မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၄

ဟိုးအရင်တုန်းက ဟိုင်းကြီးမှာ အလယ်တန်းကျောင်း အထိပဲရှိတယ်။ အထက်တန်းကျောင်း တက်ချင်ရင် ဟိုင်းကြီးကနေ နေ့တဝက်လောက် သင်္ဘောစီးရတဲ့ ပြင်ခရိုင်မှာ ဘော်ဒါနေပြီး တက်ရတယ်။ မကြီး ၉ တန်းရောက်တော့ ဟိုင်းကြီးကျောင်းခွဲမှာ ထားမလား၊ ပြင်ခရိုင်မှာ ထားမလားနဲ့ နောက်ဆုံးတော့ ပုသိမ်မှာ သွားထားဖြစ်တယ်။ ကိုယ့်ရွာမှာ အထက်တန်းကျောင်း ရတော့မဲ့ဟာကို ပုသိမ်မှာ သွားထားတယ်ဆိုပြီး အဖေ့ကို ပြောကြပေမဲ့ အဖေ့တွက်ကိန်း မှန်သွားတယ်။ အဲဒီနှစ်က ဟိုင်းကြီးမှာ အထက်တန်းကျောင်းခွဲ မရတော့ ဟိုင်းကြီးမှာတက်ဖို့စောင့်နေသူတွေ တစ်နှစ်အောက်တယ်။ ဟိုင်းကြီးကနေ ပုသိမ်မှာ ကျောင်းသွားတက်တာ မကြီးတို့က ပထမဆုံးအသုတ်ဖြစ်ပြီး ဆယ်တန်းကို တစ်နှစ်တည်းအောင် ဂုဏ်ထူးတွေလည်းပါတော့ အဲဒီကတည်းကစလို့ ပိုက်ဆံတတ်နိုင်တဲ့ ဟိုင်းကြီးသားတွေဟာ ကလေးတွေကို မြို့မှာ ကျောင်းသွားထားကြတာ ခုဆို ထုံးစံဖြစ်နေပြီ။ ကျွန်မ ပုသိမ်မှာ ၈ တန်းတက်တော့ နေတဲ့အိမ်က ကန်လမ်းက ဘွားကြည်တို့ အိမ်ပါ။

ဟိုင်းကြီးက အသိအစ်ကိုတစ်ယောက် ထမင်းလခပေးနေတာက သမ္မတရပ်ကွက်က တင့်တင့်၊ သောင်းသောင်းတို့အိမ်။ တင့်တင့်၊ သောင်းသောင်းလို့ ခေါ်ကြပေမဲ့ အသက် ၆၀ ကျော် အပျိုကြီး အဘွားကြီးတွေ။ မိန်းကလေးဆို တာဝန်ကြီးလို့ သောင်းသောင်းတို့က ယောကျ်ားလေးတွေပဲ လက်ခံပြီး မိန်းကလေးတွေဆို ကန်လမ်းအိမ်ကို ပို့တယ်။ ကန်လမ်းက အိမ်တခြမ်းမှာ ဆရာမ၊ ဘွားကြည်တို့နေပြီး ကျွန်မနဲ့ မခင်မာအေးက ထမင်းလခပေး နေတယ်။ ဘွားကြည်က ချက်ပြုတ်ကျွှေး ဆရာမက အရင်တုန်းက ထ၂ မှာ အင်္ဂလိပ်စာသင်ခဲ့ပြီး ခုတော့ တောင်ပေါ်ကျောင်းလို့ ခေါ်ကြတဲ့ စစ်တပ်ကျောင်းမှာ တာဝန်ကျနေတယ်။ အင်္ဂလိပ်စာအသင်ကောင်းလို့ဝိုင်းတွေ၊ ကျူရှင်တွေဆိုတာ နားတောင် မနားရဘူး။ အိမ်တဖက်ခြမ်းမှာ အိမ်ရှင်ဖြစ်တဲ့ အန်တီဆွေ နေတယ်။ ဆရာမနဲ့ အန်တီဆွေက အပျိုကြီးတွေ။ ဘွားကြည်၊ အန်တီဆွေအမေ၊ သောင်းသောင်း၊ တင့်တင့်တို့က ညီအစ်မတွေ။ သူတို့ညီအစ်မတွေရဲ့ အငယ်ဆုံးမောင်လေးက ရန်ကုန်မှာ နေတယ်။

အဲဒီမောင်လေးရဲ့ ဆုံးသွားတဲ့ ပထမဇနီးကမွေးတဲ့ ကိုကြီးအောင်ကို သူတို့ညီအစ်မတွေ မိတဆိုးလေးဆိုပြီး သိပ်ချစ်ကြတယ်။ ဆယ်တန်းကျတဲ့ ကိုကြီးအောင် သိပ်မကျပ်ဘူးဆိုတဲ့ မော်ကျွှန်းမှာ ဆယ်တန်းသွားဖြေတာ ဆယ်တန်းတော့ မအောင်ဘူး  မိန်းမရပြီး ပြန်လာတယ်။ ဆယ်တန်းမအောင်သေးဘဲ မိန်းမယူပြီး ပြန်လာတော့ အဘွားကြီးတွေပဲ ကြည့်ရှုရတာပေါ့။ မကြာပါဘူး ကိုကြီးအောင်မိန်းမ မဇာ ကိုယ်ဝန်ရှိတော့ အလုပ်ကဖြင့် မရှိသေးဘူး ကလေးယူတယ် ဘယ်ပိုက်ဆံနဲ့ ကျွှေးမှာတုန်း ဘာတုန်း ညာတုန်းနဲ့ အဘွားကြီးတွေ၊ အဒေါ်အပျိုကြီးတွေ ဝိုင်းဆူကြတာပေါ့။ အဖေ ကုန်ကားထောင်တော့ ကိုကြီးအောင်က စပယ်ယာလိုက်တယ်။ ကလေးတစ်နှစ်ခွဲမှာ နောက်တစ်ဗိုက်ရှိပြန်တော့  တစ်ဗိုက်ပြီးတစ်ဗိုက် မွေးရအောင် ညည်းတို့က ကျွှေးနိုင်လို့လား ဘာလားနဲ့ အဘွားကြီးတွေဆိုတာ မဇာကို ဆူလိုက်ပူလိုက်ကြတာ။  အဲဒီတုန်းက ဒီအဘွားကြီးတွေ သိပ်ခက်တာပဲနော် သူကျွှေးနိုင်လို့ သူ့ဗိုက်နဲ့သူ မွေးတာကို သူတို့က ကြားကနေ ဖြစ်နေလိုက်ကြတာလို့ တွေးမိတာ ခုတော့ ကျွန်မတို့ ညီအစ်မတွေလည်း အဲဒီအဘွားကြီး ညီအစ်မတွေလို ဖြစ်နေတယ်။

Sunset at Riverside Park.

စန်းထွန်းရေ နင်တော့ မကြာခင် အန်တီ ဖြစ်တော့မယ် ဟေ ဟုတ်လား ဝမ်းသာစရာပဲ နေပါဦး ဘယ်သူမွေးမှာတုန်း မောင်မောင်လား၊ မကြီးလား။ မောင်မောင်မွေးမှာ ယောက်ျားလေးတဲ့။ အမ်မလေး မျောက်လောင်းတစ်ကောင်တော့ လာပြန်ပြီဟေ့။ နေပါဦး  ယောက်ျားလေးမှန်း ဘယ်လိုလုပ်သိတာလဲ။ အာထရာဆောင်း ရိုက်ကြည့်တာလေ။ အာထရာဆောင်းရိုက်တာ မွေးခါနီးမှ ရိုက်လို့ရတာ မဟုတ်ဘူးလား။ ၆ လနဲ့ ရိုက်လို့ရတယ်။ ဟင် ၆ လ တောင် ရှိနေပြီ ဘယ်တုန်းက ကလေးရတာလဲ ကိုယ်ဝန်ရှိတယ်လို့လည်း မကြားလိုက်ပါလား။ နေပါဦး သူတို့မင်္ဂလာဆောင်တာ မကြာသေးဘူး မဟုတ်လား။ ၇ လလောက်ရှိပြီ ယူပြီးပြီးချင်း ကလေးယူတာနေမှာ။ ကလေးချက်ချင်း မယူနဲ့ဦးလို့ မပြောလိုက်ရဘူး။ မောင်မောင်မိန်းမက သိမှာပါလေဆိုပြီး မပြောလိုက်တာ။ အမ်မလေး အဲ့ဟာမလေးက ဘာသိလို့လဲ ယောကျာ်းစောစောယူ၊ ကလေးချက်ချင်း မွေးတတ်ဖို့ပဲ သိတယ်။ ကလေး တစ်ယောက်မွေးဖို့ ၁၀ သိန်းတဲ့ ဘယ်မှာလဲ ပိုက်ဆံ။ ငါ့လို အလုပ်နဲ့အကိုင်နဲ့တောင် ကလေးချက်ချင်းယူဖို့ သတ္တိမရှိပါဘူး ဒင်းတို့က တော်တော်သတ္တိကောင်း။

တစ်နှစ်လောက် အေးအေးဆေးဆေး နေပါဦးလား ကလေးစရိတ်က ကြီးပါဘိနဲ့ နည်းနည်းပါးပါး စုပါဆောင်းပါဦးလား။ ကလေးမွေးရင် အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရနဲ့ တစ်နှစ်လောက် လွတ်လွတ်လပ်လပ် နေကြပါဦးလား။ အသက်ကြီးလို့ ကလေးချက်ချင်း ယူတာက ထားပါတော့ သူတို့က ငယ်ငယ်လေးတွေပဲ ရှိသေးတဲ့ဟာကို။ အေးလေ သူတို့က မွေးရုံမွေးပြီး ယောက္ခမတွေ၊ မိဘတွေ ကြည့်လိမ့်မယ်လို့ တွေးသလား မသိဘူး။ သားဆက် ဘယ်လိုခြားရမလဲ ဆိုတာကိုရော အဲ့ဟာမလေး သိလို့လား တော်ကြာ မဇာလို အပြင်မှာ တစ်နှစ်ခွဲ နောက်တစ်ဗိုက် တဗိုက်ပြီးတဗိုက် တပြွှတ်ပြွှတ် မွှေးနေဦးမယ်။ ကလေး ဘယ်နှစ်ယောက်၊ ဘယ်လောက်ခြားပြီး ယူမယ်ဆိုတဲ့ ပလမ်လည်း ရှိမယ်မထင်။ မောင်မောင့်ကို မေးကြည့်တယ် ကလေးချက်ချင်း ယူမယ်ဆိုပြီး ယူလိုက်တာလား တားတဲ့ကြားက ရတာလားလို့မေးတော့ နောက်လည်း ယူမှာပဲ၊ အသက်လည်း ငယ်တော့တာမှ မဟုတ်တာတဲ့။ အဲဒီကောင်လား ဘာပလမ်မှ ရှိမယ်မထင်ဘူး။ မင်္ဂလာလည်း အဖေဆောင်ပေး ယူပြီးတော့လည်း ယောက္ခမအိမ်တက်နေတာ အဆင်သင့်။ ခု ကလေးလည်း ယောက္ခမ၊ မိဘတွေ ကြည့်လိမ့်မယ်လို့ နေမှာ။ မောင်မောင်က မသိတတ်တောင် အဲ့ဟာမလေးက တစ်နှစ်လောက် နေဦးမယ်လို့ စိတ်ကူးမရှိဘူးလား။

အယ်မလေး အဲ့ဟာမလေး ဘာသိမတုန်း ယောကျ်ားနားကပ်နေဖို့ပဲသိတာ (ဟင် သူကျ ယောကျာ်းနား မကပ်တာ ကျနေ) ။ ငါက အဲ့ဟာမလေးကို တော်မယ်ထင်တာ နင်တို့ကွန်ပျူတာတက္ကသိုလ်ကတဲ့။ အယ်မလေး ငါတို့ ကွန်ပျူတာဆိုလို့ အထင်မကြီးနဲ့တော့ရေ။ ကိုယ်တွေလက်ထက်တုန်းက ငါးဘာသာခေတ်မှာ ၃၇၀ ရမှ ကွန်ပျူတာ ဝင်ခွင့်ရတာ။ မိန်းကလေးက ယောကျာ်းလေးထက် အမှတ်ပိုမြှင့်သေးတယ်။ ဒီတော့ ဆေးပြုတ်တွေမှ ကွန်ပျူတာ ဝင်တာ။ ငါတို့ဆရာတွေ ခေတ်တုန်းကဆို ကွန်ပျူတာက ဆေးထက် အမှတ်ပိုမြှင့်တယ်တဲ့။ ခုခေတ်က ခြောက်ဘာသာခေတ်ကို ၃၇၀ နဲ့ ဝင်တာ ငါတို့လောက် မတော်ဘူးအေ့။ အေးလေး ဘာပဲဖြစ်ဖြစ် ကွန်ပျူတာဆိုတော့ နည်းနည်းတော့ တော်မှာပေါ့။ ဘွဲ့က နှမြောစရာကြီး နည်းနည်းလေး ကြိုးစားပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ လုပ်ပါလား။ အမ်မလေး နိုင်ငံခြားမှာ ကျောင်းတက်ဖို့ဆိုတာ စာတော်ရုံနဲ့မရဘူး မိဘကလည်း ထောက်ပံ့နိုင်မှ ကိုယ်တိုင်ကလည်း နိုင်ငံခြားမှာ တစ်ယောက်တည်း ရင်ဆိုင်ဖို့ သတ္တိရှိမှ။ ငါ ပြောတော့ သင်တန်းတွေ အများကြီး ပြန်တက်ရမှာတဲ့။

New York Botanic Garden, Bronx

ဟဲ့ သူများကို နိုင်ငံခြားကျောင်း တက်ခိုင်းနေ ကိုယ့်မောင်ကျတော့ နိုင်ငံခြားကျောင်းမပြောနဲ့ မြန်မာပြည်က သင်တန်းတောင် သွားတက်လို့လား သင်တန်းကြေးသွင်းပြီး တစ်ရက်ပဲ သွားတက်တယ်မလား။ ဆယ်တန်းအောင်တာ လေးနှစ်ရှိပြီ ပထမနှစ်ပဲ ရှိသေးတယ်။ တက္ကသိုလ်မှာ စာလည်းမသင်ဘူး ပျင်းစရာကြီး အဝေးကြီး ကားစီးရတာ ပင်ပန်းတယ်ဆိုပြီး ကျောင်းသွားမတက်ဘူး။ နောက် အဝေးသင်ပြောင်း၊ ဘာသာပြောင်းနဲ့ အဝေးသင် စာမေးပွဲတွေဖြေတာ မသိလိုက်ဘူးတဲ့။ ဆယ်တန်းအောင်တာ ဆယ်နှစ်ရှိတော့ ခုထိ ဘွဲ့မရသေးဘူး။ ဘွဲ့ဆိုတာ သုံးစားလို့မရဘူး ဒါပေမဲ့ လူတိုင်း အလွယ်တကူ ရတဲ့ဘွဲ့ကိုတောင် မရဘူးဆိုတော့ အသုံးမကျလိုက်တာ သူ့ဟာက မလွန်လွန်းဘူးလား။ အဖေက ဒီတစ်ခါစာမေးပွဲပြီးရင် ဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံသွားရိုက်မလို့ တွေးနေတာ ကျတယ်တဲ့။ ငါ့မှာ သားသမီးသုံးယောက်ရှိတာ အတူတူ ပညာသင်ပေးရဲ့သားနဲ့သမီးနှစ်ယောက်က ပညာအမွေတွေယူ နင်တစ်ယောက်တည်း အသုံးမကျဘူးလို့ အမေက ပြောတတ်တယ်။ အဖေက သူ့သားက သူများတွေလို အရက်၊ ဆေးလိပ်မသောက်၊ မူးရူးနေတာ မဟုတ်တာကိုဘံ အတော်ကြီးဟုတ်လှပြီလိုမြင်တယ်။ အမေက အမြင်မှန်တယ် သူ့သားဆိုပြီး အကောင်းမပြောဘူး။

အဲ့ဟာမလေး မတော်လို့သာ အမေ့သားကို ယူတာပေါ့ တော်တဲ့သူဆို အမေ့သားကို ယူမလား။ အမေက ဟုတ်ပါ့ ငါ့သားကများ မသိတတ်လို့ သူ့မိန်းမက သိတတ်မယ်ထင်တာ ထူးမခြားနားပါလား။ အသွင်တူလို့ အိမ်သူဖြစ်တာ အမေ့ရေ။ ကန်စွန်းရွက်ကြော်တာလည်း မည်းနေအောင် ကြော်တယ်တဲ့။ သူ့အမေက အိမ်ရှင်မ အရမ်းပီသတာဆို သူ့သမီးကျတော့ ချာလှချည်လား။ (အင်း ငါ့ကို ကန်စွန်းရွက် ကြော်ခိုင်းရင် အဲဒီလို မည်းနေမှာ အဲဒီအခါ ငါ့ယောက္ခမ၊ ယောက်မတွေက ငါ့ကို ဒီလိုပဲ အတင်းဆိုကြမလားမသိ။ အင်း ယောက္ခမအိမ် လိုက်မနေမှဖြစ်မယ်)။ မောင်မောင် ခု ဝလာလိုက်တာ မျက်နှာဖောင်းဖောင်း မေးစေ့နှစ်ထပ်နဲ့ မသိရင် သူက အစ်ကိုအကြီးဆုံးလို့ ထင်ရမယ်။ ငါက ညစာလျှော့စား လေ့ကျင့်ခိုင်းလုပ်ခိုင်းရင် အင်းပါ အင်းပါနဲ့ လုပ်မဲ့ပုံလည်း မပေါ်ပါဘူး။ ဒီကောင် ငပျင်း အားရင် အိပ်နေတဲ့ကောင် ဘာမှာလုပ်လိမ့်မတုန်း။ သူ့မိန်းမကလည်း အစားလျှော့စားဖို့၊ လေ့ကျင့်ခန်းလုပ်ခိုင်းရမှန်း သိမယ်မထင်ဘူး။ အိမ်ထောင်ကျပြီးရင် ယောက်ျားလေးတွေက လှစရာမလိုတော့ပြီး ပစ်စလက်ခတ်နေကြတာ မိန်းမဖြစ်သူက တိုက်တွန်းပေးဖို့လိုတယ်။ အဲ့ဟာမလေးလား အစွမ်းအစမရှိ မထက်မြက် ယောကျ်ားကို ကြောက်နေရတာ။

သူများတွေမှာ ယောကျာ်းရရင် ယောကျ်ားအိမ်လိုက်နေကြတယ် ငါတို့အိမ်မှာတော့ ယောကျာ်းလေးက မိန်းမအိမ်နောက် လိုက်နေတော့တာပဲ။ မောင်မောင့်ဆို မယားနောက် ကောက်ကောက်ပါသွားတာ ယောက္ခမကလည်း သူ့ကို ချစ်တယ်တဲ့။ မချစ်ဘဲနေပါ့မလား ဟုတ်ကဲ့ခင်ဗျ ဟုတ်ကဲ့ခင်ဗျနဲ့ပြီးတော့မှသာ အလုပ်ကို လက်ကြောတင်းအောင် မလုပ်တဲ့ ငပျင်း ပျော့စိစိနဲ့နံတဲ့ ကြောင်ချေး။ အိမ်မှာသာ မလုပ်သာ ယောက္ခမအိမ်မှာတော့ လုပ်မှာပေါ့။ အဖေကလည်း သူ့ချွှေးမကို ချစ်လိုက်တာ ဖုန်းဆက်ရတာနဲ့ ဟိုကလည်း ဘဘ ဘဘနဲ့ ဟွန်း... အမြင်ကပ်တယ်။ ဟွန်း.. ချွှေးမကို သိပ်ချစ်မနေနဲ့ ချွှေးမက သမီးတွေလောက် မကောင်းဘူးလို့ အမေက ကြိမ်းထားတယ်တဲ့။ အင်္ကျီကလည်း လည်ပင်းအစေ့ ဝတ်ထားလိုက်တာ ဟိုဟာမစား ဒီဟာမစားနဲ့ ရှုနာရှိုက်ကုန်းလေး မျက်နှာလေးကတော့ လှပါရဲ့။ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပြီး မြို့ထဲကို မသွားတတ်ဘူးတဲ့ အံ့ရော အံ့ရော အဲဒါကို ဂုဏ်ယူနေသေးတယ်။ အေးလေ အဲဒါ ရိုးတာမှ မဟုတ်တာ တုံးတာ ခြေတလှမ်းကုဋေတစ်သန်း လှမ်းနေလို့ ဖြစ်မလား ဒီခေတ်ကြီးမှာ။ မိန်းကလေးကလည်း ထက်ထက်မြက်မြက် ယောက်ျားနဲ့ရင်ပေါင်တန်းနိုင်ရမှာ။

Lower Manhattan skyline from Hoboken, New Jersey.

