ရိုးလက်ဇ်...

ရိုးလက်ဇ်နာရီ...
တချိန်တုန်းက ကျွန်တော် အရမ်းလိုချင်ခဲ့တဲ့ နာရီ...
ခုတော့ ကျွန်တော် အမုန်းဆုံးနာရီ...

ကျွန်တော်တို့ရွာမှာဆိုရင် နာရီမလိုဘူးဗျ။ ရွာသေးသေးလေးဆိုတော့ အချိန်းအချက်လုပ်ပြီးမှ သွားစရာမလို။ ကိစ္စရှိရင် သူ့အိမ်ကို ဒါမှမဟုတ် ဒီအချိန် သူ ဘယ်နေရာမှာ ရှိနေမလဲလို့  ခန့်မှန်းပြီး သွားလိုက်တာပဲ။ ရွာသားတွေ ဆုံရပ်ဆိုတာကလည်း ညနေမြို့သင်္ဘော ဝင်လာရင် လက်ဖက်ရည်မှာမသောက်ဘဲ အလကားရတဲ့ ရေနွေးကြမ်းသောက်ပြီး လေပန်းကြတဲ့ ဆရာလေး လက်ဖက်ရည်ဆိုင်၊ ညနေဆိုရင် စည်ကားတတ်တဲ့ ကိုချက်ကြီး အရက်ဆိုင်၊ ရွာထိပ်ဘုန်းကြီးကျောင်းပဲ ရှိတယ်။ ဒီနေရာတွေမှာ မတွေ့လို့ကတော့ လမ်းမှာတွေ့တဲ့ လူတယောက်ကို လှမ်းမေးလိုက်။ ဘယ်သူဘယ်ဝါကို ဘယ်မှာတွေ့ခဲ့တုန်း တွေ့ရင် ဘယ်မှာ စောင့်နေတယ်လို့ လူကြုံပါးလိုက်တာပဲ။

မြို့မှာ အထက်တန်းကျောင်း သွားတက်တော့ နာရီလိုလာတယ်။ ဘယ်သူဘယ်ဝါကို ဘယ်မှာစောင့်နေတယ်လို့ လူကြုံပါးလို့မရတော့ဘူး။ ကျောင်း၊ ကျူရှင် အချိန်မှီ ရောက်ဖို့၊ ချိန်းထားတာတွေ နောက်မကျစေဖို့၊ အချိန်နဲ့အညီ လှုပ်ရှားရုန်းကန်ရတဲ့ မြိ ု့ကိုရောက်တော့ အဖေက ကျွန်တော့်ကို နာရီတစ်လုံး ဝယ်ပေးတယ်။ စတီးကြိုးပြား၊ ဒိုင်ခွက်အဝိုင်းလေးနဲ့စင်တီဇင်နာရီလေးကို ကျွန်တော် သိပ်သဘောကျတာပဲ။ အပြင်သွားစရာရှိရင် အဲဒီနာရီလေးမပါဘဲ မသွားဘူး။  နှုတ်ခမ်းနီအမြဲဆိုးတဲ့ မိန်းကလေးတွေ နှုတ်ခမ်းနီ မဆိုးထားတဲ့နေ့ဆိုရင် နေမကောင်း ဖြစ်နေသလို၊ ဖြူပတ်ဖြူလျော် ဖြစ်နေသလို၊ တခုခုလိုနေတယ် ခံစားရသလို နာရီမေ့ပြီး မပတ်သွားတဲ့နေ့တွေဆိုရင် ကျွန်တော်လည်း တခုခုလိုနေတယ်လို့ခံစားရတယ်။

ဓာတ်ခဲအသစ်လဲလိုက်၊ စက်ရပ်သွားရင် နာရီပြင်ဆိုင်ပို့လိုက်နဲ့သူငယ်ချင်းတွေက နာရီအသစ်လဲဖို့၊ အဖိုးနှုန်းသင့်တဲ့ နာရီလေးတွေ၊ ဈေးမှန်ပစ္စည်းမှန်တဲ့ နာရီဆိုင်တွေ၊ အသစ်မဝယ်ချင်ရင်လည်း တပတ်နွမ်းနာရီလေးတွေ ရတတ်တဲ့နေရာတွေကို ညွန်တတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင်က အဲဒီနာရီလေးကို တန်ဖိုးထားနေတာ။ မြို့ကျောင်းတက်တော့ အမှတ်တရ အဖေ ဝယ်ပေးတဲ့ နာရီလေးကိုး။ မွေးနေ့လက်ဆောင်အဖြစ် ချစ်သူက နာရီလက်ဆောင်ပေးတော့မှပဲ အဲဒီနာရီလေးနဲ့ အပြီးအပိုင် လမ်းခွဲတော့တယ်။ မခွဲလို့လည်း မရတော့ဘူးဗျ နာရီပြင်ဆရာကတောင် တန်ဖိုးထက် လက်ခများတော့မယ် အသစ်ဝယ်တော့ ငါ့အသိဆိုင်တွေ ညွှန်ပေးမယ်လို့ ပြောလာပြီကိုး။


