ချယ်ရီပွဲတော်သွား တောလား ...

နွေဦးပွဲတော်တွေမှာ အထင်ရှားဆုံးကတော့ ဝါရှင်တန်ဒီစီက ချယ်ရီပွဲတော်ပါ။ မတ်လ ၂၀ ကနေ ဧပြီ ၁၂ အထိ ကျင်းပပါတယ်။ ချယ်ရီတွေ အစွမ်းကုန်ပွင့်ဖို့ ခန့်မှန်းကြတာက ဧပြီ ၁၁ - ၁၄ ရက်အထိဆိုတော့ စနေ၊ တနင်္ဂနွေဖြစ်တဲ့ ဧပြီ ၁၁ - ၁၂ မှာသွားဖို့ စိတ်ကူးထားတယ်။ အီတလီရုံးမှာ အတူတူလုပ်ခဲ့ပြီး အခုဝါရှင်တန်ဒီစီမှာ တာဝန်ကျနေတဲ့ ဝိုင်းသူငယ်ချင်း အမေရိကန်မလေးက ဝိုင်းကို လာလည်ဖို့ဖိတ်ပေမဲ့ ဝိုင်းက အဲဒီနေ့မှာ အီတလီနားက အယ်လ်ဘေးနီးယားကို သွားရမှာမို့ ချယ်ရီပွဲတော် မနွှဲနိုင်တော့ဘူး။ မနှစ်က နယူးယောက်ကို ပြောင်းလာပြီး မကြာခင်မှာပဲ ဘရွတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်းက ချယ်ရီပွဲတော်ကို ဝိုင်းသွားတယ်တဲ့ ဝင်ကြေးက ၂၅ ကျပ်တောင် ပေးရတယ်။ ဒီစီချယ်ရီပွဲတော်ကို ဝိုင်းပါ လိုက်နိုင်ရင် ကိုယ်တို့သွားနေကျ ဘက်ဂျက်တရုတ်တိုးကားနဲ့ သွားဖို့စဉ်းစားထားတာ။ ၁ ညအိပ် ၂ ရက်ခရီးကိုမှ ၁၀၀ ပဲ ပေးရတယ်။ ဝိုင်း မလိုက်နိုင်ဘူးဆိုတော့ ကိုယ့်ဘာသာ ဘတ်စ်ကား၊ ရထားစီးသွားမယ်။ ဒီစီရုံးက ကလဲရားအိမ်၊ ဆူနမ်တို့အိမ်မှာ အိပ်လို့ရတော့ ဟိုတယ်ခ သက်သာသွားတယ်။ ရထားလက်မှတ်က အစောတုန်းက ၈၀ မသွားခင် တပတ်အလိုမှာ ဘွတ်ဖို့ကြည့်လိုက်တော့ ၁၅၀ ဖြစ်သွားတယ်။ ဘတ်စ်ကားခက ၅၅ ကျပ်ပဲ ပေးရတယ် ဒါတောင် တပတ်လောက် ကြိုဘွတ်ရင်၊ ကြားရက်တွေဆို ၃၅ ကျပ်လောက်နဲ့ ရတယ်။

