မိန်းပြည်နယ်သွား တောလား - ၂
ယူအက်စ်ကျောင်းမှာ ပထမဆုံးသင်တဲ့ သင်ခန်းစာက အမေရိကန်ယဉ်ကျေးမူအကြောင်းပါ။ ချိန်းထားတာ ရှိလို့ကတော့ စကားပြောနေတာ ဘယ်လောက်ကောင်းကောင်း ချိန်းထားတာရှိသေးလို့ သွားတော့မယ်လို့ လက်ပြနှုတ်ဆက် သွားတတ်တဲ့ အမေရိကန်လူမျိုးတွေ အကြောင်း။ ချိန်းထားတာကို နောက်ကျပြီးမှ ရောက်လာတာဟာ တဖက်သားကို မလေးစားရာရောက်တယ်လို့ အမေရိကန်တွေက ယူဆပါသတဲ့။ ပေါင်မုန့်မီးကင်၊ နွားနို့၊ ကော်ဖီ၊ ဆန်းကစ်ဖျော်ရည် တွေရှိပေမဲ့ ငှက်ပျောသီးနဲ့ ပန်းသီးပဲ စားဖြစ်တယ်။ ဒီက ငှက်ပျောသီးတွေက အဝါရောင်လေး သန်းနေတယ်ဆိုရင်ပဲ မှည့်နေပြီ။ ဝါးတားဗီလ် Waterville ကနေ ဘားဟာဘား Bar Harbor ကို  မိုင် ၁၀၀၊ ၂ နာရီ ခရီး မောင်းရမှာပါ။ သတ်မှတ်ချိန်က မနက် ၇ နာရီခွဲ ဆိုပေမဲ့လည်း ကားရောက်လာတဲ့ ၈ နာရီမှာ စတင်ပါတယ်။ ဒီနေ့လည်း ဒီဟိုတယ်မှာပဲ ညအိပ်မှာမို့ လက်ဆွဲအိတ်၊ လက်ကေ့အိတ်တွေ သယ်ဖို့မလိုဘူးလို့ ဂိုက်က မှာထားတော့ ကျောပိုးအိတ်တစ်လုံးပဲ။
ဒီနေ့ခရီးစဉ်က အက်ကေဒီယားအမျိုးသားဥယျာဉ် Acadia National Park က သိမ်းငှက်ရေကန် Eagle Lake၊ ကက်ဒီလက်တောင်ထိပ် Cadillac Mountain၊ ပင်လယ်ကမ်းစပ် ကျောက်တောင်အောက်မှာ ပင်လယ်ရေတိုက်စားလို့ လှိုက်ခေါင်းငယ်လေး ဖြစ်နေပြီး ဒီရေတွေက လှိုဏ်ခေါင်းငယ်လေးထဲဝင် အရှိန်နဲ့ပြန်ထွက်လာပြီး ကျောက်တောင်တွေကို ဝင်ဆောင့်တဲ့အခါ အမြင့်ပေ ၄၀ အထိ ရေတွေဖြာကျပြီး မိုးခြိမ်းသံလိုမျိုး ခပ်အုပ်အုပ်လေး ကြားရလို့Thunder Hole အမည်တွင်တဲ့ နေရာတွေပါ။ ခရီးစဉ် ပထမနေ့က ဘော်စတွန်ဟာဘားခရူ၊ စလမ်းစုန်းပြတိုက်တို့လို ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ အစီအစဉ်တွေကြောင့် ဒီခရီးစဉ် ဟန်မှဟန်ပါ့မလားလို့ ဝင်နေတဲ့ စိုးရိမ်သောကတွေဟာ အဲဒီနေရာတွေများ လည်ပတ်ပြီးရင် လာရကျိုးနပ်လိုက်တာလို့ တွေးမိသွားရအောင်ကို ရင်သပ်ရှုမော သာယာလှပလွန်းပါသတဲ့။ နယူးယောက်မှာ နေသာနေပေမဲ့ မိန်းပြည်နယ်မှာတော့ မိုးတဖြောက်ဖြောက် နေရောင်တောင် မမြင်ရ။
ရာသီဥတုဆိုးလို့ အက်ကေဒီယားဥယျာဉ်ဆီ မသွားတော့ဘဲ ဘားဟာဘားမှာ နေ့လည်စာစားရင်း ရာသီဥတု နည်းနည်းလေး သာတဲ့အထိ စောင့်ရအောင်တဲ့။ လမ်းတလျှောက် ပင်လယ်ကမ်းခြေကို မြင်ရတာ ကိုယ့်ဇာတိမြေနဲ့ တူတယ်။ ၂၀၁၂ ဂျူလှိုင် ၄ ပိတ်ရက်မှာ ဘော်စတွန်ကနေ ၁ နာရီ အဝေး ရာမားနေတဲ့ ဂလော့ချက်စတာ Gloucester ကို သွားလည်တုန်းကလည်း ဒီလိုမျိုး ရှုခင်းတွေ။ ပင်လယ်ပြာပြာ တောင်စဉ်တောင်တန်း သစ်ပင်စိမ်းစိမ်းစိုစိုတွေနဲ့ တကယ်သာယာတယ်။ မနှစ်က ဖုန်းအင်တာဗျူးတစ်ခုက ဘားဟာဘားက သုတေသန ကုမ္ဗဏီတစ်ခု။ အင်တာဗျူးတဲ့သူက အက်ကေဒီယားဥယျာဉ် သိပ်သာယာတယ်ကွ၊ နွေရာသီဆို အပန်းဖြေလာကြတဲ့သူတွေနဲ့ အရမ်းစည်ကားတယ်။ ကုမ္မဏီက ဘားဟာဘားမှာ ဆိုပေမဲ့ ဘားဟာဘားက သေးသေးကျဉ်းကျဉ်းလေး၊ အိမ်ငှားခလည်း ဈေးကြီးတယ်။ ဒီတော့ အနီးအနားက မြို့တွေမှာ နေကြပြီး ဘားဟာဘားကို ကားမောင်းရုံးတက်ကြတယ်။ အဲဒီအင်တာဗျူး မအောင်လိုက်ဘူး။ နို့မို့ All About Maine ဆိုပြီး မိန်းပြည်နယ်အကြောင်း ပိုစ့်တွေ ရေးဖြစ်နေမလားဘဲ။
