2014 Review

နေရာတိုင်းမှာ ဟတ်ပီးနယူးယီးယားလို့ နှုတ်ဆက်သံတွေ ကြားနေရတော့ ဘလော့မိတ်ဆွေတွေကိုလည်း ဟတ်ပီးနယူးယီးယားလို့ နှုတ်ဆက်ရင်း၊ အသူ တဂ်ထားတဲ့ ၂၀၁၄ ရီဗျူးတဂ်ပို့စ်လေး ရေးဖြစ်သွားပါတယ်။၂၀၁၄ ကို ရီဗျူးကြည့်လိုက်ရင် ကျေနပ်စရာကောင်းတဲ့နှစ်လို့ ဆိုရမယ်။

အလုပ်အကိုင်
မနှစ်က ဒီဇင်ဘာမှာ နယူးယောက်ကို ပြောင်းလာတာဆိုတော့ ခုကုမ္ဗဏီမှာ လုပ်တာ တစ်နှစ်ရှိပြီ။ အခက်အခဲတွေ များလွန်းလို့ အရည်အချင်းတွေ တိုးတက်လာတဲ့ အလုပ်ဆိုတော့ ပင်ပန်းပေမဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးတယ်။ ကျွန်မ လုပ်ဖူးသမျှ အလုပ်တွေမှာ ခုကုမ္ဗဏီအလုပ်က ချဲလန့်အဖြစ်ဆုံး၊ စိတ်ဖိစီးမှု အများဆုံး၊ အပင်ပန်းဆုံး။ Consultant ဆိုတော့ ကလိုင်းရင့်ရုံးတွေမှာ သွားလုပ်ရတယ်။ ပတ်ဝန်းကျင်အသစ်၊ နည်းပညာအသစ်၊ work flow အသစ်တွေ လေ့လာရတယ်။ ကလိုင်းရင့် ကွန်းထရပ်ကုန်သွားလို့ ရုံးချုပ်ကို ပြန်ရောက်ရင် ပရောဂျက် ၂၊ ၃ ခုကို တပြိုင်တည်း လုပ်ရတယ်။ သူဋ္ဌေးမက အော်ရင် တခြားသူတွေက ဘာမှပြန်မပြောပေမဲ့ ပြန်အော်ဟစ်တဲ့ ကျွန်မကို အလွယ်တကူ အကြောင်းပြချက် မရှိဘဲ အလုပ်ဖြုတ်နိုင်၊ တခြားဈေးပေါတဲ့ တရုတ်လုပ်သားတွေ ငှားနိုင်ပေမဲ့ တစ်နှစ်ပြည့်တဲ့အခါ လစာတိုးပေးပြီး ကျွန်မ အလုပ်ကြိုးစားတာကို အသိအမှတ်ပြုတော့ ကျေနပ်မိတယ်။

အလုပ်နဲ့ ပတ်သက်လို့ ပြောရဦးမယ် ကျွန်မက အလုပ် ကံကောင်းတတ်တယ်။ စင်္ကာပူအလုပ်တုန်းကလည်း လစာလည်းမဆိုး၊ စိတ်ဖိစီးမှုလည်း သိပ်မရှိ၊ နှစ်တိုင်းလစာတိုး၊ ဘောနပ်လည်းပေး၊ နိုင်ငံခြားခရီးတွေလည်း သွားရတော့ ကျွန်မသူငယ်ချင်းတွေဆိုတာ အဲဒီကုမ္ဗဏီမှာ အလုပ်ရချင်ကြတယ်။ အလုပ်အကိုင် ပြောင်းလွန်းကြတဲ့ စင်္ကာပူမှာ ကျွန်မ လုပ်ဖော်ကိုင်ဖက်တွေ ခုထိ အဲဒီကုမ္ဗဏီမှာ လုပ်နေကြတုန်း။ ကန်တက်ကီအလုပ်ဆိုရင်လည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ ကုမ္ဗဏီ၊ အားလုံးက Thermal ၊ Pipe ၊ Structural ၊ Chemical ၊ Mechanical အင်ဂျင်နီယာတွေ၊ အသက်၊ မိန်းမ၊ ယောကျာ်း၊ အသားအရောင် ခွဲခြားမှု မရှိတဲ့ အမေရိကန်မှာ ကိုယ်တော်ရင် တော်သလို ကိုယ့်အရည်အချင်းကို အသိအမှတ်ပြ ုတော့ စင်္ကာပူမှာထက် အမေရိကန်မှာ အလုပ်လုပ်ရတာကို ပိုကြိုက်တယ်။ ဝါရှင်တန်ဒီစီ အလုပ်ကတော့ အေးအေးဆေးဆေးပဲ ဘာမှ စိတ်ဖိစီးမှုကို မရှိတာ။ ကယ်ပီတယ် Capitol နဲ့ ဘေးချင်းကပ်လျက် ရုံးနေရာလေးကို သိပ်သဘောကျတာ။ ဝါရှင်တန်ဒီစီအလုပ်ကြောင့် နေရှင်နယ်မောလ်တလျှောက်က ပြတိုက်တွေ ပြဲပြဲစင်ခဲ့တာပေါ့။