Union Station


ဧပြီ ၁၁ ရက် စနေနေ့မနက် ၅ နာရီခွဲ ကိုယ့်အိမ်ကနေ အမြန်ရထားတွေရှိတဲ့ ဂျက်ဆင်ဟိုက်ဘူတာကို ရထား ၂ ဘူတာ စီးရတယ်။ ရထားမစီးချင်တာနဲ့ လမ်းလျှောက်တော့ မနက်စောစောစီးစီးမို့ လူတွေရှင်းနေတာပဲ။ ဂျက်ဆင်ဟိုက်ဘူတာကနေ အမြန်ရထား E စီးပြီး ပေါ့အသော်ရတီဘူတာမှာဆင်း ဘတ်စ်ကားဂိတ်ရှာတာ မတွေ့လို့ မေးကြည့်တော့ ခုရောက်တာ South Wing ဘတ်စ်ကားတွေရှိတာက North Wing ဟိုတံခါးကနေ လမ်းမကူးလိုက်ရင် South Wing ရောက်ပြီတဲ့။ မနက် ၆ နာရီခွဲ ဂိတ် ၆၄ ဝါရှင်တန်ဒီစီဂိတ်ရောက်တော့ လူတွေမှာ အများကြီး။ ဘုတ်ဒင်းနံပါတ်က ၃၄ ဆိုတော့ ၃၀ - ၄၀ လို့ ရေးထားတဲ့ ကျူတန်းမှာစီ။ ဒါပေမဲ့ ထိုင်ခုံကတော့ ကြိုက်တဲ့နေရာ ထိုင်လို့ရတယ်။ ဒီတခါတော့ အချိန်တိကျတယ် မနက် ၇ နာရီအတိမှာ ထွက်တယ်။ ဒရိုင်ဘာက အမျိုးသမီး မိုဘိုင်းဖုန်း၊ အိုင်ပတ်၊ သီချင်းနားထောင်တဲ့အခါ  တခြားခရီးသွားတွေကို အနှောင့်အယှက်မဖြစ်အောင် နားကြပ်သုံးဖို့၊ ဆေးလိပ်မသောက်ဖို့ တားမြစ်ပါတယ်။ မနက်စောစော အိပ်ယာထရတော့ ကိုယ်လည်း အိပ်တဲ့အခါအိပ်၊ နိုးတဲ့အခါ ပတ်ဝန်းကျင်ရှုခင်းတွေကြည့်။ နယူးဂျာဆီ၊ ပန်ဆယ်ဗေးနီးယားပြည်နယ်တွေမှာတော့ သစ်ပင်တွေက ရိုးတံကျဲကျဲ အားလုံးဗလာကျင်းလို့။ မေရီလန်းပြည်နယ်ထဲကို ဝင်လိုက်တာနဲ့ သစ်ပင်စိမ်းစိမ်းတွေ မြင်ရတယ်။ ပန်းပွင့်တွေကလည်း ပွင့်လိုက်တာ ပင်လုံးညွှတ်ပဲ။ မေရီလန်းပြည်နယ်က  တောင်ဖက်ကျတော့ နယူးယောက်နဲ့ယှဉ်ရင် အအေးပေါ့တယ်။ ဒီလမ်းတွေကို သိပါတယ်လို့ စိတ်ထဲထင်နေလို့ ဂူဂယ်မတ်မှာ ကြည့်လိုက်တော့ ခုရောက်နေတဲ့မြို့က ဆေးဗားစပရင်းမြို့တဲ့။ မမှတ်မိဘဲနေပါ့မလား ကိုယ်နေခဲ့တဲ့မြို့ကိုး အဲဒီလမ်းတွေမှာ ကိုယ်အခေါက်ခေါက် အခါခါ မောင်းခဲ့ဖူးတယ်။

US Capitol
Library of Congress
Library of Congress
US Capitol

ဝါရှင်တန်ဒီစီ ယူနီယမ်စတေရှင်းထဲဝင်တော့ ၁၂ နာရီကျော်နေပြီ။ Chipotle ချစ်ပိုလေးမှာ နေ့လည်စာစားတော့ အစားအသောက်က ကိုယ်သတိထားမိလောက်အောင်ကို မနှစ်ကထက်စာရင် တော်တော်နည်းသွားတယ်။ ဒါပေမဲ့ ခုအရွယ်အစားကမှ ကိုယ့်အတွက် အတော်ပဲ။ နေ့လည်စာစားပြီးတော့ ကယ်ပီတယ်ကိုဖြတ်ပြီး နေရှင်နယ်မောလ်တလျှောက်ကနေ ချယ်ရီပွဲတော်ရှိတဲ့ တိုင်တယ်ဘေဆင်ဆီကို လမ်းလျှောက်တယ်။ ကယ်ပီတယ်က ပြုပြင်ထိန်းသိမ်းရေးလုပ်ဖို့ ငြမ်းတွေဆင်ထားတော့ အရင်ကလောက် မလှဘူး။ ကယ်ပီတယ်ရှေ့က လိုင်ဘယ်ရီအော့ဖ်ကွန်ကရက်မှာ ကျူတန်းကြီးက အရှည်ကြီး။ ရာသီဥတုက ၇၀ ဒီဂရီဖာရင်ဟိုက် နွေးနွေးလေး နေလို့သိပ်ကောင်းတယ်။ ကယ်ပီတယ်ဘေးကဖြတ်တော့ ရဲတွေက ဟိုဘက်ကနေသွားဖို့ လက်ပြနေတယ်။ ကယ်ပီတယ်ရှေ့မှာ ရဲကားတွေတဝီဝီဖြစ်နေတော့ ဘာလဲလို့ သွားစပ်စုပြီး ဓာတ်ပုံရိုက်လိုက်သေးတယ်။ ကွန်ဂရက်အမတ်လို့ကြားလိုက်တော့ တခုခုတော့ တခုခုပဲ။ ကယ်ပီတယ်ရှေ့က Refelctio Pool ကနေ မိုးနူမတ်ကျောက်တိုင်ကြီးကို မြင်ရတယ်။ ဒီစီကတော့ အမြဲတမ်း စည်ကားနေတာပါပဲ။ ဘော်တနစ်ကယ်ဂါးဒင်း၊ စမတ်ဆိုးနီးယမ်း၊ National Museum of National History ၊ National Gallery of Art ကိုယ် သိပ်သဘောကျတဲ့ပြတိုက်တွေ။ ဒီစီရဲ့ ကောင်းတဲ့အချက်တခုက ပြတိုက်တော်တော်များများ ဝင်ကြေးအခမဲ့။ ပြတိုက်တွေကလည်း အကြီးကြီးတွေ အထပ်တိုင်း၊ နေရာတိုင်းကို နှံ့ဖို့ဆို ၄ ၊ ၅ နာရီလောက် ကြာတယ်။ မေရီလန်းမှာနေတုန်းက ပိတ်ရက်တွေဆို ဒီစီကိုသွား ပြတိုက်တွေအနှံ့ သွားခဲ့တာ သိပ်မှန်တာပဲ။ National Air and Space Museum ရှေ့မှာတော့ ကျူစီနေတဲ့ လူအုပ်ကြီးက မနည်းမနော။


