ရေခြား..မြေခြား...နိုင်ငံခြား... - ၁

ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် ရှားပါးတော့ နိုင်ငံခြားထွက် အလုပ်လုပ်ကြတယ်။ ကောင်းမွန်တဲ့ ပညာရေးစနစ် မရှိတော့ နိုင်ငံခြားမှာ ပညာသွားသင်ကြတယ်။  ညှဉ်းပန်းနှိပ်စက်လို့ အသက်ဘေးအတွက် နိုင်ငံခြားကို ရှောင်တိမ်းရတယ်။ ယောင်နောက် ဆံထုံးပါလို့ နိုင်ငံခြားကို ရောက်ကြတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပျော်ရာမှာမနေရ တော်ရာမှာ နေကြရတယ်။

အန်ယူအက်စ် ( National University of Singapore )  ကျောင်း အတူတူတက်ခဲ့သူတွေထဲမှာ သိသလောက်တော့ တရုတ်မလေး ကျန်းရှုကျီက ဂျာမနီ၊ ကျွန်မက ယူအက်စ်ကို ကျောင်းတက်ဖို့ ဆက်ထွက်ခဲ့ကြတယ်။ ပင်ပန်းလွန်းတဲ့ စာသင်နှစ်တွေပြီးလို့ လုပ်ငန်းဝင်ခွင် ယူအက်စ်မှာနေတာ သုံးနှစ်ကျော်လောက် ကြာပြီဖြစ်တဲ့ ကျွန်မကို သူငယ်ချင်း (အထူးသဖြင့် ခြင်္သေ့ကျွှန်းမှာ ကျွန်မနဲ့ ကျောင်းအတူတူတက်ခဲ့ပြီး ဘယ်နိုင်ငံကို ပြောင်းရရင် ကောင်းမလဲလို့ စဉ်းစားနေသူ) တွေက ယူအက်စ်မှာ အလုပ်အကိုင်၊ လစာ၊ ဗီဇာ အခြေအနေ ဘယ်လိုလဲလို့ မေးမြန်းတတ်ပါတယ်။ သူတို့ရဲ့ မေးခွန်းတွေကို ကျွန်မ သိသလောက် ဖြေရင်းနဲ့ ဒီပို့စ်လေး ရေးဖြစ်ပါတယ်။


ကျောင်းရဲ့ အော်ဖာလက်တာအပြင် ပိုင်ဆိုင်မှုတွေ ပြရသေးတယ်။ ယူအက်စ်ကနေ ပြန်လာမယ် မထင်ဘူးလို့ သံသယရှိရင်၊ အကြောင်းပြချက်မရှိဘဲ ဗီဇာကို ငြင်းပယ်ပါတယ်။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က ဂျူနီယာလေးတစ်ယောက် ယူအက်စ်ကျောင်းအော်ဖာလက်တာနဲ့ မြန်မာပြည်မှာ ဗီဇာနှစ်ခါဝင်တာ နှစ်ခါစလုံး ရီဂျက်ထိတယ်လို့ ဆိုပါတယ်။ ခြင်္သေ့ကျွှန်းက ယူအက်စ်သံရုံးမှာ ကျောင်းသားဗီဇာအတွက် အင်တာဗျူးဖြေတာ တရားခံစစ် စစ်သလိုပဲ။ အန်ယူအက်စ် ဝင်ခွင့်စာမေးပွဲ နီးပါးလောက် ပင်ပန်းတယ်။ ကျောင်းသားဗီဇာ F1 အပြင် J ၊ L ၊ H ၊ non immigrant  ဒုက္ခသည်၊ ဒီဗွီဂရင်းကဒ်ပေါက်တဲ့ဗီဇာ၊ မှီခိုဗီဇာ အမျိုးမျိုး ရှိပါသေးတယ်။