အဲဒီနာရီလေးကို အံဆွဲထဲမှာ သိမ်းလိုက်ပြီး ချစ်သူပေးတဲ့ သားရေကြိုး၊ ဒိုင်ခွက်ပြားပြားလေးနဲ့ ဆီကိုတံဆိပ် နာရီလေးကို ပတ်တော့တယ်။ စတီးကြိုးလို မလေးတော့ ပေါ့ပေါးပါးပါး ရှိတာကို ကြိုက်တယ်။ အားနည်းချက်က စတီးကြိုးလို တာရှည်မခံဘူးဗျ။  ကျွန်တော်ကလည်း သားရေကြိုးများ ကိုက်စားပစ်လား ထင်ရအောင် သားရေကြိုးများ ခဏခဏ လဲရတယ်။ မွေးနေ့လက်ဆောင် နာရီသားရေကြိုး ပြတ်သလိုပဲ ကျွန်တော်တို့ အချစ်ဇာတ်လမ်းလည်း ပြတ်လိုက်၊ ပြန်တပ်လိုက်။ လူတိုင်းနိုင်ငံခြားသွား အလုပ်လုပ်ဖို့ပြင်ဆင်နေကြတဲ့အထဲမှာ ကျွန်တော် မပါဘူးလေ။ ရထားတဲ့ဘွဲ့နဲ့ အလုပ်ရှာရခက်တော့ သင်တန်းတွေတက်ရင်း အလုပ်တခုရဖို့ အသည်းအသန် ရှာနေချိန်ပေါ့။ ချစ်ပေမဲ့ မကြီးပွားမတိုးတက်ချင်တဲ့ ကျွန်တော့်ကို ချစ်သူက အားမရဘူးတဲ့။ ချစ်သူ နိုင်ငံခြားထွက်ဖို့ ပြင်ဆင်နေကတည်းက ကျွန်တော် တွေးမိပါတယ်။ သူ့နောက်လည်း ကျွန်တော် မလိုက်နိုင်၊ ကျွန်တော့်နားလည်း သူမနေနိုင်။ ဒီလိုနဲ့ ကျွန်တော်တို့ ဝေးကြလိမ့်မယ်လို့။

ချစ်သူပါတဲ့လေယာဉ် ဟိုးအဝေးကြီးကို ထွက်ခွာသွားတော့ ကျွန်တော့်အသည်းနှလုံးတွေ ကွဲကြေသွားတော့တာပဲ။ သူနဲ့ကျွန်တော်က သူငယ်ချင်းကနေ ချစ်သူတွေ ဖြစ်လာတဲ့ သူငယ်ချင်းချစ်သူတွေ။ တိုးတက်ကြီးပွားချင်တဲ့သူက ကျွန်တော့်ကို ကြိုးစားဖို့၊ သင်တန်းတွေတက်ဖို့ နားပူနားဆာတိုက်တွန်းလို့ ကျွန်တော် ပြံပြုံးနေရင် သူ ဒေါပွပုံလေးက တကယ်ချစ်ဖို့ကောင်းတာဗျ။ ခွဲခွာကာစတုန်းက ဟာတာတာနဲ့ အတော်နေလို့ မကောင်းတာ။ သူကတော့ ကျောင်းသင်ခန်းစာ၊ အချိန်ပိုင်းအလုပ်တွေနဲ့ ကျွန်တော့်ကို သတိရဖို့ နေနေသာသာ ပင်ပန်းလွန်းလို့ ရထား၊ ကားပေါ်မှာ အိပ်ပျော်တယ်တဲ့။ ကမ္ဘာကြီးရဲ့ တခြမ်းစီမှာ ရှိနေတော့ အချိန်မတူ၊ အွန်လိုင်းမလာလို့ဒေါသထွက်နေရင်းက သူ့ကို သနားသွားတယ်။ သူ အားတဲ့အချိန် ကျွန်တော် မအား၊ သူ အားတဲ့အချိန် ကျွန်တော် မအားနဲ့ ကျွန်တော်တို့ကြားက ချစ်ခြင်းမေတ္တာကြိုးတွေ လျော့လာတယ်။ သူက လမ်းခွဲချင်ပါတယ်လို့ တောင်းဆိုလာချိန်က ကျွန်တော် မျှော်လင့်ထားတာတက် နောက်ကျနေတယ်။

