ကန်နွမ်ဘာ့ခ်သွား တောလား...

fအောက်တိုဘာ ၁ ဖက်ဒရယ်အစိုးရရုံးတွေ ရှပ်ဒေါင်းတော့ ကျွှန်မ တို့ရုံးလည်း ရှပ်ဒေါင်းပါတယ်။ ရုံးမတက်ရ၊ လစာလည်းမရ ရုံးခဏ ပိတ်လိုက်တာကို laidoff  လေးအော့ဖ် ( အလုပ်ဖြုတ်ခံရခြင်း) လို့မခေါ်ဘဲ Furlough ဖော်လုပ် (ခဏပိတ်ထားခြင်း) လို့ ခေါ်ပါတယ်။ နိုင်ငံသားတွေကတော့ unemployment benefit အလုပ်လက်မဲ့ ခံစားခွင့် ရှိပါတယ်။ ရှပ်ဒေါင်းချိန်မှာ ပြတိုက်တွေ၊ ပန်းခြံတွေ ပိတ်တော့ ဒီစီကို သွားလည်လို့မဖြစ်ဘူး။ အောက်တိုဘာ ၁၇ ဖက်ဒရယ်အစိုးရရုံးတွေ ပြန်ဖွင့်ပေမဲ့ ကျွှန်မ တို့ရုံးက ပြန်မဖွင့်သေးဘူး။ အိမ်တွင်းအောင်းရတာ သုံးပတ်ရှိပြီ။ သီတင်းကျွှတ်တုန်းက မင်္ဂလာရာမဘုန်းကြီးကျောင်းမှာ သိခဲ့တဲ့ မမီးမီးရဲ့သူငယ်ချင်းက ပန်စယ်ဗေးနီးယားပြည်နယ်က ဘုန်းကြီးကျောင်းမှာ အလှုလုပ်တာ သူတို့တွေ သွားကြမှာ လိုက်မလားလို့ ခေါ်တာနဲ့ ခရီးလည်းထွက်ဖြစ်၊ မြန်မာအစားအစာတွေလည်း စားရ၊ မြန်မာလူမျိုးတွေနဲ့လည်း အသိမိတ်ဆွေဖြစ်၊ မြန်မာစကားတွေလည်း ပြောရတဲ့ ဒီတောလားလေး ဖြစ်လာပါတယ်။

သွားဖြစ်မယ် မသွားဖြစ်ဘူးနဲ့ သောကြာနေ့ ည ၉  နာရီလောက်မှ အတည်ဖြစ်သွားတဲ့ ခရီး။ တညအိပ်ခရီး ဟိုတယ်မှာတည်းမှာ မဟုတ်ဘဲ အလှု့ရှင်ရဲ့ အသိအိမ်မှာ တည်းခိုမှာဆိုတော့ စောင်၊ ခေါင်းအုံး၊ မျက်နှာသုတ်ပါဝါ၊ ညဝတ် အင်္ကီျ  လိုအပ်တာတွေ ထုပ်ပိုးလို့ စနေနေ့မနက် ၅ နာရီမှာ အသင့်ဖြစ်နေပြီ။ ဒါပေမဲ့ အစ်မတယောက်က မလိုက်ချင်တာကို အတင်းစည်းရုံးနေကြတာနဲ့ မြန်မာစံတော်ချိန်အတိုင်း သတ်မှတ်ထားတာထက် ၁ နာရီ နောက်ကျပြီးမှ ကျွှန်မ ကို လာခေါ်ပါတယ်။ မှောင်မှောင်မည်းမည်း အိမ်ကိုရှာနေရမှာ ခက်နေမှာစိုးလို့ ချမ်းစိမ့်တဲ့အအေးဒဏ်ကို အံတုလို့ ၁၅ မိနစ်လောက် လမ်းထိပ်မှာ စောင့်လိုက်ရသေးတယ်။

သွားမဲ့မြို့လေးက အနောက်မြောက်ဖက်စူးစူး မိုင် ၂၅၀၊  ၄ နာရီခွဲလောက် မောင်းရမဲ့ ပစ့်ဘာ့ခ်မြို့နားက ကန်နွမ်ဘာ့ခ်မြို့လေးပါ။  ဒီနှစ် ဧပရယ် အိုင်အိုဝါကျောင်းကို သွားတုန်းက ပစ့်ဘာ့ခ်မြို့မှာ ဘတ်စ်ကားပြောင်းစီးဖို့ ခဏနားရတယ်။ တောင်ကုန်း၊ တောင်ဆင်း၊ မြို့လယ်ကို ရစ်ခွေစီးဆင်းနေတဲ့ မြစ်နဲ့ အင်မတန်မှ သာယာပါတယ်။ အလှုပြီးရင် ပစ့်ဘာ့ခ်မြို့ကို ဝင်လည်ပြီး ဓာတ်ပုံရိုက်မယ်ဟေ့။ မမီးမီးက မောင်းပြီး ကျွှန်မက ဘေးကနေ ဂျီပီအက်စ် ညွှန်တဲ့အတိုင်း သတိပေးတယ်။ နောက်ထပ် အစ်မသုံးယောက် မဝိုင်း၊ မသူ၊ မဖြူ နဲ့အသိမိတ်ဆွေဖြစ်ပါတယ်။ ကျွှန်မ  အစ်မလို့ခေါ်ပေမဲ့ တကယ်တော့ သူတို့နဲ့ ကျွှန်မ က ၂၀ လောက် ကွာတယ်။ သူတို့ကလည်း ကျွှန်မကို ညီမလို့ခေါ်လိုက်၊ သမီးလို့ခေါ်လိုက်။


