အလုပ်ရှာခြင်း အနုပညာ - ၃

အရမ်းတော်တဲ့ ကျောင်းသားတွေက အမေဇုန်၊ မိုင်ကရိုဆော့ဝ်၊ အိုင်ဘီအမ်၊ ဂူဂယ်တွေမှာ အလုပ်ရကြတယ်။ တဟဲဟဲရယ်နေတတ်တဲ့ ကိုယ့်ဘော်ဒါ ကမ္ဘောဒီးယား ပန်ဒါလေး ချန်ဒရီယာဟာဆိုရင် Alogrithm နဲ့ Database ဘာသာတွေမှာ ဘီမိုင်းနပ်တွေရပေမဲ့ တစ်ပတ်အတွင်း အလုပ်ရသွားလို့ အဝေးသင်ကျမှပဲ တစ်ဘာသာအပို ထပ်ယူတော့လို့ ကျောင်းက ခွင့်ပြုလိုက်ပါတယ်။ ပေါက်ဖော်ကြီး ကျုန်းချိုင်က အသက် ၅၀ လောက် ရှိပြီ ဂျပန်မှာလည်း ၁၅ နှစ် တရုတ်ပြည်မှာလည်း ၁၀ လောက် အလုပ်လုပ်ခဲ့တော့ သူ့လုပ်သက်ကတင် တချို့တရုတ်ကျောင်းသားတွေထက် ကြီးနေသေးတယ်။ တရုတ်ကျောင်းသားအားလုံးက သူ့ကို တော်တော်လေးစားကြတယ် အလုပ်အတွေ့အကြုံများပြီး တော်တာကိုး။ ဒါပေမဲ့ သူ့အင်္ဂလိပ်အသံထွက်က အင်မတန် ဆိုးတယ် တရုတ်အချင်းချင်းတောင် နားမလည်ဘူး။ ESL တီချယ် ကာရိုလိုင်းကို ကျုန်းချိုင်ကို စိတ်ပူတာ အလုပ်ရပါ့မလားလို့ ။ အင်္ဂလိပ်စကားပြော သွက်လာအောင် ကျောင်းပိတ်ရက်တွေဆိုရင် သူ့အိမ်ဖိတ်ခေါ်ပြီး  စကားတွေ ပြောခိုင်းတယ်။ တီချယ်မှန်းတဲ့အတိုင်းပါပဲ ကျုန်းချိုင်ဟာ ၁၀ လ တစ်နှစ်နီးပါးကြာမှ အလုပ်ရတယ်။ ပါကစ္စတန်လေး အူမားဟာ တော်တဲ့အေကျောင်းသားတစ်ယောက်ပါ။ ဒါပေမဲ့ Fortune 500 တို့လို အင်မတန်ကောင်းတဲ့ ကုမ္ဗဏီတွေကိုမှ ရွေးလျှောက်တော့ ၆ လလောက် တော်တော်ကြာမှ အလုပ်ရတယ်။ ၂ လခွဲ၊ ၃ လအတွင်းမှ အလုပ်မရရင် ကျောင်းသားဗီဇာကို ထိန်းရတဲ့အနေနဲ့ ကျောင်းကိုပြန်ပြီး စီမီနာသင်တန်း တလတက်ရပါတယ်။ အသိမိတ်ဆွေ သူငယ်ချင်း မိသားစုမရှိတဲ့ ကျောင်းသားတွေကျတော့ ကျောင်းနားမှာ နေကြပြီး အလုပ်ရှာပါတယ်။ တခါတလေ ကျောင်းက အချိန်ပိုင်း အလုပ်တွေ ပေးတယ်။

မြို့ကြီးတွေမှာ အလုပ်ရမြန်တော့ ကျောင်းသားအများစုက မြို့တက်ကြတယ်။ အေကျောင်းသား မိုင်းဖန်က ကျောင်းပြီးပြီးချင်း အလုပ်ရတယ်။ ဆူနမ်၊ ရာမားက ကိုယ်တို့စီနီယာ နီပေါမှာကတည်းက တဆောင်တည်းအတူနေ၊ တကျောင်းတည်းတက် ညီအစ်မလိုခင်နေတဲ့ မေရီလန်းပြည်နယ် ဘာတီမိုးမြို့က အက်စမီတာမန်ချေးတို့အိမ်မှာ သွားနေပြီး အလုပ်ရှာတယ်။ ကမ္ဘောဒီယားလေး ဆမ်နမ်ချန်က  သူ့အစ်မရှိတဲ့ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့မှာ သွားနေပြီး အလုပ်ရှာတယ်။ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့မှာ အလုပ်ရနေပြီဖြစ်တဲ့ မိုင်းဖန်က သူ့ဆီလာဖို့ ဘတ်စ်ကားလက်မှတ် ဝယ်ပို့ပေးတယ်။ ဆူနမ်ကိုလည်း သူ့ကုမ္ဗဏီမှာ အလုပ်သွင်းပေး၊ သူ့အိမ်မှာနေခိုင်း၊ သူနဲ့အတူ ရုံးတက်၊ ပရိုဂရမ်းမင်းမကျွှမ်းတဲ့ ဆူနမ်ကို သင်ပေး။ မိုင်းဖန်တို့အိမ်မှာ နေထိုင်တဲ့ တလအတွင်း ကိုယ်စားသောက်သမျှကို ဆူနမ်နဲ့မိုင်းဖန်က အကုန်ခံပါတယ်။ အင်တာဗျူးအတွက် မေးခွန်းတွေကို အေးဂျင့်က ပို့ပေးလာတော့ တစ်ခေါက်ပဲ ကြည့်ပြီး အိပ်နေလိုက်တယ်။ ကိုယ်တို့ကျောင်းမှာ သင်တာတွေ၊ အင်တာဗျူးအတွက် ပြင်ဆင်ထားတွေထဲက ဖြစ်နေတာကိုး။ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီရုံးမှာ ဖြေတဲ့ ကိုယ့်အဖြေလွှာကို ကန်တက်ကီပြည်နယ်က ရုံးဆီ ဖတ်စ်နဲ့ ပို့ပေးတယ်။ နောက်လေးယောက်က ဖုန်းအင်တာဗျူးတော့ သူတို့ကုမ္ဗဏီအကြောင်း လေ့လာထားလား မေးတော့ မလေ့လာထားဘူး ကိုယ့်မှာ တခြားအင်တာဗျူးတွေ ဖြေနေရတယ်လို့ ပြောလိုက်တယ်။ စင်စင်နာတီမှာ အင်တာဗျူးသွားဖြေဖို့ကို မိုင်းဖန်က လိုက်ပို့ပေး၊ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့ လူတွေ့အင်တာဗျူးသွားဖို့အတွက် ဘတ်စ်ကားဂိတ်ကို လိုက်ပို့ပေး၊ တက်စ်စီခအတွက် ငွေထုတ်ပေးပါတယ်။

ဒီလို ညီအစ်မရင်းနဲ့မခြား ကူညီတဲ့ သူငယ်ချင်းတွေကြောင့် အလုပ်ရ မြန်ခဲ့ပါတယ်။ ကျောင်းကနေ ထွက်ခွာလာပြီး နှစ်ပတ်အကြာမှာ အော်ဖာရပါတယ်။ အော်ဖာလက်တာရတာနဲ့ ကျောင်းကို အရင်ပြရတယ်။ တချို့အော်ဖာ လက်တာတွေမှာ အလုပ်ဝင်ပြီးလို့ ၆ လအကြာမှာ အလုပ်ထွက်ရင် ဘယ်လောက်ပေးရမယ်ဆိုတာတွေ ကိုယ်တို့မသိနိုင်တဲ့ အကွက်တွေ အော်ဖာလက်တာမှာ ပါတတ်တာမို့ ကျောင်းက စစ်ဆေးပေးပြီး လက်ခံနိုင်ပါတယ်လို့ပြောမှ လက်ခံရတာပါ။ အော်ဖာကို လက်ခံပြီးတာနဲ့ job site တွေမှာ တင်ထားတဲ့ စီဗွီတွေကို ဖျက်လိုက်ဖို့ ကျောင်းက ပြောလာပါတယ်။ ကိုယ့်ကိုပေးတဲ့လစာက ပုံမှန်ထက် များတယ် ဒါတောင် သူအရင်ပြောတဲ့ဈေးမဟုတ်တော့ မိုင်းဖန်က အရင်ပြောတဲ့ဈေးအတိုင်း တောင်းဖို့ပြောပေမဲ့ ပုံမှန်ထက်တောင် များနေသေးတာမို့ မတောင်းတော့ပါဘူး။ တော်ကြာ တိုးတောင်းလို့ အော်ဖာမပေးတော့ရင် ဒုက္ခ။ မိုင်းဖန်ဆို ကုမ္ဗဏီက ဟိုတယ်မှာ တလဘွတ်ပေးထားတယ် ပြီးမှ အိမ်ခန်းရှာရတယ်။ တချို့ကုမ္ဗဏီတွေ relocation assistance ငွေ ထုတ်ပေးတယ်။ မိုင်းဖန်က အဲဒီကုမ္ဗဏီကထွက်ခွာတော့မဲ့ စီနီယာရဲ့အိမ်ခန်းကိုပဲ ဆက်ယူလိုက်တယ်။ ယူအက်စ်ကျောင်းမှာ တခုကောင်းတာက စီနီယာ၊ ဂျူနီယာအချင်းချင်း ကူညီကြတယ်။ ပြောင်းရွှေ့ကြေးအတွက်တောင်းတော့ ၅၀၀ ပေးပေမဲ့ အခွန် ၁၅၀ ဆောင်ရလို့ ၃၅၀ ပဲ ရလိုက်တယ်။ ကန်တက်ကီကိုပြောင်းတော့ ပစ္စည်းသိပ်မများသေးဘူး ယူအက်စ်ကို လာတုန်းကအတိုင်း လက်ကေ့စ်နှစ်အိတ်၊ ဟမ်းကယ်ရီတစ်ခု။ Aroma ထမင်းပေါင်းအိုးလေးကို တကူးတက မှာဝယ်ထားတဲ့ ဆူနမ်က သူက မိုင်းဖန်နဲ့ တအိုးတည်း စားနေတာ ကန်တက်ကီကိုရောက်ရင် နင် ပေါင်းအိုးလိုလိမ့်မယ် ယူသွားဆိုပြီး အတင်းထည့်ပေးလိုက်တယ်။

Yayyy ! We graduate !
SA 29 Graduation day Sept 2, 2009 ISS - NUS

ဟုတ်ပါ့ ကန်တက်ကီအိမ်က အမေရိကန်အိမ်ဆိုတော့ fully furnished ပန်းကန်ခွက်ယောက် အကုန်လုံး သူ့ဟာယူသုံးဆိုပေမဲ့ ထမင်းပေါင်းအိုး မရှိဘူး။ ဆူနမ်က အဲဒီလို အမြှော်အမြင်ကြီးတယ်။ ဒီလိုနဲ့ အလုပ်အသစ်၊ မြို့အသစ်၊ အိမ်အသစ်၊ လူအသစ်မှာ နေသားတကျဖြစ်ဖို့ ကြိုးစားရတာ ခြောက်လလောက် ကြာတယ်။ နင်ရှေ့မှာ သုံးယောက်ဖြုတ်ထားတယ် သတိထား ကြိုးစားနော်လို့ တူရကီလေး မူဆာဖာ သတိပေးလာတဲ့နေ့ကဆို ဖျားချင်သလိုတောင် ဖြစ်တယ်။ နောက်တော့ ဆူပါဗိုက်ဆာဂျာရတ်က စန်းစန်း နင် အလုပ်ရှာနေလား အမြဲတမ်းအလုပ်အတွက် မန်နေဂျာကို ထောက်ခံပေးမယ်ဆိုတော့ ဝမ်းသာလိုက်တာ။ နောက်တော့ ဘတ်ဂျက်ကြောင့် အမြဲတမ်း မခန့်နိုင်တော့ဘူး ကွန်းထရပ်ကုန်ရင်လည်း ထပ်တိုးမှာ မဟုတ်တော့ အလုပ်ရှာတဲ့ အင်တာဗျူးသွားမယ်ဆိုရင်လည်း ခွင့်ယူလို့ရတယ်တဲ့။ ကွန်းထရပ်တောင် မကုန်သေးဘူး လေးအော့ဖ်ဖြစ်တော့တာပဲ။ အမေရိကန်ကုမ္ဗဏီအများစုက လေးအော့ဖ်ရင် ကွန်ပျူတာကို မထိနဲ့တော့ ပစ္စည်းတွေကို သိမ်းပေးပြီး ချက်ချင်းထွက်သွားခိုင်းတတ်တာ အမေရိကန်ထုံးစံပါ။ အဲဒီလို ဖြစ်လာခဲ့ရင် ကိုယ်ဝမ်းနည်းနေမှာစိုးလို့ အိမ်ရှင်အမေရိကန်မ မန်ဒီက သတိပေးပါတယ်။ ဆူပါဗိုက်ဆာတွေနဲ့ နေ့လည်စာစား အေးအေးလူလူရှိတဲ့ ရုံးနောက်ဆုံးရက်မှာ ဝမ်းနည်းပက်လက် ငိုမိတယ် ကန်တက်ကီရုံးကို တွယ်တာနေတာကိုး။ ခုချိန်ထိ ကန်တက်ကီလို့ကြားတိုင်း ကန်တက်ကီရုံး၊ ကန်တက်ကီမြေကို လွမ်းနေမိတုန်း။ မေရီလန်းကို ရောက်နေတဲ့ ဆူနမ်၊ ရာမားက သူတို့ဆီမှာ လာနေပြီး အလုပ်ရှာဖို့ပြောတယ်။ အလုပ်မရှိတဲ့အချိန် အိမ်လခ၊ ကားဆီဖိုး၊ ကား၊ ကျန်းမာရေးအာမခံ၊ ဖုန်းခ တလတလ လာတဲ့ဘေလ်မှာ အိမ်လခ သက်သာလည်း နည်းလား။ ဒါတောင် ဆူနမ်တို့က ကိုယ်ပိုင်အိမ်ခန်းငှားထားတာမို့ ခေါ်နိုင်တာ သူတို့လည်း သူများအိမ်မှာ အခန်းငှားနေရင် ခေါ်နိုင်မှာမဟုတ်။ ဖေဖေါ်ဝါရီ စာမေးပွဲပြီးမှာပဲ မေရီလန်းကို ပြောင်းတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ လေအော့ဖ်ဖြစ်ပြီး ကန်တက်ကီကနေ မထွက်ခွာခင် တလအတွင် လူဝီဗီလ်မြို့ပဲ အလုပ်တစ်ခု ရတော့မလို ဖြစ်သေးတယ်။

ကန်တက်ကီရုံးက ဆူပါဗိုက်ဆာတွေကို ဖုန်းဆက်လှမ်းမေးတော့ ဆူပါဗိုက်ဆာအကုန်လုံးက ကိုယ့်ကိုထောက်ခံပေးကြတော့ သူတို့က ကိုယ့်ကို သဘောကျပါရဲ့။ အိတ်ချ်ဝမ်းဘီဗီဇာ စပွန်ဆာပေးဖို့ကို တွန့်နေတယ် တခါမှ စပွန်ဆာမပေးဘူးတော့ ဆိုတော့လေ။ ကန်တက်ကီပြည်နယ်ရဲ့ မြို့တော်က ဖရန့်ဖွတ်ဆိုပေမဲ့ လူဝီဗီလ်မြို့က ပိုကြီးတယ်။ တစ်နာရီအဝေး ဖရန့်ဖွတ်မြို့က အစိုးရရုံးမှာ လူတွေ့အင်တာဗျူးတော့ အိန္ဒိယသားအင်တာဗျူးသူတွေကို သဘောမကျဘူး။ အော်ဖာကမ်းခဲ့ရင်တောင် လက်မခံဘူးလို့တွေးတာကို သိလို့နဲ့ တူပါရဲ့ အော်ဖာမကမ်းခဲ့ဘူး။ နောက်အော်ဖာတစ်ခုက ထူးထူးဆန်းဆန်း အင်တာလည်း မဗျူးဘဲနဲ့ အော်ဖာကမ်းလာတာ လစာလည်း မဆိုးဘူး။ ဒါပေမဲ့ ဘယ်နေ့ဘယ်ရက် ဘယ်ရုံးမှာ အလုပ်ဆင်းရမယ်လို့ မပါဘူး။ ကိုယ့်စီဗွီကိုကြည့်ပြီး အလုပ်ခန့်လိုက်တာ သူ့မှာ အလုပ်မရှိသေးဘူး  ကွန်းထရပ်ရတဲ့နေရာကို ဆင်းခိုင်းမဲ့ပုံဆိုတော့ ဆူနမ်တို့က လက်မခံနဲ့တဲ့။ လေးအော့ဖ်ဆိုတဲ့ စကားလုံးကို မသုံးဘဲ ကန်တက်ကီရုံးက ကွန်းထရပ်ပြီးသွားလို့ အလုပ်ရှာနေတာပါလို့ပြောရတယ်။ ယူအက်စ် အတွေ့အကြုံ တစ်နှစ်ရှိပေမဲ့ အိတ်ချ်ဝမ်းဘီ စပွန်ဆာပေးတဲ့ အလုပ်ရှာရတာ အင်မတန်ခက်တယ်။ အိတ်ချ်ဝမ်းဘီ စပွန်ဆာလို့ မေးလိုက်ရင် ၉၅ ရာခိုင်နှုန်းက ဆောရီးကြတာ များတယ်။ တက္ကဆပ်ပြည်နယ် အင်တာဗျူးတစ်ခုက မင်း ကြည့်ရတာ အလုပ်အပြောင်းအလဲ လုပ်ရတာ ကြိုက်ပုံရတယ်နော် တစ်နှစ်ခွဲလောက်ဆို ပြောင်းတယ် သူတို့က ရုံးမှာ အကြာကြီး လုပ်မဲ့သူ လိုချင်တာတဲ့။ ယူအက်စ်မှာ ကျောင်းတက်ဖို့အတွက် စင်္ကာပူအလုပ်ကို ထွက်လိုက်တာ၊ ကန်တက်ကီအလုပ်က ကွန်းထရပ်ကုန်သွားလို့ အလုပ်အသစ်ရှာနေတာ၊ ဘယ်အလုပ်ပြောင်းချင်ပါ့မလဲ အလုပ်အသစ်ပြောင်းရတယ်ဆိုတာ စိတ်ပင်ပန်းပါဘိ မြို့အသစ်၊ အိမ်အသစ်၊ ရုံးအသစ်၊ လူအသစ်၊ technology အသစ်တွေနဲ့ အသားတကျဖြစ်ဖို့ လွယ်တာမှတ်လို့။

ကိုယ်က ကန်တက်ကီရုံးက ပီတာလို လုပ်သက် ၃၅ နှစ် ဖြစ်ချင်တာ ကိုယ့်မှာ ဒီအခွင့်အရေး မရခဲ့ဘူး။ လူကြီးမင်းတို့ လိုချင်တဲ့ အရည်အချင်းနဲ့ မကိုက်ညီဘူး ထင်ပါရဲ့လို့ပြောတော့ နောက်အလုပ်ပေါ်ခဲ့ရင် ဖုန်းဆက်ပါ့မယ်တဲ့ အော်ဖာကမ်းရင်တောင် လက်မခံချင်ဘူး။ အဲဒီလိုမျိုး အင်တာဗျူးသူကို စိတ်ပေါက်ပေါက်နဲ့ ရန်တွေ့တာလည်း ရှိသေးတယ်။ မေရီလန်းက ရာမားတို့ကုမ္ဗဏီမှာ အမ်းထရူး ဂျူနီယာအလုပ်အတွက် အင်တာဗျူးတာ စီနီယာအဆင့်နီးပါး Security problems တွေမေးလို့ ခေါင်းကိုက်ပြီး ပြန်လာတယ်။ မေရီလန်းမှာ လူတွေ့အင်တာဗျူးသုံးခု ရပါတယ်။ မနက် ၆ နာရီခွဲမှာ တနာရီအဝေးကမြို့မှာ ရေးဖြေ။ ကွန်ပျူတာ၊ လူတွေ့အင်တာဗျူး ဖြေရတယ်။ အင်တာဗျူးဖို့ စောင့်နေရင်းမှ အမှတ်တမဲ့ ကြည့်လိုက်တော့ လား...လား... မနက်က အိပ်ချင်မူးတူးနဲ့ ဆွယ်တာကို ပြောင်းပြန်ဝတ်ခဲ့တာကိုး အိမ်သာထဲသွားပြီး ပြင်ဝတ်ရတယ်။ နောက်တစ်ခုက ဝါရှင်တန်ဒီစီ ကယ်ပီတန် Capitol နားက ရုံးမှာ အင်တာဗျူးတဲ့သူရဲ့ မျက်လုံးက အရမ်းလှတယ်။ ကိုယ့်အရင်အလုပ်က အတွေ့အကြုံတွေအကြောင်း တစ်နာရီလောက် ဗျူးတယ်။ အဲဒီရုံးလေးမှာ အလုပ်ရချင်ခဲ့တာ ကိုယ်အရမ်းနှစ်သက်တဲ့ ဆီးနိတ်၊ ဟောက်စ်ရှိတဲ့ ကယ်ပီတယ်ဘေးနားက ရုံးနေရာလေးကို သဘောကျလို့။ ၂ လခွဲ၊ သုံးလနေလို့မှ အလုပ်မရရင် ကျောင်းမှာ ဆီမီနာ ၁ လ ပြန်တက်ရတယ်။ ကျောင်းရောက်ပြီး တစ်ပတ်အကြာမှာ ဝါရှင်တန်ဒီစီရုံးက အော်ဖာကမ်းလာလို့ ပြန်ခဲ့ရတယ်။ ဒီစီရုံးကတော့ အေးအေးဆေးဆေးပဲ ကလိုင်းရင့်ဒီအိုအယ်လ် Department of Labor နဲ့ ကွန်းထရပ်ထပ်တိုးမတိုး အငြင်းပွားနေတော့ အလုပ်အသစ်မရှိဘဲ အရင်အဟောင်းကိုပဲ ထိန်းသိမ်းရတယ်။ ကိုယ့်ကျောင်းသားဗီဇာက ကုန်တော့မှာမို့ လေးဘာသာထပ်ယူပြီး ကျောင်းသားဗီဇာ တစ်နှစ်ထပ်တိုးရတယ်။ အလုပ်ဗီဇာ အဆင်မပြေသေးလို့ မဖြစ်မနေ ကျောင်းဆက်တက်နေရတာပါ ကျောင်းတက်နိုင်ကြီးသူ ကျောင်းပျော်ကြီးလို့ မထင်လိုက်ပါနဲ့။

Yes ! We can throw our caps after sweating, hardship, sleepless, tried, stressful of burden student life.
One of my proudest thing in my life is NUS alumni.

ဒီအလုပ်က မဟန်ဘူးဆိုပြီး ကိုယ်အလုပ်တွေရှာ၊ အင်တာဗျူးတွေ ဖြေနေခဲ့တယ်။ အောက်တိုဘာမှာ အစိုးရရှပ်ဒေါင်းဖြစ်လို့ ရုံးပိတ်လိုက်ရာက အစိုးရရုံးတွေ ပြန်ဖွင့်လာပေမဲ့ ကိုယ်တို့ရုံး ပြန်ဖွင့် မလာတော့ဘူး လေးအော့ဖ်ပြန်ပြီပေါ့ နှစ်ခါ။ ပထမတခေါက် လေးအော့ဖ်တော့ အင်မတန်ကြောက် စိတ်ပူတာ ဒီတခါတော့ စိတ်မပူတော့ဘူး အေးအေးဆေးဆေးပဲ လာမဲ့ဘေး ပြေးတွေ့လိုက်မယ် ဟိုကွေ့ဟိုတက်နဲ့ လှော်မယ် ဒီကွေ့ဒီတက်နဲ့ လှော်မယ်။ သုံးလနဲ့ အလုပ်မရလို့ ကျောင်းပြန်ရလည်း ဘာအရေးလဲ ဆရာ၊ ဆရာမတွေ နဲ့ တွေ့ရတာပေါ့၊ ကိုယ့်ရဲ့ ယူအက်စ် hometown လေးဆီမှာ အနားယူရတာပေါ့။ အဖေနဲ့ မကြီးက ပိုက်ဆံအတွက် စိတ်မပူနဲ့ သူတို့ ပို့ပေးမယ်တဲ့။ ယူအက်စ်လုပ်သက် နှစ်နှစ်ရှိနေပြီ၊ အင်တာဗျူးပါးလည်း ဝနေပြီဆိုတော့ အခက်အခဲ မရှိတော့ဘူး။ ဘယ်မြို့ဘယ်နေရာ ဘယ်အချိန်မှာ ရမှန်းမသိတာက ခက်တယ်။ ကော်လိုရာဒိုတက္ကသိုလ်တစ်ခုက အော်ဖာကမ်းချင်သလို။ ကိုယ့်စီဗွီကို monster တွေ့လို့ နယူးယောက်က ကုမ္ဗဏီတစ်ခု လူတွေ့အင်တာဗျူးချင်တယ်။ ဖုန်းအင်တာဗျူး အရင်ဖြေပြီး အောင်တော့မှ လူတွေ့အင်တာဗျူးလာမယ်လို့။ မနက်ဖက် ဘတ်စ်ကားစီးပြီး နယူးယောက်လာ ညနေဘတ်စ်ကားစီးပြီး မေရီလန်းကို ပြန်ရမှာမို့ အဖော်လည်းရအောင်၊ နယူးယောက်ကို မရောက်ဖူးတဲ့ အိမ်ရှင့်တူမကို ဖိတ်ခေါ်တော့ လိုက်မယ်တဲ့။ အင်တာဗျူးရေးဖြေ လာဖြေကြသူတွေထဲမှာ အစောဆုံးပြီးတာ ကိုယ်ပါတဲ့ ကြည့်ရတာ ဘရိုင်ယန်ပါ့ခ်က ရေခဲပြင်စကိတ်ကွင်း၊ အင်ပါယာစတိတ်အဆောက်အဦးတို့ကို သွားကြည့်ချင်နေတာ နေပါလိမ့်မယ်။ ဘော့စ်အန်နာ့နဲ့ လူတွေ့အင်တာဗျူးတော့ stress အရမ်းများတယ်နော်တဲ့ အဲဒီတုန်းက အလုပ်လိုချင်တော့ လာစမ်းပါ နင်လားဟဲ့ stress ။ ဘယ်လောက်မျှော်မှန်းထားလဲမေးတော့ ဒီစီက ကိုယ့်လစာကို  ပြောလိုက်တယ် market rate ဆို အိုကေပါတယ်လို့။ တခါတုန်းက အိုင်အိုဝါတက္ကသိုလ်နဲ့ ရေးဖြေ၊ ဖုန်း၊ စကိုက်အင်တာဗျူးတွေ အောင်ပြီး ဘယ်လောက်လိုချင်သလဲ လို့မေးတော့ လက်ရှိပေါက်ဈေးကို ပြောလိုက်တာ အော်ဖာမကမ်းတော့ဘူး။

