ကမ္ဘာမြေနား ဖြတ်သန်းသွားတဲ့ ကြယ်ကလေး...

ဘဝရထား အတူတူစီးနေတုန်းက အမှတ်တမဲ့ သတိမထားမိပေမဲ့ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အချိန်မှာ ရုတ်တရက် ဘွားကနဲ တွေ့လိုက်ရပြီးခါမှ အမှတ်တရ ဖြစ်သွားမျိုးလည်း ရှိတယ်။

ကိုယ့်မှာ ငယ်သူငယ်ချင်းရယ်လို့ သိပ်မရှိဘူး။ ကျောင်းတွေ ခဏခဏ ပြောင်းရ၊ ထုပ်ဆီးထိုးတမ်း၊ ကြိုးခုန်တမ်း ကစားရင် အငြင်းသန်၊ ရန်ဖြစ်ထားရင် စာရေးခုံကို စည်းတားထားပြီး နည်းနည်းလေးမှ မကျော်စေရ၊ ကိုယ်တို့ မောင်နှမတွေ၊ အိမ်နားက ကလေးတွေ အုပ်စုတောင့်တော့ ဆော့ကြတာများ ထမင်းမေ့၊ ဟင်းမေ့။ ကိုယ်တို့ ငယ်ငယ်တုန်းက ဆိုင်ကယ်တွေ၊ ကားတွေ မရှိသေးတော့ လမ်းမကြီးမှာ ကိုယ်တို့ကလေးတွေချည်းပဲ။ စာအံချိန်ဆို စာတော်တဲ့ ကျောင်းသားတွေက အတန်းရှေ့ထွက် ကျန်တဲ့ကျောင်းသားတွေက စာဆိုရတယ်။ ကိုယ့်ခေါင်းစည်းကြိုး၊ လွယ်အိတ်ကို ဆောင့်ဆွဲပြေးတတ်တဲ့ သကောင့်သားတွေကို ကိုယ်က စာလုံးဝ မထောက်ပေးဘူး။ ကိုယ် ငယ်ငယ်က တော်တော် ဆိုးဆိုးဝါးဝါးလေး။

တက္ကသိုလ်တက်တော့မှ ကိုယ့်မှာ သူငယ်ချင်းတွေ ရှိလာခဲ့တယ်။ ကျောင်းပြီးခါနီးတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ့်ဇာတိမြို့လေးက တပေါင်းလဘုရားပွဲတော်ကို သွားလည်ကြတယ်။ ကိုယ်တို့နယ်ဖက်မှာတော့ တပေါင်းလဆန်း ၁ ရက်နေ့ကနေ လပြည့်နေ့အထိ ၁၅ ရက်တိုင်တိုင် ကျင်းပတဲ့ အဲဒီဘုရားပွဲတော်က အစည်ကားဆုံး။ ငယ်ငယ်တုန်းက မြို့ပေါ်ကိုလည်း အရောက်အပေါက်နည်းတော့ ဘုရားပွဲတော်ချိန်မှာမှ လိုအပ်တာတွေ ဝယ်ခြမ်းရတာ။ ခုခေတ် ကုန်စည်ပြပွဲလိုပေါ့။ ပွဲတော်နောက်ဆုံးနေ့ဆိုရင် ဈေးသည်တွေက ပြန်မသယ်ချင်တော့လို့ ဒစ်စကောက်နဲ့ရောင်းတော့ ဈေးဝယ်သူတွေနဲ့ ကြိတ်ကြိတ်တိုး စည်တယ်။

သဲသောင်ဖြူဖြူ၊ ပင်လယ်ပြာပြာ၊ အုန်းပင်စိမ်းစိမ်း၊ သာယာအေးချမ်းတဲ့ ကိုယ်တို့မြို့လေးကို ကားလမ်းမပေါက်ဘူး။ ရေလမ်းခရီး သင်္ဘောနဲ့သွားရတာဆိုတော့ ပင်လယ် မမြင်ဘူး၊ သင်္ဘောမစီးဖူးတဲ့ ရန်ကုန်သူ ကိုယ့်သူငယ်ချင်းတွေအတွက် အတွေ့အကြုံသစ်။ ဖော်ရွှေပျူငှာ ရိုးသားကြတဲ့ နယ်သားတွေကို သဘောကျမဆုံး။ သန့်ရှင်းလက်ဆတ်တဲ့ ပင်လယ်လေကို ရှုရှိုက်ပြီး သန့်ရှင်းလတ်ဆပ် ဆီနည်းတဲ့ တောဟင်းတွေက ခံတွင်းမြိန်လွန်းလို့ သူတို့တသက် မမေ့နိုင်တဲ့ ခရီးလေးပါတဲ့။ အမှတ်မထင် ဘွားကနဲ တွေ့လိုက်ရပြီး နောက်ထပ်ဘယ်တော့မှ မတွေ့တော့ပေမဲ့ ကိုယ်တို့တွေ အမှတ်တရ ရှိနေတတ်တဲ့ သူတစ်ယောက်ကို အဲဒီခရီးစဉ်မှာပဲ ဆုံတွေ့ခဲ့တယ်။


သူငယ်ချင်း နေကောင်းလား ...
ဒီအသံ သေချာပါတယ် ကိုယ် ရင်းရင်းနှီးနှီးကို သိတာ။ ဆိုင်ကယ်ကို ဖေဖေ့လက်ထဲထည့်ပြီး မှောင်ရိပ်ထဲက အသံရှင်ကို ဘယ်သူလဲလို့ စူးစမ်းနေတုန်း အလင်းရောင်ထဲမှာ မြင်လိုက်ရသူက
ကိုသက်...
သူ့ကို မှတ်မိလို့ ကျေကျေနပ်နပ် နှစ်နှစ်ခြိုက်ခြိုက် ပြံပြုံးတယ်။ သူ့အပြုံး၊ သူ့မျက်ဝန်း၊ သူ့မျက်နှာ ငယ်ငယ်ကအတိုင်း ဘာဆိုဘာမှ မပြောင်းလဲပါလား။ အဲ အရပ်တော့ တော်တော်ရှည်လာတယ်။

နေ့လည်ကတောင် တစ်ခေါက် လာသေးတယ်။ ဘုရားပွဲက ပြန်မရောက်သေးဘူးဆိုလို့။ သူငယ်ချင်းတွေ ခေါ်ခဲ့လေ။ လက်ဖက်ရည်ဆိုင်သွားပြီး အေးအေးဆေးဆေး စကားပြောရအောင်။ ဦး ကျွှန်‌တော်တို့သူငယ်ချင်းတွေ လက်ဖက်ရည် သွားသောက်မလို့။ အပြန်ကျရင် ကျွှန်‌တော် လိုက်ပို့ပေးမှာပါ နောက်ကျရင် စိတ်မပူပါနဲ့။ ကိုယ်တို့မြို့က သုံးဆိုင်တည်းသော လက်ဖက်ရည်ဆိုင်တွေထဲမှာ ကိုယ့်အိမ်နဲ့အနီးဆုံး၊ ကိုယ်တို့နဲ့ ကျောင်းအတူတူ တက်ဖူးတဲ့ မမအေးဆိုင်မှာ ထိုင်ကြတယ်။

ကျွှန်‌တော် ကိုသက်ပါ။ သူနဲ့ အထက်တန်းကျောင်း အတူတူ တက်ခဲ့တာ။ သချာၤမေဂျာနဲ့ အဝေးသင် တက်နေတာ ဒီနှစ်ဆို ဘွဲ့ရပြီ။ ဋ္ဌာနမှုးရဲ့ ပီအေဆိုတော့ ဋ္ဌာနမှုးသွားတဲ့နောက် လိုက်နေရတာ။ မမအေးက မင်းရောက်နေတယ်လို့ ပြောလို့။ ကိုကို (ကိုယ့်မောင်လေးရဲ့သူငယ်ချင်း) ကတောင် ခုပဲ ဘုရားပေါ်တက်သွားတယ်ပြောလို့ ကိုယ် လိုက်ရှာသေးတယ်။ သြော် ကိုယ်တို့က အဆင်းကို တခြားဖက်က ဆင်းတာ။ ဘုရားပွဲက လူတအားများတယ် ရှာဖို့ မလွယ်ဘူး။ လူကွဲသွားရင်၊ လူပျောက်သွားရင် ကြီးကြပ်ရေးမှုးရုံးကိုသွားပြီး လော်စပီကာနဲ့ အော်ခိုင်းရတယ်။ ညနေစောင်း မင်းအိမ်ကို တစ်ခေါက် ရောက်သေးတယ်။ မင်းတို့ မရောက်သေးဘူးတဲ့။ ၉  တန်း စာမေးပွဲနောက်ဆုံးနေ့မှာ ဖေဖေ လာခေါ်လို့ ရန်ကုန်ကို ကိုယ်ပြောင်းသွားကတည်းက သူနဲ့ မတွေ့တော့။ ၇ နှစ်၊ ၈ နှစ် လောက် ရှိပြီပဲ။

ကိုယ်တို့ခွဲခွာတုန်းက အထက်တန်းကျောင်းသားအရွယ်။ ခုပြန်တွေ့ကြတော့ တက္ကသိုလ်ကျောင်းသားအရွယ်။  စီးကရက်ကို မီးညှိ မီးခိုးငွေ့တွေကို ပါးစပ်ကနေ မှုတ်ထုတ်ရင်း ကိုယ်မသိတဲ့ သူ့ဘဝအကြောင်း ပြောပြတယ်။ သူ့အမေနဲ့ စကားများပြီး ရန်ကုန်ကို ထွက်ခဲ့တယ်။ ပိုက်ဆံမရှိလို့ထမင်းငတ်ခဲ့တဲ့နေ့တွေ၊ အိမ်မပြန်ဘူး ဖြစ်လာသမျှ ခါးစည်းခံမယ်ဆိုပြီး မာနနဲ့ ကြိုးစားရုန်းကန်ခဲ့တာတွေ၊ အလုပ်ထဲက အခက်အခဲတွေ၊ သူ နေမကောင်း တော်တော်ဖြစ်တာ သူ့မေမေကသိသွားလို့ ငိုယို အိမ်ကိုပြန်ခဲ့ဖို့ခေါ်တော့မှ စိတ်မကောင်းဖြစ်၊ မိခင်ကိုလည်း သနား၊ နေမကောင်းလို့ အိမ်လွမ်းနေတာဆိုတော့ အိမ်ပြန်ခဲ့ပါတယ်တဲ့။


ဟင် နင် ရန်ကုန်ကိုရောက်နေတာ ငါ့ကို ဆက်သွယ်တာ မဟုတ်ဘူး ကိုယ်က မချင့်မရဲပြောတော့  နင် ရန်ကုန်မှာ နေမှန်းသာသိတာ အဆက်အသွယ်မရှိဘူးလေလို့ သူထောက်ပြတယ်။ ငါ့ကို သူငယ်ချင်းလို့ မခေါ်နဲ့။ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို မျက်စောင်းလှမ်းထိုးကြတယ်။ ငယ်ငယ်တုန်းက သူ ကိုယ့်ကို သူငယ်ချင်းလို့ မခေါ်ပါဘူး အဲ ..ဘယ်လိုခေါ်ပါလိမ့်။ သူက စီးကရက်တွေ တလိပ်ပြီးတလိပ်သောက် ကိုယ်တို့စကားဝိုင်းမှာ သူက အပြောသမား ကိုယ်တို့အားလုံးက နားထောင်သမား။ မမအေးကပါ မနီးမဝေးကနေ နားထောင်နေလေရဲ့။ စောစောအိပ်ယာဝင်တဲ့ နယ်မြို့လေးမို့ ည ၁၀ ဆိုရင် တအိမ်ပြီးတအိမ် မီးတွေပိတ်။ လမ်းသွားလမ်းလာ ဆိုင်ကယ်တွေလည်း ရှင်း။ ရေနွေးအိုး ထပ်ဖြည့်ရတာလည်း တအိုးပြီးတအိုး။

ထိုင်ခုံပုပုလေးမှာ ထိုင်ရတာကြာလို့ ညောင်းညာပေမဲ့ သူ ပြောတာတွေကို စိတ်ဝင်တစား နားထောင်ကြတယ်။ ဇင်ယော်တောင်ပံမျက်ခုံး၊ ဆံနွယ်ခွေခွေ၊ ပြုံးလိုက်ရင် ကြယ်ကလေးတွေလို တောက်ပတတ်တဲ့ မျက်ဝန်းညိုညို၊ ကြီးမားပြန့်ကားတဲ့ နားရွက်၊ ပါးစပ်နားရွက်ချိတ်မတတ် နှစ်နှစ်ခြိုက်ခြိုက် ပြုံးတတ်တဲ့ အပြုံး၊ အသားညိုညို၊ အရပ်ရှည်ရှည်၊ အားလုံးက ချစ်ခင်အောင် ပြောဆိုတတ်တဲ့ သူ့ကို ငေးကြည့်ရင်း သူ အရင်အတိုင်း မပြောင်းလဲပါလားလို့ တွေးနေမိတယ်။ စီးကရက်တွေ တလိပ်ပြီးတလိပ်သောက်လို့ ခိုင်မေက ဆေးလိပ်လျှော့သောက်ဖို့ပြောတော့ သူ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေတယ် ‌ဆေးလိပ်ဖြတ်ခိုင်းမဲ့ ‌ကောင်မ‌လေးမရှိဘူးတဲ့။ မမအေးက ဆိုင်ပိတ်တော့မယ်လို့ ပြောလာတော့မှ ကိုယ်တို့စကားဝိုင်း သိမ်းတယ်။ ဟုတ်ပါရဲ့ လမ်းသွားလမ်းလာတွေလည်း ရှင်းလို့ တမြို့လုံး အိပ်မောကျနေကြပြီ။ လက်ဖက်ရည်ဖိုးကို အိမ်ရှင်ဖြစ်တဲ့ ကိုယ်က ပေးမယ်၊ သူက ပေးမယ်လို့ ငြင်းခုန်ကြတာ မမအေးက ဘယ်သူမှ မပေးနဲ့သူ ဒကာခံတယ်လို့ပြောမှ ငြင်းခုန်တာ ရပ်တော့တယ်။

ရန်ကုန်အိမ် ဖုန်းနံပါတ်ကို ကိုယ်ရွတ်ပြပေမဲ့ သူ မှတ်မိမယ်မထင်။ နယ်တွေကို လှည့်လည်သွားလာ နေရတဲ့သူတစ်ယောက် ဖုန်းဆက်ပါ့မလား။ ပြီးတော့ သူနဲ့ကိုယ်က အဲဒီလောက် ခင်မင်ရင်းနှီးခဲ့ကြတာ မဟုတ်ဘူးလေ။ မြို့ကြီးတွေထက် လေထုညစ်ညမ်းမှုနည်းတော့ နယ်မြို့လေးရဲ့ ညချမ်း ကောင်းကင်ယံမှာ ကြယ်ရောင်စုံ လင်းလက်နေတယ်။ လပြည့်ခါနီးမို့ လရောင်ရွှန်းမြနေသလို တပေါင်းညချမ်းတွေမှာ လေညှင်းလေးက အေးစိမ့်စိမ့်လေး တိုက်ခတ်နေတယ်။ သူနဲ့ ဒီမှာ ပြန်တွေ့လိမ့်မယ်လို့ ကိုယ် ဘယ်လိုမှ မထင်ထားဘူးဆိုတော့ သူလည်းပဲတဲ့။ နက်ဖြန်ဆို ဒီမြို့လေးက ထွက်ခွာရမယ် လုံခြုံရေးကြောင့် ဘယ်မြို့ဆိုတာ သူ့မှာ ပြောခွင့်မရှိပါဘူးတဲ့။

ကိုယ်တို့စိတ်ဝင်စားတဲ့ ကောင်လေးတွေ၊ မိသားစု၊ ရည်မှန်းချက်၊ စိတ်ကူးယဉ် အိမ်မက်တွေ၊ ကြိုက်တဲ့ အစားအသာက်၊ စာအုပ်တွေ၊ ခံယူချက်တွေ၊ ယုံကြည်ချက်တွေ ကိုယ်တို့သူငယ်ချင်းတွေကြားမှာ ဘယ်လျှို့ဝှက်ချက်မှ ရှိမနေခဲ့ဘူး။ မင်း ကိုသက်အကြောင်း ကိုယ်တို့ကို တခါမှ မပြောပြဖူးဘူးနော်။ တကယ်တော့ သူဟာ ကိုယ့်ဘဝမှာ အမှတ်တမဲ့ ရှိနေခဲတဲ့လူတစ်ယောက် အဲဒီနေ့မတိုင်ခင်ကပေါ့။ အဲဒီညကတော့ ကိုယ် အထက်တန်းကျောင်းသူဘဝတုန်းက အမှတ်တမဲ့ ရှိခဲ့ဖူး ၊ အတန်းတူ၊ ကျူရှင်တူ၊ အိမ်နီးနားချင်းဆိုပေမဲ့ သူငယ်ချင်းမဖြစ်၊ ကိုယ်ရဲ့ ရှားပါးလှတဲ့ ငယ်သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုသက်အကြောင်း ကိုယ့်သူငယ်ချင်းတွေကို ပြောပြခဲ့တယ်။


အဲဒီအချိန်တုန်းက ကိုယ်တို့မြို့မှာ  မြို့ကျောင်းတက်တဲ့သူ မရှိသလောက်ဘဲ။ မြို့မှာ ကျောင်းကောင်းကောင်း၊ ကျူရှင်ကောင်းကောင်းရှိတော့ မြို့ပညာရေးက နယ်မှာထက်တော့ သာတယ်။ ပညာရေးကို အလေးထားတဲ့ ဖေဖေက မမကြီး ၉  တန်းရောက်တော့ မြို့ကျောင်း သွားထားတယ်။ ကိုယ်တို့မြို့မှာ မြို့ကျောင်းသွားတက်တာ မမကြီးက ပထမဆုံး။ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်တဲ့အပြင် ဂုဏ်ထူးထွက်တော့ ကိုယ့်အလှည့်ရောက်ရော ၈ တန်းနှစ်ကတည်းက မြို့ပို့တယ်။ မမကြီး တက်ခဲ့တဲ့ ကျောင်းက မြို့ပေါ်မှာ နာမည်အကြီးဆုံးကျောင်း၊ အောင်ချက်ကောင်းသလို၊ စည်းကမ်းကြီး၊ ဝင်ခွင့်ခက်တယ်။ မမကြီးရဲ့ ညီမဆိုတော့ ဝင်ခွင့် အခက်အခဲမရှိဘူး။

ကိုယ်တို့မြို့လေးမှာ ပထမဆုရခဲ့ပေမဲ့ မြို့ရောက်တော့ နောက်ဆုံးခန်း အီးခန်းပဲ ရတယ်။ တော်မှ အေခန်း ဝင်ခွင့်ရမယ်တဲ့။ ဖေဖေ့မိတ်ဆွေရဲ့အသိ  ဆရာမအိမ်မှာ ထမင်းလခပေးနေတယ်။ မမအေးက ၁၀ တန်း ကိုယ်နဲ့ တအိမ်တည်း အတူတူနေ၊ ကျောင်းအတူတူ တက်တယ်။ ဆရာမက အရင်တုန်းက ကိုယ်တို့ကျောင်းမှာ အင်္ဂလိပ်စာ သင်တာ။ ခုတော့ တောင်ပေါ်ကျောင်းမှာ သင်တယ်။ အင်္ဂလိပ်စာသင်တာ အရမ်းကောင်းတယ်။ အင်္ဂလိပ်စာကျူရှင်မှာ ကိုယ်တစ်ယောက်တည်း မိန်းကလေး။ ကိုယ်တို့ကျူရှင်ဝိုင်းမှာ ကိုသက်၊ ကျော်သူရဆိုတဲ့ တရုတ်ကလေး၊ အက်တန်ကွတ်ချာနဲ့တူတဲ့ ခပ်ချောချော ကောင်လေး၊ ကိုယ်မမှတ်မိတဲ့ နောက်ထပ်နှစ်ယောက်။

