အငတ်ကျောင်းသားဘဝ...
စန်းထွန်း၊ မိုင်းဖန်
မိုင်းဖန်၊ ဆူနမ်၊ ရာမား၊ စန်းထွန်း
စားပြီးပေမဲ့ ဗိုက်ဆာနေတယ် ဗိုက်မဝဘူးလို့ ခံစားရတာမျိုးကို ပုသိမ်မှာ ကျောင်းစတက်တဲ့ ၁၄ နှစ် သမီးအရွယ်မှာ ပထမဆုံး ခံစားခဲ့ဖူးတယ်။ ပိစိကွေးလေးတုန်းက မကြီးနဲ့မောင်မောင်က တစ်ပန်းကန်ပဲ ကုန်ပေမဲ့ ပေါက်စလေးကိုယ်က သုံးပန်ကန်တောင် စားတာတဲ့။ ကိုယ်က ငယ်ငယ်ကတည်းက အဲဒီလို အစားကြီးတယ်။ ဟိုင်းကြီးရွာသစ်မှာ လေးတန်းကျောင်းတက်တော့ အမေက မကြီးရှိတဲ့ ပုသိမ်ကိုသွားနေတုန်း အဖေက ကိုယ်တို့ကို ထမင်းချက်‌ကျွှေးတယ်။ တပတ်လုံး ကြက်သားချည်း ချက်ကျွှေးလို့ အဖေ့ရေ ကြက်သားမစားနိုင်တော့ဘူးလို့ ပြောယူရတာ မှတ်မှတ်ရရပဲ။ အဖေ၊ အမေက အသားဟင်း ဘယ်နှစ်ဖတ်ပဲ စားရမယ်လို့ သတ်မှတ်မထားဘူး။ သားသမီးတွေ စားနိုင်တာကိုပဲ သူတို့မှာ ဝမ်းသာနေရတာမလား။ အမေ မအားလို့ အမေ့မောင် မင်းချေ ( သူ့ညီမတွေက ရခိုင်လို အစ်ကို မောင်းချေလို့ ခေါ်တာကို ကိုယ်တို့က လိုက်ခေါ်ရင်း မင်းချေ ဖြစ်သွားတယ်) က ကိုယ်တို့ကို ထမင်းကျွှေးရင် ဟင်းဘယ်နှစ်ဖတ်ပဲရမယ် ဂိတ်ဆုံးပြီ ဟင်းအနှစ်ပဲထပ်ရမယ် အသားထပ်မရတော့ဘူးလို့ ပြောတတ်တယ်။ အမှန်က ထမင်းနည်းနည်း၊ အသားများများ၊ အရွက်များများ စားရမှာ။ ကလေးတွေ ဖွံ့ဖြိုးဆဲအရွယ်မှာ အာဟာရပြည့်အောင် ကျွှေး င့်တယ်။ ကိုယ်တို့နိုင်ငံမှာတော့ အသားက ဈေးကြီးလို့ ထမင်းများများ အသားနည်းနည်း စားရတယ်။ ဒါကြောင့် မြန်မာပြည်က ကလေးတွေဟာ နိုင်ငံခြားက ကလေးတွေထက် သေးကွေးပြီး အာဟာရမပြည့်ဘူး။ မီးယပ်သွေးဆုံးရောဂါကို အနောက်တိုင်းသူတွေ အဖြစ်နည်းပြီး အာရှသူတွေ အဖြစ်များတယ်တဲ့။ အနောက်တိုင်းသူတွေက အာဟာရပြည့်အောင်စား အားကစားလုပ်တာကိုး။
