ကြောက်တတ်သူများ...

နယ်အိမ်တွေမှာ အိမ်သာတွေက အိမ်ရဲ့ ခပ်လှမ်းလှမ်းမှာ  ရှိတော့ ညဖက်ဆို မကြီးက အိမ်သာ တစ်ယောက်တည်း မသွားရဲဘူး။ ရုပ်ရှင်ကြည့်ရင် ကြောက်လန့်စရာအခန်းတွေဆို မောင်မောင်က မျက်နှာကို အုပ်ထားလေ့ရှိတယ်။ ကျွန်မတို့မောင်နှမတွေကြားထဲမှာ ကျွန်မက သတ္တိကောင်းသူလို့ ဆိုရမလား။ အိမ်သာ တစ်ယောက်တည်း သွားရဲ၊ မျက်နှာမအုပ်ဘဲ သရဲရုပ်ရှင် ကြည့်ရဲလို့လေ။

ကျွန်မတို့ ငယ်ငယ်တုန်းက ခုလို တီဗွီ အိမ်တိုင်းမရှိ။ တရွာလုံးမှာမှ ၁ လုံး၊ ၂ လုံး လောက်ပဲ ရှိတာ။ တယောက်တလှည့် ပုံပြောတမ်း ဆော့ကြရင် ဘုရားတောင်၊ အပျိုကြီး ဘုရားနားက ဥစ္စာစောင့်ပုံပြင်တွေ၊ ညဖက်ဆို ထွက်တတ်တဲ့ ချီးစားစုန်းတွေအကြောင်း ကိုယ်တိုင်မြင်ဖူးတာလဲမဟုတ် ကြားဖူးနားဝတွေနဲ့ ချဲ့ထွင်ပြောကြပေမဲ့ ကြောက်သားလား။ သရဲပုံပြင် နားထောင်တဲ့နေ့တွေဆို အိမ်သာ တစ်ယောက်တည်း မသွားရဲတော့ဘူး။ နည်းနည်းကြီးလာတော့ သံဗုဒ္ဓေဂါထာ၊ ပရိတ်ကြီး ၁၁ သုတ်ရွတ်ရင် သရဲတွေ အနားမကပ်နိုင်ဘူးဆိုတာ ယုံကြည်လာတော့မှ မကြောက်တော့တာ။

အဖေ၊ အမေ ရန်ကုန်မှာ မရှိရင် မကြီးက အိပ်ယာဝင်ခါးနီးတိုင်း တံခါး၊ ပြတင်းပေါက်တွေ ပိတ်မပိတ် သေချာစစ်၊ အနားမှာလည်း ဓာတ်မီး၊ သော့၊ ဖယောင်းတိုင်၊ မီးခြစ်ဆောင်ပြီး အိပ်တယ်။ အဲဒီတုန်းက မကြီးကို ပူတတ်ရန်ကောလို့။ မကြီးလည်း နိုင်ငံခြားသွားရော ကျွန်မလည်း မကြီးလို ဖြစ်သွားတယ်။ ကျွန်မတို့ အိမ်နောက်ဖက် စက်ရုံနားမှာ အိမ်လေးတလုံး ရှိတယ်။ တနေ့တော့ တိုက်ပတ်ပတ်လည်မှာ လူတွေအုံနေလို့ စပ်စုကြည့်တော့မှ အိမ်ပိုင်ရှင်အရှုးက အိမ်ငှားယောက်ျားကို ဓားနဲ့ခုတ်ပြီး သတ်လိုက်လို့တဲ့။ အရှုးက ဓားကိုင်ပြီး အိမ်ထက်ကနေ မဆင်းလို့ ရဲမှုးကိုယ်တိုင် လာဖမ်းရတယ်။ အိမ်ငှားလင်မယား နောက်နေ့ဆို မောင်လမြိုင်ကို ပြောင်းတော့မှာတဲ့။

အစိမ်းသေပဲ သေလို့လား ညနေ နေဝင်ချိန်ဆို သွေးညှီနံ့ရသလို ခံစားရ၊ တစ္ဆေခြောက်တယ်လို့ သတင်းတွေထွက်လို့ အဲဒီအချိန်တုန်းက ညဖက်ဆို အပြင်ထွက်ဖို့ တွန့်တယ်။ မကြီးကတော့ ရဲတင်းတွေ၊ ဓားတွေ ကိုင်ထားတဲ့သူတွေက ကြောက်တတ်တဲ့။ ခြင်္သေ့ကျွှန်းမှာတုန်းက အမ်အာတီပေါ်မှာ နံဘေးက ထိုင်ခုံလွတ်သွားတော့ လူတယောက် အသည်းအသန် ပြေးလာပြီး လာထိုင်တယ်။ ပြီးတော့ လူတွေကို စကားတွေ အော်ပြောနေတာ ဘေးမှာထိုင်နေတဲ့ ကျွန်မက ထသွားရမှာအခက် ထိုင်နေတာလည်း အရှုးက ဘေးနားမှာ။ ကြောက်လိုက်တာများဆို အသက်တောင် ရှုရဲ့လား၊ လှုပ်တောင် လှုပ်ရဲ့လား မသိ။ အင်တန်းအတူဆင်းတဲ့ သူငယ်ချင်းကို ပြောပြတော့ ဘာဆိုဘာမှ မကြောက်တတ်သူလို့ ထင်ထားတာ ခုတော့ ကျွန်မ ကြောက်တာလည်း ရှိပါသေးလားတဲ့။


တစ္ဆေပွဲတော်လဆို တစ္ဆေတွေ ထွက်တယ်ဆိုလို့ အဲဒီလဆို ညဖက်သိပ်မထွက်၊ မှောင်တဲ့နေရာတွေဆို ရှောင်တယ်။ တစ္ဆေတွေက အလင်းကြောက်တယ်ဆိုလို့။ ကျွန်မတို့ သူငယ်ချင်းတွေက ည ၁၁ နာရီခွဲ နောက်ဆုံးကားစီးပြီး ကျောင်းကနေ ပြန်ပေမဲ့ စာအရမ်းကြိုးစားတဲ့ တရုတ်တစ်ယောက်က ည ၁၂ နာရီကျော် စာကြည့်ပြီးတော့မှ အိမ်ပြန်တယ်။ သူ့အိမ်က ကျောင်းနဲ့နီးလို့ လမ်းလျှောက်ပြန်တယ်။ အင်္ကျီဖြူ ဝတ်ထားတဲ့ လူတယောက် သူ့နောက်က လိုက်တယ်ထင်လို့ နောက်ဆို စောစောပြန်တော့တယ်။

စာသင်ချိန်ပြီးရင် အုပ်စုလိုက်ပေးထားတဲ့ အခန်းတွေမှာ စာစုလုပ်၊ ပရောဂျက်တွေ လုပ်ကြတယ်။ အဲဒီနေ့က ကျွန်မတို့အုပ်စုအခန်း မအားလို့ ဘေးခန်းမှာ ပရောဂျက် လုပ်ကြတယ်။ ညနေ ထမင်းသွားစားကြတော့ အခန်းထဲမှာ ကျွန်မတစ်ယောက်တည်း။ ပရောဂျက်မပြီးသေးလို့ ကွန်ပျူတာထဲ ခေါင်းစိုက်နေတာ ကွန်ပျူတာ နှိပ်သံလိုလို ကြားမိတော့ လှည့်ကြည့်တယ်။ ကျောင်းက အခန်းတွေက နီးတော့ တခြားအခန်းက ဖြစ်မှာပါလေ။ နောက်တော့မှ အုပ်စုထဲက ညီမငယ်လေးက ဟင်...အစ်မ တစ်ယောက်တည်းလား ဒီအခန်းက မိုက်ကယ်နေသွားတဲ့အခန်း နာမည်ကြီးဆိုတော့မှ ကြောက်သွားတာ  နောက်ဆို အဲဒီအခန်းကို တစ်ယောက်တည်း မသွားတော့ဘူး။

မာလာမုန်တိုင်း တိုက်တုန်းက ကျွန်မက နယ်မှာ။ ပင်လယ်လှိုင်းလုံးတွေ ရိုက်ခတ်သံ၊ လေတွေ တရွှီးရွှီးတိုက်၊ ဒီရေ အိမ်ပေါ်ကို  ၁ ပေလောက် တက်တယ်။ အိမ်ပေါ်ကို ဒီရေတက်တာ တခါမှ မမြင်ဘူးတော့ ကြောက်သွားမိတယ်။ ကိုကြီးရွှေဘက ည ၁၁ ဒီရေကျမယ်လို့ ပြောလို့ ခုံပေါ်ကနေ ဒီရေကျတာ ထိုင်စောင့်နေတာ ဒီရေ ခြေကျင်းဝတ်လောက်ရှိရော အမေက သမီးရေ နုန်းတွေကို ဒီရေနဲ့ ဆေးချရမယ်။ ဒီအချိန်က ဆေးချဖို့ အချိန်ကောင်းဆိုလို့ အုန်းတံမြက်စည်းနဲ့ ဒီရေရေ နင် သယ်လာတဲ့နှုန်းတွေကို နင့်ဘာသာသယ်သွား အင်းဟယ်..အင်းဟယ်ဆိုပြီး ဆေးချရတယ်။ မာလာမုန်တိုင်းက ကျွန်မတို့ဖက်ကို အဖျားပဲခတ်တယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလတုန်းက နိုင်ငံခြားတက္ကသိုလ်လျှောက်ဖို့ ပြင်ဆင်နေရလို့ ဘီးစီးနေချိန်ပေါ့။ ညမထွက်ရအမိန့်အောက်မှာ ကင်းလှည့်နေတဲ့ စစ်ကားသံတွေ၊ အပြစ်မဲ့စွာ သွေးမြေကျသူတွေရဲ့အရိုးတွန်သံတွေ၊ သန်းခေါင်ယံချိန်မှာ ရှည်ရှည်ဆွဲဆွဲ အူလိုက်တဲ့ ခွေးအူသံတွေ။ ညည့်နက်ရင်ဖြင့် ဘယ်ကျောင်းကို ဝင်စီးပြန်ပြီ၊ ဘုန်းကြီးကျောင်းကို ကင်းစောင့်ကြတဲ့ ရက်ကွက်သားတွေရဲ့ အချက်ပေးသံတွေ။ ဆန္ဒပြသူ၊ ရပ်ကြည့်သူ ဘာသောငြားသော မခွဲခြားဘဲ ကားပေါ် ဆွဲတင်တဲ့သတင်း၊ စစ်ကြောရေးရုံးမှာ စစ်မေးနှိပ်စက်တဲ့ သတင်းတွေ ကြားရတော့ ဘယ်အချိန်၊ ဘယ်အခါ ကိုယ့်ကိုများ လာဆွဲမလား စိတ်တထင့်ထင့် စိုးရိမ်စိတ်၊ ကြောက်လန့်စိတ်၊ မုန်းတီးရွံရှာစိတ်၊ လုံခြုံမှုကင်းမဲ့တဲ့စိတ်တွေနဲ့ ခေတ်ဆိုးခေတ်ပျက်ကြီးရဲ့ အနိဋ္ဌာရုံတွေကို ကြောက်လန့်နေခဲ့ဖူးတယ်။


နာဂစ်တိုက်မဲ့နေ့တုန်းက နာဂစ်တိုက်မယ်မှန်းတောင် မသိဘူး။ အဲဒီတုန်းက ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံဖို့ တီဗွီမှာ တချိန်လုံး လွင့်နေတာကိုး။ မုန်တိုင်းဝင်မဲ့နေ့က ရုံးတွေ၊ ကျောင်းတွေ စောစောပိတ်လို့ တီဗွီဖန်သားပြင်အောက်ကနေ မုန်တိုင်းဝင်မဲ့ သတင်းပေးစာတမ်းတွေ့လို့ အဖေ့ဆီ လှမ်းဖုန်းဆက်တော့ မုန်တိုင်းက တိုက်နှင့်နေပြီ။ ရန်ကုန်ကို မုန်တိုင်းဝင်တဲ့အချိန်က ညဖက်။ တိုက်ပြိုသွားမလားလို့တောင် ထင်မိတယ်။ မနက်မိုးလင်းတော့ အိမ်ခေါင်မိုးသွပ်တွေ ၊ သစ်ပင်တွေ ပြိုလဲလို့ ရန်ကုန်တမြို့လုံး အမှိုက်ပုံဖြစ်နေပြီ။ လှိုင်မြစ်ရေတိုးလို့ မြေညီထပ်က ပစ္စည်းတွေကို အပေါ်တင်၊ ရေကျချိန်မှာ နှုန်းတွေရှင်း။

နိုင်ငံခြားရေဒီယို အသံလွှင့်ကနေ ဟိုင်းကြီးကျွှန်းမှာ လူ ၁၅၀ ယောက်လောက် သေတယ်လို့ သတင်းကြားတော့ ငေါက်ကနဲ ကောက်ထိုင်တော့ပဲ။ ဘုရား..ဘုရား အဖေ၊ အမေ မတော်တဆ တိမ်းပါးသွားခဲ့ရင် ဘယ်လိုလုပ်ရပါ့။ ကြားရတဲ့ သတင်းတွေက တစက်မှ စိတ်ချမ်းသာစရာမရှိ။ ပုသိမ်ကတော့ နာဂစ်ဒဏ်က လွတ်တယ်။ ရန်ကုန်က ဟိုင်းကြီးအဆက်အနွှယ်တွေ ရောက်လာကြပြီ။ ရှပ်ပြေး(အမြန်ရေယာဉ်)တစ်စီး တက်လာတော့ ပင်လယ်ဖက်က သတင်းတွေမေးဖို့ ပုသိမ်ကမ်းနားမှာ လူတွေမှ ကမ်းလုံးညွှတ်နေတာပဲ။ ရန်ကုန်မှာ နေတာကြတော့ နယ်ကသူတွေကို သိပ်မသိ။ ဟဲ့ ကောင်မလေး နင့်အမေ သင်္ဘောနဲ့ ပါလာတယ် ဦးတဆုတ်အိမ်ကို သွားတယ် အဲဒီကနေ သွားစောင့်ဆိုတဲ့ အသံကြားလို့ သွားစောင့်နေတော့ ဆိုက်ကားနဲ့ အမေ ရောက်လာတယ်။ အမေက ကျွန်မကိုမြင်တော့ ငိုတယ် ကျွန်မတို့ကို သေပြီထင်နေတာတဲ့။ ကျွန်မတို့ကလည်း အမေတို့ အသက်မှ ရှင်သေးရဲ့လားလို့။

သင်္ဘောဆိပ်မှာ လာစောင့်နေတဲ့ မုန်တိုင်းဒဏ်ကြောင့် စိတ်ထောင်းကိုယ်ကြေ ဆယ်နှစ်စာလောက် အိုစာသွားတဲ့ အဖေ့ကိုမြင်တော့ စိတ်မကောင်းလိုက်တာ။ ရသာကိတ်မုန့်ကျွှေးတော့ ဒီလိုမုန့်လေး မစားရတာ ၃၊ ၄ ရက် ရှိပြီ။ အိမ်အပေါ်ထပ်မှာ ဆန်အိတ်တွေရှိပေမဲ့ အိမ်ခေါင်မိုးသွပ်က အချပ်လိုက်တင်မက ခေါင်မိုးက ထုတ်တန်းကျားတန်းတွေပါ ကျွှတ်ထွက်သွားတာ။ လေဘယ်လောက်ပြင်းလဲလို့။ လေတိုက်တဲ့ဖက်ကို မျက်နှာမူလို့ မရဘူးတဲ့။ အိမ်တော်တော်များများ ပြိုတယ်။ တော်တော်တောင့်တဲ့ အိမ်ကသာ ယိုင်ရုံလေးယိုင်တာ။ အိမ်ရှေ့ကနေ မြစ်ထဲထိ ထိုးထားတဲ့ တံတား၊ ဆောင်ပုံလို့ခေါ်ကြတဲ့ ပစ္စည်းအတိုအထွာထားတဲ့ အိမ်ကလေးဆို ငုတ်တိုင်တောင် မတွေ့တော့ဘူး အစပျောက်သွားတာ။ မုန်တိုင်းက ကျွန်မတို့နယ်ဖက်မှာ နေ့လည်းပိုင်းတိုက်လို့ လူအသေအပျောက် နည်းတာ။