မောင်မောင် သင်္ဘောသားသင်တန်းတက်တာ ပိုက်ဆံတွေဆိုတာ ကုန်လိုက်တာ ပြီးတော့ သင်္ဘောမတက်ဖြစ်။ ခုတော့ ပွဲရုံမှာလိုလို ၊ ကားမောင်းသလိုလို ဟိုယောင်ယောင်၊ ဒီယောင်ယောင်။ သူ့ယောက္ခမအိမ်က မပြည့်စုံတော့ ပန်းကန်ခွက်ယောက် အကောင်းစား မဟုတ်တာတွေမြင်တော့ မကြီးက အကောင်းကြိုက်တဲ့ မောင်မောင့်ကို သနားလို့တဲ့။ ကျွန်မတို့အိမ်မှာက အဖေက ဟင်းကောင်းကြိ ုက်တော့ အစားအသောက်က အလျှံပယ် သူ့ယောက္ခမက ချွှေတာတဲ့သူတွေဆိုတော့ သူ့ယောက္ခမအိမ်မှာ ဟင်းကောင်းမစားရဘူး ထင်တယ်။ အိမ်ကိုရောက်ရင် အသားကုန် တီးတော့တာပါတဲ့ ဒီကောင်က ဟင်းစားကကြီး အကောင်းလည်း သိပါ့ ။ ကျွန်မကတော့ မသနားပါဘူး သူ့ဘဝနဲ့သူပဲ။ အမေက ဒီကောင် ခုချိန်မှာတော့ ကျောက်ခဲကိုက်ရတောင် ပျော်နေမဲ့ အချိန်တဲ့။ ဗိုက်က ဘယ်တော့မွေးမှာတုန်း နောက်နှစ် ဖေဖော်ဝါရီ။ ကျွန်မ ဘွဲ့ယူဖို့ အဖေတို့က နောက်နှစ်လယ်လောက် လာဖို့မှန်းထားတာဆိုတော့ ကလေးမွေးပြီးမှပေါ့။ ဟွန်း ... ယူအက်စ်မှာ တစ်လပဲ နေမယ်နော် မြေးကလေးကို လွမ်းလို့ ပြန်မယ်လုပ်လို့ မရဘူးနော်။

ဘာလိုလိုနဲ့ ဆိုးပေလေး မွေးလို့  ကျွန်မတို့ရဲ့ ဆိုးပေကြီးမောင်မောင်လည်း ကလေးအဖေ ဖြစ်တော့မှာပါလား။ သူ့အလှည့်တုန်းကဖြင့် စာကောင်းကောင်း မသင်ဘဲနဲ့ သူ့သားအလှည့်ကျမှ နိုင်ငံခြားမှာ ကျောင်းထားချင်တယ် ဆိုလို့ကတော့ ဟွန်း...တကတည်း ပြောထည့်လိုက်မယ်။ ကျောင်းကောင်းကောင်း ထားနိုင်မှ ပညာကောင်းကောင်းတတ်မှာ ပညာတတ်မှ လစာကောင်းမှာ။ ခုခေတ်က ပညာကို ပိုက်ဆံနဲ့ ဝယ်ပြီး သင်ရတာ ပိုက်ဆံမရှိရင် ပညာမတတ်ဘူး။ ကလေးကို ကျောင်းကောင်းကောင်း ထားနိုင်မှ အင်း...ဒီလောက်တောင် တွေးပါ့မလား။ လစာနည်းလို့တဲ့ ငါ့ကို ညည်းပြနေတာ ငါ့တို့လို လစာကောင်းချင်ရင် ငါတို့လို အပင်ပန်းခံ၊ ဒုက္ခခံပြီး စာသင်ပါလားလို ပြောပစ်လိုက်တယ် နောက်ဆို ငါ့ရှေ့ လစာနည်းတယ်လို့ မညည်းရဲတော့ဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ယောကျာ်းယူ ကလေးတွေ တပြွှတ်ပြွှတ် မွှေးနေတဲ့ ဟာမတွေကို အမြင်ကပ်တယ်။ ယောကျာ်းယူပြီး ယောကျာ်းလုပ်စာကို ထိုင်စားနေလို့ ဖြစ်မလား နည်းနည်းပါးပါး ကြိုးစားပါဦးလား အေးလေ။ ဝိုင်းကို အဲဒီအကြောင်း ပြောပြတော့ သူတို့မိသားစုမှာလည်း အဲဒီလိုပဲတဲ့။

သူ့အဘိုးက ပထမဇနီးနဲ့ ကလေး လေးယောက်မှာ ဝိုင်းအဖေက အကြီးဆုံး၊ ဒုတိယဇနီးနဲ့ ကလေး ခြောက်ယောက်၊ မောင်နှမ ဆယ်ယောက်ကနေ မွေးလာမဲ့ ကလေးတွေ၊ ဝမ်းကွဲတွေနဲ့ သူ့ဆွေမျိုးတွေက ပိုပြီးဇယားရှုပ်တယ်။ သူ့မောင်ဝမ်းကွဲတစ်ယောက် ရုပ်ဆိုးဆိုးမိန်းမယူတာ တမျိုးလုံးက ကဲ့ရဲ့ကြတယ်ဆိုပဲ။ အရမ်းအေး၊ ဖေးမပြောပေးမဲ့ ဝိုင်း နိုင်ငံခြားရောက်နေတာ ကံဆိုးတာပဲလို့ ပြောကြတယ်။ အင်း အေးရှန်းတွေက လူမျိုးသာကွဲတာ ဓလေ့ထုံးစံတွေက အတူတူပါလားနော်။ နင်တို့က နင်တို့မောင် အသုံးမကျသေးဘူးဆိုတာ သိသေးတယ်။ တချို့တွေများဆို သူတို့သား အသုံးမကျတာကို မမြင်ဘူး ချွှေးမကိုပဲ အပြစ်ပြောနေတာ။ နင်တို့က ထက်မြက်တော့ မထက်တဲ့ယောက်မကို အားမလို အားမရ ဖြစ်နေတာပေါ့။ နင်တို့မိသားစုတွင်းသာ စကားတင်းဆိုကြတာ အပြင်မှာတော့ ဝတ္တရားအတိုင်း ပြောဆိုဆက်ဆံ ပေးကမ်းသေးတယ် မဟုတ်လား အင်း။ အဲဒီကလေးက နှစ်ဖက်မိသားစုရဲ ့ မြေးဦးဆိုတော့ သည်းသည်းလှုပ် ချစ်ကြမှာ။ မကြီးက ပထမဆုံးမြေးဦး မွေးချင်လို့တဲ့ မောင်မောင် ဦးသွားပြီး။ အရင်တုန်းက အကြီးဆုံး အိမ်ထောင်ပြုပြီးမှ နင်အိမ်ထောင်ပြုရမယ်လို့ ကျွန်မတို့တွေ တားလို့ ရပေမဲ့ မကြီးမွေးပြီးမှ နင်မွေးရမယ်လို့ တားလို့မှ မရတာ။

New York Botanic Garden, Bronx

သူများတွေက ကလေးဆိုရင် သားဦးယောကျာ်းလေး လိုချင်ကြတယ်။ ကျွန်မတို့ မိသားစုကတော့ မျောက်မူးလဲအောင် ကဲလွန်း၊ ကျွန်မတို့ ညီအစ်မတွေ ဆယ်တန်းအောင်သွားတာ အိမ်က မသိလိုက်ဘူး၊ မောင်မောင် ဆယ်တန်အောင်ဖို့ တအိမ်လုံး ဆူညံပွက်လောရိုက်၊ ကျွန်မတို့တွေလောက် မကြိုးစား မထက်မြက် အသုံးမကျတဲ့ ယောကျာ်းလေးဒဏ် ခံဖူးတော့ ယောကျာ်လေးထက် မိန်းကလေး ပိုလိုချင်တယ်။ ဒါကြောင့်လည်း မောင်မောင့်ကလေးက ယောကျာ်းလေးဆိုတော့ မျောက်မူးလဲတစ်ကောင် လာပြန်ပြီဟေ့လို့ ကျွန်မ ကြွေးကြော်တာပေါ့။ သူတို့တွေ ဘာလို့ မြေးဦးလိုချင်ကြလဲ မသိဘူး။ ကျွန်မက အလတ်မို့အကြီးဆုံး၊ အငယ်ဆုံး ဖြစ်ချင်လိုက်တာလို့ မရှိဘူး။ အချစ်တွေ အကုန်လုံးရတဲ့၊ မိဘအချစ်တွေကို မောင်နှမတွေနဲ့ ခွဲဝေစရာမလိုတဲ့ တစ်ဦးတည်းသော ကလေးလည်း မဖြစ်ချင်ဘူး။ ချစ်ဖို့ကောင်းတဲ့ ကလေးတွေ မြင်ဖူးသလို တအိမ်တည်း အတူတူနေပေမဲ့ ချစ်ဖို့မကောင်းလို့ ချစ်မလာတဲ့ ကလေးလည်း မြင်ဖူးတယ်။ မြေးဦးမှ မဟုတ်ပါဘူး ချစ်ဖို့ကောင်းတဲ့ကလေးဆို ချစ်ကြမှာပါပဲ။

မမြင်ရသေးတော့ စိတ်ထဲ ဘယ်လိုမှ ထူးထူးခြားခြား မနေပေမဲ့ မြင်ရင်တော့ ချစ်မယ်ထင်တယ်။ ကျွန်မတို့ မောင်နှမတွေက ဝမ်းကွဲတွေနဲ့ သိပ်မရင်းနှီး မချစ်ကြဘဲ မောင်နှမတွေကတော့ ချစ်ကြတယ်။ မေမေ့မောင် ကျွန်မတို့ဦးလေး မင်းချေ (မေမေ့ညီမတွေက ရခိုင်လို မောင်းချေ (အစ်ကို) လို့ ခေါ်တာကို ကျွန်မတို့တွေက လိုက်ခေါ်ရင်း မင်းချေ ဖြစ်သွားတယ်) သား သန်းဇော်ကို၊ ရန်ကုန်မှာ အိမ်နီးနားချင်း အမေ့တို့ရွာက ရပ်ဆွေရပ်မျိုး ဘိုးလေးရဲ့သား မောင်ကြည်အောင်၊ မေမေ့ညီမနဲ့ အဖေ့ညီဝမ်းကွဲရဲ့ သမီး ကျွန်မညီမဝမ်းကွဲ ပိုပို၊ မေဇင်ထွန်း၊ ဘေးအိမ်က အကြင်နာတို့ကို ချစ်ကြတာပဲ။ ကျွန်မတို့ မိသားစုက ကလေး၊ ခွေး၊ ကြောင် တော်တော်ချစ်ကြတယ်။ ကျွန်မအိမ်ရှင်ရဲ့ ကြောင်မိုချီနဲ့ ခွေးနတ်စုကိုလည်း ဓာတ်ပုံကနေတဆင့် ချစ်နေကြတယ်။ မောင်မောင့်သားကိုလည်း ချစ်ကြမှာပါပဲ။ အရင်ပို့စ်တွေတုန်းက မျိုးရိုးထဲမှ ဆိုးပေကြီးက မောင်မောင် ခုပို့စ်မှာတော့ ဆိုးပေကြီးတွေက တခြားသူ ဟုတ်ရိုးလား... ကျွန်မတို့ ညီအစ်မတွေပေါ့။

စန်းထွန်း
နိုဝင်ဘာ ၂၈၊ ၂၀၁၄။

(ပင်စယ်ဗေးနီးယားနဲ့ နယူးဂျာဆီပြည်နယ်တွေကို ကျေးဇူးတော်နေ့ရုံးပိတ်ရက် ခရီးထွက်ဖို့ ရှိပါတယ်။ ပြန်လာရင် တောလားတွေ ရေးတင်ပါဦးမယ်။ Happy Thanksgiving ! Happy Holidays ! )

ရေးခဲ့ပြီးတာ‌တွေက
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၁
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၂
မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၃

ဖီလင် ၃၂...

New York Botanical Garden, Bronx (ဘရောင်းစ်လို့ အသံထွက်ပါတယ်)
Admission is free at every Saturday from 9 to 10 am. There is Metro North train leaving from Grand Central at 9 25 am and arriving to Botanic Garden station at 9 47 am, right in front of NY Botanic Garden. The train fare is  only 4 bucks ($4). B,D,4 subway trains are a bit far, 25 minutes walking and 10 mins bus ride, we did that when we returned home. Summer at NY Botanic Gardens are really awesome with Rose Garden, Orchid exhibition, Halem river and forest. I can't believe there is such a cool, quiet and calm place in the middle of crowded, congested and busy area. I am so moved to touch Mother nature.

ဖီလင် ၃၁ ရေးပြီးတာ မကြာသေးဘူး ဖီလင် ၃၂ ရေးနေရပြီ။ တစ်နှစ်ဆိုတာ ခဏလေးပါလား အချိန်ကုန်တာ မြန်လိုက်တာ။ ငယ်ငယ်ကတည်းက မွေးနေ့ကိတ်လှီးပြီး ဖယောင်းတိုင် မှုတ်ခဲ့ရသူ မဟုတ်လေတော့ မွေးနေ့ကိတ် လှီးရမှာကို ဖီးလ်သိပ်မလာဘူးရယ်။ မွေးနေ့ကိတ် လှီးရမှာထက် မိသားစု၊ သူငယ်ချင်းတွေနဲ့အတူတူ  ဝိုင်းဖွဲ့စားသောက် ရတာကို ပိုနှစ်သက်တယ်။ ကိုယ့်မွေးနေ့က ကျေးဇူးတော်နေ့နဲ့ တိုက်ဆိုင်နေတတ်တာ ဒီနှစ်မှာ တော့  မွေးနေ့က စောနေတယ်။ ၂၀၁၁ တုန်းက ယန်းဇီပေးတဲ့ ကိတ်မုန့်သေးသေးလေးက ကိုယ့်ဘဝရဲ့ ပထမဆုံး မွေးနေ့ကိတ်ဖြစ်ပြီး ၂၀၁၂ ကျေးဇူးတော်နေ့ပိတ်ရက် ဆူနမ်ရှိတဲ့ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြိ ု့ကို ရောက်နေတဲ့  ကိုယ့်ကို ဆူနမ်က မွေးနေ့ကိတ် တဝက်သာသာ ကိတ်မုန့်လေးတွေဝယ် ဖယောင်းတိုင်ထွန်း ဘော့စတွန်မှာနေတဲ့ ရာမားက စကိုက်ဗွီဒီယိုကနေ ဆူနမ်နဲ့အတူတူ ဟတ်ပီးဘတ်ဒေး ဆိုပေးတဲ့ ၂၀၁၂ မွေးနေ့ကတော့ ပထမဆုံး ဖယောင်းတိုင်မှုတ်ရတဲ့ မွေးနေ့ဆိုပါတော့။

ဆူနမ်တို့နဲ့ မွေးနေ့ညစာ စားမလို့ဖုန်း‌ခေါ်တာလည်း မကိုင်၊ အိမ်ကို သွားတော့လည်း မတွေ့။ အိမ်ရှင်မ ရှယ်ရွန်ကို ပီဇာဝယ်ကျွှေးတော့ သူက ဝိုင်နီတွေထုတ်ပြီး ဖန်ခွက်ချင်းတေ့ ဟတ်ပီးဘတ်ဒေးလုပ်တယ်။ အဲဒီနေ့က ဆူနမ်နဲ့အမ်းထရူးက ရာမားက နီပေါကနေ ပြန်လာမှာမို့ လေယာဉ်ကွင်းမှာ သွားစောင့်နေတာ လေယာဉ်က ဒီလေးဖြစ်လို့ ၆ နာရီလောက် စောင့်နေရတယ်တဲ့အပြင် ကိုယ့်မွေးနေ့ဆိုတာလည်း မသိပါဘူးတဲ့။ နောက်ဆို မွေးနေ့မတိုင်မှီ သုံးရက်အလိုမှာ ကြိုပြောတဲ့။ အစိုးရရှပ်ဒေါင်းဖြစ်လို့ ရုံးပိတ်ပြီးကတည်းက ပြန်မဖွင့်တော့လို့ လေးအော့ဖ်ထိ၊ အချစ်ဆုံးသူငယ်ချင်းတွေကလည်း ကိုယ့်မွေးနေ့ကို မသိတဲ့ ၂၀၁၃ မွေးနေ့ကတော့ အဆိုးဆုံးပါပဲ။ ၂၀၁၄ မွေးနေ့က တနင်္လာနေ့ကျရောက်တာမို့ တနင်္ဂနွေနေ့မှာ ဘုန်းကြီးကျောင်းသွားပြီး ဝထ္ထုငွေသွားကပ်မယ်လို့ စိတ်ကူးထားတယ်။ မွေးနေ့ဆွမ်း ကပ်ချင်ပေမဲ့ ထမင်းဆိုင်ကနေ ဟင်းမှာစားနေသူမို့ ချက်ပြုတ်ဖို့ တကယ်ပျင်းတယ်။ ဆွမ်းချက်မယ်ဆိုရင် ဝယ်ဖို့ခြမ်းဖို့ ချက်ဖို့ပြုတ်ဖို့အတွက် ပိတ်ရက်တွေမှာ လုပ်နေကျ လမ်းလျှောက်ထွက်ခြင်းအမှု ဖျက်ရမှာကိုလည်း မဖျက်ချင်။

ကိုယ့်မွေးစားအမေက ဖုန်းဆက်လာပါတယ် တနင်္ဂနွေနေ့ ဘယ်အချိန်အားလဲ ဘုန်းကြီးကျောင်းကို အရုဏ်ဆွမ်းသွားကပ်ပြီး အပြန် ကိုယ့်ကို အစားအသောက်တွေ ပေးမလို့တဲ့။ ဘတ်စ်ကားနဲ့ နယူးယောက်ကို မနက်ဖက်သွား မေရီလန်းကို ညနေပြန် ဖေ့စ်တူဖေ့စ် အင်တာဗျူးပြီး မကြာခင် နှစ်ပတ်အကြာ ရုံးတက်နိုင်မလားဆိုပြီး နယူးယောက်အလုပ်က အော်ဖာကမ်းလာတော့ နယူးယောက်မှာ အိမ်ခန်း အသည်းအသန် ရှာရဖို့ ဖန်လာတယ်။ နယူးယောက်မှာ အသိဘယ်သူတွေရှိလဲ လုပ်ပါဦးဟ ကူညီကြပါဦးဟ။ နယူးဂျာဆီမှာနေတဲ့ ဘလော့ဂါ မမီးငယ်ဆီကိုလည်း ဖုန်းလှမ်းဆက် အကူအညီတောင်း အရပ်ကူပါ လူဝိုင်းပါ။ မကေခိုင်မိတ်ဆွေ ကိုဝင်းငယ်အစ်မ နယူးယောက်မှာရှိတယ် သူ ကူညီပေးလိမ့်မယ်တဲ့။ အဲဒီအစ်မနဲ့ ဖုန်းခဏပဲ ပြောဖြစ်လိုက်တယ်။ ကိုယ်လည်း မေရီလန်းကနေ ပြောင်းဖို့ရွှေ့ဖို့ပြင်ဆင်၊ ကားကိုရောင်းလိုက်တော့ ကန်တက်ကီပြည်နယ်ကနေ မေရီလန်းပြည်နယ်ကို ပြောင်းလာသလို ပစ္စည်းတွေကို ကားထဲအကုန် ပစ်ထည့်ပြီး ပြောင်းဖို့မဖြစ်နိုင်တော့ ပေးသင့်တာတွေပေး၊ ပစ်သင့်တာတွေပစ်၊ အရေးမကြီးတာတွေကို စာတိုက်ကနေပို့၊ အရေးကြီးတာတွေကို ကိုယ်နဲ့ တပါတည်းသယ်။

Ohma's family.