ကိုယ် ပုသိမ်မှာ ကျောင်းတက်တော့ ထမင်းလခပေးစားတယ်။ စကေးနဲ့စားရတော့ အစတုန်းက မဝဘူးလို့ ခံစားရတယ်။ အစားအသောက်ကလည်း ကိုယ်တို့အိမ်က စားသောက်တာနဲ့ မတူတာကိုး။ အဖေ့ရေ ထမင်းမဝဘူးလို့ စာရေးရင် အဖေနဲ့အမေ့မှာ အိပ်မပျော်ဘူး ပညာရေးကောင်းအောင်လို့ မြို့ကျောင်းပို့တာ မှားများသွားပြီလားပေါ့။ အမေက တလတခေါက် ပုသိမ်တက်လာရင် ကိုယ့်ကို ထမင်းဆိုင်တွေဆီ ခေါ်သွားပြီး အဝစားခိုင်းတော့တာပဲ။ ပုသိမ်အိမ်မှာ နေပြီးတော့  စည်းနဲ့ကမ်းနဲ့ စားတတ်သွားတယ်။အဝတ်လျှော်ချင်ရင်တောင် သူများတွေ အဝတ်လှမ်းထားလား၊ အဝတ်လျှော်သင့်ရဲ့လားလို့ သူများအရိပ်အခြေကို ကြည့်ရတယ်။ ပိုက်ဆံပေး၊ ထမင်းလခပေးနေပေမဲ့ သူများအရိပ်အခြေအနေကို ကြည့်ရတော့ အပိုးကျိုးသွားတယ် ဆိုပါတော့။ မောင်မောင့်ကိုလည်း သူများအိမ်မှာ နေဖူးစေချင်တာ။  ယောကျ်ားလေးတွေကိုပဲ လက်ခံတဲ့ သောင်းသောင်း၊ တင့်တင့်တို့အိမ်မှာ လက်ခံမလား မေးကြည့်တော့ ငယ်သေးလို့တဲ့ လက်မခံဘူး။ အဲဒီတုန်းက မောင်မောင်က လေးတန်းလား မသိဘူး။ နောက်တော့ ရန်ကုန်မှာ တက္ကသိုလ်တက်ချင်တဲ့ မကြီးကြောင့် ရန်ကုန်ကို ပြောင်းကြတော့ မောင်မောင်က ပုသိမ်အိမ်မှာ မနေလိုက်ရဘူး။ သူများအိမ်မှာ မနေဘူးလို့ မောင်မောင်က အပိုးမကျိုးဘူး။ အဖေက အစားအသောက်ကောင်းမက်တော့ အိမ်မှာ ဖွယ်ဖွယ်ရာရာ ချက်ထားပေမဲ့လည်း စားသောက်ဆိုင်က ဝယ်စားတတ်တယ်။ လှိုင်မြို့နယ် ဘူတာရုံလမ်းထိပ်က ဇော်ကြေးအိုးဆီချက်ဆိုင်က ငါးပိထောင်းနဲ့စားရတဲ့ ကြေးအိုးဆီချက်ကို အဖေ သိပ်ကြိုက်တာ။
စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ကျောင်းတက်တော့ တပတ်စာ အသားတွေကို မကြီးက ချက်ပြုတ်ပေးတော့ ကိုယ်က ထမင်းတစ်အိုးတည်၊ အရွက်ကြော်လိုက်ရုံပဲ။ ပိတ်ရက်တွေဆို မကြီးက မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲတွေချက်တော့ ဗိုက်ဆာတယ်၊ ဗိုက်မဝဘူးဆိုတာ မရှိခဲ့ဘူး။ စင်္ကာပူမှာက ဟော်ကာစင်တာတွေလည်း အများကြီး၊ အစားအသောက်ကလည်းပေါ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကိုရီးယား၊ ဂျပန် အစားအသောက်တွေ အားလုံးကို ကိုယ်ကလည်းကြိုက်။ ဗိုက်ဆာတယ်၊ ဗိုက်မဝဘူးဆိုတဲ့ ခံစားချက်ကို ဆယ်နှစ်ကျော်ကြာပြီးတဲ့နောက် ယူအက်စ်မှာ ကျောင်းလာတက်တဲ့ ၂၀၁၁ မှာ တဖန်ခံစားရပြန်တယ်။ ကျောင်းက မနက်စာ၊ နေ့လည်စာ၊ ညစာ ကျွှေးတယ် အော်ဂင်းနစ်၊ သက်သက်လွတ်။ ကျောင်းက အစားအသောက်တွေ မစားနိုင်လို့ ၄ ပေါင် ယူပစ်သလို ပိန်ကျသွားတယ်။ မနက်စာက ပေါင်မုန့်မီးကင်၊ ယိုသုတ်၊ ငှက်ပျောသီး၊ ဆန်းကစ်၊ လိမ္မောသီးဖျော်ရည်၊ နွားနို့၊ ကိတ် ( အမေရိကန်စတိုင်မို့ မတရားချိုတယ် တခုလောက်ပဲ စားနိုင်တယ်) ဆိုတော့ မဆိုးပါဘူး။ နေ့လည်စာက ထမင်း၊ ခေါက်ဆွဲ၊ အော်ဂင်းနစ်အသီးအရွက် ဆလပ်သုတ်။ တခါတလေ စားဖိုမှုးက ဆားထည့်ဖို့ မေ့သွားလို့လားမသိ ပေါ့ချွှတ်ချွှတ်ဖြစ်နေလို့ ဆား၊ ငရုတ်ကောင်း ထပ်ဖြူးရတယ်။ ညနေစာကိုတော့ သွားမစားတော့ဘူး နေ့လည်တုန်းက စားသောက်ဆောင်ကနေ မလာတဲ့ အရွက်တွေကို ထည့်ပြီး ခေါက်ဆွဲကို အခန်းထဲမှာ rice cooker နဲ့ ခိုးပြုတ်၊ ကြက်ဥတစ်လုံးဖောက်ထည့်။ အသားစားချင်ရင် ham ထည့်ပေါ့။ အခန်းထဲမှာ ချက်ပြုတ်ခွင့် မရှိဘူး မိရင် ဖိုင်း ၅၀ ဒဏ်ငွေဆောင်ရတယ်။ ကိုယ် ကျောင်းပြီးခါနီးတော့ မီးဖိုချောင်ဖွင့်တယ်။ ဒါပေမဲ့ သက်သက်လွတ်ပဲ ချက်ပြုတ်ရတယ်။ ချက်ပြုတ်ပြီးရင် မသိမ်းဆည်း ပစ်စလက်ခတ်နိုင်တဲ့ တရုတ်မတွေကြောင့် သိပ်မချက်ဖြစ်ပါဘူး။ ကိုယ်ကလည်း ချက်ပြုတ်ဖို့ပျင်းတာကိုး။
မြန်မာဗွီဒီယိုကားတွေမှာ တက္ကသိုလ်ကျောင်းဆိုရင် ကန်တင်းထိုင်၊ ကော်ရစ်ဒါမှာ ဟေးလားဝါးလား၊ ကျောင်းသူတွေက ရှိုးစမိုးအပြည့်။ နိုင်ငံခြားမှာ တက္ကသိုလ်ကျောင်းသားဘဝကတော့ စာသင်ခန်း၊ စာကြည့်တိုက်၊ အဆိုင်းမင့်တွေပိလို့ ကော်ရစ်ဒါမှာ ဟေးလားဝါးလားလုပ်ချိန်၊ အလှပြင်ချိန်မရှိအောင် ပင်ပန်းတယ်။ ကိုယ် ယူအက်စ်မှာ ကျောင်းလားတက်တော့ ပုံမှန်ကုပ်ဝဲသာသာရှိနေတဲ့ဆံပင်ကို