လပွတ္တာ၊ ဘိုကလေး၊ ပြင်စလူဖက်မှာက ညဖက်တိုက်တာ။ အိမ်တွေက ဓနိမိုး၊တိုင်ကနော်ကနဲ့တွေနဲ့ ဆောက်ထားတဲ့အိမ်တွေဆိုတော့ လေတချက်လောက် ဝှေ့တာနဲ့ အကုန်ပြားပြီ။ မုန်တိုင်းဒီလောက် ပြင်းမယ်လို့ ဘယ်သူမှ မထင်ထားခဲ့တာပါ။ သတိပေးနှိုးဆော်ချက်တွေ၊ မုန်တိုင်းကို ကြိ ုတင်ပြင်ဖို့ လုပ်ဆောင်ချက်တွေ ပျက်ကွက်ခဲ့လို့ ဒီလောက်လူအသေအပျောက်များတယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ဘူး။ ပုသိမ်ကားပေါ်မှာ ကောင်မလေးတစ်ယောက် မျက်လုံးတွေ မို့အစ် နီရဲနေတော့ ကြင်နာတတ်တဲ့ အစ်မတစ်ယောက်က မေးတော့ သူ့မိဘ၊ မောင်ဘွား၊ အမျိုးတွေ အကုန်သေသွားတယ်။ သူတောင် ရန်ကုန်မှာနေလို့ အသက်ရှင်တာလို့ ပြန်ဖြေသံကြားရတော့ စိတ်မကောင်းလိုက်တာ။

Telsa's interior. credit to Google

အဲဒီကတည်းကစလို့ မုန်တိုင်းဆို သေးသေး၊ ကြီးကြီး အကုန်ကြောက်တယ်။ ယူအက်စ်ရောက်တော့ ကျွန်မနေတဲ့ အိုင်အိုဝါ၊ အင်ဒီယားနား၊ အိုဟိုင်းရိုး၊ ကန်တက်ကီ အနောက်အလယ်ပိုင်းဒေသ  ပြည်နယ်တွေက လေဆင်နှာမောင်း ပေါတယ်။ တိုင်ဖွန်း၊ ဆိုင်ကလုန်းတွေက မုန်တိုင်းလမ်းကြောင်းကို သိနိုင်ပေမဲ့  ဘယ်အချိန်တိုက်ခတ်မလဲလည်း မသိ၊ တိုက်ခတ်မဲ့လမ်းကြောင်းလည်း မသိ၊ တိုက်ခတ်တဲ့လမ်းကြောင်းတလျှောက် အကုန်ခြေဖျက်သွားတဲ့ လေဆင်နှာမောင်း ဆိုတာကြီးကိုလည်း ကြောက်တယ်။ ကျောင်းမှာတုန်းက သူငယ်ချင်းများနေ့အထိမ်းအမှတ် ဝိုင်သောက်ပြီး အိပ်ပျော်နေတာ ဆူနမ် လာနှိုးတော့မှ တော်နေဒိုးဖြတ်နေမှန်း သိတော့တယ်။ အဆောင်မှာ လျှပ်စီး မီးတွေဖြတ်၊ အင်တာနက်တွေ ဒေါင်းလို့ အင်မာဂျန်ဆီမီး ထွန်းထားတယ်။

အာအေ အဆောင်မှုးတွေက အဆောင်သူတွေကို အချိန်မှီ နှိုးဆော်ဖို့ နှိုးကြားတက်ကြွနေတယ်။ မိုးခြိမ်းသံတွေ တဂျိမ်းဂျိမ်း၊ လျှပ်စီးတွေ တလက်လက်။ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ကျောပိုးအိတ်ထဲထည့်၊ နွေးနွေးထွေးထွေးဝတ်၊ မုန့်၊ ရေဗူး၊ စောင်ထည့်၊ ဂျာကင်ဝတ်။ တယောက်တည်းထက်စာရင် စုနေတယက အကြောက်နည်းနည်း ပြေတာမို့ ဆူနမ် ငါကြောက်လို့ နင့်အခန်းမှာ လာအိပ်လို့ ရမလားဟင်မေးတော့ ဆူနမ်က သူ့ကုတင်ကို မေးငေါ့ပြတယ်။ လား..လား မိုင်းနဲ့ ရာမား ငသွက်နှစ်ကောင် ဆူနမ့်ခုတင်ပေါ် ဦးနှင့်နေပြီ။ လေဆင်နှာမောင်းတိုက်ရင် မြေအောက်ထပ်က လုံခြုံစိတ်ချရပေမဲ့ မြေအောက်ထပ် မရှိရင် ရေချိုးခန်း၊ အိမ်သာတို့လို ပြတင်းပေါက်တွေ မရှိတဲ့ အခန်းမှာ နေရတယ်။ ဘုရားရှိခိုးကျောင်းက လေဆင်နှာမောင်း သတိပေးချက် ဆိုင်ရင်းသံကြားရင် အသင့်ပြင်ပေတော့ပဲ။

၂၀၀၅ ခရစ်စမတ်နောက်နေ့ မနက်ဖက်စောစော ငလျင်လှုပ်ချိန်မှာ ကျွှန်မက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း။ ရေတိုင်ကီကနေ ရေတွေ ဗောင်ဗင်ခတ်တော့ အအိပ်ဆတ်တဲ့ မကြီးက ငလျင်လှုပ်တာ အိပ်ပြင်ထွက်ရမယ်တဲ့။ အိပ်ချင်မူးတူး မထချင်ထချင် မျက်လုံးပွတ်လို့အိမ်ပြင်ရောက်ရော တတိုက်လုံးက လူတွေက လမ်းပေါ်မှာ ရောက်နှင့်နေပြီ။ အဲဒီတုန်းက တိုက်ပြိုလို့ သေသွားရင်တောင် ငလျင်လှုပ်လို့ သေသွားမှန်း သိမယ် မထင်ဘူး။  ဂျပန် ဆူနာမီ သတင်းတွေ မြင်ရတော့ ဆူနာမီကိုလည်း ကြောက်တာပဲ။ ဟောင်ကောင် - ချီကာဂို ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်နေပြီဆိုတာ ဘုတ်မှာတွေ့တော့ အင်း စက်တခုခုချို့ယွင်းလို့ လေယာဉ်ပျက်ကျရင်တော့  အသက်ရှင်ကိန်း မြင်မယ်မထင်။ ငါတော့ ဂန့်မှာ အသေအချာပဲလို့ တွေးကြောက်တဲ့အခါ သံဗုဒ္ဓေ ရွတ်တယ်။

ဝင်ခွင့်စာမေးပွဲကျတုန်းက ငါတော့ ပြည်တော်ပြန်ရပြီ အဖေ့ပိုက်ဆံတွေ ဆုံးရချည်ရဲ့ တွေးကြောက်တယ်။ ပန်းဝတ်မှုန် အလာဂျီဖြစ်လို့ တကိုယ်လုံး ကုတ်ဖဲ့နေတုန်းက ငါတော့ သေတော့မှာပဲလို့ တွေးကြောက်တယ်။ စာမေးပွဲခန်းထဲဝင်ရင် မဖြေနိုင်မှာ၊ ကျမှာ တွေးကြောက်တယ်။ အမှတ်စာရင်း ထွက်ပြီဆိုရင် ရင်တွေ တဒိတ်ဒိတ်ခုန်တယ်။ မီးပွိုင့်၊ ဆိုင်းဘုတ်၊ ဂျီပီအက်စ်၊ ဘေးဘီဝဲယာ သေချာကြည့်။ အချက်မပြမဘဲ ဖတ်ခနဲ ရှေ့ကို ဝင်လာတဲ့ကားတွေကြောင့် သူ့အမှားက ကိုယ့်အမှား ဖြစ်မှာစိုးလို့ ကားမောင်းရတာ အာရုံစိုက်ရတယ်။ ဝုန်းကနဲ မြောက်တက်သွားတော့ ဘာဖြစ်မှန်း မသိလိုက်ဘူး။ နောက်ကနေ ဝင်ကျုံးခံရတာ။

Telsa. credit to Google

ကန်တက်ကီကနေ မေရီလန်းအထိ မိုင် ၆၀၀ ခရီးကို ကားဖွတ်ချက်ဖွတ်ချက်လေးမောင်းပြီး တစ်ယောက်တည်း ခရီးနှင်လာတုန်းက အနောက်ဗာဂျီးနီးယားပြည်နယ်က တောင်တွေဆီမှာ မြူတွေဆိုင်း၊ နှင်းတွေကျ၊ ကားကြောပြတ်တဲ့နေရာမှာ လီဗာဖိနင်းပေမဲ့ မိုင် ၄၀ ကနေ မတက်တဲ့အခါ ကြောက်သွားဖူးတယ်။ ဆီဖြည့်ဖို့ ဂျီပီအက်စ် ညွှန်တဲ့အတိုင်း ဓာတ်ဆီဆိုင်သွားတော့ ဓာတ်ဆီဆိုင် မတွေ့ဘဲ ကားတွေလုံးဝမဖြတ်တဲ့ တောလမ်းဆိုတော့ ကြောက်မိသွားတယ်။ ဟိုင်းဝေးလမ်းပေါ်က ဥတည်ဗဟို သွားလာနေတဲ့ ကားတွေ မြင်တော့မှ စိတ်အေးသွားတယ်။ နောက်နောင် ဟိုင်းဝေး တစ်ယောက်တည်း ဘယ်တော့မှ မမောင်းတော့ပါလို့ ဆုံးဖြတ်ထားပေမဲ့ လျှပ်စစ်သုံး Telsa ကားနဲ့ နိုင်ငံဖြတ်ကျော် ခရီးနှင်တယ်ဆိုတဲ့ သတင်းဖတ်ရတော့ အားကျမိပြန်ရော။

လေးအော့ဖ်မှာ၊ ပြည်နယ်အသစ်၊ မြို့အသစ်၊ အလုပ်အသစ်တွေ ပြောင်းရမှာ တွေးကြောက်ပေမဲ့ အဲဒီလို ပြောင်းရလွန်းတော့ လာထား နင်လားဟဲ့ လောကဓံ ကြောက်တော့ဘူး ပြေးတွေ့ပလိုက်တယ်။နေမကောင်း ဖြစ်မှာကိုတော့ ကြောက်မိတယ်။ စာမေးပွဲကျမှာ ကြောက်ပေမဲ့လည်း စာမေးပွဲတွေ ခဏခဏ ဖြေရ၊ အမှတ်နည်းသွားလိုက်၊ ကပ်အောင်ရုံပဲအောင်၊ အမှတ်များများနဲ့အောင်လိုက်နဲ့ ပတ်ချာလည် လိုက်နေတာ ခုတော့ တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားတယ်။ ထွက်လာတဲ့အဖြေကိုလည်း လက်ခံနိုင်လို့ စာမေးပွဲပါး ဝသွားပြီ ဆိုပါ။

ဆရာတော် မေတ္တာရှင်(ရွှေပြည်သာ) ရဲ့ လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက် စာအုပ်ဖတ်ပြီး နောက်ဘဝ ဘယ်ဆီဘယ်ဝယ် ရောက်မယ်မှန်းမသိ တွေးကြောက်မိတယ်။ အဖေ၊ အမေ သေသွားမှာ တွေးကြောက်လို့ ငိုတယ်ဆိုတဲ့ အသိအစ်ကိုကြီး တစ်ယောက်အဖြစ်ကို မကြီးက သူလည်း အဲဒီလို တွေးကြောက်တယ်တဲ့။ ကျွန်မကတော့ နာဂစ်တိုက်တုန်းက တစ်ခါပဲ တွေးပူမိတယ်။ အကြီးဆုံးတွေကသာ အဲလိုလို ကြံဖန်တွေးပူတတ်တယ်နဲ့ တူပါရဲ့။ ညီမလေး နှင်းနဲ့မာယာက သိကြောက်နဲ့မသိကြောက် ဘယ်အရာကို ပိုကြောက်သလဲလို့ မေးခွန်းလေး မေးပြီး တဂ်လာတာ ကျွန်မကတော့ ကျွန်မ ကြောက်တာတွေကိုပဲ ရေးလိုက်တယ်။ တဂျီးမင်းပို့စ် ဖတ်ရတော့ သိကြောက်က ပိုကြောက်စရာ ကောင်းသား။ သိကြောက်ရော၊ မသိကြောက်ရော အားလုံးကြောက်တဲ့  ကြောက်တတ်သူ တစ်ယောက်ဖြစ်ပါကြောင်း။

စန်းထွန်း
မတ် ၂၆၊ ၂၀၁၄။

မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၃

အမေက မောင်မောင့်ကို မွေးပြီးကတည်းက ကလေးတွေကို စိတ်ကုန်သွားတာ သူ့တူ၊ တူမတွေကို ကျွှေးစရာရှိကျွှေး၊ ပေးစရာရှိ ရော့ အင့် ပေးပြီး အနားကို  အကပ်မခံတော့ဘူး။ မောင်မောင့်စာအုပ် ဖတ်ပြီးတော့ အဖေ တော်တော် စိတ်ဆင်းရဲသွားရှာတယ်။ ပဲပင်ပေါက် မုန်တိုင်းတိုက်တဲ့ လက်ရေး၊ မြန်မာစာ စာလုံးပေါင်းသတ်ပုံ အမှားအယွင်းတွေကို မြင်ရတော့ မင်းကွာ ဆယ်တန်းအောင်လို့ တက္ကသိုလ်ကျောင်းသား ဖြစ်နေပြီ မင်းဟာက အလယ်တန်းကျောင်းသား အဆင့်လောက်တောင် မရှိပါလားကွ။

ဆိုင်ကယ်မောင်း သင်ပေးတော့ မောင်မောင်က တညနေတည်းနဲ့ တတ်ပေမဲ့ ကျွှန်မတို့ကို နှစ်ပတ်လောက် သင်ပေးရတယ်။ မနက်စောစော လူရှင်းတဲ့အချိန် ဆိုင်ကယ်မောင်းကျင့်ဖို့ အဖေက နှိုးတတ်သလို ညနေစောင်း သောင်ပြင်ထက်ဆီမှာ ကျွှန်မတို့ ညီအစ်မတွေ ဆိုင်ကယ်မောင်းကျင့်ရင် မောင်မောင်က စိတ်မရှည်ပေမဲ့ အဖေကတော့ စိတ်ရှည်လက်ရှည် စောင့်ကြည့်ညွှန်ကြား ပေးတတ်တယ်။ ကျွှန်မတို့ မောင်နှမသုံးယောက်ကို စက်ဘီးစီးတတ်အောင် သင်ပေးခဲ့တာလည်း အဖေပါပဲ။

ပွဲရုံသွားမယ်ဆိုတိုင်း အိမ်နေရင်း ဝတ်တဲ့ စွပ်ကျယ်၊ အရောင်မထွက်တဲ့ မွဲပြာပုဆိုး ဝတ်ပြီးသွားမယ်ဆိုလို့ နည်းနည်းကောင်းတာလေး လဲဝတ်ဖို့ အမြဲဆူရတယ်။ ပွဲရုံမှာက ကိုယ့်နယ်သားတွေကြီးပဲဆိုတော့ အမေက သူ့သားကို စုတ်တီးစုတ်ပြတ် ဘယ်မြင်ချင်ပါ့မလဲ။ မင်းကို ငါ့သားလို့ မထင်ဘဲ မသိတဲ့သူတွေက အိမ်က အလုပ်သမားလို့ ထင်ကြလိမ့်မယ်။ အင်္ကျီလဲခိုင်းတာ ဘယ်လိုပြောပြော မရဘူး။ ဟော... ညနေ စာအုပ်ဆိုင်သွားတော့ ရှိုးစမိုး အပြည့်။ အဲဒီလို အဲဒီလို အချိုးမပြေတာ။