တက္ကသိုလ်၊ အန်ဂျီအိုတွေက လစာနည်းတယ် ဒါပေမဲ့ အိတ်ချ်ဝမ်းဘီ၊ ဂရင်းကဒ်လျှောက်ရင် မြန်တယ်၊ ပိတ်ရက်၊ မီးဖွားခွင့်၊ ကျောင်းတက်ရင်လည်း ထောက်ပံ့သေးတယ်။ ဒီကတည်းက ကိုယ် လိုချင်တာကို မပြောဘဲ နောက်ဆို မင်းတို့ဖက်က ဘယ်လောက်ပေးဖို့ စဉ်းစားထားပါသလဲ။ လက်ရှိပေါက်ဈေးဆို ရပါတယ်လို့ပြောတော့တယ် ဘယ်သူမဆို လစာများများ လိုချင်ကြတာကြီးပါပဲ။ ကော်လိုရာဒိုမှာဆိုရင် တက်စရာတောင်တွေ အများကြီးကွ မေရီလန်းအိမ်ရှင်ရော၊ သူငယ်ချင်းတွေ အားလုံးက နယူးယောက်လို့ တိုက်တွန်းကြတာနဲ့ပဲ Big Apple ၊The city that never sleeps မြို့က အော်ဖာကို လက်ခံလိုက်လို့ နယူးယောက်သူဖြစ်နေတာ တစ်နှစ်ကျော်ပြီ။ နယူးဂျာဆီဖက်က အိန္ဒိယအေးဂျင့်တွေက သင်တန်းပေး၊ အလုပ်သွင်းပေးမျိုးတွေ ရှိပါတယ်။ သူတို့ဆီမှာ သင်တန်းတက် သင်တန်းခကို ကိုယ်ကပေးရတယ်။ ပြီးရင် သူတို့က အလုပ်သွင်းပေးတာ လစာလည်း နှိမ်တယ်။ အလုပ်အရမ်းလိုချင်တဲ့ ကျောင်းသားတွေ သူတို့ဆီမှာ သင်တန်းတက်ပြီး အလုပ်ဝင်၊ လစာနှိမ်ပြီး မတရားခိုင်းလို့ ထွက်ချင်၊ ထွက်ရင်လည်း ဘယ်လောက်လို့ စာချုပ်နဲ့ ချုပ်ထားတော့ ကျောင်းကနေ ဝင်ကယ်ရတဲ့ ဖြစ်ရပ်တွေလည်း ရှိတယ်။ ကျောင်းမှာ career job search နှစ်ပတ်သင်တန်း ပေးတုန်းက နည်းပြဆရာက နယူးဂျာဆီပြည်နယ်က အိန္ဒိယရီခရူတာ၊ ကုမ္ဗဏီတွေကို သတိထားလို့ သတိပေးဖူးတယ်။ အစိုးရက အလုပ်ဗီဇာလျှောက်ပေးတာတွေကို ကုမ္ဗဏီက အကုန်ခံရမယ်ဆိုပေမဲ့ ကိုယ့်လက်ရှိကုမ္ဗဏီက စာရွက်စာတမ်းသာ တာဝန်ယူတာ၊ ဘာကြေးညာကြေး အကုန် ကိုယ်ပေးရတယ် ဒါပေမဲ့ ဘာဘွန်းမှ မထိုးရဘူး ကြိုက်တဲ့အချိန်ထွက်။ ဆူနမ်ကျတော့ လစာနည်းပြီး ကုမ္ဗဏီကနေ ကျန်းမာရေး အာမခံကြေး ပေးတယ်၊ အလုပ်ဗီဇာ အကုန်ခံတာဝန်ယူ လျှောက်ပေးတယ် ဒါပေမဲ့ အဲဒီကုမ္ဗဏီမှာ ၃ နှစ် လုပ်ရမယ်။ ကိုယ် စင်္ကာပူမှာ ပီအာ၊ ယူအက်စ်မှာ အိတ်ချ်ဝမ်းဘီဗီဇာ လျှောက်တော့ ကြုံတွေ့ရတာတွေ၊ ယူအက်စ်က မာစတာဘွဲ့ရထားရင်  အိတ်ချ်ဝမ်းဘီ ၆ လ ဖြစ်ရုံနဲ့ ဂရင်းကဒ်လျှောက်လို့ရတော့ ဂရင်းကဒ်လျှောက်ဖို့ စီနီယာ၊ လုပ်ဖော်ကိုင်ဖက်၊ ရှေ့နေတွေနဲ့ မေးမြန်းထားသမျှတွေက နည်းနည်းရှည်မှာမို့ နောက်ဆုံးအပိုင်းမှာပဲ တင်ပါတော့မယ်။

စန်းထွန်း
ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၅။

အလုပ်ရှာခြင်း အနုပညာ - ၂

ဒုတိယဆုရတာက ၃ နှစ်အရွယ် ကလေးအမေ အိန္ဒိယသူ ဆဘီတာ (ကိုယ်တို့က စားပြီးသားလို့ နာမည်ပြောင် ပေးထားတယ်) ။ သူ့ဘွဲ့က သင်္ချာ ကလေးအငယ်ရှိပြီး ယောက္ခမနဲ့ နေရတာမို့ကိုယ်တို့လို ကျောင်းမှာ မအိပ်ရုံတမယ် မနေနိုင်ဘူး ည ၇ နာရီလောက်ဆို ပြန်ရပြီ။ အိမ်ရောက်ရင် တအိမ်သားလုံးရဲ့ ညစာ၊ နောက်နေ့အတွက် မနက်စာ ချက်ရတယ်၊ ကလေးကိစ္စတွေ လုပ်ရတယ် အိမ်ရောက်ရင် စာကြည့်ချိန် မရှိလို့ ကျောင်းမှာပဲ စာကြည့်ရတဲ့သူ။ အားတဲ့အချိန်မှာ သတင်းစာပေါ်က quiz တွေက ခဲတံတစ်ချောင်းနဲ့ ဖြေနေတတ်တယ် ညဏ်ကောင်းအောင်လို့တဲ့။ ကလေးနဲ့ ယောက္ခမကို ပြုစုရင်းနဲ့ ဒုတိယဆုရအောင် ကြိုးစားတဲ့ ဆဘီတာရဲ့ အားထုတ်မှုကို လေးစားမိတယ်။ ကျောင်းပြီးတဲ့လူတိုင်း အလုပ်ရတာတော့ မဟုတ်ပါဘူး အလုပ်မရလို့ မြန်မာပြည်သွားတဲ့သူတွေလည်း ရှိပါတယ်။ အလုပ်ရတယ်ဆို အားထုတ်မှု၊ စိတ်ရှည်သည်းခံမှုနဲ့ ကံလည်း လိုသေးတာကိုး။ ကိုယ်က တလခွဲအတွင်း အလုပ်ရပေမဲ့ ၄ လလောက်အထိ အလုပ်မရသေးလို့ EPEC ( long time ) နေထိုင်ခွင့်လျှောက်ပြီး အလုပ်လျှောက်ရတဲ့သူလည်း ရှိပါတယ်။ မနက်မိုးလင်းတာနဲ့ အလုပ်တွေတင်၊ ဖုန်းတွေဖြေ၊ အင်တာဗျူးအတွက် ပြင်ဆင် တပတ်မှာ အင်တာဗျူးနှစ်ခုလောက် ရှိတယ်။ အလုပ်ရှာနေချိန်အတွင်းမှာ ‌ကျွှေးထားမဲ့ မကြီးရှိနေတော့ အလုပ်လျှောက်တယ်လို့သာပြောတော အစားအသောက်မပျက်၊ ကိုရီးယားကား အကြည့်မပျက်နဲ့ ကိုယ်အလေးချိန် တက်လာတယ်။ ကိုယ် အင်တာဗျုးက အပြန်လမ်းမှာ အင်တာဗျူးလာဖြေတဲ့ ညီမငယ်လေး ဇာခြည်ကျော်နဲ့ဆုံလို့ ဘယ်မှာအင်တာဗျူးတာလဲ မေးကြည့်တော့ ကုမ္ဗဏီအတူတူပဲဆိုတော့ အင်တာဗျူးမေးခွန်းတွေ ပေးလိုက်သေးတယ်။ ကွန်ပျူတာတက္ကသိုလ်တုန်းက same batch ၊ ISS မှာ အင်တန်းအတူတူဆင်းတဲ့ အေးပိုက ဂျာဗားမှ ဂျာဗားတဲ့ အလုပ်ရတော့ .Net နဲ့ရတယ်။

အင်တာဗျူးတွေက ရေးဖြေ၊ ကွန်ပျူတာနဲ့ ဖြေရတယ်။ သူငယ်ချင်းတွေ အလုပ်ရသွားပြီရင် ဘယ်တော့မှ အလုပ်ရပါ့မလဲလို့ စိတ်ပူ ဘုရားမှာ ဆုတောင်းနဲ့ စိတ်ဖိစီးတာပါပဲ။ NUS Enginering School မှာ အင်တာဗျူးတုန်းက ရည်မှန်းချက်က ဘာလဲမေးတော့ ယူအက်စ်မှာ ကျောင်းသွားတက်ချင်တယ်လို့ ဖြေခဲ့ဖူးတယ်။ ကွန်ပျူတာ တက္ကသိုလ်တက်တုန်းက ကိုယ်တို့သူငယ်ချင်းတွေ မျှော်လင့်ချက် ၊ စိတ်ကူးယဉ်အိမ်မက်တွေ အကြောင်းပြောကြတုန်းက ကိုယ့်အိမ်မက်က နိုင်ငံခြားမှာ ကျောင်းတက်ချင်ခဲ့တာတဲ့။ ဒါပေမဲ့  ဘယ်နိုင်ငံမှာ ဘယ်မေဂျာ တက်ချင်လိုက်တာလို့တော့ မရှိခဲ့ဘူး။ အမေက မူလတန်းပညာကိုတောင် ပြီးဆုံးခဲ့တာ မဟုတ်ပါဘူး။ သမီးအကြီးဆုံးဆိုတော့ အောက်က အငယ်သုံးယောက်ကို ခါးထစ်ခွင်ထိန်းကျောင်းရင်း စာဖတ်စာရေးတတ်အောင် ကိုယ့်ဘာသာ သင်ယူခဲ့တာပါတဲ့။ ရွာမှာက ညနေဆို ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ ရေဒီယိုသတင်းတွေ နားထောင်ကြတယ်။ နိုင်ငံခြားမှာ ပညာသင်နေတဲ့သူတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ နားထောင်ရရင် အမေက သူ့သမီးတွေကို အဲဒီလို ဖြစ်စေချင်တာတဲ့ ။ မသိစိတ်ထဲမှာ ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးတွေဟာ တခါတရံမှာ အကောင်အထည် ပေါ်လာသလားလို့။ ကိုယ်တက်ချင်ခဲ့တာက ISS က မာစတာ MTech Software Engineering ၊ စင်္ကာပူမှာ သုံးနှစ်နေပြီးရင် သွားဖို့ စိတ်ကူးထားတာက သြဇီ၊  သွားဖြစ်သွားတာက ယူအက်စ်။ တခါတလေတော့လည်း တွေးထင်မထားတာတဲ့ အရာတွေ ဖြစ်လာတတ်သလားလို့။  စင်္ကာပူကျောင်းဝင်ခွင့်ရတော့ အဖေက သိပ်မလွှတ်ချင်ဘူး သမီးတစ်ယောက်က နိုင်ငံခြားမှာ သမီးအငယ်ကို အနားမှာ ရှိစေချင်ခဲ့တယ်။ အမေကတော့ ပြတ်သားတယ် ပိုက်ဆံကိစ္စကို လုံးဝစိတ်မပူနဲ့ပျံချင်သလောက် ပျံတဲ့။ အဲဒီတုန်းက နာဂစ်တိုက်ပြီးခါစ စက်ပစ္စည်းဆိုင် တစ်ခုလုံး ဆုံးရှုံး၊ အိမ်ခေါင်မိုးကျွှတ်ထွက် လူတောင် ကံကောင်းလို့ မသေတဲ့အချိန်ဆိုတော့ ကိုယ် တွေဝေနေတာကိုသိလို့ ဆုံးဖြတ်ချက်တွေ ခိုင်မာအောင် အမေက စိတ်ဓာတ်ခွန်အား ပေးခဲ့တာပါ။

အလုပ်ရှာတဲ့အခါမှာ စီဗွီဖောင်ပုံစံကလည်း အရေးကြီးပါတယ်။ လျှောက်တဲ့သူ အများကြီးထဲကမှ ဖောမတ်ကောင်းတဲ့ စီဗွီလေး၊ သူတို့လိုချင်တာတွေ နည်းနည်းလောက် ပါရင်ကိုပဲ ပမာဏအရင်ရွေး ပြီးတော့မှ အင်တာဗျူးခေါ်တာကိုး။ ကိုယ့်သူငယ်ချင်း ကောင်းကောင်းရဲ့စီဗွီလေးက အတော်ကောင်းတယ် သူဆို အင်တာဗျူး အများကြီးရတယ်။ အဲဒီတော့ ဟဲ့ နင့်စီဗွီပေးစမ်းဆိုပြီး သူ့စီဗွီဖောမတ်ထဲမှာ ကိုယ့်ဟာတွေထည့် ကော်ပီကူးသင့်တာ ကူးပေါ့။ KPMG မှာ အင်တာဗျူးဖြေတော့ အကုန်လုံး ဖြေနိုင်ပါရဲ့ မင်း အခုသုံးနေတဲ့ ဂျာဗားက ဘာ version လဲမေးတော့ ကိုယ်မသိဘူး 2 လား 3 လားလို့ ဝါးတားတား ဖြေခဲ့ဖူးတယ်။ ကိုယ်သုံးနေတာ ဘာ version မှန်း မသိတဲ့သူကို ဘယ်သူက အလုပ်ခန့်ချင်ပါ့မလဲ။ ကုမ္ဗဏီတစ်ခုမှာ ကိုယ်တို့ကျောင်းကလူတွေ အင်တာဗျူးဖြေကျတော့ ဘယ်တွေမေးမှန်း သိနေတာပေါ့။ ငါက အီးမေးလ်ထဲက ကူးမယ်ဆိုပြီး မပြင်ဆင်သွားဘူး ဟိုရောက်တော့ no interent ဆိုတော့ ငါ့မှာ မကူးလိုက်ရပါဘူးဟာ ဘာတွေ ဖြေလိုက်မှန်းတောင် မသိဘူးလို့ ကိုစိုင်းကပြောရင် အဲဒါ မပြင်ဆင်ထားတဲ့ အကျိုးတွေလေလို့ နှက်ကြတယ်။ ကိုယ် ATH မှာ မတော်တဆ အလုပ်ရသွားတဲ့ အကြောင်းလေး ပြောပြချင်ပါသေးတယ်။ ATH မှာ ရေးဖြေ ၁ နာရီ သွားဖြေရတယ် ပြီးတော့ ပရောဂျက်တစ်ခု ပို့လိုက်တယ်။ အဲဒီတုန်းက ကိုယ်က ပရိုဂရမ်းမင်း မကွျှမ်းသေးတော့ သူငယ်ချင်းတွေ အကူအညီနဲ့ ဖြေရတယ်။ design page ရေးပေးတာက ယိုးဒယားမှာ ဒီဇိုင်းသင်ယူခဲ့၊ ISS အတူတူတက်ခဲ့တဲ့ ဒီဇိုင်းဂုရုကြီး ကိုကြီးကျော်။ ကျောင်းပရောဂျက်တွေ လုပ်ကြတုန်းကဆို ဝက်ဆိုဒ်ဒီဇိုင်းတွေက Firefox မှာအကောင်း Internet Explorer မှာ ယိုင်ထွက်နေလို့ကတော့ ကိုကြီးကျော်ဆီ ပြေးကြတော့တာပဲ။

Team 12 ASP.Net Project Presentation Day

ကုတ်တင်းကို ကူညီပေးတာက မာစတာနဲ့ ISS အတူတူတက်ခဲ့တဲ့ ဘလို့ ချစ်စနိုးခေါ်ကြတဲ့ သင်္ဂီဘ စန်းထွန်းရေ data တခုတော့ ဝင်သွားပြီ ရလောက်ပါပြီတဲ့ ADO.Net ၊ Stored Procedure သုံးပြီး ရေးပေးတာပါ။ ကျန်တဲ့ validation ၊ ခေါင်းဆောင် ခရီးသည်ရဲ့အောက်မှာ တခြားခရီးသည်တွေ ထပ်ထည့်တာကိုတော့ နှစ်ရက်လောက် အချိန်ယူပြီး ရေးလိုက်ရပါတယ်။ နောက် second round interview ထပ်ခေါ်တယ် အိုင်တီဒါရိုက်တာ ပြင်သစ်ကြီးက မင်း ဒီအလုပ်ရမယ်လို့ ထင်သလားလို့မေးတော့ ဒီအင်တာဗျူးက ကိုယ့် ၁၃ ခုမြောက် ၁၃ ကို ကံမကောင်းတဲ့နံပါတ်လို့ ယူဆကြပေမဲ့ ကိုယ့်အတွက်တော့ ၁၃ က လပ်ကီးနံပါတ်လို့ ဖြေလိုက်တော့ မင်းက အယူသီးတဲ့ မိန်းကလေးပါလားတဲ့။ တကယ်တော့ ကိုယ်က အယူမသီးတတ်ပါဘူး အလုပ်က အော်ဖာပေးလာတော့ ပျော်လိုက်တာ။ အော်ဖာစာရွက်မှာ လက်မှတ်ထိုးမှာက ညနေစောင်း နောက်ဆုံးအင်တာဗျူးဆိုပြီး မနက်ပိုင်းမှာ အင်တာဗျူး သွားလိုက်သေးတယ်။ ရေးဖြေ တစ်နာရီ ဖြေပြီး အင်တာဗျူးတော့ အော်ဖာရနေပါပြီ ဒါ ကိုယ့်ရဲ့နောက်ဆုံး အင်တာဗျူးပါလို့ ပြောခဲ့တယ်။ အဲဒီအလုပ်က အော်ဖာပေးလာပေမဲ့ လစာက ATH ကပေးတာထက် နည်းနေလို့ ATH အော်ဖာကို လက်ခံလိုက်တယ်။ ATH က တကယ်ပျော်လို့ကောင်းတယ် လစာလည်းမဆိုး၊ ဘောနပ်စ်တွေလည်းရ၊ နိုင်ငံခြားခရီးတွေလည်း သွားရတယ်။ ဒါမာဝီ၊ ဝင်နာတို၊ ထိန်ထိန်၊ ဇေ၊ မွန်နာ ကိုယ်တို့ lunch group လေးက တကယ်ပျော်ဖို့ကောင်းတယ်။ နောက်တော့ သိရတာက ကွန်ပျူတာတက္ကသိုလ်ထွက်၊ ကိုယ်နဲ့ ISS အတူတူ တက်ခဲ့တဲ့ စိုးမင်းထိုက်ကို ATH က အော်ဖာကမ်းပေမဲ့ IBM အော်ဖာကို လက်ခံပြီးပြီမို့ ATH က ကိုယ့်ကို အော်ဖာကမ်းခဲ့တာပါတဲ့။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် ATH မှာ တကယ်ပျော်ခဲ့ပါတယ်။ အလုပ်ပြောင်းရင် လစာတိုးလေ့ရှိတာမို့ တစ်နှစ်ပြည့်တဲ့အခါ အလုပ်တွေ ထပ်လျှောက်ဖြစ်ပါတယ်။ MC (နေမကောင်းခွင့်) ယူပြီး အင်တာဗျူးတွေ သွားတယ်။ SingTel ကဆို သုံးခါတောင် အင်တာဗျူးတယ်။ တခါတုန်းက အင်တာဗျူးအပွိုင့်မတ်လုပ်ဖို့ကို ကိုယ့်ဖုန်းခေါ်လို့မရလို့ SingTel မှာ လုပ်နေတဲ့ မယမင်းမြင့်ဆီကနေတဆင့် အကြောင်းကြားရဖူးတယ်။ JobStreet ၊ JobCentral မှာ ကြေငြာထားတဲ့ ကျောင်းကြေငြာကို အလုပ်ထင်ပြီး စီဗွီပစ်တင် ပရိုဂရမ်းမင်း စာမေးပွဲဖြေတော့ ဘီရလို့အောင်။ ကိုယ်တက်ခဲ့ တက္ကသိုလ်တွေဆီကနေ Grading ၊ Transcripts လှမ်းပို့ရမယ်ဆိုလို့ မောင်မောင်က ကွန်ပျူတာတက္ကသိုလ်ကိုသွားပြီး Grading ၊ Transcripts ကို ကျောင်းတံဆိပ်တုံးထုပြီး ယူအက်စ်ကျောင်းကို လှမ်းပို့၊ အလုပ်ရှာနေတဲ့ မကြီးက ISS ကိုသွားပြီး ကျောင်းတံဆိပ်တုံးသွားထု ယူအက်စ်ကျောင်းကို လှမ်းပို့။ မန်နေဂျာ ဖိလစ်ပိုင်ကြီး ဂျူရောင်းကို recommendation letter ရေးပေးဖို့ အကူအညီတောင်းရတယ်။ ဖုန်းအင်တာဗျူး ဖြေပြီးတော့ ယူအက်စ်ကျောင်းအော်ဖာ ရပါတယ်။ ISS ကျောင်းသား တရာကျော်မှာ ၆၀ လောက်က မြန်မာ၊ အားလုံးနီးပါးက ကွန်ပျူတာတက္ကသိုလ်က မောင်နှမတွေဆိုတော့ စင်္ကာပူကျောင်းတက်တယ်လို့သာဆိုတယ် မြန်မာပြည်ကျောင်း တက်ရသလိုမျိုး။ ကျောင်းမှာ ညလုံးပေါက် ပရောဂျက်လုပ်ကြတဲ့နေ့ဆို လက်ဖက်သုတ် စုစားကြတာ ပျော်စရာကြီး။ ယူအက်စ်ကျောင်းကြတော့ မြန်မာဆိုလို့ တစ်ယောက်တည်း၊ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုလည်း မရှိတော့ ကိုယ့်မှာ တော်တော်နဲ့ ဆုံးဖြတ်ချက် မချနိုင်ဘူး။ အားလုံးက သွားသင့်တယ်လို့ တိုက်တွန်းကြတယ်။

သူငယ်ချင်းဝေက နင့်မှာ တွယ်တာစရာ၊ ငဲ့စရာ ရည်းစားလည်းမရှိ၊ နင့်အဖေနဲ့ မကြီးက လိုသမျှ ထောက်ပံ့နိုင်တော့ ပိုက်ဆံကိစ္စလည်း ပူစရာမလို၊ ငါ့သာ နင့်နေရာမှာဆိုရင် ယူအက်စ် သွားကြည့်လိုက်မယ် ကျောင်းပြီးလို့ မပျော်တော့လည်း ဒီကို ပြန်လာပေါ့လို့ တိုက်တွန်းတာနဲ့ ယူအက်စ်မှာ ကျောင်းသွားတက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ယူအက်စ်မှာ ကျောင်းတက်တုန်းက ကြုံရတဲ့ အထီးကျန်ဆန်တာ၊ ပင်ပန်းဆင်းရဲတာ၊ အမေရိကန်စာတွေကို မစားနိုင်လို့ အမြဲတမ်း ဗိုက်ဆာနေတာ၊ ရာသီဥတု၊ ဘာသာစကား၊ culture gap အခက်အခဲတွေကို ၂၀၁၁ တုန်းက ကိုယ်ရေးတဲ့ပို့စ်တွေကို ဖတ်ခဲ့ဖူးသူတွေဆို သိကြပါလိမ့်မယ်။ အဖေနဲ့ အမေ ကြိုးစားရှာဖွေကြလို့ ကိုယ့်ဘဝမှာ ငွေကြေးအတွက် ပူပင်ရတယ်ဆိုတာ မရှိခဲ့ဘူး။ နာဂစ်တုန်းက ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားပေမဲ့လည်း လူမသေ ငွေမရှားလို့ သဘောထားနိုင်ခဲ့တယ်။ ယူအက်စ်မှာ ကြုံတွေ့ရတဲ့ ပင်ပန်းဆင်းရဲမှုတွေက အများကြီး ဒါကြောင့်လည်း  ခံနိုင်ရည် ရှိလာတယ်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးလာတယ်၊ strong ဖြစ်လာတယ် ဆိုပါတော့။ ကိုယ်ကြုံရတဲ့ ဒုက္ခတွေ များလှပြီထင်တာ ဒုက္ခသည်တွေကို ကူညီတဲ့ အဖွဲ့အစည်းမှာ ဗော်လန်တီယာ သွားလုပ်တော့မှ  ကိုယ့်ဒုက္ခက သူတို့နဲ့ ယှဉ်လိုက်ရင် တကယ့်ကို ပါးပါးလေး။ အင်္ဂလိပ်စကားမပြောတတ်၊ အသက်မွေးဝမ်းကြောင်းပညာမရှိ၊ ဝက်သတ်စက်ရုံ၊ ငါးစက်ရုံ၊ မွေ့ယာစက်ရုံ၊ အာလူးကြော်စက်ရုံတွေမှာ ညဆိုင်းအလုပ်လုပ်၊ အင်္ဂလိပ်စာမတတ်တော့ ကားမောင်းလိုင်စင် ဖြေဖို့ခက်၊ ယူအက်စ်ဥပေဒတွေကို နားမလည်တော့ အသက် ၈ နှစ်အောက် ကလေးငယ်ကို ဆိုင်ရှေ့မှာ ခဏထားပြီး ငါးမိနစ်လောက် ဆိုင်ထဲပြေးဝင်ကာ ဈေးဝယ်ပြီးလို့ ပြန်လာတော့ ရဲက စောင့်နှင့်နေပြီ။

SA 29 Graduation Day Sept 2, 2009
Post Graduate Diploma in System Analysis (GDip SA)
Institute of System Science (ISS), National University of Singapore (NUS)
AD (Application Development) Project  Team 2

ဗော်လန်တီယာလုပ်တာ ပိုက်ဆံမရပေမဲ့ ကိုယ့်ဘဝအမြင်တွေ ပြောင်းလဲပြီး ပိုက်ဆံနဲ့တန်ဖိုးမဖြတ်နိုင်တဲ့ ဘဝအသိတွေ ရခဲ့တယ်။ ယူအက်စ်ကျောင်းက နာမည်မကြီးတဲ့ private ကျောင်းပါ Financial Aid ရတော့ ကျောင်းလခ၊ နေစားစရိတ်တွေကို loan ထဲ ပေါင်းထည့်သွားပြီး ကျောင်းပြီးလို့ အလုပ်လုပ်တဲ့ ၂ နှစ်အတွင်း ဆပ်ရပါတယ်။ သတ်မှတ်ထားတဲ့ grading ရပြီး ကျောင်းအကြွေးတွေ ကျေပါမှ ဘွဲ့ပေးပါတယ်။ အတွေ့အကြုံရှိပြီး ယူအက်စ်မှာ အလုပ်ရနိုင်တဲ့ နိုင်ငံတကာကျောင်းသားတွေ‌ခေါ် တစ်နှစ်ကျောင်းတက် နှစ်နှစ်အလုပ်လုပ်ပြီး အဝေးသင်တက်။ ကျောင်းသားဖက်က ကြည့်ရင်လည်း ကနဦး ပိုက်ဆံအများကြီး ကုန်စရာမလို ကျောင်းလည်းပြီး အကြွေးလည်းကျေ ယူအက်စ်နှစ်နှစ် လုပ်သက်လည်းရပေါ့။ တစ်နှစ်တက် နှစ်နှစ်အလုပ်လုပ်ပြီး အဝေးသင်တက်တာကို CPT (Curricular Practical Training) လို့ ခေါ်ပါတယ်။ နှစ်နှစ်အတွင်းမှာ ကျောင်းသားဗီဇာ F1 ကုန်သွားပေမဲ့ အလုပ်ဗီဇာ စပွန်ဆာပေးမဲ့ ကုမ္ဗဏီမှာ အလုပ်မရရင် လေးဘာသာထပ်ယူပြီး တစ်နှစ်ထပ်တိုးပေးပါတယ် loan တွေ ပိုများသွားတာပေါ့။ ကျောင်းအများစုက နှစ်နှစ်ကျောင်းတက် သတ်မှတ်တဲ့ ခရစ်ဒစ်ပြည့်မှ တစ်နှစ်အလုပ်လုပ်ခွင့် OPT (Optional Practical Training) ရပါတယ် နောက်ထပ်တစ်နှစ် ထပ်တိုးလို့ ရပါတယ်။ တစ်နှစ်ကျောင်းပြီးနီးမှာ အင်တာဗျူးအတွက် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ နှစ်ပတ်သင်တန်းပေးပါတယ်။ ကိုယ့်စီဗွီကို ကျောင်းကို ပေးလိုက်ရင် ကျောင်းက ယူအက်စ်ဖောမတ် နှစ်မျက်နှာစာ ပြင်ပေးပါတယ်။ ယူအက်စ်စီဗွီမှာ ဓာတ်ပုံ၊ အသက်၊ ဘာလူမျိုးဆိုတာ မပါပါဘူး။