Maine Traditional Blueberry Pie & Vanilla Latte
ဘားဟာဘားရောက်တော့ လေကထန် မိုးက သည်းသည်းမည်းမည်းရွာ။ အရင်ဆို ဒီနေရာမှာ ကားပါကင်ရဖို့ အတော်ခက်တာ ခုတော့ နေရာလွတ်တွေ အများကြီးတဲ့။ မှုန်ရီမှိုင်းနေတဲ့ ကောင်းကင်အောက်က စိမ်းညှို့ညှို့ ကျွှန်းလေးတွေ၊ ကမ်းခြေနားက ဘုတ်ဖြူဖြူလေးတွေနဲ့ သာယာသား။ ဂိုက်က ၁ နာရီ အချိန်ပေးထားပေမဲ့ မိုးသည်းလေထန်နေတော့ ဆင်းလည်တဲ့သူ နည်းတယ်။ ဗီနီဇွဲလားသူ စတားက ခေါင်းကိုက်လို့တဲ့ ကားပေါ်မှာပဲ အနားယူတယ်။ ပါရာဂွေးသူ ပက်ထရစ်ရှာက စတားအတွက် ဆေးဝယ်ဖို့၊ မိုးကာအင်္ကျီဝယ်ဖို့တဲ့ ဆင်းတယ်။ ဆိုင်တွေ တော်တော်များများ ပိတ်ထားတယ်။ Rite Aid ဆေးဆိုင်မှာ ဆေးဝယ်တုန်း ဘာလို့ဆိုင်တွေ ပိတ်ထားတာလဲ၊ စနေနေ့မို့ ပိတ်တာလား၊ ဖွင့်ချိန်နောက်ကျတာလားလို့ စနည်းနာတော့ မုန်တိုင်းဝင်လို့ လျှပ်စစ်မီးတွေ ဖြတ်ထားတာ ဆိုင်တချို့တဝက်ပဲ ဖွင့်နိုင်ပါမယ်တဲ့။ သြော် ဒါကြောင့် out of electricity လို့ ရေးတာတာကိုး။
ကိတ်မုန့်ဆိုင်တွေ့တော့ ဘလူးဘယ်ရီပိုင်း Blueberry Pie ဝယ်တယ်။ ကော်ဖီဆိုတော့ ဘေးနားကဆိုင်ကို ညွှန်တယ်။ သူညွှန်တဲ့ဆိုင်မှာလည်း ဘလူးဘယ်ရီပိုင်း ရှိတယ်။ ဒီမှာ ၂ နာရီလောက် အချိန်ရလို့ လည်ပတ်ဖို့ကောင်းတဲ့နေရာတွေကို ကျေးဇူးပြုပြီး ပြောပြပေးနိုင်မလားမေးတော့ အရောင်းစာရေးလေးက နယ်ခံမဟုတ်လို့ မသိဘူးတဲ့။ နယ်ခံကောင်မလေးကို မေးတော့ ဟိုးနားက ပန်းခြံလေးက အတော်သာယာတယ်။ ခုတော့ လေထန်နေလို့ လွင့်သွားမှာတောင် စိုးရိမ်ရတယ်။ ပြတိုက် ရှိလားဟင်။  ပြတိုက်တော့ မရှိဘူး။ လမ်းလျှောက်ရင် မိနစ် ၂၀၊ ၅ မိနစ် ကားမောင်းရင်ရောက်တဲ့ တက္ကသိုလ်မှာ ပြတိုက်ရှိတယ်။ နေ့လည်ဖက်ဆို အဲဒီမှာ ရုပ်ရှင်ကြည့်၊ ပီဇာမှာစားဖို့ ညွှန်းချင်ပါသတဲ့။ ကားငှားမယ်ဆိုရင် ၅ ကျပ်ပဲ ပေးရပါသတဲ့။ ဘားဟာဘားခရှု ထွက်မထွက်ကို နေ့လည် ၁ နာရီအထိ စောင့်ချင်စောင့်ရမှာမို့ စနည်းနာတာကို ပက်ထရစ်ရှာက သွားရင် သူလည်း လိုက်မယ်တဲ့။ ကားထဲမှာ ထိုင်စောင့်ရမှာ ပျင်းစရာကြီး။
Blueberry Beer at CherryStones Restaurant, Bar Harbor, Maine
ဗီနီလာလက်တေးလေး တကျိုက်၊ ဘလူးဘယ်ရီပိုင်းလေး တစ်ကိုက်ကိုက်ပြီး ပက်ထရစ်ရှာရဲ့ ဗေကန် Vegan ဆိုတာကို စပ်စုတယ်။ သက်သက်လွတ်စားတဲ့သူ Vegetarian တွေထဲမှာ တချို့က ကြက်ဥစားတယ်၊ တချို့က နွားနို့သောက်တယ်။ ဗေကန်တွေက တိရစ္ဆာန်တွေဆီက လာတာမှန်သမျှကို မစားတာတဲ့။ နွားနို့၊ ကြည်ဥ အကုန်ရှောင်တယ်။ ဘာသာရေးကြောင့်လား၊ မျိုးနွယ်ကြောင့်လားမေးတော့ လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ကမှ ဗေကန်ဖြစ်လာတာတဲ့။ From farm to fridge ဆိုတဲ့ ယူကျူဗီဒီယိုကြည့်ပြီး ၄ နာရီလောက် ငိုသတဲ့။ ပြီးတော့ သူ့ကြောင့် တိရစ္ဆာန်တွေ ဒုက္ခမရောက်စေရဘူးလို့ ဆုံးဖြတ်လိုက်သတဲ့။ နောက်နေ့ စားသောက်ဆိုင်မှာ သူ့ကို တိစ္ဆာန်တွေဆီက မဟုတ်တဲ့ အစားအသောက်ပေးပါလို့မှာတော့ ဆိုင်ရှင်က နင် ဗေကန်လားလို့ မေးသတဲ့။ အဲဒီတော့မှ ဗေကန်ဆိုတဲ့ စကားလုံးကို မသိဘဲ ဗေကန်ဖြစ်လာသူလို့ ပြောပြတယ်။
အသီးအရွက်တွေပဲ စားတော့ အာဟာရချို့တဲ့မှာကို စိတ်မပူဘူးလားမေးတော့ သံဓာတ်အတွက် ပဲ၊ နို့ဆိုရင်လည်း နို့ပေါင်းစုံ၊ ဗေကန်ပီဇာ၊ ဗေကန်ရေခဲမှုန့်၊ ဗေကန်ချောကလက် အစုံရှိလို့ အစေားအသောက်ချို့တဲ့မှာ စိတ်မပူရဘူးတဲ့။ အသီးအရွက်က မရနိုင်တာဆိုလို့ ဗီတာမင်ဘီ ၁၂ ပဲ ရှိတယ်။ အဲဒီအတွက် ဗီတာမင်အားဆေးသောက်တယ်။ အာဟာရချို့တဲ့မတဲ့ သူ့ခန္ဓာကိုယ်ကို ကြည့်စမ်း ပိန်ညောင်ဖြူလျော့နေသလား။ ဟင့်အင်း သာမာန်ထက်တောင် နည်းနည်းပြည့်ချင်သေးတယ်။ အစားတလုတ်အတွက် တိရစ္ဆာန်တွေကို သတ်ဖြတ်နေတာ မတရားဘူး။ ပစ်ဟာ ၃ နှစ်အရွယ် ကလေး၊ ခွေးတစ်ကောင်ထက် အသိညဏ်ပိုရှိတယ်။
ပစ်...?
Pigs ပစ်..
ဟမ်... ဝက်က ၃ နှစ်အရွယ် ကလေး၊ ခွေးတစ်ကောင်ထက် အသိညဏ်ရှိတယ် သူ အမှတ်များ မှားနေသလား ပင်ကွင်းနဲ့များ မှားနေသလား။ ဇဝေဇဝါ ကိုယ့်အမူအယာကြောင့် ဂူဂယ်မှာ pigs လို့ ရိုက်ထည့်ပြီး ဓာတ်ပုံပြတယ်။
ပစ်..အင်း သိတာပေါ့ pork လေ။
အို မိုင်းဂါ့လ် ။
ဆောရီး ဆောရီး။
so sad, so bad ။
ဝက်ကို pig ဝက်သားကို pork နွား cow နွားသားကို beef ။
Traditional Blueberry Pie from Governor Restaurant, Waterville, Maine
အသားမစားတဲ့ ဗေကန်ရှေ့မှာ ဝက်ဓာတ်ပုံပြပေမဲ့ ဝက်သားလို့ တွေးနေမိတဲ့အဖြစ်။ ပက်ထရစ်ရှာက သူ ကြည့်ဖူးတဲ့ ဂျပန်ဟာသတစ်ခုက ဝေလငါးဖမ်းဆီးတာဆန့်ကျင်တဲ့ ဗီဒီယိုကြည့်ရင်း လက်ထဲမှာ စားနေတာက ဝေလငါးစွပ်ပြုတ်။ နယူးယောက်မှာဆို ဗေကန်စတိုး၊ ဗေကန်စားသောက်ဆိုင် အများကြီး။ ဟင် ဟုတ်လား ကိုယ်ဆို ဗေကန်ဆိုတဲ့ နာမည်တောင် မကြားဘူးဖူး ဒါ ပထမဆုံး ကြားဖူးတာ။ သူ ဗေကန်စဖြစ်တော့ သူ့မိဘတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက စိတ်ပူကြသတဲ့။ သူ့ကြောင့် ဘယ်တိရစ္ဆာန်မှ ဒုက္ခမရောက်ဘူးဆိုတာ တွေးမိတိုင်း ဝမ်းသာမိသတဲ့။ သခင်လိုပဲ သူ့ခွေး ကိုကိုးကလည်း ဗေကန်ပါတဲ့။ မြောက်အမေရိကနဲ့ တောင်အမေရိကတိုက်ကြား ကာရစ်ဘီယံဒေသ ဂျမေကာနိုင်ငံမှာ ဗေကန်စားသောက်ဆိုင်တွေ ပေါများပါသတဲ့။ ဂျမေကာက Rastafari ဆိုတဲ့ဘာသာတစ်မျိုးက ဗေကန်တွေဆိုတော့ ဗေကန်စားသောက်ဆိုင်တွေ အများကြီးတဲ့။
နာရီကြည့်လိုက်တော့ အချိန်စေ့ပြီ ကားဆီရောက်တော့ ဂိုက်က ဒီနေ့ မုန်တိုင်းဝင်လို့ မိန်းနဲ့ဗာမွန်ပြည်နယ်တွေမှာ လျှပ်စစ်မီး ဖြတ်တောက်ထားတယ်။ နေ့လည် ၁ နာရီ ဘားဟာဘားခရှုဖွင့်တဲ့အထိ ဒီမှာ စောင့်ရင်း နေ့လည်စာ စားရအောင်တဲ့။ အန်တီကြီးတစ်ယောက်က ဒီမြို့လေးမှာ နှစ်နာရီ အချိန်ဖြုန်းရမယ် ဟုတ်လား၊ ရာသီဥတု သာယာနေရင် လျှောက်လည်လို့ရသေးတယ်၊ ဒီလို ရာသီမျိုးမှာ ဘယ်လိုလုပ် လည်လို့ရပါ့မလဲ၊ စိုစိစိုဖတ် လေထန်၊ မိုးသည်း၊ ဒီကနေ ၂ နာရီ အဝေးက လျှော့ပင်းမောလ်ကို ပို့ပေးပါလားလို့ တောင်းဆိုတော့ အစီအစဉ်ထဲမှာ မပါလို့ သူ တာဝန်မယူပါဘူးတဲ့။ နေ့လည်စာစားဖို့ ဆိုင်တွေလိုက်ကြည့်တော့ နှစ်ဆိုင်၊ သုံးဆိုင်လောက်ပဲ တွေ့တယ်။ အဲဒီဆိုင်တွေမှာလည်း ကိုယ်တို့တိုးကား ၇ ကားက တိုးရစ် ၃၀၀ ကျော် ဝင်တီးနေကြတော့ နေရာလွတ် မရှိဘူး။ ထိုင်ခုံမရလည်း ကိစ္စမရှိပါဘူး ဘားကောင်တာမှာ ထိုင်ကြတယ်။