သားကြီးသြရသတွေဆို သိတတ်လိမ္မာကြတာ များလေတော့ မောင်မောင်သာ သားကြီးဖြစ်ခဲ့မယ်ဆိုရင် သိတတ်လိမ္မာလေမလားတော့ မပြောတတ်ပါ။ ခုတော့ အငယ်ဆုံးလည်းဖြစ်၊ အလိုလိုက်ခံရတော့ မသိတတ်ဘူး။ မောင်နှမတွေ ရန်ဖြစ်ကြရင် ကွျှန်မတို့တွေက တဖက်၊ မောင်မောင်က တယောက်တည်း ဖြစ်လေတော့ တကယ်လို့များ ကျွှန်မအထက်က အစ်ကိုသာ သက်ရှိထင်ရှား ရှိခဲ့ရင် အစ်ကိုဖြစ်သူက ညီဖြစ်သူကို ဆုံးမလေမလား။ ဒါမှမဟုတ် ညီအစ်ကိုနှစ်ယောက် ပေါင်းနှိပ်စက်လို့ ကျွှန်မတို့တွေ ခေါင်းမွှေး ပိုပြောင်လေမလား။


ကျွှန်မတို့တွေက မောင်မောင့်ကို နိုင်ငံခြားထွက် အလုပ်လုပ်စေချင်တာ။ ဒါမှ ပိုက်ဆံတန်ဖိုး သိမှာလို့။ အသုံးမကျဘူး၊ အဖြစ်မရှိဘူးလို့ ကျွှန်မတို့တွေ ပြောကြပေမဲ့ သူ့သူငယ်ချင်းတွေထဲမှာတော့ သူက ဆရာကြီး။ ကျွှန်  ဘွဲ့ယူဖို့ အဖေနဲ့အမေ ခြင်္သေ့ကျွှန်းကိုလာတော့ အင်္ဂလိပ်လို နည်းနည်းပါးပါး ပြောဖို့ မောင်မောင့်ကို ခေါ်လာတာ ဒင်းက ရက်စ်၊ နိုး၊ အိုကေ၊ သင့်ခ်ယူ၊ ဆောရီး ဒီငါးလုံးပဲ သိတယ်။ ခြင်္သေ့ကျွှန်းကို ပြန်ဝင်ဖို့ ဗီဇာထပ်လျှောက်ရမှာမို့ ကျွှန်မက နေသိပ်မကောင်းတဲ့ အမေ့ကို အဖော်ပြုရင်း ခြင်္သေ့ကျွှန်းမှာ ကျန်ခဲ့ပေမဲ့ သူတို့သားအဖတွေက မလေးရှားနိုင်ငံ ကွမ်လာလမ်ပူကို သွားလည်ကြတယ်။ ၂၀၁၂  အဖေ့ နှလုံးသွေးကြောကျဉ်းတာကို ဘန်ကောက်က ဘာမင်ဂရမ်ဆေးရုံမှာ ခွဲစိတ်တော့ မောင်မောင် ပါပြန်တယ်။ ခု ကျွှန်မ ဘွဲ့ယူဖို့ အဖေ၊ အမေတို့ကို  ယူအက်စ်ကို အလည်ခေါ်မဲ့ အကြောင်းပြောကြရင် အဖေ့သားကို မခေါ်ခဲ့နဲ့ သူ့အရည်အချင်းနဲ့သူ လာပါစေလို့။

ခုများတော့ အစ်မတွေကြောင့် နိုင်ငံခြား လည်ရတယ်။ လူမစွမ်း နတ်မတယ်လို့ ဆိုရမလား။  ဒီကောင်က အစွမ်းအစသာ မရှိတာ သူ့ကံကိုတော့ ယှဉ်လို့မရဘူးလို့ ကျွှန်မတို့တွေ မနာလိုဖြစ်ကြတယ်။ အဖေ့သား အသုံးမကျဘူးလို့ ကျွှန်မတို့တွေက ပြောရင် သူ့သားက သူများတွေထက် အပုံကြီးသာတယ်လို့ အဖေက ကွယ်ရာမှာ ရှာကြံချီးမွှမ်းရှာတယ်။ ဟုတ်လည်း ဟုတ်ပါတယ် အိမ်နားပတ်ဝန်းကျင်မှာ ဂျီတီစီတက်ပြီးမှ အရက်သမားလုံးလုံး ဖြစ်သွားသူတွေ၊ အလုပ်မလုပ်၊ ဝေလေလေ ဝါးလားလား၊ လက်ဖက်ရည်ဆိုင်ထိုင်၊ ဘီယာဆိုင်ထိုင်၊ ဟိုယောင်ယောင် ဒီယောင်ယောင်တွေ များသား။ ကျွှန်မတို့လောက် မကြိုးစားပေမဲ့ သူတို့နဲ့ယှဉ်ရင် ကောင်းကောင်းမွန်မွန်နေတဲ့ မောင်မောင့်ကို တော်တယ်လို့ဆိုရလေမလား။

စာဖတ်ဝါသနာပါတဲ့ အဖေ့အတွက် လွန်ခဲ့တဲ့နှစ်နှစ်က ကင်ဒယ်ဖိုင်းရား ဝယ်ပေးတယ်။ အဲဒီတုန်းက အိုင်ပက်မီနီ မပေါ်သေးဘူး။ အဖေက ခရီးသွားတုန်းက ဓာတ်ပုံတွေ၊ ကျွှန်မတို့ ဓာတ်ပုံတွေကို လာသမျှလူတွေကို ပြရတာ အမော။ အဖေ ကြိုက်တယ်ဆိုတော့ ကျွှန်မက ဝမ်းသာမဆုံး။ ကင်မရာအသစ်ဝယ်တော့ ကင်မရာအသေးကို အဖေ့ဆီ ပို့လိုက်တယ်။ ကင်မရာ မသုံးတတ်တဲ့ အမေ့ကို ကင်မရာရိုက်တတ်အောင် အဖေ သင်ပေးလိုက်နော်။ ကင်မရာရိုက်တာ လွယ်လွယ်လေး ဘာမှမခက်ဘူး။ ခလုတ်ကလေး နှိပ်ရုံပဲ။ ဓာတ်ပုံများများရိုက်ခဲ့လို့ မှာနေတာ ကင်မရာ မယူသွားဘဲ ဂိုက်ရိုက်ပေးတဲ့ အန်ကောဝတ်ရှေ့က တပုံတည်းသော ဓာတ်ပုံသည်သာလျှင် အမေ့ရဲ့ကမ္ဘောဒီးယားခရီးစဉ် အမှတ်တရအဖြစ်  တွေ့ရတယ်။


ဟိုတလောကမှ မကြီးက စိတ်မကောင်းစရာ သတင်းတစ်ခု ပြောရဦးမယ် ကင်ဒယ်ဖိုင်းရား ပျောက်သွားပြီ။ ပျောက်သွားတာ ကြာပြီ နင် စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောဘဲ ထားတာတဲ့။ သူတောင် မကြာသေးခင်ကမှ သိတာ။ ဘာလိုပျောက်တာတုန်းဆိုတော့ မောင်မောင် ကားပေါ်တင်ထားတုန်း ပျောက်သွားတာတဲ့။ အဖေ့အတွက်ပေးတဲ့ ပစ္စည်းက ဘယ်လိုလုပ် သူ့လက်ထဲ ရောက်နေတာတုန်း။ အဖေကိုင်ဖို့ ပေးတာလေ သူ့ကိုင်ဖို့ ပေးတာမဟုတ်ဘူး။ သူ့အဖေပစ္စည်း သူ့ပစ္စည်းပေါ့ဟာ။ စိတ်တိုလိုက်တာ မပြောပါနဲ့တော့။  ဒီကောင် ငါ့ကို ဘယ်တော့မှ ကောင်းကျိုးမပေးဘူး။ အမြဲဒေါသထွက်စေတယ်။

ခု အိုင်ပက်အဲပေါ်တော့ အိုင်ပက်မီနီ ဈေးကျနေတာ အဖေ့အတွက် ဝယ်မလား စိတ်ကူးတယ်။ မကြီးနဲ့ တိုင်ပင်တော့ ဘာမှ မဝယ်ပေးနဲ့ဟေ့။ စိတ်မကောင်းစရာ သတင်းတခု ထပ်ပြောရဦးမယ်။ ကင်မရာ ပျောက်သွားပြီ။ နှလုံးသွေးကြောကျဉ်းလို့ အဖေ့နှလုံးထဲကို ပိုက်ထည့် ခွဲစိတ်ထားတာ တစ်နှစ်ပြည့်လို့ ချက်ကပ်လုပ်ရတော့ အဖေ၊ အမေ၊ မကြီးယောက္ခမ၊ မကြီးတို့စုံတွဲ ဘန်ကောက်မှာ ဘုရားလည်းဖူး လိပ်ဥလည်း တူးကြတယ်။ မကြီးက အဲဒီကတည်းက သံသယ ဝင်မိသားတဲ့။ အမေ့ကို မေးကြည့်တော့ မောင်မောင့်အိတ်ထဲမှာ ကျန်ခဲ့လိုလို၊ ဟိုလိုလို ဒီလိုလို လုပ်နေတယ်တဲ့။ ခုမှ မောင်မောင့်ကားပေါ်မှာ ပျောက်သွားတာတဲ့။

မောင်မောင်က ဘယ်လောက်လဲ ပြန်ဝယ်ပေးမယ်လေတဲ့။ အဲဒါ သူဝယ်တုန်းက စင်းဒေါ်လာ ၆၀၀ ပေးရတယ်ဆိုတော့မှ အမ်..တဲ့။ ဒေါသထွက်လိုက်တာ အဖေ့ကို ဝယ်ပေးသမျှ သူက မောင်ပိုင်စီးပြီး ဖျောက်ပစ်တာ။ အနားမှာ ရှိလို့ကတော့ လည်ပင်းညှစ်ပစ်လိုက်ချင်တယ်။ ဒီကောင့်ကို ဘာဆိုဘာမှ မဝယ်ပေးတော့ဘူး။ သူ့အတွက် ဝယ်ထားတဲ့ ဇာရာက အင်္ကျီကိုလည်း မပေးနဲ့တော့။ ကင်ဒယ် ဖျောက်ပစ်လို့ စိတ်တိုနေတုန်း ကင်မရာ ဖျောက်ပစ်ပြန်ပြီ။ ဒေါသထွက်လွန်းလို့ အိပ်လို့တောင် မပျော်ဘူး မုန်းလိုက်တာ။


ဒီကောင် ငယ်ငယ်ကတည်းက စည်းကမ်းမရှိတဲ့ကောင်။ ကျောင်းစာအုပ်တွေ အမြဲနှစ်စုံ ဝယ်ရတယ်။ စာအုပ်၊ ဘောပင်၊ ပေတံ ပျောက်တာလည်း ခဏခဏ ။ ကျွှန်၄တို့တွေဆို ပစ္စည်းတော်တော် ရိုသေတယ်။  ပျောက်ခဲတယ်။ ငယ်ငယ်ကတည်းက ဖိနပ်ကို ညီညီချွှတ်ဖို့၊ အဝတ်တွေကို အဝတ်ခြင်းတောင်း ထည့်ဖို့ ဘယ်လိုပဲ ဆုံးမသွန်သင် ပြောနေတုန်း လုပ်တယ် မပြောရင် မလုပ်ဘူး။ အမေက မောလွန်းလို့ မပြောတော့ဘူးတဲ့ သူ့တတ်နိုင်သမျှ လုပ်တယ်။ ကျွှန်မကတော့ မလုပ်မချင်း တရစပ်အော်တော့ နားညည်းလို့တဲ့ ထလုပ်တယ်။

အစ်မတစ်ယောက်ကို ကင်ဒယ်ဖျောက်ပစ်တဲ့အကြောင်း ပြောပြတော့ သူ့အမေဆို အသက် ၆၀ အရွယ် ခုထိ ထီးအမြဲပျောက်တုန်း။ တစ်ချောင်းပြီးတချောင်း ပျောက်တာ ထီးများ စားပစ်သလား မှတ်ရတယ်တဲ့။ ပျောက်တတ်ပါတယ်ဟယ်လို့ ဖျောင်းဖျသေးတယ်။ ကင်မရာ ဖျောက်ပစ်ပြန်ပြီ အစ်မရေ ဆိုတော့ သူလည်း မဖျောင်းဖျနိုင်တော့ဘူး။ သူ့ဟာက ပျောက်တာရော ဟုတ်ရဲ့လားဟယ် သူ့ကောင်မလေးများ ပေးပစ်လိုက်သလားတဲ့။ သူ့ကောင်မလေးကို ပေးပစ်တာတော့ မဖြစ်နိုင်ဘူး။ အဲဒီကလေးမလေးက အရမ်းအေးတယ်။ သူ့မိဘတွေက အဖေနဲ့ မောင်နှမတွေလို ကြီးပြင်းခဲ့တာ။ သူ့ဦးနှောက်ထဲ တခုခု မှားနေသလိုပဲ၊ ဘာလို့ ဒီလောက် ဘရန်းမှန်း၊ အသုံးမကျမှန်း မသိတော့ဘူး ။ အဖေ့သားသာဆိုတယ် အဖေနဲ့တစက်ကလေးမှ မတူဘူး။

ကလဲရားကို ပြောပြတော့ ဘရန်းမမတွေရဲ့မောင်ပဲ ဒီလောက်တော့ ဘရန်းတော့ပေမပေါ့။ တို့များ ဘရန်းတာ သူ့လောက် မဆိုးဘူး။ ဘာလို့ ဒီလောက် လိတ်တက်မှန်း မသိတော့ဘူး။ အဲဒါ သူတောင်းသမျှ ဝယ်ပေးတဲ့ မင်းတို့အစ်မတွေနဲ့ မင်းအဖေကြောင့်။ သူ ပြောတော့မှ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ကျွှန်မ ပါးစပ်ကို ပိတ်ရော။ သားသမီးမကောင်း မိဘခေါင်း။ မကြာသေးခင်က မောင်မောင် မင်္ဂလာဆောင်တော့ ဒင်း ဖျောက်ပစ်လိုက်တဲ့ ကင်ဒယ်နဲ့ ကင်မရာကို မင်္ဂလာလက်ဖွဲ့အဖြစ် လက်ဖွဲ့တယ်လို့ပြောတော့ အဖေက ဒီလိုလည်း ဘယ်ဖြစ်ပါ့မလဲ လေသံပျော့လေးနဲ့ ဖျောင်းဖျရှာတယ်။


နောက်ဆိုးပေကြီး တစ်ယောက်က တခြားသူ ဟုတ်ရိုးလား။ အဲဒီဆိုးပေလောက် မဆိုးပေမဲ့ အဲဒီဆိုးပေလောက် နီးနီးဆိုးတဲ့ ဆိုးပေကြီးရဲ့ အစ်မ... ဆိုးပေလေး) ။ အဖေ ငယ်ငယ်လေး ကတည်းက အဖေ့အမေ ဆုံးသွားလို့ မိတဆိုးလေး အဖေ့ကို သူ့အဒေါ်တွေက ကြည့်ရှုစောင့်ရှောက်ကြတယ်။ နောက်တော့ ဘိုးဘိုးက ဗမာပြည် (ဧရာဝတီတိုင်း) တက်လာတယ်။ ရွှံ့တွေဗွက်တွေနဲ့ တနေကုန် လယ်ထဲမှာ နွှားနှစ်ကောင်နဲ့ရုန်းကန်ရပေမဲ့ ပင်ပန်းဆင်းရဲ စားလောက်ရုံပဲဆိုတော့ အဖေက စီးပွားရှာဖို့ ဘိုးဘိုးရှိတဲ့ ဗမာပြည်ကို လိုက်လာတယ်။ သူ့နောက် လိုက်မလာရင် ခုလောက်ဆို ကျွှန်မတို့တွေတော့ လယ်ထဲ ထမင်းတောင်း ပို့နေရပြီလို့ သူ့ကို ကျေးဇူးတင်ရမဲ့လေသံနဲ့ဘိုးဘိုးက ပြောတတ်တယ်။