မဝိုင်းက စတိတ်ရောက်တာ တော်တော်ကြာပြီ။  ခုသွားမဲ့မြို့နားမှာ တက္ကသိုလ်မှာ သူ့သမီးတက်နေတုန်း ရောက်ဖူးထားတော့ ဘာမရှိဘူးဆိုတာသိတော့ မလိုက်ချင်ဘူး။ ဒါပေမဲ့လည်း သူတို့သူငယ်ချင်း မနီလာရဲ့အလှု ဆိုတော့လည်း မလိုက်လို့မရ။ မဝိုင်းအိမ်မှာနေတာကက  မသူ။ မသူရဲ့ အမျိုးက မဖြူ။ မသူက စတိတ်ကို ဒီဗွီပေါက်လို့ရောက်တာ တလလောက်ပဲ ရှိသေးတယ်။ အားလုံးထဲမှာ မမီးမီး တယောက်ပဲ ကားမောင်းတတ်တယ်။

အရင်တုန်းက မေရီလန်းပြည်နယ် ဖရက်ဒရစ်မြို့နားမှာ ဆိုလာစက်ရုံကြီးရှိတာ တစက်ရုံလုံး မြန်မာတွေပဲတဲ့။ စက်ရုံလည်းပိတ်လိုက်ရော နစ်နာကြေးတွေ အများကြီးရလို့ တချို့ဆို အိမ်တောင်ဝယ်နိုင်တယ်။ ထောက်ပံ့ကြေးလည်း နှစ်နှစ်လောက်ရလို့ အလုပ်အသစ်မရှာဘဲ ထောက်ပံ့ကြေးလေးထုတ်လိုက်၊ ဝယ်လိုက်ကြ၊ ခြမ်းလိုက်ကြ၊ စားလိုက်ကြ၊ သောက်လိုက်ကြဆိုပဲ။ ပန်စယ်ဗေးနီးယားပြည်နယ်ဖက်မှာတော့ အိမ်ဈေးတွေ အတော်တန်တယ်။ မေရီလန်း၊ ဒီစီ၊ ဗာဂျီးနီးယားကတော့ ဈေးအမြောက်ဆုံး။ ကျွှန်မ နေခဲ့တဲ့ ကန်တက်ကီပြည်နယ်မှာ အိမ်ဈေးသက်သာတယ်။ လူဝီဗီလ်မြို့ဆိုရင် အငြိမ်းစားယူရင် နေထိုင်သင့်တဲ့ မြို့တွေထဲမှာ ပါတယ်။

မနက်အစောကြီးထရလို့ အိပ်ရေးမဝတာရယ်၊ ပေါင်မုန်စားလို့ ရင်ပြည့်တာရယ်၊ ကားနောက်ခန်းမှာ ထိုင်ရတာရယ်နဲ့ မဝိုင်းက မူးတယ်။ ကျွှန်မ မှာပါတယ့် ကျားတံဆိပ် မဟာဖြေဆေး၊ မန်ကျည်သီးချိုချဉ်၊ ပရုတ်ဆီရှုတော့မှ သက်သာတယ်။ ရာသီဥတုကလည်း အေးတယ်။ လမ်းတလျှောက် ကလော၊ အောင်ပန်းဖက်ကို ခရီးထွက်ရသလိုပါပဲ။ တောင်ပြေပြေလေးတွေ၊ တောင်ကုန်းပေါ်မှာ ဆောက်ထားတဲ့ အိမ်လေးတွေ၊ ထွန်ယက်ထားတဲ့ မြေနီနီတွေ၊ ရိတ်သိမ်းပြီးလို့ ဝါကျင်နေတဲ့ ရိုးပြတ်တွေ၊ ကြည်လင်နေတဲ့ မြစ်ချောင်းတွေ။


လမ်းပိတ်ထားလို့ DeTour လုပ်တော့ ဂျီပီအက်စ် ညွှန်တဲ့အတိုင်း ကွေ့ပတ်ပြီးမောင်း။ နေ့လည် ၁၁ နာရီခွဲ အလှု့ရှင်သူငယ်ချင်းအိမ်ရောက်တော့ အိမ်မှာလူတယောက်မှ မရှိတော့ဘူး။ ဘုန်းကြီးကျောင်းကို သွားတော့ လမ်းတွေမှားပြီးမှ ရောက်တယ်။ ဓမ္မဂုဏ်ရည်ဘုန်းကြီးကျောင်းက တောင်ကုန်းမြင့်မြင့်မှာ ရှိတာမို့ အတော်စိမ့်ပြီး အေးတယ်။ မေရီလန်းက ဆရာတော်တွေအပါအဝင် ဆရာတော်အပါး ၂၀ ကျော်ကို ဖူးတွေ့ရတယ်။ ဗိုက်ဆာဆာနဲ့ စားကောင်းလိုက်တာ။ ကျွှန်မ က ထမီကို ဂျင်းဘောင်းဘီအပေါ်ကနေ ထပ်ဝတ်ပြီး ကွှန်းဗတ်ဖိနပ်နဲ့။ မသူက ဘောင်းဘီအပေါ်ကနေ ထမီဝတ်ထားတော့ ပွယောင်းယောင်းကြီး။ အနီးအနားတဝိုက်က မြန်မာတွေ၊ တိုင်းရင်းသားတွေ တော်တော်များများ လာကြပါတယ်။