ခြင်္သေ့ကျွှန်းကို Social Visit Visa နဲ့ အလည်လာပြီး အလုပ်ရှာ။ တလဗီဇာကုန်လို့ မလေးရှားဖက်ကို ခဏထွက်ပြီး ပြန်ဝင်ရင် တလထပ်တိုးပေးတယ်။ ဒီလိုနဲ့ တိုးသွားရင် အများဆုံးရတဲ့ သုံးလအတွင်း အလုပ်ရှာ။ အလုပ်ရရင် အလုပ်ရှင်က အလုပ်ဗီဇာ Work Permit ၊ S pass ၊ EP လျှောက်ပေးတော့ စတေးအတွက် အိုကေ။ အလုပ်က အထုတ်ခံရတာပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာ အလုပ်ကနေ ထွက်တာပဲဖြစ်ဖြစ် ပတ်စ်ကို ကန်ဆယ် cancel လုပ်ပြီးပြီဆိုရင် နေထိုင်ခွင့် တလဗီဇာပဲ ရှိတာ့တယ်။ ပီအာ မရသေးသရွေ့ စတေးက မသေချာဘူးလို့ ဆိုရမယ်။ ကိုယ်တွေ မရောက်ခင်တုန်းကဆို ပီအာ Permanent Residence ဆိုတာများ လျှောက်တဲ့လူတိုင်း ရတယ်။ ဟော..ကိုယ်တွေ အလှည့်လည်းရောက်ရော ကျောင်းတောင် မပြီးသေးဘူး ပီအာအော်ဖာလက်တာရ၊ အလုပ်ရတာနဲ့ ပီအာတန်းလျှောက်တာ ရီဂျက်။ ကျောင်းပြီးတာချင်း အတူတူတောင် တရုတ်နဲ့ ကုလားကျောင်းသား အနည်းစုက ပီအာရတယ်။ မျက်နှာကြီးရာ ဟင်းဖတ်ကြီးတာပါပဲ။

ဘယ်လို ဗီဇာမျိုး ရနိုင်သလဲ...
အန်ယူအက်စ်ကျောင်းပြီးလို့ ခြင်္သေ့ကျွှန်းမှာ လုပ်သက်ငါးနှစ်လောက် ရှိပြီဖြစ်တဲ့ ကျွန်မသူငယ်ချင်း တော်တော်များများ ခုဆို စီနီယာတွေ ဖြစ်နေပါပြီ။ သြော်ဇီ၊ ယူအက်စ်၊ ကနေဒါတို့လို နိုင်ငံကြီးတွေကို ကူးချင်ပေးမဲ့ အလုပ်လုပ်ဖို့ပဲ သွားချင်ကြတယ်။ ကျောင်းတော့ မတက်ချင်ဘူးတဲ့။ ဟုတ်ပါတယ် နိုင်ငံခြားမှာ ကျောင်းတက်ရတာ ပင်ပန်းပါဘိ။ ကင်တင်းမှာထိုင် ဝေလေလေ ဝါးလားလား မြန်မာပြည်က တက္ကသိုလ်ကျောင်းသားဘဝနဲ့ နိုင်ငံခြားက တက္ကသိုလ်ကျောင်းသားဘဝ အပုံကြီး ကွာတယ်။ စာမေးပွဲတွေ မှန်မှန်အောင်ဖို့ အားထုတ်ရသလို ပိုက်ဆံကိုလည်း ချွှေတာသုံးရတယ်။ ကိုယ့်နိုင်ငံမှာ ဆရာက ငှက်ပျောသီး အခွံနွှာပြီး ရော့..အင့်...စားလို့ ကျွှေ‌းသေး လို အဆင်သင့် ထုတ်ပြီးသား နှုတ်တွေနဲ့ ကြက်တူရွေး နှုတ်တိုက်ရွတ် ကြီးပြင်းလာခဲ့တဲ့ ကျွန်မတို့တွေ လက်တွေ့များများလုပ်၊ စာကြည့်တိုက်မှာ စာသွားဖတ်၊ ကိုယ့်ဘာသာ နှုတ်ထုတ်၊ ကိုယ်တိုင်လေ့လာရတဲ့ နိုင်ငံခြားကျောင်းတက်ရတာ အင်မတန်ပင်ပန်းပြီး စိတ်ဖိစီးတာကိုး။

