Lupus - ၁
မနှစ်က ခရစ်စမတ်ချိန်လောက်မှာ လက်ဆစ်တွေ သိသိသာသာ ဖူးယောင်လာလို့ မေးမြန်းကြည့်တော့ ယူရစ်အက်ဆစ်များတာလား၊ လေးဖက်နာလား တခုခုလို့ ထင်ကြေးပေးကြတယ်။ ဘာတွေစားလဲလို့ စစ်ဆေးကြည့်တော့ လား...လား အဲဒီမတိုင်ခင်က မျှစ်ချဉ်တစ်ဘူးဝယ်ပြီး ဝက်နံရိုးနဲ့ချက်စားနေတာကိုး ယူရစ်အက်စစ် များတာဖြစ်ရမယ်။ Wallgreens က ဆေးဆိုင်ကို သွားမေးတော့ ဂျူတီကုတ်ဝတ် ဆေးဝါးကျွှမ်းကျင်သူကောင်လေးက ယူရစ်အက်ဆစ် များတာလား၊ လက်တွေကို တအားသုံးတာလား တခုခုပဲ။ ဖြစ်နိုင်တယ် ကိုယ်က ပရိုဂရမ်မာဆိုတော့ တချိန်လုံး ကွန်ပျူတာကီးဘုတ်တွေကို တဖျောင်းဖျောင်း ရိုက်ရတာကိုး။ ဂေါက်လည်း ဖြစ်နိုင်တယ် ဂေါက် ဟုတ်တယ် g-o-u-r-t ။ ဂေါက်ဖြစ်နေတဲ့ အဘိုးကြီး အဘွားကြီးတွေရဲ့ ခြေမတွေ ကွေးကောက်နေတာ မြင်ဖူးတယ်။ ဂေါက်က အသက်ကြီးမှ ဖြစ်တာ အကောင်းဆုံးကတော့ သွေးစစ်တာ။ ဘယ်မှာ သွေးသွားစစ်ရမှာတုန်း နီးစပ်ရာ ဆေးခန်းတွေမှာ သွေးသွားစစ်လို့ရတယ်။ သွေးစစ်ဖို့ ဘယ်ဆေးခန်းမှာ သွားစစ်ရမှန်းမသိ။ မကြီးငယ်သူငယ်ချင်းရဲ့ သူငယ်ချင်း အစ်မနန်းစံကို မေးကြည့်တော့ မြန်မာဆရာဝန် ဆေးခန်းနှစ်ခုရဲ့လိပ်စာ၊ ဖုန်းနံပါတ်ရတယ်။ အပွိုင့်မန့်လုပ်တော့ စနေနေ့မနက်ရတယ်။
ကိုယ့်ကျန်းမာရေး အာမခံကဒ်ကုမ္ဗဏီ United Healthcare ကို ဆေးခန်းက လက်ခံလား မေးရတယ်။ ကိုယ့်ကျန်းမာရေးအာမခံကုမ္ဗဏီရဲ့ network မှာ မပါဘူးဆိုရင် ကျသင့်ငွေကို အာမခံကုမ္ဗဏီက မပေးဘဲ ကိုယ်က ပေးရမှာမို့ ကိုယ့်ကျန်းမာရေးအာမခံကုမ္ဗဏီရဲ့ network တွင်းမှာပါဝင်တဲ့ ဆေးခန်းတွေကို ရှာရမှာပါ။ ဆေးခန်းစုံစမ်းနေတဲ့ အချိန်အတွင်း ယူရစ်အက်စစ်များစေတဲ့ အစားအစာတွေကိုရှောင်။ ယူရစ်အက်ဆစ်များစေတဲ့ အစားအစာတွေက ပင်လယ်စာ၊ မြေကြီးက တိုက်ရိုက်ထွက်တဲ့ အပင်တွေလို့ အိုမားကပြောတော့ အိုမားသမီးအငယ်ဆုံး ငယ်လေးက မေးခွန်းထုတ်မယ် ဟန်ပြင်ရော အိုမားက နေဦး အပင်တွေအကုန်လုံးက မြေကြီးထဲက ထွက်တာ မဟုတ်ဘူးလားလို့ မေးမလို့မလား။ မြေကြီးကနေ တိုက်ရိုက်ထွက်တဲ့ မျှစ်၊ မှို၊ အာလူး၊ ကန်စွန်းဥတို့ကို