မိန်းပြည်နယ်သွား တောလား - ၃

၃ ရက် ခရီးစဉ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဂျူလှိုင်  ၆ တနင်္ဂနွေနေ့မှာတော့ မိန်းပြည်နယ်ကနေ နယူးယောက်ဆီ ပြန်တဲ့လမ်းတလျှောက်က မီးပြတိုက်၊ တိရစ္ဆာန်ရုံ၊ ရေသတ္တဝါပြတိုက်တွေကို ဝင်ရောက်လည်ပတ်မှာပါ။ ပထမဆုံး သွားရောက်တဲ့နေရာက ဝါတားဗီလ်ကနေ မိုင် ၈၀၊ ၁ နာရီ အဝေးမှာရှိတဲ့ ပေါ့လန်းမီးပြတိုက် Portland Head Light ပါ။ ခရီးအစဉ်အရဆိုင် ဘော်စတွန်ဟာဘားခရူပြီးရင် ပေါ့လန်းမီးပြတိုက်ကို သွားလည်ရမှာပါ။ ဒါပေမဲ့ အဲဒီနေ့က မိုးတအားရွာနေလို့ မသွားဖြစ်ဘဲ ဒီနေ့မှ သွားဖြစ်တာပါ။ နေကလည်း သာနေတော့ ရူခင်း တအားလှတယ်။


ဂိုက်က ရှုခင်းကောင်းတဲ့နေရာတွေကို ညွှန်တယ်။ ဗီနီဇွဲလားသူ စတားက ဓာတ်ပုံသိပ်မရိုက်ဘူး။ ဗေကန်အကြောင်းနဲ့ အဖွဲ့ကျသွားတဲ့ ပါရာဂွေးသူ ပက်ထရစ်ရှာနဲ့ ကိုယ်က တယောက်တလှည့် ရိုက်ကြတယ်။ ပြတိုက်က ပိတ်ထားတော့ သမိုင်းကြောင်းကို မသိရဘူး။ ဒီနေရာက ကျောက်ဆောင်တွေများတော့ ဝင်ဆောင့်မှာစိုးလို့ မီးပြတိုက်ထားတာ ထင်တယ်နော် ထင်ရတာပဲ။ ခုခေတ် ဂျီပီအက်တွေဆို ကျောက်ဆောင်ရှိမရှိ၊ ဒီရေစီးကြောင်းကအစ ပြတယ်။ အင်း ဒါကြောင့် ခုခေတ်မှာ မီးပြတိုက်တွေ မသုံးတော့တာ ဒီတော့ သမိုင်းဝင် နေရာတွေ ဖြစ်ကုန်တာပေါ့။ ဒါကြောင့်လည်း တို့တွေ တကူးတကလာပြီး ဓာတ်ပုံရိုက်နေကြတာပေါ့ကွ။ ကိုယ့်နိုင်ငံရဲ့အနောက်ဖက်ပြည်နယ် မြို့တော်မှာ မီးပြတိုက် ရှိတယ်။ ကိုယ်တော့ တခါမှ မရောက်ဖူးဘူး။ ပါရာဂွေးနိုင်ငံက ကုန်းတွင်းပိတ်နိုင်ငံဆိုတော့ ပင်လယ်မရှိဘူး။ ဒီတော့ မီးပြတိုက်လည်း မရှိဘူး။

မီးပြတိုက် သမိုင်းကြောင်းကို သိချင်လို့ ဂူဂယ်မှာ ရှာဖွေကြည့်တော့ ပေါ့လန်းမီးပြတိုက်ဟာ ကက်စကိုပင်လယ်အော် Casco Bay၊ မိန်းပင်လယ်ကွေ့ Gulf of Maine ကြားက ပေါ့လန်းဟားဘားဆီ Portland  Harbor  ခုတ်မောင်းကြတဲ့ သဘောၤလမ်းကြောင်း အဝင်ဝမှာ ရှိပါတယ်။ အမေရိကန်ပြည်တွင်းစစ်မှာ ပေါ့လန်းဟာဘားဆီ ဝင်ထွက်ကြတဲ့ သင်္ဘောတွေကို လမ်းပြဖို့ မီးပြတိုက် လိုလာတော့ သမ္မတမဖြစ်သးတဲ့ ဗိုလ်ချုပ်ဂျော့ဝါရှင်တန်က ညွှန်ကြားလို့ ၁၇၈၇ မှာ ဆောက်လုပ်ပြီး ၁၇၉၁ မှာ ပြီးစီးတော့ ခုဆို နှစ်ပေါင်း ၂၀၀ ကျော်နေပြီး မိန်းပြည်နယ်ရဲ့ သက်တမ်းအရှည်ဆုံး မီးပြတိုက်ပါ။ ကနဦးက ဝေလငါးဆီးမီးခွက်ကို သုံးခဲ့ပြီး နောက်တော့ Fresnel Lens ၊ Aero Beacon မီးစလိုက်တွေ သုံးပါတယ်တဲ့။

Ring - tailed Lemur - only on the island of Madagascar

ဒုတိယ သွားရောက်တဲ့ နေရာက ပေါ့လန်းကနေ မိုင် ၅၀၊ ၁ နာရီ မောင်းရတဲ့ York's Wild Kingdom Zoo  ပါ။ သေးပေမဲ့ စုံပြီး အစာကျွှေးလို့ရတယ်။ တိရစ္ဆာန်ပြပွဲက သူတို့ရဲ့ စွမ်းရည်တွေကို ပြသတာမျိုး မဟုတ်ဘဲ လှောင်အိမ်ထဲကို လွှတ်ပြပြီး သဘာဝအတိုင်း နေထိုင်တာ၊ သူတို့ရဲ့ဇာတိ၊ အစားအသောက်၊ အပြုအမှုတွေကို ဝန်ထမ်းက ရှင်းပြတာပါ။ Questions & Answers အလှည့်လည်းရောက်ရော ကလေးတစ်ယောက်က မေးတယ် ညဖက် မျောက်တွေ ဘယ်လိုအိပ်လဲတဲ့။ ဝန်ထမ်းခမျာ ခေါင်းစားသွားမယ်။ ပြုံးပြုံးလေးနဲ့ ဘယ်လိုပြန်ဖြေလိုက်လဲလို့ မမှတ်မိတော့ဘူး။ မျောက်နဲ့နည်းနည်းဆင်ပေမဲ့ အဖြူ၊ အနက်စင်းလေးနဲ့ သတ္တဝါလေးက မက်ဒါကက်စကာမှာပဲ ရှိပါသတဲ့။ I like it Move it Move it I like it Move it Move it ...Move it ဝေါဒစ်စနေက မက်ဒါကာစကာ ကာတွန်းဗီဒီယိုလေးကို သတိရမိတယ်။ မက်ဒါကာစကာဆိုတာ အာဖရိကရဲ့ အရှေ့ဖက်မှာရှိတဲ့ ကျွှန်းလေးပါ။

ကျားဖြူက အတော်အဝေးမှာ တုန်းလုံးပက်လက် အိပ်ပျော်နေလို့ ဓာတ်ပုံရိုက်လို့ မရဘူး။ မျိုးတုန်းတော့မဲ့ စာရင်းဝင်တဲ့ ဘင်္ဂလားကျား Bengal Tiger တွေ့ခဲ့တယ် လှသား။ သားပိုက်ကောင်၊ အမျိုးအမည်မသိတဲ့ အကောင်တွေ အများကြီးပဲ။ ဒေါင်းရဲ့အမြီးက လှတယ်။ ချိုးငှက်ကို ဓာတ်ပုံမှာပဲ မြင်ဖူးတော့ ခုတော့ မြင်ဖူးသွားပြီး။ လိပ်ပြာဥယျာဉ်က ဝါရှင်တန်ဒီစီ အမေရိကန်အမျိုးသားသမိုင်းပြတိုက် American National History Museum  မှာ ပိုက်ဆံပေးပြီး ဝင်ရတဲ့ Butterfly Pavillion လောက် မစုံဘူး။ ရေကန်ထဲမှာ ဘုတ်စီးတဲ့သူ၊ မြင်းပု၊ သစ်ကုလားအုတ် စီးကြတဲ့ ကလေးငယ်တွေ၊ အပန်းဖြေကွင်းမှာ တိုက်ကားမောင်းတဲ့သူ၊ ရထားစီးသူတဲ့သူ၊ ဒန်းစီးတဲ့သူတွေနဲ့စည်သား။ အနီးအနားမှာ ကမ်းခြေရှိတော့ သဲသောင်မှာဆော့၊ ရေကူး ကလေးတွေတော့ အတော်ပျော်မှာပဲ။ လူကြီးတွေလည်း ပျော်ပါတယ်။ ဓာတ်ပုံတဖျပ်ဖျပ် ရိုက်တဲ့ ကိုယ့်ကို စတားက မစောင့်တော့ဘဲ သူ့ဘာသာ တိုးတယ်။ ဗေကန်ပက်ထရစ်ရှာက တိရစ္ဆာန်ရုံထဲ မဝင်ဘူး တိရစ္ဆာန်တွေကို ရုံထဲလှောင်ထားတာ သနားလို့တဲ့။

Fennec Fox - Northern Africa

ပေးထားတဲ့ အချိန် ၂ နာရီက တိရစ္ဆာန်ရုံမှာပဲ ကုန်သွားတော့ နေ့လည်စာဝယ်ဖို့ အချိန်မရှိလိုက်ဘူး။ မနေ့က ဝယ်ထားတဲ့ ဘလူးဘယ်ရီပိုင်း၊ အိမ်ကနေ ယူလာတဲ့ ဘီစကစ်တွေနဲ့ နေ့လည်စား စားလိုက်ရတယ်။ ခရီးသွားတာဆိုတော့ ကိုယ့်အိမ်မှာလိုတော့ ဘယ်အဆင်ပြေပါ့မလဲ။ ခရီးစဉ်ရဲ့ နောက်ဆုံးက ကွန်နက်တီကပ်ပြည်နယ် Connecticut မစ်စတစ်ရေသတ္တဝါပြတိုက် Mystic Aquariam ပါ။ လင်းပိုင်ဖြူ၊ ပင်လယ်ဖျံ၊ ပင်ကွင်း၊ အပြာရောင်လော့စတာ၊ ရေနဂါး တွေ ရှိတယ်။ ငါးလိပ်ကျောက်ကို ကိုင်ကြည့်လို့ရတယ်။ လင်းပိုင်ကြည့်နေတုန်း တချို့လင်းပိုင်တွေက တဝက်အဖြူ တဝက်အနက် ဒီလင်းပိုင်တွေက တကိုယ်လုံး ဖြူတာနော်လို့ မြန်မာသံပီပီသသ ကြားလို့ကြည့်လိုက်တော့ ကားနောက်ဆုံးလောက်မှာ ထိုင်တဲ့ အန်ကယ်စုံတွဲ။ မြန်မာလား တရုတ်တွေထင်လို့ နံပါတ်ငါးကားပေါ်ကမလားလို့ မိတ်ဆက်တော့ ဟင် တို့ကားကလား မတွေ့မိပါဘူး နယူးယောက်ကလား။ နယူးယောက်ကို ရောက်တာ မကြာသေးဘူး အရင်က အိုင်အိုဝါ၊ ကန်တက်ကီ၊ မေရီလန်းမှာ နေခဲ့တာ။

