ကြောက်တတ်သူများ...

နယ်အိမ်တွေမှာ အိမ်သာတွေက အိမ်ရဲ့ ခပ်လှမ်းလှမ်းမှာ  ရှိတော့ ညဖက်ဆို မကြီးက အိမ်သာ တစ်ယောက်တည်း မသွားရဲဘူး။ ရုပ်ရှင်ကြည့်ရင် ကြောက်လန့်စရာအခန်းတွေဆို မောင်မောင်က မျက်နှာကို အုပ်ထားလေ့ရှိတယ်။ ကျွန်မတို့မောင်နှမတွေကြားထဲမှာ ကျွန်မက သတ္တိကောင်းသူလို့ ဆိုရမလား။ အိမ်သာ တစ်ယောက်တည်း သွားရဲ၊ မျက်နှာမအုပ်ဘဲ သရဲရုပ်ရှင် ကြည့်ရဲလို့လေ။

ကျွန်မတို့ ငယ်ငယ်တုန်းက ခုလို တီဗွီ အိမ်တိုင်းမရှိ။ တရွာလုံးမှာမှ ၁ လုံး၊ ၂ လုံး လောက်ပဲ ရှိတာ။ တယောက်တလှည့် ပုံပြောတမ်း ဆော့ကြရင် ဘုရားတောင်၊ အပျိုကြီး ဘုရားနားက ဥစ္စာစောင့်ပုံပြင်တွေ၊ ညဖက်ဆို ထွက်တတ်တဲ့ ချီးစားစုန်းတွေအကြောင်း ကိုယ်တိုင်မြင်ဖူးတာလဲမဟုတ် ကြားဖူးနားဝတွေနဲ့ ချဲ့ထွင်ပြောကြပေမဲ့ ကြောက်သားလား။ သရဲပုံပြင် နားထောင်တဲ့နေ့တွေဆို အိမ်သာ တစ်ယောက်တည်း မသွားရဲတော့ဘူး။ နည်းနည်းကြီးလာတော့ သံဗုဒ္ဓေဂါထာ၊ ပရိတ်ကြီး ၁၁ သုတ်ရွတ်ရင် သရဲတွေ အနားမကပ်နိုင်ဘူးဆိုတာ ယုံကြည်လာတော့မှ မကြောက်တော့တာ။

အဖေ၊ အမေ ရန်ကုန်မှာ မရှိရင် မကြီးက အိပ်ယာဝင်ခါးနီးတိုင်း တံခါး၊ ပြတင်းပေါက်တွေ ပိတ်မပိတ် သေချာစစ်၊ အနားမှာလည်း ဓာတ်မီး၊ သော့၊ ဖယောင်းတိုင်၊ မီးခြစ်ဆောင်ပြီး အိပ်တယ်။ အဲဒီတုန်းက မကြီးကို ပူတတ်ရန်ကောလို့။ မကြီးလည်း နိုင်ငံခြားသွားရော ကျွန်မလည်း မကြီးလို ဖြစ်သွားတယ်။ ကျွန်မတို့ အိမ်နောက်ဖက် စက်ရုံနားမှာ အိမ်လေးတလုံး ရှိတယ်။ တနေ့တော့ တိုက်ပတ်ပတ်လည်မှာ လူတွေအုံနေလို့ စပ်စုကြည့်တော့မှ အိမ်ပိုင်ရှင်အရှုးက အိမ်ငှားယောက်ျားကို ဓားနဲ့ခုတ်ပြီး သတ်လိုက်လို့တဲ့။ အရှုးက ဓားကိုင်ပြီး အိမ်ထက်ကနေ မဆင်းလို့ ရဲမှုးကိုယ်တိုင် လာဖမ်းရတယ်။ အိမ်ငှားလင်မယား နောက်နေ့ဆို မောင်လမြိုင်ကို ပြောင်းတော့မှာတဲ့။