နယူးယောက်ဘတ်စ်ကားဂိတ် ပို့အသော်ရတီကနေ တက္ကစီငှားပြီး တိုက်ရှေ့ရောက်တော့ ကိုယ့်အိမ်ရှင်တွေက အလုပ်ကနေ ပြန်မရောက်သေးဘူး။ ကိုဝင်းငယ်က စောင့်ရှောက်လိုက်ပါဆိုတာနဲ့ မြင်လည်းမမြင်ဘူး သိလည်းမသိကျွှမ်းတဲ့ ကိုယ်အတွက် အိမ်ခန်းတွေကို လိုက်ကြည့်ပြီး ရှာပေးထားတဲ့ အစ်မနဲ့ အဲဒီတော့မှပဲ ဆုံဖြစ်ကြတယ်။ ညနေစာကို သူ့အိမ်မှာပဲစား ကိုယ်နေတာကလည်း အဲဒီအစ်မရဲ့ အိမ်ရှေ့တိုက်ဆိုတော့ ပိတ်ရက်တွေဆို အဲဒီအစ်မအိမ်မှာ မုန့်ဟင်းခါးချက်ရင် မနက် ၁၀ နာရီ အိပ်ယာက နိုးတာနဲ့ သွားစားတော့တာပဲ။ အဲဒီတုန်းက ရာသီဥတုကလည်းအေး၊ အလုပ်ကလည်း တအားပင်ပန်းတော့ ပိတ်ရက်တွေဆို အပြင်သွားဖို့ထက် အိပ်နေတော့တာပဲ။ ဒီလိုနဲ့စတင်သိကျွှမ်းခဲ့ရတဲ့ အစ်မက ကိုယ့်ကို မွေးစားသမီးတစ်ယောက်ရတယ်လို့ မှတ်ယူပြီး ကိုယ်ကလည်း မွေးစားအမေ (အိုမား) ရတယ်လို့ မှတ်ယူတယ်။ အချက်အပြုတ်မကျွှမ်းတဲ့ ကိုယ်ကလည်း အချက်အပြုတ်ကောင်းတဲ့ အိုမားဖိတ်ခေါ်ရင် ငတ်သမျှ အတိုးချပြီး စားတတ်တယ်။ ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းလို့ ဆိုကြတဲ့ ဘဝကြီးမှာ ကိုယ့်အတွက်တော့ အိုမားတို့အိမ်က စားအိမ်သောက်အိမ် ဆွေမျိုးရင်းချာအိမ်လို့ ခံယူထားတယ်။

အိုမားက မနက်အရုဏ်ဆွမ်းကို အနီးအနားက သုံးပါးကျောင်းလို့ ခေါ်ကြတဲ့ကျောင်းမှာ သွားကပ်မှာဆိုတော့ ကိုယ်ကလည်း လိုက်ချင်တယ် မွေးနေ့ဝထ္ထုငွေ ကပ်ချင်လို့။ မနက် ၆ နာရီ အိုမားက ဝင်ခေါ်ပြီး မနက်အရုဏ်ဆွမ်းအဖြစ် ကြက်သား၊ ပလာတာ၊ အချိုပွဲအဖြစ် မန္တလေးပဲကြော်၊ ပြောင်းဖူးကြော်၊ ပန်းသီး ကပ်ကြတယ်။ မနက်အစောကြီး ထရလို့ အိပ်ငိုက်နေတဲ့ ချစ်စရာကောင်းတဲ့ ဖအေတူသမီး ငယ်လေး၊ အိုမားနဲ့တူလို့ ချောမောတဲ့ အကြီးမလေး နှင်းနှင်းနဲ့ စကားတွေ ပြောတော့မှ နှင်းနှင်းမွေးနေ့အလှုမှန်း သိရတယ် ကိုယ့်မွေးနေ့က မနက်ဖြန်။ အရုဏ်ဆွမ်း ဘုဉ်းပေးပြီးတဲ့ ဆရာတော်တွေကို ဝထ္ထုငွေ၊ သင်္ကန်းကပ်တော့ ဆရာတော်က သီလပေး၊ မွေးနေ့မင်္ဂလာတရားဟော၊ ပြုသမျှကုသိုလ်တွေကို ရေစက်အမျှဝေတော့ ကျေနပ်ပီတိဖြစ်ရတယ်။ ကိုယ်စိတ်ကူးထားတဲ့ မွေးနေ့အလှုလေးပါပဲ။ မနှစ်ကနဲ့ယှဉ်ရင် ဒီနှစ်က ကျေနပ်စရာ ကောင်းပါတယ်။ အလုပ်က ပင်ပန်း၊ စိတ်ဖိစီး၊ ဘီးစီးတော့ အရင်လို လေးအော့ဖ်မှာ မပူရဘူး။

မေရီလန်းအိမ်နားက မက်သရူးဟန်ဆန်ထရေးလမ်းလေးကိုတော့ သတိရမိတယ်။ အဲဒီထရေးလမ်းလေးမှာ လမ်းလျှောက်ရင်း စိမ်းစိမ်းစိုစို သစ်ရွက်ကလေးတွေ အရောင်ပြောင်းလာတာ၊ တစ်ပတ်နှစ်ခါ၊ ပိတ်ရက်တွေဆိုရင် မနက်တိုင်း အပြေးသွားလေ့ကျင့်ရတာကို တမ်းတမိတယ်။ နယူးယောက်ရောက်ပြီးကတည်းက အပြေးလေ့မကျင့်တော့တာပါပဲ။ နယူးယောက် ရုံးတက်ရုံးချိန်တွေမှာ တစ်နေ့ကို အနည်းဆုံး နာရီဝက်ကျော် လမ်းလျှောက်ရတယ်။ ပိတ်ရက်တွေမှာ လမ်းလျှောက်အဖွဲ့နဲ့ အနည်းဆုံး ၄ မိုင် လမ်းလျှောက်ဖြစ်တယ်။ စိတ်တူကိုယ်တူ ဝါသနာတူတဲ့ ဝိုင်းလို သူငယ်ချင်းရတော့ ခရီးတွေ အတူတူသွား၊ တောင်သွားတက်၊ ပိတ်ရက်တွေဆို ဓာတ်ပုံတွေ သွားရိုက်ဖြစ်တယ်။ ဆူနမ်၊ ရာမား၊ မိုင်းဖန်၊ အမ်းထရူးတို့နဲ့ အဆက်အသွယ် မရှိတော့တာ နယူးယောက် ပြောင်းပြီးကတည်းက။ တိုင်ပင်စရာ ကိစ္စရှိမှ အီးမေးလ်ပို့ဖြစ်တော့တယ်။ ဂီတာတီး မသင်ဖြစ်တာလည်း ကြာပြီ။ အိမ်ရှင်တွေထက် မိုချီ၊ နတ်စုတို့နဲ့ပိုရင်းနှီးလာတယ်။ အရင်လို  ခပ်တည်တည် နှုတ်နည်းတဲ့သူ မဟုတ်တော့ဘဲ လူတိုင်းကို ပြုံးပြ နှုတ်ဆက်တတ်လာပြီ။

Parents at Buddha Gaya.

ယူအက်စ်ရောက်ပြီး မကြာခင် ဂျူလှိုင်မှာဖွင့်တဲ့အတန်းကို စောင့်ဖို့ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာနေတဲ့ မကေခိုင်ဆီ သွားလည်ပတ်တုန်းက ကားမောင်းသင်ပေးဖူးတဲ့ မကေခိုင်မိတ်ဆွေ ကိုဝင်းငယ်နဲ့ လေးနှစ်အကြာ မကြာသေးခင်က နယူးယောက်မှာ ပြန်တွေ့ကြတယ်။ ကိုဝင်းငယ်က စန်းထွန်းတစ်ယောက် သွက်သွက်လက်လက် ကိုယ့်ကိုကိုယ် ယုံကြည်မူအပြည်နဲ့ ယောကျ်ားလေးကျနေတာပဲလို့ မကေခိုင်ကို ပြောတယ်တဲ့။ အဖေ၊ အမေ၊ မကြီးတို့ ခင်းထားပေးတဲ့လမ်းမှာ အဆင်သင့်လျှောက်ရတဲ့ စန်းထွန်းတစ်ယောက် ယူအက်စ်ရောက်မှ အခက်အခဲဒုက္ခတွေကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ဖြေရှင်းရတော့ ကြံ့ခိုင်လာတယ်နဲ့ တူပါရဲ့။ ဗုဒ္ဓဂါယာဘုရားဖူးအတွက် သမီး ပေးစရာမလိုဘူး အဖေတို့မှာ ပိုက်ဆံရှိတယ် ဆိုပေမဲ့ ကိုယ်က ကုသိုလ်ယူ ပို့ပေးတာကို အဖေနဲ့အမေက ဝမ်းသာဂုဏ်ယူမဆုံး တပြုံးပြုံး ကြွားမဆုံး ပြောမဆုံး ဖြစ်နေတာကိုလည်း ကျေနပ်မိပါတယ်။ နိုင်ငံခြားဘာသာစကားတစ်ခုကို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်၊ ဂီတတစ်ခုခုကို ကျွှမ်းကျွှမ်းကျင်ကျင် တီးတတ်ချင်တဲ့ ဆန္ဒမပြည့်သေးဘူး။ တရုတ်စာကို နည်းနည်းသိပေမဲ့ ကျွှမ်းကျွှမ်းကျင်ကျင် မတတ်ဘူး။

တလောက Skechers ဖိနပ်ဆိုင်မှာ တရုတ်မတစ်ယောက်က တရုတ်လားလို့ မေးလာလို့ တရုတ်မဟုတ်ဘူး၊ မြန်မာ၊ တရုတ်စာကို နည်းနည်းပဲ ပြောတတ်တယ်လို့  ပြောလိုက်တာနဲ့ လက်ဆွဲပြီး အတင်းဘာသာပြန်ခိုင်းတော့တာပဲ။ ဘူးတွေကို ထိုးပြပြီး ကွိစိကွစိ ပြောနေတာ တစ်လုံးမှ နားမလည်ပေမဲ့ ဒစ်စကောင့်ချခိုင်းတာနဲ့ တူပါရဲ့ဆိုပြီး တစ်ခုဝယ်ရင် နောက်တစ်ခုကို ဒစ်စကောင့် ပေးလား မေးကြည့်တော့ ဒစ်စကောင့် မရှိဘူးတဲ့။ မေးယိုဒစ်စကောင့် (ဒစ်စကောင့် မရှိဘူး) ၊ နီ ယောက် ပန်းမန် ( အကူအညီလိုသေးလား) လို့ မေးတော့ ပူးယောက် (မလိုပါ) ရှဲ့ရှဲ့တဲ့။ ဝိုင်းလို ပြင်သစ်စာကို ကျွှမ်းကျွှမ်းကျင်ကျင် ပြောတတ်ရေးတတ်၊ အီတလီစကားကို ထမင်းစားရေသောက် ပြောတတ်၊ စပိန်စကားကို အခြေခံအဆင့်လောက် ပြောတတ်ချင်လိုက်တာ။ အိုးအိမ်မဲ့တွေနဲ့ မျက်လုံးချင်မဆိုင် ရှောင်တတ်ပေမဲ့ တခါတုန်းက ဘရိုင်ယန်ပန်းခြံက လှေကားတွေပေါ်ကို တွန်းတင်နေတဲ့ အဘွားကြီးတစ်ယောက် တွေ့ပေမဲ့ ကူညီပေးရမလား မမေးမိဘူး။ Could you please help me လို့ တိုးဖျော့ညင်သာတဲ့ အသံကြားတော့မှ သွားကူညီတာ အားပါးပါး တွန်းလှည်းက အလေးကြီး။ ကျေးဇူးတင်စကားဆိုနေတဲ့ ငွေရောင်ဆံပင်၊ ပိန်ပိန်ပါးပါး၊ အိုးအိမ်မဲ့ပေမဲ့ ညစ်ပတ်မနေတဲ့ အဘွားကြီးကို You are welcome လို့ ဆိုပြီး ထွက်လာမိပြီး အတော်ကြာမှ ပိုက်ဆံအကြွေ မပေးလိုက်မိတာ နောင်တရတယ်။

ဘရိုင်ယန်ပါ့ခ်ပန်းခြံနားရောက်တိုင်း ငွေရောင်ဆံပင်၊ တိုးလျညင်သာစွာ စကားဆိုတတ်တဲ့ ပိန်ပိန်ပါးပါး ၊ တွန်းလှည်းတစီးကို တွန်းနေတတ်တဲ့ အဘွားကြီးတစ်ယောက်ကို တွေ့လိုတွေ့ငြား ရှာဖွေမိနေဆဲ။ မိုးရွာပြီးစ ညနေခင်းမှာ Dear Passengers, there is big rainbow through the right windows လို့ ကြေငြာတဲ့ မီးရထားမောင်းသူ တစ်ယောက်ကို မှတ်မှတ်ရရ ရှိနေဆဲ။ နေ့တိုင်း ဒီအချိန်၊ ဒီရထား၊ ဒီအလုပ်၊ ဒီလူတွေနဲ့သမာရိုးကျဘဝထဲမှာ အပတ်တိုင်း နေရာသစ်တွေဆီ လမ်းလျှောက်ထွက်ဖြစ်လို့ မမြင်ဘူး၊ မရောက်ဘူးတဲ့ နေရာတွေရောက်ဖူး၊ သိကျွှမ်းရတဲ့ မိတ်ဆွေသစ်တွေရဲ့ အတွေ့အကြုံတွေကို နားထောင်ရလို့ ဘဝကြီးက ရိုးအီမနေဘူး။ လမ်းလျှောက်၊ တောင်သွားတက်နေတာ မပင်ပန်းဘူးလား အိမ်မှာ ရုပ်ရှင်ကြည့်ပြီး အေးအေးဆေး အနားယူပါလားလို့ ပြောကြတယ်။ ကိုယ့်အတွက်တော့ အပတ်တိုင်း လမ်းလျှောက်၊ တောင်တက်၊ ဓာတ်ပုံတွေ ရိုက်နေရတာ အနားယူခြင်း တစ်မျိုးပါပဲ။  အဲဒါတွေသာ မလုပ်ရရင် ဘဝကြီးက ပျင်းရိငြီးငွေ့စရာ ကောင်းနေမှာပေါ့။

ဖေ့ဘွတ်၊ မက်ဆေ့စ်၊ ဂျီတော့၊ ဘလော့ကွန့်မန့်ကနေ မွေးနေ့ဆုတောင်း တောင်းပေးကြသူတွေကို ကျေးဇူးတင်ပါတယ်။ သူတို့ကြောင့်သာ မွေးနေ့ကို အဓိပ္ဗာယ်ရှိတဲ့ စပါယ်ရှယ်ဒေး ဖြစ်စေတာပေါ့။ ဖေ့ဘွတ်အသုံးနည်းလို့ မွေးနေ့ဆုတောင်းဖို့ ပျက်ကွက်ခဲ့တာ၊ ဘလော့တွေမှာ ကွန့်မန့်ပေး၊ ဘလော့မဂင်းနိုင်တာတွေကို နားလည် ပေးစေချင်ပါတယ်။ နိုဝင်ဘာလရဲ့ နောက်ဆုံးပတ် ကြသပတေးနေ့က ကျေးဇူးတော်နေ့၊ သောကြာနေ့က ဘလက်ဖရိုင်းဒေး ဈေးအကြီးအဝယ် ဝယ်ကျတဲ့နေ့ဖြစ်လို့ အမေရိကန်တွေရဲ့ အားလပ်ရက်တွေ ဖြစ်ပါတယ်။ ခရစ်စမတ်သစ်ပင်လေးတွေ စတင်ချိတ်ဆွဲ အလှဆင်ကြပြီမို့ ခရစ်စမတ်ပွဲတော်ချိန်လို့တောင် ခံစားမိတယ်။ စာလာဖတ်တဲ့ မိတ်ဆွေတွေလည်း Happy Thanksgiving ! Happy Holidays ! ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

စန်းထွန်း
နိုဝင်ဘာ ၂၄၊ ၂၀၁၄။

‌ရေးပြီးတာက
ဖီလင် ၃၁

အောက်တိုဘာ ဖေးဘရိတ်...

