ကွန်နက်တီကပ်သွား တောလား - ၂

ကွန်နက်တီကပ် Connecticut  ပြည်နယ် Waterbury မြို့ကTimexpo ပြတိုက်ပြီးတော့ နောက်ထပ်သွားရောက် လည်ပတ်ရမယ့်နေရာကတော့ ၁ နာရီအဝေးမှာရှိတဲ့ ကွန်နက်တီကပ်ပြည်နယ် Windsor Locks မြို့က New England Air Museum ပါ။ ပြတိုက်တိုးဂိုက်က လေယာဉ်အင်ဂျင်ထုတ်လုပ်ရေးဖက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၆၀ ကျော် အဘိုးကြီး။ တိုးဂိုက်အလုပ်ကို သူ့အမျိုးသမီးက သိပ်သဘောကျတာ ဘာဖြစ်လို့လဲဆိုတော့ အိမ်မှာရှိမနေဘဲ အပြင်မှာပဲဆိုတော့ နားညည်းသက်သာတယ်လို့ပြောတယ်ဆိုပြီး စတင်မိတ်ဆက်ပါတယ်။ လေယာဉ်ပျံသံတွေ ကြားရလား အဲဒါ အနားက Bradley အင်တာနေရှင်နယ်လေဆိပ်က လေယာဉ်အတက်အဆင်းသံတွေလေ။ တိုက်လေယာဉ်တွေ လေ့ကျင့်ကြတာလည်း ဒီနားမှာပဲ။ လေတပ်က ဒီနေရာကို ကွန်နက်တီကပ်ပြည်နယ် အစိုးရဆီကနေ သိမ်း အဲလေ ဝယ်လိုက်ပြီး ဘရက်ဒလေလေဆိပ်ကို တည်ဆောက်တယ်။ ဘရက်ဒလေဆိုတာ ဒီလူကြီးပေါ့ဆိုပြီး ချိတ်ထားတဲ့ ဘရက်ဒလေဓာတ်ပုံကို ပြပါတယ်။ လေတပ်သားတွေ စုဆောင်းတဲ့အချိန် အဲဒီနေ့က ပါတီမသွားဘဲ တစ်ယောက်တည်း ကျန်နေရစ်တဲ့ လူငယ်လေး ဘရက်ဒလေက လေတပ်သားအဖြစ် ပါဝင်လိုက်တယ်။ နောက်တော့ စစ်မြေပြင်မှာ မဟုတ်ဘဲ လေ့ကျင့်ရင်း သေဆုံးသွားတော့ လေယာဉ်ကွင်းအမည်ကို သူ့နာမည်ဂုဏ်ပြု ပေးထားတာပေါ့။

မင်းတို့တိုးဂိုက်က ၁ နာရီ ၁၅ မိနစ်ပဲ အချိန်ပေးထားတော့ ပေးထားတဲ့အချိန်အတွင်းမှာ အဓိကကျတဲ့ လေယာဉ်တွေအကြောင်းပဲ ရှင်းပြပါမယ်။ လျော့ပင်းချစ်သူတွေအတွက်လည်း လျော့ပင်းချိန် ပေးရမှာကိုး။ အုပ်စုထဲက အန်တီကြီးက I love shopping လို့ အော်ပါတယ်။ အဓိကျအကြောင်းတွေကိုပဲ ရှင်းပြပေမဲ့ သိချင်တဲ့ အကြောင်းအရာတွေရှိရင် လက်မြှောက်လိုက်ပါ သူ သိသလောက် ရှင်းပြပါမယ်တဲ့။ လေယာဉ်ပျံတွေအကြောင်းပြောရင် ပထမဆုံးလေယာဉ်ပျံ ဖန်တီးခဲ့တဲ့ Wright brothers ညီနောင်ကို ချန်ထားလို့ မထားရပါဘူး။ ဝိုက်ညီနောင်ဟာ အတန်းပညာ မူလတန်းလောက်ပဲ တတ်ခဲ့တာပါ။ ဒါပေမဲ့ လေယာဉ်ကိုယ်ထည်၊ အင်ဂျင် အားလုံးကို သူတို့ကိုယ်တိုင် တီထွင်ပြုလုပ်ခဲ့တာ အံ့သြစရာ မကောင်းဘူးလား။ ဝိုက်ညီနောင်မတိုင်ခင်ကတည်းက ကောင်းကင်မှာ ပျံနိုင်ဖို့ တီထွင်ကြံဆနေခဲ့ပါပြီ။ ခရစ်ယာန်ဘုန်းကြီးမို့ ဘာသာရေးခရီးတွေ သွားရတဲ့ ဝိုက်ညီနောင်ဖခင်က ၁၈၇၈ မှာ စက္ကူ၊ ဝါးတွေနဲ့ ပြုလုပ်ထားတဲ့ ဟယ်လီကော့ပတာ ကစားစရာလေးကို ဝိုက်ညီနောင်အတွက် ဝယ်ပေးခဲ့ပါတယ်။ ပြင်သစ်အာကာသ စွန့်ဦးတီထွင်သူတစ်ယောက်ရဲ့ တီထွင်မူကို အခြေခံထားတဲ့ အဲဒီကစားစရာလေး ပျက်သွားတဲ့အခါ ဝိုက်ညီနောင်က သူတို့ဘာသာ နောက်ထပ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီကစားစရာလေးက ကောင်းကင်မှာ ပျံသန်းဖို့ ကနဦးစိတ်ဝင်စားမူတွေကို ဖြစ်စေခဲ့ပြီး စက်ဘီးထုတ်လုပ်ရောင်းချတဲ့ အတွေ့အကြုံကလည်း လေယာဉ်ပျံတည်ဆောက်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။