လော့စတာက ဘယ်လောက်ကြီးလဲလို့ မေးတော့ စာပွဲထိုးမလေး သယ်သွားတဲ့ လော့စတာဗန်းကြီးကို လက်ညှိုးထိုးပြတယ်။ ကြည့်လိုက်တော့ အား..လား..လား ဗန်းကြီးက အကြီးကြီး လော့စတာက တစ်ကောင်၊ ဘေးက လိုက်ပွဲတွေနဲ့။ မကုန်ရင် သယ်သွားမှာပေါ့လို့ စတား၊ ပက်ထရစ်ရှာတို့နဲ့ တိုင်ပင်တော့ မင်း ခုနပဲ ဘလူးဘယ်ရီပိုင်း စားထားတယ် ဗိုက်ဆာနေလား။ ဟင့်အင်း။ ဒါဆို စွပ်ပြုတ်လောက်ပဲ သောက်ပေါ့ကွ။ သယ်ဖို့က ကိုယ်တို့တနေကုန် ခရီးသွားနေမှာ။ နယူးအင်္ဂလန်ချော်ဒါ Chowder စွပ်ပြုတ်ပဲ မှာလိုက်တော့တယ်။ စတားတို့က ဘီယာသောက်နေကြတော့ ကိုယ်လည်း ဘီယာသောက်ချင်လာတယ်။ ဝိုင်ဆို ဆူနမ်တို့နဲ့ပဲ သောက်တာ။ ဆူနမ်တို့နဲ့ ခွဲလာပြီးကတည်းက ဝိုင် မသောက်ဖြစ်တာဆိုတော့ ၈ လလောက် ရှိပြီ။ ကိုယ်က ဘီယာ မကြိုက်ဘူး ခါးလို့။ ဘလူးဘယ်ရီဘီယာက ဘယ်လိုလဲမေးတော့ သိပ်မခါးဘူးဆိုလို့ မှာလိုက်တာ သောက်လို့ကောင်းသား။
ငွေပိုငွေလျှံလေးများရှိရင် ဗီနီဇွဲလားသားတွေက ဒေါ်လာဝယ်စုသတဲ့။ ပါရာဂွေးကတော့ အိမ်ခြံမြေ ဝယ်တယ်တဲ့။ ပါရာဂွေးတွေက အမဲသားနဲ့ အသီးအရွက် Salad ပဲ စားတယ်တဲ့။ အာဂျင်တီးနားနဲ့ ဘယ်လ်ဂျီယံ ကမ္ဘာ့ဖလားဘောလုံးပွဲကို ငေးကြရင်း ပါရာဂွေးသူကို တောင်အမေရိကသားမို့လို့ တောင်အမေရိက အာဂျင်တီးနားအသင်းကို အားပေးတာလားမေးတော့ ဟင့်အင်း ဘယ်လ်ဂျီယံကို အားပေးတာတဲ့။ အာဂျင်တီနားတွေက ရုပ်ချောကြတယ် ချောမှန်းလည်း သူတို့သိတယ်။ တခြားတောင်အမေရိကသားတွေထက် သူတို့က သာတယ်၊ မြင့်မြတ်တယ်လို့ ပြောဆိုမောက်မာလို့ မုန်းကြတယ်တဲ့။ ဘားကောင်တာက ကောင်မလေးကလည်း အာဂျင်တီးနားလား ဟုတ်တယ် ကော်လိုရာဒိုပြည်နယ် ဒန်ဗာ Denver က တက္ကသိုလ်ဝင်းထဲမှာ ကြုံဖူးတယ် တမျိုးတော့ တမျိုး။ တရုတ်ကြီးတစ်ယောက် ကောင်တာရှေ့မှာ လာရပ်လို့ ဘားကောင်တာမလေးက ဘာလိုချင်လို့လဲ ထိုင်ခုံမှာ စောင့်နေပါ ဝိတ်တာတွေ လာစားပွဲထိုးပါလိမ့်မယ် ခု လူတအားကျနေလို့ပါ။
Acadia National Park, Maine  - credit to Google
လက်ထဲက ပိုက်ဆံတွေပြပြီး တရုတ်ကြီးက ငါ ပိုက်ဆံပေးပြီး မှာမလို့စောင့်နေတာ ကြာပြီ တစ်ယောက်မှလည်း မလာဘူး။ မင်းတို့ငါတို့ယဉ်ကျေးမှုကို နားမလည်ဘူး လေးစားမှု မရှိဘူး။ ဘားကောင်တာမလေးက စားပွဲထိုးလားပါလိမ့်မယ် ဆောရီးဆိုပြီး တခြားအလုပ်တွေ လုပ်တယ်။ တရုတ်ကြီးကတော့ မင်းတို့ ငါတို့ယဉ်ကျေးမှုကို နားမလည်ဘူး မလေးစားဘူးလို့ ဆီမန်း မန်းသလို တတွတ်တွတ် ရေရွတ်သွားချိန်မှာ ကိုယ်ကတော့ ပါးစပ်လေး အဟောင်းသားနဲ့ ကျန်ခဲ့တယ်။ သြော် ရောမရောက်ရင် ရောမလို မကျင့်ကြံတဲ့သူပါလား။ တရုတ်ကြီး Culture Shock ဖြစ်နေတာကွ တရုတ်ပြည်မှာ ဝန်ဆောင်မှုမရှိဘူး ပိုက်ဆံကို ကောင်တာမှာ အရင်ရှင်း ပြီးမှ ကိုယ့်ဘာသာယူစားရတာ အကျင့်ပါနေတော့ အမေရိကန်ဝန်ဆောင်မှုနဲ့ အံမဝင်ဘူးဖြစ်နေတယ်လို့ လေသံအုပ်အုပ်လေးနဲ့ ပြောနေတာကို ဘားကောင်တာမလေးက ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်တဲ့။