Japanese Garden at Brooklyn Botanic Garden
Brooklyn Botanic Garden

အောက်တိုဘာလမှာ ဖေးဘရိတ်ဖြစ်တဲ့ အရာတွေကို ဝတ်ဆင်ပြီး အောက်တိုဘာလမှာ မဟုတ်ဘဲ နိုဝင်ဘာလရဲ့ ဒုတိယပတ် လွန်ခဲ့တဲ့ စနေနေ့ကမှ ဘရွတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်းမှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးပါ။ ဦးထုပ်တွေကို နှစ်သက်သူတစ်ယောက်အတွက် ဒီနှစ်ဆောင်းတွင်းမှာ ဖေးဘရိတ်ဖြစ်နေတဲ့ ဦးထုပ်လေးက မကြာသေးခင်ကမှ ဝယ်လိုက်တဲ့ Wool Beret နံပြားဦးထုပ်လေးပါ။ ဆောင်းတွင်းဆို ကုတ်အင်္ကျီကလည်း အနက်၊ ဘောင်းဘီကလည်း အနက်၊ ဖိနပ်ကလည်း အနက်၊ လက်အိတ်နဲ့ မာဖလာကလည်း အနက် တကိုယ်လုံး နက်နေတာများ မျက်နှာလေး ကွက်လင်းနေလို့သာ တော်တော့တယ်။ ဒါကြောင့် နောက်များ ဦးထုပ်၊ မာဖလာဝယ်မယ်ဆိုရင် အရောင်တောက်တောက် ဝယ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဦးထုပ်မှာ ထွင်းထားတဲ့စာလုံးက နာမည် အတိုကောက်လားလို့ မေးကြတယ်။ အမှန်က Ralph Lauren အတိုကောက် RL လို့ ရေးထားတာပါ။

JCrew ၊  Tiffany တို့ရဲ့ တချို့ပစ္စည်းတွေက နာမည်အတိုကောက် ထွင်းပေးလို့ရပြီး ထွင်းခ ပေးရတယ်။  Ralph Lauren တံဆိပ် ဦးထုပ်ဆိုရင် Women ဆိုဒ်ကကြီးနေလို့ Children Girl 7 - 16 အတွက် ထုတ်တဲ့ဆိုဒ်နဲ့မှ တော်တယ်။ အနီရောင်ရဲရဲ၊ ဦးထုပ်ဒီဇိုင်းလေးက ချစ်စရာကောင်းသလို နွေးလည်းနွေးတော့ ဆောင်းတွင်းမှာ ဖေးဘရိတ် ဖြစ်နေတဲ့ ဦးထုပ်ဆိုပါတော့။ လွန်ခဲ့တဲ့ နှစ်ပတ်က ဘရွတ်ကလင်းဘော်တနစ်ကယ်ဂါးဒင်းကို ဓာတ်ပုံသွားရိုက်တာ အဲဒီနေ့က မိုးတွေရွာ၊ ရာသီဥတုချမ်းလို့တုန်နေတာနဲ့ ၁ နာရီမှာ စတင်တဲ့ ဘော်တနစ်ဂါးဒင်းတိုးကိုတောင် မစောင့်နိုင်တော့ဘဲ ပြန်ခဲ့တော့တယ်။ ဝိုင်းက ကိုယ့်လောက် ချမ်းပုံမရဘူး။ ကိုယ် ချမ်းနေတာတွေ့တော့ အနွေးထည်အကြောင်း၊ အင်္ကျီအကြောင်းပြောကြရင်း Cashmere ကက်ရှ်မီးယားအကြောင်း ရောက်သွားတယ်။ ကက်ရှ်မီးယားသိုးဆီကနေ ထုတ်လုပ်ထားတဲ့ ကက်ရှ်မီးယားအဝတ်အထည်တွေက ဈေးကြီးသလို အင်မတန်နွေးတယ်။ ရာမားဝတ်ထားတဲ့ ကက်ရှ်မီးယားက ဈေးကြီးတယ်လို့ ဆူနမ် ပြောဖူးတယ်။

ဟုတ်တယ် ဈေးချတာတောင် ၂၀၀ အောက် မလျော့ဘူး ။ ကက်ရှ်မီးယားဝတ်ထားရင် Layer တွေ အများကြီး ဝတ်စရာ မလိုဘူး။ မင်း ဝတ်ထားတာ ဘာတုန်း wool သိုးမွှေးလေ နွှေးတယ်။ ဒါပေမဲ့ ကက်ရှ်မီးယားလောက် မနွေးဘူး။ ဒါနဲ့ ချက်ချင်းပဲ ဈေးချနေတဲ့အထဲက Turtleneck လို့ ခေါ်ကြတဲ့ လည်ထောင်ကက်ရှ်မီးယား တစ်ထည်ဝယ်တယ်။ ကိုယ် ဝယ်ဖူးသမျှထဲမှာ အဲဒီအင်္ကျီ ဈေးအကြီးဆုံးပဲ။ ဆုပ်လိုက်ရင် လက်တဆုပ်သာသာ လက်နဲ့ပဲလျှော်ရပြီး ချိတ်နဲ့မလှန်းရ ။  နည်းနည်းဂရုစိုက်ရပေမဲ့ တော်တော်နွေးတယ်။ ခုလိုအေးတဲ့ရာသီ ပိတ်ရက်တွေမှာ လမ်းလျှောက်ထွက်ရင်၊ တောင်သွားတက်ရင် ကက်ရှ်မီးယားပေါ်မှာ သိုးမွှေးတစ်ထည် ဝတ်လိုက်ရုံနဲ့ လုံလောက်တယ်။ ဆောင်းရာသီဆို လည်ထောင်အင်္ကျီလေးတွေကို သဘောကျတယ် မာဖလာ ပတ်စရာမလိုတော့လို့။ အပေါ်က နက်ပြာရောင် သိုးမွှေးအနွေးထည်က Classic Duffle Coat လေးပါ။

Brooklyn Botanic Garden
Indian caves at Inwood Hill Park. Red Indians inhabited there. Samuel L Jackson took the movie there as if homeless man stayed in the cave.

အစတုန်းကတော့ လည်ပင်းစိနေတယ်လေး၊ အိတ်က ကြီးတယ်လေးနဲ့ နောက်တော့လည်း ကြိုက်လို့ မချွှတ်တော့ဘူး။ Hood လို့ခေါ်ကြတဲ့ ခေါင်းစွပ်ပါလို့ နားရွက်အေးလာရင် ခေါင်းစွပ် စွပ်လိုက်ရုံပဲ။ ခေါင်းစွပ်က ဖြုတ်တပ်လို့ရတဲ့ အရှင်ဆို ပိုမိုက်မယ်။ ကြယ်သီးချိတ်တဲ့ ကြိုးကွင်းတွေက အမြင်ဆန်းတယ်။ အိတ်အကြီးကြီးက ဖုန်း၊ ကဒ်၊ နှုတ်ခမ်းဆီ၊ ဟမ်းခရင်၊ တစ်ရှုး တိုလိုမိုလီ အကုန်ဆံ့တယ်။ ဒီလိုချမ်းအေးတဲ့ရာသီမှာ လက်အိတ် မဆောင်ဘဲ အပြင်ထွက်လို့ မရဘူး။ ကိုယ် သဘောကျတဲ့ လက်အိတ်လေးက လက်ချောင်းထိပ်နေရာလေးတွေကို လွတ်ထားတာမို့ကင်မရာနှိပ်ဖို့ပြုဖို့ အဆင်ပြေတယ်။ ချမ်းလာရင် အဖုံးစွပ်လေးထဲ လက်ချောင်းတွေကို ထည့်လိုက်ရုံပဲ။ ဝိုင်းကတော့ လက်အိတ်ကို ချွှတ်ရင်လည်း အကုန်ချွှတ် လက်မှာ ဘာမှရှိမနေတဲ့ ရိုးရိုးလက်အိတ်ကိုပဲ နှစ်သက်ပါသတဲ့။Swiss Gear ၊ Samsonite  တို့နဲ့ယှဉ်ရင် ပေါ့ပါးတဲ့ ဂျာမန် deuter တံဆိပ် Nomi ကျောပိုးအိတ် အစိမ်းရောင်လေးက ရုံးတက်ရင်ပဲဖြစ်ဖြစ်၊ တောင်သွားတက်ရင်ပဲဖြစ်ဖြစ်၊ လမ်းလျှောက်ထွက်ရင်ဖြစ်ဖြစ် ကိုယ့်ကျောထက်မှာ အမြဲပိုးထားတဲ့ အိတ်ကလေးပါ။

ဒီလိုချမ်းအေးတဲ့ရာသီမှာ ရေနွေးပူပူလေးတစ်ခွက် မှုတ်သောက်ရလောက် နွေးထွေးစေတာ မရှိဘူး။ အဖုံးဖွင့်စရာ မလိုဘဲ အဖုံးကို ဖိလိုက်တာနဲ့ ရေနွေးတွေ ထွက်ကျလာပြီး သောက်ပြီးရင် ခွက်ကို ဗူးပေါ်မှာ ပြန်ဖုံးလို့ရတဲ့ နာရီအတော်ကြာအောင် နွေးနေတဲ့ IKEA Steel vaccum flask ဓာတ်ဘူးလေးက ကိုယ့် ဖေးဘရိတ်။ ဘောင်းဘီက ကိုယ့်ဖေးဘရိတ် Levis ဂျင်းနက်ပြာ ။ ကုတ်အင်္ကျီက အနက်၊ ဘောင်းဘီအနက်၊ ဖိနပ်ကအနက်၊ အားလုံးနက်နေလို့ အရောင်လေးထည့်ရအောင်ဆိုပြီး ဆောင်းတွင်းဆိုဝတ်ဖို့ အနီ၊ အပြာ ဘောင်းဘီတွေ ဝယ်ထားတယ်။ ဝိုင်းက ကုတ်အင်္ကျီအနက်၊ ဘောင်းဘီအနက်မှာ အရောင်အဖြစ် မာဖလာရောင်စုံပတ်တယ်။ ဟိုးအရင်အပတ်က ဘရွှတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်းကို သွားတုန်းက ချမ်းလို့တုန်စေတဲ့ တရားခံက ခြေအိတ်နဲ့ ဖိနပ်။ ခြေကျင်းဝတ်သာသာ ခြေအိတ်ရယ်၊ အပြေးလေးကျင့်တဲ့ဖိနပ်က အေးစိမ့်လာတာကို မတားဆီးနိုင်ဘူး။ ခြေသလုံးတဝက်ထိရောက်တဲ့ ခြေအိတ်၊ လည်ရှည်မြင်းစီးဘွတ်ဖိနပ် Riding Boot စီးထားလို့ကတော့ အတော်လေး နွေးထွေးစေတယ်။ ဦးထုပ်၊ ဖိနပ်၊ ကက်ရှမီးယား လည်ထောင်အင်္ကျီ အနက်ရောင်က Ralph Lauren ဖြစ်ပြီး သိုးမွှေးလည်ထောင်အင်္ကျီ၊ သိုးမွှေးကုတ်၊ လက်အိတ်က JCrew ပါ။

Natural Organics အလှပြင်ပစ္စည်းတွေ ခေတ်စားလာလို့ သုံးကြည့်တာ အကြိုက်တွေ့နေတဲ့အရာတွေက l'occitane က ခေါင်းလျှော်ရည်၊ ဘော်ဒီလိုးရှင်းနဲ့ ဒီဗိုင်းကရင်မ်ပါ။ ကောင်းကင်အုံ့မှိုင်းလို့ မိုးလေး တဖြောက်ဖြောက် မစဲတဲ့နေ့တွေဆိုရင် Shabu Shabu လို့ခေါ်ကြတဲ့ ဟော့ပေါ့စားရတာ ကြိုက်တယ်။နှုတ်ဆက်ပွဲ၊ မွေးနေ့၊ ခရီးကပြန်လာရင် ဝင်စားဖြစ်ပေမဲ့ တစ်ယောက်တည်းတော့ သွားမစားဖြစ်ဘူး။

Mini's Shabu Shabu at Flushings

တေလာဆွစ် သီချင်းလေးတွေ ကြိုက်ပေမဲ့ အခုအသစ်ထွက်တဲ့ 1989 သီချင်းတွေ နားမထောင်ရသေးဘူး။ ခုတလော နားထောင်ဖြစ်နေတာက ဆွီတိရဲ့ အချစ်ဆိုတာ အမည်ရတဲ့ သီချင်းလေးပါ။


ရထားစီးချိန်တွေမှာ ဖတ်ဖြစ်နေတာကတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ ဝထ္ထုတိုစာအုပ်လေးပါ။ ကင်နွန် 7D ကင်မရာကသာ ပရောက်ဖက်ရှင်နယ် ကိုယ်က အလွယ်ဆုံး အော်တိုဖိုးကပ်စ်နဲ့ပဲ ရိုက်တတ်တယ်။ ကင်မရာမှာ Function တွေ ပါပေမဲ့ ဘယ်လိုသုံးရမှန်း မသိဘူးရယ်။ ခရစ်စမတ်မီးရောင်စုံနဲ့ ဓာတ်ပုံရိုက်ဖို့ အားခဲနေတဲ့ ဝိုင်းက သင်ပါဟလို့ တိုက်တွန်းနေတဲ့အပြင် ကိုယ်ကိုတိုင်ကလည်း ဘယ်လိုရိုက်ရမလဲဆိုတာ သိချင်နေတာနဲ့ User Manual  တွေဖတ်၊ ဗီဒီယိုတွေကြည့်၊ tutorials တွေဖတ်ပြီး လေ့လာနေတယ်။ ခရစ်စမတ်ဓာတ်ပုံတွေ ကောင်းကောင်းထွက်လာဖို့ မျှော်လင့်ရတာပဲ။

အောက်တိုဘာလရဲ့ ဖေးဘရိတ်အဖြစ်ဆုံးက Fall Foliage ရောင်စုံလှပနေတဲ့ သစ်ပင်တွေပါ။ အိုင်အိုဝါ၊ ကန်တက်ကီ၊ မေရီလန်းပြည်နယ်တွေထက် နယူးယောက်ရဲ့ ဆောင်းဦးရာသီက ပိုလှတယ်။ ရာသီဥတုက ၀ ၊ မိုင်းနပ်စ် ၂ လောက် အေးပေမဲ့လည်း ကက်ရှ်မီးယား၊ သိုးမွှေးအင်္ကျီတွေ အထပ်ထပ်ဝတ်၊ လည်ရှည်ဘွတ်ဖိနပ်၊ လက်အိတ်၊ ဦးထုပ် အအေးဒဏ်ကာကွယ်မဲ့  ဝတ်စုံအပြည့်နဲ့ ပိတ်ရက်တွေဆို နယူးယောက်တခွင်က ဆောင်းဦးအလှကို ခံစားကြတယ်။ ဂျော့ဝါရှင်တန်တံတားကို ဖြတ်ကျော်လို့ နယူးဂျာဆီပြည်နယ် ပါလာဆိုဒ်ပန်းခြံဆီ  ဝိုင်လင်းအဖွဲ့နဲ့ ၇.၃၇ မိုင် ဟိုက်ကင်းသွားတယ်။ အဖွဲ့နဲ့ဆို ဓာတ်ပုံကောင်းကောင်း ရိုက်ဖို့အချိန်မရှိဘူး။ နောက်တပတ်ကျတော့ ဝိုင်းနဲ့ ကိုယ့်ဘာသာ ချီတက်ကြတယ်။ ကိုယ်တို့က Phtography Hiking လို့ ခေါ်ကြတယ်။ တကွေ့လောက် လျှောက်လိုက် ဓာတ်ပုံရိုက်လိုက်ကြနဲ့ မနက် ၁၀ နာရီကတည်း ဖိုတိုကရပ်ဖီဟိုက်ကင်းတာ ညနေလေးနာရီခွဲမှာ ၈.၅ မိုင်ပဲ ခရီးပေါက်တယ် ။

ဘရွှတ်ကလင်း ဘော်တနစ်ကယ် ဂါးဒင်းက စနေနေ့ မနက် ၁၀ နာရီကနေ ၁၂ ထိ ဝင်ကြေးအခမဲ့။ နယူးယောက်နေတဲ့ အသိမိတ်ဆွေတစ်ယောက်က ပိတ်ရက်တွေဆို ဘာမှလုပ်စရာမရှိဘူး၊ သူငယ်ချင်း မရှိဘူးလို့ ညည်းဖူးတယ်။ ကိုယ် နယူးယောက်ရောက်တော့ ဘယ်ကသာ လုပ်စရာတွေ မရှိပါ့မလဲ လုပ်စရာတွေများ များလွန်းလို့။ နယူးယောက်မှာမွေး နယူးယောက်မှာကြီး အဘိုးကြီးအရွယ်ဖြစ်နေတဲ့သူက ခုထက်ထိ နယူးယောက်ကို စူးစမ်းရှာဖွေလို့ မကုန်သေးဘူး so much things to explore လို့ ဆိုကြတယ်။ သူငယ်ချင်းမရှိလည်း meet up အဖွဲ့တွေရှိတယ်။ စူးစမ်းချင်တဲ့စိတ်၊ တက်ကြွတဲ့စိတ် ရှိဖို့သာ လိုတာ။ ဝါရှင်တန်ဒီစီမှာတုန်းက ရှန်နယ်ဒိုးဝါးတောင် သွားတက်တာ ဆူနမ်တို့နဲ့ မဟုတ်ဘူး meet up အဖွဲ့နဲ့။ ဘောလိဝုရုပ်ရှင်ပိုကြိုက်တဲ့ ဆူနမ်တို့က ပြတိုက်တွေကို စိတ်မဝင်စားတော့ နေရှင်နယ်မောလ် တဝိုက်က ပြတိုက်တွေကို ကိုယ့်ဘာသာ တစ်ယောက်တည်း သွားတယ်။ ပိတ်ရက်တွေဆို ဘူတာကားပါကင်တွေက ဖရီး။ ဒီစီမြို့ထဲ ရထားစီး ပြတိုက်တွေရဲ့ အထပ်တိုင်း အခန်းတိုင်းကို ဝင်တယ်။

Brooklyn Botanic Garden
Brooklyn Botanic Garden

အိုင်အိုဝါနဲ့ ကန်တက်ကီမှာ လုပ်စရာတွေ မရှိဘူးဆိုတာ မှန်ပါတယ်။ ဒီစီနဲ့ နယူးယောက်လို မြို့ကြီးတွေမှာတော့ လုပ်စရာမရှိဘူးဆိုတာ မမှန်ဘူး လုပ်ချင်စိတ်မရှိလို့သာ။ နယူးယောက်သားတွေ နယူးယောက်ကနေ မခွာနိုင်ကြတာ ဘာကြောင့်လည်းဆိုတာ သဘောပေါက်လာပြီ။ meet up လမ်းလျှောက်အဖွဲ့မှာ ဝိုင်းနဲ့ အသိဖြစ်၊ ဝါသနာတူ၊ စရိုက်တူလို့ ခရီးတွေ အတူတူသွား ပိတ်ရက်တွေဆို meet up အဖွဲ့နဲ့ လမ်းလျှောက်၊ ဟိုက်ကင်းသွားနဲ့ ဝိုင်းလို စိတ်တူကိုယ်တူ  ဝါသနာတူ သူငယ်ချင်းရတာ တကယ်စိတ်ချမ်းသာတယ်။ ဆူနမ်တို့နဲ့ကျတော့ ဝါသနာမတူ၊ သူတို့အချင်းချင်း သူတို့ဘာသာစကားနဲ့ပဲ ပြောကြတော့ သူတို့အနားရှိနေရင် လုံခြုံစိတ်ချနွေးထွေးတယ်လို့ ခံစားရပေမဲ့ အထီးကျန်တယ်။ ဝိုင်းနဲ့ကျတော့ သူကလည်း အီတလီကနေ နယူးယောက်ကို ပြောင်းလာတာ သုံးလလောက်ပဲရှိသေးပြီး သူငယ်ချင်းမရှိ။ ကိုယ်ကလည်း လွန်ခဲ့တဲ့ ၆ လလောက်ကမှ နယူးယောက်ကို ပြောင်းလာတာ သူငယ်ချင်းမရှိ။ လမ်းလျှောက်၊ တောင်တက်၊ ခရီးတွေ အများကြီး သွားချင်တဲ့ ကိုယ်တို့နှစ်ယောက် အစားအသောက်လည်း အကြိုက်တူကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အောက်တိုဘာမှာ ဖေးဘရိတ်အဖြစ်ဆုံးက သစ်ရွှက်ရောင်စုံလေးတွေပါပဲ။ နယူးယောက်တစ်ခွင် ခြေဆန့်ကာ ရိုက်ခဲ့တဲ့ ဆောင်းဦးအလှ ဓာတ်ပုံလေးတွေကို တင်လိုက်ပါတယ်။ အောက်တိုဘာ ဖေးဘရိတ်ကို နိုဝင်ဘာမှ ရေးဖြစ်တာ ဆောရီးနော် မြတ်ကြည်လေး။

စန်းထွန်း
နိုဝင်ဘာ ၂၀၊ ၂၀၁၄။

အမည်မသိချစ်သူ...

credit to tiffany.com

အသက်ငါးဆယ်ကျော်နေပြီဖြစ်သော ဆူပါဗိုက်ဆာ၏ လက်ကောက်ဝတ်တွင် အနက်ရောင်ကြိုးပေါ် ရွှေရောင်လုံးလေးများပါသည့် ဟမ်းချိန်းကို မြင်လိုက်ရသည့်အချိန် သြော် ဟမ်းချိန်းကြိုက်တဲ့သူတွေက ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ကြိုက်တာပါပဲလားဟု တွေးမိသည်။ ထိုကဲ့သို့ဟမ်းချိန်း ကြိုက်သည့်သူတစ်ယောက်ကို တွေ့ရသောအခါ လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော်ခန့်ဆီက ငွေရောင်ဟမ်းချိန်းလေးကို မြတ်မြတ်နိုးနိုး ဝတ်ဆင်တတ်သည့် ကောင်လေးတစ်ယောက်ကို ဖျပ်ခနဲ သတိရမိသည်။ သူနှင့်ကိုယ် အထက်တန်းကျောင်း၊ တက္ကသိုလ်တွင် တွေ့ခဲ့ခြင်း မဟုတ်ဘဲ အထက်တန်းအောင်ပြီး၍ တက္ကသိုလ်တက်ရန် စောင့်ဆိုင်းနေချိန် အင်္ဂလိပ်စာသင်တန်းတက်သည့်အချိန်တွင် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