shooting near US Capitol on 04/11/2015
US Capitol & Reflection pool


တိုင်ဒယ်ဘေဆင် Tidal Basin ဘေးက ချယ်ရီပွဲတော်ကို ချီတက်ကြတဲ့ လူအုပ်ကြီးက ကြက်ပျံမကျဘဲ။ မနှစ်က ချယ်ရီတွေက လှသလို ဒီနှစ်ချယ်ရီတွေကလည်း လှမြဲလှဆဲ။ Parade ရှိပေမဲ့ သွားမကြည့်တော့ပါဘူး။ ပွဲတော်ရဲ့အလှကို တကယ်ခံစားချင်ရင် သမိုင်းကြောင်းကို နည်းနည်းလေးသိဖို့ လိုပါတယ်။ ၁၉၁၂ မတ်လ ၂၇ ဂျပန်ပြည်ကနေ ချစ်ကြည်ရေးလက်ဆောင်အဖြစ် ရောက်လာတဲ့ ပထမဆုံး ယိုရှီနို Yoshino ချယ်ရီပင်တွေကို တိုင်ဒယ်ဘေဆင် မြောက်ဘက်ကမ်းပါးမှာ စိုက်ပျိုးခဲ့ပါတယ်။ ချယ်ရီပင်တွေကို လက်ရှိနေရာမှာ စိုက်ပျိုးခွင့်ရဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ခဲ့ပါဘူး။ ဂျပန်ပြည် ပထမဆုံး အလည်အပတ်ခရီးကနေ ဝါရှင်တန်ကို ပြန်လာတဲ့ နာမည်ကြီး စာရေးဆရာမ၊ ဖိုတိုဂရပ်ဖာ၊ National Geographic Society ရဲ့ ပထမဆုံးအမျိုးသမီး ဘုတ်မန်ဘာ Mrs.Eliza Scidmor က ယူအက်စ်စစ်တပ် အများပြည်သူသုံး အဆောက်အဦး၊ ကစားကွင်း ဆောက်လုပ်ရေးကို ချည်းကပ်ပြီး ပတ်တိုးမတ် မြစ်ကမ်းဘေးမှာ ချယ်ရီပင်တွေ စိုက်ပျိုးရေး အဆိုပြုချက်ကို တင်သွင်းခဲ့ပေမဲ့ မကြားချင်ယောင် ပြုခဲ့ကြတယ်။ ၂၄ နှစ်လုံးလုံး တောင်းဆိုခဲ့ပေမဲ့ အထမမြောက်ခဲ့ပါဘူး။ ၁၉၀၆၊ ၁၉၀၇ နာမည်ကြီး horticulturist David Fairchild က ဂျပန် Yokohama Nursery Company ကနေ ချယ်ရီပင် ၇၅ ပင် တင်သွင်းပြီး ခံနိုင်ရည်စွမ်းကို စမ်းသပ်ခဲ့ပါတယ်။ အောင်မြင်တဲ့အခါ ဝါရှင်တန်ဒီစီက လမ်းမကြီးတွေရဲ့ဘေးမှာ ချယ်ရီပင်တွေ စိုက်ပျိုးရေးကို Farichild မိသားစုဝင်တွေက စည်းရုံးပါတယ်။ ၁၉၀၈ Arbor Day ပို့ချချက်မှာ Fairchild က တိုင်ဒယ်ဘေဆင်ကို ချယ်ရီပင်တွေ ဝေနေအောင် ဖန်တီးဖို့အဆိုပြုချက်ကို တင်သွင်းခဲ့ပါတာကို တက်ရောက်သူ Eliza Schidmor က တေးမှတ်ထားပါတယ်။