အသက်ကလည်း မငယ်တော့သလို အန်ယူအက်စ်က ဘွဲ့လည်း ရထားပြီးပြီဆိုတော့ နောက်ထပ် ကျောင်းမတက်ချင်ကြတော့ဘူး။ ခြင်္သေ့ကျွှန်းက ကျွန်မသူငယ်ချင်းတစ်ယောက်ကို သြော်ဇီကုမ္ဗဏီတစ်ခုက အင်တာဗျူးတာ အရည်အချင်းကို ကြိုက်ပေမဲ့ ဗီဇာကို သူတို့စပွန်ဆာ မပေးနိုင်ပါဘူးတဲ့။ နိုင်ငံခြားလူ့အရင်းအမြစ်ကို မှီခုအားထားရတဲ့ ခြင်္သေ့ကျွှန်းမှာ အလုပ်ဗီဇာ မခက်ပေမဲ့ သြော်ဇီ၊ ယူအက်စ်တို့လို နိုင်ငံတွေမှာ အတော်ခက်ပါတယ်။ အင်တန်းဆင်းနေတဲ့ ကျွန်မဆို ယူအက်စ်လုပ်သက် နှစ်နှစ်ရှိတာတောင်   ဗီဆာစပွန်ဆာပေးလားလို့ မေးလိုက်ရင် နိုးဆိုတာက ၉၀ ရာခိုင်နှုန်း။ H1B စပွန်ဆာပေးတဲ့ ကုမ္ဗဏီ အင်မတန် ရှားတယ်။ အလုပ်ဗီဇာလျှောက်ဖို့ရှေ့နေခ ၁၅၀၀၊ အစိုးရကို ၂၅၀၀၊ ရထားတဲ့ ဘွဲ့က ယူအက်စ်က မဟုတ်လို့ ဘွဲ့လက်မှတ် မှန်မမှန်စစ်ဖို့ ၁၅၀၊ ဘာကြေးညာကြေးနဲ့ ၅၀၀၀ လောက် ကုန်တယ်။ ကုမ္ဗဏီက အကုန်ခံ လျှောက်ပေးရင် လစာနည်းတယ်၊ လစာအပြည့် ပေးထားရင် ကိုယ့်ဘာသာ ပေးရတယ်။


အလုပ်ဗီဇာ အောင်တာ၊ ရီဂျက်ဖြစ်တာကတော့ ကုမ္မဏီရဲ့ ရွယ်အစား၊ အမျိုးအစားပေါ် မူတည်ပြီး နိုင်ငံခြားသား ဘယ်နှစ်ယောက်ထိ လျှောက်ထားနိုင်ခွင့် ကုမ္ဗဏီကိုတာ၊ ၂၀၁၄ အတွက် အစိုးရက လျာထားတာ လေးသောင်း၊ လျှောက်တဲ့အရေအတွက်က ခုနှစ်သောင်း ဖြစ်နေရင် ကိုယ့်လျှောက်လွှာက အဲဒီလေးသောင်းထဲမှာ ပါဦးမှ၊ လျှောက်ထားတဲ့ လူမျိုးအရေအတွက် (လျှောက်တဲ့သူတွေထဲမှာ မြန်မာလူမျိုးက နည်းလို့ ရဖို့တော့ များပါတယ်။ တရုတ်၊ အိန္ဒိယတွေဆို လျှောက်တဲ့သူများတော့ အခွင့်အရေး နည်းတာပေါ့)။ ကံပေါ်လည်း မူတည်ပါတယ်။ ခြင်္သေ့ကျွှန်းမှာတော့ မှီခိုဗီဇာနဲ့ အလုပ်လုပ်လို့ ရပေမဲ့ ယူအက်စ်မှာတော့ ကျောင်းသားဗီဇာ F1 ၊ အလုပ်ဗီဇာ H1B တွေရဲ့ မှီခိုဗီဇာနဲ့ နေတဲ့သူတွေက အလုပ်လုပ်ခွင့် မရှိပါဘူး။ H1B ထက် မြင့်တဲ့ L 1 မှီခိုဗီဇာနဲ့ နေတဲ့သူတွေက တရားဝင် အလုပ်လုပ်ခွင့် ရှိတယ်။

