အလုပ်ရှာခြင်း အနုပညာ - ၄

နိုင်ငံခြားသားအလုပ်သမားတွေပေါ် မှီခိုနေရတဲ့ စင်္ကာပူမှာတော့ အလုပ်ဗီဇာက လွယ်တယ်။ အလည်ဗီဇာနဲ့လာ အလုပ်ရှာ၊ အလုပ်ရရင် အလုပ်ရှင်က ဗီဇာလျှောက်ပေး လစာပေါ် မူတည်ပြီး Work Permit ၊ S Pass ၊ Employment Pass ချပေးပါတယ်။ ကိုယ် ATH မှာ အလုပ်ရတော့ အင်တန်းမဆင်းခင်ကတည်းက ကျောင်းကပေးထားတဲ့ ပီအာအော်ဖာလက်တာနဲ့ ပီအာလျှောက်ပါတယ်။ ရုံးက လုပ်ပေးသွားတော့ ဘယ်လောက်ကုန်တယ်၊ ဘာစာရွက်စာတမ်းတွေ တင်ရတယ်၊ ဘယ်လိုလုပ်ရတယ်ဆိုတာ လုံးဝကို မသိတာ။ ၂၀၀၇ လောက်က ပီအာလျှောက်တဲ့သူတိုင်း ပီအာရတယ်။ နိုင်ငံခြားသားတွေက စီတင်ဇင်တွေရဲ့ အလုပ်တွေကို လုယူနေပါတယ်ဆိုပြီး စီတင်ဇင်တွေကအော်၊ ၂၀၀၈ စီးပွားပျက်ကပ်ဆိုတော့ ကိုယ်ပီအာလျှောက်တဲ့ ၂၀၀၉  မှာ ပီအာအတော်ကျပ်နေပြီ။ ပီအာရီဂျက် အီးပီပဲ ချပေးတယ် gold metal ရတဲ့သူ၊ ကိုယ့်ထက်တော်တဲ့သူတွေ၊ ကိုယ့်ထက် လစာကောင်းတဲ့ သူတွေတောင် ရီဂျက်ဆိုတော့ ပျော်စရာကြီးဟေ့ တပျော်တပါး ရီဂျက်ထိကြတာ။ တချို့တရုတ်နဲ့ အိန္ဒိယကျောင်းသားတွေ ပီအာရတယ်လို့ ကြားတယ်။ ယူအက်စ်မှာ အလုပ်လုပ်တဲ့ နှစ်နှစ်က အင်တန်းဆင်းတယ်လို့ ပြောရမလား အဝေးသင်တက်ပြီး full time အလုပ်လုပ်ရတာ ဗီဇာကတော့ ကျောင်းသားဗီဇာပါ။ အချိန်ပြည့် အလုပ်လုပ်ပြီး အဝေးသင်တက်ရတာ campus မှာ full time အချိန်ပြည့်ကျောင်းသား လုပ်ရတာထက် ပိုပင်ပန်းတယ်။ အိတ်ချ်ဝမ်းဘီလျှောက်မယ်ဆိုတော့ ကိုယ့်ရုံးက စာရွက်စာတမ်းပဲ ပေးတာ ရှေ့နေငှားခ၊ အစိုးရကို ပေးရငွေတွေကို ကိုယ့်ဘာသာ ပေးရမှာတဲ့။ ရှေ့နေကတော့ ကိုယ်တို့ရုံးက လက်စွဲတော် တရုတ်ရှေ့နေနဲ့ လုပ်ပါတယ် ရှေ့နေခက ၁၅၀၀။ ဒီ့ထက် ဈေးသက်သာတဲ့ ရှေ့နေတွေ ရှိပေမဲ့ သေသေချာချာ လုပ်ပေးပါ့မလား စိတ်ပူရမယ်။ ဒီရှေ့နေကတော့ ကိုယ်တို့ရုံးက အကုန်လုံး ဒီရှေ့နေနဲ့ပဲ လျှောက်ကြတာဆိုတော့ သူ့ကိုပဲ ရွေးလိုက်ပါတယ်။ သူ့ထက် ဈေးကြီးတဲ့ရှေ့နေတွေလည်း ရှိပါတယ်။