ခြံထဲမှာနေရင် ဆိုင်က ယူသွားတဲ့ ဆန်အိတ်၊ မီးသွေးအိတ်ဖိုးတွေကို အဖေက ရှင်းရတဲ့အပြင် လစဉ်ထောက်ပံ့တယ်။ အဖေက အသားညိုညို ၊ ပိန်ပိန်ရှည်ရှည်၊ ဘိုးဘိုးက ဖြူဖြူနုနု၊ ပုပု အလှကြိုက်။ ကျွှန်မတို့အိမ်ကို လာတဲ့ အမျိုးတွေမှာ ညိုညိုပိန်ပိန် ရှည်ရှည်ဆိုရင် အဖေ့အမျိုးတွေ၊ ဖြူဖြူပုပု လုံးလုံးတွေက အမေ့အမျိုးတွေ။ ဘိုးဘိုးက အဖေ ပေးသမျှ ပိုက်ဆံကို နှစ်လုံး၊ သုံးလုံး ထိုးပစ်တယ်။ စားဖို့သောက်ဖို့၊ ကျန်းမာရေးစရိတ်၊ လှုဖို့တန်းဖို့ အဖေက အကုန်ထောက်ပံ့တာ။ ဘိုးဘိုး ဘာလို့နှစ်လုံးထိုးတာလဲမေးရင် လှုတန်းဖို့တဲ့။ အဖေ သူ့အဖေနဲ့ တစက်ကလေးမှ သွားမတူတာ ကျွှန်မတို့တွေအတွက် ကံကောင်းတယ်လို့ ဆိုရမယ်။ အဖေသာ သူ့အဖေ ကျွှန်မတို့အဘိုးနဲ့ တူခဲ့ရင် ကျွှန်မတို့တွေ ခုလို အေးအေးချမ်းချမ်း နေရမယ် မထင်ဘူး။

အဘိုး စားပြီးပြီလား ဘာဟင်းနဲ့စားလဲလို့ မေးရင် ငှက်ပျောသီး၊ သကြားနဲ့စားတယ်လို့ ဖြေတတ်တယ်။ မသိတဲ့လူဆိုရင် ကျွှန် တို့က ဘာမှမကျွှေးဘဲ ထားတယ်လို့ ထင်ကြမယ်။ တယောက်အကြောင်း တယောက်သိကြတဲ့ တရွာတည်းသားတွေမို့သာ တော်တော့တယ်။ ဘိုးဘိုးက အဲဒီလို လူ့ဂွစာ။ ကျွှန်မ  ချက်တဲ့ ဟင်းဆိုရင် ဘိုးဘိုးက မတို့မထိ ဟင်ခနဲ မျက်နှာလွဲနေတယ်။ အဖေကတော့ ကောင်းတယ် ဆားလေးနည်းနည်းထည့်လိုက် ဟိုဟာလေး ပြင်လိုက်နဲ့ အားပေးတတ်၊ သင်ပေးတတ်တယ်။


ဘိုးဘိုးရဲ့ အကောင်းမပြောတတ်တဲ့ ဗီဇလေးက မောင်မောင့်ဆီမှာ ပါလာပုံရတယ်။ တခါတုန်းက အိမ်အကူလုပ်ပေးတဲ့အစ်မက ကြာဇံချက် ချက်တာ မောင်မောင်က မြည်းကြည့်ပြီးတော့ မကောင်းဘူးတဲ့။ နေ့လည် အိုးလည်း ဖွင့်ကြည့်တော့ လား...လား ပြောင်သလောက် ဖြစ်နေပြီ။ မကောင်းဘူး ဆိုပေလို့သာပဲ ကောင်းများကောင်းရင် အိုးပါ ကိုက်စားပစ်မလားမသိ။ ကျွှန်မ  နယ်ကိုရောက်နေရင် ရန်ကုန်မှာ မကြီး တစ်ယောက်တည်း ဖြစ်မှာစိုးလို့ စောင့်ရှောက်ဖို့ ဘိုးဘိုးကို ရန်ကုန်လွှတ်တယ်။ ရန်ကုန်တိုက်ခန်းတွေက ထောင်လိုပဲတဲ့။ စကားပြောဖေါ်မရှိ၊  ကားလမ်း ကူးဖို့ခက်တယ်။

လမ်းထဲက ပင်စင်းစား အဘိုးကြီးတွေ ဗာဓံပင်အောက်မှာ ရေနွေးကြမ်းတအိုးနဲ့ နိုင်ငံရေး၊ သာရေး၊ နာရေး လေကန်ကြရာမှာ ဘိုးဘိုးလည်း ပါတယ်။ ဘိုးဘိုးက ထမင်းဆိုရင် ကျောက်ခဲလောက် မာမှ စားတယ်။ ပျော့လို့ကတော့ လုံးဝမစားဘူး။ ထမင်းဟင်းတွေကို ပူပူလောင်လောင်မှ စားတယ်။ ရေနွေးကြမ်းဆိုလည်း ခါးတူးနေမှ သောက်တာ။ ရုံးပတီသီး အတာင့် ၂၀ ဝယ်ရင် ဆယ်တောင့်ကို မကြီးက ပုဇွှန်နဲ့ကြော်တယ်။ ဆယ်တောင့်ကို ဘိုးဘိုးက ငါးပိနဲ့အိုးကပ်ချက်တယ်။ ဆေးတံသောက်တယ်။ ကျွှန်မတို့တွေ ဆေးတံနံ့ မခံနိုင်မှန်းသိတော့ အပြင်မှာသောက်တယ်။ အမေ့ဖက်က အဘိုးရှိပေမဲ့ အတူမနေတော့ ငယ်ငယ်ကတည်းက မတည့်အတူနေတဲ့ ဒီအဘိုးကိုပဲ ကျွှန်မတို့တွေက အဘိုးလို့မှတ်ကြတယ်။

ဘိုးဘိုးက မြေးဦးလည်းဖြစ် ပြန်မပြောတဲ့ မကြီးကို အချစ်ဆုံး။ ဝါတွင်းဥပုသ်နေ့မှာ ဘိုးဘိုး ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်သွားစောင့်ရင် လှုဖို့တန်းဖို့ ဘယ်လောက်ပေးလိုက်ပါလို့ အဖေက ဖုန်းဆက်ရင် ကျွှန်မက ပေးရတယ်။ ပိုက်ဆံယူရင်း မင်း အဖေက ဘယ်လိုမကောင်းတာနဲ့ ပြောနေတာ  သည်းခံနားထောင် နေသေးတယ်။ မကြီးဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ပြန်မပြောဘဲ နေပါလိမ့်မယ်။ လူပုစိတ်တို ကျွှန်မက သည်းမခံနိုင်တော့တဲ့ နောက်ဆုံး စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်တာက "အဖေက ဘိုးဘိုးသား မဟုတ်ဘူးလား...အဖေ ဘယ်လောက်ကောင်းတယ်ဆိုတာ သမီးတို့ အသိဆုံး...နောက်နောင် သမီးရှေ့မှာ သမီးအဖေ မကောင်းကြောင်း ဘယ်တော့မှ လာမပြောနဲ့" ဆိုပြီး ဆောင့်ဆောင့်နဲ့ ခြေဆောင့်ပြီး အပေါ်ထပ်ကို တက်သွားတော့တာပဲ။


အဲဒီကတည်းကစလို့ ဘိုးဘိုးက ကျွှန်မကို စကားဟဟ မပြောတော့ဘူး။ နှာကစ်သွားတယ်နဲ့ တူပါရဲ့။ လူကြီးတိုင်းလည်း မှန်တာမှ မဟုတ်တာနော့။ စိတ်ဆိုးလွန်းလို့ အဖေ့ဆီ ဖုန်းလှမ်းဆက်ပြီး "အဖေ့အဖေကလေ သမီးအဖေကို မကောင်းဘူး ဆိုးတယ်တဲ့။ သမီးလည်း စိတ်ဆိုးလွန်းလို့ နောက်နောင် သမီးရှေ့မှာ သမီးအဖေ မကောင်းကြောင်း ဘယ်တော့မှ လာမပြောနဲ့လို့ ပြောပစ်လိုက်တယ်" ။ သမီးဖြစ်သူက သူ့အဖေ ကျွှန်မတို့အဘိုး အကြောင်း လှမ်းတိုင်တော့ အဖေ့ခမျာလည်း ဒီအဖေရယ်၊ ဒီသမီးရယ်ကြောင့် စိတ်ညစ်ရှာမယ်နဲ့ တူပါရဲ့။ ဘိုးဘိုးကို ဘာလို့ပြန်ပြောရတာလဲလို့ အမေ ဆူတာ ခံရသေးတယ်။

အစ်မဝမ်းကွဲ မင်္ဂလာဆောင်တော့ သူ့ယောက္ခမတွေက ဆွေပြမျိုးပြအဖြစ် ကျွှန်မတို့မြို့ကို လိုက်လည်ကြတယ်။ ပုသိမ်တက်မဲ့ ရှပ်ပြေး (အထူးအမြန်ရေယာဉ်က) မနက် ၅ နာရီထွက်တယ်။ မနက် ၄ နာရီခွဲလောက်ကတည်းက သင်္ဘောဆိပ်ကို ကြိုရောက်ရတယ်။ သူ့ယောက္ခမရဲ့အိတ်က သူ့အိတ်နဲ့တူတယ်လို့ တွေးမိတော့ ငါ ဥစ္စာခြောက်တာ ဖြစ်မှာပါလေလို့ အစ်မက ဖော့တွေးတယ်တဲ့။ နောက်တော့မှ သိတယ် သူ့ယောက္ခမ သူ့အိတ်နဲ့ မှားယူသွားမှန်း။ ငါ့ ယောက္ခမက စိတ်ရင်းတော့ ကောင်းပါရဲ့ လမ်းလျှောက်တာလည်း ပျာရိပျာယာ၊ စကားပြောတာကလည်း ဘာတွေပြောမှန်းမသိ၊ အိန္ဒြေကို မရဘူး။ ပြီးတော့ အိတ်ကိုလည်း မှားဆွဲသွားသေးတယ်၊ တကယ့်ကို ကသမ်းကရမ်းပါပဲအေ။ အဘိုးအဘွားတွေမှာ ပါတဲ့ဗီဇတွေက သားသမီးလက်ထက်မှာ မပေါ်ရင် မြေးလက်ထက်ကျရင် ပေါ်တတ်တယ်တဲ့။ အစ်မလည်း ကသမ်းကရမ်းယောက္ခမရဲ့ မြေး ကသမ်းကရမ်လေးတွေ မွေးတော့မှာပေါ့လို့ ကျွှန်မ တို့တွေ စကြနောက်ကြတယ်။

ဘယ်လိုပဲဆိုးဆိုး ကျွှန် တို့တွေရဲ့ တစ်ဦးတည်းသော ခြစ်...အဲလေ ချစ်လှစွာသော မောင်လေးဆိုတော့လည်း မောင်မောင်ကြိုက်လောက်တဲ့ ဒီဇိုင်းလေးတွေ တွေ့ရင် မကြီးက သူလည်းဝယ်ပေး၊ ဒါလေး မဆိုးဘူး နင် ဝယ်ပေးလိုက်လို့ မောင်မောင့်ကို အမြင်ကပ်နေတဲ့ ကျွှန်မကို တိုက်တွန်းတတ်သေးတယ်။ သူ မကြိုက်ရင် တခြားသူကို ပေးပစ်တာ၊ တန်ဖိုးမထားတာတွေက သူ့အပိုင်းပေါ့လေ။ ကသမ်းကရမ်း မောင်လေးက မွေးလာမဲ့ ကသမ်းကရမ်း တူ၊ တူမလေးတွေရလို့ ကျွှန်မလည်း မကြာခင် ကသမ်းကရမ်း အဒေါ်ဖြစ်တော့မယ် ထင်ပါရဲ့။ ဆိုးပေကြီးရဲ့ ရင်သွေးလေးတွေဖြစ်တဲ့ ကျွှန်မတို့ရဲ့ မျိုးဆက်သစ် မျောက်မူးလဲ၊ ကြောင်အီးပူကလေးတွေအတွက် မောင်မောင်က မတောင်းဆို မပူဆာတာတောင် ကျွှန်မတို့တွေကိုယ်တိုင် လိုလိုလားလား စိတ်ပါလက်ပါ လျှော့ပင်းနေလေမလားတော့ မပြောတတ်ပါ။

စန်းထွန်း
မတ် ၂၂၊ ၂၀၁၄။

All Photos are from Google.

မျိုးရိုးထဲမှ ဆိုးပေကြီးများ - ၂

အမေက အဖေ့လို စကားသိပ်မပြောဘူး။  ငါ့အိမ်ရိပ်တောင် မနင်းရဘူးဆိုရင် တကယ်မနင်းရတာ။ ကျွှန်မတို့ငယ်ငယ်တုန်းက တခုခုလိုချင်ရင် အဖေ့ကို နည်းနည်းလေး နားပူနားဆာ လုပ်ရုံနဲ့ရတယ်။ အမေကတော့ လုံးဝပဲ ဈေးလိုက်ခဲ့ချင်ရင် ဘာမှမပူဆာရဘူးလို့ မလိုက်ခင်ကတည်းက တခါတည်း ပြောထားတယ်။ အမေ့ဆီမှာ ပူဆာရတာ ကျောက်ခဲဆီကနေ ရေထွက်အောင် ညှစ်ရသလိုပဲ။ ဘယ်လောက်ပဲ ပူဆာပူဆာ သင့်တော်တဲ့အချိန်မှ ပေးတယ်။ သင်္ကြန်၊ သီတင်းကျွှတ်၊ တပေါင်းလပွဲတွေမှာ အင်္ကျီသစ်သုံးထည် ချုပ်ပေးတယ်။ အင်္ကျီကို ဘယ်တော့မှ ကိုယ်နဲ့ကွက်တိ မချုပ်ပေးဘူး။ နည်းနည်းကြီးကြီး ချုပ်ပေးထားတော့ နောက်နှစ်အထိ အဲဒီအင်္ကျီက တော်နေသေးတယ်။ မြို့ရောက်ပြီဆိုတော့ အဝတ်အစားသစ် လိုတယ် အမေရေလို့ မှာလိုက်တာ စကပ်နှစ်ထည် ပို့ပေးတယ်။ သူငယ်ချင်းက ဟဲ့ နင့် စကပ်က ကြီးလားချည်လားတဲ့။ ငါ့အမေက ငါ တက္ကသိုလ်တက်တဲ့အထိ ဝတ်လို့ရအောင် တခါတည်း အပြီးချုပ်ပေးလိုက်တာ။ တကယ်လည်း တက္ကသိုလ်တက်တဲ့အထိ တော်နေသေးတယ်။ အမေတို့များ အဲဒီလို စေ့စပ်သေချာတာ။

အမေ ကြိမ်းတော့ မောင်မောင်က အဲဒီကောင်မလေးကို မယူပါဘူး။ အမေ ပေးစားတဲ့သူကိုသာ ယူပါ့မယ်ဆိုပြီး ငိုသတဲ့။ ထစ်ခနဲဆို မျက်ရည်အရင်ထွက်တာ မောင်မောင်က ကျွှန်မနဲ့တူတယ်။ မကြီးက မျက်ရည် လုံးဝမကျဘူး။ အဖေက မင်းကောင်မလေးက မင်းကို ကြိုက်တာမဟုတ်ဘူးကွ  ငါ့ကို ကြိုက်တာကွ။ ဆိုလိုချင်တာက မောင်မောင်က ရုပ်ရည်၊ ပညာလည်း မဆိုး၊ အသောက်အစားလည်း ကင်း၊ မိဘဘက်ကရောင်းကလည်း မဆိုးဆိုတော့ သမက်တော်ချင်သူတွေ ဝိုင်းဝိုင်းလည်နေတယ်။ အဖေ့သားဆိုတာကြီး ဖယ်လိုက်ရင် သားမက်တော်ချင်တဲ့သူ ဒီလောက်များမယ် မထင်။ ဘယ်လိုအကြောင်းနဲ့မှ ဟိုင်းကြီးကို မပြန်ရလို့ အမိန့်ထုတ်လိုက်တဲ့အတွက် မောင်မောင် ရန်ကုန်ကို ရောက်လာပြန်ရော။