အမေရိကန်တွေက ယောကျာ်း၊ မိန်းမမရွေး လက်ဆွဲနှုတ်ဆက်လေ့ ရှိပါတယ်။ မနီးလွန်း မဝေးလွန်း အကွာအဝေးကနေ ဖွဖွလေး မဟုတ်ဘဲ အားရပါရ နှုတ်ဆက်ရပါတယ်။ ကိုယ်တို့ကျောင်းသားတွေ နေ့တိုင်း အတန်းရှေ့ထွက်ပြီး လက်ဆွဲနှုတ်ဆက်တာ လေ့ကျင့်ရတယ်။ အင်တာဗျုးသူနဲ့ eye contact လည်း အရေးပါပါတယ်။ အမေရိကန်တွေက ခန္ဓာကိုယ်ကနေ အနံ့အသက်ထွက်တာ မကြိုက်ကြဘူး။ အင်တာဗျူးသွားရင် တကိုယ်လုံးမှာ ခြေအိတ်အပါအဝင် သုံးရောင်ထက် မပိုသင့်ပါဘူးတဲ့။ ယူအက်စ်မှာ အင်တာဗျူးသူတွေ ပထမဆုံးမေးတဲ့ မေးခွန်းက What is your visa status? ပါ။ F1 ကျောင်းသားဗီဇာဆိုတဲ့ စကားတောင် မဆုံးသေးဘူး ဆောရီး စပွန်ဆာ မပေးနိုင်ဘူးဆိုပြီး ဖုန်းချသွားတော့တာပဲ။ ဒီတော့ work authorization ရှိပါတယ် ဗီဇာကတော့ ကျောင်းသားဗီဇာလို့ ဖြေရမယ်လို့ သင်ပါတယ်။ ဒီလောက် သင်နေတဲ့ကြားက မင်း ဘာဗီဇာလဲလို့မေးတော့ အီသီယိုးပီးယားကျောင်းသား ယေဒီက ဖက်ဝမ်းဗီဇာလို့ မဆိုင်းမတွ ဖြေလိုက်တော့ ကျောင်းသားတွေ ဝါးကနဲ ရယ်ကြတော့တာပဲ။ ယေဒီနဲ့ဆုံရင် မင်းဘာဗီဇာလဲလို့ စကြတော့တာပဲ။ နောက်မေးခွန်းတစ်ခုက Tell me about yourself ပါ နှစ်မိနစ်အတွင်း ကိုယ့်အကြောင်း ခြုံငုံမိဖို့ လေ့ကျင့်ရတယ်။ အတန်းရှေ့ထွက်ပြောရတဲ့အခါ ကျောင်းသားတွေက တိုသွားတယ် မကြားရဘူး ကျယ်ကျယ် နောက်တစ်ခေါက် ထပ်ပြောပါလို့ ညစ်ကြတယ်။ နောက်မေးခွန်းတစ်ခုက What is your strong and weak points ပါ။ အလုပ်ကြိုးစားတာ၊ နည်းပညာတွေ လျင်လျင်မြန်မြန် တတ်မြောက်နိုင်တာ၊ ကလိုင်းရင့်ဆီကက requirement ကောက်ပြီး design ကောင်းကောင်းချနိုင်တာ၊ ကလိုင့်ရင့်တွေရဲ့ ပြသနာကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်တာတို့ဘာတို့ ပြောလို့ရပေမဲ့ အားနည်းချက်ကျတော့ ခက်သား။ ပျင်းပါတယ်လို့ အမှန်အတိုင်း သွားပြောရင်လည်း အလုပ်ခန့်မှာမဟုတ်ပြန်။

မိုင်းဖန်ရဲ့ အားနည်းချက်ကတော့ အလုပ်တွေ ရှိနေရင် အစားအသောက် မမှန်တော့ဘဲ အလုပ်ဖိလုပ်လို့ ကျန်းမာရေးအတွက် မကောင်းတာ သူ့အားနည်းချက်တဲ့။ သူ့အားနည်းချက်ကလည်း အလုပ်ခန့်ချင်စရာကြီး။ ဒီလိုပါပဲ တခြားကျောင်းသားတွေဆီက ကောင်းတာလေးတွေဆို ကော်ပီကူးပေါ့။ အင်တာဗျူးတွေကို ကောင်းကောင်းမွန်မွန် လိမ္မာပါးနပ်စွာနဲ့ ဖြေနိုင်ဖို့ မဖြေနိုင်ခဲ့ရင်လည်း တက်တက်ကြွကြွ လုပ်ချင်ကိုင်ချင်စိတ်ရှိတာကို ပြသဖို့ လိုပါတယ်။ ကုမ္မဏီတချို့က ကျောင်းမှာ အင်တာဗျူးလုပ် ကျောင်းသားတွေက ပရိုဂရမ်းမင်းကို ကွန်ပျူတာနဲ့ စာမေးပွဲဖြေ ၊ လူတွေ့အင်တာဗျူးဖြေ ပထမဆုံး အင်တာဗျူးနဲ့ တခါတည်း ပထမဆုံးအလုပ်ရသွားတဲ့ ယန်ဇီ၊ ပြောင်၊ အက်စ်စတီရာ၊ ရာဘင်တို့လိုမျိုးလည်း ရှိပါတယ်။ Algorithm ဘာသာရပ်မှာ A+ ထက်ကျော်ပြီး AHons ရတဲ့ တရုတ်နဲ့နီပေါ ကျောင်းသားနှစ်ယောက်ဟာ ပရော်ဖက်ဆာထောက်ခံချက်နဲ့ ဂူဂယ်မှာ အင်တာဗျူး သွားဖြေရပါတယ်။ လေယာဉ်၊ ဟိုတယ်စရိတ်ကို ကုမ္မဏီဖက်က အကုန်အကျခံပေးတာပါ။ ဘယ်လိုအင်တာဗျူးလည်း မေးကြည့်တာ့ အဖြေကို ဝှိုက်ဘုတ်ပေါ်မှာ ရှင်းပြရပြီး တဖွဲ့ပြီးတဖွဲ့ တနေကုန် ဗျူးတာတဲ့။ ကျောင်းက job portal ၊ job site တွေမှာလျှောက်၊ စီနီယာတွေဆီ အီးမေးလ်နဲ့ စီဗွီလှမ်းပို့။ ကိုယ်တက္ကသိုလ်တက်တုန်းက နှုတ်နည်းတော့ ကိုယ့်ကို မသိကြတာ များတယ်။ ကိုယ့်သူငယ်ချင်း M3 လို့ခေါ်တဲ့ မြတ်မွန်၊ အီးစီ သစ်သစ်ကို တကျောင်းလုံး သိကြတယ်။ ကိုယ်က နှုတ်နည်းတဲ့အပြင် ပေါင်းသင်းဆက်ဆံရေးမကောင်း ဧည့်သည်လာရင်တောင် ဆင်းတွေ့ချင်မှ ဆင်းတွေ့တာ အားမနာတတ်ဘူး။ ယူအက်စ်ကျောင်းမှာတော့ အားလုံးကို နှုတ်ဆက်တယ် မိတ်ဆွေဖွဲ့တယ် စကားစမြည်ပြောတယ်။ ကိုယ်မသိမကြားဖူးတဲ့ နိုင်ငံတွေက ဓလေ့ထုံးစံတွေ၊ ကိုယ်မသိသေးတာတွေ သိရတယ်။ မိန်းကလေးကို မကြည့်၊ ဘယ်တော့မှ ဟိုင်း ဟောင်းအာယူလို့ မနှုတ်ဆက်တဲ့ ဂျော်ဒန်တစ်အုပ်က လွဲရင်။

IA (Internship Attachment) Briefing Day Feb 14, 2009. ISS - NUS
Where am I ? Can you find me in this group ? :)

ဒီတော့ အတန်းထဲမှာ ကိုယ့်ကို မသိတဲ့သူ မရှိဘူး။ ကိုယ်နဲ့အစေးမကပ်တာဆိုလို့ ဒီဗွီပေါက်လို့ ယူအက်စ်ရောက်နေတဲ့ အီသီယိုးပီးယားနိုင်ငံအပေါ်က အီတရီယာ Eritrea နိုင်ငံသူ အာရီယန်ပဲ ရှိတယ်။ သူ လိုအပ်ရင် ဆူနမ်တို့ကို အကူအညီတောင်းပြီး ဘယ်တော့မှ မကူညီ၊ သူ့ရှေ့မှာ နီပေါလီစကားမပြောနဲ့လို့ ပြောပြီး လူပါးဝတဲ့ အာရီယန်ကို မိုင်းဖန်နဲ့ ကိုယ်က ဘယ်တော့မှ ဟိုင်းလို့ မနှုတ်ဆက်ဘူး ငဲ့တောင် မကြည့်ဘူး ဆိုပါတော့။ သဘောကောင်းတဲ့ ဆူနမ်၊ ရာမားတို့ကတော့ ကူညီမြဲ ၊ အနိုင့်ကျင့်ရင်လည်း ဘာမှ ပြန်မပြောဘူး။ စန်းစန်းလို့ ပြောလိုက်တာနဲ့ ကိုယ့်ကို သိကြတော့ ကိုယ့်စီဗွီကို မန်နေဂျာဆီ ပို့ပေးကြမှာကိုး။ စန်းစန်းဆိုတာ ဘယ်သူပါလိမ့် ကိုယ်တို့ ကျောင်းအတူတူ တခန်းတည်းမှာ တက်ခဲ့ကြတယ် ဘုရားရေ သူ့ကို မသိပါလားဆိုရင် ကိုယ့်စီဗွီကို ဘယ်သူပို့ပေးမလဲ။ ယူအက်စ်မှာ ပထမဆုံးအလုပ်ရဖို့ အင်မတန် ခက်ပါတယ်။ ဒီတော့ ကွန်းထရပ်ဆိုရင်တောင် သုံးလပဲဖြစ်ဖြစ်၊ အမြဲတမ်းပဲဖြစ်ဖြစ်၊ ဘယ်ပြည်နယ်မှာပဲ ဖြစ်ဖြစ် အလုပ်မရွေးတော့ အလုပ်ရမြန်တယ်။ အိမ်ထောင်ရှိတဲ့သူတွေကျတော့ သူတို့အိမ်ထောင်ဖက် ရှိတဲ့အရပ်မှာပဲ အလုပ်ရမှ ဖြစ်မှာကိုး။ အိန္ဒိယအေးဂျင့်က အရမ်းရိုင်းတယ် မနက် ၇ နာရီ အိပ်ယာကနေ မနိုးသေးဘူး သူတို့က ဖုန်းခေါ်နေပြီ။ အမေရိကန်အေးဂျင့်ကြတော့ ဂွတ်၊ ဂရိတ်ဆိုပြီး တလလောက်မှ ပြန်ပေါ်လာတော့တယ်။ အိန္ဒိယအေးဂျင့်တွေက စီဗွီကို ဘယ်လိုပြင်လိုက်မယ် ဘယ်လိုပြောလို့ သင်တတ်တယ်။ အစကတော့ ခံပြင်းတာပေါ့ နောက်တော့လည်း အလုပ်လိုချင်တော့ သူတို့ခိုင်းတာ လုပ်ရတာပါပဲ။ ကျောင်းပြီးလို့ အလုပ်ရှာတဲ့အချိန် ဘယ်နေရာမှာ၊ ဘယ်တော့ ရမယ်မှန်း မသိတော့ အဲဒီအလုပ်ရှာနေတဲ့ အချိန်မှာ ကုန်ကျမဲ့ငွေတွေကို ထည့်စဉ်းစားဖို့ လိုပါတယ်။

(အစတုန်းကတော့ ပို့စ်တပုဒ်ဆိုပြီး ရေးလိုက်တာ အရှိန်ရလာတာနဲ့ ပို့စ်သုံးခု ဖြစ်သွားပါတယ်။ သူများပို့စ်ရှည်ရှည်ဆို ဖတ်ဖို့ပျင်းပေမဲ့ ကိုယ်တိုင်ကတော့ ပို့စ်အရှည်ကြီးတွေ ရေးနေမိတယ်။ မအားတဲ့ကြားထဲက ကိုယ့်ဘလော့ကို အချိန်ပေးပြီး လာဖတ်ပေးကြတာ ကျေးဇူးတင်ပါတယ်။ အပိုင်း ၃ ကို မကြာခင် တင်ပါဦးမယ်။)

စန်းထွန်း
‌ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၅။

အလုပ်ရှာခြင်း အနုပညာ - ၁

ကွန်ပျူတာတက္ကသိုလ်မှာ ကျောင်းအတူတူ တက်တုန်းကလည်း မသိ၊ စင်္ကာပူမှာ ကျောင်းလာတက်ကြတော့လည်း မသိ၊ ယူအက်စ်ကို ရောက်လာတော့လည်း မသိကြပေမဲ့ မကြာခင်က ကိုယ့်ဘလော့မှာ လာကွန့်မန့် အီးမေးလ်လာအပ်ပြီး စကားတွေ ပြောဖြစ်တော့မှ အလုပ်ရှာနေမှန်းသိလို့ ကိုယ်သိသလောက်လေး လမ်းညွှန်ပေးတာတွေကို ပို့စ်တစ်ခုအနေနဲ့ တင်လိုက်ပါတယ်။ ကိုယ်တက်ခဲ့တဲ့ကျောင်းတွေက လေ့ကျင့်သင်ကြားပေးလိုက်တာတွေ၊ ကိုယ်အလုပ်ရှာတုန်းက အကြောင်းတွေဆိုတော့ နည်းနည်းတော့ ပျင်းစရာ ကောင်းနေမလားဘဲ။ နွေရာသီကျောင်းပိတ်ရက် ရွာကိုအလည်ပြန်တုန်းက မောင်မောင် ဖတ်ခိုင်းတဲ့စာအုပ်က ဆရာမြသန်းတင့်ရဲ့ ဘဝနေနည်း အနုပညာစာအုပ်ပါ။ ဆရာမြသန်းတင့် ဘာသာပြန်တာ ချောမွေ့ပြီး စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေမဲ့ ကိုယ့်အတွက်တော့ ပျင်းစရာကောင်းနေခဲ့တယ်။ ဆယ်နှစ်ကြာပြီးမှ နောက်ထပ်တစ်ခေါက် ထပ်ဖတ်တော့လည်း ပျင်းစရာကြီးလို့ ခံစားမိတုန်း တချို့ဟာတွေကို နားမလည်နိုင်တာ နေမှာပေါ့။ ဆရာဆန်းလွင်ရဲ့ တချို့ဒသနစာအုပ်တွေဟာလည်း ကိုယ့်အတွက် ပျင်းစရာကောင်းနေခဲ့တယ် ညဏ်မမှီတာ နေမှာပေါ့လေ။ ချစ်ခြင်းအနုပညာ၊ လက်ထပ်ထိမ်းမြားခြင်း အနုပညာ၊ မိသားစုဘဝအနုပညာ၊ မိတ်ဆွေဖွဲ့ခြင်းအနုပညာ၊ တွေးခေါ်မှုအနုပညာ၊ အလုပ်လုပ်ခြင်းအနုပညာ၊ ခေါင်းဆောင်မှုအနုပညာ၊ အိုခြင်းအနုပညာ၊ ပျော်ရွှင်ခြင်းအနုပညာဆိုတဲ့ ခေါင်းစဉ်တွေကို သဘောကျလို့ ပို့စ်နာမည်ကိုလည်း အလုပ်ရှာခြင်း အနုပညာလို့ ပေးလိုက်ပါတယ်။

အဖေက ကိုယ့်ကို ကျူတာဖြစ်စေချင်ခဲ့တာပါ နယ်တွေမှာ တာဝန်ကျရင် အမေက လိုက်နေပေးပြီး ချက်ပြုတ်‌ကျွှေး အဖေက ကိုယ်တာဝန်ကျတဲ့မြို့တွေဆီ လာလည်လိုက်လို့ စိတ်ကူးယဉ်ထားတာတဲ့။ စာသင်ရ၊ ရိုးကောခေါ်ရ၊ ယူူနီဖောင်းမဝတ်တဲ့ ကျောင်းသားတွေကို လိုက်ဖမ်းရနဲ့ အင်မတန်ပင်ပန်းတဲ့ ကျူတာဆရာမဘဝကို မျက်စိရှေ့မှာ မြင်တွေ့ထားတော့ ကိုယ်က ကျူတာမလုပ်ဘူးလို့ ဆုံးဖြတ်ထားတယ်။ မာစတာဝင်တော့ အဖေက ကိုယ့်ကို မာစတာ ဆက်တက်စေချင်တယ်။ ကျူတာမလုပ်ခိုင်းမှ မာစတာတက်မယ်လို့ပြောတော့ အဖေက ကျူတာမလုပ်ခိုင်းပါဘူး မာစတာဘွဲ့တော့ ရအောင်ယူပါ သမီးရယ်တဲ့။ အမ်ဝမ်းပြီးလို့ သီးစစ်လုပ်နေရင်း စင်္ကာပူကျောင်း ဝင်ခွင့်ရလို့ ကျောင်းသွားတက်တာနဲ့ မြန်မာပြည်က မာစတာ မပြီးခဲ့ဘူး။ ကိုယ့်သူငယ်ချင်းတွေ အလုပ်ရှာ၊ ကိုယ်တိုင်လည်း အလုပ်တွေ  လျှောက်ခဲ့ဖူးတယ်။ မြန်မာပြည်မှာ အလုပ်ရဖို့ အင်မတန် ခက်တယ်။ အလုပ်ကရှား ဘွဲ့ရတွေကများတော့ အကပ်ကောင်းမှ အလုပ်ရတယ်။ စင်္ကာပူကျောင်းဝင်ခွင့်ရတာ ကိုယ့်ဘဝရဲ့ အလှည့်အပြောင်း တစ်ခုပါ။ မြန်မာပြည်ကကျောင်းနဲ့ စင်္ကာပူကကျောင်း ဘယ်လိုကွဲခြားတယ်၊ ဘယ်လိုသင်ကြားတယ်ဆိုတာလေး ပြောပြချင်ပါသေးတယ်။ မြန်မာပြည်က အမ်ဘီအေဘွဲ့ရတစ်ယောက် အမ်ဘီအေ၊ အမ်ဘီအေလို့ ပါးစပ်ကမချတာ နားကြားကပ်လာလို့ မကြီးရေ  NUS (စင်္ကာပူအမျိုးသားတက္ကသိုလ်) က Business School မှာ အမ်ဘီအေတက်ပါလား ကျောင်းပြီးရင် လစာသောင်းချီရတယ်လို့ကြားတယ်လို့ နှက်လိုက်တော့မှ ကိုယ်ရှေ့မှာ အမ်ဘီအေလို့ မကြွားရဲတော့ဘူး။

အမြင်ကပ်ရင် အဲဒီလို နှက်လိုက်ချင်တဲ့စိတ်က အဖေ့အဖေ ဘိုးဘိုးနဲ့ သွားတူတာနေမှာ။ ကိုယ်တို့အဘိုးက လူ့ကန့်လန့် ဂွစွာငရွတ်ကြီး။ ဘိုးဘိုးသာ ကြားရင်တော့ ဟယ်မလေး ကောင်းတာကျတော့ သူ့မိဘတွေနဲ့ တူတာ မကောင်းတာဆိုရင် ငါနဲ့တူတာတဲ့  သောက်ကျိုးနည်းလို့ ဟစ်လေမလားမသိ။ ၁၉၇၀ နှစ်များတုန်းက  အိန္ဒိယ၊ စင်္ကာပူ အနီးအနား ပတ်ဝန်းကျင်နိုင်ငံတွေက ကျောင်းသားတွေဟာ အင်္ဂလန်တက္ကသိုလ် ဝင်ခွင့်မမှီခဲ့ရင် ရန်ကုန်တက္ကသိုလ် ဝင်ခွင့်ရဖို့က သူတို့ရည်မှန်းချက်ပါတဲ့။ ကိုယ့်ဆရာတွေ လက်ထက်ထိ မြန်မာပြည်ရဲ့ ပညာရေးစနစ်က ကောင်းသေးတယ်လို့ ဆိုရမယ်။ ကိုယ်တို့ခေတ်ကျတော့ ဘွဲ့ဆိုတာ ဧည့်ခန်းထဲမှာ အလှချိတ်ဖို့လောက်ပဲ ကျန်တော့တယ်။ ကိုယ်ငယ်ငယ်တုန်းက ဖြစ်ချင်ခဲ့တာ ဆရာဝန်ပါ။ ကိုယ်ဆယ်တန်းအောင်တဲ့နှစ်ကျမှ ဆေးဝင်ခွင့် အမှတ်ကမြှင့်၊ ဝိုင်အိုင်တီ မရှိ ဂျီတီအိုင်နှစ်နှစ်၊ ဘီတက်ချ်နှစ်နှစ်၊ ဘီအီးနှစ်နှစ် ဂျီတီစီကျောင်းတွေက နယ်မှာ၊ ဆေးဝါးကျွှမ်းကျင်၊ ဆေးဘက်ပညာသည်က ကျောင်းပြီးရင် အလုပ်ရှား၊ ကွန်ပျူတာက အီကိုထက် ဝင်ခွင့်မြှင့်လို့ ကွန်ပျူတာ ယူလိုက်တယ်။ ကိုယ်တို့နှစ်က ဆေးပြုတ်တော်တော်များများ ကွန်ပျူတာလျှောက်ကြတယ်။ ကျောင်းမှာသင်တဲ့ စာအုပ်တွေ၊ ဆရာမတွေက တကယ်ကောင်းပါတယ်။ မကောင်းတာက သင်ပုံသင်နည်းစနစ်နဲ့ လက်တွေ့မရှိတာ။ Lab ထဲက ကွန်ပျူတာတွေက အစုတ်တွေ၊ မီးက မလာ။ Lab ခန်းကို တီဗွီလာရိုက်နေလို့ တီချယ်တွေက ပါဝါပိတ်ထားတဲ့ ကွန်ပျူတာတွေရှေ့မှာ ထိုင်နေပေးပါဆိုလို့ ထိုင်နေပေးဖူးသေးတယ်။

Team 12 SA 29 Presentation Day
Institute of System Science (ISS), National University of Singapore (NUS)

ပရိုဂရမ်းမင်း၊ ကုတ်တင်းတွေကို စာရွက်ပေါ်မှာပဲ ရေးခဲ့တာပါ။ ကျူတိုရီယမ်ဆိုလို့ကတော့ စာအုပ်အောက်ချပြီး ကူးတော့တာပဲ။ ဒါတောင် ဘာကူးရမှန်း မသိလို့ ဘေးက  သူငယ်ချင်းတွေကို မေးရသေးတယ်။ တတိယနှစ်တုန်းက ပရောဂျက်လုပ်တော့ ဆယ်ယောက်မှာ တကယ်လုပ်တာက နှစ်ယောက်၊ သုံးယောက်။ Presentation မှာ ဘယ်သူ ဘာလုပ်တယ်ဆိုတာ တိုက်ထားရသေးတယ်။ အောင်ကြီးတို့အဖွဲ့ဆို ဒေတာ ( သတင်းအချက်အလက်) ကောက်တာ လေးယောက်ကြီးများတောင်ဆိုလို့ ဆရာမတွေ ဟယ်ခနဲ ဖြစ်သွားဖူးတယ်။ ကျောင်းပြီးလို့ အလုပ်ရှာတော့ အိုင်တီကုမ္ဗဏီတွေနည်း အလုပ်အကိုင်က ရှားတော့ အလုပ်ရဖို့ အင်မတန် ခက်တယ်။ ကိုယ်မာစတာတက်နေတဲ့အချိန်မှာ ကိုယ်တို့ကျောင်းက တော်တော်များများ စင်္ကာပူမှာ ကျောင်းသွားတက်ကြတယ်။ အဲဒီအချိန်တုန်းက ကိုယ်က တုပ်တုပ်မှမလှုပ် ကိုယ့်သူငယ်ချင်းက နင့်မိဘတွေ တတ်နိုင်တာပဲ နင်လည်း စာလိုက်နိုင်သားပဲ စင်္ကာပူမှာ ကျောင်းသွားတက်ပါလားလို့ အကြံပေးတယ်။ အဲဒီတုန်းက မကြီးက တိုဖယ်ဖြေပြီး နိုင်ငံခြားထွက်ဖို့ ကြိုးစားနေတာမို့ ကိုယ်မလျှောက်တာပါ။ ကိုယ့်မိဘတွေက တစ်ယောက်ကျောင်းတက်မှာကိုပဲ ထောက်ပံ့နိုင်တာကိုး။ မကြီး စင်္ကာပူရောက်တော့ ကိုယ့်သူငယ်ချင်းတွေ တက်နေတဲ့ကျောင်း၊ ဘာသာ၊ စာလိုက်နိုင်မနိုင်၊ ကျောင်းလခ၊ loan ၊ ကျောင်းတက်နေစဉ်မှာ တလဘယ်လောက် ကုန်သလဲ၊ ကျောင်းပြီးရင် အလုပ်ရနှုန်းတွေကို မေးမြန်းပြီးတော့ ကိုယ့်ကို လျှောက်ခိုင်းတယ်။