မြန်မာစကားသံတွေ၊ မြန်မာအစားအသောက်တွေနဲ့ ပျော်စရာကြီး။ စားသောက်ပြီးလို့ အိမ်ပြန်ကြတော့ ရှေ့က ဦးဆောင်သွားတဲ့ကားက လမ်းဘေးရပ်လို့ ဘာဖြစ်တာလဲ ရောက်ပြီလားပေါ့ ဘယ်ဟုတ်ပါ့မလဲ ဓာတ်ပုံကြမယ်တဲ့။ အဲဒီနေရာကလေးကလည်း ရွှက်ဝါတွေ ကြွေလို့ဝေလို့ အတော်လှတယ်။ ဟိုဖက်ကားလမ်းကပေါ်က လူတွေကို ဒီဖက်ကားလမ်းပေါ်ကနေ လှမ်းရိုက်။ ဖြတ်သွားတဲ့ကားတွေကလည်း ဓာတ်ပုံရိုက်နေမှန်းသိတော့ အရှိန်လျှော့မောင်း၊ စောင့်ပေးကြတယ်။ မကြီးသူငယ်ချင်း မနှင်းသီတာက ကျွှန်မ ဖေ့ဘွတ်က ဓာတ်ပုံမှာ လာမန့်သွားတယ်။ "ရွှက်ကြွေတောမှာ တစ်ယောက်တည်း အလွမ်းဓါတ်ခံ အဆွေးဓါတ်ခံ ရှိရင် သေလောက်တယ်"တဲ့။ ကျွှန်မ ကလည်း ပြန်မန့်တယ် "ဘယ်ကသာ လွှမ်းဆွေးချိန် ရှိပါ့မလဲ အစ်မရယ်။ အဲဒီတုန်းက သူ့ရိုက်ပေးပါဦး ငါ့ရိုက်ပေးပါဦးနဲ့ ဗြောင်းသတ်နေကြတာ ဘယ်မှာ လွှမ်းဆွေးလိမ့်မတုန်း" း) ။

တည်းခိုမဲ့အိမ်မှာ ညအိပ်မဲ့သူတွေက အိမ်ရှင်တွေအပါအဝင် ၁၉ ယောက်။ ကျွှန်မ တို့ ၅ ယောက်က အပေါ်ထပ်မှာ တခန်း၊ အိမ်ရှင်တွေက တခန်း၊ အလှုရှင်တွေက တခန်း။ ကျန်တဲ့သူတွေက ဧည့်ခန်းမှာ ယောက်ျားလေးတွေ သတ်သတ်တခြမ်း၊ မိန်းကလေးတွေ သတ်သတ်တခြမ်း အိပ်ကြတယ်။ အသက်အကြီးဆုံး မဝိုင်းနဲ့မသူကို ခုတင်မှာ အိပ်ခိုင်းပြီး ကျွှန်မ နဲ့ မဖြူက ကုတင်ဘေးအောက်၊ မမီးမီးက ခုတင်ခြေရင်းအောက်မှာ အိပ်ကြတယ်။ Sleeping Bag လိုမျိုးနဲ့ အိပ်ရင်တောင် ကျောနာတတ်တဲ့ ကျွှန်မ ကော်ဇောခင်းထားတဲ့ ကြမ်းပြင်မှာ စောင်ပါးလေးခင်းပြီးတော့ အိပ်တယ်လို့ကြားရင် ဆူနမ်တို့ အရမ်းအံ့သြကြလိမ့်မယ်။ ရောက်ကတည်းက အိပ်လိုက်ကြ၊ စကားတွေ ပြောလိုက်ကြ။ ညဖက် မြစ်သုံးခုဆုံတဲ့နေရာ အရမ်းလှတယ်လို့ ဆိုတဲ့နေရာကို သွားဖို့လာခေါ်တာတောင် အအေးကြောက်တာနဲ့ မလိုက်ကြဘူး။


ဗိုက်ဆာလို့ အပြင်ထွက်စားမလို့ ပြင်နေတုန်း အလှုရှင်မနီလာက သူ့ဧည့်သည်တွေအတွက် ခေါက်ဆွဲကြော်၊ ထမင်းကြော်တွေ ဝယ်လာပေးတယ်။ ခေါက်ဆွဲကြော်က အတော်စားကောင်းတယ်။ အဲဒီအိမ်မှာ ငါးပိရည်ကျိုရှိတာ့ ထမင်းကြော်ကို အဆီအငေါ်မတည့် ငါးပိရည်နဲ့ စားလိုက်သေးတယ်။ ငါးပိ မစားတာ ကြာလို့လား မသိဘူး ကျွှန်မ အတွက်တော့ ငန်လွန်းနေတယ်။ ငါးချဉ်သုတ်လေးကလည်း စားကောင်းလိုက်တာ။ စတိတ်ရောက်ကတည်းက မစားရတာ။ အောက်ထပ်က တညလုံး ဖဲရိုက်ကြ၊ စကားတွေပြောကြ၊ မနက်စောစောထပြီး အရုဏ်ဆွမ်းအတွက် ပြင်ဆင်ကြတော့ နိုးလိုက်၊ အိပ်လိုက်။

စားပြီးကတည်းက အခန်းအောင်းပြီး အိပ်လိုက်ကြတာ အောက်ထပ်တောင် မဆင်းဘူး။ မနက်အစောကြီးထ ကားကို ၅ နာရီလောက် စီးခဲ့ရတာဆိုတော့ ပင်ပန်းနေပြီကိုး။ မနက်မိုးလင်းတော့ အိမ်ရှင်တွေက ကြာဇံချက်စားဆိုတာကို အားနာလို့ မစားကြတော့ဘဲ မက်ဒေါနယ်စားမယ်ဆိုပြီး ထွက်လာလိုက်တာ အိမ်ရှင်ကိုတောင် ကျေးဇူးတင်ပါတယ်လို့ နှုတ်ဆက်စကား မဆိုခဲ့ဘူး။ တော်တော်ဆိုးတဲ့ ဧည့်သည်တွေ း) ။ မက်ဒေါနယ်မှာ မနက်စာစားကြတော့ ကြက်ဥ၊ နွားနို့၊ မြေပဲ အလာဂျီရှိတယ့် မဝိုင်းက အဲဒါတွေ မပါတဲ့ဟာ စားရတယ်။ ဒီရောက်မှ အဲဒီအလာဂျီ ဖြစ်တာတဲ့။

