မိန်းပြည်နယ်သွား တောလား - ၁
အမေရိကန်ပြည် လွတ်လပ်ရေးရုံးပိတ်ရက် ဂျူလှိုင် ၄ က သောကြာနေ့မှာ ကျရောက်တာမို့ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေပါပေါင်းရင် ရတဲ့ အားလပ်ရက် ၃ ရက်မှာ ဘယ်သွားလည်ရင် ကောင်းမလဲလို့ ရှာဖွေတော့ မိန်းပြည်နယ်က ဘားဟာဘားခရီးစဉ်ကို သွားတွေ့တယ်။ Buy 2 Get 1 Free ဆိုပေမဲ့ တကိုယ်တော်ခရီးထွက်တာမို့ အဲဒီဒစ်စကောင့်တွေ မရပြန်ဘူး။  မိန်းပြည်နယ်က နယူးယောက်ရဲ ့ အရှေ့မြောက်ဖက် မိုင် ၅၀၀ ၊ ၈ နာရီ အဝေးမှာပါ။ ဘရွက်ကလင်း Brooklyn၊ မက်ဟန်တန် Mahhatan ၊ ကွင်း Queens က ဖလပ်ရှင်း Flushing စုရပ်ထဲမှာ ဖလပ်ရှင်းက အနီးဆုံး။ ဂျူလှိုင် ၄ မနက် ၈ နာရီခွဲ စုရပ်ရောက်တော့ အယ်မလေး လူတွေဆိုမှ အများကြီး။ ၂ ရက် ခရီး၊ ၃ ရက်ခရီး တိုးကားတွေမှ မနည်းမနော။ အိန္ဒိယ၊ စပန်းနစ် Spanish ၊ အဖြ ူ သုံးအုပ်စုလောက်ပဲ တွေ့တယ်၊ အများစုက ကွိစိကွစိ တရုတ်တွေ။
မိန်းပြည်နယ် ၃ ရက်ခရီးစဉ် တိုးကား ၇ စီးထွက်တာမှာ ကိုယ့်ကားက  နံပါတ်ငါး။ ကွိစိကွစိ တရုတ်တွေကြားထဲ တယောက်တည်း ငေါင်စင်းနေတဲ့ ကိုယ့်ကို မိဘတွေနဲ့ ခရီးထွက်လာတဲ့ အိန္ဒိယမလေးက လာမိတ်ဖွဲ့တယ်။ ဘယ်ကိုသွားမှာလဲ၊ ဘယ်နှစ်ရက်ခရီးစဉ်လဲ၊ ကားနံပါတ် ဘယ်လောက်လဲနဲ ။ သူတို့လည်း အက်ကေဒီးယား Acadia ဘားဟာဘား Bar Harbor ၃ ရက် ခရီးစဉ်။ ဒါပေမဲ့ ကားနံပါတ်တစ်တဲ့။ ဟိုးနားက စပိန်မလေးနဲ့ သူ့မိဘတွေလည်း အဲဒီခရီးစဉ်ပဲ။ သူတို့လည်း ကားနံပါတ်ငါးတဲ့ မင်းနဲ့တစ်ကားတည်းပဲ။ ကိုယ်တို့တိုးဂိုက်က အရပ်ထောင်ထောင်မောင်းမောင်း ဗလတောင့်တောင့်နဲ ဒဲရက်လောတဲ့။ ထိုင်ခုံနံပါတ်၊ သူ့ဖုန်းနံပါတ်ပါတဲ့ ကဒ်တွေကို ပေးတယ်။
နာမည်ကျော် ဝေလငါး သွားကြည့်တဲ့ သင်္ဘော
ကိုယ်နဲ့ အတူထိုင်ရတာက တရုတ်မ။ တက္ကသိုလ်ကျောင်းသား သူ့သားနှစ်ယောက်က ဘေးခုံမှာ။ သူတို့အဖွဲ့က ၁၃ ယောက် တယောက်မှ တရာပဲ ပေးရတယ်တဲ့။ ကိုယ်က ၂၅၀ ပေးရတာဆိုတော့ ဈေးကြီးတယ်တဲ့။ နောက်ဆို အွန်လိုင်းကနေ မဝယ်ဘဲ တရုတ်တန်းမှာ သွားဝယ်တဲ့။ ၂၁၅ မိုင် ၄ နာရီလောက်မောင်းရပြီး နေ့လည် ၁ နာရီလောက်ဆို ဘော်စတွန်ကို ရောက်ပါတယ်။ နေ့လည် ၁ နာရီခွဲမှာ ဘော်စတွန် ဟာဘားခရှုသဘောၤစီးရမှာမို့ နေ့လည်စာစားဖို့ အချိန်မရှိဘူး။ သဘောၤစီးပြီးရင် ဆန်းဒွစ်၊ ပီဇာ၊ ပေါင်မုန့်တို့ရနိုင်တဲ့ အနီးအနားက 711 မှာ နေ့လည်စာ ဖြစ်သလိုစားပြီး ညနေစာကိုတော့ ကောင်းကောင်းလေး စားကြရအောင်တဲ့။ မိန်း Maine၊ မန်ဆာချူးဆက် Massachusetts၊ နယူးဟမ်ရှိုင်းရား New Hampshire၊ ဗာမွန် Vermont ၊ ရိုဒီအိုင်လန် Rhode Island၊ ကွန်နက်တီကပ် Connecticut အရှေ့မြောက်ဖက် ပြည်နယ်ခြောက်ခုကို နယူးအင်္ဂလန်ဒေသလို့ ခေါ်ပါတယ်။ နယူးအင်္ဂလန်ဒေသရဲ ့ ဆောင်းဦးရွက်ကြွေချိန်ဟာ အင်မတန်လှတယ်လို့ နာမည်ကြီးပါတယ်။
ဟားဗတ်၊ အမ်အိုင်တီ၊ ယေးလ် နာမည်ကြီးတက္ကသိုလ်၊ ဗြိတိန်ပါလီမန်က အခွန်အတုပ် စည်းကြပ်တာကို ဆန့်ကျင်ခဲ့တဲ့ ဘော်စတွန်တီးပါတီ၊ အရသာထူးလှတဲ့ ပင်လယ်စာ၊ ရှေးခေတ်လက်ရာ အဆောက်အဦးတွေကြောင့် ဘော်စတွန်ဟာ အမြဲစည်ကားသလို  နယူးယောက်၊ ဝါရှင်တန်ဒီစီလို  အကြိမ်ကြိမ်ရောက်ပေမဲ့လည်း ငြီးငွေ့မသွား ဘယ်အချိန်မဆို  စိတ်ဝင်စားစရာတွေ၊ အသစ်အသစ်တွေနဲ့ အမြဲတမ်း လန်းဆန်းနေတဲ့မြို့။ ကိုယ်ကျောင်းတက်ခဲ့တဲ့ မြို့လေးက တကယ့်ကို သေးသေးလေး နာရီဝက်ဆို တမြို့လုံးနှံ့တယ်။ အဲဒီတုန်းက ကိုယ့်မြို့ကလွဲရင် တခြားမြို့တွေ အကုန်ကြီးတယ်လို့ တွေးတယ်။ နယူးယောက်မှာနေတော့ တခြားမြို့တွေကို နယူးယောက်လောက် မကြီးဘူးလို့ တွေးပြန်တယ်။ ခရီးစဉ်တလျှောက်က ခရှုသင်္ဘော၊ ပြတိုက်၊ တိရစ္ဆာန်ရုံဝင်ခ ၁၀၀ ကျော် ထပ်ကောက်ပါတယ်။
ဘော်စတွန်ဟာဘားခရှုစီးဖို့ ၁၅ မိနစ်လောက် စောနေသေးတာမို့ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်ကို ဝင်တယ်။ ဖီလာဒဲဗီးယားသွားတုန်းက သိကျွှမ်းခဲ့တဲ့ စပိန်မကြီးက ရောက်တဲ့နေရာမှာ အမှတ်တရ မက်ဂနစ် (သံလိုက်) တွေဝယ်ပြီး ရေခဲသေတ္တာမှာ ကပ်တယ်တဲ့။ အဲ့ဒီအိုင်ဒီယာလေးကို သဘောကျလို့ ဘော်စတွန်ရောက်တုန်း ဘော်စတွန် မက်ဂနက်တွေ ရှာဝယ်တယ်။ တချို့က မက်ခွက်၊ ကီးချိန်း၊ အင်္ကျီတွေဝယ်တယ်။ မက်ဂနက်က ဈေးလည်းသက်သာတယ် တခုမှ ၂ ကျပ်၊ ၃ ကျပ်လောက်ပဲ ပေးရတယ်။ ရေခဲသေတ္တာမှာ ကပ်တော့ နေရာလည်းမယူဘူး။
