ဟာပါးဖယ်ရီသွား တောလား...
အောက်တိုဘာ ၁  ဖယ်ဒရယ်အစိုးရ ရှပ်ဒေါင်းတာနဲ့ ကိုယ်တို့ရုံးလည်း ရှပ်ဒေါင်းလိုက်တာ အောက်တိုဘာ ၁၇ ဖယ်ဒရယ်အစိုးရ ပြန်ဖွင့်ပေမဲ့ ကိုယ့်တို့ရုံးက ပြန်မဖွင့်။ လကုန်ခါနီးမှာ ဒီအိုအယ် ( Department of Labor ) က ကွန်းထရပ်မရလို့ ဒီစီတစ်ရုံးလုံးကို လေးအော့ဖ်လိုက်တဲ့အကြောင်း Official Letter အော်ဖစ်ရှယ်လက်တာ  ရတယ်။ ပြ ုတ်ပြန်ပြီဟဲ့ နောက်တစ်ခါ း ) ။ ဒုတိယအကြိမ်ဆိုတော့ ဘယ်လိုမှ မနေတော့ဘူး ခန့်မှန်းထားတဲ့ အတိုင်းကိုး။ ပထမအကြိမ် ကန်တက်ကီမှာတုန်းကတော့ အတော်လေး စိတ်မကောင်းတွေဖြစ် ဝမ်းနည်းကြေကွဲ လိုက်သေးတယ်။ တစ်နှစ်တည်းနှစ်ခါ လေးအော့ဖ်တာ ကိုယ့်သူငယ်ချင်းတွေထဲမှာ ကိုယ်တစ်ယောက်တည်း ထင်ပါရဲ့။ ကိုယ့်ရဲ့ကံကိုက နှစ်ခါလုပ်ရတယ်။
တပတ်တခါ ဈေးဝယ်၊ အိမ်နားက မတ်သရူးဟန်ဆန်ထရေးမှာ လမ်းသွားလျှောက်တာကလွဲရင် ဘယ်ဆိုဘယ်မှ မထွက်ဖြစ်။ တနင်္ဂနွေနေ့မှာတော့ ကလဲရားက တစ်နေရာကို သွားလည်ကြမယ်တဲ့။ ဗာဂျီးနီးယားပြည်နယ် Shenandoah ရှယ်နယ်ဒေါဝါးတောင်ကြောက Skyline Drive စကိုင်းလိုင်းဒရိုက် သွားမလား၊ အနောက်ဗာဂျီးနီးယားပြည်နယ် Hapers Ferry ဟာပါးဖယ်ရီသွားမလား။ ရှယ်နယ်ဒေါဝါးတောင်ကြောက ၁၀၅ မိုင်ရှည်တဲ့ စကိုင်းလိုင်းဒရိုက် ကားလမ်းတလျှောက် ၃၅ မိုင်နှုန်းပဲ မောင်းခွင့်ရှိပြီး ၇၅ ခုရှိတဲ့ Overlook လို့ခေါ်တဲ့ ဗျူးပွိုင့်တွေကနေ အဝါရောင်တောကြီးဖြစ်နေတဲ့ ရှယ်နယ်ဒေါဝါးတောင်ကြောအလှ၊ ရွက်ဝါကြွေချိန် အဝါရောင်၊ အနီရောင်သစ်ပင် အလှကို  ရင်သပ်ရှုမော ငေးမောကြတာပါ။ ဒါပေမဲ့ ခုက သစ်ရွက်တွေကြွေလို့ သစ်ပင်တွေက ရိုးတံကြဲကြဲ ဖြစ်နေချိန်ဆိုတော့ ဟာပါးဖယ်ရီကို ရွေးလိုက်ကြတယ်။
Maple Tree During Fall
ကလဲရားက နွေတုန်းကတစ်ခေါက် ရောက်ဖူးပြီးသား။ မရောက်ဖူးသေးတဲ့ သူ့သူငယ်ချင်းနဲ့ကိုယ့်ကို လိုက်ပို့ပေးတာ။ မနက် ၁၀ နာရီ သူ့သူငယ်ချင်း အိမ်နားက Staples စတေပယ်ဆိုင်မှာ ဆုံကြတော့ ကားတိုးခံရဖူးတဲ့ ကိုယ်က ကားထားခဲ့ရမှာ စိတ်မချဘူးရယ်။ ကလဲရားသူငယ်ချင်းက သူ တနေကုန် ထားခဲ့ဖူးတယ် ခုလည်း သူ့ကားကို ထားခဲ့မှာ စိတ်မပူနဲ့ ဆိုတော့မှ စိတ်နည်းနည်းအေးတယ်။ ဒါတောင် စိတ်ဒုန်းဒုန်းချတာ မဟုတ်ဘူး။ အရင်တုန်းက မကြီးကို ကြံဖန်ပူတတ်ရန်ကောလို့တွေးတာ ခုတော့ ကိုယ်တိုင် ကြံဖန်ပူတတ်လာပြီ း) ။ BMW 5 Series  ကားတိုက်ခံရပြီးတော့ BMW SUV X3 ဝယ်ထားတဲ့ ဘီအမ်ဒဘလျူခရေဇီ ကလဲရားက သူ့ကားကို ဘယ်လိုလဲတဲ့။ ကိုယ်ကလည်း SUV ခရေဇီဖြစ်နေတာ စက်ဘီးတင်ပြီး ဘိုက်ကင်းထွက်ချင်လို့။ ကလဲရားက တောင်တက်ဖိနပ်၊ ဘောင်းဘီ၊ အင်္ကီျနဲ့ဝတ်စုံပြည့်။ ဟင်...တောင်မတက်ဘူးဆိုလို့ ပဲများလာတာ အိမ်ပြန်ပြီး တောင်တက်ဖိနပ် ဝင်ယူမယ်ဆိုတော့ ဟိုးထားဆရာ သူ့သူငယ်ချင်းမက တောင်မတက်နိုင်၊ လမ်းမလျှောက်နိုင်ဘူးတဲ့ ။