ဆရာတော်ကို ဝထ္ထုငွေကပ်ပြီး မဝိုင်းက သူ့ယောက္ခမ ဆုံးသွားတာ ၁၅ နှစ်ပြည့်အဖြစ် ရေစက်ချ အမျှဝေတော့ တွေးမိတယ်။ ခုမှတွေ့ဖူးတဲ့သူတွေနဲ့ ကုသိုလ်ကောင်းမှု အတူတူလုပ်ပြီး ရေစက်ချအမျှဝေရမယ်လို့ တခါမှ မတွေးမိဘူး။ ရေစက်တွေများနော်။ ဆရာတော်ဆီမှာ ငါးပါးသီလခံ တရားနာပြီးတော့ ဆရာတော်တွေကို ဆွမ်းကပ်။ ဆရာတော်တွေ ဆွမ်းဘုဉ်းပေးပြီးတော့ အကျွှေးအမွှေး စပါတယ်။ ဒံပေါက်၊ ချဉ်ပေါင်ဟင်းချို၊ ဝက်သား၊ ဆိတ်သား၊ ကြက်သား၊ ငါးပတ်မွှေကြော်၊ ငံပြာရည်ကြော် အဲ သရက်ချဉ်လေးက အတော်စားကောင်းတယ်။ ဒါလည်း စတိတ်ရောက်ပြီး သုံးနှစ်ကြာမှ စားရတာ း) ။ ဆီထမင်း၊ ပဲပြုတ်၊ ဟာလဝါ၊ သစ်သီးစုံ၊ အလှုရှင်တွေရဲ့ သဒါ္ဓတရား ထက်သန်မှုကို တွေ့နိုင်ပါတယ်။ ပဒေသာပင်သီးနေတာလည်း တွေ့တယ်။


ပစ့်ဘာ့ခ်ကို ဝင်လည်မယ်၊ လမ်းမှာ overlook လို့ခေါ်တဲ့ ဗျူးပွိုင့်တွေမှာ ဓာတ်ပုံရိုက်မယ်လို့ စိတ်ကူးထားပေမဲ့ ဓာတ်ပုံရိုက်မလားဟေ့လို့ မေးလိုက်ရင် အိပ်ချင်မူးတူး အသံလေးတွေနဲ့ ဟင့်အင်းတဲ့။ ပင်ပန်းတာနဲ့ ဘယ်မှာမှမရပ်ဘဲ မေရီလန်းပြည်နယ် ဖရက်ဒရစ်မြို့နားက Rest Area လို့ခေါ်တဲ့ အိမ်သာ၊ နားနေရာမှာ ဝိတ်လျှော့။ အလှုမှာ စားဖို့အချိန်မရှိတော့လို့ သယ်လာခဲ့တဲ့ အချိုပွဲတွေ၊ အိမ်ကယူလာတဲ့ လက်ဖက်သုတ်တွေ စားကြတော့ ကျောင်းမှာ ဆူနမ်၊ ရာမား၊ မိုင်းတို့ကို လက်ဖက်ကျွှေးခဲ့ဖူးတာ သတိရတယ်။ "ငါ့ရဲ့ခံတွင်းတွေ့မှုတွေကို နင့်လက်ရာအစားအစာတွေနဲ့ မဖျက်ဆီးလိုက်ပါနဲ "ဆိုပြီး ကျွှန်မ လက်ရာတွေကို ဘယ်တော့မှ မစားကြတဲ့ ဒင်းတို့သုံးကောင် လက်ဖက်၊ ငံပြာရည်ကြော်၊ ဘာလချောင်ကြော်ကိုတော့ စားကြတတယ်။ ရာမားနဲ့မိုင်းက လက်ဖက်ချဉ်စပ် ကြိုက်တယ်။ ဆူနမ်က အကြော် ကြိုက်တယ်။ အဲဒီတုန်းက ဒီလိုမျိုး ဂေါ်ဖီ၊ ခရမ်းချဉ်သီးနဲ့ သုပ်တာတောင် မဟုတ်ဘူး။ ယုဇနချဉ်စပ် လက်ဖက်ကို ဒီအတိုင်း ထမင်းနဲ့ စားကြတာ။

လူစုံတော့ သတင်းလည်း စုံတာပေ့ါ။ ဘယ်သူက ဘယ်လိုဖြစ်တာ၊ ဘာညာပေါ့။ နာမည်ရင်းမသုံးချင်လို့ ကိုဒီလို့ပဲ ဆိုပါတော့။ ကိုဒီက သူ့အိမ်မှာ ငှားနေတဲ့ မြန်မာမနဲ့ဖြစ်နေတာ သူ့ကလေးက ပြောပြလို့ မဒမ်ဒီက သိသွားတော့ ပွဲကြမ်းတာပေါ့။ ဒါပေမဲ့လည်း သူက စတိတ်ရောက်တာ မကြာသေးဘူး။ အိမ်က ကိုဒီ့အိမ် မကျေနပ်ရင် နင် ဆင်းသွား ဒါ ငါ့အိမ်ဆိုတော့ မဒမ်ဒီက အိမ်ပေါ်ကဆင်းသွားတယ်။ သူငယ်ချင်းတွေက ဒီကောင် လွန်လွန်းတယ် အိမ်ပေါ်ပြန်မတက်နဲ့ ဒီကောင် ခခယယ တောင်းပန်ပြီး  လာခေါ်မှတက်လို့ အကြံညဏ်ပေးတယ်။ ကိုဒီ လာခေါ်တာတောင် မစောင့်နိုင်ပါဘူး ကိုဒီ့ကို မခွဲနိုင်ပါဘူးဆိုပြီး အိမ်ပေါ်ပြန်တက်သွားတယ်။ ကိုဒီ ဖောက်ပြန်နေတာကိုလည်း ဘာမှမပြောနိုင်ဘူး။