ကျန်းမာရေး
ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်တယ်လို့ ဆိုရတယ်။ နယူးယောက်ရောက်မှ ပိုကျန်းမာတယ် လမ်းလျှောက်ရလွန်းလို့။ အိမ်ကနေ ဘူတာရုံကို ငါးမိနစ်၊ ဘူတာတွေမှာ ရထားပြောင်းဖို့ လျှောက်ရတာက ငါးမိနစ်၊ ဘူတာကနေ ရုံးကို ငါးမိနစ်၊ တနေ့ကို နာရီဝက်မက လမ်းလျှောက်ရတယ်။ ၂၀၁၃ ဂျူလှိုင် ၄ နယူးယောက်ကို လာလည်တုန်းက ဟ...နယူးယောက်သားတွေက လမ်းလျှောက်တာလား၊ ပြေးနေတာလားလို့ တွေးတာ ခုတော့ ကိုယ်တိုင် ပြေးနေတယ်။ ပိတ်ရက်တွေဆို လမ်းလျှောက်အဖွဲ့တွေနဲ့ ၄ မိုင်ကနေ ၆ မိုင်အထိ လမ်းလျှောက်၊ တောင် ၈ မိုင်တက်၊ နယူးယောက်မြို့ထဲမှာ ဆိုရင်လည်း တဘူတာ၊ နှစ်ဘူတာလောက်ဆို ရထားမစီးဘဲ လမ်းလျှောက်တော့ နယူးယောက်မှာ လမ်းအတော် လျှောက်ဖြစ်တယ်။ နယူးယောက်မှာ နှေးတိနှေးကွေး လမ်းလျှောက်နေတဲ့သူတွေ ဆိုကြည့်လိုက် အဲဒါ အသက်ကြီးတဲ့သူ၊ ဖုန်းပြောနေတဲ့သူ၊ နယူးယောက်သားမဟုတ်သူတွေ။ နယ်တွေမှာက ဟိုနားနဲ့ ဒီနားတောင် ကားမောင်းပြီး ကားပေါ်က မဆင်းရတော့ တခြားပြည်နယ်ကသူတွေ နယူးယောက်တက်လာရင် လမ်းမလျှောက်နိုင်ကြဘူး။

တနေ့ကို ဆယ်ငါးမိနစ် လေ့ကျင့်ခန်း၊ ပိတ်ရက်တွေဆိုလည်း လမ်းသွားလျှောက်နေလို့ အရမ်းစားပေမဲ့ ဝိတ်တက်မလာဘူး။ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က လက်ဆစ်တွေ ရောင်ပါတယ်။ လေးဖက်နာ၊ ဂေါက်၊ ယူရစ်အက်ဆစ် များနေတာလို့ တွေးကြတယ်။ အမဲသားလို အနီရောင်များတဲ့အစာ၊ ပင်လယ်စာ၊ မြေကြီးထဲက ထွက်တဲ့ဟာ ဟင်..မြေကြီးထဲက အားလုံးထွက်တာပဲဟာ.. မြေကြီးထဲက တိုက်ရိုက်ထွက်တဲ့ မှို၊ မျှစ်၊ အာလူး၊ မုန်လာဥတွေ ရှောင်ရမယ်။ အဲဒီအသီးတွေတော့ ရှောင်နိုင်ပေမဲ့ ပင်လယ်စာတော့ မရှောင်နိုင်ဘူးရယ်။ ဒီတော့ လက်ဆစ်တွေ ရောင်လိုက်၊ သက်သာလိုက်နဲ့ သွေးသွားစစ်ရဦးမယ်။ သွေးစစ်တဲ့အဖြေရမှာ ဘာတွေ များနေလည်း သိရမယ်။ အသင့်စားခေါက်ဆွဲခြောက်ထုပ်တွေ မစားတော့ဘဲ ကျန်းမာရေးနဲ့ ညီညွှတ်တာတွေ ပိုစားဖြစ်တယ်။