ဆိုလိုချင်တာ။ မြေကြီးထဲက တိုက်ရိုက်ထွက်တဲ့ အပင်တွေကို ရှောင်နိုင်ပေမဲ့ ပင်လယ်စာကျတော့ မရှောင်နိုင်ပြန်ဘူး ပုဇွန်အစား ဆော်လမွန်ငါး စားရတယ်။ ဒီလိုနဲ့ ဆေးခန်းရောက်တော့ ပထမဆုံးလာတာဆိုတော့ ဖောင်ဖြည့်၊ ကျန်းမာရေးအာမခံကဒ် အချက်အလက်ယူ၊ မနက် ၈ နာရီကနေ စောင့်လိုက်တာ နေ့လည် ၁၁ နာရီမှ ဆရာဝန်နဲ့ တွေ့ရတော့တယ်။ ဆေးခန်းပြပြီးရင် မနက် ၁၁ နာရီမှာ Shoewalkers အဖွဲ့နဲ့ ဟိုက်ကင်းထွက်မလို့ စီစဉ်ထားတာလည်း မသွားနိုင်တော့ဘူး။
သွေးဖောက်ရမှာဆိုတော့ မနက်ကတည်းက ဘာမှမစားလာတာ ဝမ်းက တကျူတ်ကျူတ် မြည်နေပြီ။ ဆရာဝန်က ဖြစ်ဖူးတဲ့ ရောဂါရာဇဝင်၊ မိဘတွေရဲ့ရောဂါရာဇဝင်တွေ မေးမြန်းပါတယ်။ ငယ်ငယ်တုန်းက တုပ်ကွေးချိန်ဆို ကိုယ်တို့မောင်နှမနှစ်ယောက် ကွေးတော့တာပဲ။ ဆော့လည်းအတူတူ၊ စားလည်းအတူတူ၊  တုပ်ကွေးဖြစ်တော့လည်း အတူတူဆိုတော့ အမေ့ခမျာ ပင်ပန်းရှာမှာပဲ။ တုပ်ကွေးချိန်ဆို တနယ်လုံးက ကလေးတွေ တဖက်ကမ်း ကျောက်ချောင်းရွာက ဆရာဝန်ကြီး ဦးကြည်ဝင်းဆေးခန်းမှာ ဒင်းကြမ်းပြည့်နေတော့တာပဲ။ သွေးလွန်တုပ်ကွေးပြင်းရင် အသက်ဆုံးပါးနိုင်တာကိုး။ တလောက အမေ့ဆီဖုန်းဆက်တော့ နေမကောင်းလို့ ကျောက်မြောင်းက ဆရာဝန်မှာ ပြနေတယ်တဲ့။ ဟင် ဘာလို့ ဘူတာရုံလမ်းက ကိုယ်တို့လက်စွဲတော် ဆရာဝန်ဦးသိန်းလွင်ဆီ မပြဘဲ  ကျောက်မြောင်းအဝေးကြီးဆီ သွားပြတာလဲမေးတော့ ကျောက်မြောင်းဆရာဝန်က ဆရာဝန်ကြီးဦးကြည်ဝင်း သမီး မှတ်မိလား သမီးတို့ ငယ်ငယ်တုန်းက တုပ်ကွေးဖြစ်တော့ ကုပေးတဲ့  ဆရာဝန်ကြီးဦးကြည်ဝင်းလေ။ အခု ကျောက်မြောင်းမှာ ဆေးခန်းဖွင့်နေတယ် ဆေးခန်းမှာ ဟိုင်းကြီးသား တော်တော်များများ တွေ့ခဲ့တယ်တဲ့။ ကြည့် ကိုယ်တို့ဟိုင်းကြီးသားတွေက ဒေသစွဲကြီးပုံများ  ပြောပါတယ်။
ပုသိမ်မှာ အထက်တန်းကျောင်းတက်တော့ စရောက်တဲ့နှစ်က အင်မတန် ချူချာတယ် တလတခါ ဆေးခန်းပြေးရတယ်။ အပျိုပေါက်အရွယ် ဟော်မုန်းအပြောင်းအလဲမို့ဖြစ်တာ စိုးရိမ်စရာ မရှိပါဘူးတဲ့။ အဲဒီနောက်မှာတော့ ကျန်းမာရေးက ဒေါင်ဒေါင်မြည်မြည်ပဲ။ မောင်မောင့်လို မျောက်မူးလဲအောင် မဆော့ပေမဲ့ ကိုယ်ငယ်ငယ်တုန်းက အင်မတန်ဆော့တာ။ အပြေး၊ ကြိုးခုန်၊ အားလူးကောက်၊ တုပ်ဆီးတိုး၊ ကျောင်းအားကစားပွဲတွေမှာလည်း ပါတယ်။ စကပ်တလွှားလွှားနဲ့ ကြိုးခုန်နေတာ အမြင်မသင့်တော်ဘူး ၇ တန်းကျောင်းသူတွေ ကြိုးမခုန်ရလို့ ဆရာမတွေ တားမြစ်တော့မှ မခုန်တော့တာ။ နောက်တော့ အတန်းကြီးလာတာနဲ့အမျှ စာတွေပိ၊ ကျောင်း၊ ကျူရှင်နဲ့ မဆော့ဖြစ်တော့ဘူး။ တိုက်ခန်းကျဉ်းကျဉ်း၊ ဆော့ကစားဖို့နေရာမရှိ၊ မူလတန်းဆိုပေမဲ့ ကျူရှင်၊ ဂိုက်နဲ့ စာပိနေတဲ့ မြို့က ကလေးတွေကို သနားမိတယ်။ ကွန်ပျူတာတက္ကသိုလ် နောက်ဆုံးနှစ်မှာ ဇယ်ခုန်၊ လွတ်နေတဲ့ အခန်းထဲမှာ စိန်ပြေးတမ်းကစား၊ ရုပ်ရှင်ဇာတ်ကား နာမည်ဖွက်တမ်း ကစားတယ်။ တခြားအဖွဲ့ထဲက တစ်ယောက်ကို ရုပ်ရှင်ဇာတ်ကားနာမည်ပြောပြ အဲဒီတစ်ယောက်က အမူအယာမျိုးစုံလုပ်လို့ အဖွဲ့သားတွေက ရုပ်ရှင်ဇာတ်ကား နာမည်ဖော်တာကို ဘေးကနေ ဟိုဟာလေ၊ ဒီဟာထင်တယ်နဲ့ မှားသွားအောင် ပြောရတယ်။ လမ်းဘေးစာ၊ လက်သုပ်မုန့်တွေကြိုက်တဲ့ကိုယ် အူအတက်ရောင် နှစ်ခါယောင်တော့ ဆရာဝန်က ခွဲမလား၊ ဆေးသောက်မလား မေးတယ်။
အဲဒီတုန်းက စာမေးပွဲက နီးနေပြီဆိုတော့ မခွဲတော့ဘဲ ဆေးသောက်၊ အရည်တွေချည်းပဲ ၁၀ ရက်လောက် သောက်လိုက်ရတာ ယူပစ်သလို ပိန်ကျသွားတဲ့ ကိုယ့်ကိုတွေ့တော့ ကိုယ့်သူငယ်ချင်းတွေဆိုတာ ကိုယ့်ကို သနားလို့တဲ့။ စားချည်ဦးဟဲ့ လမ်းဘေးစာ၊ လက်သုပ်ချဉ်။ အဲဒီကတည်းကစလို့ လမ်းဘေးစာ၊ လက်သုပ်ချဉ်၊ အချဉ်တည်ထားတဲ့ အစားအသောက်၊ ငရုတ်ဆီတွေ ရှောင်ရတာ ခြင်္သေ့ကျွှန်းကို ရောက်တဲ့အထိပါပဲ။ ခြင်္သေ့ကျွှန်းမှာတော့ အစားအသောက်တွေက သန့်ရှင်းတယ်။ ၂၀၁၁ အိုင်အိုဝါပြည်နယ်မှာ ကျောင်းတက်နေတုန်းက ပိုလန် (ပန်းဝတ်မှုန်)အလာဂျီ ဖြစ်ဖူးတယ်။ အဲဒီအကြောင်း ကုတ်ခြင်းများစွားဖြင့် ဆိုပြီးတော့ ပို့စ်တစ်ပုဒ်တောင် ရေးဖူးပါသေးတယ်။ တကိုယ်လုံး ယားလာလို့ တညလုံး ကုတ်ဖဲ့နေရတာ။ နောက်နေ့ ကျောင်းသူနာပြုဆီ သွားပြတော့ သူကိုယ်တိုင်  ဆေးရုံကို ခေါ်သွားတယ်။ ဆရာဝန်မက သုံးနေကျမဟုတ်တဲ့ ဆပ်ပြာအသစ်၊ လိုရှင်းအသစ် သုံးသလား၊ အဝတ်အစားအသစ် ဝတ်သလား၊ စားနေကျမဟုတ် မဟုတ်တဲ့ အစားအသောက်တွေ သုံးသလား ဘာဆိုဘာမှ မသုံးပါ။ နောက်တော့ ပိုလန်အလာဂျီလို့ ရောဂါနာမည်တပ်လိုက်ပြီး ၆ နာရီ အချိန်အတိအကျခြားပြီး ဆေးတွေသောက်ရတယ်။ ကန်တက်ကီ၊ မေရီလန်းမှာနေတော့ ပိုလန်အလာဂျီ မဖြစ်ဘူး။ ဒီတော့ အိုင်အိုဝါပြည်နယ်မှာရှိတဲ့ ပန်းတစ်မျိုးက ကိုယ့်ကို အလာဂျီဖြစ်စေတယ်လို့ ယူဆရတယ်။
ပိုလန်အလာဂျီကို အမေရိကန်တော်တော်များများ ဖြစ်ကြတယ်။ ကန်တက်ကီအိမ်ရှင်ဆို ပိုလန်အလာဂျီဖြစ်ရင် ဟပ်..ချိုး လို့ အကျယ်ကြီး နှာချီတတ်တယ် မျက်စိနှစ်လုံးကလည်း ရဲရဲနီလို့။ ဝါရှင်တန်ဒီစီရုံးက ဆူပါဗိုက်ဆာ သီဟိုဒိုဝိန်းရိုက်ဆို ပိုလန်အလာဂျီဆေး မသောက်ခဲ့ရင် နှာရည်တရွှဲရွှဲ။ ပရောဂျက်မန်နေဂျာကင်ရဲ့ မျက်စိနှစ်လုံးက ပေါက်ထွက်သွားမလား ထင်ရအောင် ရဲရဲနီနေလို့ မျက်စိနာတာလားဟင်လို့ မေးကြည့်တော့ ပိုလန်အလာဂျီတဲ့။ ရာသီဥတုအေးရင် ရာမား ခြေထောက်မှာ အနီကွက်တွေ ထလာပြီး ယားတယ်တဲ့။ ကိုယ်က ရာမားက ပိန်ညောင်နေပြီး အဆီအသားမရှိလို့ အအေးဒဏ် မခံနိုင်တာလို့ တွေးတယ်။ ကိုယ်လည်း ရာသီဥတုအေးရင် နှာရည်တွေကျလို့ နှပ်သုတ်ပဝါ ဆောင်ရတယ်။ ဒါတွေကတော့ ကိုယ်ဖြစ်တဲ့ ရောဂါတွေပါ။ ကိုယ့်မိဘတွေ ကျန်းမာရေးဆိုရင်တော့ အမေက အတော် ကျန်းမာရေးကောင်း၊ ကိုယ်ခံအားကောင်း၊ အလုပ်အများကြီး လုပ်နိုင်တဲ့သူ။ အမေ နေမကောင်းတာ မမြင်ဘူးသလောက်ဘဲ။ ကိုယ်တို့ငယ်ငယ်တုန်းက ဟိုင်းကြီးရွာသစ်မှာနေတုန်းကဆိုရင် မနက်အစောကြီးထ မနက်စာ၊ ညစာအတွက် ချက်ပြုတ်ပြီး နေထွက်တာနဲ့ တနာရီလမ်းလျှောက်အဝေးမှာရှိတဲ့ အဖေ အလုပ်လုပ်တဲ့ စံပြရွာကို ခြေလျင်လမ်းလျှောက်သွားပြီ။ အမေနဲ့ ကိုယ်တို့မောင်နှမအားလုံးကို အဖေက စက်ဘီးစီးသင်ပေးခဲ့ပေမဲ့ အမေက စက်ဘီးမစီးတတ်ခဲ့ဘူး။
