The trouble with You and Me !

ဒီနေ့ ရုံးမှာ ကော်ဖီသောက်ရင်း ဘယ်ရယ်မဟုတ် အမှတ်တမဲ့ တခါသုံးကော်ဖီခွက်ကို ကြည့်လိုက်တော့ Dixie ဆိုတဲ့ နာမည်တွေ့တော့ သူငယ်ချင်း ဗီယက်နမ်မလေး မိုင်းဖန်က ဘယ်လိုအသံထွက်ရမလဲဟင်လို့ မေးဖူးတာ သတိရသွားတယ်။ ဆူနမ် ဘယ်လိုဖြေလိုက်သလဲလို့ မမှတ်မိပေမဲ့ UFL ( Univeristy of Foreign Language, Yangon) မှာ တရုတ်စာ တစ်နှစ်တက်ဖူးတဲ့ ကျွန်မက အမေရိကန်တွေတော့ ဘယ်လိုအသံထွက်လဲ မသိဘူး  တရုတ်လိုတော့ တိချယ်လို့ အသံထွက်တယ်လို့ ဖြေတော့ ဆူနမ်နဲ့မိုင်းဖန် ကောင်းချီးပေးတယ်။ တရုတ်စာမှာ ဒီ d ကို တီ t လို့အသံထွက်တယ်။ ဥပမာ Didi (မောင်လေး) ကို ဒီ့ဒီ့လို့ အသံထွက်ရမဲ့အစား တိတိလို့ အသံထွက်တယ်။ နောက်တော့ ဂျီပီအက်စ်က ဒီချီဟိုင်းဝေးလို့  ကြေငြာတော့မှ အမေရိကန်အသံထွက်ကို သိသွားတော့တယ်။ ကန်တက်ကီရုံးမှာတုန်းက မန်နေဂျာဝီလီယမ်ဂရင်းက အလုပ်ရှာနေတဲ့အကြောင်းမေးလို့ အင်တာဗျူးတခုတော့ရတယ် အူတာ့ပြည်နယ်ကဆိုတော့ ဝီလ် အူကြောင်ကြောင် ဖြစ်သွားတယ်။ ဟင်... အူတာ့ပြည်နယ် ဘယ်ပြည်နယ်ပါလိမ့် မကြားဘူးပါလား စာလုံးပေါင်းပြ ။ U-t-a-h လို့ စာလုံးပေါင်းပြတော့ ဟဲ့ ကောင်မလေး အဲတာ ယူတာ့လို့ အသံထွက်တယ်။

ခြင်္သေ့ကျွှန်းမှာ Paulau Ubin ကွျှန်းကို ပူလာအူပင်လို့ အသံထွက်တာကိုး။ Jose ကို ဂျိုဆေးလို့ အသံထွက်လို့ရတော့ တက်တက်စင်အောင် လွဲပါတယ် ဟိုဆေးလို့ အသံထွက်ရပါတယ်။ ရခိုင်တွေက ချစ်၊ ခြစ် မကွဲဘူး။ မွန်တွေက သနဲ့တ မပီဘူး။ ကျောင်းမှာ အသံထွက်ဝဲ ဗမာအသံထွက်မပီတဲ့ ရခိုင်လေးကို ရက္ခီးလို့ စကြတယ်။ ရောက်စတုန်းက မိုင်းဖန်စကားကို ဘယ်သူမှ နားမလည်ကြဘူး။ လူမျိုးပေါင်းစုံ၊ လေသံပေါင်းစုံတဲ့ ခြင်္သေ့ကျွှန်းမှာ နေဖူးတဲ့ ကျွန်မက နားလည်တယ်။ မိုင်းဖန် ဆူနမ်တို့နဲ့ စကားပြောရင် ဆူနမ်က ကျွန်မကို ဘာသာပြန်ခိုင်းတယ်။ မိုင်းဖန်က ကျွန်မကို အင်္ဂလိပ်လိုပြော၊ ကျွန်မက ဆူနမ်ကို အင်္ဂလိပ်လိုပြောနဲ့ English to English ဘာသာပြန်ရတာ ရယ်စရာတော့ အကောင်းသား။ နည်းနည်းကြာလာတော့မှ လေသံတွေကို နားယဉ်လာ၊ သူငယ်ချင်းတွေလည်း ဖြစ်လာပြန်တော့ သူ ဘာကိုဆိုလိုချင်မှန်း သိနေတော့ ဘာသာပြန်စရာ မလိုတော့ဘူး။ စကားနည်းတဲ့ ရာမားကလွဲရင် ကျန်တဲ့သုံးယောက်က ငယ်ငယ်တုန်းကအကြောင်း၊ တက္ကသိုလ်တုန်းက အကြောင်း၊ ဘဝအတွေ့အကြုံ၊ အယူအဆတွေကို ပြောကြဆိုကြငြင်းခုန်ကြတာများ တခြားသူတွေ နားမလည်နိုင်ပေမဲ့ ကျွန်မတို့တွေကတော့ တဝါးဝါး တဟားဟားနဲ့ ဟုတ်တော့ ဟုတ်နေကြတာပဲ။


အင်္ဂလိပ်စာ မကောင်းဘူးလို့ ထင်ရတဲ့ မိုင်းဖန်က အသံထွက်မှန်ပြီး အင်္ဂလိပ်စာကောင်းတယ်လို့ ထင်ရတဲ့ ကျွန်မက အသံထွက်မှားတယ်။ oil ဆိုတဲ့ စကားလုံးက ကျွန်မအတွက် အတော်ထွက်ရခက်တဲ့ စကားလုံး။ ESL သင်တန်းမှာဆို မိုင်းဖန်က အမြဲပြင်ပေးရတယ်။ တီချယ်ကာရိုလိုင်းက လျှာကို ဘယ်အနေအထားမှာ ထားရမယ်ဆိုတာ သင်ပေးတယ်။ ပါးစပ်ပိတ်ရမဲ့နေရာမှာ မပိတ်ရင် မိုင်းဖန်က သူ ပါးစပ်မပိတ်တတ်ဘူးလို့ ကျွန်မကို ဟားတတ်တယ်။ ဂျပန်သဒ္ဒါ ( grammer ) က မြန်မာသဒ္ဒါနဲ့ တူတာကို ဂျပန်စာ တလ တက်ဖူးတုန်းက သတိထားမိတယ်။ ပြင်သစ်ဘာသာစကားက လှပတယ်လို့ ဆိုပါတယ်။ ဝါရှင်တန်ဒီစီရုံးက တရုတ်မ ကလဲယားကွမ်းရဲ့ သူငယ်ချင်းမက ပြင်သစ်တရုတ်မ။ ကွမ်တုန်ဘာသာစကားပြောရင် အော်ကြီးဟစ်ကြီးနဲ့ ရန်ဖြစ်နေသလား ထင်ရပေမဲ့ ပြင်သစ်လိုပြောရင် အင်မတန် နူးညံ့လို့ ပြင်သစ်လိုပဲပြောလို့ တိုက်တွန်းဖူးပါသတဲ့။ မြန်မာဘာသာစကားဟာ နာမ်စား၊ အသုံးအနှုန်းတွေ အင်မတန် ကြွယ်ပါတယ်။ ယူအက်ဖ်ဖယ်လ်ကျောင်းမှာ မြန်မာစာသင်ကြတဲ့ ကျောင်းသားတွေက မြန်မာစာ အင်မတန်ခက်တယ်လို့ ညည်းကြတယ်။ မိခင်ဘာသာစကားမဟုတ်၊ နေထိုင်တဲ့ဒေသခံ ဘာသာစကားမဟုတ်တဲ့ ဘာသာစကားကို တတ်ကျွှမ်းဖို့ဆိုတာ အင်မတန် ခက်တယ်။ မြန်မာစကားတတ်တဲ့ ဘလော့ဂါ ဝသုန်မိုးကို ချီးကျူးမိတယ်။

တဋ္ဌာနစီ အလှည့်ကျ  presentation show တွေ လုပ်ကြရင် မြန်မာစာဋ္ဌာနပွဲနေ့ဆို စည်တယ်။ မြန်မာစာ တတ်ချင်လွန်းတဲ့ ကျောင်းသားက ကျောင်းပိတ်ရက်မှာ သူ့မိဘအိမ်ကို အလည်ပြန်ပေမဲ့ ကျောင်းပိတ်ရက်မှာ မပျော်နိုင်ရှာဘူး။ နံရံမှာ ခေါင်းမိုးမှာ အိမ်ရဲ့နေရာတိုင်းမှာ မြန်မာစာရေးထားတဲ့ စာရွက်တွေ၊ လက်ကလည်း မြန်မာစာအုပ် မချတော့ မိဘတွေက သူတို့သားလေး ဦးနှောက်မှ ကောင်းသေးရဲ့လားဆိုပြီး စိတ်ပူကာ ခေါင်းကို စကန်ရိုက်တော့ ထွက်လာတဲ့ အဖြေက သူ့ခေါင်းထဲမှာ အမြဲတွေးနေတဲ့ ယပင့်၊ ယရစ်၊ ဟထိုး၊ တချောင်းငင်၊ နှစ်ချောင်းငင်၊ အောက်ကမြစ်၊ သေးတေးတင်၊ လုံးကြီးတင်ဆံခတ်တို့ပါတဲ့ ဓာတ်မှန်အဖြေကို ရပါသတဲ့။ အဲဒီနေ့က နောက်ကျလို့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့ ကျေးဇူးတင်ပါတယ်ဆိုတာပဲ မှီလိုက်တယ်။ လည်ကတုံးအဖြူ၊ ပုဆိုး၊ ရင်ဖုံး၊ ထမီ ဝတ်ထားတဲ့ မြန်မာကျောင်းသားလေးတွေ ချစ်စရာ သိပ်ကောင်းတယ်။


ကျွန်မ အကြိုက်ဆုံးစာအုပ်တွေထဲက တအုပ်ဖြစ်တဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ Colourful Myanmar စာအုပ် Language and Pitfalls အခန်းထဲက ကောက်နုတ်ချက်တချို့ကို ယူသုံးထားပါတယ်။ သိပြီးသား  မြန်မာစကားဆိုပေမဲ့ နာမ်စားတွေ ရှင်းပြဆို ခက်ပြီ။ ဆရာမကြီးရဲ့ အင်္ဂလိပ်စာ အရေးအသားပိုင်နိုင်မှု၊ ဇဝနညဏ်ကိုတော့ လက်ဖျားခါ ပါပေတယ်။  သူတလူ ငါတမင်းဖြစ်နေတဲ့ နယ်တွေကို အနော်ရထာမင်းက  စုရုံးသိမ်းသွင်းပြီး ဗုဒ္ဓဘာသာနဲ့ ပထမမြန်မာနိုင်ငံ တည်ထောင်ပုံအကြောင်း ရေးထားတဲ့ King Among Men စာအုပ်က ဆရာမကြီးရဲ့ masterpiece အကောင်းဆုံးလက်ရာလို့ ဆိုကြတယ်။  မနူဟာမင်းရဲ့ သုဝဏ္ဏဘူမိသထုံပြည်ကို သိမ်းပိုက်ခန်းကို ရေးဖို့ သမိုင်းပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး၊ သုသေတနပြုပြီးမှ ရေးတယ်လို့ မှတ်သားဖူးဆယ်။ အနော်ရထာ၊ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးငဖီး၊ ဗျက်ဝိ၊ ဗျက်တ၊ မယ်ဝဏ္ဏ၊ ခင်ဦး၊ စောမွန်လှ၊ ကိုရင်မောင်၊ မယ်ဥ ရာဇဝင်ထဲက ဇာတ်ကောင်တွေက အဲဒီစာအုပ်ထဲမှာ တကယ့်လူသားတွေဖြစ်လို့ အတော်ကောင်းတဲ့ စာအုပ်။

Since the days back in nineteen twenties, when I went along with my grandfather, U Pe of Mandalay, on his archeological expeditions to the acient city of Bagan, I have fallen in love with the city and her people of the past. He once showed me a terra-cotta plaque with a Pali inscription on paper and read out to me the name and title of the king. I cherished the piece of paper for as long as a time as an eleven-year-old kid could; for who would not be thrilled to own an autograph of a king of nine hundred years ago?

Grandfather spoke of historical characters as if they were our next door neighbors. He once described Anawrahta as kalatha king with a wander-lust. The term kalatha is used to describe wild, boisterous young men, or men about the town. Grandfather called Anawrahta a kalatha king, because of his shrewdness and insight in the affairs of the state. When he said that, Anawrahta became a real person, not a cold, printed name in a text book.

အဖွင့်အမှာစကားနဲ့တင် အတော်စိတ်ဝင်စားဖို့ ကောင်းနေပြီ။ စာအုပ်ညွှန်းနေတာနဲ့ နာမ်စားတွေ၊ အခေါ်အဝေါ်ဖက် မရောက်တော့ဘူး။


Let 's Call Them Names
     The Myanmar language is rich in names , the good and printable ones as well as the other king. We have various ways of addressing our fellow-beings, or calling names, to use a literal translation of the Myanmar expression.
     It is not quite considerate to a non-Myanmar to introduce a man as, for example, U Thin and then have hime addressed by different people as Ko Thin or Maung Tin or Ko Gyi Tin or U Lay Tin. Chances are that the poor bemused foreigner is at a loss as to who is referring to whom, and he may not be able to decide what he should call the said gentleman. May be he has some colorful names to call him by but not aloud.