နှစ်နှစ်ကြာပြီးတဲ့နောက် ၁၉၀၉  မှာတော့ ချယ်ရီပင်တွေ စိုက်ပျိုးဖို့ ရန်ပုံငွေရှာပွဲ အစီအစဉ်တွေကို သမ္မတကတော်အသစ် Helen Herron Taft ဆီ စာရေးသားပါတယ်။ Mrs. Taft က ဂျပန်မှာ နေဖူးတော့ ချယ်ရီအလှကို ကောင်းကောင်းသိတာပေါ့။ တစ်နှစ်ကြာပြီးတဲ့အနောက် တိုကျိုက ဝါရှင်တန်ကို ချယ်ရီပင် ၂၀၀၀ လှုဒါန်းဖို့ရည်စူးထားတဲ့အကြောင်း ဂျပန်သံရုံးကနေ Department of State ကို အကြောင်းကြားလာပါတယ်။ ဒီဇင်ဘာ ၁၀ မှာတော့ ချယ်ရီပင်တွေဟာ စီရေတယ်မြို့ကို ရောက်ရှိလာပါတယ်။ ၁၉၁၀ အစောပိုင်းမှာ ချယ်ရီပင်တွေဟာ ဝါရှင်တန်ကို ရောက်လာခဲ့ပေမဲ့ အင်းဆက်တွေပါနေလို့ သမ္မတက ဖျက်ဆီးဖို့ အမိန့်ပေးခဲ့ပါတယ်။ တိုကျိုမြို့တော်ဝန် Yukio Ozaki က ဒုတိယအကြိမ်အဖြစ် ချယ်ရီပင် ၃၀၀၀ ကျော် လှုဒါန်းခဲ့ပါတယ်။ ၁၉၁၂ မတ်လမှာတော့ သမ္မတကတော်နဲ့ ဂျပန်သံအမတ်ဇနီးတို့ဟာ ယိုရှီနိုချယ်ရီ ၂ ပင်ကို တိုင်ဒယ်ဘေဆင်ဘေးမှာ စိုက်ပျိုးခဲ့တာကအစပြုလို့ သမ္မတကတော်အစဉ်အဆက်က ချယ်ရီပင်တွေ စိုက်ပျိုးပြီး ချယ်ရီပွဲတော်ကို ဖွင့်လှစ်ပါတယ်။ ချယ်ရီပွင့်တွေ ဘယ်အဆင့်ရောက်နေပြီလဲ၊ ပွင့်ပြီလားလို့ ဒီလင့်ခ် လေးမှာ ကြည့်နိုင်ပါတယ်။ မနက်စောစောဆိုရင်တော့ လူရှင်းပါလိမ့်မယ် ကိုယ်ရောက်သွားတဲ့အချိန်က နေ့လည်ဆိုတော့ နေရာတိုင်းမှာ လူတွေအပြည့်ပဲ။ တိုင်ဒယ်ဘေဆင်ကန်ကို တပတ်ပတ်လျှောက် ဒီစီမှာ ဆူနမ်အကြိုက်ဆုံးဖြစ်တဲ့ Word World II Memorial ကို သွားဓာတ်ပုံရိုက်။ မိုးနှုးမတ်နားမှာ စွန်လွှတ်နေတဲ့သူတွေကို တွေ့တယ်။ ဟိုးအဝေးက အိမ်ဖြူတော်ကို ပြပြလေး လှမ်းတွေ့ရတယ်။ အေဘီစီနယူးစ်မှာ တက်လာတဲ့ သတင်းတစ်ပုဒ်က ကယ်ပီတယ်နားမှာ သေနတ်ပစ်လို့ ကယ်ပီတယ်ကို lock down ထားတယ်တဲ့။ ကိုယ်တွေ့ခဲ့တာ အဲဒါနေမှာ။


When you see the beauty of Mother Nature, forget about everything & enjoy the moment with your own eyes. Just like him.