အစိမ်းသေပဲ သေလို့လား ညနေ နေဝင်ချိန်ဆို သွေးညှီနံ့ရသလို ခံစားရ၊ တစ္ဆေခြောက်တယ်လို့ သတင်းတွေထွက်လို့ အဲဒီအချိန်တုန်းက ညဖက်ဆို အပြင်ထွက်ဖို့ တွန့်တယ်။ မကြီးကတော့ ရဲတင်းတွေ၊ ဓားတွေ ကိုင်ထားတဲ့သူတွေက ကြောက်တတ်တဲ့။ ခြင်္သေ့ကျွှန်းမှာတုန်းက အမ်အာတီပေါ်မှာ နံဘေးက ထိုင်ခုံလွတ်သွားတော့ လူတယောက် အသည်းအသန် ပြေးလာပြီး လာထိုင်တယ်။ ပြီးတော့ လူတွေကို စကားတွေ အော်ပြောနေတာ ဘေးမှာထိုင်နေတဲ့ ကျွန်မက ထသွားရမှာအခက် ထိုင်နေတာလည်း အရှုးက ဘေးနားမှာ။ ကြောက်လိုက်တာများဆို အသက်တောင် ရှုရဲ့လား၊ လှုပ်တောင် လှုပ်ရဲ့လား မသိ။ အင်တန်းအတူဆင်းတဲ့ သူငယ်ချင်းကို ပြောပြတော့ ဘာဆိုဘာမှ မကြောက်တတ်သူလို့ ထင်ထားတာ ခုတော့ ကျွန်မ ကြောက်တာလည်း ရှိပါသေးလားတဲ့။


တစ္ဆေပွဲတော်လဆို တစ္ဆေတွေ ထွက်တယ်ဆိုလို့ အဲဒီလဆို ညဖက်သိပ်မထွက်၊ မှောင်တဲ့နေရာတွေဆို ရှောင်တယ်။ တစ္ဆေတွေက အလင်းကြောက်တယ်ဆိုလို့။ ကျွန်မတို့ သူငယ်ချင်းတွေက ည ၁၁ နာရီခွဲ နောက်ဆုံးကားစီးပြီး ကျောင်းကနေ ပြန်ပေမဲ့ စာအရမ်းကြိုးစားတဲ့ တရုတ်တစ်ယောက်က ည ၁၂ နာရီကျော် စာကြည့်ပြီးတော့မှ အိမ်ပြန်တယ်။ သူ့အိမ်က ကျောင်းနဲ့နီးလို့ လမ်းလျှောက်ပြန်တယ်။ အင်္ကျီဖြူ ဝတ်ထားတဲ့ လူတယောက် သူ့နောက်က လိုက်တယ်ထင်လို့ နောက်ဆို စောစောပြန်တော့တယ်။

စာသင်ချိန်ပြီးရင် အုပ်စုလိုက်ပေးထားတဲ့ အခန်းတွေမှာ စာစုလုပ်၊ ပရောဂျက်တွေ လုပ်ကြတယ်။ အဲဒီနေ့က ကျွန်မတို့အုပ်စုအခန်း မအားလို့ ဘေးခန်းမှာ ပရောဂျက် လုပ်ကြတယ်။ ညနေ ထမင်းသွားစားကြတော့ အခန်းထဲမှာ ကျွန်မတစ်ယောက်တည်း။ ပရောဂျက်မပြီးသေးလို့ ကွန်ပျူတာထဲ ခေါင်းစိုက်နေတာ ကွန်ပျူတာ နှိပ်သံလိုလို ကြားမိတော့ လှည့်ကြည့်တယ်။ ကျောင်းက အခန်းတွေက နီးတော့ တခြားအခန်းက ဖြစ်မှာပါလေ။ နောက်တော့မှ အုပ်စုထဲက ညီမငယ်လေးက ဟင်...အစ်မ တစ်ယောက်တည်းလား ဒီအခန်းက မိုက်ကယ်နေသွားတဲ့အခန်း နာမည်ကြီးဆိုတော့မှ ကြောက်သွားတာ  နောက်ဆို အဲဒီအခန်းကို တစ်ယောက်တည်း မသွားတော့ဘူး။