ပညာရေးဖက် အာရုံလျော့သွားမှာစိုးလို့ ဆယ်တန်းမအောင်ခင် ရည်းစားမထားရဟု ဆုံးမသည့် မိဘ၊ ဆရာများ၏ ဆုံးမစကားကြောင့်ပဲလား၊ ကိုယ်တိုင်ကပဲ အဆင့်မကျချင်လို့ပဲလား၊ ကိုယ့်ရင်ကို ခုန်စေတဲ့သူ မတွေ့ခဲ့တာလားတော့ မသိ ဆယ်တန်းအထိ ကိုယ်ရင်ခုန်ရမယ့်သူ မရှိခဲ့။ တက္ကသိုလ်တက်ရန် စောင့်ဆိုင်းရချိန်များကို အချည်းနှီး မဖြစ်ရလေအောင် သွားတက်သော အင်္ဂလိပ်စာသင်တန်းတွင် ကိုယ့်ရင်ကို ပထမဆုံး လှုပ်ခတ်သွားစေသောသူနှင့် ဆုံစည်းခဲ့သည်။ ကိုယ်တို့မိန်းကလေး ၁၀ ယောက်ကျော်အုပ်စုက စာသင်ခန်း၏ ဘယ်ဖက်နံရံနှင့်ကပ်လျက် ထိုင်ခုံများတွင် ထိုင်တတ်ကြသည်။ မနက် ၉  နာရီခွဲ သင်တန်းချိန်ကို လာတက်ကြပြီး ၁၁ နာရီ အတန်းပြီးလျှင် ပါလာသော ထမင်းချိုင့်များဖြင့် နေ့လည်စာ စားသောက်ကြပြီး ၁၁ နာရီခွဲ စာဖတ်တန်းချိန်တွင် ထမင်းလုံးစီကာ ငိုက်တတ်ကြသည်။ မနက်ကနေ ညနေစောင်းအထိ စကားပြောတန်း၊ စာဖတ်တန်း၊ ဘာသာပြန်တန်း၊ စာရေးတန်းများ တက်ရောက်ကြသော်လည်း စာမကြိုးစားကြ။

သင်တန်းပြီးလျှင် လှည်းတန်းဈေး၊ အင်းလျားကန်သို့ လမ်းလျှောက်ကြသည်။ တခါတရံ အတန်းလစ်ကြလျှင် ကိုယ်တို့ထိုင်တတ်သော စာသင်ခန်း၏ဘယ်ဖက်ခြမ်းသည် ရှင်းလင်းနေ၍ ကိုယ်တို့အတန်းလစ်ကြသည်မှာ သိသာလှသည်။ အထက်တန်းကျောင်းအထိ ကျောင်းပြောင်းရလွန်းသဖြင့် သူငယ်ချင်းမယ်မယ်ရရ မရှိသောကိုယ် ထိုအင်္ဂလိပ်စာသင်တန်းမှ သူငယ်ချင်းများကို ခင်တွယ်လှသည်။ အုပ်စုထဲမှ အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ ဇင်ယော်တောင်ပံမျက်ခုံး၊ မျက်ဝန်းညိုညို၊ နှာတံပေါ်ပေါ်၊ နှုတ်ခမ်းပါးပါးနှင့် အတော်ချောမောလှပပြီး ယုန်ဖြူလေးလို ကြောက်လန့်တတ်သော ဝတ်ရည်ကို တကျောင်းလုံးမှ ကောင်လေးများ ဝိုင်းပိုးကြသည်။ အသားညိုညို၊ ဆံပင်တိုတို၊ မျက်ခုံးနက်နက်၊ မျက်လုံးဝိုင်းဝိုင်း၊ နှာတံတိုတို၊ နှုတ်ခမ်းပြည့်ပြည့်၊ နှုတ်ခမ်းမွှေးရေးရေး၊ နာသံသီးလေးနှင့် ခင်မင်ဖော်ရွေသော ရွှေစင့်ကို ပိုးပန်းသူများလည်း မနည်း။ ပေါ်ပြူလာဖြစ်သော သူငယ်ချင်းနှစ်ယောက်ကြားတွင် သာမာန်ရုပ်ရည်နှင့် ခပ်တည်တည်နေတတ်သော ကိုယ်က မျက်နှာချင်းဆိုင်ဖက်ခြမ်းမှ မျက်ဝန်းညိုများကို သတိထားမိသွားသည်။


တကျောင်းလုံးက ဝိုင်းပိုးကြသော ကိုယ့်သူငယ်ချင်းနှစ်ယောက်ကို ကြည့်တာလား၊ ကိုယ့်ကို ကြည့်တာလားဟု မခွဲခြားတတ်။ ထိုသူငယ်ချင်းနှစ်ယောက်ကို တခြားအစွန်ဖက်မှာ ထိုင်ခိုင်း၊ ကိုယ့်ကို တခြားအစွန်ဖက်မှာ ထိုင်ခိုင်းပြီး သူငယ်ချင်းများက မသိမသာ စောင့်ကြည့်ကြသောအခါမှ ကိုယ့်ကိုကြည့်မှန်း သိသွားကြသည်။ စာသင်ချိန်အတွင်း လှမ်းလှမ်းကြည့်တတ်သော မျက်လုံးညိုများကြောင့် ကိုယ့်ရင်တွေ ခုန်ဖူးသည်။ ကိုယ်ချစ်သောသူတစ်ယောက်ရှိသော သင်တန်းကျောင်းဆီသွားသို့ ခြေလှမ်းများက တက်ကြွနေခဲ့ဖူးသည်။ အင်္ဂလိပ်စကားပြောသွက်စေဖို့၊ မရှင်းလင်း သည်များကို ရှင်းပြနိုင်ဖို့၊ မသိသည့်စကားလုံးများကို မေးမြန်းနိုင်ဖို့ စကားပြောတန်းတွင် စီနီယာများက ဂျူနီယာများကို စာမေးလေ့ရှိရာ စီနီယာဖြစ်နေပြီဖြစ်သော ကိုယ့်ကို သူ့ဆီ စာသွားမေးဖို့သူငယ်ချင်းများက မြှောက်ပင့်ပေးကြသော်လည်း သတ္တိမရှိသလို  တခြားတဖက်ခြမ်းဖို့ ဝေးသည်နှင့် သူ့ဆီ စာသွားမမေးခဲ့။

ဖြိုးအစ်ကို သူငယ်ချင်းနှင့် သူ တတွဲတွဲ ဖြစ်နေရာ ဖြိုးက နာမည်စုံစမ်းပေးရမလားဟု မေးလာသောအခါ ဟင့်အင်းဟု ငြင်းပယ်ခဲ့သည်။ ကိုယ့်စကား အတိအကျ နားထောင်သော ဖြိုးက တကယ်ပင် မစုံစမ်းပေးခဲ့။ သင်တန်းကျောင်းတွင် ကိုယ်တို့စိတ်ဝင်စားသောသူများကို နာမည်ပြောင်ထားရာ ရွှေစင် စိတ်ဝင်စားသည့် အသားညိုညို၊ ရုပ်ရည်ချောမောပြီး ပဲများသည့်သူကို ပဲဘဝင်၊ ခိုင်မေ စိတ်ဝင်စားသည့် စီနီယာအစ်ကိုကြီးကို အအဂျာ (အဲဒီတုန်းက ခေတ်စားနေသော ဂျပန်ကားတွင် အစ်ကိုအကြီးဆုံးကို အဂျာဟု ခေါ်သည်)၊ ကိုယ် စိတ်ဝင်စားသည့်သူ့ကို နာမည်မသိသောကြောင့် အနောနိမတ် အတိုကောက် အနောဟု နာမည်ပေးထားကြသည်။ ကိုယ့်ရှေ့နားက တိုင်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သော နူးညံ့သွယ်လျမနေသော လက်တစုံထက်ဆီမှ အနည်းငယ် အရောင်မှိန်နေသော ဟမ်းချိန်းတစ်စုံ။ ထိုဟမ်းချိန်းထက်ဆီမှ  မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ အသားညိုညို ကိုယ့်သူငယ်ချင်းများက သာမန်ရုပ်ရည်ဟု သတ်မှတ်ကြသော်လည်း ခန့်ညားသည်ဟု ကိုယ်ယူဆသော မျက်နှာကို ကိုယ် ငေးကြည့်နေခဲ့ဖူးသည်။

အကြည့်တွေဆုံ ရင်တွေခုန်ကာ ဖွင့်ဟလာနိုး မယ်မျှော်ကိုးသော်လည်း သူကတော့ ကိုယ့်နား ဘယ်သောအခါမှ ရောက်မလာခဲ့။ စကားပြောတန်း၏ နောက်ဆုံးနေ့တွင် အတန်းရှေ့ထွက်ကာ မိတ်ဆက်စကားပြောရသည်ကို ကိုယ်တို့ လှည့်ပတ်ပြေးနေခဲ့သည်မှာ ကြာပြီ။ သည်တခါတော့ ဝတ်ရည်က ဟေ့ မင်း အနော့ရှေ့မှာ ထွက်ပြောချင်တယ်ဆို ထွက်ပြောလေဟု မြှောက်ပေးသည်နှင့် မိုက်ကိုင်ကာ အတန်းရှေ့ထွက်ပြောတော့သည်။ ကျောင်းသား ၅၀ ကျော်ရှေ့တွင် စကားပြောရသည်ရော၊ အနော၏ မျက်ဝန်းညိုညိုများကို မြင်လိုက်ရသည်ရော ကိုယ် ရင်တွေ တဒိတ်ဒိတ်ခုန်နေခဲ့သည်။ အနည်းဆုံးတော့ အနော ကိုယ့်နာမည်ကို သိသွားလိမ့်မည်ဟူသော ရည်ရွယ်ချက်ဖြင့် အတန်းရှေ့ထွက်ပြောခြင်း ဖြစ်သည်။ လန်ဒန်တက္ကသိုလ်တခုမှ လာဖွင့်သော သင်တန်းကျောင်း တက်သည်မို့ ထိုသင်တန်းကျောင်းသို့ ကိုယ် မရောက်ဖြစ်တော့။ တခါတရံ သင်တန်းဆင်းချိန် ထိုအင်္ဂလိပ်စာသင်ကျောင်းတွင် တက်နေဆဲဖြစ်သော သူငယ်ချင်းများဆီ ဝင်လည်ရင်း အနော သင်တန်းတက်နေတုန်းပဲလားဟု စုံစမ်းသောအခါ ကိုယ် ထွက်သွားပြီး မကြာခင် အနော်လည်း ထိုသင်တန်းကျောင်းမှ ထွက်သွားခဲ့သည်။


တက္ကသိုလ်များ ဖွင့်လှစ်၍ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးသို့ တက်ရောက်သောအခါ သူငယ်ချင်းအသစ်များ ရလာသော်လည်း ကိုယ်တို့သူငယ်ချင်းတွေ အဆက်အသွယ် မပြတ်ခဲ့။ သူငယ်ချင်းတွေ ဆုံကြတိုင်း ကိုယ်တို့စတင် ဆုံစည်းခဲ့ကြသော ထိုအင်္ဂလိပ်စာသင်တန်းကျောင်းသူဘဝကို ပြန်ပြောင်းအောက်မေ့ကြသည်။ ပဲဘဝင်၊ အအဂျာ၊ အနောတို့ ဘယ်တွေရောက်လို့ ဘာတွေ ဖြစ်နေကြပါလိမ့်ဟု ကိုယ်တို့ချစ်ခဲ့ဖူးသူများကို သတိရမိကြသည်။ သို့သော်လည်း သတိရခြင်းသည် ခဏတာမျှသာ ဖြစ်သည်။ တက္ကသိုလ်တွင် ကိုယ်တို့ချစ်သောသူများ တွေ့နေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ သုံးနှစ်ကျော်ခန့် ကြာပြီးသည့်နောက် နေ့လည်ဖက် မြို့ထဲကအပြန် လူရှင်းသော ဘတ်စ်ကားထက်တွင် ငွေရောင်ဟမ်းချိန်းလေးကို တွေ့လိုက်ရသည်။ အနောများလားဟု သေသေချာချာ ကြည့်လိုက်သောအခါ ဘုရားရေ တကယ်ပင် အနော ဖြစ်နေသည်။ ဘေးတိုက်မြင်ရသော မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ နှုတ်ခမ်းပါးလျလျသည် အရင်အတိုင်း မပြောင်းမလဲ။ ကျောပိုးအိတ် တဖက်ကို သိုင်းပြီး တဖက်ကို ချထားသည်မှာလည်း အရင်အတိုင်း၊ ရှပ်လက်တိုအင်္ကျီ၊ ပုဆိုးတိုတို၊ ကတ္တီပါခြေညှပ် ဝတ်ထားသည်မှာ အရင်အတိုင်း။

သို့သော် ညှိညက်သော အသားအရေသည် ပို၍ညှိုမောင်းကာ အနည်းငယ် ပိန်သွားသည်။ လွန်ခဲ့သော သုံးနှစ်ကျော်ခန့်က မြင်တွေ့ခဲ့ရသည့် ဟမ်းချိန်းလေးကို စွဲစွဲမြဲမြဲ ဝတ်ဆင်နေတုန်း။ ဖြိုးကို ပြောပြသောအခါ ဖြိုးက မမှတ်မိ။ အရင်လို နှုတ်ခမ်းတွန့်ရုံ ပြုံးကာ မျက်ဝန်းညိုညိုများဖြင့် တချက်မျှ ဝေ့ကြည့်ရုံမျှဖြင့် ကိုယ့်နှလုံးသားက မှတ်မိပါလိမ့်မည်။ အနော ဟုတ်တယ် မဟုတ်ဘူးဟု ငြင်းနေကြသော ကိုယ့်တို့နှစ်ယောက်ကို ဘတ်စ်ကားပေါ်က ဆင်းသွားသည်အထိ သူ လှည့်မကြည့်ခဲ့။ ဖြိုးက အနောမဟုတ်ဟု အခိုင်အမာ ဆိုသော်လည်း ရင်ခုန်ခဲ့ဖူးသူတစ်ယောက်မို့ ကိုယ်ကတော့ အနောဟု အသေအချာ သိနေခဲ့သည်။ သူ ကိုယ့်ကို မမြင်ခဲ့တာလား၊ မြင်ရက်နှင့် မမှတ်မိတာလားဆိုတာ ကိုယ်တို့ မခွဲခြားနိုင်ခဲ့။ ဟမ်းချိန်းဝတ်ထားသည့် ကောင်လေးများကိုမြင်တိုင်း ငွေရောင်ဟမ်းချိန်းကို မြတ်မြတ်နိုးနိုး ဝတ်ဆင်တတ်သည့် မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်၊ အသားညိုညို၊ အရပ်သိပ်မမြင့်သော ကောင်လေးတစ်ယောက်ကို တခါတရံ ဖျပ်ခနဲ သတိရမိတတ်သည်။

ဆယ်ကျော်သက်အရွယ်တုန်းက လက်တွင် ဟမ်းချိန်းများဖြင့် ရှုပ်ရှပ်ခက်နေသည့်ကိုယ် ခုတော့ ရှုပ်သည်ဆိုကာ ဘာဆိုဘာမှ မဝတ်တော့။ သူရော အရင်လို ငွေရောင်ဟမ်းချိန်းကို မြတ်မြတ်နိုးနိုး ဝတ်နေတုန်းလား၊ မျက်ဝန်းညိုညိုဆီက ကိုယ်စွဲလမ်းဖူးသည့် နွေးထွေးသည့်အကြည့်များက အရင်လို နွေးထွေးနေတုန်းလား၊ အရင်လို ခေါင်းလေးငဲ့ကာ နှုတ်ခမ်းတွန့်ရုံ  ပြုံးနေတုန်းပဲလား၊ ကိုယ်တို့ ပေးထားတဲ့ အနောဆိုတဲ့ နာမည်လေးကို သူ နှစ်သက်လေမလား။ သုံးနှစ်ကြာပြီးသည့်နောက် ပြန်တွေ့သည့်အခါတုန်းက မမှတ်မိသည့်ကိုယ် ဆယ့်ငါးနှစ် ကြာပြီးသည့်နောက် ပြန်တွေ့လျှင်လည်း မှတ်မိမည်မထင်ပါ။ ရင်ခုန်ဖူးခဲ့သူတစ်ယောက်မို  အသေအချာ မှတ်မိနေသည်ဟုလည်း အခိုင်အမာ မဆိုနိုင်တော့ပါ။ ကိုယ်ရင်ခုန်ခဲ့ဖူးသည့်သူများထဲတွင် သူသည် ဟမ်းချိန်းဝတ်ဆင်ထားသည့်သူတစ်ယောက် ဖြစ်ပြီး အမည်မသိခဲ့သော သူတစ်ယောက်လည်း ဖြစ်သည်။

စန်းထွန်း
နိုဝင်ဘာ ၁၄၊ ၂၀၁၄။

(ဆယ်ကျော်သက်အရွယ် ရင်ခုန်သံကို ရေးဖို့စိတ်ကူးထားတာ ကြာပါပြီ။ ပစ်ပစ် တဂ်လာမှပဲ ရေးဖြစ်တော့တယ်။ ဓာတ်ပုံတွေကတော့ ဟိုအရင်အပတ်က ဟတ်ဆန်မြစ်ဘေး မက်ဟန်တန်နဲ့ ဘေးချင်းယှဉ်ကပ်လျက်က နယူးဂျာဆီပြည်နယ်ဖက်ခြမ်း Palasides Interstate Park ပါလာဆိုဒ်ပန်းခြံကို ဟိုက်ကင်း ၈.၃ မိုင် တောင်သွားတက်တုန်းက ရိုက်လာတဲ့ Fall Foliage ဓာတ်ပုံတွေပါ။ နောက်မှ အဲဒီဓာတ်ပုံတွေ တင်ပါဦးမယ်။ )

ဗာမွန်သွား တောလား - ၂

မနက် ၇ နာရီခွဲ မောနင်းကော မြည်တာနဲ့ အိပ်ယာကထ၊ ရေချိုး၊ ပစ္စည်းတွေသိမ်း၊ ဟိုတယ်က မနက်စာ မကျွှေးဘူး။ ငါးကျပ်ပေးပြီး မနက်စာစားလို့ ရပေမယ့် သယ်လာတဲ့မုန့်အိတ် လျော့သွားအောင်လို့ မနက်စာ သွားမစားကြဘူး။ ကော်ဖီဖျော်ဖို့ ကော်ဖီမှုန့်၊ သကြားတွေ ဟိုတယ်ခန်းထဲမှာ ရှိပေမဲ့ ဖျော်ရပြုရ အချိုးအဆ မသိတဲ့ ကျွန်မက ကော်ဖီထုပ်ဖာက် ခွက်ထဲထည့် ရေနွေးထည့်ပြီး ဇွန်းနဲ့ဂလောက်ဂလောက်လို့ နှစ်ချက်လောက် မွှေလိုက်ရုံနဲ့ ကော်ဖီတခွက်ရတဲ့ လွယ်ကူသက်သာ Nes cafe Instant ကော်ဖီထုပ်ကို ပိုကြိုက်တယ်။ ဝိုင်းက ကော်ဖီမကြိုက်တော့ တစ်ယောက်စာအတွက် ကော်ဖီဖျော်တဲ့စက်နဲ့ ရေနွေးတည်နေတာ မုန့်သာစားပြီးသွားတယ် ရေနွေးက ပူတယ်ဆိုရုံလေးမို့ ကော်ဖီမသောက်လိုက်ရဘူး။ ခရီးသွားတယ်ဆိုတာကလည်း အဆင်ပြေတဲ့နေရာမှာ အဆင်ပြေတဲ့အချိန်မှ စားရတာဆိုတော့  နေ့လည်စာကို တခါတလေ နေ့လည် ၂ နာရီ၊ တခါတလေ မနက် ၁၁ နာရီ စားရတယ်။ ခရီးသွားပါး နပ်လာတယ်နဲ့ တူပါရဲ့ ကျွန်မတို့တွေ မုန့်တွေအများကြီး သယ်တယ်။