နောက်တော့ ကိုယ်ကလည်း ကိုယ့်ဘာသာတိုး၊ သူတို့ကလည်း ဘယ်နားရောက်သွားလဲ မသိ။ ငှက်တွေ ကျလိကျလိ မြည်နေလို့ ဝင်လို့ရမလား မေးကြည့်တော့ သုံးကျပ်ပေးရင် ဝင်လို့ရတယ်တဲ့။ ကြက်တူရွေးရောင်စုံတွေ လှလိုက်တာ။ ရတဲ့အစာတံလေးကို ငှက်တွေကို အတင်းလိုက်ကျွှေး၊ ဗိုက်ပြည့်လို့ မစားချင်တဲ့ငှက်တွေက ပတ်ပြေး။ ရော့ ဒီလူတွေတော့ ခက်ပါဘိ သူများ မစားချင်တာကို အတင်းလိုက်ကျွှေးနေတယ်။ ငှက်တွေစားနေတုန်း ဓာတ်ပုံရိုက်ဖို့ ကြိုးစားတော့ ငှက်တွေက ပျံပြေး။ ကိုယ်လား ငှက်ကို အစာကျွှေးနေတဲ့ပုံ မဟုတ်ဘဲ ငှက်က ပခုံးထက်မှာ လာနားတဲ့ပုံလေး လိုချင်တာ။ မနှစ်တုန်းက ဗာဂျီးနီယားဆာဖာရီကို သွားလည်တာ သတိရမိတယ်။ ပက်ထရစ်ရှာက ဝင်မလည်ပြန်ဘူး အဲဒီလို တိရစ္ဆာန်တွေ လှောင်ထားတာကို သိပ်မုန်းတာပဲတဲ့။ နောက်ကျပြီးမှ ရောက်လာတဲ့ မြန်မာအန်တီကြီးက သမီးရေ ပင်လယ်ဖျံပြပွဲ စောင့်ကြည့်တာ သိပ်ကောင်းတာပဲ။ ဟင် ဟုတ်လား အချိန်မရလို့ မကြည့်လိုက်ဘူး။


ဘေးက တရုတ်မနဲ့ နောက်ခုံက တရုတ်မတို့ ကွိစိကွစိပြောကြတော့ Tā shì miǎndiàn rén. Tā dúzì qián lái သူက မြန်မာ တစ်ယောက်တည်း လာတာလို့ ပြောသံကြားလိုက်တော့ အင်း ကိုယ့်အကြာင်း ပြောနေကြတယ်။ မကြာပါဘူး ဘေးက တရုတ်မက နောက်က တရုတ်မကို ညွှန်ပြရင်း သူက မြန်မာ ထိုင်ဝမ်မှာနေတာလို့ မိတ်ဆက်ပေးတယ်။ သူ ၃ နှစ် သမီးအရွယ်ကတည်းက ထိုင်ဝမ်ကို ပြောင်းသွားတာ မြန်မာစကား နည်းနည်းပဲ တတ်တယ်။ မြန်မာအစားအသောက်တွေ ကြိုက်တယ်။ ထိုင်ဝမ်မှာလည်း မြန်မာတွေ အများကြီး။ သူတို့မိသားစုက ၁၀ ယောက်တဲ့။ သူ့အစ်မအကြီးဆုံးနဲ့ သူနဲ့က အသက် ၂၀ ကွာတယ်တဲ့။ သူ့အစ်မအကြီးဆုံးက မြန်မာပြည်မှာပဲ နေတယ် ရေစက်ချတဲ့ပုံ လုပ်ပြပြီး အားကြီးလုပ်တယ်။

ကျောင်းအကြောင်း၊ အလုပ်အကြောင်း၊ မြန်မာအစားအစာတွေအကြောင်း ပြောကြရင်း သူ့သားက တက္ကသိုလ် ဒုတိယနှစ် တက်နေတာ မေဂျာက ကွန်ပျူတာသိပ္ဗံ။ ခု နွေရာသီကျောင်းပိတ်ရက်မှာ အင်တန်းဆင်းဖို့ကို အင်တန်းအလုပ်မရလို့။ ကိုယ်တို့ရုံးမှာ အင်တန်းဆင်းကြသူတွေ အများကြီး။ မင်းတို့ရုံးမှာ အလုပ်လာဆင်းလို့ မရဘူးလား ပိုက်ဆံမယူဘူးလေ။ HR ကို စီဗွီပို့ပေးလို့တော့ ရတယ် သူတို့ကြိုက်ရင် ခန့်လိမ့်မယ်။ ဘေးက တရုတ်မကိုရော၊ သူ့ကိုရော အလုပ်လျှောက်တဲ့ ဆိုဒ်တွေအကြောင်း သတင်းပေးရတယ်။ သူ့အမျိုးသား ထိုင်ဝမ်က ပြန်လာရင် မြန်မာမုန့်တွေ ပါလာမှာ လက်ဆောင်ပေးချင်လို့ ဖုန်းနံပါတ်တောင်းတယ်။ တရုတ်ကုမ္မဏီမှာ အလုပ်ပင်ပန်းတဲ့အကြောင်းငြီးတော့ သူဋ္ဌေးက ဘယ်ကလဲတဲ့။ ရှန်ဟိုင်းဖက်ကဆိုတော့ ရှန်ဟိုင်းတရုတ်တွေက ဆိုးတယ်တဲ့။

Dove

ကိုယ်ပြည်နယ်ပြောင်း၊ အလုပ်ပြောင်းရတဲ့ အကြောင်းတွေ ပြောပြေတော့ ကိုယ်လိုချင်တာ တစ် ဘုရားပေးလာတာက နှစ် အဲဒီနှစ်ကမှ ကိုယ်တကယ် လိုအပ်နေတဲ့အရာ။ ဒါကြောင့် လိုချင်တာတွေ မရခဲ့ရင်၊ တွေးထားသလို ဖြစ်မလာရင်၊ ကံဆိုးနေရင် တွေးလိုက်တဲ့ ကောင်းတာတွေ ဖြစ်လာတော့မှာတဲ့။ မတတ်တတတ် မြန်မာစကားနဲ့ ကိုယ့်ကို ဖြောင်းဖျနှစ်သိမ့်နေတာ။ နယူးယောက်ကို ပြန်တဲ့လမ်းတလျှောက် ကားတွေ ပြည့်ကျပ်နေလို့ ညနေ ၇ နာရီ ဝင်ရမဲ့ကားက ည ၉  နာရီမှ တရုတ်တန်းကို ဝင်တယ်။ မက်ဟန်တန်ကနေ ဖလပ်ရှင်းကို နောက်ထပ် နာရီဝက်လောက် ထပ်မောင်းရသေးတယ်။ ဖလပ်ရှင်းက ရထားစီးတော့ အိမ်နားက ဘူတာမှာ မရပ်ဘူးလို့ ရပ်တဲ့ဘူတာက အိမ်အထိ တစ်ဘူတာ လမ်းလျှောက်ရသေးတယ်။ ကိုယ့်ရဲ့ ပထမဆုံး တရုတ်တိုးကား ခရီးစဉ်က မစွံပါဘူး။ မသွားလိုက်ရတဲ့ အက်ကေဒါးအမျိုးသားဥယျာဉ်နဲ့ ဘားဟာဘားကို နောက်တခေါက်လောက် သွားချင်မိသား နောက်နှစ်များမှပေါ့။



ကိုယ်တို့စီနီယာ တရုတ်မ ပြည်နယ် ၈ ခု ၁၀ ရက် ခရီးနှင်တာ ဖေ့ဘွတ်မှာ မြင်ရတော့ အားကျတယ်။ ကိုယ် သွားချင်တဲ့ ကယ်လီဖိုးနီယားပြည်နယ်က ယိုစက်မက်တီးYosemite ၊ ဝိုင်အိုမင်း Wyoming ပြည်နယ်က Yellowstone ၊ Grand Tenton၊ အာရီဇိုးနားပြည်နယ်က ဂရန်းကမ်ညမ် Grand Canyon ဒေသတွေ။ တတန်းသားသူငယ်ချင်း ကိုယ့်ကို ကားမောင်းသင်ပေးတဲ့ ဆရာတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂင်္ဂါရဲ့အိမ်မက်က အမေရိကန် အရှေ့ကနေ အနောက်ထိ ပြည်နယ်တွေကို ဖြတ်ကျော်ခရီးနှင်ချင်တာတဲ့။ ကိုယ်နဲ့ တူသဟ။ ကားကောင်းကောင်းလေး တစ်စီး၊ အဖော်ကောင်းကောင်း၊ ကျန်းမာရေး၊ အားလပ်ရက်၊ ခရီးစရိတ် အဲဒါတွေ အားလုံးပြည့်စုံရင် စိတ်ကူးအိမ်မက်တွေ အကောင်အထည် ဖော်လာမှာပေါ့နော်။

Happy Traveling!
စန်းထွန်း
ဇူလှိုင် ၂၉ ၊ ၂၀၁၄။

Reference : http://www.taketours.com/new-york-ny/3-day-new-york-to-acadia-national-park-maine-coast-head-light-house-tour-755-131.html?FromMailClient

မိန်းပြည်နယ်သွား တောလား - ၂

ယူအက်စ်ကျောင်းမှာ ပထမဆုံးသင်တဲ့ သင်ခန်းစာက အမေရိကန်ယဉ်ကျေးမူအကြောင်းပါ။ ချိန်းထားတာ ရှိလို့ကတော့ စကားပြောနေတာ ဘယ်လောက်ကောင်းကောင်း ချိန်းထားတာရှိသေးလို့ သွားတော့မယ်လို့ လက်ပြနှုတ်ဆက် သွားတတ်တဲ့ အမေရိကန်လူမျိုးတွေ အကြောင်း။ ချိန်းထားတာကို နောက်ကျပြီးမှ ရောက်လာတာဟာ တဖက်သားကို မလေးစားရာရောက်တယ်လို့ အမေရိကန်တွေက ယူဆပါသတဲ့။ ပေါင်မုန့်မီးကင်၊ နွားနို့၊ ကော်ဖီ၊ ဆန်းကစ်ဖျော်ရည် တွေရှိပေမဲ့ ငှက်ပျောသီးနဲ့ ပန်းသီးပဲ စားဖြစ်တယ်။ ဒီက ငှက်ပျောသီးတွေက အဝါရောင်လေး သန်းနေတယ်ဆိုရင်ပဲ မှည့်နေပြီ။ ဝါးတားဗီလ် Waterville ကနေ ဘားဟာဘား Bar Harbor ကို  မိုင် ၁၀၀၊ ၂ နာရီ ခရီး မောင်းရမှာပါ။ သတ်မှတ်ချိန်က မနက် ၇ နာရီခွဲ ဆိုပေမဲ့လည်း ကားရောက်လာတဲ့ ၈ နာရီမှာ စတင်ပါတယ်။ ဒီနေ့လည်း ဒီဟိုတယ်မှာပဲ ညအိပ်မှာမို့ လက်ဆွဲအိတ်၊ လက်ကေ့အိတ်တွေ သယ်ဖို့မလိုဘူးလို့ ဂိုက်က မှာထားတော့ ကျောပိုးအိတ်တစ်လုံးပဲ။


ဒီနေ့ခရီးစဉ်က အက်ကေဒီယားအမျိုးသားဥယျာဉ် Acadia National Park က သိမ်းငှက်ရေကန် Eagle Lake၊ ကက်ဒီလက်တောင်ထိပ် Cadillac Mountain၊ ပင်လယ်ကမ်းစပ် ကျောက်တောင်အောက်မှာ ပင်လယ်ရေတိုက်စားလို့ လှိုက်ခေါင်းငယ်လေး ဖြစ်နေပြီး ဒီရေတွေက လှိုဏ်ခေါင်းငယ်လေးထဲဝင် အရှိန်နဲ့ပြန်ထွက်လာပြီး ကျောက်တောင်တွေကို ဝင်ဆောင့်တဲ့အခါ အမြင့်ပေ ၄၀ အထိ ရေတွေဖြာကျပြီး မိုးခြိမ်းသံလိုမျိုး ခပ်အုပ်အုပ်လေး ကြားရလို့Thunder Hole အမည်တွင်တဲ့ နေရာတွေပါ။ ခရီးစဉ် ပထမနေ့က ဘော်စတွန်ဟာဘားခရူ၊ စလမ်းစုန်းပြတိုက်တို့လို ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ အစီအစဉ်တွေကြောင့် ဒီခရီးစဉ် ဟန်မှဟန်ပါ့မလားလို့ ဝင်နေတဲ့ စိုးရိမ်သောကတွေဟာ အဲဒီနေရာတွေများ လည်ပတ်ပြီးရင် လာရကျိုးနပ်လိုက်တာလို့ တွေးမိသွားရအောင်ကို ရင်သပ်ရှုမော သာယာလှပလွန်းပါသတဲ့။ နယူးယောက်မှာ နေသာနေပေမဲ့ မိန်းပြည်နယ်မှာတော့ မိုးတဖြောက်ဖြောက် နေရောင်တောင် မမြင်ရ။