အသိတွေ၊ အကပ်တွေနဲ့ ကျွန်တော်လည်း ရုံးစာရေး အလုပ်ကလေးရဖို့ အသည်းအသန် ကြိုးစားရတယ်။ အလုပ် ၁၀ နေရာဆိုရင် လျှောက်ကြတာက ၁၀၀၀၊ အင်တာဗျူးဆိုရင် ကျွန်တော့်ထက် ဘွဲ့လက်မှတ်၊ ဒီဂရီ ရထားသူတွေချည်းပဲ။ ကံကောင်းလို့ ဒီအလုပ်လေးရတာ။ ကျွန်တော်လည်း အရင်လို နာရီအမြဲမပတ်တော့ဘူး ဖုန်းမှာ ကြည့်လို့ ရတာကိုး။ ဒီလိုနဲ့ နာရီကို မေ့မေ့ပျောက်ပျောက် ဖြစ်နေရာက နာရီခရေဇီ ဖြစ်သွားရတာက ကျွန်တော့်သူငယ်ချင်းလက်က နာရီကြောင့်ဗျ။ ကျွန်တော် မြို့ကျောင်းပြောင်းလာတော့ သူနဲ့ စသိတာ။ ငွေကြေးတတ်နိုင်တဲ့ မိသားစုဆိုတော့ သုံးနိုင်၊ ဖြုန်းနိုင်၊ ကြွားနိုင်တဲ့သူကို တခြားသူငယ်ချင်းတွေက အမြင်ကပ်ကြပေမဲ့ စရိုက်တူလို့လားတော့ မသိဘူး သူနဲ့ကျွန်တော် အတော်တွဲမိသား။ သူ နိုင်ငံခြားက ပြန်လာခါက သူငယ်ချင်းတွေ ဆုံကြ၊ စားကြ၊ သောက်ကြ၊ ကဲကြတော့ သတိထားမိတာက သူ့လက်က နာရီဗျ လှလိုက်တာဗျာ။ ဒီလောက်လှတဲ့ နာရီမျိုး မမြင်ဘူးပေါင်။ မေးကြည့်တော့ ရိုးလက်ဇ်နာရီတဲ့။ ဝထ္ထုတွေထဲမှာ ရိုးလက်ဇ်နာရီလို့ သိထားတာ ခုမှပဲ သေချာမြင်ဖူးတော့တယ်။ အဲဒီကတည်းက ရိုးလက်ဇ်ရောဂါ စွဲတော့တာပဲဗျို့။ နာရီဆိုရင် ရိုးလက်ဇ်မှပဲ ပတ်ချင်တော့တယ်။


အဲ ရိုးလက်ဇ်နာရီနဲ့တူတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်သွားတယ်။ ရိုးလက်ဇ်မလေးဆိုလို့ အဲဒီမိန်းကလေးက ရိုးလက်ဇ်နာရီ မဝတ်ထားဘူးဗျ။ ဘာနာရီမှကို မဝတ်ထားတာ။ ရိုးလက်ဇ်နာရီလို တမူထူးခြားတဲ့ ရုပ်ကလေးနဲ့ အဝတ်အစား၊ အနေအထိုင် အထက်တန်းကျတယ်။ သူ့နာမည်လည်း ကျွန်တော် မသိတော့ ကျွန်တော်လိုချင်တဲ့ ရိုးလက်ဇ်နာရီကို ဖျပ်ခနဲသတိရပြီး ကျွန်တော်လိုချင်တဲ့ ရိုးလက်ဇ်နာရီမလေးလို့ တိတ်တိတ်လေး နာမည်ပေးထားတာ။ ရိုးလက်ဇ်နဲ့ ကျွန်တော် စတွေ့တာ တခုသော နွေရက်မနက်ခင်းမှာပေါ့။ ဘူတာကြီးဘေး ကားပါးကင်ဝင်းကနေ ဘူတာကြီးဆီရောက်တဲ့ ဖြတ်လမ်းလေးကို လူတော်တော်များများ မသိကြဘူး။ အဲဒီဖြတ်လမ်းလေးကို အသုံးပြုတဲ့သူ တော်တော်နည်းတယ်။ မနက်တိုင်း ရုံးဆီလာတော့ စာအိတ်တွေကို သွားထုတ်ချိန် ရိုးလက်ဇ်နဲ့ ဆုံတတ်တယ်။ သူက ကျွန်တော့်ကို သတိထားမိပုံ မပေါ်ဘူး ရုံးနောက်ကျမှာစိုးလို့ သုတ်သုတ်ပြေးနေတာကိုး။