သင်္ဘောသားသင်တန်းတက်ပြီး သင်္ဘောလိုက်မယ်ဆိုတော့ ကျွှန်မတို့ညီအစ်မတွေက ဒီကောင် ကောက်ရိုးမီး ဘယ်တော့များ ဟုန်းခနဲ ငြိမ်းသွားမလဲလို့ စောင့်ကြည့်နေတာ။ တကယ်ပဲ တက်ချင်လို့လား၊ မဖြစ်မနေ လုပ်ရတော့မယ်လို့ ဆုံးဖြတ်ထားလို့ပဲလားမသိ။ ကောက်ရိုးမီးလေးက ဆီးမီးခွက်က မီးတောက်လေး ဖြစ်နေတယ်ဟလို့ ကျွှန်မတို့တွေ လက်ခမောင်း ခတ်ကြပြန်ရော။ သဘောၤသားအရာရှိ စာမေးပွဲကို ဘွဲ့ရမှ ဖြေလို့ရမယ်လို့ သတ်မှတ်လိုက်တာမို့အဲဒီတော့မှ ဘွဲ့လိုချင်ပါတယ်ဆိုပြီး ကျောင်းပြန်တက်ပါလေရော။ ဟုတ်ပါတယ် ဘွဲ့ဆိုတာ သုံးစားလို့မရဘူး ဧည့်ခန်းထဲမှာ  ဓာတ်ပုံချိတ်ဖို့ ဆိုပေမဲ့ လူတိုင်းဘွဲ့ရနေတဲ့ခေတ်ကြီးမှာ ဘွဲ့လေးတစ်ခုတော့ မရသင့်ဘူးလား။ အသုံးမဝင်ဘူး ဆိုပေမဲ့  ဟော..ခုလို အသုံးတည့်တဲ့ နေရာလည်း ရှိပြန်ရော။


အဖေနဲ့မောင်မောင်က ဘောလုံးပွဲ ဝါသနာပါတယ်။ ဘောလုံးဂျာနယ် လပေးဖတ်တယ်။ နယ်အိမ်ရော၊ ရန်ကုန်အိမ်ရော ဘောလုံးပွဲကြည့်ဖို့ စလောင်းတပ်တယ်။ ကမ္ဘာ့ဗိုလ်လုပွဲတွေ၊ EPL ဗိုလ်လုပွဲ၊ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း ပါတဲ့ မြန်မာဘောလုံးအသင်းနဲ့ ထိုင်းအသင်း ဗိုလ်လုပွဲဆို ဘာပြောကောင်းမလဲ တရပ်ကွက်လုံး ကျွှတ်ကျွှတ်ညံ။ အဲဒီတုန်းက မြန်မာဘောလုံးပရိသတ်ရဲ့ အသည်းကို ခွဲသွားတာ ကိုင်တီဆတ်ဆိုတဲ့ ခပ်ချောချော ထိုင်းရှေ့တန်းတိုင်းစစ်မှုး။ ခု ထိုင်းအသင်း နည်းပြဖြစ်နေတယ်လို့ ဖတ်လိုက်ရတယ်။ ကွင်းရဲ့ ဟိုဖက်ဒီဖက် ပြေးနေတဲ့ ဘောလုံးလေးတစ်လုံးကို လူအယောက် ၂၀ ကျော်က ဝိုင်းလုကြတဲ့ ဘောလုံးပွဲတွေကို  မိသားစု အတူတကွ ကြည့်ကြတဲ့ အချိန်တွေက ပျော်ဖို့ကောင်းသား။

ထောင့်ကန်ဘော၊ ပြစ်ဒဏ်ဘော ဘာကြောင့်ပေးရတယ်ဆိုတာ အဖေက ရှင်းပြတယ်။ EPL က ဘောလုံးသမားတစ်ယောက် အကြောင်းကို မမေးလိုက်လေနဲ့။ ဘယ်အသင်းကနေ ဘယ်အချိန်တုန်းက ပြောင်းလာတာ၊ ပြောင်းရွှေ့ကြေးက ဘယ်လောက်ပေးရတာ၊ ဘယ်အသင်းကို အငှားချထားတာ၊ ဘယ်နေရာမှာ ဘယ်လိုကောင်းတာ အံမယ်လေး  သိလိုက်တာ ကျောင်းစာများဆို ဘယ်လောက်ကောင်းလိုက်မလဲနော် ခုတော့ ဘောလုံးဖြစ်နေတယ်။ ကျွှန်မ တို့က သူ ဘောလုံးပွဲလောင်းတာ မကြိ ုက်ပေမဲ့ လောင်းကြေး မများတော့ မပြောတော့ဘူး။

မကြီးက တိုတို (စင်္ကာပူထီ) ထိုးတယ်။ သုံးလေးကျပ်နဲ့ မီလျံနာဖြစ်နိုင်တယ်။ ကိုယ့်အတိတ်ကံက ရဖို့ရှိပေမဲ့ မထိုးရင် ဘယ်ပေါက်ပါ့မလဲဆိုပေမဲ့ ခုထိ တခါမှ ပေါက်တယ်လို့လည်း မကြားသေးဘူး။ တချိန်ချိန်မှာတော့ မီလျံနာ ဖြစ်နိုင်ကောင်းပါရဲ့။ တချို့များဆို ကောင်းကောင်းလေးတွေ ကောက်ရ၊ အတန်းထဲမှာ မဲဖောက်ရင် ပေါက်တတ်တယ်။ ကျွှန်မကတော့ အလကားရမဲ့ ကံမပါ၊ ကိုယ်လုပ်မှ ကိုယ်ရမဲ့ ဇာတာရှင်မှန်း ကိုယ့်ဘာသာသိလို့လား မသိဘူး ဘယ်တော့မှမလောင်း၊ ထီမထိုးဘူး။ ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့လေ။


စင်္ကာပူမှာ ကျောင်းတက်ဖို့ ပြင်နေချိန် မီးခံသေတ္တာထဲက  ပိုက်ဆံ ၂ သိန်းလား၊ ၃ သိန်းလား မမှတ်မိတော့ဘူး ပျောက်သွားတယ်။ အိမ်က မီးခံသေတ္တာက ပိုက်ဆံသိမ်းရတယ် မရှိပါဘူး။ ဒီနေ့ မြင်လိုက်တယ် နောက်နေ့ မရှိတော့ဘူး။ အရေးကြီး စာရွက်စာတမ်းတွေ သိမ်းဆည်းဖို့ ပူပင်တတ်တဲ့ မကြီးကြောင့် ဝယ်ရတာပါ။ ဖွင့်ပုံဖွင့်နည်းက ၁၉ မှာ ခဏထား  ညာလှည့် ၄၀ မှာထား ဘယ်လှည့် ။ နည်းနည်းလေး လွဲတာနဲ့ ဖွင့်လို့မရဘူး။ အိမ်မှာ မောင်မောင်နဲ့ ကျွှန်မ ပဲ ဖွင့်တတ်တယ် အဖေ၊ အမေတို့က မျက်စိမှုန်တာကိုး။ ပိုက်ဆံထုပ် မတွေ့တာနဲ့ တရားခံက မောင်မောင်မှန်း သိတာပေါ့။ အိမ်မှာ တခြားလူမှ မရှိတာ။  သူ့သူငယ်ချင်းကို ချေးလိုက်တာတဲ့။ ကျွှန်မတို့ညီအစ်မတွေက ဒီကောင် ကလိမ်ကကျစ် သူ့စကားကို မယုံဘူး။ နောက်တော့ လာဆပ်တယ်လို့ ကြားတယ်။

နိုင်ငံခြားမှာနေလို့ ကိုယ်တိုင်ပိုက်ဆံရှာရတော့မှ ပိုက်ဆံတန်ဖိုး သိတယ်။ အဖေ့ပိုက်ဆံ သုံးနေတုန်းကတော့ သိပ်မစဉ်းစားဘူး  ပက်ခနဲ ဝယ်လိုက်တာပဲ။ ကိုယ်တိုင်ရှာတဲ့အခါကျမှ ဝယ်မယ်ဆိုရင် တကယ်ဝတ်ဖြစ်မှာလား၊ အပိုဖြစ်နေမှာလား စဉ်းစားတွက်ချက်လွန်းလို့ ဆံပင်တောင်ဖြူမယ်။ ကျွှန်မက မကြီးလောက် မတွက်ချက်၊ မစေ့စပ်ဘူး၊ ကိုယ်တကယ်လိုချင်တာဆို ဈေးသိပ်မကြီးရင် ဝယ်တယ်။  မကြီးက ဘယ်တော့မှ မူရင်းဈေးနဲ့ မဝယ်ဘူး ဒစ်စကောင့်ဆိုမှ ဝယ်တယ်။ တဈေးလုံးပတ်၊ တကယ်သက်သာမှ ဝယ်တယ်။ သူ့လက်သုံးစကားမှ ဈေးသက်သာချင်ရင် ပင်ပန်းခံရမယ်။ သူဝယ်ထားထာထက် ဈေးလျှော့နေရင် ဝမ်းနည်းပက်လက် ဖြစ်နေတတ်သေးတယ်။

မကြီးက ဘယ်လိုချင်လဲလို့မေးရင် ကျွှန်မ  လိုချင်တဲ့ အိတ်၊ ဖိနပ်၊ အင်္ကျီလို့ မှာလိုက်တယ်။ ဒစ်စကောင့်ချတဲ့အခါ မကြီးက သင့်လျော်ရာ ဝယ်ထည့်ပေးလိုက်တာပဲ။ ဘယ်တံဆိပ်မှလို့ ကျွှန်မက မတောင်းဆိုသလို မကြီး ထည့်ပေးတာတွေ အကုန်ကြိုက်တယ်။ မောင်မောင်ကျတော့ ဝက်ဆိုဒ်ကနေကြည့်ပြီး သားက ဒီဖိနပ် လိုချင်တာလို့ ပူဆာတယ်။ အဲဒီဖိနပ်ကို ဆိုင်မှာသွားမေးတော့ စင်္ကာပူကို မဝင်သေးဘူး သြဇီကိုပဲ ဝင်သေးတာတဲ့။ ဒစ်စကောင့်ချလို့ ဈေးနှုန်းချိုချို ဒီဇိုင်းလေးက မဆိုး ဝယ်ထည့်ပေးလိုက်ရင် မကြိ ုက်ဘူးဆိုပြီး ထမင်းချက်လှဋ္ဌေးကို ပေးပစ်လိုက်တယ်။ ကြည့် ဝယ်ပေးချင်စရာ မကောင်းလိုက်ပုံများ။


တောင်းလိုက်ရင်လည်း တကယ့်ဈေးကြီးပေ့ ဘရန်းတွေချည်းပဲ။ ကျွှန်မတို့ညီအစ်မလည်း ဘရန်းပါတယ်။ ဒါပေမဲ့ သူက ပိုဆိုး။ ကျွှန်မဒစ်စကောင့်ဈေးလျှော့ပွဲတွေကို ခြေတိုအောင် လျှောက်နေချိန်မှာ သူက အင်တာနက်ဝက်ဆိုဒ်တွေကနေ နောက်ဆုံးလိတ်တက် ဆိုတာတွေကို ကြည့်နေတာ။ ဒင်း ကိုယ့်ပိုက်ဆံ ကိုယ်ရှာတော့မှလား ဘရန်းနိုင်ဦးမလား စောင့်ကြည့်ဦးမယ်။ ခုတော့ အဖေ့ပိုက်ဆံနဲ့ ဘရန်းနိုင်သကိုး။ သီတင်းကျွှတ်မှာ အမေ လှုဒါန်းဖို့ဆိုပြီး ပို့လိုက်တဲ့ ပိုက်ဆံတစ်သိန်းခွဲကို ဒင်းက ဘုန်းပါလေရော။ ကျွှန်မတို့ ညီအစ်မ ဒေါသထွက်လို့ ဆွေ့ဆွေ့ခုန်တယ်။ အနားမှာဆိုရင် လည်ပင်းညှစ်မိမလားဘဲ။ နင် ဘာအတွက်သုံးတာလဲမေးရင် မမေးပါနဲ့လို့ လေသံပျော့လေးနဲ့ဖြေတော့ ကွျှန်မတို့က ဒေါသပိုထွက်လေ။

ခြင်္သေ့ကျွှန်းရောက်တော့ မကြီးက ဖုန်းတလုံးနဲ့ SingTel က Prepaid ဝယ်ပေးတယ်။ တလမှ ၂၅ ကျပ်၊ မိနစ် ၆၀၀ လား မသိဘူး ရတယ်။ မသုံးတဲ့မိနစ်တွေကို  နောက်လတွေမှာ ပေါင်းထည့်ပေးသွားတယ်။ တွက်ခြေကိုက်တဲ့ ဖုန်းလေး။ သူများတွေက ၂ နှစ် ကွန်းထရပ် လိတ်တက်ဖုန်းတွေ ကိုင်နေချိန်မှာ ကျွှန်မကတော့ ဖုန်းဆက်၊ မတ်ဆေ့လ်ပို့၊ ရေဒီယိုနားထောင်လို့ပဲရတဲ့ ဖုန်းစုတ်လေးကိုင်ပြီး ‌ချွှေတာတယ်။ နောက် စမတ်ဖုန်း ပေါ်လာတဲ့အချိန် လူတိုင်း စမတ်ဖုန်း ကိုင်ချိန်မှာ ကျွှန်မက ဖုန်းစုတ်လေးကိုင်သုံးပြီး ချွှေတာနေတုန်း။ ခြင်္သေ့ကျွှန်းသူကျွှန်းသားတွေက အင်မတန် ဘရန်း၊ လိတ်တက် မက်တယ်။ လိတ်တက်ကိုင်၊ အယ်လ်ဗွီ ကိုင်မှ အထင်ကြီးတယ်။ လူတွေရဲ့စိတ်နေစိတ်ထား၊ အကျင့်စရိုက်ထက် ခန္ဓာကိုယ်ပေါ်က ဘရန်းတွေနဲ့ တိုင်းတာတယ်။

မကြီးတောင် ခြင်္သေ့ကျွှန်းရောက်တာ အတော်ကြီးကြာပြီးတော့မှ စမတ်ဖုန်းကိုင်တယ်။ ကျွှန်မတို့ရဲ့ ဘရန်းကြီး မောင်မောင်လည်း မြန်မာပြည်ကို အိုင်ဖုန်းဝင်တာနဲ့ ဘယ်နေပါ့မလဲ။ အများတကာတွေက ၁၆ ဂစ် ကိုင်တာကို သူက ၃၂ ဂစ်။ ဖုန်းတလုံးမှာ မန်မိုရီ ဒီလောက်အများကြီး မလိုဘူး။ မန်မိုရီများများလိုချင်ရင် External HardDisk ဝယ် 500 G ကိုမှ တရာပေးရတယ်။ ဖုန်းကို မန်မိုရီ နည်းနည်းပဲဝယ်လို့ အကြံပေးတာကို ဘယ်လိုမှ လက်မခံဘူး ။ သူ ဝယ်ချင်တာဝယ်တယ်။ အဲဒီချိန်တုန်းက ယူအက်စ်ရောက်တာ ၂ နှစ်ရှိပြီပေမဲ့ ကျွှန်မက Prepaid ဖုန်း သုံးနေတုန်း။ အလုပ်ဝင်နေပြီ ဖြစ်ပေမဲ့ ဖုန်းသိပ်မပြောတဲ့ ကျွှန်မက တလတလ ဖုန်းခအများကြီး ပေးရမှာကို နှမြောလို့။


အိုင်ဖုန်းတွေ ယူအက်စ်မှာ ဘယ်ဈေးပေါက်လဲလို့ မေးရင် ကျွှန်မက ဘာမှမမေးနဲ့ ငါ သုံးလည်းမသုံးဘူး၊ သိလည်းမသိဘူးလို့ ပိတ်ပြောပစ်လိုက်ရော။ အဝေးကြီးမှာနေတဲ့ ကျွှန်မက သူ့ဒဏ်က လွှတ်ပေမဲ့ နီးတဲ့မကြီးက သူ နားပူနားဆာလုပ်တာ အခံရဆုံး။ သူ့အတွက်တင် မကဘူး၊ သူ့သူငယ်ချင်းအတွက်ပါ ဝယ်ပေးပါဦး။ ပိုက်ဆံပို့ပေးတယ် ဆိုပေမဲ့ သွားဝယ်ရ၊ လူကြုံပို့ပေးရ အချိန်ကုန် ၊ လူပင်ပန်းတယ်။ ယူအက်စ်မှာနေပြီး အိုင်ဖုန်းတောင် မရှိဘူး၊ ငါ့ အိုင်ဖုန်း၊ အိုင်ပက် ထည့်ပေးလိုက်ရမလား အဟက်..အဟက်...အဟက်လို့ ကျွှန်မကို လှောင်တတ်တယ်။ အလုပ်လုပ်နေပြီပဲဟာ စမတ်ဖုန်းကိုင်လို့ တိုက်တွန်းတတ်သေးတယ်။ နယူးယောက်ကို သွားလည်ခါနီး ဆူနမ်က နင် ဒီစီမှာ တယောက်တည်း ရုံးတက်ရတာ၊ လမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ၊ မကြာခင် နယူးယောက်ကို သွားလည်တော့မှာ၊ နယူးယောက်က လူအရမ်းရှုပ်တာ၊ လူကွဲသွားရင် ဘယ်လိုလုပ်မလဲ၊ စမတ်ဖုန်းရှိမှ ဖြစ်မယ်လို့ အတင်းတိုက်တွန်းတော့မှ  စမတ်ဖုန်းကိုင်တယ်။