H1B Filling fee က အနှေးအမြန်ပေါ် မူတည်ပြီး ဈေးကလည်း ၁၅၀၀ ကနေ ၂၅၀၀ ကြားရှိပါတယ်။ ရှေ့နေကို မေးကြည့်တော့ အနှေးပဲလျှောက်ပါလို့ အကြံပေးတယ်။ ကိုယ့်ဖိုင်းလင်းကြေး ၂၃၅၀ ကို ကုမ္ဗဏီက ချက်လက်မှတ် ထုတ်ပေးတယ် ကိုယ်က နောက်မှ ကုမ္ဗဏီကို ပြန်ပေးရတယ်။ ကိုယ့် bachelor ဘွဲ့က ယူအက်စ်က မဟုတ်လို့ အမေရိကန်ပညာရေးအဖွဲ့အစည်းမှာ ကိုယ်ရထားတဲ့ဘွဲ့တွေက ယူအက်စ် bachelor ဘွဲ့နဲ့တူညီကြောင်း စစ်ဆေးခက ၁၅၀၊ ဖက်ဒစ်ပို့ခ ၅၀။ ကိုယ်က ဒီအလုပ်အတွက် မရှိမဖြစ် အရေးပါတဲ့အကြောင်း စီအီးအိုလက်မှတ် ထိုးထားတဲ့ ထောက်ခံစာ၊ job description ၊ စီဗွီဖောင် စာရွက်စာတမ်းတွေက လက်တစ်ဆစ်လောက် ထူတယ်။ ရှေ့နေက အကုန်လုပ်ပေးပါတယ် ကိုယ်က ရှေ့နေရေးထားတဲ့ ကိုယ့်စီဗွီ၊ စီအီးအိုထောက်ခံစာ၊ job description တွေ မှန်မမှန် စစ်ရတယ်။ စင်္ကာပူမှာတော့ အလုပ်ဗီဇာတွေကို ကြိ ုက်တဲ့အချိန်လျှောက်လို့ရပေမဲ့ ယူအက်စ်မှာတော့ အိတ်ချ်ဝမ်းဘီဖောင်တွေကို ဧပြီ ၁ ရက်နေ့မှာမှ လက်ခံတာမို့ ကိုယ့် application form က အဲဒီနေ့ရောက်ဖို့ အရေးကြီးပါတယ်။ အစိုးရက လျာထားတာက ၃ သောင်း လျှောက်တဲ့သူက တသိန်းဖြစ်နေလို့ lucky draw အရင်လုပ်ပါတယ်။ အိန္ဒိယလေး ပီရက်ချ်က lucky draw မပေါက်ဘူး ဖိုင်းလင်းကြေး ပြန်ရပေမဲ့ ရှေ့နေကြေး ပြန်မရဘူး။ ကိုယ်က lucky draw ပေါက်ပေမဲ့ document မပြည့်စုံဘူးဆိုပြီး ပြန်တင်ရတယ်။ ကိုယ့်တို့အက်ဖ်ဝမ်းကျောင်းသားဗီဇာတွေမှာ ဘာကဒ်မှ မရှိဘူး အလုပ်ရရင် ကျောင်းသားဗီဇာစာရွက်ရဲ့ တတိယမြောက်စာရွက်မှာ ဘယ်ကုမ္ဗဏီ ဘာရာထူး ဘယ်နေ့ကနေ ဘယ်နေ့အထိ အလုပ်လုပ်ခွင့်ပြ ုတယ်ဆိုတာပဲပါတယ် EAD လို့ခေါ်ကြတဲ့ ကဒ်မရှိတာကို ကဒ်တင်ပါတဲ့။ အမှန်က အဲဒီအရာရှိ ဗီဇာသဘောတရားကို နားမလည်တာပါ။ ပြန်တင်ခ ၅၀၀၊ ကုမ္ဗဏီကလည်း ပရောဂျက်၊ ကွန်းထရပ်စာချုပ်၊ ဝယ်ထားတဲ့လိုင်စင်စာရွက်တွေ အများကြီးတင်ရတယ်။ ရှေ့နေ ကိုယ့်ကိုပြတာ တင်ရတဲ့စာရွက်ထူကြီးက ၁ လက်မလောက် ထူတယ်။ ဧပြီ ၁ ရက်နေ့မှာ တင်လိုက်တာ အောက်တိုဘာ ၁ ရက်နေ့မှာ result ထွက်ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့မတိုင်ခင် ကျောင်းသားဗီဇာကုန်သွားရင် အလုပ်လုပ်ခွင့် မရှိပါဘူး။

