ကြောင်တစ်ကောင်ရဲ့ ဖွင့်ဟဝန်ခံချက်...

ကျွှန်တော့်နာမည် မိုချီပါ...

ကျွန်တော့်နာမည် မိုချီပါ အသက်က နှစ်နှစ်ရှိပါပြီ။ မိုချီဆိုတာ ဂျပန်ပြည်က နာမည်ကြီး rice cake ပါတဲ့။ မိုချီလို့ နာမည်ပေးခြင်း ခံရတာ မထူးဆန်းဘူးဗျ ကျွန်တော့်သခင်မက ဂျပန်မကိုး။ ကျွန်တော်သခင်က အမေရိကန် ဒါပေမဲ့ ကျွန်တော့်ကို ရှိတယ်လို့တောင် ဂရုမစိုက်ဘူး။ သူက ဟိုနတ်စုဆိုတဲ့ ခွေးမကိုပဲ ဝိုင်းချစ်ကြတာ။ နတ်စုဆိုတာ ဂျပန်လို နွေလို့ အဓိပ္ဗာယ်ရပါသတဲ့။ နတ်စုက ချီဘာမျိုး အသက်က ငါးနှစ်လောက်ရှိပြီ။ အတော်ဖားတဲ့ကောင် သခင်တွေ ပြန်လာရင် တကိုယ်လုံးခါ အသံမျိုးစုံအော်ဟစ် အရုပ်ကိုကိုက်ပြီး ကြိုတတ်တယ်။  တခါတလေများဆိုရင် ချိတ်တောင်တက်တယ်။ ကျွန်တော်က နတ်စုလို လုံးဝမဖားတတ်ဘူး သခင်တွေ ပြန်လာရင် ငြိမ်ငြိမ်လေးပဲ သွားကြိုတတ်တယ်။ ကျွန်တော့်သခင်နဲ့ သခင်မက အေးအေးဆေးဆေးပဲ။ သခင်မက ကျွန်တော့်ကို တခါတလေ ချီတယ် ပွေ့တယ်။ အဲ... ပြသနာက တဖက်ခန်းမှာနေတဲ့ ပုလင်းဖင်မှန်ကြောင်မ။ သူက ကျွန်တော့်တို့ကို အစာ‌ကျွှေးတယ် ရေတိုက်တယ် ကျွန်တော်နဲ့ဆော့တယ်။ သူ ပြန်လာလို့ သွားကြိုတဲ့အခါ ကျွန်တော်က တခါတလေ ညောင်လို့ နှုတ်ဆက်တယ်။ အဲဒါကို သူက what ဘာညောင်တာလဲ... တော်ကြာမှ ကျွှေးမယ်လို့ ပြောတတ်တယ်။ ကြည့် ... ကျွန်တော်တို့ကြောင်တွေက ညောင်လို့ပဲ အော်တတ်တဲ့ဟာကို သူက နားမလည်ဘဲနဲ့ စွတ်ပြောနေတယ်။