 ဂျူလှိုင် ၄ မှာ မိုးက သည်းသည်းမည်းမည်း  လည်လို့မကောင်းဘူး။ ရာသီဥတုကသာ မကောင်းတာ ဟာဘားခရှု Bar Harbor Cruise ၊ ဝေလငါးကြည့်တဲ့ခရှု Whale Watch Cruise၊ ဒက်တိုး Duck Tour၊ ဘော်စတွန်ထရော်လီကား Boston Trolley တွေမှာ ကြိတ်ကြိတ်တိုးနေတာပဲ။ ကံကောင်းစွာနဲ့ သဘောၤအမြီးပိုင်းမှာ ထိုင်ခုံလေး တစ်ခုံရတယ်။ မက်တပ်ရပ်နေသူတွေ အများကြီး။ အဖြူမိသားစုက အန်ကယ်ကြီး၊ ကလေးတွေ၊ နောက်က မက်တပ်ရပ်နေတဲ့ အဖြူစုံတွဲနဲ့ ကိုယ် နည်းနည်းလေး ဟထားတဲ့ ပြတင်းပေါက်ကနေ တယောက်တလှည့် ဓာတ်ပုံရိုက်ကြတယ်။ တကယ်လို့များ နေသာခဲ့ရင် ဓာတ်ပုံတွေ အတော်လှမှာ။ ခုတော့ မှောင်မည်းအုံ့မှိုင်းနေတာတောင် ဘော်စတွန်က လှမြဲလှဆဲ။ ဘော်စတွန်မှာ ဘုတ်တွေ အတော်များတယ်။ ဂိုက်က ရှင်းပြပေမဲ့ သင်္ဘောအမြီးပိုင်းရောက်နေပြန်၊ မိုးကတဖွဲဖွဲရွာ၊ လူတွေကလည်း ကျွှပ်ကျွှပ်ညံ ဆိုတော့ ဘာမှမကြားလိုက်ရဘူး။
Super Duper Duck
Leonard P.Zakim Bunker Hill Memorial Bridge
၂၀၁၂ ဂျူလှိုင် ၄ ရာမားရှိတဲ့ ဘော်စတွန်ကို လာလည်တုန်းက ဆူနမ်က အိပ်နေတဲ့ ကိုယ့်ကို  နှိုးပြီး ကြည့်ခိုင်းတဲ့ ကြိုးတံတား
ညဖက်ဆို မီးရောင်တွေနဲ့ အတော်လှတယ်
ရေထဲမှာ မြှပ်တော့မလိုနဲ့တရွေ့ရွေ့ခရီးနှင်နေတဲ့ အဝါရောင်သဘောၤလေးက ချစ်စရာကောင်းသလို အသည်းတယားယား ဖြစ်စေတာမို့ အားလုံးက ဓာတ်ပုံမရိုက်ဘဲ မနေနိုင်ဘူး။ စူပါဒူပါဒက်တိုး Super Duper Duck Tours ပါတဲ့ ။ ခရီးစဉ်အောက်မှာ ပေးထားတဲ့ တချို့ကွန့်မန့်တွေ မှန်တယ်။ ဘော်စတွန်ဟာဘားခရှုက ဒက်တိုးလောက် စိတ်ဝင်စားဖို့မကောင်းဘူး။ အသိအစ်မက ဘော်စတွန်မှာ ဝေလငါးသွားကြည့်တာ နာမည်ကြီးတယ်လို့ သတင်းပေးတယ်။ ဘော်စတွန်မှာ သွားလည်သင့်တဲ့နေရာတွေ ရှာဖွေတော့ ဒက်တိုးနဲ့ ဝေလငါးကြည့်တာကို စတားတော်တော်များများ ပေးထားကြတယ်။ ကျူတန်းကြီး ရှည်လွန်းတဲ့ Legal Seafood ဆိုင်ထဲ ဝင်တော့ နာရီဝက်အတွင်းတောင် အစားအသောက်တွေ ရပါ့မလား။ တိုးနဲ့သာ မဟုတ်ခဲ့ရင် စောင့်မှာသေချာတယ်။ တိုးရဲ့ မကောင်းတဲ့အချက်က သွားသုတ်သုတ်၊ စားသုတ်သုတ်၊ အချိန်နဲ့ ခရီးနှင်ရတာမို့ အေးအေးဆေးဆေး မရှိဘူး။