အဝါရောင်လေယာဉ်က ဝိုက်ညီနောင်အိုင်ဒီယာကို အင်ဂျင်တပ်ထားတာပါ။ နောက်ကအနီရောင်လေယာဉ်နဲ့ အဝါရောင်လေယာဉ် ဘာကွာလဲ။ အနီရောင်က သုံးထပ်၊ အဝါရောင်က နှစ်ထပ်။ မှန်တယ် ဒါကြောင့် အနီရောင်က အဝါရောင်ထက် အမြင့်မှာ ပိုပျံနိုင်တယ်။ ၁၉၄၁ ဒီဇင်ဘာ ၇ မှာ ပုလဲဆိပ်ကမ်းကို ဂျပန်က ဗုံးကြဲတော့ အမေရိကန်တွေ ဒုတိယကမ္ဘာစစ်မှာ ပါဝင်လာရပေမဲ့ ဘာမှအဆင်သင့် မဖြစ်သေးဘူး။ အဲဒီတုန်းက ဂျပန်၊ ဂျာမန်လေယာဉ် နည်းပညာတွေက အမေရိကန်တွေထက် သာတယ်။ ဒုတိယကမ္ဘာစစ်မှာ ပါဝင်လာတော့မှ ဖုတ်ပူမီးတိုက် နည်းပညာတွေကောင်းအောင် လုပ်ရတာပေါ့။


ဒုတိယကမ္ဘာစစ်မှာ ပါဝင်ခဲ့တဲ့ ဒီလေယာဉ်ကို ကြည့်ကြပါ။ အယ်မလေး လေယာဉ်ကြီးက အကြီးကြီး။ အေး အင်ဂျင်ကလည်း လေးတယ်။ ဘာလို့ တောင်ပံကို ချိုးထားတာလဲ အင်..။ ဘာလို့တောင်ပံကို ချိုးထားတာလဲဆိုတော့ လေယာဉ်ဂိုဒေါင်ရုံတွေမှာ ဝင်ဆန့်အောင်လို့။ မင်းတို့လက်တွေကို ဖြန့်လိုက်ပါ ဒီလောက်ဂိုဒေါင်လေးကို မင်းတို့ ဝင်နိုင်မလား ဟင့်အင်း။ လက်ကိုကွေးလိုက် ဒါဆို မင်းတို့ဂိုဒေါင်ထဲဝင်နိုင်ပြီ။ အဲဒီလို တောင်ပံချိုးနိုင်တဲ့ လေယာဉ်တွေက ဒုတိယကမ္ဘာစစ်မှာ ပါဝင်ခဲ့တာ။ တောင်ပံချိုးနိုင်တဲ့လေယာဉ်နဲ့ ဒီဘေးဖက်ကလေယာဉ် ဘာကွာလဲ။


အင်ဂျင်နှစ်လုံး၊ အင်ဂျင်တွေကို လေယာဉ်ကိုယ်ထည်မှာ မဟုတ်ဘဲ တောင်ပံမှာ၊ ပိုင်းလော့နှစ်ယောက်လောက် ဆန့်တယ်။ မှန်တယ် အင်ဂျင်နှစ်လုံးမို့ မြန်မြန်ပျံနိုင်တယ်။ အရင်တုန်းကဆို လေယာဉ်စက်ချို့ယွင်းရင်၊ လေယာဉ်ပစ်ချခံရရင် ပိုင်းလော့က သေဖို့ရာခိုင်နှုန်းများတယ်။ နောက်တော့ ပိုင်းလော့ထိုင်ခုံတခုလုံးကို လေယာဉ်ကိုယ်ထည်ကနေ ခွာပြီး အပေါ်ကိုပျံတက် လေထီးနဲ့ဆင်းနိုင်တဲ့ နည်းပညာက ပိုင်းလော့အများကြီးရဲ့ အသက်ကို ကာကွယ်ပေးခဲ့တယ်။


ဒီလေယာဉ်ကတော့ ဒုံးကျဉ်တွေနဲ့ပစ်တဲ့ တိုက်လေယာဉ် တောင်ပံအောက်မှာ ဒုံးကျဉ်တွေ တွေ့လား။


ဒီလေယာဉ်ရဲ့ ထိပ်ဖူးက ဘာလို့အခေါင်းကြီး ဖြစ်နေတာလဲ။ တိုးအုပ်စုထဲက အန်ကယ်ကြီးက ကျွန်တော်ထင်တာတော့ အင်ဂျင်အေးစေဖို့ လုပ်ထားတာ ထင်တယ် မှန်တယ်။ ဒီအခေါင်းကနေ လေတွေသွင်းပြီး အင်ဂျင်အေးအောင် လုပ်ထားတာ။ ဒီလေယာဉ်က ဘာလို့ဆေးရောင်မချယ်ထားတာလဲ။ ဘာဖြစ်လို့လို့လဲဆိုတော့ လေယာဉ်တွေ ပြုပြင်ထိန်းသိမ်းမယ်ဆိုရင် ဆေးသုတ်ထားတာတွေ ပြန်ဖျက်ရတယ်။ ဒီတော့ ဆေးမသုတ်တော့ဘဲ  အလူမီနီယမ်အတိုင်း ထားလိုက်ရင် ဆေးတွေခွာစရာမလိုတော့တဲ့အပြင် အလေးချိန်လည်း ပေါ့သွားတယ်။ ပထမအဆောက်အဦးကနေ ဒုတိယအဆောက်အဦးကို ဆက်သွယ်ထားတဲ့ လမ်းကြားလေးက အပူပေးစက် တပ်ဆင်မထားတော့ ဒီပြတိုက်မှာ အအေးဆုံးနေရာလေးပေါ့။ လေယာဉ်ပျံသန်းရေး သမိုင်းကြောင်းဟာ သိပ်မကြာသေးပေမဲ့ အတော်ကြီးတိုးတက်တယ်လို့ ဆိုရမယ်။