ရန်ကုန်မှာ ဆိုရင်လည်း မနက်အစောကြီး အိပ်ယာထ၊ ထမင်းအိုး၊ ရေနွေးတည်၊ အဝတ်လျှော်ပြီးလို့ အိပ်ယာက မနိုးသေးတဲ့ ကိုယ်တို့မောင်နှမတွေကို သားတို့၊ သမီးတို့ ဘာမုန့်စားမလဲ၊ ဘာဟင်းစားချင်လဲလို့မေးပြီး ဈေးသွားတယ်။ အမေ ဈေးကပြန်လာတော့မှ ကိုယ်တို့မောင်နှမတွေက အိပ်ယာကထကြပြီး အမေ ဝယ်လာတဲ့မုန့်တွေနဲ့ မနက်စာစားကြတယ်။ အမေ မရှိရင် မနက်စာမုန့်ကို နင် သွားဝယ်၊ ငါ သွားဝယ်လို့ တွက်ကပ်ကြတာနဲ့ အမေ မရှိရင် မနက်စာမုန့်ငတ်ကြတယ်။ အမေဟာ အတော့်ကို အလုပ်လုပ်နိုင်တဲ့သူ ကိုယ့်တို့မောင်နှမတွေ အမေခြေဖျားကို မမှီဘူး။ လွန်ခဲ့တဲ့လေးနှစ်က အမေ မီးယပ်သွေးဆုံးဖြစ်တော့ ဗမာဆေး၊ အင်္ဂလိပ်ဆေးတွေနဲ့ အတော်ကုယူရတယ်။ အမျိုးသမီးတွေ သွေးဆုံးရင် မီးယပ်သွေးဆုံးရောဂါ အနည်းနဲ့အများ ခံစားရတာမို့ မိသားစုရဲ့ ဂရုစိုက်စောင့်ရှောက်မှုက တော်တော်အရေးပါပါတယ်။ မီးယပ်သွေးဆုံးကိုင်တယ်ဆိုပေမဲ့ တကိုယ်လုံးစစ်ကြည့်တော့လည်း ဘာရောဂါမှ မရှိ အင်မတန် ကုသရခက်တဲ့ ရောဂါတစ်မျိုး။  ကြားဖူးတာတော့ အသက် ၄၀ ပြည့်တဲ့နေ့မှာ နွားနို့တပိသာ သောက်ရတယ်ဆိုလားပဲ။ အရင်တုန်းက သားသမီးတွေ လိုအပ်တာကို အရိပ်တကြည့်ကြည့် ဖြည့်ဆည်းပေးတတ်တဲ့ အမေဟာ မီးယပ်သွေးဆုံးကိုင်တော့ စိတ်တွေကယောက်ခြောက်ခြားဖြစ်၊ အခုချက်ချင်း ဆေးရုံးမတက်ရရင် သေရပါတော့မယ်လို့ဖြစ်လို့အက်စ်အက်စ်စီဆေးရုံ ညတွင်းချင်းတက်မယ်ဖြစ်ရော။ ဆေးရုံမှာ နေရာလွတ်မရှိပေမဲ့ ပွဲစားလို့ ကိုယ်တို့ဟိုင်းကြီးသားတွေ ခေါ်ကြတဲ့ ပွဲရုံသူဋ္ဌေးက အက်စ်အက်စ်စီဆေးရုံပိုင်ရှင်တစ်ဦးမို့ ပွဲစားကို အကူအညီတောင်းတော့ နေရာရတဲ့အပြင် ဗွီအိုင်ပီကနေ လာတာဆိုတော့ ဆေးရုံဝန်ထမ်း၊ ဆရာဝန်တွေက ဂရုတစိုက် ရှိကြတယ်တဲ့။
အရင်တုန်းက သားသမီးကို ဂရုတစိုက် အရိပ်တကြည့်ကြည့်ပေမဲ့ မီးယပ်သွေးဆုံးကိုင်တော့ သားသမီးကိုလည်း ဂရုမစိုက်တော့ဘဲ ၂၀၀၉  ကိုယ့်ဘွဲ့နှင်းသဘင်တက်ဖို့ ခြင်္သေ့ကျွှန်းကိုလာတော့ အမေက သမီးနှစ်ယောက်ကို တွေ့ပေမဲ့လည်း ဝမ်းသာပုံမပြ ဖာသိဖာသာပါပဲ။ အဖေက အမေ့ကို အင်မတန်ချစ် အတော်ဂရုစိုက်တယ်။ တချို့တွေက ယောက်ျားရ ကံကောင်းပြီး သားသမီးကံမကောင်း၊ တချို့ကြတော့ ယောကျ်ားရ ကံမကောင်းပေမဲ့ သားသမီးလကံကောင်းတယ်။ အမေကျတော့ ယောကျ်ားကံရော၊ သားသမီးကံရော ကောင်းလို့ အင်မတန် ကုသိုလ်ထူးတဲ့သူလို့ ကိုယ်တို့တွေ အားကျကြတယ်။ မကြီးက ချဉ်ပေါင်စားချင်တယ်လို့ ချဉ်ပေါင်တွေ‌ချွှေ၊ အခြောက်လှန်း၊ ချဉ်ပေါင်ကြို၊ ပလပ်စတစ်အထုပ်သေးတွေထဲထည့်လို့ Freezer ထဲမှာထည့်၊ စင်္ကာပူပို့ခါနီးမှ အထပ်ထပ်ထုပ်ပိုး၊ သတင်းစာတွေ အထပ်ထပ်ပတ်ပြီး ပို့တယ်။ ချဉ်ပေါင်စားချင်ရင် အဲဒီအထုပ်ကလေးတွေ ထုတ်လို့ ချက်စားချင်စား၊ ကြော်စားချင်စား အဆင်သင့်ပဲ။ မကြီးအတွက်က အဆင့်သင့် အမေ့အတွက်တော့ လက်ဝင်ပေမဲ့ သားသမီးတွေအတွက်ဆို ပျော်နေတာပါပဲ။ ချဉ်ပေါင်ချွှေနေတဲ့ အမေက သူ ချဉ်ပေါင်ချွှေနေတာကို ဓာတ်ပုံရိုက်ပေးပါ ပြီးရင် သမီးတွေဆီ ပို့ပေးပါလို့ တောင်းဆိုလို့ အဖေက ဓာတ်ပုံရိုက်ပြီး ဗိုင်ဘာကနေ ပို့ပေးရတယ်။ ခုတော့လည်း  အမေ့ ကျန်းမာရေးက ဒေါင်ဒေါင်မြည်လို့ သမီးတွေ ဘာလိုချင်လဲ၊ ဘာစားချင်လဲ ပို့ပေးမယ် ဆိုတာချည်းမို့ အတင်းငြင်းနေရတယ်။
မကြီးက အနီးမှာဆိုတော့ အမေ ပို့ပေးသမျှ သူ စားရတယ်။ ကိုယ်ကတော့ အဝေးမှာဆိုတော့ မပို့ရတာကို စိတ်မကောင်းတွေဖြစ်လို့ ကိုယ် ဗမာဆိုင်၊ ယိုးဒယားဆိုင်က ဝယ်စားသမျှကို ဓာတ်ပုံရိုက်ပြီး ကိုယ် ဘယ်လိုစားနေတဲ့အကြောင်း၊ အငတ်မခံတဲ့အကြောင်း အသိပေးရတယ်။ အဖေက အမေ့လောက် မကျန်းမာဘူး။ ကျောက်ကပ်က အကျိတ်အလုံးတည်တာကို ခြေပြီးကတည်းက ဆေးလိပ်ပြတ်တယ်။ မကြီး ပြောလို့ မကြီးဆယ်တန်းအောင်တဲ့နှစ်မှာ အရက်ပြတ်တယ်။ အဲဒီကတည်းက အရက်မသောက်တော့တာ တခါတလေ ဘီယာသောက်လာပြီး စကားတွေအများကြီးပြောရင် ကိုယ်တို့တွေက အဖေ ဘီယာသောက်လာတယ်မလားလို့မေးရင် တဟဲဟဲ ရယ်နေတတ်တယ်။ မောင်မောင်က ဆေးလိပ်၊ အရက် မသောက်ဘူး။ ကိုယ့်သူငယ်ချင်းမောင်လေးတွေ အရက်ကို လူမှန်းသူမှန်းမသိအောင် သောက်ကြတာကို မြင်ရကြားရတာ စိတ်မချမ်းသာစရာကောင်းလွန်းလို့ မောင်မောင် အရက်မသောက်တာလေးကိုပဲ ကိုယ်တို့မှာ ကြံဖန်ချီးမွမ်းနေရတယ်။ အဖေရဲ့ ဒူးဆစ်တွေနာလို့ ဆေးခန်းပြတော့ ဆရာဝန်တွေက ပျောက်သွားအောင်တော့ ကုလို့မရတော့ဘူး သက်သာသွားအောင်လို့ လုပ်ပေးလို့ရတယ်တဲ့။ ခြူးတပြားမှ မရှိတဲ့ဘဝကနေ စက်လှေပိုင်ရှင်ဖြစ်လာအောင်၊ သူ့သားသမီးတွေကို ပညာတတ်ကြီး ဖြစ်စေချင်တဲ့ အဖေ့ဘဝတလျှောက်လုံး တချက်ကလေးမှ အနားမနေဘဲ အနှစ် ၂၀ ကျော် ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ရတဲ့အတွက် အဖေ့ဒူးတွေဟာ အရင်လို ပြန်ကောင်းဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