ရာသီဥတုဆိုးလို့ အက်ကေဒီယားဥယျာဉ်ဆီ မသွားတော့ဘဲ ဘားဟာဘားမှာ နေ့လည်စာစားရင်း ရာသီဥတု နည်းနည်းလေး သာတဲ့အထိ စောင့်ရအောင်တဲ့။ လမ်းတလျှောက် ပင်လယ်ကမ်းခြေကို မြင်ရတာ ကိုယ့်ဇာတိမြေနဲ့ တူတယ်။ ၂၀၁၂ ဂျူလှိုင် ၄ ပိတ်ရက်မှာ ဘော်စတွန်ကနေ ၁ နာရီ အဝေး ရာမားနေတဲ့ ဂလော့ချက်စတာ Gloucester ကို သွားလည်တုန်းကလည်း ဒီလိုမျိုး ရှုခင်းတွေ။ ပင်လယ်ပြာပြာ တောင်စဉ်တောင်တန်း သစ်ပင်စိမ်းစိမ်းစိုစိုတွေနဲ့ တကယ်သာယာတယ်။ မနှစ်က ဖုန်းအင်တာဗျူးတစ်ခုက ဘားဟာဘားက သုတေသန ကုမ္ဗဏီတစ်ခု။ အင်တာဗျူးတဲ့သူက အက်ကေဒီယားဥယျာဉ် သိပ်သာယာတယ်ကွ၊ နွေရာသီဆို အပန်းဖြေလာကြတဲ့သူတွေနဲ့ အရမ်းစည်ကားတယ်။ ကုမ္မဏီက ဘားဟာဘားမှာ ဆိုပေမဲ့ ဘားဟာဘားက သေးသေးကျဉ်းကျဉ်းလေး၊ အိမ်ငှားခလည်း ဈေးကြီးတယ်။ ဒီတော့ အနီးအနားက မြို့တွေမှာ နေကြပြီး ဘားဟာဘားကို ကားမောင်းရုံးတက်ကြတယ်။ အဲဒီအင်တာဗျူး မအောင်လိုက်ဘူး။ နို့မို့ All About Maine ဆိုပြီး မိန်းပြည်နယ်အကြောင်း ပိုစ့်တွေ ရေးဖြစ်နေမလားဘဲ။

Maine Traditional Blueberry Pie & Vanilla Latte
ဘားဟာဘားရောက်တော့ လေကထန် မိုးက သည်းသည်းမည်းမည်းရွာ။ အရင်ဆို ဒီနေရာမှာ ကားပါကင်ရဖို့ အတော်ခက်တာ ခုတော့ နေရာလွတ်တွေ အများကြီးတဲ့။ မှုန်ရီမှိုင်းနေတဲ့ ကောင်းကင်အောက်က စိမ်းညှို့ညှို့ ကျွှန်းလေးတွေ၊ ကမ်းခြေနားက ဘုတ်ဖြူဖြူလေးတွေနဲ့ သာယာသား။ ဂိုက်က ၁ နာရီ အချိန်ပေးထားပေမဲ့ မိုးသည်းလေထန်နေတော့ ဆင်းလည်တဲ့သူ နည်းတယ်။ ဗီနီဇွဲလားသူ စတားက ခေါင်းကိုက်လို့တဲ့ ကားပေါ်မှာပဲ အနားယူတယ်။ ပါရာဂွေးသူ ပက်ထရစ်ရှာက စတားအတွက် ဆေးဝယ်ဖို့၊ မိုးကာအင်္ကျီဝယ်ဖို့တဲ့ ဆင်းတယ်။ ဆိုင်တွေ တော်တော်များများ ပိတ်ထားတယ်။ Rite Aid ဆေးဆိုင်မှာ ဆေးဝယ်တုန်း ဘာလို့ဆိုင်တွေ ပိတ်ထားတာလဲ၊ စနေနေ့မို့ ပိတ်တာလား၊ ဖွင့်ချိန်နောက်ကျတာလားလို့ စနည်းနာတော့ မုန်တိုင်းဝင်လို့ လျှပ်စစ်မီးတွေ ဖြတ်ထားတာ ဆိုင်တချို့တဝက်ပဲ ဖွင့်နိုင်ပါမယ်တဲ့။ သြော် ဒါကြောင့် out of electricity လို့ ရေးတာတာကိုး။

ကိတ်မုန့်ဆိုင်တွေ့တော့ ဘလူးဘယ်ရီပိုင်း Blueberry Pie ဝယ်တယ်။ ကော်ဖီဆိုတော့ ဘေးနားကဆိုင်ကို ညွှန်တယ်။ သူညွှန်တဲ့ဆိုင်မှာလည်း ဘလူးဘယ်ရီပိုင်း ရှိတယ်။ ဒီမှာ ၂ နာရီလောက် အချိန်ရလို့ လည်ပတ်ဖို့ကောင်းတဲ့နေရာတွေကို ကျေးဇူးပြုပြီး ပြောပြပေးနိုင်မလားမေးတော့ အရောင်းစာရေးလေးက နယ်ခံမဟုတ်လို့ မသိဘူးတဲ့။ နယ်ခံကောင်မလေးကို မေးတော့ ဟိုးနားက ပန်းခြံလေးက အတော်သာယာတယ်။ ခုတော့ လေထန်နေလို့ လွင့်သွားမှာတောင် စိုးရိမ်ရတယ်။ ပြတိုက် ရှိလားဟင်။  ပြတိုက်တော့ မရှိဘူး။ လမ်းလျှောက်ရင် မိနစ် ၂၀၊ ၅ မိနစ် ကားမောင်းရင်ရောက်တဲ့ တက္ကသိုလ်မှာ ပြတိုက်ရှိတယ်။ နေ့လည်ဖက်ဆို အဲဒီမှာ ရုပ်ရှင်ကြည့်၊ ပီဇာမှာစားဖို့ ညွှန်းချင်ပါသတဲ့။ ကားငှားမယ်ဆိုရင် ၅ ကျပ်ပဲ ပေးရပါသတဲ့။ ဘားဟာဘားခရှု ထွက်မထွက်ကို နေ့လည် ၁ နာရီအထိ စောင့်ချင်စောင့်ရမှာမို့ စနည်းနာတာကို ပက်ထရစ်ရှာက သွားရင် သူလည်း လိုက်မယ်တဲ့။ ကားထဲမှာ ထိုင်စောင့်ရမှာ ပျင်းစရာကြီး။

Blueberry Beer at CherryStones Restaurant, Bar Harbor, Maine

ဗီနီလာလက်တေးလေး တကျိုက်၊ ဘလူးဘယ်ရီပိုင်းလေး တစ်ကိုက်ကိုက်ပြီး ပက်ထရစ်ရှာရဲ့ ဗေကန် Vegan ဆိုတာကို စပ်စုတယ်။ သက်သက်လွတ်စားတဲ့သူ Vegetarian တွေထဲမှာ တချို့က ကြက်ဥစားတယ်၊ တချို့က နွားနို့သောက်တယ်။ ဗေကန်တွေက တိရစ္ဆာန်တွေဆီက လာတာမှန်သမျှကို မစားတာတဲ့။ နွားနို့၊ ကြည်ဥ အကုန်ရှောင်တယ်။ ဘာသာရေးကြောင့်လား၊ မျိုးနွယ်ကြောင့်လားမေးတော့ လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ကမှ ဗေကန်ဖြစ်လာတာတဲ့။ From farm to fridge ဆိုတဲ့ ယူကျူဗီဒီယိုကြည့်ပြီး ၄ နာရီလောက် ငိုသတဲ့။ ပြီးတော့ သူ့ကြောင့် တိရစ္ဆာန်တွေ ဒုက္ခမရောက်စေရဘူးလို့ ဆုံးဖြတ်လိုက်သတဲ့။ နောက်နေ့ စားသောက်ဆိုင်မှာ သူ့ကို တိစ္ဆာန်တွေဆီက မဟုတ်တဲ့ အစားအသောက်ပေးပါလို့မှာတော့ ဆိုင်ရှင်က နင် ဗေကန်လားလို့ မေးသတဲ့။ အဲဒီတော့မှ ဗေကန်ဆိုတဲ့ စကားလုံးကို မသိဘဲ ဗေကန်ဖြစ်လာသူလို့ ပြောပြတယ်။

အသီးအရွက်တွေပဲ စားတော့ အာဟာရချို့တဲ့မှာကို စိတ်မပူဘူးလားမေးတော့ သံဓာတ်အတွက် ပဲ၊ နို့ဆိုရင်လည်း နို့ပေါင်းစုံ၊ ဗေကန်ပီဇာ၊ ဗေကန်ရေခဲမှုန့်၊ ဗေကန်ချောကလက် အစုံရှိလို့ အစေားအသောက်ချို့တဲ့မှာ စိတ်မပူရဘူးတဲ့။ အသီးအရွက်က မရနိုင်တာဆိုလို့ ဗီတာမင်ဘီ ၁၂ ပဲ ရှိတယ်။ အဲဒီအတွက် ဗီတာမင်အားဆေးသောက်တယ်။ အာဟာရချို့တဲ့မတဲ့ သူ့ခန္ဓာကိုယ်ကို ကြည့်စမ်း ပိန်ညောင်ဖြူလျော့နေသလား။ ဟင့်အင်း သာမာန်ထက်တောင် နည်းနည်းပြည့်ချင်သေးတယ်။ အစားတလုတ်အတွက် တိရစ္ဆာန်တွေကို သတ်ဖြတ်နေတာ မတရားဘူး။ ပစ်ဟာ ၃ နှစ်အရွယ် ကလေး၊ ခွေးတစ်ကောင်ထက် အသိညဏ်ပိုရှိတယ်။
ပစ်...?
Pigs ပစ်..
ဟမ်... ဝက်က ၃ နှစ်အရွယ် ကလေး၊ ခွေးတစ်ကောင်ထက် အသိညဏ်ရှိတယ် သူ အမှတ်များ မှားနေသလား ပင်ကွင်းနဲ့များ မှားနေသလား။ ဇဝေဇဝါ ကိုယ့်အမူအယာကြောင့် ဂူဂယ်မှာ pigs လို့ ရိုက်ထည့်ပြီး ဓာတ်ပုံပြတယ်။
ပစ်..အင်း သိတာပေါ့ pork လေ။
အို မိုင်းဂါ့လ် ။
ဆောရီး ဆောရီး။
so sad, so bad ။
ဝက်ကို pig ဝက်သားကို pork နွား cow နွားသားကို beef ။

Traditional Blueberry Pie from Governor Restaurant, Waterville, Maine

အသားမစားတဲ့ ဗေကန်ရှေ့မှာ ဝက်ဓာတ်ပုံပြပေမဲ့ ဝက်သားလို့ တွေးနေမိတဲ့အဖြစ်။ ပက်ထရစ်ရှာက သူ ကြည့်ဖူးတဲ့ ဂျပန်ဟာသတစ်ခုက ဝေလငါးဖမ်းဆီးတာဆန့်ကျင်တဲ့ ဗီဒီယိုကြည့်ရင်း လက်ထဲမှာ စားနေတာက ဝေလငါးစွပ်ပြုတ်။ နယူးယောက်မှာဆို ဗေကန်စတိုး၊ ဗေကန်စားသောက်ဆိုင် အများကြီး။ ဟင် ဟုတ်လား ကိုယ်ဆို ဗေကန်ဆိုတဲ့ နာမည်တောင် မကြားဘူးဖူး ဒါ ပထမဆုံး ကြားဖူးတာ။ သူ ဗေကန်စဖြစ်တော့ သူ့မိဘတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက စိတ်ပူကြသတဲ့။ သူ့ကြောင့် ဘယ်တိရစ္ဆာန်မှ ဒုက္ခမရောက်ဘူးဆိုတာ တွေးမိတိုင်း ဝမ်းသာမိသတဲ့။ သခင်လိုပဲ သူ့ခွေး ကိုကိုးကလည်း ဗေကန်ပါတဲ့။ မြောက်အမေရိကနဲ့ တောင်အမေရိကတိုက်ကြား ကာရစ်ဘီယံဒေသ ဂျမေကာနိုင်ငံမှာ ဗေကန်စားသောက်ဆိုင်တွေ ပေါများပါသတဲ့။ ဂျမေကာက Rastafari ဆိုတဲ့ဘာသာတစ်မျိုးက ဗေကန်တွေဆိုတော့ ဗေကန်စားသောက်ဆိုင်တွေ အများကြီးတဲ့။