ကိုယ်တို့အမေရိကန်စရောက်တော့ ကျောင်းမှာ ပထမဆုံးသင်ရတာက အမေရိကန်ယဉ်ကျေးမှု သင်ခန်းစာကွ။ ဟိုင်း ဟောင်အာယူ Hi How are you ဟောင်အာယူဒူးရင်းတူဒေး How are you doing today  ဆိုပြီး လက်ကမ်းနှုတ်ဆက် အချိန်လေးစားတဲ့ အမေရိကန်တွေအကြောင်း။ ကျောင်းပြီးလို့ အလုပ်ရှာဖို့ပြင်ဆင်တော့ Job Search နှစ်ပတ်သင်တန်းမှာ ကျောင်းသားတွေအားလုံး အတန်းရှေ့ထွက်ပြီး တယောက်ချင်းစီ လက်ဆွဲနှုတ်ဆက် လေ့ကျင့်ရတယ်။ ခုတော့ တွေ့တာနဲ့ လက်ကမ်းတော့တာပဲ။ ဟေ ဒါဆို မင်း ပါရာဂွေးကိုသွားဖို့ မွှားမွှားလေ့ကျင့်ရမယ်ကွ။ ပါရာဂွေးမှာ အခန်းထဲက ယောက်ျား၊ မိန်းမ အကုန်လုံးကို မွှား၊ မွှားပေးရတာ။ မမွှားလို့ရတော့ ဒီကောင်မလေး ဘာမှားနေပါလိမ့်လို့ ကြည့်လိမ့်မယ်တဲ့။ ဗီနီဇွဲလားမှာတော့ တဖက်ကို ပါးချင်းကပ်ပြီး နောက်တဖက်ကိုမှ မွှားပါသတဲ့။ အက်စတိုးရီးယားဖက်မှာ အိမ်တွေလိုက်ကြည့်တုန်းက နောက်မှရောက်လာတဲ့ ဧည့်သည်အန်တီကြီးက အကုန်လုံးကို မွှား၊ မွှားပေးတာ ကိုယ်ပါ ဘုမသိဘမသိ အမွှားခံလိုက်ရဖူးတယ်။
Cadillac Mountain, Bar Harbor, Maine - credit to Google
၂ နာရီအချိန်စေ့လို့ ကားဆီပြန်တဲ့လမ်းက ဆိုင်တွေကို လိုက်ကြည့်ရင်း မက်ဂနက်တွေ ဝယ်တယ်။ ဘားဟာဘားက Accessories ဆွဲကြိ ုး၊ လက်ကောက်၊ လက်စွပ်၊ နားဆွဲလေးတွေ လှသား။ ဘလူးဘယ်ရီယို၊ ဘလူးဘယ်ရီ Dressing (ဆလပ် Salad အတွက်)၊ ဘလူးဘယ်ရီဆိုဒါ၊ ဘလူးဘယ်ရီဘီယာ။ ဗေကန် ပက်ထရီရှာက ဘလူးဘယ်ရီဒရက်ဆင်း ဝယ်တယ်။ လော့စတာအိုက်စရင်စားဖို့ စတားက အဖေါ်ညှိတာကို  အားနားပေမဲ့ ငြင်းလိုက်တော့တယ်။ ဘယ်နှယ့် မိုးအေးအေးမှာ အိုက်ခရင်တဲ့။ အောင်မငှီး တွေးတာနဲ့တင် သွားကြိမ်းတယ်။ ကော်ဖီပူပူလေးဆို ဟုတ်တုတ်တုတ်။ ကားပေါ်ရောက်တော့ ဂိုက်က သူ ရာသီဥတုခန့်မှန်းချက်ကိုကြည့်တော့ ညနေစောင်းအထိ မိုးသည်းနေမှာ။ ဘားဟာဘားခရူလည်း ဖွင့်မှာမဟုတ်ဘူး။
ကက်ဒီလက်တောင်တက်လမ်းက မတ်တော့ ဒီလိုမိုးသည်းချိန် ခရီးသည်တင်ကားကို မောင်းရတာ အန္တရာယ်ရှိတယ်။ ဒါကြောင့် ဟိုတယ်ကိုပြန်ပြီး အနားယူမယ် မနေ့က ပင်ပန်းတာတွေ အတိုးချပြီး အနားယူကြတာပေါ့။ ကိုယ်တို့ကားတစီးတည်း ဒီလိုအစီအစဉ်ပြောင်းတာ မဟုတ်ဘူး သူတို့ကုမ္မဏီက ဒီခရီးစဉ်ထွက်တဲ့ တိုးကား ၇ စီးလုံးတဲ့။ အကယ်၍များ တခုခုဖြစ်ခဲ့ရင် သူ တရားခံ မဖြစ်ချင်ဘူး၊ မစွန့်စားချင်ပါဘူးတဲ့။ ဖိလစ်ပိုင်မလေးတွေက နောက်ထပ် ၂ နာရီလောက်များ ဆက်နေလို့ရမလား ရီကွက်လုပ်တော့ နိုးတဲ့။ အက်ကေဒီယားအမျိုးသားဥယျာဉ်ဘေးနား ဖြတ်မောင်းသွားလို့ မြင်ပဲမြင်လိုက်ရတယ် မကြင်လိုက်ရဘူး။ ဘားဟာဘားမှာ သတိထားမိတာက တစ်ခုက တမြို့လုံး ဟိုတယ်၊ မိုတယ်၊ အင်းတွေကြီးပဲ။ ဒီလောက် ဟိုတယ်၊ မိုတယ်၊ အင်းတွေ ပေါတဲ့မြို့ ဒီတခါပဲ တွေ့ဖူးသေးတယ်။