NTU (Nanyang Technological University) ဝင်ခွင့်က Grading ၊ Transcripts ၊ အက်ဆေးနှစ်ပုဒ် ရေးရတယ်၊ အွန်လိုင်းကနေ အက်ဆေးတစ်ပုဒ် ဖြေရတယ်။ NUS (National University of Singapore) ဝင်ခွင့်က Grading ၊ Transcripts ၊ ဝင်ခွင့်စာမေးပွဲ ဖြေရတယ်။ ကိုယ်ဖြေဖူးသမျှ စာမေးပွဲမှာ NUS ဝင်ခွင့်စာမေးပွဲက အခက်ဆုံး။ အေးလွန်းလို့ ရှူးရှူးတောင် ပေါက်ချင်တယ်လို့ ပြောကြတဲ့ MICT Park ခန်းမထဲမှာ ကိုယ်ကတော့ ချွှေးတွေ ပြိုက်ပြိုက်ကျအောင် ဖြေခဲ့ရတယ်။ နောက် ဖုန်းအင်တာဗျူး ဖြေရပြီးမှ ဝင်ခွင့်ရပါတယ်။ ကျောင်းအပ် လက်ခံတာဆိုရင်လည်း ဘာစာရွက်စာတမ်းတွေ လိုတယ် အတိအကျ ကြေငြာပြီး လုပ်တာကိုင်တာ အရမ်းမြန်တယ်။ ကျောင်းလခကိုလည်း ဘဏ်တွေနဲ့ ဆောင်ရွက်ထားတော့ မြန်မာပြည်မှာလို ကျောင်းလခသွင်းထားတဲ့ ချလံပျောက်သွားလို့ နှစ်ခါထပ်သွင်းရတာမျိုး၊ ပျောက်သွားလို့ ချလံပြန်တွေ့လို့ ကျောင်းသားရေးရာဋ္ဌာနမှာ သွားတောင်းတာ တစ်နှစ်လောက်ကြာတော့မှ ရတာမျိုးတွေ မရှိပါဘူး။ ကျောင်းစတက်တာနဲ့ ဘယ်အဖွဲ့၊ ဘယ်အခန်းဆိုတာ တခါတည်း သတ်မှတ်ထားတယ်။ မနက်ပိုင်းမှာ လက်ချာဟောခန်းကြီးမှာ စာသင်ရပြီး နေ့လည်ဆိုရင် Lab Assignment တွေလုပ်ဖို့ အုပ်စုအခန်းတွေမှာ တစုတဝေးတည်း စာလုပ်ကြတယ်။ ညနေ ၄ နာရီ အတန်းပြီးသွားပေမဲ့လည်း အများစုက ည ၁၁ နာရီခွဲ နောက်ဆုံးဘတ်စ်ကား၊ နောက်ဆုံးရထားစီးပြီး အိမ်ပြန်ကြပါတယ်။ နောက်နေ့ မနက် ၉  နာရီဆို ကျောင်းကို ပြန်ရောက်နေပြီ အိမ်ကို ညအိပ်ဖို့လောက်ပဲ ပြန်တယ်။ ပိတ်ရက်တွေဆိုရင်လည်း ကျောင်းမှာ ပရောဂျက် စုလုပ်ကြတယ်။

ပိတ်ရက်ဆိုရင်လည်း ကျောင်းမှာ ပရောဂျက်စုလုပ်ကြတော့ ပိတ်ရက်မှာ ကျောင်းလာတက်ကြတဲ့ MTech မာစတာကျောင်းသားတွေနဲ့ အခန်းလုကြရသေးတယ်။ စာကြည့်တိုက်မှာ တိတ်ဆိတ်လွန်းလို့ ရုပ်ရှင်ကြည့်နေရင်၊ အိပ်နေရင် လုံခြုံရေးစောင့်က လာသတိပေးတယ်။ ISS ( Institute of System Science) က စာကြည့်တိုက်ထက် NUS စာကြည့်တိုက်က ပိုကြီးတယ် စာအုပ်တွေလည်း တကယ်စုံတယ်။ ကျောင်းတွင်းပြေးဆွဲနေတဲ့ ရှယ်တယ်တွေက ဖရီး၊ အားကစားခန်းမတွေ ရှိပေမဲ့ ကိုယ်တို့ တခါမှ  သွားမကစားကြဘူး။ ကန်တင်းတွေဆိုရင်လည်း ဈေးသက်သာတယ် စားလို့ကောင်းတယ်။ Art & Science ကျောင်းကင်န်တင်းက Steamboat ဆိုရင် ငါးကျပ်ပဲ ပေးရတယ်။ ‌ချွှေတာခြိုးခြံရတဲ့ ကျောင်းသားဆိုတော့ အဲဒီငါးကျပ်ကိုတောင် နှစ်ယောက်ရှယ်စားကြတဲ့ဘဝ။ Engineering School ကန်တင်းဆို နာမည်ကြီးပဲ အစားအသောက် စုံတယ်။ ကျောင်းမှာ printer က ကြိုက်သလောက်ထုတ် ကျောင်းသားကဒ်ပြလိုက်ရင် A4 တစ်ထုပ် ထုတ်ပေးတယ်။ Locker ထဲမှာ မုန့်၊ ဖိနပ်၊ စာအုပ်တွေ ရှိတယ်။ ကျောင်းမှာ ၂၄ နာရီ လုံခြုံရေးအပြည့် လက်ဖက်ရည်၊ ကော်ဖီစက်က အထပ်တိုင်းမှာ။ ရေခဲသေတ္တာထဲမှာ အစားအသောက်တွေ ထားနိုင်တယ်။ ဒါတွေကတော့ ကျောင်းသားတွေကိုပေးတဲ့ ဝန်ဆောင်မှုတွေပါ။ သင်ကြားတာတွေကလည်း အင်မတန် ကောင်းပါတယ် ဆရာက လွယ်တာတွေကိုသင် ခက်တာတွေကို တပည့်တွေကို လုပ်ခိုင်းတယ်။ မနက်ဖြန်သင်မဲ့ သင်ခန်းစာအတွက် ဖတ်ခိုင်းလိုက်တာတွေက အများကြီး။ ကျောင်းက အင်တာနက်က အိမ်က အင်တာနက်ထက် မြန်လို့၊ အိမ်မှာက အဲယားကွန်းကို ညဖက်အိပ်ချိန် ၉ ၊ ၁၀ နာရီလောက်မှ ဖွင့်ထားမို့အင်တာနက်မြန်၊ အဲယားကွန်းအေးတဲ့ ကျောင်းမှာနေပြီး စာလုပ်ကြတာ များပါတယ်။



သင်ကြားနည်းစနစ်က မြန်မာပြည်မှာလို ဆရာကသင် ကျောင်းသားကလိုက်မှတ် အလွတ်ကျက်ရတဲ့ နည်းမဟုတ်ဘဲ ဆရာက ကျောင်းသားတွေကို မေးခွန်းတွေမေး ဝိုင်းဆွေးနွေးတဲ့ သင်ကြားနည်းပါ။ စာမေးပွဲက open book ကြိုက်တဲ့စာအုပ် သယ်လာနိုင်တယ် အဲ့ဒီ open book က close book စာမေးပွဲထက် ပိုခက်တယ်။ တခါတုန်းက ကျောင်းသားတွေ ကော်ဖီခွက်ကို ခုံအောက်မှာ ထားခဲ့လို့ တီချယ်အက်စတာက နင်တို့အဲဒီလို စည်းကမ်းမရှိရင် ကြွက်တွေ လာမယ် ကြွက်တွေရှိရင် မြွေလာမယ် ကျောင်းကလည်း သစ်တောအုပ်ထဲမှာ အရင်က ကြွက်မရှိတဲ့ကျောင်းမှာ ကြွက်တွေ ရောက်လာတာ ဘယ်သူ့ကြောင့်လဲ လူတွေကြောင့်ပဲလို့ ဆုံးမတော့ ကျောင်းသားတွေ နောက်ကို ကော်ဖီခွက် မချရဲတော့ဘူး။ ပရောဂျက်တွေ လုပ်ရတော့ အချင်းချင်း ညိနှိုင်းရတယ်၊ ငြင်းခုန်ရတယ်၊ presentation လုပ်ရတယ်။ တကယ့်လုပ်ငန်းခွင်မှာလည်း အားလုံး team နဲ့ လုပ်ရပါတာပါ teamwork ကောင်းမှ ပရောဂျက် အောင်မြင်မှာမလား။ Presentation နေ့ဆို ရုံးဝတ်စုံလေးနဲ့ ကျောင်းသားအားလုံး ရှင်းသန့်နေတတ်ပါတယ်။ error တက်ပြီဆိုရင် အခန်းပေါက်စေ့ ကယ်ပါဦးလို့ သွားအော်ရင် တစ်ယောက်ယောက်က ကူညီဖြေရှင်းပေးလိုက်တာပါပဲ။ ကျောင်းပြီးလို့ အလုပ်ရှာတဲ့အခါ အင်တာဗျူးတွေ ဖြေရမှာမို့ အင်တာဗျူးအတွက် နို့တစ်ဘုတ်မှာ အလုပ်ကြေငြာ တချို့ကျောင်းသားတွေက အင်တာဗျူးတဲ့သူလုပ်၊ တချို့ကျောင်းသားတွေက အင်တာဗျူးလာဖြေသူလုပ်ပြီး မေးဖြေကြတာကို တီချယ်တွေက အမှတ်ပေးပါတယ်။ အင်တာဗျူးတဲ့ ကျောင်းသားတစ်ယောက်က မင်းကိုတော့ ရီဂျက်၊ မင်းကိုတော့ လစာဘယ်လောက်၊ ဘောနပ်စ် ၆ လစာနဲ့ အော်ဖာကမ်းမယ်လို့ မစားရဝမခန်းပြောရင် မင်းထက် ပိုကောင်းတဲ့အော်ဖာကို လက်ခံလိုက်ပြီကွ ပြန်နောက်ကြတယ်။ Presentation ဆိုရင်လည်း intro က ဘယ်သူ၊ သူပြီးရင် ဘယ်သူက ဘယ်အပိုင်းဆိုပြီး ပေးထားတဲ့ မိနစ် ၂၀ အတွင်းမှာ team member တွေအားလုံး ကိုယ်လုပ်တဲ့အပိုင်းကို ရှင်းပြရပါတယ်။

နှစ်ဝက်ပြီးတော့ AD (Application Development) Project တလလုပ်ရပါတယ်။ ကလိုင်းရင့်ဆီမှာ requirement သွားတောင်း၊ ပရောဂျက်ကို ဒီဇိုင်းချ၊ database က ဘယ်သူ့တာဝန်၊ ဒီဇိုင်းက ဘယ်သူ၊ coding တော်တဲ့သူတွေက ခက်တဲ့အပိုင်းယူ၊ coding အားနည်းတဲ့သူတွေက လွယ်တဲ့အပိုင်းယူ၊ ဘယ်နေ့ဘယ်ရက်မှာ ဘယ်အပိုင်းတွေ အပြီး၊ Testing က ဘယ်အချိန်မှာ ဘယ်သူက ဘယ်အပိုင်းကို စစ်ဖို့ တာဝန်ယူ၊ အင်္ဂလိပ်စာကောင်းတဲ့သူတွေက documentation တာဝန်ယူနဲ့ တာဝန်တွေခွဲ။ requirement gathering လုပ်ရတုန်းက တီချယ်တွေကို ကလိုင်းရင့်လို့ သဘောထားပြီး လက်ရှိ system က ဘယ်လို၊ ဘယ်ဟာတွေ ထပ်ထည့်ချင်တာလဲ၊ လက်ရှိသုံးနေတဲ့ manual system ထဲမှာ ဘယ်ဟာတွေကို computerzied လုပ်နိုင်မလဲ မေးခွန်းတွေ မေးရတယ်။ မဟုတ်ကဟုတ်က မေးခွန်းတွေ မေးလို့ရတော့ တီချယ်မယ်ဂန်က နင်တို့အဓိပ္ဗာယ်မရှိတာတွေ လာမေးနေတယ် ငါရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို လာဖြ ုန်းနေတယ်လို့ အော်တော့တာပဲ။ အဲဒီတလလုံး မနက် ၉  နာရီကနေ ည ၅ နာရီထိ ရုံးဝတ်စုံဝတ်နဲ့  ရုံးမှာ အလုပ်လုပ်ရသလို လုပ်ရပါတယ်။ အင်တန်းမဆင်းခင် ကျောင်းသားတွေကို ထရိန်းနေတာပါ။ အပေါ်က ရုံးဝတ်စုံ အောက်က ဂျင်းဘောင်းဘီ ဝတ်ထားရင် ထိုင်နေတုန်း မသိသာဘူး။ အဲဒါကို တီချယ်မယ်ဂန်က သိတယ် ခုံအောက်ကို ငဲ့ကြည့်ပြီး ဂျင်းဘောင်းဘီ ဝတ်ထားမထား စစ်ဆေးတယ်။ ဂျင်းဘောင်းဘီ ဝတ်ထားရင်၊ အခန်းထဲမှာ အိပ်နေရင် team ကို အမှတ်လျော့တယ်။ ကျောင်းက coding ကုတ်တင်းမတတ်တဲ့သူတွေ ကုတ်တတ်သွားအောင် ရေရေလည်လည် ထရိန်းတာပါ။ ကျောင်းနဲ့ချိတ်ဆက်ထားတဲ့ ကုမ္ဗဏီတွေမှာ အင်တန်း ၆ လ ဆင်းပြီး ကုမ္ဗဏီက ပရောဂျက်တွေမှာ ပါဝင်ရပါတယ်။ ကုမ္ဗဏီက allowance ပေးပါတယ် ကုမ္ဗဏီက မပေးနိုင်ရင် ကျောင်းက အစားပေးပါတယ်။ အင်တန်းဆင်းနေတုန်း ဘယ်တွေလုပ်နေတယ်ဆိုတာ ကျောင်းကို အပတ်တိုင်း report တင်ရပါတယ်။

အင်တန်းဆင်းပြီးတော့ ဘယ်ပရောဂျက်တွေမှာ ဘာတွေလုပ်ရပါတယ်ဆိုတာ presentation ပေး၊ documentation လုပ်ရပါတယ်။ အင်တန်းပရောဂျက်တွေကိုလည်း Accenture ဆုပေးရာမှာ ကိုယ်တို့ပရောဂျက်တောင် ရွေးချယ်စာရင်းထဲပါပေမဲ့ ဆုတော့မရခဲ့ပါဘူး။ စာမေးပွဲရမှတ်တင်မဟုတ်ဘဲ ပရောဂျက်အမှတ်တွေပါ ထည့်တွက်တာပါ။ အမှတ်နည်းနေရင်၊ စာမေးပွဲကျရင် ကျောင်းကပရောဂျက်တွေမှာ ပါဝင်ခိုင်းပြီး ဘွဲ့ရလက်မှတ်မဟုတ်ဘဲ အတန်းပြီးဆုံးတဲ့ certificate ပေးပါတယ်။ ISS တက်တော့မှ teamwork ၊ presentation ၊ documentation ၊ ဘယ်လိုမေးခွန်းမေးရတယ်၊ ပရောဂျက်တစ်ခုကို အစကနေအဆုံး ဘယ်လိုလုပ်ရတယ်ဆိုတာ သိသွားတော့တယ်။ ISS မှာ တစ်နှစ်တက်တာက ကွန်ပျူတာတက္ကသိုလ်မှာ ၅ နှစ် တက်တာထက် အများကြီး ပညာရတယ်။ ကျောင်းပြီးတော့ လုပ်ငန်းခွင်ဝင်ဖို့ ရယ်ဒီဖြစ်နေပါပြီ။ ကိုယ်ကျောင်းလာတက်တဲ့ ၂၀၀၈ မှာ recession စီးပွားပျပ်ကပ်ဖြစ်ပြီး DBS ဘဏ်မှာ အလုပ်ဖြုတ်ခံထိတဲ့ ၉၀၀ ကျော်မှာ အများစုက အိုင်တီသမားတွေတဲ့ မင်းတို့ အရည်အချင်းကို ဖြည့်ထားကြ အရည်အချင်း မပြည့်ဝရင် အရင်ဖြုတ်ခံထိလိမ့်မယ်လို့ တီချယ်အယ်စတာက ကျောင်းစတက်တဲ့နေ့မှာပဲ သတိပေးစကားပြောပါတယ်။ ကျောင်းကောင်းမကောင်းကလည်း အလုပ်ရှာရမှာ အထောက်အကူပြုပါတယ်။ နာမည်ကြီးကျောင်းထွက်တွေက အလုပ်ရှာရလွယ်တယ် NUS က ကမ္ဘာ့အဆင့် ၂၄ ပါ။ ကျောင်းတောင် မပြီးသေးဘူး အလုပ်ရရင် ပီအာ (Permanent Residence) လျှောက်ဖို့ အော်ဖာလက်တာ ပေးပါတယ်။ ISS ကျောင်းထွက် တော်တော်များများ တလကနေ သုံးလအတွင်း အလုပ်ရကြတာ များပါတယ်။ တချို့ဆို အင်တန်းဆင်းတဲ့ ကုမ္ဗဏီမှာ အလုပ်ရတော့ အလုပ်ရှာဖို့တောင် မလိုဘူး။ တချို့ကြတော့လည်း အလုပ်မရလို့ ပြည်တော်ပြန်ရသူတွေ ရှိပါတယ်။

We fight, argue, negotiate, motivate, initiative, lazy and try our best for our team project.
Yes. We are Team 12 SA 29 from ISS (Institute of System Science),
NUS (National University of Singapore).

ISS က ဘွဲ့လွန်ဒီလိုပမာဆိုပေမဲ့ NTU မာစတာထက် အလုပ်ရှာရလွယ်တာ ကျောင်းရဲ့ လေ့ကျင့်သင့်ကြားပုံကြောင့်ပါ။ NTU digital media ၊ information studies မာစတာတွေက စာတွေ့များပြီး လက်တွေ့နည်းတယ်။ ကိုယ်တို့ ISS ကတော့ လက်တွေ့များတယ် ကျောင်းတက်တုန်းက ပရောဂျက်တွေ လုပ်ရလွန်း ပင်ပန်းလွန်းလို့ ညည်းကြတယ်။ အဲဒီအကျိုးကို ကျောင်းပြီးလို့ အလုပ်ရှာတဲ့အခါမှ ခံစားရတယ်။ ဒါတောင် ကိုယ်ဘွဲ့က ကွန်ပျူတာဆိုတော့ အခက်အခဲ မရှိဘူး။ အီကို၊ သင်္ချာ တခြားမေဂျာကနေ လာတက်တဲ့သူတွေဆိုရင် i = 1 ဆိုတာတောင် မသိဘူး တကယ့်ကို အစိမ်းသက်သက်။ ဒါပေမဲ့လည်း သင်ယူတဲ့သူနဲ့ ဆိုင်တာပါ ဂေါရင်ဆိုတဲ့ တရုတ်မလေးဆို အီကိုဘွဲ့ရ ကျောင်းလာတက်တုန်းက ပရိုဂရမ်းမင်းဆိုတာ မသိဘူး။ ဟော နှစ်ဝက်လောက်ရောက်ရော ကိုယ်တို့တောင် မရေးနိုင်တဲ့ Search  ကို ရေးသွားတာများ လက်ဖျားခါရတယ်။ ဘရူနိုင်းဘုရင် ပညာတော်သင်လွှတ်တဲ့ အစိုးရအရာရှိ ၁၀ ယောက်ဆို ကျောင်းဆရာတို့ဘာတို့ ကွန်ပျူတာဘွဲ့ရတွေ မဟုတ်ဘူး တချို့ဆို အသက် ၄၀ လောက် ရှိနေပြီ။ ဘရူနှိုင်းဘုရင်က ချမ်းသာတော့ ပညာတော်သင်တွေကို ကောင်းကောင်းထောက်ပံ့တယ်။ ဒါပေမဲ့ စာမေးပွဲကျရင်တော့ ပြစ်ဒဏ်ပေးခံရတယ်တဲ့။ တစ်ဦးတည်းသော ဗုဒ္ဓဘာသာ ပိန်ပိန်ညောင်ညောင် ဆံပင်ဖြူဖြူနဲ့ လီက အင်မတန် စာကြိုးစားတယ်။ အိမ်ကိုပြန်ဖို့ အချိန်ပေးရလို့ ကျောင်းဝင်းထဲက အဆောင်မှာနေတယ်။ ကျောင်းပြီးတော့ ကိုယ့်ထက်တောင် အမှတ်ကောင်းနေသေးတယ်။ တတန်းလုံးမှာ  အမှတ်အများဆုံး Gold Metal ရတဲ့ ကောင်လေးက ကွန်ပျူတာတက္ကသိုလ်က ကိုယ်တို့ထက် အများကြီးငယ်တယ်။ စာကို တအားကြိုးစားတာလည်းမဟုတ် ဂိမ်းတွေဆော့ရင်း အိပ်ငိုက်ရင်းနဲ့ gold metal ရတဲ့ မာစတာဘရိန်း ဆိုပါတော့။

(ဆက်ပါဦးမယ်)
စန်းထွန်း
‌ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၅။

လမ်းလျှောက်ရင်း သိခဲ့တာလေးတွေ - ၂

ပိတ်ရက်တွေဆို နယူးယောက်တခွင် လမ်းလျှောက်ဖြစ်တဲ့ meet up အဖွဲ့ထဲမှာ ရွန်၊ ဂျွှန်၊ ဟန့်ခ်အဖွဲ့တွေက ကိုယ်အများဆုံး လမ်းလျှောက်ဖြစ်တဲ့ အဖွဲ့တွေပါ။ ရွန်အဖွဲ့က  ၆ မိုင် အနည်းဆုံး လျှောက်ရပြီး ဟန့်ခ်နဲ့ဂျွှန်အဖွဲ့ကတော့ ၄ မိုင်လောက်ပဲ လျှောက်ရတယ်။ ဟန့်ခ်နဲ့ဂျွှန်က တိုးဂိုက်လုပ်ခဲ့သူတွေမို့ ကိုယ်မသိသေးတဲ့ နယူးယောက် သမိုင်းကြောင်းကို ရှင်းပြတာများ အင်မတန် စိတ်ဝင်စားဖို့ကောင်းတယ်။ ရွန်ကတော့ လာသမျှလူတွေကို လက်ခံပြီး RSVP လုပ်ပြီး ပေါ်မလာလည်း ကိစ္စမရှိဘူး။ ဒီတော့ သူ့အဖွဲ့က အမြဲတမ်း ၃၀၊ ၄၀ လောက် ရှိတတ်လို့ ရွန်အဖွဲ့ ပြတိုက်သွားမယ်ဆိုရင် ကိုယ်တို့က မလိုက်ဘူး။ ဂျွှန်နဲ့ဟန့်ခ်အဖွဲ့ကတော့ ၃၀ လောက်ပဲ လက်ခံတယ် RSVP လုပ်တဲ့သူတိုင်းလည်း လာကြတယ်။ ရွန်က တခြားအဖွဲ့ရဲ့ အိုင်ဒီယာကို ကူးချတတ်ပြီး တခါတလေ ဘယ်လိုသွားရမှန်း မသိဘူး။ ဂျွှန်က ဟိုအစောကြီးကတည်းက ဘယ်နေရာတွေကို သွားမယ်ဆိုတာ ကြေငြာတယ်။ ဓာတ်ပုံတွေနဲ့တကွ သမိုင်းကြောင်းကို ရှင်းပြတယ် ၄ နာရီ စုရပ်ကို ပြန်ရောက်မယ်ဆိုရင် တကယ်ပြန်ရောက်တယ် တိကျသေချာစေ့စပ်တယ် ဆိုပါတော့။ အမေရိကန်မှာ နံပါတ်တစ် ခရစ်စမတ်မီးထွန်းကြတဲ့ ဘရွှတ်ကလင်းက ဒိုက်ကာဟိုက်ရပ်ကွက်ကို လမ်းလျှောက်အဖွဲ့တွေ သွားကြတော့ ဂျွှန်က  ဟိုးအစောကြီးက စီစဉ်တယ်။ ရွန်က စနေနေ့ သွားမယ်ဆို ဗုဒ္ဓဟူးနေ့လောက်မှ ကြေငြာတယ် သွားတော့လည်း ဂျွှန်မတိုင်ခင် ပထမဆုံးဖြစ်အောင် သောကြာနေ့မှာ စီစဉ်တယ်။

ကိုယ်တွေကတော့ ရုံးသမားတွေမို့ မလိုက်နိုင်ပေမဲ့ ပင်စင်စားကြီးတွေကတော့ လိုက်ကြတယ်။ ဝိုင်းက ရွန့်စိတ်ဓာတ်ကို မကြိုက်ဘူး သူက ပထမဆုံးလုပ်တာ ဖြစ်ချင်တယ် နာမည်ကြီးချင်တယ် ပေါ်ပြူလာဖြစ်ချင်တယ် ရှင်းပြရင်လည်း ဆရာကြီးစတိုင်နဲ့ ဂျွှန်န့်အိုင်ဒီယာကူးတာ နှစ်ခါရှိပြီတဲ့။ ဝိုင်း ပြောတော့မှပဲ သတိထားမိတယ် ဟုတ်ပါ့။ လုပ်ပုံကိုင်ပုံ ပြောပုံဆိုပုံကိုကြည့်ပြီး ကြာလာရင် လူ့သဘောမနော အတွင်းစိတ်ကို ခန့်မှန်းလို့ရတာမျိုးကိုး။အောက်မက်ဟန်တန်ဖက်ကို လမ်းလျှောက်ကြရင်း ဂျွှန်ရှင်းပြတဲ့ အမေရိကန်သမိုင်းကြောင်းတွေကို လမ်းလျှောက်ရင်း သိခဲ့တာလေးတွေ အပိုင်း ၂ အနေနဲ့ တင်လိုက်ပါတယ်။ ဂျွှန်ညွှန်ပြတဲ့ အဆောက်အဦးက ပထမဆုံးအမျိုးသမီးဆေးရုံနဲ့ ပထမဆုံးအမျိုးသမီးဆေးကောလိပ်ပါ။ တည်ထောင်တဲ့သူက အမေရိကန်မှာ ပထမဆုံး ဆေးပညာဘွဲ့ရရှိတဲ့ အဲလီဇဘက်ဘလက်ဝဲလ် Elizabeth Blackwell (၁၈၂၁ - ၁၉၁၀) ပါ။ အဲလီဇဘက်က ဗြိတိသျှလူမျိုး ဘရစ်စတယ် Bristol မြို့မှာ မွေးဖွားကြီးပြင်းခဲ့တာပါ။ ဆယ်တစ်နှစ်သမီးအရွယ်မှာ ဘရစ်စတယ်မြို့က မငြိမ်မသက်ဖြစ်လာတော့ အမေရိကားကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ အယ်လီဇဘက်ဖခင် ဆင်မြူရယ်ဘလက်ဝဲလ်က လစ်ဘရယ်အမြင်ရှိတဲ့သူပါ။ ကောင်းကောင်းမွန်မွန် မပြုမူတဲ့ ကလေးတွေကို ရိုက်နှက်ဆုံးမတာထက် ဆံပင်ဖြတ်ပြီး စာအုပ်အနက်ထဲ ထည့်သိမ်းတာမျိုး၊ ညစာထမင်းစားပွဲကနေ နှင်ထုတ်တာမျိုးတွေ လုပ်ပါတယ်။ ကလေးတဦးချင်းစီမှာရှိတဲ့ မွေးရာပါ အရည်အချင်း၊ ပါရမီတွေကို တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးရှိတယ်လို့ ယုံကြည်ပါတယ်။




အဲလီဇဘက် ဆေးပညာလေ့လာဆည်းပူးလိုစိတ် ဖြစ်ပေါ်စေတဲ့ အကြောင်းအရာကတော့ သူ့သူငယ်ချင်းမ  သားအိမ်ကင်ဆာဖြစ်တဲ့အခါ ကုသပေးတာက အမျိုးသားဆရာဝန်တွေဆိုတော့ အမျိုးသမီးဆရာဝန်တွေ ရှိစေချင်လိုက်တာလို့ တောင့်တပါတယ်။ အဲလီဇဘက် ဆေးပညာသင်မယ်ဆိုပြီး ဆေးကျောင်းလျှောက်တာ လျှောက်တဲ့ ၂၇ ကျောင်းလုံးက ပယ်ချပါတယ်။ နောက်ဆုံးမှာတော့ နယူးယောက်အထက်ဖက် upstate က ဂျီနီဗာဆေးကောလိပ်က လက်ခံလိုက်ပါတယ်။ ဝင်ခွင့်ကို အလွယ်တကူ ခွင့်ပြုလိုက်တာတော့ မဟုတ်ပါဘူး တခြားဆေးကျောင်းသား ၁၅၀ ထဲက တယောက်ယောက်က နိုးဆိုရင် ဝင်ခွင့်မပြုနိုင်ပါဘူးတဲ့။ ကျောင်းသားတွေကလည်း ပထမဆုံးအမျိုးသမီးဆိုတော့ နောက်ပြောင်ချင်ကြတာလား နောက်တော့မှ စိတ်ပျက်လက်ပျက် ထွက်ခွာသွားရင် လှောင်ပြောင်ချင်ကြလို့လားတော့မသိ အားလုံးက ရက်စ်တဲ့။ အမျိုးသမီးတယောက်ပါဝင်လာတော့ နောက်ပြောင်ဆူညံ ပွက်လောရိုက်နေတတ်တဲ့  ကျောင်းသားတွေသာ ဂျန်းတဲမန်းဆန်ဆန် သင်ယူလေ့လာကြပါတယ်။ လူနာကို ရောဂါရှာဖွေရင် အမျိုးသမီး ဆေးကျာင်းသူကို အထင်မကြီးလို့ ရောဂါရာဇဝင်ကို အကုန်အစင် မပြောပြတာမျိုး၊ လက်ထောက်လုပ်ကြတဲ့ ဆေးကျောင်းသားတွေက မကူညီတာမျိုးတွေ ကြံကြုံရပါတယ်။ အဲလီဇဘက်ရဲ့ ဆေးပညာသင်တဲ့ ခရီးက ချောမွေ့နေတာတော့ မဟုတ်ပါဘူး ဆေးကျောင်းသားတွေထက် အဆပေါင်းများစွာ ကြိုးစားရပါတယ်။ နောက်ဆုံးမှာတော့ ဆေးကျောင်းသား ၁၅၀ ကို ကျော်လို့ ပထမဆုရတဲ့အခါ ကျောင်းအုပ်ကြီးကိုယ်တိုင်က လက်ဆွဲနှုတ်ဆက်ပါတယ်။