ကျော်သူရက အင်္ဂလိပ်စာတော်တယ်။ အင်္ဂလိပ်စာညံ့တဲ့ ကိုယ်က ယက်ကန်ယက်ကန်။ ဝါးရုံစာအုပ်ဆိုင်က Grammer စာအုပ်တွေဝယ်ပြီး လေ့ကျင့်ရတယ်။ မြို့မှာ ဆော့ဖို့သူငယ်ချင်းမရှိ၊ ဆော့ရမဲ့အရွယ်လည်း မဟုတ်တော့ စာကြိုးစားဖြစ်တယ်တော့ အတန်းထဲမှာ အမြဲပထမရတယ်။ နှစ်ဝက်စာမေးပွဲမှာ အတန်းငါးခန်းလုံးရဲ့ ပဋ္ဌမရတော့ အေတန်းကကောင်တွေ ဘယ်သူလဲလို့ လာကြည့်တယ်။ ၉ တန်းနှစ်ရောက်တော့ အေခန်းရောက်သွားတယ်။ တနယ်လုံးက ကျောင်းသားတွေ ပြောင်းလာလို့ကျောင်းသားတွေ အရမ်းများသလို တော်တဲ့သူတွေများတယ်။ အေခန်းက ကောင်မလေးတွေ၊ မြို့သူတွေက ဘာလို့ဒီလောက် လှကြပါလိမ့်။ ကိုယ်က အသားမည်းမည်း၊ ဘိုကေဆံပင်၊ နားကပ်တွဲလောင်း၊ ရှပ်အင်္ကျီ၊ စကပ်ကားကား၊ သနပ်ခါးဘဲကြား။


ကိုယ်တို့ကျောင်းက ၈ တန်းအထိ စကပ်ဝတ်လို့ရတယ်။ ၉  တန်းရောက်တော့ ရင်ဖုံးအင်္ကျီ၊ ထမီ ဝတ်ရတယ်။ ထမီကို ခပ်ရှည်ရှည် ဖုန်သိမ်းနေအောင် ဝတ်တဲ့စတိုင် ခေတ်စားတယ်။ ကျောင်းပေါက်ဝမှာ စည်းကမ်းထိန်းသိမ်းရေးမှုးက တုတ်တစ်ချောင်းနဲ့ ရှပ်အင်္ကျီ ရင်ဘတ်ကြယ်သီး ဖြုတ်ထားတဲ့ ကျောင်းသား၊ သနပ်ခါးပါးကွက် ကွက်တဲ့ကျောင်းသူ၊ ပုဆိုး ချက်ပြုတ်၊ ထမီကို ဖုန်သိမ်းနေအောင် ဝတ်တဲ့သူတွေကို တုတ်နဲ့ရိုက်တယ်။ ကျောင်းတံခါးဝ မရောက်ခင် မျက်နှာက သနပ်ခါးပါးကွက်တွေကို လက်နဲ့ပွတ် ဖျက်ရတယ်။ စည်းကမ်းထိန်းသိမ်းရေးမှုး ရှေ့မရောက်ခင် ကောင်လေးတွေက ချက်ပြုတ်ပုဆိုး၊ ကောင်မလေးတွေက ထမီတိုတို ပြန်ဝတ်ကြပြီး သူကျော်သွားရင် ချက်ပြုတ်၊ ဖုန်သိမ်းကြပြန်ရော။ စည်းကမ်းထိန်းသိမ်းရေးမှုး ကျောင်းကို လှည့်နေတုန်း ပြင်ဝတ်ဖို့အချိန်မမှီလို့ မိသွားရင်တော့ ခြေသလုံးကို ခပ်စပ်စပ်ကလေး ရိုက်တယ်။

မင်းတို့အစ်မတွေလက်ထက်တုန်းက ထမီက တိုတာများ ဒူးအထက် ရောက်တယ်။ ထမီဝတ်တာ စကပ်ဝတ်တာလား ထင်ရတယ်။ ငါရှေ့ရောက်ရင် နည်းနည်းရှည်သွားပြီး ငါ့ကွယ်ရာမှာ တိုသွားပြန်ရော။ ဟော... မင်းတို့လက်ထက်လည်း ရောက်တော့ ရှည်တာများ တံမြက်စည်းလှည်းစရာ မလိုဘူး။ ထမီက လှည်းပေးသွားမလား မှတ်ရတယ်။ သြော် ခေတ်...ခေတ် ။ စတိုင်ကျတာထက် ထမီညစ်ပတ်လို့ ကိုယ်က ထမီရှည်ရှည် ဖုန်သိမ်းမဝတ်သလို  သူကလည်း ချက်ပြုတ်မဝတ်ဘူး။ လူပျိုပေါက်၊ အပျိုပေါက် အရွယ်ဆိုတော့ ကျောင်းဆင်းရင် စာလိုက်ပေးတာ၊ ကျူရှင်အသွားမှာ လိုက်စကားပြောကြပမဲ့ သူ ဘယ်ကောင်မလေးနောက်လိုက်တာ မတွေ့ဖူးဘူး။

သူတို့အိမ်ရှေ့မှာရောင်းတဲ့ တွန်းလှည်းသည်ဆီက ဆီးသီး၊ ခေါက်မုန့်သွားဝယ်ရင် ကုလားမလို့ ကိုယ့်ကို လှမ်းအော်တယ်။ ဒေါပွတဲ့ ကိုယ်က မျက်စောင်းထိုး နင်ကမှ တကယ့် ကုလားအစစ်လို့ ပြန်အော်တယ်။ အေတန်းက ကောင်တွေကိုကျော်ပြီး အဆင့်ငါးရတာ ဘယ်သူလဲကွလို့ သူမသိသလို ဘာလိုလိုနဲ့သူ့သူငယ်ချင်းတွေကို မေးရင် ကိုယ်က နင် နာမယ်ဆိုတဲ့ပုံစံနဲ့လက်သီးထောင်ပြတယ်။ မနက် ၇ နာရီ ကျူရှင်မတက်ခင် အိမ်နားက မုန့်ဟင်းခါးဆိုင်မှာဆုံရင် စကားဘယ်တော့မှ မပြောဘူး။ အတန်းထဲမှာလည်း သူက သူ့အုပ်စုနဲ့သူ။ ကိုယ်က ကိုယ့်အုပ်စုနဲ့ကိုယ်။


သူက အေခန်းကပေမဲ့ စာကြိုးစားတဲ့သူတစ်ယောက် မဟုတ်ဘူး။ ဘဝဆိုတာ တိုတိုလေးကွ စာတွေကိုပဲ ဖိလုပ်နေလို့ သူငယ်ချင်းတွေနဲ့ မပျော်လိုက်ရရင် အသက်ကြီးလာလို့ အထက်တန်းကျောင်းသားဘဝတုန်းက ဘာမှအမှတ်တရ မရှိပါလားလို့ တွေးမိရင် ဝမ်းနည်းစရာကြီး။ နင် ဘယ်လောက်ကြိုးစားကြိုးစား အဆင့်တစ် မရဘူး။ နင့်ထက် တော်တဲ့သူတွေ အများကြီး။ သူများနဲ့ မပြိုင်နဲ့ ကိုယ့်ဘာသာပြိုင်။ ကြိုးစားသင့်သလောက် ကြိုးစား ပျော်သင့်သလောက် ပျော်ပါကွလို့ ဆုံးမသလိုမျိုး စကားအတည်အတံ့ပြောရင် စာမကျက်ချင်တဲ့ ဆင်ခြေဆင်လက်တွေလို့ ကိုယ်က မဲ့ရွဲ့တယ်။

သူပြောတာလည်း ဟုတ်ပါတယ်။ ကိုယ် အသေအကြေ ကြိုးစားပေမဲ့ အဆင့်တစ်မပြောနဲ့ အဆယ့် ၂၀ တွင်းတောင် မဝင်ဘူး။ စာတော်တဲ့သူတွေ ကြည့်လိုက်ရင် အေးအေးဆေးဆေးနဲ့ သူ တို့လို ဦးနှောက်မျိုးလေး လိုချင်လိုက်တာ။ စာစီစာကုံး ရေးပြီးပြီလားလို့ လာမေးရင် ကိုယ်ရေးထားတာတွေ ပြ။ သူက ဖတ်ပြီး နင့်စာစီစာကုံးက စာစီစာကုံးစာအုပ် သုံးလေးအုပ်ထဲကဟာတွေ ကူးထည့်ထားတာပဲလို့ မှတ်ချက်ပေးရင် အေး ငါက ကူးပဲကူးတတ်တယ် နင့်ဘာသာ စဉ်းစားပြီးရေးလို့ စာအုပ်ကို ပြန်ဆွဲပြီး ဘုတောတယ်။ အန်တီဆွေက ကိုသက် ဘာလာလုပ်တာလဲ။ စာစီစာကုံး အိမ်စာပေးထားတာ သမီးရေးထားတာ လာဖတ်ပြီး ကူးချသလေး ဘာလေးနဲ့ လေကျယ်နေလို့ နင့်ဘာသာရေးလို့ ဘုတောလွှတ်လိုက်တာလို့ မကျေမနပ်တိုင်ရင် အန်တီဆွေက ရယ်ရယ်မောမောနဲ့ မှတ်မိပါတယ် အတူးရေ... မှတ်မိပါတယ် အသက်ရေ...ငယ်ကကျွှမ်းတဲ့ ငယ်ကျွှမ်းဆွေ စသလို နောက်သလို ဆိုတတ်တယ်။

သမ္မတရပ်ကွက်ဖက်မှာ ဘိုင်အိုကျူရှင်တက်ပြီး ပြန်လာရင် ည ၉  နာရီထိုးပြီဖို့ တလမ်းလုံးက အိမ်တွေ တံခါးတွေပိတ် မီးတွေပိတ်ကြပြီ။ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့လမ်းကို ဖြတ်တဲ့အချိန် မီးရောင်မရှိရင် လွယ်အိတ်ကို စလွှယ်သိုင်းလို့ တဖုန်းဖုန်းမြည်အောင် ပြေးတော့တာပဲ။ မီးရောင်လက်လို့ သူ့အဘွားအိမ်ရှေ့ ဈေးဆိုင်လေးထဲမှာ သူ့ကို တွေ့ရင်တော့ အကြောက်ပြေပြီး အပြေးရပ်တော့တယ်။ ကျောင်းက သိမ်ထဲမှာ ဆွမ်းတော်ကပ်ဖို့၊ ပန်းလဲဖို့၊ သန့်ရှင်းရေးလုပ်ဖို့ ကိုယ်တို့အခန်းက အလှည့်ကျရင် မိန်းကလေးအများစုက သစ်သီးတွေ၊ မုန့်တွေ ယူလာပြီး ကပ်ကြတယ်။ ဘုရားဝတ်ပြုပြီးလို့ ဆွမ်းတော်စွန့်ရင်  ကိုယ်ကပ်တာကိုယ်စွန့်ဆိုပေမဲ့ အကောင်းဆုံးမုန့်တွေကို ကောင်လေးတွေက စွန့်သွားတာများတယ်။ ကိုယ်မုန့်က သူ့လက်ထဲမှာ ပြန်တောင်းတော့ ပတ်ပြေးတယ်။


ဒေါသထွက်လို့ နင် ထမင်းရည်သောက်တဲ့အကောင်လို့ အော်ရင် ဟင် ထမင်းရည်သောက်တာများ အဆန်းလုပ်လို့ လူတိုင်း ထမင်းရည်သောက်တာပဲ။ ကိုယ် ဆိုလိုချင်တာက သူ ငယ်ငယ်တုန်းက သူ့အမေက ရုံးသွားနေတုန်း နို့မတိုက်နိုင်(အဲဒီခေတ်တုန်းက နို့ဗူးတွေက အရမ်းဈေးကြီးတယ်) ။ မိခင်နို့အစား ထမင်းရည်ကို ထန်းလျက်နဲ့ တိုက်ရတယ်လို့ အန်တီဆွေပြောတာ ကိုယ် နားစွန်နားဖျား ကြားဖူးထားတော့ သူ့ကိုနှက်တာ ဒင်းက စိတ်မတိုတဲ့အပြင် ဒင်းကို ဟာဒယရွှင်ဆေး တိုက်ကျွှေးသလို။ ကိုယ် လမ်းလျှောက်နေတုန်း သူ စက်ဘီးဖြတ်သွားရင် ကိုယ့်ဆံပင်ကို ဆွဲသွားတတ်တယ်။ သူ့နောက်ကျောကို ခဲလုံးနဲ့ထုရင် လျှာထုတ်ပြ ပြောင်ပြတယ်။

ဗျာဒိတ်ပေးဘုရားကြီး ရပ်ကွက်တိုင်းကို လှည့်လည်အပူဇော်ခံရင် ကိုယ်နေတဲ့လမ်းက မဲနှိုက်စရာ မလိုဘူး။ ဘုရားကြီးအလှုရှင်က ကန်လမ်းကဆိုတော့ အထူးအခွင့်အရေးအဖြစ် ကန်လမ်းက ပထမဆုံး ပင့်ဆောင်တယ်။ သူတို့အိမ်ရှေ့မဏ္ဍပ်ထိုးတော့ မနက်စောစော ဘုရားကြီးကို ပန်းသွားကပ်ရင် အလှုရှင်တွေက ကျွှေးမွှေးတယ်။ ကိုယ်ကြိုက်တဲ့ ဘဲသားဆန်ပြုတ်ဆိုတော့ အသားကုန်တီးနေတုန်း ကြိတ်လှချည်းလားဟ သုံးပန်းကန်တောင် သိလား ဒီမဏ္ဍပ်တစ်ခုလုံးမှာ နင် အတီးဆုံးဟ ဂုဏ်ယူပါတယ်ဟာလို့ အနားလာလှောင်ရင် ငါ့ပါးစပ်နဲ့ ငါစားတာ နင့်ပါးစပ် ငှားစားလို့လား သူများ စားနိုင်တာကို မနာလိုမဖြစ်နဲ့လို့ လေသံတိုးတိုးနဲ့ ရန်ထောင်ရင် ထုံးစံအတိုင်း သူက တဟားဟား။

ဘုရားကြီးတက်၊ ကမ်းနားလမ်းတလျှောက် စက်ဘီးတွေကို ပြိုင်စီး၊ ဆောင်းရာသီဆို ကမ်းနားလမ်းတလျှောက် ပိတ်ဖွင့်တဲ့ ညဈေးတန်း မုန့်ဆိုင်တွေမှာ မုန့်တီ၊ အကြာ်သွားစား၊ ဈေးကြီးမှာ လျှော့ပင်းထွက်ကြပေမဲ့ သူမဟုတ်တဲ့ သူငယ်ချင်းတွေနဲ့။ ဧရာဝတီတိုင်းရဲ့ မြို့တော်ဆိုပေမဲ့ လျှပ်စီးမီး မှန်မှန်မရ၊ မြဝတီကလွှင့်တဲ့ ပိုးမင်းသားနဲ့ သိုင်းဝိညာဉ် ရုပ်သံဇာတ်လမ်းတွဲလောက်သာ ကြည့်စရာရှိ၊ တိုင်းမဂ္ဂဇင်းဝယ်ပြီး စာအုပ်အဖုံးကပ်၊ နယ်မှာ ကျန်းမာသလောက် မြို့ရောက်မှ တရှောင်ရှောင်ဖြစ်လို့ ဆေးခန်း ခဏခဏသွားရ၊ ဝါတွင်းဆို အဘွားတို့နဲ့ ဥပုသ်စောင့်၊ စက်ဘီးတစီးရှိရုံနဲ့ တမြို့လုံး ပတ်နိုင်တဲ့ ကိုယ်ရဲ့ အထက်တန်းကျောင်းသူဘဝက ဘာမှမထူးခြားလှဘူး။ သူ့စာအုပ်ဖုံးမှာ "အတ္တဟိ အတ္တဟော နာထော"လို့ ရေးထားတယ်။ အဲဒီတုန်းက အပြင်စာအုပ် သိပ်မဖတ်တော့ ဘာမှန်းမသိ။ ဘုရားဟောတဲ့စကား "မိမိကိုယ်သာ ကိုးကွယ်ရာ"လို့ အဓိပ္ဗါယ်ရတယ်လို့ အန်တီဆွေ ပြောပြတယ်။ သူ့တို့မျက်စိရှေ့မှာ ကြီးပြင်းခဲ့သူမို့ အန်တီဆွေတို့က သူ့ကို ချစ်ကြတယ်။ သူဟာ ကိုယ့်ကို အမြဲစိတ်တို၊ ဒေါသထွက်အောင် လုပ်တဲ့ ကောင်ဆိုးလေးတစ်ယောက် အဖြစ်သာ မြင်မိတယ်။


၉  တန်း စာမေးပွဲနောက်ဆုံးနေ့မှာ ကိုယ့်ဖေဖေ လာခေါ်လို့ ရန်ကုန်ကို ပြောင်းရတယ်။ သူငယ်ချင်းတွေနဲ့ ဝင်းချစ် ဓာတ်ပုံဆိုင်မှာ ဓာတ်ပုံရိုက်၊ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတာလည်း အထမမြောက်။ ခုတော့လည်း အဲဒီသူငယ်ချင်းတွေ ဘယ်သူဆိုတာ ကိုယ် မမှတ်မိတော့။ သူ့အစ်ကို  ကိုရဲက ချောတယ် ရုပ်ရှင်မင်းသား လွှင်မိုးနဲ့တူတယ်လို့ ပြောကြတယ်။ ဒါဆို လွှင်မိုးညီ လန်မိုးပေါ့။ ဟား..ဟား... ကောင်းတယ် ဒီနာမည် သူနဲ့လိုက်တယ်။ နယ်အိမ်တွေဆိုတော့ အိမ်သာက အိမ်မကြီးနဲ့လှမ်းတယ်။ တစ်ယောက်က အိမ်သာသွားချင်တယ်ဆိုရင် ကျန်တဲ့သူတွေအကုန်လုံး လိုက်စောင့်။ လန်မိုးတိုက်တဲ့ လက်ဖက်ရည်တန်ခိုး ပြလို့ အဲဒီညက ကိုယ်တို့သုံးခေါက်လောက် အိမ်သာပြေးရတယ်။

နောက်နေ့မနက်စောစော သူ လာနှုတ်ဆက်တဲ့အချိန် ကိုယ်က အိပ်ယာက နိုးကာစ မျက်နှာတောင် မသစ်ရသေးဘူး အိပ်မှုန်စုန်ဖွား။ သူငယ်ချင်းရေ ကိုယ် သွားတော့မယ်လို့ ဆိုင်ကယ်နောက်ကနေ လက်ပြလက်နှုတ်သွားတဲ့ အညိုရောင်ယူနီဖောင်းဝတ်ထားတဲ့ သူတစ်ယောက်။ အဲဒီတုန်းက ကိုယ်တို့ပြန်တွေ့ကြလိမ့်ဦးမယ်လို့ ထင်မိသား။ အလောင်းစည်သူမင်း တည်ထားခဲ့တာလို့ ဆိုကြတဲ့ မြို့ဦးတောင်ပေါ်ဘုရားကို သွားဖူးကြတယ်။ ဆည်းလည်းသံ တညံညံ၊ စိမ်းညို့ညို့ မြင်ရတဲ့ ပြင်ခရိုင်ကျွှန်း၊ ဟိုးအဝေးမှာ မှိုင်းပြပြလေး မြင်ရတဲ့ ဒေသခံတွေက လိပ်ကျွှန်းလို့ခေါ်တဲ့ သမီးလှကျွှန်း ၊ ဖြတ်သန်းခုတ်မောင်းသွားတဲ့ စက်လှေ၊ မိုးကုပ်စက်ဝိုင်း အဆုံးအထိ မြင်ရတဲ့ ပင်လယ်ပြာပြာ၊ သဲသောင်ဖြူဖြူ၊ လှိုင်းပုတ်သံ၊ တရုတ်စကားပွင့်တွေ သင်းထုံနေတဲ့ ဘုရားတောင်ပေါ်ကနေ မြင်ရတဲ့ရှုခင်းကို ငေးမောရင်း မနက်က ကိုယ့်သူငယ်ချင်းတွေ မျက်နှာသစ်နေချိန်မှာ သူ လာနှုတ်ဆက်တဲ့အကြောင်း ပြောပြတယ်။