တခါတလေ ဗိုက်ဆာလို့ သူ့ဆီမှာ တညောင်ညောင်နဲ့ အစာသွားတောင်းရင် မိုချီ နင်ဟာ ငါတွေ့ဖူးတဲ့ကြောင်တွေထဲမှာ အညောင်ဆုံးပဲ။ နင့်လောက်ညောင်တဲ့ကြောင် မတွေ့ဖူးဘူးတဲ့။ ကျွန်တော့်မှာ ဂုဏ်ပဲယူရတော့မလို။ နားညည်းမခံနိုင်လို့တဲ့ ထကျွှေးတယ် ပြီးတော့ ပြောလိုက်သေးတယ် တချိန်လုံးဆာ တချိန်လုံးစားနေတာပဲ ဆာဆာနိုင်လွန်းတယ် စားစားနိုင်လွန်းတယ်တဲ့။ ကိုယ့်ပါးစပ်နဲ့ ကိုယ်စားနိုင်တာ သူ့ပါးစပ်ငှားစားတာ ကျနေတာပဲ တကတဲမှပဲ။ သူ့အခန်းတံခါးကို သွားခြစ်ရင် သူ စိတ်ကောင်းဝင်နေတဲ့အချိန်ဆို မိုချီ လာ..လာဆိုပြီး ခေါ်တတ်တယ်။ စိတ်ကောင်းမဝင်တဲ့အချိန်ဆိုရင် နောက်နောင် ငါ့ဆီကို ဘယ်တော့မှ မလာနဲ့လို့ အော်ဟစ်နှင်ထုတ်တတ်တယ်။ ကျွန်တော်က ပွတ်တီးပွတ်သပ်လုပ်တာ မကြိုက်ဘူး။ သူက လာလာပွေ့ချီတတ်တယ်။ ကျွန်တော်ကလည်း လာပွေ့ရင် အော်တော့တာပဲ။ သူ ကျွန်တော်နဲ့ ရင်းနှီးအောင် အတော်လေး ကြိုးစားလိုက်ရတယ်။ လက်မှာလည်း ကုတ်ရာဗရပွနဲ့။ ကျွန်တော်ကလည်း ကျွန်တော် သူပွတ်သပ်ပေးနေရင်တာကို လက်နဲ့သွားသွားစတယ်။ သူစိတ်တိုတဲ့အခါ ကြောင်သားစွတ်ပြုတ် လုပ်စားပစ်လိုက်မယ်၊ ကြောင်ဘာဘီကျူ လုပ်စားပစ်လိုက်မယ် ဘာမှတ်လဲလို့ ခြိမ်းခြောက်တတ်သေးတယ်။ တခါတလေ သူစိတ်တိုရင် တောက်ခေါက်တတ်တယ်။ သူ တောက်ခေါက်တာကို ကျွန်တော် သိပ်ကြောက်တာပဲ။ တခါတလေ ကျွန်တော်က ဂါးလို့ပါးစပ်ဖြဲပြ အမြီးထောင်ပြရင် သူကလည်း ဂါးကနဲအော် လက်နဲ့ကုတ်ခြစ်တော့မယ့်ပုံ လုပ်တတ်တယ်။

တခါတလေကျတော့လည်း ကျွန်တော်အော်သလို အသံမျိုးစုံနဲ့ လိုက်အော်တတ်တယ် အတော်နောက်တဲ့သူ။ ကျွန်တော် မျက်စိမှိတ်ပြရင် သူကလည်း ပြန်မှိတ်ပြတယ်။ မိုချီ နင် တော်တော်ဆိုးတဲ့ကြောင်လို့ ချီးမွမ်းတတ်သေးတယ်။ သူ ထမင်းစားရင် ကျွန်တော်နဲ့နတ်စုက သွားသွားမျှော်တတ်တယ်။ နတ်စုဆိုတဲ့ကောင်က အစုံစားတဲ့သတ္တဝါ သူ ဘာကျွှေးကျွှေး စားတယ် နည်းနည်းလေးမှ စတန်းတပ် အဆင့်မရှိဘူး။ ကျွန်တော်က အမေရိကန်မှာမွေး အမေရိကန်မှာကြီးတဲ့ အမေရိကန်ကြောင်စစ်စ်။ ကြောင်စာနဲ့ ကန်ဗူးထဲက တူနာကိုပဲ စားတယ်။ တခါတလေ နတ်စုအစာကို သွားစားရင် သဘောကောင်းတဲ့ နတ်စုက အေးအေးဆေးဆေးပဲ။ သူက နတ်စု နင့်အစာတွေကို မိုချီ ဝင်တီးနေတယ်၊ ကိုက်ထည့်လိုက်ပါလားလို့ လှော်ပေးတတ်တယ်။ အဲဒီအခါ နတ်စုက ဘေးနားလာရပ်ပြီး သူ့အစာတွေကို မစားဖို့ တားတတ်တယ်။ ကျွန်တော်က နတ်စုကို ခေါင်းသွားသွားဝှေ့တတ်တယ်။ နတ်စုကို လက်သည်းနဲ့ သွားကုတ်ရင် ကိန်ကိန်လို့ အော်ဟစ်ပြီး သူ့အခန်းထဲကို သွားတိုင်ပါလေရော။ အတော်အတိုင်အတောထူတဲ့ကောင် သူ့ခန္ဓာကိုယ်မှ အားမနာ ပိစိကွေးကျွန်တော့်ကို မနိုင်တာနဲ့သခင့်ဆီက အကူအညီတောင်းရတယ်။ ဟိုက မိုချီ နင် နတ်စုကို လုပ်တယ်ဟုတ်လား အေးလေ နတ်စု သနားပါတယ်ဆိုပြီး ချော့တတ်တယ်။ နတ်စုဆော့တဲ့ အရုပ်ကို ကျွန်တော် သွားကိုက်ရင် နတ်စုက သူ့ဟာဆိုပြီး ဝင်လုတတ်တယ်။ အဲဒီနတ်စုဆိုတဲ့ အကောင်ဟာ ဝဖီးနေတာများ တခါတုန်းက ဆိုဖာပေါ် ခုန်တတ်တာ ဘိုင်းခနဲ  ပစ်လဲကျတယ် အတော်အီစိမ့်သွားမှာပဲ။