မာလာမုန်တိုင်း တိုက်တုန်းက ကျွန်မက နယ်မှာ။ ပင်လယ်လှိုင်းလုံးတွေ ရိုက်ခတ်သံ၊ လေတွေ တရွှီးရွှီးတိုက်၊ ဒီရေ အိမ်ပေါ်ကို  ၁ ပေလောက် တက်တယ်။ အိမ်ပေါ်ကို ဒီရေတက်တာ တခါမှ မမြင်ဘူးတော့ ကြောက်သွားမိတယ်။ ကိုကြီးရွှေဘက ည ၁၁ ဒီရေကျမယ်လို့ ပြောလို့ ခုံပေါ်ကနေ ဒီရေကျတာ ထိုင်စောင့်နေတာ ဒီရေ ခြေကျင်းဝတ်လောက်ရှိရော အမေက သမီးရေ နုန်းတွေကို ဒီရေနဲ့ ဆေးချရမယ်။ ဒီအချိန်က ဆေးချဖို့ အချိန်ကောင်းဆိုလို့ အုန်းတံမြက်စည်းနဲ့ ဒီရေရေ နင် သယ်လာတဲ့နှုန်းတွေကို နင့်ဘာသာသယ်သွား အင်းဟယ်..အင်းဟယ်ဆိုပြီး ဆေးချရတယ်။ မာလာမုန်တိုင်းက ကျွန်မတို့ဖက်ကို အဖျားပဲခတ်တယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလတုန်းက နိုင်ငံခြားတက္ကသိုလ်လျှောက်ဖို့ ပြင်ဆင်နေရလို့ ဘီးစီးနေချိန်ပေါ့။ ညမထွက်ရအမိန့်အောက်မှာ ကင်းလှည့်နေတဲ့ စစ်ကားသံတွေ၊ အပြစ်မဲ့စွာ သွေးမြေကျသူတွေရဲ့အရိုးတွန်သံတွေ၊ သန်းခေါင်ယံချိန်မှာ ရှည်ရှည်ဆွဲဆွဲ အူလိုက်တဲ့ ခွေးအူသံတွေ။ ညည့်နက်ရင်ဖြင့် ဘယ်ကျောင်းကို ဝင်စီးပြန်ပြီ၊ ဘုန်းကြီးကျောင်းကို ကင်းစောင့်ကြတဲ့ ရက်ကွက်သားတွေရဲ့ အချက်ပေးသံတွေ။ ဆန္ဒပြသူ၊ ရပ်ကြည့်သူ ဘာသောငြားသော မခွဲခြားဘဲ ကားပေါ် ဆွဲတင်တဲ့သတင်း၊ စစ်ကြောရေးရုံးမှာ စစ်မေးနှိပ်စက်တဲ့ သတင်းတွေ ကြားရတော့ ဘယ်အချိန်၊ ဘယ်အခါ ကိုယ့်ကိုများ လာဆွဲမလား စိတ်တထင့်ထင့် စိုးရိမ်စိတ်၊ ကြောက်လန့်စိတ်၊ မုန်းတီးရွံရှာစိတ်၊ လုံခြုံမှုကင်းမဲ့တဲ့စိတ်တွေနဲ့ ခေတ်ဆိုးခေတ်ပျက်ကြီးရဲ့ အနိဋ္ဌာရုံတွေကို ကြောက်လန့်နေခဲ့ဖူးတယ်။