တခါတုန်းက ရိုးလက်ဇ်က အဆောက်အဦးထဲကအထွက် ကျွန်တော်က အဝင် တိုက်မိမလိုဖြစ်လို့ ရိုးလက်ဇ် လန့်အော်သေးတယ်။ ဆော်ရီးလို့ပြောပြီး ထုံးစံအတိုင်း သုတ်သုတ်ပြေးတော့တာပဲ။ ရိုးလက်ဇ်ကနေ သုတ်သုတ်လို့ နာမည်ပြောင်းရတော့မယ် ထင်တယ်။ သူတော့ မသိဘူး ကျွန်တော်ကတော့ ရင်တွေ တလှပ်လှပ်ခုန်လို့။ အနီးကပ် တွေ့လိုက်ရတော့မှ မျက်ခုံးထူထူတန်းတန်း၊ မျက်လုံးနက်နက်ဝိုင်းဝိုင်း၊ မေးစေ့ချွှန်ချွှန်၊ ဆံပင်နက်နက် စင်းစင်းလေးတွေနဲ့ အတော်လှတယ်ဗျ။ ကျွန်တော်ကြိုက်တဲ့ My Sassy Girl ကိုရီးယားရုပ်ရှင်ထဲက မင်းသမီးနဲ့ တူတယ်။ အဲဒီလမ်းကြားကလေးကနေ ရိုးလက်ဇ်  ဖြတ်သွားတာကို စောင့်ကြည့်ဖို့ အဲဒီနားတဝိုက်မှာ ကျွန်တော် ရှိနေတတ်တယ်။ ရုံးဝတ်စုံ အမြဲဝတ်တတ်ပေမဲ့ တခါတလေ ဒိတ်များရှိလား မသိဘူး ဂါဝန်တွေဘာတွေနဲ့ တခြားနေ့တွေထက် ပိုလှနေတတ်တယ်။ အဲ ဒါနဲ့ မလိုက်ဖက်တာက ကျောပိုးအိတ်။ မိန်းကလေးဆန်ဆန် ဘေးလွယ်အိတ်နဲ့သာဆိုရင် ပိုပြီးဖက်ရှင်ကျမလားဘဲ။ ကွန်ပျူတာ၊ ရုံးအလုပ်တွေ သယ်ရတာနဲ့ တူပါနဲ့။ အဲဒီကျောပိုးအိတ်လေး ကူသယ်ပေးချင်လိုက်တာ။ သောကြာနေ့ဆိုရင် ဂျင်းဘောင်းဘီ၊ All stars ဖိနပ်နဲ့ မြီးကောင်ပေါက်မလေးလို လွတ်လပ်ပေါ့ပါးနေပြန်တယ်။