နာရီကြည့်လိုက်တော့ အချိန်စေ့ပြီ ကားဆီရောက်တော့ ဂိုက်က ဒီနေ့ မုန်တိုင်းဝင်လို့ မိန်းနဲ့ဗာမွန်ပြည်နယ်တွေမှာ လျှပ်စစ်မီး ဖြတ်တောက်ထားတယ်။ နေ့လည် ၁ နာရီ ဘားဟာဘားခရှုဖွင့်တဲ့အထိ ဒီမှာ စောင့်ရင်း နေ့လည်စာ စားရအောင်တဲ့။ အန်တီကြီးတစ်ယောက်က ဒီမြို့လေးမှာ နှစ်နာရီ အချိန်ဖြုန်းရမယ် ဟုတ်လား၊ ရာသီဥတု သာယာနေရင် လျှောက်လည်လို့ရသေးတယ်၊ ဒီလို ရာသီမျိုးမှာ ဘယ်လိုလုပ် လည်လို့ရပါ့မလဲ၊ စိုစိစိုဖတ် လေထန်၊ မိုးသည်း၊ ဒီကနေ ၂ နာရီ အဝေးက လျှော့ပင်းမောလ်ကို ပို့ပေးပါလားလို့ တောင်းဆိုတော့ အစီအစဉ်ထဲမှာ မပါလို့ သူ တာဝန်မယူပါဘူးတဲ့။ နေ့လည်စာစားဖို့ ဆိုင်တွေလိုက်ကြည့်တော့ နှစ်ဆိုင်၊ သုံးဆိုင်လောက်ပဲ တွေ့တယ်။ အဲဒီဆိုင်တွေမှာလည်း ကိုယ်တို့တိုးကား ၇ ကားက တိုးရစ် ၃၀၀ ကျော် ဝင်တီးနေကြတော့ နေရာလွတ် မရှိဘူး။ ထိုင်ခုံမရလည်း ကိစ္စမရှိပါဘူး ဘားကောင်တာမှာ ထိုင်ကြတယ်။


လော့စတာက ဘယ်လောက်ကြီးလဲလို့ မေးတော့ စာပွဲထိုးမလေး သယ်သွားတဲ့ လော့စတာဗန်းကြီးကို လက်ညှိုးထိုးပြတယ်။ ကြည့်လိုက်တော့ အား..လား..လား ဗန်းကြီးက အကြီးကြီး လော့စတာက တစ်ကောင်၊ ဘေးက လိုက်ပွဲတွေနဲ့။ မကုန်ရင် သယ်သွားမှာပေါ့လို့ စတား၊ ပက်ထရစ်ရှာတို့နဲ့ တိုင်ပင်တော့ မင်း ခုနပဲ ဘလူးဘယ်ရီပိုင်း စားထားတယ် ဗိုက်ဆာနေလား။ ဟင့်အင်း။ ဒါဆို စွပ်ပြုတ်လောက်ပဲ သောက်ပေါ့ကွ။ သယ်ဖို့က ကိုယ်တို့တနေကုန် ခရီးသွားနေမှာ။ နယူးအင်္ဂလန်ချော်ဒါ Chowder စွပ်ပြုတ်ပဲ မှာလိုက်တော့တယ်။ စတားတို့က ဘီယာသောက်နေကြတော့ ကိုယ်လည်း ဘီယာသောက်ချင်လာတယ်။ ဝိုင်ဆို ဆူနမ်တို့နဲ့ပဲ သောက်တာ။ ဆူနမ်တို့နဲ့ ခွဲလာပြီးကတည်းက ဝိုင် မသောက်ဖြစ်တာဆိုတော့ ၈ လလောက် ရှိပြီ။ ကိုယ်က ဘီယာ မကြိုက်ဘူး ခါးလို့။ ဘလူးဘယ်ရီဘီယာက ဘယ်လိုလဲမေးတော့ သိပ်မခါးဘူးဆိုလို့ မှာလိုက်တာ သောက်လို့ကောင်းသား။

ငွေပိုငွေလျှံလေးများရှိရင် ဗီနီဇွဲလားသားတွေက ဒေါ်လာဝယ်စုသတဲ့။ ပါရာဂွေးကတော့ အိမ်ခြံမြေ ဝယ်တယ်တဲ့။ ပါရာဂွေးတွေက အမဲသားနဲ့ အသီးအရွက် Salad ပဲ စားတယ်တဲ့။ အာဂျင်တီးနားနဲ့ ဘယ်လ်ဂျီယံ ကမ္ဘာ့ဖလားဘောလုံးပွဲကို ငေးကြရင်း ပါရာဂွေးသူကို တောင်အမေရိကသားမို့လို့ တောင်အမေရိက အာဂျင်တီးနားအသင်းကို အားပေးတာလားမေးတော့ ဟင့်အင်း ဘယ်လ်ဂျီယံကို အားပေးတာတဲ့။ အာဂျင်တီနားတွေက ရုပ်ချောကြတယ် ချောမှန်းလည်း သူတို့သိတယ်။ တခြားတောင်အမေရိကသားတွေထက် သူတို့က သာတယ်၊ မြင့်မြတ်တယ်လို့ ပြောဆိုမောက်မာလို့ မုန်းကြတယ်တဲ့။ ဘားကောင်တာက ကောင်မလေးကလည်း အာဂျင်တီးနားလား ဟုတ်တယ် ကော်လိုရာဒိုပြည်နယ် ဒန်ဗာ Denver က တက္ကသိုလ်ဝင်းထဲမှာ ကြုံဖူးတယ် တမျိုးတော့ တမျိုး။ တရုတ်ကြီးတစ်ယောက် ကောင်တာရှေ့မှာ လာရပ်လို့ ဘားကောင်တာမလေးက ဘာလိုချင်လို့လဲ ထိုင်ခုံမှာ စောင့်နေပါ ဝိတ်တာတွေ လာစားပွဲထိုးပါလိမ့်မယ် ခု လူတအားကျနေလို့ပါ။

Acadia National Park, Maine  - credit to Google

လက်ထဲက ပိုက်ဆံတွေပြပြီး တရုတ်ကြီးက ငါ ပိုက်ဆံပေးပြီး မှာမလို့စောင့်နေတာ ကြာပြီ တစ်ယောက်မှလည်း မလာဘူး။ မင်းတို့ငါတို့ယဉ်ကျေးမှုကို နားမလည်ဘူး လေးစားမှု မရှိဘူး။ ဘားကောင်တာမလေးက စားပွဲထိုးလားပါလိမ့်မယ် ဆောရီးဆိုပြီး တခြားအလုပ်တွေ လုပ်တယ်။ တရုတ်ကြီးကတော့ မင်းတို့ ငါတို့ယဉ်ကျေးမှုကို နားမလည်ဘူး မလေးစားဘူးလို့ ဆီမန်း မန်းသလို တတွတ်တွတ် ရေရွတ်သွားချိန်မှာ ကိုယ်ကတော့ ပါးစပ်လေး အဟောင်းသားနဲ့ ကျန်ခဲ့တယ်။ သြော် ရောမရောက်ရင် ရောမလို မကျင့်ကြံတဲ့သူပါလား။ တရုတ်ကြီး Culture Shock ဖြစ်နေတာကွ တရုတ်ပြည်မှာ ဝန်ဆောင်မှုမရှိဘူး ပိုက်ဆံကို ကောင်တာမှာ အရင်ရှင်း ပြီးမှ ကိုယ့်ဘာသာယူစားရတာ အကျင့်ပါနေတော့ အမေရိကန်ဝန်ဆောင်မှုနဲ့ အံမဝင်ဘူးဖြစ်နေတယ်လို့ လေသံအုပ်အုပ်လေးနဲ့ ပြောနေတာကို ဘားကောင်တာမလေးက ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်တဲ့။

ကိုယ်တို့အမေရိကန်စရောက်တော့ ကျောင်းမှာ ပထမဆုံးသင်ရတာက အမေရိကန်ယဉ်ကျေးမှု သင်ခန်းစာကွ။ ဟိုင်း ဟောင်အာယူ Hi How are you ဟောင်အာယူဒူးရင်းတူဒေး How are you doing today  ဆိုပြီး လက်ကမ်းနှုတ်ဆက် အချိန်လေးစားတဲ့ အမေရိကန်တွေအကြောင်း။ ကျောင်းပြီးလို့ အလုပ်ရှာဖို့ပြင်ဆင်တော့ Job Search နှစ်ပတ်သင်တန်းမှာ ကျောင်းသားတွေအားလုံး အတန်းရှေ့ထွက်ပြီး တယောက်ချင်းစီ လက်ဆွဲနှုတ်ဆက် လေ့ကျင့်ရတယ်။ ခုတော့ တွေ့တာနဲ့ လက်ကမ်းတော့တာပဲ။ ဟေ ဒါဆို မင်း ပါရာဂွေးကိုသွားဖို့ မွှားမွှားလေ့ကျင့်ရမယ်ကွ။ ပါရာဂွေးမှာ အခန်းထဲက ယောက်ျား၊ မိန်းမ အကုန်လုံးကို မွှား၊ မွှားပေးရတာ။ မမွှားလို့ရတော့ ဒီကောင်မလေး ဘာမှားနေပါလိမ့်လို့ ကြည့်လိမ့်မယ်တဲ့။ ဗီနီဇွဲလားမှာတော့ တဖက်ကို ပါးချင်းကပ်ပြီး နောက်တဖက်ကိုမှ မွှားပါသတဲ့။ အက်စတိုးရီးယားဖက်မှာ အိမ်တွေလိုက်ကြည့်တုန်းက နောက်မှရောက်လာတဲ့ ဧည့်သည်အန်တီကြီးက အကုန်လုံးကို မွှား၊ မွှားပေးတာ ကိုယ်ပါ ဘုမသိဘမသိ အမွှားခံလိုက်ရဖူးတယ်။

Cadillac Mountain, Bar Harbor, Maine - credit to Google

၂ နာရီအချိန်စေ့လို့ ကားဆီပြန်တဲ့လမ်းက ဆိုင်တွေကို လိုက်ကြည့်ရင်း မက်ဂနက်တွေ ဝယ်တယ်။ ဘားဟာဘားက Accessories ဆွဲကြိ ုး၊ လက်ကောက်၊ လက်စွပ်၊ နားဆွဲလေးတွေ လှသား။ ဘလူးဘယ်ရီယို၊ ဘလူးဘယ်ရီ Dressing (ဆလပ် Salad အတွက်)၊ ဘလူးဘယ်ရီဆိုဒါ၊ ဘလူးဘယ်ရီဘီယာ။ ဗေကန် ပက်ထရီရှာက ဘလူးဘယ်ရီဒရက်ဆင်း ဝယ်တယ်။ လော့စတာအိုက်စရင်စားဖို့ စတားက အဖေါ်ညှိတာကို  အားနားပေမဲ့ ငြင်းလိုက်တော့တယ်။ ဘယ်နှယ့် မိုးအေးအေးမှာ အိုက်ခရင်တဲ့။ အောင်မငှီး တွေးတာနဲ့တင် သွားကြိမ်းတယ်။ ကော်ဖီပူပူလေးဆို ဟုတ်တုတ်တုတ်။ ကားပေါ်ရောက်တော့ ဂိုက်က သူ ရာသီဥတုခန့်မှန်းချက်ကိုကြည့်တော့ ညနေစောင်းအထိ မိုးသည်းနေမှာ။ ဘားဟာဘားခရူလည်း ဖွင့်မှာမဟုတ်ဘူး။