ကိုယ်တို့ရုံးက အိတ်ချ်ဝမ်းဘီ  ၆ ယောက်လျှောက်တာ ၃ ယောက် ရီဂျက်ထိတယ် ကြားတဲ့နေ့ကဆို စိတ်ပူလို့ အိပ်မပျော်ဘူး။ ရီဂျက်ထိတဲ့ တရုတ်လေးက ယူအက်စ်ညပီအိတ်ချ်ဒီဘွဲ့ရထားတာ ၆ လသား ကလေးလေးရဲ့ ဖခင် ယူအက်စ်မှာနေတာ ၆ နှစ်လောက်ရှိပြီ အလုပ်က ကိုယ်နဲ့ position အတူတူ။ ဒီလိုလူမျိုးတောင် ရီဂျက်ထိတယ်ဆိုတော့ စိတ်မပူဘဲ နေပါ့မလား။ ရီဂျက်ထိရင် ဘယ်လိုလုပ်ရမလဲ ဆူနမ်တို့နဲ့ တိုင်ပင်တော့ ကျောင်းတကျောင်းရှိတယ်တဲ့ ဒယ်လားဝဲယားပြည်နယ်မှာ။ first day မှာပဲ စီပီတီ အလုပ်လုပ်ခွင့် ချပေးတယ် ကျောင်းလခက ဈေးတော့ နည်းနည်းကြီးတယ် ကိုယ်တို့လို ဗီဇာကိစ္စအခက်ကြုံနေတဲ့ ကျောင်းသားတွေကို ရိုက်စားတဲ့ ကျောင်းဆိုပါတော့။ စနေ၊ တနင်္ဂနွေမှာ တနေကုန် ကျောင်းသွားတက်၊ ရုံးတက်ရက်မှာ အလုပ်လုပ်ဆိုတော့ ပိုက်ဆံကုန်လူပင်ပန်းပေမဲ့ ဗီဇာကြောင့်ကိုး။ အိတ်ချ်ဝမ်းဘီ ထပ်လျှောက် အိတ်ချ်ဝမ်းဘီရတာနဲ့ ကျောင်းကိုရပ်လိုက်ပေါ့ အဲဒီကျောင်းကို ဘွဲ့အတွက် မဟုတ်ဘဲ ဗီဇာအတွက် တက်ကြတာကိုး။ ကျောင်းကို grading ၊ transcripts တွေ လှမ်းပို့၊ လစာ pay stub တွေ ပို့ပြီး ကျောင်းအပ်တော့ ရီဂျက်တဲ့။ ဟင် ငါ့ကို ဘာကြောင့်ရီဂျက်တာလဲလို့ မေးတော့ GPA ၃ မရလို့တဲ့။ ၃ မရတာ တခြားဖြေထားတဲ့ စာမေးပွဲရလာဒ်ကို မပေါင်းရသေးလို့ ဒီမှာတွေ့လား ကိုယ့်ကို ဘွဲ့ယူနိုင်တယ်လို  ကျောင်းကရေးလာတဲ့စာ။ ဆူနမ်တို့ကလည်း အံ့သြလို့ ဘာကြောင့်ရီဂျက်ပါလိမ့် ဒင်းတို့ကျောင်းက လက်မခံလည်း ဘာအရေးလဲ တခြားကျောင်းတွေ အများကြီး။ ကျောင်းတွေ လိုက်ရှာရ၊ အဖေ၊ အမေတို့ကို ကိုယ့်ဘွဲ့နှင်းသဘင်တက်ဖို့ ယူအက်စ်ကို အလည်ခေါ်ချင်လို့ အိတ်ချ်ဝမ်းဘီ ရပါစေလို့ ဆုတောင်းရတာအမော။ စက်တင်ဘာ ၉  ရက်နေ့မှာ ကျောင်း Placement Office ၊ Computer Professionals Career Center က ဒါရိုက်တာဂျူလီက ကိုယ် အိတ်ချ်ဝမ်းဘီရလို့ ကွန်ကရက်တဲ့အီးမေးလ် ပို့လာတော့မှ ရှေ့နေကိုမေးကြည့် ကွန်ဖန်းဖြစ်တော့မှ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေကို ဖုန်းဆက်၊ မတ်ဆေ့ချ်ပို့ အယ်မလေး ဝမ်းသာလိုက်တာ ထခုန်မတတ်ပဲ ခုမှပဲ စိတ်ဒုန်းဒုန်း ချနိုင်တော့တယ်။ အိတ်ချ်ဝမ်းဘီကို ကိုယ် လွယ်လွယ်နဲ့ရခဲ့တယ် မထင်ပါနဲ့ အဲဒီလို စိတ်ဆင်းရဲ ဒေါ်လာ ၅၀၀၀ လောက် ကုန်ပြီးမှ ရတာပါ။

Master of Computer Science international students with principal and mayor in March 2011.
MUM, Fairfield, Iowa, USA