ခဏလေးပဲတွေ့လိုက်ရပေမဲ့ ကိုယ့်သူငယ်ချင်းအကုန်လုံးက သူ့ကို သဘောကျတယ်။ ကိုယ့်ကို တလေးတစားနဲ့ ချစ်မြတ်နိုးတယ်လို့ သူတို့အားလုံး ခံစားမိတယ်ဆိုတဲ့စကားကြားတော့ ကိုယ့်မှာ ရယ်လိုက်ရတာ။ ဒီအသက်အရွယ်ရောက်နေပြီ ချစ်သူ မရှိဘဲနေပါ့မလားဟ။ ကိုယ်တို့အုပ်စုထဲမှာ အသက်အကြီးဆုံး၊ အရင့်ကျက်ဆုံး ခိုင်မေက ဘဝကိုရုန်းကန်၊ ခရီးအမြဲသွားလာနေရတော့ ချစ်သူရှိဦးမယ် မထင်ဘူး။ ကိုယ်တို့သဘောကျတယ်ကွ စဉ်းစားနော်။ ကိုယ်က အသားညို ညို၊ ပိန်ပိန်ရှည်ရှည်၊ ဓာတ်ပုံရိုက်ဝါသနာပါ၊ ဘောလုံးကန်၊ ဆေးလိပ်သောက်၊ စကားလုံးတွေနဲ့ ပစ်ပေါက်တတ်၊ ကချင်လွယ်အိတ် အနီရောင်လေး လွယ်တတ်တဲ့ ခိုင်လို့ကိုယ်နာမည်ပေးထားတဲ့ ကျောင်းသိပ်မလာတဲ့ ကောင်လေးတစ်ယောက်ကို ကြွေနေချိန်ပေါ့။ စာမေးပွဲနီးပြီ ခိုင်တစ်ယောက်တော့ ကျောင်းကို လာပြီနဲ့တူတယ်လို့ မချင့်မရဲ ကိုယ်ရေရွတ်ရင် ဖြိုးဝေက ကိုယ့်နားရွက်ကို ဖွဖွလေး လိမ်ဆွဲတယ်။


အဲဒီ ပဲဘဝင်ကို တနေ။ ဟိုက နင် ကြိုက်မှန်းတောင် မသိဘူး။ နင်ကသာ နင့်ကို ချစ်တယ်လို့ ထင်ပါတယ်လေး ဘာလေးနဲ့။ တကယ်ချစ်ရင် အနားလာမှာပေါ့ကွ။ ခိုင် ကိုယ့်ကိုချစ်တာ မင်းတို့မသိပါဘူး ကိုယ်တစ်ယောက်တည်း သိတာလို့ ကိုယ်က ခိုင့်ဖက်ကနာရင် ခိုင့်ထက် လန်မိုးလေးက ယုံကြည်စိတ်ချ အားကိုးလောက်တဲ့ ယောကျာ်းကောင်းကွ စိတ်ကူးမလွဲနဲ့လို့ ခိုင်မေက ကိုယ် အမြင်မှန်များ ရလေမလားလို  ကိုယ့်ခေါင်းကို ထုတယ်။ စကားနည်းတဲ့ ဝတ်ရည်ကပါ သူနဲ့ကိုယ့်ကို ပေါင်းရလိမ့်မယ်လို့ သူထင်တယ်လို့ အသေအချာ ဆိုလာလေတော့ ကိုယ့်မှာ ရယ်ရပြန်ရော။ ကိုယ်နဲ့လောင်းကြေးထပ်ချင်ပါသတဲ့။ ဆယ်နှစ်အတွင်း သူနဲ့ကိုယ် ပေါင်းစည်းရမယ်လို့ သူတို့ယုံကြည်ကြတယ်ဆိုပဲ။ သူဟာ တည်ကြည်တဲ့ ယောကျာ်းကောင်းတစ်ယောက်ဆိုတာ ကိုယ် ယုံကြည်ပါတယ်။ ဒါပေမဲ့သူနဲ့ကိုယ် အဆက်အသွယ်လည်း မရှိ။ ဘယ်လိုလုပ် ချစ်သူဖြစ်မှာတုန်းဟ။ အနေဝေးရင် သွေးအေး၊ အချစ်ဆိုတာ နှစ်နှစ်ပဲခံတယ်၊ အချစ်ဆိုတာကြီးကို မယုံကြည်တဲ့ ကိုယ်က ကိုယ်တို့နှစ်ယောက် ဆုံစည်းမယ်လို့ မယုံကြည်ဘူး။

တချိန်ချိန်မှာ ကိုယ်တို့ပြန်တွေ့ကြလိမ့်ဦးမယ်လို့ ထင်ခဲ့မိတယ်။ တကယ်တော့ အဲဒီနေ့ကတည်းက ကိုယ့်ဘဝထဲက သူ အပြီးအပိုင် ထွက်ခွာသွားခဲ့တာပါ။ ကိုယ်တို့သူငယ်ချင်းတွေလည်း အိမ်ထောင်ကျတဲ့သူ၊ နိုင်ငံခြားရောက်တဲ့သူ၊ နယ်မှာ တာဝန်ကျတဲ့သူနဲ့မတွေ့ဖြစ်တာ အတော်ကြာပြီ။ ဇာတိမြို့လေးကို ကိုယ် မပြန်ဖြစ်တာလည်း ဆယ်နှစ်ကျော်ပြီ။ အတော်ကြီးကြာမှ ကိုယ်တို့သူငယ်ချင်းတွေ ဆုံဖြစ်ရင် ဖြိုးဝေက သူနဲ့ တွေ့သေးလားလို့ သတိတရ မေးတတ်တယ်။  ပြန်တွေ့ခဲ့ရင်တောင် ကိုယ် သူ့ကို မှတ်မိပါ့မလား။ ကိုယ်တို့ငယ်ငယ်တုန်းက အတန်းလိုက် စုရိုက်တဲ့ ဓာတ်ပုံမရှိ ။ ကင်မရာ လူတိုင်း မကိုင်နိုင် ဓာတ်ပုံရိုက်ချင်ရင် ဓာတ်ပုံဆိုင်သွား။ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းမဟုတ်တော့ အတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံမရှိ။ ကိုယ် ဘယ်လိုပဲတွေးတွေး ဆေးပြယ်နေတဲ့ ဓာတ်ပုံတစ်ချပ်လို သူ့မျက်နှာကို ဝါးဝါးလေးပဲ မှတ်မိတယ်။

မထင်မှတ်တဲ့အချိန် မထင်မှတ်တဲ့နေရာမှာ ရုတ်တရတ် ဘွားကနဲပေါ်လာပြီး သူငယ်ချင်းရေ နေကောင်းလားလို့ အစချီပြီး သူ့ဘဝ အတွေ့အကြုံတွေကို ပြောပြလေမလား။ ကမ္ဘာမြေကြီးရဲ့ တမိုးအောက်မှာရော သူ ရှိသေးရဲ့လား။ တကယ်တော့ သူဟာ ကမ္ဘာမြေနား ဖြတ်သန်းသွားတဲ့ ကြယ်ကလေးလို ကမ္ဘာမြေပေါ်ကနေ ကိုယ် ခဏလေး လှမ်းမြင်လိုက်ရတာပါ။ သက်တမ်းကုန်လို့ ကြွေလွှင့်သွားလေပြီလား။ အပြောကျယ်လှတဲ့ စကြာဝဋ္ဌာထဲ ဘယ်ဆီဘယ်ဝယ် ရောက်နေပါလိမ့်။ မထင်မှတ်ထားတဲ့အချိန် ရုတ်တရတ် ဘွားကနဲ  ကမ္ဘာမြေနား ဖြတ်သန်းသွားလေမလား။

စန်းထွန်း
ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၄။
All Photos are from Google.

အမှတ်တရ....


ဘဝရထား စီးနေတုန်း ခရီးအစကနေ ခရီးအဆုံး ကိုယ်နဲ့အတူ တလှေတည်းစီး တခရီးတည်း သွားတဲ့သူက အရှားသား။ တက်တဲ့သူကတက် ဆင်းတဲ့သူကဆင်း ရေစက်ရှိလို့ ဆုံကြတဲ့ခဏလေးမှာ တချို့ကလည်း သူငယ်ချင်းမိတ်ဆွေတွေဖြစ်။ တချို့က တက်လာမှန်း၊ အတူတူ စီးခဲ့မှန်းတောင် မသိလိုက်။ တချို့ကတော့ မျက်မှန်းတော့ တန်းမိပါရဲ့ အသိမိတ်တွေတော့ ဖြစ်မလာ။ တချို့ကိုတော့ ဟွန့် ဘယ်လိုပုံစံပါလိမ့် အချိုးကိုမပြေဘူးနဲ့ မြင်ကတည်းက ကြည့်မရ။ တချို့ကတော့ တိုက်မိ၊ တက်နင်းမိကြလို့ အမြင်မကြည်။ တချို့ကတာ့ စကားလေး နည်းနည်းပြောဖူးရုံ  သိကျွှမ်းဖူးရုံနဲ့ သူတော့ မသိဘူး ကိုယ်ကတော့ ကျေနပ်နေတတ်တယ်။ ဟော... တခါတလေများ သူ ရထားပေါ် တက်လာရင် လှမ်းခေါ်လို့လည်း မကြား သူကလည်း ကိုယ့်ကိုမမြင်။ အဝေးကနေ လှမ်းမြင်ရ နှုတ်ဆက်ချင်၊ စကားပြောချင်တာများ ကိုယ့်ကို မြင်လေမလားလို့ လှည့်လှည့် အကြည့်ကောင်းတာ ဘေးကလူတွေတောင် သတိထားမိတယ်။

စိတ်ဓာတ်၊ စရိုက်ချင်းတူတဲ့ သူငယ်ချင်းမိတ်တွေတွ၊ အမူအကျင့် မတူပေတဲ့ သူငယ်ချင်းမိတ်တွေတွေ၊ သိရုံပဲသိ စိတ်ဓာတ်မတူတဲ့သူတွေ၊ အစားကောင်း စားရရင်၊ စာအုပ်ကောင်း ဖတ်ရရင် အမြဲသတိရမိသူတွေ၊ ဒီလိုနေရာမျိုးဆိုရင်တော့ သူအရမ်းသဘောကျမှာလို့ တွေးမိတဲ့သူတွေ။ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေကတော့ ကိုယ်အမြဲ အမှတ်တရရှိနေသူတွေ။ ဒီလိုမဟုတ်ဘဲ အမှတ်မထင် ဖျပ်ခနဲ အကြောင်းတိုက်ဆိုင်မှ သတိရသွားသူတွေလည်း ရှိတယ်။ တချို့ကတော့ သတိရစရာ ဘယ်လိုအမှတ်တရမျိုးမှ မရှိခဲ့လို့ သတိလုံးဝမရ။

သူနဲ့ကိုယ် စခဲ့သိတာ ဘွဲ့လွန်သင်တန်းတစ်ခု တက်တုန်းကပေါ့။ သူက ဆရာကို မေးခွန်းအမြဲမေးတဲ့၊ ဆရာက မေးခွန်းတခု မေးလိုက်တိုင်း ဖြေဖို့လက်အရင်ထောင်တဲ့သူ၊ စာတော်တဲ့ကျောင်းသားတစ်ယောက်။ ဆရာ့မေးခွန်းကိုဖြေဖို့ သူက လက်ထောင်တိုင်း ဘယ်တော့မှ မေးခွန်းမမေး၊ စာသင်ချိန်မှာ ခိုးငိုက်တတ်တဲ့ ကိုယ်ကို ဆရာက ရယ်ရယ်မောမောနဲ့ သူ တခါမှ မေးခွန်းမမေးသေးဘူးကွ၊ မမေးလိုက်ရဘူး မဖြစ်လိုက်ရအောင် သူ့ကို အခွင့်အရေးပေးလိုက်ပါဦးလို့ပြောရင် ဒင်းကြောင့် စာမေးခံရတာလို့ ကိုယ်က မကြေမနပ် ဘုကြည့် ကြည့်။ သူကလည်း သူ မဖြေရလို့ မျက်မှောင်ကြုတ်ကြည့်။ သူ့မျက်လုံးတွေက ကိုယ်သဘောကျတဲ့ မျက်ဝန်းနက်နက် ဝိုင်းဝိုင်းလေးလေးတွေ။

ကိုယ်ကတော့ အတန်းချိန်ပြီးတာနဲ့ အခန်းထဲက အရင်ဆုံး ထွက်တတ်သူ၊ သူငယ်ချင်းတွေ တရုန်းရုန်း ဗရုတ်ကျတတ်သူ။ သူကတော့ အိမ်စာတွေကို ကျောင်းမှာအပြီးလုပ်တဲ့သူ၊ ဆရာ့ရုံးခန်းမှာ စာတွေ မေးနေတတ်သူ။ စာမေးပွဲနီးပြီ စာလုပ်ဦးမှ တိတ်ဆိတ်တဲ့ စာကြည့်တိုက်မှာ စာကြည့်ရင်တော့ဖြင့် စာတွေ ပိုမှတ်မိမှာပဲဆိုပြီး ကိုယ်ရှာဖွေတွေ့ရှိထားတဲ့ လူရှင်းတဲ့ ချောင်လေးဆီအသွား ပြတင်းပေါက်ကနေ မနက်နေခြည်နုနုလေးက  ဖြာကျနေပြီး ဘေးတိုက်မြင်ရတဲ့ သူ့ကို အနားသတ်ပေးထားကာ နေရောင်ခြည်တွေ လင်းလက်နေတဲ့ အိန်ဂျယ်လေးလားလို့ ထင်မှတ်သွားတယ်။ ခေါင်းလေးအငဲ့ ဆံနွှယ်အဝေ့မှာ ကိုယ့်ကို တွေ့လိုက်ရတော့ နှစ်နှစ်ခြိုက်ခြိုက် သူ ပြုံးပြတယ်။ မနေ့ကတောင် ကိုယ် ဒီကိုရောက်သေးတယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့သူတစ်ယောက်ကို အနှောင့်အယှက် မပေးချင်လို့။ ဘုရားရေ...မနေ့က ကိုယ် ဒီနေရာမှာ စာအုပ်ကိုခေါင်းခု အိပ်ပျော်နေတာ။

ရှက်စိတ်နဲ့ ထူပူရင်း ဘယ်သူလဲလို့ မေးဖို့ကြည့်လိုက်တော့ သူက စာအုပ်ကို စိတ်ဝင်တစား ဖတ်နေလေရဲ့။ ညနေစောင်း ကိုယ့်သူငယ်ချင်းတွေနဲ့ညစာစားဖို့ လမ်းလျှောက်သွားကြတော့ ဟိုဖက်လမ်းမမှာ စက်ဘီးစီးလာတဲ့ သူ့ကိုတွေ့တော့ ကိုယ်က ဝမ်းသာအားရ လမ်းပြနှုတ်ဆက်တယ်။ မမြင်လို့ပဲလား၊ မနှုတ်ဆက်ချင်လို့ပဲလား၊ ဗရုတ်ကျတဲ့ ကိုယ့်သူငယ်ချင်းတွေကို လန့်လို့ပဲလား  ခေါင်းလေးစောင်းငဲ့ကြည့်တယ်လို့တော့ ကိုယ် ထင်မိသား။ ကိုယ့်သူငယ်ချင်းတွေကတော့ အဲဒီအမူအကျင့်တွေကို မကြိုက်လို့ အပေါင်းအသင်း မလုပ်တာတဲ့။ စာတော်တဲ့ကျောင်းသား၊ ဆရာတွေ ချစ်တဲ့ကျောင်းသား၊ ရုပ်ရည်ပြေပျစ်တဲ့ ကျောင်းသားကလွဲရင် သူ့အကြောင်း ကိုယ်တို့မသိကြဘူး။ သူကလည်း သီးသန့်ဆန်တယ်။

သင်တန်းတစ်ခုမှာ သူနဲ့ပြန်ဆုံကြတော့  သူက တီအေ ဆရာ့လက်ထောက်။ မနက်တိုင်း ဖြေရတဲ့ ညဏ်စမ်းစာမေးပွဲတွေ၊ နေ့တိုင်တင်ရတဲ့ အိမ်စာတွေ၊ ကျောင်းသားတယောက်ချင်းစီရဲ့ ပရောဂျက်၊ အုပ်စုလိုက် ပရောဂျက်။ ပရောဂျက်တွေပိလို့ ကိုယ်တင်တာ နောက်ကျ၊ မပြီးသေးတဲ့ ကိုယ့်ပရောဂျက်တွေကို သူ ကူညီတယ်။ ကျောင်းကနေ ထွက်ခွာနီး ကိုယ်ချစ်တဲ့ ဆရာ၊ ဆရာမ၊ ဆေးမထိုးချင်ဘူး၊ ဆေးပဲသောက်မယ်လို့ ကိုယ်ဂျီကျတာကို စိတ်ရှည်လက်ရှည် ချော့မော့၊ မနာအောင် ဆေးထိုးပေးတတ်တဲ့ ဆရာဝန်။ သူတို့ကို နှုတ်ဆက်လက်ဆောင် ပန်းအိုးလေးတွေပေးရင်း ကြိုက်တာရွေးလို့သူ့အတွက် ပန်းအိုးလက်ဆောင် ရွေးခိုင်းတော့ ခရမ်းရောင်ပန်းပွင့် သေးသေးလေးတွေပါတဲ့ ပန်းအိုးလေးရွေးတယ်။

ကဒ်လက်ဆောင်ကို ဖွင့်ဖတ်ခိုင်းတော့ ဟား...မင်း ကိုယ့် မွေးနေ့ကို သိတယ်ဆိုပြီး တအံ့တသြ ဖြစ်သွားတယ်။ သူ ဘယ်လောက်လျှို့ဝှက် လျှို့ဝှက်  ကိုယ်သိပါတယ်ဆိုတဲ့ အပြုံးမျိုး ကိုယ် ပြုံးမိလေသလားပဲ။ ပြောလိုက်ချင်တယ် သူ့မွေးနေ့ကို တွစ်တာကနေ ကိုယ် မတော်တဆ သိတာကလွဲလို့ သူ့အကြောင်း ကိုယ် ဘာမှမသိဘူးလို့။ နောက်တစ်နှစ်လောက် အကြာမှာ  ကိုယ့်ညီမဝမ်းကွဲလေး အဲဒီကျောင်းမှာ ဘွဲ့ကြိုတက်လို့ ကိုယ်သွားတွေ့တုန်း သူနဲ့ အမှတ်မထင် တွေ့ခဲ့သေးတယ်။ ကိုယ်တို့မှန်းတဲ့အတိုင်း သူ အဲဒီကျောင်းမှာ ဆရာဖြစ်တယ်။  မတွေ့တာတောင် ကြာပြီနော်လို့ ဝမ်းသာအားရ နှုတ်ဆက်ပေမဲ့ ဝမ်းနည်းမိတာက သူ ကိုယ့်နာမည်ကို မမှတ်မိဘူး။ ကိုယ်နေတဲ့မြို့ကို ပြောတော့ သြော် ဝေးသားနော်တဲ့။ ကျောင်းအတူတူ တက်ဖူးကြပေမဲ့ ခင်မင်ရင်းနှီးသူမဟုတ်တော့ သူနဲ့ကိုယ့်ကြား စကားလုံးတွေ ရှားပါးလွန်းတယ်။

သူလား အရင်အတိုင်း မပြောင်းမလဲ ချောမောခန့်ညားဆဲ၊ ထက်မြက်တက်ကြွ လန်းဆန်းဆဲ၊ လျှို့ဝှက်မြဲ။ နဖူးပေါ်ဝဲနေတဲ့ ဆံနွှယ်လေးတွေကို ခေါင်းလေးငဲ့ကာ သပ်တင်တတ်တဲ့သူကို မြင်ရင် အဲဒီလိုမျိုး ခေါင်းလေးငဲ့တတ်တဲ့သူ တစ်ယောက်ကို သတိရမိတယ်။ ကိုယ် သူ့ကို ချစ်တယ်လို့လည်း မဆိုနိုင်ဘူး။ သူကလည်း လျှို့ဝှက်တော့ နည်းနည်းတော့ စိတ်ဝင်စားမိတယ် ထင်ပါရဲ့။ သူနဲ့ကိုယ် သူငယ်ချင်းမိတ်ဆွေ မဖြစ်နိုင်။ အဝေးကနေကြည့်ပြီး တိုက်ဆိုင်မှုတွေရှိလာခဲ့ရင် ခဏလောက် သတိရရုံထက် မပိုခဲ့။

