လေ့လာခြင်း အနုပညာ...

အစ်မရေ နယူးယောက်ရောက်တော့ အင်္ဂလိပ်စာ ဘယ်လိုလေ့လာဖြစ်လဲ ဆိုတဲ့အကြောင်းလေးတွေ ရေးပေးပါဦးနော်လို့ အီးမေးလ်ပို့လာတဲ့ ညီမခင်စန္ဒာထွန်းကြောင့် ဒီပို့စ်လေး ရေးဖြစ်ပါတယ်။ ဒီပို့စ်ကတော့ ကိုယ် အင်္ဂလိပ်စာကို ဘယ်လိုလေ့လာခဲ့တယ်ဆိုတဲ့ အကြောင်းပါ။ သင်ကြားပေးသူအနေနဲ့ မဟုတ်ဘဲ သင်ယူသူတစ်ယောက်ရဲ့ အတွေ့အကြုံလေးတွေပါ။ အင်္ဂလိပ်စာကို ကိုယ်တို့ ငယ်ငယ်ကတည်းက သင်ကြားခဲ့ရပေမဲ့ မပြောတတ်၊ မရေးတတ်တာ အင်္ဂလိပ်စာ ဘဝထဲကို မရောက်သေးလို့ပါတဲ့။ မူလတန်းကနေ အထက်တန်းကျောင်းအထိက အင်္ဂလိပ်စာတွေ သင်ကြားခဲ့ပေမဲ့ အများစုက ဂရန်မာ၊ ဝါကျ၊ အက်ဆေး ရေးတတ်အောင် သင်ရပါတယ်။ အပြောကတော့ အင်မတန် အားနည်းတယ် မပြောသလောက်ဘဲ။ ဂရန်မာကလည်း အရေးပါပါတယ် စင်္ကာပူမှာ ကျောင်းတက်နေတဲ့ ကလေးက I has လို့ရေးတာတွေ့ဖူးတယ်။ အင်္ဂလိပ်စကားပြောပေမဲ့လည်း ဂရမ်မာ မကျေတဲ့အတွက်ကြောင့်ပါ။ ကိုယ် ပုသိမ် ထ၂ မှာ ၈ တန်းတက်တော့ အေတန်းက ကျောင်းသားတွေက အင်္ဂလိပ်စာ ကောင်းကြတယ်။ မြန်မာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ အီကို၊ ဓာတု၊ ရူပ၊ ဇီဝမှာ အမှတ်သိပ်မကွာပေမဲ့ အင်္ဂလိပ်စာမှာ အမှတ်ကွာတယ်။ သူတို့ထက် အင်္ဂလိပ်စာညံ့မှန်းသိတော့ အင်္ဂလိပ်စာတိုးတက်လာအောင် ဝါးရုံစာအုပ်ဆိုင်က ထွက်သမျှ အင်္ဂလိပ်စာ လေ့ကျင့်ရေးစာအုပ်တွေ ဝယ်ပြီး ဂရန်မာတိုးတက်လာအောင် လေ့ကျင့်ရတယ်။ စပီကင်းစပြောဖြစ်တာတော့ ဆယ်တန်းအောင်ပြီးခါစ လှည်းတန်းက ဆရာကြီးဦးမြကြိုင်ဆီမှာ အင်္ဂလိပ်စကားပြောသင်တန်း တက်တော့မှပါ။ ဒါတောင် တပတ်၊ နှစ်ပတ်လောက်က Spare me လုပ်နေသေးတယ်။ ကိုယ့်အကြောင်း၊ မိသားစုအကြောင်း နည်းနည်းပါးပါးကို စာလိုက်မေးတဲ့ စီနီယာတွေနဲ့ ပြောဖြစ်တယ်။ မသိတဲ့စကားလုံးကို စီနီယာတွေကိုမေး၊ မှားနေရင် သူတို့က ပြင်ပေး၊ ကိုယ်မပြောတတ်တဲ့အခါ ကိုယ်ပြောချင်တဲ့ စာကြောင်းကို သူတို့က အင်္ဂလိပ်လိုပြန်ပေး။

 ဒီလိုနဲ့ အပြောသွက်လာတော့ ပန်းခြံတွေ ဆောက်သင့်သလား၊ စာကြည့်တိုက် ဆောက်သင့်သလား ကိုယ့်အိုင်ဒီယာတွေကို ပြောဖြစ်တယ်။ ဒါပေမဲ့ အားလုံးက မြန်မာတွေဆိုတော့ ဘိုသံတော့ ဘယ်ပေါက်ပါ့မလဲ။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ဂရန်မာမှန်မှန်နဲ့ သူတပါး နားလည်အောင် ပြောနိုင်ရင်ပဲ အတော်ဟုတ်နေပါပြီ။ ဆရာကြီးဦးမြကြိုင်ကျောင်းမှာ စကားပြောတန်း၊ ဘာသာပြန်တန်း၊ စာဖတ်တန်း၊ ဂရန်မာတန်းတွေ တက်ခဲ့ပါတယ်။ အင်္ဂလိပ်သီချင်းတွေ နားထောင်တယ် အဲဒီတုန်းက ခေတ်စားတာ West Life ၊ Shania Twain ။ ရေဒီယိုကနေ ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီအစဉ်တွေ နားထောင်တယ်။ စလောင်းကနေ စီအန်အေ Channel News Asia သတင်းတွေ နားထောင်တယ်။ စီအန်အေ သတင်းကြေငြာတဲ့သူတွေဟာ အမေရိကား၊ အင်္ဂလန်တို့မှာ ထရိန်းခဲ့တော့ လေသံက အမေရိကန်လေသံပေမဲ့ အာရှဆိုတော့ အာရှလေသံက မပျောက်ဘူး ဒီတော့ ကိုယ် နားလည်တယ်။ စီအန်အန်သတင်းတွေဆို နားသိပ်မလည်ဘူး။ဘဝသစ်ဦးအောင်ကျော် တက်ဖူးတယ်။ ဆရာကြီးက အသက်ကြီး၊ လူတွေကလည်း တအားများတော့ ခဏပဲ တက်ဖြစ်တယ်။ တိုဖယ်ဦးသိန်းဝင်းကိုတော့ တက္ကသိုလ်ကျောင်းပိတ်တိုင်း တက်ဖြစ်တယ်။ တိုဖယ်ဖြေပြီး နိုင်ငံခြားကျောင်းတွေကိုလျှောက်ဖို့၊ တိုဖယ်အမှတ်ကောင်းရင် FullBright စကော်လာရှစ် လျှောက်ဖို့စိတ်ကူးထားတယ်။ အင်္ဂလိပ်စာကို ၃လအပြတ်ဆိုပြီး မရပါဘူး။ တသက်လုံး လေ့လာနေရမှာ။ ဆယ်တန်းအောင်ပြီးကတည်းက အင်္ဂလိပ်စာလေ့လာခဲ့တာ အမေရိကန်ရောက်တော့လည်း စကားလုံးအသစ်တွေ၊ အသုံးအနှုန်း၊ ပြောဆိုတာတွေကို လေ့လာနေရတုန်းပါပဲ။ မြန်မာပြည်မှာတော့ အပြော အားနည်းပါလိမ့်မယ်။ ဒါပေမဲ့ အရေး၊ အဖတ်ကတော့ တိုးတက်အောင် လုပ်လို့ရပါတယ်။

ကိုယ်အနှစ်သက်ဆုံးအင်္ဂလိပ်စာအုပ်တွေကတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ Colourful Myanmar နဲ့ King Among Men စာအုပ်တွေပါ။ Colourful Myanmar စာအုပ်ကတော့ မြန်မာလူမျိုးတို့ သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာ၊ နေထိုင်မှုဓလေ့စရိုက်၊ ဘာသာစကား၊ အနုပညာအကြောင်း အတော့်ကို စုံစုံလင်လင်နဲ့ အင်မတန်ဖတ်လို့ကောင်းတဲ့စာအုပ်ပါ။ ဆရာကြီးဦးမြကြိုင်က စာအုပ်အများကြီး ဖတ်စရာမလိုဘူး Colorful Myanmar စာအုပ်ကို ထောင်းလမောင်းကြေနိုင်ရင် အတော်ဟုတ်နေပြီတဲ့။ စာအုပ်ကို ထောင်းလမောင်းကြေဖို့ ပြောတာမဟုတ်ဘူးနော် အထဲကစာတွေကို ထောင်းလမောင်းကျေဖို့။ King Among Men ကေတော့ ဆရာမကြီးရဲ့ အကောင်းဆုံးလက်ရာ masterpiece လို့ပြောကြတယ်။ ၁၁ရာစုမှာ ပထမမြန်မာနိုင်ငံတော် တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းက ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို့နဲ့ တွေ့ဆုံခန်း။ ရာဇဝင်ထဲက သူရဲကောင်းလေးယောက်ဟာ စာအုပ်ထဲမှာ တကယ်လူသားတွေအဖြစ် ပီပီပြင်ပြင် အသက်ဝင်လို့၊ ဗျက်ဝိ ဗျတ္တ မယ်ဝဏ္ဏက ရွှေရောင်ရောင် အသားအရည်ရှိတဲ့ လူရိုင်းမလေး၊ ရှင်အရဟံနဲ့ တွေ့ဆုံခန်း၊ ဥသာပဲခူးနဲ့ ခင်ဦး၊ ခင်ဦးနဲ့ ကျန်စစ်သား၊ သုဝဏ္ဏဘူမိ သထုံပြည်ကနေ ဗုဒ္ဓသာသနာ တောင်းခံခန်း၊ ရေငန်သောက် မြက်ခြောက်စား ပုဂံသား အရိုင်းအစိုင်းတွေနဲ့ တန်သလားဆိုပြီး သထုံက စစ်ကြေငြာခန်း၊ သထုံကို သိမ်းပိုက်ခန်းကို သမိုင်းပညာရှင်တွေနဲ့ အသေအချာ တိုင်ပင်ပြီး ရေးထားတာတဲ့။ ကြက်မတဝပ်စာနေရာကိုသိမှ သထုံကို နိုင်မယ်ဆိုတဲ့ တဘောင်၊ ရှမ်းမင်းသမီး စောမွန်လှနဲ့ အနော်ရထာမင်းတို့ရဲ့ လွမ်းဆွတ်ဖွယ် ချစ်ဇာတ်လမ်း။ အင်မတန်ကောင်းတဲ့ စာအုပ်တွေပါ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။ စာကောင်းပေကောင်း ဖတ်ရတဲ့အခါ Your article/ novel is so good လို့ ပြောတာထက် I am so moved by reading your book လို့ ပြောရတယ်လို့ မှတ်သားဖူးပါတယ်။ အဲဒီလို so moved ဖြစ်သွားတဲ့ ဝထ္ထုတိုနှစ်ပုဒ် ရှိပါတယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ မူယာစုံလင် သူ့ရုပ်သွင် Her Infinite Variety နဲ့ Come, live with me ဝထ္ထုတွေပါ။

မူယာစုံလင် သူ့ရုပ်သွင်ဟာ Horizon မဂ္ဂဇင်းက ကြီးမှုးကျင်းပတဲ့ အရှေ့တောင်အာရှစာရေးဆရာများရဲ့ ဝထ္ထုတိုပြိုင်ပွဲမှာ ဆုရထားတဲ့ ဝထ္ထုပါ။ Intermediate အဆင့်အတွက် ပြန်ရေးထားတဲ့ ရှိတ်စပီးယားဝထ္ထုတိုတွေ ဖတ်ခဲ့ဖူးပါတယ်။ English to Burmese Dictionary အစား English to English Dictionary ကောင်းကောင်းတစ်အုပ် အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။ Move ဆိုတဲ့ စကားလုံး ဆိုပါတော့ အင်္ဂလိပ်လိုရှင်းပြတာကို နားလည်လာမဲ့အပြင် move ကို တခြားဘယ်စကားလုံးတွေနဲ့ တွဲဖက်ပြီး သုံးလို့ရတာတွေကို ဝါကျတွေနဲ့ ရှင်းပြထားတော့ အသိတိုးပါတယ်။ အပြောကတော့ အင်္ဂလိပ်စကားပြောတဲ့နိုင်ငံမှာ၊ အင်္ဂလိပ်စကားပြောတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်တော့ အင်္ဂလိပ်စကားကို မဖြစ်မနေပြောရတော့မှပဲ ပြောဖြစ်မှာကိုး။ အမေရိကန်မှာနေတာ ငါးနှစ်လောက်ရှိပြီ၊ မြန်မာပြည်ကဘွဲ့ရဆိုသူတွေတောင် အင်္ဂလိပ်စကားကို လည်လည်ပတ်ပတ် မပြောတတ်တဲ့သူတွေ တွေ့ဖူးတယ်။ ကိုယ်သိချင်တာကို မေးမြန်းနိုင်၊ သူတပါး နားလည်သဘောပေါက်အောင် ပြောပြနိုင်ရင်ကို အတော်ဟုတ်နေပါပြီ။ လူမျိုးတိုင်းမှာ မိခင်ဘာသာစကားလေသံရှိတော့ စကားပြောတဲ့အခါ အတတ်နိုင်ဆုံး ရိုးရိုးရှင်းရှင်းနဲ့ အေးအေးဆေးဆေး ပြောဖို့လိုပါတယ်။ အမေရိကန်ကိုရောက်လို့ နေရာတိုင်းမှာ အင်္ဂလိပ်စကားကြားရ၊ အင်္ဂလိပ်လို ပြောနေရတာတောင် မိခင်ဘာသာစကားမဟုတ်တော့ အခက်အခဲလေးတွေ ရှိနေမှာပါပဲ။ လေ့လာနေမယ်၊ ဖတ်နေတယ်၊ နားထောင်နေတယ်၊ အင်္ဂလိပ်စကားပြောချင်တဲ့ သူငယ်ချင်းတွေနဲ့ ပြောဖြစ်နေမယ်ဆိုရင် အင်္ဂလိပ်စာ တိုးတက်လာပါလိမ့်မယ်။ အင်္ဂလိပ်စာ လေ့လာတဲ့အခါမှလည်း ဘယ်တော့များမှ အင်္ဂလိပ်လို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်နိုင်ပါလိမ့်လို့ မတွေးဘဲ တနေ့ကို နည်းနည်း ဖတ်မယ်၊ မှတ်မယ်၊ လေ့လာမယ်၊ နားထောင်မယ်၊ တကြောင်း၊ နှစ်ကြောင်းလောက် ပြောကြည့်မယ်။ အင်္ဂလိပ်စာ လေ့လာတယ်ဆိုတာ ခုချက်ချင်း ရေတွင်းတူး ခုချက်ချင်း ရေကြည်သောက်လို့ရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တောင်တက်သလို နှေးနှေးနဲ့မှန်မှန် တောင်ထိပ်ကိုကြည့်ပြီး အဝေးကြီးလို့ မတွေးဘဲ၊ တောင်အောက်ကိုကြည့်ပြီး ကြောက်စရာကြီး ငါ တက်မိတာ မှားလေခြင်းလို့ မတွေးဘဲ၊ ကိုယ်ရောက်နေတဲ့ နေရာကနေ နောက်ထပ်တလှမ်း အဲ့ဒီကနေ နောက်ထပ်တစ်လှမ်း လှမ်းနိုင်ရင် တောင်ထိပ်ကို မလွဲမသေ ရောက်ပါလိမ့်မယ်။ စိတ်မပျက်ဘဲ စိတ်ရှည်ဇွဲရှိဖို့တော့ လိုပါလိမ့်မယ်။

PS. I would like to suggest to use the good English to English dictionary. My favorite books are "Colorful Myanmar" and "King Among Men" written by Khin Myo Chit. "Colorful Myanmar" is "a practical and poetic guide for the visitor who wants something better than a tourist view of Burma". "King Among Men" is regarded as her masterpiece, a historical novel based on King Anawarath, the 11th century founder of first burmese kingdom with its capital, Bagan. I was so moved by reading her "Her Infinite Variety" and "Come, live with me!" short stories.

စန်းထွန်း
မတ် ၃၁၊ ၂၀၁၅။

ရေခြားမြေခြား ခရီးသွား - ၂

မေလ ၂၃ ရက်နေ့မှာ ကိုယ်တို့ကျောင်းမှာ ဘွဲ့နှင်းသဘင် ကျင်းပမှာတော့မှာပါ။ အဖေ၊ အမေတို့ ဘွဲ့နှင်းသဘင်တက်ဖို့ လာမလား၊ မလာဘူးဆိုရင် လာလည်ရင်သုံးဖို့ စုထားတဲ့ပိုက်ဆံတွေ လွှဲပေးလိုက်မယ်ဆိုတော့ မလွှဲပေးနဲ့ ဘွဲ့နှင်းသဘင်တက်ဖို့ လာချင်ပါသတဲ့။ ဒီတော့ ကျောင်းကို ဖိတ်ခေါ်စာပို့ခိုင်း အမေရိကန်ဗီဇာလျှောက်ဖို့ ပြင်ဆင်ရတော့တာပေါ့။ ကိုယ်က လွန်ခဲ့တဲ့ ၅ နှစ်တုန်းက စင်္ကာပူမှာ အမေရိကန်ဗီဇာ လျှောက်ခဲ့တာဆိုတော့ ဘယ်လိုလျှောက်ခဲ့မှန်း ကိုယ်ကိုတိုင်က မေ့နေပြီ။ အဲဒီတုန်းက အွန်လိုင်းမှာဖြည့် အင်တာဗျူးအပွိုင့်မန့်ယူ၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေယူ။ မနက် ၉  နာရီ အင်တာဗျူးဆိုပေမဲ့ နေ့လည်လောက်မှ ဗျူးတယ်။ စင်္ကာပူက ကျောင်းက နာမည်ကြီးရဲ့သားနဲ့ ဘာလို့ယူအက်စ်ကျောင်း တက်ချင်တာလဲ။ ကျောင်းတက်နေစဉ်မှာ ဘယ်သူတွေက ထောက်ပံ့မှာလဲ။ မိဘတွေက ဘာလုပ်လဲ။ ကျောင်းပြီးရင် ပြန်လာမှာလား။ မိသားစု၊ အမျိုးတွေထဲမှာ စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့သူ ရှိလား။ မိသားစု၊ အမျိုးတွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေး အသင်းဝင်သူ ရှိလား။ မိသားစု၊ အမျိုးတွေထဲမှာ ဦးပိုင်မှာ လုပ်နေတဲ့သူ ရှိလားလို့မေးတယ်။ ရန်ကုန်အမေရိကန်သံရုံးဝက်ဆိုဒ်ကို ဝင်ကြည့်တော့ အွန်လိုင်းမှာ ဖောင်ဖြည့်၊ အင်တာဗျူးအပွိုင့်မန့်ကိုလည်း အွန်လိုင်းကနေယူ ဘယ်ဖောင်တွေ ဖြည့်ရမယ်လို့ အသေအချာ ရေးထားတယ်။ ဆိုဒ်မှာရေးထားတဲ့ စာရွက်စာတမ်းတွေထက် အများကြီး လိုသေးတယ်ထင်လို့ သေချာအောင် ဂျူးဂျူးကို မေးကြည့်ရတယ်။ ဂျူးဂျူးမိဘတွေက မနှစ်က ဂျူးဂျူးမင်္ဂလာပွဲကို ရန်ကုန်ကနေ လာထားတာဆိုတော့လေ။ အောင်မလေး ဂျူးဂျူးပြောပြမှပဲ ဖောင်၊ စာရွက်စာတမ်းတွေက မနည်းမနောပါလား။

ကျောင်းကခေါ်စာအပြင် ကိုယ့်ခေါ်စာ၊ လက်ရှိဗီဇာ၊ IRS ( Internal Revenue Service) မှာ ၃ နှစ်စာ အခွန်ဆောင်ထားတာ၊ Bank Statement ၆ လစာ၊ Pay Stubs ၃ လစာ၊ မွေးစာရင်းနိုထရီ၊ ရုံးက ဒီကုမ္ဗဏီမှာ ဘယ်ရာထူး၊ ဘယ်လောက်လစာနဲ့ အလုပ်လုပ်တဲ့အကြောင်း စာရွက်စာတမ်းတွေ အများကြီးလိုတယ်။ မကြီးကို ယူအက်စ်က အမ်ဘီအေ၊ အကောက်တင်း ကျောင်းတွေအကြောင်းကို အသိမိတ်ဆွေ တက်နေတဲ့သူတွေမှာ မေးမြန်းခိုင်းတော့ တချို့တွေက အကုန်အစင် မပြောပြဘူးတဲ့။ ဥပမာ ဘယ်ကျောင်းက ဘာသင်တန်းမှာ တက်နေတဲ့အကြောင်းတောင် ပြောမပြချင်ဘူးလို့ သိရတုန်းက ကိုယ့်မှာ အံ့တွေသြလို့။ ကိုယ်တွေကတော့ သိသမျှကို တလုံးမချန် ပြောပြတာ။ အဲဒါကြောင့် အဖေက လူတွေကို ကိုယ့်လိုမမှတ်နဲ့လို့ ပြောတာ။ ကိုယ်ကတော့ အပေါင်းအသင်းမိတ်ဆွေ၊ သူငယ်ချင်း ကံကောင်းတယ်လို့ ဆိုရမယ်။ ကိုယ့်သူငယ်ချင်း၊ အပေါင်းအသင်းတွေ အကုန်လုံးက သိသမျှ မချွှင်းမချန် အကုန်ပြောပြတယ်၊ ကူညီကြသူတွေချည်းပဲ။ ဂျူးဂျူးက သိသမျှ မခြွင်းမချန်ပြောပြ၊ စာရွက်စာတမ်းတွေ အကုန်ပို့ပေးတော့ ကိုယ်က အင်တာနက်မှာ ရှာစရာမလိုတော့ဘူး အချိန်ကုန်သက်သာလိုက်တာ။ ဂျူးဂျူးရေ ကျေးဇူးအရမ်း တင်ပါတယ်နော်။ အရင်ဆုံး အဖေနဲ့အမေ့ကို အမေရိကန်ဗီဇာ ဓာတ်ပုံရိုက်ခိုင်း၊ အဲဒီဓာတ်ပုံတွေကို အီလက်ထရွန်းနစ်ဖိုင်အဖြစ်တောင်းယူဖို့၊ ရက်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံစာယူပြီး ရဲစခန်းမှာ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာယူဖို့ မောင်မောင့်ကို ခိုင်းရတယ်။ အဲဒါတွေက ပိုက်ဆံပေးလိုက်ရင် ရတယ် မောင်မောင်က ဒီခေတ်ကြီးမှာ အဲဒါတွေ လိုသေးလားတဲ့။ အောင်မလေး မြန်မာပြည်အကြောင်း မသိတာ ကြနေတာပဲ။  မြန်မာပြည်လာလည်လို့ တလအတွင်း ပြန်ထွက်ရင် ထွက်ခွာခွင့် Departure Form မလိုဘူးတဲ့။ တကယ်ထွက်တော့ လိုပြန်ရော အမယ်မင်း ကိုယ်တို့ရွှေပြည်ကြီးမှာက တနေ့တမျိုး။ D From မပါလို့ လေယာဉ်ပေါ်တက်ခွင့်မပြုဘူးလေး ဘာလေးနဲ့ ပိုက်ဆံလေးသောင်းလောက် ပေးလိုက်ရင်တော့ ခွင့်ပြုပါလိမ့်မယ်။

တခါတုန်းကလည်း လေယာဉ်လက်မှတ်ပေါ်မှာ အမေ့နာမည်က ခင်ညွှန့်အစား ခင်မြင့်ဖြစ်နေလို့ လေယာဉ်ပေါ် တက်ခွင့် မပြုဘူးတဲ့။ လေယာဉ်လက်မှတ်ရုံးကို ဖုန်းခေါ်၊ လူဝင်မှုကြီးကြပ်ရေးရုံးကို လေးသောင်းလောက် ပေးလိုက်ရော တက်ခွင့်ရသွားတယ်။ အမှန်က လေယာဉ်လက်မှတ်ရတာနဲ့ လက်မှတ်ပေါ်က အချက်အလက်တွေ မှန်မမှန်စစ်ရမှာ။ လေယာဉ်လက်မှတ် ရောင်းတဲ့ရုံးကတော့ မှားမှာပေါ့ သူတို့က လူအများကြီးနဲ့ လုပ်ရတော့ Hurman error ဆိုတာ ဖြစ်နိုင်တာပဲ။ မောင်မောင်က စစ်ရမှာ ဒီကောင်က စစ်ရမှန်းမသိ တစက်ကလေးမှ မစေ့စပ် မသေချာတဲ့အကောင်။ ဒီလိုကောင်မျိုး စီးပွားရေးလုပ်လို့ကတော့ ကြီးပွားဦးမယ်။ အွန်လိုင်းမှာ ဖြည့်တာတွေကို မကြီးက ဖြည့်ပေးတယ်။ အဘွားတွေက ဆုံးသွားပြီဆိုတော့ ဖြည့်ဖို့မလိုဘူး။ အဘိုး ၂ ယောက် မွေးသက္ကရာဇ်က မြန်မာလိုဆိုတော့ အင်္ဂလိပ်မွေးသက္ကရာဇ်ကိုပြောင်း။ အဖေ့ဖက်က အဘိုးက အသက် ၈၅ နှစ် စနေသား၊ အမေ့ဖက်က အဘိုးက အသက် ၈၁ နှစ် စနေသားတဲ့။ ကိုယ်တို့အဘိုး နှစ်ယောက်လုံးက ဆိုးပေကြီးတွေ။ အမေ့ဖက်က အဘိုးကတော့ အသက် ၂၀ လောက်မှ အဘိုးမှန်း မြင်ဖူးတော့ မချစ်ဘူး။ အဖေ့ဖက်က အဘိုးကတော့  ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် မတည့်အတူနေ။ ငယ်ငယ်လေးကတည်းက အတူတူနေခဲ့တာဆိုတော့ ဘယ်လောက်ဆိုးဆိုး ချစ်တာပါပဲ။ အဖေနဲ့ ဘိုးဘိုးဟာ သားအဖသာဆိုတယ် တစက်ကလေးမှ မတူဘူး။ ဘိုးဘိုးက အသားဖြူဖြူ၊ အရပ်ပုပု လူပုစိတ်တို။ အဖေက အသားညိုညို၊ ပိန်ပိန်ရှည်ရှည် သူ့အမေနဲ့ သွားတူတယ်။ အဖေဟာ ဘိုးဘိုးနဲ့တစက်ကလေးမှ မတူတာကိုက ကိုယ်တို့ကံကောင်းတာ။

Raffles Place, Singapore. 2009 Sept.