တိုတိုလေး ညှပ်လိုက်တယ်။ အစ်မရေ ယူအက်စ်မှာ ကျောင်းသွားတက်မှာမို့ ဆံပင်ညှပ်ခ သက်သာအောင်လို့ တစ်နှစ်လောက် ဆံပင်မညှပ်ရလေအောင်၊ ရှည်လာရင်လည်း ပုံကျကျလေး ဖြစ်နေအောင် ညှပ်ပေးပါနော်လို့ ရီကွတ်လုပ်တယ်။ အဲဒီအစ်မ သေသေချာချာ ညှပ်ပေးလိုက်လို့ ရှည်လာတော့လည်း ပုံကျနေတယ်။ ကျောင်းပြီးလို့ ကန်တက်ကီမှာ အလုပ်ဝင်ပြီး တော်တော်ကြာမှပဲ ဆံပင်သွားညှပ် ရတော့တယ်။ တရုတ်ကျောင်းသားတွေ အုန်းမှုတ်ခွက်ကေလေးတွေ တပုံစံတည်းဖြစ်နေလို့ မေးကြည့်တော့ တတန်းတည်းသား ရှောင်ပိုင်ညှပ်ပေးတာတဲ့။ ဟဲ့ အဲဒါဆို ငါ့ကိုလည်း ညှပ်ပေးပါလားလို့နောက်တော့ သူ မိန်းကလေးကို မညှပ်တတ်ဘူးတဲ့။ ခုတော့ ဝင်ငွေရတဲ့အလုပ်လည်း ရှိနေကြပြီဆိုတော့ ရှောင်ပိုင်ကို ညှပ်ခိုင်းတော့မှာ မဟုတ်တော့ဘူး ဆလွန်းဆီ ပြေးကြတော့မှာ။ ဆူနမ် ဆံပင်ရှည်လာရင် ရာမားက ညှပ်ပေးတယ်။ ကျောင်းမှာတုန်းက ဈေးလျော့နေတဲ့ ရက်ဗလွန်တဘူး ၂ ကျပ်တန်ဝယ်ပြီး ရာမားက ဆေးဆိုးပေးတယ်။ ခုတော့ ဆံပင်ဆေးဆိုးချင်ရင် ဆလွန်းဆီ ပြေးရတော့တာပဲ။ ရာသီဥတုကအေး၊ ဗမာဆိုလို့ တစ်ယောက်တည်း၊ အစားအသောက်က မကောင်း၊ တနေကုန် ကျောင်းတက်၊ ည ၁ နာရီအထိ အိမ်စာတွေလုပ်ရတော့ အရမ်းပင်ပန်းတယ်။ ဒီကြားထဲ အစားအသောက်က မကောင်းတော့ ပိုဆိုးတယ်။
ကိုယ်ကျောင်းတက်တဲ့မြို့လေးက သေးသေးလေး မိနစ် ၂၀ ဆို တမြို့လုံးနှံ့ပြီ။ စားသောက်ဆိုင်က တရုတ်ဘူဖေး နှစ်ဆိုင်၊ အိန္ဒိယဘူဖေး တစ်ဆိုင်၊ မက်ဒေါနယ်၊ ဘာဂါကင်း၊ ဝေါမတ်ဘူဖေးပဲ ရှိတယ်။ ဘူဖေးက တခါစားရင် အနည်းဆုံး ၁၀ အထက်ဆိုတော့ နေ့တိုင်းမစားနိုင်ဘူး။ တပတ်မှ တခါလောက်ပဲ စားနိုင်တယ် ချိုးခြံ‌ချွှေတာရတဲ့ ကျောင်းသားဘဝကိုး။ တခါတလေ တရုတ်ဘူဖေးတစ်ဘူး၊ အိန္ဒိယဘူဖေးတစ်ဘူးဝယ်ပြီး ကိုယ်တို့သူငယ်ချင်းလေးယောက် ဝေမျှစားရတယ်။ ကိုယ်တို့စားနိုင်တာက မက်ဒေါနယ်က မက်ချစ်ကန်းဘာဂါ ၁ ကျပ်ခွဲ၊ နပ်ကပ် ၂၀ ခုဝယ်ပြီး