ဟာပါးဖယ်ရီက မေရီလန်းပြည်နယ် ဆေးပါးစပရင်းမြို့ အနောက်မြောက်ဖက် ၅၅ မိုင်အကွာ ၁ နာရီသာသာ မောင်းရပါတယ်။ ကလဲရားသူငယ်ချင်းမလေးနာမည်က Hao Ren ဟောက်ရန်။ ဟောက်ရန်ဆိုတာ ယောက်ျားလေးနာမည် ဘာလို့ သူ့ကို ပေးထားတာလဲ မသိဘူးတဲ့။ အတန်းထဲက ဗီယက်နမ်ကောင်လေးနာမည်က Hoa Le ဟွားလဲ့။ မိုင်းဖန်က ဟွားဆိုတာ ဗီယက်နမ်လို ပန်း၊ ငြိမ်းချမ်းရေးလို့ အဓိပ္ဗာယ်ရတယ် (တရုတ်ဘာသာမှာလည်း ပန်းကို ဟွားလို့ခေါ်တယ်) ။ သူ့မိဘတွေက မိန်းကလေးနာမည် ဘာလို့ပေးတာလဲ မသိဘူးတဲ့။ အဲဒီတုန်းက ဟွားကိုတွေ့ရင် မေးဦးမယ်လို့ တေးထားတာ ခုထိ မမေးရသေးဘူး။ ဟွားတစ်ယောက်တောင် ကျောင်းပြီးလို့ ဗီယက်နမ်ကို ပြန်သွားပြီလား၊ ယူအက်စ်မှာ ရှိနေသေးရဲ့လား မသိ။
အင်္ဂလိပ်နာမည်က Hanah ဟနာ့ ဂျပန်လိုလို၊ ကိုရီးယားလိုလို။ အလုပ်အကိုင်က Analytical Chemistry  ပစ္စည်းတွေကို ဓာတ်ခွဲစမ်းသပ်ပေးရတဲ့အလုပ်။ ယူအက်စ်ရောက်တာ ၁၂ နှစ်ရှိပြီတဲ့။ အရပ်က ၅ ပေ ၇ လက်မ ဇာတိက တရုတ်ပြည်မြောက်ပိုင်း။ တစ်နှစ်လုံးစာ ၈၀ ပေးရပြီး တစ်နိုင်ငံလုံးက အမျိုးသားဥယျာဉ်၊ ပြည်နယ်အပန်းဖြေနေရာတွေကို ကြိုက်သလောက် ဝင်နိုင်တဲ့ ကလဲရားရဲ့ American The Beautiful - The Nation Parks and Federal Recreation Lands Pass ကဒ်ပြတော့ မနက်ဖြန် စစ်ပြန်များနေ့ Veterans Day မို့လို့ ဝင်ကြေးအခမဲ့တဲ့။ Visitor Center မှာ ကားထားခဲ့ပြီး မြို့ဆီကို ရှယ်တယ် စီးရပါတယ်။ တနင်္ဂနွေနေ့မို့ လာကြတဲ့သူတွေ များသား။ ၁၈၅၉ အမေရိကန်ပြည်တွင်းစစ်တုန်းက  စက်လက်နက်သိုလှောင်စခန်းမှာ ဂျွှန်ဘရောင်း မထင်မှတ်ဘဲ ရုတ်တရက် တိုက်ခိုက်ခံရတဲ့ ဟာပါးဖယ်ရီ။
အနောက်ဗာဂျီးနီးယား၊ ဗာဂျီးနီးယား၊ မေရီလန်း ပြည်နယ်သုံးခု ဆုံတဲ့နေရာ၊ ရှယ်နယ်ဒေါဝါးမြစ်နဲ့ ပတ်တိုးမတ်မြစ်ဆုံရာ ကမ်းနဘေးက ဟာပါးဖယ်ရီမြို့လေးက အတော့်ကို သေးငယ်သလို အတော်လည်း သာယာပါတယ်။ ကိုယ်ကျောင်းတက်ခဲ့တဲ့ အိုင်အိုဝါပြည်နယ် ဖဲဖီးမြို့လေးကို သေးလှပြီထင်တာ ဟာပါးဖယ်ရီက ပိုသေးနေတယ်။ လူဦးရေ ၂၀၀ ကျော်ပဲ ရှိတယ်။ ပြတိုက်၊ စာအုပ်ဆိုင်၊ အမှတ်တရ ပစ္စည်းဆိုင်၊ စားသောက်ဆိုင် ၃ ဆိုင်။ အိမ်ကလေးတွေက သေးသေးကျဉ်းကျဉ်းလေးတွေ။ မနက်စာ ဘာမှစားမလာတဲ့ ကိုယ်က ဗိုက်တဂွီဂွီမြည်နေလို့ အေးရှန်းဆိုင်ရှာတော့  နင့်ဘိုးအေ ဒီလိုနေရာမှာ အေးရှန်းဆိုင်ရှာရသလားတဲ့ ကလဲရားက ကောင်းချီးပေးတယ်။
အမေရိကန်စာ စွပ်ပြုတ်မှာကြတယ်။ စွပ်ပြုတ်ဆိုရင် ပန်းကန်လုံးအကြီးကြီးလို့ ထင်နေတဲ့ ကိုယ့်ကို ကလဲရားက လက်သီးဆုပ်ပြပြီး အဲဒါ စွပ်ပြုတ်ခွက် နင် ဗိုက်ဝမှာ မဟုတ်ဘူး တခုခုထပ်မှာတဲ့။ ကလဲရား မှန်းတဲ့အတိုင်းပါပဲ ကြက်သား၊ အာလူး၊ မုန်လာဥနီ၊ အရွက်တမျိုး ထည့်ပြုတ်ထားတဲ့ (ကန်တက်ကီက ကိုယ့်အိမ်ရှင်အစ်မ အမြဲချက်တတ်တဲ့) စွပ်ပြုတ်ခွက်ကို တစက်မှမကျန်အောင်  သောက်ပြီး ဟော့ဒေါ့ကို စောင့်ရတယ်။ ခရက်ကာကို ပါးစပ်ထဲကောက်ထည့်ဝါး စွပ်ပြုတ်သောက်တဲ့ကိုယ့်ကို ကလဲရားက ခရက်ကာကို စွပ်ပြုတ်ထဲ ထည့်သောက်ရတာ အမေရိကန်တွေက အဲဒီလို စားတာတဲ့။ ဟနာ့က ဒီစွပ်ပြုတ်က ကန်ဗူးနဲ့ ချက်ထားတာ ကြက်သားကို မီးအေးအေးနဲ့ ပြုတ်တာမဟုတ်ဘူးတဲ့။ သူ ဘယ်လိုများ သိပါလိမ့် း) ။