သင်္ကြန်၊ ဝါဆို၊ သီတင်းကျွှတ် အခါကြီးရက်ကြီးတွေမှာ ကိုယ်တို့ညီအစ်မက အဖေကနေတဆင့် အဘိုးကို ပိုက်ဆံကန်တော့တဲ့အခါ ကိုယ်က အဖေ့ရေ မြေးတွေက ဘိုးဘိုး ချဲထိုးဖို့ ကန်တော့တယ်လို့ ပြောလိုက်။ အဖေ ပြန်မပြောမှန်းသိလို့ ပြောတာ ဘိုးဘိုးသာ ကြားရင်တော့ ဆွေ့ဆွေ့ခုန်နေမလားဘဲ။ တတ်နိုင်ဘူး အမှန်ပြောလို့ နာတယ်ဆိုရင်လည်း နာပါစေပေါ့။ ဘိုးဘိုး ဘာလို့ ချဲထိုးတာလဲလို့ မေးရင် လှုဖို့တန်းဖို့တဲ့  အဲဒါဆိုလည်း ငယ်ငယ်တုန်းက စုဆောင်းထားပါလား။ သားသမီးတွေ ထောက်ပံ့တာကို ချဲထိုးပစ်တာကတော့ ဘယ်ကောင်းပါ့မလဲ။ သားသမီးမကောင်း မိဘခေါင်းသလို မိဘတွေဆိုးရင် သားသမီးတွေ ခံရတာပါပဲ။ ကိုယ့်အသိအစ်မရဲ့ အမေဆိုရင် သမီးတွေက နိုင်ငံခြားကနေ လစဉ်ထောက်ပံ့တာကို ချဲတွေထိုးပစ်တယ်၊ လတောင်မကုန်သေးဘူး ပိုက်ဆံမရှိတော့လို့ သူများတွေဆီမှာ လိုက်ချေးရတယ်။ ဘုရားတရားလုပ်တယ်ဆိုပြီး သူကိုးကွယ်တဲ့ဆရာတော် ဘယ်သွားသွား နောက်ကနေလိုက်တယ်။ တချို့ကြတော့လည်း အသက်ကဖြင့် အတော်ကြီးနေပြီ ခုထိသောက်စား ညနေဆိုရင် မူးနေပြီ။ အဲဒီလိုမျိုး မိဘရလို့ကတော့ ကိုယ်နဲ့ရန်တကျက်ကျက် ဖြစ်နေမလားဘဲ။ ပညာမတတ်ဘူးလားလို့မေးရင်လည်း ကျောင်းဆရာမဟောင်း အသိညဏ်ပညာက အတန်းပညာနဲ့ မဆိုင်ဘူးလို့ ထင်တယ်။ ကိုယ့်မိဘတွေက သားသမီးအတွက် ဘဝတစ်ခုလုံး  ပေးထားပြီး ကိုယ်တို့ညီအစ်မပြောတာတွေကို နားထောင်လက်ခံတဲ့မိဘတွေ ဖြစ်နေတာ ကိုယ်တကယ် ကံကောင်းတယ်။  သားသမီးတွေက မိဘကို ရွေးချယ်နိုင်ခွင့် မရှိတော့ မိဘကောင်းရတာ ကုသိုလ်ကံ တမျိုးကောင်းခြင်းပါပဲ။ အမေရိကန်ဗီဇာလျှောက်ဖို့ ပြင်ဆင်ကြတော့ အဖေက သူ အိန္ဒိယ၊ နီပေါ၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားတွေကို ရောက်ဖူးတာ ဒီအမေရိကန်ဗီဇာမှပဲ ရှုပ်ထွေးလိုက်တာနော်လို့ပြောတော့ ကိုယ်တို့ညီအစ်မတွေမှာ ရယ်ရသေးတယ် သူလည်း ဘာမှမလုပ်ရဘဲနဲ့။ ကျန်တဲ့ဗီဇာတွေက သံရုံးကို သွားစရာမလို၊ အေးဂျင့်ကို ပိုက်ဆံပေးလိုက်တာနဲ့တင် ကိစ္စပြီးတာကိုး။

အွန်လိုင်းကနေ ဖောင်တွေတင်၊ အင်တာဗျုးဖို့ အပွိုင့်မန့်ကို အွန်လိုင်းကနေ ၂ ပတ်စောပြီး ရက်ချိန်းယူ၊ အင်တာမဗျူးခင် တပတ်အလိုမှာ သံရုံးက စာတိုက်ပုံးထဲမှာ စာရွက်စာတမ်းတွေ သွားထည့်၊ ဗီဇာကြေး US$ 160 က ဗီဇာရသည်ဖြစ်စေ မရသည်ဖြစ်စေ အဆုံး။ သံရုံးအရာရှိက အဖေ့ကို မေးမယ်
သမီးက ယူအက်စ်ကို ဘယ်တုန်းက သွားတာလဲ...
၂၀၁၀ ....မဟုတ်ဘူး အဖေ့ရေ ၂၀၁၀ ဒီဇင်ဘာမှာ ပြန်လာပြီး နှုတ်ဆက်တာ၊ ယူအက်စ်ကို တကယ်သွားတာက ၂၀၁၁ ဖေဖေါ်ဝါရီ...
သမီး ယူအက်စ်ကို ရောက်တာ ဘယ်နှစ်နှစ် ရှိပြီလဲ...
၄ နှစ်.... မဟုတ်ဘူး အဖေ့ရေ ၅ နှစ် ရှိနေပြီ...
ယူအက်စ်ကို ဘာလုပ်ဖို့ သွားမှာလဲ...
သမီး ဘွဲ့ယူဖို့...
သမီးက ဘာဘွဲ့ယူမှာလဲ...
ကွန်ပျူတာ.... ကွန်ပျူတာ မာစတာ အဖေ့ရေ...
သမီးက ခု ယူအက်စ် ဘယ်နေရာမှာလဲ...
နယူးယောက်မှာ...
ဘာဗီဇာနဲ့ နေတာလဲ...
အီးပီ...အီးပီဆိုတာ စင်္ကာပူမှာ...ယူအက်စ်မှာက အိတ်ချ်ဝမ်းဘီဗီဇာ အဖေ့ရေ...
ဘာအလုပ်လုပ်နေတာလဲ....
ကွန်ပျူတာ..အဲ သမီးက ဘာလုပ်နေတာလဲ...အဖေ့ရေ ဆော့ဝဲအင်ဂျင်နီယာ..
ယူအက်စ်မှာ အမျိုးတွေ ရှိသလား...
ဖလော်ရီဒါမှာ အမျိုးတွေ ရှိတယ်လို့ ပြောတာပဲ...သူ့ကိုလည်း ကိုယ်မသိ...ကိုယ်ကလည်း သူ့ကိုမသိ...ဘယ်လိုတော်စပ်မှန်းလည်း မသိ...
အဲဒါနဲ့များ ဘယ်လိုလုပ် အမျိုးလို့ ပြောမှာလဲ...တော်ကြာ အမျိုးရှိတယ်ဆိုရင် ပြန်မလာဘဲ နေလိမ့်မယ်ဆိုပြီး ဗီဇာမပေးဘဲ နေလိမ့်မယ်...အမျိုးမရှိဘူးလို့ ပြော...
ယူအက်စ်မှာ ဘယ်လောက်နေမှာလဲ...
၆ လ...ဟင်.... ၆ လ တောင် အဖေက ဘာလုပ်နေမှာလဲ...တလပဲ နေမယ်လို့ပြော...စင်္ကာပူလာတုန်းကလည်း ဗီဇာတလရတာကို ပျင်းလို့ဆိုပြီး နှစ်ပတ်ထဲနဲ့ ပြန်ကြရော....
ဘာစီးပွားရေးလုပ်သလဲ...
စက်လှေတွေ ပိုင်ပါတယ်....
ယူအက်စ် သွားနေတုန်း စီးပွားရေးကို ဘယ်သူကြည့်ပေးမှာလဲ...

2001. Economics School (Yangon)

ဗီဇာအရာရှိက အဲဒီမေးခွန်းတွေ မေးရင် အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြေနိုင်ပါ့မလားမသိ။ ခုတော့ တနေ့တမျိုး မရိုးရအောင် ကပေါက်တိ ကပေါက်ချာ ဖြေနေတာကို ကိုယ်တို့မှာ တဝါးဝါး တဟားဟားနဲ့ပေါ့။ အဲဒီလိုမျိုး တဝါးဝါး တဟားဟား ဖြစ်ရပ်တခု အရင်က ရှိခဲ့ဖူးတယ်။ အဖေက နှလုံးသွေးကြောကျဉ်းလို့ ဘန်ကောက်က ဘာမင်ဂရပ်ဆေးရုံမှာ ခွဲစိတ်ပြီး နှလုံးသွေးကြာထဲမှာ စတန်လေးချောင်း ထည့်ရတယ်။ ဒီတော့ နှစ်တိုင်း မက်ဒီကယ်ချက်ကပ် လုပ်ရတယ်။ ၂၀၁၃ မှာတော့ မောင်မောင်က စာမေးပွဲရှိလို့ မလိုက်နိုင်ဘူး။ ဘန်ကောက်ကို နှစ်ခေါက်တောင် ရောက်ဖူးနေတာပဲ မောင်မောင် မပါလည်း သူတို့ဘာသာ သွားတတ်ပါတယ်ဆိုပြီး သွားမယ်လုပ်တော့ စိတ်ပူတတ်တဲ့ မကြီးက စင်္ကာပူနေ လိုက်လာတယ်။ ဝှီးချဲဆားဗစ်ယူတော့ ဝှီးချဲသမားက လာစောင့်နေတယ်။ ဝှီးချဲသမားက အဖေ့ကို လာကြိုနေမှန်း ဘယ်လိုသိတာလဲဆိုတော့ သူ့နာမည်ကို ဆိုင်းဘုတ်မှာ ရေးထားတာကိုးတဲ့။ ပတ်စ်ပို့ပြပြီး လမ်းလျှောက်မယ်လုပ်တော့ ဝှီးချဲသမားက လုံးဝမဆင်းခိုင်းဘူး။ ဝှီးချဲနဲ့ဆိုတော့ လူဝင်မှုကြီးကြပ်ရေးကောင်တာမှာ စောင့်စရာ မလိုဘူး။ ဝှီးချဲသမားက လူဝင်မှုကြီးကြပ်ရေးကောင်တာကိုဖြတ်ပြီး ဆေးရုံကောင်တာကို သွားမယ်လုပ်တော့ အဖေက လုံးဝအသွားမခံဘူး။ မကြီးက လူဝင်မှုကြီးကြပ်ရေးကောင်တာကို မဖြတ်နဲ့ အဲဒီနားမှာ စောင့်နေလို့ မှာထားတာကိုး။ လူဝင်မှုကြီးကြပ်ရေးကောင်တာကနေမခွာ ဆေးရုံကောင်တာကိုလည်း လိုက်ပို့လို့မရ၊ အင်္ဂလိပ်လိုပြောလည်း နားမလည်ဆိုတော့ ဝှီးချဲသမားခမျာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ၊ ခေါင်းကို တွင်တွင်ကုတ်လို့၊ အု အီး အား ကွိ ကွလို့ ငြီးငြူအော်ဟစ်နေပါသတဲ့။

အဖေက နာရီကို ထိုးပြပြီး နာရီဝက်လောက် စောင့်ရဦးမယ်၊ လက်မနဲ့လက်ညှိုးကို ဝိုင်းပြပြီး ပိုက်ဆံပေးမယ်လို့ အင်တာနေရှင်နယ်ဘာသာစကားပြောတာကို နားလည်သလိုရှိပေမဲ့ ရှင်းရှင်းလင်းလင်း မသိရတော့ စိတ်ရှုပ်နေတာပေါ့။ နောက်တော့ ဝှီးချဲသမားနဲ့သိတဲ့ ရှမ်းလူမျိုးတယောက်က ဘာသာပြန်ပေးတော့မှပဲ ဝှီးချဲသမားခမျာ စိတ်အေးသွားပြီး လက်ကေ့စ်တွေ သွားယူပေး။ မကြီးကလည်း တစ်ဖ်များများ ပေးလိုက်ပါတယ်တဲ့။ ဝှီးချဲသမားအကြောင်းကို အဖေ ပြောပြတိုင်း ကိုယ်တို့မှာ တဟားဟား တဝါးဝါးနဲ့ပေါ့။ အဖေက အိုင်အိုဝါပြည်နယ်မှာရှိတဲ့ ယူအက်စ်ကျောင်းက ဘွဲ့နှင်းသဘင်ကို တက်ချင်တာတဲ့။ နယူးယောက်ကနေ အိုင်အိုဝါပြည်နယ်ကို လေယာဉ်ခက အနည်းဆုံး ၄၀၀၊ အိုင်အိုဝါပြည်နယ်မြို့တော် ဒက်စ်မွိုင်းကနေ ကျောင်းရှိတဲ့မြို့အထိ ကားတနာရီခွဲ ထပ်မောင်းရဦးမယ်၊ ဟိုတယ်ခ၊ စားသောက်စရိတ်နဲ့ တယောက်ကို  ၈၀၀ လောက် ကုန်မယ်၊ ၃ ယောက်ဆိုရင် အနည်းဆုံး ၃၀၀၀ လောက်ကုန်မယ်။ ကျောင်းမှာဘွဲ့သွားယူမဲ့အစား နိုင်အာဂရာရေတံခွန်၊ ဝါရှင်တန်ဒီစီ၊ ဘော့စတွန်ကို သွားလည်မှာပေါ့လို့ပြောတော့ သမီးသဘောပါတဲ့ အဖေကတော့ ဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံရိုက်ရရင် ကျေနပ်ပါပြီတဲ့။ ပိုက်ဆံသာ မတွက်ချက်ရဘူးဆိုရင် ကိုယ်က ကိုယ့်မိဘတွေကို ကျောင်းကို ခေါ်သွားချင်တာ။ ရည်ရွယ်ချက်က ကိုယ် ဘယ်လိုပင်ပန်းဆင်းရဲစွာနဲ့ ကျောင်းတက်ခဲ့ရတာကို မိဘတွေကို သိစေချင်၊ တစ်နှစ်တိတိ ကြိတ်မှိတ်စားသောက်ခဲ့ရတဲ့ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး အာဂျီရိုဆောင်က အစားအသောက်တွေကို ကိုယ့်မိဘတွေကို တခါလောက် စားဖူးအောင် ‌ကျွှေးချင်လို့။ ဘွဲ့ဓာတ်ပုံရိုက်ရင် အဖေက ဗမာလိုဝတ်မှာလား၊ ဘိုလိုဝတ်မှာလားမေးတော့ ဘိုလိုဝတ်မှာတဲ့။ စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ကိုယ်ဘွဲ့ယူတုန်းကလည်း အဖေက နစ်ကတိုင်တွေဘာတွေနဲ့ ဘိုလိုဝတ်တယ်။ နစ်ကတိုင်ဝတ်နေကျမဟုတ်တော့ မေးစေ့အစ်နေသလို ဖြစ်နေတယ်။

အဖေက သိပ်ဘိုလိုပြောတတ်ချင်တာ ကိုယ်တို့ညီအစ်မတွေ ပြောတဲ့စကားတွေမှာ အင်္ဂလိပ်စကားလုံးတွေပါရင် မှတ်ထားတယ်။ ပြီးရင် သူလည်း ခေတ်မှီပါတယ်၊ သမီးတွေနဲ့အပြိုင် ခေတ်နဲ့ရင်ဘောင်တန်းနိုင် ခေတ်မှီပါတယ်ဆိုပြီး အင်္ဂလိပ်စကားလုံးတွေ ညှပ်ပြောတတ်တယ်။ အော်ရင်ဂျင်ဆိုပြီး နယ်ပြုတ်ကျန်ခဲ့လို့ အော်ရင်ဂျင်နယ် အဖေ့ရေလို့ အမှန်ပြင်ပေးရတယ်။ တခါတုန်းက ရွာကို ပြင်သစ်တွေ လာတုန်းက သင့်ခ်ယူလို့ နှုတ်ဆက်တော့ မင်္ဂလာပါလို့ ပြန်နှုတ်ဆက်တယ်ဆိုလို့ ကိုယ်တို့မှာ ရယ်လိုက်ရတာ။ အဖေကတော့ လုပ်ပြီ သင့်ခ်ယူဆိုတာ ကျေးဇူးတင်ပါတယ်လို့ပြောတာ ဂွတ်မောနင်းလို့ နှုတ်ဆက်ရမှာ အေး...အေး နောက်ခါဆိုရင် ဂွတ်မောနင်းလို့ နှုတ်ဆက်မယ်။ အဖေ၊ အဖေ၊ မောင်မောင်၊ ကိုယ်တို့ ပထမဆုံးသွားဖူးတဲ့ မိသားစုခရီးက ၁၉၉၉  ကိုယ်ဆယ်တန်းအောင်ပြီးခါစ ကျိုက်ထီးရိုး၊ သာမည၊ ကျိုက်ထို ဘုရားဖူး။ ကျိုက်ထီးရိုးဘုရားဖူးလမ်းမှာတွေ့တဲ့ နိုင်ငံခြားသားတွေကို အဖေက နှုတ်ဆက်ပြီး မြန်မာပြည်မှာ လည်ပတ်ရတာ ပျော်လားလို့ မေးခိုင်းတယ်။ ဆယ်တန်းအောင်ပြီးခါစ ကိုယ်က ကိုယ်သိသလောက် တတ်သလောက် ဘာသာပြန်ပေးရတယ်။ ယူအက်စ်ကိုရောက်ရင် ဟိုင်း ဟောင်းအားယူ၊ အိုးမိုင်ဂါ့၊ ဂွတ်၊ ဂရိတ်၊ ဆောရီး၊ Have a great day၊ Exactly ၊You know what ၊ God bless you အမေရိကန်လေသံတွေ သင်ပေးလိုက်ဦးမယ်။ ၂၀၀၉ ကိုယ့်ဘွဲ့နှင်းတက်ဖို့ စင်္ကာပူကိုလာတော့ ခေတ်မှီသန့်ရှင်းတဲ့မြို့တော်ကြီးကို ကြည့်ပြီး မောင်မောင်က စင်္ကာပူမှာ နေချင်စိတ်မပေါက်ဘဲ အဖေဖြစ်သူက သမီးတို့အရွယ်ဖြစ်လို့ကတော့ စင်္ကာပူမှာ နေချင်လိုက်တာလို့ အားကျတယ်။ အဖေက ဓာတ်ပုံရိုက်ပြီး စကိုက်နဲ့ဘိုင်ဘာကနေ ဓာတ်ပုံတွေ ပို့တတ်အောင် သင်ပြီး သူလည်း ပို့တတ်ပါတယ်ဆိုပြီး ဓာတ်ပုံတွေ ပို့တတ်တယ်။ အမေက သမီးရေ အမေရောက်ဖူးတဲ့ နိုင်ငံတွေဟာ မြန်မာပြည်ထက် သာတာကြီးပဲ၊ သူများအစိုးရတွေက တိုင်းပြည်တိုးတက်အောင် လုပ်နေချိန်မှာ တို့အစိုးရ ဘာလုပ်နေပါလိမ့်။

National University of Singapore. 2009 Sept.

အမေ့ရေ သူတို့အမျိုးတွေ ကောင်းစားဖို့၊ ပိုချမ်းသာဖို့ လုပ်နေတာ တိုင်းပြည်ကတော့ မွဲသထက်မွဲ။ ကြည့်စမ်း စင်္ကာပူဆို သောက်စရာရေတောင် မရှိဘူး သမီးရေ ရေငန်ကနေ ရေချိုဖြစ်အောင် လုပ်ပေးတဲ့ ဆည်ကြီးပြီးသွားပြီလား။ စင်္ကာပူလိုဖြစ်အောင် လုပ်မယ်တဲ့ အမယ်လေး လီကွမ်ယုလို တော်အာင် အရင်လုပ်ပါဦး။ သမီးတွေနဲ့အမေ ဆုံကြရင် အစိုးရမကောင်းကြောင်း ပြောကြတော့တာပဲ။ အမေက ကမ္ဘာ့သတင်းတွေ စိတ်ဝင်စားတယ် အဖေက ည ၈ နာရီ သတင်းတွေ ဖွင့်ထားတတ်တယ်။ ကိုယ်တို့သားအမိက ဘာလို့ဖွင့်ထားတာတုန်း ၁၉၈၈ နောက်ပိုင်း ဆည်တွေ ဘယ်နှစ်ခုဖွင့်တယ်၊ တံတား ဘယ်နှစ်စင်းဆောက်တယ်၊ တက္ကသိုလ် ဘယ်နှစ်ခုဖွင့်တယ် သတင်းထဲမှာတော့ တိုင်းပြည်က တိုးတက်လိုက်တာ အလိမ်တွေ အညာတွေဆိုပြီး တီဗွီကိုပိတ် လုံးဝနားမထောင်ဘူး။ အဖေက ဘောလုံးပွဲတွေကြည့်ဖို့အတွက် အိမ်မှာ ဆလောင်းတပ်တယ်။ အမေက စီအန်အေ Channel News Asia က လာတဲ့သတင်းတွေကို ကိုယ်တို့ညီအစ်မတွေကို ဘာသာပြန်ခိုင်းတတ်တယ်။ ကိုယ်ကိုတိုင်ကပဲ သတင်းဝါသနာပါတာလား၊ အမေနဲ့အတူ စီအန်အေ သတင်းတွေ ကြည့်ရင်း သတင်းထောက်တွေကို အားကျတာပဲလားမသိ။ ကိုယ်ဖြစ်ချင်ခဲ့တာ သတင်းကြေငြာသူ Correspondent  မြန်မာပြည်က သတင်းတွေမှာလို စာရွက်ကြီးကို ကိုင်ပြီး ရွတ်ပြနေတဲ့သူတော့ မဖြစ်ချင်ဘူး။ အေဘီစီ ABC news က သတင်းထောက်တွေကို ကိုယ် သိပ်သဘောကျတာ။ သူတို့စိတ်ဓာတ်၊ အမူအကျင့် ဘယ်လိုရှိသလဲတော့ မသိဘူး သူတို့ကို မြင်ရတာ ခင်မင်ရင်နှီးတဲ့ သူငယ်ချင်းတွေကို မြင်ရသလိုပဲ။ ဗုဒ္ဓဂါယာကို သမီးအလတ်က ပို့ပေးတာလို့ ကြွားမဆုံး။ မကြီးကတောင် စန်းထွန်းရေ နင် ဗုဒ္ဓဂါယာ ပို့ပေးတာ အတော်တန်တယ် ကြွားမဆုံး ဖြစ်နေတယ်။ မနှစ်က စင်္ကာပူမှာ Medical checkup လာလုပ်တော့ အိမ်ခန်းခ၊ စားစရိတ်တွေ မကြီးပေးတာက စာရင်းထဲ မထည့်တော့ဘူး။ ယူအက်စ်မှာ ဘွဲ့လာယူတဲ့ခရီးကတော့ ကိုယ့်မိဘတွေ ဂုဏ်ယူမဆုံး၊ ပြောလို့မဆုံး၊ ကြွားလို့မဆုံးနိုင်တဲ့ ခရီးဖြစ်နေတော့မှာပဲ။

