ပရင့်စတန်သွား တောလား - ၁
ဘွဲ့မရသေးတဲ့ ကျောင်းသားတွေ အဝင်အထွက် မလုပ်တဲ့ ပရင့်စတန်တက္ကသိုလ် မိန်းတံခါးမ
စက်တာဘာ ၁ မန်မိုရီယမ်ဒေး ပိတ်ရက်မှာ အက်ကေးဒီးယားသွား တောလားပြီးသွားတော့ စက်တင်ဘာလအတွက် ခရီးသွားဖို့ ရက်ညှိကြတော့ စက်တင်ဘာလရဲ့ ပထမ၊ ဒုတိယပတ်တွေမှာ တိုးခရီးစဉ်တွေ မရှိဘူး။ ဒါကလည်း ဖြစ်သင့်ပါတယ် စက်တင်ဘာ ၁ မန်မိုရီယမ်ဒေးပိတ်ရက် ခရီးတွေ သွားပြီးခါစကိုး။ အက်ဖ်စတိတ် upstate လို့ ခေါ်ကြတဲ့ နယူးယောက်အထက်ပိုင်းက Lake George ၊ Fingers Lake တို့ကို သွားချင်ပေမဲ့ အဲဒီခရီးစဉ်တွေက စက်တင်ဘာလကုန်မှ ထွက်မှာ။ ဝိုင်းက စက်တင်ဘာလလယ်မှာ အီတလီကို အစည်းအဝေးပွဲ သွားတက်ရမှာ စက်တင်ဘာ ၂၀ စနေနေ့ နေ့လည်မှ   ပြန်ရောက်မယ်။ နောက်အပတ်ဆို ဝိုင်းအစ်မနှစ်ယောက် ယူအက်စ်ကို လာလည်ကြမှာ သုံးပတ်ခရီးထွက်မှာမို့ အောက်တိုဘာလလယ်မှ ပြန်ရောက်မယ်တဲ့။ အီတလီကနေ ပြန်ရောက်ပြီး နောက်တစ်နေ့ စက်တင်ဘာ ၂၁ တနင်္ဂနွေနေ့ တရက်တည်းပဲ အားပါသတဲ့။
ဒီလိုနဲ့ တစ်ရက်ခရီးစဉ်တွေ ရှာဖွေတော့ Fall Foilage Special ဖြစ်တဲ့ Apple picking ကို သွားတွေ့တယ်။ ဝိုင်းက စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလူးဘယ်ရီ ဘာဘယ်ရီမှ မကြိုက်ဘူးတဲ့။ ပန်းသီးတော့ ကြိုက်ပုံရတယ် ပန်းခြံတွေမှာ လမ်းသွားလျှောက်ရင် အဆာပြေစားဖို့ ပန်းသီးတွေ သယ်လာတတ်တယ်။ ဘွတ်ထားတာ တပတ်ကျော်ပြီ စက်တင်ဘာ ၂၁ တနင်္ဂနွေနေ့ သွားမှာ ဗုဒ္ဓဟူးနေ့အထိ ကွန်ဖန်း confirm မဖြစ်သေးလို့ တိုးကုမ္ဗဏီကို လှမ်းဖုန်းဆက်မေးကြည့်တော့ လူမပြည့်သေးလို့ ကွန်ဖန်း မဖြစ်သေးဘူးတဲ့။ စနေနေ့တိုးကတော့ ကွန်ဖန်းတဲ့။ အမ်... ကိုယ့်သူငယ်ချင်းက စနေနေ့မှ ပြန်ရောက်မှာ။ တခြား apple picking တိုးတွေ ရှာကြည့်ဦးမှပဲ။ တခြားတိုးတွေက ပန်းသီးတော့ သွားခူးပါရဲ့ လျှော့ပင်းမောလ်၊ Mystic Aquarium မစ်စတစ်ရေသတ္တဝါပြတိုက်တွေနဲ့ ပေါင်းထားတယ်။ မစ်မတစ်  ရေသတ္တဝါပြတိုက်ကို ကိုယ်တို့ ရောက်ဖူးပြီးသား၊ လျှော့ပင်းမောလ်လည်း မသွားချင်ဘူး။ ဒီတိုးကမှ ကိုယ်တို့သွားချင်တာတွေနဲ့ ကွက်တိ။
