Happy Thadingyut...

သီတင်းကျွှတ် အကြောင်း ကျွှန်မ မှာ ဘာမှရေးစရာ မရှိဘူးလို့ ထင်ခဲ့တာကြောင့် ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ Flowers & Festivals စာအုပ်ထဲက သီတင်းကျွှတ် ပွဲတော်အကြောင်းကို လွန်ခဲ့တဲ့ နှစ်ရက်က ကူးတင်ခဲ့ပါသေးတယ်။ သီတင်းကျွှတ် လပြည့်နေ့မနက်  ၉  နာရီခွဲမှာတော့ ကျွန်မအိမ်ကနေ မိနစ်၂၀ လောက် မောင်းရတဲ့ မင်္ဂလာရာမ ဘုန်းကြီးကျောင်းကို သွားပါတယ်။

ကျောင်းရှေ့ရောက်တော့ ကားတွေပြည့်ကျပ်နေလို့ ညီမရေ လမ်းမကြီးမှာ ရပ်ပေးပါလားတဲ့။  ကားလမ်းမကြီးမှာ ရပ်တာကို စိတ်မချတာနဲ့ ဘေးက လျှော့ပင်းမော်လ်မှာ သွားပါကင်တယ်။ ကျွှန်ုပ် နှင့်ကားတိုးခြင်း ဖြစ်ပြီးကတည်းက လျှော့ပင်းမောလ်က ပါကင်းဝင်းမှာ ပါကင်းရင် အဲဒီလျှော့ပင်းမောလ်ကို အရင်ဝင်။ ငါးမိနစ်လောက် နေပြီးမှပြန်ထွက် အဲဒါဆို အဲဒီမှာ ၂ နာရီ ပါကင်းခွင့် ရှိတယ်။ ပထမဆုံးဝင်တာက Theft Shop စက်ကန်းဟမ်းတွေ ရောင်းဆိုင် ဘာမှလည်း ဝယ်စရာမရှိဘူး ။ Safeway မှာတော့  ချောကလက် ဝယ်လို့ရတယ်။ ကျွန်မအနှစ်သက်ဆုံး Hershey's တံဆိပ် Almonds ပါတဲ့ ချောကလက်မည်း Nuggets ဝယ်ပြီးပြန်ထွက်လာတော့ သေချာတယ် ငါ့ကား အတိုးမခံရတော့ဘူး း) ။ ကားထဲ ချောကလက်ထားတော့ တွေ့လိုက်ရတာက လား...လား ရှေ့မှာ တိုးကားကြီး။ လမ်းဖြတ်ကူး ဘုန်းကြီးကျောင်းဆီရောက်တော့ ဆွမ်းဆန်စိမ်းလောင်းဖို့ စီနေကြပြီ။

ကျောင်းပေါ်တက်တော့ သံဃာ ၃၄ ပါးကို တစုတစည်းတည်း ဖူးတွေ့ရတယ်။ ၄၅ ပါး ဖိတ်ထားတာ ၃၄ ပါးပဲ တက်ရောက်ပါတယ်။ ပဝါရဏာအခမ်းအနားကို နှစ်စဉ် အမေရိကန်တနိုင်ငံလုံးက ဘုန်းကြီးကျောင်းတွေမှာ တလှည့်စီ ကျင်းပကြရာမှာ ဒီနှစ်မှာတော့ မေရီလန်းပြည်နယ် ဆေးပါးစပရင်းမြို့က မင်္ဂလာရာမဘုန်းကြီးကျောင်းမှာ ကျင်းပဖို့အလှည့်ကျပါတယ်။ ဆရာတော်တွေကို ဆွမ်းဆန်စိမ်းလောင်းလှုကြတာ အတော့်ကို ကြည်ညိုဖို့ ကောင်းတယ်။ ယိုးဒယားဆရာတော်နှစ်ပါးကို ဖူးတွေ့လိုက်တယ်။ ကျွန်မကတော့ ဆွမ်းဆန်စိမ်းလောင်းမှန်း မသိလို့ ဘာမှမယူသွားဘူး ။ လက်အုပ်လေးချီလို့ပဲ  သံဃာတွေကို ကန်တော့ရတယ်။ မြန်မာအမျိုးသမီးတော်တော်များများ ရိုးရာ အင်္ကီျ ဝတ်ကြတယ်။ အဆိုတော်မီမီဝင်းဖေကို တွေ့လိုက်တယ်။