ကနဦးက မီးပုံးပျံနဲ့ ကောင်းကင်မှာ ပျံသန်းဖို့ ကြိုးပမ်းကြတယ်။ ဘုရားသခင်က လူတွေကို ပျံစေချင်ရင် တောင်ပံတပ်ပေးခဲ့မှာပေါ့လို့ ပြောကြတယ်။


ဘုရားသခင်က တောင်ပံမတပ်ပေးတာကို ဝိုက်ညီနောင်က ကိုယ့်ဘာသာ တပ်ခဲ့ကြတယ်။


၁၉၂၇ မှာ အတ္တလန္တိတ်သမုဒ္ဒရာကို တစ်ယောက်တည်း ဖြတ်ခဲ့တဲ့သူ ။


၁၉၄၇ မှာ အသံထက်မြန်တဲ့ လေယာဉ်။ အသံထက်မြန်တဲ့အခါ ဘာတွေဖြစ်မလဲ ပေါက်ကွဲထွက်သွားမလား နှလုံးခုန်ရပ်သွားမလားလို့ လူတွေက ထင်ကြတယ်။ ဒါပေမဲ့ လေယာဉ်အတက်အဆင်းအချိန်လေးပဲ နောက်တော့ ပုံမှန်လေယာဉ်စီးသလိုပါပဲ။


ဒီဓာတ်ပုံကိုတော့ အားလုံးသိကြမှာပါ ၁၉၆၉  Neil Armstrong လပေါ်မှာ လမ်းလျှောက်နေတဲ့ဓာတ်ပုံ။ အဲဒီတုန်းက ကျွန်တော်က ကောလိပ်ကျောင်းပိတ်ရက် အိမ်ကိုရောက်နေတဲ့ အချိန်ပေါ့။ တီဗွီဖွင့်လိုက်ရင်ပဲ အဲဒီ ဓာတ်ပုံတွေ့လိုက်ရတော့ ဘုရားရေ နေးအမ်းစတောင်းက လပေါ်မှာလမ်းလျှောက်နေတယ် တကယ့်ကို မယုံနိုင်စရာပါလား အိမ်အပြင်ထွက်လို့ လကိုကြည့်တော့ နေးအမ်းစတောင်းလည်း မတွေ့ပါလား။


ဒီလေယာဉ်ကတော့ ကောင်းကင်မှာလည်း ပျံနိုင်၊ ရေပေါ်မှာလည်း ပျံနိုင်တဲ့ ခရီးသည်တင်လေယာဉ်။ အထဲကို ကြည့်လို့ရတယ်။ ကျွန်မတို့တွေ တက်ကြည့်ကြတော့ အထဲမှာ ဘာမှမထူးခြားပါဘူး သာမာန်ရထား၊ ဘတ်စ်ကားလိုပါပဲ။ လေယာဉ်သင်္ဘောကြီးနဲ့ ခရီးသွားမယ်ဆိုတော့ လူတွေက ကြောက်ကြတယ်လေ။ အဲဒီတုန်းက မပြောနဲ့ နည်းပညာတွေ တိုးတက်ပါတယ်ဆိုတဲ့ ဒီခေတ်မှာတောင် လေယာဉ်အတက်အဆင်းဆို ကျွန်မတို့တွေ ကြောက်နေတုန်းပဲ။ မှန်ပါတယ် ဒီတော့ သူနာပြုမချောချောလေးတွေ အဲဒီလေယာဉ်သင်္ဘောကြီးမှာ ပါတယ်။ ဒေါ်လာ ၇၀၀ လောက် အကုန်ခံမယ်ဆိုရင် အဲဒီလေယာဉ်သင်္ဘောကြီးနဲ့ ဇိမ်ကျကျ ခရီးသွားလို့ရတယ်လို့ ကြားတယ်။


ဒီလေယာဉ်သဘောၤကြီးကတော့ ဖျက်အားပြင်းတဲ့ ဂျာမန်ရေငုပ်ယာဉ်တွေလက်ချက်ကနေ အမေရိကန်ကမ်းခြေကို ကာကွယ်စောင့်ရှောက်ခဲ့တာပေါ့။ သူ့မှာတော့ တိုက်လက်နက်တွေ မပါပါဘူး သူ့တာဝန်က ရန်သူဂျာမန် ရေငုပ်ယာဉ်တွေကို ရှာဖွေပေးတဲ့အလုပ်။ စဉ်းစားကြည့်စမ်းပါ ဒီလောက်ကျဉ်းတဲ့ယာဉ်ထဲမှာ ဒီလိုလေးထိုင် အလုပ်လုပ်ရတာ ဘယ်လောက်ခက်ခဲလိုက်မလဲနော်။


ဒါကတော့ အမျိုးသမီးလေသူရဲကောင်း Amelia Earhart တကိုယ်တော် ကမ္ဘာပတ်တဲ့ ခရီးစဉ်ပါ။ ရန်ကုန်၊ စင်္ကာပူ၊ အင်ဒိုနီးရှားတွေ ဖြတ်သန်းခဲ့ပေမဲ့ ခရီးဆုံးဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာထဲကကျွှန်းမှာ သူ့ကိုလေးစားချစ်ခင်သူတွေ စောင့်ဆိုင်းနေပေမဲ့ သူမကတော့ ရောက်မလာခဲ့ပါဘူး။ သူမလေယာဉ် ပျံကျသွားတယ်၊ နာမည်မကြီးချင်လို့ တိတ်တဆိတ် ခြေရာဖျောက်သွားတယ်လို့ အမျိုးမျိုးပြောဆိုကြပေမဲ့ သူမနဲ့ သူမလေယာဉ်ကို ခုထိရှာမတွေ့သေးလို့ အမေရိကန်တွေအတွက်တော့ ဒဏရီဖြစ်လို့ နေပါတယ်။