မြို့နံဘေးမှာ အသုံးမပြုတော့တဲ့ မီးရထားလမ်းလေးက လဲလျောင်းအနားယူလို့။ အခုထိ အသုံးပြုနေဆဲ မီးရထားလမ်းပေါ်ကနေ ရထားတွေက ဥသြဆွဲပြီး ဖြတ်သန်းသွားကြလို့။ လမ်းတွေက အများကြီး ဘယ်ကိုသွားရမှန်း မသိတော့ လူတွေဖြတ်ကျော်နေတဲ့ မြစ်ကူးတံတားဆီကို သွားတယ်။ လေတွေ တိုက်တာမှ တဟူးဟူး။ နားရွက်တွေ အေးလာလို့ ဦးထုပ်၊ အနွေးထည်နဲ့ တဆက်တည်း ခေါင်းဆောင်းတွေ ထုတ်ဆောင်းရတယ်။ ရှယ်နယ်ဒေါဝါးမြစ်နဲ့ ပေါင်းဆုံကာ မေရီလန်းနဲ့ ဗာဂျီးနီးယား ပြည်နယ်ကို  ခြားထားတဲ့ ပတ်တိုးမတ်မြစ်လေးက တံတားအောက်မှာ တငြိမ့်ငြိမ့် စီးဆင်းလို့နေတယ်။ စတော်ဘယ်ရီ ခူးကြသူများပို့စ်ထဲက ပတ်တိုးမတ်မြစ်ကို မေရီလန်းပြည်နယ်ဖက်ခြမ်း ဂရိတ်ဖောအမျိုးသားဥယျာဉ်ကနေ သွားခဲ့ကြတာပါ။
ဝါရှင်တန်ဒီစီ ဂျော့တောင်းဘေးနားကမြစ်ကလည်း ဒီပတ်တိုးမတ်မြစ်ပါပဲ။ မေရီလန်းဟိုက်ဖက်ကို တောင်တက်ပြီး မြစ်ဆုံအလှကို ကြည့်မလားဆိုတော့ တောင်မတက်နိုင်တဲ့ ဟနာ့က မြစ်ဘေးတလျှောက်ပဲ လမ်းလျှောက်ရအောင်တဲ့။ Chesapeake & Ohio Canal National Historic Park ပန်းခြံထဲက Appalachain Trail အပါလာချိန်းတောလမ်းလေးတလျှောက် လမ်းလျှောက်ကြပါတယ်။ စက်ဘီးစီးသူတွေ အတော်များတယ်။ လူတိုင်းကလည်း ပြုံးပြနှုတ်ဆက်ကြတယ်။ သစ်ပင်တွေမှာ ရွက်ဝါတွေ ရှိနေခဲ့ရင် ဓာတ်ပုံတွေ ခုထက်လှမှာ။ လေက အရမ်းကို သန့်ရှင်းတယ်။ ကနူးလှေလှော်သူ တချို့ကို တွေ့တယ်။
ဟနာ့က နိုင်ငံရေး စိတ်ဝင်စားလို့ သူနဲ့ လေပေးဖြောင့်တယ်။ ကျောင်းမှာတုန်းက လေပေးဖြောင့်တာ ဂင်္ဂါ။ နိုင်ငံရေး၊ ပထဝီ၊ သမိုင်း အားလုံး ဆွေးနွေးလို့ရတယ်။ အမြင်မတူရင် ငြင်းခုန်ကြတယ်။ ဟနာ့က ဥပဒေနဲ့ ကျောင်းပြီးခဲ့တဲ့ သမ္မတအိုဘားမားကို စိတ်ကောင်းပေမဲ့ မထက်မြက်ဘူးတဲ့။ အိုဘာမားကဲ Obamacare လို့ခေါ်ကြတဲ့ လူတိုင်း စရိတ်သက်သက်သာသာနဲ့ ကျန်းမာရေးအာမခံ ထားရှိနိုင်ရေးဟာ အိုင်ဒီရာကောင်းပေမဲ့ အလုပ်မဖြစ်နိုင်ဘူးတဲ့။ သူ့နာမည် သမိုင်းတွင်ဖို့ လုပ်နေတာတဲ့။ ကျန်းမာရေးကောင်းတဲ့ ငယ်ရွယ်သူတွေရဲ့ အာမခံပိုက်ဆံကို ကျန်းမာရေးမကောင်းတဲ့သူတွေအတွက် မျှခံပေးတာ ကောင်းပေမဲ့ ကျန်းမာရေးကောင်း ငယ်ရွယ်သူတွေက ပိုက်ဆံပိုကုန်ကျလို့ မကြိုက်ကြဘူး။
ကိုယ့်အိမ်ရှင် ရှယ်ရွန်သာကြားရင် ဆွေ့ဆွေ့ခုန်နေမလားမသိ။ သူက ဒီမိုကရက်အမာခံ တီဗွီဆိုရင် ဒီမိုကရက်ရှယ်နယ် msnbc တစ်ခုပဲကြည့်ပြီး ခေါင်းတညိမ့်ညိမ့် ထောက်ခံနေတတ်တယ်။ ရီပါပလင်ကန်ရှယ်နယ်က Fox ၊  ဘယ်ဖက်မှမယိမ်းတာက CNN၊ ABCNews ။ ရှယ်ရွန်က ရီပါပလင်ကန်တွေကို မကောင်းဆိုးဝါး Evil တွေတဲ့၊ သမ္မတအိုဘားမားက လူမည်းဖြစ်နေတော့ သူဘာလုပ်လုပ် ရီပါပလင်ကန်တွေက ကန့်ကွက်မှာပါပဲတဲ့။ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက် ဟီလာရီကလင်တန်ကို အမေရိကန်ရဲ့ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်စေချင်ကြတယ်။ ဦးနှောက်မှာ သွေးခဲမှုဖြစ်လို့ ခွဲစိတ်ကုသပြီး ကျန်းမာရေးအခြေအနေကြောင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်ကနေ အနားယူလိုက်တဲ့ ဟီလာရီကလင်တန်ဟာ သမ္မတကတော်ဟောင်း၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းအဖြစ် နိုင်ငံရေးလောကမှာ အတွေ့အကြုံများတယ်၊ လူကြိုက်များတယ်ဆိုပေမဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးကောင်းပါ့မလားလို့ စိတ်ပူကြတယ်။ ၂၀၁၆ မှာ ယူအက်စ်နဲ့ မြန်မာပြည်မှာ ပထမဆုံးအမျိုးသမီးသမ္မတတွေရှိလာခဲ့ရင် သိပ်ကောင်းမှာပဲ။ ဟီလာရင်ကလင်တန်ကြောင့် နှစ်နိုင်ငံရေးဆံဆက်ရေးကောင်းလာတော့ သူသာသမ္မတဖြစ်ရင် မြန်မာပြည်အတွက် အရမ်းကောင်းမယ်လို့ထင်တယ်။ သမ္မတလောင်းအဖြစ် နာမည်ကြီးနေတာက  နယူးဂျာဆီမြို့တော်ဝန် Chris Christie ခရစ် ခရစ်စတီး။ အိုဗာဆိုဒ်ဖြစ်နေတဲ့ သူ့ခန္ဓာကိုယ်အလေးချိန်ကို မီဒီယာတွေက လှောင်ပြောင်ကြလို့လည်း နာမည်ကြီးတယ်။
အမေရိကန်မှာ ကျန်းမာရေးဆေးကုသစရိတ် အရမ်းအရမ်း ဈေးကြီးတယ်။ ကျန်းမာရေးအာမခံ မရှိဘူးဆိုရင် အသက်ငင်နေပစေ မကုပေးဘူးတဲ့။ ဆေးရုံ တလလောက်တက်ရုံနဲ့ ဆပ်ပေရော့ တသက်လုံး။ ယူအက်စ်ကိုရောက်ခါစ ပိုလန်အလာဂျီဖြစ်လို့ ဆေးခန်းသွားပြတာ ကျောင်းသားကျန်းမာရေးအာမခံက ကာဗာမဖြစ်လို့ ကိုယ့်ဘာသာ ပေးရတယ်။ ဇွန်လမှာ ဆူနမ် နေမကောင်းတစ်ပတ်ဖြစ်တာ ဆရာဝန်က ကျောက်ကပ်မကောင်းတာလားဆိုပြီး သွေးစစ်ခိုင်းတယ်။ ပုံမှန်စစ်ဆေးရတဲ့ဟာတွေဖြစ်လို့ ကုန်ကျငွေ ၂၀၀၀ ကို ကျန်းမာရေးအာမခံက ကာဗာမဖြစ်ဘူး။ အရေးပေါ် emergency တွေမှ ကာဗာဖြစ်တာတဲ့။ အမယ်မင်း... ယူအက်စ်မှာ နေမကောင်းဖြစ်ဖို့ လုံးဝစိတ်မကူးလေနဲ့။
သမ္မတဘုချ်ဆင်းတုန်းက အကြွေးဘယ်လောက် ခုဆို အကြွေးဘယ်လောက် ဘယ်လောက်တိုးသွားတယ်ဆိုပြီး ဟနာ့က အသေအချာ မှတ်မိတယ်။ ဒီမိုကရေစီနိုင်ငံပီပီ နိုင်ငံမှာ အရန်ငွေ၊ အကြွေးဘယ်လောက် ရှိတယ်ဆိုတာ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိကြတယ်။ သမ္မတဘုချ်ကို ပြည်သူတွေ မုန်းကြတယ်တဲ့။ သူ့လက်ထက်မှာ အီရတ်၊ အာဖကန်နစ္စတန်ကို ဝင်တိုက်လို့ စစ်အသုံးစရိတ် အရမ်းကုန်ပြီး ကြွေးထူတယ်။ ခု သူ့ဇာတိ တက္ကဆက်မှာ Secrect Service သက်တော်စောင့်တွေ ခြံရံပြီးနေလေရဲ့ လုပ်ကြံခံရမှာစိုးလို့လေ။ ဟနာ့ပြောတာ စိတ်ဝင်စားလို့ ဂူဂယ်မှာရှာကြည့်တော့ သမ္မတဟောင်းနဲ့ မိသားစုဝင်တွေ လုပ်ကြံမခံရအောင် ကာကွယ်စောင့်ရှောက်ဖို့  Department of Homeland Security အမိမြေလုံခြုံရေးဌာနရဲ့ တစိတ်တပိုင်းဖြစ်တဲ့ Secret Service ကနေ တာဝန်ယူဆောင်ရွက်ပေးဖို့ ဥပဒေကို ၁၉၆၅ ခုနှစ် ကွန်ဂရက်မှာ တင်သွင်းအောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။ အရင်တုန်းက ၁၀ နှစ်ပဲ တာဝန်ယူပေးပေမဲ့ ခုတော့ သမ္မတဟောင်းနဲ့ မိသားစုဝင်တွေ သက်ရှိထင်ရှားရှိစဉ် တလျှောက်လုံး တာဝန်ယူပေးမဲ့ ဥပဒေကို သမ္မတအိုဘားမားက မကြာသေးမှီကပဲ လက်မှတ်ထိုးခဲ့ပါတယ်။