ဂတ်စ်စတေရှင်းတွေမှာ ဝယ်လို့ရတယ်ဆိုပေမဲ့ ကျွန်မတို့ကြိုက်တဲ့ တံဆိပ်တွေ မရှိဘူး။ စကားပြောလိုက်၊ မုန့်စားလိုက်၊ ပြတင်းပေါက်က ရှုခင်းတွေ ငေးလိုက်၊ အိပ်ချင်လာရင် ငိုက်လိုက်နဲ့ ခရီးသွားရတာ ပင်ပန်းပေမဲ့ စိတ်အပန်းပြေတယ်။ မနက် ၈ နာရီခွဲ သတ်မှတ်ထားတဲ့အချိန် ခရီးသည်တွေ ကားပေါ်ရောက်နှင့်နေပြီ။ မိုးက တဖျောက်ဖျောက်နဲ့ မနေ့ကထက် အေးတယ်။ နယူးယောက်ပြည်နယ် ပလက်ဘာ့ခ်မြို့နဲ့ ဗာမွန်ပြည်နယ် ဘာလင်တန်မြို့ကို ချန်ပိန်ရေကန်ကြီးက ခြားထားပြီး မြောက်ဖက်ကနေဒါနိုင်ငံ ကွိဘတ်ပြည်နယ်ထဲ ပါဝင်ပါတယ်။ ၁၂၅ မိုင်ရှည်ပြီး ၁၃မိုင် ကျယ်ကာ ရေချိုကန်ကြီးဖြစ်လို့လူဦးရေ ၂ သိန်းခွဲကို ရေချိုတွေပေးဝေနေတဲ့ ရေကန်ကြီးပါ။ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်းတဲ့အနေနဲ့ ချန်ပိန်ရေကန်ကို ဖြတ်သန်းမယ့် တံတားမှန်သမျှကို ဆောက်ခွင့်မပြုပါဘူးတဲ့။ နယူးယောက်ပြည်နယ် ပလက်ဘာ့ခ်မြို့ကနေ တဖက်ကမ်း ဗာမွန်ပြည်နယ် ဘာလင်တန်မြို့ဆီ ကားတွေသယ်ဆောင်ပေးတဲ့ ဖယ်ရီ ၂၄ နာရီ ရှိပြီး ဖြတ်သန်းချိန် ၁၅ မိနစ်လောက်ပဲ ကြာပါတယ်။


ကျွန်မတို့ ငယ်ငယ်တုန်းက ပုသိမ်ကနေ ရန်ကုန်ကားစီးရင် စက္ကော့ကနေ ညောင်တုန်းထိ ဇက်နဲ့ကူးရတာ ၁ နာရီလောက် ကြာတယ်ထင်တယ်။ ဒေသခံတွေ လာရောင်းတဲ့ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်၊ ငှက်ပျောသီးခြောက်ကျော် ဝယ်စားပြီး ဇက်သင်္ဘောနဲ့ ငဝန်မြစ်ကျယ်ကြီးကို ဖြတ်ရတယ်။ အဲဒီပြောင်းဖူးတွေက မြစ်လယ်ခေါင်ကျွှန်းက သောင်တွေမှာ စိုက်ထားတာကို ချိုးပြီးပြုတ်ထားတာမို့ လတ်ဆပ်တယ် (ဆေးသကြား ထည့်ရင်လည်း ထည့်ထားမှာပေါ့လေ)။ နောက် ဗိုလ်မြတ်ထွန်းတံတား ပြီးသွားတော့ ပုသိမ်၊ ရန်ကုန် လေးနာရီလောက်ပဲ မောင်းရတော့တယ်။ ခရီးကျုံ့ သွားမြန်သွားပေမဲ့ ဇက်သင်္ဘောနဲ့ ကူးရတာလောက် အေးအေးဆေးဆေး မရှိတော့ဘဲ တက်သုတ်နှင်ကြတော့တယ်။ ဒီလို ဇက်သဘောၤနဲ့ မကူးရတာ အနှစ်နှစ်ဆယ်လောက်တောင် ရှိပြီ။ ကားပေါ်ကဆင်းလို့ ဇက်သင်္ဘောတခွင် ဓာတ်ပုံရိုက်ကြတယ်။

ရေကန်ပြာပြာ၊ တောင်စဉ်တောင်တန်းတွေနဲ့ သာယာတယ်။ လေက အင်မတန် လက်ဆတ်သန့်ရှင်းတယ်။ မိုင်းဖန်ပြောဖူးတဲ့ Lake Champlain Monster ဆိုတာ တွေ့မလားလို့ ရှာကြည့်သေးတယ် မတွေ့ဘူး။ ၁၆၀၉  မှာ ပြင်သစ်လူမျိုး စွန့်စားရှာဖွေသူ Samuel de Champlain က ရေကန်ကို ရှာဖွေတွေ့ရှိခဲ့လို့ သူ့နာမည်ကို အစွဲပြုပြီး ချိန်ပိန်ရေကန်လို့ နာမည်ပေးထားတာပါတဲ့။ ချန်ပိန်ရေကန်ပြီးတော့ မိန်းပြည်နယ်ကို စူးစမ်းရှာဖွေရာမှာ အက်ကေဒီးယား အမျိုးသားဥယျာဉ်၊ ကက်ဒီလက်တောင်၊ မောက်ဒဲဆက်ကျွှန်းတွေကို တွေ့ရှိခဲ့ပါတယ်။ ဘာလင်တန်မြို့နားက ပန်းခြံမှာ ကားရပ်နားပြီး အရောင်ပြောင်းနေတဲ့သစ်ရွက်တွေနဲ့ ဓာတ်ပုံရိုက်ဖို့ နာရီဝက်အချိန်ပေးပါတယ်။ အစိမ်း၊ အဝါ၊ အနီ ရှိနေတဲ့ သစ်ပင်တွေနဲ့ ဓာတ်ပုံရိုက်လို့ကို မဝနိုင်ဘူး ရိုက်ပြီးရင်း ရိုက်ချင်နေတော့တာပဲ။ ဗာမွန်ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းက မက်ပယ်သစ်ပင်တွေနဲ့ ဖုံးလွှမ်းနေတာမို့ဗာမွန်ပြည်နယ်ရဲ့ ဆောင်းဦးရာသီဟာ အင်မတန် လှတယ်လို့ နာမည်ကြီးပါတယ် နာမည်ကြီးလောက်ပါပေတယ်။


ချန်ပိန်ရေပြင်ကျယ်ကြီးထဲက ကားလမ်းမကို ဖြတ်သန်းတော့ တောင်စိမ်းညှို့ညှို့တွေ အရိပ်ထင်နေတဲ့ ဘေးတဖက်တချက်စီက ချန်ပိန်ရေပြင်ကျယ်ကို  မြင်ရတော့ တက္ကသိုလ်တတိယနှစ် ကျောင်းခရီးစဉ်အဖြစ် ရှမ်းပြည်ဖက်ကို လေ့လားရေးခရီးထွက်တုန်းက လည်ပတ်ခဲ့တဲ့ အင်းလေးကန်ရှုခင်းကို အမှတ်ရမိတယ်။
ဘာလင်တန်မြို့ကနေ နာရီဝက်ဝေးတဲ့ ရှယ်ဗွန်းမြို့မှာရှိတဲ့ ဗာမွန်တက်ဒီဘီယာစက်ရုံကို သွားလည်မှာမို့ အဲဒီမှာ လာဆုံမလားလို့ မိုင်းကို လှမ်းမေးတော့ မတွေ့ရတာ ကြာပြီမို့လို့ တွေ့ချင်ပေမယ့် တနင်္ဂနွေနေ့တိုင်း သူ့ယောက္ခမ၊ အမျိုးသားနဲ့ ဘုရားကျောင်းတက်တာမို့ လာမတွေ့နိုင်တာကို ဆောရီးပါတဲ့။ မိုင်းဖန်နေတဲ့ ဘာလင်တန်မြို့ကို ရောက်ရဲ့သားနဲ့ မိုင်းဖန်ကို အသိမပေးရင် မကောင်းတာမို့ အသိပေးပေမယ့် လာတွေ့ဖို့ကိုတော့ မျှော်လင့်မထားခဲ့ဘူး။ တက်ဒီဝက်ဝံရုပ်လေးတွေဟာ ကလေးတွေ နှစ်သက်ကြတဲ့ အရုပ်ဆိုပေမဲ့ လူငယ်တွေလည်း နှစ်သက်ကြပါတယ်။

တက်ဒီဘီယာဆိုတာ အမေရိကန်သမ္မတ သီဟိုဒိုရုစဗဲ့ (Theodore Roosevelt) နာမည်အတိုကောက် တက်ဒီ (Teddy) ကို အစွဲပြုပြီး ပေးထားတာပါ။ ၁၉၀၂ နိုဝင်ဘာလ မစ္စစပီပြည်နယ်မှာ ဝက်ဝံပစ်ထွက်ကြတော့ တော်တော်များများက တောကောင် ပစ်ပြီးနေပြီ။ တောကောင်အမိသေးတဲ့ သမ္မတ တက်ဒီအတွက် အပါးတော်မြဲက အမေရိကန် ဝက်ဝံမည်းတစ်ကောင်ကို ခဲရခက်ဆစ် ရှာဖွေပြီး သစ်ပင်မှာချိတ် သမ္မတတက်ဒီကို အဲဒီနေရာကို ခေါ်ပြီး ဝက်ဝံကို ပစ်ခိုင်းပေမယ့် တက်ဒီက သူကိုယ်တိုင် မပစ်ခဲ့ဘူး။ ဒဏ်ရာတွေနဲ့ မချိမဆန့် ခံစားနေရတဲ့ ဝက်ဝံကို ပစ်သတ်ဖို့တော့ ညွှန်ကြားခဲ့တယ်။ အဲဒီဖြစ်ရပ်ဟာ ၁၉၀၂ နိုဝင်ဘာ ၁၆ ရက်နေ့ထုတ် ဝါရှင်တန်ပို့စ်သတင်းစာ နိုင်ငံရေး ကာတွန်းကော်လံမှာ လူပြောအများဆုံး ကာတွန်း ဖြစ်လာခဲ့တယ်။ ကနဦး ကာတွန်းမှာတော့ ဝက်ဝံမည်းငယ် တကောင်ကို လူတယောက်က ကြိုးနဲ့ဆွဲလို့ တက်ဒီက လက်တဖက်က သေနတ်ကိုထောက် လက်တဖက်က ဟိုးထားဆိုတဲ့ပုံစံနဲ့။ နောက်တော့ ကာတွန်းဆရာဘယ်ရီမန်းက ဝက်ဝံအရွယ်အစားကို သေးလိုက်ပြီး ချစ်ဖို့ကောင်းတဲ့ ဝက်ဝံလေးတွေ ရေးဆွဲတယ်။

credit to Google

အဲဒီကာတွန်းတွေ ဖတ်နေရင်း အိုင်ဒီယာရတဲ့ မောရစ်မစ်ချ်တွန်းက ဝက်ဝံရုပ် ဖန်တီးပြီး ဆိုင်ပြတင်းပေါက်မှာ တက်ဒီရဲ့ ဝက်ဝံ ( Teddy's Bear) လို့ ဆိုင်းဘုတ်ဆွဲလိုက်တယ်။ သမ္မတတက်ဒီဆီ ဝက်ဝံရုပ်ကို လက်ဆောင်ပို့ပေးပြီး တက်ဒီနာမည် သုံးခွင့်တောင်းတာကို ခွင့်ပြုလိုက်တာကစလို့ ခုချိန်ထိ တက်ဒီဘီယာအရုပ်လေးတွေဟာ ကလေးတွေရဲ့ အသည်းစွဲ ဖြစ်နေတာပဲလို့ ဂိုက်က ရှင်းပြတယ်။ တက်ဒီဝက်ဝံစက်ရုံဆိုတော့ ဘာမှဓာတ်ပုံရိုက်စရာ ရှိမှာမဟုတ်ဘူးလို့ ထင်ထားတာ တက်တက်စင်အောင် လွဲတယ်။ စက်ရုံဆိုပေမဲ့ ဆေးရောင်စုံခြယ်ထားတာ လှလို့ ဓာတ်ပုံတောင် ရိုက်ယူရတယ်။ ထိုင်ခုံလေးတွေကလည်း ဆေးရောင်စုံ၊ မျက်နှာထည့်ပြီး ဓာတ်ပုံရိုက်ဖို့ ဝက်ဝံရုပ်လေးတွေ ၊ ဆေးရောင်စုံ ကုလားထိုင်လေးတွေ။ ကျွန်မ ရိုက်ပြီးလို့ ဝိုင်းက ထိုင်မယ်ပြင်နေတုန်း တရုတ်မကြီးတစ်ယောက်က အတင်းဝင်ထိုင်ပြီး သူ့ယောက်ျားကို ဓာတ်ပုံရိုက်ခိုင်းတော့ ဘယ်လိုဟာပါလိမ့် သူများရိုက်နေတာကို အတင်းဝင်ရိုက်တယ်ဆိုပြီး အမြင်မကြည်ဘူး။ ထိုင်ရာမထ ဘာတွေပြောနေမှန်းမသိ သူ့ယောက်ျားက လက်လာဆွဲပြီး ထခိုင်းတော့မှ မထနိုင်လို့ လာကူထပေးရတာကို သဘောပေါက်သွားတဲ့ ကျွန်မတို့တွေမှာ မပြုံးဘဲ ဝါးလုံးကွဲ ရယ်ကြတော့တာပဲ။

အဘွားကြီးက ရှက်ရှက်နဲ့ တရုတ်လို ပြောသွားသေးတယ် ငါ မထနိုင်လို့အေ့လို့ ပြောတာနေမှာ။ ဝက်ဝံရုပ်တွေနဲ့ လှည့်ပတ်ဓာတ်ပုံရိုက်ရင်း ဈေးနှုန်းသိရအောင် ကဒ်ပြားကို ကြည့်လိုက်တော့ လား...လား...ပိစိကွေးလေးတောင် ၇၀ အောင်မလေး ဈေးကြီးလှချည်လား။ ဈေးသင့်ရင် တက်ဒီဘီယာတစ်ကောင်လောက် ဝယ်မယ်လို့ စိတ်ကူးထားတာ ခုတော့ ဈေးကြီးလို့ မဝယ်တော့ပါဘူး ဓာတ်ပုံပဲ ရိုက်တော့မယ်။ တက်ဒီဘီယာတွေ ထုတ်လုပ်ပုံအဆင့်ဆင့်ကို လိုက်ပြတဲ့တိုးက လွန့်ခဲ့တဲ့ မိနစ်နှစ်ဆယ်လောက်က စနှင့်နေတာဆိုတော့ အပြင်မှာ ဓာတ်ပုံတွေ အရိုက်ကောင်းနေတာနဲ့ မမှီလိုက်တော့ဘူး။ နေ့လည်တိုးက နေ့လည် ၁ နာရီမှဆိုတော့ မမှီတော့ဘူး။ တက်ဒီဘီယာတွေ တသက်ဝရမ်ဒီပေးတော့ ပျက်ရင်ပြန်ပို့လိုက် အသစ်တစ်ခု ထပ်ပို့ပေးတယ်ဆိုတော့ ဈေးကြီးပေမဲ့ တန်ပါတယ်တဲ့။ ကားပေါ်က ကလေးနှစ်ယောက်၊ ကျွန်မတို့နဲ့ ထိုင်ခုံနေရာမှားကြတဲ့ တရုတ်မလေးယောက် ဝယ်ကြတာကို အားကျတဲ့အကြည့်နဲ့ ငေးကြတယ်။


ကျွန်မတို့ထိုင်ခုံရှေ့က အတွဲကတော့ အတော်လက်လန်တယ်။ ခရီးတွေ သွားသမျှထဲမှာ ဒီလောက်ဆိုးရွားတဲ့လူ မတွေ့ဖူးသေးဘူး။ ဒါ ဘာလဲလို့ မေးလို့ ကျွန်မတို့နှစ်ယောက် ခေါင်းထောင်ကြည့်  တိုးဂိုက်က ဖယ်ပေးတော့ ဝင်ထိုင် ပြီးတော့ ထိုင်ခုံကို အဆုံးထိ လှဲချလို့ ဝိုင်းနဲ့ကျွန်မ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မဲ့ရွဲ့ကြတယ်။ သိပ်မကြာပါဘူး တပြွှတ်ပြွတ် နမ်းနေကြလို့ သူတို့ကိုကျော်ပြီး မစ္စတာဘင်း ကြည့်နေတဲ့ ကျွန်မက သူတို့လွတ်လွတ်လပ်လပ် ရှိပါစေတော့ဆိုပြီး ပြတင်းပေါက်ကနေ ရှုခင်းကို လှမ်းကြည့်ရတယ်။ အိမ်သာအတွက်၊ နေ့လည်စာအတွက် စားသောက်ဆိုင်၊ ဂတ်စ်စတေရှင်တွေမှာ နားရင်လည်း တချိန်လုံးဖက်လို့။ ကားပေါ်မှာ သူတို့ထက် အပုံကြီးငယ်တဲ့စုံတွဲတွေ ပါပေမဲ့ သူတို့လောက် မကဲကြဘူးရယ်။ ကျွန်မတို ခန့်မှန်းတာ သူတို့အသက် ၄၀ ကျော်ပြီ။ ထိုင်ခုံကို နောက်ကို လှန်ချပြီးထိုင်တော့ ကျွန်မတို့မှာ အထွက်အပြု အင်မတန်ခက်တယ်။ သူ့ဒူးခေါင်းကို လမ်းဖက် ထောင်ထားတော့ သူ့ဒူးကို ရှောင်ဆင်းရတယ်။

ကျွန်မနဲ့ ဝိုင်း အဲဒီလူ မသိတတ် ရိုင်းစိုင်းတဲ့အကြောင်း ပွစိပွစိ ဝေဖန်တော့တာပဲ။ uneducated ၊ no manners ၊ nasty လို့ ဆဲရေးကြတယ်။ ကျွန်မရဲ့ ခေါင်းအုံးပျောက်သွားလို့ ခုံအောက်တွေ ရှာတာ မတွေ့ဘူး။ ပျောက်တာတော့ မဖြစ်နိုင်ဘူး တယောက်ယောက်က အပေါ်ထပ်ကို တင်ထားပေးတာ ဖြစ်လိမ့်မယ်။ လူတွေအားလုံးဆင်းတော့မှ ရှာကြည့်တော့ လား..လား.. အဲဒီလူရဲ့ အမျိုးသမီးခြေထောက်ရင်းမှာ။ ကျွန်မတို့တွေမှာ အံအားသင့်လို့ ခြေထောက်နားမှာ ရောက်နေတဲ့ ခေါင်းအုံးကို မမြင်ဘူးလား။ မြင်ရင် အနီးအနားကလူတွေကို မေးကြည့်ပြီး ပြန်ပေးရတာ လူယဉ်ကျေးတွေ လုပ်ရမဲ့အလုပ်ဆိုတာ မသိဘူးလား။ အယ်မလေး အသွင်တူလို့ အိမ်သူဖြစ်နေတာပေါ့။ ဝိုင်းက ဘယ်နိုင်ငံကလဲလို့ သိချင်လို့တဲ့။ သူတို့အမူအကျင့်ကြောင့် သူတို့နိုင်ငံကို အထင်သေးနေပြီ။ စပိန်စကား သင်နေတာ နှစ်နှစ်လောက်ရှိပြီဖြစ်တဲ့ ဝိုင်းက သူတို့ စပိန်စကားပြောနေတာ လက်တင်အမေရိကနိုင်ငံတွေက ဖြစ်လိမ့်မယ်တဲ့။ ခေါင်းအုံးပြုတ်ကျတာနဲ့နောက်က ကောင်မလေးက ချက်ချင်းကောက်ပေးတယ်။ လူယဉ်ကျေးတွေနဲ့ လူလိုမသိတတ်သူတွေနဲ့ ကွာပါ့ ကွာပါ့။