ပညာရေး
၄ နှစ် ကြာပြီးတဲ့ အခါမှာတော့ မာစတာဘွဲ့ကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ပါပြီ။ သူများတွေက ၂ နှစ်ခွဲ ၊ ၃ နှစ်လောက်ပဲ ကြာတဲ့ဘွဲ့ကို ကျွန်မက အလုပ်ဗီဇာ အဆင်မပြေသေးလို့ Specialization Course ယူ သုံးဘာသာ ထပ်ယူပြီး တစ်နှစ်ထပ်တိုးတယ်။ စင်္ကာပူကျောင်းတုန်းကတော့ ကမ္ဘာ့အဆင့် ၂၄ ရှိတဲ့ စင်္ကာပူတက္ကသိုလ် ကျောင်းထွက်ကွလို့ ဟစ်ကြွေးပေမဲ့ ယူအက်စ်ကျောင်းကတော့ နာမည်ကြီးကျောင်း မဟုတ်ပါဘူး။ နေ့တိုင်းညဉ့်နက်တဲ့အထိ အဆိုင်းမင့်၊ ပရောဂျက်တွေ လုပ်၊ နောက်နေ့အတွက် စာဖတ်၊ ကမ္ဘာပေါ်မှာ အဆိုးဆုံး အစားအသောက်၊ ရာသီဥတုက အေး၊ ဗမာဆိုလို့ တစ်ယောက်တည်းနဲ့ ယူအက်စ်ကျောင်းမှာ တစ်နှစ်ကျောင်းတက်ခဲ့ရတဲ့အချိန်တွေဟာ အင်မတန် ခက်ခဲပင်ပန်းပါတယ်။ သူငယ်ချင်းတွေဆီ သွားပြီး အင်တန်းရှစ်အတွက် အလုပ်ရှာ၊ အလုပ်ရတဲ့မြို့၊ ရုံး၊ ပတ်ဝန်းကျင်အသစ်မှာ နေသားကျဖို့၊ အလုပ်သစ်မှာ အဆင်ပြေဖို့၊ အပတ်တိုင်း အဆိုင်းမင့်၊ တလတခါ စာမေးပွဲ၊ ၃လတခါ ရီပို့တင်ရ၊ အလုပ်ပိလို့ စာမကြည့်နိုင်၊ စာမကြည့်နိုင်လို့ စိတ်ဖိစီးနဲ့ အလုပ်အချိန်ပြည့်လုပ်ပြီး အဝေးသင်တက်ရတာ အင်မတန် ပင်ပန်းတယ်။ ဒါတောင် ကျွန်မက လူလွတ်မို့ ။ စူပါမိန်းမတွေလို့ ကျွန်မ လေးစားအားကျရတဲ့ အစ်မတွေဆို ကလေးတဖက်၊ အချိန်ပြည့်အလုပ်တဖက်၊ စာမေးပွဲတွေကိုလည်း အောင်အောင် ဖြေလိုက်သေးတယ်။ ကျွန်မ သူတို့လောက် မလုပ်နိုင်ဘူး။

ကျွန်မက မိုင်းဖန်လို ဘာသာရပ်တွေအားလုံး အေရတဲ့ ကျောင်းသားမဟုတ်ဘူး။ တချို့ဘာသာရပ်တွေက အေ၊ တချို့က ဘီ၊ တချို့က စီပလပ်၊ ဘာသာနှစ်ခုဆို NC Not Credit ရတာ ရှိသေးတယ်။ ဘာသာရပ်အားလုံးမှာ GPA 3.0 ၊ 36 credits နဲ့ ညီမျှတဲ့ ကွန်ပျူတာဆိုင်းရင့် ဘာသာရပ် ၉  ခု၊ 500 level courses တွေဖြစ်တဲ့ Advanced Software Developement  (ASD) Advanced Programming Language (APL) ၊ Web Application Architecture (WAA) လို ခက်တဲ့ဘာသာတွေ၊ မယူမနေရ Algorithms ဘာသာရပ်တွေမှာ ဘီရပါမှ ဘွဲ့ရမှာပါ။ ASD ဘာသာကို ကျောင်းအုပ်ကြီး ဒေါက်တာဂပ်သရီသင်ရင် အကျများတယ် ၇၅ ရာခိုင်နှုန်းကျတာ။ ဒီလို ခက်ခက်ခဲခဲ ကြိုးစားရလို့ ကျောင်းကို မကြိုက်ပေမဲ့ လည်း အဲဒီမာစတာဘွဲ့ကို ကျွန်မ ဂုဏ်ယူပါတယ်။