ဦးတင်လို့ မိတ်ဆက်ပေးထားတဲ့သူတယောက်ကို တခြားသူတွေက ကိုတင်၊ မောင်တင်၊ ကိုကြီးတင်၊ ဦးလေးတင်လို့ ခေါ်ဝေါ်ကြတော့ နဝေတိမ်တောင်ဖြစ်သွားတဲ့ နိုင်ငံခြားသားခမျာ ဘယ်သူက ဘယ်သူ့ကို ရည်ညွှန်းမှန်းမသိ၊ ဘယ်လိုခေါ်ဝေါ်ရမှန်း မဆုံးဖြတ်နိုင်တော့သလောက်ပဲ။

"Ko" or "Maung" and "Ma" are usually among one's own peers and "U" and "Daw" are used by the younger to their seniors. "Ko" "Maung" and "Ma" are informal". In  some localities, Ko Maung is used with the monosyllable of a man's name, for example, Ko Maung Tin. ရွယ်တူဆိုရင် ကို၊ မောင်၊ မ တပ်ခေါ်ပြီး ဦး၊ ဒေါ်ကတော့ ငယ်သူတွေက အကြီးတွေကို ခေါ်ဝေါ်ကြတယ်။ ကို၊ မောင်၊ မ လို့ တပ်ခေါ်ကြပေမဲ့ တချို့အရပ်ဒေသတွေမှာ ကိုမောင်ကို အမျိုးသားနာမည်အဖြစ် သုံးကြပြန်ရော ဥပမာ ကိုမောင်တင်။ "Ko" "Maung" and "Ko Maung" are used among one's own peers but a senior gentleman in high official status might use them to his juniors, for example, Ko Hla Aung or Ko Maung Nyi. It is a fine gesture on his part, polite as well as affections. ကို၊ မောင်၊ ကိုမောင်က ရွယ်တူတွေကြား ခေါ်ဝေါ်တယ်ဆိုပေမဲ့ အရာရှိတယာက်က သူ့ထက်ငယ်တဲ့သူကိုလည်း ခေါ်ဝေါ်နိုင်ပါတယ် ဥပမာ ကိုလှအောင်၊ ကိုမောင်ညီ။ ဒါဟာ သူ ယဉ်ကျေးသမှုရှိသလို ခင်မင်တယ်ဆိုတာ ပြသတဲ့ အမှုအယာ တစ်ခုပါပဲ။ Juniors often address their seniors, as Ah-ko-gyi or Ko-gyi prefixed to the monosyllable of the man's name, for example, Ko Gyi Kyaw, this prefix means big brother. အငယ်တွေက အကြီးတွေကို တခါတရံမှာ အစ်ကိုကြီး၊ အစ်ကို တပ်ခေါ်ကြတယ် ဥပမာ ကိုကြီးကျော်။


How to address the seniors
  The Myanmars seldom, if at all, address a senior person by name. The epithets "A-Ko-Gyi, Ah-Ko, Ko-Gyi, Ko-Ko(big brother), U or U-lay, U-Gyi, Ba Gyi, Ba Gyi(Uncle) for men and Ma Ma, A-Ma-Gyi (big sister), Daw Daw (aunt) for women, are used depending on the age of the people involved. မြန်မာလူမျိုးတွေဟာ ကိုယ့်ထက်အသက်ကြီးတွေကို နာမည်တပ်ခေါ်ခဲပါတယ်။ အစ်ကိုကြီး၊ အစ်ကို၊ ကိုကြီး၊ ကိုကို၊ ဦး၊ ဦးလေး၊ ဘကြီး တွေက ယောကျာ်းလေးကို ခေါ်ဝေါ်ရင် သုံးပြီး မိန်းကလေးဆိုရင်နော့ မမ၊ အစ်မကြီး၊ ဒေါ်ဒေါ် လို့ ခေါ်ဝေါ်ပါတယ်။ ခေါ်ဝေါ်တဲ့သူနဲ့ ခေါ်ဝေါ်ခံရတဲ့သူတွေရဲ့ အသက်အရွယ်ပေါ်မှာလည်း မူတည်ပါတယ်။

How a husband is addressed
   In my parents and grand-parents days, ladies do not usually call their husbands by their name (I believe they called them a lot of other names in private), they seemed shy to do so. Husband were often referred to as either ein-ga-lu or ein-thar (man of the house). Perhaps these terms are synonymous with "good man" found  in the English classics. ကျွန်မတို့အဘိုးအဘွားတွေခေတ်တုန်းက   မိန်းမတွေက ယောက်ျားရဲ့ နာမည်ကို ခေါ်လေ့မရှိဘူး။ (သီးသန့်နာမည်တွေ ရှိလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်) သူတို့ အဲလိုခေါ်ဝေါ်ရမှာ ရှက်ပုံရတယ်။ ယောက်ျားတွေကို အိမ်ကလူ၊ အိမ်သားလို့ ခေါ်တယ်။ အင်္ဂလိပ်ဂန္ဓဝင်ဝထ္ထုတွေထဲက good man နဲ့ သွားတူပုံရတယ်။

The Trouble with You and Me
Person to person relationship
  Of course, the trouble is mainly with you...s and me...s in Myanmar language. My sympathy is with the poor bemused foreigner who has to learn the language. I see many fight a losing battle, especially with personal pronouns. There are many variations, which, as Shwe Yoe said, "might be phillogically interesting, but spoilt the temper." မြန်မာဘာသာရဲ့ အဓိက ပြသနာက သင်၊ နင် ပါ။ ကျွန်မကတော့ မြန်မာစာသင်တဲ့ နိုင်ငံခြားသားတွေကို ရှုံးနေတဲ့ တိုက်ပွဲကို ဆက်တိုက်နေတဲ့သူလို့မြင်တယ်။ အထူးသမြင့် နာမ်စားတွေနဲ့ ပတ်သက်လို့ပေါ့။ ကွဲလွဲမှုတွေ အများကြီးရှိတယ် ရွှေရိုးပြောသလို စိတ်ဝင်စားဖို့တော့ ကောင်းပါရဲ့  ဒါပေမဲ့ ဒေါသထွက်ရတယ်။ ကျွန်တော်၊ ခင်ဗျား၊ ကျွန်မ၊ ရှင်၊ ငါ၊ နင်၊ သင်၊ မင်း၊ ကျွှနု်ပ်၊တပည့်တော်၊ အရှင်ဘုရား သင့်တော်သလို ခေါ်ဝေါ်ပြောဆိုရတယ်။


Honorific Terms
 There is still a thesaurus of honorific terms in relationship between laymen and monks. A monk does not eat, but he phone-pays; he does not sleep, but he kyeins; he does not come or go, but the kywas; he does not stay in some place, but he tha-din-thones; he does not die but he pyan-daw-mus. A layman does not speak to a monk, but he has to shauk; one does not hand things to monk, but has to kat; one does not invite monks, but hast to pink. Things in relation to monks are also called in different terms. Rice meal is soon, and houses for monks, kyaungs. A woman is referred to as da-yi-kar-ma, and the man as da-yi-kar. Older persons are called da-gar-ma-gyi (female) and da-gar-gyi(male). A monk's father and mothers are called the same.

The Trouble with In-Laws
  Our language is quite rich in names by which we call in-laws, the good and printable ones, I mean. Once I introduced my son's mother-in-law to a non-Burmese friend as "my kha-met" explaining that it describes our relationship. My friend said she wished there are a similar word in English. "When I introduced my son's parents-in-law as Mr. and Mrs. So and So, it does nothing to explain our relationship", she said.
  In many ways, I think, the English language is rather poor in expression, for when we say "brother-in-law" it does not quite tell us whether it is a man-to-man relation, or woman to man relation. In Myanmar, a man's wife's brother or his sister's husband is yauk-pha. I believe Karens used this word to mean "friend".

Brother and Sister Terms
  Among the Myanmar, if a man called you (a man) yauk-pha, it works both ways; either he is leering at your beautiful sister, or trying to throw his sister into your arms. So it depends on the circumstances whether this form of address is to anyone's advantage.
  The word changes when it describes the woman to man relationship; a woman husband's younger brother or her younger sister's husband is called mutt, a husband's other brother or her older sister's husband is khe-oh; when two men are married to tow sisters, each one to the other, I mean, they are called ma-yar-nyi-ah-ko, that is to say, "brother-by virtue of -their wives".
  A woman's brother's wife or her husband's sister is youk-ma; a man's younger brother's wife or his wife's younger sister is a khe-ma; a man's elder brother's wife or his wife's elder sister is a ma-yee, when two women are married to two brothers, they are lin-nyi-ah-ma; these are the variations of the word "sister-in-law" in English.

A Brother, Elder or Younger?
 "Brother", and "sister" create quite a lot of problems in Myanmar language; a man's younger sister is hna-ma, elder sister ah-ma; a woman's younger sister is nyi-ma, elder sister ah-ma, the same as a man's elder sister. A man's younger brother is nyi and elder brother is ah-ko; a woman's younger brother is maung and elder brother ah-ko, the same as a man's elder brother.
  The "older" or the "younger" problem created quite a stir in the B.B.C headquarters some years ago, when the news of some celebrity's brother was about to be put on the air; the one in charge of the Myanmar section insisted on knowing whether the man was the older or younger brother. His chief could not quite understand why he should make an issue of it, until the Vietnamese section demanded the same information.



Cousin -  no Myanmar Equivalent
 Another tricky word is cousin, for which the Myanmar have no equivalent. We have a suffix in Myanmar wun-kwe to describe the relationship among those who are scions of the same grand-parents; the world nyi or nyi-ma is added.

 Again there are uncles and aunts; a parent's elder brother is ba-gyi or u-gyi, younger brother u-lay or ba-dway; the older sister of a parent is ghee-daw or kyee-kyee, a younger sister is daw-lay or daw-daw, ah-yee is mostly used by Upper Myanmars and it is common gender, aunt or uncle; gyi or lay is added to show whether he or she is older than your parent.

 There are localities where ah-yee is considered feminine gender, and people often get a shock at some different place to see a venerable gentleman with a handle bar mustache when a frail little old lady is expected.

How to have grandchildren while single and respectable
 Our grandchildren are myee, common gender, so are our grand nephews and nieces. Bachelors and spinsters could have myees, even while living a blameless life of single blessedness. I have had a good share of maiden aunts and great aunts and I can say that I was descended from a "long line of maiden aunts" without slurring anyone's good name.

(စန်းထွန်း) ဟေ့ သိလား ပရော်ဖက်ဆာ လက်စတာက ဘက်ချ်လာတဲ့ Bachelor
(မိုင်းဖန်)  နိုး:::::::::: သူက ပီချိပ်ဒီ
ဆူနမ်၊ ရာမားနဲ့ ကျွန်မတို့ သုံးယောက် မပြုံးဘဲဝါးလုံးကွဲ ရယ်လိုက်ရတာ
(ဆူနမ်) မိုင်း ဘက်ချ်လာဆိုတာ ဘွဲ့ရဆိုတာတင် မဟုတ်ဘဲ နောက်ထပ်အဓိပ္ဗာယ်တခု ရှိသေးတယ်
(ရာမား) ဘက်ချ်လာဘွဲ့လို့ ပြောချင်တာ မဟုတ်ဘူး...ဘက်ချ်လာဘွဲ့နဲ့ မာစတာကို သင်ပါ့မလား...အနည်းဆုံး မာစတာ၊ ပီအိချ်ဒီလောက်မှပေါ့...စန်းစန်း ပြောတဲ့ ဘက်ချ်လာက လူပျိုကြီးလို့ အဓိပ္ဗာယ်ရတယ်။


ကျွန်မက ရေချိုးဆပ်ပြာဆိုရင် အသီးနံ့လေးတွေ မွှေးနေတာ ကြိုက်တော့ Body Shop ဈေးတွေ ချတဲ့အချိန်ဆို များများဝယ်ထားတယ်။ ရေချိုးဆပ်ပြာကုန်နေလို့ ဝယ်ဦးမှပဲလို့ တေးထားတုန်း ဂရမ်းစင်ဒရယ်ထဲမှာ ၅၀ ရာခိုင်နှုန်း ဒစ်စကောင့်ဆိုလို့ ဝင်ကြည့်မိတာ L'OCCITANE ဆိုင်ပါ။ အရောင်းစာရေးမလေးက တစ်နှစ်မှာ ၂ ခါပဲ ဒစ်စကောင့်ချတယ်လို့ ဆိုပါတယ်။ အနံ့လေးကို ကြိ ုက်တာနဲ့ ဝယ်ဖြစ်သွားတယ်။ မကြီးကို လက်ဆောင်ပေးတော့ အနံ့ sensitive ဖြစ်တဲ့သူက Chanel ရေမွှေးပြီးရင် အကြိ ုက်ဆုံး ရေမွှေးပါတဲ့။ ကျွန်မက ရေချိုးဆပ်ပြာ၊ ဘော်ဒီလိုးရှင်း၊ ဟမ်းခရင် ကြိုက်တယ်။ ခေါင်းလျှော်ရည်ကတော့ နည်းနည်း dry ဖြစ်သလားလို့။ မနှစ်က ဝါရှင်တန်ဒီစီ ယူနီယမ်စတေးရှင်မှာ အဲဒီဆိုင်ထဲ ဝင်ကြည့်မိသား။ ဈေးကြီးလို့ windows ပဲ လျှော့ပင်းခဲ့တယ်။ ယူအက်စ်မှာ Natural Beauty Prododucts တွေ ခေတ်စားတယ်။ ကျွန်မ သိတာက Tata Harper ၊ John Masters ၊  သြစတေးလျက Jurlique ။ ပစ္စည်းကိုတော့ သုံးနေပြီး အသံမထွက်တတ်တာ မကောင်းပါဘူးလေဆိုပြီး ဆိုဒ်မှာ လိုက်ရှာတော့ ဒီယူကျူ ဗီဒီယိုလေး သွားတွေ့တယ်။ ဗီဒီယိုကြည့်ပြီးပေမဲ့ အသံက ထွက်ချင်သလို ထွက်နေတုန်း။