စမစ်ဆိုးနီးယမ်းနောက်က ပန်းခြံလေးက အတော်သာယာတယ်။ ပန်းခြံမှာထိုင်ပြီး အမောဖြေရတယ် ခြေထောက်က နာချင်လာပြီ။ ကိုယ် မလည်ရသေးတဲ့ ပြတိုက်တစ်ခု တွေ့တယ် American Indians ပြတိုက်။ ပြတိုက်က ၅ နာရီခွဲ ပိတ်မှာ ၅ နာရီကျော်နေပြီမို့ မဝင်တော့ပါဘူး။ ကိုယ်က ပြတိုက်ရဲ့ ထောင့်တိုင်း၊ အထပ်တိုင်းကို နှံ့ချင်တော့ အနည်းဆုံး ၄ နာရီလောက် အချိန်ယူရမယ်။ ပြတိုက်ရှေ့မှာ အမေရိကန်ဒင်ဒီးယန်း တိုင်းရင်းသားနှစ်ယောက် တွေ့တယ်။ ကယ်ပီတယ်ဘေးနားထိ ပြန်လျှောက်လို့ ရထားစီးဖို့ Capitol South ဘူတာရုံကို ရှာတာမတွေ့လို့ ရဲကို မေးရသေးတယ်။ SmarTrip card ဖြတ်တော့ ဝန်ထမ်းကို ပြောပါဆိုလို့ သွားပြောရသေးတယ်။ SmarTrip ကဒ်ကို မသုံးတာ တစ်နှစ်အတိရှိပြီဆိုတော့ Inactivate ဖြစ်နေလို့ activate လုပ်ရတာ။ နယူးယောက်ရထားတွေက Stand clear closing doors လို့အော်ပြီး ဒီစီရထားတွေက Step back. Doors are closing လို့အော်တယ်။ လိမ္မော်ရောင်လိုင်း Vienna bound ကို စီးပြီး East Falls Church ဘူတာမှာဆင်း Silver line ကိုစီးဖို့ အောက်ထပ်ဆင်းတော့ ရထားလိုင်းမတွေ့လို့ အပေါ်ပြန်တက်။ ဘူတာမှာ ရေးထားတာကို ပြန်ဖတ်တော့ Silver line ကိုစီးဖို့ အဲဒီပလက်ဖောင်းကနေပဲ စီးရမှာတဲ့။ ဘူတာကနေထွက်တော့ နယူးယောက်လို ကဒ်မဖြတ်ဘဲ သွားဖြတ်နေသေးတယ်။ နယူးယောက်မှာ အဝင်ပဲ ကဒ်ဖြတ်ရတယ် အထွက်ဖြတ်စရာမလိုဘူး။ ဒီစီ၊ ဘော်စတွန်မှာက အထွက်လည်း ကဒ်ဖြတ်ရတယ်။ Tysons Corner မှာဆင်း ကလဲယားကို ဖုန်းဆက်ခေါ်တော့ မေစီလျှော့ပင်းမောလ်နောက်က ကားဝင်းထဲမှာ စောင့်နေပါဆိုလို့ သွားတာ မေစီမောလ်ထဲမှာပဲ ကလဲယားနဲ့ဆုံတယ်။




ကလဲယားရဲ့ကား အတိုက်ခံရလို့တဲ့ ဒါပေမဲ့ သူ့အမှားမဟုတ်ဘူးဆိုတော့ အာမခံက အကုန်လုပ်ပေးသွားတယ်။ ကားကို ဘော်ဒီရုံမှာ သွားပြင်နေတုန်း ကားတစ်စီးလာပေးထားတယ်။ ညစာစားပြီးတာနဲ့ ၉  နာရီလောက်ပဲ ရှိသေးတယ် ပင်ပန်းလို့ တချိုးတည်း အိပ်တော့တာပဲ။ မနက်မိုးလင်းတော့ ဖက်ထုပ်နဲ့ ဆန်းကစ်ကို အိမ်နောက်ဖက်က Balcony မှာ နေရောင်ခြည်ခံရင်း စားကြတယ်။ ကလဲယားက သူ့နောက်ဖက်အိမ်က 500k နဲ့ အရောင်းအဝယ်ဖြစ်တဲ့အကြောင်း၊ အိမ်ဈေးတွေ မြောက်လာတဲ့အကြောင်း၊ တချို့ဆို အိမ်ကိုဖြိုချပြီး အသစ်ဆောက်တဲ့အကြောင်းတွေ ပြောပြတယ်။ ကလဲယားရဲ့အိမ်က ဗာဂျီးနီးယားပြည်နယ် တိုင်ဆန်ကော်နာလျှော့ပင်းမောလ်နားမှာ အိမ်ပတ်ဝန်းကျင်ကို သိပ်သဘောကျတာပဲ။ ကလဲယားရေ နောက်ဆယ်နှစ်လောက်ဆို ဒီနားမှာ ကိုယ်အိမ်ဝယ်ရင် ကိုယ်တို့တွေ အိမ်နီးနားချင်းဖြစ်ကြတာပေါ့လို့ မစားရဝမခန်း ပြောလိုက်သေးတယ်။ မနီးမဝေးက McClean ဆို ခြံတွေက သိပ်မကျယ်ဘဲ ဈေးတအားမြောက်တယ် နာမည်ကြီး အထက်တန်းကျောင်းတွေ ရှိလို့တဲ့။ အိမ်ဈေးတွေက ကလဲယားတို့ဖက်မှာသာ မြောက်တာ ကလဲယားသူငယ်ချင်းဆို ဆူနမ်တို့နားမှာ အိမ်ဝယ်ထားတာ ၄ နှစ်လောက်ရှိပြီ အိမ်ဈေးက မတက်လာဘူး။ သူ ဝယ်ဖို့လုပ်တဲ့အိမ်၊ မဝယ်ဖြစ်တဲ့အိမ်တွေ၊ သူ့အိမ်နားတဝိုက်က အိမ်တွေကို ကားနဲ့ တပတ် လိုက်မောင်းပြတော့ ကိုယ်က ဟိုအိမ်က လှတယ်နော်၊ ဟိုအိမ်အရောင်ကြီးက ဘယ်လိုကြီးမှန်း မသိဘူးနဲ့ ဝေဖန်လေကန်တယ်။ အဲဒီအိမ်တွေကြည့်ပြီး အိမ်လေးတလုံးလောက်တော့ လိုချင်မိသား ဒါပေမဲ့ ခုတော့ မဟုတ်သေးပါဘူး။