Nassau Hall
၁၈၇၉ ကျောင်းဆင်းတွေ လှုဒါန်းထားတဲ့ ကြေးသွန်းကျားနှစ်ကောင်
ခဏလောက် ဖုန်းကိုင်ထားမလား ရုံးချုပ်ကို လှမ်းမေးပေးမယ်လေ အိုကေ ရတယ်။ ခဏလောက်ကြာတော့ အဲဒီတိုး ကွန်ဖန်းဖြစ်တယ်တဲ့ ရုံးချုပ်က အကြောင်းကြားလာတယ်၊ မကြာခင် ကွန်ဖန်းအီးမေးလ် မင်း ရလိမ့်မယ် ကျေးဇူးတင်ပါတယ်။ ကွန်ဖန်းအီးမေးလ်ရတော့ ဝိုင်းရဲ့ pick up အတွက် ဖုန်းဆက်ရပြန်တယ်။ တိုးကို ဘွတ်လုပ်တုန်းက ကိုယ့်အိမ်နဲ့နီးတဲ့ ဖလပ်ရှင်းကို ကြိ ုပို့နေရာ ရွေးထားတာ။ ဝိုင်းအိမ်က မက်ဟန်တန် တရုတ်တန်းနဲ့ နီးတယ်။ ဝိုင်းကြိုပို့အတွက် ဖုန်းဆက်တော့ ဟိုနံပါတ်ကို ခေါ်ပါ၊ ဒီနံပါတ်ကို ခေါ်ပါနဲ့ နှစ်ခါလောက် ပြောင်းခိုင်းလို့ Live chat ကနေ လုပ်ခိုင်းတာ အဆင်ပြေတယ်။ ဖလပ်ရှင်းကနေ မနက် ၇ နာရီမှာ ထွက်မှာမို့ ၆ နာရီ  ၅၀ ရောက်နှင့်နေဖို့ ဂိုက်က ဖုန်းဆက် သတိပေးလာတယ်။ မနက် ၆ နာရီ ၅၀ ဖလပ်ရှင်းက စုရပ်ရောက်တော့ လူတွေအများကြီးပဲ။ ဟိုကိုသွားပါ၊ ဒီကိုသွားပါနဲ့ ၇ နာရီထိုးတော့ တရုတ်တန်းကိုသွားမဲ့ ရှယ်တယ်ပေါ်မှာ။
တရုတ်တန်းကို နာရီဝက်လောက် မောင်းရမှာဆိုပေမဲ့ မနက်အစောကြီးမို့လား မသိဘူး ၁၅ မိနစ်နဲ့ တရုတ်တန်း ရောက်တယ်။ တရုတ်တန်းရောက်တော့ ဟိုကိုသွားပါ၊ ဒီကိုသွားပါနဲ့ စုရပ်ရောက်တော့ ဂိုက်နဲ့တွေ့တယ်။ ဝိုင်းကတော့ ရထားပေါ်မှာတဲ့။ ဝိုင်း ရောက်လာတော့ သူ့အီတလီခရီးစဉ်အကြောင်း၊ သူ့လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းတွေအကြောင်း၊ သူ သွားခဲ့တဲ့နေရာတွေကို ဖေ့ဘွတ်ကဓာတ်ပုံတွေနဲ့ ရှင်းပြတယ်။ ၈ နာရီ ထိုးပေမဲ့လည်း မထွက်သေး၊ ကားရောက်ပေမဲ့လည်း မထွက်သေး၊ ကားပေါ်ရောက်တော့လည်း မထွက်သေး။ ၃ ယောက်တဖွဲ့က မနေ့က ဂိုက်ကို ဖုန်းဆက်လာတယ် ကိစ္စတခုရှိလို့ သူတို့နည်းနည်းနောက်ကျမယ်တဲ့။ ခု တရုတ်တန်းရောက်နေပြီ နောက်ထပ် ဆယ်မိနစ်လောက် ကျေးဇူးပြုပြီး စောင့်ပေးနိုင်မလား မေးလာတော့ မစောင့်လို့မှ မရတာနော်။
မြေအောက်သုံးထပ်ရှိတဲ့ စာကြည့်တိုက်
Chapel ခရစ်ယာန်ဘုရားဝတ်ပြုကျောင်း