ဘလော့ဒေးအတွက် တီတင့် နိုးဆော်ထားတာ၊ တဂျီးမင်း တဂ်ထားတာ တွေ့ပေမဲ့ ဘလော့ဒေးသီးသန့်ပို့စ်အနေနဲ့ မရေးဖြစ်တော့ပါဘူး။ ဘလော့ဂါနဲ့ စာဖတ်သူဆိုတာ စာချစ်သူချည်းပါပဲ။ ပို့စ်တပုဒ်က ဟင်းတခွက်အကြောင်း ဖြစ်ချင်ဖြစ်မယ်၊ ကဗျာတပုဒ် ဖြစ်ချင်ဖြစ်မယ်၊ အချစ်အကြောင်း အက်ဆေးတပုဒ် ဖြစ်ချင်ဖြစ်မယ်၊ ခရီးသွားဆောင်းပါး ဖြစ်ချင်ဖြစ်မယ်၊ သူငယ်ချင်းတွေကြား သီချင်း၊ စာအုပ်၊ အစားအသောက်အကြောင်း ရှယ်တဲ့အကြောင်း ဖြစ်ချင်ဖြစ်မယ်၊ လေးနက်တဲ့ အကြောင်းအရာတွေကနေ ပေါ့ပေါ့ပါးပါးအကြောင်းအရာတွေ ဖြစ်ချင်ဖြစ်မယ်။ ကျွန်မအတွက်တော့ ဘလော့ဆိုတာ စာဖတ်၊ သီချင်းနားထောင်သလိုမျိုးပဲ နှစ်သက်စရာ ကောင်းတယ်။ ရေးချင်တဲ့အကြောင်းအရာတွေ ရှိနေသေးသရွေ ့၊ ရေးချင်စိတ် ရှိသေးသရွေ့ ရေးနေဦးမှာပါ။ အစဉ်အလာအရဆိုရင် ဘလော့ဂါအသစ်တွေကို မိတ်ဆက်ရမှာပါ။ ကျွန်မက ဘလော့ဂါအသစ်တွေ သိပ်မသိတော့ သိတဲ့ဘလော့ဂါတွေပဲ မိတ်ဆက်လိုက်ပေးလိုက်ပါတယ်။

မမီးငယ်
မမအိုင်အိုရာ
ပစ်ပစ်
မြတ်ကြည်
ကန်ဒီ
သူသူ

အာရှမှာတော့ အလုပ်သမားနေ့ ရုံးပိတ်ရက်က မေလ ၁ ရက်နေ့ ယူအက်စ်မှာတော့ စက်တင်ဘာ ၁ ရက်နေ့ လေဘာဒေးလို့ ခေါ်ပါတယ်။ Happy Blogger Day ၊ Happy Labor Day ၊ Happy Holidays ဖြစ်ပါစေ။

စန်းထွန်း
သြဂုတ် ၂၈ ၊ ၂၀၁၄။

Reference : Colorful Myanmar, King Among Men ( Author -Khin Myo Chit)

အပျိုကြီးတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်...

အသက် ၂၇ နှစ် ရှိပြီး လက်ဆုပ်လက်ကိုင် မပြနိုင်သေးသူတွေကို အပျိုကြီး၊ လူပျိုကြီးလို့ သတ်မှတ်ရင် ကိုယ်ကတော့ အပျိုကြီးထက် ဟိုင်းနေတဲ့ အပျိုဟိုင်းကြီးလို့ ဆိုရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အသက်က ၂၇ နှစ်ကိုမှ ဆယ်စုနှစ်ရဲ့တဝက် ထပ်ပေါင်းရမှာမို့လို့။ ကိုယ်တို့ ငယ်ငယ်တုန်းက ဆယ်တန်းမအောင်သေးခင် ရည်းစားထားရင် အပြစ်တစ်ခု လုပ်သလို။ မိဘတွေ၊ ဆရာမတွေကလည်း ဆယ်တန်းမအောင်သေးဘဲ ရည်းစားမထားနဲ့၊ တက္ကသိုလ်ရောက်မှ ထားလို့ ဆုံးမကြတယ်။ ပညာရှာချိန်မှာ ကြင်ယာရှာရင် ပညာရေးဖက် အာရုံစိုက်တာ နည်းသွားမှာစိုးလို့ တားမြစ်ကြတာ ထင်ပါရဲ့။  ခုခေတ် ကလေးတွေကို အဲဒီလို ဆုံးမလို့ရမယ် မထင်။ မူလတန်း၊ အလယ်တန်းလောက်ကတည်းက ရည်းစားရနေပြီ။

တက္ကသိုလ်ရောက်တော့ ကိုယ့်ကို စိတ်ဝင်စားတဲ့သူတွေ၊ ကိုယ်က စိတ်ဝင်စားတဲ့သူတွေ ရှိသားနဲ့ ဘာလို့ ရည်းစားတယောက် ဖြစ်ဖြစ်မြောက်မြောက် မထားခဲ့ပါလိမ့်လို့ တွေးမိတယ်။ အချစ်ဆိုတာလည်း ထူးဆန်းသား အားလုံးထဲမှာမှ သူ့တယောက်တည်းကို ရင်ခုန်မိတာ။ တခါတလေ နှစ်ယောက်၊ သုံးယောက်လောက်ကို တပြိုင်နက်တည်း ရင်ခုန်တာမျိုးလည်း ရှိသေးတယ်။ သူငယ်ချင်းတွေထဲမှာလည်း ရည်းစားရတဲ့သူရ၊ ရင်ခုန်တဲ့သူ ရှိတဲ့သူ၊ ရင်မခုန်တဲ့သူ၊ လွမ်းကြဆွေးကြ၊ ရင်ခုန်ကြနဲ့ပေါ့။ ဒုတိယနှစ်မှာ ပုဂံ၊ ပုပ္ဗား ကျောင်းလေ့လာရေးခရီးစဉ်က ပြန်လာတော့ ဒေတာဘေ့စ် database သင်တဲ့ ဒေါ်မြင့်သီတာထွန်းကို တီချယ်ရေ ခရီးလည်း ထွက်ပြီးပြီ၊ ပုပ္ဗားတောင်မကြီးလည်း တက်ပြီးပြီ မစွံသေးပါလားလို့ ညည်းတော့ တီချယ်က ပထမနှစ်နဲ့ မစွံရင် ဒုတိယနှစ် ခရီးထွက်၊ မစွံသေးရင် နောက်နှစ် တောင်တက်၊ ညည်းတို့က တခါတည်း ခရီးလည်းထွက်၊ တောင်လည်း တက်တာကိုးအေ့။

ကျောင်းပြီးလို့ မစွံသေးပေမဲ့ အလုပ်ထဲမှာ ဖူးစာရှင် တွေ့နိုင်တာပဲလေ အားမငယ်ပါဘူး။ ဒီလိုနဲ့ ခြင်္သေ့ကျွှန်းက အန်ယူအက်စ်မှာ ကျောင်းတက်ဖို့ ဖန်လာချိန်မှာ အသက်က အပျိုကြီးအရွယ် ရောက်နေပြီ။ မိသားစုသိုက်မြုံရဲ့ အဝေးမှာ အထီးကျန်ကြလို့ နိုင်ငံခြားရောက်ပြီး မကြာခင် တော်တော်များများ ရည်းစားရကြတယ်။ တချို့ကြတော့လည်း အင်တာနက်ကနေ ရည်းစားရကြတယ်။ အသက်ကလည်း ၃၀ နားနီးနေပြီမို့ ဆယ်ကျော်သက်လို ရင်တွေတဒိတ်ဒိတ်မခုန် အမြဲတမ်း တတွဲတွဲနေတဲ့ အစ်မလည်း ရှိနေတော့ ရည်စားမရှိပြန်ဘူး။ တချို့ကြတော့လည်း မြန်လိုက်တာ ဟောတယောက် ဟောတယောက်။ ကိုယ်တွေကြတော့လည်း တစ်ယောက်ထားဖို့တောင် ခက်လိုက်တာ။


ဒီလိုနဲ့ စတိတ်ကို ကျောင်းတက်ဖို့ ရောက်လာတော့ ပိုဆိုး။ ယဉ်ကျေးမှု၊ ရာသီဥတု၊ အစားအသောက်၊ ဘာသာစကားတွေနဲ့ အသားကျဖို့၊ စာမေးပွဲတွေ မှန်မှန်အောင်ဖို့ ပင်ပန်းလွန်းတဲ့ ကျောင်းသားဘဝ နေ့ရက်တွေ၊ ကားမောင်းလိုင်စင်ရဖို့ ကြိုးစားရတာတွေနဲ့ ရောက်စနှစ်တွေဟာ တကယ့်ကို ပင်ပန်းလွန်းတော့ အချစ်ဆိုတာ အစွမ်းကုန်ပွင့်အာမဲ့ အချိန်မရောက်ခင် ပူပြင်းတဲ့နေရောင်ကြောင့် ညှိုးခြောက်သွားတဲ့ ပန်းကလေး တပွင့်လိုပဲ။ ကျောင်းပြီးလို့အလုပ်ရပြန်တော့ မြို့အသစ်၊ အလုပ်အသစ်၊ လူအသစ်တွေနဲ့ နေသားတကျဖြစ်ဖို့၊ အပတ်တိုင်း အဆိုင်းမင့်တွေ အချိန်မှီတင်နိုင်ဖို့၊ တလခွဲတခါ ဖြေရတဲ့ စာမေးပွဲမှာ ဘီ ( ၇၅ ၊ ၈၀ မှတ်) ရဖို့၊ အလုပ်က ဖိစီးလို့ စာမကြည့်နိုင်၊ စာမရတော့ စာမေးပွဲအတွက် စိတ်ညစ်နဲ့ ပတ်ချာလည် လိုက်နေတာပဲ။ အစတုန်းကတော့ စာမေးပွဲကိုတောင် ရင်ခုန်သေးတယ်။ ခုတော့ လေးနှစ်လောက် စာမေးပွဲတွေ၊ အဆိုင်းမင့်တွေနဲ့ နပန်းလုံးနေရတော့  ကျောင်းသားပါး ဝသွားတယ်နဲ့ တူပါရဲ့ ရင်ကိုမခုန်တော့ဘူး။ ဘီမရလို့ စာမေးပွဲ ကျရင် နောက်ထပ် ထပ်တက်မယ် အဲ ကျောင်းစရိတ်တော့ ပိုထောင်းသွားတယ်။

ရောက်ခါစနှစ်တွေနဲ့စာရင် နည်းနည်းနေသားကျပြီလို့ ထင်မိတယ်။ ဒါတောင် အလုပ်ဗီဇာအတွက် စိတ်ထင့်နေရတုန်း၊ ဆုတောင်းနေရတုန်း။ ရည်းစားထားတော့မယ်လို့ တွေးလိုက်တော့ အရွယ်တော် တစိတ်ဟိုင်းနေပြီ။ ကိုယ့်ဘော်ဒါ သက်တူရွယ်တူ ကောင်လေးတွေက ပြောကြတယ် သူတို့က ၁၆ နှစ်နဲ့ ၂၅ နှစ်ကြားပဲ စိတ်ဝင်စားတာ မင်းတို့က အဘွားကြီး ဖြစ်နေပြီတဲ့။ ကိုယ်ကလည်း သူတို့အရွယ်ကို စိတ်မကူးပါဘူး အဘိုးကြီးတွေ။ ကိုယ့်မေမေ၊ ဖေဖေက ရည်းစားထားဖို့လည်း မပြောဘူး၊ အိမ်ထောင်ပြုဖို့လည်း မပြောဘူး။ ပေးလည်း မပေးစားဘူး။ ကိုယ်ကြိုက်ရင် ယူတဲ့။ ကိုယ့်မိသားစုက ဘာမှမပြောပေမဲ့ ရည်းစားထားဖို့ တိုက်တွန်းနေကြတာက ကိုယ့်အစ်မ သူငယ်ချင်းတွေ။ ခရီးသွားလို့ အဘိုးကြီး၊ အဘွားကြီးတွေနဲ့ ဓာတ်ပုံရိုက်ရင် ဟဲ့ အဘိုးကြီး၊ အဘွားကြီးတွေနဲ့ မရိုက်နဲ့ ကောင်လေးတွေနဲ့ရိုက်တဲ့။ သူတို့က ကိုယ့်ကို ကောင်းစေချင်လို့ ပြောမှန်းသိပါတယ်။ ဒါပေမဲ့ ရည်းစားဆိုတာများ လျှောပင်းမောလ်မှာ ဈေးဝယ်သလို လိုချင်တာ ပက်ခနဲ ကောက်ဝယ်လို့ ရတယ်များ ထင်သလား မသိဘူး။ ဈေးဝယ်တာတောင် သင့်တင့်တဲ့ဈေး၊ တကယ်လိုအပ်တဲ့အရာ ဟုတ်မဟုတ် အတော်စဉ်းစားရသေးတာလား။

ကိုယ့်သူငယ်ချင်း တော်တော်များများ အိမ်ထောင်ကျလို့ ကလေးတွေတောင် အတော်ကြီးနေကြပြီ။ ရည်းစားရှိပြီ အိမ်ထောင်မကျသေးတဲ့သူ၊ ရည်းစားမရှိသေးတဲ့ အပျိုကြီး လူပျိုကြီးတွေလည်း ရှိတယ်။ ရည်းစားမရှိ၊ အိမ်ထောင်မကျသေးတာဘဲ တခုခု ချို့ယွင်းနေသလို။ အပျိုကြီး လူပျိုကြီးလို့ နောက်သလို ပြောင်သလိုနဲ့ စကြတယ်။ အအိုကြီးလို့ ပြန်နောက်ရမလားလို့ တွေးမိတယ်။ စတိတ်ကိုရောက်တော့ ကိုယ်တို့ ပထမဆုံး တက်ရတဲ့ သင်ခန်းစာက အမေရိကန်ယဉ်ကျေးမှု သင်ခန်းစာ။ အသက်၊ အိမ်ထောင်ရေး၊ လစာ မေးတာ ရိုင်းတယ်လို့ အမေရိကန်တွေက ယူဆပါတယ်။ အရှေ့နဲ့ အနောက် တကယ်ကွာတယ်။ အာရှမှာတော့ တွေ့တာနဲ့ အသက်၊ အိမ်ထောင်ရေး မေးကြတော့တာပဲ။ အသက်ကို သိရမှ အသက်အရွယ်အလိုက် ခေါ်ဝေါ်ရမှာ၊ ကလေးတွေအကြောင်း၊ မိသားစုတွေအကြောင်း ပြောဆိုကြမှာကိုး။ အသက်ကြီးကြီးငယ်ငယ် နာမည်ကိုခေါ်ဝေါ်ပြောဆိုကြ၊ အပျိုကြီး၊ လူပျိုကြီးလို့ မခေါ်ကြတဲ့ အနောက်ဓလေ့ကို ကြိုက်တယ်။ အပျိုကြီးမို့ အပျိုကြီးလို့ ခေါ်တာကို နားခါးတယ် ထင်ပါရဲ့။