သူကပဲ သတိမထားမိတာလား၊ တိတ်တိတ်ကလေး စောင့်ကြည့်ရတာကိုပဲ ကျွန်တော်က နှစ်သက်လေတာလား၊ ဒီထက်ပိုပြီး သိကျွှမ်းရင်းနှီးအောင်လုပ်ဖို့ ကျွန်တော်ကပဲ အားမထုတ်လေတာလား မသိ။ နှစ်လ၊ သုံးလ ကြာတဲ့အထိ တိတ်တိတ်လေး စောင့်ကြည့်တဲ့အဆင့်ကနေ တိုးမလာခဲ့။ အချိန်တွေ ကြာလာတဲ့အမျှ ကျွန်တော့် ရိုးလက်ဇ်ဝေဒနာလည်း တိုးလာခဲ့တယ်။ သူ့နာမည် ဘယ်လိုခေါ်သလဲ၊ ဘယ်မှာနေတာလဲ၊ ဘာတွေကို စိတ်ဝင်စားလဲ၊ ဘယ်လို သူငယ်ချင်းတွေ ရှိသလဲ၊ ငယ်ငယ်တုန်းက ဘယ်လိုကြီးပြင်းခဲ့လဲ၊ ဘာအစားအစာတွေ ကြိုက်သလဲ၊ ဘာသီချင်းတွေ ကြိုက်သလဲ၊ ဘာစာအုပ်တွေ ဖတ်သလဲ။ သူနဲ့ ပက်သတ်လို့ အို...ကျွန်တော် သိချင်တာတွေ အများကြီး။

သူနဲ့ကျွန်တော် ချစ်သူတွေဖြစ်ရင် တခြားချစ်သူစုံတွဲတွေလို အင်္ကျီဆင်တူ၊ နာရီဆင်တူဝတ်မယ်။ တယောက်ကို တယောက် ခွံ့ကျွှေးမယ်။ တညလုံး မအိပ်ဘဲ ဖုန်းပြောမယ်။ တခုတည်းသော ကျွန်တော် ချက်တတ်တဲ့ အီတလီပါစတာ သူ့ကို ချက်ကျွှေးမယ်။ ရန်ဖြစ်ကြ၊ စိတ်ကောက်ကြမယ်။ ရုပ်ရှင်ရုံ၊ ပြတိုက်၊ ပန်းခြံ၊ ဘုရားအတူတူ တက်မယ်။ ရေကန်ဘေးနားမှာ ပစ်ကနစ်ထွက်ရင် ကျွန်တော်က ငါးမျှား၊ သူက စာအုပ်လေးတစ်အုပ်နဲ့ အေးအေးလူလူ အနားယူ။ တောင်အမြင့်တွေ တက်တဲ့အခါ သူ့အတွက် လက်ကိုကမ်းလင့်ကို ဖေးမတွဲခေါ်ယူ။ ပင်လယ်ကမ်းစပ်၊ ရေကန်ဘေး၊ သစ်တောအုပ်လေးထဲ သူ့လက်ကလေး ဆွဲကိုင်လို့ အတူတူ လမ်းလျှောက်မယ်။ သီချင်းတွေ အတူတူနားထောင်၊ စာအုပ်အတူတူဖတ်၊ ဘောလုံးပွဲ၊ ရုပ်ရှင် အတူတူကြည့်။ သူနဲ့တူတဲ့ သမီးလေးတစ်ယောက်၊ ကျွန်တော်နဲ့တူတဲ့ သားလေးတစ်ယောက်မွေးပြီး  ဆံတွေဖြူ သွားကျိုးတဲ့အထိ အတူတူ အိုမင်းချင်တယ်။ ကျွန်တော့် စိတ်ကူးအိမ်မက်တွေ၊ ဟော့ဒီရင်ဘတ်ထဲက အချစ်တွေကို ရိုးလက်ဇ်လေး သိမှသိပါလေစ။