ကက်ဒီလက်တောင်တက်လမ်းက မတ်တော့ ဒီလိုမိုးသည်းချိန် ခရီးသည်တင်ကားကို မောင်းရတာ အန္တရာယ်ရှိတယ်။ ဒါကြောင့် ဟိုတယ်ကိုပြန်ပြီး အနားယူမယ် မနေ့က ပင်ပန်းတာတွေ အတိုးချပြီး အနားယူကြတာပေါ့။ ကိုယ်တို့ကားတစီးတည်း ဒီလိုအစီအစဉ်ပြောင်းတာ မဟုတ်ဘူး သူတို့ကုမ္မဏီက ဒီခရီးစဉ်ထွက်တဲ့ တိုးကား ၇ စီးလုံးတဲ့။ အကယ်၍များ တခုခုဖြစ်ခဲ့ရင် သူ တရားခံ မဖြစ်ချင်ဘူး၊ မစွန့်စားချင်ပါဘူးတဲ့။ ဖိလစ်ပိုင်မလေးတွေက နောက်ထပ် ၂ နာရီလောက်များ ဆက်နေလို့ရမလား ရီကွက်လုပ်တော့ နိုးတဲ့။ အက်ကေဒီယားအမျိုးသားဥယျာဉ်ဘေးနား ဖြတ်မောင်းသွားလို့ မြင်ပဲမြင်လိုက်ရတယ် မကြင်လိုက်ရဘူး။ ဘားဟာဘားမှာ သတိထားမိတာက တစ်ခုက တမြို့လုံး ဟိုတယ်၊ မိုတယ်၊ အင်းတွေကြီးပဲ။ ဒီလောက် ဟိုတယ်၊ မိုတယ်၊ အင်းတွေ ပေါတဲ့မြို့ ဒီတခါပဲ တွေ့ဖူးသေးတယ်။

Eagle Lake, Bar Harbor, Maine - credit to Google

ဒီမုန်တိုင်းကြောင့် ခရီးစဉ် ပျက်တာမို့ရာဟူးမှာ မုန်တိုင်းသတင်း ရှာကြည့်တော့ ဟာရီကိန်းမုန်တိုင်းကနေ Tropical strom အဖြစ် အဆင့်လျှော့သွားတာတဲ့။ မုန်တိုင်းကြောင့် မိန်း၊ ဗာမွန်ပြည်နယ်က အိမ်ထောင်စု နှစ်သောင်းနီးပါးလောက် လျှပ်စစ်မီးဖြတ်တောက်ခံရပါသတဲ့။ မုန်တိုင်းအမည်က အာသာ Arthur ။ ဟင် အာသာ..အာသာ ကိုယ့်ကို ဘယ်တော့မှ ကောင်းကျိုးမပေးတဲ့နာမည်။ နယူးယောက်ရုံး ပထမဆုံး အလုပ်စဆင်းတဲ့နေ့မှာပဲ Meeting ခန်းထဲတန်းဝင် LGA LauGuardia Airport ပရောဂျက် P6 ကနေ SQL Server Database ပြောင်းတဲ့အပိုင်း တာဝန်ပေးခြင်းခံရပြီး ဒီနေ့ ERD Diagram အပြီးလိုချင်တယ်လို့ ပြောလာသူက ဒါရိုက်တာ အာသာ။ ဟင် ဘယ်နှယ့်ဟာပါလိမ့် ဒီနေ့မှ အလုပ်စဝင်တဲ့သူကို ဒီနေ့အပြီး။ မလွန်လွန်းဘူးလားဆိုပြီး ဘုကြည့်ကြည့်။ မကြည်မသာ မျက်နှာပေးနဲ့အိုကေလို့ပြောလိုက်ပေမဲ့ ဒီအာသာဆိုတဲ့အကောင် တော်တော်ဆိုးတာပဲလို့ မှတ်သွားရော။

နောက်တော့ ရုံးချုပ်ကနေ ကလိုင့်ရင့် အမ်တီအေ MTA Metropolitan Transport Authority နယူးယောက်မြေအောက်ရထားလိုင်း၊ ဘတ်စ်ကားလိုင်းတွေ ဆွဲတဲ့ အစိုးရရုံးမှာ အလုပ်ဆင်းရတော့ ရုံးချုပ်ကို သောကြာနေ့ နေ့လည်စာ သွားစားတဲ့အခါမှပဲ ရောက်ဖြစ်တော့တယ်။ အမ်တီအေ ပရောဂျက်ပြီးလို့ ရုံးချုပ်ကို ပြန်ရောက်တော့ ဘော့စ်က ခရီးသွားနေလို့ တနင်္လာနေ့မှ ပြန်ရောက်မယ်။ ဒီနှစ်ရက်အတွင်း အမ်တီအေပရောဂျက်ဒီမိုအတွက် ပြင်ဆင်နေပါလို့ ဆိုလာတော့ လိုအပ်တဲ့ ဆော့ဝဲတွေသွင်း၊ Install ၊ Uninstall လုပ်နေတာကို တွေ့သွားတဲ့ အာသာက နင် ဘာပရောဂျက်လုပ်နေတာလဲ။ အန်းနာ့ (ဘော့စ်ဒါရိုက်တာ) ကို စောင့်နေတာ၊ ဆော့ဝဲတွေသွင်း၊ ဒီမိုပရောဂျက် လုပ်နေတာ။ ဘာမှမလုပ်ဘဲ ထိုင်နေမဲ့အစား ဒီနှစ်ယောက် အခက်အခဲ ရှိနေတယ် ကူပေးလိုက်တဲ့။

Thunder Hole, Bar Harbor, Maine - credit to Google

ဟွန့် အမြင်ကပ်လိုက်တာ အမ်တီအေ ပရောဂျက်ပြီးခါနီး တလလုံးနီးပါး မနက် ၈ နာရီကျော် ရုံးတက် ည ၇ နာရီ ရုံးဆင်း။ ပင်ပန်းလိုက်တာ လွန်ပါရော။ တစ်ရက်လေး နားနေတာကို မကြည့်နိုင်ဘူး သြော် သူဋ္ဌေးတွေ သူဋ္ဌေးတွေ။ DANYS ပရောဂျက်အတွက် သူများ သိလေမလားလို့ မေးကြည့်တော့ ဒီလောက်ရှင်းတာလေးကို မသိတဲ့ပုံ လုပ်မနေတဲ့။ ဒီလောက်ရှင်းနေရင် သူ့တောင် သွားမေးမှာ မဟုတ်ဘူး။ ခုလည်းကြည့် ဒီခရီးစဉ်ရဲ့အသက်ဖြစ်တဲ့ အက်ကေဒီးယား၊ ဘားဟာဘားခရှု မစီးလိုက်ရတာ အာသာမုန်တိုင်းကြောင့်။ တောက် ဒီ အာသာဆိုတဲ့ နာမည် ကိုယ့်ကို ဘယ်တော့မှ ကောင်းကျိုးမပေးဘူး။ ညနေ ၄ နာရီ ဟိုတယ်ကိုရောက်လို့ ကားပေါ်ကဆင်းချိန် နေသာတော့ အားလုံးက နည်းနည်းလေးသာ ထပ်စောင့်ခဲ့ရင် ဘားဟာဘားခရှု မစီးရပေမဲ့လည်း အက်ကေဒီးယား၊ ကက်ဒီလက်တောင်ကနေ ရင်သပ်ရှုမောတဲ့ ရှုခင်းတွေကို ကြည့်နေခွင့်ရမှာလို့ စိတ်ပျက်လက်ပျက် ဖြစ်ကြတယ်။

ဗီနီဇွဲလားသူ စတားက တရေးတမောအိပ်၊ ပါရားဂွေးသူ ပက်ထရစ်ရှာက ဟိုတယ်အားကစားရုံမှာ စက်ဘီးသွားစီး၊ ကိုယ်က ကိုရီးယားကားကြည့်။ ညနေ ၇ နာရီလောက်မှာ ဟိုတယ်ဘေးက Gorvernor စားသောက်ဆိုင်မှာ သွားစားတော့ မနေ့က စားပွဲထိုးတဲ့ ကောင်မလေးကို ဆားဗစ်ပေးဖို့ ရီကွက်လုပ်တယ်။   စားပွဲထိုးမလေးက ဗေကန်ပက်ထရစ်ရှာ နို့ထွက်ပစ္စည်းတွေရှောင်တာ မှတ်မိနေတယ်။ ကိုယ်က အမဲသားကင် Beef Steak နဲ့ စွပ်ပြ ုတ် သောက်တာ စတိတ်က နည်းနည်းငန်တယ်။ အာလူးမီးဖုတ်က စားကောင်းလို့ ပက်ထရစ်ရှာဆို နောက်ထပ်ထပ်မှာတယ်။ ကိုယ်က ဘလူးဘယ်ရီပိုင်း ထပ်မှာတယ် နက်ဖြန် မနက်စာအတွက်။

Thunder Hole, Bar Harbor, Maine  - credit to Google

ပက်ထရစ်ရှာနဲ့ကိုယ် အညောင်းပြေအညာပြေ လမ်းလျှောက်ထွက်ကြတယ်။ ဟိုတယ်ဝနားမှာ ဆေးလိပ်သောက်တဲ့သူတွေ တွေ့တော့ ပက်ထရစ်ရှာက ဆေးလိပ်တစ်လိပ်လောက် ရောင်းပါလားလို့ ရီကွက်လုပ်တယ်။ ဟိုက မရောင်းဘဲ ပေးလိုက်တယ်။ ဆေးလိပ်ငွေ့က မင်းဖက်ကို လေသင့်နေတယ် ဒီဖက်ကိုလာတဲ့။ ဟိုတယ်မှာ ဆေးလိပ်သောက်ခွင့် မရှိဘူး ဒဏ်ကြေး ၂၅၀ တဲ့။ ပက်ထရစ်ရှာ ဆေးလိပ်စသောက်ဖြစ်ပုံကို မေးမြန်းကြည့်တော့ အများစုက ဆယ်ကျော်သက်အရွယ်မှာ ဆေးလိပ်စသောက်ဖြစ်ကြတာ။ သူက မိုက်မဲတာ ဆယ်ကျော်သက်အရွယ်မှာ မဟုတ်ဘဲ ၁၉  နှစ်မှ စသောက်ဖြစ်တာတဲ့။ အဲဒီတုန်းက ဒိုမီနီကန်ရီပါပလစ်မှာ နေတာ။ မီးကမလာ ဘာမှလုပ်စရာလဲမရှိ ပျင်းလို့ သူ့အခန်းဖော်ဆီက ဆေးလိပ် တလိပ်၊ နှစ်လိပ်ဖွာရင်း စွဲသွားတာတဲ့။ တနေ့ကို ဆေးလိပ်တဘူးနီးပါး သောက်တယ်။ ဟင် တဘူးကို ၁၅ ကျပ်ပဲထားပါတော့ တလ ၄၅၀ ဘုရားရေ မနည်းမနောပါလား ပိုက်ဆံတွေ မီးရှို့ပစ်နေသလိုပါပဲလား။

အေး တလတလ ပိုက်ဆံတွေ ဘယ်ရောက်သွားမှန်းကို မသိဘူး။ ဆေးလိပ်သောက်တဲ့လူတွေရဲ့ အနားကို ကပ်ပြီး ဆေးလိပ်နံ့ရှုရတာ အားပါး ကောင်းလိုက်တာ။ ဘယ်ကသာ ဆေးလိပ်သောက်တဲ့လူ အနားလာရင် သိသာတယ် အနံ့က အတော်ဆိုးတာ။ မင်းက ဆေးလိပ်မသောက်တဲ့သူကိုး။ နစ်ကိုတင်းက တော်တော်စွဲတယ် သူ တော်တော်လေး ကြိုးစားပြီး ဖြတ်လိုက်ရတာ။ လက်မှာ နစ်ကိုတင်းအပတ် ပတ်ပြီး နစ်ကိုတင်း ၃၀၀ ကနေ ၂၀၀ တဖြည်းဖြည်းလျော့။ နစ်ကိုတင်း ၁၀၀ ဆိုရင် တော်တော်ကောင်းသွားပြီ။ အခု အားကစားရုံ မှန်မှန်သွား၊ စားသောက်ဆိုင်မှာထက် ကိုယ့်ဘာသာ ချက်ပြ ုတ်စားသောက်ရင် ဆေးလိပ်သောက်ဖို့ သိပ်မတွေးဘူးတဲ့။ တခါတလေ ခုလို ဆေးလိပ်လေးဖွာပြီး တွေးရဆွေးရတာ ဇိမ်ပဲ။ အမ် ငါတော့ ဇိမ်ရှိလိုက်တာလို့ မထင်ပေါင်။

 Acadia Nature Cruise or Lobster Steal Cruise are fully narrated cruise of Frenchman Bay and enjoy the breathtaking scenery of coastal Maine or when in season, join an unforgettable excursion to experience the daily routines of a Maine Lobsterman. Participate in the excitement of hauling up the traps or simply enjoy cruising near picturesque lighthouses and historic civil war forts.