နာဂစ်တိုက်မဲ့နေ့တုန်းက နာဂစ်တိုက်မယ်မှန်းတောင် မသိဘူး။ အဲဒီတုန်းက ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံဖို့ တီဗွီမှာ တချိန်လုံး လွင့်နေတာကိုး။ မုန်တိုင်းဝင်မဲ့နေ့က ရုံးတွေ၊ ကျောင်းတွေ စောစောပိတ်လို့ တီဗွီဖန်သားပြင်အောက်ကနေ မုန်တိုင်းဝင်မဲ့ သတင်းပေးစာတမ်းတွေ့လို့ အဖေ့ဆီ လှမ်းဖုန်းဆက်တော့ မုန်တိုင်းက တိုက်နှင့်နေပြီ။ ရန်ကုန်ကို မုန်တိုင်းဝင်တဲ့အချိန်က ညဖက်။ တိုက်ပြိုသွားမလားလို့တောင် ထင်မိတယ်။ မနက်မိုးလင်းတော့ အိမ်ခေါင်မိုးသွပ်တွေ ၊ သစ်ပင်တွေ ပြိုလဲလို့ ရန်ကုန်တမြို့လုံး အမှိုက်ပုံဖြစ်နေပြီ။ လှိုင်မြစ်ရေတိုးလို့ မြေညီထပ်က ပစ္စည်းတွေကို အပေါ်တင်၊ ရေကျချိန်မှာ နှုန်းတွေရှင်း။

နိုင်ငံခြားရေဒီယို အသံလွှင့်ကနေ ဟိုင်းကြီးကျွှန်းမှာ လူ ၁၅၀ ယောက်လောက် သေတယ်လို့ သတင်းကြားတော့ ငေါက်ကနဲ ကောက်ထိုင်တော့ပဲ။ ဘုရား..ဘုရား အဖေ၊ အမေ မတော်တဆ တိမ်းပါးသွားခဲ့ရင် ဘယ်လိုလုပ်ရပါ့။ ကြားရတဲ့ သတင်းတွေက တစက်မှ စိတ်ချမ်းသာစရာမရှိ။ ပုသိမ်ကတော့ နာဂစ်ဒဏ်က လွတ်တယ်။ ရန်ကုန်က ဟိုင်းကြီးအဆက်အနွှယ်တွေ ရောက်လာကြပြီ။ ရှပ်ပြေး(အမြန်ရေယာဉ်)တစ်စီး တက်လာတော့ ပင်လယ်ဖက်က သတင်းတွေမေးဖို့ ပုသိမ်ကမ်းနားမှာ လူတွေမှ ကမ်းလုံးညွှတ်နေတာပဲ။ ရန်ကုန်မှာ နေတာကြတော့ နယ်ကသူတွေကို သိပ်မသိ။ ဟဲ့ ကောင်မလေး နင့်အမေ သင်္ဘောနဲ့ ပါလာတယ် ဦးတဆုတ်အိမ်ကို သွားတယ် အဲဒီကနေ သွားစောင့်ဆိုတဲ့ အသံကြားလို့ သွားစောင့်နေတော့ ဆိုက်ကားနဲ့ အမေ ရောက်လာတယ်။ အမေက ကျွန်မကိုမြင်တော့ ငိုတယ် ကျွန်မတို့ကို သေပြီထင်နေတာတဲ့။ ကျွန်မတို့ကလည်း အမေတို့ အသက်မှ ရှင်သေးရဲ့လားလို့။

သင်္ဘောဆိပ်မှာ လာစောင့်နေတဲ့ မုန်တိုင်းဒဏ်ကြောင့် စိတ်ထောင်းကိုယ်ကြေ ဆယ်နှစ်စာလောက် အိုစာသွားတဲ့ အဖေ့ကိုမြင်တော့ စိတ်မကောင်းလိုက်တာ။ ရသာကိတ်မုန့်ကျွှေးတော့ ဒီလိုမုန့်လေး မစားရတာ ၃၊ ၄ ရက် ရှိပြီ။ အိမ်အပေါ်ထပ်မှာ ဆန်အိတ်တွေရှိပေမဲ့ အိမ်ခေါင်မိုးသွပ်က အချပ်လိုက်တင်မက ခေါင်မိုးက ထုတ်တန်းကျားတန်းတွေပါ ကျွှတ်ထွက်သွားတာ။ လေဘယ်လောက်ပြင်းလဲလို့။ လေတိုက်တဲ့ဖက်ကို မျက်နှာမူလို့ မရဘူးတဲ့။ အိမ်တော်တော်များများ ပြိုတယ်။ တော်တော်တောင့်တဲ့ အိမ်ကသာ ယိုင်ရုံလေးယိုင်တာ။ အိမ်ရှေ့ကနေ မြစ်ထဲထိ ထိုးထားတဲ့ တံတား၊ ဆောင်ပုံလို့ခေါ်ကြတဲ့ ပစ္စည်းအတိုအထွာထားတဲ့ အိမ်ကလေးဆို ငုတ်တိုင်တောင် မတွေ့တော့ဘူး အစပျောက်သွားတာ။ မုန်တိုင်းက ကျွန်မတို့နယ်ဖက်မှာ နေ့လည်းပိုင်းတိုက်လို့ လူအသေအပျောက် နည်းတာ။