ကိုယ့်လက်ရှိအလုပ်က Consultant ဆိုတော့ ကလိုင်းရင်းရုံးတွေမှာ သွားထိုင်ရတယ် ပရောဂျက်တွေ အများကြီး လုပ်ရတယ်။ ကလိုင်းရင့်က Open Text ၊ Livelink ၊ Sharepoint သုံးမယ်ဆိုရင် လိုက်လေ့လာရတယ်။ ပညာတွေ အများကြီးရတယ် ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေထဲမှာ ဒီအလုပ်က အပင်ပန်းဆုံး stress အများဆုံးပဲ။ ကိုယ် အလုပ်ကြိုးစားတာကို အသိအမှတ်ပြုတဲ့အနေနဲ့ လစာတိုးပေးတယ်၊ ဘောနပ်စ်ပေးတယ်ဆိုတော့ ကျေနပ်ပါတယ်။ ဒီကုမ္ဗဏီမှာပဲ ဂရင်းကဒ်ရတဲ့အထိ  လုပ်မယ်လို့ စိတ်ကူးထားတယ်။ အိတ်ချ်ဝမ်းနဲ့က အလုပ်ပြောင်းရတာ ခက်တယ် အလုပ်က ဖြုတ်ရင် ၊ ကိုယ်က ထွက်ရင် ယူအက်စ်မှာ ၁ လလောက်ပဲ နေခွင့်ရှိတယ်။ စင်္ကာပူမှာ SPass၊ EP တွေ ကန်ဆယ်သလိုမျိုးပေါ့။ ဒီတော့ အိတ်ချ်ဝမ်းထရန်စဖာဆိုပြီး တခြားမှာအလုပ်ရပြီး အိတ်ချ်ဝမ်းဘီရတော့မှ ပြောင်းကြပါတယ်။  ဒါကြောင့် ကိုယ့်အလုပ်မှာ စိတ်ဖိစီးရင် ငါ ဂရင်းကဒ်ရတဲ့နေ့ ဒီကုမ္ဗဏီကနေ ထွက်ထဲ့နေ့ပဲလို့ ကြုံးဝါးလေ့ရှိတယ်။ ခုနေများတော့ ဘယ်လောက်ပင်ပန်း စိတ်ဖိစီးပစေ မထွက်နိုင်သေးဘူး။ ယူအက်စ် မာစတာရထားရင် အိတ်ချ်ဝမ်းဘီ ခြောက်လသက်တမ်းရှိရုံနဲ့ ဂရင်းကဒ် လျှောက်လို့ရပါတယ်။ ဂရင်းကဒ်လျှောက်ဖို့ ကိုယ့်ရှေ့နေနဲ့ တိုင်ပင်တော့ အရင်ဆုံးမေးတာက မင်းဘာလူမျိုးလဲတဲ့ မြန်မာဆိုတော့ ရနိုင်ပါတယ်တဲ့။ ဂရင်းကဒ် လျှောက်ဖို့ကုမ္ဗဏီက အရင်ဆုံး employment authorization ရအောင် လုပ်ရပါတယ်။ အလုပ်ကို သတင်းစာ၊ jobsite သုံးခုလောက်မှာ ကြေငြာ၊ အလုပ်လာလျှောက်တဲ့ အမေရိကန်စီတီဇင်၊ ဂရင်းကဒ်တွေက အရည်အချင်းမပြည့်မှီ ကိုယ်ကမှ အရည်အချင်းပြည့်မှီလို့ ဂရင်းကဒ်လျှောက်ပေးချင်တဲ့အကြောင်း၊ အင်တာဗျူးတာတွေ အပြည့်အစုံ တင်ရပါတယ်။ စိတ်တိုင်းမကျလို့ audit ဝင်ရင် သူတို့ရှေ့မှာ အင်တာဗျူး ပြရပါတယ်တဲ့။ audit က လစာပေးတာ နည်းလို့လား၊ စီတင်ဇင်၊ ဂရင်းကဒ်တွေက အရည်အချင်းပြည့်ဝရဲ့သားနဲ့ တမင်သက်သက် မခန့်ချင်တာလား သေချာစစ်တယ်။ သူတို့စိတ်တိုင်းကျတော့ employment authorization ချပေးတာပါ. အဲဒါအောင်တော့လည်း ကိုတာရှိမရှိ စောင့်ရပြန်တယ်။ ကိုတာဆိုတာ ဂရင်းကဒ်လျှောက်ခွင့်ပြုတဲ့ ၃ သိန်းထဲမှာ တရုတ်ကို ၅ သောင်း လျှောက်ခွင့်ပြုရင် အဲဒီ ၅ သောင်းထဲမှာ ပါမှ လျှောက်ခွင့်ရတာပါ။ ကိုယ့်ဆူပါဗိုက်ဆာ တရုတ်မဆို ကိုတာမရသေးလို့ စောင့်တာ ၂ နှစ်လောက် ရှိပါပြီတဲ့ ။