ညနေရုံးဆင်းလို့ အိမ်ရောက်ရင် သူက ကျွန်တော့်ကို ပွေ့ချီတတ်တယ်။ အဲဒါကို နတ်စုက လက်နဲ့ကုတ်ပြီး ကျွန်တော့်ကို မချီဖို့တားတယ် အတော်မနာလိုတိုရှည်တဲ့ကောင်။ ကျွန်တော့်ကို ပွတ်သပ်ပေးနေရင်လည်း သူ့လက်နဲ့ ကုတ်ခြစ်ပြီး မပွတ်သပ်ပေးဖို့ အော်ဟစ်တတ်သေးတယ်။ နတ်စုဆိုတဲ့ အကောင်က မိုးခြိမ်းတာကို သေမလောက်ကြောက်တာ။ မိုးခြိမ်းရင် သူ့မှာ နေစရာမရှိတော့ဘူး ကုတင်အောက် ဝင်ပြေးရတာနဲ့။ အစတုန်းက သူက နတ်စု ကုတင်ပေါ် တက်အိပ်တာ လက်ခံသေးတယ်။ နောက်တော့ နတ်စုက သေးတစိုစို ဖြစ်နေတာနဲ့ ကုတင်ပေါ် လုံးဝအတက် မခံတော့ဘူး။ သခင်တွေက မှန်မှန်ခွေးမကျောင်းနိုင်တော့ နတ်စုလည်း ထိန်းထားတဲ့ကြားက သေးတစိုစိုဖြစ်တယ်။ တခါတလေ သူ့မွေ့ယာပေါ်မှာ သေးထွက်တတ်တယ်။ ကျွန်တော့မွေ့ယာအုပ်ဆောင်းလည်း နတ်စုသေးပေါက်လို့ ပစ်လိုက်ရတယ်။ ကျွန်တော်က သူ့မွေ့ယာပေါ်မှာ အခန့်သား အိပ်နေရင် ကုတင်အောက်မှာ အိပ်နေတဲ့ နတ်စုက မနာလိုသိပ်ဖြစ်တာ။ နတ်စုက ကုတင်ပေါ်တက်ချင်ပါတယ်လို့ အမူအယာနဲ့ တောင်းပန်တတ်ပေမဲ့ သူက ဘယ်တော့မှ လက်မခံဘူး။ တခါတလေ နတ်စုက ရှူးအရမ်းပေါက်ချင်ရင် သူ့ကို အမူအယာနဲ့ တောင်းတတ်တယ်။ ဒါပေမဲ့ သူက ဘယ်တော့မှ ခွေးမကျောင်းဘူး။ သူ့မှာလည်း အရိုးအဆစ်တွေနာလို့ ကုတင်ပေါ်မှာ အိပ်နေရတာ ခပ်များများ။