ပြသနာကို သုံးသပ်လိုက်တော့ မဒမ်ဒီလည်း သူ့ယောက်ျား တခြားမိန်းမနဲ့ ဖောက်ပြန်နေတာကိုသိတော့ ရင်ကွဲအောင် ခံစားရပါလိမ့်မယ်။ ဒါပေမဲ့လည်း သူတယောက်တည်း ရပ်တည်ဖို့ခက်တော့ ရင်နာနာနဲ့ ပြန်တက်ရတာနေမှာပေါ့။ အစ်မတယောက်ရဲ့ အဆုံးအမက အိမ်ထောင်ပြုလည်း အလုပ်လုပ်ပြီး ကိုယ့်ခြေထောက်ကိုယ် ရပ်တည်နိုင်ရမယ်။ ယောကျ်ားသေသွားခဲ့ရင်၊ အိမ်ထောင်ကွဲသွားခဲ့ရင် ဘယ်လိုရပ်တည်မလဲ။ ဒီခေတ်ကြီးကလည်း ကွျှန်မအဖေတို့ ခေတ်တုန်းကလို အဖေလုပ်စာ သားသမီးတွေတပြံ ုလုံး ထိုင်စားလို့ရတဲ့ခေတ် မဟုတ်တော့ မိန်းကလေးတွေလည်း ကျွှန်မ အမေတို့ ခေတ်ကလို အိမ်ရှင်မသီးသန့်လုပ်လို့မရတော့ဘဲ အလုပ်ထွက်လုပ်ကြရတာမို့ အလုပ်မလုပ်တဲ့ အိမ်ရှင်မ  နည်းမယ်ထင်ပါတယ်။ တကယ်လို့ မဒမ်ဒီသာ ကိုယ့်ခြေထောက်ပေါ် ကိုယ့်ရပ်တည်နိုင်ခဲ့မယ်ဆိုရင် ဖောက်ပြန်နေတဲ့ ယောကျ်ားကို ရင်နာနာနဲ့ ပေါင်းမယ်မထင်ပါဘူး။


ယောက်ျားလေးတွေက သူတို့ကို အားကိုးမဲ့ မိန်းကလေးကို ကြိုက်တာ၊ ကလဲရားလို စမတ်ဖြစ်တဲ့ မိန်းကလေးကို တရုတ်ယောက်ျားလေးတွေ မကြိ ုက်ကြဘူးတဲ့။ အဲဒီစမတ်ဖြစ်တဲ့ မိန်းကလေးတွေကလည်း သူ့လောက်တောင် စမတ်မဖြစ်တဲ့ ကောင်လေးတွေဆို အထင်မကြီးဘူး။ ထင်လိုနဲ့ပဲ စမတ်ကလေးတွေ အပျိုကြီးဖြစ်ကြတာ ထင်ပါရဲ့း) ။  ခေတ်ပညာတတ်၊ အလုပ်လုပ်တဲ့ Professional women ဖြစ်စေဦးတော့ အိန္ဒိယမှာ ချွှေးမက အိမ်စေနီးပါးပါပဲ။ ယောက်ျားဆုံးသွားခဲ့ရင် သားယောက်ျားလေး မမွေးထားတဲ့ မိန်းမက အမွေတွေကို ပိုင်ဆိုင်ခွင့်မရှိပါဘူး။ အစ္စလာမ်အစွန်းရောက် တာလီဘန်တွေ ကြီးစိုးတဲ့ ပါကစ္စတန်မှာ အမျိုးသမီးတွေ ပညာသင်ခွင့် မရှိသလို၊  ဆယ်ကျော်သက်အရွယ်မှာတင် အတင်းအိမ်ထောင်ပြုခိုင်းတယ်။ ဆော်ဒီအာရေဗျမှာ အမျိုးသမီးတွေ ကားမောင်းခွင့် မရှိပါဘူး။ အပျိုဘဝမှာ ဖခင်မျိုးရိုး နာမည်ယူပြီး အိမ်ထောင်ပြုတာနဲ့ ယောက်ျားရဲ့ မျိုးရိုးနာမည် ပြောင်းရတယ်။ မြန်မာပြည်က အမျိုးသမီးတွေကတော့ အိမ်ထောင်ပြုလည်း နာမည်ပြောင်းစရာမလို လွတ်လွတ်လပ်လပ် ပညာသင်ခွင့်၊ ကားမောင်းခွင့်ရှိတော့ သူတို့တွေလောက် ဖိနှိပ်မှုမရှိဘဲ လွတ်လပ်မှု ပိုရှိပါတယ်။