ဘက်ဂျက်တိုးကားမို့ ကားမှာ အိမ်သာပါပေမဲ့ ကော်ဖီသောက်ပြီး ရှုးရှုးပေါက်ရင် တကားလုံး ကော်ဖီနံ့ သင်းနေမှာမို့ အရေးပေါ်အခြေအနေမှ သုံးပါမယ်တဲ့။ အီးအီးပါရင် တကားလုံး အီးအီးနံ့တွေ လှိုင်နေမှာပေါ့နော် (ဂိုက်ပြောတာမဟုတ်ဘူး ကိုယ်တွေးမိတာပါ)။ ၃ နာရီလောက် မောင်းပြီးရင် အိမ်သာအတွက် Rest Area တွေမှာ ရပ်ပေးပါတယ်။ ဘော်စတွန်ဟာဘားခရှုပြီးရင် နောက်ထပ်သွားလည်မဲ့နေရာက ဘော်စတွန်ကနေ ၂၅ မိုင် နာရီဝက် မောင်းရတဲ့ စလမ်း Salem မြို့ငယ်လေးက Salem Witch Museum ပါ။ လေးနာရီခွဲမှာ ပြသတဲ့ ရှိုးကြည့်ဖို့ ခန်းမဆောင်ထဲဝင်တော့ မှောင်ပိန်းနေတာပဲ။ မန်ဒရင်၊ ကန်တုန်စကားပြော နားကြပ်လေးတွေ ဝေပါတယ်။ အနားကနေ တံမြက်စည်းစီးထားတဲ့ စုန်းမကြီး ပျံသွားလေမလား၊ ဝတ်ရုံနက်ခြုံထားတဲ့ မျက်နှာစိမ်းစိမ်းကြီး ရုတ်တရက် အနားရောက်လာလို့ လန့်အော်လေမလား။ ကိုယ်ထင်တာတွေ တခုမှ မဟုတ်ဘူး။ အရုပ်တွေကို မီးထိုးပြပြီး ရှင်းပြနေတာများ လန့်ဖို့နေနေသာသာ ပျင်းလွန်းလို့ သမ်းတောင်သမ်းတယ်။
ဘော်စတွန် မြို့လယ်ကောင်
နာမည်ကြီး ဘော်စတွန်ဒက်တိုး Boston Duck Tour
ပြီးရင် ပြတိုက်ဂိုက်ကောင်လေးက စုန်းအကြောင်းတွေ ရှင်းပြပါတယ်။ တံမြက်စည်းစီး၊ မျက်နှာအစိမ်းရောင်ခြယ် ကြောင်နက်လေးကို ပခုံးထက်မှာ ချီထားတဲ့ စုန်းတွေအကြောင်း။ ၁၉၉၀ လောက်အထိ တရားစွဲဆို ကွက်မျက်ခံရတဲ့ စုန်းတွေအကြောင်း၊ ညည့်သန်းခေါင်ယံ တောအုပ်ထဲ လမ်းလျှောက်ရင်း ဝိညဉ်တွေနဲ့တွေ့လို စုန်းအတတ်ပညာ ရသွားတဲ့သူတွေအကြောင်း စိတ်ဝင်စားဖို့ကောင်းသား။ ကိုယ်တို့ငယ်ငယ်တုန်းက  ကိုယ်တိုင်ကြုံဖူးတာလည်းမဟုတ် ကြားဖူးနားဝ စိတ်ကူးယဉ်ပြီး ထင်ရာမြင်ရာတွေနဲ့စုန်း၊ သရဲပုံပြင်တွေ ပြောကြတယ်။ ပြီးရင် ကြောက်လို့အိမ်သာ မသွားရဲတော့ဘူး။နယ်မှာ အိမ်သာတွေက အိမ်ရဲ့အဝေးမှာ ရှိတယ်။ မီးစုန်းလေး ဖျပ်ခနဲ လက်လိုက်ရင်ပဲ ပုံပြင်ထဲက ညဖက်ထွက်တတ်တဲ့ ချီးစားစုန်း၊ သရဲခေါင်းပြတ်ကြီးတွေများလား။ မျက်လုံးကို စုံမှိတ်လို့ တွေးမိတာနဲ့ ကြောက်တယ်။ တကယ်တော့ အဲဒါ ပိုးစုန်းကြူး ဖြစ်နေတယ်။