သမ္မတအိုဘာမားက အကြွေးထပ်ယူပြီး ပြည်သူတွေအတွက်တော့ လုပ်ပေးတယ်။ အကြွေးနည်းသွားအောင်တော့ မစွမ်းဆောင်နိုင်ဘူး။  အဲဒီအကြွေးတွေကို ဘယ်သူဆပ်မှာလဲဟင်။ နောက်တက်လာမဲ့အစိုးရ၊ နောက်မျိုးဆက်သစ်တွေ ဆပ်ပေရော့။ နောင်မျိုးဆက် အမေရိကန်တွေ အသက် ၇၃ နှစ်အထိ အငြိမ်းစားယူနိုင်ဖွယ်မရှိလို့ ရာဟူးမှာ ဖတ်လိုက်ရတယ်။ မစ်ရွှန်မနီသာ သမ္မတဖြစ်ခဲ့ရင် စီးပွားရေးကောင်းလာမလား မသိဘူးနော်။ သူ အုပ်ချုပ်ရေးမှုးလုပ်တုန်းက တက္ကဆက်ပြည်နယ် စီးပွားရေးကောင်းလာတယ်လို့ဆိုတယ်။ သူက မော်မွန် (Mormon) ။ မော်မွန်ဆိုတာ ဘာလဲဟင်။ ဆေးဗားစပရင်းမြို့အထွက်တုန်းက အဆောက်အဦးချွှန်ချွှန်ကြီးကို ဘာကြီးလဲလို့ နင် မေးနေတာ အဲတာ မော်မွန်ဘုရားရှိခိုးကျောင်း ခရစ်ယာန်တစ်မျိုး။ ဒါပေမဲ့ အဲဒီဘာသာကို အမေရိကန်တွေ သိပ်မကြိုက်ဘူး။
The Church of Jesus Christ of Latter Day Saints
credit to wikipedia.com
၁၈၄၆ နောက်ပိုင်း မစ္စစ္စပီမြစ်အရှေ့ဖက်ခြမ်းမှာ ပထမဆုံးဆောက်တဲ့၊
ယူအက်စ်မှာ အမြင့်ဆုံး ဘုရားရှိခိုးကျောင်းဖြစ်ပြီး ၁၅ မီလျံ ကုန်ပါတယ်။
Utah ယူတာ့ပြည်နယ်က Salt Lake Temple ဒီဇိုင်းကိုယူပြီး
အဖြ ူရောင် Alabama marble ကျောက်တွေနဲ့ ဆောက်ထားတာတဲ့။
တခြားဘုရားရှိခိုးကျောင်းတွေနဲ့ နည်းနည်းကွဲတယ်နော် ။
ဒါပေမဲ့ မစ်ရွှန်မနီက တရားဝင်မိန်းမတစ်ယောက်ပဲ ရှိတာ။ ဟာ... ဒါဆို မော်မွန်ယောက်ျားလေးကတော့ ကော်တာပဲ မယားလေးယောက် ယူမယ်။ အောင်မလေး...ဒီခေတ်ကြီးမှာ မယားတစ်ယောက်တောင် မနည်းရှာကျွှေးရတာ။ မယားလေးယောက် အံ့ပါရဲ့စိတ်ကူးယဉ်မနေစမ်းနဲ့။ ယူအက်စ်မှာ လိင်တူလက်ထပ်ထိမ်းမြားခွင့်ပြုတယ်၊  ကြိုက်သလောက်ကွဲ ကြိုက်သလောက်လက်ထပ်။ ဒါပေမဲ့ ဥပေဒအရ တရားဝင်မယားတစ်ယောက်ပဲ ယူခွင့်ရှိတယ် အပြိုင်မယား ယူခွင့်မရှိဘူး။ အမေရိကန်နိုင်ငံသားလျှောက်ရင် စစ်မေးတဲ့မေးခွန်းထဲမှာ မယားပြိုင်ယူထားလား၊ ယူအက်စ်ကို တရားမဝင် လူခေါ်သွင်းဖူးသလား မေးခွန်းတွေပါတယ်။
ကလဲရား၊ ဟနာ့တို့ ငယ်ငယ်တုန်းက ဟိုက်စကူးကို အဆင့်မြင့်မြင့်နဲ့အောင်ဖို့၊ ရည်းစားမထားဘဲ စာကိုပဲအာရုံစိုက်စေဖို့ အိမ်က အတော်တင်းကျပ်တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ရောက်မှ ရည်းစားထားရပြီး တက္ကသိုလ်မှာ ရည်းစားမရရင် အလုပ်ထဲမှာတွေ့။ အသက် ၂၅ ကျော်လို့မှ ရည်းစားမရှိရင် ခက်သွားပြီတဲ့။ ကိုယ်တို့ ငယ်ငယ်ကလည်း ဒီလိုပါပဲ ဆယ်တန်းအထိ ရည်းစားမထားနဲ့ တက္ကသိုလ်ရောက်မှ ထားတဲ့။ ခုခေတ်ကလေးတွေကို ဒီလိုထိန်းကျောင်းလို့ ရမယ်မထင်ဘူး။ တရုတ်ပြည်မှာ One Child policy အရ မျိုးရိုးဆက်ခံဖို့ ယောက်ျားလေးပဲ လိုချင်ကြတယ်။ ဒါကြောင့် ယောက်ျားလေးဦးရေကများ မိန်းကလေးဦးရေကနည်း။ အရွယ်ရောက်တဲ့ တရုတ်အမျိုးသားတွေ အိမ်ထောင်ပြုဖို့ သတို့သမီးရှားပါးနေလို့ မြန်မာ၊ ဗီယက်နမ်က သတို့သမီးတွေ ဝယ်ရတယ်လို့ ကြားတယ်။