သူ ရာထူးတိုးတဲ့အကြောင်း ဆိုရှယ်မီဒီယာဆိုဒ်တခုမှာ တွေ့လိုက်တော့ စိတ်ထဲကနေ ကွန်ကရက်ကျူလေးရှင်း ပြောမိပေမဲ့ စာတတန်ပေတတန် သွားမရေးဖြစ်ခဲ့။ လောကဓံလှိုင်းတွေကြောင့်  သူ့နှုတ်ခမ်းက ချိုသာတဲ့အပြုံးတွေ၊ နွေးထွေးတဲ့ မျက်ဝန်းအကြည့်တွေ ပျောက်ဆုံးနေတဲ့ သူ့ဓာတ်ပုံသစ်ကို တွေ့လိုက်ရတာ ကိုယ်သိကျွှမ်းဖူးတဲ့ သူတယောက်နဲ့ လုံးလုံးမတူတော့သလို။ ဘယ်တုန်းကမှ ကိုယ်မသိဖူးတဲ့ တစိမ်းပြင်ပြင် တစ်ယောက်ကို တွေ့လိုက်ရသလို။ နဖူးပေါ်ဝဲနေတဲ့ ဆံနွယ်တွေအစား တိုတိုကပ်ကပ်လေးတွေ။ တခါမှ သူနဲ့တွဲမမြင်ဘူးတဲ့ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးတွေ၊ မျက်ဝန်းတောက်တောက်လေးတွေအစား မျက်မှန်အောက်က ရီဝေနေတဲ့ မျက်လုံးတွေ။

တခြားလူတယောက်ကို တွေ့လိုက်ရသလိုမျိုး ကိုယ် ခံစားမိတော့ ကိုယ့်အရင်တုန်းက ဓာတ်ပုံတွေ၊ ခုဓာတ်ပုံတွေကို ပြန်ကြည့်မိတယ်။ လွန်ခဲ့တဲ့သုံးနှစ်တုန်းက ကိုယ့်မျက်နှာ ဖောင်းဖောင်းလေးက ခုတော့ ပါးတွေချောင်လို့။ နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေတတ်တဲ့ ကိုယ့်အပြုံးတွေက မပီမပြင်။ မျှော်လင့်ချက်၊ စိတ်ကူးအိမ်မက်တွေနဲ့ တောက်ပလင်းလက်နေတတ်တဲ့ ကိုယ့်မျက်လုံးတွေက ဖျော့တော့မှိန်ရီလို့။ ကိုယ်လည်း တခြားသူတယောက် ဖြစ်နေပါရောလား။

နဖူးပေါ်ဝဲနေတဲ့ ဆံနွှယ်လေးတွေကို ခေါင်းလေးငဲ့ကာ သပ်တင်တဲ့သူကိုတွေ့တဲ့အခါ  အရင်တုန်းက အဲဒီလို ခေါင်းလေးငဲ့ဖူးတဲ့ သူ့ကို  ကိုယ် အမှတ်တရ သတိရလေမလား။ ခုတော့ သူ ဆံနွှယ်တွေကို မသပ်တင်တော့ပါ။ စာသင်ချိန်မှာ မျက်မှန်ကွယ်ပြီး ခိုးငိုက်၊ စာသင်ခန်းမှာ ဘယ်တော့မှ မေးခွန်းမမေး၊ စာကြည့်တိုက်ရဲ့ လူအရှင်းဆုံး ချောင်တချောင်မှာ စာအုပ်ကိုခေါင်းခု အိပ်ငိုက်တတ်တဲ့သူတွေကို တွေ့ရင် သူ ကိုယ့်ကိုများ သတိရလေမလား။ ခုတော့ ကိုယ် အရင်လို အိပ်မပျော်တော့ပါ။ ကိုယ့်အတွက် သူ့ရဲ့ အမှတ်တရတွေ မှုန်ဝါးလာလို့ ပျောက်ကွယ်သွားတော့လေမလား။ ကိုယ်ကသာ အမှတ်တရ ရှိခဲ့ပေမဲ့ သူ့က အမှတ်တရ မရှိခဲ့တာလား။ သူဟာ ကိုယ့်အတွက် အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်။

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၉ ၊ ၂၀၁၄။

ပန်းသီးစားကြသူများ...

နိုင်ငံရပ်ခြားကို ရောက်ကတည်းက အိမ်ခန်းဝယ်ဖို့ထား ။ အိမ်ခန်းငှားဖို့တောင် မတတ်နိုင်လို့ Room Shared  လို့ခေါ်တဲ့ အခန်းတွေမှာ ရှယ်နေ။ Roomate လို့ခေါ်ကြတဲ့ အခန်းဖော်တွေရ။ ဝါသနာတူ၊ စရိုက်တူရင် အခန်းဖော်ကနေ သူငယ်ချင်းတောင် ဖြစ်နိုင်ပေမဲ့ ညှိလို့မရ၊ စရိုက်မတူရင် သူပြောင်းရင် ပြောင်း၊ မပြောင်းရင် ကိုယ်ပြောင်းပဲ။

ခြင်္သေ့ကျွှန်းမှာ ကျောင်းလာတက်တော့ မကြီးက ကျောင်းနဲ့နီးတဲ့ နေရာမှာ ရှာပေးထားတယ်။ အဲဒီအိမ်ကို ဘာဖြစ်လို့ ရွေးတာလဲဆိုတော့ ဈေးလည်းသက်သာ၊ အခန်းဖော်တွေကလည်း ကျွှန်မနဲ့ တက္ကသိုလ် အတူတူတက်ခဲ့ကြသူတွေ ဖြစ်သလို စင်္ကာပူမှာ ကျွှန်မ  တက်မဲ့ကျောင်းက ကျောင်းထွက်တွေ။ မကြီး အိမ်သွားကြည့်တုန်းက ညစ်ပတ်နေတော့ သန့်ရှင်းရေး သိပ်မလုပ်ဘူး၊ ဘီးစီးတဲ့ကျောင်းသူနဲ့ အကိုက်ပဲဆိုပြီး ယူလိုက်တာတဲ့။ အဲဒီတုန်းက သူထင်တာ မှန်ပေမဲ့ နောက်ပိုင်းကျတော့ တက်တက်စင်အောင် လွဲတော့တာပဲ။

စင်္ကာပူက အိမ်အများစုက တပတ်တခါ သန့်ရှင်းရေးကို အလှည့်နဲ့ လုပ်ကြတယ်။ အဲဒီအိမ်မှာ အရင်တုန်းက သန့်ရှင်းရေးဆိုတာ သတ်သတ်မှတ်မှတ် မရှိဘဲ မနေနိုင်တဲ့သူကပဲ လုပ်ပါသတဲ့။ ကံဆိုးချင်တော့ ကျွှန်မ ပြောင်းပြီးတော့မှ သန့်ရှင်းရေးကို သတ်သတ်မှတ်မှတ် လုပ်ကြတော့တယ်။ လုပ်မဲ့လုပ်တော့လည်း တပတ်တခါ မဟုတ်ပဲ နေ့တိုင်းသန့်ရှင်းရေး ။ ၆ ယောက်ရှိတော့ ၆ ရက် သန့်ရှင်းရေး။ ဖွမဲ့ကလေး ရှိတာလည်းမဟုတ် အားလုံးကလည်း အသက် ၂၅ နှစ်ကျော် သိတတ်ကြတဲ့သူတွေ။

Empire State Building 

မနက် ၇ နာရီခွဲ အိပ်ယာထ ရေမိုးချိုး  ၈ နာရီ ကလယ်မန်းတီးကနေထွက်တဲ့ ကျောင်းရှယ်တယ်ဘတ်စ်ကိုမှီဖို့ ရထားစီး။ ည ၁၁ နာရီခွဲ နောက်ဆုံးဘတ်စ်ကားစီး နောက်ဆုံးရထားစီးပြီး အိမ်ပြန်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေဆိုရင်လည်း ကျောင်းမှာ။ သိပ်မဘီးစီးရင် မကြီးဆီကိုသွား။  သူတို့တွေက စိတ်ပူကြတယ် မကြီး ညအိပ်ညနေ လာမှာကို။ သူတို့ထင်သလို ဖြစ်မလာဘဲ ကျွှန်မကသာ မကြီးဆီကို သွားနေတတ်တယ်။

အခန်းဖော်က မနက်စောစော ရုံးတက်ရသူမို့လို့ ည ၁၁ နာရီခွဲဆို အိပ်ပြီ။ သူအိပ်ပြီဆိုရင် မအိပ်သေးတဲ့သူတွေက ဧည့်ခန်းထဲထွက်၊ နားကြပ်တပ်။ မနက်ဖက်ဆိုရင် ရုံးသွား၊ ကျောင်းသွားကြမဲ့သူတွေ တန်းစီနေတာမို့ ရေချိုးခန်း၊ အိမ်သာဝင်ရင် ဇိမ်ဆွဲ အကြာကြီးဝင်လို့မရဘူး။ ဝမ်းချုပ်တတ်တဲ့သူတွေ၊ အိမ်သာဝင်တာ ကြာတဲ့သူတွေ ဒုက္ခတွေ့တော့တာပဲ။ သမီးက အိမ်သာဝင်ရင် ကြာတယ်။ ရေချိုးခန်းသုံးဖို့ စောင့်နေမှန်းသိရင် ကောင်းကောင်းမသွားချင်ဘူး။ ဒီတော့ မနက်အစောကြီး သူတို့တွေ အိပ်နေတုန်း အိပ်ယာထပြီး ကိစ္စရှင်းထားရတယ်။ တခါတလေများ ရေချိုးခန်းမအားလို့ ဘူတာရုံက အိမ်သာဆီကို ပြေးရတယ်လို့ ရယ်ကာမောကာ သူ့အဖြစ်အပျက်တွေ ပြောပြရင် ကျွှန်မတို့မှာ ဝိုင်းမဟားနိုင်ဘူး။ ကိုယ်တိုင်ကြံ ုတွေ့ရမဲ့ အဖြစ်တွေလေ။

ကျောင်းပြီးတော့ မကြီးဆီမှာ သွားနေတော့မယ်လို့ တလနို့တစ်ပေးတော့ သူတို့အိမ်ငှားစာချုပ်က နောက်တလဆို ကုန်ပြီ။ တလတည်းနေဖို့ လူသစ်ရှာဖို့ခက်လို့ ဆက်နေပါတဲ့။ အဲဒီအိမ်က သူတို့သူငယ်ချင်းတွေ စုငှားထားကြတာပေမဲ့ အိမ်သူကြီးရှိတယ်။ နောက်ဆုံးလကို ဒီပိုးဆစ်နဲ့ချေတာဆိုတော့ နောက်ဆုံးလအိမ်လခ ပေးစရာမလိုတာ ထုံးစံ။ သူတို့အိမ်ရှင်က နောက်ဆုံးလခကို ဒီပိုးဆစ်နဲ့ မနှိမ်ပါနဲ့ ပေးပါ အိမ်ပြန်အပ်ပြီးရင် ဒီပိုးဆစ်တွေ ပြန်ပေးမှာမို့ နောက်ဆုံးလခကို ပေးပါတဲ့။ မကြီးကို ပြောပြတော့ ကိုယ်က အိမ်စုငှားတဲ့အထဲလည်းမပါ။ အကျိုးအကြောင်း အိမ်သူကြီးလုပ်သူက ဘာမှမပြောဘဲ  အိမ်လခတောင်းပုံက အိမ်လခက မပေးရင်ဆင်းတဲ့။ ဒီကလည်း ပြောင်းချင်နေတာ ဒီပိုးဆစ်သာပေး ခုချက်ချင်းပြောင်းပေးမှာလို့ ပြောလိုက်တော့ ပါးစပ်ကိုပိတ်ရော။ ဒီပိုးဆစ်လည်း မပေးနိုင် နောက်တစ်ယောက်ရှာဖို့ခက်တော့ အိမ်လခကို သူစိုက်ရမှာလေ။

Grand Central

ကလယ်မဲတီးက တိုက်ခန်းက အမ်အာတီ ဘူတာရုံနဲ့နီး၊ ကျယ်လည်းကျယ်၊ ညနေစောင်း၊ ရုံးပိတ်ရက်မနက်တွေမှာ အပြေးသွားလေ့ကျင့်တဲ့နေရာနဲ့လည်းနီး၊ မခိုင်၊ သားလေး၊ မကြီးတို့နဲ့ ညီအစ်မတွေ အတူတူစုနေကြတော့ အတော်ပျော်ဖို့ကောင်းတယ်။ ခြင်္သေ့ကျွှန်းသားတွေ အသေကြောက်တဲ့ ဒန်းကီး သွေးလွန်တုပ်ကွေးရာသီချိန်ဆိုရင် အန်အီးအေ National Environment Agency က အိမ်တွေကို လိုက်စစ်တယ်။ ဘုရားပန်းအိုး၊ သောက်တော်ရေခွက်၊ ရေချိုးခန်း၊ ပန်းအိုးအောက်တွေ စစ်တယ်။  ခြင်တွေ့လို့ကတော့ ဒဏ်ငွေ ၃၀၀ ပဲ။ မခိုင်ဆရာမဆီကနေ ယူလာတဲ့ သစ်ခွပန်းအိုးက နေရောင်ရလို့ အတော်ပွင့်တယ်။ ကလယ်မဲတီးနဲ့ ဂျူရောင်းအိစ်ဘူတာကြား ရထားဖြတ်ရင် မြင်ရတဲ့ ကွမ်ရင်မယ်တော်ကျောင်းနားက ပြေးလမ်းလေးက အတော်သာယာတယ်။ ဘေးမှာ တူးမြောင်းနဲ့။ ခွေးကျောင်းကြတဲ့သူတွေ၊ အပြေးလေ့ကျင့်ကြတဲ့သူတွေ၊ စက်ဘီးစီးကြတဲ့သူတွေနဲ့ မပြတ်ဘူး။ ခရေပင်လေးတွေလည်း ရှိတယ်။

မခိုင်လည်း ယူအက်စ်ပြောင်းသွားရော ဈေးကြီးတဲ့ အဲဒီတိုက်ခန်းကို ဆက်ယူပြီး အိမ်သူကြီးမလုပ်နိုင်တာနဲ့  အခန်းရှာပုံတော် ဖွင့်ရပြန်တယ်။ ဘွန်လေးက အိပ်ခန်းလေးခန်းပါတဲ့အိမ်မှာ အခန်းရတယ်။ ဘူတာရုံနဲ့နီး၊ အခန်းဖော်တွေကလည်း အဆင်ပြေကြတယ်။ အခန်းဖော်ရဲ့ ညီမလေးက အလုပ်လုပ်ရှာပြီး အလုပ်ရသွားတဲ့အခါ အဆင်မပြေတော့တာပဲ။ အစိမ်းရောင်ရထားလိုင်းအဆုံး ဘွန်လေးကနေ  အစိမ်းရောင်လိုင်းအစ ပါဆားရစ်အထိ ရထား ၁ နာရီကျော်စီးပြီး မနက် ၈ နာရီ ရုံးတက်ဖို့ မနက် ၅ နာရီကတည်းက ထရတယ်။ ကျွှန်မတို့ညီအစ်မတို့တွေ နိုးပြီး ပြန်အိပ်ပေမဲ့ အိပ်ရေးကမဝ။ အိပ်မပျော်ဘဲ ကြိတ်မှိတ်အိပ်ရင် ခေါင်းကိုက်တာမို့ စောစောရုံးတက်တာပဲ ကောင်းပါတယ်။ နောက်ဆုံးရှယ်တယ်စီးပြီး ရုံးတက်တဲ့ကျွှန်မ အဲဒီကလေးမလေး ကျေးဇူးနဲ့ ရုံးစောစောသွားဖူးတယ်။

တနေ့ ၂ နာရီ ရထားပေါ်မှာ အိပ်ငိုက်ပြီး ရုံးတက်ရပေမဲ့ သူကတော့ သူ့အစ်မနဲ့ပဲ နေမှာပေါ့။ အဲဒီညီအစ်မတွေ ပြောင်းမဲ့ပုံမပေါ်ဘူး တို့ညီအစ်မတွေပဲ ပြောင်းရမယ်။ အိမ်ရှင်ကို တလနို့တစ်ပေးပြီး အခန်းရှာနေတုန်း အဲဒီညီအစ်မတွေ ပြောင်းသွားတယ်။ ကျွှန်မနဲ့ တက္ကသိုလ်အတူတူတက်၊ ခြင်္သေ့ကျွှန်းကို လေယာဉ်တစီးတည်းစီးလာ၊ စင်္ကာပူကျောင်းအတူတူတက်၊ အေဒီပရောဂျက် Team အတူတူကျ၊ တောင်တွေအတူတူတက်တဲ့ အိအိ အိမ်ပြောင်းတော့ အဲဒီညီအစ်မတွေအိမ်မှာ။ လောကကြီးဆိုတာ အတော်ကျဉ်းကျဉ်းလေး။ ကျွှန်မတို့ညီအစ်မတွေ ဘွန်လေးအိမ်နားက ဘောလုံးကွင်းပန်းခြံမှာ အပြေးလေ့ကျင့်ကြတယ်။ ဘင်္ဂလားတွေ သောက်စားတတ်တဲ့ပန်းခြံ Safe မဖြစ်တာမို့ တစ်ယောက်တည်း ဘယ်တော့မှ အပြေးမလေ့ကျင့်ဘူး။

Chilly Winter of NYC

အိမ်ခန်းတွေ လိုက်ရှာရင်း ဘဒုတ်ကအခန်းကို လာကြည့်ပြီး အထွက်မှာ မကြီးက ချက်ချင်းပြန်လှည့်တယ်။ အိမ်ရှင်အစ်မကတောင် ဘာများကျန်ခဲ့လို့ပါလိမ့် တကယ်က အခန်းကို စရံသတ်တာ။ ဘဒုတ်ကတိုက်ခန်းတွေက ကလယ်မဲတီးက တိုက်ခန်းတွေလို ရေချိုးခန်း၊ အိမ်သာတွဲလျက် မာစတာတစ်ခန်း၊ Common Room လို့ ခေါ်ကြတဲ့ ရေချိုးခန်း၊ အိမ်သာ မတွဲထားတဲ့ တစ်ခန်း။ အဲဒီအိမ်မှာ တလပဲနေဖြစ်ပြီး ကျွှန်မက ယူအက်စ်ကို ထွက်လာသလို သိပ်မကြာခင် သူတို့တမိသားစုလုံးလည်း သြဇီကို ပြောင်းကြတယ်။ ရာထူးကြီးလို့ အလုပ်များပေမဲ့ စာမေးပွဲတွေဖြေ၊ မီးဖိုချောင်လည်း မလစ်ဟင်း၊ ကလေးတွေလည်း ဂရုစိုက်၊ ဝင့်ဝါလေးအတွက် မောင်လေးတစ်ယောက်ထပ်မွေး၊ စူပါမိန်းမလို့  ကျွှန်မလေးစားအားကျတဲ့ ဝင့်ဝါလေးအမေ မိသားစုပါ။

ယူအက်စ်ရောက်တော့ ကျောင်းက မိန်းကလေးအဆောင်မှာ နေရတယ်။ ကျွှန်မရဲ့ပထမဆုံး အဆောင်နေကျောင်းသူဘဝ။ နီပေါနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ပိုကရာမှာ ကြီးပြင်းခဲ့တဲ့ ဆူနမ် မြို့တော်ခတ္တမဒ္ဒူမှာ တက္ကသိုလ်တက်တော့ အဆောင်နေရတယ်။ ညီအစ်မအရင်းလို ကူညီစောင့်ရှောက်တဲ့  အက်စမီတာမန်ချေးလို သူတွေနဲ့တွေ့ရသလို ပိုက်ဆံချေးပြီး ထွက်ပြေးတဲ့သူတွေကိုလည်း ကြုံရတယ်။ ပိုက်ဆံအချေးကောင်းလို့ အိမ်က ပိုက်ဆံမပို့သေးရင် စားစရာမရှိလို့ ခေါက်ဆွဲခြောက်ကိုချေပြီး ထမင်းနဲ့စားရတယ်လို့ ဆူနမ်နဲ့မိုင်းဖန်က သူတို့ရဲ့ အဆောင်သူဘဝကို ပြောပြရင် အဆောင်မနေဘူးတဲ့ ရာမားနဲ့ ကျွှန်မပါးစပ်အဟောင်းသားလေးနဲ့ နားထောင်ကြတယ်။ တစ်ယောက်တစ်ခန်း နေကြတယ်ဆိုပေမဲ့ ညည့်နက်သန်းခေါင်တိုင်အောင် စာအတူတူလုပ်ကြ၊ စကားပြောကြ၊ လူသေးသလောက် အသံကျယ်တဲ့ မိုင်းဖန်နဲ့ ရာမားကြောင့် အီရန်သူနစ်ကူး ရာမားနဲ့ကပ်လျက် အခန်းကနေ တခြားဖက်ကို ပြောင်းပြေးရတယ်။

ရေချိုးခန်းမှာ ဆံပင်တွေ၊ မီးဖိုးချောင်မှာ ချက်ပြုတ်ပြီးရင် မရှင်းတဲ့သူတွေကြောင့် အာအေ အဆောင်ကြီးကြပ်ရေးမှုးတွေက ခေါ်ပြီးသတိပေးတယ်။ တခါတလေတော့လည်း လျစ်လျူရှုသင့်တာတွေ လျစ်လျူရှုရတယ်။ အာအေတွေပြောပြီး အခန်းပြောင်းလို့ရပေမဲ့ အဆောင်ပြောင်းလို့မှ မရတာ။ ကျွှန်မရဲ့ အဆောင်နေကျောင်းသူဘဝက ပြသနာသိပ်ကြီးကြီးကျယ်ကျယ်မရှိဘဲ ဆူနမ်၊ ရာမား၊ မိုင်းဖန်တို့လို သူငယ်ချင်းညီအစ်မတွေ ရခဲ့တယ်။ မိုင်းဖန် အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့မှာ အလုပ်ရတော့ ကုမ္ဗဏီက ဟိုတယ်အခန်းကို တလငှားပေးထားတယ်။ Relocation Assistance လို့ခေါ်တဲ့ ပြောင်းရွှေ့အခကြေးငွေကို ကြိုတင်ထုတ်ပေးထားတယ်။ ပြီးမှပြန်ဆပ်။ ဟိုတယ်မှာ တပတ်လောက်နေပြီး ကျောင်းကစီနီယာ အဆက်အသွယ်နဲ့ တိုက်ခန်းငှားတယ်။ နောက်သုံးလအကြာမှာ မိုင်းဖန် သွင်းပေးလို့ အလုပ်ရသွားတဲ့ ဆူနမ်၊ ကျောင်းပြီးလို့ အလုပ်ရှာဖို့ ကျွှန်မတို့ ရှေ့ဆင့်နောက်ဆင့် တရက်ခြားပြီး ရောက်လာကြတယ်။

Guess ? Who ?