ခြင်္သေ့ကျွှန်းက အလုပ်မှာ နေ့လည်ထမင်းအတူတူ သွားစားလေ့ရှိတဲ့ ကိုယ်တို့အုပ်စုကို ဒါရိုက်တာမက အာဆီယံအုပ်စုလို့ နာမည်ပြောင် ပေးထားတယ်။ ကိုယ်တို့အုပ်စုထဲမှာ ဟိုင်နန်ကွျှန်းက တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား။ အုပ်စုထဲမှာ အိမ်ထောင်ရှင်တွေ များတယ် လူလွတ်ဆိုလို့ ကိုယ်နဲ့ မလေးရှားမ ထိန်ထိန်က ရည်းစားလည်းမရှိ။ ကိုယ်နဲ့တက္ကသိုလ် အတူတူတက်ဖူးတဲ့ ကောင်လေးက မလေးရှားမလေးကို စတယ်  မြန်မာပြည်မှာ အပျိုကြီး၊ လူပျိုကြီးတွေသေရင် ဖက်ဖို့ လူသေခေါင်းမှာ ငှက်ပျောတုံး ထည့်ပေးတယ်တဲ့။ ဟင် သေမှတော့ ဖက်ဖို့ ငှက်ပျောတုံး ဘာလို့ထည့်ပေးရတာလဲ မသိ။ သူသာ လူပျိုကြီးဆိုရင် ဒီစကား ဟတောင်ဟမှာ မဟုတ်ဘူး။ ရည်းစားမရှိတဲ့သူတွေ ဘာလို့ရည်းစားမထားတာလဲ၊ အိမ်ထောင်မပြုတာလဲလို့ မမေးသင့်ဘူး၊ ရည်းစားရှိပေမဲ့ လက်မထပ်သေးတဲ့သူတွေကို ဘယ်တော့လက်ထပ်မှာလဲလို့ မမေးသင့်ဘူးလို့ ကိုယ့်အစ်မက သွန်သင်ထားတယ်။

ကိုယ့်အဖေက ပြောဖူးတယ် တချို့ယောကျ်ားလေးတွေက ကျောရရုံသာကြံတာ သားမှတ်မှတ် မယားမှတ်မှတ် မပေါင်းချင်ကြဘူးတဲ့။ အဖေ့စကား အတော်မှန်တယ်။ ကိုယ့်မိဘတွေခေတ်တုန်းက ဖခင်တစ်ယောက်ရှာတာ တအိမ်လုံး စားလောက်တယ်။ ကိုယ်တို့ခေတ်လည်းရောက်ရော တမိသားစုလုံး အလုပ်ထွက်လုပ်တာတောင် ဒုံးပျံကုန်ဈေးနှုန်းကို လိုက်လို့မမှီတော့ဘူး။ အိမ်ထောင်ရှင်မ အချိန်ပြည့် လုပ်သူတွေရဲ့ ပြုစုစောင့်ရှောက်မှုမျိုးကို အလုပ်လုပ်တဲ့ အမျိုးသမီးတွေဆီကနေ တောင်းဆိုတဲ့ ယောကျာ်းဟာ အတော်မိုက်မဲတဲ့သူပဲ။ အလုပ်က ပြန်လာတာချင်း အတူတူတောင် မိန်းမက မီးဖိုချောင်ထဲ ချက်ပြုတ်၊ ယောကျ်ားက ဧည့်ခန်းမှာ တီဗွီထိုင်ကြည့်။ ယောက်ျားလေးဆိုတာ အိမ်အလုပ်လုပ်ဖို့မလို သူနဲ့လုံးဝမသက်ဆိုင်ဘူးလို့ တွေးတဲ့ယောကျာ်းကိုရတဲ့ မိန်းမဟာ အတော်ပင်ပန်းရှာတာပဲ။

ယောကျာ်းလေးတွေကလည်း သူတို့ရှာတာ သူတို့မလောက်လို့ မိန်းမယူဖို့ မတတ်နိုင်။ အလုပ်အကိုင်နဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နိုင်တဲ့ မိန်းကလေးတွေ ကြတော့လည်း စဉ်းစားလွန်းလို့ အိမ်ထောင်မပြုချင်။ အိမ်ထောင်ကျတာလည်း ကံနဲ့ဆိုင်မယ် ထင်ပါတယ်။ အိမ်ထောင်ကျဖို့ ကံပါလာရင် အပျိုကြီးလုပ်မယ်လို့ ကြွေးကြော်တာတောင် ကျပါလိမ့်မယ်။ ကိုယ်ကတော့ အပျိုကြီးပဲလုပ်မယ်၊ အိမ်ထောင်ပြုမယ်လို့လည်း မကြွေးကြော်ဘူး။ အိမ်ထောင်ရေးဆိုတာလည်း အပြောကျယ်သလောက် နက်ရှိုင်းသား။ လူနှစ်ယောက် ပေါင်းစပ်တာမဟုတ်ဘဲ အသိုင်းအဝိုင်းနှစ်ခု ပေါင်းစပ်ရတာမို့ နားလည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ရတာမျိုးမလား။


သားသမီးတွေနဲ့ အားကျလောက်တဲ့ မိသားစုဘဝ၊ သူ့ကိုမှ မရရင် သေပါတော့မယ်ဆိုပြီး အရက်သောက်၊ မယားကို နှိပ်စက်တဲ့သူ၊ မိသားစုမှာ အဆင်မပြေလို့ လာတောင်းတဲ့သူကို ယူပြီးတော့ ဘဝအေးချမ်းနေတဲ့သူ၊  ယောက်ျားကောင်းကောင်းရလို့ ဘဝပြောင်းသွားသူ၊ လက်ထပ်ပြီး ၆ လမှာ ယောက်ျားသေသွားလို့ မုဆိုးမဖြစ်တဲ့သူ၊ ချစ်လွန်းလှချည်ရဲ့လို့ ခိုးပြေးပြီးမှ မိဘမောင်ဖွားတွေကြောင့် ရန်တဂျိမ်းဂျိမ်းဖြစ် ကွဲကြပြဲကြသူ ဘဝတွေ ဘဝတွေ။ တချို့ကောင်လေးတွေက အပျိုကြီးတွေကြောင့် လူ့သားအရင်းအမြစ်တွေ လျော့နည်းတယ်လို ့ အပြစ်ပြောချင်သေးတယ်။ အပျိုကြီးတွေ အိမ်ထောင်ပြ ုချင်လာအောင် မစွမ်းဆောင်နိုင်တဲ့ လူပျိုကြီးတွေမှာလည်း တာဝန်ရှိတယ်နော့။ အိမ်ထောင်ပြ ုတာ၊ ကလေးမွေးတာ၊ သစ်ပင်စိုက်တာ၊ ခရီးသွားတာ၊ ချက်ပြ ုတ်တာ၊ တီဗွီကြည့်တာ၊ သီချင်းနားထောင်တာ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာဖို့ အဓိကပါ။ အိမ်ထောင်ပြ ုပြီး စိတ်မချမ်းသာတာထက်စာရင် အိမ်ထောင်မပြ ုဘဲနဲ့ စိတ်ချမ်းသာနေတာက ပိုမကောင်းဘူးလား။ မူးယစ်သောက်စား မိသားစုတာဝန် မကြေတဲ့သူထက် လူပျိုကြီး၊ အပျိုကြီးနဲ့ ဘဝတိုးတက်ရာ တိုးတက်ကြောင်းရှာနေတဲ့ သူတွေက ပိုမကောင်းဘူးလား။

လူဆိုတာမျိုးက အပေါင်းအသင်း မင်တတ်တာမျိုးလား။ ဘာစားစား၊ ဘာသွားသွား၊ ဘာလုပ်လုပ် အဖော်အပေါင်းအသင်းနဲ့မှ လုပ်ချင်တာ။ ဒါပေမဲ့ အရာရာ စိတ်တူကိုယ်တူဖြစ်ဖို့ဆိုသာ ခက်သား။ အဖေက အင်္ဂလိပ်ပရီးမီးယား ဘောလုံးပွဲတွေကို အမြဲကြည့်ပေမဲ့ ကိုယ်တို့ကတော့ ပွဲကြီးပွဲကောင်း၊ ဗိုလ်လုပွဲလောက်မှ ကြည့်ချင်တာ။ မောင်မောင် ရေချိုးခန်းဝင်တာနဲ့ သူဖွင့်ထားတဲ့ ဆူညံပေါက်ကွဲ အော်ဟစ်နေတဲ့ ရော့ခ်အပြင်းစား သီချင်းတွေပိတ်ပြီး ကိုယ်ကြိ ုက်တဲ့ သီချင်းတွေ ဖွင့်လို့ မောင်နှမနှစ်ယောက် ကက်ဆက်လုကြတယ်။ စာဖတ်ဝါသနာပါတဲ့ သူငယ်ချင်းတွေတောင် သူ့အကြိ ုက်၊ ကိုယ့်အကြိ ုက်ဆိုတာ ရှိသေးတာ့ တချို့ကိစ္စတွေမှာ(တောင်တက်တာ၊ ပြတိုက်၊ ပန်းချီပြပွဲ သွားတာ) တယောက်တည်း လုပ်ရတာရှိတယ်။ တယောက်တည်း လုပ်ရလို့ ပိုကောင်းတာမျိုးလည်း ရှိတယ်။ လမ်းမလျှောက်နိုင်တဲ့ သူငယ်ချင်းတွေနဲ့ဆို ပြတိုက်ကို နှံ့ချင်မှနှံ့မယ်။ ကိုယ့်တယောက်တည်း ဆိုရင်တော့ ပြတိုက်ရဲ့ ချောင်ချိုချောင်ကြား မကျန်အောင်ကို ပတ်တယ်။ ကိုယ့်ကို အပျိုကြီးလို့ ခေါ်ရင် ခွဲခြားဆက်ဆံတာ discrimination လုပ်တာလို့ တွေးပေမဲ့ ကိုယ် လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေကို စိတ်ကြိ ုက်လုပ်နိုင်တဲ့ အပျိုကြီးဘဝကို ကြိ ုက်တယ်။

အိမ်ထောင်ကျသွားရင် မိသားစုကို အချိန်ပေးရတော့မှာမို့ တည်တည်ငြိမ်ငြိမ် ဖြစ်သွားတယ်။ အရင်တုန်းက မွေးနေ့တွေဆို ဘယ်ဟာဝယ်ပေးပါလို့ ပူဆာတတ်တဲ့ မောင်မောင် အိမ်ထောင်ကျသွားတော့ အရင်တုန်းကလို မပူဆာတော့ဘူး။ ကိုယ့်ကိုတောင် ဆုံးမနေသေးတယ် ခရီးတွေ သိပ်မသွားနဲ့ ပိုက်ဆံစု၊ နေထိုင်မကောင်းရင်၊ အခက်အခဲကြံ ုရင် နိုင်ငံခြား တစ်ယောက်တည်း နေရတာ မလွယ်ဘူးတဲ့။ ဒီလိုမှန်းသိရင် မိန်းမ စောစောယူခိုင်းပါတယ်။ ကိုယ့်သူငယ်ချင်းရဲ့ ကိုကြီးက အိမ်ကိုထောက်ပံ့ပေးတယ်။  ဝင်ငွေကောင်းတဲ့ သားဆိုတော့ မိန်းမယူသွားတော့ မိသားစုဝင်တွေက နှမြောကြတယ်။ မောင်မောင် မိန်းမရတော့ ဒင်းကို ထိန်းကျောင်းမဲ့သူရှိပြီ ငါ့လက်လွှတ် ဗြွှတ်ဆိုပြီး ကိုယ်တို့တွေ ဝမ်းသာကြတယ် နှမြောဖို့ဝေးရော။ ကိုယ်သာ အိမ်ထောင်ရှင်၊ မိသားစု၊ ကလေးတာဝန်တွေနဲ့ဆိုရင် ခုလို ဘလော့ရေးနိုင်၊ အပတ်တိုင်း နယူးယောက်တခွင် ၅၊ ၇ မိုင် လမ်းလျှောက်၊ ပိတ်ရက်တွေမှာ ခရီးတွေ သွားဖြစ်မယ် မထင်ဘူး။

ဒီပို့စ်ကို ရေးနေတုန်းမှပဲ ရာဟူးသတင်းမှာ ဖတ်နေတာက   9 reasons to celebrate if you are single ဆိုတဲ့ ပို့စ်လေးပါ။

1.You have a better body.
2.You’re more likely to achieve great things in your career.
3.You do less housework.
4.You can do what you want with your money — including keep it.
5.You’re better rested and smarter than your married counterparts.
6.You’re less depressed.
7.You have better friendship.
8.Your solo travel tales are enviable.
9.You know yourself — and what you want out of a relationship.