ဒီလေယာဉ်ကတော့ သမိုင်းမှာ အရေးကြီးတဲ့ Bomb Ring လို့ အမည်တွင်တဲ့ လေယာဉ်ဖြစ်ပြီး ဗုံးတွေ တင်ဆောင်တွေ လေယာဉ်ပါ။ အရှေ့ပိုင်းမှာ ပိုင်းလော့ နောက်မှာ ဗုံးတွေဖြုတ်ချတဲ့သူ တစ်ယောက် ပါဝင်ပါတယ်။ တိုးဂိုက်ရဲ့ အဖေက Bomb Ring မှာ ဗုံးတွေဖြုတ်ချတဲ့သူပါတဲ့။ ဗုံးတွေဖြုတ်ချတဲ့အခါ လေယာဉ်တည်နေရာအမြင့်၊ ရန်သူက ဘယ်နေရာမှာဆိုတာ ကွန်ပျူတာထဲ ထည့်ပေးလိုက်တာနဲ့ ကွန်ပျူတာက တွက်ချက်ပြီး ဗုံးတွေကျဲပါသတဲ့။ သူ့အဖေက ကွန်ပျူတာနဲ့ ရန်သူ့နေရာကို တွက်ချက်တယ်ဆိုတာကို သူတို့ကလေးတွေက ပါးစပ်လေး အဟာင်းသား မယုံနိုင်စွာနဲ့ နားထောင်ခဲ့ရပါတယ်တဲ့။ သူ့အဖေ Bomb Ring ဂျာကင်၊ တောင်ပံတံဆိပ်တွေ ဝတ်ထားရင် မုန့်ဆိုင်တွေက အခကြေးငွေ မယူပါဘူးတဲ့။ ဒုတိယကမ္ဘာစစ်တုန်းက တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်တာတွေကို အသိအမှတ်ပြုကြပြီး salute အလေးပြု၊ နှုတ်ဆက်ကြတယ်တဲ့။ Bomb Ring မှာ တာဝန်ထမ်းဆောင်တဲ့သူတွေ တွေ့ဆုံပွဲတွေ ကျင်းပတဲ့အခါ ဒီ Bomb Ring လေယာဉ်ကို လာကြည့်ကြပြီး အတိတ်ကို ပြန်ပြောင်းသတိရကြတယ်။ လေယာဉ်ပြတိုက်မှာ ကားတွေ ဘာလို့ပြထားတာလဲဆိုတော့ လူတွေက ကားတွေနဲ့ တွဲထားရင် ပိုမှတ်မိကြတယ်။  ကိုင်း မင်းတို့ တိုးဂိုက်ပေးထားတဲ့ အချိန်လည်းစေ့ပြီ လာလမ်းအတိုင်း ပြန်ရအောင်။


ဟင် အချိန်စေ့ပြီလား မြန်လိုက်တာ ဓာတ်ပုံလည်း တစ်ပုံမှ မရိုက်ရသေးဘူး။ လာ သွက်သွက်လေး ရိုက်လိုက်ရအောင်။ အမှတ်တရပစ္စည်းဆိုင်ရောက်တော့ အာကာသချစ်သူမို့ ဟိုဟာလည်း လိုချင်၊ ဒီဟာလည်း လိုချင်နေလို့ ဝိုင်းက တခုမှ ၇ ကျပ်ထဲ ဈေးမကြီးဘူး ငါ နင်နဲ့ ခရီးတွေ သွားနေတာ ကြာပြီ နင် အမှတ်တရပစ္စည်း ဝယ်ချင်တာ ဒီတစ်ခါပဲ ကြုံဖူးတယ်။ ငါက အာကာသ စကြာဝဋ္ဌာကို သိပ်စိတ်ဝင်စားတာ အာကာသယဉ်မှုး ဖြစ်ချင်ခဲ့တာလေ။ ဒါပေမဲ့ ငါတို့နိုင်ငံမှာ အာကာသသိပ္ဗံကျောင်း မရှိဘူး။ Armageddon ၊ Gravity တို့လို ရုပ်ရှင်တွေဆို သိပ်စိတ်ဝင်စားတာ။ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့က နာဆာသိပ္ဗံစခန်းကို ငါ့ကျောင်းနေဖက် သူငယ်ချင်းတွေ သွားလည်ကြတာ ဖေ့ဘွတ်မှာ တွေ့ပြီးကတည်းက သွားချင်နေတာ။ တိုးဂိုက်ကို ၁ နာရီ ၁၅ မိနစ်ပေးတာ မလောက်ဘူးလို့ပြောတော့ တိုးဂိုက်က အရင်တစ်ခေါက်က သူ ၁ နာရီပေးတာ ၄၅ မိနစ်နဲ့တင် ပြန်ထွက်လာကြတယ် မင်းတို့က လေယာဉ်ပျံတွေ စိတ်ဝင်စားလို့ ဖြစ်လိမ့်မယ်။ အုပ်စုထဲမှာ အင်္ဂလိပ်စကားမတတ်တဲ့ တရုတ်မိသားစုနှစ်စုကတော့ သူတို့ဘာသာ လိမ့်နေကြတာ တွေ့တယ်။ လေယာဉ်ပျံတွေကို ဒီအတိုင်းလိုက်ကြည့်ရရင် ပျင်းဖို့ကောင်းမှာ တိုးဂိုက်က ခုလိုရှင်းပြတော့ စိတ်ဝင်စားဖို့ကောင်းတာများ ၁ နာရီ အချိန်ကုန်သွားမှန်းတောင် မသိဘူး။ ဝါရှင်တန်ဒီစီ နေရှင်နယ်မောလ်မှာရှိတဲ့ အာကာသပြတိုက်က သွားရောက်လည်ပတ်သင့်တဲ့ ပြတိုက်တစ်ခုပါ။