နယူးယောက်ဆရာတော်က ချဉ်ပေါင်ကြော် လှုပါတယ် တယောက်တဗူး လာယူပါလို့ အော်နေတာ။ ချဉ်ပေါင်ကြော်ဆို ကျွန်မ အသေကြိုက်ပေမဲ့ သွားယူရမှာရှက်လို့ အဝေးကနေပဲ မျှော်နေတယ်။ ပထမတခေါက် လာတုန်းကသိတဲ့ အဘွားကို နှုတ်ဆက်တော့ သူကလည်း မှတ်မိတယ်။ အဘွားစန်းတဲ့။ သူ့မြေးမွေးကတည်းက စတိတ်ရောက်နေတာ ၁၃နှစ် ရှိပြီတဲ့။ စနေနေ့ဆို ဘုန်းကြီးကျောင်းလာ တညအိပ် တနင်္ဂနွေနေ့ ပြန်တဲ့ ယောဂီတွေ။ အဘွားတွေနဲ့ စကားကောင်းနေတုန်း ချဉ်ပေါင်ကြော် လာဝေလို့ တဗူးရတယ် ပျော်လိုက်တာ း) ။ အဘွားက နေ့လည်စာစားပြီးမှပြန်လို့ ပြောပေမဲ့ တယောက်တည်း ကြောင်တောင်တောင်နိုင်တာနဲ့ အိမ်ပြန်ပြီး နေ့လည်စာကို ချဉ်ပေါင်ကြော်နဲ့ စားပစ်လိုက်တယ်။ အိမ်ရှင်အမေရိကန်တွေကို အားနာလို့ ငါးပိ၊ ငံပြာရည် ချက်မစားတာ ကြာပြီဆိုတော့ ငါးပိပါတဲ့ ချဉ်ပေါင်ကြော်က ကျွှန်မ အတွက် နည်းနည်းငံတယ်။ ဒါပေမဲ့လည်း အဲဒီလို ချဉ်ပေါင်ကြော်စစ်စစ်ကို မစားရတာ ကြာပြီဆိုတော့ မနက်စာရော၊ ညစာရော ချဉ်ပေါင်ကြော်နဲ့ပဲ အဲဒီချဉ်ပေါင်ဗူး မကုန်မချင်း စားနေတယ်။


ကန်တက်ကီမှာ ချဉ်ပေါင်ငတ်တယ် ဗီယက်နမ်နဲ့ တရုတ်ဆိုင်မှာတော့ ကန်စွန်းရွက်ရလို့ မှိုနဲ့ကြော်စားတယ်။ မေရီလန်းမှာ ကန်စွန်းရွက်ငတ်တယ် ဆူနမ်တို့နားက Global Food မှာ ချဉ်ပေါင်ရတော့ ကြော်စားတယ်။ အဲ ငါးပိအစား ငံပြာရည်နဲ့ကြော်တော့ ချဉ်ပေါင်ကြော်စစ်စစ်တော့ မဟုတ်ဘူးပေါ့။ နိဗ္ဗာန်ဈေးပွဲတော်ရှိတယ်ဆိုလို့ ညနေ ၄ နာရီ တခေါက် ပြန်သွားတယ်။ အဘွားစန်းက လာ ဘူးသီးကြော်၊ ပဲကြော်စားတဲ့ ယူလာပေးတယ်။ ဖို့ဝိန်းမြို့က နိဗ္ဗာန်ဈေးပွဲတော်က ဝယ်စားရတာ။ ရောင်းတဲ့သူတွေက ကုန်ကျငွေကိုဖယ်ပြီး ပိုတဲ့ပိုက်ဆံကို ဘုန်းကြီးကျောင်း လှုတာ။ ဒီနိဗ္ဗာန်ဈေးပွဲကတော့ ဖရီး။ အလှုရှင်တွေကလည်း သူတို့တတ်နိုင်သလောက် မုန့်တွေလုပ်ပြီး ကျွှေးတာ။