Eagle Lake, Bar Harbor, Maine - credit to Google
ဒီမုန်တိုင်းကြောင့် ခရီးစဉ် ပျက်တာမို့ရာဟူးမှာ မုန်တိုင်းသတင်း ရှာကြည့်တော့ ဟာရီကိန်းမုန်တိုင်းကနေ Tropical strom အဖြစ် အဆင့်လျှော့သွားတာတဲ့။ မုန်တိုင်းကြောင့် မိန်း၊ ဗာမွန်ပြည်နယ်က အိမ်ထောင်စု နှစ်သောင်းနီးပါးလောက် လျှပ်စစ်မီးဖြတ်တောက်ခံရပါသတဲ့။ မုန်တိုင်းအမည်က အာသာ Arthur ။ ဟင် အာသာ..အာသာ ကိုယ့်ကို ဘယ်တော့မှ ကောင်းကျိုးမပေးတဲ့နာမည်။ နယူးယောက်ရုံး ပထမဆုံး အလုပ်စဆင်းတဲ့နေ့မှာပဲ Meeting ခန်းထဲတန်းဝင် LGA LauGuardia Airport ပရောဂျက် P6 ကနေ SQL Server Database ပြောင်းတဲ့အပိုင်း တာဝန်ပေးခြင်းခံရပြီး ဒီနေ့ ERD Diagram အပြီးလိုချင်တယ်လို့ ပြောလာသူက ဒါရိုက်တာ အာသာ။ ဟင် ဘယ်နှယ့်ဟာပါလိမ့် ဒီနေ့မှ အလုပ်စဝင်တဲ့သူကို ဒီနေ့အပြီး။ မလွန်လွန်းဘူးလားဆိုပြီး ဘုကြည့်ကြည့်။ မကြည်မသာ မျက်နှာပေးနဲ့အိုကေလို့ပြောလိုက်ပေမဲ့ ဒီအာသာဆိုတဲ့အကောင် တော်တော်ဆိုးတာပဲလို့ မှတ်သွားရော။
နောက်တော့ ရုံးချုပ်ကနေ ကလိုင့်ရင့် အမ်တီအေ MTA Metropolitan Transport Authority နယူးယောက်မြေအောက်ရထားလိုင်း၊ ဘတ်စ်ကားလိုင်းတွေ ဆွဲတဲ့ အစိုးရရုံးမှာ အလုပ်ဆင်းရတော့ ရုံးချုပ်ကို သောကြာနေ့ နေ့လည်စာ သွားစားတဲ့အခါမှပဲ ရောက်ဖြစ်တော့တယ်။ အမ်တီအေ ပရောဂျက်ပြီးလို့ ရုံးချုပ်ကို ပြန်ရောက်တော့ ဘော့စ်က ခရီးသွားနေလို့ တနင်္လာနေ့မှ ပြန်ရောက်မယ်။ ဒီနှစ်ရက်အတွင်း အမ်တီအေပရောဂျက်ဒီမိုအတွက် ပြင်ဆင်နေပါလို့ ဆိုလာတော့ လိုအပ်တဲ့ ဆော့ဝဲတွေသွင်း၊ Install ၊ Uninstall လုပ်နေတာကို တွေ့သွားတဲ့ အာသာက နင် ဘာပရောဂျက်လုပ်နေတာလဲ။ အန်းနာ့ (ဘော့စ်ဒါရိုက်တာ) ကို စောင့်နေတာ၊ ဆော့ဝဲတွေသွင်း၊ ဒီမိုပရောဂျက် လုပ်နေတာ။ ဘာမှမလုပ်ဘဲ ထိုင်နေမဲ့အစား ဒီနှစ်ယောက် အခက်အခဲ ရှိနေတယ် ကူပေးလိုက်တဲ့။
Thunder Hole, Bar Harbor, Maine - credit to Google
ဟွန့် အမြင်ကပ်လိုက်တာ အမ်တီအေ ပရောဂျက်ပြီးခါနီး တလလုံးနီးပါး မနက် ၈ နာရီကျော် ရုံးတက် ည ၇ နာရီ ရုံးဆင်း။ ပင်ပန်းလိုက်တာ လွန်ပါရော။ တစ်ရက်လေး နားနေတာကို မကြည့်နိုင်ဘူး သြော် သူဋ္ဌေးတွေ သူဋ္ဌေးတွေ။ DANYS ပရောဂျက်အတွက် သူများ သိလေမလားလို့ မေးကြည့်တော့ ဒီလောက်ရှင်းတာလေးကို မသိတဲ့ပုံ လုပ်မနေတဲ့။ ဒီလောက်ရှင်းနေရင် သူ့တောင် သွားမေးမှာ မဟုတ်ဘူး။ ခုလည်းကြည့် ဒီခရီးစဉ်ရဲ့အသက်ဖြစ်တဲ့ အက်ကေဒီးယား၊ ဘားဟာဘားခရှု မစီးလိုက်ရတာ အာသာမုန်တိုင်းကြောင့်။ တောက် ဒီ အာသာဆိုတဲ့ နာမည် ကိုယ့်ကို ဘယ်တော့မှ ကောင်းကျိုးမပေးဘူး။ ညနေ ၄ နာရီ ဟိုတယ်ကိုရောက်လို့ ကားပေါ်ကဆင်းချိန် နေသာတော့ အားလုံးက နည်းနည်းလေးသာ ထပ်စောင့်ခဲ့ရင် ဘားဟာဘားခရှု မစီးရပေမဲ့လည်း အက်ကေဒီးယား၊ ကက်ဒီလက်တောင်ကနေ ရင်သပ်ရှုမောတဲ့ ရှုခင်းတွေကို ကြည့်နေခွင့်ရမှာလို့ စိတ်ပျက်လက်ပျက် ဖြစ်ကြတယ်။