ဒူးနာသက်သာအောင်လို့ ဒူးထဲဆေးထိုး၊ ဆေးသောက်တာလောက်ပဲ လုပ်လို့ရတယ်။ အသက် ၆၀ နီးလာတော့ ဆီးချို၊ သွေးချို နည်းနည်းဖြစ်လာလို့ အချို၊ အငန်တွေ စားတာ ထိန်းရတယ်။ နှစ်တိုင်း မက်ဒီကယ်ချက်ကပ်လုပ်ရင် ကိုလက်စထရောများနေလို့ ကိုလက်စထရောကျဆေး သောက်ရတယ်။ ၂၀၁၂ မှာတော့ အဖေ့နှလုံးသွေးကြောက ဆိုးဆိုးရွားရွား ပိတ်နေလို့ ဘန်ကောက်က ဘာမင်ဂရပ်ဆေးရုံမှာ     ခွဲစိတ်ကုသပြီး နှလုံးသွေးကြောချဲ့ပေးတဲ့ စတန်ဆိုတဲ့ သေးငယ်တဲ့ပိုက် ၄ ချောင်း ထည့်ပါတယ်။ အဲဒီအတွက် နေ့တိုင်း နှလုံးသွေးကြဲဆေးတွေ သောက်ရပြီး နှစ်စဉ် မက်ဒီကယ်ချက်ကပ် လုပ်ရပါတယ်။ အမေနဲ့အမေ ဘန်ကောက်ကို ဆေးကုဖို့သွားတဲ့အကြောင်းတွေကို ရေခြားမြေခြား ခရီးသွား ပို့စ်တွေ အနေနဲ့ ရေးတင်ဖူးပါတယ်။ ကိုယ့်အရပ်နဲ့ ပေါင်ချိန်တိုင်းတော့ လည်ရှည်ဖိနပ်က လက်မဝက်မြင့်တယ် အေးပါ ဖိနပ်အမြင့်ကို တိုင်းပြီး နှုတ်လိုက်ပါ့မယ် အရပ်က ၅ ပေ ၂ လက်မ။ အဝတ်အစားအတွက် ၃ ပေါင်လျှော့လိုက်တော့ ကိုယ့်အလေးချိန်က ၁၁၆ ပေါင်။ ဟင် အိမ်က ဒစ်ဂျစ်တယ်ပေါင်ချိန်စက်က ၁၂၄ ပေါင်တဲ့ အဲဒီဒစ်ဂျစ်တယ်စက်တွေက မမှန်ဘူး ဆရာ့စက်က အမှန်။ သွေးပေါင်ချိန်လည်း ပုံမှန် အသံပြင်းပြင်းရှူ မင်း လည်ပင်းကြီးနေတယ် သြော် နည်းနည်းအစ်တယ်လို့ ထင်မိသား။ မေးရိုးအောက်၊ လည်ပင်းကို သေသေချာချာ ကိုင်တွယ်ကြည့်၊ တံတွေးတွေ မျိုခိုင်းပြီးတော့ လည်ပင်းကြီးနေတယ် မင်း  သိုင်းရွိုက်အာထရာဆောင်း ရိုက်ရမယ်။
ကိုယ့်အစ်မက လည်ပင်ကြီးလာလို့ ခွဲပြီး သိုင်းရွိုင်းတစ်လုံး ထုတ်ထားရတယ်၊ ဆေးသောက်၊ နှစ်တိုင်း ဘိုင်အိုစီ စစ်ရတယ် ဆရာ။ မင်း အဲဒါ စောစောတုန်းက ဘာလို့မပြောတာလဲ မိသားစုရောဂါရာဇဝင်မှာ ထပ်ထည့်ရမယ်။ အမှန်က မင်းတို့ ပင်လယ်ဒေသဖက်က လူတွေမှာ အိုင်အိုဒင်းဓာတ် ပြည့်ပြီးသား