ဂရင်းကဒ်လျှောက်ဖို့ရှေ့နေခက ဒေါ်လာ ၄၅၀၀ အထက်၊ application fee ၊ ဘာကြေးညာကြေးနဲ့ အနည်းဆုံး ဒေါ်လာ ၈ ထောင်ကနေ ၁ သောင်းလောက် ကုန်ပါမယ်တဲ့။ ဒါကတော့ ကျောင်းသားဗီဇာကနေ အလုပ်ဗီဇာ၊ ဂရင်းကဒ်ရဖို့ ကြိုးစားရတဲ့ ဒုက္ခတွေပါ။ အိတ်ချ်ဝမ်းဘီဗီဇာနဲ့ အလုပ်ပြုတ်ရင် status မရှိတော့ဘဲ အိမ်ပြန်ရတယ်။ စင်္ကာပူက Work Permit ၊ Spass ၊ EP တို့ အလုပ်ပြုတ်ရင် နေထိုင်ခွင့် ၁ လပဲ ခွင့်ပြုတာနဲ့ ဆင်တူတယ်။ ဒီတော့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ပီအာ၊ ဂရင်းကဒ်ရမှ နည်းနည်းစိတ်အေးရမယ်။အက်ဖ်ဝမ်းကျောင်းသားဗီဇာ၊ အိတ်ချ်ဝမ်းဘီအလုပ်ဗီဇာတွေရဲ့ မှီခိုဗီဇာအနေနဲ့ အိမ်ထောင်ဖက်ကို ခေါ်လို့ရပေမဲ့ မှီခိုဗီဇာနဲ့ အလုပ်လုပ်ခွင့် မရှိဘူး။ ခုပတ်မှာ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်အရ H-4 dependent spouses of H-1B nonimmigrants အိတ်ချ်ဝမ်းဘီတွေရဲ့ အိမ်ထောင်ဖက် မှီခိုဗီဇာတွေကို အလုပ်လုပ်ခွင့် EAD ကဒ် ထုတ်ပေးတာတွေကို ၂၀၁၅ မေလမှာ စတင်ပါတော့မယ်။ ဆိုလိုချင်တာ ကိုယ့်လိုအိတ်ချ်ဝမ်းဘီတွေရဲ့ မှီခိုဗီဇာတွေက လျှောက်ခွင့်မရှိဘဲ ဂရင်းကဒ်လျှောက်၊ Employment Authorization ရ၊ I - 40 ရပြီးတဲ့ အိတ်ချ်ဝမ်းဘီတွေရဲ့ မှီခိုဗီဇာတွေပဲ EAD လျှောက်ခွင့်ရှိပါတယ်။ အက်ဖ်ဝမ်းကျောင်းသားဗီဇာကနေ အိတ်ချ်ဝမ်းဘီအလုပ်ဗီဇာ၊ အလုပ်ဗီဇာကနေ ဂရင်းကဒ်ရတဲ့အထိ ခရီးကြမ်းက ရှည်ပါတယ်။ ဂရင်းကဒ်၊ စီတင်ဇင်တွေကို လက်ထပ်တဲ့သူတွေကျတော့ ဗီဇာအတွက် မပူရဘဲ EAD နဲ့ အလုပ်လုပ်ခွင့်ရှိပေမဲ့ အလုပ်ရှာရ ခက်ပြန်တယ်။ အလုပ်ရတယ်ဆိုတာကလည်း အရည်အချင်း၊ အခွင့်အရေး၊ network အဆက်အသွယ်၊ အလုပ်အကိုင်ပေါမပေါ၊ ကြိုးစားအားထုတ်မှု၊ စိတ်ရှည်သည်းခံမှု၊ ကံနဲ့လည်း ဆိုင်ပါသေးတယ်။


Senior and junior international female students in March 2011.
We (only 4 female students) became sister friends among 50+ male students.
MUM, Fairfield, Iowa, USA.