နှစ်ယောက်စလုံး အလုပ်ထွက်လုပ်ရတာခြင်း အတူတူတောင် မိန်းမက မီးဖိုထဲမှာ ချွှေးတလုံးလုံးနဲ့ ချက်ပြုတ်၊ ယောက်ျားလုပ်သူက အိမ်မှုကိစ္စတွေကို ငါနဲ့မဆိုင်၊ ဧည့်ခန်းထဲမှာ အခန့်သားထိုင်နေရင် အမျိုးသမီးတွေ ပင်ပန်းပါတယ်။ အိမ်ထောင်ပြုပြီးရင် မိန်းမက ဂရုစိုက်လို့ ယောက်ျားလေးတွေက ပိုခန့်လာပြီး မိန်းကလေးတွေကတော့ အပျိုဘဝကလောက် မလှနိုင်တော့ဘူး။ ကိုယ့်မိန်းမကို လှစေချင်ရင် အိမ်မှုကိစ္စ ကူညီလုပ်ကိုင်ပေးပါ။ ကျွှန်မ အဖေရယ်၊ ဘွန်လေးအိမ်က အိမ်ရှင်အမျိုးသားရယ်ကလွဲရင် အိမ်မှုကိစ္စကူလုပ်ပေးတဲ့ မြန်မာယောကျ်ားလေး တော်တော်ရှားတယ်။

မင်းအမေရော၊ မင်းတို့ကိုရော ဟင်းချက်သင်ပေးခဲ့တာလို့ အဖေပါကွလို့ ကျွှန်မ အဖေက ဂုဏ်ယူလေ့ရှိတယ်။ မကြီးက လက်ရာကောင်းပေမဲ့ ဂျီးမများ၊ အရသာမသိ၊ ကိုယ်ချက်တာ ကိုယ်ဘာသာ စားကောင်းနေတတ်တဲ့ ကျွှန်မ ကတော့ အဖေ၊ အမေ၊ မကြီး သင်ပေးလည်း ညံ့မြဲညံ့ဆဲ။ အဖေက သူ့မျက်စိမှာ ရှုပ်နေရင် တံမြက်စည်းယူပြီး ရှင်းလင်းလိုက်တာပဲ။ ယောက်ျားအလုပ်၊ မိန်းမအလုပ်လို့ ခွဲခြားမနေဘူး။ ယောက်ျားလေးဆိုပြီး အခွင့်ထူးမယူ အိမ်မှုကိစ္စကူလုပ်တဲ့ မိသားစုမှာ ကြီးပြင်းခဲ့ရတော့ အိမ်မှုကိစ္စ ကူမလုပ်တဲ့ ယောက်ျားလေးဆို အခွင့်ထူးယူတယ်ဆိုပြီး သိပ်ကြည့်မရဘူး။ အလုပ်ထဲမှာ Men and women are equal တဲ့။ ဒါပေမဲ့ အိမ်မှုကိစ္စတွေမှာ Men are more equal နေသလားလို့ း) ။


သူငယ်တန်းက သုံးတန်းအထိ ဟိုင်းကြီးကျောင်း၊ လေးတန်းကို မရမ်းချောင်ကျောင်း၊ ဟိုင်းကြီးရွာသစ်ကျောင်း၊ ငါးတန်းကို ဟိုင်းကြီးကျောင်း၊ ခြောက်တန်းကို စံထူး၊ စံပြ၊ အဏ္ဏဝါကျောင်း၊ ခုနစ်တန်းကို ဟိုင်းကြီးကျောင်း၊ ရှစ်တန်း၊ ကိုးတန်းကို ပုသိမ် ထ ၂ ကျောင်း၊ ဆယ်တန်းကို ရန်ကုန် လှိုင် ၂ ကျောင်း အဲဒီလိုကျောင်းတွေကို လှည့်ပတ်တက်ခဲ့တော့ ကွျှန်မမှာ ငယ်သူငယ်ချင်း မရှိသလောက် ရှားတယ်။ ၁၉၉၉  ဆယ်တန်းအောင်ပြီး လှည်းတန်းက ဆရာကြီးဦးမြကြိ ုင် အင်္ဂလိပ်စာသင်တန်း တက်တော့မှ ရင်ဖက်ချင်းနီးတဲ့ သူငယ်ချင်းတွေ ရတယ်။ အဲဒီသူငယ်ချင်းတွေထဲမှာ ဝတ်ရည်မောင်မောင်က အသားဖြူဖြူ၊ အရပ်ရှည်ရှည် ၊ ဇင်ယော်တောင်ပံမျက်ခုံး၊ မျက်ဝန်းညိုညို ဝိုင်းဝိုင်း၊ နှာတံပေါ်ပေါ်၊ နှုတ်ခမ်းပါးပါးလျလျ။ အဖေ၊ အမေဆီက အလှတွေ အကုန်ရထားပြီး အားလုံးထဲမှာ ထင်းကနဲ လင်းကနဲနေအောင် လှတဲ့သူ။ ပိုးပန်းတဲ့သူလည်း အတော်များတယ်။ ဒင်းတို့ကြောင့် သင်တန်းပြီးရင် သူ့အမေ ရုံးကားလာတဲ့အထိ ကမာရွှတ်အဝေးပြေးက နွားနို့ဆိုင်လေးမှာ အထိန်းတော် ကျွှန်မ နဲ့ဖြိုးက စောင့်ပေးရတယ်။

ရွှေပြည်သာကျောင်းကို ပြောင်းလာတဲ့ ကိုးတန်းကျောင်းသူ ကတုံးမလေး ဝတ်ရည်ကို မြင်မြင်ချင်း ချစ်ခဲ့ပေမဲ့ စစ်တက္ကသိုလ်တက်မှ တပတ်စာသုံးစောင်ရေးပြီး ချစ်ခွင့်ပန်တဲ့ ရှားမှရှားတဲ့ မောင်စံရှားလို့ ကျွှန်မ တို့ နာမည်ပြောင်ပေးထားသူက ဝေဖြိုး။ တက္ကသိုလ်နောက်ဆုံးနှစ်ရောက်မှ အိမ်ကိုမိတ်ဆက်ပေးတော့ ဝေဖြိုးက ဝတ်ရည် အဖေနဲ့အမေကို ကန်တော့တယ်။ အစကတော့ ဝတ်ရည်အမေက ကြည်ကြည်ဖြူဖြူပါပဲ။ နောက်တော့ ဝေဖြိုးညီမတို့ စကားတွေ ကြားတယ်နဲ့ တူပါရဲ့ ဝေဖြိုးကို ဖြတ်ရင်ဖြတ် မဖြတ်ရင် သူ့ကိုဖြတ်လို့ ဆိုလာတယ်။ ကျန်းမာရေးမကောင်းတဲ့ သူ့အမေကိုလည်း မဖြတ်နိုင်၊ ဝေဖြိုး တကယ်ချစ်မြတ်နိုးတာကိုသိတော့ ဝေဖြိုးကိုလည်း မဖြတ်နိုင်။ စိတ်ညစ်နေတဲ့ ဝတ်ရည်ကိုမြင်တော့ ကျွှန်မ တို့လည်း စိတ်မကောင်း။