မြန်မာစာငတ်တဲ့ ကျွှန်မ ပွဲဈေးလျှောက်လိုက်၊ မုန့်တွေယူလိုက်၊ ခုံမှာထိုင်စားရင်း အဘွားတင့်နဲ့ စကားတွေပြောကြ။ အဘွားတင့်က မွန်ပြည်နယ်က မြေးမမွေးခင် စတိတ်ကို ရောက်လာတာ ဆယ်စုနှစ်ကျော်ပြီ မြန်မာပြည်ကို တခါမှ မပြန်ဖြစ်ဘူးတဲ့။ ဒီအရွယ် တင့်တင့်တို့အရွယ် ကျွှန်မ ကျွှန်မတို့အရွယ်လို့ အရွှန်းဖောက် မိတ်ဆက်တယ်။ နောက် မမီမီဆိုတဲ့ အမကြီးနဲ့ သိရတယ်။ သူ့အိမ်က ကျွှန်မဈေးသွားဝယ်နေကျ H Mart ကိုရီးယားဆိုင်နောက်မှာ နီးနီးလေး။


အစ်မက မခက်မာလားဟင်လို့ သွားမေးတာ မဟုတ်ဘူး မခက်မာလည်း ရောက်နေတယ်တဲ့။ ပြန်လှည့်လာတော့မှ နာမည်မှတ်မိသွားတယ် ငါ့နှယ် မမေငြိမ်းကို မခက်မာလားလို့ သွားမေးရတယ်လို့။ အစ်မက မမေငြိမ်းလား ညီမက ကဗျာဆရာကိုသစ်ကောင်းအိမ် အမျိုးသမီး မခိုင် မိတ်ဆက်ပေးတဲ့ တယောက်ပါ။ အိမ်ရှာတုန်းက အစ်မ ညီမဆီ ဖုန်းဆက်လှမ်းမေးသေးတယ်ဆိုတော့မှ မှတ်မိသွားတယ်။ မခိုင်ညီမဆိုတော့လည်း သူတို့ညီမလို တရင်းတနှီး။ မခက်မာကို သွားနှုတ်ဆက်တယ်တော့ သြော် ကေခိုင်ပြောတဲ့ ညီမလေးလားပေါ့။ မမေငြိမ်းနဲ့ မခက်မာတို့ ဖွင့်ထားတဲ့ မြန်မာစာသင်တန်းကျောင်းကို အားရင် လုပ်အားလာပေးဖို့ ဖိတ်ခေါ်တယ်။ သူတို့ကျောင်းက ဆရာမလေးတွေနဲ့ မိတ်ဆက်ပေးတယ်။ အားလုံးက ခင်မင်ချစ်ရာကောင်းတဲ့ အစ်မကြီးတွေ။

မမေငြိမ်းဆိုရင် ကျွှန်မ နဲ့ ဖုန်းပြောဖူးပေမဲ့ အပြင်မှာ တခါမှ မတွေ့ဖူးသေးတာပါ။ မမေငြိမ်းနဲ့မခက်မာ ဘလော့တွေကို ဖတ်ပြီးတော့ သူတို့ကို မြင်ဖူးနေတာ အပြင်မှာတွေ့တော့ ကျွှန်မ သူတို့ကို မှတ်မိတယ်။ ဗွီအိုအေမြန်မာပိုင်းက သတင်းကြေငြာသူ ကိုကျော်ကျော်သိန်း၊ ကိုသားညွှန့်ဦး၊ မသိင်္ဂီ တို့ကိုလည်း တီဗွီမှာ မြင်ဖူးပေမဲ့ အပြင်မှာတွေ့တော့လည်း မှတ်မိသား။ ဆရာတော်ကို သွားဖူးမလို့ အပေါ်ထပ်တက်လို့ရလားမေးတော့ အစ်မက ဘလော့ရေးတဲ့ မစန်းစန်းထွန်းလား မေးတော့ အံ့သြသွားတယ်။ သူဘယ်လိုသိပါလိမ့်ပေါ့ ညီမက အစ်မဘလော့ပရိတ်သတ် ကောင်းကောင်းသူငယ်ချင်းလို့ မိတ်ဆက်လာတဲ့ ချစ်စရာကောင်းတဲ့ ညီမလေးတယောက်။ အဲဒီလို ဘလော့ပရိသတ်က ကျွှန်မ ကို လာနှုတ်တာ ပထမဆုံးအကြိမ်ပါပဲ။