ဗီနီဇွဲလားသူ စတားက တရေးတမောအိပ်၊ ပါရားဂွေးသူ ပက်ထရစ်ရှာက ဟိုတယ်အားကစားရုံမှာ စက်ဘီးသွားစီး၊ ကိုယ်က ကိုရီးယားကားကြည့်။ ညနေ ၇ နာရီလောက်မှာ ဟိုတယ်ဘေးက Gorvernor စားသောက်ဆိုင်မှာ သွားစားတော့ မနေ့က စားပွဲထိုးတဲ့ ကောင်မလေးကို ဆားဗစ်ပေးဖို့ ရီကွက်လုပ်တယ်။   စားပွဲထိုးမလေးက ဗေကန်ပက်ထရစ်ရှာ နို့ထွက်ပစ္စည်းတွေရှောင်တာ မှတ်မိနေတယ်။ ကိုယ်က အမဲသားကင် Beef Steak နဲ့ စွပ်ပြ ုတ် သောက်တာ စတိတ်က နည်းနည်းငန်တယ်။ အာလူးမီးဖုတ်က စားကောင်းလို့ ပက်ထရစ်ရှာဆို နောက်ထပ်ထပ်မှာတယ်။ ကိုယ်က ဘလူးဘယ်ရီပိုင်း ထပ်မှာတယ် နက်ဖြန် မနက်စာအတွက်။
Thunder Hole, Bar Harbor, Maine  - credit to Google
ပက်ထရစ်ရှာနဲ့ကိုယ် အညောင်းပြေအညာပြေ လမ်းလျှောက်ထွက်ကြတယ်။ ဟိုတယ်ဝနားမှာ ဆေးလိပ်သောက်တဲ့သူတွေ တွေ့တော့ ပက်ထရစ်ရှာက ဆေးလိပ်တစ်လိပ်လောက် ရောင်းပါလားလို့ ရီကွက်လုပ်တယ်။ ဟိုက မရောင်းဘဲ ပေးလိုက်တယ်။ ဆေးလိပ်ငွေ့က မင်းဖက်ကို လေသင့်နေတယ် ဒီဖက်ကိုလာတဲ့။ ဟိုတယ်မှာ ဆေးလိပ်သောက်ခွင့် မရှိဘူး ဒဏ်ကြေး ၂၅၀ တဲ့။ ပက်ထရစ်ရှာ ဆေးလိပ်စသောက်ဖြစ်ပုံကို မေးမြန်းကြည့်တော့ အများစုက ဆယ်ကျော်သက်အရွယ်မှာ ဆေးလိပ်စသောက်ဖြစ်ကြတာ။ သူက မိုက်မဲတာ ဆယ်ကျော်သက်အရွယ်မှာ မဟုတ်ဘဲ ၁၉  နှစ်မှ စသောက်ဖြစ်တာတဲ့။ အဲဒီတုန်းက ဒိုမီနီကန်ရီပါပလစ်မှာ နေတာ။ မီးကမလာ ဘာမှလုပ်စရာလဲမရှိ ပျင်းလို့ သူ့အခန်းဖော်ဆီက ဆေးလိပ် တလိပ်၊ နှစ်လိပ်ဖွာရင်း စွဲသွားတာတဲ့။ တနေ့ကို ဆေးလိပ်တဘူးနီးပါး သောက်တယ်။ ဟင် တဘူးကို ၁၅ ကျပ်ပဲထားပါတော့ တလ ၄၅၀ ဘုရားရေ မနည်းမနောပါလား ပိုက်ဆံတွေ မီးရှို့ပစ်နေသလိုပါပဲလား။
အေး တလတလ ပိုက်ဆံတွေ ဘယ်ရောက်သွားမှန်းကို မသိဘူး။ ဆေးလိပ်သောက်တဲ့လူတွေရဲ့ အနားကို ကပ်ပြီး ဆေးလိပ်နံ့ရှုရတာ အားပါး ကောင်းလိုက်တာ။ ဘယ်ကသာ ဆေးလိပ်သောက်တဲ့လူ အနားလာရင် သိသာတယ် အနံ့က အတော်ဆိုးတာ။ မင်းက ဆေးလိပ်မသောက်တဲ့သူကိုး။ နစ်ကိုတင်းက တော်တော်စွဲတယ် သူ တော်တော်လေး ကြိုးစားပြီး ဖြတ်လိုက်ရတာ။ လက်မှာ နစ်ကိုတင်းအပတ် ပတ်ပြီး နစ်ကိုတင်း ၃၀၀ ကနေ ၂၀၀ တဖြည်းဖြည်းလျော့။ နစ်ကိုတင်း ၁၀၀ ဆိုရင် တော်တော်ကောင်းသွားပြီ။ အခု အားကစားရုံ မှန်မှန်သွား၊ စားသောက်ဆိုင်မှာထက် ကိုယ့်ဘာသာ ချက်ပြ ုတ်စားသောက်ရင် ဆေးလိပ်သောက်ဖို့ သိပ်မတွေးဘူးတဲ့။ တခါတလေ ခုလို ဆေးလိပ်လေးဖွာပြီး တွေးရဆွေးရတာ ဇိမ်ပဲ။ အမ် ငါတော့ ဇိမ်ရှိလိုက်တာလို့ မထင်ပေါင်။
 Acadia Nature Cruise or Lobster Steal Cruise are fully narrated cruise of Frenchman Bay and enjoy the breathtaking scenery of coastal Maine or when in season, join an unforgettable excursion to experience the daily routines of a Maine Lobsterman. Participate in the excitement of hauling up the traps or simply enjoy cruising near picturesque lighthouses and historic civil war forts.