ကွန်ပလိမ်းတတ်တဲ့ ကိုယ့်ညဉ်ဆိုးက ပြန်ပေါ်လာပြီး ဓာတ်ပြားဟောင်း ဖွင့်တော့တာပဲ။ ကိုယ် ယူအက်စ်ကိုရောက်တော့ ပထမဆုံးတက်ရတဲ့ သင်ခန်းစာက အမေရိကန်ယဉ်ကျေးမှု သင်ခန်းစာ။ အချိန်နောက်ကျတာ မလေးစားရာ ရောက်တယ်တယ်လို့ အမေရိကန်တွေက ယူဆတယ်တဲ့။ ကိုယ်နိုင်ငံမှာတော့ မြန်မာစံတော်ချိန်အတိုင်း ချိန်းထားတာထက် နာရီဝက်လောက် နောက်ကျလေ့ရှိတယ်။ ကိုယ့်နိုင်ငံမှာတုန်းက သူလည်းနောက်ကျ ကိုယ်လည်းနောက်ကျaတာ့ ကိစ္စမရှိဘူး။  နိုင်ငံခြားမှာနေတာ ကြာလာတော့ အချိန်တိကျမှ ကြိုက်တယ်။ ကွန်ပလိမ်းတဲ့ကိုယ်ကို ဝိုင်းက လေသံတိုးတိုးလေးနဲ့ ဖျောင်းဖျတယ်။ ဝိုင်းတို့ ဗီယက်နမ်မှာလည်း အတူတူပဲတဲ့။ ကိုယ့်မကြီးလည်း အပြင်သွားတော့မယ်ဆိုရင် အလှပြင်လို့ မပြီးတော့ဘူး။ သူ့ကို ထိုင်စောင့်ရင်းနဲ့တရေးရတယ်။ ကိုယ်နဲ့အမေက သိပ်မြန်တာ သွားမယ်ဆို ရယ်ဒီပဲ။
မျက်နှာသေးသေးလေးမို့သာ တော်တော့တာ မျက်နှာက စကောလောက်များဆိုရင် အလှပြင်ဖို့ နေ့တဝက်လောက် အချိန်ယူမလား မသိဘူး ထွက်လာတော့လည်း ဘာမှမထူးပါလားလို့ ကိုယ်တို့က ကောင်းချီးပေးကြတယ်။ ခန္ဓာကိုယ်၊ ခြေထောက်၊ မျက်နှာအနေအထား မဟုတ်လို့နဲ့ ဓာတ်ပုံရိုက်လို့မပြီးတော့ဘူး။ ကိုယ့်ဘွဲ့နှင်းတက်ဖို့ နောက်နှစ် ယူအက်စ်ကို လာမှာလေ။ အဲဒီလို အလှပြင်ပုံမျိုး၊ ဓာတ်ပုံရိုက်ပုံမျိုး၊ နောက်ကျတတ်ပုံမျိုးနဲ့ တိုးတွေရဲ့ ခပ်သုတ်သုတ် နှင်ပုံမျိုးနဲ့ ဟ..ဟ တွေ့ကြပြီဟေ့။ အရင်တုန်းက အိမ်မှုကိစ္စကူမလုပ်တဲ့ကောင်တွေကို အမြင်ကပ်တာ ခု အမြင်ကပ်တာ တစ်ခုထပ်တိုးပြီ။ ဘာကိုလဲ... နောက်ကျအချိန်မလေးစားတတ်တဲ့သူတွေကို။ အဲဒီနောက်ကျတဲ့ ၃ ယောက် ရောက်လာတော့မှ ကားထွက်တော့ ၈ နာရီ ခွဲနေပြီ။ တိုးကား ဗင်ကား ခရီးသည် ၁၂ ယောက် တိုးဂိုက်က ကယ်ဗင် ကားမောင်းသမားက အက်ဒီ။ တရုတ်ခရီးသည်အများစုက အင်္ဂလိပ်စကားမတတ်တော့ ဂိုက်က တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရှင်းပြတယ်။