အသိအစ်ကိုကြီးတစ်ယောက်က သြော်ဇီပီအာ အရင်လျှောက်တယ်။ သူက စင်္ကာပူပီအာ၊ စီးပွားရေးဘွဲ့ရ၊ လစာလည်း ကောင်းတယ်။ သြော်ဇီပီအာလျှောက်ဖို့ သက်မှတ်ထားတဲ့ IELTS (အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲ) အမှတ်လိုပါတယ်။ ယူအက်စ်ကျောင်းတွေ လျှောက်ဖို့ဆို TOFEL ၊GRE ၊ GMAT လိုတယ်။ သြဇီပီအာအတွက် ၆၀၀၀ ပေးရတယ်လို့ ဆိုပါတယ်။ ပီအာရသွားတော့မှ သြဇီကိုသွား အလုပ်ရှာ။ တော်တဲ့သူတစ်ယောက်ဖြစ်သလို သူ့သူငယ်ချင်းတွေကလည်း ကူညီကြလို့ အလုပ်ရသွာတယ်။ မကြာခင်ဘဲ သူ့မိသားစုကို သြော်ဇီ ခေါ်ပါတယ်။ ယူအက်စ်ထက်စာရင် ကနေဒါပီအာက ပိုလွယ်တယ်လို့ ဆိုကြတယ်။ ကနေဒါမှာ သုံးနှစ်လောက် နေပြီးရင် ပီအာရပါတယ်။ ကနေဒါပီအာတွေက ယူအက်စ်မှာ တရားဝင် အလုပ်လုပ်လို့ ရပါတယ်။ မက္ကဆီဖက်က ခိုးဝင်သူ၊ စီးပွားပျက်ကပ်ကြောင့် နလန်မထူနိုင်သေးတဲ့ ယူအက်စ်လို ပြသနာတွေရှင်းပြီး ချမ်းသာတဲ့ ကနေဒါပီအာတွေရတဲ့ အခွင့်အရေးက ယူအက်စ်ဂရင်းကဒ်ထက် သာတယ်လို့ ဆိုပါတယ်။

ကျောင်းတက်ရင် ကောင်းမလား...
ယူအက်စ်မှာတော့ ယူအက်စ်က ဘွဲ့ကိုပဲ သုံးစားလို့ရတယ် ထင်ပါတယ်။ မြန်မာပြည်မှာတော့ ဘွဲ့ရတဲ့သူနဲ့ မရတဲ့သူ လစာ သိပ်မကွာဘူး။ ပွဲစား၊ အဝယ်တော်ဆိုရင် ဘွဲ့ရတဲ့သူထက်တောင် လစာ များသေးတယ်။ နိုင်ငံခြားမှာ ဘွဲ့ရတဲ့သူနဲ့ မရတဲ့သူ လစာ အတော်ကွာပါတယ်။ အိုင်တီတွေကတော့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အလုပ်ကောင်းတယ်လို့ ဆိုရမယ်။ စီးပွားရေးမေဂျာလည်း မဆိုးပါဘူး။ ယူအက်စ်မှာ တပြည်နယ်နဲ့ တပြည်နယ် ကျင့်သုံးတဲ့ ဥပေဒေ၊ တက်စ်တွေ မတူပြန်ဘူး။

ယူအက်စ်မှာ အလုပ်အရှားဆုံး မေဂျာကတော့ အာခီပါ။ အာခီတွေ ယူအက်စ် မလာပါနဲ့။ ယူအက်စ်က နာမည်ကြီးကျောင်းထွက်၊ စင်တီဇင်ဖြစ်နေတဲ့ အာခီတွေတောင် အလုပ်ရှာရခက်တယ်လို့ ဆိုပါတယ်။ တိုးတက်ပြီးသားနိုင်ငံဖြစ်လို့ ယူအက်စ်မှာ အဆောက်အဦးအသစ်တွေ သိပ်မလိုတော့ အာခီအလုပ် ရှားတာလို့ ထင်တယ်။ အင်တီးရီးယားဒီဇိုင်းကတော့ အလုပ်ပေါတယ်။ ယူအက်စ်မှာ နာမည်ကြီးတဲ့ ရုပ်သံချယ်နယ်တစ်ခုက အင်တီးရီးယားဒီဇိုင်းအကြောင်း လွှင့်တာပါ။ အိမ်သားတွေကို အဆင်မပြေတာတွေ၊ ဆန္ဒတွေကို ပြောပြခိုင်း၊ ဒီဇိုင်နာတွေက ရီနိုဗိတ်လုပ်၊ အိမ်သားတွေကို မျက်စိမှိတ်ပြီး ခေါ်လာ၊ မျက်စိဖွင့်ခိုင်းလိုက်တော့ ပြောင်းလဲနေတဲ့ အခန်းကို တွေ့လိုက်ရတော့ အိုးမိုင်ဂါ့လို့ အော်ကြ၊ ငိုကြ၊ ပွေ့ဖက်ကြ၊ ဒီဇိုင်နာတွေကို ကျေးဇူးတင်ကြတဲ့ ရုပ်သံလိုင်း။ အင်တီးရီးယား ဒီဇိုင်းချယ်နယ် ဆိုပေမဲ့ ကြည့်လို့တော့ ကောင်းသား (ချယ်နယ်နာမည် မမှတ်မိ)။