အိုင်တီကတော့ ဘယ်နိုင်ငံမှာမဆို အလုပ်ပေါပါတယ် လစာလည်း အီကို၊ အကောင်းတင်းထက် ကောင်းတယ်။ ယူအက်စ်ကျောင်းက အမ်ဘီအေသမားတွေဆို အလုပ်ရှာရခက်တယ်။ ယူအက်စ်မှာ အင်ဂျင်နီယာအလုပ်ပေါတယ်လို့ ထင်တယ်။ အာခီတွေကတော့ အလုပ်ရှားတယ် အာရှကတော့ ခုမှဖွံ့ဖြိုးတိုးတက်ခါစဆိုတော့ အဆောက်အဦးသစ်တွေ လိုတယ် စင်္ကာပူမှာ အာခီတွေ လစာကောင်းတယ်။ ယူအက်စ်ကျတော့ တိုးတက်ပြီးသား နိုင်ငံဆိုတော့ အဆောက်အဦးအသစ်တွေ မလိုဘူး။ ယူအက်စ်စီတီဇင် နာမည်ကြီးကျောင်းက မာစတာရထားတဲ့ အာခီတွေတောင် အလုပ်မရဘူးတဲ့။ ဒါပေမဲ့ အာခီတစ်ယောက် အမ်ဘီအေတက်ပြီး အာခီနဲ့ အလုပ်ပြန်ရတယ်။ ကိုယ့်အသိအစ်မ အာခီတစ်ယောက် အလုပ်ရှာရခက်လို့ အိုင်တီတက်ရမလား၊ အကောင်းတင်းတက်ရမလား လာမေးလို့ အကောင်းတင်းလို့ ပြောလိုက်တယ်။ အိုင်တီက အကောင်းတင်းထက် လစာကောင်းပေမဲ့ ၃ လဆို နည်းပညာအမျိုးမျိုးထွက်နေတဲ့ အိုင်တီကို အမှီလိုက်နိုင်ဖို့က ငယ်ရွယ်တုန်းတော့ ကောင်းတာပေါ့။ အဲဒီအစ်မက အသက် ၄၀ ကျော်ဆိုတော့ အပြောင်းအလဲ သိပ်မရှိတဲ့ အကောင်းတင်းပဲ ညွှန်းလိုက်တယ်။ သူက တသက်လုံး အာခီတက်လာတော့ဆိုတော့ အင်ဂျင်နီယာနဲ့ အင်တီးရီးယားဒီဇိုင်းတို့ သင်ချင်တာတဲ့။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမဲ့ အချိန်ကိုး။ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွေကလည်း အလုပ်ရ လွယ်ပါတယ်။ ယူအက်စ်မှာတော့ ယူအက်စ်ဘွဲ့ရမှ ခန့်ချင်တယ် အလုပ်ရှာရတာ ခက်တယ်လို့ ညည်းတဲ့သူတွေကို အခွင့်အရေးရှိရင် ကျောင်းတက်စေချင်တယ်။ ကျောင်းတက်တယ်ဆိုတာ ပင်ပန်းတဲ့ အလုပ်ဆိုတော့ ဘယ်သူက ကျောင်းတက်ချင်ပါ့မလဲနော်။ ကျောင်းတက်တော့ အဲဒီနိုင်ငံက သဘောတွေ သိသွားမယ်၊ စီနီယာ၊ ဆရာတွေနဲ့ ချိတ်ဆက်လို့ network ကျယ်လာမယ်။ ယူအက်စ်မှာ network က အရေးကြီးပါတယ် အလုပ်မှာလုပ်နေတဲ့သူက ပို့ပေးလာတဲ့ စီဗွီကို ပိုခန့်ချင်ကြတယ်။

ကျောင်းတက်တုန်းက ကံဆိုတာ မသိသာပေမဲ့ အလုပ်လျှောက်တဲ့အခါမှာ ကံဆိုတာ သိပ်သိသာတယ်။ တော်တဲ့လူတွေကတော့ အလုပ်ကောင်းကောင်းကို မြန်မြန်ဆန်ဆန် ရကြပါတယ်။ တချို့ကျတော့လည်း ကိုယ့်လောက်မတော်ဘဲနဲ့ အလုပ်ကောင်းကောင်းရသွားတဲ့အခါ ကံကွာတယ်လို့ တွေးမိတယ်။ ဝိုင်းက အင်္ဂလိပ်စာစာမေးပွဲ တနိုင်ငံလုံးမှာ ဒုတိယရတော့ နာမည်ကြီးကျောင်းတွေထဲက တကျောင်းဖြစ်တဲ့ Institute of International Relations တက္ကသိုလ်ကို ရွေးလိုက်ပါတယ်။ အဲဒီကျောင်းက ဗီယက်နမ်တနိုင်ငံလုံးမှာ တစ်ကျောင်းတည်း ရှိတဲ့အပြင် တော်တဲ့ကျောင်းသားတွေပဲ လက်ခံပါသတဲ့။ တက္ကသိုလ်တက်ရင် နိုင်ငံခြားဘာသာတစ်ခု မဖြစ်မနေ သင်ရတော့ ဝိုင်းဟာ ပြင်သစ်စကားကို ကျွှမ်းကျွှမ်းကျင်ကျင် ရေးတတ်ပြောတတ်ပါတယ်။ full scholoarship ရလို့ AIT (Asian Institute of Technology) ဘန်ကောက်မှာ တစ်နှစ်၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ESCP Europe ကျောင်းမှာ တစ်နှစ်တက်ပြီး အမ်ဘီအေ ရခဲ့ပါတယ်။ အီးအက်စ်စီပီကျောင်းက ၁၈၁၉  မှာ တည်ထောင်ခဲ့ပြီး ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး စီးပွားရေးကျောင်းဖြစ်ကာ ပါရီ၊ လန်ဒန်၊ ဘာလင်၊ မက်ဒရစ်၊ တူရင်မြို့တွေမှာ ကျောင်းတွေ ရှိပါတယ်။ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး၊ တန်ဖိုးအရှိဆုံးကျောင်းတွေထဲက တစ်ကျောင်းပါတဲ့။ ဝိုင်းဟာ အီးအက်စ်စီပီကျောင်းထွက်ဖြစ်တာကို အင်မတန် ဂုဏ်ယူသလို ပါရီမှာနေခဲ့တဲ့ တစ်နှစ်ကို သူ့တသက် မမေ့နိုင်ပါဘူးတဲ့ ။ ကျောင်းပြီးလို့ အလုပ်ရှာကြတော့ ကျောင်းနေဖက် အိန္ဒိယလေးဟာ နယ်သာလန်က ချယ်ဗရွန် Chevron ရုံးချုပ်မှာ အလုပ်ရတော့ အားလုံး ဟာခနဲ ဖြစ်သွားကြတယ်။ အဲဒီကျောင်းသား တော်လားဆိုတော့ မတော်ပါဘူးတဲ့ ပြင်သစ်လို တတ်လားဆိုတော့ နှုတ်ဆက်တာလောက်ပဲ တတ်တယ်။ ယူအက်စ်ကျောင်းတုန်းကလည်း အဲဒီလို ဟာခနဲ ဖြစ်သွားကြဖူးတယ်။