ကယ်ပီတယ် ဘေးတဖက်တချက်စီမှာ ပြတိုက်တွေ ရှိနေပြီး အားလုံးက ဝင်ကြေးအခမဲ့ပါ။ လမ်းလျှောက်အဖွဲ့နဲ့ နယူးယောက်တခွင်က Gallery of Art Open studios တွေ သွားကြည့်ဖူးပေမဲ့  ဝါရှင်တန်ဒီစီ National Gallery of Art ပြတိုက်က ပန်းချီ၊ ပန်းပုလက်ရာတွေကို ယှဉ်နိုင်တာ မတွေ့ဖူးသေးဘူး။ ခေတ်ပေါ်ပန်းချီတွေထက် ရှေးရိုးပန်းချီတွေကို နှစ်သက်တာလည်း ပါပါလိမ့်မယ်။ သတ်မှတ်ချိန်ရောက်တော့ ကျွန်မဘေးက ဥရောပမနှစ်ယောက် မရောက်သေးလို့ တိုးဂိုက်က ဖုန်းဆက်ခေါ်ရတယ်။ တတိယသွားရောက် လည်ပတ်မဲ့နေရာကတော့ တနာရီအဝေး မန်ဆာချူးဆက်ပြည်နယ် South Deerfield မြို့က Yankee Candle Village ပါ။ အရင်တုန်းက အမေရိကန်တောင်ပိုင်းသားတွေက မြောက်ပိုင်းသားတွေကို ယန်းကီးတွေလို့ ခေါ်ပါတယ်။ ၁၉၆၉  မိုင်ကယ်ဟာ သူ့မိခင်အတွက် ပထမဆုံးဖယောင်းတိုင်ပြုလုပ်ပြီး ခရစ်စမတ်လက်ဆောင်အဖြစ် ပေးတာကို အိမ်နီးချင်းတွေက အနံ့ကိုသဘောကျလို့ ဝယ်ယူရာကနေ ခုဆို နိုင်ငံပေါင်း ၅၀ ကျော်မှာ ဆိုင်ခွဲတွေ ဖွင့်ထားရတဲ့ ကုမ္ဗဏီကြီးဖြစ်နေပြီ။ ဗာမွန်တယ်ဒီဘီယာစက်ရုံ၊ ဟာချီချောကလက်စက်ရုံတွေလို ထုတ်လုပ်ပုံအဆင့်ဆင့် ရှင်းပြတဲ့ဟာများ ရှိမလား မှတ်တယ် မတွေ့ဘူး။ အရင်တုန်းက ဖယောင်းတိုင်ကို နေရာတိုင်းမှာ သုံးခဲ့ပေမဲ့ ၁၈၇၉  မှာ အက်ဒီဆင်က မီးသီးကို တီထွင်ခဲ့တဲ့အချိန်ကစပြီး ဖယောင်းတိုင်တွေနေရာမှာ မီးသီးတွေ အသုံးပြုခဲ့ပါတယ်။


တံခါးပေါက် ဖွင့်လိုက်ရင် ထွက်လာတဲ့ အနံ့တွေကို တရှုံ့ရှုံ့ရှုရှိုက်ကြပြီး ကြိုက်တဲ့အနံ့တွေ ရွေးကြတယ်။ ကလေးတွေရဲ့လက်တွေကို ဖယောင်းနဲ့ ပုံဖေါ်ပြီး ရောင်စုံခြယ်ကြတယ်။ ဟင်းချက်ပြီးရင် အနံ့တွေ ပျောက်စေဖို့ အမွှေးဖယောင်တိုင် ထွန်းကြတယ်။ ကျွန်မဆို ညတိုင်း ဘုရားကို အမွှေးဖယောင်းတိုင် ပူဇော်တယ်။ စန္ဒရားတီးလုံးသက်သက် သီချင်းကိုဖွင့်၊ ဖယောင်းတိုင်ထွန်းပြီး အိမ်တွင်းစပါ spa လုပ်တတ်တော့ ဖယောင်းတိုင်တွေဝယ်ဖို့ အဖုံးဖွင့်လိုက်၊ အနံ့ရှုကြည့်လိုက်နဲ့ အလုပ်များတယ်။ Pure Radiance လို့ နာမည်ရတဲ့ ပန်းနံ့၊ Linen ၊ Lily of the valley ဖယောင်တိုင်ကြီး ၃ ဘူး၊ အိမ်ရှင်ကို လက်ဆောင်ပေးဖို့ ပန်းနံ့ဘူးသေး ၁ ဘူး၊ essential oil ၂ ဘူး၊ ၉၅ ဆင့်ဆိုလို့ air fresher ၂ ဘူး ဝယ်တယ်။    စုရပ်မှာ လူတိုင်း အိတ်ကိုယ်စီနဲ့ ဈေးသက်သာလို့ လူတိုင်း ဝယ်ကြတယ်။  နောက်ဆုံးသွားရောက်လည်ပတ်မဲ့နေရာကတော့ နာရီဝက်အဝေး မက်ဆာချူးဆက်ပြည်နယ် Springfield မြို့က နယူးအင်္ဂလန်ရဲ့အကြီးဆုံး မီးထွန်းပွဲတော်၊ သုံးမိုင်ရှည်လျားတဲ့ Bright Nights at Forest Park ပါ။ လူတွေ ဆင်းလျှောက်ခွင့် မပြုဘဲ ကားမောင်းခွင့်ပဲ ပြုပါတယ်။ ကားပေါ်ကနေ လှမ်းရိုက်ရတော့ ဓာတ်ပုံတော်တော်များများ ဝါးတယ်။ အမေရိကန်မှာ အကြီးကျယ်ဆုံး ခရစ်စမတ်မီးထွန်းအလှဆင်တဲ့ ဘရွတ်ကလင်းက ဒိုက်ကာဟိုက် Dyker Heights ကို နှစ်ခါတိတိ ရောက်ဖူးသူတွေဆိုတော့ ဒီမီးထွန်းတာလောက်တော့ စာမဖွဲ့ဘူး။ ပျင်းစရာကောင်းလိုက်တာလို့ သမ်းဝေလိုက်၊ ဒိုက်ကာဟိုက်ကို မမှီဘူးနော်လို့ ဝေဖန်ကြနဲ့ပေါ့။