ပထမဆုံး သွားလည်မဲ့နေရာက မိုင် ၅၀၊ ၁ နာရီ အဝေး နယူးဂျာဆီပြည်နယ် ပရင့်စတန်မြို့က ပရင့်စတန် တက္ကသိုလ်။ ပရင့်စတန်တက္ကသိုလ်အတွက် ၁၀ ပေးရတော့ ဟင် တက္ကသိုလ် ဝင်လည်တာများ ပိုက်ဆံပေးရတယ် ကိုယ် ဘော့စတွန်မှာ ဟားဗတ်နဲ့ အမ်အိုင်တီကို သွားလည်တုန်းက ဖရီးပါ ပရင့်စတန်က ဈေးကြီးတယ်နော်။ ဝိုင်းနဲ့ကိုယ်၊ ဘရွတ်ကလင်းက အဘိုးကြီးတို့ကို အင်္ဂလိပ်ဘာသာနဲ့ ပရင့်စတန်တက္ကသိုလ်ကို လိုက်ပြပေးတဲ့ တိုးဂိုက်မလေးက တရုတ်မလေး။ အပြန်အလှန် မိတ်ဆက်ကြပြီးတော့ ဂိုက်မလေးက ရှင်းပြပါတယ်။ ၁၇၄၆ ခုနှစ်မှာ နယူးဂျာဆီကောလိပ်အဖြစ် တည်ထောင်ခဲတဲ့ ပရင့်စတန်တက္ကသိုလ်ဟာ ခုတော့ ထိပ်တန်းတက္ကသိုလ်တစ်ခုပါ။ အမေရိကန်တော်လှန်ရေးမတိုင်ခင် တည်ထောင်ခဲ့တဲ့ ကိုလိုနီတက္ကသိုလ် ကိုးခုထဲက တစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ စတုတ္တမြောက် သက်တမ်းအရှည်ကြာဆုံး ကောလိပ်တစ်ခုပါ။ ပရင့်စတန် တက္ကသိုလ်ကနေ အမေရိကန် သမ္မတနှစ်ယောက်၊ နိုဘယ်ဆုရှင် ၃၇ ယောက်၊ အမျိုးသားသိပ္ဗံဆုရှင် ၁၇ ယောက်၊ Abel ဆုရှင် ၂ ယောက်၊ ဘယ်ဆု ဘယ်နှစ်ယောက်လို့ ရှင်းပြပေမဲ့ အကုန်မမှတ်မိလိုက်ဘူး။
ပရင့်စတန်ကျောင်းထွက်တွေထဲက သမ္မတ၊ သိပ္ဗံပညာရှင်၊ ထင်ရှားကျော်ကြားတဲ့လူတွေ နာမည်တွေ ပြောပြပေမဲ့ အဲဒီအပိုင်းမှာ ဗဟုသုတ နည်းရှာလေတော့ မမှတ်မိဘူး။ ဂူဂယ်၊ အမေဇုန်၊ အီးဘေတွေရဲ့ စီအီးအို၊ မစ်ရှဲအိုဘားမားက ပရင့်စတန်ကျောင်းထွက်တွေပါတဲ့။ အဲ...မစ်ရှဲအိုးဘားမားတော့ သိသဟ။ ကိုယ်တို့ဝင်ခဲ့တဲ့ မိန်းတံခါးမကြီးကို ညွှန်ပြပြီး ပရင့်စတန်းကျောင်းမှာ အယူတစ်ခု ရှိပါသတဲ့။ ဘွဲ့မရသေးဘဲနဲ့ အဲဒီမိန်းတံခါးကြီးကနေ မထွက်မိစေနဲ့ ထွက်မိရင် ဘွဲ့မရဘူးတဲ့။ ပရင့်စတန်ကျောင်းသားတွေဟာ မိန်းတံခါးမကြီးဘေးနားက တံခါးပေါက်ကနေပဲ ဝင်ထွက်ကြတယ်။ ပိုပြီးစိတ်ချချင်ရင်တော့ ဟိုးနားက တံခါးပေါက်ကနေ ဝင်ထွက်ကြပါသတဲ့။ ဖရက်ရှာဝဲကမ်းနေ့ဆိုရင် ကျောင်းအုပ်ကြီး ဆုံးမစကားပြီးတာနဲ့ ဖရက်ရှာလေးတွေဟာ ဟောဒီ  Nassau Hall ရှေ့ လာရောက်စုရုံးကြပြီး ဒီတံခါးမကြီးရှေ့မှာ ကျောင်းသီချင်းတွေ သံပြိုင်သီဆိုလေ့ရှိပါသတဲ့။