ရာဂျက်ဆိုတာ နီပေါကျောင်းသားပါ သူငယ်ချင်းတွေကိုမငဲ့ တကိုယ်ကောင်းဆန်လို့ ဆူနမ်က ခပ်ခွာခွာပေါင်းတယ်။ အမ်းထရူးနဲ့အတူတူ တန်နက်ဆီပြည်နယ် မန်းဖစ်မြို့က ဖက်ဒက် Fedex ရုံးမှာ အလုပ်ရတော့ ဆူပါဗိုက်ဆာကို သူဘာမှ မသိလို့ လွယ်တာတွေကိုပဲ ခိုင်းပါလို့ ပြောသတဲ့။ ၂၀၁၂ ခရစ်စမတ်ပိတ်ရက် မေရီလန်းက ဆူနမ်တို့ဆီ လာလည်တော့ ရာဂျက်တယောက် အိုင်ဘီအမ်မှာ အလုပ်ရနေတယ်လို့ လင့်ခ်အင်မှာ တွေ့လိုက်တယ်လို့ပြောတော့ ရာမားက နင်မျက်စိရှမ်းတာ နေပါမှာတဲ့။ ရာဂျက်က အမ်းထရူးကို ပြောပြတော့မှ ကိုယ်တို့မှာ ဟာခနဲ ဟင်ခနဲ ဖြစ်သွားတယ်။ မာစတာဘရိန်း မိုင်းဖန် အိုင်ဘီအမ်က ငါးကြိမ်အင်တာဗျူးမှာ သုံးခေါက်မြောက်မှာ ကျတယ်။ ကန်တက်ကီရုံးက စူပါဗိုက်ဆာ ဝီလီယမ်ဂရင်းက နှစ်ခေါက်မြောက်မှာ ကျတယ်။ သူ့သူငယ်ချင်း အိန္ဒိယသားလေးက ကူညီတယ်ဆိုပေမဲ့လည်း ငါးကြိမ်အင်တာဗျူးကို သူ ဘယ်လိုဖြေပါလိမ့်။ ကွန်ထရပ်တောင် မဟုတ်ဘူး အိုင်ဘီအမ်မှာ အမြဲတမ်းဝန်ထမ်းတဲ့။ သေချာတာကတော့ ရာဂျက်က ကိုယ်တို့လောက် မတော်ဘူး ဆိုတာပဲ။ ကနေဒါနဲ့ကပ်လျက် အရမ်းအေးပြီး ခေါင်တဲ့ မီနီဆိုးတာပြည်နယ်မှာ သူတစ်ယောက်တည်းဆိုတော့ မေရီလန်းမှာ ကိုယ်တို့သရဲလေးကောင် ခရီးသွားကြတာကို ဖေ့ဘွတ်ကနေ တွေ့တော့ ရာဂျက်က ကိုယ်တို့ကို အားကျသတဲ့။ ကိုယ်တို့ကလည်း အယ်မလေး အိုင်ဘီအမ်မှာ အမြဲတမ်းအလုပ် ရလိုက်စမ်းပါ မီနီဆိုးတားမှာ တစ်ယောက်တည်းဖြစ်လည်း ဘာအရေးလဲ သူငယ်ချင်းအသစ်တွေ ရလာမှာပေါ့လို့ ပြန်အားကျတယ်။ နာမည်ကလည်း အရေးကြီးပါတယ် ခေါ်ရခက်တဲ့ နာမည်ဆိုရင် အင်္ဂလိပ်နာမည် ရှိသင့်ပါတယ်။ ကိုယ်တို့ကျောင်းက တရုတ်တွေဆို အင်္ဂလိပ်နာမည် ရှိကြတယ် ပိုင်းရှင်းချုန်း၊ ချောင်ရှောင်၊ ကျန်းကျိကျောက် အယ်မလေး ခေါ်ရခက်လိုက်ပါဘိ။ အီးမေးလ်လိပ်စာကလည်း ပရော်ဖက်ရှင်နယ်ဆန် သင့်ပါတယ် hellokitty123  မဖြစ်သင့်ပါဘူး။