ကောင်းကောင်းက ကျွှန်မနဲ့ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း  NUS မှာ ကျောင်းအတူတူတက်၊ အေဒီပရောဂျက်မှာလည်း တအုပ်စုတည်းကျတဲ့ ကျွှန်မ ရဲ့ အကောင်းဆုံးသူငယ်ချင်းတွေထဲက တယောက်ပါ။ ဆရာတော်ကိုဖူးပြီး အဲဒီညီမလေးကို နှုတ်ဆက်တော့ သူလည်းရောက်စက သူငယ်ချင်းမရှိ တယောက်တည်းဆိုတော့ ကိုယ်ချင်းစာတယ် ထမင်းခေါ်ကျွှေး ချင်ပေမဲ့ ဘယ်မှာနေမှန်းမသိ။ ကျွှန်မ ဘလော့ကို နေ့တိုင်း လာချောင်းတာပါတဲ့။ သူ့သားလေးက ပြည့်ပြည့်ဖောင်းဖောင်း ချစ်စရာဗွေနှစ်လုံးလေး။ သူ့ဆီဆက်သွယ်ဖို့ အီးမေးလ်တို့ကို စီဘောက်မှာ လာအော်မယ်တဲ့။ ရေစက်ရှိရင် တွေ့ကြဦးစို့နော်။

အဲဒီနေ့က ကျွှန်မ စားတာ ဘူးသီးကြော်၊ ပဲကြော်၊ မုန့်ဟင်းခါး၊ ဒံပေါက်၊ ငှက်ပျောသီးဆနွင်းမကင်း၊ သာကူ၊ သာကူစေ့ပူတင်း၊ နန်းကြီးသုတ်။ ဒံပေါက် မကုန်လို့ ကားထဲသွားထည့်ပြီး မနက်ဖြန်စားဖို့ အိမ်သယ်တယ်။ ဒါတောင် ကျွှန်မ ဗိုက်မဆံ့တော့လို့ညှပ်ခေါက်ဆွဲ၊ ဖက်ထုပ်ကြော်၊ ကော်ပြန့်ကြော်၊ ကြာဇံကြော်၊ ပဲကြာဇံသုပ်၊ ဂျိုးကြော်၊ ပဲသုတ် အများကြီးကျန်သေးတယ်။ အသားကုန်စားနေတဲ့ ကျွှန်မ ကို မမီမီက ဟေ့ စန်းစန်း စားလှချည်လား မဝသေးဘူးလားလို့ နောက်တယ်။ ကျွှန်မ ကလည်း မြန်မစာစာငတ်နေတာလေ အစ်မ အဟဲ လို့ ပြန်နောက်တယ် ။ အစ်မတွေနဲ့ စကားပြောလိုက် ၊ ပွဲဈေးပတ်လျှောက်လိုက်၊ စားလိုက်နဲ့ ဗိုက်ဝလို့ ဓာတ်ပုံရိုက်မယ်ဆိုရော မှောင်နေပြီ။


ဘုရားပန်း၊ ဆီမီးကို ငါးကျပ်နဲ့ဝယ်ပြီး ပူဇော်တယ်။ နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမဲ့ ကထိန်ပွဲကို ဖိတ်ပေမဲ့ အဲဒီအချိန် မေရီလန်းမှာ ရှိနေဖို့က မသေချာတာမို့ ကထိန်သင်္ကန်းတစုံစာ ကြိုတင်လှုခဲ့တယ်။ မြန်မာပြည်နဲ့ စင်္ကာပူမှာတော့ ဘုန်းကြီးကျောင်းတွေရှိတော့ ဘယ်အချိန်ချိန်  သွားလှုလှု။  စတိတ်မှာတော့ လှုချင်ရင်တောင်မှ ဘုန်းကြီးကျောင်းတွေနဲ့ နီးဦးမှ။ ၂၀၁၁ စတိတ်ရောက်တဲ့နှစ် ဇွန်လ ဖို့ဝိန်းမြို့က စုပေါင်းရဟန်းခံရှင်ပြ အလှုပွဲကို သားလေးနဲ့ လမင်းဝေးတို့ ရှင်ပြုလို့ ရောက်ခဲ့တယ်။ ၂၀၁၂ ကန်တက်ကီရောက်တော့ လူဝီဗီလ်မြို့တောင်ဖက် ၂ နာရီလောက် မောင်းရတဲ့ ဘိုးလင်းဂလင်းမြို့မှာ ဘုန်းကြီးကျောင်းရှိပေမဲ့ အဲဒီတုန်းက ကားမောင်းခါစ၊ အိုဟိုင်းရိုးပြည်နယ် စင်စင်နတီမြို့မှာနေတဲ့ ဆူနမ်နဲ့မိုင်းတို့ဆီ သွားလည်ဖို့ပဲ စိတ်ရောက်နေတာ့ ဘုန်းကြီးကျောင်း မရောက်ဖြစ်ဘူး။