အရင်ခေတ်တုန်းက စုန်းလို့ စွပ်စွဲခံရသူတွေက ဆေးကုသပေးသူ Healer တွေပါ။ ဆေးပေးမှားလို့ပဲဖြစ်ဖြစ်၊ ကုလို့မရတော့ ရင်ဘဲဖြစ်ဖြစ် လူနာသေသွားခဲ့ရင် စုန်းလို့စွပ်စွဲခံရတယ်။ နောက်တော့ ဆေးပညာတွေ တိုးတက်လာတာရော၊ ဆရာဝန်တွေ များလာတာကြောင့် သူတို့က ပေါ်ပြူလာ မဖြစ်တော့ဘူး။ အဲဒီမြို့မှာ စုန်းလို့ထင်ရတဲ့သူတွေဟာ သာမာန်လူတွေလိုပဲ နေထိုင်ပါတယ်။ သူတို့ယုံကြည်တဲ့ ဘာသာရေး ထုံးထမ်းစဉ်လာတွေကို လိုက်နာပါတယ်။ မြို့ထဲက ဆိုင်တွေမှာ အဲဒီဘာသာရေးဆိုင်ရာစာအုပ်တွေ၊ အသုံးအဆောင်တွေကို တွေ့ရပါလိမ့်မယ်လို့ ဂိုက်က ရှင်းပြတယ်။ ဘာသာရေးပွဲတော်တွေရှိရင် ဝတ်ရုံကြီးတွေ ဝတ်ဆင်လေ့ရှိပါသတဲ့။
အဲဒီ ဦးထုပ်လေးဆောင်းပြီး ဓာတ်ပုံ ရိုက်ကြတယ်
စလမ်း Salem ကနေ မိန်းပြည်နယ် ဝါးတားဗီလ် Waterville မြို့လေးဆီ တောက်လျှောက်မောင်းပြီး အဲဒီမှာ ညအိပ်မှာပါ။ မနေ့ညက အိပ်ရေးပျက်တာရော၊ ပရောဂျက်ပြီးပြီမို့ ကလိုင်းရင့် အမ်တီအေရုံးရဲ့ ဆာဗာအသစ်မှာလည်း တင်ရော ရုတ်တရက် Excel sheet တွေက Error ပြလို့ ခေါင်းတောက်အောင် ဖြေရှင်းရတာမို့ အရင်ရက်တွေတုန်းက ပင်ပန်းထားတာတွေကို အတိုးချပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်တာကို ဘေးက တရုတ်မက နင် တော်တော် အိပ်နိုင်တာပဲနော်တဲ့။ နိုးလာတော့ မိန်းပြည်နယ်ထဲ ရောက်နေပြီ။ မိုးက သည်းသည်းမည်းမည်း ရွာနေဆဲ။ ဟိုင်းဝေးလမ်းမတလျှောက်က ပင်လယ်ကမ်းရိုးတန်း၊ တခြားပြည်နယ်တွေထက် သစ်ပင်တွေ ထူထပ်တာကို သတိမထားမိဘဲ မနေနိုင်ဘူး။ ဂျူလှိုင် ၄ ပိတ်ရက်မို့ ဆိုင်တွေတော်တော်များများ ပိတ်ပါတယ်။ ဟိုတယ်နားက ဝေါမတ် Wallmart စားသောက်ဆိုင်၊ Ruby Tuesday ဆိုင်တွေ ည ၉  နာရီလောက်ထိပဲ ဖွင့်မှာမို့ ဟိုတယ်ရောက်တာနဲ့ အနားမယူဘဲ ညနေစာ ထွက်စားဖို့ ဂိုက်က သတိပေးပါတယ်။