အရင်တုန်းက ပိတ်ရက်တွေဆို လက်ဖက်ရည်ဆိုင်ထိုင်၊ ဂိမ်းကစား၊ သူငယ်ချင်းတွေနဲ့ဟိုယောင်ယောင် ဒီယောင်ယောင်၊ စာအုပ်လေးဖတ်လိုက်၊ နှပ်လိုက်၊ ဘောလုံးပွဲလေး ကြည့်လိုက်။ ခုပိတ်ရက်တွေမှာတော့ လျှော့ပင်းမောလ်တွေဆီ ကျွန်တော် ခြေဦးလှည့်နေတတ်တယ်ဗျ။ ရိုးလက်ဇ်လေး အမြင်မှာ သပ်သပ်ရပ်ရပ် သားသားနားနားလေး ဖြစ်ချင်၊ ရှိုးထုတ်ချင်နေတာပေါ့။ တကယ်တော့ ရိုးလက်ဇ်လေးက ကျွန်တော့်ကို သတိတောင်ထားမိရဲ့လား မသိဘူး။ အို သူ့ဘာသာ သတိထားမိမိ မမိမိ အပြတ်ရှိုင်းနေဖို့ အဓိက။ ဒါမှ ရိုးလက်ဇ်လေး ခိုက်မှာ။ လည်ကတုံး အဖြူရောင်လေးက ဝါကျင်နေပြီ။ အသစ်ဝယ်ဦးမှပဲ။ ကချင်ပုဆိုး၊ ကတ္တီပါဖိနပ်လည်း ဟောင်းနေပြီ။ လည်ကတုံးက အရေးကြီးတယ် ကျန်တာတွေက နောက်လမှ ဝယ်လည်းရတယ်။ ဖိတ်ဖိတ်လက်နေတဲ့ နာရီဆိုင်ရှေ့က ဖြတ်သွားတော့ ကျွန်တော့် မျက်စိထဲ ကပ်ညှိလာတာက ကျွန်တော် အကြိုက်ဆုံး အင်္ဂလိပ်ပရီးမီးယားလိခ် ဘောလုံးသမားနဲ့ ကြေငြာထားတဲ့ ရိုးလက်ဇ်နာရီ ကြေငြာဆိုင်းဘုတ်။ ဒါနဲ့အဲဒီဆိုင်ထဲ မယောင်မလည် ဈေးနှုန်းစုံးစမ်းဖို့ ဝင်တယ်။ လစဉ်နည်းနည်းခြင်း စုသွားရင် ခြောက်လ၊ တစ်နှစ်လောက်ဆို ဝယ်နိုင်ကောင်းပါရဲ့။

လှလိုက်တဲ့ နာရီတွေဗျာ။ အကုန်လုံး လှနေတာများ ခုခေတ် မိန်းကလေးတွေအတိုင်း။ ဘောလုံးသမားကြေငြာတဲ့ နာရီကိုရှာတာ မတွေ့လို့ အရောင်းစာရေးမလေးကို ဆိုင်းဘုတ်လက်ညှိုးထိုးပြပြီး အဲဒီနာရီ ကြည့်ချင်တယ်လို့ ပြောလိုက်တော့ ငတိမလေးက ခေါင်းအစခြေအဆုံး ကြည့်တဲ့အကြည့်က မဝယ်နိုင်ဘဲနဲ့များဆိုတဲ့ အထာ။ ဝါရင့်အရောင်းစာရေး ပီသစွာ အကြည့်ကို အမြန်ရုပ်သိမ်းလို့ နောက်ဆုံးလိတ်တက်၊ လီမိတက်အက်ဒီရှင်း ဆိုတဲ့အကြောင်း ချိုချိုသာသာ အပြုံးနဲ့ ရှင်းပြတယ်။ အရောင်းစာရေးမ အနားက ထွက်သွားတော့မှ ဈေးနှုန်းကို ကြည့်လိုက်တော့ အလိုလေး ဘုရားရေ ဈေးကြီးလိုက်တာ ကျွန်တော် တစ်နှစ်လုံး မစားမသောက်စုမှ ဒီနာရီမျိုး ဝယ်နိုင်မယ်။ ဒီလိုနာရီမျိုး ဝယ်တဲ့သူ ရှိသေးတယ်။ ဒီလောက် ဈေးကြီးပေးပတ်တော့ရော ဘယ်တွေထူးခြားမှာတုန်း။ တော်ပြီ တော်ပြီ နောက်နောင် ဘယ်တော့မှ မရိုးလက်ဇ်တော့ဘူး။



