည့်နဲ့ စူးစမ်းနေလေမလား။ သဘာဝတောတောင်ရေမြေကို နှစ်သက်ကာ တောင်ထိပ်ပေါ်ကနေ မြင်ရတဲ့ရှုခင်းကို စွဲလမ်းနှစ်သက်လေမလား။

သစ်ပင်တွေ အရောင်ပြောင်းတာ၊ အရွက်ကြွေတာကို ဂရုတစိုက် စောင့်ကြည့်တတ်လေမလား။ ပန်းပွင့်လေးတွေကို ငေးကြည့်နေတတ်လေမလား။ ကောင်းကင်ပြာပြာမှာ မျောလွင့်နေတဲ့ တိမ်ဆိုင်ဖြူဖြူတွေကို ငေးကြည့်ရင်း အတွေးတွေ ရွက်လွှင့်နေမလား။ စာအုပ်တစ်အုပ် အမြဲဆောင်ထားပြီး စောင့်နေရတဲ့အချိန်တွေမှာ စာဖတ်နေတတ်လေမလား။ ကြောင်လေး၊ ခွေးလေး၊ တိရစ္ဆာန်လေး၊ ကလေးတွေကို ချစ်တတ်လေမလား။ အလုပ်စားပွဲ ပန်းအိုးကနေ သစ်ရွက်စိမ်းကလေး ထွက်လာတာလေးကိုတောင် ပျော်နေတတ်လေမလား။ တစုံတယောက်ကို ချစ်နေမှန်း မသေချာလို့ ဦးနှောက်ကို စီတီစကန်ရိုက်ကြည့်ပြီး အချစ်ဟော်မုန်းတွေတွေ့ရင်တော့ ချစ်နေတာ သေချာမှာပေါ့ဆိုပြီး ခေါင်းကို စီတီစကန်ရိုက်ချင်တဲ့ ခပ်ကြောင်ကြောင် အတွေးတွေ တွေးနေမလား။ အများကြီးရှိဖို့ထက် တစ်ခုရှိရင် တော်ပြီလို့ တွေးနေလေသလား။ ဂါဝန်လှလှလေးတွေ နှစ်သက်ပေမဲ့ အများအားဖြင့် တီရှပ်နဲ့ ဂျင်းဘောင်းဘီကိုပဲ ဝတ်နေမလား။ ဦးထုပ်လှလှလေးတွေကို ဆောင်းရတာကို နှစ်သက်နေလေမလား။ စိတ်ပျော်ရွှင်တဲ့အခါ အစအဆုံးမဟုတ်ဘဲ ဟိုသီချင်းကတပုဒ်၊ ဒီသီချင်းကတပုဒ် ပေါက်ကရတွေ အော်ဟစ်နေလေမလား။ ချစ်သူနဲ့အင်္ကီျဆင်တူဝတ်ပြီး ဓာတ်ပုံရိုက်ဖို့ စိတ်ကူးယဉ်နေမလား။

ထီးမယူလာတဲ့နေ့မှာ ရုတ်တရက် မိုးရွာချတဲ့အခါ ချစ်သူရဲ့ဂျာကင်ကို ထီးလုပ်ပြီး မိုးရေထဲမှာ အတူတူပြေးလွှားရဖို့ကို စိတ်ကူးယဉ်မျှော်လင့်နေမလား။ ချစ်သူနဲ့ နားကြပ်တဖက်စီတပ်ပြီး နှစ်သက်တဲ့ သီချင်းတွေကို အတူတူနားထောင်ရဖို့ကို စိတ်ကူးယဉ်နေမလား။ သစ်တောအုပ်လေးထဲ ချစ်သူရဲ့ လက်ကလေးကို ဆုပ်ကိုင်လို့ လမ်းအတူတူ လျှောက်ရရင် သိပ်ကောင်းမှာလဲလို့ တွေးနေမလား။ ပင်လယ်ကမ်းခြေမှာ ချစ်သူနဲ့ စက်ဘီးအတူတူ စီးချင်လိုက်တာလို့ စိတ်ကူးယဉ်နေမလား။ ရေကန်ဘေးနားမှာ ပစ်ကနစ်ထွက်ပြီး ချစ်သူနဲ့ ဝစ်စပီး ဆော့ချင်လိုက်တာလို့ တွေးနေမလား။ ချစ်သူက ဓာတ်ပုံလှလှလေးတွေ ရိုက်တတ်တဲ့သူဆိုရင် ဘယ်လောက်ကောင်းမလဲလို့ တွေးနေမလား။
မြက်ခင်းစိမ်းစိမ်းလေးမှာ လဲလျောင်းရင်း နေရောင်နွေးနွေးလေးတွေ မျက်နှာပေါ်ဖြာဆင်းနေတာကို ခံယူရင်း ချစ်သူကို ငေးကြည့်နေလေမလား။ ကမ္ဘာပတ်ဖို့စိတ်ကူးယဉ်နေမလား။ သတင်းထောက်၊ အာကာသယဉ်မှုး ဖြစ်ချင်နေမလား။ ကိုယ့်နှလုံးသားကို လက်ခံရရှိတဲ့သူက ယောကျာ်းလေးဖြစ်နေရင် ဘယ်လိုမိန်းကလေးမျိုးကို ရင်ခုန်မှာပါလိမ့်။ ဘယ်လိုအတွေးတွေ တွေးနေမလဲ၊ ဘယ်လိုမျိုး စိတ်ကူးတွေ ယဉ်နေမှာလဲ။ တခါတလေတော့လည်း သိချင်မိသား။

စန်းထွန်း
ဂျွှန် ၁၃၊ ၂၀၁၅။

2 comments:

Anonymous said...

ကိုယ်လည်းတွေးနေတာ။
မမအိုင်အိုရာ

San San Htun said...

Anonymous said...
ကိုယ့်ချစ်ချစ်ကလည်းအဲလိုလှူချင်တယ်တဲ့။
ကိုယ်လည်းတွေးနေတာ။
သေသွားတဲ့ခန္ဓာကိုယ်ကြီးပုပ်ပွအသုံးမဝင်အလုပ်ရှုပ်ပြီးပစ်လိုက်တာထက်
မျှော်လင့်ချက်မဲ့ မကျန်းမာနေတဲ့သူတွေအတွက် ပျော်ရွှင်စရာ အားတက်စရာ ဘဝလေးတွေရသွားအောင်လုပ်ပေးနိုင်ခဲ့တာတော်တော်အကျိုးများမဲ့ကိစ္စပါ။
တကယ်ဆို ဘာမှတောင်မစွန့်လွှတ်ရပဲ အလှူတစ်ခုနောက်ဆုံးလုပ်သွားနိုင်တာကောင်းမဲ့ကိစ္စပါ။
သေသေချာချာစဉ်းစားလိုက်အုန်းမယ်။
မမအိုင်အိုရာ
June 14, 2015 at 4:34 PM