Wholefood အစားအသောက်ရောင်းတဲ့ဆိုင်ထဲဝင်တော့ ပက်ထရစ်ရှာက ဗေကန်အစားသောက် V Vegan Certified တံဆိပ်တွေ ရှိတဲ့နေရာ၊ တံဆိပ်၊ နို့ထွက်ပစ္စည်း ပါဝင်တာ ဘယ်လိုကြည့်ရတဲ့အကြောင်းတွေ ရှင်းပြတယ်။ မနက်ဖြန်နေ့လည်စာအတွက် အသီးအနှံဘူးတွေ ဝယ်တယ်။ အညစ်အကြေးတွေ မှန်သမျှ ပင်လယ်ထဲကို စွန့်ပစ်လို့ ပင်လယ်ကြီးက အမှိုက်ပုံးပဲ။ dirty လို့ ပင်လယ်စာကို ပထမဆုံး မစားတော့တာ။ ဟမ် ငါက ပင်လယ်စာ သိပ်ကြိုက် ပင်လယ်မှာ ကြီးခဲ့တာ။ China Village ဆိုတဲ့စာတမ်း ကြားဖူးလား ဟင့်အင်း။ မြို့မှာနေတဲ့သူနဲ့ တောမှာနေတဲ့သူ တွေအကြောင်း သုတေသန ပြုထားတာ။ မြို့ကလူတွေက မီးခိုးတွေ တလူလူ ဘာဘီကင်၊ အကြော်အလှော်၊ ဆန်းပေ့ အစားအစာတွေစား။ တောကလူတွေက အသားငါး ဈေးကြီးတော့ ပိုက်ဆံမတတ်နိုင်လို့ အသီးအရွက်တွေစား။ ဘယ်သူက ပိုကျန်းမာတယ်လို့ထင်လဲ တောသား။ မှန်တယ် အသီးအရွက် များများစားတဲ့ တောကလူတွေက ပိုကျန်းမာတယ်။

တို့တွေက ငယ်ငယ်ကတည်းက Brain Wash အလုပ်ခံရတာကွ နွားနို့သောက်မှ ကျန်းမာမယ် အားရှိအောင် အမဲသားစားရမယ်လို့။ အမှန်က နွားနို့ထဲက ဗီတာမင်တွေ ခန္ဓာကိုယ်ထဲ မရောက်ဘဲ ဆီးနဲ့ပါသွားတာ များတယ်ကွ။ အသီးအနှံကရတဲ့ ဗီတာမင်တွေကသာ ခန္ဓာကိုယ်ထဲမှာ ကျန်တာ။ အဲဒီသုတေသနစာတမ်းကို အများပြည်သူသိအောင် အစိုးရက မကြေငြာဘူး။ ကြေငြာရင် အဲဒီကုမ္ဗဏီက ဝင်ငွေတွေ လျော့သွားမှာ။ အဲဒီလိုကုမ္ဗဏီတွေက အစိုးရကို ထောက်ပံ့ပေးတာလေ။ သြော် ဟုတ်လား အင်း သားငါးတွေလျော့လို့ အသီးအရွက်များများ စားပါတော့မယ်လေ။ မိန်းပြည်နယ်ကနေ နယူးယောက်ဆီ ပြန်တဲ့တလျှောက်က ပေါ့လန်းမီးပြတိုက် Portland Head Light ၊ ရော့ကင်းဒန်းတိရစ္ဆာန်ရုံ York Kingdom Zoo ၊ မစ်စတစ်ရေသတ္တဝါပြတိုက် Mystic Aquarium တွေ ဝင်လည်တဲ့အကြောင်းကို ဓာတ်ပုံများများနဲ့ နောက်အပိုင်းကျမှ ဆက်ပါဦးမယ်။

Happy Traveling !

စန်းထွန်း
ဇူလှိုင် ၂၄၊ ၂၀၁၄။

P.S : ကိုယ် မသွားလိုက်ရတဲ့ အက်ကေဒီးယားဥယျာဉ်၊ သိမ်းငှက်ရေကန်၊ ကက်ဒီလက်တောင်ထိပ်၊ မိုးကြိုးတွင်း ဓာတ်ပုံတွေကို ဂူဂယ်ကနေ ယူတင်ထားပါတယ်။

မိန်းပြည်နယ်သွား တောလား - ၁

အမေရိကန်ပြည် လွတ်လပ်ရေးရုံးပိတ်ရက် ဂျူလှိုင် ၄ က သောကြာနေ့မှာ ကျရောက်တာမို့ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေပါပေါင်းရင် ရတဲ့ အားလပ်ရက် ၃ ရက်မှာ ဘယ်သွားလည်ရင် ကောင်းမလဲလို့ ရှာဖွေတော့ မိန်းပြည်နယ်က ဘားဟာဘားခရီးစဉ်ကို သွားတွေ့တယ်။ Buy 2 Get 1 Free ဆိုပေမဲ့ တကိုယ်တော်ခရီးထွက်တာမို့ အဲဒီဒစ်စကောင့်တွေ မရပြန်ဘူး။  မိန်းပြည်နယ်က နယူးယောက်ရဲ ့ အရှေ့မြောက်ဖက် မိုင် ၅၀၀ ၊ ၈ နာရီ အဝေးမှာပါ။ ဘရွက်ကလင်း Brooklyn၊ မက်ဟန်တန် Mahhatan ၊ ကွင်း Queens က ဖလပ်ရှင်း Flushing စုရပ်ထဲမှာ ဖလပ်ရှင်းက အနီးဆုံး။ ဂျူလှိုင် ၄ မနက် ၈ နာရီခွဲ စုရပ်ရောက်တော့ အယ်မလေး လူတွေဆိုမှ အများကြီး။ ၂ ရက် ခရီး၊ ၃ ရက်ခရီး တိုးကားတွေမှ မနည်းမနော။ အိန္ဒိယ၊ စပန်းနစ် Spanish ၊ အဖြ ူ သုံးအုပ်စုလောက်ပဲ တွေ့တယ်၊ အများစုက ကွိစိကွစိ တရုတ်တွေ။

မိန်းပြည်နယ် ၃ ရက်ခရီးစဉ် တိုးကား ၇ စီးထွက်တာမှာ ကိုယ့်ကားက  နံပါတ်ငါး။ ကွိစိကွစိ တရုတ်တွေကြားထဲ တယောက်တည်း ငေါင်စင်းနေတဲ့ ကိုယ့်ကို မိဘတွေနဲ့ ခရီးထွက်လာတဲ့ အိန္ဒိယမလေးက လာမိတ်ဖွဲ့တယ်။ ဘယ်ကိုသွားမှာလဲ၊ ဘယ်နှစ်ရက်ခရီးစဉ်လဲ၊ ကားနံပါတ် ဘယ်လောက်လဲနဲ ။ သူတို့လည်း အက်ကေဒီးယား Acadia ဘားဟာဘား Bar Harbor ၃ ရက် ခရီးစဉ်။ ဒါပေမဲ့ ကားနံပါတ်တစ်တဲ့။ ဟိုးနားက စပိန်မလေးနဲ့ သူ့မိဘတွေလည်း အဲဒီခရီးစဉ်ပဲ။ သူတို့လည်း ကားနံပါတ်ငါးတဲ့ မင်းနဲ့တစ်ကားတည်းပဲ။ ကိုယ်တို့တိုးဂိုက်က အရပ်ထောင်ထောင်မောင်းမောင်း ဗလတောင့်တောင့်နဲ ဒဲရက်လောတဲ့။ ထိုင်ခုံနံပါတ်၊ သူ့ဖုန်းနံပါတ်ပါတဲ့ ကဒ်တွေကို ပေးတယ်။

နာမည်ကျော် ဝေလငါး သွားကြည့်တဲ့ သင်္ဘော

ကိုယ်နဲ့ အတူထိုင်ရတာက တရုတ်မ။ တက္ကသိုလ်ကျောင်းသား သူ့သားနှစ်ယောက်က ဘေးခုံမှာ။ သူတို့အဖွဲ့က ၁၃ ယောက် တယောက်မှ တရာပဲ ပေးရတယ်တဲ့။ ကိုယ်က ၂၅၀ ပေးရတာဆိုတော့ ဈေးကြီးတယ်တဲ့။ နောက်ဆို အွန်လိုင်းကနေ မဝယ်ဘဲ တရုတ်တန်းမှာ သွားဝယ်တဲ့။ ၂၁၅ မိုင် ၄ နာရီလောက်မောင်းရပြီး နေ့လည် ၁ နာရီလောက်ဆို ဘော်စတွန်ကို ရောက်ပါတယ်။ နေ့လည် ၁ နာရီခွဲမှာ ဘော်စတွန် ဟာဘားခရှုသဘောၤစီးရမှာမို့ နေ့လည်စာစားဖို့ အချိန်မရှိဘူး။ သဘောၤစီးပြီးရင် ဆန်းဒွစ်၊ ပီဇာ၊ ပေါင်မုန့်တို့ရနိုင်တဲ့ အနီးအနားက 711 မှာ နေ့လည်စာ ဖြစ်သလိုစားပြီး ညနေစာကိုတော့ ကောင်းကောင်းလေး စားကြရအောင်တဲ့။ မိန်း Maine၊ မန်ဆာချူးဆက် Massachusetts၊ နယူးဟမ်ရှိုင်းရား New Hampshire၊ ဗာမွန် Vermont ၊ ရိုဒီအိုင်လန် Rhode Island၊ ကွန်နက်တီကပ် Connecticut အရှေ့မြောက်ဖက် ပြည်နယ်ခြောက်ခုကို နယူးအင်္ဂလန်ဒေသလို့ ခေါ်ပါတယ်။ နယူးအင်္ဂလန်ဒေသရဲ ့ ဆောင်းဦးရွက်ကြွေချိန်ဟာ အင်မတန်လှတယ်လို့ နာမည်ကြီးပါတယ်။

ဟားဗတ်၊ အမ်အိုင်တီ၊ ယေးလ် နာမည်ကြီးတက္ကသိုလ်၊ ဗြိတိန်ပါလီမန်က အခွန်အတုပ် စည်းကြပ်တာကို ဆန့်ကျင်ခဲ့တဲ့ ဘော်စတွန်တီးပါတီ၊ အရသာထူးလှတဲ့ ပင်လယ်စာ၊ ရှေးခေတ်လက်ရာ အဆောက်အဦးတွေကြောင့် ဘော်စတွန်ဟာ အမြဲစည်ကားသလို  နယူးယောက်၊ ဝါရှင်တန်ဒီစီလို  အကြိမ်ကြိမ်ရောက်ပေမဲ့လည်း ငြီးငွေ့မသွား ဘယ်အချိန်မဆို  စိတ်ဝင်စားစရာတွေ၊ အသစ်အသစ်တွေနဲ့ အမြဲတမ်း လန်းဆန်းနေတဲ့မြို့။ ကိုယ်ကျောင်းတက်ခဲ့တဲ့ မြို့လေးက တကယ့်ကို သေးသေးလေး နာရီဝက်ဆို တမြို့လုံးနှံ့တယ်။ အဲဒီတုန်းက ကိုယ့်မြို့ကလွဲရင် တခြားမြို့တွေ အကုန်ကြီးတယ်လို့ တွေးတယ်။ နယူးယောက်မှာနေတော့ တခြားမြို့တွေကို နယူးယောက်လောက် မကြီးဘူးလို့ တွေးပြန်တယ်။ ခရီးစဉ်တလျှောက်က ခရှုသင်္ဘော၊ ပြတိုက်၊ တိရစ္ဆာန်ရုံဝင်ခ ၁၀၀ ကျော် ထပ်ကောက်ပါတယ်။