ညဖက်ရောက်ရင် သူ့အခန်းတံခါးကို ကျွန်တော်က ကုတ်ခြစ်ပြီး ဖွင့်ခိုင်းတတ်တယ်။ သူ သဘောကောင်းရင် လာဖွင့်ပေးတတ်ပြီး သဘောမကောင်းရင် လာမဖွင့်ပေးဘူး။ ကျွန်တော်ကလည်း သူ့ခြေရင်းမှာ အိပ်ရတာကို သဘောကျတယ် နွေးတာကိုး။ ကျွန်တော်ကလည်း လေးပေါင်လောက်ရှိတော့ သူ့ခြေထောက်နာလာတယ်နဲ့ တူပါရဲ့ ကျွန်တော့်ကို ကန်ထုတ်တတ်တယ်။ ကျွန်တော်ကလည်း ပြန်တက်ပြီး အိပ်တာပဲ။ တခါတလေ သူ့ခြေထောက်ကြီးနဲ့ ကျွန်တော့်ကို ဖိထားလို့ မနည်းခါချရတယ်။ သူ့အခန်းနားမှာ ငှက်ကလေးတွေ လာတတ်တယ်။ အဲဒါကို ကျွန်တော်က စောင့်ဖမ်းချင်တာ။ မိုချီ မှီ...မှီ လို့ခေါ်ရင် ကျွန်တော်က ညောင်ဆိုပြီး ပြေးလာတတ်တာကို သူ သိပ်သဘောကျတယ်။ ကျွန်တော်ကလည်း ကျွန်တော် သိပ်စကားများတဲ့ကြောင်။ ပွတ်သပ်ပေးဖို့တောင်းရင် ညောင့်လို့ အသံပြတ်နဲ့ တောင်းဆိုတယ်တယ်။ ဗိုက်ဆာရင် အသံဗြဲကြီးနဲ့ ညောင်ညောင်လို့ သူ နားမခံသာအောင် အော်မယ်။ တခါတလေ ညောင်...ညောင် လို့ စကားတွေ ပြောတယ်။ သူ့လက်မောင်းနား တိုးခွေ့ရတာကို ကျွန်တော် သိပ်ကြိုက်တာ။ သူက တခါတလေ ကျွန်တော့် နှုတ်ခမ်းမွှေး၊ အမြီးတွေကို ဆောင့်ဆွဲပြီး စတတ်တယ်။ တခါတလေ ကျွန်တော့်ကို ပွေ့ချီပြီး နတ်စု မနာလိုဖြစ်အောင် လုပ်တတ်တယ်။ နတ်စုနဲ့သူ ကလူ၏သို့ မြူ၏သို့ ဆော့ကစားနေရင် ကျွန်တော်လည်း ဆော့ချင်တာပေါ့။ ကျွန်တော်က ဟိုပြေးဒီပြေးလုပ်ရင် မိုချီတစ်ကောင် ဘာဖြစ်နေပါလိမ့်တဲ့။ ကျွန်တော့်ကို ဆိုးတယ်လို့သာပြောတယ် သူကလည်း ခပ်ဆိုးဆိုး။