သမီး ဘွဲ့ယူဖို့ ယူအက်စ်ကို သွားရမှာဆိုတာနဲ့တင် အဖေ့မှာ ဂုဏ်ရှိပါသတဲ့။ အမေကလည်း ကိုယ့်ဆီကို လာရမယ်ဆိုတာနဲ့တင် ပျော်နေပါသတဲ့။ အဖေ၊ အမေတို့ဟာ ဟိုးတောရွာဇနပုဒ်ကလေးကနေ ရန်ကုန်မြို့ကြီးမှာ သားသမီးတွေကို ပညာသင်ပေး၊ သမီးတွေကြောင့် နိုင်ငံရပ်ခြားကိုရောက်ဖူး၊ ဘွဲ့နှင်းသဘင် တက်ရတာ သူတို့တသက်မှာ မျှော်လင့်မထားခဲ့တာတွေ ဖြစ်လာတော့ ကျေနပ်ပီတိ ဂုဏ်ယူမဆုံး ဖြစ်ကြတယ်။ ရွာမှာ ပထမဆုံးအဖြစ် မကြီးကို ပုသိမ်ကျောင်းမှာထားတော့ အိမ်နီးချင်းတွေက ယောက်ျားရရင် မိဘကို လှည့်ကြည့်တော့မှာ မဟုတ်ဘူး ဘာလို့ပညာသင်ပေးမှာလဲလို့ ပြောသတဲ့။ မကြီးက အဖေက ဘာလို့ဒီလောက်ကြွားမှန်း မသိတော့ဘူးတဲ့။ ကိုယ်တို့လူငယ်တွေ အချင်းချင်းမှာလည်း ကင်မရာအကြီးကြီး၊ အယ်လ်ဗွီအိတ်တို့ ကြွားကြတာပဲ။ လူကြီးတွေမှာတော့ သားသမီးတွေ အောင်မြင်တာကိုပဲ ကြွားစရာရှိတော့ ကြွားနိုင်တုန်း ကြွားပါစေလို့။ ကိုယ့်မိဘတွေဟာ သားသမီးပြောတာကို လက်ခံတယ်။ သမီးတွေ ပြောတာကို အတိအကျ လိုက်နာကြတဲ့ မိဘတွေကြောင့်လဲ စိတ်ချမ်းသာရပါတယ်။ တချို့မိဘတွေဆို အရက်သောက်၊ နှစ်လုံးထိုး၊ သားသမီးလစဉ်ထောက်ပံ့တာနဲ့မလောက် ထင်တိုင်းသုံး၊ သားသမီးပြောတာကို လက်မခံ သူသိသူတတ် မိဘတွေနဲ့ဆို အတော်စိတ်ဆင်းရဲရမှာ။ အမေရိကန်ဗီဇာ အင်တာဗျူးကို ကပေါက်တိ ကပေါက်ချာ မဟုတ်ဘဲ အဆင်ပြေပြေနဲ့ ဖြေဆိုနိုင်ပါ့မလား။ မိုင်သောင်းချီခရီးနှင်လို့ ကိုယ့်ဆီကို လာကြတဲ့အခါ သုဝဏ္ဏဘူမိလေဆိပ်က ဝှီးချဲသမားလို ထရန်စစ်ထိုင်တဲ့လေဆိပ်က ဘယ်ဝှီးချဲသမားကိုများ အု အီး အား ကွိ ကွ ဖြစ်အောင် လုပ်ခဲ့မှာပါလိမ့်။ အင်း...ဘယ်လိုပုံမျိုးနဲ့များ ကိုယ့်ဆီကို ဆိုက်ဆိုက်မြိ ုက်မြိ ုက် ရောက်လာကြမှာပါလိမ့်။ ခုနေများတော့ သံရုံးအရာရှိက မေးမမေးမသိ ကိုယ်ကတော့ အဖေနဲ့အမေကို အင်တာဗျူးမေးခွန်းတွေမေးရင်း တဝါးဝါး တဟားဟားနဲ့ပေါ့။

စန်းထွန်း
မတ် ၂၈၊ ၂၀၁၅။

ရေးခဲ့ပြီးတာက
ရေခြားမြေခြား ခရီးသွား - ၁

ရပ်ကွက်ထဲမှာတော့ဗျာ - ၂၃

ရပ်ကွက်ထဲမှာတော့ဗျာပို့စ်တွေ မရေးဖြစ်တာတောင် အတော်ကြာပြီ။ ကျောင်းမှာတုန်းကတော့ အင်တာနေရှင်နယ် ကျောင်းသားဆီက သိရသမျှ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေအကြောင်း၊ ကျောင်းသားတွေ ဗရုတ်ကျကြတဲ့ အကြောင်းတွေနဲ့ ရပ်ကွက်ထဲမှာတော့ဗျာ စီးရီးပို့စ်တွေ ရေးဖြစ်တယ်။ ကျောင်းပြီးတော့ ရေးစရာအကြောင်းလည်း မရှိတော့တာနဲ့ မရေးဖြစ်တော့တာ သုံးနှစ်လောက်တောင် ရှိတော့မယ် ခုမှပဲ ရေးဖြစ်တော့တယ် ဆိုပါတော့။ ၂၀၁၃ ဒီဇင်ဘာမှာ နယူးယောက်ကို ပြောင်းလာတော့ သူငယ်ချင်းမရှိ၊ နယူးယောက်ဆောင်းတွင်းကလည်း တအားအေးတော့ ဘယ်မှမထွက်ဖြစ်ဘူး။ နွေလည်းပေါက်ရော meet up အဖွဲ့တွေနဲ့ လမ်းလျှောက်ထွက်ရင်း ဗီယက်နမ်မလေးဝိုင်းနဲ့ အသိမိတ်ဆွေ ဖြစ်လာတယ်။ ဝိုင်းက နယူးယောက်ကိုရောက်တာ မကြာသေးဘူး ၃လလောက်ပဲ ရှိတယ်။ အရင်က အီတလီက ယူအန်မှာ ၇ နှစ်လုပ်ခဲ့တာ။ နောက်တော့ သူငယ်ချင်းတွေ ဖြစ်လာပြန်တော့ ဗီယက်နမ်အကြောင်းကို ပိုသိလာတယ်။ ယူအက်စ်ကျောင်းမှာတုန်းက ညီအစ်မလိုခင်ကြတဲ့ မိုင်းဖန်၊ စီနီယာ ငါး၊ တတန်းတည်းသား ဟွားလဲ့တို့ကြောင့် ဗီယက်နမ်ဆိုတာ အစိမ်းသက်သက်တော့ မဖြစ်နေခဲ့ပါဘူး။ ဗီယက်နမ်တွေဟာ အင်္ဂလိပ်စာအသံထွက် အတော်ဆိုးတယ်။ အစတုန်းက မိုင်းဖန်ပြောတာ ဘယ်သူမှ နားမလည်ကြဘူး။ ကိုယ်က စင်္ကာပူမှာ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယတွေနဲ့ အလုပ်လုပ်ခဲ့ရသူဆိုတော့ မိုင်းဖန်ပြောတာကို နားနားနားလည်တယ်။ မိုင်းဖန်က အင်္ဂလိပ်လိုပြောတာကို ကိုယ်ကနားထောင်၊ ပြီးရင် ဆူနမ်တို့ကို အင်္ဂလိပ်လိုပြန်ပြော English to English translate လုပ်ခဲ့ရတယ်။ နောက်ရင်းနှီးလာတော့ မိုင်းဖန် ဘာကိုဆိုလိုချင်မှန်းသိလာတော့ ဘာသာပြန်စရာ မလိုတော့ဘူး။

မိုင်းဖန်က ဗီယက်နမ်မြောက်ပိုင်း ဟနွိုင်းက၊ ခန္ဓာကိုယ်က ကိုယ့်တခြမ်းလောက်ပဲ ရှိတယ်။ စားတာကတော့ ကိုယ့်ထက်နှစ်ဆ စားနိုင်တယ်။ သူ့ခြေထောက်က chopstick နဲ့ chopstick လို့ နာမည်ပေးထားတယ် ရာသီဥတုအေးရင် သွေးအားနည်းပြီး ချောင်းတဟွတ်ဟွတ် ဆိုးနေတတ်တယ်။ အဘိုးအဘွားတွေက ဗုဒ္ဓဘာသာဝင်ပေမဲ့ သူတို့လက်ထက်ကျတော့ ကွန်မြူနစ်စနစ်ကြောင့် ဘာသာမဲ့ဖြစ်နေပြီ။ ဒါပေမဲ့ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှုတွေက ရှိနေသေးတယ်။ မိုင်းဖန်က စာတော်တဲ့ အေကျောင်းသား။ သူမသိတာ ဘာမှမရှိဘူး မာစတာဘရိန်းဆိုပါတော့။ ဗီယက်နမ်မှာ အလုပ်လုပ်ပြီး မလေးရှားက HP မှာ အလုပ်လုပ်တယ်။ တော်တော့ ကယ်လီဖိုးနီးယားက ကုမ္ဗဏီကို ပို့တယ်။ ၂၀၀၈ စီးပွားပျက်ကပ်ဖြစ်တော့ ဗီယက်နမ်ကို ပြန်ပို့ခံရတယ်။ ဒီတော့ မိုင်းဖန်က လေးအော့ဖ်ထိမှာ အရမ်းကြောက်တယ်။ မိုင်းဖန်က စိတ်ရင်းကောင်းတယ် ကူညီတတ်တယ် အဲ သူ မကြိုက်ရင်တော့ လှည့်တောင်မကြည့်ဘူး။  အလာဘသလာဘ စကားလည်း မပြောတော့ဘူး သူပေးမယ်ဆို ပေးရမှ ဘူးဆိုဖရုံမသီးတဲ့ လူစားမျိုး။ ကိုယ်ကျောင်းပြီးလို့ အလုပ်ရှာတဲ့အချိန် မိုင်းဖန်က အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့မှာ အလုပ်ရနေပြီ။ သူ့ဆီမှာ လာနေပြီး အလုပ်ရှာဖို့ ဘတ်စ်ကားလက်မှတ် ဝယ်ပို့ပေး၊ သူ့အိမ်မှာနေတဲ့ တလအတွင်း နေထိုင်စားသောက်စရိတ်ကို သူက အကုန်အကျခံ၊ ကန်တက်ကီပြည်နယ်ကို အင်တာဗျူးဖို့သွားတော့ ကိုယ့်ကို ငွေတွေထုတ်ပေး၊ အလုပ်ရတော့လည်း ကိုယ်တောင် ဘာမှမပြောရဘူး ပိုက်ဆံတထောင်ချေးတယ်။ ဆူနမ့်ကိုလည်း သူ့ကုမ္ဗဏီမှာ အလုပ်သွင်းပေး၊ သူ့အိမ်မှာနေခိုင်း၊ သူ့ကားစီးပြီး သူနဲ့အတူရုံးတက်၊ ပရိုဂရမ်းမင်း မကျွှမ်းတဲ့ ဆူနမ့်ကို သင်ပြပေးတယ်။ မိုင်းဖန်ဟာ အင်မတန်ကောင်းတဲ့ သူငယ်ချင်းကောင်းတစ်ယောက်။ ကိုယ်တောင် သူ့လောက် ကောင်းနိုင်ပါ့မလားလို့ တခါတလေ တွေးမိတယ်။

စီနီယားငါး Nga က ကလေးနှစ်ယောက်အမေ မိုင်းဖန် ပိန်တာထက်ကို ထက်ဝက်ပိန်တယ်။ စာမေးပွဲမှာ အမှတ်နည်းလို့ စိတ်ညစ်တယ် လမ်းလျှောက်ထွက်ရအောင်ဆိုပြီး ကိုယ့်ကို လာခေါ်တတ်တယ်။ တတန်းတည်းသား နီပေါမလေး ပူရီမာကို စာသင်ပေးတယ်၊ ပူရီမာက စိတ်ထားမကောင်းဘူး။ နောက်တော့ ပြသနာဖြစ်တယ်လို့ ကြားတယ် ပူရီမာ လွန်တာနေမှာပါ။ ခုတော့လည်း အနောက်ဖက်ခြမ်းက ကယ်လီဖိုးနီးယားပြည်နယ်မှာနေတဲ့  ငါးနဲ့ အရှေ့ဖက်ခြမ်း မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မှာနေတဲ့ ပူရီမာတို့ ဖလောရီဒါကို ခရီးအတူတူ ထွက်ကြတဲ့ဓာတ်ပုံတွေ ဖေ့ဘွတ်မှာ တွေ့လိုက်တယ်။ သူငယ်ချင်းတွေဆိုတော့လည်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နေမှာပေါ့။ မိုင်းဖန်၊ ငါး ဗီယက်နမ်မြောက်ပိုင်းသူတွေဟာ အစားအသောက် အင်မတန် သောင်းကျန်းကြတယ်။ သူတို့ဗီယက်နမ်မှာ ခွေးလေခွေးလွင့် မရှိဘူးတဲ့ ဗိုက်ထဲကို အကုန်ရောက်ကုန်ကြတာကိုး။ ကိုယ်တို့ကွန်ပျူတာမာစာတာမှာ ကျောင်းသားက ၄၀ ဆို ကျောင်းသူက ၅ ယောက်လောက်ပဲ ပါတယ်။ ဒီတော့ စီနီယာ၊ ဂျူနီယာကျောင်းသူတွေဟာ အချင်းချင်း ကူညီရိုင်းပင်းကြတယ်။ Ladies Night ဆိုပြီး ကျောင်းက စီနီယာ၊ ဂျူနီယာကျောင်းသူတွေ ပရော်ဖက်ဆာအိမ်မှာ ပါတီပေးတော့ ဒီကျောင်းကို ဘယ်လိုတွေ့တယ်၊ ဘာတွေကြိုက်တယ်ဆိုတာ ပြောကြတော့ ကိုလံဘီယာနိုင်ငံသူက သူ့ခွေးဓာတ်ပုံကို ပြတယ်။ အားလုံးက so cute ချစ်စရာလေးပေါ့ မိုင်းဖန်နဲ့ ငါး ဗီယက်နမ်သူနှစ်ယောက်က Yummy....yummy လို့ တွေးနေပါသတဲ့။ ကောင်းကင်မှာ ပျံနေတဲ့ အွတ်..အွတ်လို့ မြည်တဲ့ အမည်းရောင်ငှက် (ဘာငှက်မှန်းလည်း သူတို့လည်း နာမည်မသိကြ) ကို ပစ်ပြီး သွေးကို သောက်ပါသတဲ့ အောင်မလေး ။ ငါးက တောင်ကိုရီးယားမှာ ၄ နှစ် အလုပ်လုပ်ခဲ့တာ ကိုရီးယားလို တစ်လုံးမှ မပြောတတ်ဘူးတဲ့။ ဗီယက်နမ်လေး ဟွားလဲ့လည်း တောင်ကိုရီးယားမှာ အလုပ်လုပ်ခဲ့တာ ကိုရီးယားမတွေ ဆိုဂျူးသောက်ပြီး လမ်းမမှာ ပစ်လဲနေတာ မြင်မကောင်းဘူးတဲ့။

One World Trade Center which took 14 years to build after 911.
ရပ်ကွက်ထဲမှာတော့ဗျာပို့စ်တွေ မရေးဖြစ်တာတောင် အတော်ကြာပြီ။ ကျောင်းမှာတုန်းကတော့ အင်တာနေရှင်နယ် ကျောင်းသားဆီက သိရသမျှ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေအကြောင်း၊ ကျောင်းသားတွေ ဗရုတ်ကျကြတဲ့ အကြောင်းတွေနဲ့ ရပ်ကွက်ထဲမှာတော့ဗျာ စီးရီးပို့စ်တွေ ရေးဖြစ်တယ်။ ကျောင်းပြီးတော့ ရေးစရာအကြောင်းလည်း မရှိတော့တာနဲ့ မရေးဖြစ်တော့တာ သုံးနှစ်လောက်တောင် ရှိတော့မယ် ခုမှပဲ ရေးဖြစ်တော့တယ် ဆိုပါတော့။ ၂၀၁၃ ဒီဇင်ဘာမှာ နယူးယောက်ကို ပြောင်းလာတော့ သူငယ်ချင်းမရှိ၊ နယူးယောက်ဆောင်းတွင်းကလည်း တအားအေးတော့ ဘယ်မှမထွက်ဖြစ်ဘူး။ နွေလည်းပေါက်ရော meet up အဖွဲ့တွေနဲ့ လမ်းလျှောက်ထွက်ရင်း ဗီယက်နမ်မလေးဝိုင်းနဲ့ အသိမိတ်ဆွေ ဖြစ်လာတယ်။ ဝိုင်းက နယူးယောက်ကိုရောက်တာ မကြာသေးဘူး ၃လလောက်ပဲ ရှိတယ်။ အရင်က အီတလီက ယူအန်မှာ ၇ နှစ်လုပ်ခဲ့တာ။ နောက်တော့ သူငယ်ချင်းတွေ ဖြစ်လာပြန်တော့ ဗီယက်နမ်အကြောင်းကို ပိုသိလာတယ်။ ယူအက်စ်ကျောင်းမှာတုန်းက ညီအစ်မလိုခင်ကြတဲ့ မိုင်းဖန်၊ စီနီယာ ငါး၊ တတန်းတည်းသား ဟွားလဲ့တို့ကြောင့် ဗီယက်နမ်ဆိုတာ အစိမ်းသက်သက်တော့ မဖြစ်နေခဲ့ပါဘူး။ ဗီယက်နမ်တွေဟာ အင်္ဂလိပ်စာအသံထွက် အတော်ဆိုးတယ်။ အစတုန်းက မိုင်းဖန်ပြောတာ ဘယ်သူမှ နားမလည်ကြဘူး။ ကိုယ်က စင်္ကာပူမှာ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယတွေနဲ့ အလုပ်လုပ်ခဲ့ရသူဆိုတော့ မိုင်းဖန်ပြောတာကို နားနားနားလည်တယ်။ မိုင်းဖန်က အင်္ဂလိပ်လိုပြောတာကို ကိုယ်ကနားထောင်၊ ပြီးရင် ဆူနမ်တို့ကို အင်္ဂလိပ်လိုပြန်ပြော English to English translate လုပ်ခဲ့ရတယ်။ နောက်ရင်းနှီးလာတော့ မိုင်းဖန် ဘာကိုဆိုလိုချင်မှန်းသိလာတော့ ဘာသာပြန်စရာ မလိုတော့ဘူး။

မိုင်းဖန်က ဗီယက်နမ်မြောက်ပိုင်း ဟနွိုင်းက၊ ခန္ဓာကိုယ်က ကိုယ့်တခြမ်းလောက်ပဲ ရှိတယ်။ စားတာကတော့ ကိုယ့်ထက်နှစ်ဆ စားနိုင်တယ်။ သူ့ခြေထောက်က chopstick နဲ့ chopstick လို့ နာမည်ပေးထားတယ် ရာသီဥတုအေးရင် သွေးအားနည်းပြီး ချောင်းတဟွတ်ဟွတ် ဆိုးနေတတ်တယ်။ အဘိုးအဘွားတွေက ဗုဒ္ဓဘာသာဝင်ပေမဲ့ သူတို့လက်ထက်ကျတော့ ကွန်မြူနစ်စနစ်ကြောင့် ဘာသာမဲ့ဖြစ်နေပြီ။ ဒါပေမဲ့ ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှုတွေက ရှိနေသေးတယ်။ မိုင်းဖန်က စာတော်တဲ့ အေကျောင်းသား။ သူမသိတာ ဘာမှမရှိဘူး မာစတာဘရိန်းဆိုပါတော့။ ဗီယက်နမ်မှာ အလုပ်လုပ်ပြီး မလေးရှားက HP မှာ အလုပ်လုပ်တယ်။ တော်တော့ ကယ်လီဖိုးနီးယားက ကုမ္ဗဏီကို ပို့တယ်။ ၂၀၀၈ စီးပွားပျက်ကပ်ဖြစ်တော့ ဗီယက်နမ်ကို ပြန်ပို့ခံရတယ်။ ဒီတော့ မိုင်းဖန်က လေးအော့ဖ်ထိမှာ အရမ်းကြောက်တယ်။ မိုင်းဖန်က စိတ်ရင်းကောင်းတယ် ကူညီတတ်တယ် အဲ သူ မကြိုက်ရင်တော့ လှည့်တောင်မကြည့်ဘူး။  အလာဘသလာဘ စကားလည်း မပြောတော့ဘူး သူပေးမယ်ဆို ပေးရမှ ဘူးဆိုဖရုံမသီးတဲ့ လူစားမျိုး။ ကိုယ်ကျောင်းပြီးလို့ အလုပ်ရှာတဲ့အချိန် မိုင်းဖန်က အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့မှာ အလုပ်ရနေပြီ။ သူ့ဆီမှာ လာနေပြီး အလုပ်ရှာဖို့ ဘတ်စ်ကားလက်မှတ် ဝယ်ပို့ပေး၊ သူ့အိမ်မှာနေတဲ့ တလအတွင်း နေထိုင်စားသောက်စရိတ်ကို သူက အကုန်အကျခံ၊ ကန်တက်ကီပြည်နယ်ကို အင်တာဗျူးဖို့သွားတော့ ကိုယ့်ကို ငွေတွေထုတ်ပေး၊ အလုပ်ရတော့လည်း ကိုယ်တောင် ဘာမှမပြောရဘူး ပိုက်ဆံတထောင်ချေးတယ်။ ဆူနမ့်ကိုလည်း သူ့ကုမ္ဗဏီမှာ အလုပ်သွင်းပေး၊ သူ့အိမ်မှာနေခိုင်း၊ သူ့ကားစီးပြီး သူနဲ့အတူရုံးတက်၊ ပရိုဂရမ်းမင်း မကျွှမ်းတဲ့ ဆူနမ့်ကို သင်ပြပေးတယ်။ မိုင်းဖန်ဟာ အင်မတန်ကောင်းတဲ့ သူငယ်ချင်းကောင်းတစ်ယောက်။ ကိုယ်တောင် သူ့လောက် ကောင်းနိုင်ပါ့မလားလို့ တခါတလေ တွေးမိတယ်။

စီနီယားငါး Nga က ကလေးနှစ်ယောက်အမေ မိုင်းဖန် ပိန်တာထက်ကို ထက်ဝက်ပိန်တယ်။ စာမေးပွဲမှာ အမှတ်နည်းလို့ စိတ်ညစ်တယ် လမ်းလျှောက်ထွက်ရအောင်ဆိုပြီး ကိုယ့်ကို လာခေါ်တတ်တယ်။ တတန်းတည်းသား နီပေါမလေး ပူရီမာကို စာသင်ပေးတယ်၊ ပူရီမာက စိတ်ထားမကောင်းဘူး။ နောက်တော့ ပြသနာဖြစ်တယ်လို့ ကြားတယ် ပူရီမာ လွန်တာနေမှာပါ။ ခုတော့လည်း အနောက်ဖက်ခြမ်းက ကယ်လီဖိုးနီးယားပြည်နယ်မှာနေတဲ့  ငါးနဲ့ အရှေ့ဖက်ခြမ်း မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မှာနေတဲ့ ပူရီမာတို့ ဖလောရီဒါကို ခရီးအတူတူ ထွက်ကြတဲ့ဓာတ်ပုံတွေ ဖေ့ဘွတ်မှာ တွေ့လိုက်တယ်။ သူငယ်ချင်းတွေဆိုတော့လည်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နေမှာပေါ့။ မိုင်းဖန်၊ ငါး ဗီယက်နမ်မြောက်ပိုင်းသူတွေဟာ အစားအသောက် အင်မတန် သောင်းကျန်းကြတယ်။ သူတို့ဗီယက်နမ်မှာ ခွေးလေခွေးလွင့် မရှိဘူးတဲ့ ဗိုက်ထဲကို အကုန်ရောက်ကုန်ကြတာကိုး။ ကိုယ်တို့ကွန်ပျူတာမာစာတာမှာ ကျောင်းသားက ၄၀ ဆို ကျောင်းသူက ၅ ယောက်လောက်ပဲ ပါတယ်။ ဒီတော့ စီနီယာ၊ ဂျူနီယာကျောင်းသူတွေဟာ အချင်းချင်း ကူညီရိုင်းပင်းကြတယ်။ Ladies Night ဆိုပြီး ကျောင်းက စီနီယာ၊ ဂျူနီယာကျောင်းသူတွေ ပရော်ဖက်ဆာအိမ်မှာ ပါတီပေးတော့ ဒီကျောင်းကို ဘယ်လိုတွေ့တယ်၊ ဘာတွေကြိုက်တယ်ဆိုတာ ပြောကြတော့ ကိုလံဘီယာနိုင်ငံသူက သူ့ခွေးဓာတ်ပုံကို ပြတယ်။ အားလုံးက so cute ချစ်စရာလေးပေါ့ မိုင်းဖန်နဲ့ ငါး ဗီယက်နမ်သူနှစ်ယောက်က Yummy....yummy လို့ တွေးနေပါသတဲ့။ ကောင်းကင်မှာ ပျံနေတဲ့ အွတ်..အွတ်လို့ မြည်တဲ့ အမည်းရောင်ငှက် (ဘာငှက်မှန်းလည်း သူတို့လည်း နာမည်မသိကြ) ကို ပစ်ပြီး သွေးကို သောက်ပါသတဲ့ အောင်မလေး ။ ငါးက တောင်ကိုရီးယားမှာ ၄ နှစ် အလုပ်လုပ်ခဲ့တာ ကိုရီးယားလို တစ်လုံးမှ မပြောတတ်ဘူးတဲ့။ ဗီယက်နမ်လေး ဟွားလဲ့လည်း တောင်ကိုရီးယားမှာ အလုပ်လုပ်ခဲ့တာ ကိုရီးယားမတွေ ဆိုဂျူးသောက်ပြီး လမ်းမမှာ ပစ်လဲနေတာ မြင်မကောင်းဘူးတဲ့။

Lower Mahattan skyline view from Exchange Place, New Jersey.
Our office will move to Exchange Place in coming June.  Afternoon walk after lunch looking at this skyline will be awesome.