လပွတ္တာ၊ ဘိုကလေး၊ ပြင်စလူဖက်မှာက ညဖက်တိုက်တာ။ အိမ်တွေက ဓနိမိုး၊တိုင်ကနော်ကနဲ့တွေနဲ့ ဆောက်ထားတဲ့အိမ်တွေဆိုတော့ လေတချက်လောက် ဝှေ့တာနဲ့ အကုန်ပြားပြီ။ မုန်တိုင်းဒီလောက် ပြင်းမယ်လို့ ဘယ်သူမှ မထင်ထားခဲ့တာပါ။ သတိပေးနှိုးဆော်ချက်တွေ၊ မုန်တိုင်းကို ကြိ ုတင်ပြင်ဖို့ လုပ်ဆောင်ချက်တွေ ပျက်ကွက်ခဲ့လို့ ဒီလောက်လူအသေအပျောက်များတယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ဘူး။ ပုသိမ်ကားပေါ်မှာ ကောင်မလေးတစ်ယောက် မျက်လုံးတွေ မို့အစ် နီရဲနေတော့ ကြင်နာတတ်တဲ့ အစ်မတစ်ယောက်က မေးတော့ သူ့မိဘ၊ မောင်ဘွား၊ အမျိုးတွေ အကုန်သေသွားတယ်။ သူတောင် ရန်ကုန်မှာနေလို့ အသက်ရှင်တာလို့ ပြန်ဖြေသံကြားရတော့ စိတ်မကောင်းလိုက်တာ။

Telsa's interior. credit to Google

အဲဒီကတည်းကစလို့ မုန်တိုင်းဆို သေးသေး၊ ကြီးကြီး အကုန်ကြောက်တယ်။ ယူအက်စ်ရောက်တော့ ကျွန်မနေတဲ့ အိုင်အိုဝါ၊ အင်ဒီယားနား၊ အိုဟိုင်းရိုး၊ ကန်တက်ကီ အနောက်အလယ်ပိုင်းဒေသ  ပြည်နယ်တွေက လေဆင်နှာမောင်း ပေါတယ်။ တိုင်ဖွန်း၊ ဆိုင်ကလုန်းတွေက မုန်တိုင်းလမ်းကြောင်းကို သိနိုင်ပေမဲ့  ဘယ်အချိန်တိုက်ခတ်မလဲလည်း မသိ၊ တိုက်ခတ်မဲ့လမ်းကြောင်းလည်း မသိ၊ တိုက်ခတ်တဲ့လမ်းကြောင်းတလျှောက် အကုန်ခြေဖျက်သွားတဲ့ လေဆင်နှာမောင်း ဆိုတာကြီးကိုလည်း ကြောက်တယ်။ ကျောင်းမှာတုန်းက သူငယ်ချင်းများနေ့အထိမ်းအမှတ် ဝိုင်သောက်ပြီး အိပ်ပျော်နေတာ ဆူနမ် လာနှိုးတော့မှ တော်နေဒိုးဖြတ်နေမှန်း သိတော့တယ်။ အဆောင်မှာ လျှပ်စီး မီးတွေဖြတ်၊ အင်တာနက်တွေ ဒေါင်းလို့ အင်မာဂျန်ဆီမီး ထွန်းထားတယ်။