3 stars ဟိုတယ်ဆိုပေမဲ့ အတော်လေးကောင်းသား နှစ်ယောက်အိပ်ကုတင် နှစ်ခုပါတဲ့ အခန်းကို တစ်ယောက်တည်းယူရလို့ ဈေးကြီးတာ။ ဟိုတယ်အခန်းက ကိုယ်တို့နယူးယောက်တိုက်ခန်းလောက် ကျယ်တယ်။ အထုပ်ချပြီး ထွက်တော့ ရှေ့က ကောင်မလေးနှစ်ယောက်ကို ညနေစာ ဘယ်မှာသွားစားမှာလဲလို့မေးတော့ ဟိုတယ်ဘေးက Gorvenor စားသောက်ဆိုင်မှာ သွားစားမှာတဲ့။ ကိုယ်က တစ်ယောက်တည်း ခရီးထွက်လာတာ ညနေစာ အတူလိုက်စားလို့ရမလားမေးတော့ ဝဲကမ်းပါတဲ့။ မိတ်ဆက်ကြတော့ တစ်ယောက်က ဗီနီဇွဲယားသူ စတား (နာမည်ရင်းက ခေါ်ရခက်လို့ သူ့နာမည်က စတားလို့ အဓိပ္ဗာယ်ရလို့ စတားလို့ ခေါ်ပါတဲ့)၊ နောက်တစ်ယောက်က ထောင်ထောင်မောင်းမောင်း အာရှသူလို့ ထင်ရတဲ့ ပါရာဂွေးသူ ပက်ထရီရှာ။ ကိုယ်က မြန်မာဆိုတော့ စတားက သူ့သူငယ်ချင်း အေမီက မြန်မာတဲ့၊ မြန်မာနိုင်ငံအကြောင်း၊ အမေစုအကြောင်း၊ နယူးယောက်မက်ဟန်တန်က ကက်ဖေးမင်္ဂလာ Cafe Mingala မြန်မာစားသောက်ဆိုင်အကြောင်း သိတယ်။
Famous Lobster Roll & New England Chowder 
မယ်စကြဝဋ္ဌာပြိုင်ပွဲမှာ ဗီနီဇွဲလားမယ်တွေက အမြဲတမ်း  Top 4 မှာ ပါတယ်နော်လို့ပြောတော့ သူတို့နိုင်ငံမှာ အမျိုးသမီးငယ်တိုင်းရဲ့ ရည်မှန်းချက်က မယ်စကြဝဋ္ဌာပြိုင်ပွဲဝင်ဖို့တဲ့။ ချောချောလှလှလေးဆိုရင် အေဂျင်စီတွေက မယ်ပြိုင်ပွဲဝင်ဖို့ လာကမ်းလှမ်းတာတဲ့။ မယ်သင်တန်းကျောင်းတွေကလည်း များမှများ အပြိုင်အဆိုင်။ မလှရင်လည်း ကိစ္စမရှိပါဘူးတဲ့ ပလပ်စတစ်ဆာဂျင်ရီနဲ့ ခွဲစိတ်ပြ ုပြင်လိုက်တော့ အားလုံးလှသွားတာပါပဲတဲ့။ သူ့အစ်ကို သူငယ်ချင်းမလေးက အရပ်ရှည်ရှည် ချောချောလှလှလေး။ ကျောင်းက မယ်ပြိုင်ပွဲပြီးတော့ အေဂျင်စီက လာဆက်သွယ်ပြီး မယ်စကြဝဋ္ဌာ ပြိုင်ပွဲဝင်ဖို့ တိုက်တွန်းတယ်တဲ့။ ပလပ်စတစ်ဆာဂျင်ရီလုပ်ဖို့ ပြောတာ သူက လုံးဝမလုပ်ဘူးလို့ ငြင်းသတဲ့။ နောက်တော့ဝင် မယ်စကြဝဋ္ဌာဖြစ်သွားတယ်တဲ့။ အဲဒီမယ်နာမည်ကို မမေးလိုက်မိဘူး။ ဗီနီဇွဲလားမှာ အပြင်သွားမယ်ဆိုရင် မိတ်ကပ်၊ ဝတ်စားကောင်းလှ ဝတ်ပြီးမှ သွားကြတာတဲ့။ ခုလိုမျိုး မျက်နှာပြောင်၊ တီရှပ်၊ ဂျင်းပင်နဲ့ ဘယ်တော့မှ အပြင်မသွားဘူးတဲ့။ ရုံးပိတ်ရက်တွေဆိုရင် ဆံသဆရာကို ဖုန်းဆက်ခေါ်ပြီး အိမ်မှာပဲ ဆံပင်အလှပြုပြင်ကြတာ ထုံးစံပါတဲ့။