အဲဒီတုန်းက အသစ်ထွက်တာက အိုင်ဖုန်း ၅။ နောက်သုံးလလောက်ကြာရော ၅ အက်စ် ထွက်ရော။ မကြီးက ဖုန်းကွန်းထရပ်ကုန်တာနဲ့ နောက်ဆုံးထွက်တဲ့ ၅ အက်စ် ကိုင်တယ်။ ဖေ့ဘွတ်မှာ ဓာတ်ပုံတင်လိုက်တာနဲ့  မောင်မောင်က ချက်ချင်း ဖုန်းခေါ်တော့တာပဲ။ သူလည်း ၅ အက်စ် ကိုင်ချင်လို့တဲ့၊ ဘယ်လိုဝယ်လို့ရမလဲတဲ့။ လိတ်တက်လွန်းတဲ့ ခြင်္သေ့ကျွှန်းသူကျွှန်းသားတွေတောင် ၅ အက်စ်ရဖို့ စောင့်ရတာ။ သူက မြန်မာပြည်ကနေ ကိုင်ချင်လို့တဲ့။ ရောဂါ...ရောဂါ  လိတ်တက် ကိုင်ချင်တဲ့ရောဂါ။ ၃ လလောက်ဆို အသစ် အသစ်တွေ ထွက်နေတာ ပေါ်သမျှ လိတ်တက်တွေ ကိုင်ချင်နေတာ ခရေဇီပါပဲ။ ဘာလို့ဒီလောက် လိတ်တက်နေမှန်း မသိတော့ဘူး။

ကျွှန်မတို့ ညီအစ်မတွေက ဒီကောင် အဖေ့ပိုက်ဆံတွေနဲ့ လိတ်တက် ကိုင်နေတာ။ အိမ်ထောင်ကျရင် သားကျွှေးမှု၊ မယားကျွှေးမှုတို့နဲ့ လိတ်တောင်တက်နိုင်မှာ မဟုတ်ဘူးလို့ မဲ့ကြတယ်။  ဟိုတလောက Emperio Armini နာရီလေး ဈေးချလို့ ဝယ်ပေးပါတဲ့ သူ ပိုက်ဆံပို့ပေးပါမယ်တဲ့။ ဘယ်လောက်လဲဆိုတော့ ဒေါ်လာ ၂၅၀ နဲ့ ၃၀၀ ကြား (မူရင်းဈေးမဟုတ် ဈေးချထားတာ) ။ ယူအက်စ် ရောက်ပြီးကတည်းက သူ့ကို ဘာမှမဝယ်သေးဘူး။ မွေးနေ့လက်ဆောင်အဖြစ် ဝယ်ပေးလိုက်မယ်။ ဒင်းက ရန်ကုန်မှာသာနေတာ အာမနီမျက်မှန်နဲ့ ငါတို့ထက် ဘရန်းနိုင်တယ်ဟေ့။ ဘင်္ဘောသားသင်တန်းတက်တာလည်း ပိုက်ဆံအတော်ကုန်တယ်။ နောက်တော့ သင်္ဘာလည်း မတက်ဖြစ်။

(ဆက်ရန်)
စန်းထွန်း
မတ် ၁၆၊ ၂၀၁၄။
All Photos are from Google.

မျိုးရိုးထဲမှ ဆိုးပေကြီးများ -  ၁

မျိုးရိုးထဲမှ ဆိုးပေကြီးများ...ကျွှန်မတို့ညီအစ်မ အကြိုက်တူတဲ့ ဆရာသုမောင် စာအုပ်အမည်လေးပါ။ သူတို့အမျိုးတွေထဲက ဆိုးကြပေကြသူတွေအကြောင်း ရေးဖွဲ့ထားတာ ချစ်စရာကောင်းပေမဲ့ အမျိုးတွေကတော့ ငါတို့မကောင်းကြောင်း ရေးတဲ့အကောင်ဆိုပြီး အမြင်ကပ်ကြသတဲ့။

ဆရာသုမောင်တို့အဘွား၊ ဒါရိုက်တာ၊ စာရေးဆရာ ဆရာသာဓုရဲ့အမေက သိမ်ကြီးဈေးမှာ ခေါင်းရွက်ဗျပ်ထိုးပြီး ရောင်းတဲ့ဈေးသည်။ နေ့တိုင်း သတင်းစာကို  အစကနေအဆုံး  စာမတတ်တဲ့အဘွားကို စာတတ်တဲ့အဘိုးက ဖတ်ပြရသတဲ့။ အဘိုး ကျော်ချရင် အဘွား ဘယ်လိုလုပ် သိသလဲမေးတော့ ငါက သူ့မျက်လုံး၊ အမူအယာတွေကို သေချာကြည့်နေတာ ဒင်း ကျော်ချလို့ ဘယ်ရပါ့မလဲ။ တစ်နေ့တော့ အင်္ဂလိပ်အစိုးရ ဆုငွေထုတ်ထားတဲ့ လူဆိုးကြီးတစ်ယောက် ရုပ်ဖျက်ပြီး သိမ်ကြီးဈေးကို ရောက်လာတာ ပါးနပ်တဲ့၊ သတင်းစာ အမြဲဖတ်တဲ့ အဘွားက ရိပ်မိသတဲ့။

သူ့ဈေးဗန်းထဲက ငရုတ်သီးမှုန့်တွေနဲ့ လူဆိုးမျက်နှာဆီကို ပစ်ပေါက်ပြီးတော့ ဖမ်းတာ ငရုတ်သီး မျက်စိထဲ ဝင်သွားလို့ ပူစပ်ပူလောင်ဖြစ်နေတဲ့ လူဆိုးက အငိုက်မိပြီး အဖမ်းခံရသတဲ့။ မြို့တော်ဝန်က ဆုငွေနဲ့ သေနတ်လား၊ ဓားလား တခုခုပဲ ဂုဏ်ထူးဆောင်အဖြစ် ချီးမြှင့်တယ်။ အဘွားက စိတ်ဆိုးတိုင်း အဲဒီ ဓား (သို့မဟုတ်) သေနတ် တဝင့်ဝင့် ရမ်းလွန်းလို့ ယောကျာ်းဖြစ်သူရော၊ သားသမီးတွေကပါ မြို့တော်ဝန်ကို ပြန်သိမ်းဖို့ တောင်းပန်ကြသတဲ့။


အလုပ်ကနေ ပြန်လာရင် အိမ်ကို တန်းပြန်မလာဘဲ အိမ်ဘေးကနေဖြတ်ပြီး စမောလေးဆီသွားတဲ့ အဘိုး စီးလာမဲ့ ဘတ်စ်ကားကို အဘွားက လမ်းထိပ်ကနေ စောင့်ဖမ်းသတဲ့။ ဘတ်စ်ကားထဲမှာ အဘိုးပါမှန်း ဘယ်လိုလုပ် သိသလဲဆိုတော့ ဘတ်စ်ကားမောင်းတဲ့ အကောင်တွေက ငါ့ကိုမြင်ရင် မူမမှန်လို့ ဘတ်စ်ကားထဲမှာ မင်းတို့အဘိုးပါမှန်း သိတာပေါ့။ အဘွားက ရပ်လို့ဆိုလိုက်တာနဲ့ ဘတ်စ်ကားတွေက ရပ်ပေးရပြီး ကားပေါ်တက်ရှာတာ ဘတ်စ်ကားမှတ်တိုင် နာမည်တောင် အဘွားအမည်တွင်သွားပါသတဲ့။

ဖဲရှုံးရင် ဖဲချပ်တွေ လွှင့်ပစ်ပြီး အမယ်လေး... သေပါတော့မယ်...ခု ချက်ချင်း ငါ့ကို ဆေးရုံပို့...သေပါတော့မယ်လို့ အော်ဟစ်သတဲ့။ သူ့အမေအကြောင်း ကောင်းကောင်းသိတဲ့ ဆရာသာဓုက အတန်ခပ်ကြီးကြီး အသစ်ကျပ်ချွှတ် ပိုက်ဆံတွေကို ယပ်တောင်လိုလုပ်ပြီး မျက်နှာနားကပ် ယပ်ခပ်ပေးလိုက်ရင် တက်မတက် ချက်မတက် ဖြစ်နေတာတွေ ယူပစ်သလို ပျောက်။ နတ်ဝင်သည်တွေ နတ်ထွက်သွားသလိုမျိုး။ သူတို့အမျိုးတွေထဲက ဆိုးကြပေကြသူတွေအကြောင်း ချစ်စနိုးနဲ့ ရေးထားတာများ တကယ်ဖတ်လို့ကောင်းတဲ့ စာအုပ်လေး။

ကျွှန်မတို့က မိဘတွေရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေမဟုတ်တဲ့ အရပ်ဒေသမှာ ကြီးပြင်းခဲ့ရတော့ ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်းလို့ ဆိုကြသလို အမျိုးတွေထက် မိသားစု၊ သူငယ်ချင်းတွေကို ပိုတွယ်တာတယ်လို့ ဆိုရမလားဘဲ။ ဒီတော့ မျိုးရိုးထဲက ဆိုးပေကြီးတွေအကြောင်း သိပ်မသိဘူး။ အဲ ကျွှန်မတို့မိသားစုထဲက ဆိုးပေလေး တစ်ယောက်အကြောင်းတော့ ကောင်းကောင်းသိတယ်။ အဲဒီသိုးမည်းလေးက ကျွှန်မတို့မိသားစု သိုးဖြူတွေထဲမှာမို့ သူ့အမည်းရောင်က ပေါ်လွင်ထင်ရှားနေတာနဲ့ တူပါရဲ့။ တခြားသိုးမည်းတွေနဲ့ ယှဉ်လိုက်ရင် သူ့အမည်းက အရောင်ဖျော့နေပြန်ရော။


ငယ်ငယ်တုန်းက ကျွှန်မတို့အတန်းမှာ နှစ်တိုင်း ပထမဆုရတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်။ ဂုပ်ဝဲဆံပင် ပျော့ပျော့စင်းစင်း၊ အသားဖြူဖြူ၊ ဘယ်သန်၊ ဂျပန်မလေးနဲ့တူပြီး ဂါဝန်လှလှလေးတွေ ဝတ်တတ်တယ်။ သူ့အမေကလည်း အရမ်းဂရုစိုက်တယ်။ အမေရေ အဲဒီကောင်မလေးက သတင်းစာဖတ်တတ်နေပြီ အမေ့သမီးက ဘာမှမဖတ်တတ်သေးဘူး စာကျက်ခိုင်းဦးလို့ မကြီးက အမေ့ကို တိုင်လေ့ရှိတယ်။ ကျွှန်မ  လေးတန်းရောက်တော့ ၇ ယောက်တည်း ရှိတဲ့အတန်းမှာ ပထမဆု ရတယ်။ ဆုဆိုတာကို သိသွားလို့နဲ့ တူပါရဲ့ အဲဒီနောက်ပိုင်း ဆုတွေ အမြဲရတယ်။

မကြီက နှစ်တိုင်း ဆုရတယ်။ ၈ တန်းအစိုးရစစ် တမြို့နယ်လုံးမှာ အဆင့် ၂၀ ဝင်လို့ ငပုတောမြို့မှာ ဆုသွားယူရတယ်။ ကျွှန်မတို့အိမ်မှာ ကျွှန်မတို့ညီအစ်မတွေရဲ့ ဆုရလတ်မှတ်တွေကို မှန်ဘောင်သွင်းပြီး ချိတ်ထားတယ်။ အဲဒါတွေ နာဂစ်နဲ့ပါသွားရှာပြီ။ ကျွှန်မတို့ညီအစ်မအတွက် အဖေ၊ အမေက ဆုအမြဲ တက်ယူရပေမဲ့ မောင်မောင်ကတော့ ဆုတခုမှ မရဖူးဘူး။ စာမေးပွဲရှုံးရင် အိမ်ကို ရီပို့ကတ်မပြ ငြိမ်ကုပ်နေတတ်ပြီး အမှတ်များရင်တော့ဖြင့် အဖေ့ရေ... အမေ့ရေ ...သား...ဘယ်လောက်ရတယ်လို့ဖြင့် တလမ်းလုံးကြားအောင် လမ်းထိပ်ကနေ အော်ဟစ်လာတတ်တယ်။ ကျောင်းက ဆရာ၊ ဆရာမတွေက မင်း အစ်မတွေ ခြေရာ တစ်စက်လေးမှကို မမှီပါလားကွလို့ ဆိုကြတယ်။

မကြီးနဲ့ ကျွှန်မ ကြားမှာ ယောက်ျားလေးတစ်ယောက် မွေးခဲ့ပေမဲ့ ခပ်ငယ်ငယ်ကတည်းကပဲ အာဇိနာဆိုလား ဘာဆိုလားပေါက်လို့ သေသွားတယ်တဲ့။ ခေတ်မှီဆေးဝါးမရှိ၊ ကျန်းမာရေးစောင့်ရှောက်မှု မရှိတဲ့ တောနယ်ဒေသမို့ မသေသင့်ဘဲ သေရတာလို့ ဆိုပါတယ်။ တစ်ဦးတည်းသော သားလည်းဖြစ်၊ အငယ်ဆုံးလည်းဖြစ်၊ သူ့မွေးပြီးမှ စီးပွားတက်ဆိုပြီး အလိုလိုက်ခံရတယ်။ ကျွှန်မတို့ဒေသဖက်မှာ ဝါဝင်ပြီဆိုရင် ဦးရှင်ကြီး ပင့်ကြတယ်။ ဦးရှင်ကြီးရုပ်တုရှိတဲ့ ကျောင်းဆောင်လေးစိုက်၊ ဖယောင်းတိုင်ထွန်း၊ ကောက်ညှင်း၊ ထန်းညက်၊ ငှက်ပျောသီး၊ ကွှမ်းရွက် ကပ်ပြီး ရေငန်တကြော အပိုင်စိုးပါတဲ့......ဦးရှင်ကြီးခင်ဗျား...။ ဝတ်ဖြူစင်ကြယ်ဝတ်ပြီး အသံဝါကြီးနဲ့ (အသံဝါ၊ အသံနက် အသံကို အရောင်ဆိုးတာ မြန်မာလူမျိုးပဲ ရှိမယ်ထင်ပါရဲ့) ပင့်ဖိတ်တဲ့ ဦးအောင်မြတ်အသံကြားရင် မောင်မောင်တို့ ပြေးတော့တာပဲ။ ဦးရှင်ကြီး ဆွမ်းပင့်က စွန့်မဲ့ ကောက်ညှင်းပေါင်း၊ ငှက်ပျောသီး၊ ထန်းလျက်ကို မျှော်တာ။


မောင်မောင့်အတွက် နာမည်ရွေးတော့ ဗေဒင်တွက်တဲ့ ဦးအောင်မြတ်က သူ့ကြောင့် စီးပွားတက်သလို သူ့ကြောင့်ပဲ ကုန်မယ်လို့ ဟောလိုက်သတဲ့။ အမေ ရွေးခိုင်းလို့ ဘာဘူကုလားဆီကနေ သူရွေးပေးတဲ့ အောင်ဘာလေ ထီလက်မှတ်က သိန်းဆုကို  တစ်နှစ်၊ နှစ်လုံးနဲ့ လွဲသွားသတဲ့။ အစပ်မစားနိုင်တဲ့ သူ့အတွက် ကြက်ဥ အမြဲကြော်ပေးရတယ်။ လက်ကျိုးလို့ ကျောက်ပတ်တီးစီးတာ လက်ကကောက်နေလို့ ပြန်ချိုးရတယ်။ ဟိုင်းကြီးတကျွှန်းလုံးမှာ လက်သုံးခါကျိုးတာ သူတစ်ယောက်ပဲ ရှိမယ်ထင်တယ်ရဲ့။ သူ့ခေတ်သူ့အခါက သူ အကဲဆုံး၊ မျောက်မူးလဲလေး၊ တချက်လေးမှကို ငြိမ်ငြိမ်မနေတာ။ မကြီးက သူ့ဘာသာ အေးအေးနေတတ်သူ၊ ကျွှန်မက မဟုတ်မခံ ဆတ်ဆတ်ကြဲ။ မောင်မောင်က အိမ်မှာဆိုရင် ဘယ်လိုတီးလိုက်မယ်လေး ဘာလေးနဲ့ လက်သီးက တပြင်ပြင်။ သူများ ဆော်ထည့်လိုက်လို့ ညှိမည်းစွဲတဲ့ ဒဏ်ရာတွေနဲ့ ပြန်ခဲ့ရတာချည်းပဲ။