ဝေမျှစားကြတယ်။ Pizza Ranch ကြက်ကြော်ဆိုင်ဖွင့်တော့ အားလုံးက ကောင်းတယ်လို့ ညွှန်းနေတာနဲ့ ကိုယ်တို့တွေ ချီတက်ကြတယ်။ မိုင်းဖန်ဆို ကြက်ကြော် ၇ ခုလောက် စားတယ် ကိုယ်လည်း ဘာထူးလဲ ပီဇာ ၄ ခု စားတယ်။ အဲဒီဆိုင်ကတော့ ကိုယ်တို့ကျောင်းက အငတ်ကျောင်းသားတွေ လက်ချက်နဲ့ အရင်းပြုတ်လေမလားမသိ။ ကျောင်းကနေ ထွက်လာပြီး နှစ်နှစ်အကြာ ၂၀၁၃ မှာ ကျောင်းကို စီမီနာတက်ဖို့ ပြန်ရတော့ Pizza Ranch ကို  ထပ်ရောက်သေးတယ်။ ကိုယ်တို့သူငယ်ချင်းတွေ ဘီလူးစီးသလို စားကြသောက်ကြတာကို သတိရမိသေးတယ် အံ့သြစရာပဲ ကိုယ် အရင်ကလောက် မစားနိုင်တော့ဘူး။ ဒီဗွီပေါက်လို့ စတိတ်ရောက်နေတဲ့ အီသီယိုးပီးယားနိုင်ငံအပေါ်က အီထရီယာနိုင်ငံသူ အာရိယာန်က ခရစ်ယာန်၊ သက်သက်လွတ်သမား။ အာဂျီရိုဆောင်က အသီးအရွက်တွေက သိပ်ကောင်းတာဆိုပြီး ခရမ်းချည်သီးသေးသေးလေးတွေကို ဆားဖြူးပြီး လေးပန်းကန်လောက် စားတယ်။
အဲဒီတုန်းကတော့ ကိုယ်တို့က မျက်နှာမဲ့ရွဲ့ကြတာပေါ့ အယ်မလေး ဒီအစားသောက်ကိုများ။ ၂၀၁၃ ကျောင်းကို စီမီနာတက်ဖို့ပြန်လာတော့ အာဂျီရိုဆောင်က အသီးအနှံတွေ အင်မတန်လက်ဆပ်တာ၊ အော်ဂင်နစ်မို့ အရသာပိုရှိတာလားမရှိ အတော့်ကို စားကောင်းတာကတော့ အမှန်ပဲ။ ကိုယ်ကျောင်းတက်တုန်းက ဝေါမတ်က ကြက်ကင်တစ်ကောင်ဝယ်၊ ပဲကြာဇံပြုတ်၊ ကြက်သားကင်ထည့်၊ ငရုတ်သီးမှုန့်ထည့်၊ ထမင်းစားဆောင်ကနေ မလာတဲ့ အရွက်တွေထည့်၊ သံပရာညှစ်ထည့်ပြီး သုပ်စားတာ ငတ်နေလို့လားတော့မသိ သိပ်စားကောင်းတာပဲ။ ကျောင်းမှာတုန်းက နီပါလီနှစ်သစ်ကူးပွဲတော် Dashain လုပ်တော့ နီပါလီအစားအသောက်တွေ ‌ကျွှေးတယ်။ ကျောင်းသားနဲ့ဆရာတွေက အခမဲ့။ ဆူနမ်၊ ရာမားတို့ရဲ့ပွဲတော်ဆိုတော့ မိုင်းဖန်နဲ့ကိုယ်လည်း ဝင်မပါလို့ မဖြစ်ဘူး။ လက်ကမ်းစာစောင်ဝေ၊ အခမ်းအနားပြင်ဆင်၊ နှစ်သစ်ကူးပွဲတော်၊ ရိုးရာဓလေ့တွေအကြောင်း ရှင်းပြတဲ့ Presentation၊ ကျောင်းနဲ့တနာရီခွဲအဝေးက စီဒါးရက်ပစ်မြို့က နီပါလီစားသောက်ဆိုင်ကနေ အစားသောက်သွားယူ၊ ပြင်ဆင်တာတွေ ကိုယ်တို့မလုပ်ပါဘူး။ အရေးအကြီးဆုံးဖြစ်တဲ့ မုန့်ဝေတဲ့တာဝန် ယူရတယ်။ ဒါပေမဲ့ လှလှပပလေး ပြင်ဖို့လိုတယ်ဆိုတော့ မိတ်ကပ်ဘောက်စ်ကိုဖွင့်လို့ ပဲများကြတာပေါ့။ ကျောင်းတက်တဲ့ကာလတလျှောက်လုံး အိပ်မှုန်စုန်မွှား၊ မျက်နှာမှာ မိတ်ကပ်မရှိ၊ moisturizer ကမန်းကတမ်းပွတ် လက်နဲ့ခေါင်းဖြီးပြီး ကျောင်းတက်ခဲ့ကြတဲ့ ကိုယ်တို့သုံးယောက် အဲဒီနေ့မှာ မိတ်ကပ်တွေလိမ်း၊ ဝတ်ကောင်းစားလှတွေဝတ်ပြီး ရှိုးထုတ်ကြတော့ ကျောင်းသားတွေခမျာ မှတ်တောင်မမှတ်မိဘူးတဲ့။
အင်တာနေရှင်နယ်ကျောင်းသားအယောက် ၄၀ ကျော်မှ ကျောင်းသူဆိုလို့ ကိုယ်တို့ ၄ ယောက်တည်း ပါတာကိုး။ အဲဒီနေ့က‌ကျွှေးတဲ့ အစားအသောက်က အိန္ဒိယပွဲတော်တုန်းကထက်ကောင်းလို့ ကျောင်းသားတွေက တကျော့၊ နှစ်ကျော့ပြန် တန်းစီကြတယ်။ တတန်းသားတွေဆိုတော့ ဟဲ့ ဘန်ကားတရှ်စ် နင် နှစ်ခေါက်ရှိပြီမလား၊ အလိုလေး အက်စ်တီယာ နင် သုံးခေါက်ရှိပြီမလားနဲ့အုံးအုံးကျက်ကျက်ကို ဖြစ်လို့။ အေး စားကောင်းလို့ပါဟ ဒီဟာလေး နည်းနည်းပို ထည့်ပေးပါဟာ ငါ့အတွက် စမူဆာလေး သိမ်းထားပေးပါလား။ နောက်တစ်ခေါက် ပြန်လာလို့ရှိရင် စမူဆာက ပြောင်နေလောက်ပြီ။ ဝိုင်းက full scholarship နဲ့ ဘန်ကောက်က အေအိုင်တီမှာ အမ်ဘီအေတက်တုန်းကလည်း ကျောင်းသားဘဝ ထုံးစံအတိုင်း ငတ်တာပါပဲတဲ့။ တပတ်တခါ ဟော့ပေါ့သွားစားရင် တပတ်စာ ငတ်ခဲ့သမျှ အတိုးချပြီး စားတော့တာပဲ။ ပြင်သစ်နိုင်ငံ ပါရီမြို့က အီးအက်စ်စီပီမှာ အမ်ဘီအေတက်တုန်းကလည်း ဥရောပမှာဆိုတော့ နေထိုင်စားသောက်စရိတ်ကြီးတော့‌ ချွှေတာခြိုးခြံရတာပါပဲတဲ့။ ဝိုင်းအတန်းဖော် စပိန်သားလေးက သူတို့ထက် ငယ်တယ်။ တစ်နေ့တော့ ဝိုင်းရေ ငါတော့ ဗိုက်ဆာလိုက်တာ လွန်ပါရောဆိုပြီး အသီးအရွက်တွေအောက်မှာ အသားတွေ ဖွတ်တယ်။ ကောင်တာမှာ ငွေရှင်းတော့ အသီးအရွက်ဈေး ငွေရှင်းတယ်။ ဝိုင်းမှာ ရယ်ချင်တာကို အတင်းမျိုသိပ်ထားရတယ်တဲ့။ နောက်ကျောင်းသားတစ်ယောက်ကတော့ သိပ်‌ချွှေတာတဲ့ကောင် တလမှာမှတခါ  အသားစားတယ်။ အသားတွေဝယ် အဆာပလာတွေနဲ့ အသာနှပ် မိုက်ကရိုဝေ့ထဲထည့် ဆယ်မိနစ်လောက်ကြာတော့ ဝုန်းကနဲ အသံကြားလို့ သွားကြည့်တော့ အသားတွေက မိုက်ကရိုဝေ့မှာ တစစီဖြစ်နေလို့ ငတ်ပြန်ပြီပေါ့ တစ်ခါ။
ကျောင်းသားဘဝတုန်းက ငါသာ အလုပ်ရလို့ကတော့ နေ့တိုင်း စားသောက်ဆိုင်တွေမှာ သွားစားပစ်မယ်လို့ ကြုံးဝါးကြတယ်။ ခုတော့ ပုံမှန်ဝင်ငွေရတဲ့ အလုပ်လည်း ရှိနေပြီဆိုတော့ ကျောင်းသားဘဝကလို မငတ်တော့ဘူး၊ ဗိုက်မဆာတော့ဘူး၊ ဗိုက်မဝတာ မရှိတော့ဘူး။ ဒါပေမဲ့လည်း ကျောင်းသားဘဝတုန်းက ငတ်ခဲ့တာတွေကို အမှတ်တရတစ်ခုအနေနဲ့ သတိတရ ပြောနေမိတုန်း၊ လွမ်းနေမိတုန်း။ အဲဒီလို သူငယ်ချင်းတွေအတူတူ ငတ်ခဲ့ကြ၊ ဝေမျှစားခဲ့ကြတာတွေကလည်း ကျောင်းသားဘဝရဲ့ အမှတ်တရတွေပါပဲလေ။ မိတ်ဆွေတွေရော ကျောင်းသားဘဝတုန်းက ငတ်ဖူးပါသလား။
စန်းထွန်း
မေ ၂၁ ၊ ၂၀၁၅။
4 comments:
မေဓာဝီ said...
San San Htun said...
မင်း said...
😁😁
San San Htun said...
မဓောဝီ said...
စန်းထွန်းလေးဆီ မရောက်တာ ကြာပြီ။ ခုမှ ပြန်လာဖြစ်တယ်။ မမေတော့ မြန်မာပြည်က အစာတွေစာြီး ၁၀ ပေါင်လောက်ကို တက်နေတယ်။
ကျောင်းသားဘဝက ဖြစ်သလို စားခဲ့ ငတ်ခဲ့ဖူးပါတယ်။ တပေါင်တန် ပြင်သစ်ေါင်မုန့်ရှည် တလုံးကို စက်ထဲက ကော်ဖီရည်ကျဲ ပြား ၂၀ တန်နဲ့ လည်ချောင်းကို ဂလုံဆန်အောင် စုံကန်ပြီး မျှောချခဲ့ရတဲ့ နေ့တွေ အများသား။ စန်းထွန်းပြောမှ ပြန်သတိရလာမိတယ်။ အဲဒီအကြောင်းလေး စာရေးဖို့ တေးထားအုံးမှပဲ
March 24, 2015 at 3:59 AM
San San Htun said...
မမမေ နေကောင်းလားဗျို့...မမမေရဲ့ ကျောင်းသားဘဝတုန်းက ငတ်ခဲ့တာတွေကို ဖတ်ချင်မိသား...အားရင် ရေးပါဦး...
March 24, 2015 at 9:54 PM