တနင်္လာနေ့ ရုံးတက်တော့ လည်ကတုံးအသစ်ချပ်ကျွှတ်လေးနဲ့ သားသားနားနား ကျွန်တော် အရင်လို ရိုးလက်ဇ်မလေး မမြင်တဲ့နေရာကနေ တိတ်တိတ်ကလေး မစောင့်ကြည့်တော့ဘူး။ ရိုးလက်ဇ် မြင်လောက်တဲ့ နေရာလောက်မှာ စောင့်တယ်။ ရိုးလက်ဇ် လာတော့မယ့်အချိန်ရောက်ပြီ အင်္ကျီတွေ ဘာတွေဆွဲဆန့်၊ ဆံပင်တွေ သပ်လို့ရယ်ဒီ။ ဟော..ရိုးလက်ဇ် လာပြီ။ အနက်ရောင်မှာ အဖြ ူဘောလုံးစက် ဂါဝန်လေးနဲ့ လှလိုက်တာ ရိုးလက်ဇ်ရယ်။ ဆံနွယ်လေးတွေ တလွင့်လွင့်နဲ့ လွင့်မျှောလာတဲ့ မင်းဟာ ကိုယ့်အတွက်တော့ နတ်မိမယ်လေးပါပဲ။ ကိုယ့်အသည်းနှလုံးကို မင်းရဲ့ယစ်ပလ္လင်ပေါ်မှာ ပူဇော်ချင်တယ်။ ရုတ်တရက် ရိုးလက်ဇ် လမ်းလျှောက်နေတာကနေ ရပ်လိုက်တော့ ကျွန်တော့်ကိုများ မြင်သွားတာလား ဒိတ်ကနဲ ရင်ခုန်သွားတယ်။ လား..လား.. ဘယ်ကအကောင်ပါလိမ့် ရိုးလက်ဇ်ကို ပိုင်စိုးပိုင်နင်းနဲ့ ပွေ့ဖက်လိုက်တာ။ ကျွန်တော့်တကိုယ်လုံး ဓာတ်လိုက်သွားသလိုပဲ။ ရဲကို ဖုန်းလှမ်းဆက် တိုင်ရမလား။ ဖုန်းထုတ်လိုက်ချိန်မှာပဲ ဟင်...ရိုးလက်ဇ်က အဲဒီကောင့်ကို ပြန်ဖက်လို့ ပြုံးရယ်နေပါလား။

တနေရာမှာ ဝင်းကနဲ လက်သွားသလို ဖြစ်သွားလို့ ကြည့်လိုက်တော့ မနေ့က ကျွန်တော်ကြည့်ခဲ့တဲ့ နောက်ဆုံးပေါ် လိတ်တက်လီမိတက် အက်ဒီရှင်း ဘောလုံးသမားကြေငြာတဲ့ နာရီက ဒီကောင့်လက်မှာ ငှားငှားစွင့်လို့။ သြော် ရိုးလက်ဇ်ချစ်သူက ရိုးလက်ဇ်နဲ့ပါလား။ ရိုးလက်ဇ်နဲ့ ဘယ်လိုမှ မလိုက်ဖက်လိုက်တာဗျာ နတ်မိမယ်နဲ့ ဖားပြုတ်။ ၃၂ ချောင်းပေါ်အောင် ရယ်နေတာများ မြင်းကြီးကျလို့။ ဒီလိုကောင်မျိုးတွေက ရုပ်ရည်ရူပကာ မရှိရှာတော့ အကောင်းစားတွေသုံးပြီး ရုပ်ထွက်အောင် ဖန်တီးရတော့ပေါ့ဗျာ။ အကောင်းစားတွေသုံးတိုင်း ရုပ်က ထွက်လာတာမှ မဟုတ်တာ။ ည တရေးနိုးလို့ ဒီကောင့်ရုပ်ကို မြင်ရရင် လန့်အော်မိမယ်။ ရိုးလက်ဇ်က ဒီငနဲသားကို ဘာကြည့်ကြိုက်ပါလိမ့် ရုပ်ရည်ရူပကာကြောင့်တော့ မဖြစ်နိုင်ဘူး။ ပိုက်ဆံကြောင့်လား အရည်အချင်းကြောင့်လား။ အို ဘာပဲဖြစ်ဖြစ် ရိုးလက်ဇ်နာရီပတ်တဲ့ကောင်တွေရော၊ အဲဒီကောင်ကို ကြိုက်တဲ့ကောင်မတွေရော၊ ရိုးလက်ဇ်နာရီကိုရော ဟွန့်... အားလုံးကို အမြင်ကပ်တယ်...မုန်းတယ်။

စန်းထွန်း
ဇွန် ၂၄၊ ၂၀၁၄။

All photos are from Google.
Credit to https://soundcloud.com/linnith

2 comments:

Thu said...

သနားပါတယ်။:'( :'(

လှတာတွေ့ရင်ပတ်တာပဲ...

San San Htun said...

Thu said...
သနားပါတယ်။:'( :'(

အသူကတော့ Brand အစွဲမရှိပါဘူး။((brandလဲဝယ်မှမဝယ်နိုင်တာကို :P ))
လှတာတွေ့ရင်ပတ်တာပဲ...
June 26, 2014 at 1:45 AM