ရှဉ့်ကလေးနှစ်ကောင်...
ပိတ်ရက်တွေဆို လမ်းလျှောက်အဖွဲ့တွေနဲ့ နယူးယောက်တခွင် လမ်းလျှောက်၊ တောင်တက်၊ ပြတိုက်၊ အနုပညာပြခန်းတွေ သွားဖြစ်ပါတယ်။  MOMA PS 1 (Museum Of Modern Art) က Contemporary Art  ကို အထူးပြုပြီး ဝင်ကြေးက pay as you wish သဒ္ဓါကြေးပေးလို့ရပါတယ်။ သြစတေးလျက ပန်းချီပညာရှင်တစ်ယောက် ဆွဲထားတာဆိုရင် အတော်ထူးဆန်းတယ်။ ရွှန်အဖွဲ့နဲ့ ပထမဆုံးသွားဖြစ်တဲ့ Art Gallery Open Studios တွေကတော့ Long Island လောင်းအိုင်လန်ဖက်က အနုပညာစတူဒီယိုတွေပါ။ ပန်းချီ၊ ဓာတ်ပုံပညာရှင်တွေရဲ့ အိမ်တံခါးတွေကို ဖွင့်ထားပြီး အနုပညာရှင်တွေနဲ့ တွေ့ဆုံကာ သူတို့ဖန်တီးထားတဲ့ လက်ရာတွေအကြောင်း တွေ့ဆုံမေးမြန်းခွင့် ရပါတယ်။ ပန်းချီဆိုလို့ ပြောရဦးမယ် ငယ်ငယ်တုန်းက မကြီးက မဂ္ဂဇင်းအဖုံးပေါ်က ကောင်မလေးတွေပုံကို ထပ်တူဆွဲနိုင်တယ်။ ကျွန်မက တောင်ခြစ်မြောက်ခြစ် ဆွဲလိုက်ရင် တောင်နှစ်လုံးကြားက နေထွက်နေတဲ့ပုံ ငှက်နှစ်ကောင်က ပျံလို့ တောင်ခြေမှာ ရေကန်ဆိုတာ သိသာအောင် လှိုင်းလေးတွေ ထပေးလိုက်သေးတယ်။ ရန်ကုန်က ကျွန်မတို့အိမ်ရဲ့ ဟိုဖက်လမ်းမှာ ပန်းချီဆရာတစ်ယောက်အိမ် ရှိပါတယ်။ ဖြတ်သွားဖြတ်လာတိုင်း ပန်းချီကားတွေ တွေ့ပေမဲ့ တခါမှ ဝင်မကြည့်ဖူး အမှုမဲ့အမှတ်မဲ့ရယ် ။ နောက်တော့မှ သိရတယ် အဲဒီပန်းချီဆရာက နာမည်ကြီးတဲ့ ပန်းချီကားတစ်ချပ်ကို မနည်းပေးရတယ်တဲ့။
သူများတွေက အဲဒီပန်းချီကားတွေကို ကြည့်ဖို့ တကူးတက ပြခန်းသွားရတယ်။ လမ်းပေါ်ကနေ ရပ်ကြည့်ရင်တောင် မြင်ရတဲ့ဟာကို တခါမှ မကြည့်ဖြစ်ဘူး ကျွန်မအဖြစ်က ကျွှဲပါးစောင်းတီးနေသလိုမျိုးပါလား။ ခြင်္သေ့ကျွှန်းမှာတော့ တောင်တက်၊ လျှော့ပင်းထွက်နဲ့ ပန်းချီပြခန်း၊ ပြတိုက်တွေကို မရောက်ဖြစ်ဘူး။ ယူအက်စ်ရောက်တော့ ကျောင်းက အိုင်အိုဝါပြည်နယ်ရဲ့မြို့တော် ဒက်စ်မွိုင်း Des Moinses က ပါပါဂျွှန်ပန်းပုပန်းခြံ Papajohn Sculpture Park ကို လိုက်ပို့ပေးတယ်။ ကျွန်မတို့တွေက ပန်းပုတွေ ခံစားဖို့ထက် ဓာတ်ပုံရိုက်ဖို့လောက်ပဲ အားထုတ်နေကြတာ။ ကန်တက်ကီပြည်နယ်ကနေ မေရီလန်းပြည်နယ်ကို ပြောင်းလာပြီး ဝါရှင်တန်ဒီစီမှာ အလုပ်ရတော့ ပိတ်ရက်တွေဆို ဝါရှင်တန်ဒီစီ နေရှင်းမောလ် National Mall တလျှောက်မှာရှိတဲ့ ပြတိုက်တွေကို သွားလည်ဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီပြတိုက်တော်တော်များများက ဝင်ကြေးအခမဲ့ပါ။ ဝါရှင်တန်ဒီစီမြို့ထဲမှာ ကားပါကင်ခတွေက အတော့်ကို ဈေးကြီးပြီး ၁ မိနစ်လောက် ကျော်သွားရင်ပဲ လမ်းမဘေးက ကားကို တိုးသွား၊ ဒဏ်ရိုက်သွားပြီ။ ကားကို နီးရာဘူတာတွေ မှာ ထားခဲ့ပြီး ဝါရှင်တန်ဒီစီမြို့ထဲကို ရထားစီးသွားတာ အရှင်းဆုံးပဲ။ ပိတ်ရက်တွေဆို ဘူတာမှာ ပါကင်းခတွေက ဖရီး။ ဝါရှင်တန်ဒစီစီ National Gallery of Art က ပန်းချီ၊ ပန်းပုတွေက အံ့မခန်းပါပဲ။ ဆီဆေး၊ ရေဆေး မခွဲခြားတတ်၊ ပန်းချီအကြောင်း တခုမှမသိပေမဲ့ ကျွန်မ အဲဒီကပန်းချီကားတွေကိုတော့  သိပ်သဘောကျတယ်။
နိုင်အာဂရာ ရေတံခွန်
လမ်းလျှောက်အဖွဲ့တွေက နွေရာသီဆို နယူးယောက်တခွင် လမ်းလျှောက်၊ တောင်တက်ပြီး ချမ်းအေးတဲ့  ဆောင်းရာသီမှာတော့ ပြတိုက်၊ အနုပညာပြခန်းတွေ သွားကြပါတယ်။ ဂျွှန်အဖွဲ့နဲ့ သွားဖြစ်တာကတော့  မက်ဟန်တန်အထက်ဖက် Harlem ဟာလမ်းအရပ်ဆီက Open Studios ပါ။ လမ်းပေါ်က စွန့်ပစ်ပစ္စည်းတွေနဲ့ ပန်းချီဆွဲတဲ့ တောင်အာဖရိကနိုင်ငံသား ဇူးလူးလူမျိုး ပန်းချီပညာရှင်တစ်ယောက်က Choice လို့ အမည်ပေးထားတဲ့ ပန်းချီကားလေးအကြောင်း ရှင်းပြပါတယ်။ ဆံပင်နီနီ အမျိုးသမီးတစ်ယောက် ထိုင်ခုံလေးမှာ ထိုင်နေတာ မျက်စိထဲ ဝင်လာလို့ ချက်ချင်းပန်းချီဆွဲဖြစ်တာတဲ့။ ဘေးနားက လူတွေက သူ့ရှေ့က အမျိုးသမီးကို ပန်းချီဆွဲနေမှန်း သိကြတာပေါ့။ ပန်းချီဆွဲပြီးတော့ အဲဒီအမျိုးသမီးနဲ့ စကားပြောဖြစ်တော့ လစာကောင်းတဲ့ အလုပ်ကနေထွက်ပြီး ကိုယ်ပိုင်စီးပွားရေး ထောင်သင့်သလား၊ လက်ရှိအလုပ်မှာပဲ ဆက်လုပ်သင့်သလားလို့ တွေးနေတာတဲ့။ တခါတလေ ဘဝမှာ ခက်ခက်ခဲခဲ ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ အတော့်ကို စဉ်းစားပြီး ရွေးချယ်ရတဲ့အချိန်၊ အဲဒီရွေးချယ်မှုရဲ့ အကျိုးဆက်၊ ဘာတွေဖြစ်လာမယ်မှန်း မသိနိုင်တဲ့အခါ အတော်စဉ်းစားရကြပ်တဲ့ အချိန်တွေ ရှိပါတယ်။ အဲဒီ ရွေးချယ်မှုတွေအကြောင်းကို ထင်ဟပ်နေတဲ့ ပန်းချီကားလေးကို Choice လို့နာမည်ပေးထားတာတဲ့။ အရောင်တောက်တောက်၊ စုတ်ချက်ပြင်းပြင်းတွေဆွဲတဲ့ ပြင်သစ်ပန်းချီဆရာမ၊ အုန်းခွံတွေနဲ့ ပန်းချီဆွဲတဲ့ အာဖရိကပန်းချီဆရာ။ ပန်းချီဆရာအမျိုးမျိုးရဲ့ အိုင်ဒီယာအမျိုးမျိုး၊ စုတ်ချက်အမျိုးမျိုးကို မြင်ရတဲ့အခါ နှစ်သက်မိတာလည်းရှိရဲ့၊  မနှစ်မြို့တာလည်းရှိရဲ့၊ ဘာကိုဆိုလိုချင်မှန်း မသိအောင်ကို ညဏ်တိမ်ခေါင်းကုတ်မိတာမျိုးလည်းရှိရဲ့။
ဂျွှန်အဖွဲ့နဲ့ နယူးဂျာဆီပြည်နယ် ဂျာဆီစီးတီးမြို့က open studios သွားတုန်းက မှတ်မှတ်ရရ ဖြစ်နေတဲ့ ပန်းချီဆရာတစ်ယောက် ရှိတယ်။ တလောက ဂျာဆီစီးတီးဖက်ကို လမ်းလျှောက်ကြတော့ အဖွဲ့ခေါင်းဆောင်ဂျွှန်က ဒီတိုက်မှာ ပန်းချီဆရာ ဘယ်သူနေတယ်လေဆိုတော့ ဘယ်သူမှ မမှတ်မိကြဘူး။ သူ့အိမ်ဒီဇိုင်းက မိုက်တယ်လေ ဒန်းရှိတယ်ဆိုတော့မှ မှတ်မိကြတယ်။ ပန်းချီဆရာသာကြားရင် ထိုင်ငိုချင်သွားမယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ၊ ဝိုင်း၊ လီနဲ့ လမ်းလျှောက်အဖွဲ့သား တော်တော်များများက ပန်းချီဆရာနဲ့ သူ့လက်ရာထက် ပန်းချီဆရာရဲ့ အိမ်ဒီဇိုင်းနဲ့ အဲဒီတုန်းက ‌ကျွှေးမွှေးတဲ့မုန့်တွေကို မှတ်မိနေကြလို့ပါပဲ။ ပန်းချီဆရာအိမ်က ခေါင်မိုးအမြင့်ကြီး၊ အိမ်ခန်းက အမြင့်မှာ စတူဒီယိုအခန်းဖွဲ့ထားတာ၊ အပေါ်ကိုတက်ဖို့ ကြောင်အိမ်လှေကားနဲ့၊ ဒရမ်လေ့ကျင့်ဖို့ အသံလုံအိမ် စတူဒီယိုခန်း၊ ခေါင်မိုးကနေ ကြိုးတန်းလန်းနဲ့ ဒန်း၊ စာအုပ်တွေအများကြီးရှိတဲ့ စာကြည့်ခန်းတွေပါတဲ့ တိုက်ခန်းဆိုပေမဲ့ အိမ်ဒီဇိုင်းက သူများနဲ့မတူ ကွဲပြားနေတယ် ဒီဇိုင်နာခေါ်ပြီး ဖန်တီးထားတာတဲ့။ လာရောက်တဲ့သူတွေကို ကျွှေးမွေးတဲ့ မုန့်တွေကလည်း အတော်စားကောင်းတယ်။ ဒီအိမ်ကနေ မြန်မြန်ထွက်မှ ဖြစ်တယ် မဟုတ်ရင် မဆာဘဲနဲ့ တစွပ်စွပ်စားနေလို့လို့ ပြောယူရတယ်။ ပန်းချီဆရာအိမ်တွေက ဝိုင်တွေ သောက်ပြီးတော့ တချို့ဆို လမ်းလျှောက်တာလည်းပြီးရော မူးနေရောတဲ့။