ဆူနမ် ကံကောင်းတယ်။ မိုင်းဖန်ရဲ့ တိုက်ခန်းမှာနေ၊ မိုင်းဖန် ကားကိုစီး၊ မိုင်းဖန် သွင်းပေးတဲ့ အလုပ်ကို မိုင်းဖန်နဲ့အတူတူ ရုံးတက်တယ်။ ကန်တက်ကီမှာ ကျွှန်မအလုပ်ရတော့ ကျောင်းကစီနီယာတစ်ယောက်တော့ ရှိပါရဲ့။ သူက သူ့နိုင်ငံကို အလည်ပြန်နေတယ်။ ကွန်ထရပ်တာဆိုတော့ ကုမ္ဗဏီက ဘာမှမစီစဉ်ပေးဘူး။ Criaglist မှာရှာတော့ Student Intern တွေကို ဦးစားပေးငှားတဲ့ အခန်းလိုက်ရှာ။ သူတို့က လာကြည့်ပါဆိုတော့  မိုင် ၁၀၀ ၊ ၂ နာရီအဝေးကို လာကြည့်ဖို့ ကားမရှိသလို ၂ ပတ်အတွင်း ပြောင်းရတော့မှာ။ အဲဒီမှာ ၂ ပတ်လောက်နေပြီး ရုံးနားက တိုက်ခန်းတွေကို လိုက်ရှာမယ်လို့။ အီးမေးလ်နဲ့ အဆက်အသွယ်လုပ်ပြီး တခါတည်း ပြောင်းခဲ့တော့တာပဲ။ အဲဒီတုန်းက ပစ္စည်းမများဘူး ခြင်္သေ့ကျွှန်းက လာစဉ်အတိုင်း လက်ကေ့စ်နှစ်လုံး ဟမ်းကယ်ရီတစ်ခု။

Private House လုံးချင်းအိမ်ရဲ့ မြေအောက်ထပ်ဆိုတော့ သီးသန့်ဆန်တယ်။ ချက်ပြုတ်ဖို့လောက်ပဲ အပေါ်တက်တယ်။ မနက် ၇ နာရီ ကျောင်းသွားခါနီး ဝတ်စရာအင်္ကျီမရှိလို့ အခန်းတံခါးလာခေါက် ကျွှန်မအခန်းဘေးနား အခြောက်ခံစက်ထဲ အင်္ကျီလာယူတတ်တဲ့ လုကတ်စ်နဲ့ ကေတီ။ ဒင်းကလေးတွေ ခုန်ပေါက်လို့ ကျွှန်မ  ခေါင်းကြိမ်းတယ်လို့ အိမ်ရှင်ကို ကွန်ပလိမ်းရင် မန်ဒီက သူ့ကလေးတွေကို ကျွှန်မအခန်းမှာနေခိုင်း သူက အပေါ်ထပ်ကနေ ဒုန်းဒုန်းလုပ်တယ်။ ဒင်းကလေးတွေက နောက်မပြေးတော့ပါဘူးလို့ ပြောကြပေမဲ့ ကလေးတွေဆိုတော့ ခုန်ပေါက်မြဲ ကျွှန်မကလည်း ခေါင်းကြိမ်းမြဲ။ အမြဲထမ်းဝန်ထမ်းဖြစ်ရင် တိုက်ခန်းငှားမယ်လို့ ကြံရွယ်ထားပေမဲ့ အထမမြောက်ခဲ့။

အလုပ်ဝင်တာ တစ်နှစ်ပြည့်လို့ Work from home လုပ်နိုင်ပြီဆိုတာနဲ့ ဆူနမ်တယောက် ရာမားရှိတဲ့ မေရီလန်းကို ပြောင်းတော့တာပဲ။ တလနို့တစ်ပေးရမယ်ဆိုတာ စာချုပ်ထဲမပါလို့ ကျန်တဲ့သုံးလစာပေးမှ ပြောင်းလို့ရမယ်လို့ အိမ်ရှင်ကညစ်ရော ဆူနမ်၊ မိုင်းဖန်တို့တွေ စိတ်ညစ်လိုက်ကြတာ၊ ဒေါသတွေ အလိပ်လိုက် ထွက်ကြ။ အိမ်ကိုလာစစ်ဆေးတော့ ဒီခြစ်ရာ ဘယ်လိုဖြစ်တာလဲ၊ ဟိုနားက ကွက်နေတယ်နဲ့ အပြစ်တွေရှာတော့ ဆူနမ်ခမျာ စိတ်ညစ်လိုက်တာ လွန်ပါရော။ နောက်ထပ်သုံးလကို ဆက်မနေနိုင်တော့ဘူး ကျန်တဲ့သုံးလစာပေးပြီး ပြောင်းတော့တာပဲ။ ဒီလိုအတွေ့အကြုံတွေကြောင့် မေရီလန်းမှာ တိုက်ခန်းငှားတော့ အိမ်ပေါ်မတက်ခင် တအိမ်လုံးကို ဓာတ်ပုံရိုက်ထားတယ်။

Mochi

လေးအော့ဖ်တော့ ဆူနမ်တို့ရှိရာ မေရီလန်းကို ရောက်လာခဲ့တယ်။ ကန်တက်ကီမှာထက်စာရင် မေရီလန်းမှာ အလုပ်ပိုပေါတယ်။ ဝါရှင်တန်ဒီစီမှာ အလုပ်ရတော့ ဆူနမ်တို့အိမ်ကနေ ၁၅ မိနစ် ကားမောင်း၊ တနာရီလောက် ရထားစီးပြီး ရုံးတက်ရတယ်။ ပင်ပန်းလွန်းလို့ တပတ်အတွင်း အခန်းရှာပြီး ပြောင်းတယ်။ မြန်မာအိမ်က အခန်းတခန်း တွေ့ပေမဲ့ ရေချိုးခန်း၊ အိမ်သာ ယောကျာ်းလေးနှစ်ယောက်နဲ့ ရှယ်ရမယ်။ ဈေးကြီးပေမဲ့ ကိုယ်ပိုင်ရေချိုးခန်း၊ အိမ်သာပါတဲ့ ဆေးဗားစပရင်းက ရှယ်ရွန့်အိမ်ကိုပဲ ရွေးလိုက်တော့တယ်။ ကျွှန်မ နေဖူးသမျှထဲမှာ ရှယ်ရွန့်အိမ်က အလှဆုံး။ အမ်းထရူးကတောင် ဟိုတယ်ကျနေတာပဲလို့ ပြောတယ်။

ကြသပတေးနေ့ညဆိုရင် အိမ်ရှေ့မှာ အမှိုက်ပုံးတွေ တန်းစီနေတယ်။ အသားတွေထည့်တဲ့ ပလပ်စတစ်ပြားကို ကျွှန်မက အမှိုက်ပုံးထဲထည့်ရင်တောင် ရှယ်ရွန်က ကောက်ပြီး ရီဆိုင်ကယ်ထဲပစ်လို့ရတယ်လို့ သင်တယ်။ ကန်တက်ကီအိမ်ရှင် မန်ဒီ၊ မေရီလန်းအိမ်ရှင် ရှယ်ရွန် အမေရိကန်မတွေ ရီဆိုင်ကယ်၊ ရီဆိုင်ကယ်လို့ အော်နေတာပဲ။ အမေရိကန်တွေက ငယ်ငယ်ကတည်းက ရီဆိုင်ကယ်အရေးကြီးပုံကို ကျောင်းတွေမှာ သင်ခဲ့ပုံရတယ်။ ကျွှန်မတို့ရွှေမြန်မာတွေလည်း ရီဆိုင်ကယ်လုပ်ပါတယ် ရီဆိုင်ကယ်မှန်းသာ မသိတာ း) ။ သူတို့လို ရီဆိုင်ကယ်အစိမ်းရောင်ပုံးမှာတော့ မဟုတ်ဘူး။ သတင်းစာ၊ စာအုပ်အဟောင်း၊ ဗလာစာအုပ်အဟောင်း၊ ပုလင်း၊ ဒန်၊ ကန်ဘူးတွေဝယ်တဲ့ ကုလားဆီမှာ။

တောင်းဟောက်စ်လို့ခေါ်ကြတဲ့ နှစ်ထပ်အိမ်ခန်းလေးတွေ တွဲထားတာဖြစ်လို့ သီးသန့်ဆန်သလို  ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်တယ်။ မလှမ်းမကမ်းက မတ်ထရူးဟက်ဆန် လျှောက်လမ်းလေးကို အကြိုက်ဆုံး။ ဝါရှင်တန်ဒီစီအထိ စက်ဘီးစီးလို့ရတယ်။ ဆူနမ်တို့အိမ်နားက ဖောရက်ရေကန်တပတ် အပြေးလေးကျင့် လမ်းလျှောက်ရတာကိုလည်း ကြိုက်တယ်။ ရှယ်ရွန်ကလည်း အလုပ်တဖက်၊ ကျောင်းတဖက်၊ ကိုယ်ပိုင်စီးပွားရေးတဖက်နဲ့မို့ တအိမ်တည်းနေပြီး မတွေ့ဖြစ်ဘူးရယ်။ ဒီဗွီပေါက်လို့ ဒရီနီဒက်ကနေ ယူအက်စ်ရောက်လာတဲ့ ရှယ်ရွန့်တူမ ဇာရာရောက်လာမှပဲ အိမ်မှာ လူရိပ်လူယောင် မြင်ရတော့တယ်။ မြောက်အမေရိကတိုက်နဲ့ တောင်အမေရိကတိုက်ကြား ဗင်နီဇွဲလားနိုင်ငံနားက ဒရီနီဒက်နဲ့တိုဘာဂိုနိုင်ငံလေးက အတော့်ကို သေးသေးလေး။ အမေရိကန် ရပ်ပါ၊ အဆိုတော်၊ သီချင်းရေးဆရာ၊ သရုပ်ဆောင်၊ အမေရိကန်အိုင်ဒေါ ဒိုင်ဟောင်း Nicki Minaj နစ်ကီမနော့ချ်က ဒရီနီဒက်ဇာတိ။ အဆိုတော် Rihana ရီဟားနားက ဒရီနီဒက်နားက Barbaods ကျွှန်းနိုင်ငံလေးဇာတိ။

Natsu, summer in Japanese language.
Yes, she is my summer in winter.

ဒရီနီဒက်ရဲ့ လူဦးရေတဝက်က လူမည်း၊ တဝက်က အိန္ဒိယ၊ တရုတ်လူမျိုး နည်းနည်းရှိတယ်။ ခရစ်ယာန်၊ ဟိန္ဒူ ဘာသာဝင်က အများစု။ ရိုမန်ကက်သလစ်ဘာသာဝင်က အများစုပေမဲ့ ရှယ်ရွန်တို့မိသားစုက Seventh -day Adventists ဘုရားကျောင်းတက်တယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအများစုက ဆန်းဒေးစကူး တနင်္ဂနွေမှာ ဘုရားကျောင်းတက်ကြပေမဲ့ Seventh- day ဘုရားရှိခိုးကျောင်းကတော့ စနေနေ့ ဘုရားကျောင်းတက်ကြတယ်။ စပိန်၊ ဗြိတိသျှ၊ ပြင်သစ်၊ ဒက်ချ် ကိုလိုနီကျရောက်ခဲ့ပြီး ဘေးပတ်ဝန်းကျင်နိုင်ငံတွေက စပိန်စကားပြောပေမဲ့ ဒရီနီဒက်တွေက စပိန်စကား မပြောကြဘူး။ အင်္ဂလိပ်ဘာသာက ရုံးသုံးစကားပါတဲ့။ အထင်ရှားဆုံးပွဲတော်က Carnival လို့ခေါ်ကြတဲ့ ဆန်းဆန်းပြားပြား ဘစ်ကနီအဝတ်အစားတွေ ဝတ်ကြတဲ့ပွဲတော်။ အဲဒီလိုဝတ်ကြတော့ လူတွေဝိုင်းအုံ ကြည့်ကြမှာပေါ့လို့မေးတော့ ကြည့်ဖို့ထက် ကဖို့ကို အားသန်နေကြတာတဲ့။ ကာရစ်ဘီယန်သီချင်းတွေက တော်တော်မြူးတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက ဒရီနီဒက်မယ်က ပထမဆုံးလူမဲ မယ်မကြာဝဋ္ဌာဘွဲ့ ရဖူးပါသတဲ့။

ဖယ်ဒရယ်အစိုးရ ရှပ်ဒေါင်းပြီး ဒီအိုအယ်လ်က ကွန်းထရပ်မရတော့ ဒီစီတရုံးလုံး လေးအော့ဖ်တော့ ရှာရပြန်ပြီ အလုပ်။ ရတော့ နယူးယောက် မက်ဟန်တန်မှာ။ ၂၀၁၃ ကတော့ တကယ့်ကို ထူးခြားတဲ့နှစ်။ လေးအော့ဖ်နှစ်ခါ၊ အလုပ်သုံးခု၊ ပြည်နယ်သုံးခု၊ အိမ်သုံးအိမ် ပြောင်းရတယ်။ နယူးယောက်မှာ အလုပ်ရပြီး နှစ်ပတ်အတွင်း ပြောင်းရတော့ အခန်းအသည်းအသည် ရှာရတယ်။ Craiglist မှာ ကြည့်ပြီး ရှာပေမဲ့ ဘယ်နေရာမှန်းမသိ။ ကန်တက်ကီအိမ်လို သွားမကြည့်ဘဲ တခါတည်း မပြောင်းရဲပါဘူး နယူးယောက်လေ။ မခိုင်မိတ်ဆွေရဲ့ အမျိုးက တကူးတကသွားကြည့်ပြီး ရှာပေးတယ်။ အဲဒီအစ်မနဲ့ မြင်လည်းမမြင်ဘူး၊ စကားလည်း မပြောဘူး၊ စောင့်ရှောက်ကူညီလိုက်ပါဆိုတာနဲ့ သမီးတယောက်၊ ညီမတယောက်လို ကူညီစောင့်ရှောက်တယ်။

အခန်းရှာပေးရုံတင် မကဘူး၊ ထမင်းကျွှန်၊ ပိတ်ရက်တွေမှာ မုန့်ဟင်းခါး ခေါ်ကျွှေးသေးတယ်။ စရောက်တဲ့နေ့ပဲ ပင်ပန်းလို့ အိပ်ပျော်တယ်။ ကားလမ်းမကြီးနဲ့နီးတော့ ဆူညံနေတာပဲ။ လမ်းထိပ်က မီးသတ်ကားဌာနက ကားတွေက ဥသြဆွဲပြီးမောင်း။ အချက်အချာလမ်းမကြီးဆိုတော့ ကားတွေက မပြတ်ဘူး။ ဒီကတိုက်ခန်းတွေက အပေါ်အောက် အသံတွေကြားရတယ်။ အပေါ်ထပ်က ဒုန်းဒုန်း မောင်မျိုးလို စဉ့်နှီတုံးနဲ့ ပြန်ထုရင် နေ့တိုင်းထုရမယ်။ အိမ်ရှင်ရဲ့သမီး ဆယ်ကျော်သက်မလေးက ကာရာအိုအေကို မိုင်ကုန်နဲ့ဟစ်၊ မနက် ၂ နာရီထိမအိပ်ဘဲ မြန်မာရုပ်ရှင်ကားတွေကြည့်။ တိုက်ခန်းက ကျဉ်းကျဉ်းလေးဆိုတော့ အကုန်ကြားရတယ်။ အရင်တုန်းက ဘယ်လောက်ဆူညံဆူညံ အိပ်ပျော်ပေမဲ့ အသက်ကကြီးလာ၊ worry ဝါရီတွေများလာတော့ တော်တော်နဲ့ အိပ်မပျော်ဘူး။ အသံကြားရင် နိုးရော။ အဲဒီကလေးမလေးက နေ့လည်ဆို အိပ်လို့ရပေမဲ့ ကျွှန်မက အလုပ်ထဲမှာ။ ပရောဂျက်ဒက်လိုင်းနေ့တွေက အပတ်တိုင်းဆိုတော့ အလုပ်များလို့ ညဆို ၈ နာရီမှ အိမ်ပြန်ရတယ်။ အလုပ်ကပင်ပန်း အိပ်ရေးကမဝ ခေါင်းဆို ပေါက်ထွက်သွားလေမလားလို့တောင် ထင်မိတယ်။ စနေ၊ တနင်္ဂနွေ သူတို့တွေ အလုပ်သွားဖို့ ပြင်ဆင်ကြတဲ့ မနက် ၇ နာရီလောက်ဆို တခါနိုးပြီး ပြန်အိပ်တာ မနက် ၉  နာရီခွဲ၊ ၁၁ နာရီလောက်မှ နိုးတယ်။


ဒီပုံနဲ့တော့ မဖြစ်ချေဘူးဆိုပြီး အခန်းအသည်းအသည်လိုက်ရှာ။ ပထမဆုံးသွားကြည့်ဖြစ်တာက Astoria အက်တိုးရီးယားဖက်က အခန်း။ အခန်းကကျယ်တယ်၊ ဈေးလည်းကြီးတယ်၊ အဲဒီဖက်က အဖြူတွေများတော့ သန့်တယ်။ အခန်းဖော်က ဝိတ်တာမလေး။ အခန်းကိုကြိ ုက်ပေမဲ့ အခန်းဖော်ဖြစ်လာမဲ့ ဝိတ်တာမလေးပုံစံကို မကြိုက်လို့ မယူဘူး။ နောက်တစ်ခန်းက အမေရိကန်ကျောင်းဆရာမလေး ရည်ရည်မွန်မွန်လေး။ ဈေးနည်းနည်းကြီးလို့ စဉ်းစားနေတာ အလုပ်ထဲက တရုတ်မဆူးက သူလည်းအခန်းရှာနေတာ နယူးဂျာစီကနေ ၂ နာရီကြာအောင် ရုံးတက်ရတာ။ တနေ့ကို ၄ နာရီ ရထားပေါ်၊ ကားပေါ်မှာ အချိန်ကုန်နေတာ Life မရှိဘူးလို့ ခံစားရလို့တဲ့။ ကျွှန်မက အဲဒီအခန်းလေးကို ကြိုက်ပေမဲ့ ဈေးကြီးလို့ စဉ်းစားနေတာဆိုတော့ သူသွားကြည့်တဲ့တိုက်ခန်းတွေက အဲဒီအခန်းဈေးထက် နှစ်ဆများတယ် အဲဒါသက်သာတာဆိုတော့မှ ယူမယ်လို့စိတ်ဒုံးဒုံးချပြီး ဆက်သွယ်တော့ ယူသွားနှင့်ပြီတဲ့။