ဗီနီဇွဲလားမှာ ဘယ်နေရာကို သွားလည်ပတ်ဖို့ ညွှန်းချင်လဲဆိုတော့ ပင်လယ်တဲ့။ အမေရိကန်ကို ရန်သူလို သဘောထားတဲ့ ဗီနီဇွဲလားသမ္မတ ဟူကိုချက် သေသွားပြီနော်။ နောက်တက်လာတဲ့ သမ္မတက ဘယ်လိုလဲမေးတော့ ထူးမခြားနားပါပဲတဲ့။ ပါရာဂွေးသူကတော့ ပါရာဂွေး နယ်စပ်နားက ဘရာဇီး၊ အာဂျင်တီးနား နိုင်ငံတွေကြားက Iguazu ရေတံခွန်ကို ညွှန်းပါတယ်။ ဗင်နီဇွဲလားနဲ့ ပါရာဂွေး ဘယ်လိုမိတ်ဆွေဖြစ်တာလဲလို့မေးတော့ လုပ်ဖော်ကိုင်ဖက်တွေတဲ့။ ဘယ်လုပ်သလဲမေးတော့ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ကြတဲ့သူတွေတဲ့။ မန်နေဂျာက ဘလူးဘယ်ရီပိုင်း Blueberry Pie ၊ လော့စတာ Lobster စားဖြစ်အောင်စားဖို့ မှာတာကြောင့် Lobster Roll နဲ့ Chowder လို့ခေါ်တဲ့ နယူးအင်္ဂလန်စွပ်ပြုတ်မှာတာ အတော်စားကောင်းတယ်။ အနီးအနားက ဝေါမတ် Wallmart ကို အညောင်းပြေ အညာပြေ လမ်းလျှောက်ကြတယ်။ နယူးယောက်မြို့မှာ ဝေါမတ်စတိုး မရှိဘူး။
credit to Google - Iguazu Falls
credit to Google - Iguazu Falls
တီရှပ် ၁ ထည် သုံးကျပ်၊ ဂျင်းဘောင်းဘီ ၁ ထည် ၃ ကျပ်၊ ၅ ကျပ် တန်လို့တဲ့ ဝယ်ကြတယ်။ တလောကပဲ နယူးယောက်မှာ ပက်ထရစ်ရှာ တီရှပ် ၁ ထည် ဝယ်တာ ၃၀ ပေးရတယ်တဲ့။ ဝေါမတ်မှာဆိုရင် ၁၀ ထည်လောက် ဝယ်လို့ရတယ်။ ကမ်းခြေမှာ ရေကူးဝတ်စုံ၊ စက်ဆီဂါဝန်လေးတွေဝတ်ပြီး ဓာတ်ပုံရိုက်မဟဲ့လို့ ကြံစည်ထားတဲ့ ပါရာဂွေးသူရဲ့အကြံ အထမမြောက်လိုက်ပါဘူး။ မိုးက သည်းသည်းမည်းမည်းရွာ လေထန်နေလို့ နည်းနည်းတောင် အေးစိမ့်နေသေးတယ်။ ရေကူးဝတ်စုံ၊ စက်ဆီဝါဝန်လေးတွေပဲ ယူလာတဲ့ ပါရာဂွေးသူ ဝေါမတ်မှာ အနွေးထည် ရှာပုံတော်ဖွင့်တော့ နွေရာသီမို့လို့ အနွေးထည် မရှိပါဘူးတဲ့။ ဒီတော့ လက်ရှည်အင်္ကျီ တစ်ထည်ဝယ် အပေါ်ကနေ ရှပ်အင်္ကျီတထပ် ထပ်ဝတ်၊ ပါဝါလေးပတ်ပြီး စတိုင်ထုတ်တယ်။ ကိုယ်တို့ကားပေါ်က  ဖိလစ်ပိုင်မတွေလည်း ဝေါမတ်မှာ လျော့ပင်းနေတာတွေ့တယ်။