ကျွှန်မတို့ငယ်ငယ်တုန်းက တောနယ်ဆိုတော့ ကင်မရာမရှိ။ ဓာတ်ပုံရိုက်ရမှန်းလည်း မသိ။ အိမ်တွေလည်းပြောင်းတော့ ဓာတ်ပုံတွေလည်း ဘယ်ရောက်သွားမှန်းမသိ။ ကျွှန်မတို့ညီအစ်မမှာ ငယ်ငယ်တုန်းက ဓာတ်ပုံဆိုလို့ ပြန်ကြည့်စရာတောင် မရှိဘူး။ ငယ်ငယ်တုန်းက ဘယ်လိုပုံစံလေးလဲလို့ ကျွှန်မက မေးရင် ဝဝကစ်ကစ် ဖြူဖြူလေးလို့ အမေနဲ့မကြီးက ဖြေတတ်တယ်။ မောင်မောင့်မှာတော့ မော်တင်စွန်းဘုရားပွဲမှာ သူ့ထက်ကြီးတဲ့ ဝါးသေနတ်ကြီးလွယ်ပြီး စပ်ဖြဲဖြဲမျက်နှာပေးနဲ့ မြင်းစီးရိုက်ထားတဲ့ ဓာတ်ပုံလေးရှိတယ်။ ဓာတ်ပုံထဲမှာတောင် သေနတ်ကို လက်ကမချဘူး။ သေနတ်ပြီး သေနတ် သေနတ်ဆိုင် ဖွင့်လို့ရတယ်။ သေနတ် အဲလောက်ကြိုက်လို့ ကြီးလာရင် စစ်ဗိုလ်ဖြစ်မလား မှတ်တယ်။ ပြန်မပြော နားမထောင် ပြောဆိုဆုံးမရတာ ခက်လွန်းလို့ စစ်တပ်ထဲပို့မယ် စိတ်ကူးတယ် ဒင်းက စစ်တပ်ထဲ လုံးဝမဝင်ဘူးတဲ့။ ကျွှန်မတို့ကလည်း စစ်တပ်ထဲ ပို့မယ်လို့သာဆိုတာ ကျွှန်မတို့ဒေသဖက်မှာတော့ အစိမ်းရောင်၊ နက်ပြာရောင် ယူနီဖောင်းတွေကို တိုင်းပြည်၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်သူထက်  ကျွှန်မတို့ ကျွှေးမွေးပေးကမ်း ထောက်ပံ့ရသူတွေလို့ မြင်ကြတာကိုး။

တီဗွီဂိမ်းတွေ ပေါ်လာတော့ တီဗွီဂိမ်းဆော့တာများ ထမင်းမေ့၊ ဟင်းမေ့။ မောင်မောင် ဘယ်မှာလည်း မေးမနေနဲ့ ဂိမ်းဆိုင်မှာ။ ဂိမ်းဆော့လွန်းလို့ မျက်စိတွေနီ၊ အတီးခံရပေမဲ့လည်း ဆော့မြဲဆော့ဆဲ။ ကျွှန်မတို့ညီအစ်မတွေ ပုသိမ်မှာ အထက်တန်းကျောင်းတက်တော့ အသိမိတ်ဆွေအိမ်မှာ ထမင်းလခပေးနေတယ်။ တောနယ်မှာ ဗိုက်ကားအောင် စားသောက်လာတဲ့ ကျွှန်မတို့တွေ မြို့ပေါ်ရောက်တော့ စကေးနဲ့ စားရတာ အစပိုင်းက ဗိုက်မဝဘူး။ ထမင်းမဝဘူး အဖေ့ရေလို့ ပြောလိုက်တာ အဖေနဲ့အမေ တညလုံး အိပ်မပျော်ဘူးတဲ့။ ပညာရေးကောင်းစေချင်လို့ မြို့ပေါ်ပို့မိတာ မှားပြီလား။ စရိတ်ကြီးတဲ့ မြို့ကျောင်းစရိတ်ကို လစဉ်မှန်မှန် ပို့နိုင်ပါမလား။ လစဉ်ပို့ငွေကို ပိုပေးတတ်သလို တလတခေါက် မြို့တက်လာပြီး ကျွှန်မတို့တွေကို ထမင်းဆိုင်ကောင်းကောင်းမှာ ခေါ်ကျွှေးလေ့ရှိတယ်။


သူများအိမ်မှာနေဖူးမှ ကျောင်းမှန်းကန်မှန်း စည်းကမ်းတကျဖြစ်သွားတဲ့ ကျွှန်မတို့ညီအစ်မတွေကိုကြည့်ပြီး အဖေက  ပုသိမ်အိမ်ကို ကျေးဇူးတင်တယ်။ သူ့သားတော်မောင်ကိုလည်း ထားချင်ပေမဲ့ ငယ်သေးလို့ လက်မခံသေးဘူးတဲ့။ ရန်ကုန်မှာ တက္ကသိုလ် တက်ချင်တဲ့ မကြီးကြောင့် ရန်ကုန်ကို ပြောင်းဖို့ ဖန်လာတယ်။ အဖေ လာခေါ်တဲ့အချိန် ကျွှန်မ က ကိုးတန်းနှစ်ဝက် ဖြစ်နေလို့ ကိုးတန်းဖြေပြီးတဲ့နေ့မှာပဲ အဖေက လာခေါ်ပါတယ်။ မောင်မောင်ကတော့ ၆ တန်းတက်ဖို့ ရန်ကုန်ရောက်လာတယ်။ ကျွှန်မ တို့ ကျောင်းတက်ဖို့ ရန်ကုန်မှာ တိုက်ခန်းဝယ်လိုက်တော့ မောင်မောင်က သူများအိမ်မှာ မနေဖူးလိုက်ဘူး။ ဒီကောင် သူများအိမ်မှာ မနေဖူးလို့ အချိုးမပြေတာလို့ ကျွှန်မတို့ညီမတွေက ဆိုကြတယ်။

ရန်ကုန်ရောက်ပြီး နောက်တစ်နေ့ ပျောက်သွားလို့ မကြီးဆို ခေါင်းနပန်းကြီးသွားပဲ။ အရပ်ကူပါ၊ လူဝိုင်းပါ၊ ရှာကြ၊ ဖွေကြတော့ မိန်းနားက တက္ကသိုလ်ဘောလုံးကွင်းထဲမှာ ဘောလုံးကန်နေတာ တွေ့ခဲ့တယ်တဲ့။ အဲဒီလို ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းတယ်။ မောင်မောင့်ကို တွေ့ချင်ရင် သူ့ကစားတတ်တဲ့ ၈ လမ်းက ဂိမ်းဆိုင်မှာ သွားရှာရတယ်။ အမေ၊ အစ်မတွေ လာရှာရင် သူက စိတ်ဆိုးပြန်သေးတယ်။ ဆယ်တန်းရောက်တော့ လှည်းတန်းမှာ သွားထားလို့မဖြစ်ဘူး။ တော်ကြာ ကျူရှင်သွားတယ်ဆိုပြီး ကျူရှင်မရောက်ဘဲ အိမ်နဲ့ကျူရှင်ကြား ပျောက်သွားရင် ဒုက္ခ။ အိမ်နားက သူ့သူငယ်ချင်းအိမ်မှာ သူနဲ့သူ့ငယ်ချင်း နှစ်ယောက်ဝိုင်း စီစဉ်တယ်။ ကျူရှင်ဆရာက ရောက်နေပြီ မောင်မောင်က မရောက်သေးလို့ ဖုန်းဆက်ခေါ်မှ အူယားဖားယား ပြေးတယ် ဟိုဖက်လမ်းက ကျူရှင်အိမ်ကို။ စာမကျက်ဘူးလို့ ဆရာမက ပြောရင် စာကျက်ဖို့ကို အဖေ၊ အဖေ၊ အစ်မတွေ တအိမ်လုံးက ဝိုင်းဆူ။ သူကတော့ အေးဆေးပဲ ဒီဖက်နားကဝင် ဟိုဖက်နားကထွက်။

အဖေက ငါ့သမီးနှစ်ယောက် ဆယ်တန်းအောင်သွားတာ သိတောင် မသိလိုက်ဘူး။ မင်းကျမှ တအိမ်လုံး အကောင်းမနေရ ကျွှတ်ကျွှတ်ကိုညံ။ သူ့ကိုယ်ကိုသူ ဂုဏ်ထူး ၂ လုံး၊ ၃ လုံး ထွက်မယ်ဆိုလို့ သူ့ဂိုက်က တအံ့တသြဖြစ်လို့။ သူ့လိုမျိုး စာမကျက်ဘဲ ဂုဏ်ထူး ၂ လုံး ထွက်မယ်လို့ ပြောတဲ့လူ သူ့တသက်မှာ မတွေ့ဘူးသေးပါဘူးတဲ့။ သူ့ဦးနှောက်ထဲမှာ တခုခုဖြစ်နေတယ် ထင်ပါတယ်တဲ့။ ဘဝင်လေဟပ် သူ့ကိုယ်သူ အထင်ကြီးနေတာ။ ဂုဏ်ထူးဘယ်နှစ်လုံးမှန်းလဲ မေးရင်တောင် မသိသေးပါဘူး အောင်စာရင်းထွက်မှ အဖြေသိရမယ်လို့ ဝေ့လည်ကြောင်ပတ် ဖြေရတာ သူ့အလှည့်ကျမှ ဂုဏ်ထူး ၂ လုံး အသေအချာတဲ့။ ကျွှန်မတောင် သချာၤနဲ့ သိပ္ဗံ နှစ်လုံးတော့ သေချာတယ်လို့ ပြောခဲ့တာ အောင်စာရင်းထွက်တော့မှ မြန်မာစာပါထွက်မှန်းသိတာ။ မြန်မာစာ ဖြေနိုင်ပေမဲ့ မမှန်းရဲဘူးလေ မြန်မာစာ၊ အင်္ဂလိပ်စာဆိုတာ ထွက်ဖို့အရမ်းခက်တာ။


အင်္ဂလိပ်စာ ဖြေတဲ့နေ့ကျမှ သူတော့ ကျတော့မယ်၊ ခြစ်ချတော့မယ်ဆိုလို့ အောင်မလေး ခြစ်တော့ မခြစ်ချပါနဲ့အောင်ချင်အောင် မအောင်ချင်နေ ပြီးအောင်ဖြေပါလို့ တောင်းပန်ရတယ်။ အောင်မယ်လို့ ထင်တားတဲ့ သူ့သူငယ်ချင်းက ကျပြီး ကျမယ်လို့ ထင်ထားတဲ့သူက အောင်တယ် မော်ထရေးရှင်းပေါင်းများစွာနဲ့ ဂုဏ်ထူးလား ဝေးစွ။ ဒဂုံတက္ကသိုလ်မှာ ပထမဆုံး စတက်တဲ့နေ့က ကျွှန်မကိုယ်တိုင်လိုက်ပြီး သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သူငယ်ချင်းတွေက ကျွှန်မ မောင်လေးမို့ ဂရုတစိုက် ကူညီကြတယ်။ ကျောင်းမသွားဘူးလားလို့ မေးလိုက်ရင် ဆရာမ မလာ၊ ရိုးကောထိုးဖို့ ကျောင်းသွားရသလိုပဲ။ ကျောင်းကလည်း အဝေးကြီး၊ တနေကုန် ဝထ္ထုဖတ်ပြီး ပြန်လာတာ။ ကျောင်းကို ဘာလို့ အပင်းပန်ခံ  သွားနေမှာလဲ အိမ်မှာနှပ်နေတာကမှ ကောင်းသေးတယ်တဲ့။

ဟုတ်လည်း ဟုတ်ပါတယ်။ ကံ့ကော်တော၊ မြေနီလမ်း၊ ဦးချစ်၊ ဂျပ်ဆင်၊ အင်းလျားကန်၊ အင်းလျားဆောင် တက္ကသိုလ်ဝထ္ထုတွေဖတ်ပြီး စိတ်ကူးယဉ်ခဲ့ဖူးတဲ့ တက္ကသိုလ်ကျောင်းသားဘဝဆိုတာ ဝထ္ထုထဲကနဲ့ အပြင်မှာ လုံးဝကွာတယ်။ ကားကို တနာရီ၊ တနာရီခွဲလောက် ဖုန်တထောင်းထောင်း၊ ချိုင့်ခွက်တွေအပြည့် လမ်းတွေကို  ဒိုင်နာကားက ဒုံးပျံနှုန်းနဲ့ ဖိုက်တင်ပလေးကြတော့ ကျောင်းရောက်တာနဲ့ ဗိုက်ဖြည့်ဖို့ ကန်တင်း အရင်ပြေးရတယ်။ မြို့စွန် မိဘတွေ မမြင်နိုင်တဲ့ နေရာဆိုတော့ လုပ်ချင်တာလုပ်။ ကျောင်းပြီးတော့မှ အရက်သမား၊ ဖဲသမား ဖြစ်ကြသူတွေ ဒုနဲ့ဒေး။ ကျွှန်မကိုယ်တိုင်တောင် ကျောင်းသွားဖို့ ပျင်းတော့ သူ့ကို အတင်းမတိုက်တွန်းတော့ဘူး။

ဒေးတက်ရတာ ပျင်းစရာကောင်းလို့ အဝေးသင်ပြောင်းမယ်ဆိုတော့ အဖေက သဘောမတူဘူး ။ သူ ထောက်ပံ့ပေးနိုင်ချိန်မှာ တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပျော်စရာကောင်းတဲ့ဘဝကို ရစေချင်လို့တဲ့။ ကျောင်းမတက်ချင်တဲ့သူကို နားချလို့လည်း အလကား။  အဝေးသင်တက်တော့ အဆိုင်းမင့်တွေကို တခြားတစ်ယာက်ကို လုပ်ခိုင်းတယ်။ သွားတင်ရင်တော့ ကိုယ်တိုင်သွားတင်ရတယ်။ မြန်မာပြည်ရဲ့ ပညာရေးစနစ်ကြီးကလည်း တကယ်လေပါတယ်။ စာမေးပွဲနီးရင် ခိုးချဖို့ စာအုပ်လေးတွေ ဝယ်ထားတယ်။ ဒေးတက်တဲ့သူတွေတောင် မတတ်တာ အဝေးသင်တက်တဲ့သူတွေ တကယ်ရော တတ်ရဲ့လားမသိ။


ဒီလိုနဲ့ ဒေးကနေ အဝေးသင်ပြောင်း၊ အဝေးသင်ရောက်တော့လည်း စာမေးပွဲ ဘယ်အချိန်စစ်သွားမှန်းမသိလိုက်နဲ့ ပထမနှစ်ကို သုံးနှစ်တက်တယ်။ ကျောင်းပျော်ကြီးတွေ၊ ကျောင်းဆွေးကြီးတွေလို့ ခေါ်ရမလား။ သူ တစ်ယောက်တည်း ဒီလိုဖြစ်သလားမှတ်တယ် မကြီးသူငယ်ချင်းရဲ့မောင်လေး သူ့အရွယ်ကောင်လေးလည်း အဲဒီလို။ တက္ကသိုလ်ကျောင်း ပိတ်ရက်တွေဆို ဦးသိန်းဝင်းတိုဖယ်လ်၊ မြေနီကုန်းက ဆရာနယ်ဆင်တို့ဆီမှာ အင်္ဂလိပ်စာသင်တန်း တက်ရတယ်။ တကယ်တော့ ကျွှန်မက ငပျင်း မကြီး တက်ခိုင်းလို့ တက်ရတာ။ တိုဖယ်ဖြေဖို့လည်းမဟုတ် အင်္ဂလိပ်စာ အဆက်မပြတ် ဖြစ်စေဖို့ မကြီးက တက်ခိုင်းတာ။ မောင်မောင့်ကို တက်ခိုင်းရင် လိုက်ပို့တဲ့ တစ်ရက်သာ တက်တယ် နောက်နေ့ မသွားတော့ဘူး။ ကျွှန်မကတော့ တက်ချင်လို့ မဟုတ်ဘူး တစ်နေ့ကို ဘယ်လောက်ပေးရတာဆိုပြီး နှမျောလို့ သွားတက်တာ။