Martin Luther King Statue
Washington Monument
Jefferson Memorial.  My favorite photo of this trip.
World War II Memorial

လိမ္မော်ရောင်လိုင်း East Falls Church ကနေ Metro Center ဘူတာမှာ ဆူနမ်တို့အိမ်နဲ့နီးတဲ့ အနီရောင်လိုင်းဂိတ်ဆုံး Shady Grove ကိုသွားတဲ့ ရထားကိုထပ်စီး။ ဒီစီမှာ အလုပ်လုပ်တုန်းက အချိန်တွေကို သတိရမိတယ်။ တခါတလေ အီးမေးလ်ဆက်သွယ်တာကလွဲရင် စကားမပြောဖြစ်ကြပေမဲ့ ကိုယ့်သူငယ်ချင်းတွေနဲ့ ပြန်ဆုံတော့လည်း အရင်လို ရင်းရင်းနှီးနှီးပါပဲ စိမ်းနေတယ်လို့ မခံစားမိဘူး။ သူငယ်ချင်းတွေ ဆုံကြတော့လည်း ဆူနမ်က ဟွန်ဒါ SUV ဝယ်လိုက်တဲ့အကြောင်း၊ အမ်းထရူးကား အတိုက်ခံရတဲ့အကြောင်း၊ ကိုယ့်ကို ကားမောင်းသင်ပေးတဲ့ ဂင်္ဂါ အိုင်အိုဝါကနေ မေရီလန်းကို ဘယ်လိုဘယ်ပုံရောက်လာတဲ့အကြောင်း၊ ပရော်ဖက်ဆာနာဂျစ် မားစ်ဂြိုလ်သွားမယ့်အကြောင်း၊ ဘယ်သူတွေက အိမ်ထောင်ကျလို့ ဘယ်သူတွေက ကလေးရနေပြီ၊ ဘယ်သူတွေက ဘယ်ပြည်နယ်မှာ၊ ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိပြီး ဘယ်သူတွေနဲ့တော့ အဆက်အသွယ်ပြတ်နေတဲ့အကြောင်း၊ ကိုယ့်ကျောင်းနေဖက်သူငယ်ချင်းတွေ အကြောင်း၊ မိသားစု၊ မိတ်ဆွေတွေအကြောင်း ပြောလိုက်ကြတာ ရေပတ်မဝင်ပါဘဲ။ နေ့လည်စာစားပြီးရင် အမေရိကန်အင်ဒီယန်းပြတိုက်ကို သွားမယ်ဆိုတာတောင် မသွားဖြစ်တော့ဘူး။ နင်တို့ ချယ်ရီပွဲတော် မသွားဘူးလားမေးတော့ မနှစ်ကရောက်ပြီးပြီဆိုတော့ မသွားတော့ဘူးတဲ့။ ဟဲ့ ငါ့ဆို ချယ်ရီပန်းတွေကို မြင်ချင်လွန်းလို့ မိုင် ၂၅၀ အဝေးကနေ တကူးတက လာရတာ။ နင်တို့ကမှ တကယ့်နီးနီးလေး ရထား ၁ နာရီလောက် စီးရင်ကိုပဲ ရောက်တဲ့ဟာကို မသွားဘူးလားဆိုတော့ ငါတို့က နင့်လိုမှ မဟုတ်တာတဲ့။ ကြည့် ကိုယ့်သူငယ်ချင်းတွေက တကယ့်ငပျင်းလေးတွေ။ အနီရောင်လိုင်း Shady Grove ဘူတာကနေ မြို့ထဲကို ရထားစီးတော့ စာဖတ်နေတဲ့ကိုယ့်ဘေးနားလာထိုင်ပြီး ဟိုင်း၊ ဟောင်းအာယူ ဂွတ်၊ ဖိလစ်ပီနိုလားလို့ လာမေးနေလို့ နိုးလို့ ပြောလိုက်ရသေးတယ်။ ရုံးက ဖိလစ်ပိုင်ကြီးက ကိုယ့်ကို ဖိလစ်ပိုင်ထင်လို့တဲ့။ ယူနီယမ်ဘူတာရုံက Chipotle မှာ ညစာဝယ်၊ ကယ်ပီတယ်နားက ချယ်ရီပင်အောက်မှာထိုင်ပြီး ချယ်ရီတွေကို ငေးဖြစ်တယ်။ ချယ်ရီပွင့်တွေ အင်မတန် လှတာပဲ။