အဲဒါ နယ်ဖက်က ပညာမတတ်တဲ့ ယောက်ျားလေးတွေ။ မြို့ပေါ်မှာ ပညာတတ် မိန်းကလေးများတယ်။ အဲဒီမိန်းကလေးတွေဟာ သူတို့နဲ့တန်းတူကိုမှ ယူမယ်လို့ ဆုံးဖြတ်ထားရင် အပျိုကြီးဖြစ်ဖို့ ရာခိုင်နှုန်းများတယ်။ ခု တရုတ်ပြည်မှာ သက်ကြီးရွယ်အိုတွေ များလာပြီး လူငယ်တွေ နည်းနေလို့ တစ်အိမ်ထောင် ကလေးတစ်ယောက် ပေါ်လစီကို ပြင်တော့မယ် ကြားတယ်။ နင် ဘာလို့ ယူအက်စ်လာတာတုန်း။ ယူအက်စ်က နံပါတ်တစ်ဆိုလို့။ ခု ယူအက်စ်က နံပါတ်တစ် မဟုတ်တော့ဘူးဟ။ ငါ တရုတ်ပြည်ပြန်ရင် ငါ့သူငယ်ချင်းတွေက သြစီ၊ ကနေဒါ၊ ဆွီဒင်တို့မှ ကောင်းတာ။ အစိုးရ ချမ်းသာတယ်၊ ပညာရေးကောင်းတယ်၊ လုံခြံခြုံတယ်တဲ့။ ငါတောင် အသက်ကြီးရင် တရုတ်ပြည်ပြန်မလားလို့။ ကျောင်းအကြွေးတွေက ထပ် ထပ်တိုး၊ အလုပ်က ခဏ ခဏပြုတ်၊ အိတ်ချ်ဝမ်းဘီရဖို့က  အရမ်းခက်၊ သေနတ်ပစ်မှုတွေနဲ့ မလုံခြံခြုံ၊ ယူအက်စ်ကို ပြန်ဝင်ရင် ဗီဇာပြန်လျှောက်ရ၊ လေယာဉ်ခက ဈေးကြီး။ ဒီလိုနဲ့ မြန်မာပြည်မပြန်နိုင်တာ ၃ နှစ်ရှိပြီ။ ယူအက်စ်ကို မလာဘဲ သြဇီကို သွားခဲ့ရင် ကောင်းသား။ ခုလောက်ဆို သြဇီပီအာ ဖြစ်နေလောက်ပြီ။ မြန်မာပြည်နဲ့လည်းနီး တစ်နှစ်တစ်ခေါက်လောက် ပြန်နိုင်မယ်။
ရုံးက စင်္ကာပူသူနစ်ကိုးလင်း ပြောပြတာက ယူအက်စ်မှာ တချို့မိန်းမတွေ ကလေးမွေးတာ ချစ်လို့မဟုတ်ဘူး  ကလေးပြပြီး တောင်းစားတာတဲ့။ တရားဝင်လက်ထပ်မထားလည်း၊ ယောကျ်ားမှာ တရားဝင်မယားရှိပေမဲ့လည်း ရုံးမှာလျှောက်ထားရင် ကလေးစရိတ်ကို အဲဒီယောက်ျားရဲ့ လစာထဲက အော်တိုဖြတ်တယ်တဲ့။ ကလေးအဖေဆီက ကလေးထောက်ပံ့စရိတ်၊ အလုပ်လက်မဲ့ခံစားခွင့်၊ အစိုးရဆီက Single Mom ထောက်ပံ့ကြေးရလို့ ကလေး ၃၊ ၄ ယောက် မွေးထားရင် အလုပ်လုပ်တဲ့သူထက်တောင် ဝင်ငွေကောင်းသတဲ့။ အဲဒီထောက်ပံ့ငွေတွေကို အလုပ်လုပ်သူတွေက ပေးရတော့ အလုပ်လုပ်အခွန်ထမ်းသူတွေက အစိုးရကို မကျေနပ်ကြဘူး။ သန္ဓေတားခြင်းကို တားမြစ်တဲ့ ရိုမန်ကက်သလစ်ဘာသာဝင် မက်ဆီကန်မိသားစုတွေဆို ကလေးတွေတပြုံကြီး။
ပြည်နယ်သုံးခု၊ မြစ်နှစ်ခု ဆုံတဲ့နေရာ...
ကိုယ်ရပ်နေတာက အနောက်ဗာဂျီးနီးယားပြည်နယ်၊
ဘယ်ဖက်က မေရီလန်းပြည်နယ်နဲ့ ပတ်တိုးမတ်မြစ်၊
ညာဖက်က ဗာဂျီးနီးယားပြည်နယ် ရှယ်နယ်ဒေါဝါးမြစ်...
ရောက်ဖူးချင်ခဲ့တာ ဧရာဝတီမြစ်ဆုံ... ကိုယ် မြန်မာပြည်ပြန်တဲ့အချိန် ဧရာဝတီမြစ်ဆုံ ဆိုတာရော ရှိပါဦးမလား
အပြန်မှာ ရှယ်တယ်မစီးဘဲ မြစ်ဘေးနားတလျှောက် လမ်းလျှောက်တာ လေတိုက်ရင် တအားအေးလို့ ကားလမ်းဘေးလမ်းကနေ လျှောက်တယ်။ Vistior Center ရောက်ခါနီး တောင်အမြင့်ကြီးကို ဝ.၃ မိုင် တက်လိုက်ရတာ ဟိုက်နေတာပဲ။ အပြန်လမ်းမှာ ကလဲရားနဲ့ဟနာ့တို့ တွတ်ထိုးနေတာ ဝင်မတွတ်နိုင်ဘူး အိပ်ပျော်သွားတယ်။ နိုဝင်ဘာလကုန် ကျေးဇူးတော်နေ့ ပိတ်ရက်၊ ဒီဇင်ဘာ ခရစ်စမတ်၊ နှစ်သစ်ကူး ပိတ်ရက်တွေမှာ အားလပ်ရပ်ခရီး ထွက်ကြတာမို့ အင်တာဗျူးတွေ အင်မတန်နည်းတယ်။ ကျေးဇူးတော်နေ့မတိုင်ခင် အလုပ်ရမှ။ နို့မို့ နောက်နှစ်ကူးသွားမှာ။ ခုတလော စိတ်ဖိစီးတယ် ညည အိပ်မပျော်ဘူး။ ညဖက် အိပ်မပျော်တာတွေရော၊ ၄ နာရီ လမ်းလျှောက်လို့ ပင်ပန်းတာရောနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။