ရုံးက တရုတ်မဆူးရဲ့ သားက အာခီ တက်နေတာပါ။ အလုပ်ရှားတယ်လို့ ညည်းပါတယ်။ သူ့အမေအတွက် သူ ကိုယ်တိုင် ဒီဇိုင်းထုတ်၊ ဖန်တီးထားတဲ့ ထိုင်ခုံဓာတ်ပုံကို ဝမ်းသာပီတိဖြာနေတဲ့ ဆူးက ကျွန်မကို ပြတယ်။ အင်တန်းကို သြော်ဇီ၊ တရုတ်၊ ဂျပန်၊ အီတလီမှာ ဆင်းရတယ်လို့ ပြောပါတယ်။ သန့်ရှင်းတဲ့ ဂျပန်ကို ကြိုက်ပေမဲ့ နေ့တိုင်း ည ၈ နာရီမှ အိမ်ပြန်ရလို့တဲ့။ အမေရိကန်ပြည်ပေါက် တရုတ်ဖြစ်လို့ တရုတ်ပြည်ကို မကြိုက်ဘူးတဲ့။ ကျောင်းပြီးရင် အလုပ်ရဖို့ စိတ်ပူနေရပါသတဲ့။ ယူအက်စ်မှာ အလုပ်ပေါတာက အိုင်တီ၊ စီးပွားရေး၊ ကျန်းမာရေး၊ Chemical ၊ Thermal ၊ Mechanical Engineering ဖက်တွေပါ (ကျွန်မ သိသလောက်) ။

အာခီတက် အစ်မတစ်ယောက်ဆို ခြင်္သေ့ကျွှန်းမှာတုန်းက လစာအရမ်းကောင်းတယ်။ ယူအက်စ်လည်းရောက်ရော အာခီနဲ့ အလုပ်မရလို့ အချိန်ပိုင်းအလုပ်တွေ လုပ်ရတယ်။ သူ့သူငယ်ချင်း အာခီတစ်ယောက်ကတော့ ယူအက်စ်မှာ အမ်ဘီအေ ပြန်တက်တာ အာခီနဲ့ အလုပ်ပြန်ရတယ်။ သူလည်း ဝင်ခွင့်ဖြေဖို့ တိုဖယ်တွေ ပြင်ဆင်၊ ကျောင်းတွေ စုံးစမ်း၊ တက်ချင်တဲ့ကျောင်းက တခြားပြည်နယ်မှာ။နေသားကျနေပြီဖြစ်တဲ့ မြို့ကနေ တခြားပြည်နယ်ပြောင်းဖို့ကို မိသားစုက စိတ်အား မထက်သန်။ စွန့်စားရာလည်း ရောက်တာကိုး။ အာခီအလုပ်နဲ့ ကင်းကွာသွားတာ လေးနှစ်လောက် ရှိပြီဆိုတော့ ဝေါဟာရတွေ၊ အသုံးအနှုန်းတွေကို မေ့လို့ အင်တာဗျူးဖို့တောင် ခပ်လန့်လန့်။ ကျောင်းတက်ချင်တဲ့ ဆန္ဒအပင်ကလေးက မိသားစုတာဝန်၊ အလုပ်တွေအောက်မှာ ပိပြားသွားတာ တွေ့လေတိုင်း လုပ်သက်ဆယ်နှစ်ကျော်၊ လစာကောင်းခဲ့တာကို တွေးမိရင်း နှမြောမိပါရဲ့။