ကျွှန်မမိဘတွေကလည်း သင်တန်းတက်ဖို့၊ စာအုပ်ဝယ်ဖို့ဆို ဘယ်တော့မှ မငြင်းဘူး။ အိမ်အလုပ်တွေ ကူလုပ်ပေးတဲ့ အစ်မမရှိတော့ မကြီးက ချက်ပြုတ်၊ ကျွှန်မက အသီးအရွက်လှီးပေး၊ ပန်းကန်ဆေး၊ မောင်မောင်က ထမင်းအိုးတည်၊ ကြက်ဥကြော်၊ အမှိုက်ပစ် တာဝန်ခွဲယူကြတယ်။ တလတခေါက်၊ ကျွှန်မတို့တွေ စာမေးပွဲရှိရင် အဖေတို့က ရန်ကုန်တက်လာတယ်။  အမေ လာမယ်ဆိုရင် ကျွှန်မတို့မောင်နှမတွေ အိမ်ကိုရှင်းလင်း၊ မလျှော်ရသေးတဲ့ အဝတ်တွေလျှော်။ နှမြောတတ်တဲ့အမေကို ဒီခေတ်ဈေးနှုန်းတွေ အမှန်အတိုင်း မပြောရဲဘူး။ မောင်မောင်က အမေ့သမီးတွေ အမေ့ကို ညာထားတာ။ အဲဒီဖိနပ်က ဘယ်လောက်တန်တာလို့ တိုင်တတ်တယ်။ မိတ်ကပ်၊ နှုတ်ခမ်းနီကို မကြီးက လိုရီရယ်၊ ရယ်ဗလွန် သုံးတယ်။ ဈေးကြီးပေမဲ့ အကြာကြီးခံတယ် တွက်လိုက်ရင် တလကို ဘယ်လောက်ပဲ ကျတာ။ မကြီးက အသားအရေ sensitive ဖြစ်တယ်။ အမေ့က နှုတ်ခမ်းနီဆိုးကြည့်ပြီး သမီး ဒါ ဘယ်လောက်ပေးရလဲ ။ ၁၀၀၀ (တကယ်က ခြောက်ထောင်ကျော်) အဲဒါဆို ကြုံရင် အမေ့အတွက် တစ်ခုဝယ်ခဲ့ပေးဆိုလို့ ကျွှန်မတို့ညီအစ်မတွေ ဟိုက်ခနဲ ဖြစ်သွားဖူးတယ်။

အမေ့ကို ဝယ်ပေးရတာ ကိစ္စမရှိပါဘူး နှုတ်ခမ်းနီလေးကောင်းလို့ သူ့ဘော်ဒါတွေအတွက်ပါ ဝယ်ပေးပါဆိုလာရင် ကျွှန်မ တို့ညီအစ်မတွေ အမေ့ကို ဘယ်လိုညာရပါ့။ ဈေးအမှန် သွားပြောလို့ကတော့ ဒီလောက်ဈေးကြီးတာ ဘာလို့ သုံးရတာတုန်း။ ဒီဟာ သုံးလို့လည်း ညည်းတို့ ပိုလှလာမဟုတ်ဘူး။ ဒီရုပ်ကဒီရုပ်လို့ အပွမ်ခံရမယ်။ အလုပ်လုပ်၊ သင်တန်းတွေတက်၊ ဒေါ်လာပေးဖြေရတဲ့ စာမေးပွဲတွေမို့ ရှုံးရင်ပလုံ၊ ပိုက်ဆံမကုန်ချင်၊ စာမေးပွဲ မကျချင်လို့ စာမေးပွဲနီးရင် စိတ်တွေဖိစီးလို့ ရုပ်ကချုံးချံချုံးကျတယ်။ ကျောင်းမသွား၊ သင်တန်းမတက်၊ အိမ်မှာ တနေကုန် အိပ်လိုက်၊ စားလိုက်၊ ဘောလုံးပွဲကြည့်လိုက်၊ လောင်းလိုက်၊ လတ်လျားလတ်လျားနေ မကြိုးစားတဲ့  မောင်မောင့်ကို ကျွှန်မ ၏တို့ ညီအစ်မက ကြည့်မရဘူးရယ်။ အဖေ့သားကို အဖေပြန်ခေါ်ထိန်းပါလို့ သမီးတွေက တလေသံတည်း ထွက်တာနဲ့ အဖေက သူ့သားကို လာခေါ်သွားတယ်။


တောကို ပြန်ရလို့ ဝမ်းနည်းဖို့ နေနေသာသာ တောက အစားအသောက် ကောင်းတယ်၊ နားအေးပါးအေးတယ်ဆိုပြီး ပျော်တောင်နေသေးတယ်။ အစားအသောက် မှန်လာတာနဲ့ ဘော်ဒီတက်လာသလို အရပ်လည်း ရှည်ထွက်လာတယ်။ ဗလတောင့်အောင်လို့ ဒိုက်ထိုးသေးတယ်။ ကိစ္စရှိလို့ ရန်ကုန်တက်လာရင်တောင် ရန်ကုန်က ပူတယ်ဆိုပြီး တောကိုပြန်ဆင်းသွားတော့တာပဲ။ ကျွှန်မတို့ညီအစ်မတွေက ဒီကောင်ဆိုးတယ်လို့ဆိုရင် အကြောင်းမသိသူတွေက မယုံကြဘူး။  စကားပြောဆိုတာ ယဉ်ယဉ်ကျေးကျေး၊ တဖက်သားကို တလေးတစားနဲ့ ဟုတ်ကဲခင်ဗျ...ဟုတ်ကဲ့ခင်ဗျ လို့ ပြောတတ်တာကိုး။ အကယ်တော့ ပြန်မပြော နားမထောင် ပျော့စိစိနဲ့နံတဲ့ ကြောင်ချေး။ ကျွှန်မတို့ သူငယ်ချင်းတွေ ဆုံကြရင် ငြီးညူကြတာက ကျွှန်မတို့မောင်တွေအကြောင်း။ ဆိုင်ကို မဦးစီးတဲ့ ဖြိုးဝေရဲ့အကို၊ အရက်မူးလာရင် သောင်းကြမ်းတတ်တဲ့ ခိုင်မေ့မောင်၊ တနေ့တနေ့ အိမ်မှာ အိပ်လိုက်၊ စားလိုက်၊ ဂစ်တာလေး တဂေါင်ဂေါင်နေတတ်တဲ့ ဝတ်ရည်မောင်။ မလေးရှား၊ ကိုရီးယားသွားပေမဲ့ စရိတ်ကြေရုံနဲ့ ပြန်လာတဲ့ သင်းခိုင်မောင်။ ကျွှန်မတို့တွေက သင်းခိုင်ရေ အဖြစ်မရှိတဲ့နင့်မာင်ကို လွှတ်မဲ့အစား နင် နိုင်ငံခြားထွက်တာကမှ သူ့ထက် သာဦးမယ်လို့ ပြောကြတယ်။

မောင်မောင့်ကိုခင်တဲ့ ငါးဒိုင်ကလူတွေ အရက်သွားသောက်ဖို့ လာခေါ်ရင် ပါသွားတယ်။ အဖေက စိတ်ပူတာပေါ့။ အဖေ့ဝမ်းကွဲညီ ဘေးချေ (ဦးလေး) က ငါးဒိုင်က လူတွေကို မေးကြည့်ပြီးပြီ မောင်မောင်က အရက်မသောက်ဘူးတဲ့။ မောင်မောင် စားတဲ့အမြည်းက သူတို့တဝိုင်းလုံးက အရက်ဖိုးထက်တောင် ပိုများတယ်ဆိုပဲ။ မောင်မောင်က အရက်သောက်လို့မရဘူး အရက်သောက်ရင် ဗိုက်ထဲက အောင့်တယ်လို့ဆိုတယ်။ ဆေးလိပ်လည်း မသောက်ဘူး။ ဆေးလိပ်နံ့ရရင် အသက်ရှုမဝလို့တဲ့။ မကြီးနဲ့ မောင်မောင်က ရုပ်လည်းဆင်ကြသလို အကျင့်တွေလည်း နည်းနည်းတူတယ်။ မကြီးက ဆေးလိပ်နံ့ခံလို့ မရဘူး။ တံမြက်စည်းလှည်းရင် Mask ဝတ်ပြီး လှည်းရတယ်။ နှာခေါင်းထဲ ဖုန်ဝင်ရင် ချောင်းတဟွပ်ဟွပ် ဆိုးရော။

အဖေက ငယ်ငယ်တုန်းက အရက်သောက်ပေမဲ့ မကြီးဆယ်တန်းအောင်တဲ့နှစ် ကျောက်ကပ်မှာ ကျောက်တည်လို့ ဆေးလိပ်ရော၊ အရက်ရော ဖြတ်တယ်။ တခါတလေမှ ဘီယာသောက်တယ်။ အဖေ ဘီယာသောက်လာရင် စကားအရမ်းများလို့ဘီယာသောက်လာမှန်း အရမ်းသိတယ်။ အမေက ခပ်အေးအေး။ ကျွှန်မကတော့ Teetotaler အရက်လုံးဝ မသောက်တဲ့သူလို့ မဆိုနိုင်ပေမဲ့ အပေါင်းအသင်းတွေဆုံရင်၊ မွေးနေ့၊ ဂုဏ်ပြုပွဲတွေဆို ဝိုင်တစ်ခွက်လောက် သောက်တတ်သူ။ ဆေးလိပ်ကင်းတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ရလို့လား မသိဘူး ဆေးလိပ်သောက်တဲ့သူဆီက အနံ့ဆိုးကို အရမ်းသိတယ် မခံနိုင်ဘူး။


အသက်နည်းနည်းကြီးလာတော့ ဂိမ်းကို အရင်ကလောက် မဆော့တော့ဘဲ စာအုပ်တွေ ပိုဖတ်လာတယ်။ သူ့အတွက် စက်ပစ္စည်းဆိုင် ဖွင့်ပေးတာ အဖေက စက်ပစ္စည်းတွေ ကျွှမ်းကျင်တော့ ဝယ်တဲ့သူက ဘာဝယ်ရမှန်း မသိရင်တောင် အဖေက ဘာစက်လဲ တရုတ်နီလား၊ လေးလုံးထိုးလား၊ စက်ကြီးလား ဒါဆို ဘယ်ဟာ ဝယ်သင့်တယ်လို့ အကြံပေးတော့ ဆိုင်ဖွင့်ခါစဆိုပေမဲ့ ရောင်းရတယ်။ တနေ့တနေ့ ရောင်းရတဲ့ပိုက်ဆံတွေသိမ်း၊ မြို့ပို့၊ ဆိုင်မှာ ဘာပစ္စည်းတွေ လိုလဲစစ်၊ သင်္ဘောနဲ့ပစ္စည်းတွေ မှာဖို့ စာရင်းရေး။ ပစ္စည်းတွေ ရောက်လာရင် ဈေးနှုန်းဖြတ်၊ ဈေးနှုန်းကပ်၊ အကြွေးစာရင်းပေါင်း။ နွေရာသီ ကျောင်းပိတ်ရက် ကျွှန်မတို့ပြန်ရင် အဖေ့စာရင်းတွေ ကူလုပ်ရတယ်။ မောင်မောင် အိမ်မှာအချိန်တိုင်းမရှိ ဈေးဝယ်သူလာရင် လှမ်းခေါ်ရ၊ ညနေ ပုသိမ်သဘောၤက ကုန်လာချနေပြီ စာရင်းက အဆင်သင့်မဖြစ်သေးဘူး မောင်မောင့်ကို ရှာနေရမှာထက် အဖေက သူ့ဘာသာလုပ်ရတာ များတယ်။ ဒီတော့ သူ့သင်္ဘောအလုပ်တွေအပြင် ဆိုင်အလုပ်ပါ လုပ်ရတော့ အဖေ ပင်ပန်းတယ်။ မောင်မောင်က အဲလို မသိတတ်ဘူး။ အဖေက နှစ်ဆပင်ပန်းလို့ အဲဒီဆိုင့်ကို ဖြုတ်ချင်နေတာ နာဂစ်ဖြုတ်တော့မှပဲ ပြုတ်တော့တယ်။

တခါတုန်းက ပစ္စည်းဈေးတွေ စစ်ရင်း မူလီဈေးက မူရင်းဈေးထက် နည်းနည်းပဲကွာတော့ ကျွှန်မများ မျက်စိမှားသလားပေါ့။ အရင်ဘောက်ချာဟောင်းတွေ ပြန်စစ်တော့မှ အဖေနဲ့ကျွှန်မ ဟိုက်ခနဲ ပက်လက်လှန်သွားတယ်။ တွေ့လိုက်ရတာက  မူရင်းဈေးထက် နည်းနည်းပဲ ကွာတာ။ အဲဒီပစ္စည်းကို မောင်မောင် ဈေးဖြတ်တာ။  မင်း ဘာလို့ ဒီဈေးဖြတ်ရတာလဲမေးတော့ တခြားဆိုင် သွားဝယ်တော့ အဲဒီဈေး ပေါက်လို့တဲ့။ အဲဒီဆိုင်က သက်သာတဲ့ဈေးနဲ့ ရထားလို့ ဒီဈေးရောင်းနိုင်တာပေါ့ကွ။ မူရင်း ဒီဈေး၊ တန်ဆာခ (သင်္ဘောသယ်ခ)၊ အလုပ်သမားခတွေ ထပ်ပေါင်းရမယ်လေ။ ကိုယ်ဝယ်တဲ့အချိန်မှာ ဒီဈေးပေါက်တာကို သူများဆိုင်က အရင်တုန်းကဈေးနဲ့ နှိုင်းယှဉ်ပြီး ရောင်းလို့ဖြစ်မလားကွ။ ဈေးဝယ်သူကို ဒီပစ္စည်းက တက်ဈေးမိထားလို့ ကျွှန်တော်တို့ဆိုင်မှာ ဈေးကြီးတယ်၊ ဘယ်ဆိုင်မှာတော့ သက်သာတယ်လို့ ညွှန်းပေးလိုက်ပေါ့ကွ။ ကျွှန်မတို့တွေက ဒီကောင် စီးပွားရေးလုပ်ရင် ကြီးပွားဦးမယ်လို့ ခနဲ့ကြတယ်။

တနေ့တော့ အဖေ၊ အမေ၊ မောင်မောင် ဖုန်းမဆက် ဘာမဆက် ရန်ကုန်ကို ဗြုန်းစားကြီး ပေါက်ချလာတယ် မျက်စိမျက်နှာမကောင်း။ မောင်မောင်က ကောင်မလေးတစ်ယောက်နဲ့ စာပေးစာယူ ကြိုက်နေကြသတဲ့။ အဲဒီကောင်မလေးက သူဋ္ဌေးတူမဆိုပေမဲ့ ဟိုလူ့ဆိုင်ကယ်နောက်လိုက်၊ ဒီလို့ဆိုင်ကယ်နောက်လိုက်၊ ပျံတံတံ၊ နှန့်တံ့တံ့မို့ သဘောမကျဘူးတဲ့။ အမေတို့က ဆင်းရဲချမ်းသာတာထက် အကျင့်စရိုက် ကောင်းကောင်းမွန်မွန်၊ ရိုးရိုးသားသား၊ အေးအေးချမ်းချမ်းလေးဆို သဘောတူမှာပါ။ တော်ကြာ ကောင်မလေးက မောင်မောင့်ကို ခိုးပြေးမှာစိုးလို့ ဘာမှအသိမပေးဘဲ ဗြုန်းစားကြီး ရန်ကုန် ခေါ်ချလာတာတဲ့။

(ဆက်ပါဦးမည်)
စန်းထွန်း
မတ် ၁၀၊ ၂၀၁၄။

All photos are from Google.