၁၇၇၇ ပရင့်စတန်တိုက်ပွဲတုန်းက ထွက်ပြေးသွားတဲ့ ဗြိတိသျှတွေရဲ့ သမိုင်းဝင် အမြှောက်ကို မြှပ်နှံထားတဲ့ Canon Green
အလယ်က မည်းမည်းဖုလုံးလေးက အမြှောက်
Nassau Hall ကတော့ တက္ကသိုလ်ရဲ့ သက်တမ်းအရင့်ဆုံး အဆောက်အဦးပါ။ ၁၇၅၄ မှာ တည်ဆောက်ခဲ့ပြီး ၁၇၅၆ မှာ ပြီးတယ်။ ၁၇၇၇ ပရင့်စတန်တိုက်ပွဲမှာ ပါဝင်ခဲ့ပါတယ်။ ခုတော့ ပါချုပ်၊ အုပ်ချုပ်ရေးမှုးရုံး အဆောက်အဦး ဖြစ်နေပြီး တက္ကသိုလ်အလယ်ကောင်မှာရှိတဲ့ တက္ကသိုလ်အမှတ်အသား တစ်ခုပါတဲ့။ ၁၈၇၉  ကျောင်းဆင်းတွေ လှုဒါန်းထားတဲ့ ကြေးသွန်းကျားနှစ်ကောင်က အဆောက်အဦးအဝင်ဝမှာ ခန့်ခန့်ညားညား ရှိနေပါတယ်။ Nassau Hall အရှေ့ဖက်မှာ ပရင့်စတန်တိုက်ပွဲမှာ ဗြိတိသျှတွေ ထွက်ပြေးတုန်းက ကျန်ခဲ့တဲ့ သမိုင်းဝင်အမြောက်တလက် ရှိပါတယ်။ ၁၈၁၂ စစ်မှာ New Brunswick က ယူသွားပြီးတော့ ပြန်ပေးလို့ မြိ ု့အရှေ့ဖက်မှာ ထားပါတယ်။ နောက်နှစ်နှစ်ကြာတော့ ပရင့်စတန် ကျောင်းသားတွေက စစ်ဆင်ရေးတရပ်အနေနဲ့ ညတွင်းချင်း ကျောင်းကိုပြန်သယ်လာပြီး ၁၈၄၀ မှာတော့ ခုလက်ရှိနေရာမှာ မြှပ်နှံလိုက်ပါတယ်။
နောက်အမြောက်သေးတစ်ခုက Whig ဟောနားက မြက်ခင်းပြင်အောက်မှာ မြှပ်နှံထားပါတယ်။ ၁၈၇၅ ခုနှစ်မှာ Rutgers တက္ကသိုလ်ကျောင်းသားတွေ ခိုးယူသွားလို့ သူပိုင်ငါပိုင် ငြင်းခုန်ကြတာ စစ်ဖြစ်ပြီး ပရင့်စတန်ကို ပြန်အပ်လိုက်ရပါသတဲ့။ Rutgers ကျောင်းသားတွေဟာ ပရင့်စတန်တက္ကသိုလ်ဝင်းထဲက အမြောက်ကို တိတ်တဆိတ် ဆေးအနီရောင်တွေ သွားခြယ်ကြတာ ထုံးတမ်းအစဉ်အလာတောင် ဖြစ်နေပါပြီ။ ၂၀၁၁ နိုဝင်ဘာမှာ Rutgers ကျောင်းသားတွေ အစဉ်အလာမပြတ် ပရင့်စတန်တက္ကသိုလ်ဝင်းထဲက အမြောက်ကို ခိုးကြောင်ခိုးဝှက် ဆေးအနီ သွားမှုတ်တဲ့အကြောင်း မှတ်တမ်းတင်ထားတဲ့  documentary ဗီဒီယိုဟာ ၂၀၁၂ ဆောင်းဦးရာသီ နယူးဂျာဆီ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးကျောင်းသား ရုပ်ရှင်ဆု ရသွားတယ်။ ၂၀၁၂ ဟားဗတ်၊ ယေးလ်တက္ကသိုလ် ဘောလုံးအသင်းတွေကို အောင်နိုင်ပြီး ချန်ပီယံဆုရတုန်းက Nassau Hall ရှေ့က Cannon Green လို့ ခေါ်ကြတဲ့ အမြောက်ထားရှိတဲ့ မြက်ခင်းပြင်မှာ မီးပုံပွဲ ဆင်နွှဲကြပါသတဲ့။