ဘယ်လိုကျောင်းမျိုး ရွေးချယ်သင့်သလဲ...
ကျွန်မ ဘဝမှာ နောင်တအရဆုံးက ယူအက်စ်က အမ်ယူအမ်ကျောင်းတက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျောင်းတက်တယ်ဆိုတာ ကျော်နေပျော်ပြီး စာတော်သင့်တာပေါ့။ ခုတော့ တက်နေတဲ့ကျောင်းကို တစက်ကလေးမှ မကြိုက်။ ဘဝစာမျက်နှာထဲမှာ အမ်ယူအမ်ပါတဲ့ စာရွက်တွေကို ဆုတ်ဖြဲနေချင်ခဲ့တာ။  ဘဝဟာ ဂုဏ်အယူရဆုံးကတော့ ကမ္ဘာ့အဆင့် ၂၇ ရှိတဲ့ အန်ယူအက်စ်ကျောင်းထွက် ဆိုတာကိုပါ။

ခြင်္သေ့ကျွှန်းမှာ ကျောင်းတက်ဖို့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က ကျွန်မနဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ တော်တော်များများ သွားကြချိန်မှာ ကျွန်မက တုပ်တုပ်မှမလှုပ်။ မကြီး ခြင်္သေ့ကျွှန်းကို ရောက်တော့ ကျွန်မ သူငယ်ချင်းတွေကို မေးမြန်းစုံစမ်းတယ်။ ဘယ်မေဂျာက ကျောင်းပြီးရင် အလုပ်ရလွယ်သလဲ၊ ဘယ်ဘာသာတွေ သင်တာလဲ၊ လိုက်နိုင်မလား၊ ကျောင်းလခ အဲဒါတွေ ဘာမှစဉ်းစားဘူး။ မကြီး လျှောက်ခိုင်းတာဆို လျှောက်လိုက်တာပဲ။ ဝင်ခွင့်စာမေးပွဲ ဖြေဖို့ပြင်ဆင်၊  ဖုန်း အင်တာဗျူး ဖြေ။ အော်ဖာလက်တာရတော့ ဗီဇာဝင်၊ ဆေးစစ်၊ လျှော့ပင်းပဲ လုပ်ရတယ်။ ကျောင်းနဲ့နီးတဲ့အိမ် ရှာတာ၊ ခြင်္သေ့ကျွှန်းဖက်က ကိစ္စမှန်သမျှ မကြီးက လုပ်ပေးတော့ လက်ကေ့လေး ဆွဲသွားလိုက်ရုံပဲ။


ကျောင်းသားအယောက် ၁၀၀ မှာ မြန်မာက ၆၀။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ကျောင်းအတူတူ တက်ခဲ့သူတွေ၊ စီနီယာတွေ၊ ဂျူနီယာတွေက တဝက်လောက်ပါတော့ မြန်မာပြည်မှာ တက်နေရသလိုပဲ ပျော်စရာကြီး။ စာသင်ပြီးရင် အုပ်စုခန်းထဲမှာ ပရောဂျက်စုလုပ်ကြ၊ ငြင်းကြခုန်ကြ၊ ပရောဂျက် တင်ဆက်ပွဲမှာ အားလုံးထွက်ပြောဖို့ ပြင်ဆင်ကြ၊ အမှတ်တရ ရုံးဝတ်စုံလေးတွေနဲ့ ဓာတ်ပုံရိုက်ကြ၊ နောက်ဆုံးဘတ်စ်ကားနဲ့ အိမ်ကိုပြန် မနက် ၈ နာရီ ကျောင်းသွား။ ကျောင်းအိပ်ကျောင်းစားနီးပါး အိပ်ဖို့လောက်ပဲ အိမ်ကို ပြန်တယ်။ ပင်ပန်းပေမဲ့ ပျော်ဖို့အတော်ကောင်းတယ်။ အဲဒီကျောင်းက  အုပ်စုလိုက်စွမ်းဆောင်ရည် Teamwork ၊ တင်ဆက်မှု Presentation ၊ စာရွက်စာတမ်း ထိန်းသိမ်းနည်း Documentation အရည်အချင်းတွေ လေ့ကျင့်သင်ကြားပေးတယ်။ နာမည်ကြီးကျောင်းဖြစ်လို့ ကျောင်းတောင် မပြီးသေးဘူး ပီအာအော်ဖာလက်တာ ပေးတယ်။