တောင်ပိုင်းက စစ်ရှုံးတော့ မဟာမိတ်ယူအက်စ်ကို လှေတွေနဲ့ အသက်လုပြေးရတော့ တောင်ပိုင်းသားတွေက မြောက်ပိုင်းသားတွေကို မုန်းတယ် ဒင်းတို့ကြောင့် ငါတို့တိုင်းပြည်ကို စွန့်ပြေးခဲ့ရတာဆိုပြီးတော့။ ခုဆိုရင် အမေရိကန်မှာ ဗီယက်နမ် ၁ သန်းလာက် ရှိတယ်။ အမေရိကန်မှာ ကြီးပြင်းတဲ့ ဗီယက်နမ်တွေဟာ ဗီယက်နမ်စကား မပြောတတ်တော့ဘူး။ အမေရိကန်နိုင်ငံကို မိခင်နိုင်ငံလို့ ခံယူကြပြီး သူတို့ကိုယ်သူတို့ အမေရိကန်မှာမွေးဖွားတဲ့ ဗီယက်နမ်တွေလို့ ပြောလေ့ရှိတယ်။ ခုတော့ တောင်နဲ့မြောက် ပေါင်းစည်းလို့ ဗီယက်နမ်တနိုင်ငံတည်း ဖြစ်နေပေမဲ့ မြောက်ပိုင်းသားတွေ အုပ်ချုပ်နေတာကို မကျေနပ်နိုင်တဲ့ အမေရိကန်ရောက် တောင်ပိုင်းသားတွေက ပြည်တွင်းစစ်တုန်းက သုံးခဲ့တဲ့ တောင်ဗီယက်နမ်အလံကိုကိုင်ပြီး ဒီမိုကရေစီရရှိရေးဆိုပြီး ဆန္ဒပြလေ့ရှိပါသတဲ့။ မြောက်ပိုင်းသူ ဝိုင်းကတော့ ကွန်မြူနစ်စနစ်မှာ ကောင်းတာတွေလည်း ရှိတယ် အကုန်လုံး perfect ဖြစ်တဲ့ အစိုးရဆိုတာ မရှိဘူးလို့ ယူဆတယ်။ မြောက်ပိုင်းသူဆိုတော့ တောင်ပိုင်းသားတွေရဲ့ ခံစားချက်တွေကို ဘယ်နားလည်ပါ့မလဲလေ။ ရုံးက ဓာတ်လှေကားမှာ ဆုံကြတော့ ဗီယက်နမ်လို့ သိကြတာနဲ့ အသိမိတ်ဆွေ ဖွဲ့ကြ ဖုန်းနံပါတ်တွေလဲ နေ့လည်စာ အတူစားရအောင်လို့ ဖိတ်သတဲ့။ ဝိုင်းက အင်တာနက်မှာ အဲဒီကောင်မလေးနာမည် ရိုက်ထည့်လိုက်တော့ လား..လား... တောင်ပိုင်းက နာမည်ကြီး ဒီမိုကရေစီ တောင်းဆိုဆန္ဒပြတဲ့သူ ဖြစ်နေတယ်။ အဲဒီကောင်မလေးက နေ့လည်စာစားဖို့ ဖုန်းခေါ်ရင် ဝိုင်းက ဖုန်းမကိုင်တော့ဘူး။ ငါ သူနဲ့ စားသောက်နေတဲ့ပုံတွေ သတင်းထဲ ပါသွားလို့ကတော့ ဗီယက်နမ်ကို အလည်ပြန်လို့ ရပါတော့မလားမသိဘူးတဲ့။ အင်း သူတို့ဗီယက်နမ်လည်း ကိုယ်တို့ရွှေပြည်ကြီးနဲ့ ထူးမခြားနားပါလား။

ဗီယက်နမ်က ကိုယ်တို့ရွှေပြည်ကြီးထက် သာပါတယ်။ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လျှပ်စစ်မီး မှန်တယ်၊ သန့်ရှင်းတဲ့ရေ ရတယ်၊ အင်တာနက်ကောင်းတယ်၊ လမ်းပန်းဆက်သွယ်ရေးကောင်းတယ်၊ ကျန်းမာရေးအာမခံရှိတယ်။ ဝိုင်းအဖေလည်း ကိုယ့်အဖေလို နှလုံးသွေးကြောကျဉ်းလို့ နှလုံးထဲ ပိုက်ထည့်ရတာ ကျန်းမာရေးအာမခံက အကုန်ခံပေးသွားတယ်။ သူတို့က ယူအက်စ်ဒေါ်လာ ၁ ထောင်လောက်ပဲ ပေးရတယ်တဲ့။ ကိုယ်တို့ရွှေပြည်ကြီးမှာတော့ ပိုက်ဆံမရှိလို့ကတော့ သေပြီဆရာ။ ဗီယက်နမ်မှာ အစိုးရဝန်ထမ်းတွေလောက်ပဲ ကျန်းမာရေးအာမခံ ရှိတာတဲ့။ သာမာန်လယ်သမားတွေကတော့ ဘာအာမခံချက်မှ မရှိဘူး။ ဗီယက်နမ်တွေဟာ အလုပ်အရမ်းလုပ်ရတယ် ဒါတောင် နေ့စဉ်ထမင်းနပ်မှန်အောင် စားလောက်ရုံပဲ။ ခရီးသွားဖို့ ၊ အဝတ်အစားအသစ်ဝတ်ဖို့၊ အပိုသုံးဖို့ဆိုတာ မစဉ်းစားရဲပါဘူးတဲ့။ ဝိုင်းအဖေဖက်က အဘိုးက ပထမဇနီးနဲ့ ကလေး ၅ ယောက်၊ ပထမဇနီးဆုံးသွားတော့ ဒုတိယဇနီးနဲ့ ကလေး ၅ ယောက်။ ဝိုင်းအဖေမှာ မောင်နှမသားချင်း ၉  ယောက် ရှိတယ်။ ဒီနေ့ခေတ် ဗီယက်နမ်တွေကတော့ ကလေး ၂ ယောက်ပဲ မွေးကြတယ်တဲ့။ ကလေးစရိတ်က ကြီးတာကိုး။ အမေရိကန်တွေလည်း ကလေး ၂ ယောက်ပဲ မွေးကြတော့တယ်။ ဗီယက်နမ်စစ်ပွဲတုန်းက ဝိုင်းဦးလေးတစ်ယောက်က အသက် ၁၆ နှစ်လောက်ပဲ ရှိသေးတယ်။ အသက်မပြည့်သေးပေမဲ့ စစ်တပ်ထဲ ဝင်ချင်လွန်းတော့ အသက်လိမ်ပြီး ဝင်တယ်။ တိုက်ပွဲမှာ ကျသွားမှန်း သိပေမဲ့ ဘယ်နေရာမှာ ကျသွားမှန်းမသိ။ နှစ်ပေါင်း ၃၀ အကြာမှာ လေချွှန်နတ်အကူအညီနဲ့ သေဆုံးတဲ့နေရာကို မေးကြည့်ပြီး သွားကြည့်တော့ တကယ်တွေ့တယ်။ သေတဲ့နေရာက တကယ့်တောခေါင်ခေါင် သွားရလာရ အလွန်ခက်တဲ့နေရာ။

နောက်တော့ အမိန့်ပြန်တမ်းတွေဖတ်၊ ပြာအိုးကို အိမ်ကို သယ်လာခဲ့တယ်တဲ့။ မြန်မာနဲ့အတော်တူလိုက်တာနော်။ ကွန်မြူနစ် ဘာသာမဲ့ပေမဲ့ ရှေးဘဝ၊ နောက်ဘဝ ယုံတယ်။ သိပ္ဗံနည်းနဲ့ မရှင်းပြနိုင်တဲ့၊ ကိုယ်တို့ဦးနှောက်နဲ့လိုက်မမှီနိုင်တဲ့ လောကကြီးမှာ ဆန်းကျယ်တာတွေလည်း ရှိသေးပါလားလို့ လက်ခံတယ်။ တောင်ဗီယက်နမ်သမ္မတတောင်းဆိုလို့ အမေရိကန်လေတပ်အကူအညီနဲ့Agent Orange တွေ ဖျန်းခဲ့ပါတယ်တဲ့။ အမေရိကန်ကွန်ဂရက်မှာ အငြင်းပွားကြပေမဲ့ နောက်ဆုံးမှာတော့ ခွင့်ပြုချက် ရခဲ့ပါတယ်။ အေးဂျင့်လိမ္မော်ရောင်ဟာ အပင်တွေ ဖျက်ဆီးတဲ့ ဆေးတစ်မျိုးပါ။ ဗြိတိသျှတွေ အရင်သုံးခဲ့ပါတယ်တဲ့။ အဲဒီအေးဂျင့်လိမ္မော်ရောင် ဖြန်းပက်ခံရတဲ့ဒေသတွေမှာ ခေါင်းကြီး၊ ကိုယ်သေး၊ မျက်စိပြ ူးတဲ့ ကလေးတွေ မွေးဖွားလာပါတယ်။ ဒီမျိုးဆက်တဆက်မှာ မပေါ်ပေမဲ့ နောင်မျိုးဆက်မှာ ပြန်ပေါ်လာရော အခါခါ ပြန်သတ်နေသလိုပါပဲတဲ့။ အသေးစိတ်သိချင်ရင်တော့ ဂူဂယ်မှာ အေးဂျင့်လိမ္မော်ရောင်လို့ ရိုက်ထည့်ပြီး ဖတ်ရှုလေ့လာနိုင်ပါတယ်။ ကလိုင်းရင့်ရုံး The Port Authority of New York & New Jersey က မန်နေဂျာမက အိန္ဒိယသူ ဒီဒီကားတဲ့။ သူက အိန္ဒိယမြောက်ပိုင်း ပန်ဂျပ်နယ်က ပန်ချာပီ ခေါင်းပေါင်းတဲ့လူမျိုး။ ဆူနမ်တို့ ဂူရုန်းမျိုးနွယ်တွေရဲ့  ယောက်ျား၊ မိန်းမနာမည်အားလုံးမှာ ဂူရုန်းပါတော့ နာမည်နဲ့တင် ဂူရုန်းမျိုးနွယ်မှန်း သိသာတယ်။ ဒီဒီတို့ ပန်ချာပီတွေမှာ အမျိုးသမီးတွေရဲ့ middle name ၊ last name မှာ ကား kaur ဆိုတာ ပါတယ်တဲ့။ အမျိုးသားတွေကတော့ ဆင်း singh ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်ဟောင်း စီးပွားရေးပညာရှင် လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းလို့ Mr.Simple လို့ နာမည်ရထားတဲ့ မန်မိုဟန်းဆင်ဆိုတာ ဒီဒီတို့ ပန်ချာပီမျိုးနွယ်ပေါ့။ ပန်ချာပီတွေဟာ အမျိုးသား၊ အမျိုးသမီးအားလုံး မွေးကတည်းက ဆံပင်ကို မဖြတ်ကြဘူးတဲ့။ ပန်ချာပီတွေရဲ့ မြင့်မြတ်အရိုအသေပြုတဲ့ နေရာကတော့ ရွှေအစစ်တွေ ပိန်းနေအောင် ချထားတဲ့ ကျောင်းတော်ကြီး။ ပန်ချာပီတွေက Sikh ဘာသာဝင်တွေပါ။

Punjabi costumes.
Photo : credit to Google
The Harmandir Sahib (The abode of God), known as the Golden Temple.
Photo : credit to Google

ဒီဒီဟာ ထက်မြက်တယ် အလုပ်လည်း အရမ်းလုပ်တယ် စကားပြောလည်း ပြတ်သားတယ်။ အစည်းအဝေးမှာ ငြင်းကြခုန်ကြရင် ဘယ်တော့မှ လေသံကျယ်ကျယ်နဲ့ မငြင်းဘဲ တိုးတိတ်ညင်သာ လေသံချိုလေးနဲ့ ပြောတတ်တယ်။ ကိုယ်ကတော့ ဒီဒီ့ကို သိပ်အားကျတာပဲ။ ကိုယ်တို့ ၁၁ ထပ်ကလူတွေ တချို့က 4 World Trade Center ကို ပြောင်းသွားတော့ ၁၀ ယောက်ပဲ ကျန်ခဲ့တော့ ရုံးမှာ တိတ်ဆိတ်ပြီး ကျန်ခဲ့နေတယ်။ ကိုယ်က ဝေါထရိတ်စင်တာကို ပြောင်းတဲ့အထဲ ပါချင်တာ ရထားခ သက်သာသွား၊ ခုလို ၁ နာရီခွဲ ရထား ၄ ဆင့် ပြောင်းစီးစရာမလိုဘဲ ရထား ၂ ဆင့် ၁ နာရီလောက်ဆို ရောက်တာကိုး။ မကြီးက ဟဲ့ ဝေါထရိတ်စင်တာ မလုပ်ချင်နဲ့ အကြမ်းဖက်သမားတွေက ဝေါထရိတ်စင်တာကိုပဲ ပစ်မှတ်ထားနေတာ ဝေါထရိတ်စင်တာမှာလုပ်ရင် ဘယ်နေ့အကြမ်းဖက်သမားဝင်တိုက်မလဲလို့ စိတ်ပူနေရမှာ မလုပ်ရတာ ကံကောင်းတယ်လို့မှတ်တဲ့။ ဖေဖေါ်ဝါရီလကုန်ပိုင်းလောက်က ဒီဒီအဖွဲ့က လုံခြံ ုရေးမြှင့်တဲ့ ၁၇ ထပ်ကို ပြောင်းရပြီး Chief Estimator ရွန်မိုနာကိုအဖွဲ့က ၁၄ ထပ်ကို ပြောင်းရတယ်။ ၉ ၁၁ တုန်းက တိုက်ခိုက်ခံရတဲ့ ဝေါထရိတ်စင်တာမှာ ပီအေရုံးချုပ်ရှိပါတယ်။ ၁၄ နှစ်ကြာပြီးတော့မှ ဝေါထရိတ်စင်တာကို ပြန်ပြောင်းနိုင်တယ်။  ပီအေမှာ လုပ်နေတာ အနှစ် ၃၀ လောက်ရှိပြီဖြစ်တဲ့ ထိုင်ဝမ်သားဝမ်ချန်နဲ့ ၉ ၁၁ တုန်းက ဝေါထရိတ်စင်တာအကြောင်း မေးကြည့်တော့ လူတွေ တိုက်ပေါ်က ခုန်ချတာကို သူ့မျက်စိနဲ့ကိုယ်တိုင် မြင်ခဲ့ရတာတဲ့ ကမ္ဘာပျက်နေတဲ့အတိုင်းပဲ။ ဝေါထရိတ်စင်တာကို လေယာဉ်ဝင်တိုက်တော့ ပီအေရဲ့ အင်ဂျင်နီယာဋ္ဌာနက အကြီးဆုံးအရာရှိချုပ်က အစည်အဝေးအတွက် အမြင့်ဆုံးအထပ်ကို ရောက်နေတာ ပြန်ဆင်းမလာခဲ့နိုင်ဘူး။ ၉၁၁ တုန်းက သေဆုံးသွားတဲ့လူတွေရဲ့ ဓာတ်ပုံကို ပီအေရုံးအထပ်တိုင်းမှာ ချိတ်ဆွဲထားတယ်။ ခု ဝေါထရိတ်စင်တာ ပြန်ဖွင့်တော့ ပီအေက လေယာဉ်ဝင်တိုက်နိုင်တဲ့ အထပ်မြင့်တွေကို မယူထားဘူးတဲ့။ ခု ဝေါထရိတ်စင်တာက လုံခြံ ုရေး အဆင့်မြင့်ပါတယ်။ လေယာဉ်ဝင်တိုက်ခဲ့ရင် ပြိုမကျနိုင်အောင် ခံနိုင်ရည်အားကို အဆင့်မြင့်လို့ ၁၄ နှစ်ကြာအောင် အချိန်ယူ တည်ဆောက်ခဲ့တာပါ။ ဝေါထရိတ်စင်တာကနေ လစ်ဘာတီရုပ်တု၊ အောက်မက်ဟန်တန်၊ ဟက်ဆန်မြစ် ရှုခင်းတွေက အင်မတန် လှပါသတဲ့။ အစည်းအဝေးရှိလို့ ဝေါထရိတ်စင်တာကိုများ ရောက်ခဲ့ရင် ဓာတ်ပုံရိုက်ပြီး တင်ပါဦးတယ်။

ပြောင်းကြရွှေ့ကြတော့ ကွန်ထရပ်တာတွေရဲ့ confidential စာရွက်စာတမ်းတွေကိ သော့ခတ်ထားတဲ့ပုံးထဲ ပစ်ရတယ်။ သူများတွေ ပစ်ထားတဲ့ပန်းအိုး ၃ အိုးကို ကိုယ်က ပြန်ကောက်ပြီး ကိုယ့်ရုံးနေရာမှာ စိုက်ပျိုးထားတယ်။ ဖိလစ်ပိုင်သူ လူစီတာပေးတဲ့ ပန်းအိုး (ပန်းအိုးဆိုပေမဲ့ အချိုရည်ပုလင်းကို ရေထည့်ပြီး အပင်ထည့်စိုက်ထားတာ) ကို ကွန်ပျူတာဘေးနားမှာ ထားတော့ ကိုယ့်ရုံးခန်းလေးက စိမ်းစိုနေတာကို သိပ်သဘောကျတာပဲ။ တပတ် ၂ ခါ ရေလောင်းလို့ အပင်က အညွှန့်၊ အရွက် အစိမ်းလေးတွေ ထွက်လာတာကို မြင်ရတာ သိပ်စိတ်ချမ်းသာတာပဲ။ ဒါကြောင့် လူကြီးတွေက တသက်ပျော်ချင် သစ်ပင်စိုက်လို့ပြောတာ မှန်လိုက်တာ။ အံ့သြစရာပဲ ကိုယ်ဘဝမှာ တန်ဖိုးထားမြတ်နိုးတဲ့ အရာတွေထဲမှာ ကိုယ့်ရုံးက စားပွဲခုံနေရာလေး ပါတယ်။ တနေတာရဲ့ အချိန်တော်တော်များများ အဲဒီနေရာလေးမှာပဲ ကုန်ဆုံးပါတယ်။ အဲဒီနေရာကနေ ကိုယ့်အရည်အချင်း၊ ယုံကြည်မှုတွေ တိုးတက်လာခဲ့တယ်။ တခါတလေတော့ စိတ်ဖိစီးတာတွေ၊ ပင်ပန်းနွယ်နေတာတွေ ရှိပေမဲ့ အဲဒီနေရာလေးကြောင့်ပဲ ကိုယ့်ဘဝမှာ အဓိပ္ဗာယ်ရှိနေခဲ့တယ်။ အလုပ်လုပ်စရာမလိုတော့ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။ ဒါပေမဲ့ တနေကုန် ရုပ်ရှင်ကြည့်၊ လျှော့ပင်သွားလို့ကတော့ တပတ်လောက်ဆို ကိုယ်ငြီးငွေ့လာလိမ့်မယ် ပျင်းစရာကောင်းလာလိမ့်မယ်။ ကိုယ်တို့ပြောင်းရတဲ့ ၁၇ ထပ်က security မြင့်တယ်။ အဲဒီအထပ်မှာ အလုပ်လုပ်ဖို့ဆိုရင် SWAC ( Secure Worker Access Consortium ) လိုတယ်။ ဖောင်ဖြည့်တော့ ၁၀ နှစ်အတွင်း ဘယ်မှာနေခဲ့လဲ ဖြည့်ရတယ်၊ background check တွေလုပ်ပြီးတော့မှ ထုတ်ပေးတာပါ။ အဲဒါအတွက် ဒေါ်လာ ၅၀၀ လောက်ကုန်တယ်။ ကုမ္ဗဏီက အကုန်ခံပေးလို့သာ တော်သေးတာပေါ့။ တပတ်တခါ ကိုယ်တို့ငါးယောက် နေ့လည်စာထမင်း ဝိုင်းဖွဲ့စားကြရင် ဘော့စ်ကပါ လာဝိုင်းဖွဲ့တယ်။

Go Green !  Surprising, one of my precious things in my life is my office place.

လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက ဘတ်စ်ကားပေါ်မှာ အဓမ္မပြုကျင့်ပြီး ပစ်ထားလို့ နောက်ဆုံး စင်္ကာပူဆေးရုံမှာ သေဆုံးသွားတဲ့ အိန္ဒိယဆေးကျောင်းသူလေးတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ပြထားတဲ့ documentary ထွက်လာပါတယ်။ အဲဒီ documentary ကို ကြည့်ပြီး အမျိုးသမီးတွေကို လူမဆန်စွာ ဆက်ဆံအတွက် ဂျာမဏီက အိန္ဒိယကျောင်းသားတွေ ဝင်ခွင့်ပိတ်လိုက်ပါပြီတဲ့။ ဒီဒီက အိန္ဒိယအစိုးရကို ရှက်လိုက်တာတဲ့ ၂ နှစ်ရှိပြီ အခုထိ အပြစ်မပေးသေးလို့။  ပြစ်ဒဏ်ပေးမှ နောက်ထပ်မလုပ်ရဲမှာ မဟုတ်လား။ အိန္ဒိယမှာ အမျိုးသမီးအခွင့်အရေး အင်မတန် နည်းပါတယ်။ အမျိုးသမီးတွေ အိမ်ထောင်ပြုရင် ခေတ်ပညာတတ်စေဦးတော့ ယောကျာ်းဖြစ်သူအိမ်မှာ ကျွှန်လို အလုပ်အကျွှေးပြုရတယ်။ မနက်မိုးမလင်းခင် အိပ်ယာထပြီး မိသားစုအတွက် မနက်စာ၊ နေ့လည်စာ ပြင်ဆင်ရတယ်။ အလုပ်ကနေ ပြန်ရောက်ရင်လည်း တမိသားစုလုံးအတွက် ညနေစာ ချက်ပြုတ်ရတယ်။ ယောကျာ်းသေဆုံးသွားတဲ့အခါ  သားယောက်ျားလေး မမွေးရင် အမွေဆက်ခံခွင့် မရှိဘူး။ အိန္ဒိယမှာ cast ဆိုတဲ့ ဇတ်နိမ့်ဇတ်မြင့် ခွဲခြားမှု ရှိပါတယ်။ ဇတ်နိမ့်အရိပ်ကျထားတဲ့ သောက်ရေကို မသောက်ဘဲ သွန်ပစ်တယ်။ ဆူနမ်တို့ နီပေါမှာလည်း ခုထိ ဇတ်နိမ့်ဇတ်မြင့် ခွဲခြားမှုရှိတုန်း။ ဇတ်တူ၊ လူမျိုးတူတာကိုပဲ ယူရပါတယ်။ တကယ်လို့များ ဇတ်မတူ၊ လူမျိုးမတူတာကို လက်ထပ်ခဲ့ရင် မိဘတွေ၊ ဆွေမျိုးတွေ၊ ရပ်ရွာက အဆက်အသွယ် ခေါ်ပြောလုပ်တော့မှာ မဟုတ်ဘူးတဲ့။ Don't tell me how to wear, Tell them not to rape ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြကြပါတယ်။ အိန္ဒိယမှာ အဓမ္မပြုကျင့်ခံရတာတွေ အတော်များပါတယ်။ အိမ်ရှင်အမေရိကန်မ အိန္ဒိယကို သွားလည်တော့ ရေချိုးတာကို ချောင်းကြည့်လို့နဲ့ အတော့်ကို ဆိုးဆိုးရွားရွား ကြုံခဲ့ရပါတယ်တဲ့။ အိန္ဒိယဟာ သွားရောက်လည်ပတ်ဖို့ safe မဖြစ်ဘူး။

Photo : credit to Google

မိဘမောင်ဘွားနဲ့သွား၊ ညဖက်ဆို အပြင်မထွက်နဲ့၊ တက္ကစီအစား အများသုံးရထားစီးတဲ့။ ခုလက်ရှိ ဝန်ကြီးချုပ်မိုဒီက ထက်မြက်ပါတယ်။ သူပြည်နယ် ဝန်ကြီးချုပ်လုပ်တုန်းက အဲဒီပြည်နယ်ကို စီးပွားရေးကောင်းအောင် လုပ်ဆောင်ပေးခဲ့တော့ သူ ဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ အိန္ဒိယပြည်ကြီးကိုလည်း စီးပွားရေးတိုးတက်အောင် လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ရတာပဲတဲ့။ သူ့လက်ထက်မှာ လာဘ်ပေးလာဘ်ယူတာတွေကို ရက် ၄၀ အတွင်း တိုက်ဖျက်ပါတယ်တဲ့။ အရင်တုန်းကဆို စားပွဲတခုကနေ နောက်စားပွဲတခုကို ရောက်ဖို့ဆိုရင် လာဘ်မပေးဘဲ မရောက်ဘူးတဲ့။ ယာဉ်မောင်းလို့ လမ်းစည်းကမ်း ဖောက်ဖျက်ရင်လည်း ရုံးကိုရောက်မှာ မပူရဘူး ယာဉ်ထိန်းရဲကို လာဘ်ပေးလိုက်ရုံပဲတဲ့။ နယူးဒေလီ ရဲတပ်ဖွဲ့က နယူးဒေလီပြည်နယ် အုပ်ချုပ်ရေးအောက်မှာ မဟုတ်ဘဲ အစိုးရရဲတပ်ဖွဲ့အောက်မှာရှိတော့ လုပ်တာကိုင်တာတွေက ကြိုးနီစနစ်အတိုင်း နှေးတယ်တဲ့။ အမေရိကန်သမ္မတ အိုဘာမား အိန္ဒိယကို လာလည်တုန်းက ဝန်ကြီးချုပ်မိုဒီ ဝတ်ဆင်တဲ့ နက်ပြာရောင်ဝတ်စုံက ဒေါ်လာ ၁ သောင်းလောက် တန်တယ်တဲ့။ မိုဒီဆိုတဲ့ သူ့နာမည်ကို အဲဒီဝတ်စုံမှာ ရေးထိုးထားတာ မသိရင် အစင်းကြောင်းလို့ ထင်ရတယ်။ အတိုက်အခံတွေက ဝန်ကြီးချုပ်ဟာ သူ့ကိုယ်သူ ဂုဏ်ဖော်လွန်းတယ် အပိုတွေလုပ်တယ်လို့ ဝေဖန်တော့ ဝန်ကြီးချုပ်က အဲဒီဝတ်စုံကို လေလံတင်တယ်။ အဲဒီကရတဲ့ပိုက်ဆံနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ သုံးတယ်။ မိုဒီဟာ ထက်မြက်ပါတယ် အိမ်ထောင်ကွဲ မိသားစုမရှိတော့ တိုင်းပြည်အတွက် အချိန်ပြည့် အလုပ်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ သူက ဟိန္ဒူဘာသာအစွန်းရောက် ဟိန္ဒူမှ ဟိန္ဒိူ အိန္ဒိယဆိုတာကလည်း ဘာသာပေါင်းစုံ။ သူ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်တုန်းက ဟိန္ဒူ မွတ်စလင် အဓိကရုဏ်းမှာ သူက နောက်ကကွယ်နေ ကြိုးကိုင်တယ်လို့ အတိုက်အခံတွေက ယူဆပေမဲ့ သက်သေမပြနိုင်ဘူးတဲ့။ တရုတ်ပြည်မှာလည်း တရုတ်သမ္မတအသစ်က လာဘ်ပေးလာဘ်ယူတာတွေ တိုက်ဖျက်နေပါတယ်တဲ့။ အင်း ကိုယ်တို့ရွှေပြည်ကြီးမှာလည်း ....