အာအေ အဆောင်မှုးတွေက အဆောင်သူတွေကို အချိန်မှီ နှိုးဆော်ဖို့ နှိုးကြားတက်ကြွနေတယ်။ မိုးခြိမ်းသံတွေ တဂျိမ်းဂျိမ်း၊ လျှပ်စီးတွေ တလက်လက်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ကျောပိုးအိတ်ထဲထည့်၊ နွေးနွေးထွေးထွေးဝတ်၊ မုန့်၊ ရေဗူး၊ စောင်ထည့်၊ ဂျာကင်ဝတ်။ တယောက်တည်းထက်စာရင် စုနေတယက အကြောက်နည်းနည်း ပြေတာမို့ ဆူနမ် ငါကြောက်လို့ နင့်အခန်းမှာ လာအိပ်လို့ ရမလားဟင်မေးတော့ ဆူနမ်က သူ့ကုတင်ကို မေးငေါ့ပြတယ်။ လား..လား မိုင်းနဲ့ ရာမား ငသွက်နှစ်ကောင် ဆူနမ့်ခုတင်ပေါ် ဦးနှင့်နေပြီ။ လေဆင်နှာမောင်းတိုက်ရင် မြေအောက်ထပ်က လုံခြုံစိတ်ချရပေမဲ့ မြေအောက်ထပ် မရှိရင် ရေချိုးခန်း၊ အိမ်သာတို့လို ပြတင်းပေါက်တွေ မရှိတဲ့ အခန်းမှာ နေရတယ်။ ဘုရားရှိခိုးကျောင်းက လေဆင်နှာမောင်း သတိပေးချက် ဆိုင်ရင်းသံကြားရင် အသင့်ပြင်ပေတော့ပဲ။

၂၀၀၅ ခရစ်စမတ်နောက်နေ့ မနက်ဖက်စောစော ငလျင်လှုပ်ချိန်မှာ ကျွှန်မက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း။ ရေတိုင်ကီကနေ ရေတွေ ဗောင်ဗင်ခတ်တော့ အအိပ်ဆတ်တဲ့ မကြီးက ငလျင်လှုပ်တာ အိပ်ပြင်ထွက်ရမယ်တဲ့။ အိပ်ချင်မူးတူး မထချင်ထချင် မျက်လုံးပွတ်လို့အိမ်ပြင်ရောက်ရော တတိုက်လုံးက လူတွေက လမ်းပေါ်မှာ ရောက်နှင့်နေပြီ။ အဲဒီတုန်းက တိုက်ပြိုလို့ သေသွားရင်တောင် ငလျင်လှုပ်လို့ သေသွားမှန်း သိမယ် မထင်ဘူး။  ဂျပန် ဆူနာမီ သတင်းတွေ မြင်ရတော့ ဆူနာမီကိုလည်း ကြောက်တာပဲ။ ဟောင်ကောင် - ချီကာဂို ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်နေပြီဆိုတာ ဘုတ်မှာတွေ့တော့ အင်း စက်တခုခုချို့ယွင်းလို့ လေယာဉ်ပျက်ကျရင်တော့  အသက်ရှင်ကိန်း မြင်မယ်မထင်။ ငါတော့ ဂန့်မှာ အသေအချာပဲလို့ တွေးကြောက်တဲ့အခါ သံဗုဒ္ဓေ ရွတ်တယ်။