ဝေဖြိုးကလည်း  မပြတ်နိုင် မိဘတွေ သဘောတူအောင် ၃ နှစ် ကြိုးစားကြမယ်။ အဲဒီတော့မှ သဘောမတူရင်လည်း လက်ထပ်တော့မယ်လို့ ဆုံးဖြတ်ကြတယ်။ ဒီလိုမျိုး အခက်အခဲတွေကို ဖြတ်ကျော်ပြီး ချစ်သက်တမ်း ၁၄ နှစ် ကြာပြီး ဒီနှစ် ဧပရယ်မှာမှ မင်္ဂလာပွဲဆင်နွှဲနိုင်တာပါ။ မင်္ဂလာဆောင်တဲ့နေ့က ငွေရောင်သတို့သမီးဝတ်စုံလေးနဲ့ ဝတ်ရည် အရမ်းလှတယ်။ သူ့မျက်နှာက အပျော်အပြံပြုံးတွေက ကျွှန်မ တို့ကိုပါ ကူးစက်တယ်။ သူငယ်ချင်းတွေရဲ့မင်္ဂလာပွဲမှာ သတို့သမီးအရံလုပ်မယ်၊ လက်စွပ်ဗန်းကိုင်မယ်၊ ပန်းကြဲမယ်၊ ခရစ်ယာန်မင်္ဂလာပွဲတွေမှာလို သတို့သမီးရဲ့ လက်ကိုင်ပန်းကို ပစ်ခိုင်းပြီး ရအောင်ဖမ်းမယ်လို့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စိတ်ကူးယဉ်ခဲ့ကြဖူးတဲ့ ဆယ်ကျော်သက်အရွယ် စိတ်ကူးယဉ်အိမ်မက်တွေဟာလဲ  အဆက်အသွယ်မရှိတော့တဲ့ သူငယ်ချင်းတွေ၊ ကျွှန်မ လို ဟိုးအဝေးကြီး ရောက်နေတဲ့ သူငယ်ချင်းတွေနဲ့ စိတ်ကူးထဲက အိမ်မက်တွေလည်း တကယ်မဖြစ်ခဲ့ပါဘူး။

ကျွှန်မ နှင့် သက်တူရွယ်တူ မိတ်ဆွေသစ်များ...း) 

လူကိုယ်တိုင် မတက်ရောက်နိုင်ပေမဲ့ ဓာတ်ပုံတွေကြည့်ပြီးတော့ တကယ်ချစ်ကြတဲ့ သူတို့နှစ်ယောက်အတွက် ပျော်လိုက်တာ။ ရာသက်ပန်ပေါင်းရဖို့ ဆုမွန်ကောင်း တောင်းခဲ့ဖူးတယ်။ အောက်တိုဘာလလယ်က ဝေဖြိုးဆုံးပြီ သတင်းကြားတော့ ယုံတောင်မယုံနိုင်ဘူး။ နေမကောင်းဖြစ်တယ်လို့လည်း သတင်းမကြားဘဲနဲ့။ မင်္ဂလာဆောင်ပြီးတာ ၆ လလောက်ပဲ ရှိသေးတယ်။ နောက်တော့မှ သိရတယ် အဆုတ်လေပြွန်ကင်ဆာတဲ့။ ကျွှန်မ တို့မှာ ဝတ်ရည်လေးအတွက် စိတ်မကောင်းလိုက်တာဆိုတဲ့ စကားကလွဲရင် အားပေးနှစ်သိမ့်ဖို့ စကားတောင် ရှာမရဘူး။ ဝတ်ရည်က တချိန်လုံး ငိုနေတယ်ဆိုတဲ့သတင်းကြားတော့ စိတ်မကောင်းလိုက်တာ။

၂၀၀၈ နာဂစ်မုန်တိုင်းတုန်းက မိဘတွေ ဆုံးပါးသွားပြီလားလို့ပူပင်တုန်းက၊ ၂၀၁၁ စတိတ်ကိုလာတုန်းက ၊ ၂၀၁၃ ကန်တက်ကီရုံးကို ခွဲခွာရတုန်းက ရင်ဘတ်တွေနာအောင် ငိုကြွေးခဲ့ဖူးတယ်။ ဒါတောင် ချစ်ရတဲ့သူတွေကို ခွဲခွာရလို့ ငိုတာ။ ကိုယ်ချစ်တဲ့လူတယောက်ကို နောက်ထပ်မတွေ့နိုင်တော့၊ လောကကြီးက အပြီးအပိုင် ထွက်ခွာသွားပြီမို့ ကြေကွဲခံစားနေရမဲ့ ဝတ်ရည်ကို ကျွှန်မ ကိုယ်ချင်းစာမိတယ်။ ခိုင်မေနဲ့ဖြိုးက ရင်နာလွန်းလို့ အတော်ငိုကြတယ်တဲ့။ ကျွှန်မ လည်း ဝတ်ရည်ကို သနားလို့ ငိုမိတယ်။ ကျွှန်မ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေကို ဝေဖြိုးကို အမျှဝေပါတယ်။ စိတ်ထားကောင်းမွန်တဲ့ ဝေဖြိုးတယောက် ကောင်းရာသုဂတိရောက်ပါစေ။