ပရင့်စတန်တက္ကသိုလ်ရဲ့ ထူးခြားချက်က undergraduate ဦးစားပေးပါ။ ဟားဗတ်တို့လိုကျောင်းတွေက ဘွဲ့လွန်တွေအတွက် ကောင်းတယ်။ ပထမနှစ်မှာ ဘယ်သာသာကိုမှ ရွေးချယ်စရာမလိုဘဲ သိပ္ဗံ၊ ဝိဇ္ဇာ အကုန်သင်ရတယ်။ ပြီးတော့မှ တက်ချင်တဲ့မေဂျာတွေရွေးချယ်ပြီး ကျောင်းတွေ ရွေးချယ်ရပါသတဲ့။ စာကြည့်တိုက်ကြည့်ရင် မကြီးသလိုထင်ရပေမဲ့ မြေအောက်ထပ် သုံးထပ်ရှိလို့ စာအုပ်တွေ အများကြီး ရှိပါတယ်။ နောက်ထပ်လည်း စာကြည့်တိုက်အသစ် ရှိပါသေးသတဲ့။ ဘုရားရှိခိုးကျောင်းကြီးက ခန့်ညားပါတယ်။ ဘာသာပေါင်းစုံ ဝတ်ပြုနိုင်တဲ့ နေရာတွေ ရှိပါသတဲ့။ ပရင့်စတန်ကျောင်းသားတွေဟာ နိုင်ငံခြားဘာသာတခုခုကို မဖြစ်မနေ ယူရတော့ အဲဒီအဆောင်တွေဟာ နိုင်ငံခြားဘာသာ သင်ပေးတဲ့ အဆောင်တွေပါတဲ့။
ဟိုးဖက်ကတော့ အားကစားခန်းမဆောင်၊ ဒီဖက်ကတော့   ကျောင်းသားဆောင်တွေပါ။ တစ်နှစ်ကို နေထိုင်စားစရိတ်၊ ကျောင်းလခတွေ ပေါင်းလိုက်ရင် ၆ သောင်းလောက်ကျတော့ တော်တော်ဈေးကြီးတယ်။ ဒါပေမဲ့ တခြားနာမည်ကြီး တက္ကသိုလ်တွေနဲ့ ယှဉ်လိုက်ရင် သက်သာနေသေးတယ်။ ဝင်ငွေနည်းတဲ့ မိသားစုက ကျောင်းသားတွေအတွက် စကော်လားရှစ်ပရိုဂရမ်တွေ ရှိပါတယ်။ ကျောင်းပြီးလို့ အလုပ်ရမှ ဆပ်ရတာတဲ့ ကောင်းလိုက်တာ။ ပရင့်စတန်တက္ကသိုလ်မှာ အမိုးခုံး ၆ ခုလောက် ရှိပါတယ်။ ဒီအမိုးခုံးကတော့ အထူးခြားဆုံး ကျောင်းဂီတပွဲတွေအတွက် သီချင်းတိုက်ကြရင် အသံပိုကောင်းတယ်ထင်လို့ ဒီအမိုးခုံးအောက်မှာပဲ တိုက်ကြသတဲ့။ ညဖက်တွေဆို ဟိုအဖွဲ့က လာသီချင်းတိုက်လိုက်၊ ဒီအဖွဲ့က သီချင်းတိုက်လိုက်နဲ့ဆိုတော့ အနားကကျောင်းသားဆောင်တွေကတော့ ဖျော်ဖြေပွဲ concert အသေးလေး နားဆင်နေရသလိုပဲတဲ့။
MacCarter ၊ Theater Art Museum တွေ ရှိပါတယ်။ အလက်ဇန္ဒားဟော ဘွဲ့နှင်းသဘင်ခန်းမဆောင် ရာဇဝင်က နည်းနည်းထူးခြားပါတယ်။ တခါတုန်း ပရင့်စတန်အာခီကျောင်းသားတစ်ယောက်ရဲ့ ဒီဇိုင်းကို ဆရာက လက်မခံဘူး။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်၊ အောင်မြင်လာတော့ အဲဒီကျောင်းသားက ဘွဲ့နှင်းသဘင်ဆောက်ဖို့ ကုန်ကျငွေ အကုန်လုံးကို လှုဒါန်းတယ်။ ဒါပေမဲ့ ခြွင်းချက်တခုက ...