ဝင်ခွင့်စာမေးပွဲကျတုန်းက ငါတော့ ပြည်တော်ပြန်ရပြီ အဖေ့ပိုက်ဆံတွေ ဆုံးရချည်ရဲ့ တွေးကြောက်တယ်။ ပန်းဝတ်မှုန် အလာဂျီဖြစ်လို့ တကိုယ်လုံး ကုတ်ဖဲ့နေတုန်းက ငါတော့ သေတော့မှာပဲလို့ တွေးကြောက်တယ်။ စာမေးပွဲခန်းထဲဝင်ရင် မဖြေနိုင်မှာ၊ ကျမှာ တွေးကြောက်တယ်။ အမှတ်စာရင်း ထွက်ပြီဆိုရင် ရင်တွေ တဒိတ်ဒိတ်ခုန်တယ်။ မီးပွိုင့်၊ ဆိုင်းဘုတ်၊ ဂျီပီအက်စ်၊ ဘေးဘီဝဲယာ သေချာကြည့်။ အချက်မပြမဘဲ ဖတ်ခနဲ ရှေ့ကို ဝင်လာတဲ့ကားတွေကြောင့် သူ့အမှားက ကိုယ့်အမှား ဖြစ်မှာစိုးလို့ ကားမောင်းရတာ အာရုံစိုက်ရတယ်။ ဝုန်းကနဲ မြောက်တက်သွားတော့ ဘာဖြစ်မှန်း မသိလိုက်ဘူး။ နောက်ကနေ ဝင်ကျုံးခံရတာ။

Telsa. credit to Google

ကန်တက်ကီကနေ မေရီလန်းအထိ မိုင် ၆၀၀ ခရီးကို ကားဖွတ်ချက်ဖွတ်ချက်လေးမောင်းပြီး တစ်ယောက်တည်း ခရီးနှင်လာတုန်းက အနောက်ဗာဂျီးနီးယားပြည်နယ်က တောင်တွေဆီမှာ မြူတွေဆိုင်း၊ နှင်းတွေကျ၊ ကားကြောပြတ်တဲ့နေရာမှာ လီဗာဖိနင်းပေမဲ့ မိုင် ၄၀ ကနေ မတက်တဲ့အခါ ကြောက်သွားဖူးတယ်။ ဆီဖြည့်ဖို့ ဂျီပီအက်စ် ညွှန်တဲ့အတိုင်း ဓာတ်ဆီဆိုင်သွားတော့ ဓာတ်ဆီဆိုင် မတွေ့ဘဲ ကားတွေလုံးဝမဖြတ်တဲ့ တောလမ်းဆိုတော့ ကြောက်မိသွားတယ်။ ဟိုင်းဝေးလမ်းပေါ်က ဥတည်ဗဟို သွားလာနေတဲ့ ကားတွေ မြင်တော့မှ စိတ်အေးသွားတယ်။ နောက်နောင် ဟိုင်းဝေး တစ်ယောက်တည်း ဘယ်တော့မှ မမောင်းတော့ပါလို့ ဆုံးဖြတ်ထားပေမဲ့ လျှပ်စစ်သုံး Telsa ကားနဲ့ နိုင်ငံဖြတ်ကျော် ခရီးနှင်တယ်ဆိုတဲ့ သတင်းဖတ်ရတော့ အားကျမိပြန်ရော။

လေးအော့ဖ်မှာ၊ ပြည်နယ်အသစ်၊ မြို့အသစ်၊ အလုပ်အသစ်တွေ ပြောင်းရမှာ တွေးကြောက်ပေမဲ့ အဲဒီလို ပြောင်းရလွန်းတော့ လာထား နင်လားဟဲ့ လောကဓံ ကြောက်တော့ဘူး ပြေးတွေ့ပလိုက်တယ်။နေမကောင်း ဖြစ်မှာကိုတော့ ကြောက်မိတယ်။ စာမေးပွဲကျမှာ ကြောက်ပေမဲ့လည်း စာမေးပွဲတွေ ခဏခဏ ဖြေရ၊ အမှတ်နည်းသွားလိုက်၊ ကပ်အောင်ရုံပဲအောင်၊ အမှတ်များများနဲ့အောင်လိုက်နဲ့ ပတ်ချာလည် လိုက်နေတာ ခုတော့ တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားတယ်။ ထွက်လာတဲ့အဖြေကိုလည်း လက်ခံနိုင်လို့ စာမေးပွဲပါး ဝသွားပြီ ဆိုပါ။