ဘော်စတွန်ဟာဘားခရှုစီးဖို့ ၁၅ မိနစ်လောက် စောနေသေးတာမို့ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်ကို ဝင်တယ်။ ဖီလာဒဲဗီးယားသွားတုန်းက သိကျွှမ်းခဲ့တဲ့ စပိန်မကြီးက ရောက်တဲ့နေရာမှာ အမှတ်တရ မက်ဂနစ် (သံလိုက်) တွေဝယ်ပြီး ရေခဲသေတ္တာမှာ ကပ်တယ်တဲ့။ အဲ့ဒီအိုင်ဒီယာလေးကို သဘောကျလို့ ဘော်စတွန်ရောက်တုန်း ဘော်စတွန် မက်ဂနက်တွေ ရှာဝယ်တယ်။ တချို့က မက်ခွက်၊ ကီးချိန်း၊ အင်္ကျီတွေဝယ်တယ်။ မက်ဂနက်က ဈေးလည်းသက်သာတယ် တခုမှ ၂ ကျပ်၊ ၃ ကျပ်လောက်ပဲ ပေးရတယ်။ ရေခဲသေတ္တာမှာ ကပ်တော့ နေရာလည်းမယူဘူး။

 ဂျူလှိုင် ၄ မှာ မိုးက သည်းသည်းမည်းမည်း  လည်လို့မကောင်းဘူး။ ရာသီဥတုကသာ မကောင်းတာ ဟာဘားခရှု Bar Harbor Cruise ၊ ဝေလငါးကြည့်တဲ့ခရှု Whale Watch Cruise၊ ဒက်တိုး Duck Tour၊ ဘော်စတွန်ထရော်လီကား Boston Trolley တွေမှာ ကြိတ်ကြိတ်တိုးနေတာပဲ။ ကံကောင်းစွာနဲ့ သဘောၤအမြီးပိုင်းမှာ ထိုင်ခုံလေး တစ်ခုံရတယ်။ မက်တပ်ရပ်နေသူတွေ အများကြီး။ အဖြူမိသားစုက အန်ကယ်ကြီး၊ ကလေးတွေ၊ နောက်က မက်တပ်ရပ်နေတဲ့ အဖြူစုံတွဲနဲ့ ကိုယ် နည်းနည်းလေး ဟထားတဲ့ ပြတင်းပေါက်ကနေ တယောက်တလှည့် ဓာတ်ပုံရိုက်ကြတယ်။ တကယ်လို့များ နေသာခဲ့ရင် ဓာတ်ပုံတွေ အတော်လှမှာ။ ခုတော့ မှောင်မည်းအုံ့မှိုင်းနေတာတောင် ဘော်စတွန်က လှမြဲလှဆဲ။ ဘော်စတွန်မှာ ဘုတ်တွေ အတော်များတယ်။ ဂိုက်က ရှင်းပြပေမဲ့ သင်္ဘောအမြီးပိုင်းရောက်နေပြန်၊ မိုးကတဖွဲဖွဲရွာ၊ လူတွေကလည်း ကျွှပ်ကျွှပ်ညံ ဆိုတော့ ဘာမှမကြားလိုက်ရဘူး။

Super Duper Duck
Leonard P.Zakim Bunker Hill Memorial Bridge
၂၀၁၂ ဂျူလှိုင် ၄ ရာမားရှိတဲ့ ဘော်စတွန်ကို လာလည်တုန်းက ဆူနမ်က အိပ်နေတဲ့ ကိုယ့်ကို  နှိုးပြီး ကြည့်ခိုင်းတဲ့ ကြိုးတံတား
ညဖက်ဆို မီးရောင်တွေနဲ့ အတော်လှတယ်

ရေထဲမှာ မြှပ်တော့မလိုနဲ့တရွေ့ရွေ့ခရီးနှင်နေတဲ့ အဝါရောင်သဘောၤလေးက ချစ်စရာကောင်းသလို အသည်းတယားယား ဖြစ်စေတာမို့ အားလုံးက ဓာတ်ပုံမရိုက်ဘဲ မနေနိုင်ဘူး။ စူပါဒူပါဒက်တိုး Super Duper Duck Tours ပါတဲ့ ။ ခရီးစဉ်အောက်မှာ ပေးထားတဲ့ တချို့ကွန့်မန့်တွေ မှန်တယ်။ ဘော်စတွန်ဟာဘားခရှုက ဒက်တိုးလောက် စိတ်ဝင်စားဖို့မကောင်းဘူး။ အသိအစ်မက ဘော်စတွန်မှာ ဝေလငါးသွားကြည့်တာ နာမည်ကြီးတယ်လို့ သတင်းပေးတယ်။ ဘော်စတွန်မှာ သွားလည်သင့်တဲ့နေရာတွေ ရှာဖွေတော့ ဒက်တိုးနဲ့ ဝေလငါးကြည့်တာကို စတားတော်တော်များများ ပေးထားကြတယ်။ ကျူတန်းကြီး ရှည်လွန်းတဲ့ Legal Seafood ဆိုင်ထဲ ဝင်တော့ နာရီဝက်အတွင်းတောင် အစားအသောက်တွေ ရပါ့မလား။ တိုးနဲ့သာ မဟုတ်ခဲ့ရင် စောင့်မှာသေချာတယ်။ တိုးရဲ့ မကောင်းတဲ့အချက်က သွားသုတ်သုတ်၊ စားသုတ်သုတ်၊ အချိန်နဲ့ ခရီးနှင်ရတာမို့ အေးအေးဆေးဆေး မရှိဘူး။

ဘက်ဂျက်တိုးကားမို့ ကားမှာ အိမ်သာပါပေမဲ့ ကော်ဖီသောက်ပြီး ရှုးရှုးပေါက်ရင် တကားလုံး ကော်ဖီနံ့ သင်းနေမှာမို့ အရေးပေါ်အခြေအနေမှ သုံးပါမယ်တဲ့။ အီးအီးပါရင် တကားလုံး အီးအီးနံ့တွေ လှိုင်နေမှာပေါ့နော် (ဂိုက်ပြောတာမဟုတ်ဘူး ကိုယ်တွေးမိတာပါ)။ ၃ နာရီလောက် မောင်းပြီးရင် အိမ်သာအတွက် Rest Area တွေမှာ ရပ်ပေးပါတယ်။ ဘော်စတွန်ဟာဘားခရှုပြီးရင် နောက်ထပ်သွားလည်မဲ့နေရာက ဘော်စတွန်ကနေ ၂၅ မိုင် နာရီဝက် မောင်းရတဲ့ စလမ်း Salem မြို့ငယ်လေးက Salem Witch Museum ပါ။ လေးနာရီခွဲမှာ ပြသတဲ့ ရှိုးကြည့်ဖို့ ခန်းမဆောင်ထဲဝင်တော့ မှောင်ပိန်းနေတာပဲ။ မန်ဒရင်၊ ကန်တုန်စကားပြော နားကြပ်လေးတွေ ဝေပါတယ်။ အနားကနေ တံမြက်စည်းစီးထားတဲ့ စုန်းမကြီး ပျံသွားလေမလား၊ ဝတ်ရုံနက်ခြုံထားတဲ့ မျက်နှာစိမ်းစိမ်းကြီး ရုတ်တရက် အနားရောက်လာလို့ လန့်အော်လေမလား။ ကိုယ်ထင်တာတွေ တခုမှ မဟုတ်ဘူး။ အရုပ်တွေကို မီးထိုးပြပြီး ရှင်းပြနေတာများ လန့်ဖို့နေနေသာသာ ပျင်းလွန်းလို့ သမ်းတောင်သမ်းတယ်။

ဘော်စတွန် မြို့လယ်ကောင်
နာမည်ကြီး ဘော်စတွန်ဒက်တိုး Boston Duck Tour

ပြီးရင် ပြတိုက်ဂိုက်ကောင်လေးက စုန်းအကြောင်းတွေ ရှင်းပြပါတယ်။ တံမြက်စည်းစီး၊ မျက်နှာအစိမ်းရောင်ခြယ် ကြောင်နက်လေးကို ပခုံးထက်မှာ ချီထားတဲ့ စုန်းတွေအကြောင်း။ ၁၉၉၀ လောက်အထိ တရားစွဲဆို ကွက်မျက်ခံရတဲ့ စုန်းတွေအကြောင်း၊ ညည့်သန်းခေါင်ယံ တောအုပ်ထဲ လမ်းလျှောက်ရင်း ဝိညဉ်တွေနဲ့တွေ့လို စုန်းအတတ်ပညာ ရသွားတဲ့သူတွေအကြောင်း စိတ်ဝင်စားဖို့ကောင်းသား။ ကိုယ်တို့ငယ်ငယ်တုန်းက  ကိုယ်တိုင်ကြုံဖူးတာလည်းမဟုတ် ကြားဖူးနားဝ စိတ်ကူးယဉ်ပြီး ထင်ရာမြင်ရာတွေနဲ့စုန်း၊ သရဲပုံပြင်တွေ ပြောကြတယ်။ ပြီးရင် ကြောက်လို့အိမ်သာ မသွားရဲတော့ဘူး။နယ်မှာ အိမ်သာတွေက အိမ်ရဲ့အဝေးမှာ ရှိတယ်။ မီးစုန်းလေး ဖျပ်ခနဲ လက်လိုက်ရင်ပဲ ပုံပြင်ထဲက ညဖက်ထွက်တတ်တဲ့ ချီးစားစုန်း၊ သရဲခေါင်းပြတ်ကြီးတွေများလား။ မျက်လုံးကို စုံမှိတ်လို့ တွေးမိတာနဲ့ ကြောက်တယ်။ တကယ်တော့ အဲဒါ ပိုးစုန်းကြူး ဖြစ်နေတယ်။

အရင်ခေတ်တုန်းက စုန်းလို့ စွပ်စွဲခံရသူတွေက ဆေးကုသပေးသူ Healer တွေပါ။ ဆေးပေးမှားလို့ပဲဖြစ်ဖြစ်၊ ကုလို့မရတော့ ရင်ဘဲဖြစ်ဖြစ် လူနာသေသွားခဲ့ရင် စုန်းလို့စွပ်စွဲခံရတယ်။ နောက်တော့ ဆေးပညာတွေ တိုးတက်လာတာရော၊ ဆရာဝန်တွေ များလာတာကြောင့် သူတို့က ပေါ်ပြူလာ မဖြစ်တော့ဘူး။ အဲဒီမြို့မှာ စုန်းလို့ထင်ရတဲ့သူတွေဟာ သာမာန်လူတွေလိုပဲ နေထိုင်ပါတယ်။ သူတို့ယုံကြည်တဲ့ ဘာသာရေး ထုံးထမ်းစဉ်လာတွေကို လိုက်နာပါတယ်။ မြို့ထဲက ဆိုင်တွေမှာ အဲဒီဘာသာရေးဆိုင်ရာစာအုပ်တွေ၊ အသုံးအဆောင်တွေကို တွေ့ရပါလိမ့်မယ်လို့ ဂိုက်က ရှင်းပြတယ်။ ဘာသာရေးပွဲတော်တွေရှိရင် ဝတ်ရုံကြီးတွေ ဝတ်ဆင်လေ့ရှိပါသတဲ့။