နေ့လည် ၁၁ နာရီမှာ တောင်ဘာလင်တန်မြို့ မက်ဒေါနယ်ဆီမှာ နေ့လည်စာ ဝင်စားကြတော့ ဗိုက်မဆာတဲ့ ဝိုင်းနဲ့ကျွန်မက အနီးအနားတဝိုက် ဓာတ်ပုံရိုက်ထွက်ကြတယ်။ မက်ပယ်ပင်မဟုတ်ပေမဲ့လည်း သစ်ပင်တွေ အကုန်လုံး ဝါနေတော့ လှနေတာပါပဲ။ အနီရောင်အသီးပင်ဆန်းဆန်းတွေပါ မကျန်စေရ အားလုံး ဓာတ်ပုံရိုက်တယ်။ ချိန်းထားတဲ့ ၁၁ နာရီ ၁၀ မိနစ်  မှာ တိုးဂိုက်ကအစ ဆိုင်ကနေ မထသေးတော့ ဝိုင်းက ၁၁ နာရီ ၁၀ မိနစ်ဆိုလို့ ပြန်လာတာလို့ မျက်နှာတိမျက်နှာထားနဲ့ တိုးဂိုက်ကို အပြစ်တင်တယ်။ တိုးဂိုးက ၁၁ နာရီ မိနစ် ၂၀ လို့ ပြန်ချိန်းလိုက်တယ်။ ဝိုင်းက အချိန်နဲ့ ပတ်သက်ရင် ဘယ်တော့မှ သည်းမခံဘူး။ တောင်ဖက်ကို ၁ နာရီလောက် ဆက်မောင်းရင် ခရီးစဉ် နောက်ဆုံးဖြစ်တဲ့ နယူးအင်္ဂလန်မက်ပယ်ပြတိုက်ကို ဝင်လည်ပါတယ်။ သုံးမြှောင့်ချွှန်း မက်ပယ်ရွက်က ကနေဒါနိုင်ငံအလံမှာ တွေ့မြင်ဖူးမှာပါ။

မက်ပယ်ပင်ကနေ သကြား၊ သကာရည် ထုတ်လို့ရတယ်ဆိုတာ အဲဒီပြတိုက် ရောက်မှပဲ သိရတော့တယ်။ မက်ပယ်ပင်ကို သံစူးနဲ့ထိုး ကျလာတဲ့အရည်ကို ပုံးနဲ့ခံပြီး ထင်းနဲ့ သကြား၊ သကာရည် ထုတ်လုပ်လာတာ နှစ်ပေါင်းရာချီ နေပါပြီ။ ဂရိတ်အေ၊ ဘီ၊ စီ၊ ဒီ နာမည်ပေးထားတဲ့ သကာရည်တွေကို မြည်းစမ်းခဲ့သေးတယ် အင်မတန် ချိုတယ်။ တယောက်တည်း ခရီးထွက်လာပုံရတဲ့ ကောင်မလေးကို မိတ်ဆက်တော့ ဂျာမန်မလေး နယူးယောက်မှာ ကျောင်းလာတက်နေတာ။ တတ်နိုင်သမျှ ရေမြေဒေသသစ်ဆီ ခရီးထွက်နိုင်ဖို့ အားခဲထားပါသတဲ့။ လတ်တလောမှာ ကမ္ဘာ့ဖလားဗိုလ်စွဲထားတဲ့ ဂျာမနီအသင်းက ကလိုဆေး၊ မိုက်ကယ်ဘောလက်၊ အသင်းခေါင်းဆောင် ဖိလစ်လမ်း၊ အနားယူသွားတဲ့ ဂိုးသမား ( နာမည်မေ့နေတယ်) ၊ ဂျာမန်ချယ်ဆယ်လာ အိန်ဂျယ်လာမာကဲ၊ ဂျာမန်ဘီယာ အကြောင်းတွေ ပြောကြသေးတယ်။ တောင်ဖက်စူးစူး ၂၄၀ မိုင်၊ ၅ နာရီလောက် မောင်းရင် နယူးယောက်ကို ည ၇ နာရီလောက် ဝင်မှာပါ။


ကားလမ်းဘေး တဖက်တချက်စီက သာယာလှပတဲ့ ဂရင်းတောင်စဉ်တောင်တန်းထက်က အနီ၊ အဝါ သစ်ပင်ရောင်စုံ၊ တသွင်သွင် စီးဆင်းနေတဲ့ မြစ်ချောင်းလေးတွေနဲ့ သာယာအေးချမ်းတဲ့ ဗာမွန်ပြည်နယ်ရဲ့ ဆောင်းဦးရာသီဟာ အင်မတန် လှပပါပေတယ်။ အဲ ဆောင်းတွင်းတော့ အအေးကြမ်းတယ်။ ကျွန်မတို့တွေလည်း ငိုက်တဲ့အခါငိုက်၊ ဗိုက်စာရင် ပါလာတဲ့ မုန့်ကလေးတွေစား၊ စကားလေးပြောလိုက်။ ည ၇ နာရီ ဖလပ်ရှင်းကို ဝင်တော့ မနက်စာကို ဘီစကွတ်တွေနဲ့သာ ပြီးခဲ့တာမို့ ဗိုက်ဆာနေတဲ့ဝိုင်းက မီနီရှာဘူးရှာဘူး (ဟော့ပေါ့) သွားစားရအောင်တဲ့။ ဗိုက်ထဲ တကျူတ်ကျူတ်မြည်နေတဲ့ ကျွန်မက ဂရိတ်လို့ အော်တော့တာပဲ။ ဟောင်ကောင်စူပါမားကက်မှာ ဈေးဝင်ဝယ်၊ ဟော့ပေါ့တီး၊ ၇ ရထားစီး ဟင်းရောင်းတဲ့အိမ်မှာ မှာထားတဲ့ဟင်းတွေသွားယူ အိမ်ပြန်ရောက်တော့ ဆယ်နာရီခွဲနေပြီ။ ဟင်းရောင်းတဲ့အိမ်က ကျွန်မ လာမယူဘူးထင်လို့ ရေခဲသေတ္တာထဲတောင် ထည့်ထားနေပြီ။

အစ်မတစ်ယောက် သတင်းပေးလို့ ကြသပတေးနေ့ဟင်းမှာ တနင်္ဂနွေနေ့ ဟင်းတွေသွားယူပြီး အဲဒီအိမ်ဆိုင်ရဲ့ ဖောက်သည်ဖြစ်နေတာ တလလောက်ရှိပြီ။ ဟင်းတွေက အိမ်ချက်လိုမျိုး စားကောင်းတယ်။ မက်ဟန်တန်ရုံးမှာ လုပ်တုန်းက ဟင်းတွေ ချက်ဖြစ်သေးတယ်။ အခုက နယူးဂျာဆီပြည်နယ် နူဝေါ့မြို့က Newark ကလိုင်းရင့် ပို့အသော်ရတီအော့ဖ် နယူးယောက်၊ နယူးဂျာဆီရုံး Port Authority of New York & New Jersey ကို အလုပ်ဆင်းရတာ။ အိမ်ကနေ ၇ ရထားစီးပြီး နှစ်ဘူတာမှာဆင်း အောက်ထပ်က အမြန်ရထား F ရထားစီး မြို့လယ်ခေါင် 34 st Hearlad မှာဆင်း (၄၅ မိနစ်) ။ နယူးဂျာစီဆီ ပြေးဆွဲတဲ့ Path ရထားစီး Journal Square မှာဆင်း (အဲဒီရထားက မက်ဟန်တန်အောက်ဖက် WTC (World Trade Center ကို သွားတာ) တဖက်ခြမ်း ပလက်ဖောင်းကူးပြီး WTC ကနေ Newark ဆီသွားတဲ့ ရထားစီးပြီး ဂိတ်ဆုံးမှာဆင်း ( ၄၅ မိနစ်) ။ အိမ်ကနေ ရုံးအထိ ရထား ၄ ဆင့် ပြောင်း ၁ နာရီခွဲ စီးရတာမို့ တနေ့ကို ရထားပေါ်မှာ အသွားအပြန် ၃ နာရီကျော်။ မနက် ၇ နာရီခွဲက ထွက်သွားလိုက်တာ ည ၇ နာရီကျော်မှ ပြန်ရောက်တယ်။


ပင်ပန်းလို့ ဟင်းမချက်နိုင်ဘူး။ ရုံးနဲ့နီးနီးနားနား ပြောင်းရအောင်လည်း ကွန်းထရပ်က ၇ လ ထပ်တိုးဖို့တော့ ရှိပါရဲ့ ။ ဒီကလိုင်းရင့်နဲ့ ကွန်းထရပ်ပြီးသွားရင် ဘယ်ကလိုင်းရင့်ရုံး ရောက်မယ်မှန်းမသိ။ ရှေ့တပတ်က ဖွင့်လိုက်တဲ့ ဝေါထရိတ်စင်တာကို ပြောင်းရမယ်ဆိုလို့ ဝမ်းသာနေတာ။ ကျွန်မတို့ရဲ့ အင်ဂျင်နီယာဋ္ဌာန အက်စတီမိတ်တင်းအုပ်စု Estimating က ဝေါထရိတ်စင်တာ မျက်နှာချင်းဆိုင် နယူးဂျာဆီဖက်ခြမ်းက 2 Montgomery မောင့်ဂိုမာရီမှာရှိတဲ့ ပီအေရုံးချုပ်ကို ပြောင်းရမှာတဲ့။ ဝေါထရိတ်စင်တာပြောင်းချင်တဲ့ ကျွန်မက မောင့်ဂိုမာရီကျပြီး မောင့်ဂိုမာရီကျချင်တဲ့ ပတ်ထရီရှာက ဝေါထရိတ်စင်တာကျတယ်။ ၉၁၁ တုန်းက ပြိ ုကျသွားတဲ့ ဝေါထရိတ်စင်တာကို ၁၃ နှစ်ကြာ အချိန်ယူတည်ဆောက်ပြီးမှ ခုတပတ်ကမှ ဖွင့်လှစ်လိုက်တာပါ။ ပိုမိုခိုင်ခံ့အောင် သေသေချာချာ ဆောက်လုပ်ထားပြီး လုံခြုံရေး အင်မတန် တင်းကျပ်ပါတယ်။ အိုင်ဒီကဒ်တွေမှာ မိုင်ခရိုချစ်တွေပါဝင်ပြီး သတ်မှတ်ထားတဲ့အထပ်၊ အခန်းကိုပဲ ဝင်ရောက်ခွင့် ရှိပါတယ်။ လော်ဘီခန်းက ကြီးကျယ်ခမ်းနားပြီး မက်ဟန်တန်အောက်၊ စတေတန်းအိုင်လန် (Staten Island) ၊ နယူးဂျာဆီကို အပေါ်စီးကနေ မြင်ရတဲ့မြင်ကွင်းက အင်မတန်လှတယ်။

ရုံးခန်းတွင်း ပန်းအိုးတွေ ထားခွင့်မပေးသလို သောကြာနေ့မှာ ဂျင်းမဝတ်ရပါတဲ့။ ညည်းက ဝေါထရိတ်စင်တာမှာ လုပ်ချင်တယ်လေး ဘာလေးနဲ့အကြမ်းဖက်သမားတွေက အဲဒီဝေါထရိတ်စင်တာကိုပဲ တားဂက်ထားနေတာအေ့ ဝေါထရိတ်စင်တာမှာ လုပ်ရတာ သေမင်းကို ဖင်ခုထိုင်ထားရသလိုပဲ ညည်းကျတဲ့ မောင့်ဂိုမာရီကနေ မြင်ရတဲ့ အောက်မက်ဟန်တန်ဗျုးကမှ အင်မတန်လှတာ။ နေ့လည်ထမင်းစားချိန်ပြီးရင် ကမ်းနားတလျှောက်မှာ လမ်းလျှောက်ဖို့ အင်မတန်ကောင်းတယ် ညည်းနဲ့ကျုပ် နေရာချင်းသာလဲလိုက်ချင်တယ်။ မောင့်ဂိုမာရီရုံးပြောင်းရင်တော့ ရထားသုံးဆင့် တနာရီသာသာလောက်ပဲ စီးရတော့မယ်။ ရထားတွေပြောင်းရင် မြေအောက်ထဲမှာဆို တော်သေးတယ် ဂျာနယ်စကွဲယားလိုမျိုး မြေပေါ်မှာပြောင်းပြီး နောက်ရထားစောင့်ချိန်တွေဆို တော်တော်အေးတယ်။ ကျွန်မလုပ်ဖော်ကိုင်ဖက်တယောက်ကတော့ မြို့လယ်ခေါင်ကနေ NJ Transit အမြန်ရထား နှစ်ဘူတာစီးပြီး ရုံးတက်တယ်။


ကျွန်မ ၄၅ မိနစ် ရထားနှစ်ဆင့် ပြောင်းစီးတဲ့ ခရီးကို သူက ရထားနှစ်ဘူတာပဲ စီးတယ်။ ဈေးကလည်း အတော်ကွာတယ်။ သူ့ရထားက တနေ့ ၁၀ ကျွန်မရထားက ၅ ကျပ်။ စီနီယာနီပေါအစ်ကိုကြီး ဖေ့ဘွတ်မှာ ရှယ်တဲ့စာသားလေးကို သတိရမိတယ်။ သူ့အဖေ လက်ထက်တုန်းက ရူပီး ၅ ကျပ် သက်သာဖို့ မိနစ် ၂၀ လမ်းလျှောက်တယ်။ သူ့သားလက်ထက်ကျတော့ မိနစ် ၂၀ သက်သာဖို့ ရူပီး ၅ ကျပ်ပေးပြီး တက္ကစီစီးတယ်။ ကျွန်မလုပ်ဖော်ကိုင်ဖက်ကလည်း ဘာထူးလဲ မိနစ်သုံးဆယ် သက်သာဖို့ ၅ ကျပ် အကုန်ခံတယ်။ ပီအေရုံးမှာ လုပ်ရတာ အတော်ကောင်းတယ် လုပ်ဖော်ကိုင်ဖက်တွေက အကုန်ပရော်ဖက်ရှင်နယ် ပီသတယ်။ အလုပ်လုပ်ရတာ မပင်ပန်းဘဲ သွားရလာရတာ ပင်ပန်းတယ်။ အလုပ်ပင်ပန်းတာကို ခရီးလေးထွက်ပြီး အပန်းဖြေမှပေါ့နော် ဟား ဟား ကိုယ့်ဖက်ကိုယ်ယက်တဲ့ လိပ်မျိုး။

နိုဝင်ဘာ ၂၇ ကြသပတေးနေ့က ကျေးဇူးတော်နေ့၊ ဘလက်ဖရိုင်းဒေး Black Friday သောကြာနေ့၊ စနေ၊ တနင်္ဂနွေ ပိတ်ရက် ၄ ရက်ရတာမို့ ခရီးသွားကြတဲ့ ရာသီဆိုပါတော့။ ဘလက်ဖရိုင်းဒေးနေ့မှာ ဈေးဝယ်ကြတာ သတင်းမှာ မြင်ဖူးကြမယ်ထင်တယ်။ ဒစ်စကောင့်တွေ အကြီးအကျယ်ချလို့ ကြသပတေးနေ့ကတည်းက တန်းစီ၊ ပစ္စည်းလုရင်း ရန်ဖြစ်ကြတာတွေနဲ့ တကယ့်ကို ဘလက်ဖရိုင်းဒေးပါပဲ။ ဝိုင်းတို့ယူအန်ရုံးက ဘလက်ဖရိုင်းဒေး မပိတ်လို့ စနေ၊ တနင်္ဂနွေပိတ်ရက် ၂ ရက်ပဲ ခရီးသွားဖြစ်ပါလိမ့်မယ်။ ဘယ်ကိုသွားမလဲဆိုတာတော့ မရွေးချယ်ရသေးပါဘူး။ သွားဖြစ်ခဲ့ရင် တောလားတွေ ရေးတင်ပါဦးမယ်။ ဆောရီး ဒီတစ်ခေါက်တော့ ကျွန်မဓာတ်ပုံတွေ သိပ်များသွားတယ် နောက်တောလားတွေကျရင် ကိုယ့်ပုံထက် ရှုခင်းပုံတွေ များများရိုက်အောင် ကြိုးစားရမယ်။

စန်းထွန်း
နိုဝင်ဘာ ၈ ၊ ၂၀၁၄။

ဗာမွန်သွား တောလား - ၁

အောက်တိုဘာလမှာ သွားဖို့ရွေးချယ်လိုက်တာကတော့ နယူးယောက်မြို့ရဲ့ မြောက်ဖက်စူးစူးမှာရှိတဲ့ ဗာမွန်ပြည်နယ်ပါ။ Fall Foliage ဆောင်းဦးရာသီ သစ်ပင်တွေ အရောင်ပြောင်းတာကို သွားကြည့်တဲ့ ခရီးစဉ်မို့ စက်တင်ဘာလကုန်ခါနီးမှ စဖွင့်ပြီး အောက်တိုဘာလကုန်အထိပဲ တိုးခရီးစဉ်တွေ ရှိပါတယ်။ ဗီယက်နမ်က ဝိုင်းအစ်မနှစ်ယောက် ယူအက်စ်ကို လာလည်လို့ ကယ်လီဖိုးနီးယားကို နှစ်ပတ်ခရီးသွားနေတဲ့ ဝိုင်းက အောက်တိုဘာလ နောက်ဆုံးအပတ်မှာမှ နယူးယောက်ကို ပြန်ရောက်လာတာမို့ အောက်တိုဘာ ၂၅ ရက်နေ့ ခရီးစဉ်ကို ရွေးလိုက်ပါတယ်။ ကျွန်မအိမ်နဲ့နီးတဲ့ ဖလပ်ရှင်းစုရပ်ကို  ၆ နာရီ ၄၅ မိနစ် ရောက်ရမှာမို့ ၅ နာရီခွဲ အိပ်ယာကထ ၆ နာရီထိုးတာနဲ့ ရထားစီးဖို့ ဘူတာရုံကို ရောက်နှင့်နေရပြီ။ ဖလပ်ရှင်းကနေ မက်ဟန်တန် တရုတ်တန်းဆီကို ပြေးဆွဲတဲ့ တိုးဖယ်ရီစီးပြီး တရုတ်တန်းရောက်တော့ ၇ နာရီ ၂၀ ပဲ ရှိနေသေးတယ်။ တိုးကားက တရုတ်တန်းကနေ မနက် ၈ နာရီ ထွက်မှာပါ။