Washington Monument


ဘရွတ်ကလင်း ဘော်တနစ်ဂါးဒင်း၊ ရုစဗဲ့အိုင်လန်၊ နယူးဂျာဆီပြည်နယ် Newark မြို့က Branch Brook ပန်းခြံတွေမှာလည်း ချယ်ရီပင်တွေ ရှိပေမဲ့ ဂျပန်တွေက ဒီစီက ချယ်ရီပင်တွေကို ပိုနှစ်သက်ပါသတဲ့။ ဒီစီက ချယ်ရီတွေက ဂျပန်ပြည်က ပို့လိုက်တဲ့ ယိုရှီနိုချယ်ရီပင်တွေကိုး။ ယိုရှီနိုချယ်ရီပွင့်တွေက အဖြူရောင်များတယ် ပန်းရောင်ဆွတ်တယ် ဆိုရုံလေး။ ဘရွတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်းက ချယ်ရီပင်တွေက ပန်းရောင်။ ဂျွှန်လမ်းလျှောက်အဖွဲ့နဲ့ ဒီနေ့ Newark ချယ်ရီပင်တွေဆီ လမ်းလျှောက်ဖို့ စီစဉ်ထားတာ ချယ်ရီတွေက ဧပြီ ၂၀ ကနေ ၂၄ ရက်မှာမှ အစွမ်းကုန်ပွင့်မယ်ဆိုလို့ မလိုက်ဖြစ်တော့ဘူး။ ဧပြီ ၂၅ နောက်တပတ်စနေနေ့မှာမှ လိုက်ဖို့စိတ်ကူးထားတယ် ချယ်ရီတွေ ပွင့်နေသေးဖို့ မျှော်လင့်ရတာပဲ။ နောက်တပတ် ဝိုင်းလည်း ပြန်ရောက်ပြီဆိုတော့ သွားဖြစ်ခဲ့ရင် ချယ်ရီပွင့်တွေနဲ့ ဓာတ်ပုံရိုက်ဖြစ်မယ်ထင်တယ်။ ဒီစီမှာတုန်းက ချယ်ရီပွင့်တွေနဲ့ ဓာတ်ပုံမရိုက်ခဲ့ရဘူး။ ကလဲယားအိမ်ရှေ့က ချယ်ရီပင်တွေနဲ့ ကလဲယားရိုက်ပေးလို့ ဓာတ်ပုံတစ်ပုံပဲ ရခဲ့တယ်။ နောက်တပတ် သွားဖြစ်ခဲ့ရင် ဓာတ်ပုံတွေ တင်ပါဦးမယ်။  ဧပြီ ၁၂ တနင်္ဂနွေည ၆ နာရီခွဲ ဘတ်စ်ကားဂိတ်ကို ကိုယ်ရောက်သွားတဲ့အချိန်မှာ ၄ နာရီခွဲ ဘတ်စ်ကားကို စောင့်နေကြတုန်း။ Traffic က တော်တော်ဆိုးလို့ နှစ်ဖက်လုံး delay တဲ့။ ည ၈ နာရီ နယူးယောက်ဆိုတဲ့ ဘတ်စ်ကား ၂ စီး ဝင်လာတော့ ခရီးသည်တွေ ဝမ်းသားအားရ ဟေးခနဲ အော်ကြတယ်။ ဒါပေမဲ့လည်း ၄ နာရီခွဲ၊ ၅ နာရီခွဲ၊ ၆ နာရီခွဲ စီးမဲ့သူတွေက အများကြီး။ ည ၇ နယူးယောက်ကိုထွက်မဲ့ ဘတ်စ်ကားက ၂ နာရီနောက်ကျပြီး ၉  နာရီမှာမှ ထွက်တယ်။


National Museum of Natural History
Cinderella popcorn
National Museum of The American Indian
National Museum of The American Indian