ကိုယ်သာ married ဆိုရင် ဘော်ဒီလည်း ခုလိုစလင်းနေမယ် မထင်။ အိမ်ထောင့်တာဝန်မရှိတော့ ရုံးကို စောစောလာ၊ ည ၈၊ ၉  နာရီအထိ အလုပ်လုပ်တော့ ဘယ်အလုပ်ရှင်က မကြိုက်ဘဲ နေပါ့မလဲ။ လျှော်မဲ့အဝတ်တွေကို အဝတ်တောင်းထဲ မထည့်၊ ညစ်ပတ်ပေဖွတဲ့ မောင်မောင့်ကို ပြောဖို့မလိုတာ အတော်လေး စိတ်ချမ်းသာတယ်။ ကိုယ့်ရှာသမျှ ကိုယ့်စိတ်ကြိုက် သုံးခွင့်ရှိတယ်။ ခင်တွယ်စရာ သူငယ်ချင်းပဲ ရှိတော့ သူငယ်ချင်းတွေ အချင်းချင်း တွယ်တာကြတယ်။ ဖီလာဒဲဖီးယားနဲ့ မိန်းပြည်နယ်ကို သွားခဲ့တဲ့ တကိုယ်တော်ခရီးကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှုတွေ တိုးလာတော့ အမှန်ပဲ။ မိသားစု၊ သူငယ်ချင်းတွေနဲ့ဆို ညှိုနိုင်းစေ့စပ်ရတော့ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရတယ်။ ခုတော့ ကိုယ် ဘာတွေကြိုက်လဲ၊ မကြိုက်ဘူးလဲ၊ ကိုယ့်စိတ်ကူးယဉ်အိမ်မက်၊ ရည်မှန်းချက်တွေကို အကောင်အထည် ပိုဖော်ဖြစ်တယ်။ ကဲ အပျိုကြီးဖြစ်တာ မကောင်းဘူးလို့ ဘယ်သူပြောမလဲ။

မှတ်ချက်း အပျိုကြီး၊ လူပျိုကြီးများသာ ဖတ်ရန်။

စန်းထွန်း
သြဂုတ် ၂၁၊ ၂၀၁၄။

အချစ်က နွေဦးလို...

အချစ်ဆိုသည်မှာ ချိုမြိန်တယ်၊ ခါးသီးတယ်၊ လွမ်းဆွတ်ကြေကွဲရတယ်၊ ကြည်နူးရတယ်ဖြင့် သူငယ်ချင်းများက အဓိပ္ဗာယ် ဖွင့်ဆိုကြသည်။ ကျွန်မကတော့ အချစ်ဆိုတာ နွေဦးနှင့်တူသည်ဟု ဆိုချင်မိသည်။ သူ့မျက်ဝန်းများက နွေဦးတွင် လင်းလက်တောက်ပသည့် နေရောင်ခြည်လို နွေးထွေးသည်။ သူ့အပြုံးက နွေဦးတွင် ပွင့်ဖူးသည့် ပန်းကလေးများလို လှပသည်။ သူ တီးခတ်သည့် ဂီတာသံက နွေဦးတွင် သီကျူးသည့် ငှက်ကလေးများ၏ တေးသံသာလို သာယာလှသည်။ နွေဦးနှင့်တူသည့်  သူ့ကို နွေဦးကာလ၏ တစ်ခုသော နေ့ရက်တွင်ပင် ဆုံတွေ့ခဲ့သည်။

သူ့ကို မြင်မြင်ချင်း ချစ်ခဲ့တာ မဟုတ်၊ သူငယ်ချင်းတွေလည်း မဟုတ်၊ သူစိမ်းတွေလည်း မဟုတ်ပြန်။ သူနဲ့ကျွန်မ တက္ကသိုလ်အတူတူ တက်ခဲ့ဖူးပေမဲ့ မေဂျာမတူ၊ အတန်းမတူ မျက်မှန်းတန်းမိတယ် ဆိုရုံလေး။ ကိုကို့သူငယ်ချင်းအိမ်မှာ ခဏနေဖို့ ပြောင်းလာသည့်အခါမှ သူနှင့် ပြန်ဆုံခဲ့သည်။ သူစိမ်းတွေကြားထဲ သိကျွှမ်းဖူးသူတွေ ပြန်တွေ့ရသည်မှာ ဝမ်းသာစရာ။ သူနှင့် ဆုံခဲ့ရသည်မှာ ခဏတာလေး ဆိုသော်ငြား  ထိုနေ့ရက်များသည် သာယာပျော်ရွှင်စရာ အကောင်းဆုံး နွေဦးရက်များ ဖြစ်သည်။ ကျွန်မမှာ သူငယ်ချင်းမိတ်ဆွေ ဆိုသည်မှာ လက်ချိုးရေတွက်၍ ရသည်။ သူက ပေါင်းသင်းဆက်ဆံရေးကောင်း၊ မိတ်ဆွေသူငယ်ချင်း များလှသူ ဖြစ်သည်။

နွေရာသီကျောင်းပိတ်ရက်တွင် မေမေကိုယ်တိုင် ဟင်းချက်သင်တန်းပေးသော်လည်း အချက်အပြုတ် ဝါသနာမပါ၊ ချက်ပြုတ်ဖို့ အလွန်ပျင်း၊ တန်ဖိုးရှိတဲ့ အချိန်တွေကို ဟင်းချက်ရင်းနဲ့ ကုန်ဆုံးရမှာလားဟု ဆင်ခြေပေးတတ်သည့် ကျွန်မက ဆိုင်ထမင်းဟင်းများကို မစားချင်သည့်အခါ မီးဖိုချောင်ဝင် ချက်ပြုတ်ရသည်။ အင်တာနက်တွင်ရှာ၊ ယူကျူကြည့်ကာ ဟင်းချက်သည့် ကျွှန်မကို မင်းကို ရတဲ့ကောင်ကတော့ အတော်ကံဆိုးတာပဲဟု နောက်ပြောင်တတ်သည်။ သူကတော့ ဟင်းချက်ကောင်းသူ ဖြစ်ပြီး တခါတရံ သူ့လက်ရာ ငါးကြော်နှင့် ဘီယာ၊ ဝိုင်ပါတီ ဆင်နွှဲကြသည်။ မေမေ ခရီးသွားသည့်အခါများတွင် ဖေဖေက ကိုယ်တိုင်ဈေးဝယ်ပြီး ချက်ပြုတ်ကျွှေးမွေးတတ်သည့် ယောကျာ်းလေးမို့ အိမ်မှုကိစ္စများကို မလုပ်ဟု သဘောမထားသည့် မိသားစုတွင် ကြီးပြင်လာသည့်  ကျွန်မက  မီးဖိုချောင်ဝင်သည့် ယောကျာ်းလေးများသည် ချစ်စရာကောင်းသည်ဟု မြင်သည်။

credit to Tata Harper skincare

နွေဦးရာသီဖြစ်သည်မို့ပြတင်းပေါက်နားတွင် အိုးကလေးများနှင့် ပန်းပင်များ သူ စိုက်ပျိုးသည်။ ခရမ်းချဉ်သီး၊ ငရုတ်ပင်များသည် ဥယျာဉ်မှုး၏ ဂရုစိုက်မှုကြောင့် မပြတ်သီးပွင့်သည်။ အိမ်ရှေ့တွင် ပန်းရောင်ရှိသည့် အပွင့်များ အဆုပ်လိုက်ပွင့်သည့် အပင်ကြီးရှိသည်။ ခေါင်းရင်းတွင် ပန်းပွင့်ဖြူဖြူများ ဝေဝေဆာဆာ ပွင့်တတ်သော အမျိုးအမည်မသိသည့် အပင်ရှိသည်။ ၁၅ နှစ်သားကတည်းက ဂီတာတီးသင်ခဲ့သည့် သူက ဂီတာကို ကျွှမ်းကျွှမ်းကျင်ကျင် တီးတတ်သည်။ ကျွန်မတို့ ပွဲတောင်းလျှင်၊ သူငယ်ချင်းတွေ ဆုံကြလျှင်၊ တခါတလေ သူ စိတ်ကူးပေါက်လျှင် တီးပြတတ်သည်။ သူ့လက်ဖြင့် တီးခတ်လိုက်သည့် ဂီတာမှ ပျံ့လွင့်လာသည့် တေးသီချင်းသံများကို နားဆင်ရသည်မှာ ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းသည်။ သူ့ဆီမှာ ဂီတာတီးသင်သော်လည်း လက်ထိပ်နာကျင်မှုကို မခံနိုင်သည့်အတွက် ကီး ၂ ခုမှနေ မတက်တော့။

ဝိုင်းဘုတ်ပေါ်တွင် သူ့အချိန်စာရင်းကို ရေးထားတတ်သည်။ တနာရီလောက် တခုခု သင်ယူနေပါ ဆိုတာမျိုး။ ရှားရှားပါးပါး တခါတလေ စိတ်လိုလက်ရ သူ့အကြောင်း၊ သူ့ရည်းစားဟောင်းများ အကြောင်းကို ပြောပြတတ်သည်။ ကျွန်မက တောင်တက်၊ သစ်တောအုပ်ထဲ လမ်းလျှောက်ဖို့ နှစ်သက်သလောက် သူက ငါးမျှားခြင်းကို နှစ်သက်သည်။ ငါးမျှားတံကို မလှုပ်မယှက် ကိုင်ထားရမှာ ပျင်းစရာကြီးဟု ကျွန်မက ဝေဖန်လျှင် မင်း တောင်တက်တာလည်း ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲဟု ပြန်ပက်တတ်သည်။ မင်းလိုမျိုး တနေကုန် ရုပ်သံဇာတ်လမ်းတွေ မကြည့်နိုင်ပေါင် ပျင်းစရာကြီးဟု ကျွန်မက ခနဲ့လျှင် မင်းကြိုက်တဲ့ သီချင်းစာသားမပါ တီးလုံးသံသက်သက် သီချင်းတွေကမှ တကယ့်ပျင်းစရာဟု ပြန်ခနဲ့သည်။ ကျွန်မက ကိုရီးယားမင်းသားကေ ဖက်ရှင်ကျကျ  ဝတ်စားထားသည့် ကောင်လေးသူများကို ငေးတတ်ပြီး သူက မျက်လုံးအိုင်လိုင်နာထူထူဆွဲထားသော ဘော်ဒီတောင့်တောင့် ခပ်ဖြောင့်ဖြောင့် ကောင်မလေးများကို ငေးတတ်သည်။ မင်း အိုင်းလိုင်နာထူထူ ဆွဲသင့်တယ်ဟုလည်း ကျွန်မဓာတ်ပုံကို ဝေဖန်တတ်သည်။

ဆံပင်ညှပ်ပြီးသောအခါ  Before & After ဘယ်ဟာပိုလှသလဲဟု မေးလျှင် Before ဟု မလိမ်မညာ ဖြေတတ်သေးသည်။ တချို့က ဘယ်အချိန်မှာ စချစ်သွားသလဲ မသိဘူး၊ မမှတ်မိဘူးဟု ဆိုတတ်ကြသည်။ ကျွန်မကတော့ သူ့ကို စချစ်မိသွားသည့် အချိန်ကို ခုထက်ထိ မှတ်မိနေသေးသည်။ မှောင်မှောင်မည်းမည်း ခြောက်ခြားစရာ ထိတ်လန့်စရာကောင်းသော စုန်းပြတိုက်ကို သွားလည်စဉ်က ဖြစ်သည်။ သရဲကားကို မျက်လုံးမှိတ်ပြီး ကြည့်တတ်သော၊ ကြည့်ပြီးတိုင်း ညဖက် အိမ်သာမသွားရဲ၊ မီးဖွင့်ကာ အိပ်တတ်သော သတ္တိခဲ ကျွန်မက အနီးတွင်ရှိသော သူ့လက်ကို အမှတ်မထင် ဆုပ်ကိုင်လိုက်သည်။ ထိတ်လန့်တကြားမို့ ကျွန်မက မမှတ်မိသော်လည်း သူက ယောကျာ်လေးတန်မဲ့ နားရွက်တွေနီကာ အရှက်ပိုနေခဲ့သည်။ အဲဒီအကြောင်း သူငယ်ချင်းတွေ စကြတိုင်း ဒီရှပ်ပြာမလေးကြောင့်လို့ သူက ပြောရင် ကျွန်မတို့တွေ ရယ်မောကြဆဲ။


အဲဒီကတည်းက သူ့ကို စတင်သတိထားမိလာသည်။ သူသည် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော၊ မိန်းကလေးကြားတွင် ပေါ်ပြူလာဖြစ်သော လူတယောက်ဖြစ်သည်။ သူ့အကြောင်း သိလာလေ နှစ်သက်လာလေ ဖြစ်သည်။ တခါတလေ ချစ်ခြင်းမေတ္တာများဖြင့် တောက်ပသော မျက်ဝန်းညိုများကြောင့် သူများ ကျွန်မကို စိတ်ဝင်စားသလားဟု တွေးထင်မိသည်။ သို့သော် သူ ဘယ်တော့မှ ကျွန်မကို ဖုန်းမခေါ်၊ မက်ဆေ့မပို့၊ အွန်လိုင်းတွင် တွေ့သော်လည်း စကားမပြော။ သူ ဘေးနားရှိနေချိန်မှာတွင် သက်တောင့်သက်သာဖြစ်မူ၊ စိတ်လုံခြုံမှုများကို ခံစားရသော်လည်း ရင်တွေ တဒိတ်ဒိတ်မခုန်။ ဒီလိုနှင့် ကျွန်မ အချစ်တွေ မရေမရော မသေမချာ ဖြစ်နေချိန် သူ တခြားမြို့သို့ ပြောင်းရွှေ့သွားသည်။ အနီးလို့ မဆိုနိုင်သော်လည်း အဝေးတော့ မဟုတ်ခဲ့။ မြို့အသစ်မှာ အဆင်ပြေလား အလ္လာဘသလ္လာဘ ဆိုဖြစ်သည်မှလွဲ၍ စကားမပြောဖြစ်။