မက်ဟန်တန်မြောက်ဖက် Bronx ဘရောင်းဖက်ကတော့ ဈေးသက်သာတယ်။ ဒါပေမဲ့ ပဲစားတွေလို့မြန်မာတွေခေါ်ကြတဲ့ မက်ဆီကန်များပြီး Safe မဖြစ်ဘူး။ စင်ထရယ်ပန်းခြံနားက ကိုလံဘီယာတက္ကသိုလ်မှာ ကျောင်းတက်ခဲ့တော့ ဆူးက အဲဒီအနီးအနားတဝိုက်မှာ တိုက်ခန်းရှာနေတာပါတဲ့။ အဲဒီနေရာက ဟော်လန်လေ။ သြော် ဟော်လန်ဆိုတော့ နယ်သာလန်ပေါ့။ ဘယ်ကသာ ငါဆိုလိုချင်တာက Safe မဖြစ်တဲ့နေရာတွေ။ ကိုလံဘီယာတက္ကသိုလ်နားမှာ ပန်းခြံတခုရှိတယ် ဆေးသုံးဖို့ဆို အဲဒီပန်းခြံကို လာကြတာ။ ဟင် ဒါဆို ဘယ် Safe ဖြစ်ပါ့မလဲ။ ငါ အဲဒီနားမှာ ကျောင်းတက်ခဲ့တာ မသွားရင် ဘာမှမဖြစ်ဘူး။ မေရီလန်းအိမ်ရှင် ရှယ်ရွန်က နယူးယောက်မှာ အနှစ်၂၀လောက် နေခဲ့ပြီး အိမ်ထောင်ကွဲတော့ မေရီလန်းကို ပြောင်းလာတာ။ သူနေခဲ့တာက စင်ထရယ်ပန်းခြံမြောက်ဖက် အဲဒီနေရာတွေမှာ လူမဲများတယ် ခုတော့ လူဖြူတွေလည်း ရှိတယ်။ ဒါပေမဲ့ တယောက်တည်းလို့ ခံစားရလိမ့်မယ်တဲ့။

စီးပွားရေးအချက်အချာ တိုင်းစကွဲယားနေရာကို MidTown လို့ခေါ်ပါတယ်။ အဲဒီမှာ အခန်းခတွေက ဈေးကြီးလွန်းလို့ နယူးဂျာဆီ၊ ကွင်း၊ ဘရွတ်ကလင်းဖက်မှာ နေကြပြီး မြို့ထဲကို ရုံးတက်ကြတယ်။ လင်ကွန်း၊ ဟော်လန် မြေအောက်လှိုဏ်ခေါင်း ဖြတ်ရင်ပဲ မြို့ထဲရောက်တဲ့ နယူးဂျာဆီပြည်နယ်ဖက်က  Hoboken ၊ Newport ၊ Jersey City ၊ Union City ဖက်က အခန်းဈေးတွေက မသေး။ မက်ဟန်တန်မြောက်ဖက် ဂျော့ဝါရှင်တန်တံတားကျော်ရင် ကိုရီးယားပြည်လို့ ထင်ရအောင် ကိုရီးယားတွေများတဲ့ နယူးဂျာဆီပြည်နယ် Fort Lee မှာနေတဲ့ မမီးငယ်က သူတို့ဖက်ကို လာကြည့်ပါတဲ့။ နယူးဂျာဆီက တံတားကူးလိုက်ရုံနဲ့ မြို့ထဲရောက်တယ်၊ နေရာတိုင်း ဘတ်စ်ကားရောက်တယ်၊ နေရထိုင်ရ သာယာတယ်ဆိုပေမဲ့  မြေအောက်လှိုဏ်ခေါင်း၊ တံတားပိတ်လိုက်ဖြစ်ဆိုရင် သေပြီဆရာ။ ဆူးဆို ပန်စတေးရှင်မှာ ရထားကို ၁ နာရီစောင့်ခဲ့ရဖူးပါသတဲ့။ ပတ်ထရစ်ရှာဆို ဘတ်စ်ကားပေါ်မှာ တနာရီလုံးလုံး မတ်တပ်ရပ်ခဲ့ဖူးပါသတဲ့။


မနှစ်က စက်တင်ဘာမှာ နယူးဂျာဆီပြည်နယ်အုပ်ချုပ်ရေးမှုး ရွေးကောက်ပွဲတုန်းက ဂျော့ဝါရှင်တန်တံတားမှာ ကားတွေ  ၅ နာရီလောက် ပိတ်နေတာ သတင်းမှာတောင် ပါသတဲ့။ အဲဒါ ခုလက်ရှိပြည်နယ်အုပ်ချုပ်ရေးမှုး ခရစ်ခရစ်စတီးရဲ့ အဖွဲ့သားတွေက တမင်လုပ်တာ၊ သတင်းမှာပါပြီး အုပ်ချုပ်ရေးမှုး ရွေးကောက်ပွဲကို လူတွေအာရုံစိုက်အောင်လို့ပါတဲ့။ Bridge Scandal လို့ သတင်းမှာ နာမည်ကြီးနေပါသတဲ့။ မမီးငယ် ပြောလို့ သတင်းတွေဖတ်တော့မှ သိတော့တယ်။ ဒီလိုမျိုး ပြည်သူတွေ ဒုက္ခရောက်အောင် တံတားပိတ်ပြီး နိုင်ငံရေးအမြတ်ထုတ်လို့ရမှန်း သိသွားတော့တယ်။ ဆိုလိုချင်တာက နယူးဂျာဆီပြည်နယ်က သွားလာရေးပါ။

ဘရွှတ်ကလင်းက ရထားနည်းနည်းရှားတယ် ကွင်းကတော့ မြို့ထဲကို သွားဖို့လာဖို့ အဆင်အပြေဆုံး။ အာရှသားများလို့ အာရှဆိုင်တွေကလည်း ပေါမှပေါ။ နယူးယောက်ပြည်နယ်မှာ နေထိုင်လို့ ဖယ်ဒရယ်၊ စတိတ်တက်စ်အပြင် NYC တက်စ် တလ ၂၀၀၊ Disability မသန်မစွမ်းတက်စ် တလ ၁၀ ပေးရတယ်။ နယူးဂျာဆီဖက်မှာ နေခဲ့ရင် NYC တက်စ် ပေးရမှလားလို့ အကောင့်တင်းဌာနကိုမေးတော့ နယူးဂျာဆီမှာနေခဲ့ရင် ပေးစရာ မလိုပါဘူးတဲ့။ အအေးကြောက်တဲ့ ကျွှန်မ  နယူးယောက်ကို ပြောင်းလာတဲ့နှစ်မှပဲ ရာသီဥတုက အေးလိုက်တာ၊ နှစ် ၃၀ အတွင်းမှာ အအေးဆုံးပါတဲ့။ ဝင်ရိုးစွန်းက ရေခဲတဲ့လေတွေတိုက်လို့ အေးတာများ မိုင်းနပ် ၁၃ ၊ ၁၅။ နေ့လည်ဖက် ထမင်းစားဖို့သွားရင် မျက်လုံးလေးပဲ ဖေါ်ထားတာအောင် ပါးတွေ ကျင်တက်လာတယ်၊ မျက်နှာတခုလုံး ရေခဲရိုက်ထားသလိုပဲ။ နှင်းတွေတအားကျရင် နယူးဂျာဆီဖက်က ဘတ်စ်ကားမထွက်လို့ မန်နေဂျာမပတ်ထရစ်ရှာ ရုံးမလာနိုင်ဘူး။ နယူးယောက်က ရထားတွေကတော့ ထွက်တော့ထွက်တယ် Delay ၊ Service route change ဟိုရထား၊ ဒီရထားပြောင်းစီးရ နာရီဝက်ခရီးက တနာရီကြာတယ်။

စင်ထရယ်ဟီတာဆိုတော့ အပူချိန်မြှင့်လို့မရ၊ ပြတင်းပေါက်က လေတိုးတော့ ကျွှန်မအခန်းက အမြဲအေးနေတာပဲ။ နယူးယောက် ကွင်းဖက်က အခန်းတွေကိုပဲ လိုက်ကြည့်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နောက်သွားကြည့်တဲ့ အခန်းက အိမ်ကနေ ၁၀ မိနစ်လောက် လမ်းလျှောက်ရင် ရောက်တဲ့ တရုတ်အိမ်။ လမ်းမကြီးနဲ့နီးတော့ ဆူတာပါပဲ။ နောက်တအိမ်က ဟိုင်းဝေးလမ်းမကြီးနဲ့ ကပ်လျက်ဆိုပေမဲ့ မှန်တွေက Sound Proof ပါတော့ အသံမကြားရဘူး။ တော်တော်ကျယ်ပါတယ် ဈေးလည်းမဆိုးဘူး။ ဒါပေမဲ့ သူနဲ့သူ့သမီး ၆ နှစ် ကလေးလေးက မနက် ၆ နာရီခွဲဆို ကျောင်းသွားပြီ။ သူ့သမီးက မဆူညံပါဘူးဆိုပေမဲ့ အကြင်နာလေး မနက် ၇ နာရီ ကျောင်းသွားဖို့ကို မနက် ၆ နာရီကတည်းက ထပါဦး၊ မျက်နှာသစ်ပါဦး၊ မုန့်စားပါဦးနဲ့ ကျောင်းကားမလာခင် အဆင်သင့်ဖြစ်နေဖို့ အသားကုန်မောင်းရတော့ မြင်ဖူးတော့ ဒီအိမ်လည်း မဖြစ်ချေဘူး။

Cheese Cake from Financier Patisserie, Grand Central

နောက်သွားကြည့်တဲ့အိမ်က အက်စတိုးရီးယားဖက်မှာ။ အိမ်ရှင်အန်တီကြီးက မဆိုးဘူး သဘောကောင်းပုံရတယ်။ ကန်တက်ကီမှာ နေခဲ့ဖူးတယ်ဆိုတော့ သူ ခုပဲ ကန်တက်ကီကနေ ပြန်လာတာတဲ့။ ဘယ်မြို့မှာနေတာလဲ လူဝီဗီလ်ဆိုတော့ သူ့မောင်က လူဝီဗီလ်မြို့စိန့်မတ်သရူးမှာနေတာ။ ကျွှန်မအလုပ်က လူဝီဗီလ်မြို့ အရှေ့ဖက် သူဋ္ဌေးတွေနေတဲ့ အန်ကာရေ ့မှာ၊ နေတာက မြို့အရှေ့တောင်ဖက် ဂျက်ဖာဆန်မှာ၊ နေ့တိုင်း အလုပ်သွားရင် စိန့်မတ်သရူးကို ဖြတ်သွားရတာ။ လူဝီဗီလ်မြို့က ယူအိုအယ် UOL ( University of Louisville) နဲ့ လက်ဆီတန် Lexington မြို့က UK ( Univeristy of Kentucky) မြို့ခံပြိုင်ဖက်အသင်း နှစ်သင်းတွေ့ကြရင် ယူအိုအယ်လ် အနီရောင်၊ ယူကေ အပြာရောင် အလံတွေ တမြို့လုံးဝဲနေတာ။ ကျွှန်မ  ကန်တက်ကီအိမ်ရှင်က ယူကေကျောင်းထွက်၊ ယူကေအမာခံဆိုတော့ သူလည်း ယူကေပရိသတ် ခုပဲ အဲဒီပွဲကြည့်ပြီး ပြန်ခဲ့တာတဲ့။ ကြည့် လောကကြီးက ကျဉ်းကျဉ်းလေးပါလားနော်။ ဘူတာရုံနဲ့ဝေးလို့ အဲဒီအိမ်ကို မယူဖြစ်ဘူး။

တံခါးဖွင့်လိုက်တာနဲ့ အမြီးနှံ့ပြီး ကြိုဆိုနေတာက နတ်ဆု  Natsu ဂျပန်လို နွေလို့အဓိပ္ဗာယ်ရတဲ့ခွေးနဲ့ မိုချီ Mochi ဂျပန်နိုင်ငံက ရေခဲမုန့်နာမည်ပေးထားတဲ့ ကြောင်ရှိတဲ့ ဂျပန်မအိမ်။ အဲဒီအိမ်ကို သွားကြည့်ပြီး ကြိုက်လို့ အိမ်ရှင်ကို တလနို့တစ်ပေးပြီး ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ပြောင်းတာ ခုဆို ၂ ပတ်ရှိပြီ။ ကျွှန်မက မနက် ၇ နာရီထ ၈ နာရီ ရုံးသွား၊ ည ၇ နာရီ ပြန်ရောက်။ အိမ်ရှင်တွေက မနက် ၉  နာရီ သွား၊ ည ၉  နာရီ၊ ၁၂ နာရီမှ ပြန်ရောက်တယ်။ အခန်းကလည်း နည်းနည်းလှမ်းတော့ ဘာသံမှမကြားရဘူး။ မတ်တပ်ဟီတာပေးထားတော့ စင်ထရယ်ဟီတာက အပူငွေ့နည်းပေမဲ့လည်း နွေးတယ်။ အိပ်တာများ ည ၁၂ ကနေ မနက် ၇ နာရီထိ တရေးပဲ။

ပရောဖက်ဆာ အိမ်ပြန်လာတာကို ဘူတာရုံမှာ စောင့်ကြိုတတ်တဲ့ ခွေးလေး။ ပရော်ဖက်ဆာ သေသွားပေမဲ့ ဆယ်နှစ်လောက် စောင့်ကြိုနေတတ်တဲ့ သစ္စာရှိတဲ့ခွေးလေး။ အဲဒီခွေးလေး အထိမ်းအမှတ် ခွေးရုပ်တုရှိတဲ့ ဂျပန်နိုင်ငံက ဘူတာအကြောင်း ကြားဖူးကြမယ် ထင်ပါတယ်။ ရစ်ချက်ဂီရိ သရုပ်ဆောင်ထားတဲ့ အမေရိကန်ဗားရှင်း Hachi ဆိုတဲ့ ရုပ်ရှင်ထဲက ခွေးအမျိုးအစားက နတ်ဆုတို့ မျိုးနွယ်။ နတ်ဆုကတော့ ဘရွတ်ကလင်းသား အမေရိကန်ပြည်ပေါက် ဂျပန်ခွေး။ အသက်ငါးနှစ်ရှိပြီဖို့ တော်တော်နားလည်တယ်။ ကျွှန်မ ပြန်လာရင် ကြိုကြပြီး အခန်းထဲ လိုက်ဝင်လာတယ်။ ခဏဆို ထွက်သွားကြတော့တာပဲ။ စိမ်းနေသေးတာလည်း ပါတယ်။ နတ်ဆုက ချစ်ခင်တာ ပြတတ်ပေမဲ့ မိုချီကတော့ ဖာသိဖာသာ။ ဖက်တာလည်း မကြိုက်။ မျက်လုံးက တော်တော်ကြီးပြီး အနက်ရောင်မျက်ဆံတွေကို အစိမ်းရောင်လေးတွေက အနားသတ်ပေးထားတယ်။ တော်တော်လှတဲ့ မျက်လုံး။ ဒါပေမဲ့ မျက်လုံးအကြည့်တွေက မနွေးထွေးဘူး အေးစက်စက်နဲ့။


Biggest Xmas tree at Rockefeller Center

အဖေ့ကြောင် မြီးတိုမျိုး ပူစီမလည်း လူသိပ်မကပ်ဘူး။ ကြွက်တော့ အသေခုတ်တယ် ငှက်တောင်ဖမ်းတယ်။
ကျွှန်မတို့ မောင်နှမတွေ ချစ်ကြတဲ့ ဂါးဖီးကတော့ ငပျင်း။ လူနားကပ်ပြီး ချွှဲနေတော့ပဲ။ ကြောင်မချစ်တဲ့ မကြီးတောင် ဂါးဖီးကို ချစ်တယ်။ မနေ့က နှင်းမုန်တိုင်းတိုက်တော့ မိုးရွာ၊ လျှပ်စီးလက်၊ မိုးခြိမ်းတော့ နတ်ဆုက တံခါးကို လာခြစ်တယ်။ တံခါးဖွင့်ပေးလိုက်တော့ ကုတင်ပေါ်တက်၊ စောင်ပေါ် အိပ်တော့တာပဲ။ ကုတင်ပေါ်တက်၊ စောင်ပေါ်တက်အိပ်တာ မကြိုက်ပေမဲ့ သူ့သခင်ဆီမှာ အဲလို အိပ်နေကြနဲ့ တူပါရဲ့။ အရင်နေ့တွေကဆို အောက်ကိုဆင်းခိုင်းပေမဲ့ နားရွက်ထောင် မျက်လုံးအပြူးသား မိုးခြိမ်းတာကို ကြောက်နေတဲ့ပုံဆိုတော့ မမောင်းချရက်ဘူး။ မိုချီကတော့ ခေါ်တာတောင် မလာဘူး။ မိုးခြိမ်းသံထက် နားရွက်၊ သူ့ဗိုက်ကအဆီပြင်ကို ညှစ်ပြီး စတတ်တဲ့ ကျွှန်မကို ပိုကြောက်တယ်ထင်ပါရဲ့ း) ။

နယူးယောက်က တိုက်ခန်းတွေက အခန်းသော့၊ အိမ်သော့အပြင် တိုက်ခန်း မိန်းတံခါးသော့ပါ ရှိတယ်။ သော့မရှိရင် တိုက်ရဲ့ မိန်းတံခါးနားက အခန်းနံပါတ်တွေကို နှိပ်၊ အပေါ်ကနေ တံခါးဖွင့်ပေးမှ ဝင်လို့ရတယ်။ အမှိုက်ပစ်တာကတော့ စင်္ကာပူနဲ့တူတယ်။ တထပ်လုံးမှာ အမှိုက်ပစ်တဲ့နေရာ တခုရှိတယ်။ အဲဒီအပေါက်ကနေ ပစ်၊ အဲဒီနားမှာ ရီဆိုင်ကယ်အတွက် အစိမ်းရောင်ပုံးတပုံးရှိတယ်။ USPS ၊ UPS ၊ Fedex က ပစ္စည်းလာပို့လို့ လူမရှိရင် စူပါလို့ခေါ်ကြတဲ့ တိုက်ခန်းကြီးကြပ်ရေးမှုးက ယူထားပေးရင်တော့ ဆူပါဆီမှာ သွားယူ။ မယူထားပေးရင်တော့ နယ်ခံစာတိုက်မှာ သွားယူရတယ်။ ဈေးဝယ်ရင်၊ အဝတ်လျှော်ရင် ကွင်းသူကွင်းသားတွေက တွန်းလှည်းလေးတွေနဲ့။ အဝတ်ထည့်တဲ့ခြင်းတောင်းကြီးကိုင်ပြီး LaundroMart မှာ အဝတ်သွားလျှော်တဲ့ ကျွှန်မကို အထူးအဆန်း မြင်ရသလို ကြည့်ကြတယ်။ နယူးယောက်သား မဟုတ်မှန်း သိသာလိုက်တာ။

ကျွှန်မ စီးဖူးသမျှထဲမှာ နယူးယောက်က ရထားလိုင်းက အရှုပ်ဆုံး Lousy အဖြစ်ဆုံး။ ကျွှန်မ စီးဖူးတာက စင်္ကာပူ၊ ဟောင်ကောင်၊ ဘောစတွန်၊ ဝါရှင်တန်ဒီစီက ရထားတွေပါ။ မနက်တိုင်း စီးတာက လိမ္မော်ရောင် M  Local လိုင်း ၂ ဘူတာ စီး Jackson Heights ရောက်ရင် အဝါရောင် F Express လိုင်း စီး။ Local က ဘူတာတိုင်းရပ်ပြီး Express က ဘူတာကြီးတွေပဲ ရပ်တယ်။ နယူးယောက် ရထားလိုင်းက သက်တမ်းတော်တော်ကြာပြီ။  စီးတဲ့သူ များသလို ပြသနာလည်း တော်တော်များတယ်။ F စီးနေရင်း ခုရထားက E လိုင်းက သွားမှာလို့ ကြေငြာရင် မြေပုံထုတ် ဘယ်ကနေ ပြောင်းစီးရမလဲကြည့်။ ခုရပ်မဲ့ဘူတာက ဂိတ်ဆုံး နောက်ရထားကို စောင့်စီးပါ။ ကြေငြာသံကို နားစွင့်ရတယ်။ Local ကို ပြောင်းစီးတာ Express Express လို့အော်တော့ Local စီးရမဲ့ ကျွှန်မက ခုန်ထွက်၊ Express စီးမဲ့သူတွေက ခုန်တက်။