ညနေစာကို တရုတ်ဘူဖေးဆိုင်မှာ စားပါတယ် တစ်ဖ်ပါအပြီး ၁၆ ကျပ် ကျတယ်။ လက်ဆစ်ယောင်နေလို့ မှို၊  မျှစ်၊ မြေကြီးထဲက တိုက်ရိုက်ထွက်တာတွေ မစားပေမဲ့ ဂဏ္ဏန်း၊ ခရု၊ ကနုကမာ အိမ်မှာမချက်စားတဲ့ဟာတွေကိုတော့ မစားဘဲ မနေနိုင်ပြန်ဘူး။ ဒီနေ့တည်းတဲ့ဟိုတယ်က 4 stars ရေကူးကန်နဲ့ အင်မတန်နိပ်တယ်။ မနက် ၅ နာရီခွဲကတည်းက ထခဲ့ရသူမို့ ကျွန်မက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ် ဝိုင်းက အိပ်မပျော်ဘူးဆိုဘဲ။ မနက် ၇ နာရီခွဲ မောနင်းကောနှိုးတော့ အိပ်ယာထ၊ အထုပ်ပြင်၊ ပါလာတဲ့ဘီစကွတ်တွေနဲ့ မနက်စာစား ဟိုတယ်မှာ သွားစားရင် ၅ ကျပ် ပေးရမယ်။ ၈ နာရီ ၄၅ စုရပ်ရောက်တော့ လူတွေစုံနေပြီ ဥရောပမနှစ်ယောက် မရောက်သေးလို့ တိုးဂိုက်က ဖုန်းဆက်ခေါ်ရပြန်တယ်။ ဝိုင်းရေ ဒီဥရောပမနှစ်ယောက် ကြည့်ရတာ ရုရှားတွေနဲ့ တူတယ်။ ဝိုင်းကလည်း ဥရောပအရှေ့ဖက်ခြမ်းက ဖြစ်မယ်လို့ တွေးနေတာတဲ့။ တခေါက်နောက်ကျတယ်ဆိုတာ လက်ခံနိုင်တယ် ခုဟာက အမြဲတမ်းနောက်ကျနေတော့ အချိန်တိကျလေးစားတဲ့ ဆွဇ်တွေနဲ့များ ကွာပါ့။ ဒုတိယနေ့ သွားရောက်လည်ပတ်မဲ့ နေရာကတော့ ကွန်နက်တီကပ်ပြည်နယ် နယူးဟေဗင်မြို့က ကလင်တန်အောက်လက် လျော့ပင်းမောလ်ပါ။ Outlet တွေက ဈေးသက်သာပါတယ်။ နယူးယောက်ကနေ တနာရီအဝေးမှာရှိတဲ့ Woodbury အောက်လက်ဆို အတော်နာမည်ကြီးတယ်။ Nike ၊ Addidas ၊ Tommy Hilfiger ၊ JCrew ၊  Clarks ၊ Coach  ၊ Kate Spade ၊ Saks Fifth Avenue ဆိုင်တွေမှ အများကြီး။ တန်လို့ တွန်မီဆွယ်တာ ၃ ထည် ဝယ်ကြတယ်။ Clarks (British shoemaker since 1825) တွေက သက်တောင့်သက်သာရှိလို့ (ဒီဇိုင်းကတော့ သိပ်မနိပ် ကျွန်မအမြင်ပါ) နာမည်ကြီးပါတယ်။