မိတ်ဆွေ
မိတ်ဆွေအပေါင်းအသင်းကောင်းတွေရှိတာ ကျွန်မ ကံကောင်းတယ်။ ကျွန်မ သူငယ်ချင်းအားလုံး ကျွန်မကို ချစ်ကြတယ်။ နောက်ကျောဓားနဲ့ထိုးတဲ့ သူငယ်ချင်းမျိုး မတွေ့ခဲ့ဘူး။ မကြီးသူငယ်ချင်း၊ အဲဒီသူငယ်ချင်းရဲ့ အစ်မ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကပါ ကျွန်မကို ချစ်ခင်ကူညီစောင့်ရှောက်တယ်။ ဘီအေစီမှာ လုပ်အားပေးရင်း သိခဲ့တဲ့ ဒါရိုက်တာ မမင်းမင်း၊ ကန်တက်ကီအိမ်ရှင် အမေရိကန်မ မန်ဒီ၊ မေရီလန်းက မင်္ဂလာရာမဘုန်းကြီးကျောင်းမှာ သိခဲ့တဲ့ မမီးမီး၊ မမီးမီး သူငယ်ချင်း မဝိုင်း၊ ဝါရှင်တန်ဒီစီရုံးက ကလဲရား၊ နယူးယောက်က ကျွန်မမွေးစားအမေ မဂင်ကြူတို့ မိသားစု၊ ဘလော့ဂါ မမီးငယ်၊ ဘလော့ပရိတ်သတ် ပင်ဆယ်ဗေးနီးယားက မခိုင်၊ မခိုင် သူငယ်ချင်း ကွန်ပျူတာတက္ကသိုလ်စီနီယာ မဆာဖီးယား၊ နယူးယောက်ရုံးက ပတ်ထရီချာ၊ မကြီးသူငယ်ချင်း မကေသွယ် သူငယ်ချင်း မနန်းစံ၊ မကြီးသူငယ်ချင်း မနီနီအောင်အစ်မ မမီမီအောင်၊ အလှုတွေ ဖိတ်တတ်တဲ့ ကွန်ပျူတာတက္ကသိုလ်က ကိုထွန်းထွန်းဝင်း၊ ကျွန်မနဲ့ သိကျွှမ်းတဲ့သူတွေတိုင်း ကျွန်မကို ကူညီစောင့်ရှောက်ကြတာချည်းပဲ။

ဝါသနာ
ဘာသာစကားတစ်ခု၊ အတီးအမှုတ်တစ်ခု၊ အားကစားတစ်ခု တတ်မြောက်ချင်တာ ကျွန်မရဲ့ dream ပါ။ တရုတ်စာကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ တစ်နှစ်သင်ဖူးလို့ နည်းနည်းသိတယ်။ ဂျပန်စာ တလသင်ဖူးလို့ နည်းနည်းလေး သိတယ်။ ကိုရီးယားကားတွေကြည့်လို  အိုပါး အညာဟတ်ဆိုင်ရော် တတ်တယ်။ ဂီတာတီးသင်မယ်ဆိုပြီး ဂီတာဝယ်၊ ယူကျူ့ကနေ လက်ကွက် သုံးခုသိ၊ ဟတ်ပီးဘတ်ဒေးသီချင်းကို ဒန်ဒန်လို့ တီးတတ်၊ ဆောင်းတွင်းမှာ ဂီတာ အပြတ်သင်မယ်လို့ ကြုံးဝါးပေမဲ့  ပင်ပန်းလို့၊ မအားလို့ ဘာဖြစ်လို့ ညာဖြစ်လို့နဲ့ ဂီတာတီး မသင်ဖြစ်တော့တာ ခုဆို ဂီတာက ကုတင်ခြေရင်းမှာ အခန်းအလှဆင်ပစ္စည်း ဖြစ်နေတော့တယ်။ အားကစားကတော့ သိတဲ့အတိုင်း လမ်းလျှောက်၊ တောင်တက်တာလောက်ပဲ။ မေရီလန်းအိမ်နားက မတ်သရူးဟတ်ဆန်ထရေးလမ်း၊ ဆူနမ်တို့အိမ်နားက ရေကန်နားမှာ jogging ပြေးရတာ ကြိုက်ပေမဲ့ နယူးယောက် ပြောင်းလာပြီးကတည်းက မ jogging တော့တာ။ biking ထွက်ချင်ပေမဲ့ စက်ဘီးတင်သွားမဲ့ ကားမရှိ။ ဒီလိုနဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်ဖြစ်ဘူး။