စန်းထွန်း
မတ် ၂၄၊ ၂၀၁၅။

ရေခဲ့ပြီးတာတွေက
ရပ်ကွက်ထဲမှာတော့ဗျာ - ၁
ရပ်ကွက်ထဲမှာတော့ဗျာ - ၂
ရပ်ကွက်ထဲမှာတော့ဗျာ - ၃
ရပ်ကွက်ထဲမှာတော့ဗျာ - ၄
ရပ်ကွက်ထဲမှာတော့ဗျာ - ၅
ရပ်ကွက်ထဲမှာတော့ဗျာ - ၆
ရပ်ကွက်ထဲမှာတော့ဗျာ - ၇
ရပ်ကွက်ထဲမှာတော့ဗျာ - ၈
ရပ်ကွက်ထဲမှာတော့ဗျာ - ၉
ရပ်ကွက်ထဲမှာတော့ဗျာ - ၁၀
ရပ်ကွက်ထဲမှာတော့ဗျာ - ၁၁
ရပ်ကွက်ထဲမှာတော့ဗျာ - ၁၂
ရပ်ကွက်ထဲမှာတော့ဗျာ - ၁၃
ရပ်ကွက်ထဲမှာတော့ဗျာ - ၁၄
ရပ်ကွက်ထဲမှာတော့ဗျာ - ၁၅
ရပ်ကွက်ထဲမှာတော့ဗျာ - ၁၆
ရပ်ကွက်ထဲမှာတော့ဗျာ - ၁၇
ရပ်ကွက်ထဲမှာတော့ဗျာ - ၁၈
ရပ်ကွက်ထဲမှာတော့ဗျာ - ၁၉
ရပ်ကွက်ထဲမှာတော့ဗျာ - ၂၀
ရပ်ကွက်ထဲမှာတော့ဗျာ - ၂၁
ရပ်ကွက်ထဲမှာတော့ဗျာ - ၂၂

အငတ်ကျောင်းသားဘဝ...

စန်းထွန်း၊ မိုင်းဖန်
မိုင်းဖန်၊ ဆူနမ်၊ ရာမား၊ စန်းထွန်း

စားပြီးပေမဲ့ ဗိုက်ဆာနေတယ် ဗိုက်မဝဘူးလို့ ခံစားရတာမျိုးကို ပုသိမ်မှာ ကျောင်းစတက်တဲ့ ၁၄ နှစ် သမီးအရွယ်မှာ ပထမဆုံး ခံစားခဲ့ဖူးတယ်။ ပိစိကွေးလေးတုန်းက မကြီးနဲ့မောင်မောင်က တစ်ပန်းကန်ပဲ ကုန်ပေမဲ့ ပေါက်စလေးကိုယ်က သုံးပန်ကန်တောင် စားတာတဲ့။ ကိုယ်က ငယ်ငယ်ကတည်းက အဲဒီလို အစားကြီးတယ်။ ဟိုင်းကြီးရွာသစ်မှာ လေးတန်းကျောင်းတက်တော့ အမေက မကြီးရှိတဲ့ ပုသိမ်ကိုသွားနေတုန်း အဖေက ကိုယ်တို့ကို ထမင်းချက်‌ကျွှေးတယ်။ တပတ်လုံး ကြက်သားချည်း ချက်ကျွှေးလို့ အဖေ့ရေ ကြက်သားမစားနိုင်တော့ဘူးလို့ ပြောယူရတာ မှတ်မှတ်ရရပဲ။ အဖေ၊ အမေက အသားဟင်း ဘယ်နှစ်ဖတ်ပဲ စားရမယ်လို့ သတ်မှတ်မထားဘူး။ သားသမီးတွေ စားနိုင်တာကိုပဲ သူတို့မှာ ဝမ်းသာနေရတာမလား။ အမေ မအားလို့ အမေ့မောင် မင်းချေ ( သူ့ညီမတွေက ရခိုင်လို အစ်ကို မောင်းချေလို့ ခေါ်တာကို ကိုယ်တို့က လိုက်ခေါ်ရင်း မင်းချေ ဖြစ်သွားတယ်) က ကိုယ်တို့ကို ထမင်းကျွှေးရင် ဟင်းဘယ်နှစ်ဖတ်ပဲရမယ် ဂိတ်ဆုံးပြီ ဟင်းအနှစ်ပဲထပ်ရမယ် အသားထပ်မရတော့ဘူးလို့ ပြောတတ်တယ်။ အမှန်က ထမင်းနည်းနည်း၊ အသားများများ၊ အရွက်များများ စားရမှာ။ ကလေးတွေ ဖွံ့ဖြိုးဆဲအရွယ်မှာ အာဟာရပြည့်အောင် ကျွှေး င့်တယ်။ ကိုယ်တို့နိုင်ငံမှာတော့ အသားက ဈေးကြီးလို့ ထမင်းများများ အသားနည်းနည်း စားရတယ်။ ဒါကြောင့် မြန်မာပြည်က ကလေးတွေဟာ နိုင်ငံခြားက ကလေးတွေထက် သေးကွေးပြီး အာဟာရမပြည့်ဘူး။ မီးယပ်သွေးဆုံးရောဂါကို အနောက်တိုင်းသူတွေ အဖြစ်နည်းပြီး အာရှသူတွေ အဖြစ်များတယ်တဲ့။ အနောက်တိုင်းသူတွေက အာဟာရပြည့်အောင်စား အားကစားလုပ်တာကိုး။

ကိုယ် ပုသိမ်မှာ ကျောင်းတက်တော့ ထမင်းလခပေးစားတယ်။ စကေးနဲ့စားရတော့ အစတုန်းက မဝဘူးလို့ ခံစားရတယ်။ အစားအသောက်ကလည်း ကိုယ်တို့အိမ်က စားသောက်တာနဲ့ မတူတာကိုး။ အဖေ့ရေ ထမင်းမဝဘူးလို့ စာရေးရင် အဖေနဲ့အမေ့မှာ အိပ်မပျော်ဘူး ပညာရေးကောင်းအောင်လို့ မြို့ကျောင်းပို့တာ မှားများသွားပြီလားပေါ့။ အမေက တလတခေါက် ပုသိမ်တက်လာရင် ကိုယ့်ကို ထမင်းဆိုင်တွေဆီ ခေါ်သွားပြီး အဝစားခိုင်းတော့တာပဲ။ ပုသိမ်အိမ်မှာ နေပြီးတော့  စည်းနဲ့ကမ်းနဲ့ စားတတ်သွားတယ်။အဝတ်လျှော်ချင်ရင်တောင် သူများတွေ အဝတ်လှမ်းထားလား၊ အဝတ်လျှော်သင့်ရဲ့လားလို့ သူများအရိပ်အခြေကို ကြည့်ရတယ်။ ပိုက်ဆံပေး၊ ထမင်းလခပေးနေပေမဲ့ သူများအရိပ်အခြေအနေကို ကြည့်ရတော့ အပိုးကျိုးသွားတယ် ဆိုပါတော့။ မောင်မောင့်ကိုလည်း သူများအိမ်မှာ နေဖူးစေချင်တာ။  ယောကျ်ားလေးတွေကိုပဲ လက်ခံတဲ့ သောင်းသောင်း၊ တင့်တင့်တို့အိမ်မှာ လက်ခံမလား မေးကြည့်တော့ ငယ်သေးလို့တဲ့ လက်မခံဘူး။ အဲဒီတုန်းက မောင်မောင်က လေးတန်းလား မသိဘူး။ နောက်တော့ ရန်ကုန်မှာ တက္ကသိုလ်တက်ချင်တဲ့ မကြီးကြောင့် ရန်ကုန်ကို ပြောင်းကြတော့ မောင်မောင်က ပုသိမ်အိမ်မှာ မနေလိုက်ရဘူး။ သူများအိမ်မှာ မနေဘူးလို့ မောင်မောင်က အပိုးမကျိုးဘူး။ အဖေက အစားအသောက်ကောင်းမက်တော့ အိမ်မှာ ဖွယ်ဖွယ်ရာရာ ချက်ထားပေမဲ့လည်း စားသောက်ဆိုင်က ဝယ်စားတတ်တယ်။ လှိုင်မြို့နယ် ဘူတာရုံလမ်းထိပ်က ဇော်ကြေးအိုးဆီချက်ဆိုင်က ငါးပိထောင်းနဲ့စားရတဲ့ ကြေးအိုးဆီချက်ကို အဖေ သိပ်ကြိုက်တာ။

စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ကျောင်းတက်တော့ တပတ်စာ အသားတွေကို မကြီးက ချက်ပြုတ်ပေးတော့ ကိုယ်က ထမင်းတစ်အိုးတည်၊ အရွက်ကြော်လိုက်ရုံပဲ။ ပိတ်ရက်တွေဆို မကြီးက မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲတွေချက်တော့ ဗိုက်ဆာတယ်၊ ဗိုက်မဝဘူးဆိုတာ မရှိခဲ့ဘူး။ စင်္ကာပူမှာက ဟော်ကာစင်တာတွေလည်း အများကြီး၊ အစားအသောက်ကလည်းပေါ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကိုရီးယား၊ ဂျပန် အစားအသောက်တွေ အားလုံးကို ကိုယ်ကလည်းကြိုက်။ ဗိုက်ဆာတယ်၊ ဗိုက်မဝဘူးဆိုတဲ့ ခံစားချက်ကို ဆယ်နှစ်ကျော်ကြာပြီးတဲ့နောက် ယူအက်စ်မှာ ကျောင်းလာတက်တဲ့ ၂၀၁၁ မှာ တဖန်ခံစားရပြန်တယ်။ ကျောင်းက မနက်စာ၊ နေ့လည်စာ၊ ညစာ ကျွှေးတယ် အော်ဂင်းနစ်၊ သက်သက်လွတ်။ ကျောင်းက အစားအသောက်တွေ မစားနိုင်လို့ ၄ ပေါင် ယူပစ်သလို ပိန်ကျသွားတယ်။ မနက်စာက ပေါင်မုန့်မီးကင်၊ ယိုသုတ်၊ ငှက်ပျောသီး၊ ဆန်းကစ်၊ လိမ္မောသီးဖျော်ရည်၊ နွားနို့၊ ကိတ် ( အမေရိကန်စတိုင်မို့ မတရားချိုတယ် တခုလောက်ပဲ စားနိုင်တယ်) ဆိုတော့ မဆိုးပါဘူး။ နေ့လည်စာက ထမင်း၊ ခေါက်ဆွဲ၊ အော်ဂင်းနစ်အသီးအရွက် ဆလပ်သုတ်။ တခါတလေ စားဖိုမှုးက ဆားထည့်ဖို့ မေ့သွားလို့လားမသိ ပေါ့ချွှတ်ချွှတ်ဖြစ်နေလို့ ဆား၊ ငရုတ်ကောင်း ထပ်ဖြူးရတယ်။ ညနေစာကိုတော့ သွားမစားတော့ဘူး နေ့လည်တုန်းက စားသောက်ဆောင်ကနေ မလာတဲ့ အရွက်တွေကို ထည့်ပြီး ခေါက်ဆွဲကို အခန်းထဲမှာ rice cooker နဲ့ ခိုးပြုတ်၊ ကြက်ဥတစ်လုံးဖောက်ထည့်။ အသားစားချင်ရင် ham ထည့်ပေါ့။ အခန်းထဲမှာ ချက်ပြုတ်ခွင့် မရှိဘူး မိရင် ဖိုင်း ၅၀ ဒဏ်ငွေဆောင်ရတယ်။ ကိုယ် ကျောင်းပြီးခါနီးတော့ မီးဖိုချောင်ဖွင့်တယ်။ ဒါပေမဲ့ သက်သက်လွတ်ပဲ ချက်ပြုတ်ရတယ်။ ချက်ပြုတ်ပြီးရင် မသိမ်းဆည်း ပစ်စလက်ခတ်နိုင်တဲ့ တရုတ်မတွေကြောင့် သိပ်မချက်ဖြစ်ပါဘူး။ ကိုယ်ကလည်း ချက်ပြုတ်ဖို့ပျင်းတာကိုး။




မြန်မာဗွီဒီယိုကားတွေမှာ တက္ကသိုလ်ကျောင်းဆိုရင် ကန်တင်းထိုင်၊ ကော်ရစ်ဒါမှာ ဟေးလားဝါးလား၊ ကျောင်းသူတွေက ရှိုးစမိုးအပြည့်။ နိုင်ငံခြားမှာ တက္ကသိုလ်ကျောင်းသားဘဝကတော့ စာသင်ခန်း၊ စာကြည့်တိုက်၊ အဆိုင်းမင့်တွေပိလို့ ကော်ရစ်ဒါမှာ ဟေးလားဝါးလားလုပ်ချိန်၊ အလှပြင်ချိန်မရှိအောင် ပင်ပန်းတယ်။ ကိုယ် ယူအက်စ်မှာ ကျောင်းလားတက်တော့ ပုံမှန်ကုပ်ဝဲသာသာရှိနေတဲ့ဆံပင်ကို တိုတိုလေး ညှပ်လိုက်တယ်။ အစ်မရေ ယူအက်စ်မှာ ကျောင်းသွားတက်မှာမို့ ဆံပင်ညှပ်ခ သက်သာအောင်လို့ တစ်နှစ်လောက် ဆံပင်မညှပ်ရလေအောင်၊ ရှည်လာရင်လည်း ပုံကျကျလေး ဖြစ်နေအောင် ညှပ်ပေးပါနော်လို့ ရီကွတ်လုပ်တယ်။ အဲဒီအစ်မ သေသေချာချာ ညှပ်ပေးလိုက်လို့ ရှည်လာတော့လည်း ပုံကျနေတယ်။ ကျောင်းပြီးလို့ ကန်တက်ကီမှာ အလုပ်ဝင်ပြီး တော်တော်ကြာမှပဲ ဆံပင်သွားညှပ် ရတော့တယ်။ တရုတ်ကျောင်းသားတွေ အုန်းမှုတ်ခွက်ကေလေးတွေ တပုံစံတည်းဖြစ်နေလို့ မေးကြည့်တော့ တတန်းတည်းသား ရှောင်ပိုင်ညှပ်ပေးတာတဲ့။ ဟဲ့ အဲဒါဆို ငါ့ကိုလည်း ညှပ်ပေးပါလားလို့နောက်တော့ သူ မိန်းကလေးကို မညှပ်တတ်ဘူးတဲ့။ ခုတော့ ဝင်ငွေရတဲ့အလုပ်လည်း ရှိနေကြပြီဆိုတော့ ရှောင်ပိုင်ကို ညှပ်ခိုင်းတော့မှာ မဟုတ်တော့ဘူး ဆလွန်းဆီ ပြေးကြတော့မှာ။ ဆူနမ် ဆံပင်ရှည်လာရင် ရာမားက ညှပ်ပေးတယ်။ ကျောင်းမှာတုန်းက ဈေးလျော့နေတဲ့ ရက်ဗလွန်တဘူး ၂ ကျပ်တန်ဝယ်ပြီး ရာမားက ဆေးဆိုးပေးတယ်။ ခုတော့ ဆံပင်ဆေးဆိုးချင်ရင် ဆလွန်းဆီ ပြေးရတော့တာပဲ။ ရာသီဥတုကအေး၊ ဗမာဆိုလို့ တစ်ယောက်တည်း၊ အစားအသောက်က မကောင်း၊ တနေကုန် ကျောင်းတက်၊ ည ၁ နာရီအထိ အိမ်စာတွေလုပ်ရတော့ အရမ်းပင်ပန်းတယ်။ ဒီကြားထဲ အစားအသောက်က မကောင်းတော့ ပိုဆိုးတယ်။

ကိုယ်ကျောင်းတက်တဲ့မြို့လေးက သေးသေးလေး မိနစ် ၂၀ ဆို တမြို့လုံးနှံ့ပြီ။ စားသောက်ဆိုင်က တရုတ်ဘူဖေး နှစ်ဆိုင်၊ အိန္ဒိယဘူဖေး တစ်ဆိုင်၊ မက်ဒေါနယ်၊ ဘာဂါကင်း၊ ဝေါမတ်ဘူဖေးပဲ ရှိတယ်။ ဘူဖေးက တခါစားရင် အနည်းဆုံး ၁၀ အထက်ဆိုတော့ နေ့တိုင်းမစားနိုင်ဘူး။ တပတ်မှ တခါလောက်ပဲ စားနိုင်တယ် ချိုးခြံ‌ချွှေတာရတဲ့ ကျောင်းသားဘဝကိုး။ တခါတလေ တရုတ်ဘူဖေးတစ်ဘူး၊ အိန္ဒိယဘူဖေးတစ်ဘူးဝယ်ပြီး ကိုယ်တို့သူငယ်ချင်းလေးယောက် ဝေမျှစားရတယ်။ ကိုယ်တို့စားနိုင်တာက မက်ဒေါနယ်က မက်ချစ်ကန်းဘာဂါ ၁ ကျပ်ခွဲ၊ နပ်ကပ် ၂၀ ခုဝယ်ပြီး ဝေမျှစားကြတယ်။ Pizza Ranch ကြက်ကြော်ဆိုင်ဖွင့်တော့ အားလုံးက ကောင်းတယ်လို့ ညွှန်းနေတာနဲ့ ကိုယ်တို့တွေ ချီတက်ကြတယ်။ မိုင်းဖန်ဆို ကြက်ကြော် ၇ ခုလောက် စားတယ် ကိုယ်လည်း ဘာထူးလဲ ပီဇာ ၄ ခု စားတယ်။ အဲဒီဆိုင်ကတော့ ကိုယ်တို့ကျောင်းက အငတ်ကျောင်းသားတွေ လက်ချက်နဲ့ အရင်းပြုတ်လေမလားမသိ။ ကျောင်းကနေ ထွက်လာပြီး နှစ်နှစ်အကြာ ၂၀၁၃ မှာ ကျောင်းကို စီမီနာတက်ဖို့ ပြန်ရတော့ Pizza Ranch ကို  ထပ်ရောက်သေးတယ်။ ကိုယ်တို့သူငယ်ချင်းတွေ ဘီလူးစီးသလို စားကြသောက်ကြတာကို သတိရမိသေးတယ် အံ့သြစရာပဲ ကိုယ် အရင်ကလောက် မစားနိုင်တော့ဘူး။ ဒီဗွီပေါက်လို့ စတိတ်ရောက်နေတဲ့ အီသီယိုးပီးယားနိုင်ငံအပေါ်က အီထရီယာနိုင်ငံသူ အာရိယာန်က ခရစ်ယာန်၊ သက်သက်လွတ်သမား။ အာဂျီရိုဆောင်က အသီးအရွက်တွေက သိပ်ကောင်းတာဆိုပြီး ခရမ်းချည်သီးသေးသေးလေးတွေကို ဆားဖြူးပြီး လေးပန်းကန်လောက် စားတယ်။

အဲဒီတုန်းကတော့ ကိုယ်တို့က မျက်နှာမဲ့ရွဲ့ကြတာပေါ့ အယ်မလေး ဒီအစားသောက်ကိုများ။ ၂၀၁၃ ကျောင်းကို စီမီနာတက်ဖို့ပြန်လာတော့ အာဂျီရိုဆောင်က အသီးအနှံတွေ အင်မတန်လက်ဆပ်တာ၊ အော်ဂင်နစ်မို့ အရသာပိုရှိတာလားမရှိ အတော့်ကို စားကောင်းတာကတော့ အမှန်ပဲ။ ကိုယ်ကျောင်းတက်တုန်းက ဝေါမတ်က ကြက်ကင်တစ်ကောင်ဝယ်၊ ပဲကြာဇံပြုတ်၊ ကြက်သားကင်ထည့်၊ ငရုတ်သီးမှုန့်ထည့်၊ ထမင်းစားဆောင်ကနေ မလာတဲ့ အရွက်တွေထည့်၊ သံပရာညှစ်ထည့်ပြီး သုပ်စားတာ ငတ်နေလို့လားတော့မသိ သိပ်စားကောင်းတာပဲ။ ကျောင်းမှာတုန်းက နီပါလီနှစ်သစ်ကူးပွဲတော် Dashain လုပ်တော့ နီပါလီအစားအသောက်တွေ ‌ကျွှေးတယ်။ ကျောင်းသားနဲ့ဆရာတွေက အခမဲ့။ ဆူနမ်၊ ရာမားတို့ရဲ့ပွဲတော်ဆိုတော့ မိုင်းဖန်နဲ့ကိုယ်လည်း ဝင်မပါလို့ မဖြစ်ဘူး။ လက်ကမ်းစာစောင်ဝေ၊ အခမ်းအနားပြင်ဆင်၊ နှစ်သစ်ကူးပွဲတော်၊ ရိုးရာဓလေ့တွေအကြောင်း ရှင်းပြတဲ့ Presentation၊ ကျောင်းနဲ့တနာရီခွဲအဝေးက စီဒါးရက်ပစ်မြို့က နီပါလီစားသောက်ဆိုင်ကနေ အစားသောက်သွားယူ၊ ပြင်ဆင်တာတွေ ကိုယ်တို့မလုပ်ပါဘူး။ အရေးအကြီးဆုံးဖြစ်တဲ့ မုန့်ဝေတဲ့တာဝန် ယူရတယ်။ ဒါပေမဲ့ လှလှပပလေး ပြင်ဖို့လိုတယ်ဆိုတော့ မိတ်ကပ်ဘောက်စ်ကိုဖွင့်လို့ ပဲများကြတာပေါ့။ ကျောင်းတက်တဲ့ကာလတလျှောက်လုံး အိပ်မှုန်စုန်မွှား၊ မျက်နှာမှာ မိတ်ကပ်မရှိ၊ moisturizer ကမန်းကတမ်းပွတ် လက်နဲ့ခေါင်းဖြီးပြီး ကျောင်းတက်ခဲ့ကြတဲ့ ကိုယ်တို့သုံးယောက် အဲဒီနေ့မှာ မိတ်ကပ်တွေလိမ်း၊ ဝတ်ကောင်းစားလှတွေဝတ်ပြီး ရှိုးထုတ်ကြတော့ ကျောင်းသားတွေခမျာ မှတ်တောင်မမှတ်မိဘူးတဲ့။