ဘရွှတ်ကလင်းဖက်က open studios တွေဆီ လမ်းလျှောက်တုန်းက ကိုလံဘီယာက ပန်းချီပညာရှင်တစ်ယောက်ရဲ့ ပန်းချီကားတွေကို သဘောကျမိတယ်။ ပေါင်မုန့်၊ ဝိုင်နီ၊ စပျစ်သီးတွေ ဆွဲထားတဲ့ ဆီဆေးပန်းချီကား ဒေါ်လာ ၆၀၀၀ တဲ့။ ဝါရှင်တန်ဒီစီ National Gallery of Art ပြတိုက်မှာ တွေ့ခဲ့တဲ့ ပန်းချီကားတွေနဲ့ တူတယ်။ Accessories တွေ ဖန်တီးတဲ့သူ၊ ရွှံ့နဲ့ မြေထည် လုပ်တဲ့သူ၊ ဓာတ်ပုံပညာရှင်တွေရဲ့ လက်ရာတွေကို တွေ့ရပါတယ်။ အဲဒီဘရွှတ်ကလင်း အနုပညာရှင်တွေနေတဲ့အိမ်က လုံးချင်းအိမ်လေးတွေဖြစ်ပြီး ရပ်ကွက် neighbourhood ကလည်း သစ်ပင်ပန်းမန်လေးတွေနဲ့ အင်မတန်လှတယ်။ တလောက ရွန်အဖွဲ့နဲ့ မက်ဟန်တန်မြို့လယ်ကောင်က Art Gallery တွေဆီ လမ်းလျှောက်ဖြစ်ပါတယ်။ တချို့ဓာတ်ပုံတွေက သာမာန်ပါပဲ။ ရထားပေါ်မှာ လူတွေ သတင်းစာဖတ်နေတာကို နောက်ဖက်ကနေ ရိုက်ထားတဲ့ဓာတ်ပုံထဲမှာ President shot dead ဆိုတဲ့ သတင်းက ထင်ထင်ရှားရှားကြီးကို မြင်ရပါတယ် ဘယ်သမ္မတပါလိမ့်။ လမ်းလျှောက်အဖွဲ့ထဲက အဘွားကြီးက ၁၉၆၉  သမ္မတ ဂျွှန်အက်ဖ်ကနေဒီ လုပ်ကြံခံရတုန်းကတဲ့။ အင်း ဒီဓာတ်ပုံကတော့ သမိုင်းဝင်တယ် အဓိပ္ဗာယ်ရှိတယ်လို့ ဆိုရမယ်။ ဟိုအရင်တုန်းက ရေကူးဝတ်စုံက ခုခေတ်လောက် မတိုဘူး ခုခေတ် စကပ်တိုတိုသာသာ။ လမ်းလျှောက်အဖွဲ့ထဲက အဘိုးကြီးတွေက အဲဒါ ၁၉၅၀၊ ၆၀ တုန်းကလောက် ဖြစ်လိမ့်မယ်တဲ့။
ဝိုင်းက သူ့ရိုက်ချက်တွေက ဒီရိုက်ချက်တွေထက်တောင် ကောင်းတယ်လို့ ကိုယ်ဘာသာ ထင်တယ်တဲ့။ အင်း ကိုယ်တို့ရဲ့ ဟိုရိုက်ဒီရိုက်လက်ရာတွေလည်း နောင်အနှစ်သုံးဆယ်လောက်ဆိုရင် ဒီလိုမျိုးပြခန်းတွေမှာ ချိတ်ဆွဲပြီး ရောင်းလို့ရမလား မသိဘူးနော်။ ရမှာပါ မင်းသာ နာမည်ကြီးဓာတ်ပုံဆရာ ဖြစ်ခဲ့ရင်ပေါ့။ ကြောင်နက်လေးတစ်ကောင် အမြီးထောင်ကာ ရန်ထောင်နေတဲ့ ဓာတ်ပုံကိုတွေ့တော့ အဘိုးကြီးနှစ်ယောက်က အဲဒီဓာတ်ပုံက twenty two thousands ဟင် နှစ်သောင်းနှစ်ထောင်။ ချိတ်ထားတဲ့ palmplet ထဲမှာ ဈေးနှုန်းရှာကြည့်တော့ အမှန်ပဲ ဒေါ်လာနှစ်သောင်းနှစ်ထောင် ဘုရားရေ မယုံနိုင်စရာပါလား။ စန်းစန်းရေ မင်းအိမ်ကကြောင်မိုချီကို စိတ်တိုအောင်ရန်စပြီး အမြီးထောင်လို့ကတော့ ဓာတ်ပုံတွေ တရစပ်အများကြီးသာ ရိုက်ပေတော့။ သေချာတယ် ဓာတ်ပုံတစ်ပုံကတော့ ဒေါ်လာနှစ်သောင်းနှစ်ထောင် တန်မှာပဲ။ ဒီကြောင် အမြီးထောင်နေတဲ့ဓာတ်ပုံကို ဝယ်ဖို့ ကိုယ်တော့ နှစ်နှစ်လောက် ခြစ်ကုပ်စုရမယ်။ ကိုယ်ကတော့ ပိုက်ဆံရှိရင်တောင် မဝယ်ပါဘူး အဲဒီကြောင်အမြီးထောင်နေပုံထက် ပန်းခြံ တောတောင် စမ်းချောင်းတွေပါတဲ့ ပန်းချီကားပဲ ဝယ်တော့မှာပေါ့။ အဲဒီဓာတ်ပုံကိုချိတ်ဖို့ နေရာလည်း မရှိဘူး သူများအိမ်မှာ အခန်းငှားနေရတာ ဘယ်တော့ ဘယ်ဆီပြောင်းရမယ်မှန်း မသိ။ သိချင်လိုက်တာ အဲဒီဓာတ်ပုံကို ဘယ်လိုလူမျိုးတွေများ ဝယ်မလဲလို့ ။ ကိုယ်တို့တွေအတွက်က ဒေါ်လာနှစ်သောင်းနှစ်ထောင်ပေမဲ့ ချမ်းသာပြီး ပိုက်ဆံကို ဘယ်မှာဖြုန်းရမှန်း မသိသူတွေအတွက် ဒေါ်လာနှစ်ဆယ့်နှစ်ကျပ် ဖြစ်သလိုမျိုးနေတဲ့သူတွေ ဝယ်မှာပေါ့။
ကိုယ်တို့က lower middle class ပေါ့နော်။ တရုတ်လူငယ်တစ်ယောက် ပြုံးနေပြီး ပုံသဏန်အမျိုးမျိုးနဲ့ ထုထားတဲ့ ပန်းပုကိုတော့ မနှစ်သက်ဘူး။ ခြေထောက်ကို ကြိုးဆွဲပြီး တန်းလန်းကြီးဖြစ်နေတဲ့ ပန်းပုကိုမြင်တော့ လန့်သွားတယ်။ အောင်မလေး မက်ဟန်တန်မြို့လယ်ကောင်က တိုက်ခန်းကို ဗလာကျင်းပြီး ဒီပန်းပုတစ်ခုကိုပဲ တန်းလန်းကြီး ဆွဲထားတယ်။ အခန်းငှားခကို နှမြောပါဘိ အေးလေ နှစ်သက်စရာလည်း မကောင်းပါဘဲနဲ့။ ဒီပန်းပုရုပ်ကို ကြည့်ရတာ ငါတောင် အိပ်ချင်စိတ် ပေါက်သွားတယ်။   ပြခန်းတစ်ခုကတော့ ရှေးဟောင်းသစ်သားထိုင်ခုံ၊ ပရိဘောဂ၊ ကြွေထည်၊ မှန်၊ ပန်းချီတွေ ပြထားပါတယ်။ ပစ္စည်းတွေက တန်းဖိုးကြီးလို့ ထိမိခိုက်မိမှာစိုးလို့ ကျောပိုးအိတ်တွေ သယ်ခွင့်မပြုဘူး။ အင်္ဂလိပ်တွေဆီကနေ လွတ်လပ်ရေးရအောင် တိုက်ခိုက်ခဲ့တဲ့ အမေရိကန်စစ်ဗိုလ်ချုပ်ကြီး၊ ပထမဆုံး အမေရိကန်သမ္မတ ဂျော့ဝါရှင်တန်စံအိမ်ဖြစ်တဲ့ ဗာဂျီးနီးယားပြည်နယ်က Mount Vernon ကို သွားလည်တုန်းက တွေ့ခဲ့တာတွေနဲ့ တူတယ်။ ပုံတူပန်းချီကားတွေဆိုရင်လည်း အသက်ဝင်လွန်းလို့ ဝါရှင်တန်ဒီစီ National Gallery of Art က ပန်းချီကားတွေနဲ့ဆင်တယ်။ ဒီပြခန်းမှာရှိတဲ့ ပစ္စည်းအားလုံးက for sales ပါတဲ့။ လမ်းလျှောက်အဖွဲ့ထဲမှာ အိုင်ပတ်နဲ့ ဓာတ်ပုံတွေ ရိုက်တတ်တဲ့ အဘိုးကြီးက ရှဉ့်လေးနှစ်ကောင်ပုံဆွဲထားတဲ့ ပန်းချီကားကို ဘယ်လောက်လဲလို့ မေးကြည့်တော့ Eight hunderds and fifty thousands ဒေါ်လာရှစ်သိန်းငါးသောင်း ။ ဘုရားရေ ကြောင်လေးအမြီးထောင်တဲ့ ဓာတ်ပုံကို ဝယ်ဖို့ဆိုရင်တောင် နှစ်နှစ်လောက် ခြစ်ကုပ်စုရမှာ ရှဉ့်လေးနှစ်ကောင် ပန်းချီကားဆိုရင်တော့ ငါ့တစ်သက်လုံး စုတဲ့ပိုက်ဆံနဲ့တောင်  ဝယ်နိုင်ပါ့မလား။ အဲဒါတွေကို ဓာတ်ပုံမရိုက်ခဲ့မိလို့ နောက်တစ်ခေါက်ပြန်သွားပြီး ဓာတ်ပုံရိုက်ဦးမယ်။
ကြောင်အမြီးထောင်နေတဲ့ဓာတ်ပုံနဲ့ ရှဉ့်ကလေးနှစ်ကောင် ပန်းချီကားကတော့ ကျွန်မတို့တွေကြားထဲ ပြောစမှတ်ကိုတွင်လို့။ သေချာတာက တစ်ခုရှိတယ် အဲဒီကြောင်အမြီးထောင်နေတဲ့ဓာတ်ပုံနဲ့ ရှဉ့်ကလေးနှစ်ကောင် ပန်းချီကားကို ကျွန်မ ဘယ်တော့မှ ဝယ်မှာမဟုတ်ဘူး ဆိုတာပါပဲ။
စန်းထွန်း
ဇန်နဝါရီ ၁၈၊ ၂၀၁၅။
3 comments:
Anonymous said...
မမအိုင်အိုရာ
Aunty Tint said...
San San Htun said...
Anonymous said...
စန်းထွန်းဓါတ်ပုံတွေဒေါ်လာသိန်းချီမရောင်းခင်စုထားအုန်းမှဘဲ။ နော့်။ း)
မမအိုင်အိုရာ
January 19, 2015 at 4:05 PM
Aunty Tint said...
ပန်းချီကားတွေ ထိုက်ထိုက်တန်တန်လေး ကြည့်သွားတယ် စန်းစန်းရေ... ဝင်ကြေး 'Pay as u wish' ဆိုတာလေးကို သဘောကျတယ်။ ပို့စ်တစ်ပုဒ်ဆို တစ်ပုဒ်ပါပဲလားနော်။ ကျေးဇူးပါကွယ်။ တီတင့်ညီမနဲ့ အဒေါ်တို့ အခု Kentucky ရောက်နေကြတယ် အတော်အေးနေကြတယ်တဲ့ :D
January 24, 2015 at 8:32 PM