ဗီယက်နမ်တက္ကသိုလ်မှာ ကတည်းက နိုင်ငံခြားဘာသာစကားတစ်ခု မသင်မနေရဆိုတော့ တက္ကသိုလ်တက်တဲ့ လေးနှစ်တာမှာ ပြင်သစ်စကား သင်ခဲ့တော့ ဝိုင်းက ပြင်သစ်စကားကို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်တယ်။ အီတလီမှာနေတုန်း စပိန်စကားကို နှစ်နှစ်သင်ခဲ့ပြီး ခုလည်း စပိန်စကား သင်နေတဲ့ ဝိုင်းက စပိန်စကား အခြေခံ ပြောတတ်တယ်။ ဝိုင်းက အားကစားရုံမှာ ညနေတိုင်း zomba ၊ ballet ၊ abdomian ၊ yoga ကလပ်တွေ သွားတက်တယ်။ စန္ဒရားကို နှုတ်စ်ကြည့်ပြီး သီချင်းငါးပုဒ်လောက် တီးတတ်ပါသတဲ့။ ဝိုင်းက ကျွန်မ လုပ်ချင်တာတွေ အကုန်လုပ်တယ်။ မသိရင်လည်း မသိဘူး၊ သိရင်လည်း သိတယ်၊ နည်းနည်းလေး သိတယ်ဆိုတာ မကောင်းဘူး ၊ half baked ဆိုတာ စားလို့မကောင်းဘူးဆိုပြီး ဝိုင်းက ကျွန်မကို တရုတ်စာ ဆက်သင်ဖို့ အားပေးနေပါတယ်။ သိလား ဦးနှောက်ဆိုတာ သင်ယူနေမှ ကောင်းတာကွ ဦးနှောက်ဆိုတာ သင်ယူဖို့။ ဘာမှ မသင်ရင် အယ်ဇိုင်းမားရောဂါ  ဖြစ်လိမ့်မယ်။ Canon 7D ကင်မရာကို အော်တိုနဲ့သာ ရိုက်တတ်လို့ ကင်မရာကို ဘယ်လိုအသုံးချရမယ်ဆိုတာ လေ့လာနေပါတယ်။ ISO ၊  shutter speed ၊ aperture တွေနဲ့ ဖိုတိုဂရပ်ဖီကလည်း စိတ်ဝင်စားစရာကောင်းသား။ ရထားစီးတဲ့ အချိန်တွေဆို ကင်ဒယ်နဲ့ စာဖတ်ဖြစ်ပါတယ်။ ကင်ဒယ်နဲ့ ဖတ်ရတာ စာအုပ်ကိုင်ပြီး ဖတ်ရသလိုပဲ။ အသက်ကြီးလာလို့လား မသိဘူး ဆူဆူညံညံတွေထက် relaxation တီးလုံးတွေ ပိုကြိုက်လာတယ်။