ရော့ခ်ဗီလ်မြို့က တိုင်ဆန်တရုတ်ဘူဖေး သွားစားကြတော့ ဒီလိုထွက်မစားဖြစ်တာကြာပြီ။ တစ်ယောက်တည်း သွားမစားချင်လို့ဆိုတော့ ကလဲရားက ငါကတော့ တစ်ယောက်တည်းလည်း သွားစားတာပဲတဲ့။ သူကတော့ အာဂသတ္တိခဲ ဘာဆိုဘာမှ မကြောက်တာ။ ကိုယ့်ကားရဲ့ ကန်တက်ကီမှတ်ပုံတင်က နိုဝင်ဘာဆိုကုန်ပြီ။ တခြားပြည်နယ်ကကားတွေကို ကန်တက်ကီမှာ မှတ်ပုံတင်ရင် ဘယ်ညာ စစ်ကနယ်၊ ဘရိတ်၊ ရှေ့မီး၊ ဟွန်းလောက်ပဲ အင်စပက်တယ်။ မေရီလန်းမှာတော့ အင်စပက်ရှင်းဆိုတာ ဝယ်မဲ့နွားစစ်သလို အသေအချာ စစ်တာ။ အင်စပက်ရှင်းအောင်ရင် အီမစ်ရှင်း (လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ် လွှင့်ထုတ်ခြင်း) စစ်တယ်။ မေရီလန်း အင်စပက်ရှင်းအောင်ဖို့ ပြင်ရမှာ အတော်ကုန်မှာမို့ မပြင်တော့ဘူး ဒီလာမှာ အောက်ဈေးနဲ့ ရောင်းရတော့မယ်။
ဆယ်လီဗြွတ်တီ့မျက်မှန်နဲ့ စန်းထွန်းတစ်ယောက် ဂိုက်ပေးကြမ်းနေပုံ (တီတီဆွိ လေသံ) 
တနေ့က ကားဝယ်မဲ့သူတွေ လာကြည့်တာ အင်ဂျင်ချက်ဆိုင်းပေါ်နေလို့ မဝယ်ဘူးတဲ့။ မခိုင်ဆီမှာကတည်းက အင်ဂျင်ချက်ဆိုင်း ပေါ်နေတာ။ မမီးမီးက အင်ဂျင်ချက်ဆိုင်း ပေါ်နေတာ အင်ဂျင်မကောင်းလို့ ဝယ်ကတည်းက နင် မသိဘူးလားတဲ့။ ဝယ်တုန်းက ဘာကားအမျိုးအစား၊ ဘာအရောင်၊ ဘယ်လိုပုံမှန်းတောင် မသိဘူး။  ရှစ်ပင်းကားက လာပို့တော့မှ မြင်ဘူးတာ။ ခုဆို ရာသီဥတုက အေးနေပြီ။ ဘတ်စ်ကားစောင့်ဖို့က အေးပါဘိနဲ့။ မွေးနေ့လက်ဆောင်အဖြစ် ကားအသစ်နဲ့ အလုပ်အသစ် လိုချင်တယ်။ နင်လိုချင်တာ ဘာကားလဲ။ Cadillac SRX ။ ကက်လက်က Luxury ဇိမ်ခံကား ဈေးကြီးတယ် ။ အင်း အဲဒီကားကို လိုချင်တာ။ နင်ဟာလေ အကောင်းကြိုက် ဈေးကြီးတာမှ လိုချင်တယ် ဟိုဟာလိုချင် ဒီဟာလိုချင် အဲဒါကြောင့် နင့်ကို ကောင်လေးတွေ ဝှောင်ဝှောင်ရှေးတာ နင့်လိုအင်တွေ မဖြည့်နိုင်လို့။ ဒီမှာ ကလဲရား ကောင်လေးကဝယ်ပေးမှ သုံးနိုင်မှာလား ငါ လိုချင်တာ ငါ့ဘာသာ ဝယ်နိုင်တယ်။ တော်ကြာ အခန့်မသင့်လို့ လမ်းခွဲကြရင် ချစ်လက်ဆောင်တွေ ပြန်ပေးဆိုမှ ဟုတ်ပေ့ဖြစ်မယ် း) ။
ကိုယ်နဲ့ခရီးတွေ အတူတူသွားတဲ့၊ သုံးကောင်သား လုံးထွေးနေတဲ့၊ ခြစ် အဲလေ ချစ်သူငယ်ချင်းများဖြစ်တဲ့ ဆူနမ်၊ ရာမား၊ အမ်းထရူးတို့ကို သတိရတယ်။ သူတို့နဲ့ ခရီးမထွက်တာ ကြာပြီ။ အေးလာရင် အနီကွက်တွေထ ခဏခဏထိုင်နားရတဲ့ အအေးအလာဂျီရှိတဲ့ ရာမားကြောင့် ဆောင်းတွင်းမှာ ခရီးထွက်ခဲတယ်။ လွန်ခဲ့တဲ့ စနေနေ့ စာမေးပွဲဖြေတုန်းက ဆုံကြသေးတယ်။ သူတို့ရဲ့ နောက်ဆုံးစာမေးပွဲ အထိမ်းအမှတ်အဖြစ် နီပါလီစားသောက်ဆိုင်မှာ သွားစားတာ ကားပါးကင်အခက်အခဲကြောင့် ဒီနာနဲ့ကိုယ့်ကားကို ချေဗီချေ့စ်ဟိုက်စကူးကျောင်းမှာ လာထား။ နောက်မှာ မိန်းကလေးလေးယောက်ထိုင်၊ ဒီနာနဲ့ကိုယ်က ပုလိပ်မမြင်အောင် ကိုယ်ဖျောက်ထိုင်ကြတာ တဟားဟားနဲ့။
ဒီခရီးစဉ်မှာ ကိုယ် အကြိုက်ဆုံး ဓာတ်ပုံ
credit to Google
မေရီလန်းဟိုက်ဗျူးပွိုင့်ကို တက်မှ ဒီလိုရှုခင်းမျိုး မြင်ရတယ်
credit to Google