ဆရာတော် မေတ္တာရှင်(ရွှေပြည်သာ) ရဲ့ လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက် စာအုပ်ဖတ်ပြီး နောက်ဘဝ ဘယ်ဆီဘယ်ဝယ် ရောက်မယ်မှန်းမသိ တွေးကြောက်မိတယ်။ အဖေ၊ အမေ သေသွားမှာ တွေးကြောက်လို့ ငိုတယ်ဆိုတဲ့ အသိအစ်ကိုကြီး တစ်ယောက်အဖြစ်ကို မကြီးက သူလည်း အဲဒီလို တွေးကြောက်တယ်တဲ့။ ကျွန်မကတော့ နာဂစ်တိုက်တုန်းက တစ်ခါပဲ တွေးပူမိတယ်။ အကြီးဆုံးတွေကသာ အဲလိုလို ကြံဖန်တွေးပူတတ်တယ်နဲ့ တူပါရဲ့။ ညီမလေး နှင်းနဲ့မာယာက သိကြောက်နဲ့မသိကြောက် ဘယ်အရာကို ပိုကြောက်သလဲလို့ မေးခွန်းလေး မေးပြီး တဂ်လာတာ ကျွန်မကတော့ ကျွန်မ ကြောက်တာတွေကိုပဲ ရေးလိုက်တယ်။ တဂျီးမင်းပို့စ် ဖတ်ရတော့ သိကြောက်က ပိုကြောက်စရာ ကောင်းသား။ သိကြောက်ရော၊ မသိကြောက်ရော အားလုံးကြောက်တဲ့  ကြောက်တတ်သူ တစ်ယောက်ဖြစ်ပါကြောင်း။

စန်းထွန်း
မတ် ၂၆၊ ၂၀၁၄။

6 comments:

မြသွေးနီ said...


Unknown said...

very good
waiting 4 more...

မီးမီးငယျ said...


Aunty Tint said...


မေတ္တာဖြင့်
တီတင့်

Mrs. Bagel said...


San San Htun said...

မြသွေးနီ said...
ကြောက်စရာတွေ စိတ်ရှည်လက်ရှည်ရေးထားလိုက်တာ ဖတ်ရင်းနဲ့ မျောပါသွားရော... စိတ်ဝင်စားဖို့ကောင်းတဲ့ ကြောက်စရာတွေချည်းပါပဲလား ညီမရေ...။
March 28, 2014 at 4:41 AM
မီးမီးငယ် said...
အဟား..မီးမီးလေးတော့အားလုံးကြောက်ကြောက်ဘဲ
စန်းထွန်းလေးဒီမှာတယောက်ထဲလာနေရဲတာက
တကဲ့အကြောက်တရားမရှိသူလို့မှတ်ပြီးသားနော့်
March 31, 2014 at 3:35 PM
Aunty Tint said...
ကြောက်တတ်သူတွေအတွက် ခြောက်ခြားစရာလေးတွေပဲ ရေးထားလိုက်တာ စီကာပတ်ကုံးပါလား စန်းစန်းရေ တီတင့် စန်းစန်းရဲ့ ပို့စ်တွေဖတ်ခါနီးတိုင်း စားစရာလေးတွေစားရင်း အေးအေးဆေးဆေး ဇိမ်နဲ့ဖတ်တာ အကျင့်ဖြစ်နေပြီ။ နာဂစ်ကိုပြန်သတိရမိတယ်။ ခံစားရသူတွေအတွက် ဘဝငရဲလို့ပဲဆိုရမလားပဲ။

မေတ္တာဖြင့်
တီတင့်
April 1, 2014 at 12:46 PM
Mrs. Bagel said...
အသက်ကြီးလာလေ ပိုကြောက်တတ်လာလေလား မသိဘူး။ အဲလို ငယ်ငယ်တုန်းက မစဉ်းစားပဲ လုပ်နိုင်ပေမယ့် အခု အသေးဖွဲဆိုရင်တောင် ချေတုံချတုံ ဖြစ်နေပြီ။
April 4, 2014 at 10:47 AM