ဘာလဲ ကျောင်းသားဘဝတုန်းက သူဆွဲခဲ့တဲ့ ဒီဇိုင်းကို သုံးရမယ်တဲ့လား။ အဆောက်အဦးဒီဇိုင်းက လှသားပဲ ဆရာက ဘာလို့ ပယ်ချပါလိမ့်။ အဲဒီဇာတ်လမ်းလေးကြားတော့ မင်း ယူအက်စ်မှာ အောင်မြင်မှာမဟုတ်ဘူးလို့ ပြောခဲ့ဖူးတဲ့ ပရက်ဖက်ဆာ လာမန်းကို ပြေးသတိရမိတယ်။ ကိုယ် အောင်မြင်တဲ့နေ့အထိ ပရော်ဖက်ဆာလာမန်းကို ကျန်းကျန်းမာမာနဲ့ အသက်ရှည်စေချင်တယ်။ ဒလိုင်းလားမား ဓာတ်ပုံတွေ ကျောင်းဝင်းနေရာအနှံ့ တွေ့တယ်နော်။ ဟုတ်တယ် ရှေ့လကျရင် ဒလိုင်းလားမား ကျောင်းကို လာဟောပြောမှာမို့ ပြင်ဆင်နေတာ။ အားလုံး စိတ်လှုပ်ရှားတက်ကြွနေကြတယ်။ ဒီတာဝါတိုင်က ဘာအတွက်လဲဟင်။ မသိဘူး အရင်ကတည်းက ရှိနှင့်နေတာ အရင်တုန်းက ကျောင်းသားတွေ တက်ကြသေးတယ်။ နောက်တော့ ဂရပ်ဖကိတီတွေ မှုတ်မှာ၊ တခုခုပျက်စီးသွားမှာ စိုးရိမ်လို့ ကျောင်းအုပ်ကြီးအမိန့်နဲ့ မတက်ရတော့ဘူး။
ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ ကျောင်းသားတွေ အိပ်နေကျတုန်း ဒါ့ကြောင့် ရှင်းလင်းနေတာ။ နို့မို့ အဆောင်ရှေ့ မြက်ခင်းပြင်မှာ နေဆာလှုံတဲ့သူ၊ စာဖတ်တဲ့သူ၊ ပစ်ကနစ်ထွက်တဲ့သူတွေနဲ့ ဆူညံပွက်လော ရိုက်နေတတ်တာ။ ဒီအဆောက်အဦးမှာ ကျောင်းဆင်းခုနှစ်ကမ္ဗည်းပြားတွေ ကပ်ထားတယ်။ မင်းတို့ကျောင်းပြီးသွားရင်လည်း ကပ်ကြမှာပေါ့။ ဟုတ်တယ် ၂၀၁၇ ကျောင်းဆင်းဆိုပြီး။ မင်းတို့ ပရင့်စတန်တက္ကသိုလ်က သိပ်လှတာပဲ။ ကိုယ်ရောက်ဖူးတဲ့ တက္ကသိုလ်ထဲမှာ ဟားဗတ်ပြီးရင် မင်းတို့ကျောင်းကို အကြိုက်ဆုံးပဲ အမ်အိုင်တီ၊ အိုင်အိုဝါ တက္ကသိုလ်ထက် လှတယ်။ ဝိုင်းကတော့ သူတက်ခဲ့တဲ့ ပြင်သစ်တက္ကသိုလ်နဲ့တူလို့ ကျောင်းကို သတိရတယ်တဲ့။ ဒါပေမဲ့ ပရင့်စတန်တက္ကသိုလ်က သူတို့ကျောင်းလောက် မကျယ်ဘူးတဲ့။ ကိုယ် တက်ဖူးတဲ့ ကျောင်းတွေထဲမှာတော့ အန်ယူအက်စ် စင်္ကာပူအမျိုးသားတက္ကသိုလ်က အကောင်းဆုံး။ ဒါပေမဲ့ ဟားဗတ်၊ ပရင့်စတန်လောက် မလှဘူး။
Alexander Hall Auditorium ကျောင်းသားဘဝတုန်းက ငြင်းပယ်ခံရတဲ့