Strawberry cake from Financier Patisserie, Grand Central

ခုရပ်မှာ ဂိတ်ဆုံးဘူတာ အောက်က N Q ရထားကိုပြောင်းစီးပါလို့ အော်တယ်။ လူတွေမှ အများကြီး ရထားထဲ လမ်းမလျှောက်ဘဲ ရောက်သွားတယ်။ ဂျပန်မှာ ရုံးတက်ရုံးဆင်းချိန်ဆို  လူတွေကို အတင်းဖိသွင်းပြီး  တံခါးပိတ်တာကို တီဗွီမှာ မြင်ဖူးတယ်။ ကျွှန်မလည်း အဲဒီလိုရထားကို ဂျပန်မှာမဟုတ်ဘဲ နယူးယောက်မှာ စီးဖူးသွားပြီ။ အိပ်ငိုက်နေရာကနေ Jackson Heights ဆိုတဲ့ အသံကြားတော့ Local ပြောင်းစီးရမဲ့ဘူတာပဲ။ ငေါက်ကနဲထ ပလက်ဖောင်းပေါ် ခြေလှမ်းတုန်း Next station is Elmhurst ဆိုတော့ အယ် ငါ စီးလာတာ Local ပဲ ပြောင်းဖို့မှမလိုတာ ရထားပေါ် ပြန်တက်လာတော့ ကောင်လေးတယောက် ပြုံးစိစိနဲ့ ကြည့်နေတယ်။ ဒီဟာမလေး အိပ်ချင်မူးတူးနဲ့ ဘူတာမှားဆင်းတော့မလို့။ အိမ်သစ်က 7 ရထားဘူတာနဲ့ ၅ မိနစ် M ရထားဘူတာနဲ့ ၁၀ မိနစ်။ လမ်းမလျှောက်ချင်တာနဲ့ ၇ ရထားလိုင်းပဲ စီးဖြစ်တယ်။ လိုကယ် ၂ ဘူတာစီးပြီး Express စောင့်တာ လိုကယ်သာ ၃ စီးဖြတ်သွားတယ် Express အရိပ်ကိုတောင် မတွေ့ဘူး။ နောက်ဆုံးတော့ လိုကယ်ပဲ ပြန်စီးတော့တယ်။

နယူးယောက်မှာ ရထားခ သက်သာတယ် ဘယ်စီးစီး  ၂ ကျပ်ခွဲ ။ အဝင်ပဲ ကဒ်ဖြတ်ရတယ် အထွက် ဖြတ်စရာမလို။ ဝါရှင်တန်ဒီစီမှာတော့ ဘူတာလိုက် ဖြတ်တာ ဆယ်ဘူတာလောက်ဆို ၄ ကျပ်ခွဲ တနေ့ကို ၁၀ ။ ဒါတောင် ကားပါကင်ခ ၅ ကျပ်၊ ဓာတ်ဆီ၊ အာမခံကြေး မပါသေးဘူး။ ဝါရှင်တန်ဒီစီမှာ ရုံးတက်တာ ကားခ၊ ရထားခက ၄၀၀ကနေ ၅၀၀ ကြားပဲ။ နယူးယောက်မှာတော့ တလလုံး ကြိုက်သလောက်စီး Unlimited Card က ၁၁၃ ကျပ်ပဲကျတယ်။ တချို့တွေကို Unlimited Card ဝယ်ထားပြီး ၂ ယောက်သုံးကြတာ အလုပ်ချိန် မတူရင်ပေါ့။ Unlimited  Card ဝယ်ထားပြီး ၁ ရက်ပဲ ရှိသေးတယ် ပျောက်သွားပါလေရော။ ကဒ်က ပါးပါးလေးဆိုတော့ ဖုန်းထုတ်လိုက်တဲ့အချိန် ဖုန်းမှာကပ်ပြီး ကျသွားတယ်နဲ့ တူပါရဲ့။ နှမြောလိုက်တာ ။

ခုတော့ Unlimited Card အစား တပတ်ကို ၃၀ လောက်ပဲထည့်ထားတယ်။ ပျောက်ရင်လည်း အများကြီး မပါတော့ဘူးပေါ့။ ဝါရှင်တန်ဒီစီက SmarTrip ကဒ်တွေက ကဒ်နံပါတ်နဲ့ ကိုယ့်အကောင့် ဖွင့်လို့ရတယ်။ ကဒ်ထဲပိုက်ဆံ ၁၀ အောက် နည်းနေရင် ခရစ်ကဒ်နဲ့ AutoLoad လုပ်လို့ရတယ်။ ကဒ်ပျောက်သွားရင်လည်း အဲဒီကဒ်ကိုပိတ်ပြီး ကျန်တဲ့ငွေကို နောက်ကဒ်ဆီ ပြောင်းလို့ရတယ်။ မန်နေဂျာမကို Unlimited Card ပျောက်သွားတဲ့အကြောင်း ငိုပြတော့ နယူးယောက် မတ်ထရိုကဒ်မှာလည်း အဲလိုမျိုး ရှိပါသတဲ့။ ဒါပေမဲ့ အွန်လိုင်းကနေ သပ်သပ်ဝယ်ရတယ်။ နံပါတ်တွေပါတဲ့ မတ်ထရိုကဒ်ကို မေးလ်နဲ့ပို့ပေးတယ်၊ ဆယ်ရယ်လောက်တော့ ကြာပါသတဲ့။ မပျောက်စဖူး အပျောက်ထူး ပျောက်မဲ့ပျောက်တော့လည်း...။ သေချာတယ် နောက်ကို သတိထားတော့မှာ။

Chocolate cake from Financier Patisserie, Grand Central

နယူးယောက်သားတွေကတော့ နယူးယောက်မှာ ရာသီဥတုနဲ့ Subway ရထားက အစိုးမရဘူးဆိုပဲ။ မှန်လည်း မှန်ပါတယ်။ ယခုလောလောဆယ်မှာတော့ Elmhurst အယ်လ်မဟာ့လို့ အမည်တွင်တဲ့ အရပ်မှာ နတ်ဆုလို့ အမည်ရတဲ့ ခွေးတစ်ကောင်၊ မိုချီလို့ အမည်ရတဲ့ ကြောင်တစ်ကောင်နဲ့ နေထိုင်ကြောင်းဗျား။ ဒီအရပ်၊ ဒီဒေသမှာ ရေစက်ရှိသလောက် ပန်းသီးစားရပေမပေါ့။

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၄။

ကြုံရဆုံရ သူဋ္ဌေးဟု အမည်တွင်ကြသူများ...

သာမာန်လခစား ဝန်ထမ်းတစ်ယောက်သာဖြစ်တဲ့ ကျွှန်မမှာ အခုလက်ရှိသူဋ္ဌေး၊ အရင်အလုပ်က သူဋ္ဌေးဟောင်း၊ အလုပ်ပြောင်းခဲ့ရင် သူဋ္ဌေးအသစ်တွေ ရှိလာမှာ။ အဲဒီသူဋ္ဌေးတွေထဲမှာ တချို့က သူဋ္ဌေးစစ်စစ်၊ တချို့က သူဋ္ဌေးလို့ အမည်တွင်သူကြသူတွေ။

ကျွှန်မ မူလတန်းတက်တော့ အဖေက စက်လှေတစ်စင်း ပိုင်နေပြီ။ နေထွက်ကနေ နေဝင် တနေကုန် နွားတွေနဲ့အတူရုန်းလို့ ပင်ပင်ပန်းပန်း အလုပ်လုပ်တာတောင် မပိုလျှံတဲ့ လယ်စိုက်တောင်သူကနေ အဘိုးရှိတဲ့ ဗမာပြည်ကို ( ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းဖက်ကို သူတို့ဒေသအခေါ်) တက်လာ။ လွှထောင် (သစ်လုံးတွေကို လွှနဲ့တိုက်ပြီး သစ်သားတွေ လုပ်တာ)၊ မီးသွေးဖို (မီးသွေးတွေဖုတ်တဲ့လုပ်ငန်း)၊ သစ်တွေကို လှေနဲ့လှော်ပြီး တနေရာကနေ တနေရာကို ကဲ့တုန်း ဘေးကနေ ဖြတ်သွားတဲ့ စက်လှေလေးတွေမြင်ရင် စက်လှေလေး တစ်စီးလောက်ရရင် တော်ပါပြီလို့ တွေးသတဲ့။

မိသားစုတွေဆုံရင် အဖေက ပထမဆုံးစက်လှေကို ဘယ်သူ့ဆီက ဘယ်လိုအခက်အခဲတွေနဲ့ ဝယ်ခဲ့တာလို့ ပြောပြလေ့ရှိတယ်။  ကျွှန်မနဲ့ မောင်မောင်က ငယ်သေးတော့ အဲဒီတုန်းက အကြောင်းတွေကို မမှတ်မိဘူး။ အဖေ ဓာတ်ပြားဟောင်းဖွင့်ရင် ကျွှန်မနဲ့မောင်မောင်က ပတ်ပြေးသလောက် အဖေ မေ့နေတာတွေ မကြီးက ထောက်ပေးလိုက်၊ အဖေက ပြောလိုက်နဲ့ သူတို့သားအဖနှစ်ယောက်က အတိုင်အဖောက် အတော်ညီတယ်။


ဒီလို အလုပ်သမားဘဝကနေ စက်လှေပိုင်ရှင် ဖြစ်လာတော့ အဖေက အလုပ်သမားတွေ ပင်ပန်းတာ၊ အဲဒီအလုပ်သမားတွေကြောင့်သာ သူ့စီးပွားတိုးတာ သိတယ်။ နေ့လည်ဖက် ရွာရိုးတလျှောက် မုန့်ဗန်းကို ခေါင်းပေါ်ရွက်ပြီး လာရောင်းတဲ့ မုန့်လက်ဆောင်းသည်ဆီကနေ အကုန်ဝယ်ပြီး အလုပ်သမားတွေကို ကျွှေးတယ်။ အရောင်းအဝယ်ကောင်းရင် အလုပ်သမားတွေကို ဘောက်ဆူး (ဘောနပ်စ်ကို ဒေသအခေါ်) ပုဆိုး တစ်ယောက်တစ်ထည် ပေးတယ်။ တပေါင်းလ စာရင်းပိတ်ချိန်ဆိုရင် ဘောက်ဆူးပေးသင့်သူကိုပေး၊ လစာတိုးသင့်ကိုတိုး။ အဲဒီအချိန်  ကျွှန်မတို့ ဟိုင်းကြီးမှာရှိရင် အဖေ စာရင်းချုပ်နေတာတွေ ဝိုင်းကူရတယ်။

မူးရူးတဲ့သူတွေကို အဖေက ဆဲဆိုကြိမ်းမောင်းပေမဲ့လည်း အလုပ်သမားတွေက ဆရာကြီး...ဆရာကြီးနဲ့ အဖေ့ကို ချစ်ကြတယ်။ မင်းတို့ကို အလုပ်မပေးနိုင်တော့ဘူး တခြားမှာ အလုပ်သွားရှာတော့လို့ ပြောမှ အဖေ့ဆီက ခွာကြတယ်။ အလုပ်ရှိတယ်ဆိုတာနဲ့ ပြေးလာကြတော့တာပဲ။ တချို ့ဈေးရောင်းတဲ့သူတွေက အလေးကို နှစ်မျိုးထားတယ်။ ဝယ်တဲ့အခါ အလေးအကြီးနဲ့ဝယ်ပြီး ရောင်းတဲ့အခါ အလေးအသေးနဲ့ ရောင်းတယ်။ အမေက အလေးတစ်မျိုးပဲထားတယ် ပိသာတုံးနဲ့ ကျပ်သားအလေးနဲ့။ သူများဆီက မတရားရထားတဲ့ ပစ္စည်းတွေက မမြဲဘူးတဲ့။ မမှန်မကန်တဲ့သူဋ္ဌေးတွေ ဆင်းရဲကုန်တာ မြင်ရတော့ အမေပြောတာ အဟုတ်ပါလား။ မမှန်မကန်တဲ့နည်းနဲ့ ချမ်းသာနေတဲ့သူတွေ မြင်ရပြန်တော့ သြော် ကံကောင်းနေတုန်းပဲလို့ ဖော့တွေးရတယ်။

စင်္ကာပူမှာ အလုပ်ရတော့ လစာလည်းမဆိုး၊ ခရီးသွားကုမ္ဗဏီမို့ နိုင်ငံခြားခရီးတွေလည်း ထွက်ရ၊ အလုပ်ထဲကသူတွေကလည်း ခင်ဖို့ကောင်း။ ကုမ္ဗဏီစတည်ထောင်တဲ့သူဋ္ဌေး မစ္စတာဘိုးက သူဋ္ဌေးဆိုပြီး မာန်မာနမရှိ။  အဲ.. Public Listed Company ပြည်သူတွေကို ရှယ်ယာရောင်းထားတဲ့ ပြည်သူပိုင်ကုမ္ဗဏီဆိုတော့ ဒါရိုက်တာတော့ တော်တော်များတယ်။ စင်္ကာပူဥပဒေအရ ဒီဇင်ဘာလမှာ လစာအပြင် AWS  လို့ခေါ်တဲ့ အပိုတလစာ ရတယ်။ ဖေဖေါ်ဝါရီလမှာ ဘောနပ်စ်ပေးပါတယ်။ နှစ်တိုင်းလစာ နည်းနည်းစီ တိုးတယ်။ ကေပီအမ်ဂျီလို ကုမ္ဗဏီကြီးတွေက ၃ လစာ၊ ၄ လစာ ဘောနပ်စ်ပေးတယ်လို့ကြားရင် ကျွှန်မတို့မှာ သွားရည်တမျှားမျှား ကျတော့တာပဲ။ ကေပီအမ်ဂျီနဲ့ အင်တာဗျူးခဲ့ပေမဲ့ ကျွှန်မကို မရွေးဘဲ ကျွှန်မသူငယ်ချင်းတွေကိုပဲ ရွေးသွားတယ်။  သြော် ကုသိုလ်ကံ...ကုသိုလ်ကံ။


နိုင်ငံခြား ကုမ္ဗဏီဆိုတော့ မြန်မာကုမ္ဗဏီတွေလို သူဋ္ဌေးကို ဖားစရာမလို၊ အလုပ်နဲ့မဆိုင်တာလည်း လုပ်ပေးစရာမလို။ သူဋ္ဌေးပြန်လာမှာမို့ လေဆိပ်မှာ သွားကြိုပေး၊ ပစ္စည်းတွေ သယ်ပေးရတဲ့အကြောင်း မြန်မာပြည်က ကျွှန်မသူငယ်ချင်းက ပြောပြရင် ကျွှန်မမှာ ကျလိကျလိဖြစ်တယ်။ လုပ်ပေးစရာမလိုဘူး၊ နင် အကျင့်မလုပ်နဲ့လို့ ငြင်းခုန်ရင် နင့်ကုမ္ဗဏီက မြန်မာမဟုတ်ဘူး၊ မြန်မာပြည်ထဲမှာ မဟုတ်ဘူးဆိုတဲ့ သူငယ်ချင်းရဲ့ ချေပစကားက ကျွှန်မတို့ အငြင်းအခုန်ကို အဆုံးသတ်စေတယ်။ တကယ်လို့များ သူ့နေရာမှာ ကျွှန်မသာဆိုရင် ဒီလိုလုပ်မှ လစာတိုးမှာ၊ ကိုယ့်သူဋ္ဌေးမို့ ဒီလောက်တော့ လုပ်ပေးရမှာပေါ့လို့ တွေးနေမိမလား။

၁၉၈၂ ဟင်နရီဗုတ် စတည်ထောင်ခဲ့တာမို့ ဗုတ်ပါဝါအင်တာနေရှင်နယ်လို့ နာမည်ဆန်းတဲ့ ကန်တက်ကီအလုပ်မှာ ကျွှန်မ က ကွန်ထရပ်တာ။ ဗုတ်ပါဝါက သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်တဲ့ Mechanical Engineering ကုမ္ဗဏီ။ ရေခဲကို လုံးဝအပိတ်မဟုတ်ဘဲ အလယ်မှာ အခေါင်းပေါက်လေးရှိရင် ရေခဲက ကြာရှည်ပိုခံတဲ့ဆိုတဲ့နည်းကို ဗုတ်က တီထွင်ခဲ့တာပါတဲ့။ သူဋ္ဌေးတွေက အဲဒီရုံးကို မလာတော့ ဗုတ်ပါဝါက သူဋ္ဌေးတွေကို ကျွှန်မ  မတွေ့ခဲ့ဘူး။ အဲ စီအီးအိုစတိဖ်ကိုတော့ အမြဲတွေ့တယ်။ လေးလပတ်အစည်းအဝေးဆိုရင် တရုံးလုံး တက်နားထောင်ရတယ်။

စတိဖ်က ကုမ္ဗဏီအခြေအနေ၊ ရည်မှန်းထားတဲ့ ပရောဂျက်တွေ၊ လွတ်သွားတဲ့ ပရောဂျက်တွေ၊ အမှားအယွင်းတွေ၊ ဘယ်ကိုဦးတည်နေတယ်၊ ဘယ်ဟာတွေကို အလေးထားတယ်၊ အကြံညဏ်၊ ထင်မြင်ချက်တွေ တောင်းတယ်။ လုပ်ဖော်ကိုင်ဖက်တွေဆီက အကြံညဏ်တောင်း၊ Double Check ၊ အလုပ်မှာ ညမိုးချုပ်တဲ့အထိ မနေပါနဲ့။ မိသားစုကို အချိန်ပေးပါ။ အိမ်မှာပျော်မှ အိမ်ကစိတ်ညစ်စရာတွေက အလုပ်ကို မထိခိုက်မှာတဲ့။ အစည်းအဝေးဆိုပေမဲ့ ပျင်းစရာမကောင်းဘဲ စီအီးအိုက ကုမ္ဗဏီအခြေအနေကို ရှင်းပြနေတာကို သဘောကျတာ။ သူဋ္ဌေးအများစုက သူတို့လုပ်ချင်တာလုပ် အလုပ်သမားတွေကို အသိပေးတာမဟုတ်ဘူး။ အမေရိကန်ကုမ္ဗဏီ ဗုတ်ပါဝါကတော့ အဲဒီလို မဟုတ်ဘူး။


ကွန်ထရပ်တာဆိုတော့ ဘောနပ်စ်မရှိဘူး။ လုပ်သက် ၅ နှစ်ရှိပြီဖြစ်တဲ့ ဝေလ်ဂရင်း၊ အာရွန်၊ ၁၅ နှစ်ရှိပြီဖြစ်တဲ့ ပီတာ၊ မင်း ဒီကုမ္ဗဏီဝင်တာ ဘယ်လောက်ကြာပြီလဲ။ ၁ လ လောက်ပဲ ရှိသေးတယ်။ ခင်ဗျားရော ဒီကုမ္ဗဏီမှာ ဘယ်လောက်ကြာပြီလဲ။ ငါလား ၃၅ နှစ် ရှိပြီလို့ ဂုဏ်ယူဝင့်ကြွားလို့ ၃၅ လို့ နာမည်ပြောင်ပေးထားတဲ့ အန်ကယ်။ ဖခင်ကနေ သားအထိ ဒီကုမ္ဗဏီမှာ လုပ်တာ မျိုးဆက်နှစ်ဆက် ၃၅ နှစ်ရှိပြီဆိုတာတွေ မြင်ရတဲ့အခါ ပြည်နယ်တွေပြောင်း၊ အလုပ်တွေပြောင်းနေရတာကို စိတ်ကုန်ပြီး သူတို့လို ကုမ္ဗဏီတခုတည်းမှာပဲ အကြာကြီးလုပ် ကုမ္ဗဏီရဲ့ သက်တော်ရှည် ဖြစ်ချင်လိုက်တာ။