ဆေးပညာ ထပ်သင်ဖို့ အင်္ဂလန်ကို ထွက်ခွာခဲ့ပါတယ်။ နောက်တော့ ဥရောပတခွင်မှာ တာဝန်ထမ်းဆောင်တော့ ဆရာဝန်မဟုတ်ဘဲ သူနာပြုအဆင့်လောက်သာ ပေးချင်တာမို့ အခက်အခဲတွေ အများကြီး ကြုံပါတယ်။ ကလေးကို ခွဲစိတ်ကုသနေတုန်း မတော်တဆမှုဖြစ်လို့ ဘယ်ဖက်မျက်စိ အလင်းကွယ်သွားပါတယ်။ အဲလီဇဘက် ဖြစ်ချင်တဲ့ ခွဲစိတ်ဆရာဝန် မဖြစ်နိုင်တော့တာမို့ ဆေးပညာ ဆက်လက်ဆည်းပူးပြီး အမေရိကန်ကို ပြန်လာပါတယ်။ ပြီးတော့ ပထမဆုံး အမျိုးသမီးဆေးရုံ၊ ပထမဆုံးအမျိုးသမီး ဆေးကောလိပ်ကို တည်ထောင်ပါတယ်။ အဲလီဇဘက်ရဲ့ ညီမ အီမလီက အမေရိကန်မှာ တတိယမြောက် ဆေးပညာဘွဲ့ရတဲ့ အမျိုးသမီးပါ။ ဂျွှန်က ဓာတ်ပုံတွေနဲ့တကွ ရှင်းပြတော့ အားလုံးက incredible story ၊  amazing and strong woman လို့ ပြောကြပါတယ်။ အရင်ခေတ်က မိန်းကလေးတွေဟာ မိသားစုထဲမှာ ယောကျာ်းလေးတွေလောက် ဦးစားပေးမခံရတော့ သူတို့ရဲ့ ရည်မှန်းချက်၊ စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ပေါ်ဖို့ ယောက်ျားလေးတွေထက် ပိုကြိုးစားရတယ်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး။ အရင်ခေတ်တုန်းက မိန်းကလေးဆိုတာ ပညာတတ်ပြီး ဘာလုပ်မှာတုန်း ယောကျာ်းကောင်းရဖို့ပဲလိုတယ် သေစာရှင်စာတတ်ရင် တော်ပြီ အိမ်တွင်းမီးဖိုချောင်နိုင်ရင် တော်ပြီဆိုပြီး ကျောင်းနုတ်လိုက်ကြတာ များပါတယ်။ ယောကျာ်းလေးကျတော့ မိသားစုကို ရှာဖွေ‌ကျွှေးမွှေးရမဲ့သူမို့ ပညာတတ်ဖို့ အရေးကြီးတယ်။ အိုင်စီအက်၊ ဘီအေအောင်လို့ မြို့အုပ်၊ အရာရှိအရာခံဖြစ်မှ လစာကောင်းမှာကိုး။



ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ Colourful Myanmar စာအုပ်ထဲက Education of women အပိုင်းထဲမှာ "After putting up with class-room bullies' teasing and pigtail-pullings, and having her ribbon bows snatched and stolen, the only thing she could do as to beat the boys at lessons, beat them right and left." မိန်းကလေးတွေ စာတော်ပြန်ရင်လည်း နာသကွာ ယောကျာ်းလေးသာ ဖြစ်လိုက်စေချင်တော့တယ်လို့ ဆိုကြသေးတယ်။ "She is so clever, what a pity she's a girl ... if only she were a boy!" was the refrain played on with the most exasperating repetition. ကိုယ် ငယ်ငယ်တုန်းကလည်း စသလိုနောက်သလိုနဲ့ ကိုယ့်လွယ်အိတ် ဆွဲပြေးတဲ့ကျောင်းသား၊ ဆံပင်ဆွဲဆောင့်ပြေးတဲ့ ကျောင်းသားတွေဆို မှတ်ထားတယ်။ စာရတဲ့ကျောင်းသားတွေက ဆရာမဆီမှာ အရင်စာဆိုကြပြီး ကျန်တဲ့ကျောင်းသားတွေက အဲဒီကျောင်းသားတွေဆီမှာ စာဆိုရတယ်။ ကိုယ့်ကိုစနောက်တဲ့ ကျောင်းသားဆိုလို့ကတော့ ကိုယ်ဘယ်တော့မှ စာထောက်မပေးဘူး။ သူတို့အနိုင်ကျင့်သမျှကို ကိုယ်ပြန်လည်ချေပနိုင်တာဆိုလို့ စာမှာပဲရှိတယ်။ ကိုယ်တို့နှစ်တုန်းက ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့်က ယောကျာ်းလေးတွေက ၃၅၀၊ မိန်းကလေးတွေက ၃၇၀ ငါးဘာသာခေတ်ပါ။ အမေရိကန်မှာတော့ အမျိုးသမီးတွေ မဲပေးနိုင်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ အရင်တုန်းက အမျိုးသမီးတွေကို စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ခွင့် မပြုဘဲ နောက်တန်းမှာပဲ တာဝန်ထမ်းဆောင်ရပါတယ်။ ခုဆိုရင်တော့ အမျိုးသမီးတွေ ရှေ့တန်းစစ်မျက်နှာပြင်မှာ အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းပြီး တိုက်ပွဲဝင်နေကြပါပြီ။ combat မှာ အမျိုးသမီးတွေ တာဝန်ထမ်းဆောင်ခွင့် ပြုလိုက်ပေမဲ့ တချို့နေရာတွေမှာတော့ တာဝန်ထမ်းဆောင်ခွင့် မပြုသေးပါဘူး။ အမျိုးသမီးတွေဟာ တန်းတူရပိုင်ခွင့်၊ စိတ်ကူးအိမ်မက်တွေ အကောင်အထည်ပေါ်လာဖို့အတွက် ခုထိတိုက်ပွဲဝင်နေရတုန်းပါပဲ။

ဟိုးအရင်ခေတ်တုန်းက အမေရိကန်အမျိုးသမီးတွေဟာ ဂါဝန်အထူကြီးအောက်မှာ ပစ်တီကုတ် အထပ်ထပ်ခံပြီး ဝတ်ဆင်ကြပါတယ်။ လေရူးသုန်သုန်ရုပ်ရှင်ထဲက စကားလက်အိုဟာရာတို့ ဝတ်သလိုမျိုးပေါ့။ ၁၉၁၅ ချီကာဂိုမြစ်ပေါ်မှာ Eastland သင်္ဘောနစ်မြှစ်တော့ သေဆုံးတဲ့ ၈၀၀ ကျော်မှာ အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေပါ။ အမျိုးသမီးတွေ ဝတ်ဆင်ကြတဲ့ ဂါဝန်အထပ်ထပ် အလေးချိန်ကြောင့် နစ်မြှပ်သေဆုံးရတာပါတဲ့။ Amelia Bloomer (၁၈၁၈ - ၁၈၉၄) က အထပ်ထပ်ဝတ်ရတဲ့ဂါဝန်အစား တူရကီအမျိုးသမီးတွေစတိုင်ကို အတုယူပြီး ဘောင်းဘီပွပွစတိုင် တီထွင်ခဲ့ပေမဲ့ ခေတ်မစားပါဘူးတဲ့။ သမာရိုးကျ ဂါဝန်အထပ်ထပ် မဝတ်ဆင်ရင် အလုပ်မခန့်ချင်ကြတာလည်း ပါပါတယ်။  သူ ကွယ်လွန်ပြီး တစ်နှစ်အကြာမှ အဲဒီစတိုင်က ခေတ်စားလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ စက်ဘီးပေါ်ပေါက်လာပြီး အမျိုးသမီးတွေ စက်ဘီးစီးတဲ့အခါ လဲပြိုကျရင် ဂါဝန်ထက် ဘောင်းဘီက အိန္ဒြေမပျက်ဘူးကိုး။ ကိုယ်လေးတန်း ကျောင်းသူတုန်းက စက်ဘီးစီးသင်မယ်ဆိုရင် အဖေက ဘောင်းဘီဝတ်ခိုင်းတယ်။ အဖေက ဂိုက်နိုင်တယ်ထင်ပြီး လွှတ်ပေးလိုက်ရင် ဂိုက်မနိုင်သေးတဲ့ကိုယ်က တာဘောင်ပေါ်ကနေ လယ်ကွင်းထဲ နင်းချသွားပြီး ပစ်ပစ်လဲတာ အကြိမ်ကြိမ်။ ကိုယ်တို့အရှိန်နဲ့ နင်းသမျှကို စက်ဘီးနောက်ကနေ ပြေးလိုက်ပြီး   ထိန်းပေးရတာ အဖေ အတော်ပင်ပန်းမှာပဲလို့ ကိုယ်တို့ပြောကြရင် အဖေက ခုနေများဆိုရင်တော့ ဘယ်သင်ပေးနိုင်ပါ့မလဲ သမီးရယ်တဲ့။




အဲဒီတုန်းက အဖေက သန်တုန်မြန်တုန်း ခုတော့ အသက်ကလည်း စကားပြောလာပြီ ငယ်ငယ်တုန်းက ပင်ပန်းခဲ့တဲ့ဒဏ်တွေကြောင့် လမ်းများများလျှောက်တယ်ဆိုရင်ပဲ ဒူးနာပြီ။ ကိုယ်တို့မောင်နှမသုံးယောက်လုံး စက်ဘီး၊ ဆိုင်ကယ်စီးတတ်အောင် အဖေပဲ သင်ပေးခဲ့တာပါ။ အမေရိကန်မှာ တခေတ်တခါတုန်းက အမျိုးသားတွေ အလွန်အရက်သောက်ပါသတဲ့။ သူတို့ အလုပ်လုပ်လို့ ရတဲ့လစာက သူတို့သောက်နေတာနဲ့ပဲ ကုန်နေတော့ အမျိုးသမီးတွေက အရက်သောက်မှု ဆန့်ကျင်ရေးတွေ လုပ်ဆောင်ပါတယ်။ လူထုကို သတိပေးတဲ့အနေနဲ့ မြို့ကြီးတွေမှာ ရုပ်တုတွေနဲ့ ရေပန်းလေးတွေ တည်ဆောက်ပြီး ဆော်သြကြပါတယ်။ ကိုယ်တို့ရွာမှာလည်း စက်လှေလိုက်တဲ့ မော်တော်သမားတွေ အရက်သိပ်သောက်ကြတယ်။ သူတို့လစာက အရက်ဆိုင်ကို ပေးရတာနဲ့တင် သူတို့မိသားစုဆီ မရောက်ဘူး။ လစာထုတ်ပေးရင် မိန်းမတွေကိုယ်တိုင် လာထုတ်ရတယ် နိုမို့အရက်ဆိုင်ဆီ ရောက်သွားလို့။ ရခိုင်ပြည်မှာ ကျန်ခဲ့တဲ့ မိန်းမတွေကတော့ ကိုယ်တိုင်လိုက်ထုတ်လို့လည်းမရတော့ ယောကျာ်းက သိတတ်လိမ္မာစွာနဲ့ လူကြုံနဲ့ ထည့်ပေးတော့မှ ယောကျာ်းပိုက်ဆံကို သုံးရတာမျိုး။ မိသားစုကို မစောင့်ရှောက်တဲ့ ယောကျာ်းကို ရလို့ကတော့ မိန်းမတွေမှာ ကိုယ့်ဘာသာ ရှာဖွေစားသောက်ရတဲ့အပြင်  မွေးတဲ့ကလေးကိုပါ ကိုယ့်ဘာသာ ကျွှေးမွေးစောင့်ရှောက်ရတာမျိုး။ တချို့ အသောက်အစားကင်း သိတတ်လိမ္မာတဲ့ ယောကျာ်းတွေကျတော့ ဆရာကြီးဆီမှာ အပ်ထားပါရစေဆိုပြီး အဖေ့ဆီမှာ ပိုက်ဆံစုကြတယ်။ သူတို့စုဆောင်းထားတဲ့ငွေနဲ့ သူတို့လိုချင်တဲ့ နာရီ၊ လက်စွပ်၊ ဆွဲကြိုးတွေကို ပုသိမ်က မှာဝယ်ပေးရတာမျိုး၊ သားမယားကို ပိုက်ဆံပို့ချင်တယ် ဆိုရင်လည်း လူကြုံနဲ့ ထည့်ပေးရတာမျိုး လုပ်ပေးရတယ်။ အဲဒီလိုသိတတ်လိမ္မာတဲ့ယောကျာ်းက အင်မတန် ရှားပါတယ် အများစုက သောက်စားနေကြတာကိုး။

အဖေ့မှာ မူးရူးနေတဲ့ကောင်တွေကို အသောက်အစားလျှော့ဖို့၊ ပိုက်ဆံစုဖို့ ဆုံးမစည်းရုံးရတယ်။ "လေတဖြူးဖြူးနှင့် မောင်ပြူး စာရေးလိုက်သည်.... ကလေးတွေကို ကျောင်းမှန်မှန်ပို့ ....ဂရုစိုက် .... ကိုယ့်ဘာသာရှာစား .... ငါ့အတွက် ဘာမှစိတ်မပူလေနဲ့ " လို့ အဖေ ဟာသနှောပြီးပြောရင် ကိုယ်တွေမှာ ပြုံးစိစိကို ဖြစ်လို့။ တော်တော်ဟုတ်တဲ့ မောင်ပြူး သူ့အတွက် စိတ်မပူနဲ့  ကိုယ့်ဘာသာရှာစားတဲ့ ပိုက်ဆံတော့ မပို့ဘဲနဲ့။ အရက်သမား မောင်ပြူးမိန်းမကတော့ စာရေးဖော်ရတာကိုပဲ ဝမ်းသာရလေမလား၊ ငါ့ကို ရိုက်နှက်ပြီး အရက်ဖိုးမတောင်းနိုင်လို့ ဒင်း အဝေးမှာနေတာ ခပ်ကောင်းကောင်းလို့ပဲ တွေးလေမလားတော့ မသိပါ။ လင်ဆိုးမယား တဖားဖားဖြစ်ရတာ ကံမကောင်းလိုက်တာ။ ကိုယ်တို့ရွှေပြည်ကြီးမှာလည်း ပြည်တွင်းထုတ်တွေရော၊ နိုင်ငံခြားကနေ တင်သွင်းတာရောနဲ့ ဘီယာဆိုင်တွေ မှိုလိုပေါက်။ လက်ဖက်ရည်တခွက်ထက် ဘီယာတခွက်က ဈေးသက်သာနေတော့ ဘီယာသောက်ကြပေမပေါ့။ ကောင်လေးတွေ ဆုံကြတာလည်း ဘီယာဆိုင်မှာ။ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ဆိုရင် သောက်စားပွဲတော်ကြီးကို ဖြစ်လို့။ သမ္မတကြီးက ဘီယာသောက်မဲ့အစား နွားနို့သောက်ကြပါလို့ ဆော်သြတော့ နွားနို့က ဘီယာထက် ဈေးကြီးနေတယ်လို့ ဟားကြတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ် ကိုယ်တို့ရွှေပြည်ကြီးမှာ နွားနို့က ဘီယာထက် ဈေးကြီးနေတာမျိုး။ နိုင်ငံခြားမှာတော့ အလုပ်ကို အချိန်မှီရောက်ဖို့၊ အလုပ်ပြီးဖို့လိုတော့ ပိတ်ရက်တွေမှ သောက်နိုင်တာမျိုး။ အရက်ဘီယာဝယ်မယ်ဆိုရင်လည်း အသက် ၁၈ နှစ်ပြည့်မပြည့် အိုင်ဒီစစ်တယ်။ ကိုယ်က သူငယ်ချင်းတွေဆုံကြလို့ အထိမ်းအမှတ် တခုခုရှိမှ  ဝိုင်တခွက်လောက် သောက်တတ်တာမျိုး။ ကိုယ်တို့ညီအစ်မတွေက နယူးရီးယားဆို ဘီယာတခွက်တဖလား၊ ဝိုင်တခွက်လောက် သောက်ကြပေမဲ့ မောင်မောင်က ဘာဆိုဘာမှ မသောက်။



ငါးဒိုင်ကလူတွေ စားသောက်ဆိုင်ကို သောက်မယ်စားမယ်သွားကြရင် မောင်မောင့်ကို ဝင်ခေါ်တတ်တယ်။ ဘေးချေ (ရခိုင်လို ဦးလေးလို့ ခေါ်တာပါ) တွေက စိတ်ပူတာပေါ့ အရက်သမားဖြစ်သွားမှာ စိုးတာကိုး။ သွားသောက်တဲ့သူတွေကို မေးမြန်းကြည့်တော့ ဘယ်လောက်အတင်းတိုက်တိုက် မောင်မောင်က တစက်ကလေးမှ မသောက်ဘူးတဲ့ အရက်သောက်ရင်တောင် တော်ဦးမယ် သူစားတဲ့အမြည်းဟင်းက အရက်ဖိုးထက်တောင် များနေသေးတယ်ဆိုတော့မှ စိတ်ချတော့တယ်။ ဒါပေမဲ့လည်း အရက်သမားတွေခေါ်တိုင်း မလိုက်ဖို့ အရက်မသောက်ဖို့ ဟန့်ရတာပါပဲ။  နွေရာသီကျောင်းပိတ်တုန်းက ခဏသွားနေဖူးတဲ့ ညီအစ်မလိုခင်တဲ့ အစ်မရဲ့ယောကျာ်း အရက်မူးပြီး အော်ဟစ်ဆဲဆိုတာကို မြင်တွေ့ဖူးတဲ့အခါ အရက်သမားတွေကို တကယ်လန့်တယ်။ ဂျီတီအိုင်တက်ပြီးမှ အရက်သမားလုံးလုံး ဖြစ်သွားတဲ့ ကလေး၊ အရက်မူးပြီး ရမ်းကားတဲ့ သူငယ်ချင်းမောင်လေးတွေ၊ သောက်လုံးကြီးလို့ ဆေးရုံရောက်ရတာတွေ မြင်ရကြားရတော့ အရက်မသောက်တဲ့ အဖေနဲ့မောင်မောင်ကို ကျေးဇူးတင်ရပါတယ်။ မကြီးဆယ်တန်းအောင်တဲ့နှစ်မှာ အရက်ဖြတ်လိုက်ပြီး တခါတလေ ဘီယာသောက်တတ်တယ်။ အဖေ ဘီယာသောက်လာရင် သိပ်သိသာတယ် ကိုယ်တို့ကို အနားမှာထိုင်ခိုင်ပြီး ငယ်ငယ်တုန်းက သူဘယ်လိုရုန်းကန်းခဲ့ရတဲ့ အကြောင်းတွေကို ပြောပြတတ်တာကိုး။ ဆူနမ်၊ ရာမား၊ အမ်းဒရူးတို့လည်း ဘီယာ၊ ဝိုင် ဖြတ်ထားတာ ကြာပြီ ဘီယာ၊ ဝိုင်က ဝိတ်တက်စေတယ်တဲ့။

Medieval ခေတ် ၅ ရာစုကနေ ၁၅ ရာစုထိ ရောမအင်ပါယာ ကျဆုံးခန်းကနေ ခေတ်ပြောင်းတော်လှန်ရေးအထိ အလယ်ခေတ်လို့ ခေါ်ကြတဲ့အချိန်တုန်းက ဥရောပမှာ အနုသုခုမလက်ရာတွေ ထွန်းကားပါတယ်။ ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ "ဥရောပအနုပညာမိတ်ဆက်" စာအုပ်ထဲမှာ ဥရောပအနုပညာတွေအကြောင်း ရေးထားတာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဆရာမကြီးဒေါ်ခင်မျိုးချစ်စာအုပ်တွေ ဘားမီးစ်ကလပ်စစ် စာအုပ်စင်ကနေ ဒေါင်းယူနိုင်ပါတယ်။ အမေရိကန် ဘုရားကျောင်းအများစုက မီဒီဘယ်ခေတ်က လက်ရာတွေကို မှီငြမ်းပြီး တည်ဆောက်ထားတာပါ။ ဂျွှန် တိုးဂိုက်လုပ်တုန်းက ဥရောပဖက်က ဧည့်သည်တွေကို လိုက်ပို့ပေးရရင် အင်မတန် သတိထားရတယ်တဲ့။ ဒီဘုရားကျောင်းက အီတလီက နာမည်ကျော်ဘုရားကျောင်း ပုံသဏန်ကိုယူပြီး တည်ဆောက်ထားတာပါလို့ ရှင်းပြရင် ဥရောပသားတွေက ငါတို့မှာ ရှိတာက တကယ့်အစစ်အမှန် မင်းတို့ဆီက ကော်ပီကြီးကို ဘယ်နှယ့် ငါတို့ကို လာပြနေရတာတုန်းလို့ ဘုတောကြသတဲ့။ ဟိုးအရင်တုန်းက အဆောက်အဦးတွေ မျက်နှာစာမှာ ဒီလိုအရုပ်ကြီးတွေ ရှိနေရင် မကောင်းဆိုးဝါးတွေ မကပ်နိုင်ဘူးလို့ ယူဆကြပါသတဲ့။ တရုတ်တွေကတော့ အိမ်ခေါင်မိုးအစွန်းတွေကို ကော့ချွှန်းထားရင် မကောင်းဆိုးဝါး မကပ်နိုင်လို့ ယူဆပါသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သရဲတွေက တည့်တည့်ပဲ သွားလို့ပါတဲ့။



ကိုယ်တို့ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ တရုတ်သရဲကားတွေမှာ သရဲဆိုတာကြီးက လက်နှစ်ဖက်ကို ဆန့်တန်းလို့ တန်းတန်းမတ်မတ် ခုန်ဆွခုန်ဆွ ပြေးတာကို မှတ်မိနေသေးတယ်။ အနောက်နိုင်ငံမှာတော့ စုန်းမကြီးက ကြောက်နက်ကလေးတစ်ကောင်၊ ဦးထုပ်ချွှန်ကြီးဆောင်း၊ တုပ်ကောက်ကြီးကိုင်၊ တံမြက်စည်းကို ခွစီးလို့ ပျံတယ်။ ကိုယ်ငယ်ငယ်တုန်းက ကြားဖူးတဲ့ ပုံပြင်ထဲမှာတော့ စုန်းဆိုတာ စကောနှစ်ချပ် အတောင်တပ်ပြီး ပျံတယ် ချီးစားစုန်း၊ မီးတောက်စုန်းဆိုတာ ရှိသေးတယ်။ အမေရိကန်တောင်ပိုင်းက အာဖရိကန်ကျွှန်အဆက်အနွှယ် The Gullah တွေက အိမ်အဝင်ဝကို အပြာရောင် ခြယ်ပါတယ်။ မကောင်းဆိုးဝါးတွေက ရေကို မဖြတ်ကျော်နိုင်ဘူးလို့ ယူဆတော့ ဒီအိမ်ဟာ ရေတွေ ပတ်လည်ဝိုင်းနေတယ်လို့ထင်အောင် အပြာရောင်ဆေးသုတ်ပြီး မကောင်းဆိုးဝါးတွေကို မျက်စိလှည့်လိုက်တာပါတဲ့။ မက်ဆီကန်တွေကတော့ အဝါရောင်တောက်တောက် သိပ်ကြိုက်ပါတယ် အိမ်ကို အဝါရောင်တောက်တောက် သုတ်ထားလို့ကတော့ မက်ဆီကန်အိမ်လို့သာ မှတ်လိုက်ပါတော့တဲ့။ ကိုယ်တို့မြန်မာတွေကတာ့ အိမ်စောင့်နတ်၊ လမ်းစောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်ရှိတယ်လို့ ယူဆတယ်။ အိမ်မှာ ဘုရားကျောင်းရှိရင်၊ ပရိတ်အိုးရှိရင်၊ ပရိတ်တရားဖွင့်ထားရင် မကောင်းဆိုးဝါးတွေ မကပ်နိုင်ဘူးလို့ ယူဆတယ်လို့ပြောတော့ ဝိုင်းတို့ ဗီယက်နမ်မှာလည်း အတူတူပါပဲတဲ့။ ဗီယက်နမ်တွေဟာ ဘာသာမဲ့တွေဆိုပေမဲ့ ဘိုးဘွားစဉ်ဆက် ကိုးကွယ်လာခဲ့တဲ့ ဗုဒ္ဓဘာသာအယူအဆတွေက သူတို့သွေးကြောထဲ စီးဝင်နေတယ်။ တခါတုန်းက ဗီယက်နမ်စစ်ပွဲတွင်းမှာ သေဆုံးသွားတဲ့ သူ့ဦးလေးအလောင်းကို  လေချွှန်နတ်အကူအညီနဲ့ ရှာဖွေတဲ့အကြာင်းတွေကို ပြောပြတုန်းက ကိုယ့်မှာ မြန်မာနဲ့ တူလိုက်တာလို့ တွေးမိသေးတယ်။

ဘာရယ်မဟုတ်ပါဘူး နယူးယောက်တခွင် လမ်းလျှောက်ရင်း သိခဲ့တာလေးတွေပါ။

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၅။

Photos credit to Google.

ရေးခဲ့ပြီးတာတွေက
လမ်းလျှောက်ရင်း သိခဲ့တာလေးတွေ

ကောက်ရိုးမီး...