I am lucky and grateful  having good hearted, helpful, considerate, awesome, amazing, incredible and lovely 3 sister friends. My USA journey will not be smooth without their help.

နည်းပညာဖိုရမ်တွေမှာ ကိုယ်ပါဝင်ဆွေးနွေးတာ၊ ကိုယ့်ပရောဂျက်အကြောင်း ရေးထားတဲ့ ဘလော့တို့ကိုလည်း အင်တာဗျူးသူတွေကို အသိပေးနိုင်ပါတယ်။ Linkedin မှာ ကိုယ်လုပ်ခဲ့တဲ့ ပရောဂျက်အကြောင်း၊ ဘာတွေသုံးပြီး ရေးခဲ့တဲ့အကြောင်း၊ ကိုယ့်ဆူပါဗိုက်ဆာက ရီကွန်မန်ဒေးရှင်း ပေးထားတာတွေ၊ ဗော်လန်တီယာ လုပ်တဲ့အကြောင်း အသေးစိတ်ပါတဲ့ အကောင့်တစ်ခုရှိသင့်ပါတယ်။ အလုပ်ရှာရတာ ပင်ပန်းစိတ်ဆင်းရဲပါတယ်။ အင်တာဗျူးတွေ များများရတော့ အင်တာဗျူး အတွေ့အကြုံ များများရတာပေါ့။ တခါတလေလည်း မဖြေနိုင်လို့ စိတ်ဓာတ်ကျတာ ရှိမယ်၊ ဖြေနိုင်လို့ စိတ်အားတက်ကြွရတာ ရှိမယ်၊ မကြိုးစားမိလေခြင်းလို့ အားမလိုအားမရဖြစ်တာ ရှိတယ်၊ အင်တာဗျူးမရလို့ အားငယ်ရတာ ရှိမယ်၊ ဘယ်တော့များမှ အလုပ်ရမှာလဲလို့ဝမ်းနည်းမိတာ ရှိမယ်။ အလုပ်ရှာနေရင်တော့ တချိန်ချိန်မှာ ရလာပါမှာ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လိုအလုပ်ရမယ်ဆိုတာတော့ ကံ၊ ကြိုးစားအားထုတ်မှုပေါ် မူတည်နေပါတယ်။ အင်တာဗျူးအတွက် အကောင်းဆုံးပြင်ဆင်ခဲ့တယ်၊ ကြိုးစားအားထုတ်ခဲ့ပြီးပြီဆိုရင် ကျန်တာတွေကို ကံတရား လက်ထဲကို အပ်လိုက်ပါ။ ရည်ရွယ်မြတ်နိုး မျှော်လင့်တဲ့ အလုပ်တွေ လက်ဝယ်ပိုင်ဆိုင်နိုင်ကြပါစေ။

စန်းထွန်း
မတ် ၃၊ ၂၀၁၅။

2 comments:

Lorem Ipsum said...


San San Htun said...

ဆုမြတ်မိုး said...
မလွယ်ရေးချမလွယ်နော်.... း)
PR ဆိုလို့ အသိတစ်ယောက် ISS တက်တုန်းက သူ တက်ခဲ့တဲ့နှစ်က PR ပေးတာ နောက်ဆုံးတဲ့ ။ ကံကောင်းလို့မှီလိုက်တယ်..သူက ။ သူတက်ပြီးတဲ့နောက်က batch တွေ ဘယ်သူလျှောက်လျှောက် reject ပဲ ။ နေရာလေးတစ်နေရာရဖို့မလွယ်ဘူးနော် ။
March 4, 2015 at 1:17 AM