ကျွန်မတို့အကြောင်းကို သိသော ကျွန်မသူငယ်ချင်းက သူ ကိုယ့်ကို မချစ်၊ ရင်,တဒိတ်ဒိတ် မခုန်သောကြောင့် ကျွန်မကလည်း သူ့ကို တကယ်မချစ် စိတ်ပဲဝင်စားတာဟု ဆိုသည်။ နှလုံးသားတွင် အချစ်ဖြစ်တည်လာချိန်တွင် ဦးနှောက်တွင် ဓာတ်တမျိုး ထုတ်လုပ်သည်ဟု ဆိုသည်။ ကျွန်မ ကြည့်ဖူးသော ရုပ်ရှင်တွင်  မင်းသမီးဒေါက်တာမကို မျက်စိမှတ်ခိုင်းကာ သူ ချစ်နေတဲ့သူ အကြောင်း စဉ်းစားခိုင်းပြီး ဦးနှောက်ကို စီတီစကန် ရိုက်သောအခါ စီတီစကန်တွင် ထိုအချစ်ဓာတ် ပေါ်နေသည်ဟု ဆိုသည်။ ကျွန်မ သူ့ကို တကယ်ချစ်မချစ် ကျွန်မ ခေါင်းကို စီတီစကန်များ ရိုက်ရလေမလား။ သူ ကျွန်မကို ချစ်သလား၊ မချစ်သလေားတော့ ကျွန်မ မသိပါ။ ကျွန်မကတော့ သူခွဲခွာသွားပြီး ကတည်းက သူ့ကို သတိရနေခဲ့သည်။ တခါတလေ သူ့ကို တွေ့ချင်မိသည်။ တခါတလေ သတိရသော်လည်း အမြဲလိုလိုတော့ မဟုတ်ခဲ့။ သူများ ကျွန်မကို သတိရနေမလားဟု တွေးမိသည်။

သူ့ အကြောင်း ကျွန်မ များများစားစား မသိပါ။ သူ နေကာမျက်မှန် ကြိ ုက်သည်။ ဘယ်ဖက်လက်ခလယ်တွင် ငွေမောင်းကွင်းလက်စွပ် ဝတ်သည်။ လည်ပင်းတွင် ကြိုးအနီဆွဲကြိုး ဝတ်သည်။ အပြင်သွားလျှင် နာရီအမြဲပတ်သည်။ လည်ပင်း နေလောင်သည်ဟုဆိုကာ အင်္ကျီကော်လာ ထောင်ကာ ရှိုးထုတ်သည်။ ပိန်ချင်၍ ပိန်ဆေးသောက်သော်လည်း သူ့ ခန္ဓာကိုယ်က ပြည့်ရုံလေး ပိန်ဆေးသောက်ဖို့ မလိုဟု ကိုယ်က ထင်သည်။ ကျွန်မ မကြားဖူးတဲ့ It's about you သီချင်းက သူ အနှစ်သက်ဆုံး သီချင်း။ အစားအသောက်မရွေး အကုန်စားတာကတော့ ကျွန်မနှင့်တူသည်။ အလုပ်ပင်ပန်းလျှင် ခေါင်းကိုက်တတ်သည်။ ဘယ်အရာမဆို သင်လွယ်တတ်လွယ် အကောင်းဆုံးဖြစ်အောင် လုပ်တဲ့သူ။ သူ့အစ်ကိုထက် ချောတယ် မိန်းကလေးတွေကြားထဲမှာ ပေါ်ပြူလာဖြစ်တယ်လို့ သူ့ဘာသာ သတ်မှတ်ထားတဲ့သူ။ ကျွန်မက မျက်ခုံးထူထူ၊ နှာတံပေါ်ပေါ်၊ မျက်နှာသွယ်သွယ်လေးမှ ချောတယ်ထင်ပေမဲ့ သူကတော့ ဆန့်ကျင်ဖက် မျက်နှာပြည့်ပြည့်၊ မျက်ခုံးပါးလျလျ။


ကောင်းကင်ပြာပြာထက်ဆီတွင် မျောလွင့်နေသော တိမ်ဆိုင်ဖြူဖြူများကို မြင်ရသည့်အခါ ကျွှန်မ စိတ်တွေဟာလည်း သူ့ဆီသို့ လွင့်မျောသွားတတ်သည်။ ဒီအချိန် သူ ဘာတွေလုပ်နေမလဲ။ သူ သိပ်ကြိုက်တဲ့ ရုပ်သံဇာတ်လမ်းတွဲ၊ ဘောလုံးပွဲ ကြည့်နေမလား၊  သတင်း နားထောင်နေမလား၊ ဂီတာ တီးကွက်အသစ်တွေ လေ့ကျင့်နေမလား၊ စက်ဘီးစီးပြီး ကယ်လိုရီတော့ဖြင့် ဘယ်လောက်လောင်ကျွှမ်းသွားပြီလို့ ကျေနပ်သွားကာ လောင်ကျွှမ်းသွားတဲ့ ကယ်လိုရီထက် ပိုစားနေမလား။ နွေဦးကာလ၏ နေရောင်ခြည်လို နူးညံ့နွေးထွေးသည့် သူ့မျက်ဝန်းညိုညိုများကို လွမ်းမိသည်။ နွေဦးပန်းများလို ချိုမြသော ပါးချိုင့်ပေါ်အောင် ပြုံးပြတတ်သည့် သူ့အပြုံးများကို သတိရမိသည်။ ရာသီတွေပြောင်းကာ မတွေ့မမြင်ရသည်မှာ ကြာသော်လည်း သူ့ပုံရိပ်က ကျွန်မ စိတ်ထဲဝယ် ပြတ်ပြတ်သားသား စွဲထင်နေသည်။ နွေဦးနှင့်တူသည့်သူကို ချစ်မိသွားသောကြောင့်  သူ့အကြောင်း တွေးမိတိုင်း နွေဦးရာသီကဲသို့ နွေးထွေးလှပသွားသည်။ နွေဦးရောက်ဖို့ စောင့်စားရသလို သူ နှင့် တွေ့ရဖို့လည်း စောင့်စားရပေဦးမည်။ ကျွန်မအတွက်တော့ အချစ်က နွေဦးလို။

စန်းထွန်း
သြဂုတ် ၁၅၊ ၂၀၁၄။

ရေခြားခြေခြား ခရီးသွား ...

ကျွန်မတို့ ငယ်ငယ်တုန်းက နိုင်ငံခြားသွားတဲ့သူဆိုတာ အင်မတန် ရှားတယ်။ ခုတော့ တော်တော်များများ နိုင်ငံခြားသွားနေကြပြီ။ လွန်ခဲ့တဲ့ ၇ နှစ် ခြင်္သေ့ကျွှန်းကို ကျောင်းတက်ဖို့လာတော့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ အတူတူကျောင်းတက်ခဲ့ အန်ယူအက်စ် National University of Singapore မှာလည်း အတူတူကျောင်းတက်ဖို့ အိအိနဲ့ လေယာဉ်တစီးတည်း လာခဲ့တယ်။ အဲဒီတုန်းက ကျွန်မတို့တွေ မသိလို့ ကျွန်မတို့နဲ့ ကျောင်းနေဖက်တွေ ဖြစ်လာမဲ့သူ တော်တော်များများ အဲဒီလေယာဉ်ပေါ်မှာ ပါလာတာ။ လေယာဉ်တစီးလုံးက မြန်မာတွေ၊ ၃ နာရီ လောက်ပဲကြာ၊ လေယာဉ်ပြောင်းဖို့လည်း မလိုတော့ နိုင်ငံခြားသွားတယ်သာဆိုတယ် ကိုယ့်အိမ်ကိုယ့်ယာ သွားရသလိုပါပဲလား။ မကာအို၊ ဟောင်ကောင်၊ အင်ဒိုနီးရှား ခရီးစဉ်တွေက ရုံးကလူတွေနဲ့ သွားတာဆိုတော့ စိတ်ပူတယ်ဆိုတာ ဂြိုလ်နဲ့လားလို့ မေးယူရမယ်။

လွန်ခဲ့တဲ့ ၄ နှစ် ယူအက်စ်ကို လာတဲ့ခရီးကမှ ကျွန်မရဲ့တကယ့်ရေခြားမြေခြားခရီးလို့ ဆိုရမယ်။ မိုင်သောင်းချီအဝေးကို လေယာဉ်သုံးဆင့်ပြောင်းပြီး ၁ ရက်ကျော်လောက် ခရီးနှင်တာ။ ခြင်္သေ့ကျွှန်းကနေ ၃ နာရီလောက်စီး ဟောင်ကောင်ရောက်တော့ Terminal ပြောင်းစရာမလိုဘဲ နယူးယောက်သွားမဲ့လေယာဉ်၊ ချီကာဂိုသွားမဲ့လေယာဉ်လို့ ခွဲထားတော့ ချီကာဂိုသွားမဲ့လေယာဉ်ဖက်မှာ သွားစီ။ Transit ၁ နာရီက လေယာဉ်ပေါ်ကဆင်း နောက်လေယာဉ်ပေါ် တက်တာနဲ့တင် ကုန်သွားတယ်။ ဟောင်ကောင်ကနေ ပစိဖိတ်သမုဒ္ဒရာဖြတ်ပြီး ချီကာဂိုကို ၁၅ နာရီ မရပ်မနား တောက်လျှောက်မောင်းမဲ့ လေယာဉ်ကြီးက သုံးယောက်ထိုင်ခုံ လေးတန်း နှစ်ထပ်ပါတဲ့ ဘိုးအင်း ၇၄၇ လေယာဉ်ကြီး။ ဘာအလိုရှိပါသလဲရှင်ဆိုပြီး လေယာဉ်မယ်လေး ရောက်လာပါတော့မှ တောသူမြို့တက် ခလုတ်တွေ လျှောက်နှိပ်ကြည့်ရင်း လူပုံလေးပါတဲ့ ခလုတ်ကို နှိပ်မိလို့ လေယာဉ်မယ် ရောက်လာမှန်း သိတော့တယ်။


ချီကာဂိုရောက်တော့ နေ့လည် အရှေ့ဖက်က လာခဲ့တာဆိုတော့ တရက်တည်း ရောက်သလိုပါပဲ။ လူဝင်မှုကြီးကြပ်ရေးဝင်၊ လက်ကေ့တွေ စကန်ဖတ်နေတုန်း နောက်ကတရုတ်ကြီးအိတ်က တီတီလို့ ထမြည်တော့ ကြီးကြပ်ရေးမှုးက အမဲသားတွေ သယ်လာလားလို့မေးတော့ ရင်တုန်ပန်းတုန် ဖြစ်သွားတယ်။ လက်ကေ့ထဲမှာ ငါးမြွှေထိုးခြောက်ကြော်၊ ဘာလာချောင်ကြော်၊ ပုဇွန်ခြောက်တွေကို စက္ကူတွေနဲ့ အထပ်ထပ်ပတ်ပြီး သယ်လာတာကိုး။ လက်ကေ့အိတ်တွေနဲ့T erminal ပြောင်းဖို့လုပ်နေတဲ့ ကျွန်မကို လေဆိပ်ဝန်ထမ်းလေးက လက်ကေ့တွေ ဒီမှာထားခဲ့ပါ သူတို့ပြောင်းပေးပါတယ်လို့ ဆိုလာတယ်။ စိတ်တထင့်ထင့်နဲ့ ထားခဲ့ပြီး ဟမ်းကမ်ရီဆွဲ ကောင်းကင်ရထားစီးပြီး Terminal ပြောင်း။ ကောင်းကင်ရထားက စင်္ကာပူချန်ဂီလေဆိပ်လိုပါပဲ။ စီးရမဲ့ ဂိတ်ပေါက်နားမှာ ၄ နာရီလောက် ငုတ်တုတ်ထိုင်စောင့်။ အိုင်အိုဝါပြည်နယ် စီဒါးရက်ပစ်မြို့ကို သွားမဲ့လေယာဉ်က နှံပြည်စုတ်သာသာ။ ယူအက်စ်လူဝင်မှုကြီးကြပ်ရေး ဥပေဒေအရ ဖိနပ်၊ နာရီ၊ ခါးပတ်၊ ဖုန်း၊ ကွန်ပျူတာ၊ ပိုက်ဆံအိတ်တွေကို ဗန်းထဲထည့်ပြီး စကန်ဖတ်စစ်ပါတယ်။ စီဒါးရက်ပစ်ရောက်လို့ လက်ကေ့အိတ်တွေ တွေ့တော့မှပဲ စိတ်ဒုန်းဒုန်းချတာ့တယ်။

ကျွန်မရဲ့ကျောင်းသားရေးရာ တာဝန်ခံ မန်ရယ်နာဂါချီ လာကြိုပါတယ်။ အဆောင်သော့၊ အခန်းသော့ရပြီးလို့ နေရမဲ့အဆောင်ထဲ ဝင်လိုက်ရင်ပဲ တစ်ယောက်တည်းဆိုတဲ့အသိကြောင့် ဝမ်းနည်းမိတယ်။ I can do it လို့ အားတင်းပြီး ဝင်ခဲ့တာ မနေ့တနေ့ကလိုပါပဲလား။ ကျွန်မရဲ့ခရီးစဉ်က ဘာအထစ်အငေါ့မှ မရှိဘဲ အဆင်ပြေတာတောင် စိတ်ပူရတယ်။ အနောက်ဖက်ကနေ ပတ်လာတဲ့ ဆူနမ်တို့တွေ လက်ကေ့ပျောက်တာ နာမည်ကြီးတဲ့ အိန္ဒိယလေဆိပ်မှာ လက်ကေ့ပျောက်သလိုဖြစ်၊ ကာတာလေကြောင်းလိုင်းဆိုတော့ ဒိုဟာ၊ လန်ဒန်မှာ ၈ နာရီ Transit စောင့်၊ လန်ဒန်လေဆိပ်မှာ ရာဂျစ်ကို လူဝင်မူကြီးကြပ်ရေးကရစ်၊ နယူးယောက်၊ ဆီးဒါးရက်ပစ် သူတို့ခရီးက ပိုကြာတယ်။  နိုင်ငံခြားခရီးသွားဖူး၊ အင်္ဂလိပ်စကားပြောတတ်တဲ့သူတောင် စိတ်ပူရသေးတာ နိုင်ငံခြားခရီး မသွားဘူး၊ အင်္ဂလိပ်စကားလည်း မပြောတတ်တဲ့ ကျွန်မမိဘတွေ ဘယ်လိုဘယ်ပုံနဲ့များ ရေခြားမြေခြား ခရီးသွားကြပါလိမ့်။