Wholefood အစားအသောက်ရောင်းတဲ့ဆိုင်ထဲဝင်တော့ ပက်ထရစ်ရှာက ဗေကန်အစားသောက် V Vegan Certified တံဆိပ်တွေ ရှိတဲ့နေရာ၊ တံဆိပ်၊ နို့ထွက်ပစ္စည်း ပါဝင်တာ ဘယ်လိုကြည့်ရတဲ့အကြောင်းတွေ ရှင်းပြတယ်။ မနက်ဖြန်နေ့လည်စာအတွက် အသီးအနှံဘူးတွေ ဝယ်တယ်။ အညစ်အကြေးတွေ မှန်သမျှ ပင်လယ်ထဲကို စွန့်ပစ်လို့ ပင်လယ်ကြီးက အမှိုက်ပုံးပဲ။ dirty လို့ ပင်လယ်စာကို ပထမဆုံး မစားတော့တာ။ ဟမ် ငါက ပင်လယ်စာ သိပ်ကြိုက် ပင်လယ်မှာ ကြီးခဲ့တာ။ China Village ဆိုတဲ့စာတမ်း ကြားဖူးလား ဟင့်အင်း။ မြို့မှာနေတဲ့သူနဲ့ တောမှာနေတဲ့သူ တွေအကြောင်း သုတေသန ပြုထားတာ။ မြို့ကလူတွေက မီးခိုးတွေ တလူလူ ဘာဘီကင်၊ အကြော်အလှော်၊ ဆန်းပေ့ အစားအစာတွေစား။ တောကလူတွေက အသားငါး ဈေးကြီးတော့ ပိုက်ဆံမတတ်နိုင်လို့ အသီးအရွက်တွေစား။ ဘယ်သူက ပိုကျန်းမာတယ်လို့ထင်လဲ တောသား။ မှန်တယ် အသီးအရွက် များများစားတဲ့ တောကလူတွေက ပိုကျန်းမာတယ်။
တို့တွေက ငယ်ငယ်ကတည်းက Brain Wash အလုပ်ခံရတာကွ နွားနို့သောက်မှ ကျန်းမာမယ် အားရှိအောင် အမဲသားစားရမယ်လို့။ အမှန်က နွားနို့ထဲက ဗီတာမင်တွေ ခန္ဓာကိုယ်ထဲ မရောက်ဘဲ ဆီးနဲ့ပါသွားတာ များတယ်ကွ။ အသီးအနှံကရတဲ့ ဗီတာမင်တွေကသာ ခန္ဓာကိုယ်ထဲမှာ ကျန်တာ။ အဲဒီသုတေသနစာတမ်းကို အများပြည်သူသိအောင် အစိုးရက မကြေငြာဘူး။ ကြေငြာရင် အဲဒီကုမ္ဗဏီက ဝင်ငွေတွေ လျော့သွားမှာ။ အဲဒီလိုကုမ္ဗဏီတွေက အစိုးရကို ထောက်ပံ့ပေးတာလေ။ သြော် ဟုတ်လား အင်း သားငါးတွေလျော့လို့ အသီးအရွက်များများ စားပါတော့မယ်လေ။ မိန်းပြည်နယ်ကနေ နယူးယောက်ဆီ ပြန်တဲ့တလျှောက်က ပေါ့လန်းမီးပြတိုက် Portland Head Light ၊ ရော့ကင်းဒန်းတိရစ္ဆာန်ရုံ York Kingdom Zoo ၊ မစ်စတစ်ရေသတ္တဝါပြတိုက် Mystic Aquarium တွေ ဝင်လည်တဲ့အကြောင်းကို ဓာတ်ပုံများများနဲ့ နောက်အပိုင်းကျမှ ဆက်ပါဦးမယ်။
Happy Traveling !
စန်းထွန်း
ဇူလှိုင် ၂၄၊ ၂၀၁၄။
P.S : ကိုယ် မသွားလိုက်ရတဲ့ အက်ကေဒီးယားဥယျာဉ်၊ သိမ်းငှက်ရေကန်၊ ကက်ဒီလက်တောင်ထိပ်၊ မိုးကြိုးတွင်း ဓာတ်ပုံတွေကို ဂူဂယ်ကနေ ယူတင်ထားပါတယ်။
4 comments:
Thu said...
@Ahthu
မီးမီးငယျ said...
အားကျတယ်ဟယ်...
များများသွားထား
သွားခွင့်ရှိတုံး..
ပျော်စရာကြီး...
:)))
Anonymous said...
မမအိုင်အိုရာ
San San Htun said...
Thu said...
မြန်မာတွေနောက်ကျတာကတော့ အကျင့်ဖြစ်သွားပြီလား
မသိဘူးနော်။ဒီမှာလဲသူငယ်ချင်းတွေနဲ့ချိန်းထားလို့၈နာရီသွားချင်ရင် ၇ခွဲလောက်ပြောရတယ်။
:D ဆေးလိပ်ကတော့အတော်စွဲတာ။အဖေဆို တစ်နေ့၁ဘူးခွဲလောက်ကုန်တယ်။ဖေကြီးဆို ဆေးလိပ်ဖြတ်တာ ကွမ်းစွဲသွားလို့ ခုဘယ်လိုနည်းသုံးပြီးကွမ်းကိုဖြတ်ရမလဲဆိုပြီးစိတ်ပျက်နေတယ်။^_^
အဲ့နေရာတွေလျှောက်လည်ချင်လို့ လာလည်ချင်လိုက်တာ။
@Ahthu
July 25, 2014 at 4:26 AM
မီးမီးငယ် said...
အားကျတယ်ဟယ်...
များများသွားထား
သွားခွင့်ရှိတုံး..
ပျော်စရာကြီး...
:)))
July 25, 2014 at 3:23 PM
Anonymous said...
အဲဒီအာသာလာမှာကိုတိုးကုမ္ဗဏီကကြိုသိသင့်တာပေါ့နော်။
ီဒီမှာကရာသီဥတုကိုအချိန်ပြည့်ကြိုပြီးကြေငြာတဲ့ဟာကို။
ပိုက်ဆံတွေအများကြီးပေးပြီးအဲဒီမရောက်လိုက်ရတာတော့နာတယ်ကွာ နော်။
အာသာဆိုတာကိုယ့်ဘဝမှာလည်းအမြင်ကပ်စရာစာရင်းထဲကဘဲ တိုက်ဆိုင်လိုက်တာစန်းထွန်းရေ။
သွားနိုင်တုန်းသွားထားစန်းထွန်းလေးရေ။
မမအိုင်အိုရာ
July 27, 2014 at 2:45 PM