ရာမားနဲ့ကိုယ်ကို ဘယ်ဒယ်စဒါ မြို့လယ်ခေါင်မီးပွိုင့်မှာ ချထားခဲ့ပြီး သူတို့က ပါ့ပလစ်ပါကင်းဆီ သွားတယ်။ ဟိမလေးရန်းစားသောက်ဆိုင်ရောက်တော့ ညနေ ၃ နာရီ ထိုးခါနီးပြီ။ ဝိတ်တာက ၃ နာရီဆို ဆိုင်ပိတ်မှာမို့ အမြန်မှာပါတဲ့။ ဆူနမ်တို့ကို ဖုန်းခေါ်တာလည်းမရ ရာမားတစ်ယောက် ကြိုးစားပြီး သူတို့ကြိုက်လောက်တဲ့ အစားအသောက်တွေ မှာတယ်။ ကိုယ့်သူငယ်ချင်းတွေက နီပါလူမျိုးတွေဆိုတော့ သူတို့ကြိုက်တဲ့ အိန္ဒိယ၊ နီပေါ စားသောက်ဆိုင်တွေကို လိုက်စားပေမဲ့ တကယ်တော့ အဲဒီအစားအစာတွေကို ကိုယ် မကြိုက်ဘူး။ အဲ အဲဒီဆိုင်တွေမှာပဲရတဲ့ မန်းဂိုးလက်ဆီလို့ခေါ်တဲ့ သရက်သီးဖျော်ရည်တော့ ကြိုက်တယ်။ ကားနောက်ခန်းမှာ ကိုယ်ဖျောက်ထိုင်တော့ ကျောင်းတုန်းက အဲဒီလိုအမြဲ စီးကြတာ သတိရမိသေးတယ်။ ဆုံရပ် Staples မှာ ကားကိုမြင်လိုက်တော့မှ စိတ်အေးသွားတယ် ဟနာ့ပြောတာမှန်တယ် တကယ် လာမတိုးဘူး း) ။
ပတ်တိုးမတ်က တသွင်သွင်
ဆောင်းလေညှင်းက တသွဲ့သွဲ့
ရော်ရွက်ဝါက တဖြုတ်ဖြုတ်
ကျေးငှက်က တီတာတာ
နေခြည်နွေးက ဖြာလင်းလဲ့
သာယာဝေစီ ဟာပါးဖယ်ရီ
နောက်တစ်ကြိမ် ရောက်ချင်စမ်းပါဘိ...
စန်းထွန်း
နိုဝင်ဘာ ၁၇၊ ၂၀၁၃။
5 comments:
Anonymous said...
Nice and beautiful!San San
Khine
Anonymous said...
ချစ်သောမမအိုင်အိုရာ
မီးမီးငယျ said...
စန်းထွန်းလေးရေ..
ဆုတောင်းပေးတယ်..
goldfish said...
TTW
San San Htun said...
Anonymous said...
ဖတ်လို့အရမ်းကောင်းတယ်။
အမြန်ဆုံးလိုချင်တဲ့အလုပ်ရပါစေ။
ကိုယ်တို့ငယ်ငယ်က "Take me home country road" သီချင်းကခေတ်စားတယ်။ ကိုယ်အရမ်းသဘောကျတယ်။ အမေရိကားကနေရောက်လာတဲ့ ကာရာအိုကေဗီဒီယိုခွေမှာ အဲဒီသီချင်းနဲ့သရုပ်ဖေါ်လမ်းတွေ တောင်တန်းတွေ ရှယ်နဲန်းဒိုး မြစ်တွေကိုလည်းလှလွန်းလို့သိပ်စွဲလန်းခဲ့တာ။ အဲဒီအခွေကိုခဏခဏကြည့်ပြီးလိုက်ဆိုခဲ့တယ်။
တခါသားကျတော့ကံကောင်းတော့ အမေရိကားမှာသွားချင်လည်ချင်တဲ့နေရာတွေ စိတ်ကြိုက်ရွေးချယ်ခွင့်ရခဲ့တယ်။ အဲဒါ Shenandoah National Park ကိုတစ်ခုရွေးခဲ့တယ်။ အဲဒီရှယ်နဲန်းဒိုးမြစ်ဘေးမှာလျှောက်ခဲ့ရတဲ့တချိန်လုံး အဲဒီသီချင်းကိုညီးပြီးလျှောက်ခဲ့ပျော်ခဲ့တယ်။
Yellowstone NP ကိုသွားလည်တုန်းကတော့တချိန်လုံး ပက်တိုးမတ်မြစ် အကြောင်းဖတ်ခဲ့ကြားခဲ့ရပြန်တယ်။
စန်းထွန်းစာလေးကြောင့်အပျော်တွေကူးစက်သွားတယ်။
ကျေးဇူးပါစန်းထွန်းလေးရေ။
ချစ်သောမမအိုင်အိုရာ
November 17, 2013 at 1:26 PM
မီးမီးငယ် said...
စန်းထွန်းလေးရေ..
အလုပ်မြန်မြန်ရပါစေကွာ...
မရောက်ဖူးတဲ့ဒေသတွေကိုငေးမော၊
ကြည့်ရူငန်းကြောထသွားပါတယ်..၊
ကိုယ်လည်းဒီအမေရိကားမှာအရှေ့ဖက်၊
ကနေဘယ်ကိုမှမရောက်ဖူးသေးဘူး..။
စကားမစပ် အိုင်တီလောကမှာကိုအာချားဟဲ
တို့တသိုက်တော့ဘုရင်ဘဲ...၊
လောင်းအိုင်းလိုင်းမှာတုံးက
တွေ့ခဲ့တဲ့အာချားဆိုရင် BMW,Cadillac
ဘဲစီးကြတာ..တနေ့စန်းထွန်းလည်း
သူတို့လိုဖြစ်လာပါစေလို့...နော်
ဆုတောင်းပေးတယ်..
November 17, 2013 at 6:51 PM
goldfish said...
ဖတ်လို့ အရမ်းကောင်းပါတယ်။ Layoff မိသွားတယ် ကြားရတာ စိတ်မကောင်း ပါဘူး။ အလုပ် မြန်မြန်ပြန် ရှာတွေ့ပါစေဗျား.. နေရာမရွေးရင်တော. မြန်မယ် ထင်တာပါပဲ။ Good Luck နော်..
TTW
November 18, 2013 at 9:27 AM