Salem Witch Museum က ပြပွဲက ပျင်းဖို့ကောင်းလိုက်တာလို့ဆိုတော့ သူတို့လည်း အဲဒီလို တွေးတယ်တဲ့။ ၃ ဒီ ရုပ်ရှင်သာဆိုရင် စိတ်ဝင်စားဖို့ကောင်းမှာ။ စတားက အေးလေ အရုပ်တွေက တုပ်တုပ်မှ မလှုပ်တာ။ နည်းနည်းလေး လှုပ်ရင်တောင် စိတ်ဝင်စားဖို့ ကောင်းမှာ။ ဘော်စတွန် ဟာဘားခရှုကလည်း ပျင်းစရာ ကောင်းလိုက်တာနော်။ ဘော်စတွန်မှာ ဝမ်းကွဲအမျိုးတွေရှိတဲ့ စတားက ဘော်စတွန်ကို အခေါက်ခေါက် ရောက်ဖူးပြီးသားမို့လို့ ဘော်စတွန်ဟာဘားခရှုကို  မစီးပါဘူးတဲ့။ ဟိုတယ်ရောက်တော့ ည ၁၁ နာရီ ထိုးပြီး။ ရေချိုးပြီး အိပ်လိုက်တာ မနက် ၆ နာရီခွဲ မော်နင်းကော ကလင် ကလင် ဖုန်းသံအကျယ်ကြီး ထမြည်တော့မှ နိုးတော့တယ်။ ဒုတိယနေ့ ဘားဟာဘား Bar Harbor ဆီ သွားတဲ့အကြောင်း အပိုင်း ၂ မှာ ဆက်ပါမယ်။
Happy Traveling !
စန်းထွန်း
ဂျူလှိုင် ၁၇၊ ၂၀၁၄။
5 comments:
ko 9 said...
Carry on ..Accompany with you :)
Anonymous said...
မမအိုင်အိုရာ
Mrs. Bagel said...
ခရီးတွေ သိပ်သွား။ မနာလို တောင် ဖြစ်တယ်။ :P
မီးမီးငယျ said...
ကိုယ်တို့ဘော်စတွန်
မှာသဘောင်္စီးတော့နေကကြဲကြဲတောက်ပူပါ့
အရမ်းကောင်းဘဲ..
San San Htun said...
Anonymous said...
သွားဖြစ်သလောက်ပို့စ်တင်ပေးတာကိုကျေးဇူးတင်အားပေးပါတယ်စန်းထွန်းလေးရေ။
မမအိုင်အိုရာလည်းသွားလေရာ magnetic souvenirs လေးတွေအမှတ်တရစုတယ်။
မြန်မာပြည်ကရေခဲသေတ္တာမှာကျန်ခဲ့တာအများကြီးဘဲ။
ပေါ့တယ်။ ပေါတယ်။ သယ်ရလွယ်တယ်။ အမှတ်တရဖြစ်တာမို့သဘောကျတယ်။
ဓါတ်ပုံတွေကတော့ထုံးစံအတိုင်းလှနေတာဘဲ။
ကိုယ့်မှာလည်း ကျောင်းတက်တုန်းက ဗင်နီဇွဲလားသူငယ်ချင်းရှိတယ်။ သိပ်စတိုင်ကျတယ်။
၁၉ ၉ ၀ ထိစုန်းတွေကိုကွပ်မျက်သေးတယ်ဆိုတော့အံ့သြစရာဖြစ်နေတယ်။ သူတို့ကြောင့်လူသေသွားလို့များလားတွေးမိတယ်။
မမအိုင်အိုရာ
July 18, 2014 at 11:37 AM
Mrs. Bagel said...
ခရီးတွေ သိပ်သွား။ မနာလို တောင် ဖြစ်တယ်။ :P
July 21, 2014 at 10:17 AM
မီးမီးငယ် said...
ကိုယ်တို့ဘော်စတွန်
မှာသဘောၤစီးတော့နေကကြဲကြဲတောက်ပူပါ့
မိုးရွှာတော့ထင်သလောက်မလည်ရဘူးပေါနော်..
ဒါနဲ့Lobster Rollကိုမခိုင်တို့ဆီသွားလည်တုံးကစားခဲ့တယ်
အရမ်းကောင်းဘဲ..
ဆက်ရန်တွေမျှော်နေမယ်..
July 25, 2014 at 3:35 PM