၂၀၁၄ မှာ ခရီးတွေ ပိုသွားဖြစ်ပါတယ်။ အင်္ကျီ၊ ဖက်ရှင်၊ အစားအသောက်တွေမှာ ပိုက်ဆံသိပ်မသုံးတော့ဘဲ  ခရီးသွားတာမှာ ပိုက်ဆံပိုသုံးဖြစ်တယ်။ မနှစ်က အိုမားတို့အိမ်မှာ ဟော့ပေါ့စားပြီး နယူးရီးယားကို ကြိုဆိုပေမဲ့ ဒီနှစ်တော့ အိုမားတို့က မြန်မာပြည်ပြန်တော့ နယူးရီးယားမှာ သွားစားရမဲ့အိမ်မရှိ။ တိုင်းစကွဲကောင့်ဒေါင်း သွားရအောင်လို့ ဝိုင်းကပြောတော့ အင်းပေါ့။ ရာသီဥတုအေးလို့ ဝိုင်းရေ မသွားတော့ဘူးဆိုတော့ ဝိုင်းက သူ့ဘာသာ တစ်ယောက်တည်း သွားမယ်တဲ့။ ည ၁၁ လောက် တိုင်းစကွဲယားနားသွားပြီး ကောင့်ဒေါင်းသွားအော်မလို့တဲ့။ တိုင်းစကွဲနယူးရီးယားကောင့်ဒေါင်းက နာမည်ကြီးတယ် လူတစ်သန်းလောက် တက်ရောက်ကြတာ။ နေရာကောင်းဆို နေ့လည်ကတည်းက သွားရတာ။ ဒီလောက်အေးတဲ့ ရာသီဥတုကြီးမှာ ၆ နာရီလောက် မတ်တပ်ရပ်နေရမှာ ပြန်ထွက်ဖို့လည်း မလွယ်။ လူတွေပြည့်သွားရင် ရဲတွေက ပိတ်လိုက်ပြီး လုံးဝဖြတ်ခွင့် မပေးတော့တာ။ ဟတ်ပီးနယူးရီးယား အော်ရဖို့ အဲဒီလောက် ဒုက္ခမခံနိုင်ပါဘူးနော်။ အမှတ်တရဖြစ်တဲ့ နယူးရီးယား ကောင့်ဒေါင်းကတော့ ၂၀၀၈ စင်္ကာပူက West Coast ကမ်းခြေမှာ ဝယ်လာတဲ့ ကြက်ကြော်စား၊ punch သောက်၊ ဘေးက ဆိုကြတီးကြတဲ့ သီချင်းကို နားထောင်၊ tent လည်းမရှိ ခင်းထားတဲ့ တာလာပတ်ပေါ်မှာ ပုဝါ၊ စောင်ပါးလေးခြံလို့ New Year Eve ဖြစ်လို့ နေ့တဝက်ရုံးဆင်းပြီး ကတည်းကနေ ညနေစောင်း ကမ်းခြေကို မလာခင်လေးအထိ လျော့ပင်းထွက်ကြတဲ့ ကျွန်မတို့ ညီအစ်မနှစ်ယောက် အိပ်ပျော်သွားလိုက်ကြတာ ဘေးကနေ မအိပ်ဘဲ ထိုင်စောင့်တဲ့ မခိုင်က မနက် ၅ နာရီလောက်မှာ နှိုးတော့မှ နှိုးတော့တယ်။

နယူးရီးယားနေ့မှာ နယူးရီးယားဟိုက်ကင်းနဲ့ နယူးရီးယားကို ဟိုက်ကင်းစွာနဲ့ ကြိုဆိုပါ့မယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ နှစ်သစ်မင်္ဂလာလေး ဖြစ်ပါစေ။

Happy New Year !

စန်းထွန်း
ဒီဇင်ဘာ ၃၁၊ ၂၀၁၄။

9 comments:

blackroze said...


ခင်တဲ့ပစ်ပစ်

Anonymous said...

ချစ်သောမမအို်င်အိုရာ

မီးမီးငယျ said...

Happy new year my dear sis...
I wish you to get what u want to..
And keep blogging :P

Unknown said...

happy new year..thank you so much..pls share again all your experience..

TT Win said...

Happy new year sis.. :)



Aunty Tint said...


Anonymous said...

Happy New Year to you, ST. I invited to you in gtalk. Can you pl accept me . Thank you

J

San San Htun said...

blackroze said...
2015 မှာလည်း ခရီးတွေအများကြီးသွားပီး
စာတွေအများကြီးရေးပါဦးလို့....အထွန်းရေ

ခင်တဲ့ပစ်ပစ်
January 1, 2015 at 2:55 PM
Anonymous said...
၂၀၁၅ အပြင်လာမဲ့နှစ်သစ်များတိုင်းမှာလည်း
၂၀၁၄ ထက်ပိုပိုအဆင်ပြေကျန်းမာပျော်ရွှင်အစစအရာရာသာပါစေလို့ဆုတောင်းပေးပါတယ်စန်းထွန်းလေးရေ။
ချစ်သောမမအိုင်အိုရာ
January 1, 2015 at 3:48 PM
ရင်ငြိမ်းသူ (Yin Nyein Thu) said...
၂၀၁၄ ရီဗျူ းလေးကို ဖတ်သွားခဲ့တယ်ရှင့်။ ၂၀၁၅ မှာလည်း ဝါသနာပါတဲ့အလုပ်တွေနဲ့ ကျန်းမာပျော်ရွှင်ပါစေလို့။
January 3, 2015 at 9:01 AM
Aunty Tint said...
2014 Review ဖတ်သွားပြီ စန်းစန်းရေ...
warmly welcome for 2015 !
January 3, 2015 at 11:56 AM