ဈေးချနေလို့ ဝိုင်းက နှစ်ရံတောင်ဝယ်တယ်။ ကျွန်မခြေထောက်အကျယ်က သာမန်မိန်းကလေးထက် ကြီးတော့ ဖိနပ်ရှာရခက်တယ်။ သာမှန်ဆိုဒ် ၇ ဆိုတော့ ဈေးချပြီဆိုတာနဲ့ ၆.၅၊ ၇ ၊ ၇.၅ ဆိုဒ်တွေက မရှိတော့ဘူး။ ဥရောပမတစ်ယောက်က lindt ချောကလက်ဝယ်တာတွေ့တော့ ဝိုင်းက လွန်ခဲ့တဲ့တပတ်က တစ်ယောက်သောသူလည်း ဆိုင်တွေမှာ ဝင်ဝင်စားတာ မဝလို့ဆိုပြီး တပေါင်ဝယ်လေရဲ့ ဆိုတော့ ကျွန်မတို့တွေ ရယ်ရသေးတယ်။ fifth avenue ရောက်တိုင်း အလကားပေးတဲ့ ချောကလက်တွေ ဝင်စားလေ့ရှိတဲ့ lindt swiss chocalte ဆိုင်က ချောကလက်အရသာက သိပ်ကောင်းပေမဲ့ ခန္ဓာကိုယ်မှာ fat တွေ ဖြစ်စေတယ်။ အသက် ၂၀ တုန်းကတော့ ဘာစားစား အဆီမဖြစ်ဘူး အသက် ၃၀ ကျော်လာရင် စားသမျှ အဆီတွေ ဖြစ်ကုန်တယ်။  အားကစားရုံမှာ စက်အောက်ကို လက်ထိုးပေးလိုက်တာနဲ့ ခန္ဓာကိုယ်ရဲ့ ရာခိုင်နှုန်းဘယ်လောက်က အဆီဆိုတာကို ဖော်ပြပေးတယ်။ ခန္ဓာကိုယ်ရဲ့ ၂၅ ရာခိုင်နှုန်းဟာ အဆီဖြစ်သင့်တာ ဝိုင်းက ၃၀ ရာခိုင်နှုန်းဖြစ်နေလို့ အဆီကို အရမ်းသတိထားနေပါတယ်။ ချောကလက် ဝယ်ထားရင် မကုန်မချင်း ထိုင်စားတတ်တဲ့ ဝိုင်းက ကိုယ့်ဘာသာ မထိန်းနိုင်တော့ ချောကလက် မဝယ်ဘူး။ အမှတ်ငါးလမ်းမရောက်ရင် Lindt နှစ်ဆိုင်တွေကဝေတဲ့ ချောကလက် ၂ လုံးစားပြီး တော်ပြီလို့ ဆိုတတ်တယ်။ Lindt ချောကလက် တပေါင်ဝယ်ထားတဲ့ ကျွန်မက တနေ့ကို ချောကလက် ၃ လုံးကနေ ၅ လုံးပဲစားတော့ ကိုယ့်ဘာသာ ထိန်းနိုင်တယ်လို့ ဆိုရတယ်။ ဝိုင်းရေ အမှတ်ငါးလမ်းမကြီးက Lindt ချောကလက်ဆိုင်တွေတော့ ငါတို့လက်ချက်နဲ့ ပြုတ်မလား မသိဘူးနော်။ ဒီငတိမလေးတွေ အပတ်တိုင်း အလကားဝေတဲ့ ချောကလက် ဝင်စားကြပြီး တခါမှလည်း မဝယ်ဘူး။ ဒင်းတို့ကို ၆၅ ဆင့် ရင်းနှီးလိုက်ပေမဲ့ ဘာမှပြန်မရဘူးရယ်။ ဝိုင်းက လက်ဆောင်ပေးဖို့ ချောကလက်ဝယ်မယ်ဆိုရင် Lindt ဆိုင်မှာပဲ ဝယ်မယ်တဲ့။ အပတ်တိုင်း မဝယ်ဘဲ ဝင်ဝင်စားနေတာကို အားနာလို့တဲ့။


Nike လမ်းလျှောက်ဖိနပ် တရံဝယ်ပါတယ်။ တခြားတံဆိပ်တွေထက် Nike က ပေါ်ပြူလာဖြစ်တယ်။ အမေရိကန်တွေက အားကစားဖိနပ် သိပ်ကြိုက်ကြတယ်။ ရုံးဝတ်စုံနဲ့ အားကစားဖိနပ်စီးထားရင် အဲဒါ အမေရိကန်ပဲ။ ကျွန်မလည်း အမေရိကန်ဆန်လာပြီထင်တယ် အမြဲတမ်း အားကစားဖိနပ် စီးနေတော့တာ။ အမေရိကန်တွေက ဖက်ရှင်ထက် သက်တောင့်သက်သာဖြစ်တာကို ပိုအလေးထားတယ်။ အရင်တုန်းကတော့ ဒေါက်မြင့်ဖိနပ်လေးတွေစီးပြီး ရှိုးထုတ်နိုင်ပေမဲ့ နယူးယောက်ရောက်ပြီးကတည်းက ဖိနပ်အမြင့် မစီးနိုင်တော့ဘူး။ နယူးယောက်မှာ တနေ့ကို အနည်းဆုံး နာရီဝက်နေ ၄၅ မိနစ် လမ်းလျှောက်ရတာကိုး။ food court ရှိတယ်ဆိုပေမဲ့ မတွေ့လို့ food truck ကနေ နေ့လည်စာဝယ်စား။ စုရပ်ရောက်တော့ လူတိုင်းအထုပ်ကိုယ်စီနဲ့ လျော့ပင်းဖို့ ၄ နာရီပေးတာတောင် မလောက်တဲ့ပုံ။ နောက်ဆုံးသွားရောက်မဲ့နေရာကတော့ ယေးတက္ကသိုလ်ရဲ့ Peabody Museum of National History ပါ။ ကွန်နက်တီကပ်ပြည်နယ် နယူးဟေဗင်မှာရှိတဲ့ ယေးတက္ကသိုလ်ရဲ့ တနေရာတည်းမှာ စုနေတာ မဟုတ်ပါဘူး။ နယူးဟေဗင်မြို့ရဲ့ သုံးပုံနှစ်ပုံက ယေးတက္ကသိုလ်ပါတဲ့ ယေးတက္ကသိုလ်ဟာ နာမည်ကြီးတက္ကသိုလ်တစ်ခုပါ။ ပြတိုက်ရဲ့ အောက်ဆုံးထပ်မှာ ပုရွတ်ဆိတ်ပြခန်း ရှိပါတယ်။ ပုရွတ်ဆိတ်တွေဟာ အင်မတန် စည်လုံးညီညွှတ်ပြီး အတူတကွ လုပ်ဆောင်ပါတယ်။ ပုရွတ်ဆိတ်ဟာ ဒိုင်နိုဆောတွေနဲ့ သက်တမ်းအတူတူပေမဲ့ သဘာဝဘေးအန္တရာယ်ကြောင့် အစားအစာတွေ ရှားပါးလို့ ဒိုင်နိုင်ဆောတွေ မျိုးသုဉ်းပျောက်ကွယ်သွားပေမဲ့ အစားအသောက်မရွေး၊ နေရာမရွေး ရှင်သန်နေထိုင်နိုင်တဲ့ ပုရွတ်ဆိတ်တွေကတော့ ခုထိသက်ထိထင်ရှား ရှိနေပါတယ်။