လွန်ခဲ့တဲ့ ၆ နှစ်က ကျွန်မရဲ့ဘွဲ့နှင်းသဘင်တက်ဖို့ ခြင်္သေ့ကျွှန်းကို လာတဲ့ခရီးကတော့ ကျွန်မမိဘတွေရဲ့ ပထမဆုံးနိုင်ငံခြားခရီးပါ။ မောင်မောင်ပါတော့ White Card တွေ ဖြည့်တာတွေ စိတ်မပူရဘူး။ ကျွန်မက ကျောင်းပြီးလို့ အလုပ်ရှာနေချိန်ဆိုတော့ ညနေစောင်းဆို စင်္ကာပူတခွင် လျှောက်လည်ကြတယ်။ ရထားပေါ်မှာ နေသိပ်မကောင်းတဲ့ အမေ့ကို နေရာဖယ်ပေးကြရင် အမေက အဖေ့ကို ထိုင်ခိုင်းတတ်တယ်။ အမေက သိပ်ကျန်းမာတာ မညောင်းတတ်ဘူး။ အဖေက ညောင်းတတ်တယ် လမ်းမလျှောက်နိုင်ဘူး။ ငယ်ငယ်တုန်းကဆို ကျွန်မတို့ မောင်နှမတွေ အဖေ့ကို တယောက်တလှည့် နင်းပေးရတယ်။ မညောင်းတတ်တဲ့ ကျွန်မက အကြောတွေ မသိဘူး။ အဖေနဲ့တူလို့ ညောင်းတတ်တဲ့ မကြီးက အကြောတွေ သိတယ်။ မောင်မောင် နှိပ်ပေးရင် အတော်သက်သာတယ် ဆိုပေမဲ့ သူက တခါတလေမှ နှိပ်ပေးတတ်တယ်။

အဲဒီတုန်းက အဖေက ဘောင်းဘီဝတ်တယ်။ အမေက ထမီပဲဝတ်တယ် အင်ဒိုနီးရှား ဒါးကြီးပါတိတ်ဆိုတော့ မလေးလိုလို ဘာလိုလိုနဲ့။ အမေ၊ မကြီးနဲ့ မောင်မောင် မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူကို သွားလည်ကြတယ်။ ကျောင်းသားဗီဇာက ခြင်္သေ့ကျွှန်းကို ပြန်ဝင်ရင် ဗီဇာပြန်လျှောက်ရမို့ ကျွန်မနဲ့ နေသိပ်မကောင်းတဲ့ အမေက ကျန်ခဲ့တယ်။ ၂ ပတ်လောက်ပဲနေပြီး ပျင်းလို့တဲ့ ပြန်ကြရော။ ကျွန်မမိဘတွေ နှစ်တိုင်း Medical checkup ကျန်းမာရေးဆေးစစ်ရင် ဘာရောဂါမှ မရှိဘူး။ ကိုလက်စထရောတော့ များနေတယ်တဲ့ ဘာတွေရှောင်ရမယ် ကိုလက်စထရောကျဆေးတွေ စားရတယ်။ ၂၀၁၂ မှာတော့ အဖေ အတော်လေး မကျန်းမမာ ဖြစ်တယ် နှလုံးသွေးကြောကျဉ်းတာ။ အောင့်တယ်ဆိုလို့ ချက်ချင်း အနီးအနားက အာရှတော်ဝင်ဆေးရုံကိုတက်။ နှလုံးသွေးကြောကျဉ်းတာမို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုလွှဲ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလည်း ခုတင်နေရာမရှိ အတော်ဒုက္ခရောက်တယ်။


လူနာအချင်းချင်း သတင်းတွေ ဖလှယ်ကြရင်း ဘန်ကောက်က ဘာမင်ဂရပ်ဆေးရုံက ကောင်းတယ်၊ ဈေးသက်သာတယ်၊ မြန်မာတွေမှ အများကြီး၊ ရန်ကုန်မှာလည်း အေးဂျင့်ရှိတယ်၊ အကုန်လုပ်ပေးတယ်တဲ့။ နှလုံးသွေးကြောချဲ့ပေးနိုင်တဲ့ ဆေးရုံတွေက မြန်မာပြည်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ပန်းလှိုင်ဆေးရုံ နှစ်ရုံကပဲ လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကတော့ ဈေးသက်သာတယ် ဒါပေမဲ့ ခွဲစိတ်ဖို့ ၃ လလောက် စောင့်ရမယ်တဲ့။ ၃ လ အတွင်း လူနာက ခံပါ့မလား တနေ့ရွှေ တနေ့ငွေ ဖြစ်နေတာ။ ပန်းလှိုင်ဆေးရုံကတော့ ချက်ချက်ခွဲပေးတယ် စရိတ်အတော်ကြီးတယ်။ တနေ့လေး သွားစစ်တာတောင် ပိုက်ဆံအတော်ကုန်သွားတယ်။ ဒါနဲ့ပဲ ဘန်ကောက်မှာ ခွဲစိတ်ဖို့ ရွေးလိုက်တယ်။ မောင်မောင်လည်းပါ၊ မကြီးတို့စုံတွဲကလည်း တနာရီနောက်ကျပြီး သုဝဏ္ဏဘူမိလေဆိပ်ကိုရောက်လာပြန်တော့ အခက်အခဲ မရှိဘူး။

ဆေးရုံကနားက မိုတယ်မှာနေတာ မိုတယ်တခုလုံး မြန်မာတွေချည်းပဲ ဆေးလာကုကြတာတဲ့။ မြန်မာစကားပြန် ငှားလို့ရတယ်။ ဘန်ကောက်က လမ်းဘေးစာဆိုပေမဲ့ သန့်ရှင်းသက်သာ စားကောင်းလွန်းလို့ မကြီးတို့တွေ ဘန်ကောက်စာမှ ဘန်ကောက်စာ ဖြစ်သွားတယ်။ နှလုံးသွေးကြောက ဆိုးဆိုးရွားရွား ပိတ်နေလို့ ၄ ချောင်းထည့်ရမယ်တဲ့ ဆရာဝန်က သေသေချာချာ ရှင်းပြတယ်။ ဆေးရုံဝန်ထမ်း၊ သူနာပြု၊ ဒေါက်တာတွေက အော်ငေါက်မနေဘဲ ဂရုတစိုက် ရှိကြတယ် ဝန်ဆောင်မူ အတော်ကောင်းတယ်လို့ ဆိုပါတယ်။ ခွဲစိတ်ခန်းဝင်တော့ ပုံမှန်ဆို ၂ နာရီလောက်ပဲ ကြာတတ်တဲ့ ခွဲစိတ်မူက ၄ နာရီလောက်ကြာတော့ စိတ်ပူရပြန်ရော။ ခွဲစိတ်မှုအောင်မြင်တယ် နှလုံးက ဆိုးဆိုးရွားရွား ပိတ်နေလို့အတော်ခက်ခက်ခဲခဲ ခွဲစိတ်လိုက်ရတယ်။ သူ့တသက်မှာ အခက်ခဲဆုံး ခွဲစိတ်မှုပါတဲ့။

twin sisters :)
ပိုက်ဆံမရှိရင် အသက်မဆက်နိုင်ပါလား။ အဖေ နည်းနည်းနေကောင်းတော့ ဘန်ကောက်မြဘုရားကို သွားလည်ကြတယ်။ နှလုံးက အသစ်လို ဖြစ်သွားတော့ ဂရုစိုက်ရတယ် အလေးအပင် မ,မရဘူး။ တစ်နှစ်တစ်ခါ ပြန်စစ်ရတယ်။ ၂၀၁၃ ပြန်စစ်ရမဲ့အချိန်ရောက်တော့ မောင်မောင်က စာမေးပွဲရှိလို့ လိုက်လို့မရဘူး။ ပထမ တခေါက်လည်း ရောက်ဖူးထားတော့ မောင်မောင်မပါလည်း သူတို့ဘာသာ သွားတတ်ပါတယ်ဆိုပြီး နှစ်ယောက်တည်းသွားဖို့ စီစဉ်လို့ စိတ်ပူတတ်တဲ့ မကြီးက ဘန်ကောက်ကိုလိုက်ဖို့ အားခြင်းစီစဉ်ရတယ်။ မကြီးက စိတ်ပူလို့ Wheel cheer service ယူခိုင်းတယ်။ ဝှီးချဲဆားဗစ်ပေးမဲ့သူနဲ့ ဘယ်လိုဆုံသလဲမေးတော့ သူ့နာမည်ရေးထားတဲ့ ဆိုင်းဘုတ်တွေ့တော့ ဒါ သူ့ကို လာကြိုနေတာလို့ သိတာတဲ့။ ဝှီးချဲသမားကို သူ့ပတ်စ်ပို့စ် ထုတ်ပြတယ်။ အဖေက အလယ်တန်းအထိ တက်ဖူးတော့ အင်္ဂလိပ်လို သိတယ်။ အင်္ဂလိပ်ချ်ပရီးမီးယားလိခ်က အသင်းတွေ၊ ဘောလုံးသမားနာမည်တွေဆို အင်္ဂလိပ်လို ဖတ်တတ်တယ် :) ။ လမ်းလျှောက်နိုင်တဲ့ အဖေက ဝှီးချဲပေါ်က ဆင်းပြီး လမ်းလျှောက်မယ်လုပ်တော့ ဝှီးချဲသမားက မဆင်းခိုင်းဘူးတဲ့။

ဝှီးချဲနဲ့ဆိုတော့ လူဝင်မူကြီးကြပ်ရေးမှာ တန်းစီစရာမလိုဘူး။ လူဝင်မှုကြီးကြပ်ရေး ကောင်တာဖြတ်ပြီး ဆေးရုံကောင်တာကို သွားမယ်လုပ်ရော အဖေက လုံးဝအသွားမခံဘူး။ မကြီးက လူဝင်မှုကြီးကြပ်ရေးကောင်တာကို မဖြတ်နဲ့ အဲဒီနားမှာ စောင့်နေလို့ မှာထားတာကိုး။ အဖေက နာရီကို ထိုးပြပြီး နာရီဝက်လောက် စောင့်ရမယ်၊ လက်မနဲ့ လက်ညှိုးကို ဝိုင်းပြပြီး ပိုက်ဆံပေးမယ်လို့ အမူအယာပြတယ်။ ဆေးရုံကောင်တာကို လိုက်ပို့ဖို့ကို အတင်းငြင်းနေလို့ ဝှီးချဲသမားခမျာ စကားပြောလို့လည်း နားမလည်၊ လိုက်ပို့ဖို့လည်းမရတော့ ဒေါဖောင်းနေတာများ ကွိ..ကွ..အား ဆိုပြီး ခုန်ဆွခုန်ဆွ ဖြစ်နေတာတဲ့။ နောက်တော့ ဝှီးချဲသမားနဲ့သိတဲ့ ရှမ်းလူမျိုးတယောက်က စကားပြန်လုပ်ပေးတော့မှ စင်္ကာပူကနေ လာမဲ့ သူ့သမီးကို နာရီဝက်လောက် စောင့်ရဦးမယ်၊ တဖ်စ်ပေးပါမယ်လို့ ဘာသာပြန်ပေးတော့မှ ဝှီးချဲသမားခမျာ စိတ်အေးသွားတယ်။ လက်ကေ့အိတ်တွေ သွားယူပေး၊ နောက်တော့ မကြီးတို့ရောက်လာတယ်။

တွေ့လား အိုင်ပက်ကို လက်က မချတော့တာ ... :)

အိမ်နားက အမေ့မိတ်ဆွေတွေနဲ့ ကမ္ဘောဒီးယားကို သွားလည်တဲ့ ခရီးကတော့ မိသားစုဝင်တွေ မပါဘဲ အမေ့ရဲ့တစ်ကိုယ်တော် ခရီးစဉ်ပါ။ ရန်ကုန်က တိုးအဖွဲ့နဲ့ သွားတာမို့ ဘာအခက်အခဲမှ မရှိပါဘူး။ ကမ္ဘောဒီယားက မြန်မာနဲ့တူတယ်လို့ သူ့ကမ္ဘောဒီးယား ခရီးစဉ်အကြောင်း မရောက်ဘူးတဲ့ ကျွန်မတို့ကို ပြောပြတတ်တယ်။ ၂၀၁၄ အတွက် နှလုံးဆေးစစ်ဖို့ အချိန်ရောက်လာတော့ ဘန်ကောက်အစား စင်္ကာပူရွေးလိုက်တယ်။ အားချင်းစီစဉ်တာမို့ အခန်းတွေ လိုက်ရှာဖို့ အချိန်မရှိ။ အိမ်ရှင်က လက်ခံလို့ မကြီးတို့အခန်းမှာပဲ နေခိုင်းတယ်။ တခြားနေရာမှာဆိုရင် သွားရလာရနဲ့ အချိန်ကုန်တယ်။ ဒီတခေါက်လည်း မောင်မောင် မပါဘဲ လာကြတာပါ။ လေယာဉ်မယ်ကို အကူအညီတောင်းပြီး White Card ဖြည့်ခိုင်းပေမဲ့ တယ်လီဖုန်းနံပါတ် မဖြည့်ထားတော့ လူဝင်မှုကြီးကြပ်ရေးက ခေါ်စစ်တယ်တဲ့။ ဖုန်းလို့ပြောတော့ မကြီး ဖုန်းနံပါတ်ပါတဲ့ စာရွက်လေး ပြလိုက်တော့ လူဝင်မှုကြီးကြပ်ရေးက မကြီးကို ဖုန်းခေါ်တယ်။ ဖုန်းနံပါတ်သာ မပြနိုင်ရင် လူဝင်ကြီးကြပ်ရေးမှာ တညအိပ်ရမလား၊ လေဆိပ်ကနေ ပြန်လွှတ်မလားမသိ။