ခြင်္သေ့ကျွှန်းမှာ သုံးနှစ်လောက် နေပြီးရင် သြော်ဇီကူးမယ်လို့ စိတ်ကူးထားတာတွေ အထမမြောက်လိုက်ပါဘူး။ သုံးနှစ်ပြည့်ခါနီးမှာ ယူအက်စ်ကို ထွက်လာလို့။ အလုပ်အကိုင်ဆိုဒ်မှာ တင်ထားတဲ့ ကျောင်းကြေငြာကို သေသေချာချာ မဖတ်ဘဲ ယူအက်စ်ကအလုပ်ထင်ပြီး စီဗွီပစ်တင်ရာက စပါတယ်။ အရင်ဆုံး ပရိုဂရမ်းမင်း အွန်လိုင်းစာမေးပွဲ ဖြေရတယ်။ ဘီရမှ အောင်ပါတယ်။ နောက် ရထားတဲ့ ဘွဲ့လက်မှတ်၊ အမှတ်စာရင်း ကော်ပီတွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေဆီကနေ တံဆိပ်တုံးထုပြီး ပို့ရပါတယ်။ အလုပ်ထဲက ဆူပါဗိုက်ဆာ၊ မန်နေဂျာက ထောက်ခံစာ ရေးပေးရတယ်။ နောက်ဆုံးအဆင့် ဖုန်းအင်တာဗျူး အောင်ပြီးမှ အော်ဖာလက်တာ ပို့ပါတယ်။

အမ်ယူအမ်က စီနီယာ မြန်မာနှစ်ယောက်က ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ထွက်တွေဖြစ်လို့ သူတို့ဆီမှာ ကျောင်းအကြောင်း မေးမြန်းစုံးစမ်း၊ အဖေ၊ မကြီးတို့က ပိုက်ဆံပို့ပေးမယ်၊ သူငယ်ချင်းတွေကလည်း ငါသာ နင့်နေရာမှာဆို သွားကြည့်လိုက်မယ်၊ မပျော်ရင် ပြန်လာမှာပေါ့လို့ အားပေးအားမြှောက် ပြုကြတာနဲ့ သေချင်တဲ့ကျား တောပြောင်းခဲ့တော့တာပဲ။

ဆက်ပါဦးမယ်...
စန်းထွန်း
‌မေ ၃၊ ၂၀၁၄။

5 comments:

Anonymous said...

ဆက္ပါ..ဆက္ပါ။ း)
မျှော်နေတယ်။
မမအိုင်အိုရာ

Anonymous said...

Great topic, Sis! Waiting for Part-2..

blackroze said...

အထွန်းရေ
ခင်တဲ့ ပစ်ပစ်

မီးမီးငယျ said...

L1 မှာတောင်L1 A နဲ့L1 B
ကိုယ်လည်းVisa ကိစ္စ
သိပ်နားမလည်ပါဘူးလေ...
တခါရေးဖူးသေးတယ်။
US Embassy,BKK မှာ၊
ဘာဘဲဖြစ်ဖြစ်လေ..
ဘယ်နေရာနေနေပါ၊

San San Htun said...

Anonymous said...
ဆကျပါ..ဆကျပါ။း)
မျှော်နေတယ်။
မမအိုင်အိုရာ
May 5, 2014 at 12:30 AM
blackroze said...
အထွန်းရေ
နိုင်ငံခြားဆိုရင် တော့ လား..
မြန်မာပြည်ပြန်ချင်တာဘဲသိတယ် အထွန်းရယ်..
ခင်တဲ့ ပစ်ပစ်
May 5, 2014 at 3:30 PM
မီးမီးငယ် said...
L1 မှာတောင်L1 A နဲ့L1 B
ဆိုပြီး ၂ခုကကွဲသေးတယ်တဲ့...
ကိုယ်လည်းVisa ကိစ္စ
သိပ်နားမလည်ပါဘူးလေ...
ဒီလို visa ကိစ္စနဲ့ပတ်သက်ပြီး၊
တခါရေးဖူးသေးတယ်။
US Embassy,BKK မှာ၊
ကိုယ်တို့ L1 A visa အကြောင်းနားမလည်တဲံ၊
သံရုံးအမူထမ်းနဲ့ပတ်သက်လို့၊
ဘာဘဲဖြစ်ဖြစ်လေ..
ဘယ်နေရာနေနေပါ၊
တနေ့တော့အိမ်ပြန်ချင်ကြတာချည်းပါဘဲလေ..နော်
May 5, 2014 at 6:51 PM