အင်တာနေရှင်နယ်ကျောင်းသားအယောက် ၄၀ ကျော်မှ ကျောင်းသူဆိုလို့ ကိုယ်တို့ ၄ ယောက်တည်း ပါတာကိုး။ အဲဒီနေ့က‌ကျွှေးတဲ့ အစားအသောက်က အိန္ဒိယပွဲတော်တုန်းကထက်ကောင်းလို့ ကျောင်းသားတွေက တကျော့၊ နှစ်ကျော့ပြန် တန်းစီကြတယ်။ တတန်းသားတွေဆိုတော့ ဟဲ့ ဘန်ကားတရှ်စ် နင် နှစ်ခေါက်ရှိပြီမလား၊ အလိုလေး အက်စ်တီယာ နင် သုံးခေါက်ရှိပြီမလားနဲ့အုံးအုံးကျက်ကျက်ကို ဖြစ်လို့။ အေး စားကောင်းလို့ပါဟ ဒီဟာလေး နည်းနည်းပို ထည့်ပေးပါဟာ ငါ့အတွက် စမူဆာလေး သိမ်းထားပေးပါလား။ နောက်တစ်ခေါက် ပြန်လာလို့ရှိရင် စမူဆာက ပြောင်နေလောက်ပြီ။ ဝိုင်းက full scholarship နဲ့ ဘန်ကောက်က အေအိုင်တီမှာ အမ်ဘီအေတက်တုန်းကလည်း ကျောင်းသားဘဝ ထုံးစံအတိုင်း ငတ်တာပါပဲတဲ့။ တပတ်တခါ ဟော့ပေါ့သွားစားရင် တပတ်စာ ငတ်ခဲ့သမျှ အတိုးချပြီး စားတော့တာပဲ။ ပြင်သစ်နိုင်ငံ ပါရီမြို့က အီးအက်စ်စီပီမှာ အမ်ဘီအေတက်တုန်းကလည်း ဥရောပမှာဆိုတော့ နေထိုင်စားသောက်စရိတ်ကြီးတော့‌ ချွှေတာခြိုးခြံရတာပါပဲတဲ့။ ဝိုင်းအတန်းဖော် စပိန်သားလေးက သူတို့ထက် ငယ်တယ်။ တစ်နေ့တော့ ဝိုင်းရေ ငါတော့ ဗိုက်ဆာလိုက်တာ လွန်ပါရောဆိုပြီး အသီးအရွက်တွေအောက်မှာ အသားတွေ ဖွတ်တယ်။ ကောင်တာမှာ ငွေရှင်းတော့ အသီးအရွက်ဈေး ငွေရှင်းတယ်။ ဝိုင်းမှာ ရယ်ချင်တာကို အတင်းမျိုသိပ်ထားရတယ်တဲ့။ နောက်ကျောင်းသားတစ်ယောက်ကတော့ သိပ်‌ချွှေတာတဲ့ကောင် တလမှာမှတခါ  အသားစားတယ်။ အသားတွေဝယ် အဆာပလာတွေနဲ့ အသာနှပ် မိုက်ကရိုဝေ့ထဲထည့် ဆယ်မိနစ်လောက်ကြာတော့ ဝုန်းကနဲ အသံကြားလို့ သွားကြည့်တော့ အသားတွေက မိုက်ကရိုဝေ့မှာ တစစီဖြစ်နေလို့ ငတ်ပြန်ပြီပေါ့ တစ်ခါ။

ကျောင်းသားဘဝတုန်းက ငါသာ အလုပ်ရလို့ကတော့ နေ့တိုင်း စားသောက်ဆိုင်တွေမှာ သွားစားပစ်မယ်လို့ ကြုံးဝါးကြတယ်။ ခုတော့ ပုံမှန်ဝင်ငွေရတဲ့ အလုပ်လည်း ရှိနေပြီဆိုတော့ ကျောင်းသားဘဝကလို မငတ်တော့ဘူး၊ ဗိုက်မဆာတော့ဘူး၊ ဗိုက်မဝတာ မရှိတော့ဘူး။ ဒါပေမဲ့လည်း ကျောင်းသားဘဝတုန်းက ငတ်ခဲ့တာတွေကို အမှတ်တရတစ်ခုအနေနဲ့ သတိတရ ပြောနေမိတုန်း၊ လွမ်းနေမိတုန်း။ အဲဒီလို သူငယ်ချင်းတွေအတူတူ ငတ်ခဲ့ကြ၊ ဝေမျှစားခဲ့ကြတာတွေကလည်း ကျောင်းသားဘဝရဲ့ အမှတ်တရတွေပါပဲလေ။ မိတ်ဆွေတွေရော ကျောင်းသားဘဝတုန်းက ငတ်ဖူးပါသလား။

စန်းထွန်း
မေ ၂၁ ၊ ၂၀၁၅။

မျိုးရိုးထဲမှာ ဆိုးပေကြီးများ - ၅

ကိုယ်တို့ညီအစ်မတွေက မောင်မောင့်ကို ဆိုးတယ်လို့ပြောကြရင် ဘေးလူတွေက မယုံချင်ကြဘူး။ ဒင်းက ဟုတ်ကဲ့ခင်ဗျ...ဟုတ်ကဲ့ခင်ဗျနဲ့ အပြောချိုတာကိုး။ ကိုယ်တို့ကပဲ မဟုတ်ကဟုတ်က လုပ်ကြံပြောသလို ဒီကောင်က ပျော့စိစိနဲ့နံတဲ့ ကြောင်ချေး။ မဟုတ်ကဟုတ်က လုပ်ကြံပြောတယ်ဆိုတာကို ကိုယ့်မှာ ခုမှကြုံဖူးတော့တယ်။ အသိအစ်မတစ်ယောက်က စိတ်ရင်းလည်းကောင်း  သူတစ်ပါးကိုလည်း ကူညီတတ်ပေမဲ့ အဲဒီလို မဟုတ်ကဟုတ်က လုပ်ကြံပြောတတ်တယ်။ အကြောင်းသိတွေက သတိပေးထားလို့ သူရှေ့မှာ စကားကို သတိထားပြီး ပြောရတယ်။ ဒါတောင် ကိုယ်က အဲဒီလိုပြောပါတယ်ဆိုပြီး သတင်းပြန်ကြားရတုန်းက စိတ်မကောင်း ဖြစ်ရသေးတယ်။ ဒါပေမဲ့ ကိုယ်က သူတစ်ပါးကို မကောင်းတဲ့စိတ်နဲ့ ပြောခဲ့တာ မဟုတ်လေတော့ ကိုယ့်ဖက်က စိတ်ရှင်းနေခဲ့တယ်။ အဲဒီလိုမျိုး မဟုတ်ကဟုတ်က လုပ်ကြံပြော စကားကို ဟိုပို့ဒီပို့ လုပ်တတ်သူနဲ့ အသိမိတ်ဆွေသူငယ်ချင်းဖြစ်ရင် တချိန်ချိန်မှာ ပြသနာတတ်လာနိုင်တော့ အပြောအဆို သတိထားရတယ်။ မောင်မောင့်ကို ဆိုးတယ်လို့သာပြောတာ ကိုယ့်တို့ညီအစ်မကလည်း ခပ်ဆိုးဆိုးရယ်။ အရင်တုန်းက ကိုယ်တို့ညီအစ်မတွေ ပြောကြတာက မောင်မောင် အသုံးမကျတဲ့အကြောင်း၊ ခုတော့ မောင်မောင့်အပြင် သူ့မိန်းမပါ အသုံးမကျတဲ့အကြောင်း၊ ကိုယ်တို့အိမ်နဲ့ တလမ်းခြားမှာနေတဲ့ မကြီးယောက္ခမတွေ ဆိုးတဲ့အကြောင်း။

မောင်မောင်ဟာ အိမ်ထောင်ကျပြီးတော့မှ ဝလာလိုက်တာ ခုဆို မေးနှစ်ထပ်နဲ့ ခန္ဓာကိုယ်ကလည်း လေးလုံးခြောက်ဖက်။ လူပျိုတုန်းကတော့ ကောင်မလေးတွေ ကြိုက်အောင်ဆိုပြီး ဘော်ဒီထိန်းတယ်။ ခုတော့ အိမ်ထောင်ကျပြီးပြီ လှစရာမလိုတော့ဘူးဆိုပြီး အားကစားမလုပ်၊ နင်းကန်စား၊ အသားကုန်အိပ်ဆိုတော့ အသက်ကဖြင့် ၃၀ မပြည့်သေးဘူး ခုဆို အသက် ၃၅၊ ၄၀ နီးပါးလောက် ထင်ရတယ်။ စင်္ကာပူကနေ မကြီး လူကြုံထည့်ပေးလိုက်တဲ့ဟာကို မောင်မောင် သွားယူတော့ လူကြုံပေးလိုက်တဲ့ မကြီးသူငယ်ချင်းက အစ်မအစ်ကို လာယူတယ်လို့ပြောလို့ ကိုယ်တို့မှာ ရယ်လိုက်ရတာ။ မကြီးနဲ့ ကိုယ်က ၆ နှစ် ကွာတယ်၊ မောင်မောင်နဲ့ ကိုယ်က ၄ နှစ် ကွာတယ်၊ မောင်မောင်နဲ့ မကြီးက ၁၀ နှစ်အတိ ကွာတယ်။ ကိုယ်နဲ့မကြီးကို ၆ နှစ်ကွာတယ်လို့ မထင်ရဘူး မကြီးက နုတော့ အသက်မတိမ်းမယိမ်းလို့ ထင်ရတယ်။ ခုတော့ အစ်မနှစ်ယောက်က အငယ်လို့ ထင်ရပြီး မောင်မောင်က အစ်ကိုအကြီးဆုံးလို့ ထင်ရတယ်။ မောင်မောင့်ကို အားကစားလုပ်ဖို့ပြောရင် သူ့ထုံးစံအတိုင်း အင်းပါ၊ ဟုတ်ကဲ့လို့ပြောပြီး ဘယ်တော့မှ မလုပ်ဘူး မောင်မောင်က ငပျင်း။ မြန်မာပြည်မှာက လူတော်တော်များများ ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရောများကြတယ်။ ကြာလာရင် နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ရော။ မောင်မောင့်ကို ပြောလို့မရတော့ ကုလားမနိုင် ရခိုင်မဲ သူ့မိန်းမကို ပြောကြတော့တာပေါ့။ ယောကျ်ားက မလုပ်ရင်တောင် မိန်းမက လုပ်ချင်လာအောင် ပြောဆိုဖျောင်းဖျရမှာပေါ့။ အယ်မလေး ယောကျာ်းကို ပဲ့ပြင်ဆုံးမဖို့ နေနေသာသာ သူက ယောကျာ်းကို ကြောက်နေရတာ။ အဲဒီဟာမလေးက အားကစားလုပ်ရမှန်းတောင် သိလို့လား။

မောင်မောင်ဟာ တစိမ်းနဲ့ဆိုရင် ဟုတ်ကဲ့ခင်ဗျ၊ ဟုတ်ကဲ့ခင်ဗျနဲ့ အပြောချိုသလောက် အိမ်မှာဆိုရင် ပြောရဆိုရ အားကြီးလက်ပေါက်ကပ်တယ်။ ပြောလွန်းအားကြီးတော့မှ လုပ်ပေးတယ် ပြီးရင်လည်း ပြောလိုက်သေးတယ် လုပ်ပေးတယ်မလား၊ ဘာလားနဲ့။ အမေနဲ့ဆို တကျက်ကျက် အမေကလည်း သားဆိုပြီး မျက်နှာသာမပေး သားကလည်း အမေကို အလေးမထား။ အမေ့ကို ရိုရိုသေသေ မပြောရင် သူ့မိန်းမက မျက်နှာရိပ်မျက်နှာကဲနဲ့ ဟန့်တယ်တဲ့။ အိမ်မှာတုန်းကတော့ ဖြူးလဲဖို့၊ မီးလုံးလဲဖို့ကို အာပေါက်အောင် ပြောရပေမဲ့ ယောက္ခမအိမ်မှာတော့ တခွန်းဆိုလိုက်တာနဲ့ ထလုပ်ပေးမှာပေါ့ ကွာတယ်နော်။ မောင်မောင်ဟာ အင်မတန် ကုသိုလ်ကံ ကောင်းတဲ့ကလေး သူ့ကုသိုလ်ကံကိုတော့ သွားမယှဉ်လေနဲ့။ ငယ်ငယ်တုန်းကလည်း လိုတရ၊ မိန်းမယူတော့ အဖေက မင်္ဂလာဆောင်ပေး၊ ယောက္ခမအိမ် တက်နေ၊ အဖေ့အလုပ်မှာ ဝင်လုပ်၊ နိုင်ငံခြားက အစ်မတွေဆီမှာ လိတ်တက်တွေ ပူဆာ၊ သူ့ကြိုးစားအားထုတ်မှုကြောင့် မဟုတ်ဘဲ အစ်မတွေ ကောင်းမှုကြောင့် စင်္ကာပူ၊ မလေးရှား၊ ထိုင်းကို ရောက်ဖူးတယ်။ ကိုယ်တွေမှာတော့ သက်တောင့်သက်တာမနေချင်၊ ပင်ပန်းမဲ့ဇာတာ ပါလေတော့ နိုင်ငံခြားမှာ  ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရတယ်။ အဖေ့အိမ်က ပူစီမ၊ ပူစီလေး၊ ကိုယ့်ကြောင် ဂါးဖီးလ်တို့ဆိုတာ ညောင်လို့တခါမှ မအော်ဖူးဘူး။ ဂါးဖီးလ်ကတော့ ကိုယ်တို့မောင်နှမတွေ လိမ့်‌ကျွှေးကြတာနဲ့ အမြဲတမ်းဗိုက်ပြည့်နေလို့ မညောင်တာ။ အဖေ့ကြောင် ပူစီမ၊ ပူစီလေးတို့ဆိုရင် ထမင်းစားပွဲဝိုင်းဘေးနားမှာ ထိုင်မျှော်နေကြပေမဲ့ ညောင်လို့မအော်တတ်ကြဘူး။ ညောင်လို့အောင်ရမှန်းတောင် သိရဲ့လားမသိ။

My older brother & younger sister. :)
မောင်မောင်နဲ့ မကြီး ၁၀ နှစ်ကွာတယ်လို့ပြောရင် ယုံပါ့မလား

နယူးယောက် အိမ်ရှင့်ကြောင် မိုချီ  Mochi (ဂျပန်နိုင်ငံက နာမည်ကြီး ရေခဲမုန့်နာမည်ပါတဲ့) ဟာ အင်မတန်ညောင်တဲ့ကြောင်။ ကိုယ့်တသက် ဒီလောက်ညောင်တဲ့ကြောင်၊ ဒီလောက် စကားများတဲ့ကြောင် မတွေ့ဖူးသေးဘူး။ ညောင်လို့တောင်းလို့ အစာခွက်ကို သွားကြည့်ရင် အစာတွေက အပြည့်၊ အခန်းတံခါးဖွင့်လိုက်တာနဲ့ ဧည့်ခန်းနားက ဆိုဖာမှာ အိပ်နေ၊ ဆိုင်ကယ်ပေါ်မှာ ထိုင်နေတဲ့ မိုင်ချီက ညောင်ညောင်လို့ စကားတွေ ပြောတော့တာပဲ။ သူ့ခေါင်းကို ပွတ်သပ်ပေးဖို့တောင်းရင် ညောင့်လို့ အသံတိုးတိုး ပြတ်ပြတ်လေးနဲ့ တောင်းတတ်တယ်။ ဗိုက်ဆာရင် အသံကို မိုင်ကုန်မြှင့်ပြီး ညောင်....လို့ အကျယ်ကြီး အကြာကြီး အော်တတ်တယ်။ သူ့သခင်မကတောင် မိုချီဟာ ဘာလို့ဒီလောက် ညောင်နေရတာလဲဆိုတာ သူ နားမလည်နိုင်ဘူးတဲ့။ ဗိုက်ဆာလို့ကတော့ တညောင်ညောင်နဲ့ တောင်းနေတာများ မိုချီညောင်တာကို  သည်းမခံနိုင်လို့ အစာထ‌ကျွှေးရတဲ့အဖြစ်။ အဲဒါ ကိုယ် ဝဋ်လည်တာလေ။ ကိုယ် တက္ကသိုလ် တတိယနှစ်ရောက်တော့ အိမ်မှုကိစ္စတွေ ကူညီလုပ်ကိုင်ပေးတဲ့ မခင်ခင်လှိုင်က သူ့အိမ်ပြန်သွားတယ်။ အမေက ကူဖော်လောင်ဖက် မခေါ်တော့ဘူး အိမ်မှုကိစ္စတွေ ကိုယ့်ဘာသာ လုပ်ကြဆိုတော့ ကိုယ်တို့မောင်နှမတွေ တာဝန်တွေ ခွဲရတာပေါ့။ ထမင်းပေါင်းအိုးတည်၊ ဖုန်းဘေလ်၊ မီတာခဆောင်၊ ရေတင်တာ၊ အမှိုက်ပစ်တာ မောင်မောင့်တာဝန်။ မီးလာနေတုန်း ထမင်းပေါင်းအိုး ထမတည်ရင်၊ အဝတ်တွေ စိမ်ထားရဲ့သားနဲ့ မလျှော်ရင်၊ အမှိုက်မပစ်ရင်၊ ဘေဆင်ထဲမှာ ပန်းကန်ထည့်ထားပြီး မဆေးရင် ကိုယ်က ကုန်းအော်တော့တာပဲ။

အမေကတော့ သူ့သားကို ပြောမရလို့ သူ့ဘာသာ လုပ်သွားတယ်။ ကိုယ်ကတော့ ဒီလို ဘယ်ရလိမ့်မလဲ ထမလုပ်မချင်းကို အော်နေတော့တာ။ ကိုယ့်ဘာသာ လုပ်သွားတာကမှ သက်သာဦးမယ် အဲလိုအော်ရတာ အတော်ပင်ပန်းတယ်။ နောက်ဆုံးမှာတော့ မောင်မောင်က နားညည်းလွန်းလို့တဲ့ ထလုပ်တယ်။ ခုလည်း မိုချီညောင်တာ နားညည်းလွန်းလို့ ကိုယ့်မှာ ထကျွှေးရတယ်။ အိမ်ရှင်ရဲ့ Shiba ခွေးအမျိုးအစား Natsu ( ဂျပန်လို နွေလို့ အဓိပ္ဗာယ်ရပါသတဲ့) နတ်ဆုဟာ အင်မတန် ချစ်ဖို့ကောင်းတဲ့ခွေး။ ကိုယ်တွေ့ဖူးသမျှခွေးထဲမှာ နတ်ဆုက လူတွေကို အတော်ချစ်ပြီး တွယ်တာတယ်။ ဘာကျွှေးကျွှေး အကုန်စားတယ်။ အရုပ်ကလေးကို ကိုက်ချီလာပြီး ပစ်ဆော့ပေးဖို့ တောင်းတတ်တယ်။ လက်ကို ခေါင်းနဲ့လာတိုးဝှေ့တတ်တယ်။ အိမ်ထဲကနေပြီး ဝု....ဝု....ဝုတ်...ဝုတ် လို့ ဟောင်တတ်တယ်။ တခါတုန်းက Walgreen ကို သွားတော့ နတ်ဆုကို ခေါ်သွားတယ်။ သူ့သခင်နဲ့ သွားနေကျလမ်းမဟုတ်တော့ ကိုယ့်နားကနေ မခွာဘူး။ လမ်းမှာတွေ့တဲ့ မြေစာပုံတွေမှာ ရှူးရှူးပေါက်တယ်၊ ခွေးတွေ အီးပါထားတဲ့နေရာဆို အီးပါတယ်။ လမ်းလျှောက်ထွက်ကြတဲ့ ခွေးတွေဆုံကြရင် တဝုတ်ဝုတ် နှုတ်ဆက်ကြ၊ ရန်ထောင်ကြနဲ့ပေါ့။ ခွေးသေးသေးကလေး တစ်ကောင်က အသံစာစာကလေးနဲ့ တဝုတ်ဝုတ် ထိုးဟောင်နေလို့ နတ်ဆုက နှုတ်ဆက်မလားမှတ်တယ် သူကအရင် ဝေးဝေးက ရှောင်တယ်။ နတ်ဆုရယ် အဲဒီခွေးကလေးက နင့်ခန္ဓာကိုယ်ရဲ့ သုံးပုံတပုံတောင် မရှိဘူး အဲ့တာကိုများ ကြောက်နေတယ်။ နတ်ဆုဟာ အင်မတန် ကြောက်တတ်တဲ့ခွေး မိုးခြိမ်းလို့ကတော့ နေစရာနေရာကို မရှိဘူး ကုတင်အောက် ဝင်ပြေးရတာနဲ့ လူဘေးနားကို တိုးဝှေ့ရတာနဲ့။

မိုချီက သူ့သဲပုံးမှာပဲ သူ့ကိစ္စ ရှင်းတယ်။ နတ်ဆုကတော့ နေ့စဉ်မှန်မှန် လမ်းလျှောက် ခွေးကျောင်းရပါတယ်။ ဒီအိမ်ရောက်တာ တစ်နှစ်ကျော်ပြီ နတ်ဆု ဧည့်ခန်းထဲမှာ အီးပါထားတာဆိုလို့ နှစ်ခါပဲ ကြုံဖူးသေးတယ်။ ဒါကလည်း သူ့အပြစ်တော့ မဟုတ်ပါဘူး သူ့သခင်တွေ ခွေးမကျောင်းနိုင်လို့ပါ။ အမှန်က တနေ့ နှစ်ခါလောက် ခွေးကျောင်းရမှာ သူ့သခင်တွေက အလုပ်များတော့ တနေ့တခါတောင် ခွေးကျောင်းဖြစ်ရဲ့လားမသိ။ ဒီတော့ နတ်ဆုက သေးတစိုစို ဖြစ်နေတတ်တယ်။ ကိုယ်က နတ်ဆုကို ကိုယ့်မွေ့ယာပေါ် မတက်ခိုင်းဘူး။ မိုချီက ကိုယ့်မွေ့ယာမှာ အခန့်သား နှပ်နေတော့ နတ်ဆုက မနာလိုဖြစ်တယ်နဲ့ တူပါရဲ့ ကိုယ့်ကိုကြည့်ပြီး သူလည်း မွေ့ယာပေါ် တက်ချင်တဲ့ အမူအယာတွေ ပြပါလေရော။ ကိုယ်လည်း သနားတာနဲ့ တက်ခိုင်းလိုက်တယ်။ မကြာပါဘူး မွေ့ယာမှာ သေးစိုနေတာတွေ့တော့ နတ်ဆုနှာခေါင်းကို မွေ့ယာမှာတေ့ပြီး တင်ပါးကို နှစ်ချက်တီးလိုက်တာ သေးဖြန်းဖြန်းထွက်ပြီး ကုတင်အောက် ဝင်ပြေးတယ်။ သေးစိုနေတဲ့နေရာကို ရှာတွေ့တော့ နတ်ဆုကို ခေါ်ပြီး နှာခေါင်းနဲ့တေ့ ဆူလိုက်ပွမ်လိုက်ရုံနဲ့တင် သေးတဖြန်းဖြန်း ထွက်ပြန်တယ်။ အယ်မလေး ငကြောက် နှစ်ချက်လေး ရိုက်မိတာတောင် ကိုယ်က သူ့ကို ပြန်သနားသွားရတယ်။ နတ်ဆုက အဲဒီလို အင်မတန်ကြောက်တတ်တဲ့ဟာလေး။ နတ်ဆု ကြောက်တတ်တာမြင်တော့ မောင်မောင့်ကို သတိရတယ်။ မောင်မောင်လည်း အဲဒီလို အင်မတန် သတ္တိကောင်းတာ သရဲကားတွေဆို မကြည့်ရဲဘူး။

Mr ညှောင်ညှောင် မိုချီတစ်ကောင် လာညှောင်နေသည် နာညည်းလွန်းသောကြောင့် ထ‌ကျွှေးလိုက်ရသည်