မကြီးရဲ့ အရင်အလုပ်က အိန္ဒိယပဲကုမ္ဗဏီ။ ကပ်စေးနှဲပုံများ ဘောနပ်စ်၊ လစာတိုးဖို့ဝေးလို့  သူတို့နှစ်သစ်ကူး ဒေဝါလီပွဲတော်မှာတောင် မုန့်ဝယ်မကျွှေးဘူး။ ကျွှန်မကတော့ အစားအသောက် ကံကောင်းတယ်လို့ ဆိုရမယ်။ စင်္ကာပူရုံးမှာတုန်းက လမုန့်ပွဲတော်ချိန်ဆိုရင် ပါတနာကုမ္ဗဏီတွေက လက်ဆောင်ပေးတဲ့ လမုန့်တွေကြောင့် နေ့လည် Tea Time ချိန်ဆိုရင် အင်ဒိုနီးရှားမလေးအီရာက လမုန့်လိုက်ဝေတယ်။ တလလောက် နေ့တိုင်း လမုန့်စားရလွန်းလို့ No more moon cake please. လို့ ပြောရတဲ့အဖြစ်။ မားကက်တင်းကလူတွေ ခရီးသွားလို့ပဲဖြစ်ဖြစ်၊ ပြည်တော်ပြန်ကြသူတွေ အပြန်လက်ဆောင်အဖြစ် သူတို့ဒေသထွက် မုန့်လေးတွေ သယ်လာပြီး ကျွှေးလေ့ရှိတယ်။ ခရစ်စမတ်ဆိုရင် အိုင်တီဒါရိုက်တာပီးရဲမိုရယ်အိမ်မှာ၊ ရှန်ဂရီလာဟိုတယ်၊ ဂျပန်ဆူရှီဆိုင်၊ တရုတ်နှစ်သစ်ကူးဆိုရင် ရုံးမှာ ဝါးတီးတွေရှိတယ်။

ကန်တက်ကီက ဗုတ်ပါဝါကုမ္ဗဏီမှာတော့ ပရောဂျက်တွေ ပြီးတဲ့နိုင်ငံက အစားအစာတွေနဲ့ ပရောဂျက်အောင်ပွဲခံကြတယ်။ စပိန်ကုမ္ဗဏီ Initec Energia က MPX ကုမ္ဗဏီအတွက် ဘရာဇီး Parnaiba ပရောဂျက်၊ ဂျာမန်ကုမ္ဗဏီ Siemens က စင်္ကာပူ Tuas ပရောဂျက်တွေပြီးရင် ဘရာဇီးအစားအစာ၊ စင်္ကာပူအစားအစာတွေ ကျွှေးတယ်။ ကန်တက်ကီဒါဘီကျင်းပတဲ့ ချာချေးတောင်းမှာ နှစ်သစ်ကူးညစာ ကျင်းပတယ်။ Tunder Over Louisville  ယူအက်စ်မှာ ဒုတိတယအကြီးဆုံး မီးရှုးမီးပန်းပွဲတော်မှာ ကုမ္ဗဏီကနေ နေရာငှား၊ အစားအသောက်တွေနဲ့ ဆင်နွှဲတယ်။ အမေရိကန်ကြက်ခြေနီ သွေးလှုပွဲ၊ ရင်သားကင်ဆာ လမ်းလျှောက်ပွဲတွေကို ပါဝင်တယ်။ စင်္ကာပူက အေတီချိတ်နဲ့ ကန်တက်ကီက ဗုတ်ပါဝါ ကုမ္ဗဏီက တကယ်ပျော်ဖို့ကောင်းတယ်။


Vacation Leave အားလပ်ရက်ခွင့်နှစ်ရက်စာ သူတို့ပေးမယ်လို့ ဝါရှင်တန်ဒီစီရုံးဟောင်းက အီးမေးလ်ပို့လာတော့ ဝမ်းသာလိုက်တာ ဆွေ့ဆွေ့ခုန်။ အမှန်က ကျွှန်မရဲ့ အားလပ်ရက်ခွင့်တွေကို အကုန်သုံးထားတာ။ သိတဲ့အတိုင်း မနှစ်က ဆူနမ်၊ ရာမား၊ အမ်းထရူးက နာရီဝက်အဝေးမှာ၊ အမ်းထရူးရဲ့ တိုရိုတာရေ့ဗ်ဖိုး စီးတော်မြင်းအသစ်ကြီးနဲ့ တောတွေ အတော်လားဖြစ်တော့ အားလပ်ရက်ခွင့်ကို အကုန်သုံးထားတာ။ ခွင့်နှစ်ရက်တောင်းတာကို ပရောဂျက်မန်နေဂျာကင်က စန်းစန်း နင် တခါမှ work from home အိမ်ကနေ မလုပ်ဘူး ( အမှန်က ဒီအိုအယ်လ်ဆာဗာကိုချိတ်တဲ့ ဆော့ဝဲလ်က ဝင်းဒိုးမှာပဲရတယ်။ ကွျှန်မရဲ့ ကွန်ပျူတာက မက်တ်ဘွတ်ဆိုတော့ ချိတ်လို့မရ။ ဒီတော့ အိမ်ကနေ အလုပ်လုပ်လို့မရ။ )  နင့်ခွင့်တွေကို ငါ work from home လို့ လုပ်လိုက်မယ်။ ခွင့်တွေကို သိမ်းထားဆိုလို့ ကျွှန်မမှာ အားလပ်ရက်ခွင့် နှစ်ရက်ရှိတာပါ။

မခိုင်၊ ကလဲရားတို့ကို လိုက်ကြွားတော့ ကလဲရားက သူ့မှာ ဘကေးရှင်းဆယ်ရက်တောင် ရှိတယ်။ သူ ဘာဘရာ့ကို အီးမေးလ်နဲ့ မေးကြည့်တော့ အားလပ်ရက်ခွင့် မရှိဘူးလို့ ဗြောင်ငြင်းသတဲ့။ အားလပ်ရက်ခွင့်တွေကို နောင်နှစ် သယ်ခွင့်မရှိ၊ ဒီအိုအယ် Department Of Labor က ကွန်ထရပ်မရရင် စက်တင်ဘာမှာ ဒီစီရုံးပိတ်တော့မှာ သိနေတော့ တတ်၊ ဘရန်ဒန်တို့ဆို အားလပ်ရက်ခွင့်တွေကို ရှင်းလိုက်တာ နောင်နှစ်အတွက်ပါ ယူသုံးထားလို့ မိုင်းနပ်တောင်ပြနေတယ်ဆိုပဲ။ လေးအော့ဖ်ပြီးမှ ကလဲရား တရုတ်ပြည်ပြန်တာ အားလုံးအသိ။ နောက်ဆုံး pay check မှာ အားလပ်ရက်ခွင့်နာရီ၊ ဖျားနာခွင့်နာရီ၊ ဘယ်လောက်သုံးထားပြီဆိုတာ ပါတယ်။ အဲဒါကို ဓာတ်ပုံရိုက်ပြီး ပို့။ ဘာဘရာ၊ စီအီးအိုစတိဖ်ကို ဖုန်းဆက်၊ အီးမေးလ်ပို့ခိုင်း။ ကျွှန်မက အားလပ်ရက်ခွင့်အတွက် ပိုက်ဆံရပေမဲ့ ကလဲရား မရတော့ မကျေနပ်ဘူး။

ကျွှန်မက အားလပ်ရက်ခွင့် ၂ ရက်စာဆိုတော့ နည်းနည်းလေးပဲ ရတာ။ ကလဲရားက ယူအက်စ်စီတင်ဇင်းလည်းဖြစ်ပြန် လစာကလည်းကောင်း ခွင့်ကလည်း ၁၀ ရက်တောင်ဆိုတော့ လေးထောင်လောက်ပေးရမှာမို့ ကုမ္ဗဏီက မပေးချင်းလို့ ခွင့်ရက်မရှိဘူးလို့ ငြင်းနေတာပါသတဲ့။ အဲဒီလို ဗြောင်ငြင်းလေ ဒေါသထွက်လေ။ ကလဲရားကို တရားစွဲလို့ မြှောက်ပေးတယ်။ စီအီးအိုစတိဖ်နဲ့ ဒါရိုက်တာ ဂျက်ဆီတို့  ၅ သန်းတန် ဒီအိုအယ်ပရောဂျက်အတွက် အမှုဖြစ်နေတာ တရားစွဲခ ဘယ်လောက်ပေးရတယ် ထင်လဲ။ သောင်းချီကုန်တယ် ငါ့ကို ဂျက်ဆီ ပြောပြလို့ သိရတာ။ လေးထောင်လေးအတွက်နဲ့တော့ ငါ တရားမစွဲလောက်ပါဘူးလို့ သူသိနှင့်နေလို့ ဗြောင်ငြင်းနေတာ။


အေးလေ အားလပ်ရက်ခွင့် ၁၀ ရက်ရှိတယ် ကုမ္ဗဏီဘက်ဂျက်အခြေအနေကြောင့် လေးထောင်အစား နှစ်ထောင်ပဲ ပေးနိုင်ပါတယ် ဆောရီးပါလို့ ပြောရင်တောင် ကျေနပ်နိုင်သေးတယ်။ ခုတော့ ဗြောင်လိမ်ဗြောင်စား အဲဒါကြီးကို အမြင်ကပ်တာ သည်းမခံနိုင်တာ။ စတိဖ်က လူလိမ်လူညာ။ သူ့ရည်းစား ကလေးမွေးတာ ကလေးစရိတ်ကို တရားရုံးကနေ လှမ်းတာင်းလို့ အမှုဆိုင်နေရတယ်။ သူ့ရည်းစား ပိုးကြေးပန်းကြေးဖိုးကို ကုမ္ဗဏီစာရင်းထဲထည့်လို့ စာရင်းကိုင်မစ်ရှဲက ဖုန်းနဲ့လှမ်းကောသတဲ့။ ငါ့ကို နစ်ကိုးလင်း ပြောပြတာ။ သူက အကုန်သိတယ် သူတို့က မျက်နှာချင်းဆိုင်ကိုး။  သူ့မိန်းမကိုလည်း ညာတယ်။ ကုမ္ဗဏီကိုလည်း ညာတယ်။ အလုပ်သမားတွေကိုလည်း ညာတယ်။ ဘာဘရာက ဒီလို ဘယ်လုပ်ရဲမလဲ။ စတိဖ်ညွှန်ကြားပေလို့သာပေါ့။ လူလိမ်လူညာကြီး။

ကျွှန်မတို့ ပို့သတဲ့မေတ္တာတွေ စူးရောက်တာပဲလား၊ မပေးမဖြစ်လို့ပဲလားတော့မသိ ကလဲရားရဲ့ အားလပ်ရက်ခွင့်တွေ ပေးမယ်။ ဒါပေမဲ့ ဘယ်တော့ပေးမှန်းမသိ ဘတ်ဂျက်အခြေအနေကို စာရင်းကိုင်နဲ့တိုင်ပင်ပြီးမှ အကြောင်းပြန်မယ်တဲ့။ စာရင်းကိုင် မဟုတ်တာဘဲ ခပ်ကောင်းကောင်း။ နို့မို့ ကုမ္ဗဏီဝင်ငွေ၊ သူဋ္ဌေးတွေ သုံးတာသိပြန်၊ ဘောနပ်စ်မပေး၊ လစာမတိုးချင်တဲ့ သူဋ္ဌေး၊ စေးနှဲတဲ့သူဋ္ဌေးဆိုပြီး နှာခေါင်းရှုံ့နေဦးမှာ။

စီအီးအိုလျန်က သဘောကောင်းတယ်။ သူနဲ့ပြောဆိုရတာ အဆင်ပြေတယ်။ အန်းနာကတော့ အမြဲအော်ဟစ်နေတာပဲ။ သူ့မိဘတွေက မွန်မွန်ရည်ရည်ပြောတတ်အောင် မသင်ပေးလိုက်ဘူးနဲ့ တူတယ်။
အင်း.. အန်နာ့နဲ့ အလုပ်လုပ်ရတာ ခက်လိမ့်မယ်။ စီအီးအိုလျန်လား ခုတော့ ကောင်းပါလိမ့်မယ်။ လစာတိုးဖို့၊ ဘောနပ်စ်ပေးဖို့သာ ပြောကြည့်လိုက် သေချာတယ် မကောင်းတော့ဘူး၊ မကြည်လင်တော့ဘူး။
ဟေ...

ဒီနေ့ ခရစ်စမတ်အကြိုနေ့ ငါတို့ရုံးတနာရီ စောဆင်းရအောင်။ HQ က လူတွေ မသိစေနဲ့ ငါတို့အချင်းချင်းပဲနော်။ စီအီးအိုလျန်၊ အန်နာ့တို့က ငါတို့စောစောပြန်တာကို မကြိုက်ဘူး။ အလုပ်အကြာကြီး လုပ်စေချင်တာ။


နှစ်သစ်ကူး၊ တရုတ်နှစ်သစ်ကူး ဘာဝါးတီးမှ မရှိဘူး။ ဘယ်လိုကုမ္ဗဏီပါလိမ့်။ ငါလေ စီအီးအိုလျန်ကို တမင်သက်သက်ကို မေးတာ ဘာအစီအစဉ်ရှိလဲလို့။ ပိုင်ရှင်ကလည်း တရုတ်၊ ၈၀ ရာခိုင်နှုန်းကလည်း တရုတ်တွေ ( ပရောဂျက် ၃၊ ၄ ခုကို တပြိုင်တည်းလုပ်ရ၊ အချိန်ပိုလုပ်ပေမဲ့ အချိန်ပိုကြေးမရ၊ ည ၇ နာရီအထိ ရုံးမှာနေစေချင်လို့ အဲဒီကုမ္ဗဏီမှာ အမေရိကန်တွေ မလုပ်နိုင်ပါဘူးတဲ့။ အမေရိကန်တွေ ငါးနာရီ ဒေါင်ဆိုပြန်ပြီ လုံးဝလှည့်မကြည့်ဘူး အချိန်ပိုကြေးပေးမှ) ။ စီအီးအိုလျန်က သူတို့တရုတ်ဓလေ့ကို မကျင့်သုံးဘူး အမေရိကန်ဓလေ့ကို ကျင့်သုံးပါသတဲ့။ အမေရိကန်ဖြစ်သွားပြီမို့ တရုတ်နှစ်သစ်ကူးကို မကျင်းပဘူးထင်တယ်။ အမှန်က ပိုက်ဆံကုန်မဲ့ဟာမှန်သမျှကို မကျင့်သုံးချင်တာ။ ဟွန့်...မသိရင် ခက်မယ်။

စင်္ကာပူရုံးမှာဆို ဟုန်ပေါင်းလို့ခေါ်တဲ့ အနီရောင်စာအိတ်နဲ့ ပန်းလိမ္မော် ၂ လုံး ရတယ်။ စာအိတ်ထဲမှာ ၂၅ ကျပ်လား မသိဘူး။ ဘာလောက်ပဲရရ ပိုက်ဆံရရင် ပျော်တာပါပဲ။ ဒီကုမ္ဗဏီမှာတော့ ဘောနပ်စ်၊ လစာတိုးဖို့ ဝေးလို့ ဟုန်ပေါင်းတောင် မရဘူး။ သောကြာနေ့တိုင်း HQ မှာ တရုတ်ဆိုင်ကနေ အစားအသောက်တွေမှာပြီး နေ့လည်စာ စားကြတယ်။ HQ မှာ ရှိနေရင်၊ စီနီယာက လှမ်းခေါ်လို့ မသွားမဖြစ်ရင် သွားစားဖြစ်တယ်။ လမ်း မိနစ် ၂၀ လောက် လျှောက်ရတာ ပျင်းတာရော၊ တရုတ်ဆိုင်က အစားအသောက်တွေက စားနေတုန်း ကောင်းပေမဲ့ MSG ၊ အာဂျီနိုမိုတိုများ ပါလားမသိဘူး။ စားပြီးရင် ရေငတ်တယ်လို့ သွားမစားဖြစ်တာ များတယ်။

တရုတ်နှစ်သစ်ကူးနေ့ သောကြောနေ့ နေလည်စာ မှာနေကျ တရုတ်အစားအစာတွေအပြင် ငါးကြော်တစ်ကောင်ပါတယ်ဆိုပဲ။ ဒါပေမဲ့ HQ မှာ လူများတော့ စီနီယာခဲတန်ခမျာ တစ်ကိုက်လေးမှတောင် မကိုက်လိုက်ရရှာဘူးဆိုပဲ။ ဒါဆို နင် ခေါင်း၊ အမြီး၊ အရိုးတွေ စားရမှာပေါ့လို့စတော့ ငါ့ကို ကြောင်များမှတ်နေလားတဲ့။ အင်း ယူအက်စ်ကကြောင်ဆိုရင်တော့ အရိုးစားရမှန်းတောင် မသိဘူးလို့ ပြန်နောက်တယ်။ အမေပို့လိုက်တဲ့ ငါးကျည်းကြော် ခုံပေါ်တင်ထားရင် အိမ်ရှင်ရဲ့ မိုချီအမည်ရှိတဲ့ကြောင်က သူနဲ့လားလားမှ မသက်ဆိုင်သလိုပဲ။ ငါးကြော်မကြိုက်တဲ့ ကြောင်မိုက် း) ။ မိုချီဆိုတာ ဂျပန်မှာ နာမည်ကြီးတဲ့ ရေခဲမုန့်နာမည်တဲ့။


ခရစ်စမတ်လက်ဆောင်ပစ္စည်းတွေ လဲကြတော့ အလုပ်ဝင်ခါစ ကျွှန်မမှာ လက်ဆောင်လဲမဲ့ ပါတနာမရှိဘူး။ သူများတွေ လက်ဆောင်ကိုယ်စီ ဖောက်နေချိန်မှာ လက်ဆောင်မဲ့နေတဲ့ ကျွှန်မကို ရုံးက ကိတ်မုန့်တစ်ဘူး လက်ဆောင်ပေးတယ်။ ကျောပိုးအိတ်တအိတ်ရတယ်။ ကျောပိုးအိတ်က ဆူနမ်၊ ရာမား မွေးနေ့လက်ဆောင်ပေးထားတဲ့ Swiss Gear ၊ ကိုယ့်ဘာသာဝယ်ထားတဲ့ Samsonite နှစ်အိတ်တောင် ရှိတယ်။  ပြန်ရောင်းရင် ဘယ်လောက်ရမယ်လို့ ထင်လဲဟင်။ မိတ်အင်ချိုင်းနား တစ်ဆယ်အောက်။ အဲဒီကျောပိုးအိတ်ကို လွှင့်ပစ်ချင်နေတာ ရုံးမှာကတည်းက မကောင်းတတ်လို့။ မိတ်အင်ချိုင်းနားဆိုရင် လွှင့်ပစ်မလို့ မုန့်ဘူးကို ကြည့်လိုက်တော့ မိတ်အင်ဘယ်လ်ဂျီယံဆိုတော့ အိမ်ကို သယ်လာတယ်။

အတော်ကပ်စေးနှဲတဲ့ ကုမ္ဗဏီ။ ကျောပိုအိတ်ပေးမဲ့အစား ပိုက်ဆံ ပေးလိုက်ပါတော့လား။ ဘောနပ်စ်၊ လစာတိုးဖို့ စိတ်ကူးတောင် မယဉ်ဝံ့ပေါင်။  ၈ နာရီခွဲ ရုံးတက်ရပြီး ကလိုင်းရင့်ကို ဒီမိုပရက်စန်တေးရှင်းနေ့နီးရင် ည ၈ နာရီမှ အိမ်ပြန်ရတယ်။ အိတ်ချ်ဝမ်းဘီ လျှောက်ပေးမှာမို့ သည်းခံနေတာ။ အိတ်ချ်ဝမ်းဘီရပြီးတာနဲ့ ပြောင်းမယ်။ ဒီစီ၊ မေရီလန်းဖက်က အမေရိကန်ကုမ္ဗဏီကို။ နယူးယောက်ကို ပြောင်းလာတုန်းက ဘတ်စ်ကားပေါ်မှာသိတဲ့ အန်တီကြီးက တရုတ်ကုမ္ဗဏီဆိုတော့ အသေခိုင်းလိမ့်မယ် မကောင်းဘူး ပြောင်းတဲ့။ အဲလို ပြောသွားတာက မလေးရှားတရုတ်မ။ နောင်များ ချိုင်းနိစ်ကုမ္ဗဏီဆိုလို့ကတော့ နိုး...နိုး...နိုး အမေရိကန်ကုမ္ဗဏီ Only။  ဘောနပ်စ်မပေး၊ လစာမတိုး၊ မတရားခိုင်းချင်တဲ့ သူဋ္ဌေးတွေအကြောင်း  အတင်းချရင် ကျွှန်မသူငယ်ချင်းတွေက နင် သူဋ္ဌေးဖြစ်ရင် သူတို့ထက် ပိုဆိုးမယ်လို့ ဝိုင်းဟားကြတယ်။ ယခုလောလောဆယ်တော့ သူဋ္ဌေးမဖြစ်သေးတော့ အဲဒီသူဋ္ဌေးတွေထက် ဆိုးမဆိုး ကျွှန်မ  မသိသေးပါ။

စန်းထွန်း
ဖေဖေါ်ဝါရီ ၆၊ ၂၀၁၄။