အိုင်ဒိုဒင်းဓာတ် တကယ်လိုအပ်တာက တောင်ပေါ်သားတွေ။ မလိုအပ်ဘဲ အိုင်အိုဒင်းဆားတွေစားဖို့ အစိုးရက ဆော်သြတော့ ခက်ကုန်တာပေါ့။ ဟုတ်တယ်ဆရာ အိုင်အိုဒင်းဆားတွေချည်းပဲ ရိုးရိုးဆား အင်မတန်ရှာရ ခက်တယ်။ အဲဒီရိုးရိုးဆားတောင် အိုင်အိုဒင်းဆားကို နာမည်ပြောင်းထားတာလား မသိ။ မင်း အစိုးရနဲ့ တိုက်ပွဲဖြစ်တဲ့ ကရင်၊ ကချင်ဖက်မှာ နေဖူးလား။ ၁၉၉၉  တုန်းက သာမညဆရာတော်ကို သွားဖူးလို့ ကရင်ပြည်နယ်ဖက်ကို တစ်ခေါက်ပဲ ရောက်ဖူးပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြစ်ဆုံကို တခေါက်လောက်တော့ ရောက်အောင်သွားမယ်လို့ စိတ်ကူးထားပေမဲ့ ခုထိ မရောက်ဖူးသေးဘူး ဆရာ။ မင်း သွားလည်မယ်ကြံရော မြစ်ဆုံဆိုတာရော ရှိပါ့ဦးမလား အမှန်ပါပဲဆရာ။ ကန်တက်ကီအလုပ်က ပါဝါပလန့် (လျှပ်စစ်ဓာတ်အားတွေ ထုတ်တဲ့) စက်ရုံကုမ္ဗဏီ ဒါပေမဲ့ နူးကလီးယားစက်ရုံ မဟုတ်ဘူး သဘာဝဓာတ်ငွေ့သုံးစက်ရုံ ရုံးချုပ်မှာပဲ နေတယ် တခါမှ ဆိုဒ်ထဲ မသွားဖူးဘူး ဆရာ။ တခါတုန်းက လူနာတစ်ယောက်က ချန်နိုဘိုင်းစက်ရုံမှာ အလုပ်လုပ်ဖူးတယ်တဲ့ မင်း ချန်နိုဘိုင်းဆိုတာ ကြားဖူးလား ကြားဖူးတယ် ဆရာ။
(ဆက်ပါဦးမယ်)
စန်းထွန်း
ဇန်နဝါရီ ၃၁၊ ၂၀၁၅။
3 comments:
Anonymous said...
မမအိုင်အိုရာ
Aunty Tint said...
San San Htun said...
Anonymous said...
ဟုတ်တယ်။ ဒီမှာတောင်အိုင်အိုဒင်းဆားကပိုအတွေ့များတယ်။
ကိုယ်တို့လည်းရန်ကုန်မှာကြီးတာဆိုတော့ပင်လယ်နဲ့နီးနီးလေးအိုင်အိုဒင်းမလိုဘူးလို့ကိုယ့်ဖာသာယူဆပြီး အိုင်အိုဒင်းမပါတဲ့ဆားဘူးကိုသတိထားဝယ်တယ်။
ရန်ကုန်ကကိုယ့်သူငယ်ချင်းလည်းသိုင်းရွက်ဖြစ်လို့ဆေးသောက်တာဆိုဒ်အဖက်က နှလုံးကိုထိတယ်။ သူက ဒို့စ်မှားသောက်နေခဲ့ရတာ။
ဆက်ပါအုန်းစန်းထွန်းလေးရေ။ မျှော်နေမယ်။
မြန်မြန်သက်သာပါစေလို့...
မမအိုင်အိုရာ
February 1, 2015 at 11:54 PM
Aunty Tint said...
ဒီကနေ့ စန်းစန်းရဲ့ပို့စ်တွေက တီတင့်ရဲ့ အားလပ်ချိန်လေးတွေကို အကျိုးရှိစေခဲ့တယ် Lupus ၂ ဆက်ဖတ်လိုက်အုံးမယ် ... :)
February 10, 2015 at 9:22 PM