ငယ်ငယ်တုန်းက အိမ်မှာ ညဖက်ဆိုရင် ဘယ်သူ့ကို ဘယ်လိုတီးလိုက်မယ်လေးဘာလေးနဲ့ ကျောင်းရောက်ရင် သူကချည်း အဆော်ခံထိတာချည်းပဲ။ အဲ ခုတော့ သူ့သူငယ်ချင်းတွေကြားထဲမှာ သူက ဆရာကြီးဆိုပဲ။ မကြီးက သူမကျေနပ်လည်း ဘာမှပြန်မပြောဘူး သူ့ဘာသာ အေးအေးနေတယ်။ ကိုယ်က မဟုတ်မခံ ဇတ်ဇတ်ကြဲ အိမ်မှာ ဘိုးဘိုးနဲ့ ရန်ဖြစ်ရင်၊ ဘိုးဘိုးရဲ့ ဆေးပြင်းလိပ်ခွက်ကို နံလွန်းလို့ဆိုပြီး အမှိုက်ပုံးထဲ ပစ်ထည့်ထားရင်၊ အတန်းထဲမှာ ရန်ဖြစ်ရင်၊ စိန်ပြေးတမ်း၊ ထုပ်ဆီးတိုးတမ်း၊ ဇယ်တောက်တမ်း ကစားရင် အငြင်းသန်တာ ကိုယ်။ ဟိုင်းကြီးရွာသစ်မှာ ကျောင်းမပြီးသေးလို့ ဇီးဖြ ူချောင်းကျောင်းမှာ သွားတက်ရတော့ လေးတန်းကျောင်းသူလေးယောက် အတူတူမထိုင်ရလို့ဆိုပြီး ကိုယ်က ကျောင်းသူသုံးယောက်ကို လက်ဆွဲခေါ်ပြီး ဦးဆောင်ဆင်းသွားတာကို ကျောင်းအုပ်ဆရာကြီးက တွေ့သွားလို့ အတင်းလိုက်ခေါ်ပြီး ဖြေရှင်းပေးရဖူးတယ်။ အဲဒီကတည်းကစလို့ ကျောင်းအုပ်ဆရာကြီးက အဖေ့ကိုတွေ့ရင် ကိုယ့်အကြောင်းကို အမြဲသတင်းမေးတယ်တဲ့။ အတူတူ မထိုင်ရလို့ ကျောင်းမတက်ဘူးဆိုပြီး အတန်းဖော် ၃ ယောက်ကို ဦးဆောင်ခေါ်ပြီး ကျောင်းပေါ်က ဆင်းသွားတာ သူ ကျောင်းအုပ်ဆရာကြီး လုပ်လာတဲ့ သက်တမ်းတလျှောက် အဲဒီတခါပဲ ကြုံဖူးမယ်ထင်တယ်။ ဆရာ၊ ဆရာမတွေဆိုတာ အလယ်အလတ်ကျောင်းသားတွေကို မမှတ်မိဘူး။ တော်တဲ့ကျောင်းသားတွေ ၊ ဆိုးတဲ့ကျောင်းသားတွေကိုပဲ မှတ်မိတယ်။ ကိုယ့်ကိုတော့ ဆရာ၊ ဆရာမ တော်တော်များများ မှတ်မိကြတယ်။ ကိုယ်က တော်လည်းတော် ဆိုးလည်းဆိုးတာကိုး။

မောင်မောင် ငယ်ငယ်တုန်းက ကြက်မတွေဝပ်နေတဲ့ ခြင်းတောင်းထဲကနေ ကြက်ဥတွေ ခိုးသောက်၊ ဘေးချေ (ရခိုင်လို ဦးလေးလို့ခေါ်တာပါ) တွေက အရက်တွေတိုက် မူးနေတတ်တော့ ဒီကောင် ကြီးလာရင် အရက်သမားများ ဖြစ်သွားမလားလို့ စိတ်ပူမိသေးတာ ကြီးလာတော့ အရက်သောက်ရင် ဗိုက်အောင့်လို့ဆိုပြီး တစက်ကလေးမှ မသောက်တာကိုဘဲ ဝမ်းသာနေရတယ်။ ကိုယ်တို့ငယ်ငယ်တုန်းက မြတ်မော်တင်စွန်းဘုရားပွဲမှာ ဈေးရောင်းတဲ့နှစ်ကလား မမှတ်မိတော့ဘူး ဟိုင်းကြီးအိမ်မှာ ညလယ်စာအဖြစ် အကြော်ဆရာက ကိုယ်တို့မောင်နှမ သုံးယောက်အတွက် ခေါက်ဆွဲကြော်ပေးတယ်။ ခုံပေါ်က ပန်းကန်သုံးခုကိုကြည့်ပြီး ဘယ်ပန်းကန်က ခေါက်ဆွဲ၊ အသားပိုများလဲလို့ အရင်ဆုံး၊ အဦးဆုံးရွေးတာ မောင်မောင် မဟုတ်ဘူး ကိုယ်။ အငယ်ဆုံးဆိုပြီး အလျော့ပေးလိမ့်မယ် မထင်နဲ့ ကိုယ်ကအရင် ဆော်ထည့်လိုက်တာချည်းပဲ။ အဖေက မကြီးပန်းကန်ထဲကို ဟင်းထည့်ပေး၊ အမေက မောင်မောင့်ပန်းကန်ထဲကို ဟင်းထည့်ပေးလို့ကတော့ ကိုယ်က ဂါးဂါးလို့ အော်တော့တာပဲ။ မကြီးအတွက် အင်္ကီျအသစ်ဆိုရင် ကိုယ်ကလည်း အသစ်ရမှ။ အဖေနဲ့အဖေ အလုပ်က ပြန်လာရင် ကိုယ်က အရင်ဦးဆုံး လှမ်းတိုင်တတ်တယ်။ ကိုယ်က အဲဒီလို အတိုင်အတောလည်း ထူတယ်။ မောင်နှမတွေကြားထဲ ဗိုလ်ကျတယ်။ ကိုယ့်ရှေ့မှာ တစ်ဦးတည်းသောသားဆိုပြီး အခွင့်အရေး ပိုပေးလို့ကတော့ ဘယ်ရမလဲ။ ကိုယ့်မိသားစုထဲမှာ ကိုယ်ဟာ တန်းတူအခွင့်အရေး တောင်းဆိုသူတစ်ယောက်၊ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ဝေဖန်သူတစ်ယောက်။ ကိုယ် ငယ်ငယ်တုန်းက တော်တော် ဆိုးဆိုးဝါးဝါးလေး။

အမေဟာ လူကြုံရှိရင် သမီးတွေ မှာတာ၊ စားချင်တာကို ပေးပို့လေ့ရှိတယ်။ ချဉ်ပေါင်ကို ရေဆေး၊ နေလှန်း၊ အရွက်တွေခြွေ၊ ပျစ်နေအောင်ကြို၊ တခါစား အထုပ်လေးတွေထုပ်ပြီး ဖရီဇာထဲမှာခဲ၊ သေသေချာချာ ထုပ်ပေးပြီး ပို့ပေးတတ်တယ်။ မကြီးက စားခါနီးဆိုရင် ဖရီဇာထဲကထုတ် အဆင်သင့် ကြိုချက်လိုက်ရုံပဲ။ အမေက လုပ်ပေးရတာ လက်ဝင်ပေမဲ့ ပင်ပန်းတယ်လို့ မထင်ဘဲ သားသမီးတွေက စားကောင်းတယ်လို့ပြောရင် ပင်ပန်းတာတွေပျောက်ပြီး ဝမ်းသာအားရ ရှိနေတာ့တာပဲ။ နိုင်ငံခြားမှာ နေကြတဲ့ သားသမီးကို မိဘတွေက အဲဒီလို စားစရာတွေ ပို့ပေးပေမဲ့ မကြီးယောက္ခမကတော့ သူ့သား နိုင်ငံခြားမှာ အကြာကြီးနေတာကို စားစရာ တခါမှ မထည့်ပေးဘူးတဲ့ အံ့ရော။ အဖေဟာ ကိုယ့်ဒူးကိုယ်ချွှန်၊ လယ်သမားဘဝကနေ စက်လှေပိုင်ရှင်ဖြစ်အောင် ကြိုးစားခဲ့သူတစ်ယောက်ပါ။ သားသမီးတွေကို ပညာတတ်ကြီး ဖြစ်စေချင်ပြီး တိုးတက်ကြီးပွားအောင် အမြဲတမ်းကြံဆနေသူပါ။ ယောကျ်ားအလုပ်၊ မိန်းမအလုပ်လို့ မခွဲခြားဘဲ အမြင်မတော်ရင် တံမြက်စည်း ကိုယ်တိုင်ယူလှည်း၊ ထမင်းဝင်ချက်၊ အမေ နေမကောင်း၊ ခြံထဲက အဒေါ်ကြီး မအားရင် အဝတ်လျှော်ပေးတယ်။ ထက်မြက် လူရိပ်လူကဲသိပြီး လက်အောက်ငယ်သားတွေကို ညှာတာတယ်။ အဖေဟာ ကိုယ်တို့အတွက် စံပြပုဂ္ဂိုလ် ဟီးရိုးတစ်ယောက်ပါ။ ဒါပေမဲ့ လူဆိုတာ ၁၀၀ % perfect ဆိုတာမရှိဘဲ ၁ % ကတော့ ချို့ယွင်းချက်ကလေးတွေ ရှိနေတတ်ပါတယ်။ အဖေ့ရဲ့ ၁ % ကတော့ စပ်စုတတ်၊ ကြွားတတ်ပြီး ဖိုဝါဒလို့ ဆိုရမလား အမေ့ကို နှိမ်ပြောတတ်တယ်။

လမ်းလျှောက်ရာက ပြန်လာတဲ့ နတ်ဆု...ရာသီဥတုအေးလို့
သူ့သခင်က ပုဝါစည်းပေးထားလေရဲ့
တချို့ခွေးတွေဆို  ဘွတ်ဖိနပ်တောင် ဝတ်ပေးထားတယ်...

ရွာမှာက ဒေါ်အတင့်၊ အဝင်းမတို့ဆိုတာ ယောက်ျားတွေနဲ့ ရင်ပေါင်တန်း အလုပ်လုပ်တဲ့ သူဋ္ဌေးမကြီးတွေ။ အဖေက ကိုယ်တို့ရှေ့မှာဆို အမေ့ကို သူတို့လို မထက်မြက်ဘူး၊ တုံးတယ်လို့ ပြောတတ်တယ်။ အဲဒါဆိုရင် ကိုယ်က အဖေ့ကို အမေတုံးမှန်း အဖေ မယူခင်ကတည်းက မသိဘူးလား၊ အဖေက ကိုယ့်ပေါင် ကိုယ်လှန် ထောင်းနေသလိုပါလား၊ အမေတုံးတာကို သူများတွေသိအောင် အဖေက ကြေငြာနေသလိုပါလား၊ အဖေ မရှက်ဘူးလားလို့ ပြန်နှက်ရင် သူများရှေ့မှာဆို မပြောပါဘူးလို့ လေသံလေးနဲ့ ကိုယ့်ကို ပြန်ချော့တယ်။ သူများတွေက သမီးနှစ်ယောက်က နိုင်ငံခြားမှာ ဘာလို့အလုပ်လုပ်နေတော့မှာလဲ အလုပ်မလုပ်နဲ့တော့လို့ ပြောကြတယ်။ အဖေက ဘာလို့သားသမီးလုပ်စာကို စားရမှာလဲ ကိုယ်လည်း လုပ်နိုင်တုန်း ကိုင်နိုင်တုန်း လုပ်နေမှာပေါ့။ အလုပ်မလုပ်ရင် ဘာအဓိပ္ဗာယ် ရှိတော့မှာလဲလို့ ပြောတတ်တယ် မှန်တယ်အဖေ။ အဖေ နေမကောင်းရင် နင့်အမေက ဘာမှလုပ်တတ်ကိုင်တတ်တာ မဟုတ်ဘူး။ အဖေ ကျန်းမာရေးကောင်းပါမှလို့ အမွှမ်းတင်ရင် အမေကလည်း ဟုတ်တယ် အမေက ဘာမှလုပ်တတ်တာ မဟုတ်ဘူး အဖေ ကျန်းမာရေးကောင်းဖို့ အရေးကြီးတယ်လို့ သူ့ယောက်ျားဂုဏ်ကို မိန်းမဖြစ်သူကပါ မြှင့်တင်တတ်တယ်။ တခါတလေ အဖေက သူ့ဂုဏ်ကို မြှင့်တင်လွန်းအားကြီးရင်တော့ အမေက စိတ်ပေါက်ပေါက်နဲ့ အေး ငါ တုံးတယ် မသိဘူး မတတ်ဘူး ဒါကြောင့် ပါးစောင်ရှည်ရှည်နဲ့ယောက်ျား(ရခိုင်တွေက ပါးပြင်ရှည်ရင် ညဏ်ထက်တယ်လို့ ယူဆပါသတဲ့ အမေဆိုလိုချင်တာက ထက်မြက်တဲ့ ယောက်ျား) ကို ယူထားတာ ငါ ဗိုက်ဆာနေတယ် သွား မီးဖိုချောင်ထဲက ငှက်ပျောသီးတစ်လုံး ယူပေးလို့ ပြောတော့ အဖေက ထယူပေးရတာပါပဲ။

အမေက ငါ့ကို သိပ်နိုင်စားတယ် သူ တလကိုးသတင်း သစ်သွားကဲ့ (သစ်တွေသွားဆွဲပြီးရောင်း) တုန်းက ငါပဲ သားသမီးတွေကို မီးသွေးရောင်းပြီး ရှာ‌ကျွှေးရတာလို့ အဖေ့ကွယ်ရာမှာ ကိုယ်တို့ကို ပြောပေမဲ့ အဖေ့ရှေ့မှာဆိုရင် တဝမ်းစာ ရှာစားလို့တော့ ရတာပေါ့ အဖေ့လို လုပ်ငန်းကြီးတော့ ဘယ်လုပ်နိုင်ပါ့မလဲလို့ ပြောတတ်တယ်။ အဖေဟာ သိပ်ညည်းတတ်တယ် နေမကောင်းရင် ပိုဆိုးတယ်။ တခါတုန်းက သွားကိုက်လို့ အမယ်လေး အဘလေး အီးယောင် (ရခိုင်လို့ အမေလို့ ခေါ်တာ) လို့ တနေတာ နားကြားကပ်လာတဲ့ ကိုယ်က အဖေ့ကို အမယ်လေး အဘလေး အီးယောင်တမနေနဲ့ ဘုရားတ အဖေ့ရေလို့ ငေါ်တူးဖူးတယ်။ အဖေက အေး သမီးကိုယ်တိုင် သွားကိုက်တော့မှ ကိုယ်ချင်းစာလိမ့်မယ်တဲ့။ အဖေက အလုပ်လုပ်ရတာ သိပ်ပင်ပန်းတာပဲ လုပ်ကိုင်မစားချင်တော့ဘူးလို့ ညည်းတတ်တယ်။ အဲဒါဆိုရင် အမေက စက်လှေ ၁၀ စီးပိုင်တဲ့ သူဋ္ဌေးတွေက မညည်းရဘူး ကို့မှာ ညည်းနေလိုက်တာ အေး လုပ်ကိုင်မစားချင်တော့ဘူးဆိုရင် မလုပ်နဲ့ ကျုပ် ဈေးရောင်းကျွှေးမယ်။ တော် မငတ်စေရဘူး အရင်လို ဟင်းကောင်းကောင်း နေ့တိုင်းစားရဖို့တော့ မမျှော်လင့်နဲ့။ အဲဒီနောက်ကစလို့ လုပ်ကိုင်မစားချင်တော့ဘူးဆိုတဲ့စကား အဖေ့ဆီက မကြားရတော့ဘူး။ အဖေက သိပ်ဟင်းကောင်းမက်တယ် အိမ်မှာ ဟင်းတွေ ဖွယ်ဖွယ်ရာရာ ရှိနေပေမဲ့လည်း စားသောက်ဆိုင်ကနေ ဝယ်စားတတ်တယ်။ အမေက ဘာနဲ့မဆို စားနိုင်တယ် အစားအသောက်လည်း ကြေးသိပ်မများဘူး။ အစားအသောက် ကြေးများတာ မကြီးနဲ့မောင်မောင်က အဖေနဲ့သွားတူပြီး ကိုယ်က ဘာမဆို စားနိုင်တာ၊ ဘာစားစားကောင်းတာ အမေနဲ့ သွားတူတယ်။

အဖေက တခါတလေ တွေဝေတတ်တယ်၊ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား မချရဲဘူး။ အမေက ပွဲရုံကနေ ပိုက်ဆံယူပြီး စက်လှေပစ္စည်းတွေ ဝယ်ချလာတယ်။ အဖေ တွေဝေနေတာကို အဲဒီလို အမေက ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးလိုက်တယ်။ တခါတလေမှာ အမေက အဲဒီလို အဖေ့ထက် စိတ်ဓာတ်ပြတ်သားတယ်။ အမေဟာ စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်နိုင်တဲ့အထိတော့ မတော်ဘူး။ ဒါပေမဲ့ ကိုယ်တို့တွေကို စိတ်ဓာတ်ခွန်အား အမြဲပေးနေခဲ့တယ်။ ကိုယ်က အဖေ့သမီးပီပီ အလုပ်ပင်ပန်းတယ်လို့ ညည်းရင် အမေက အစားကောင်းကောင်းစား၊ ပိုက်ဆံကို ‌ချွှေတာမနေနဲ့၊ ပျော်အောင်နေလို့ အားပေးတတ်ပြီး အဖေက ခရီးတွေ သိပ်မသွားနဲ့ ပိုက်ဆံစုလို့ မှာတတ်တယ်။ အဲဒါဆိုရင် ကိုယ်က သမီး ဒီလိုပင်ပင်ပန်းပန်း အလုပ်လုပ်နေတာ ခရီးတွေသွားပြီးတော့မှ အပန်းမဖြေရင် ဘာအတွက် အလုပ်လုပ်နေတာလဲ။ ဘဝမှာ ဘာအဓိပ္ဗာယ်ရှိတော့မှာလဲ ပြန်ပြောရင် အဖေက သမီးသဘော ကြိုက်တာသုံးလို့ ပြန်ချော့တတ်တယ်။ အမေဟာ အဖေ့ကို သိပ်အားကိုးလွန်းတယ် အဖေရှိနေရင် စကိုက်ကို ဘယ်လိုသုံးရမှန်း မသင်ဘူး။ အဖေ ရွာကိုရောက်နေတဲ့အခါမှာမှ မောင်မောင်နဲ့မကြီးကို မေးမြန်းပြီး စကိုက်သုံးတတ်အောင် သင်တယ်။ ကိုယ်က အမေအပါအဝင် အမျိုးသမီးတွေအားလုံး အမှီအခိုကင်းကင်းနဲ့ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ယောက်ျား သေသွားခဲ့ရင်၊ နောက်မိန်းမယူသွားခဲ့ရင် ဘယ်သူ့ကို သွားအားကိုးမလဲ။ နောက်ယောက်ျားယူမယ်လို့ လွယ်လွယ်မတွေးနဲ့ အဲဒီယောက်ျားက အလုပ်မလုပ်ဘဲ မိန်းမလုပ်စာ ထိုင်စားတဲ့ ငပျင်းဆို ဘယ်လိုလုပ်မလဲ။ အဲဒီလို အလုပ်မလုပ် မိန်းမလုပ်စာ ထိုင်စားတဲ့ယောကေ်ျား ကိုယ် စင်္ကာပူကျောင်းတက်တုန်းကနေတဲ့အိမ်မှာ တွေ့ဖူးတယ်။ အလုပ်ရှာရခက်တယ်လို့ပြောရအောင်လည်း စင်္ကာပူပိုလီကျောင်းပြီးထားတဲ့သူ အလုပ်တကယ်လုပ်ချင်စိတ် မရှိလို့ပါ။ အလုပ်မလုပ်ဘဲ မိန်းမလုပ်စာ ထိုင်စားတဲ့ကောင်ဆိုပြီး ကြည့်မရဘူး အမြင်ကပ်တယ် စိတ်ထဲမှာ ဘယ်လိုမှ မလေးစားဘူး အထင်သေးတယ်။

ကိုယ့်တူတော်မောင်

ကိုယ်တို့ညီအစ်မတွေ အဒေါ်ရာထူး ရလိုက်ပါပြီ။ မေလ ၁ ရက်နေ့မှာတော့ မောင်မောင့်မိန်းမက သားယောက်ျားလေး မွေးတယ်။ ကလေးလက်က ကိုယ့်အမေနဲ့ကိုယ်လို  ခပ်ကြီးကြီးဆိုလို့ ဝမ်းသာရသေးတယ်။ အင်း... သူ့အဖေလို သူများချတာချည်း ခံလာရမဲ့ကလေး မဟုတ်ဘဲ ကိုယ့်လို ဇတ်ဇတ်ကြဲလေး ဖြစ်စေချင်မိသား။ သွေးသားတော်စပ်တယ်ဆိုတော့ ဓာတ်ပုံထဲမှာ မြင်လိုက်တာနဲ့ကို ချစ်ရတာပါပဲ။ ကလေးက ဟိုဖက်၊ ဒီဖက် နှစ်မိသားသားစုလုံးရဲ့ ပထမဆုံးကလေးဆိုတော့ အဘိုး၊ အဘွားတွေ၊ အဒေါ်တွေကတော့ သည်းသည်းလှုပ်ကြမှာပဲ။ ကလေးကို အစားမရှောင်စေဘဲ အကုန်လုံး‌ကျွှေး၊ ဒီအရွယ်မှာ အာဟာရပြည့်အောင် ကျွှေးပါမှ ညဏ်ရည်ဖွံ့ဖြိုးမှာမို့ အစားကို ဂရုစိုက်ကျွှေး၊ မြေးဦးလေးဖို့ အလိုတအားမလိုက်ဘဲ၊ တချိန်လုံး ပွေ့ချီမထားဘဲ ကိုယ့်အားကိုယ် ကိုးတတ်အောင်၊ တာဝန်သိစိတ်ရှိအောင် ပြုစုစောင့်ရှောက်စေချင်တယ်။ မောင်မောင်ဟာ ကိုယ်တို့မျက်စိအောက်မှာတင် လူဖလံလေးကနေ ကလေးအဖေတစ်ယောက် ဖြစ်လာတာ မယုံနိုင်စရာဘဲ။ မရင့်ကျက်သေးတဲ့ ကလေးသာသာ လူငယ်လေးတစ်ယောက် အဖေဖြစ်လာတဲ့အခါ သူ့သားတော်မောင်ကို ဘယ်လိုမျိုးများ ဆုံးမပဲ့ပြင်ကိုင်တွယ်မှာပါလိမ့်။ အဖေဖြစ်လာတော့မှ မိဘမေတ္တာကို နားလည်လာပြီး မိဘတွေကို ကိုယ်ချင်းစာတော့မယ် ထင်ပါရဲ့(မထင်ပေါင်) ။ သူ့သားဓာတ်ပုံလေးကို ဖေ့ဘွတ်မှာ My baby ! I am very happy time လို့ တင်တော့ မမြင်မတော်ရင် မပြောဘဲ မနေနိုင်တဲ့ကိုယ်က မောင်မောင်ရေ အင်္ဂလိပ်လို ရေးမယ်ဆိုလည်း မှန်အောင်ရေး I am very happy (or) I have very happy time လို့သုံးမှ မှန်တယ်... နင့်ဟာက အင်္ဂလိပ်စာညံ့မှန်း ကြေငြာမောင်းခတ်နေသလိုပါလားလို့ ပြောရသေးတယ်။ မကြီးက သူလည်း သိပေမဲ့ မပြောတော့ပါဘူးလို့ နေတာတဲ့။

ဝိုင်းကို ပြောပြတော့ သူ့တူတော်မောင်တွေလည်း ဖေ့ဘွတ်မှာ အင်္ဂလိပ်လို ဂပေါက်တိဂပေါက်ချာရေးလို့ သူ့မှာ အမှားပြင်ပေးနေရတယ်တဲ့။ မောင်မောင်ဟာ အင်္ဂလိပ်စာ အတော်ညံ့တယ်။ အလယ်တန်းပဲ တက်ဖူးတဲ့ အဖေက သူ့ထက်တောင် ဂရန်မာတွေ သိသေးတယ်။ ငယ်ငယ်တုန်းက လက်ရေးလှအောင် မကြီးက မျဉ်းတွေတားပြီး ရေးခိုင်းတယ်။ တက္ကသိုလ်ကျောင်းသား မောင်မောင်ရဲ့ စာအုပ်ကို မြင်လိုက်ရတဲ့အခါ အဖေ့ခမျာ ဟိုက်ခနဲ သွေးတက်သွားဖူးတယ်။ သူ့သားတော်မောင် တက္ကသိုလ်ကျောင်းသားဖြစ်သူရဲ့လက်ရေးက ပဲပင်ပေါက် မုန်တိုင်းဝင်မွှေသွားတဲ့ လက်ရေးကို တွေ့လိုက်ရလို့လေ။ ဖိနပ်ကို ညီညီချွှတ်ဖို့ ဘယ်လောက်သင်သင် ဘယ်တော့မှ မချွှတ်ဘူး။ ပစ္စည်းတွေကိုလည်း မရိုသေဘူး စည်းကမ်းမရှိဘူး။ မအေဖြစ်သူက အိမ်နဲ့အမေကို တခါမှမခွဲဘူး၊ ကုမ္ဗဏီမှာလုပ်ရင် လမ်းစရိတ်နဲ့တင် ဘာမှမကျန်ဘူး အချိန်ကုန်လူပန်းတာပဲ အဖတ်တင်တယ်ဆိုပြီး အပြင်အလုပ်မလုပ်၊ ဘွဲ့နှစ်ဘွဲ့ရထားပေမဲ့ မြို့ထဲတောင် မသွားတတ်တဲ့ ကိုယ့်ယောင်းမ ငတုံးမ၊ ဖအေဖြစ်သူက အသုံးမကျတဲ့ ကိုယ့်မောင်။ ဒီနှစ်ယောက်က မွေးလာတဲ့ ကိုယ်တို့မျိုးဆက်သစ်တွေကတော့ ဘယ်လိုနေမလဲမသိ။ ယောက်ျားကို ဘယ်လောက်တောင်များ ချစ်သလဲလို့ ကလေးက အဖေနဲ့တရုပ်တည်းတူအောင် မွေးတတ်တယ်လို့ မောင်မောင့်မိန်းမ သူငယ်ချင်းတွေက ပြောကြတယ်။ ကလေးက အဖေချော၊ အမေချောဆိုတော့ ချောပါလိမ့်မယ်။ ဒါပေမဲ့ အကျင့်စရိုက်ကတော့ သူ့အဖေ မောင်မောင်နဲ့ တစက်ကလေးမှ မတူချင်ဘူး။ သူ့အဘိုး ကိုယ်တို့အဖေ၊ သူ့အဒေါ် ကိုယ်တို့ညီအစ်မတွေရဲ့ ထက်မြက်တာကိုတော့ သွားတူစေချင်သား။