ရင်သားကင်ဆာလမ်းလျှောက်ပွဲကို သွားကြတော့ ကန်တက်ကီ အိမ်ရှင်မက သူ့သား Lucas ကို မိဘတွေရဲ့ ဖုန်းနံပါတ်၊ မိဘတွေ ဘာအရောင်ဝတ်ထားလဲလို့ မေးသလို မကြီးလည်း အပြင်သွားခါနီးတိုင်း အဖေနဲ့ အမေ့ကို သူ့ဖုန်းနံပါတ် မေးတယ်။ အဖေနဲ့ အမေ မကြီး ဖုန်းနံပါတ်ကို အလွတ်ကျက်ရသလို မကြီးဖုန်းနံပါတ်၊ အိမ်လိပ်စာ ရေးထားတဲ့စာရွက် ဆောင်ရတယ်။  မြို့ထဲကို ရထားစီးမလာတတ်တော့ ညနေရုံးဆင်းရင် လျှောက်သွားလို့ မရဘူး။ ကျွန်မ ရှိတုန်းက ညနေတိုင်း လျှောက်လည်ကြတာကို သတိရကြတယ်တဲ့။ အဲဒီတုန်းက ကျောင်းပြီးလို့ အလုပ်ရှာနေချိန်ဆိုတော့ အားတာပေါ့။ အလုပ်ရှိနေရင် လျှောက်လည်ဖြစ်မယ် မထင်။ ကျွန်မတို့က ညဏ်သိပ်မကောင်းဘူးလို့ထင်တဲ့ အမေက လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက အဲဒီနေရာမှာ ဘာတွေရှိတယ်ဆိုတာ မှတ်မိလို့ ကျွန်မတို့တွေ အံ့အားသင့်ရသေးတယ်။


ကျွန်မတို့တွေ ညဏ်ကောင်းကြတာ အဖေနဲ့တူတာလို့ ပြောကြတယ်။ ၁၈ နှစ် အရွယ်တုန်းက ခဏလေး တွေ့လိုက်ဖူးတဲ့ လူတယောက်ကို အနှစ် ၂၀ ကျော် အကြာ သတင်းထောက်အဖြစ်နဲ့ တီဗွီမှာတွေ့တော့ မကြီးက မှတ်မိနေတယ်။ Meet up လမ်းလျှောက်အဖွဲ့သားတွေနဲ့ ပြန်ဆုံရင် ဘယ်တုန်းက ဘယ်နေရာကို သွားတုန်းက တွေ့ခဲ့တာလေလို့ ကျွန်မ ပြောပြနိုင်တာကို အပတ်တိုင်း လမ်းလျှောက်ဖြစ်နေတဲ့ အမေရိကန်ပြည်ပေါက် ဘင်္ဂလားဒေ့ချ်သူလေး ဖာရီယာ ပြောတော့မှပဲ သတိထားမိတယ် ။ ဆူနမ်တို့က ကျွန်မကို မီနီဂူဂယ်လို့ နာမည်ပြောင် ပေးထားဖူးတယ်။ အဖေနဲ့အမေ ည ၆ နာရီ မထိုးခင် ဆာ,ဆာ မဆာဆာ ညနေစာ စားတယ်။ ၆ နာရီကျော်ရင် အိမ်သားတွေ အသီးသီးတွေ ပြန်လာကြပြီး ချက်ကြပြုတ်ကြ စားသောက်ကြဆိုတော့ မီးဖိုချောင်မှာ ဝင်မရှုပ်ချင်လို့။

နှလုံးစစ်ဆေးချက်က ပုံမှန်အလုပ်ပါတယ် ကောင်းပါတယ်တဲ့။ ဒါပေမဲ့ နှလုံးထဲကို ထည့်ထားတဲ့ ပိုက်တွေက ကုမ္မဏီမတူဘူး။ အန္တာရာယ်တော့ မရှိပေမဲ့ စင်္ကာပူမှာဆို အဲဒီလို ထည့်ခွင့်မပြုဘူးတဲ့။ ဆရာဝန်က မှာထားလို့ ဟိုဟာမစား ဒီဟာမစား အစားရှောင်တဲ့ အဖေနဲ့ အမေကို ဒေါက်တာဒေါ်ခင်နွယ်ဝင်းရဲ့ ဟောပြောချက်ကို ယူကျူကနေ နားထောင်ခိုင်းတော့ သဘောကျပြီး အာဟာရဖြစ်တာမှန်သမျှ အကုန်စားတော့တယ်။ သားသမီးစကားကို လက်ခံနားထောင်တဲ့ မိဘတွေကြောင့် စိတ်ချမ်းမြေ့ရတယ်။ သူသိသူတတ် ကိုဖိုးသိ ဘုဂလန့်ဘိုးဘိုးလို မိဘမျိုးသာဆိုရင်  ရန်တကျက်ကျက်နဲ့ ကျွန်မတို့တွေ စိတ်ညစ်ရမှာ။ နေ့တိုင်း ၁၀ ၊ ၁၅ မိနစ်လောက် အပြေးလေ့ကျင့်၊ လမ်းလျှောက်၊ အာဟာရပြည့်တာတွေစား၊ ပတ်ဝန်းကျင်ကလည်း သန့်ရှင်းတော့ အဖေနဲ့အမေ ကျန်းမာလာတယ်။


မြန်မာပြည်မှာက အမှိုက်တွေနဲ့ ညစ်ပတ်၊ ရေမြောင်းတွေပိတ်လို့ မိုးနည်းနည်းရွာရင် ရေတွေကြီး၊ အသီးအရွက်တွေမှာ ပိုးသတ်ဆေးတွေ အများကြီး၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ စားအုန်းဆီ၊ ဆိုးဆေးတွေနဲ့ ဆိုတော့ ဘယ်လိုလုပ် ကျန်းမာပါ့မလဲ။ မကြီး ရုံးသွားပြီဆိုရင် အဖေနဲ့ ကျွန်မ စကိုက်နဲ့ စကားပြောကြတယ်။ မြန်မာပြည်မှာလည်း ဒီလိုမျိုးဆို ဘယ်လောက်ကောင်းလိမ့်မလဲနော်။ ဖုန်းခမကုန် မိသားစုနဲ့ စကားပြောရတော့ အထီးကျန်တာလည်းပျောက် မိဘတွေကလည်း သားသမီးတွေနဲ့ စကားပြောရလို့ စိတ်ချမ်းသာ။ စကိုက်ကနေ ကျွန်မ ပို့ပေးတဲ့လင့်ခ်တွေကနေ Elven ၊ ဧရာဝတီ၊ ကမ္ဘာ့ဖလားသတင်းတွေ ဖတ်တတ်အောင် သင်ပေးရတယ်။ အစကတော့ ပျက်မှာစိုးလို့၊ ခေတ်ပေါ်ပစ္စည်းတွေ မသုံးတတ်လို့နဲ့ သုံးလည်းသုံးတတ်ရော လက်ကမချတော့ဘူး။ ဓာတ်ပုံရိုက်လို့ရတယ်၊ ဗွီဒီယိုဖုန်းပြောလို့ရတယ်၊ စာဖတ်လို့ရတယ်၊ သတင်းကြည့်လို့ရတယ်နဲ့ အိုင်ပတ် ကြိုက်သွားတယ်။

ရန်ကုန်မှာ အင်တာနက်ဆိုင်ကို သွားရ၊ စကိုက်မကောင်းရင် အင်တာနက်ဖုန်းနဲ့ခေါ်တော့ တမိနစ်ကို ၁၅၀ ပေးရတယ် ၁၀ မိနစ်လောက် ပြောရင်ပဲ ၁ ထောင်၊ ၂ ထောင် ကုန်နေပြီ။ မောင်မောင့်ဖုန်းက အင်တာနက်ရပေမဲ့ အဖေက သူ့သမီးတွေနဲ့စကားပြောချင်ရင် မောင်မောင်က မအားတဲ့အခါ အင်တာနက်မကောင်းဘူးလို့ ညာတတ်တယ်။ ဒါနဲ့ပဲ အင်တာနက်ရတဲ့ အိုင်ဖုန်းဝယ်မယ် ဖြစ်ပါလေရော သမီးတွေနဲ့ စကားပြောဖို့တဲ့။ စင်္ကာပူကို ပထမဆုံးအကြိမ်လာတုန်းက ဘောင်းဘီဝတ်တဲ့ အဖေက ခုတခေါက်တော့ နေသိပ်မကောင်းတာနဲ့ ပုဆိုးပဲ ဝတ်ပါတယ်။ Sentosa  ကို သွားလည်တဲ့နေ့က  ညောင်းလို့ သစ်ပင်ခြေရင်းမှာ လဲပြီး အညောင်းဖြေ ပုဆိုးဝတ်ထားတဲ့ အဖေ့ကို မသိမသာနဲ့ ဓာတ်ပုံတွေ ရိုက်သွားကြလို့ ရှက်လို့နဲ့ တူပါရဲ့ ဘောင်းဘီဝတ်မယ် ဖြစ်ရော။ အဖေ ဘောင်းဘီဝတ်မယ်ဆိုရော အမေကပါ ဘောင်းဘီဝတ်မယ်တဲ့။ မကြီး ခေါင်းစားသွားတယ် သူတို့ဆိုဒ်ကို ဘယ်မှာ ဝယ်ရပါ့။

my favorite photo
ယောကျ်ားလေးနဲ့ မိန်းကလေး ခန္ဓာကိုယ်ဖွဲ့စည်းပုံ မတူတော့ ဘောင်းဘီဒီဇိုင်းလည်း မတူ။ ဆူနမ်ဆို သူ့နိုင်ငံမှာတုန်းက သူ့ဆိုဒ် မိန်းကလေးတန်းမှာ ရှာမရလို့ ယောကျာ်းလေးတန်းမှာ သွားရှာရတယ်။  ယူအက်စ်ရောက်တော့ လျှော့ပင်းထွက်ရင် သူ့မှာ ရွေးစရာတွေ တပုံတပင်။ ဆူနမ်က အရပ် ၅ ပေ ၈ လက်မ ပေါင်  ၂၀၀ ယူအက်စ်ဆိုဒ်ကိုး။ ကျွန်မနဲ့ ရာမားက XXS ၊ ၀၀ ဆိုဒ်တွေနဲ့ တော်ပေမဲ့ ခြေတံလက်တံတိုတော့ Petie ဆိုဒ်ကို ရှာဝယ်ရတယ်။ ကျွန်မ ခန္ဓာကိုယ် တဝက်လောက်ပဲ မိုင်းဖန်ဆို ဒစ်စကောင့်တွေချလို့ ဝယ်လိုက်မဟဲ့ဆိုပြီး ဘောင်းဘီတွေယူပြီး Fitting Room ထဲ ဝင်သွားတာ ပြန်ထွက်လာတော့ ခေါင်းယမ်းပြတယ် တထည်မှ မတော်ဘူး။ အမေ့ကို အဖေ့ဘောင်းဘီ ဝင်ခိုင်းကြည့်လိုက် တော်လိမ့်မယ်။ သူတို့မှာ shape  ဆိုတာ မရှိတော့ဘူး။ အားလုံးက ဝလုံးဆိုဒ်တွေကိုး။

အင်ဒိုနီးရှားကနေ ဝယ်လာတဲ့ ဘောင်းဘီလေးကို အမေက ကြိုက်လို့တဲ့။ ဘောင်းဘီမှ ဘောင်းဘီ ဖြစ်သွားတယ်။ ဘောင်းဘီဝတ်ထားရင် ကျွှတ်ကျမှာ မပူရတော့ဘူး ခဏခဏလည်း ဝတ်စရာ မလိုတော့ဘူး။ မြန်မာပြည်ရောက်ရင်လည်း အိမ်အလုပ်တွေ လုပ်ရင် ဘောင်းဘီဝတ်လုပ်မယ်။ အပြင်သွားရင်တော့ ထမီဝတ်မယ်လို့ ဆိုပါတယ်။ အမေက နေမကောင်းဖြစ်ကတည်းက ဆံပင်အရှည်မထားတော့ဘဲ အတိုပဲ ထားတော့တယ်။ ငယ်တုန်း အရှည်ထား ကြီးလာရင် အတိုထားတာကို သဘောကျတယ်။ ရေခြားမြေခြား ခရီးတွေထဲမှာ ဒုတိယအကြိမ် ဘန်ကောက်ကို အဖေနဲ့အဖေ နှစ်ယောက်တည်း သွားတဲ့ခရီးကတော့ ကျွန်မတို့မိသားစုကြားထဲမှာ အတော်ပြောစမှတ်တွင်တဲ့ ခရီးလေးပါပဲ။ ဝှီးချဲသမားရဲ့ အကြောင်းတွေ ပြန်ပြောကြတိုင်း ကျွန်မတို့တွေ ရယ်မောကြဆဲ။ အကယ်၍များ နှောင်နှစ်မှာ ကျွန်မဘွဲ့နှင်းသဘင်တက်ဖို့ အဖေနဲ့အမေ လာခဲ့ကြရင် ဘယ်လိုဘယ်ပုံမျိုးနဲ့ လာကြပါမလိမ့်။ အဲဒီအခါကျရင် ရေခြားမြေခြား ခရီးသွား - ၂ အနေနဲ့ ရေးဖြစ်လေမလားဘဲ။

စန်းထွန်း
ဂျူလှိုင် ၁၀၊ ၂၀၁၄။