ချက်ကင်ဝင်တော့ ဒုတိယအကြိမ် ဝိုင်းနဲ့အက်ကေဒီးယား ခရီးစဉ်ရဲ့ တိုးဂိုက်က ဗာမွန်တိုးဂိုက်အဖြစ် ပြန်ဆုံတယ်။ ခုံနံပါတ်ရပြီး အတန်ကြာတော့ ဝိုင်း ရောက်လာတယ်။ တိုးဂိုက်က ဝိုင်းကို မှတ်မိတယ် မမှတ်မိပဲ နေပါ့မလား။  တိုးကားက မနက် ၈ နာရီမှ ထွက်မှာကို တိုးဂိုက်က ၇ နာရီ ၁၅ မိနစ် အရောက်လာခိုင်းလို့ အချိန်တိကျတဲ့ ဝိုင်းက အတိအကျလာ၊ ၁ နာရီ နီးပါးလောက် အတိအကျကို စောင့်လိုက်ရတဲ့ အချိန်မှာ တိုးဂိုက်နဲ့ စကားစမြည် ပြောဖြစ်တော့ တိုးဂိုက်က အချိန်တိကျတဲ့ကောင်မလေးလို့ မှတ်မိနေတာပေါ့။ ကိုယ်တွေ အချိန်တိကျတာ ဆွဇ်တွေကို မမှီဘူးတဲ့။ ဝိုင်း အီတလီမှာနေတုန်းက သူ့လုပ်ဖော်ကိုင်ဖက် ဆွစ်က ၁၀ နာရီ ဖုန်းဆက်မယ်လို့ ပြောထားရင် ၁၀ နာရီ  ၁ မိနစ်မှာ ဖုန်းခေါ်တယ်တဲ့။ ၁၀ နာရီ ၂ မိနစ်မှာမှ ဖုန်းမခေါ်ရင် တခုခုဖြစ်နေပြီတဲ့။ ခုံနံပါတ်တွေ့တော့ အထုပ်အပိုးတွေ နေရာချ။ အထုပ်အပိုးကလည်း ကျောပိုးအိတ်နဲ့ အစားအသောက်အိတ်။ ၁ ညအိပ် ၂ ည ခရီးမို့ ကိုယ်မှာဝတ်ထားတဲ့ အင်္ကျီတစ်စုံ၊ ညဝတ်အိပ်တစ်စုံပဲ ပါတာမို့ ကျောပိုးအိတ်တွေက ပေါ့ပေါ့လေး။ ကျွန်မက ခရီးသွားရင် ခရီးသွားခေါင်းအုံးလေး ဆောင်တတ်တတယ် ဇက်မနာအောင်လို့။ အဲ အစားအသောက်အိတ်ကတော့ အတော်လေးတယ်။


တရုတ်မတစ်ယောက်က သူတို့စာရွက်ပေါ်က ခုံနံပါတ်ကို ပြတယ် ကျွန်မတို့ခုံနံပါတ်နဲ့ တူနေတယ်။ သူတို့က လေးယောက်မို့ တစ်တန်းတည်း ထိုင်ခုံတွေ။ ဒီမှာကြည့် တိုးဂိုက်ရေးပေးလိုက်တဲ့ ခုံနံပါတ် မင်းတို့ကားနံပါတ်တွေများ မှားနေသလား။ ဒီကားက ဘတ်စ်နံပါတ်တစ် တိုးဂိုက်ကို ပြန်မေးကြည့်ဦး။ ဂျူလှိုင်၄ ပိတ်ရက်တုန်းက အက်ကေဒီးယားကို ဘတ်စ်ကား ၇ စီး ထွက်တာမို့ ကားနံပါတ်တွေ မှတ်ထားရတယ်။ စာရွက်တွေကို အသေအချာကြည့်ပြီး ကျွန်မတို့ကို ခုံနံပါတ် မှားပေးလိုက်တာတဲ့။ ဒါနဲ့ နောက်ဖက်ကို တခါပြောင်းပြီးတော့ မဟုတ်ပြန်ဘူးတဲ့ နောက်ထပ်တစ်ခါ ပြောင်းရပြန်တယ်။ တိုးဂိုက်က ဆောရီးလို့ တောင်းပန်ပေမဲ့ စိတ်အနှောင့်အယှက် ဖြစ်ရလို့ မျက်နှာလေးတွေအိုအို စိတ်ထဲမှာတော့ တော်တော်ကသမ်းကရမ်းနိုင်၊ မစေ့စပ်မသေချာတဲ့ တိုးဂိုက်လို့ ကောင်းချီးပေးကြတာပေါ့။ ၈ နာရီ ၁၅ မိနစ် ကားမထွက်သေး လူတွေကလည်း စုံသလောက်ရှိနေပြီ ကျွန်မတို့ရှေ့က ခုံနှစ်ခုံပဲ လွတ်နေတာ။ မကြာပါဘူး ဒါ ဘာလဲလို့ မေးသံကြားလို့ ခေါင်းထောင်ကြည့်တော့ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးတွေနဲ့ အာရပ်နွယ်ဖွားတစ်ယောက်။

တိုးဂိုက်က ခုံပေါ်မှာတင်နေတဲ့ အနွေးထည်ကို ဖယ်ပေးတော့ ဝင်ထိုင် ထိုင်ခုံကို နောက်ကိုတအားကြီး လှဲလိုက်တော့ ဝိုင်းနဲ့ကျွန်မ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြပြီး ပြိုင်တူ မေးငေါ့မဲ့ရွဲ့ကြတယ်။ သူတို့အတွဲရောက်ပြီးမှ ကားထွက်တာဆိုတော့ သူတို့စောင့်နေရတာပေါ့။ အင်း ဒီလိုလူမျိုးတွေနဲ့ ခရီးသွားရမှာ မလွယ်ပါလား။ နေ့လည် ၁၁ နာရီလောက်မှာ မနက်စာစားချိန်လွန် နေ့လည်စာဖို့လည်း စောနေသေးတဲ့ brunch စားဖို့ ဘာတီမိုးဆိုတဲ့အရပ်မှာ  နားပါတယ်။ နေသိပ်မကောင်းချင်တဲ့ ဝိုင်းက သူ့ဆေးအစာဖြစ်တဲ့ Shives (မြန်မာလို ဘယ်လိုခေါ်လဲမသိ) ကို ကြက်ဥနဲ့ကြော်ထားတာကို ထမင်းနဲ့ကောက်ညှင်းရောထားတဲ့ဆန်နဲ့ စားတယ်။ ကျွန်မကတော့ သယ်လာတဲ့ ပြောင်းဖူးပြုတ်၊ ပန်းသီး၊ ဘီစကွတ်တွေနဲ့ နေ့လည်စာ ပြီးတယ်။ ပထမဆုံး သွားလည်မဲ့နေရာက နယူးယောက်ကနေ မြောက်ဖက်စူးစူး မိုင် ၃၀၀၊ ၃ နာရီ ၄၅ မိနစ် မောင်းရတဲ့ Ausable Chasm ။ Andirondack တောင်တဝိုက်က နှစ်သန်းငါးရာ သက်တမ်းရှိတဲ့ သဲကျောက်တွေကို Ausable မြစ် ဖြတ်သန်းစီးဆင်းပြီး ချန်ပိန်ရေကန်ထဲကို စီးဝင်ရာကနေ အလွန်လှပတဲ့ ကင်ညမ် canyon ဖြစ်လာပါတယ်။


၁၈၇၀ မှာ ဖွင့်လှစ်ခဲ့တာမို့ ၁၄၄ နှစ် ရှိပါပြီ။ walking ၊ rafting ၊ mountain biking ၊rappelling ၊ rock climbing ၊ camping လုပ်ဖို့ သိပ်ကောင်းပါတယ်။ ကျွန်မတို့က အလွယ်ဆုံး ၂ မိုင် ထရေးလမ်းကို လျှောက်မှာပါ။ ရေတံခွန်စိမ့်စမ်း၊ သစ်ပင်စိမ်းညှို့ညှို့တွေနဲ့မို့ လေက အင်မတန် သန့်ရှင်းတယ်။ လေအသွဲ့မှာ ထင်းရှူးနံ့လေးတွေကို ရှူရှိုက်ရသလို သိသိသာသာ အေးစိမ့်လာပါတယ်။ လူတစ်ယောက်စာသာသာ လမ်းကျဉ်းကျဉ်းလေး၊ အောက်မှာ ဖြတ်သန်း စီးဆင်းနေတဲ့မြစ်၊ သဲကျောက်တောင်တွေနဲ့မို့ ရှုခင်းက တမျိုးဘာသာ ကွဲပြားနေပါတယ်။ ၂ မိုင် လမ်းလျှောက်တာများ ကိုယ်တို့က စာမဖွဲ့ဘူး ပိတ်ရက်တွေမှာ လမ်းလျှောက်အဖွဲ့တွေနဲ့ ၄  မိုင်ကနေ ၇ မိုင်အထိ လမ်းလျှောက်နေကြကိုး။ နောက်ထပ် ၁ နာရီလောက်မောင်းရင် Andirondack တောင်တန်းတွေထဲမှာ အမြင့်ဆုံးတောင်ထိပ်တစ်ခုဖြစ်တဲ့ Whiteface  တောင်ခြေကို ရောက်ပါတယ်။ ဝိုက်ဖေ့တောင်ဟာ တခြားတောင်တွေကနေ သီးသန့်ခွဲထွက်နေတာမို့ ဝိုက်ဖေ့တောင်ကနေ အန်ဒီရွန်ဒက်တောင်တွေရဲ့ အလှကို ခံစားကြည့်ရှုဖို့ အကောင်းဆုံးဗျူးပွိုင့် (outlook) ပါတဲ့။

ဆောင်းရာသီ ski resort အတွက် ပြင်ဆင်နေလို့ gondola ဂွန်ဒိုလာလို့ခေါ်ကြတဲ့ ကောင်းကင်ကေဘယ်လည်း ပိတ်ထားတယ်။ ဝိုက်ဖေ့တောင်နောက်ခံနဲ့ ဂွန်ဒိုလာစီးနေတဲ့ပုံ ရိုက်မယ်လို့ ကြံစည်ထားတာလည်း အထ မမြောက်လိုက်ဘူး။ တောင်ခြေကနေ ဓာတ်ပုံရိုက်တာတောင် မိုးရွာနေလို့ အပြေးအလွှား ရိုက်ရတယ်။ နာရီဝက်လောက် ထပ်မောင်းရင် ၁၉၃၂ ကနေ ၁၉၈၀ ထိ အိုလံပစ်အားကစားပွဲတွေ ကျင်းပခဲ့တဲ့ အိုလံပစ်စင်တာရှိတဲ့ လိတ်ပလပ်စစ်မြို့ Lake Placid မြို့ဆီ ရောက်ပါတယ်။ ၁ နာရီ ရတဲ့အချိန်တွင်းမှာ ဘယ်ကိုသွားရပါ့ မဲရားလိတ် Mirror Lake ကို ဘယ်လိုသွားရမလဲလို့ ဒေသခံလို့ထင်ရတဲ့ ခွေးနဲ့လမ်းလျှောက်ထွက်လာတဲ့သူတစ်ယောက်ကို မေးကြည့်တော့ တည့်တည့်သွားတဲ့။ လမ်းတလျှောက် Gift shop ဆိုင်တွေ အများကြီး မိုးကလည်း တဖြောက်ဖြောက်နဲ့ မစဲနိုင် ကောင်းကင်ကလည်း မှောင်မဲလို့။ ဒါပေမဲ့လည်း  Frozen ဒစ်စနေကာတွန်းကားထဲက ဇာတ်ဝင်သီချင်း Let it go သီချင်းထဲက Cold doesn't bother me anymore သီချင်းစာသားလေးကို ကျွန်မတို့က Rain doesn't bother me anymore လို့ ဟစ်ကြွေးပြီး ဓာတ်ပုံရိုက်မပျက်။


အဲ မိုးရေကြောင့် ဆံပင်တွေ စိုကပ်ပြီး ကြွက်စုတ်ဖြစ်နေတော့ မျက်နှာအနီးကပ်တော့ မရိုက်ကြဘူး။ ဝေးနိုင်သမျှဝေး ဘက်ကရောင်းပုံတွေပဲ ရိုက်ကြတယ်။ Lake Placid ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့တော့ နီးသလားလို့ ဂူဂယ်မက်မှာ ရှာကြည့်တာ လား...လား မြေပုံထဲမှာတော့ နီးတယ် ကားမောင်းရင် ၁၀ မိနစ်လောက်ပဲ ကိုယ်တွေက လမ်းလျှောက်ရမှာ နာရီဝက်လောက်။ လည်ပတ်ဖို့ ပေးထားတဲ့ ၁ နာရီမှာ နာရီဝက်လောက်ပဲ အချိန်ရတော့တယ်။ သေချာအောင် ဒေသခံတွေက မေးကြည့်မှပဲဆိုပြီး ဘားထဲက ထွက်လာတဲ့ အန်ကယ်ကြီးကို မေးကြည့်တော့ အဲဒီဖက်မှာ ဟိုတယ်ကလွဲရင် ဘာမှမရှိတော့ဘူး ဆိုင်တွေက ဟိုဖက်တလျှောက်မှာ။ ဒီမှာ ၁ နာရီလောက်ရလို့ ဘယ်နေရာတွေများ သွားလည်ဖို့ ရီကွန်မန်းပေးချင်ပါသလဲဆိုတော့ အိုလံပစ်စင်တာကို သွားတဲ့။ အဲဒီလမ်းအတိုင်းလျှောက် အဆုံးမှာ အိုလံပစ်စင်တာတွေ့လိမ့်မယ်။ အဆောက်အဦး ခပ်ကြီးကြီးကို တွေ့လို့ကတော့ အိုလံပစ်စင်တာလို့တာ မှတ်လိုက်တော့ မလွဲစေရဘူး။ ၁၉၈၀ သမိုင်းဝင် Miracle on Ice ဟော်ကီဂိမ်းကို အဲဒီစင်တာမှာ ကျင်းပခဲ့ပြီး အမေရိကန် ဟော်ကီအသင်းက ရုရှားဟော်ကီအသင်းကို အနိုင်ရဗိုလ်စွဲခဲ့တာကို အမေရိကန်တွေ သိပ်ဂုဏ်ယူတယ်။

စင်တာရောက်တော့ ဟော်ကီပွဲ ကျင်းပနေတာနဲ့တူတယ် ဝင်ကြေး  ၆၅ ကျပ်တဲ့။ ပြတိုက်ရှိတယ်ဆိုပေမဲ့ မတွေ့ခဲ့ဘူး။ အမှတ်တရ ဓာတ်ပုံရိုက်ပြီး ကားဆီပြန်တော့ အချိန်တိကျတဲ့သူတွေ ရောက်နေကြပြီ။ ဘေးနားက ဆိုင်တဆိုင်က ကြယ်ပုံမီးပုံးတွေ အလှဆင်ထားတာ လှလို့ ဓာတ်ပုံရိုက်ကြတယ်။ ဆိုင်ထဲဝင်ကြည့်တော့ ခရေစတယ်ရောင်စုံ၊ ကျောက်အမျိုးမျိုးတွေ ရောင်းတဲ့ဆိုင်။ ကြယ်မီးပုံးတွေက လှလိုက်တာ ခရစ်စမတ်ချိန် ရောက်ပြီလို့ ခံစားရတယ်လို့ ဆိုင်ရှင်ကို ပြောကြသေးတယ်။ နောက်ထပ် ၁ နာရီ ထပ်မောင်းရင် ချန်ပိန်ရေကန်ဘေးနားမှာ တည်ရှိတဲ့ Plattsburgh မြို့ကို ရောက်ပါတယ်။ အဲဒီမြို့မှာ ညအိပ်ရမှာပါ။ ဟိုတယ်ဆီ မမောင်းခင် Hong Kong Jude ဘူဖေးဆိုင်မှာ ညစာစားတယ်။ တယောက်ကို ၁၄ ကျပ် တက်စ်  tax ၊ တစ်ဖ် tip ပါအပြီး ၁၆ ကျပ် ကျပါတယ်။ ဗိုက်ဆာနေလို့ပဲလား၊ အစားအသောက်တွေက ကောင်းလို့ပဲလားမသိ အတော်စားကောင်းတယ်။ ဂဏ္ဏန်းလက်မတွေဆို လတ်ဆပ်လို့ နောက်ထပ်တစ်ပွဲ ထပ်စားရတယ်။ အမေရိကန်တွေ တော်တော်များများ လာစားကြတယ်။ နေရာချပေးတဲ့ ဝိတ်တာဆိုရင် ဝေါ်ကီတော်ကီ Head phone နဲ့။


ကင်မရာကို ခုံပေါ်တင်ပြီး ခေါင်းမဖေါ်တမ်း တီးနေတဲ့ ကျွန်မကို အဲဒီဝိတ်တာလေးက တရုတ်လို ကွိကွလာပြောတယ်။ ခုံကို တစ်ယောက်ယောက်က တိုက်မိရင် ကင်မရာကျကွဲလိမ့်မယ်လို့ အင်တာနေရှင်နယ် ဘာသာစကား (လက်ဟန်ခြေဟန်) နဲ့ပြောတာမို့ ကျွန်မ နားလည်လိုက်တယ်။ ဝိုင်းက ကျွန်မ တရုတ်စာ ကောင်းကောင်းတတ်တယ်လို့ ထင်သွားတယ်။ အမှန်က နိုင်ငံခြားဘာသာတက္ကသိုလ်မှာ မနက်ပိုင်းသင်တန်း တစ်နှစ်ခွဲတက်ဖူးလို့ ကျွန်မက တရုတ်စာ နည်းနည်းလေးပဲ သိတယ်။ ဗီယက်နမ်မှာ တက္ကသိုလ်တက်တုန်းက နိုင်ငံခြားဘာသာ မယူမနေရဆိုတော့ ပြင်သစ် ဘာသာယူပြီး လေးနှစ်သင်၊ ပါရီမှာ ကျောင်းတစ်နှစ်နေဖူးတဲ့ ဝိုင်းက ပြင်သစ်စကား ကောင်းကောင်းပြောတတ် ရေးတတ်တယ်။ ကနေဒါပြည်ပေါက် ဘယ်လ်ဂျီယမ်သူငယ်ချင်းနဲ့ဆို ပြင်သစ်လိုပဲ ပြောကြတာတဲ့။ ပြင်သစ်ဝထ္ထုတွေကို ပြင်သစ်လို ဖတ်တယ်။

ကနေဒါနိုင်ငံ ကွိဘတ်ပြည်နယ် Quebec (ဝိုင်းက ပြင်သစ်စကားနဲ့ ကေ့ဘတ်လို့ အသံထွက်တယ်) မွန်ထရီရယ် Montreal မြို့ကနေ ၁ နာရီလောက်ပဲ မောင်းရတာမို့ ကနေဒီးယန်းတွေ ဒီကိုလာပြီး လျှော့ပင်းကြပါသတဲ့။ ဘူဖေးဆိုင် ဘေးနားကဆိုင်ကို လျှော့ပင်းကြတော့ အတော်သက်သာတာ တွေ့ရတယ်။ Head & Shoulders Shampoo ဆို နယူးယောက်မှာ ၇ ၊ ၈ ကျပ် ပေးရတာကို ဒီမှာ ၂ ၊ ၃ ကျပ် လောက်ပဲ ပေးရတယ်။ တန်လို့ ဝယ်ချင်ပေမဲ့ ကျွန်မသုံးတဲ့ တံဆိပ်တွေ မရှိဘူး။ ညအိပ်တဲ့ ဟိုတယ်က American Best Inn မဆိုးပါဘူး။ ဆံပင်မိုးစိုတဲ့ ဝိုင်းက ခေါင်းလျှော်ပါမှ သူ နေမကောင်းမဖြစ်မှာတဲ့။ အနွေးထည်မှာ ခေါင်းစွပ်ပါတဲ့ ကျွန်မက မိုးရွာရင် ခေါင်းစွပ်လေး ခြုံရုံပဲ။ အေးလို့၈၀ အပူပေးထားတာ ညသန်းခေါင်ရောက်ရော ချွှေးတွေထွက်လာလို့ အအေးပြန်လျှော့ စောင်လေးခြုံပြီး ကွေးလိုက်ကြတာ မနက် ၇ နာရီခွဲ Morning Call ခေါ်ပြီး နိုးတော့မှပဲ နိုးတော့တယ်။ ချန်ပိန်ရေကန်ကို ဖြတ်ကျော်ပြီး ဗာမွန်ပြည်နယ်က လည်ပတ်စရာတွေကို အပိုင်း ၂ ကျမှ ဆက်ပါဦးမယ်။

Happy Traveling!
စန်းထွန်း
နိုဝင်ဘာ ၂၊၂၀၁၄။