ကျွန်မတို့အိမ်မှာ ပြောလေ့ရှိတဲ့ စကားတွေထဲမှာ ကောက်ရိုးမီးဆိုတာ တစ်ခုအပါအဝင်ပေါ့။ ကောက်ရိုးမီးဆိုတာမျိုးက ဟုန်းခနဲလောင်ပြီး မကြာခင် ငြိမ်းသွားတတ်တာမျိုး။ ဖွဲမီးကျတော့ ပြောင်းပြန် တငွေ့ငွေ့ လောင်နေတတ်တာမျိုး။ အမေ၊ အမေတို့က လယ်လုပ်ခဲ့ပေမဲ့ ကျွန်မကတော့ ကောက်ရိုးဆိုတာ ဟိုင်းကြီးရွာသစ်ကိုပြောင်းတဲ့ လေးတန်းနှစ်ကျမှ မနီးမဝေးမှာရှိတဲ့ ဇီးဖြူချောင်းရွာနားက ကောက်ရိုးပုံနားမှာ ဆော့ကစားတော့မှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးတာပါ။  တက္ကသိုလ်ကျောင်းပိတ်ရက်မှာ ခရမ်းမှာနေတဲ့ သူငယ်ချင်းအိကေတို့အိမ် တပတ်လောက် သွားလည်တော့  လယ်သမားအိမ်မို့ အိမ်ရှေ့မှာ ကောက်ရိုးပုံ တွေ့ခဲ့တယ်။ အိကေတို့ အိမ်မွေးခြံပေါက်နွားက တနင်္ဂနွေသားမို့ အောင်ဂျက်လီလို့ နာမည်ပေးထားတာတဲ့။ အောင်ဂျက်လီက တစ်နှစ်သာသာ ချိုမပေါက်သေးလို့ ဦးထိပ်ယားတယ်ထင်ပါ့ ဒူးခေါင်းမြှောက်ပေးလိုက်ရင်ပဲ ချိုထိပ်နဲ့ ဝှေ့တော့တာပဲ ကြောင်တွေ ခေါင်းလာဝှေ့သလိုပေါ့။ အောင်ဂျက်လီ အဝှေ့ကောင်းတာ အိမ်ပေါ်ကို ဖနောင့်နဲ့တင်ပါး အသားကျအောင် ပြေးရတဲ့ ကျွန်မကို အိကေက တဟားဟားရယ်လို့။ နွားလှည်းမစီးဖူးလို့ စီးချင်တယ်ဆိုတာကို လမ်းဆိုးလွန်းလို့တဲ့ နင့်ဗိုက်ထဲက အစာတွေ အစာကြေဆေး မလိုဘဲ ကြေသွားရုံမက တကိုယ်လုံး ကြေသွားလိမ့်မယ်ဆိုပြီး အိကေက ခွင့်မပြုဘူး။ ဆရာမခင်ခင်ထူးရဲ့ အညာကျေးလက်အကြောင်း ဝထ္ထုတိုတွေ ဖတ်ရတော့ လှည်းတခါလောက် စီးဖူးချင်သား။

အိမ်မှာ ကောက်ရိုးမီးလို့ ပြောကြတာက မောင်မောင်ပါ။ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်းတက်ဖို့ လိုက်အပ်ပေးရင် တစ်ရက်သာတက်ပြီး နောက်နေ့သွားမတက်တော့ဘူး။ ကျွန်မကတော့ တခါတလေ ပျင်းလို့သွားမတက်ချင်ပေမဲ့ တိုဖယ်အင်္ဂလိပ်စာ သင်တန်းကြေးက တနေ့ကို ဘယ်လောက်ပေးရတာ သွားမတက်ရင် နှမြောစရာကြီးဆိုပြီး သွားတက်တယ်။ မောင်မောင် သင်္ဘောသားသင်တန်းတက်မယ်ဆိုတော့ ကျွန်မတို့တွေက ဒီကောင် ကောက်ရိုးမီး ဘယ်နှစ်ရက်ခံမလဲလို့ စောင့်ကြည့်နေတာ တကယ်တက်ချင်လို့လားတော့ မသိဘူး ပုံမှန်သွားတက်လေရဲ့။ သင်တန်းပြီးမပြီးတော့ မသိဘူး ပိုက်ဆံဆိုတာများ ကုန်လိုက်တာ သောက်သောက်လဲ။ ဒဂုံတက္ကသိုလ်မှာ ဒေးသွားတက်တာ ကျောင်းကအဝေးကြီး၊ ဆရာမတွေကလည်း စာမသင်ဘူးနဲ့ အဝေးသင်ပြောင်း၊  မေဂျာပြောင်း၊ အဝေးသင်စာမေးပွဲ ဖြေတာမသိလိုက်လို့နဲ့ ဆယ်တန်းအောင်တာဖြင့် ဆယ်နှစ်ရှိတော့မယ် ခုထိ ဘွဲ့မရသေးဘူး။ ဖြေတဲ့သူတိုင်းအောင်၊  လူတိုင်းဘွဲ့ရနေတဲ့ခေတ်ကြီးမှာ ဘွဲ့လေးတစ်ခုမှ မရဘူးဆိုတော့ အသုံးမကျလိုက်တာ။ မကြီးက အေစီစီအေ ACCA Level 4 အကျများ၊ အောင်ချက်နည်းတဲ့ တက်စ်ဘာသာကနေ မတက်တော့ဘူး။ ကျွန်မ စင်္ကာပူကို မလာသေးခင် နှစ်နှစ်မှာ ဘာသင်တန်းမှမတက်၊ စင်္ကာပူမှာ ကျွန်မ ကျောင်းလာတက်တော့ ကျွန်မကို ထောက်ပံ့ရလို့ မတက်ဖြစ်တာ ထားပါတော့။ ကျွန်မ အလုပ်ရပြီး အဆင်ပြေပြန်တော့လည်း သူ့အလုပ်က အဆင်မပြေနဲ့သင်တန်းတွေ ရပ်ထားတာ ရှိစေတော့။ ကျွန်မ စတိတ်ကို ကျောင်းလာတက်တော့ မကြီးက အိမ်ထောင်ပြု၊ နောက်တော့ ကလေးယူမှာမို့ စိတ်ဖိစီးမခံချင်လို့နဲ့ သင်တန်းတွေ မတက်ဘူး။



ခုတော့ ကလေးရမဲ့ကံပါရင် ရလာလိမ့်မယ်လို့ သဘောထားပြီး ကျွန်မတက်နေတဲ့ ယူအက်စ်ကျောင်းက အမ်ဘီအေကို တက်မယ်ဆိုပြီး ကျောင်းဝင်ခွင့်လျှောက်၊ ဝင်ခွင့်ရပြန်တော့လည်း ဟိုလိုလို ဒီလိုလို။ မကြီး ကျောင်းလာတက်ရင် သူ့အမျိုးသားက မှီခိုဗီဇာနဲ့ လိုက်လို့ရပေမဲ့ အလုပ်လုပ်ခွင့်မရှိ။ ကျွန်မတက်နေတဲ့ ယူအက်စ်ကျောင်းက ကွန်ပရိုလို့ခေါ်ကြတဲ့ အိုင်တီကျောင်းသားတွေသာ အလုပ်ရလွယ်တာ အမ်ဘီအေကျောင်းသားတွေက အလုပ်ရှာရ အင်မတန်ခက်တယ်။ အမ်ဘီအေတက်နေတဲ့ ကမ္ဘောဒီယားမလေး ဗိဆာကာနဲ့ မိတ်ဆက်ပေးပြီး အီးမေးလ်နဲ့ မေးမြန်းတယ်။ မကြီး ကျောင်းလာတက်ရင် ကျောင်းစရိတ်၊ နေစားစရိတ်ကို ကျွန်မ ထောက်ပံ့နိုင်ပေမဲ့ အလုပ်ရဖို့တော့ သူ့ဘာသာ ကြိုးစားရမှာကိုး။ ပြီးတော့ လူလွတ်မဟုတ်တော့ သူ့အမျိုးသားအတွက်လည်း ထည့်စဉ်းစားရသေးတယ်။ ကျန်ခဲ့မလား၊ လိုက်လာမလား လိုက်လာရင် ဘာအလုပ်လုပ်မှာလဲ အဆင်ပြေနေတာကို ဖောင်ဖျက်ပြီး စွန့်စားရမှာကိုး။ နောက်တစ်ခုက အမ်ဘီအေ တက်ရမလား၊ အကောက်တင်း တက်ရမလား၊ စီပီအေ တက်ရမလား၊ လားပေါင်း များစွာကလည်း ရှိသေးတယ်။ ကျွန်မသူ့ငယ်ချင်းတွေ အားလုံးက အိုင်တီလောကကဆိုတော့ စီးပွားရေးဘာသာအကြောင်း မသိဘူး။ လမ်းလျှောက်အဖွဲ့မှာ လမ်းလျှောက်ရင်း အသိမိတ်ဆွေဖြစ်လာ၊ မနှစ်က နွေရာသီတုန်းက နယူးယောက် upstate ဖက်က Cold Springs ကို ဝိုင်းနဲ့ သွားလည်ကြတော့ လမ်းအသေအချာ အတိအကျညွှန်ပေးတဲ့ ဒေးဗစ်ကြီးက စီပီအေဆိုတော့ မကြီးနဲ့ မိတ်ဆက်ပေးပြီးတော့ အီးမေးလ်နဲ့ မေးမြန်းစုံးစမ်းခိုင်းတယ်။ အမ်ဘီအေက ဟိုဟာနည်းနည်း ဒီဟာနည်းနည်းနဲ့ အားလုံးကို မျှသင်တာမို့ စီပီအေသမား ဒေးဗစ်ကတော့ စီပီအေကိုပဲ ကြိုက်တယ်။

မကြီးတို့ စာရင်းကိုင်တွေလည်း စီပီအေဆို အထင်ကြီးကြတယ်။ တပြည်နယ်နဲ့ တပြည်နယ် တက်စ်၊ ဥပဒေတွေ မတူတာမို့ ကိုယ်နေထိုင်မဲ့ပြည်နယ်ကို ရွေးချယ်ပြီး အဲဒီပြည်နယ်ရဲ့စီပီအေစာမေးပွဲကို နှစ်နှစ်အတွင်း ဖြေရတာမို့ ကျွန်မသိရသလောက်တော့ စီပီအေက အမ်ဘီအေထက် ပိုခက်သလို အလုပ်ရလည်း မြန်တယ်။ အိုမားတို့အလှုမှာ သိကျွှမ်းခဲ့တဲ့ စာရင်းကိုင်မလေးနှင်းနုကို မကြီးနဲ့ မိတ်ဆက်ပေးပြီး နှင်းနုတက်နေတဲ့ကျောင်းအကြောင်း၊ ကျောင်းလခ၊ ကျောင်းပြီးရင် အလုပ်ရနိုင်ချေရှိမရှိ အီးမေးလ်နဲ့ မေးမြန်းတော့ နှင်းနုကလည်း သူသိသလောက် ဖြေပါတယ်။ နှင်းနုက ကျောင်းတက်ပြီး အင်တန်းဆင်းနေပြီမို့ သံတမန်ဗီဇာ ဂျေဝမ်းကနေ ကျောင်းသားဗီဇာအက်ဖ်ဝမ်း မရသေးလို့ ပီနန်ဆရာတော်ကြီးဆီမှာ သွားဆုတောင်းကြတယ်။ ဆရာတော်ကြီး မေတ္တာပို့ပေးလို့လားတော့မသိ အက်ဖ်ဝမ်းဗီဇာ အဆင်ပြေသွားတယ်။ အိတ်ချ်ဝမ်းဘီအလုပ်ဗီဇာလျှောက်ဖို့အတွက် ကျွန်မ လျှောက်တုန်းက အတွေ့အကြုံတွေကိုမေး၊ ကျွန်မရှေ့နေနဲ့ ဆက်သွယ်ပေးလို့ သတင်းတွေ ဖလှယ်ကြပါတယ်။ စတိတ်မှာ ကျောင်းတက်ပြီး အလုပ်လုပ်၊ ကျောင်းအကြွေးတွေဆပ်၊ အလုပ်ဗီဇာရဖို့ ကြိုးစားရုန်းကန်ကြတဲ့သူတွေကို ဘဝတူချင်းမို့ ကိုယ်ချင်းစာပါတယ်။ ဂရင်းကဒ်၊ ဂရင်းကဒ်ပိုင်ရှင်တွေကို လက်ထပ်ထားတဲ့သူတွေလောက် မအေးချမ်းဘူးကိုး။ နယူးယောက်က နှင်းနုတို့ကျောင်းပဲ တက်ရမလို၊ ကျွန်မတို့ကျောင်းက အမ်ဘီအေပဲ တက်ရမလို၊ ဒေးဗစ်ညွှန်းသလို စီပီအေ ဖြေရမလိုနဲ့နောက်ဆုံးတော့ စီပီအေ ဘယ်လိုဖြေရမလဲဆိုတဲ့စာအုပ်ကို မကြီးက အမေဇုန်ကနေ ဝယ်ခိုင်းပါတယ်။ ကျွန်မတို့ကျောင်းက အမ်ဘီအေဝင်ခွင့် ဒေါ်လာငါးဆယ် အကုန်ခံပြီး ဝင်ခွင့်ရပြန်တော့လည်း မတက်ဖြစ်ဘဲနဲ့ ခုလည်း စီပီအေ ဖြေဦးမယ်တဲ့ ဟယ်မလေး လာပြန်ပြီ ကောက်ရိုးမီး။




ကျွန်မ ဂစ်တာတီးချင်တဲ့ ရောဂါထတာ  နွေရာသီတက္ကသိုလ် ကျောင်းပိတ်ရက် ရွာပြန်တုန်းကပေါ့။ အိမ်မှာအလုပ်လုပ်တဲ့ ကရင်လေးမောင်ထွေးက ဂစ်တာတီးတော့ ကျွန်မလည်း တီးတတ်ချင်လိုက်တာ ဖြစ်ပါလေရော။ ဂီတာတီးသင်ချင်ရတဲ့ အကြောင်းရင်းက အဲဒီတုန်းက ခေတ်စားတဲ့ ဇော်ပိုင်ရဲ့ မင်းနဲ့မှ ချစ်တတ်ပြီကွာ သီချင်းကို ကျွန်မ သဘောကျနေတဲ့ အစ်ကိုကြီးကို တီးပြချင်လို့တဲ့ ဟမ်မ‌လေး .... ရည်ရွယ်ချက်က ကြီးမားပါပေတယ်။ ဇော်ပိုင်သီချင်းတွေက လွယ်လွယ်လေး ကီးသုံးခုတတ်ရင် တီးတတ်တယ်တဲ့ မောင်ထွေးသင်နည်းက ဒီလက်ကွက်ကို ဒီလိုလေး ငါးမိနစ်လောက် ဖိထားတဲ့။ ငါးမိနစ်တောင် မပြည့်သေးဘူး လက်ထိပ်တွေနာလို့ မသင်တော့ဘူး ဖြစ်ပါလေရော။ ဒီလိုနဲ့ အဲဒီအစ်ကိုကြီးရှေ ့ မင်းနဲ့မှ ချစ်တတ်ပြီ သီချင်းတီးတတ်ဖို့ဝေးစွ ဂီတာတောင် တဒေါင်ဒေါင် မခေါက်တတ်ခဲ့ဘူး။ နောက်တော့  တယောဦးတင်ရီ တယောတွေ ခေတ်စားလာတော့ တယောတီးသင်မယ် ဖြစ်ပါလေရော။ ကျွန်မ အနွံအတာခံတဲ့ သူငယ်ချင်းဖြိုးက သူ့အိမ်နားက တယောသင်နေတဲ့ ကောင်လေးကို မေးကြည့်ပေးလို့ သင်တန်းအချိန်၊ သင်တန်းခ၊ အဆင့်သင့်ပဲ တယောတစ်လက်ကို လျှော့ဈေးနဲ့ ရောင်းဦးမယ်ဆိုတာ သိရတယ်။ တယောတီးသင်ဖို့ အိမ်ကို ပိုက်ဆံတောင်းတော့ အင်္ဂလိပ်စာသင်တန်းတက်ဖို့ဆို ပိုက်ဆံပေးမယ် တယောတီးသင်ဖို့တော့ မပေးဘူးတဲ့။ သူငယ်ချင်းခိုင်မေက ညည်းနှယ့်အေ ဘယ်နှယ့်တယောတီး သင်ချင်ရတာတုန်း ငါ့မောင်ဝမ်းကွဲတစ်ယောက် တယောတီးလေ့ကျင့်တာ အယ်မလေး တကျွှီကျွှီနဲ့ နားညည်းလွန်း နောက်နောင် ငါ့အိမ်မှာ လာတီးလို့ကတော့ နင့်တယောကို လွှင့်ပစ်မယ်လို့ ကြိမ်းထားတယ်။ ဆယ်တန်းအတန်းပိုင်ဆရာမ ဒေါ်နော်ဘွေဝါးအိမ်ကို ခရစ်စမတ် သွားလည်တော့ တီချယ့်သမီး စင်္ကာပူမှာ ပိုလီတက်နေတဲ့ အစ်မက တယောတီးနေတာကို မြင်ခဲ့အားကျခဲ့တာကိုး။

နှစ်ပေါင်းတစ်ဆယ်ကျော်ကြာပြီးတဲ့နောက် ၂၀၁၂ ဘော့စတွန်က ရာမားဆီကို သွားလည်တော့ သူ့အိမ်မှာ ဂီတာတစ်လက်တွေ့တော့ ဂီတာတီးတတ်ချင်စိတ် ပေါ်လာတယ်။ ၂၀၁၃ ကန်တက်ကီကနေ မေရီလန်းက ဆူနမ်တို့ဆီပြောင်းတော့ ဆူနမ်၊ ရာမားတို့က အမ်းထရူးဆီမှာ ဂီတာတီးသင်ကြတာတွေ့ပြီး  ဂစ်တာတီးသင်မယ် ဖြစ်ပါလေရော။ အသက် ၁၅ နှစ်သား ကတည်းက ဂီတာတီးတတ်တဲ့ အမ်းထရူးက ဂီတာကို ကျွှမ်းကျွှမ်းကျင်ကျင် တီးတတ်သလို သီချင်းဆိုလည်း ကောင်းတယ်။ သူတို့တွေ ဂီတာတီးနေကြတာကို အားကျပြီး ဂီတာဝယ်တော့ အမ်းထရူးက ကီးညှိပေးတယ်။ နောက် အွန်လိုင်း၊ ယူကျူကနေ ကီးသုံးခုနဲ့ ဟတ်ပီးဘတ်ဒေးသီချင်း တီးတတ်အောင် လေ့ကျင့်ပြီး ဆူနမ်၊ ရာမား၊ အမ်းထရူးရဲ့ မွေးနေ့တွေမှာ ဆိုပြတယ်။ ၂၀၁၃ ကျွန်မမွေးနေ့မှာတောင် ကိုယ်တိုင်ဆိုတီးတဲ့ ဟတ်ပီးဘတ်ဒေးသီချင်းကို soundcloud နဲ့ အသံသွင်းလိုက်သေးတယ်။ ဆူနမ်၊ ရာမား၊ အမ်းထရူးတို့ကတော့ အမေရိကန်လေသံအတိုင်း ဂွတ်လို့ပြောကြပေမဲ့ ညီအစ်မလိုဖြစ်နေတဲ့ မခိုင်က နင့်ဟာက တဒန်ဒန်လို့ပဲ  မြည်နေပါလားဆိုပြီး မပြုံးဘဲ ဝါးလုံးကွဲ ရယ်တော့တာပဲ။ တဒန်ဒန် မြည်နေမှန်း ကျွန်မ ကိုယ်တိုင်လည်း သိပါတယ်။ ဒါပေမဲ့ သင်ချင်စိတ်ရှိပြီး မဆုတ်မနစ်ဇွဲနဲ့ လုပ်ကိုင်တာလေးကို အားပေးအားမြှောက် ပြုကြတာပေါ့လေ။ နယူးယောက်ရောက်ပြီး အိမ်၊ အလုပ်အကိုင် အခြေကျတော့ ဆောင်းတွင်းမှာ ဂစ်တာတီး အပြတ်သင်မဟဲ့လို့ ကြုံးဝါးတာ ဝိုင်းနဲ့ သူငယ်ချင်း ဖြစ်လာပြီးတော့ ပိတ်ရက်နှစ်ရက်လုံး နယူးယောက်တခွင် လိမ့်နေတာနဲ့ မသင်ဖြစ်ဘူး ငပျင်းကျတာလည်း ပါပါတယ်။ ဒီလိုနဲ့ ဂစ်တာလေးက  ကုတင်ခြေရင်းမှာ စွန့်ပစ်ထားခံရတာ ကြာပြီ။




ဝိုင်းက ကျွန်မထက် ဇွဲကြီးတယ်၊ စွဲစွဲမြဲမြဲလုပ်တယ်လို့ ပြောရမယ်။ အီတလီမှာကတည်းက စပိန်စကားကို နှစ်နှစ်လောက် သင်ပြီးပြီမို့ ခုလည်း အွန်လိုင်းကနေ ဆက်လေ့လာတယ်။ သီချင်းငါးပုဒ်လောက်ကို နုတ်စ်ကြည့်ပြီး  ပီယာနိုနဲ့ တီးတတ်တယ်။ အီတလီက သူနေတဲ့အိမ်ဧည့်ခန်းမှာ ဂရန်းပီယာနို၊ သူ့အိပ်ခန်းမှာ အီလက်ထရောနစ်ပီယာနို ရှိတယ်။ တနေ့ တစ်နာရီ တပတ်မှာငါးရက် အားကစားရုံသွားပြီး zomba ၊ sala ၊ yoga ကလပ်တက်တယ်။ ကျွန်မနဲ့ဝိုင်းက သီချင်းစာသားမပါ တီးလုံးသက်သက် musical ၊ orchestra နှစ်သက်တာချင်း တူပါတယ်။ တနင်္ဂနွေနေ့ ဂျွှန်အဖွဲ့နဲ့ လမ်းလျှောက်ရာကအပြန် Tenri Cultural School မှာကျင်းပတဲ့ concert ကို တခြား meet up အဖွဲ့နဲ့ သွားရောက်နားဆင်တော့ စန္ဒရားမပါလို့ မခန့်ညားဖူးလို့ ဝိုင်းက တွေးတယ်။ တယော၊ ဆယ်လိုနဲ့ တင်ဆက်သွားတာ အင်မတန် နားထောင်ကောင်းပါတယ်။ ကျောင်းသားသုံးယောက် ပုလွေမှုတ်ကြတော့ အလယ်ကကျောင်းသား စည်းဝါးလွတ်တာကို နားလည်ခွင့်လွှတ်ကြပြီး နဖူးက‌ချွှေးကို သုတ်လိုက်ပြီး သက်ပြင်းချတော့ ပရိတ်သတ်တွေက ရယ်ကြတယ်။ နောက်ဆုံးတီးတာ ဘီသိုဗင်သီချင်းပါ ကြားဖူးတယ်လို့ ထင်မိသား။ ပရိတ်သတ်တွေက အခန်းပြည့်အခန်းလျှံ အားပေးကြပါတယ်။ ဘေးမှာထိုင်တဲ့ အန်တီကြီးက တီးမှုတ်တဲ့သူတွေထဲမှာ မိသားစု၊ သူငယ်ချင်းတွေ ပါသလားမေးတော့ မပါဘူး။ ဒါဆို ဘယ်လိုသိတာလဲ meet up အဖွဲ့မှာ ကြေငြာထားလို့။ တယောတီးသလားမေးတော့ မတီးတတ်ဘူး။ အန်တီကြီးကို တယောတီးသလားပြန်မေးတော့ ဘယ်မေးစေ့အောက်ဖက်မှာ တယောတီးလို့ အသားလန်နေတာကိုပြပြီး တယောတီးတဲ့သူပါတဲ့။

ငါ့ကို ဘာတီးလဲလို့ လာမေးတာ ဘာမှမတီးတတ်ဘူးလို့ ဖြေလိုက်တယ်။ ဟ ဖြေလိုက်ပါလား ကီးဘုတ် တီးတတ်တယ်လို့ ။ အီလက်ထရောနစ် ကီးဘုတ်တော့ မဟုတ်ဘူး ကွန်ပျူတာ ကီးဘုတ်လို့။ ငါ တကယ်တီးတတ်ချင်တာက စန္ဒရား ငါရောပဲ။ သူများအိမ်မှာ အခန်းငှားနေရ၊ ဘယ်တော့ပြောင်းရမယ်မှန်း မသိတဲ့ဘဝမှာ စန္ဒရားဝယ်ဖို့ မဖြစ်နိုင်ဘူး။ အီလက်ထရောနစ်စန္ဒရားဆိုရင်တောင် ငါ့အခန်းထဲမှာထားဖို့  နေရာမရှိဘူး။ စန္ဒရားသင်ဖို့ကို လက်လျှော့လိုက်တော့ စန္ဒရားသင်ခကလည်း ဈေးကြီးပါဘိ ကိုယ်ဘာသာ သင်ဖို့လည်း မဖြစ်နိုင်။ ဒါဆို ဂစ်တာတီးသင်မလား ငါ့မှာ ဂစ်တာရှိပြီးသား ဂစ်တာက လွယ်တယ်ပြောတယ်။ အယ်မလေး ဂစ်တာတော့ မသင်ချင်ပါဘူး တယောဆို ဟုတ်တုတ်တုတ် တယောက ဂစ်တာထက် မဟာဆန်တယ် ခန့်ညားတယ်။ ဒါဆို တယောတီး သင်ကြမလား တယောက ကိုယ့်ဘာသာသင်ဖို့ မလွယ်ဘူးထင်တယ် ငါတို့ research လုပ်ရမယ်။ ကျွန်မက အမေဇုန်မှာ best seller ဖြစ်တဲ့ တယောက ၂၀၀ တန်ကို ၇၀ နဲ့ ဈေးချနေတယ်လို့ သတင်းပေး။ ဝိုင်းက တယောတီးသင်တဲ့ pianohub ဝက်ဆိုဒ် သတင်းပေး။ ဒီလိုနဲ့ တယောတီးသင်မယ် ဖြစ်ကြပါလေရော။ ဗီယက်နမ်ကို နှစ်ပတ်ပြန်ဖို့ရှိတဲ့ ဝိုင်းက သူ ခရီးသွားနေတုန်း တယောရောက်လာမှာ စိုးတယ်။ ကျွန်မ ဝယ်ရင် သူ့အတွက်ပါဝယ်ထား သူ ပြန်လာမှ ယူမယ်တဲ့။ တယောက ဝိုင်း ခရီးမသွားခင်တောင် ရောက်လာပေမဲ့ ကျွန်မကလည်း သယ်မသွားနိုင်၊ ဝိုင်းကလည်း လာမယူနိုင်နဲ့ တယောနှစ်လက်က ကျွန်မဆီမှာ သောင်တင်နေတယ်။




မကြီးကို တယောတီးသင်ဖို့ တယောဝယ်ထားတယ် ၂၀၀ တန်ကို ၇၀ နဲ့ ရတာလို့ အသိပေးတော့ မနှစ်ကလည်း ဂစ်တာတီးသင်မယ်ဆိုပြီး ဂစ်တာဝယ်၊ ဟတ်ပီးဘတ်ဒေးတစ်ပုဒ်ကို တဒန်ဒန်နဲ့တီးတတ်တာကလွဲလို့ ဟုတ်တိပတ်တိ ဂစ်တာတီးလည်းမသင်။ ဟော ခုလည်း တယောဝယ်ပြန်ပြီ ပိုက်ဆံတွေ ဖြုန်းလိုက်တာအေလို့ ဆူမလားမှတ်တယ် အံ့အားသင့်စရာ မဆူတဲ့အပြင် ညည်းတယောက သက်သာလိုက်တာအေ တယောမတီးတတ်လည်း ဘာဖြစ်တုန်း တယောနဲ့ ဓာတ်ပုံရိုက်လို့ရတာပေါ့တဲ့။ ကြည့်ရတော့ သူ့အဝေးမှာ ထင်တိုင်းကြဲ သုံးဖြုန်းနေတဲ့ ညီမကို အပြစ်ပြောရင်လည်း တနေ့ကို ရထား ၃ နာရီစီးပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်နေတာ ခရီးသွား၊ ဒီလိုလေးမှ မသုံးရရင် အလုပ်လုပ်နေတာ ဘာအတွက်တုန်းလို့ ပြန်ပက်ဦးမယ်၊ နေလည်းသိပ်မကောင်းတော့ သူ စိတ်ချမ်းသာသလို သုံးပါစေလို့ သဘောထားတာ ဖြစ်ရမယ်။ ဝိုင်းကို ပြောပြတော့ ရယ်လိုက်တာ နင့်အစ်မပြောတာ မှန်လိုက်တာ ကြည့်ရတာ နင့်အစ်မလည်း တယောနဲ့ ဓာတ်ပုံရိုက်ချင်နေတဲ့ပုံပဲ။ ဒါပေမဲ့ ခက်တာက တယောက ဂစ်တာလို ချက်ချင်းကောက်ကိုင်ပြီး တဒေါင်ဒေါင်တီးလို့ရတာမဟုတ် ကိုင်ပုံကိုင်နည်း လိုသေးတယ် ကိုင်တတ်သွားမှ ဂါဝန်လှလှဝတ်ပြီး တယောနဲ့ ဓာတ်ပုံရိုက်ကြတာပေါ့။ ကျွန်မထက် ဇွဲကြီးတဲ့ ဝိုင်းကတော့ တယောတီးတတ်မှာ မြင်ယောင်သေး ငပျင်းကျတဲ့ ကျွန်မကတော့ ကီးသုံးခုတောင် တီးတတ်ပါ့မလားမသိ။ တယောတီးသင်ခါစမှာ တကျွှီကျွှီနဲ့ အင်မတန် နားညည်းတာတဲ့။ Colorful Myanmar စာအုပ်ထဲက ဆရာမကြီး ဒေါ်ခင်မျိုးချစ် စာသားကို ငှားသုံးရမယ်ဆိုရင် The only kind of comment I got from my long suffering friends was: "If you give such performances, you'll soon build yourself a brick mansion from the brick-bats people throw at you !" နားညည်းမခံနိုင်တဲ့ ဘေးအိမ်တွေဆီကနေ ထုတဲ့ အုတ်ခဲကျိုးတွေကြောင့် ကျွန်မလည်း မကြာခင် တိုက်ဆောက်ရတော့မလားမသိ။ မောင်မောင်နဲ့ မကြီးကို ကောက်ရိုးမီးလို့သာ ပြောနေတာ ဟယ်မလေး...ကျွန်မကိုယ်တိုင်လည်း ကောက်ရိုးမီး ဖြစ်နေပါရောလား။

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၂၊ ၂၀၁၅။

The art of Myanmar Zat-pwe

     zat; story: pwe; show: zat-pwe; Myanmar musical play: mintha; male lead: minthami; female lead: ngo-gyin; wailing song: nha-par-thwar; duet dance and song: lun-khan; tragic scene.
    