အဲဒီ ဦးထုပ်လေးဆောင်းပြီး ဓာတ်ပုံ ရိုက်ကြတယ်

စလမ်း Salem ကနေ မိန်းပြည်နယ် ဝါးတားဗီလ် Waterville မြို့လေးဆီ တောက်လျှောက်မောင်းပြီး အဲဒီမှာ ညအိပ်မှာပါ။ မနေ့ညက အိပ်ရေးပျက်တာရော၊ ပရောဂျက်ပြီးပြီမို့ ကလိုင်းရင့် အမ်တီအေရုံးရဲ့ ဆာဗာအသစ်မှာလည်း တင်ရော ရုတ်တရက် Excel sheet တွေက Error ပြလို့ ခေါင်းတောက်အောင် ဖြေရှင်းရတာမို့ အရင်ရက်တွေတုန်းက ပင်ပန်းထားတာတွေကို အတိုးချပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်တာကို ဘေးက တရုတ်မက နင် တော်တော် အိပ်နိုင်တာပဲနော်တဲ့။ နိုးလာတော့ မိန်းပြည်နယ်ထဲ ရောက်နေပြီ။ မိုးက သည်းသည်းမည်းမည်း ရွာနေဆဲ။ ဟိုင်းဝေးလမ်းမတလျှောက်က ပင်လယ်ကမ်းရိုးတန်း၊ တခြားပြည်နယ်တွေထက် သစ်ပင်တွေ ထူထပ်တာကို သတိမထားမိဘဲ မနေနိုင်ဘူး။ ဂျူလှိုင် ၄ ပိတ်ရက်မို့ ဆိုင်တွေတော်တော်များများ ပိတ်ပါတယ်။ ဟိုတယ်နားက ဝေါမတ် Wallmart စားသောက်ဆိုင်၊ Ruby Tuesday ဆိုင်တွေ ည ၉  နာရီလောက်ထိပဲ ဖွင့်မှာမို့ ဟိုတယ်ရောက်တာနဲ့ အနားမယူဘဲ ညနေစာ ထွက်စားဖို့ ဂိုက်က သတိပေးပါတယ်။

3 stars ဟိုတယ်ဆိုပေမဲ့ အတော်လေးကောင်းသား နှစ်ယောက်အိပ်ကုတင် နှစ်ခုပါတဲ့ အခန်းကို တစ်ယောက်တည်းယူရလို့ ဈေးကြီးတာ။ ဟိုတယ်အခန်းက ကိုယ်တို့နယူးယောက်တိုက်ခန်းလောက် ကျယ်တယ်။ အထုပ်ချပြီး ထွက်တော့ ရှေ့က ကောင်မလေးနှစ်ယောက်ကို ညနေစာ ဘယ်မှာသွားစားမှာလဲလို့မေးတော့ ဟိုတယ်ဘေးက Gorvenor စားသောက်ဆိုင်မှာ သွားစားမှာတဲ့။ ကိုယ်က တစ်ယောက်တည်း ခရီးထွက်လာတာ ညနေစာ အတူလိုက်စားလို့ရမလားမေးတော့ ဝဲကမ်းပါတဲ့။ မိတ်ဆက်ကြတော့ တစ်ယောက်က ဗီနီဇွဲယားသူ စတား (နာမည်ရင်းက ခေါ်ရခက်လို့ သူ့နာမည်က စတားလို့ အဓိပ္ဗာယ်ရလို့ စတားလို့ ခေါ်ပါတဲ့)၊ နောက်တစ်ယောက်က ထောင်ထောင်မောင်းမောင်း အာရှသူလို့ ထင်ရတဲ့ ပါရာဂွေးသူ ပက်ထရီရှာ။ ကိုယ်က မြန်မာဆိုတော့ စတားက သူ့သူငယ်ချင်း အေမီက မြန်မာတဲ့၊ မြန်မာနိုင်ငံအကြောင်း၊ အမေစုအကြောင်း၊ နယူးယောက်မက်ဟန်တန်က ကက်ဖေးမင်္ဂလာ Cafe Mingala မြန်မာစားသောက်ဆိုင်အကြောင်း သိတယ်။

Famous Lobster Roll & New England Chowder 

မယ်စကြဝဋ္ဌာပြိုင်ပွဲမှာ ဗီနီဇွဲလားမယ်တွေက အမြဲတမ်း  Top 4 မှာ ပါတယ်နော်လို့ပြောတော့ သူတို့နိုင်ငံမှာ အမျိုးသမီးငယ်တိုင်းရဲ့ ရည်မှန်းချက်က မယ်စကြဝဋ္ဌာပြိုင်ပွဲဝင်ဖို့တဲ့။ ချောချောလှလှလေးဆိုရင် အေဂျင်စီတွေက မယ်ပြိုင်ပွဲဝင်ဖို့ လာကမ်းလှမ်းတာတဲ့။ မယ်သင်တန်းကျောင်းတွေကလည်း များမှများ အပြိုင်အဆိုင်။ မလှရင်လည်း ကိစ္စမရှိပါဘူးတဲ့ ပလပ်စတစ်ဆာဂျင်ရီနဲ့ ခွဲစိတ်ပြ ုပြင်လိုက်တော့ အားလုံးလှသွားတာပါပဲတဲ့။ သူ့အစ်ကို သူငယ်ချင်းမလေးက အရပ်ရှည်ရှည် ချောချောလှလှလေး။ ကျောင်းက မယ်ပြိုင်ပွဲပြီးတော့ အေဂျင်စီက လာဆက်သွယ်ပြီး မယ်စကြဝဋ္ဌာ ပြိုင်ပွဲဝင်ဖို့ တိုက်တွန်းတယ်တဲ့။ ပလပ်စတစ်ဆာဂျင်ရီလုပ်ဖို့ ပြောတာ သူက လုံးဝမလုပ်ဘူးလို့ ငြင်းသတဲ့။ နောက်တော့ဝင် မယ်စကြဝဋ္ဌာဖြစ်သွားတယ်တဲ့။ အဲဒီမယ်နာမည်ကို မမေးလိုက်မိဘူး။ ဗီနီဇွဲလားမှာ အပြင်သွားမယ်ဆိုရင် မိတ်ကပ်၊ ဝတ်စားကောင်းလှ ဝတ်ပြီးမှ သွားကြတာတဲ့။ ခုလိုမျိုး မျက်နှာပြောင်၊ တီရှပ်၊ ဂျင်းပင်နဲ့ ဘယ်တော့မှ အပြင်မသွားဘူးတဲ့။ ရုံးပိတ်ရက်တွေဆိုရင် ဆံသဆရာကို ဖုန်းဆက်ခေါ်ပြီး အိမ်မှာပဲ ဆံပင်အလှပြုပြင်ကြတာ ထုံးစံပါတဲ့။

ဗီနီဇွဲလားမှာ ဘယ်နေရာကို သွားလည်ပတ်ဖို့ ညွှန်းချင်လဲဆိုတော့ ပင်လယ်တဲ့။ အမေရိကန်ကို ရန်သူလို သဘောထားတဲ့ ဗီနီဇွဲလားသမ္မတ ဟူကိုချက် သေသွားပြီနော်။ နောက်တက်လာတဲ့ သမ္မတက ဘယ်လိုလဲမေးတော့ ထူးမခြားနားပါပဲတဲ့။ ပါရာဂွေးသူကတော့ ပါရာဂွေး နယ်စပ်နားက ဘရာဇီး၊ အာဂျင်တီးနား နိုင်ငံတွေကြားက Iguazu ရေတံခွန်ကို ညွှန်းပါတယ်။ ဗင်နီဇွဲလားနဲ့ ပါရာဂွေး ဘယ်လိုမိတ်ဆွေဖြစ်တာလဲလို့မေးတော့ လုပ်ဖော်ကိုင်ဖက်တွေတဲ့။ ဘယ်လုပ်သလဲမေးတော့ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ကြတဲ့သူတွေတဲ့။ မန်နေဂျာက ဘလူးဘယ်ရီပိုင်း Blueberry Pie ၊ လော့စတာ Lobster စားဖြစ်အောင်စားဖို့ မှာတာကြောင့် Lobster Roll နဲ့ Chowder လို့ခေါ်တဲ့ နယူးအင်္ဂလန်စွပ်ပြုတ်မှာတာ အတော်စားကောင်းတယ်။ အနီးအနားက ဝေါမတ် Wallmart ကို အညောင်းပြေ အညာပြေ လမ်းလျှောက်ကြတယ်။ နယူးယောက်မြို့မှာ ဝေါမတ်စတိုး မရှိဘူး။

credit to Google - Iguazu Falls
credit to Google - Iguazu Falls

တီရှပ် ၁ ထည် သုံးကျပ်၊ ဂျင်းဘောင်းဘီ ၁ ထည် ၃ ကျပ်၊ ၅ ကျပ် တန်လို့တဲ့ ဝယ်ကြတယ်။ တလောကပဲ နယူးယောက်မှာ ပက်ထရစ်ရှာ တီရှပ် ၁ ထည် ဝယ်တာ ၃၀ ပေးရတယ်တဲ့။ ဝေါမတ်မှာဆိုရင် ၁၀ ထည်လောက် ဝယ်လို့ရတယ်။ ကမ်းခြေမှာ ရေကူးဝတ်စုံ၊ စက်ဆီဂါဝန်လေးတွေဝတ်ပြီး ဓာတ်ပုံရိုက်မဟဲ့လို့ ကြံစည်ထားတဲ့ ပါရာဂွေးသူရဲ့အကြံ အထမမြောက်လိုက်ပါဘူး။ မိုးက သည်းသည်းမည်းမည်းရွာ လေထန်နေလို့ နည်းနည်းတောင် အေးစိမ့်နေသေးတယ်။ ရေကူးဝတ်စုံ၊ စက်ဆီဝါဝန်လေးတွေပဲ ယူလာတဲ့ ပါရာဂွေးသူ ဝေါမတ်မှာ အနွေးထည် ရှာပုံတော်ဖွင့်တော့ နွေရာသီမို့လို့ အနွေးထည် မရှိပါဘူးတဲ့။ ဒီတော့ လက်ရှည်အင်္ကျီ တစ်ထည်ဝယ် အပေါ်ကနေ ရှပ်အင်္ကျီတထပ် ထပ်ဝတ်၊ ပါဝါလေးပတ်ပြီး စတိုင်ထုတ်တယ်။ ကိုယ်တို့ကားပေါ်က  ဖိလစ်ပိုင်မတွေလည်း ဝေါမတ်မှာ လျော့ပင်းနေတာတွေ့တယ်။

Salem Witch Museum က ပြပွဲက ပျင်းဖို့ကောင်းလိုက်တာလို့ဆိုတော့ သူတို့လည်း အဲဒီလို တွေးတယ်တဲ့။ ၃ ဒီ ရုပ်ရှင်သာဆိုရင် စိတ်ဝင်စားဖို့ကောင်းမှာ။ စတားက အေးလေ အရုပ်တွေက တုပ်တုပ်မှ မလှုပ်တာ။ နည်းနည်းလေး လှုပ်ရင်တောင် စိတ်ဝင်စားဖို့ ကောင်းမှာ။ ဘော်စတွန် ဟာဘားခရှုကလည်း ပျင်းစရာ ကောင်းလိုက်တာနော်။ ဘော်စတွန်မှာ ဝမ်းကွဲအမျိုးတွေရှိတဲ့ စတားက ဘော်စတွန်ကို အခေါက်ခေါက် ရောက်ဖူးပြီးသားမို့လို့ ဘော်စတွန်ဟာဘားခရှုကို  မစီးပါဘူးတဲ့။ ဟိုတယ်ရောက်တော့ ည ၁၁ နာရီ ထိုးပြီး။ ရေချိုးပြီး အိပ်လိုက်တာ မနက် ၆ နာရီခွဲ မော်နင်းကော ကလင် ကလင် ဖုန်းသံအကျယ်ကြီး ထမြည်တော့မှ နိုးတော့တယ်။ ဒုတိယနေ့ ဘားဟာဘား Bar Harbor ဆီ သွားတဲ့အကြောင်း အပိုင်း ၂ မှာ ဆက်ပါမယ်။

Happy Traveling !
စန်းထွန်း
ဂျူလှိုင် ၁၇၊ ၂၀၁၄။