ဒီဇိုင်းနဲ့ဆောက်လုပ်လှုဒါန်းထားတဲ့ ဘွဲ့နှင်းသဘင်ဆောင်
တာဝါတိုင်
ပရင့်စတန်တက္ကသိုလ်ဝင်းထဲ သွားလည်လို့ ပိုက်ဆံပေးရတာ မဟုတ်ဘဲ တိုးဂိုက်ခ ၁၀ ပေးရတာ။ မဆိုးပါဘူး တက္ကသိုလ်အကြောင်း သိရတာနဲ့ တန်ပါတယ်။ တရုတ်တွေဂိုက်က အဖြူပါလား ကြည့်ရတာ သူသင်ထားတဲ့ တရုတ်စကား လေ့ကျင့်ဖို့ ဂိုက်လုပ်နေတာ ထင်တယ်။ စုရပ်ပြန်ရောက်တော့ ရှေ့တန်းမှာထိုင်တဲ့ တရုတ်မလေး ၂ ယောက်နဲ့ တရုတ်လေး မရောက်သေးလို့ ဂိုက်က ဖုန်းခေါ်ရတယ်။ ဟမ်မလေး... တဖွဲ့ပြီးတဖွဲ့ မရိုးနိုင်အောင် စောင့်ရပါလား။ ကိုယ်တို့ အက်ကေးဒီးယား သွားတုန်းကဆိုရင် ၅၄ ယောက် အလွန်ဆုံးနောက်ကျ ငါးမိနစ်ပဲ။ ဘယ်သူ့ကိုမှ သိပ်ပြီးစောင့်ရတယ် မရှိဘူး။ အမယ်မင်း... ဒီတခေါက်တော့ စထွက်ကတည်းက စောင့်ရတာ ခုထိ စောင့်ရတုန်း။ ကိုယ် ကွန်ပလိမ်းတာကို ဝိုင်းလည်း မတားတော့ဘူး။ ဝိုင်းပါ ကူပြီး ကွန်ပလိမ်းချင်တယ် ထင်ပါ့။ နောက် နာရီဝက်လောက် ကားမောင်းရင် ပန်းသီးတွေခူးမဲ့ Turhune ခြံကို ရောက်ပါပြီ။ ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီ သွားခူးတုန်းက ခြင်းတောင်းထဲရောက်တာ နည်းနည်း ဗိုက်ထဲရောက်တာ များများ။ ပန်းသီးဆိုတော့ ဗိုက်ထဲများများ ရောက်မယ်မထင်ပါဘူး။
ကျောင်းဆင်းနှစ် ကမ္ဗည်းမှတ်တမ်းတင်ပြားတွေကို ရေးထွင်းထားတဲ့ အဆောင်
နည်းနည်းရှည်သွားလို့ ပန်းသီးခူးတာနဲ့ အန်းမစ်ချ်တွေ အကြောင်းကို အပိုင်း ၂ မှာ ဆက်ပါမယ်။
Happy Traveling!
စန်းထွန်း
‌အောက်တိုဘာ ၅၊ ၂၀၁၄။
2 comments:
Anonymous said...
မမအိုင်အိုရာ
San San Htun said...
Anonymous said...
စန်းထွန်းနဲ့တဝကြီးလိုက်လည်ပစ်လိုက်တယ်။
ပန်းသီးမမက်တဲ့ကိုယ်တောင်လတ်လတ်ဆတ်ဆတ်ဆိုတော့စားချင်လာတယ်။
ကိုယ်တော့ဘလူးဘယ်ရီရာသီတုန်းကသွားခူးတာကုန်အောင်မစားနိုင်လို့ဖရီဇာထဲထဲ့ထားလိုက်ရတယ်။
အန်းမစ်ချ်တွေအကြောင်းခဏခဏကြားဖူးတယ်။ သိပ်စိတ်ဝင်စားဘို့ကောင်းတယ်နော်။ မျက်မြင်ဆိုတော့ပိုစိတ်ဝင်စားစရာကောင်းမှာပေါ့။
မမအိုင်အိုရာ
October 8, 2014 at 12:59 AM