    There is no nation on the face of the earth so fond of fun and laughter and theatrical entertainment as the Myanmar. For a Myanmar, from the moment he is pushed into the world, his first wah-wah is accompanied by saing (music of the orchestra played to celebrate any event), and throughout his life's journey, everything that happens to him, or everything he does is accompanied by saing; this goes on, until he leaves the world with saing playing the dolorous note of the Monkey King's Lament that being the title of the funeral music.

    Without the benefit of saing (ဆိုုင္းမပါ ဗံုုမပါ) is a popular Myanmar idiom to describe any dull, uninteresting event or something unceremonious or unheralded. A person arriving without any previous notice is often remarked upon as arriving without the benefit of saing.

    The art of Myanmar zat-pwe is one of the subtlest and most elusive of arts and trying to explain it is like capturing a moon beam to analyze its power over lovers and poets.

    Zat-pwe is deeply rooted in the traditions of the country and has many conventions which are not easily understood by a casual spectator. Myanmar's monarchical past has given the zat-pwe the glorious music and songs as well as court dramas of great poetic beauty. Most of the zats (stories or plots) are drawn from Buddhist scriptures and from there, the zat artistes draw their inspiration and help to interpret to the laymen the Buddhist thought and way of life.

    Since the elements of the opera, ballet and musical are woven into the zat-pwe, the whole thing is a wonderful piece created by the teamwork of artistes; but the artistes themselves are fiercely individualistic, each expressing himself or herself with such freedom that it makes you marvel at the spontaneous coordination that is finally achieved.

    Because of its individual style, that is characteristic of the Myanmar, we cannot look at zat-pwe through coloured spectacles of foreign manufacture which mistake I made, when I viewed it with eyes dimmed by half-baked ideas I had gathered, after scanning through ancient Greek dramas, Shakespeare and modern English plays for the purpose of passing an examination.



     In those days I had so much to say about sat conventions and practices; "There is no classification of tragedy and comedy, it lacks realism, no proper attention is given to the plot, the scenes are long drawn-out, there is no unity of time or space. There 's the nha-par-thwar scence, with one mintha and six or eight minthamis singing and dancing; it's hardly decent, because it is like flinging the mintha's Cassanova activities in the public's face. As for pun-khan why should there be ngo-gyins (wailing songs) enough to make us a nation of pessimists?...et cetera, et cetera." Yes, there was a time when I said all these and much more.

     Today, I take back all the things I had said and I feel both humble and happy in the realization that I had been blind to the beauties of the zat-pwe which I recently discovered after thirty years of turning my impertinent back upon the traditional Myanmar entertainment.      

     Today, zat-pwe is still misinterpreted and much injustice is being done to it in futile attempts to evict decadent influences that are as natural as weeds in a flower garden. One cannot be too careful not to injure the blooms in pruning away the undesirable undergrowths.         

      Nha-par-thwar scene in the old days used to be duet, dancing and singing, with one mintha and one minthami. Later, probably to meet the demands of the audience, the artistes introduced new attractions, hence one mintha with many minthamis in the scene.   

      The dancing and singing of each minthami in nha-par-thwar scene symbolize different facets of feminine charm and the mintha responds with varying moods to match each act. One of the arts of a mintha is part of nha-pwar-thwar; not only has he to do the duet dance and sing, he must also have subtle artistry in reciprocating the infinite variety of his minthamis.

      The nha-par-thwar scene in the hands of a consummate artist blossoms forth as a thing of beauty, but when a lesser performer enacts it, it becomes nothing but a vulgar sham, a Cassanova shamelessly flaunting his amours and bringing out the worst side of man's base instincts.
                                                                                                                                 
      Ngo-gyins (wailing songs) used to worry me a lot: "There are too many of them in zat-pwes enough to drive the whole country mad; we shall become a nation of pessimists...." Now I realize all that kind of high and mighty talk is nothing but a pose, a wiser-than-thou attitude acquired through having a smattering of education; for when Daw Ah Mar's book on the three great minthas, Aung-ba-la, Po Sein, Sein-ga-done came out complete with texts of ngogyins sung by the great three,  I found myself warbling the half-forgotten airs of my hounders days to the astonishment of my family. Only then did I remember how I had enjoyed them both at zat-pwe and on the discs played on the trusty gramophone, fitted with a fluted horn.    



      I had discovered that ngo-gyin is not a dolorous wailing song as it literally suggests. Zat-pwe being partly operatic, most of the dialogue is wholly or party sung to music of the orchestra and ngo-gyin is somewhat, if not wholly, similar to the arias of the western operas. Ngo-gyins are sung both as soliloquies and also in dialogue and they are sung to express lyrical emotion.      

      The histrionic and singing art of ngo-gyin deserves a comprehensive treatment with reference to texts sung by great artistes, and with the help of Daw Ah Mar's book and colorful snippets I managed to pick up from my recent rediscovery through seeing Shwe-Manh Tin Maung's zat-pwe, I hope to present the art of ngo-gyin more fully some day.       

      Suffice it to say for the present that the art of ngo-gyin, like that of nha-par-thwar, needs a really accomplished artist to bring out its beauties.    

     One of the many mistakes I made in assessing zat-pwe is that I deplored the lack of realism, which I now realize is a stupid thing; for, who wants realism in the fantastic world of make-believe created by dance, song and music? If I was not prepared to be transported into a realm of 'suspension of disbelief' I should not have gone to a zat-pwe in the first place. I should rather be left to wallow in the slime of realities that life has to offer in abundance, today, or any day.   

      Zat-pwe is thoroughly Myanmar, very much in keeping with the national character, and I hope I shall ever be Myanmar enough to enjoy its beauties that custom cannot stale. I hope I shall never be such a dull piece of goods, that the stirring music of nat-chin, the music of the nat-ka-daw dance which usually opens a zat-pwe fails to make my heart beat to its tune. I pray that I may never have a soul so dead that the dance of the belus, zawgyis, and nagas fails to fill me with a sense of wonder and insight into human aspirations symbolized by these mythical creatures.  

P.S - I don't have any copy rights to Daw Khin Myo Chit's book. I love her books, her writing and her sense of humour . She is one of my favorite writers. Her books gave me a great help in my English learning journey. I just want to share her articles with friends and blog readers. Photos : Credit to Google.

Lupus - ၂

၁၉၈၆ ယူကရိန်းနိုင်ငံ ချန်နိုဘိုင်းနူကလီးယားစက်ရုံ (Chernobyl) ပေါက်ကွဲတာ ကမ္ဘာ့သမိုင်းမှာ အမြင့်ဆုံးအဆင့် ၇ ရှိတဲ့ အဆိုးရွားဆုံး ပေါက်ကွဲမှုနှစ်ခုထဲက တစ်ခုပါ။ နောက်တစ်ခုကတော့ ၂၀၁၁ ငလျင်လှုပ်လို့ ပေါက်ကွဲတဲ့ ဂျပန်က ဖူကူရှီးမား စက်ရုံပါ။ ယူရေနီယမ်ဓာတ်သင့်လို့ ကင်ဆာဖြစ်သူတွေ၊ ယူရေနီယမ်ဓာတ်က ပင်လယ်ရေထဲထိ စိမ့်နေလို့ အဲဒီအနီးအဝိုက်က ဖမ်းမိတဲ့ ငါးတွေ မစားဖို့၊ ရေတွေ မသောက်ဖို့ သတိပေးပါတယ်။ ကန်တက်ကီရုံးမှာတုန်းက ဘွဲ့ရပြီးခါစ အသစ်ဝင်လာတဲ့ အင်ဂျင်နီယာ ၁၀ ယောက်မှာ မိန်းကလေးဆိုလို့ ရှားရှားပါးပါး တစ်ယောက်ထဲပါတဲ့ ဝှစ်တနီနဲ့ စကားစပ်မိတော့ သူ အင်တန်းဆင်းရတာ နူကလီးယားပါဝါစက်ရုံတဲ့။ ရုပ်ရှင်ထဲကအတိုင်း အဖြူရောင်ကာဗာဝတ်ရုံကြီးတွေ ဝတ်ရပြီး ယူရေနီယမ်ကနေ ရောင်ခြည်တွေ ဖြာနေတာများ အင်မတန် လှတာတဲ့။ သုံးပြီးတဲ့ ယူရေနီယမ်ကို ဘယ်လိုစွန့်ပစ်လဲမေးတော့ ပြန်လည်သန့်စင်ဖို့က အကုန်အကျများလို့ သံဗုံးအထူကြီးတွေနဲ့ ပင်လယ်အောက်ကို စွန့်ပစ်ကြပါသတဲ့။ လူမရှိတဲ့ တခြားဂြိုလ်တွေမှာ သွားစွန့်ပစ်နိုင်မလားလို့ အဓွန့်တက်ကြည့်တော့ တခြားဂြိုလ်တွေဆီ သွားဖို့ဆိုတာ ပိုက်ဆံအရမ်းကုန်တာ ခုတောင် အင်္ဂါဂြိုလ်လောက်ပဲ ခြေချနိုင်သေးတယ်။ မတော်တဆဖြစ်လို့ ကောင်းကင်မှာ ပေါက်ကွဲရင် တကမ္ဘာလုံး ဓာတ်ရောင်ခြည် သင့်တော့မှာပေါ့။ တခြားဂြိုလ်တွေမှာ သွားစွန့်ပစ်လို့ မတော်တဆ ပေါက်ကွဲရင် ကမ္ဘာမှာ ပေါက်ကွဲတာလောက် ထိန်းချုပ်ဖို့ မလွယ်ဘူးလေ။



စစ်ဗိုလ်တွေကို ရုရှဆီ ပညာတော်သင်လွှတ်၊ ရုရှားနည်းပညာ၊ မြောက်ကိုရီးယား အကူအညီနဲ့မြန်မာပြည်မှာ နူးကလီးယားစက်ရုံဆောက်နေတည်လို့ သတင်းသိုးသိုးသန့်သန့် ထွက်လာတော့ အစိုးရက ဒုံးကျည်ထုတ်လုပ်ဖို့ မဟုတ်ပါဘူး၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များတဲ့ မြန်မာနိုင်ငံအတွက် ဓာတ်အားပေးစက်ရုံဆောက်တာ ဘာညာနဲ့။ ကိုယ်တို့ရွာမှာ လျှပ်စစ်ဓာတ်အား မရသေးတာ ခုထိပါပဲ ကိုယ်တို့ငယ်ငယ်တုန်းက ရွာမှာ ညဖက်ဆို မီးစက်သံ တညံညံပေါ့။ တချို့အိမ်တွေက တခြားအိမ်တွေကို တလဘယ်လောက် အခကြေးငွေးနဲ့ ည ၆ နာရီကနေ ၁၀ အထိ မီးပေးတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲ၊ ပရီးမီးယားလိခ် ဗိုလ်လုပွဲတွေဆို တအိမ်အိမ်မှာ စုကြည့်ကြတယ်။ ခုတော့ အိမ်မှာ ဆိုလာပြားတွေတပ်ပြီး အင်ဗာတာထဲ အားသွင်း ညဖက်ဆိုရင် အင်ဗာတာနဲ့ မီးချောင်းလင်းတော့ မီးစက်သံတွေ မညံတော့ဘူးလို့ အဖေက ပြောပြတယ်။ ကိုယ် စဉ်းစားမိတာက ကိုယ်တို့နိုင်ငံမှာ နူးကလီးယားစက်ရုံထက် ပိုလျှံလို့ရောင်းတာပါဆိုတဲ့ သဘာဝဓာတ်ငွေ့၊ ဆိုလာတွေနဲ့ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံများ တည်ဆောက်တာ ပိုမကောင်းဘူးလားလို့။ ၉၉.၉  ရာခိုင်နှုန်း တိကျသေချာတဲ့ ဂျပန်မှာတောင် မလွဲမရှောင်နိုင်တဲ့ သဘာဝဘေးဒဏ်ကြောင့် နူးကလီးယားစက်ရုံ ပေါက်ကွဲသေးတာ ကိုယ်တို့နိုင်ငံမှာ အဲဒီလိုမျိုးဖြစ်လို့ကတော့ လှည်းတန်းအင်္ဂလိပ်စာကျောင်းက ဆရာကြီးရဲ့ စကားကို ငှားသုံးရမယ်ဆိုရင် အားလုံး မျိုးကန်းကုန်တော့မှာပဲ။

မိသားစုထဲမှာ ကင်ဆာဖြစ်တဲ့လူ ရှိလား မရှိဘူး ဆရာ။ ကန်တက်ကီအိမ်ရှင်မရဲ့ အဘွားက ရင်သားကင်ဆာနဲ့ ဆုံးသွားတာမို့ ကင်ဆာဖြစ်နိုင်ချေ အခွင့်အရေးများလို့ သူ့အသက် ၃၅ နှစ် ပြည့်တာနဲ့ နှစ်တိုင်း မန်မိုဂရမ် စစ်ရပါတယ်။ ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီ ဆိုရင်လည်း သူ့အမေ၊ အဒေါ်တို့ဟာ ရင်သားကင်ဆာကြောင့် သေဆုံးသွားတာမို့ သူ့ရဲ့ မျိုးရိုးဗီဇ ၉၀ ရာခိုင်နှုန်းက ရင်သားကင်ဆာ ဖြစ်နိုင်ချေမို့ ရင်သားနှစ်ဖက် ဖြတ်ထုတ်ထားပါတယ်။ အသက်ထက် ဘယ်ဟာက အရေးမကြီးဘူးမလား။ မင်း မနက် မိုးလင်းရင် လက်ချောင်းလေးတွေ ကွေးလို့မရဘူး ခဏကြာတော့ ကွေးလို့ရတယ်မလား ဟုတ်တယ်။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားသောက် စားတယ်၊ နေ့တိုင်း ၁၅ မိနစ် လေ့ကျင့်ခန်းလုပ်တယ်၊ တနေ့ကို နာရီဝက် လမ်းလျှောက်ရတယ် နယူးယောက်ကို ရောက်ကတည်းက၊ ပိတ်ရက်တွေမှာ ဟိုက်ကင်းသွားတယ်၊ လမ်းလျှောက်အဖွဲ့တွေနဲ့ လမ်းလျှောက်တယ် အနည်းဆုံး ၄ မိုင်ကနေ ၈ မိုင်။ မင်း သွေးဖောက်စစ်ရမယ်၊ သိုင်းရွိုက်အာထရာဆောင်း ရိုက်ရမယ် နောက်တပတ် ပြန်လာခဲ့။ အင်း ဆရာဝန်ကတော့ တော်တော်ဦးနှောက်စားမယ် မျိုးရိုးထဲမှာလည်း မရှိ ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေတယ်လို့လည်းပြောသေးတယ်။ သွေးဖောက်မယ်ဆိုတော့ ကိုယ့်သွေးကြောတွေက သေးမျှင်လွန်းလို့ အကြောရှာရ ခက်လိမ့်မယ်။ စင်္ကာပူက HSA (Health Science Authority) မှာ သွေးလှုတုန်းက ကိုယ့်သွေးကြောက သေးမျှင်လွန်းလို့ သွေးမလှုနဲ့တော့လို့ စလုံးနာ့စ်မပြောတာကို သတိရသွားတယ်။

သွေးလှုခွင့်ရဖို့ဆိုတာ အင်မတန်ခက်တာ စင်္ကာပူကျောင်းက သူငယ်ချင်းတွေ အပါအဝင် ပထမအကြိမ် ၁၂ ယောက် သွားလှုတာ လက်ညှိုးကို အပ်နဲ့ဖောက်ပြီး သွေးမှာပါဝင်တဲ့ အိုင်ရွန်းဓာတ် အရည်အသွေး ပြည့်မပြည့်စစ်တာ ကိုယ့်အိုင်ရွန်းက ၉ ။ မြန်မာဆရာဝန်က အမျိုးအမီးတွေဟာ လစဉ်ဓမ္မတာကြောင့်ရော၊ ဥရောပသူတွေလောက် အမဲသား၊ အသည်း၊ ပဲ သိပ်မစား၊ ဟိုဟာမစား၊ ဒီဟာမစား အစားရှောင်ကြတာကြောင့် အိုင်ရွန်းဓာတ်က နည်းလေ့ရှိပါတယ် ဒါပေမဲ့ စိုးရိမ်စရာတော့ မရှိပါဘူးလို့ ရှင်းပြပါတယ်။ အိုင်းရွန်း ၁၂ ရှိတဲ့ သွေးကိုမှ အရည်အသွေး ပြည့်မှီတဲ့သွေးဆိုပြီး လှုခွင့်ပြ ုတာမို့ ပထမအကြိမ်မှာ လှုခွင့်မရခဲ့ဘူး။ တခြားသူတွေကတော့ အဖျားနည်းနည်းရှိနေလို့၊ လွန်ခဲ့တဲ့ ၃ ရက်အတွင်း ဆေးသောက်ထားလို့၊ အဲဒီနေ့မနက်မှာ ကော်ဖီသောက်လာလို့နဲ့ ၁၂ ယောက် သွားလှုတာ ၄ ယောက်ပဲ လှုခွင့်ရတယ်။ ဒုတိယအကြိမ် သွားလှုတော့ နပ်သွားပြီ အမဲသား၊ ပဲတွေစား၊ ပဲနို့ရည်တွေ သောက်တယ်။ လှုခွင့်ရပြန်တော့လည်း သွေးကြောက သေးနေတယ် လှုခွင့်မပြုဘူးလို့ ဆိုလာတော့ မျက်နှာမကောင်းဘူးပေါ့။ မြန်မာနာ့စ်မကြီးက သမီး သိပ်လှုချင်ရင် အန်တီ ကူညီမယ် ဒီဘောလုံးလေးကို ဖျစ်ညှစ်နေတဲ့။ သွေးထုတ်တာ ၁၀ မိနစ်လောက်ပါပဲ သွေးလှုပြီးရင် မူးတတ်လို့ ငြိမ်နေဦးဆိုပေမဲ့ အိုကေပါ ကိုယ် မမူးပါဘူး။ သွေးလှုသူတွေကို ကျွှေးတဲ့ကောင်တာမှာ တန်းသွားစီတော့ ရိပ်ခနဲ၊ ဝုန်းခနဲ ဖြစ်သွားလိုက်တာ မြန်မာနဲ့ တူတယ် ခုဏက မြန်မာစကားပြောနေတာ တွေ့လိုက်တယ်ဆိုတဲ့ အသံကိုတော့ ကြားလိုက်ပေမဲ့ မျက်စိက ဖွင့်လို့မရ။




တွန်းလှည်းပေါ်ကနေ ကုတင်ဆီရောက်တဲ့အထိ သိနေ၊ ကြားနေပေမဲ့ မျက်လုံးက ဖွင့်လို့မရ။ မျက်လုံးဖွင့်လိုက်တော့ စိတ်ပူနေတဲ့ ကိုယ့်သူငယ်ချင်းတွေကို အားလုံးကောင်းပါတယ် ခေါင်းနည်းနည်း ဖုတာကလွဲလို့ဆိုတော့ မြန်မာဆရာဝန်လေးက ဘေးပတ်ဝန်းကျင်က မြင်လိုက်သူတွေကို လိုက်မေးတယ်။ နောက်တော့ မြင်လိုက်တဲ့သူတွေက ကိုယ် မေ့လဲတော့ တန်းစီရာမှာ ခြားထားတဲ့တိုင်နဲ့ ခေါင်းကို ထိသွားတယ်လို့ ပြောတာမို့ မြန်မာဆရာဝန်က ၁ ရက် စောင့်ကြည့်ရမယ်လို့ ဆိုလာတော့ ဆေးရုံတက်နေတဲ့ သူ့သူငယ်ချင်းကို သတင်းသွားမေးဖို့ ပြင်ဆင်နေတဲ့ မကြီးကို ဖုန်းဆက်လှမ်းခေါ်ရတယ်။ နာရီဝက်ခြားတခါ နာ့စ်မလေးတွေလာပြီး ခေါင်းမူးလား၊ အန်ချင်လား၊ ဘာတွေ ခံစားရလဲချည်းပဲ လာမေးတယ်။ ခေါင်းမူးလာတာ၊ အန်ချင်လာတာတွေဟာ ခေါင်းထဲ သွေးယိုစီးတဲ့ လက္ခဏာတွေမို့ အရေးကြီးပါတယ်တဲ့။ ၆ နာရီ ကြာပြီးလို့ အဲဒီလက္ခဏာတွေလည်း မပြတော့ CT Scan အစား Skull Scan ပဲ ရိုက်ပါမယ်တဲ့။ CT Scan ကို ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြပါလိမ့်မယ် ခန္ဓာကိုယ်ကို  စက်ကြီးထဲ ထည့်ပြီး ဦးနှောက်ကို အသေးစိတ်စကင်ဖတ်တာမို့ ဈေးလည်းကြီးတယ်။ ၂၄ နာရီ စောင့်ကြည့်ပြီး Skull Scan အဖြေကလည်း ကောင်းတာမို့ ဆေးရုံးက ဆင်းခွင့်ပြ ုလိုက်ပါတယ်။ ကိုယ့်ရှေ့က ခုတင်ကို ရောက်လာတာက အဘွားကြီးတစ်ယောက် ရေချိုးခန်းမှာ ချော်လဲရင်း ခေါင်းဆောင့်မိသွားလို့တဲ့။ MC တစ်ရက်ပဲ တောင်းပြီး နောက်နေ့ ရုံးရောက်လို့ ကွန်ပျူတာကို ကြည့်လိုက်တာနဲ့ ခေါင်းမူးလို့ နောက်ထပ် ခွင့် ၃ ရက် ထပ်ယူရတယ်။ စန်းစန်းလေ သွေးသွားလှုတာ ဆေးရုံရောက်သွားလို့၊ အယ်မလေး သွေးတစ်ပုလင်း သွားလှုတာ ကံကောင်းလို့ သွေးနှစ်ပုလင်း ပြန်မသွင်းရတယ်နဲ့ ရုံးမှာ ကိုယ့်အဖြစ်က ဟားစရာကိုဖြစ်လို့။

ကွန်ပျူတာ၊ တီဗွီကြည့်ရင် ခေါင်းမူးလာလို့ မကြည့်ဖို့ သတိပေးတာကို နားမထောင်တာကိုး။ သွေးထုတ်တဲ့ ဘယ်ဖက်လက်က သွေးကြောတွေမှာ ညိုမည်းစွဲရာတွေ ပေါ်လာပြီး လက်က မြှောက်လို့ မရဘူး။ သွေးလှုပြီးပြီးချင်း HSA ဝင်းထဲမှာ မူးလဲတာမို့ တရက်ဆေးရုံတက်စရိတ်၊ Skull Scan စစ်တာ အားလုံးကို HSA က အကုန်ခံမဲ့အကြောင်း၊ ခေါင်းမူးရင်၊ လူနာတင်ယဉ် လိုအပ်ရင် ချက်ချင်းဖုန်းခေါ်ဖို့ ဖုန်းတဂွမ်ဂွမ် ဆက်ပါတယ်။ တော်သေးတာပေါ့ တခြားမှာသာ မူးလဲရင် ဆေးရုံစရိတ်ကို ကိုယ့်ဘာသာ ပေးရမှာ။ အဲဒီကစလို့ လှုချင်ရင် ပိုက်ဆံလှု နောက်နောင် သွေးဘယ်တော့မှ မလှုရလို့ မကြီးက တချက်လွှတ်အမိန့်ထုတ်ကာ တားမြစ်လိုက်တယ်။ ကိုယ်လည်း နောက်ထပ် မလှုရဲတော့ဘူး တခုခုဖြစ်ရင် ကြည့်ပေးမဲ့ မိသားစုဝင်တွေမှ မရှိတာကိုး။ အဲဒီအကြောင်း BloodBank@HSA မှာ တစ်နေ့တာ ဆိုပြီး ပို့စ်ရေးဖူးတယ်။ ကန်တက်ကီရုံးမှာ အမေရိကန်ကြက်ခြေနီသွေးလှုကား လာမယ် အလှုရှင်စာရင်းလို့ ကပ်ထားတာကို တွေ့ရင် သွေးမလှုနိုင်တော့တာကို မချင့်မရဲဖြစ်လို့ အလှုရှင်တွေကို သာဓုခေါ်တယ်။ သွေးဖောက်တဲ့နာ့စ်မလေးက ထောင်နေတဲ့ အကြောကိုပြပြီး အဲဒီအကြောကိုသာ ဖောက်လို့ကတော့ ပေါက်သွားမယ်။ သွေးဖောက်တာ မနာဘူး သွေးလှုတုန်းက နာတယ်ဆိုတော့ သွေးလှုရာမှာ ဖောက်တဲ့အပ်က ပိုကြီးတယ် အပ်ကို သွေးကြောထဲ ၁၀ မိနစ်လောက် ထားရင် နာတာပါပဲ။ သိုင်းရွိုင်အာထရာစောင်းရိုက်တဲ့ အဘိုးကြီးက ခုတလော မင်း ခန္ဓာကိုယ်အလေးချိန် ကျလာလားမေးတော့ ပုံမှန်ပါပဲ။ လည်ပင်းကြီးလာရင် ခန္ဓာကိုယ်အလေးချိန် သိသိသာသာ ကျလာ၊ မျက်စိပြူးလာ၊ စိတ်တိုလာတတ်တယ်။ မကြီး လည်ပင်းဆရာဝန်သွားပြတုန်းက မင်း ပိန်တာ အခုတလောမှ ပိန်တာလား မဟုတ်ဘူး အရင်ကတည်းက။ မျက်လုံးက အခုမှ ပြူးလာတာလား ဟင့်အင်း အရင်ကတည်းက။ မင်း ခုတလော စိတ်တိုလာလား ဟင့်အင်း ဟိုးအရင်ကတည်းက စိတ်တိုတာ ကိုယ့်မောင်လေးကြောင့်လေ သူ့ကြောင့် ခဏခဏ စိတ်တိုရတယ်။ ကြည့် ဆရာဝန်တော်တော် စိတ်ညစ်သွားမယ် ဘယ်လိုလုပ်ရောဂါရှာရပါ့မလဲ။