ကျွန်တော့်ဗိုက်က အဆီတွေကို လာလာကိုင်တတ်တယ်။ ကျွန်တော်ကလည်း အဲဒီလိုကိုင်တာကို နည်းနည်းမှမကြိုက်။ ကျွန်တော် စိတ်တိုရင် ဂါးဆိုပြီး အစွယ်ဖြဲပြ အမြီးထောင်ပြတတ်တယ်။ သူကလည်း ဂါးဆိုပြီးအော် လက်သည်းနဲ့ကုတ်ခြစ်တော့မလို လုပ်ပြတယ်။ သူက ကျွန်တော် ဆော်ထားတာကို မှတ်ထားတယ်။ တခါတလေ ကျွန်တော် ညောင်ညောင်လို့ အစာတောင်းရင် မျက်ခွက်ကို ပိတ်ကန်တတ်တယ်။ ကျွန်တော့်ဖင်ကိုလည်း ပိတ်ကန်တတ်သေးတယ်။ တခါတလေ ကျွန်တော့်ဂုတ်ကို ညှပ်ကိုင်တတ်တယ်။ အဲဒီအခါဆို ကျွန်တော်က ဘာမှလုပ်လို့မရတော့ဘူး။ သူ ချီမယ်ဆိုရင် ကျွန်တော်က သခင့်အခန်းထဲ ဝင်ပြေးတတ်တယ်။ အဲဒါဆို သူက မလိုက်ရှာတော့ဘူး။ ခဏနေရင် ကျွန်တော်ကပဲ သူ့အခန်းတံခါး တွန်းဖွင့်ပြီ သူ့ဆီ သွားရတာပါပဲ။ သူ ပြန်လာတဲ့အခါ ကျွန်တော်က တံခါးဝကနေစောင့်ပြီး တံခါးဖွင့်လိုက်တာနဲ့ အပြင်ကိုထွက်ရင် မိုချီ လာ..လာ လို့ခေါ်တယ်။ ကျွန်တော်က မလာရင် တံခါးပိတ်ပစ်လိုက်တယ်။ ကျွန်တော့်မှာ ကြောက်ကြောက်နဲ့ တံခါးဝကို စောင့်နေရတယ်။ ခဏနေတော့မှ သူက ကျွန်တော့်ကို တံခါးဖွင့်ပေးတယ်။ သူ အပြင်ထွက်ရင် ကျွန်တော်လည်း လိုက်ချင်တာပေါ့ တညောင်ညောင်နဲ့ ပူဆာဖူးတယ်။ အယ်မလေး ဒင်းက ခေါ်ဖို့နေနေသာသာ အတော်ရှုပ်တဲ့ကြောင်ဆိုပြီး ခြေထောက်နဲ့ ကန်ထုတ်တယ်။ သူက ကန်တယ်ဆိုပေမဲ့ ဖွဖွလေး ကန်တာပါ။ နတ်စုကိုတော့ good girl တဲ့ ကျွန်တော့်ကိုတော့ bad boy တဲ့။ ကျွန်တော့်ကို လူဆိုးလေးလို့ နာမည်ပေးတာကို ကျွန်တော်က ခပ်ကြိုက်ကြိုက်ပဲ ကျွန်တော်ကလည်း ဆိုးတာကိုး။ ကျွန်တော့်ကို များများလေးဆိုးပြီး နည်းနည်းလေး ချစ်ဖို့ကောင်းတယ်တဲ့။ သူကလည်း ထူးမခြားနားပဲ။ ကျွန်တော်တို့လား ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ ပျော်စရာကြီးဗျ။

စန်းထွန်း
မေ ၁၆၊ ၂၀၁၅။

5 comments:

Anonymous said...

Nice job!!
MMIora

Anonymous said...

Good one! Very Cute Mochi And???
Ma Khine

Aunty Tint said...


blackroze said...


San San Htun said...

Aunty Tint said...
good girl နဲ့ bad boy လေးအကြောင်း ကြည်နူးစွာဖတ်သွားတယ် စန်းစန်းရေ....
မရောက်တာကြာပေါ့ သတိယနေတယ်။
May 19, 2015 at 6:51 AM
blackroze said...
မိုချိ ပြောတဲ့ ပုလင်းဖင်မှန်ကြောင်မဆိုတာ
ဘယ်သူများပါလိမ့်နော်..
စဉ်းစားခန်းဝင်သွားသည်
May 23, 2015 at 1:58 PM