ဒရိုင်ဘာအမျိုးသမီးက သူ့တသက် နယူးယောက်ကို တခေါက်မှ မရောက်ဖူးလို့ သူ့ကို လမ်းညွှန်ကြပါ၊ safe ဖြစ်အောင် အထူးဂရုစိုက် မောင်းပါမယ်လို့ပြောတော့ ကိုယ်တို့ခရီးသည်တွေ ရယ်လိုက်ရသေးတယ်။ Exit တွေ ရောက်တဲ့အခါ ဖုန်းဂျီပီအက်စ်တွေက ဘယ် Exit ကို သွားပါလို့ လမ်းညွှန်သံတွေ ထွက်လာတဲ့အခါ ခရီးသည်တွေထဲက နှစ်ယောက်က လမ်းညွှန်ပေးတယ်။ အမြဲကားတွေပြည့်နေတဲ့ လင်ကွန်းတန်နယ်မှာ ကားတွေရှင်းနေတာပဲ ရှင်းဆို မနက် ၃ နာရီကိုး။ ပေါ့အသော်ရတီဘတ်စ်တာမင်နယ်ကို တွေ့ပေမဲ့ ဘတ်စ်ကားတွေ ဝင်ရမဲ့နေရာကို ရှာမတွေ့လို့ နှစ်ခေါက်လောက် ပတ်မောင်းရတယ်။ ဘတ်စ်ကားဂိတ်ရောက်တဲ့အခါ ဒရိုင်ဘာအမျိုးသမီးက ကူညီလမ်းပြပေးတဲ့ ခရီးသည်တွေကို ကျေးဇူးတင်သလို  ခရီးသည်တွေကလည်း နယူးယောက်ကို တခေါက်မှမရောက်ဘူးဘဲ အခုလိုအဆင်ပြေချောမွေ့အောင်၊ safe ဖြစ်အောင် မောင်းနိုင်တာမို့ good job လို့ ချီးကျူးကြတယ်။ နယူးယောက်မှာ တခုကောင်းတာက ရထားတွေက ၂၄ နာရီ ရှိတာပါ။ အိမ်ရောက်တော့ မနက် ၃ နာရီခွဲ။ ၄ နာရီလောက်ပဲအိပ်ရပြီး မနက် ၇ နာရီခွဲဆို ရုံးတက်ဖို့ အိမ်ကထွက်ရပြီ။ အဲဒီနေ့မနက်က ရုံးမှာ အရေးကြီးတဲ့ အစည်းအဝေးတခု ရှိတယ်။ ရုံးမှာ အိပ်ငိုက်မလားမှတ်တယ် အလုပ်ရှိနေတော့ မျက်လုံးကို ပြူးနေတာပဲ။ နွေဦးရောက်ပြီဆိုတော့ ရာသီဥတုက သိသိသာသာ နွေးလာပြီ။ အနွေးထည် အထူကြီးတွေ ဝတ်စရာမလိုတော့ဘူး။ သစ်ရွက်ဖူး စိမ်းစိမ်းလေးတွေကို မြင်ရပြီ။ နောက်ထပ် ခရီးတွေ သွားချင်ပါသေးတယ်။

Happy Traveling !

စန်းထွန်း
ဧပြီ ၁၈၊ ၂၀၁၅။

Reference :
An Insider's Guide to the Cherry Blossom Festival in D.C.
Stunning GIFs of DC's Cherry Blossom in Bloom

3 comments:

မိုးဦးစံပယ် said...


San San Htun said...


San San Htun said...

မိုးဦးစံပယ် said...
ဆန်းထွန်းရေ... ချယ်ရီပန်းပုံတွေကို အားကျစွာနဲ့ကြည့်သွားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ အလည်ရောက်တုံး ချယ်ရီပင်တွေ အရိပ်အောက်လမ်းလျှောက်ရင်း ပန်းပွင့်ချိန်ဆိုဘယ်လောက်လှမလဲ သိချင်နေမိခဲ့တာ။ ခု ဆန်းထွန်းတင်ထားတဲ့ ပုံတွေမြင်ရလို့ဆန္ဒ တဝက်ပြည့်သွားတယ်။ (ဆန်းထွန်းရဲ့ ပုံတွေနဲ့ မိုးဦးရိုက်ခဲ့တဲ့ Angle တွေတော်တော်တူတယ်) ချယ်ရီပန်းပွင့်ကို ကိုယ်တိုင်ခံစားဖို့ နောက်တခေါက် အလည်သွားနိုင်အောင် ကြိုးစားအုံးမယ်။
ဒီBlog လေးကို အမြဲရောက်ဖြစ်ပေမယ့် ခုမှပဲ မန့်ဖြစ်တယ်။
April 23, 2015 at 11:49 PM
San San Htun said...
ချယ်ရီပန်းတွေက မနှစ်ကလိုပဲ ဒီနှစ်လည်း လှမြဲလှဆဲ....ပထမဆုံး ကွန့်မန့်ပေးတာ ကျေးဇူးနော်...
April 27, 2015 at 10:57 PM