မျက်စိပြူးဆိုလို့ ပြောရဦးမယ် ကိုယ့်ရောဂါက မျက်စိဆရာဝန်နဲ့ပြပြီးမှ ဆေးသောက်ရမယ်ဆိုလို့ ဒီနေ့ မျက်စိဆရာဝန်နဲ့ မျက်စိသူငယ်အိမ်ထဲကို အသေးစိတ် စစ်ဆေးတော့ ဆရာဝန်မက မင်း မျက်စိနည်းနည်းပြူးတယ်နော် သိုင်းရွိုက်ကြောင့်လား၊ လူးပပ်ကြောင့်လားပဲ။ ဆရာမရေ သိုင်းရွိုက်ကို အာထရာဆောင်းရိုက်၊ လည်ပင်းအသားစယူပြီး ကင်ဆာဟုတ်မဟုတ်စစ်တဲ့ ဘိုင်အိုစီလည်း လုပ်ပြီးပြီ  အားလုံးအိုကေ။ ခုမှ ပြူးလာတာ မဟုတ်ဘူး မွေးကတည်းက ပြူးတာ အိမ်မှာ အမေ၊ မကြီး၊ မောင်မောင်၊ ကိုယ် အကုန်လုံး မျက်အိမ်ကျယ်ကျယ် မျက်စိပြူးပြူး။ မောင်မောင် ငယ်ငယ်တုန်းက ပြူးကျယ်လို့စရင် အမေက သူ့သားကို အဲဒီလိုခေါ်ရမလားလို့ စိတ်ဆိုးတယ်။ သိုင်းရွိုက်ကြောင့်လဲ မဟုတ်ဘူး လူးပပ်ကြောင့်လဲ မဟုတ်ဘူး ကိုယ်တို့မျိုးရိုးက ဇီးကွက်မျိုး ဆရာမရေ မိသားစုလိုက်ပြူးကြတာ။ နောက်တပတ် သွေးအဖြေသွားယူတော့ မင်း အသည်း၊ နှလုံး၊ ကျောက်ကပ် အားလုံးကောင်းတယ်။ သွေးဖြူဥ၊ သွေးနီဥ နည်းနည်း နည်းနေတာကလွဲလို့။ ဆီးထဲမှာ သွေးနည်းနည်းတွေ့တာတော့ ဓမ္မတာကြောင့် ဖြစ်လိမ့်မယ်။ ဘီပိုးမရှိ၊ ဆီးချို၊ သွေးချိုမရှိ၊ ကိုလက်စထရောကလည်း ပုံမှန်၊ ယူရစ်အက်စစ်ကလည်း ပုံမှန်။ မကောင်းတာတွေကတော့ လည်ပင်းအကျိတ်မှာ ကျူမာလို့ခေါ်တဲ့ အကျိတ်ကလေးတွေ တွေ့တယ်။ နှာ၊ နှာခေါင်း၊ လည်ပင်းအထူးကုဆီ သွားပြရမယ် အသားစယူပြီး ကင်ဆာဟုတ်မဟုတ် စစ်ရမယ် မကြောက်ပါနဲ့ ကင်ဆာမဟုတ်ပါဘူး မင်းအစ်မဖြစ်ဖူးတော့ သေချာအောင်လို့ စစ်နေတာ။ ဖြစ်နေတဲ့ရောဂါက ဘာလဲဟင် automimmune disorder လို့ ခေါ်တယ်။ ဗမာ့တပ်မတော်က ကျူးကျော်လာတဲ့ ရန်သူတွေကို တိုက်ထုတ်ရမဲ့အစား ကချင်၊ ကရင်တွေကို တိုက်နေသလိုပေါ့။ မင်းကိုယ်ခံအားစနစ်က ဝင်ရောက်လာတဲ့ ဘက်တီးရီးယားပိုးတွေ၊ ဖြစ်လာတဲ့ ရောဂါတွေ တိုက်ထုတ်ရမဲ့အစား အကောင်းအဆိုး မခွဲခြားနိုင်တော့ဘဲ ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ ကျန်းမာတဲ့တစ်ရှူး၊ အရိုးအဆစ်၊ အရေပြား၊ ကျောက်ကပ်၊ အသည်း၊ ဦးနှောက်တို့ကို တိုက်ခိုက်တဲ့ ရောဂါတစ်မျိုးပေါ့။




ဘာကြောင့်ဖြစ်တာလဲ ဘာကြောင့်ဖြစ်တာလဲလို့ ခုထိ မသိသေးဘူး ပတ်ဝန်ကျင်၊ ကိုယ်ခံအားစနစ် တခုခုကြောင့်လို့ ယူဆရတယ်။ လုံးဝပျောက်ကင်းနိုင်သလား ခုထိ လုံးဝပျောက်ကင်းသွားနိုင်မဲ့ ကုထုံးမရှိသေးဘူး ဆေးသောက်ပြီးတော့ ထိန်းနိုင်တယ်။ အစားအသောက် ရှောင်ဖို့လိုသလား ရှောင်စရာမလိုပါဘူး အားလုံးစားလို့ရတယ် ဒညင်းသီးတို့ ဘာတို့တော့ မစားနဲ့ပေါ့။ တညလုံး မအိပ်ဘဲ ညလုံးပေါက် အင်တာနက်သုံးတာမျိုးတော့ မလုပ်နဲ့။ လေ့ကျင့်ခန်းမှန်မှန်လုပ်၊ ကျန်းမာအားရှိတာတွေစား၊ စောစောအိပ်။ ကန်တက်ကီမှာ နေတုန်းကဆို ကိုရီးယားကားတွေကို ညဉ့်နက်တဲ့အထိ ကြည့်တာ ဝိုင်းနဲ့ သူငယ်ချင်းတွေ ဖြစ်လာတော့ ဝိုင်းရေ ကိုယ် ကိုရီးယားတွေ ကြိုက်တယ်ဆိုတော့ ကိုယ့်ကို အသက်ကဖြင့် ကြီးနေပြီ ခုထိ ကိုရီးယားကား ကြည့်နေတုန်းဆိုတဲ့ ပုံစံမျိုးနဲ့ ကြည့်တယ်။ သူတို့ ဗီယက်နမ်မှာ ဆယ်ကျော်သက်မလေးတွေသာ ကိုးရီးယားကားကို သည်းသည်းလှုပ်ကြတယ်တဲ့။ မနက် ၆ နာရီခွဲ နှိုးစက်မြည်တာကို ပိတ်ပြီး  ၁၅ မိနစ်လောက်ထပ်နှပ်၊ ရေမိုးချိုးပြီးလို့ မနက် ၇ နာရီခွဲ အိမ်က ထွက်ပါမှ နယူးဂျာဆီရုံးကို မနက် ၉  နာရီရောက်ဖို့ကို ရထားလေးစီးပြောင်းစီး ၁ နာရီခွဲလောက် ကြာတာမို့ ည ၁၁ နာရီ လောက်ဆို အိပ်ရပြီ ၁၁ နာရီခွဲဆိုတာ အလွန်ဆုံးပဲ။ မကြီးတို့နဲ့ စကားပြောလို့ ည ၁၂ နာရီ ထိုးသွားရင် အိပ်ရေးမဝဘဲ ခေါင်းကိုက်တယ်။ နယူးဂျာဆီရုံး ပြောင်းပြီးကတည်းက ကိုရီးယားကား မကြည့်ဖြစ်တော့တာ ပိတ်ရက်နှစ်ရက်လုံး လမ်းလျှောက်အဖွဲ့၊ ဝိုင်းနဲ့ ထွက်လည်နေတာလည်းပါတယ်။ ခုတော့ ကိုယ်လက်တွေနာလို့စောစောအိပ်ဖြစ်တယ်။ အဆစ်အမြစ်တွေ နာတာ အိမ်မှာဆို ပိုဆိုးတယ် ရေချိုးခန်း၊ မီးဖိုချောင်ဆီ သွားတာ မနည်းလျှောက်ရတယ်။ လမ်းလျှောက်အဖွဲ့နဲ့ လမ်းလျှောက်နေရင် အကောင်း။ လှေကားအတက်အဆင်းတွေဆို လက်ကိုင်ကို ကိုင်ပြီး ဆင်းရတက်ရတယ်။

ဝိုင်းရေ ကိုယ်တော့ ဘွားသွားပြီဆိုပြီး ရယ်ရသေးတယ်။ လည်ပင်းအထူးကုနဲ့ သွားပြတော့ ဒီလောက်လည်ပင်းကြီးတာ ပုံမှန်ပါပဲတဲ့ နှစ်တိုင်း ဒီထက်ကြီးလာလားလို့ စစ်ဆေးနေရမယ်တဲ့။ ခုတော့ ဒေါက်တာလင်း ခိုင်းလိုက်တိုက်တဲ့အတိုင်း ဘိုင်အိုစီစစ်ဖို့ အသားစယူမယ်တဲ့။ နည်းနည်းနာတယ် မျက်လုံးတွေ ပြာသွားတယ်။ နောက်နှစ်ပတ်ကျရင် အဖြေသိရဖို့ ဒေါက်တာဟွာဆီ သွားရဦးမယ်။ ဒေါက်တာလင်း နောက်ထပ်သွားခိုင်းတဲ့ ဆရာဝန်က autoimmune disease စပါယ်ရှယ်လစ် ဒေါက်တာဂျယ်ရီပါ။ ဒေါက်တာဂျယ်ရီက သွေးကို အသေးစိတ် စစ်ချင်စစ်ခိုင်းလိမ့်မယ်လို့ ဒေါက်တာလင်းက မှာလိုက်ပေမဲ့ ဒေါက်တာဂျယ်ရီက ကိုယ့်သွေးအဖြေလွှာကို ဖတ်ကြည့်၊ နာလားလို့ လက်တွေ၊ ခြေထောက်တွေ ဖျစ်ကြည့်ပြီး ကိုယ့်ရောဂါက mild သိပ်မပြင်းဘူးတဲ့။ ဒီရောဂါက လုံးဝပျောက်ကင်းအောင် ကုသဖို့ ကုထုံးမရှိပေမဲ့ ရောဂါကို ဆေးစားပြီးထိန်းရင် လူ့သက်တမ်းစေ့ နေနိုင်ပါတယ်။ ဆေးတလသောက်ဖို့ ဆေးစာ perscription ရေးပေးလိုက်မယ်။ ဆေးမသောက်ခင် မျက်စိဆရာဝန်နဲ့ အရင်စစ်ကြည့်ရမယ် မျက်စိဆရာဝန်က အိုကေတယ်လို့ပြောရင် တလဆေးသောက်ပြီးရင် ပြန်လာခဲ့။ မျက်စိဆရာဝန်က မအိုကေဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ မအိုကေဘူးဆိုတာ တော်တော်ရှားတယ် ဆရာ့ဆီ ထပ်လာခဲ့ပါ။ မျက်စိဆရာဝန်ဆီ ရေးပေးလိုက်တဲ့ ဆေးစာမှာ Lupus အတွက်တဲ့။ မျက်စိဆရာဝန်ဆီ အပွိုင့်မန့်လုပ်တော့ လူနာသစ်မို့ သုံးနာရီလောက်တောင်ကြာမှ နောက်ထပ်နှစ်ပတ်မှ ရက်ချိန်းရတယ်။

Lupus ဆိုတဲ့ စကားလုံးနဲ့ လုံးဝအစိမ်းသက်သက်ကြီးတော့ ဖြစ်မနေပါဘူး။ အဲဒီစကားလုံးကို ၂၀၁၀ ခြင်္သေ့ကျွှန်းက လုပ်ဖော်ကိုင်ဖက် အစ်မဆီကနေတဆင့် ကိုယ်ကြားဖူးခဲ့တယ်။ အဲဒီအစ်မက မနက်အိပ်ယာထရင် သူ့တကိုယ်လုံး နာနေတယ်လို့ ပြောတာကို ကိုယ်တို့က မင်းအမျိုးသား ခြေထောက်နဲ့များ မင်းကို ကန်ထားလို့လား၊ မင်းအပေါ် ဖိအိပ်လို့များလားဆိုပြီး စကြတယ်။ ဝိုင်းရေ ကိုယ် ဘာမှမလုပ်ဘဲ ကိုယ်တွေလက်တွေ နာလိုက်တာဆိုတော့ ဝိုင်းက အဲဒါ မင်း ဘာမှမလုပ်လို့တဲ့။ အဲဒီအစ်မက နေ့တိုင်း အဖျားနည်းနည်းရှိတယ်တဲ့။ နောက်တော့ အရေးပေါ်ဆေးရုံ ရောက်သွားပြီး ရောဂါအဖြေရှာတော့မှ  Lupus မှန်း သိသွားတယ်။ ကိုယ့်ကိုယ်ခံအားစနစ်က ကိုယ်တွင်းအင်္ဂါတွေကို ပြန်တိုက်တဲ့ အဲဒီရောဂါက နာတာရှည်။ ရောဂါဖြစ်လာရင် အဆစ်အမြစ်တွေ ကိုက်ခဲပေမဲ့ သာမာန်လူတစ်ယောက်လိုပဲ သွားလာလှုပ်ရှား ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖွားနိုင်ပါတယ်။ နည်းနည်းဆိုးလာရင် မျက်နှာမှာ အနီကွက်တွေ လိပ်ပြာတောင်ပံပေါ်လာလို့ burterfly လို့လည်း ခေါ်ပါသတဲ့။ အဲဒီရောဂါဟာ ယောကျာ်းမိန်းမ ကြီးငယ်မရွေး ဖြစ်ပွားနိုင်ပေမဲ့ အမျိုးသမီးတွေမှာသာ အဖြစ်များပါသတဲ့။ ကော့ကေးရှန်းထက် ဒေသခံအမေရိကန်၊ လက်တီနို၊ အမည်း၊ အေးရှန်းတွေက အဖြစ်များပါသတဲ့။ အီဘိုလာရောဂါလို ထိတွေ့ကိုင်တွယ်ရာကနေ မကူးစက်နိုင်သလို အိတ်ချ်အိုင်ဗွီတို့လို သွေး၊ လိင်အင်္ဂါတွေဆီကနေလည်း မကူးစက်ပါဘူး။ အိတ်ချ်အိုင်ဗွီဆို ကိုယ်ခံအားက underactive ဖြစ်နေပြီး လူးပပ်ကတော့ ကိုယ်ခံအားက overactive ဖြစ်နေတာပါ။ မနက် ၁၀  နာရီကနေ ညနေ ၄ နာရီ နေရောင်တွေကို ရှောင်ရမယ်တဲ့။ အဲဒီအစ်မဆို SPF ပါတဲ့ လိုးရှင်းတွေလိမ်း၊ လက်ရှည်ဝတ်၊ နေကာမျက်မှန်၊ ထီးဆောင် ရပါတယ်။ ဆံပင်ကျွှတ်၊ ပင်ပန်းတာဟာ လူးပပ်ရဲ့ လက္ခဏာတွေပါ။ ခုတော့ အဲဒီအစ်မ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်မွေးလို့ သမီးလေးတောင် မူကြိုတက်ရတော့မယ်။ ငါ့ကျမှ ဖြစ်ရချည်လားလို့ ဝမ်းနည်းရအောင်လည်း အမေရိကန်လူဦးရေ တသန်းခွဲလောက် လူးပပ်ဖြစ်နေပါတယ်ဆိုတော့ ငါ တစ်ယောက်တည်း မဟုတ်ပါလား။ ခုပဲ သတင်းထဲမှာ တွေ့လိုက်တယ် နာမည်ကြီးရပ်ပါအဆိုတော် မစ်စီအဲလီးယပ်လည်း autoimmunse order ဖြစ်နေတာ ၂၀၁၂ မှာ သိခဲ့ပါတယ်တဲ့။




လူးပပ်ဖြစ်နေပေမဲ့ လေးဖက်နာလို့ဆင်တူနေလို့ လူးပပ်ဖြစ်နေတာလို့ မသိဘဲ လေးဖက်နာလို့ ထင်နေတာတွေလည်း ဖြစ်တတ်ပါတယ်တဲ့။ ကိုယ်တော့ ဒီရောဂါ ဖြစ်နေတယ်လို့ သူငယ်ချင်းတွေကို ပြောပြတော့ သူတို့မှာလည်း လေးဖက်နာရောဂါ ရှိပါသတဲ့။ ဆေးခန်းကို အဲဒါကြောင့် မသွားချင်တာ သွားရင် ရောဂါတွေ ထွက်လာပြီ။ အသက်ကလည်း လူ့သက်တမ်းတဝက် ရှိလာပြီဆိုတော့ ခန္ဓာကိုယ်က ငယ်ငယ်ကလို ဘယ်ကောင်းတော့မလဲနော့။ စောစောသိ စောစောကုသနိုင်တာပဲ တော်လှပြီ။ တခါတုန်းက မကြီး နေကောင်းဖြစ်တော့ ဘူတာရုံလမ်းက ပြနေကျဆရာဝန် ဦးသိန်းလွင်ဆီ မသွားချင်လို့ အိမ်နားက ဆရာဝန်ဆီမှာ ပြနေတာ ၃ ၊ ၄ ရက်လည်း သက်သာမလာတော့ နောက်ဆုံးလက်စွဲတော် ဆရာဝန်ဦးသိန်းလွင်ဆီ ပြေးတော့မှ တိုက်ဖွိုက်အူရောင်ငန်းဖျားဖြစ်နေတာ အဖတ်လုံးဝမစားပါနဲ့တဲ့။ ရောဂါသိလို့ ဆေးမှန်နဲ့ ကုသလိုက်တော့ မြန်မြန်ပျောက်တာပေါ့။  ဘားမီးကလပ်စစ်က ဆေးပညာအခန်းမှာ ရေးထားတာတွေ ဖတ်ကြည့်ပြီး သွေးကြောင့်ဖြစ်မယ်လို့ ကိုယ်ထင်ထားတာ မှန်နေတယ်။ ဝိုင်းရေ စတိတ်က သန့်ရှင်း၊ အစားအသောက်ကလည်း ကျန်းမားရေးနဲ့ ညီညွတ်အောင်စား၊ လေ့ကျင့်ခန်းတွေလည်း လုပ်တော့ ကိုယ့်ကိုယ်ခံအားစနစ်က တက်ကြွလွန်းပြီး တိုက်ခိုက်ဖို့ ဘက်တီးရီးယား၊ ရောဂါရှာဖွေနေတာ ကိုယ်ကလည်း ကျန်းမာလွန်းတော့ ဘာဆိုဘာရောဂါမှ မရှိလို့ ကျန်းမာတဲ့တစ်ရှူးတွေကို ပြန်တိုက်နေတာထင်တယ်။ ကိုယ်တို့ မြန်မာပြည်မှာဆို ခြင်တွေ ယင်တွေပေါ၊ အစားသောက်တွေက ဆေးဆိုးထား၊ ပတ်ဝန်းကျင်က မသန့်ရှင်းတော့ ဘက်တီးရီးယားတွေ တိုက်နေရတာနဲ့ ကိုယ့်ကိုယ်တွင်းက ကျန်းမာတဲ့တစ်ရှူးတွေ ပြန်တိုက်ချိန် ရှိမှာမဟုတ်ဘူး။ ကိုယ် မြန်မာပြည်မှာဆို ဒီရောဂါဖြစ်မှာ မဟုတ်ဘူး အဲ တခြားရောဂါတော့ ဖြစ်လိမ့်မယ်။

မြန်မာပြည်မှာ ကင်ဆာ သိပ်ဖြစ်ကြတယ်။ စတိတ်မှာ အလာဂျီသိပ်ဖြစ်ကြတယ် ဝါရှင်တန်ဒီစီရုံးက ဘရက်ဒန်ဆို မြေပဲအလာဂျီရှိတယ်။ အဲဒီမြေပဲအလာဂျီဆိုတာ အမေရိကန်တွေသာ ဖြစ်ကြတာ ဝိုင်းတို့ဗီယက်နမ်မှာဆို မြေပဲအလာဂျီဆိုတာ ကြားတောင်မကြားဖူးဘူးတဲ့။ ဆင်းရဲတဲ့သူတွေမှာ အလာဂျီဖြစ်စရာလည်း မရှိဘူး စားစရာ ဒီတစ်ခုပဲ ရှိတယ် ရွေးချယ်စရာမရှိဘူး။ အဲဒါကိုမှ မစားရင် သေမှာလေ။ ဟုတ်ပါ့ ဆင်းရဲတဲ့ကလေးတွေက ပိုကျန်းမာတယ်လို့ ဆိုရမလားဘဲ ခြင်တွေယင်တွေကြား ဖုတ်သဲတွေမှာ ဆော့ကစားရင်း ကြီးပြင်းလာလို့လေ။ ခြင်္သေ့ကျွှန်းမှာ ကျောင်းတက်တုန်းက နောက်ဆုံးရထား ၁ မိနစ် ဆိုတာကိုမှီအောင် ပြေးတာများ လှစ်နေတာပဲ။ နယူးယောက်ကာ ဖြစ်လာပြီမို့ ပြေးနေသလား ထင်ရအောင် လမ်းလျှောက်မြန်တာ၊ လှေကားအတက်အဆင်းတွေဆို ခုန်ပျံပြီး ဆင်းသွားတာများ တရုတ်သိုင်းကားထဲကလို ဝှီ...ဝှီ...ဝှီ...ဝှစ်...ဝှစ်...ဝှစ် နေတာ ခုတော့ မဝှီ မဝှစ်တော့ဘူး။ ဆေးမသောက်ရသေးလို့ လက်ဆစ်တွေနာ၊ ကြွက်သားတွေယောင်၊ ဇက်နာ၊ ဒူးဆစ်တွေနာလို့ လှေကား အတက်အဆင်းဆို လက်ကိုင် ကိုင်ပြီး အတက်အဆင်း ပြုရ၊ လမ်းမြန်မြန် မလျှောက်နိုင်တော့ဘူး။  အဆစ်တွေ နာလာရင် စောစောအိပ်ဖြစ်တယ်၊ တခါတလေလည်း နာလွန်းလို့ အိပ်မရဘူး။ ကိုယ့်ရောဂါအကြောင်း မကြီးဆီက သိရတော့ အမေ့မှာ မျက်ရည်စက်လက် သူ့သမီး အိပ်ယာကနေများ မထနိုင်ဘူးလား စိတ်ပူလို့တဲ့။ တစ်ယောက်တည်းနေတာ ပစ်လဲရင် ဒုက္ခပါပဲ မကြီးရှိတဲ့ စင်္ကာပူကို ပြန်နေခိုင်းရမယ်လို့ ပြောလာတယ်။

ပင်ပန်းဆင်းရဲလွန်းတဲ့ စာသင်နေ့ရက်တွေ၊ ပြည်နယ်တွေပြောင်းလို့ အလုပ်အကိုင် အခြေတကျဖြစ်အောင် အစွမ်းကုန် ကြိုးစားပြီး အခြေနည်းနည်းကျလာကာ လေးနှစ်လုံးလုံး ရေလောင်းပေါင်းသင် စိုက်ပျိုးခဲ့တဲ့ သစ်ပင်ကနေ အသီးအပွင့်တွေ သီးပွင့်လာကာမှ  ဒီရောဂါလေးကြောင့်နဲ့ စွန့်ပစ်ရမယ်။ ဘုရားရေ  ကိုယ် မစွန့်ပစ်နိုင်ပါဘူး စတိတ်မှာ အလုပ်လုပ်ရတာ ကြိုက်တယ်။ ကိုယ့်အလုပ်က ကွန်ပျူတာရှေ့ ငြိမ်ငြိမ်လေးထိုင်ပြီး ညဏ်သုံးရတဲ့ အလုပ်မို့သာပဲ။ ခန္ဓာကိုယ်ကို  အသုံးပြုရတဲ့ ကာယအလုပ်တွေဆို ဒီရောဂါနဲ့ မလွယ်ကြောဘဲ။ အရေးအကြောင်းဆို ဖုန်းဆက်လိုက်ရင် ပြေးလာတဲ့ အိုမားရယ်၊ ၉၁၁ ရှိနေတာ စိတ်ပူစရာ မလိုပါဘူး။ ပြီးတော့ ယူအက်စ်က ကျန်းမာရေး၊ ဆေးဝါး၊ ကုသထုံးတွေက အဆင့်မြင့်တယ်။ စိတ်မပူပါနဲ့ ဒူးနည်းနည်းနာလို့ လမ်းမြန်မြန်မလျှောက်နိုင်တာ တစ်ခုလောက်ပဲ ဆေးသောက်ရင် ကောင်းသွားမှာ။ ဒုက္ခဖြစ်တဲ့ ဒီခန္ဓာကိုယ်ကြီး ရလာတော့ ဝေဒနာဆိုတာ ရှိတော့မှာပေါ့။ လက်ဆစ်တွေနာ၊ ဒူးဆစ်တွေနာ၊ ဇက်နာ၊ ဘယ်ဖက်ခြေမဖိုးအောက်နားယောင်၊ ဘယ်ဖက်လက်ခုံ နည်းနည်း ယောင်နေတဲ့ကြားက ကီးဘုတ်တဖြောင်းဖြောင်းရိုက်လို့ဒီပို့စ်လေး ကိုယ် ရေးနိုင်သေးတယ် အဲဒီလောက်ကြီး မဆိုးရွားပါဘူး။ အချိန်ရှိရင်၊ လူးပပ်သိပ်မဆိုးရင်၊ ရေးချင်တဲ့ အိုင်ဒီယာရှိရင် ပို့စ်တွေ ရေးတင်နေဦးမှာပါ အန်းနီးဝေး ကိုယ်ဖြစ်တဲ့ရောဂါအကြောင်းလေးပါ။ စာလာဖတ်တဲ့သူတွေ ရောဂါဘယကင်းစင်လို့ ကျန်းမာပျော်ရွှင်ကြပါစေ။

စန်းထွန်း
ဖေဖေါ်ဝါရီ ၅၊ ၂၀၁၅။

ဓာတ်ပုံတွေက မနှစ်ကဆောင်းဦးမှာ ဂျော့ဝါရှင်တန်တံတားကို ဖြတ်ကျော်လို့ နယူးဂျာဆီပြည်နယ် ပါလစ်ဆိုဒ်ပန်းခြံဆီကို ၈ မိုင်ခွဲ မနက် ၁၀ နာရီ ညနေ ၅ နာရီထိ ဖိုတိုဂရပ်ဖီဟိုက်ကင်းထွက်တုန်းက ရိုက်ထားတဲ့ ကိုယ့်အကြိုက် ဓာတ်ပုံလေးတွေပါ။ နောက်ဆို အဲဒီလို ဖိုတိုဂရပ်ဖီဟိုက်ကင်း ထွက်နိုင်ပါ့မလား မသိ။