ကန်နွမ်ဘာ့ခ်တောလားဆိုပေမဲ့ ဘယ်မှမရောက်ဖြစ်ခဲ့ပါဘူး။ စတိတ်ရောက်ပြီး သုံးနှစ်အကြာမှ ပထမဆုံးအကြိမ် မြန်မာလူမျိုးတွေနဲ့ သွားတဲ့ခရီး။ စတိတ်မှာ ခရီးသွားတယ်ဟေ့လို့ ဆိုလိုက်ရင် မေးမနေနဲ့ ဆူနမ်၊ ရာမားတို့နဲ့ သွားတာ။ မြန်မာအစားအစာ၊ မြန်မာလူမျိုး၊ မြန်မာရိုးရာ ဓလေ့ထုံးစံတွေနဲ့ ကျွှန်မ အတွက်တော့ မြန်မာပြည်ကို ခဏရောက်သွားသလို ခံစားရတဲ့တောလားလေး။

စန်းထွန်း
နိုဝင်ဘာ ၄ ၊ ၂၀၁၃။

11 comments:

Anonymous said...

Hi Sann Sann;
Very Nice Furlough and I am happy with you.
Khine

Anonymous said...

အစားတွေစုံစုံ
လူတွေစုံစုံ
ချစ်သောမမအို်င်အိုရာ

Maung Myo said...


မလေး said...

ချစ်ခင်တဲ့
မလေးမြတ်

goldfish said...


San San Htun said...


Anonymous said...

မမအိုင်အိုရာ

စံပယ်ချို said...


Mrs. Bagel said...


San San Htun said...


San San Htun said...

Anonymous said...
စုံနေတာပါဘဲလားစန်းထွန်းလေးရေ။
အစားတွေစုံစုံ
လူတွေစုံစုံ
အကြောင်းအရာစုံစုံတွေကို
စိတ်ဝင်တစားဖတ်သွားပါတယ်။
ဝတ်ရည်လေးအတွက်လည်းတော်တော်စိတ်မကောင်းဖြစ်မိတယ်ကွယ်။
ချစ်သောမမအိုင်အိုရာ
November 5, 2013 at 9:57 PM
Maung Myo said...
လာလည်ရင် အဲ့တောလား စီးရီးတွေ လိုက်ပို့ပေးမလား း)
November 6, 2013 at 5:11 AM
မလေး said...
ညီမစန်းထွန်းရေ အကြောင်းအရာတွေ စုံနေအောင်
ဖတ်လိုက်ရတော့ ရင်ထဲမှာတမျိုးကြီးပဲ။ ဝတ်ရည်လေးအတွက်လည်း တကယ်ကို စိတ်မကောင်း ဖြစ်မိပါတယ်။
ချစ်ခင်တဲ့
မလေးမြတ်
November 6, 2013 at 9:06 AM
goldfish said...
အလယ်ပိုင်းState တွေရောက်သွားရင် မြန်မာတွေနည်းသွားတယ်။ ကျွန်တော်တို့ New Jersey New York မှာတော့ တစ်ပတ်တစ်ခါလောက် ဆုံဖြစ်တယ်။
November 6, 2013 at 9:21 AM
San San Htun said...
Khine : not happy furlough anymore. :D
မမအိုင်အိုရာ း သာမီးက အစုံသုပ်..း)
ကြောင်မျိုး း ရောက်အောင်သာလာခဲ့...အဲဒီတောလားစီးရီးတွေအတိုင်း လိုက်ပို့ပေးဦးမှာ...မယုံရင် ပုံပြင်လို့မှတ်လိုက်...:P
မလေးမြတ် း ဝတ်ရည်တို့အကြောင်းကတော့ ကြားသူတိုင်း ရင်ထဲတမျိုးကြီး ဖြစ်စေတယ်..
goldfish : ဟုတ်ပါ့ အိုင်အိုဝါနဲ့ ကန်တက်ကီမှာ မြန်မာနည်းသလောက် မေရီလန်းဖက်မှာတော့ မြန်မာတွေများသား...
November 6, 2013 at 10:30 AM
Anonymous said...
ဒီလိုကြားတော့အစုံသုတ်တောင်စားချင်လာပြီ သာမီးရယ်။
မမအိုင်အိုရာ
November 7, 2013 at 8:55 PM
စံပယ်ချို said...
ဖတ်နေရင်းငပိရည်နဲ့ ထမင်းကြော်တောင်စားချင်လာတယ်
November 7, 2013 at 9:04 PM
Mrs. Bagel said...
long time no see. ဆံပင်တွေရှည်လာပါလား း)
November 8, 2013 at 1:52 AM
San San Htun said...
မမအိုင်အိုရာ း အစုံသုတ်လုပ်စားရင် သာမီးကို ခေါ်နော်...:P
မဂျက် း မီနူးအသစ်ပဲနော် ထမင်းကြော်နဲ့ ငပိရည်တဲ့...ဘိတ်ဖက်မှာတော့ ကြေးအိုးဆီချက်နဲ့ ငပိထောင်း...
မြတ်ကြည် း မတွေ့တာ အတောကြာပြီနော် နှစ်ပေါက်နေပြီ ထင်တယ်...glad to see you back...ဆံပင်လား ညှပ်ခဈေးကြီးလို့...:D
November 8, 2013 at 9:19 AM