ဝိုင်းကို ပြောပြတော့ သူ့အဖေလည်း အဲဒီလို ပြောဖူးတယ်တဲ့။ ဝိုင်းအထက်က အစ်မလတ်က ဟနွိုင်းက ကုမ္ဗဏီတစ်ခုမှာ ရာထူးခပ်ကြီးကြီး၊ luxury တိုက်ခန်းပိုင်ရှင်၊ ဝိုင်း ထိုင်း၊ ပြင်သစ်မှာ ကျောင်းသွားတက်တော့ ကျောင်းစရိတ်တွေကို အစ်မလတ်က ထောက်ပံ့တာ။ ဝိုင်းဆိုရင်လည်း ထိုင်း၊ ပြင်သစ်မှာ အမ်ဘီအေပြီး အီတလီက ယူအန်မှာ ၇ နှစ်၊ နယူးယောက်မှ အလုပ်လုပ်နေတာဆိုတာ သူတို့ ညီအစ်မက နှစ်ယောက်က ထက်မြက်တယ်။ ဝိုင်းအစ်မအကြီးဆုံးက ဗီယက်နမ်တောင်ပိုင်းမှာ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက် မွေးထားတယ်။ ဝိုင်းအဖေက သူ့မြေးမကို နင့်အမေ ငတုံးမနဲ့ သွားမတူနဲ့နော်၊ နင့်အဒေါ်တွေလို ထက်မြက်တာမှာ သွားတူလို့ပြောသတဲ့။ ဝိုင်းတူမကလည်း ကြည့် သမီးဆံပင်အရောင်က အဒေါ်တွေနဲ့တူတယ်၊ အဒေါ်တွေလို ထက်မြက်မှာပေါ့လို့ ပြန်ပြောသတဲ့။ ဝိုင်းအစ်မအကြီးဆုံးကလည်း မောင်မောင့်လို  ကံကောင်းတယ်။ ဝိုင်းတို့ညီအစ်မလို ကြိုးစားအားထုတ်စရာမလိုဘဲ ညီမတွေကောင်းမှုနဲ့ ဥရောပတခွင်၊ အမေရိကန်ကို ရောက်ဖူးတယ်။ နာမည်ကြီးဘရန်းအိတ်တွေ ကိုင်ရတယ်။ သူ့သမီးတွေကိုလည်း ဝိုင်းတို့ညီအစ်မတွေက ထောက်ပံ့တယ်။ မောင်မောင်၊ ဝိုင်းအစ်မအကြီးဆုံးလို တချို့လူတွေဟာ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ဖို့မလိုဘဲ ကုသိုလ်ကံ သိပ်ကောင်းကြတယ်။ ကိုယ့်တူတော်မောင် ကြီးလာတဲ့အခါ မင်းအမေ ငတုံးမ၊ မင်းအဖေ ငပျင်းကောင်နဲ့ သွားမတူလေနဲ့နော် မင်းအဘိုး၊ မင်းအဒေါ်တွေလို ထက်မြက်တာမှာ သွားတူနော်လို့ ပြောနေလေမလား။ တကယ်လို့သာ ကိုယ့်တူတော်မောင်ဟာ သူ့အဘိုး ကိုယ်တို့အဖေ၊ သူ့အဒေါ် ကိုယ်တို့ညီအစ်မလို  ထက်မြက်တာတွေမှာ သွားမတူဘဲ သူ့အဘေး ကိုယ်တို့အဘိုး၊ သူ့အဖေ မောင်မောင်နဲ့များ သွားတူလို့ကတော့ ...
.
.
.
အင်း...အဲ့ဒီတော့လည်း မျိုးရိုးထဲမှ ဆိုးပေးကြီးများ စီးရီးစ်တွေ ဆက်ရေးရတာပေါ့လေ။

စန်းထွန်း
မတ် ၁၇ ၊ ၂၀၁၅။

Happy St. Patrick's Day !

ရေးခဲ့ပြီးတာက
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၁
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၂
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၃
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၄

Bear Mountain သွား တောလား...

အသိမိတ်ဆွေတွေရဲ့ Bear Mountain ပျော်ပွဲစားထွက်ကြတဲ့ ဓာတ်ပုံတွေကို ဖေ့ဘွတ်မှာ မြင်လိုက်ရတဲ့အခါ ဝက်ဝံတောင်ကို သွားချင်ပြန်ရော။ ဝိုင်းကို ပြောပြတော့ သွားရအောင်လေတဲ့ ဂူဂယ်မှာ ရှာဖွေကြည့်တော့ နယူးယောက် Port Authority Bus Terminal ကနေ မနက် ၈ နာရီ ၄၅ မိနစ်မှာ ထွက်တဲ့ဘတ်စ်ကား ရှိတယ်။ ၂၀၁၄  သြဂုတ် ၂၂ မှာ သွားခဲ့တာဆိုတော့ Cold Spring သွားပြီး နောက်တစ်ပတ်ပေါ့ တစ်နှစ်တောင် ပြည့်တော့မယ်။ ဝိုင်းရေ ဒီနှစ်နွေရာသီရောက်ရင် ဝက်ဝံတောင်ဆီ ဟိုက်ကင်းထွက်ရအောင်လေဆိုတော့ ဆောင်းဦးပေါက်မှာ သွားရအောင်တဲ့။ နွေရာသီမှာ စိမ်းစိုအေးမြတဲ့ ဝက်ဝံတောင်ကို တွေ့ထားပြီးပြီဆိုတော့ သစ်ရွက်တွေ အရောင်ပြောင်းချိန်မှာ ဝက်ဝံတောင်အလှကို မြင်ဖူးချင်သား။ ပို့အသော်ရတီဘတ်စ်ကားဂိတ်ကနေ ဟော်လန်တန်နယ်ကိုဖြတ်ပြီး နယူးဂျာဆီပြည်နယ်ကနေ မြောက်ဖူးစူးစူးကို ၁ နာရီခွဲလောက် မောင်းရပါတယ်။ မနက်အစောကြီး ထလာရလို့ အိပ်ရေးမဝလို့ပဲလား၊ ကားကပဲ အကွေ့အကောက်လမ်းတွေကို မောင်းရလို့လားမသိ ကားမူးချင်သလို ဖြစ်တယ်။ ဝက်ဝံတောင်ကို ရောက်ပါပြီခင်ဗျာဆိုလို့ ဆင်းလိုက်တော့ ကွင်းပြင်ထဲမှာ အဆောက်အဦးတစ်ခုကို ဝန်းရံထားတဲ့ တောင်စဉ်တောင်တန်းတွေ၊ ကွေ့ပတ်စီးဆင်းနေတဲ့ ဟတ်ဆန်မြစ် တွေ့တယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာ အပြန်ဘတ်စ်ကားကို စောင့်ရမလဲမေးတော့ ဒီနေရာမှာပဲတဲ့။

နောက်က အဆောက်အဦးက Inn 
မြင်ရတဲ့ အများသုံးအိမ်သာရှိတဲ့ အဆောက်အဦးကို ဆယ့်ငါးမိနစ်လောက်တော့ လျှောက်ရတယ်


မြင်ရတဲ့ အဆောက်အဦးက Inn ပါတဲ့ စားသောက်ဆိုင်နဲ့တူတာဆိုလို့ ဘာမှမရှိ။ ကားကြီးကားငယ် အသွယ်သွယ်နဲ့ လာရောက်ကြပြီး ကန်တဝိုက်မှာ ဘာဘီကျူးဖို့ ပြင်ဆင်နေကြတယ်။ ဝိုင်းရေ ကိုယ်တို့ မုန့်တွေသယ်လာတာ မှန်သွားပြီ မုန့်ရောင်းတဲ့ စက်ကလေးတွေ ရှိပေမဲ့ ကိုယ်တို့မကြိ ုက်တဲ့ snack တွေ။ မနက်က အိပ်ယာက ဝုန်းကနဲထ ရေခပ်မြန်မြန်ချိုးပြီး ဘတ်စ်ကားဂိတ်ကို သွားရတာမို့ မနက်စာစားချိန် မရှိဘူး။ ဝက်ဝံတောင်ရောက်တော့ ၁၁ နာရီ ထိုးလုပြီ ဗိုက်ဆာနေလို့ ဝမ်းအရင်ဖြည့်ရတယ်။ ကိုယ်က ကိုယ်တိုင်လုပ် ဆန်းဒွက်စ် ကိုယ်တိုင်လုပ်ဆိုလို့ အထင်မကြီးလိုက်နဲ့ ပေါင်မုန့်နှစ်ချပ်ကြား မန်ရွန်းနီးစ်သုတ် တူနာထည့် ချီးစ်တပြား ပစ်ထည့်ထားတဲ့ ဆန်းဒွစ်၊ ဝိုင်းက ထမင်းကြော်။ တောက်တက်ထရေးလမ်းတွေမှာ အလွယ်ဆုံးလမ်း၊ ဒေးဗစ် ပြောလိုက်တဲ့ အပါလာချိန်းလမ်းကို ရွေးလိုက်တယ်။ ဝက်ဝံတောင်တက်လမ်းက ကိုးစပရင်းက တောင်တက်လမ်းလို မပြေဘူး မတ်စောက်တယ် ကျောက်လှေကားထစ်တွေနဲ့။ သစ်ပင်တွေက ကိုးစပရင်းထက် ပိုစိမ်းညှို့တယ်။ ကိုးစပရင်းက မြို့ ဝက်ဝံတောင်က National Park ။ ကိုယ်တို့ရဲ့ Photography Hiking အတိုင်း ၁၀ မိနစ်လောက် တောင်တက်၊ ၅ မိနစ်လောက် ဓာတ်ပုံရိုက်တော့ လူတွေအကုန်လုံး ကိုယ်တို့ကို ကျော်တက်သွားကြတယ်။ မိနစ် ၂၀ လောက် တက်ပြီးတော့ နည်းနည်းလေး မောလာပြီ။ အကွေ့မှာ ဟတ်ဆန်မြစ်ကို မြင်ရတယ်။



အကွေ့မှာ အနားယူအပန်းဖြေနေတဲ့ စပန်းနစ်အန်ကယ်ကြီးကို တောင်ထိပ်ကို ဝေးသေးလားလို့ မေးကြည့်တော့ နာရီဝက်လောက် တက်ရဦးမယ်တဲ့ ဟယ်မလေး တောင်တကယ် တက်နေရပါလား။ အမြင့်ပိုင်းကို ရောက်လာလို့ ဘေးပတ်ဝန်းကျင်ကို အပေါ်စီးက မြင်ရတယ်။ အကွေ့ရောက်တော့ ကားလမ်းမကြီးပေါ် ရောက်တယ်။ ဆယ့်ငါးမိနစ်လောက် ကားလမ်းအတိုင်း ပြေပြေလေး လျှောက်လိုက်တော့ outlook ကို ရောက်တယ်။ outlook ကနေ ဘေးမှာ ရစ်ခွေစီးဆင်းနေတဲ့ ဟက်ဆန်မြစ်၊  စိမ်းညှို့နေတဲ့ တောင်စဉ်တောင်တန်းတွေ၊ ကိုယ်တို့စတက်လာခဲ့တဲ့ တောင်ခြေ၊ ကားပါကင်ဝင်း၊ ဟက်ဆန်မြစ်ကို ဖြတ်ကျော်ဖောက်လုပ်ထားတဲ့ တံတားတို့ကို မြင်ရတာ အင်မတန် သာယာတယ်။ စက်ဘီးစီးသမားတအုပ်လည်း အဲဒီနေရာမှာ အနားယူကြတယ်။ တောင်ပေါ်က ဆင်းလာတဲ့ ကားပေါ်က အန်ကယ်ကြီးကို တောင်ထိပ်ဘယ်လောက်ဝေးလဲ မေးကြည့်တော့ ၁ မိုင် ငါးမိနစ်သာသာတဲ့။ ကားနဲ့ ငါးမိနစ်ဆိုတာ လမ်းလျှောက်ရင် နာရီဝက်ပေါ့။ တစ်ယောက်တည်း တောင်တက်လာတဲ့ အိန္ဒိယသားလေးက ဗွီဒီယိုချက်နဲ့ ဗျူးပွိုင့်မြင်ကွင်းကို ပြနေတယ်။ ဆယ်မိနစ်လောက် နားပြီးတော့ စက်ဘီးတစ်အုပ်၊ အိန္ဒိယသားလေး၊ ကိုယ်တို့ တောင်တက်ကြတယ်။ ဆယ့်ငါးမိနစ်လောက်  ရောက်တဲ့အထိ တောင်ထိပ်နဲ့တူတာလည်း မတွေ့တော့ အချိန်ကလည်း ၂ နာရီ တီးနေပြီဆိုတော့ ပြန်ဆင်းသင့်နေပြီမို့ ပြန်လှည့်လာခဲ့တယ်။


တောင်တက်နေစဉ်မှာ မြင်ရတဲ့ Hudson ဟက်ဆန်မြစ်
ပထမဆုံး တွေ့ရတဲ့ outlook


ဗျူးပွိုင့်မှာ နားနေတုန်း အိန္ဒိယသားလေးက ပြန်ရောက်လာလို့ အကူအညီတောင်းပြီး ကိုယ်တို့နှစ်ယောက် ဓာတ်ပုံရိုက်ခိုင်းတယ်။ တောင်ထိပ်ရောက်ခဲ့လားမေးတော့ ရောက်ခဲ့လို့ ပြန်ဆင်းလာတာတဲ့။ ဟင် ဒါဆို တောင်ထိပ်က မဝေးဘူးပေါ့ အင်းလေ ဟိုနားလေးမှာ တောင်ထိပ်သို့ဆိုတဲ့ ဆိုင်းဘုတ်ကနေ ဖြတ်တက်သွားတာ ငါးမိနစ်လောက်ပဲ ကြာတယ်။ ကားလမ်းကနေ သွားရင်တော့ ကြာတာပေါ့။ တောင်ထိပ်မှာ ဘာရှိလဲ ဘာမှမရှိပါဘူး တောင်ထပ်မှာ ရှင်းနေတာပဲ အဆောက်အဦးတစ်ခုတော့ ရှိတယ် ဘာဘီကျူးကင်နေတာတွေမှ တောင်ထိပ်အပြည့် ရှူခင်းကတော့ တကယ်လှတယ်။ ဝိုင်းကို ပြန်သွားမလားမေးတော့ မသွားတော့ပါဘူး နောက်တစ်ခေါက်မှပေါ့တဲ့။ အဆင်းကျတော့ နည်းနည်းသတိထားရတယ်။ ကွင်းပြင်ကြီးကိုဖြတ်ပြီး အိမ်သာရှိတဲ့ အဆောက်အဦးကို သွားကြတော့ ကလေးတွေ ဘော့လုံးကန်၊ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားနေကြတယ်။ အိန္ဒိယသားလေးကို တွေ့တယ် သူ့ကောင်မလေးနဲ့ သူ့ကောင်မလေးက တောင်လိုက်မတက်တော့ သူက တောင်ပေါ်က မြင်ရတဲ့မြင်ကွင်းတွေကို ဗွီဒီယိုစကိုက်နဲ့ ပြနေတာနေမှာ။ ဗွီဒီယိုကနေ မြင်ရတဲ့မြင်ကွင်းထက် ကိုယ်တိုင်မျက်စိနဲ့ မြင်ရတဲ့မြင်ကွင်းက ကွာတယ်။ ကန်ဘေးမှာ နေ့လည်စာ ထပ်စားကြတယ်။

ဒီ outlook မှာတော့ ကား၊ စက်ဘီး၊ လူတွေ အကုန်ရပ်ပြီး ကြည့်ကြတယ်... ရှုခင်းက အတော်လှတယ်...
ဒီမြင်ကွင်းနဲ့တောင် ၁ နာရီ တက်ရကျိုး နပ်တယ်....


ကန်မှာလည်း ဘုတ်သင်္ဘောစီးတဲ့သူ၊ ငါးမျှားတဲ့သူ၊ ကန်ဘေးပတ်လည်မှာ ဘာဘီကျူးကင်တဲ့သူ၊ လမ်းလျှောက်တဲ့သူတွေနဲ့ စည်ကားတယ်။ အဘိုးကြီးတစ်ယောက်က သူ့မြေးဖြစ်သူကို ငါးမျှားနည်း သင်နေတယ်။ ကလေးက သုံး၊ လေးနှစ်သာသာ ငါးမျှားတံလေးနဲ့ ငါးမျှားနေတာ ချစ်စရာလေး။ မောင်မောင်လည်း ရွာမှာတုန်းက ငါးမျှားတာ ငါးတွေမိတယ်။ ကိုယ်ကတော့ ငါးမျှားတံကို ငြိမ်ငြိမ်လေးကိုင်ပြီး မျှားရတာကို စိတ်မရှည်တာ။ စင်္ကာပူရုံးက မလေးရှားမလေး ထိန်ထိန်ကတော့ သူ ငါးမျှားရင် ငါးတစ်ကောင်မှ မမိဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူက အရမ်းစကားများတော့ ငါးတွေက နားညည်းလို့ သူ့နားကို မလာကြလို့တဲ့။ ယူအက်စ်ကျောင်းမှာတုန်းက နွေရာသီကျောင်းပိတ်ရက်မှာ ခရီးသွားဖို့လည်း ပိုက်ဆံမရှိကြတော့ ကျောင်းနားကရေကန်မှာ ငါးသွားမျှားကြတယ်။ ငါးတကယ်မျှားတာက နှစ်ယောက် အဖော်လိုက်ကြတာက ၁၅ ယောက် မိတာက တစ်ကောင်။ မေရီလန်းမှာတုန်းက နွေရာသီတစ်ရက်မှာ ဆီနီကာပန်းခြံကို ငါးမျှားထွက်ကြဖူးတယ်။ ဘာဘီကျူးကင် စားပြီးတော့ ဆူနမ်နဲ့အမ်းထရူးက ငါးမျှား၊ ရာမားနဲ့ကိုယ်က တောင်စောင်းလေးမှာ ဖျာခင်းပြီး အိပ်တော့တာပဲ။ လေက တဖြူးဖြူးတိုက်လို့ ကြည်လင်နေတဲ့ ရေကန်ပြင်မှာ စိမ်းညှို့နေတဲ့ သစ်ပင်ရိပ်တွေကို ကြည့်လိုက်၊ အိပ်လိုက်၊ ကောင်းကင်ပြာပြာမှာ မျောလွင့်နေတဲ့ တိမ်ဆိုင်ဖြူဖြူတွေကို ငေးလိုက်ပေါ့။ အမ်းထရူးက ငါးလေးကောင်တော့ မိပါရဲ့ လီလီပေါ့သာသာလေးတွေမို့ ပြန်လွှတ်လိုက်တယ်။




ကန်ရေပြင်က စိမ်းလဲ့နေတယ်။ သစ်ပင်စိမ်းညှို့ညှို့တွေအောက်ကနေ ကန်တပတ် လမ်းလျှောက်ရတာ တောတောင်စိမ့်စမ်းထဲ ရောက်နေသလို ခံစားမိတယ်။ လေးနာရီထိုးတော့ ဘတ်စ်ကားဂိတ်ဆီ သွားကြတယ်။ အလာတုန်းက ချပေးခဲ့တဲ့ နေရာပါပဲ။ ဘတ်စ်ကားမှတ်တိုင်လည်း မတွေ့လို့ ကားတွေရှင်းပေးနေတဲ့ လုံခြုံရေးကောင်မလေးကို မေးကြည့်တော့ ဒီနားမှာပဲ ရပ်ပါတယ်တဲ့။ သစ်ပင်အောက်မှာ ထိုင်နေကြတဲ့ သူတွေက ကိုယ်တို့လိုပဲ ဘတ်စ်ကားစောင့်နေကြတာ ထင်တယ်။ သိပ်မကြာပါဘူး ဘတ်စ်ကားလာတယ် ဘတ်စ်ကားမှာ လူတောင် မပါလာဘူး။ ဝက်ဝံတောင်မှာ လူတော်တော်များများ တက်ကြတော့ ကားပြည့်သွားတယ်။ တချက်တချက်မှာ မြင်ရတဲ့ ဟက်ဆန်မြစ်ကို လှမ်းကြည့်လိုက်၊ တခါတလေ အိပ်ငိုက်လိုက်နဲ့ ည ၆ နာရီလောက်မှာ ပေါ့အသော်ရတီ ဘတ်စ်တာမစ်နယ်ကို ဝင်တယ်။ အိပ်ရောက်တာနဲ့ ရေချိုး ညနေစာစားပြီးတာနဲ့ တန်းအိပ်တော့တာပဲ။ ဝက်ဝံတောင်သွားတက်တာ ခြေသလုံး ၃ ရက်လောက် နာနေသေးတယ်။ ဝိုင်းကို ပြောပြတော့ သူလည်း နာတယ်တဲ့။ ဝိုင်းရဲ့ လည်ဆွဲလေးက အာဖရိကနိုင်ငံ တန်ဇနီးယားက ဝယ်လာတာပါတဲ့။ ဝက်ဝံတောင်ဟာ နယူးယောက်ကနေ မြောက်ဖက်စူးစူး တနာရီခွဲသာသာ အဝေးမှာ ရှိပါတယ်။ သစ်ပင်၊ တောတောင်၊ ရေကန်၊ ဟက်ဆန်မြစ်နဲ့ အင်မတန် သာယာလှပပါတယ်။




ဆောင်းဦးရာသီဆို ဟက်ဆန်မြစ်အတိုင်း ဆန်တက်လို့ နယူးယောက် upstate ရဲ့ ဆောင်းဦးအလှဟာ ဘော့စတွန်အထက်ဖက် မိန်းပြည်နယ် နယူးအင်္ဂလန်ဒေသက ဆောင်းဦးလို အင်မတန် လှပါတယ်တဲ့။  ဒီနှစ်ဆောင်းဦးရာသီချိန်မှာ ဝက်ဝံတောင်ဖက်ကို ဖိုတိုဂရပ်ဖီဟိုက်ကင်း ထွက်ခဲ့ရင် ဓာတ်ပုံတွေ တင်ပါဦးမယ်။ ဒီနှစ်ဆောင်းတွင်းဟာ အင်မတန် ဆိုးဝါးပါတယ် နှင်းမုန်တိုင်းတွေ အများကြီးတိုက် နှင်းတွေကလည်း စံချိန်သစ်တင် ဘော့စတွန်ဖက်မှာဆို နှင်းထုက လက်မ ၁၀၀ ကျော် ကျတယ်။ အေးလွန်းလို့ တဆောင်းတွင်းလုံး ပိတ်ရက်တွေမှာ ဘယ်မှ မသွားဖြစ်ဘူး အိမ်တွင်းအောင်းရတယ် ဒီတော့ ပို့စ်တွေ တဂျောင်းဂျောင်းရိုက်ပြီး တင်ဖြစ်တယ်။ ဒီနှစ်ဆောင်း တော်တော်ကြာတယ်လို့ ခံစားမိတယ်။ ဒီဇင်ဘာလက ကွန်နက်တီကပ်ပြည်နယ်ဖက်ကို ခရီးထွက်ခဲ့တာ နောက်ဆုံးဆိုတော့ ခရီးမသွားဖြစ်တာ သုံးလနီးပါးရှိပြီ။ ကိုယ့်စိတ်ထဲမှာ ခရီးမသွားတာ အတော်ကြီးကြာပြီ  ခြောက်လလောက်ရှိပြီလို့ ခံစားမိတယ်။ ခုတော့ daylight saving လည်း ပြန်စပြီ ရာသီဥတုကလည်း နွေးလာပြီ နွေဦးရောက်ပြီ။ wide angle lens အသစ်ဝယ်ထားတယ် မစမ်းရသေးဘူး။ ဘယ်လိုပုံ ထွက်လာမလည်း မသိသေးဘူး နယူးယောက်တခွင် ခြေဆန့်လို ဟိုရိုက်ဒီရိုက် လက်ရာတွေကို မျက်စိနောက်အောင် တင်ပါဦးမယ်။

Happy Traveling !

စန်းထွန်း
မတ်  ၁၄၊ ၂၀၁၅။