အမေဇုန်တောအုပ်ထဲက အသားစားပုရွတ်ဆိတ်နက်တွေဆို ဆင်တွေတောင် ကြောက်ရပါသတဲ့။ ပုရွတ်ဆိတ်အုပ် ဖြတ်သွားရင် ဆင်က အရိုးစုပဲ ကျန်တော့တယ်တဲ့။ ပုရွတ်ဆိတ်ရဲ့ ရန်သူတမျိုးက နှံကောင်ပါ။ ဒိုင်နိုဆော ရုပ်ကြွင်း၊ လူသားအစ ပရိုင်းမိတ်ရုပ်ကြွင်း၊ ကျောက်အမျိုးအစားတွေ၊ ငှက်အမျိုးမျိုး၊ ပိုလာဝက်ဝံတွေ အကြောင်းနဲ့ ပြတိုက်က သေးပေမဲ့ စိတ်ဝင်စားဖို့ ကောင်းသား ၄၅ မိနစ်က မလောက်ဘူး။ ကြည့်ရတာ ငါတို့တွေကသာ မလောက်ဘူးလို့ ကွန်ပလိမ်းနေတာ တခြားသူတွေက အေးဆေးပဲ။ သူတို့က ဒီဟာတွေကို စိတ်မဝင်စားသလို အင်္ဂလိပ်စာလည်း မဖတ်တတ်တော့ အရုပ်ပဲကြည့် စာမဖတ်တော့ မြန်တာပေါ့။ မြန်မာပြည်က ပတ္တမြားတွေ့ခဲ့လို့ ဓာတ်ပုံရိုက်လာတယ်။ ကျေးဇူးတော်နေ့ ပိတ်ရက်ပြီးပြီဖို့ လူတွေ အိမ်ပြန်လာတော့မှာ လမ်းတွေ ကျပ်လိမ့်မယ် လမ်းကျပ်တာကို ရှောင်ဖို့ နည်းနည်းမြန်မြန် မောင်းမယ်နော် နောက်ထပ် ၁ နာရီခွဲမှာ Rest Area မှာ ဝိတ်လျှော့ကြမယ်။ ဝိတ်လျှော့ပြီးတော့ ကောင်တာမှာ ကွန်နက်တီကပ်မြေပုံကို ကြည့်ကြပြီး ကောင်တာက ဝန်ထမ်းကို သွားစပ်စုတယ်။ ကွန်နက်တီကပ်ပြည်နယ်ရဲ့ မြို့တော်က ဘာလဲ Hartford ၊ အကြီးဆုံးက ဘယ်မြို့လဲ New Heaven ၊ စီးပွားရေးအကောင်းဆုံးမြို့က Stamford ။ နယူးယောက်ကနေ စတန်းဖို့ထ်မြို့ကို ရထားရှိတယ် တချို့ဆို စတန်းဖို့ထ်မှာနေပြီး မက်ဟန်တန်ကို ရုံးတက်ကြတယ်။ ကားထိုင်ခုံက အဆင်မပြေပေမဲ့ ကျွန်မတို့တွေက အဆင်ပြေသလို ငိုက်ကြတယ်။


တိုးဂိုက်မှန်းတဲ့အတိုင်းပါပဲ ၆ နာရီ ၁၅ မှာ ဖလပ်ရှင်းဝင်တယ်။ စောနေပေမဲ့လည်း ဟောင်ကောင်စူပါမာ့ခ်ကတ်မှာ ဈေးဝယ် ထုံးစံအတိုင်း Mini Shabu Shabu မှာ ညနေစာ စားကြတယ်။ အိမ်ရှင်အတွက် ဝယ်လာတဲ့ ဖယောင်းတိုင်နဲ့ ချောကလက် ၁၀ လုံးကို  ကျွန်မကို ညီမလေးတစ်ယောက်လို စောင့်ရှောင့်တဲ့ လုပ်ဖော်ကိုင်ဖက် ပတ်ထရီရှာကို နယူးရီးယားလက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။ ဇန်နဝါရီလအတွက် ရွေးချယ်ထားတာကတော့ ဗာမွန်ပြည်နယ်ဖက်က စကီးတိုးပါ။ စကီးတိုးကို သွားဖို့ဆိုရင် စကီးအတွက် ဂျာကင်၊ ဘောင်းဘီ၊ ဖိနပ်၊ လက်အိတ်တွေ လိုပါတယ်။ Waterproof ဖြစ်ရမဲ့အပြင် နွေးဖို့လည်းလိုတော့ ဈေးကြီးတယ်။ စကီး  tour package ထဲမှာ စကီးဖိနပ်ငှားတာ၊ ski lesson တက်ရတာ၊ တောင်ထိပ်ကို lift နဲ့ တက်တာတွေ ပါဝင်ပါတယ်။ စကီးအဝတ်အစားတွေရယ်၊ စကီး tour package တွေက ဈေးမချိုပါဘူး။ လက်ဆစ်တွေ ကိုက်တာ သက်သာရင်၊ ဒေါက်တာက သွားခွင့်ပြုရင်၊ တိုးက ကွင်ဖန်းဖြစ်ရင်တော့ သွားဖြစ်ပါဦးမယ်။

Happy Traveling !

စန်းထွန်း
ဇန်နဝါရီ ၁၂ ၊ ၂၀၁၅။

2 comments:

blackroze said...

အထွန်းရေ
လိုက်ခဲ့ပါရစေနော်...

ပစ်ပစ်

San San Htun said...

blackroze said...
အထွန်းရေ
ဗာမွန်ပြည်နယ် က ski စီးမဲ့နေရာကိုလည်း
လိုက်ခဲ့ပါရစေနော်...

ပစ်ပစ်
January 13, 2015 at 1:13 PM