၂၀၁၃ မေရီလန်းရောက်တော့ အလုပ်ရပြီး သုံးလလောက်လည်းကြာတော့ ဘုန်းကြီးကျောင်းသွားချင်စိတ် ပေါက်လာပါရော။ ဘားမီးကလပ်စစ်မှာ ရှာကြည့်တော့ ဆူနမ်တို့နားမှာ အောင်ရတနာဘုန်းကြီးကျောင်းတွေ့တယ်။ သွားတော့ ဆရာတော်တွေ မတွေ့ဘူး ခရီးသွားကြပုံ ရတယ်။ လွန်ခဲ့တဲ့ တလလောက်က ကျွှန်မ တို့အိမ်နားက ကျောင်းကိုသွားတော့ အဘွားစန်း၊ အသင်းအမှုဆောင်တွေဖြစ်တဲ့ အန်တီခင်ဆွေမြင့်၊ ဦးသောင်းကြည်၊ ဆရာတော်တို့နဲ့တွေ့ပြီး သီတင်းကျွှတ် ပွဲတော်ရှိလို့ လာဖို့ဖိတ်လို့သွားရင်းက ဒီလိုပျော်စရာကောင်းတဲ့ သီတင်းကျွှတ် လေး ဖြစ်ခဲ့တာပါ။ အဘွားစန်းက ဟိုးတလောက ဘောင်းဘီတိုနဲ့ ဘုန်းကြီးကျောင်းလာတဲ့တစ်ယောက်လား နောက်ဆို ဘုန်းကြီးကျောင်းလာရင် ထမီဝတ်တဲ့။ ဟုတ်ကဲ့အဘွား အဲဒီတုန်းက ဒူးလောက်ရှည်တဲ့ ဘောင်းဘီဝတ်ထားတာပါ။ ပထမတခေါက်တုန်းက ထမီဝတ်သွားပြီးမှ ဘယ်သူမှမတွေ့ အဲလိုမဖြစ်အောင် အရင်ကင်းလာထောက်တာ။


၁၉၇၉  မဟာစည်ဆရာတော်ဘုရားကြီး အမေရိကန်ကို လာရောက်ခဲ့ပြီးချိန် ၁၉၈၀ ဒီစီအနီးတဝိုက်မှာ နေထိုင်ကြတဲ့ မြန်မာဗုဒ္ဓဘာသာဝင်တွေ တွေ့ဆုံကြပြီး ဘားမား-အမေရိကန် ဗုဒ္ဓဘာသာဝင်များအသင်း ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၈၂ မှာ ခုလက်ရှိမြေနေရာကို ဝယ်ယူပြီး ၁၉၈၄ မှာ မဟာစည်သာသနာ့ရိပ်သာကို ဖွင့်လှစ်ခဲ့ပါတယ်။ ခုတော့ ဆရာတော်တွေ သတင်းသုံးဖို့ နှစ်ထပ်ကျောင်းဆောင်၊ ယောဂီတွေ တရားထိုင်တဲ့ တစ်ထပ်အဆောက်အဦး ရှိပါတယ်။ ကလေးတွေကို ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းတွေ သင်ပေးပါတယ်။ ပထမတခေါက် ကွျှန်မသွားတုန်းက ကလေးတွေ သြကာသ ရှိခိုးကန်တော့နေတာ ကြားလိုက်ရတော့ ပီတိဖြစ်လိုက်တာ။ ကလေးတွေ တရားလည်း ထိုင်ပါတယ်။ မြန်မာကလေးတွေသာမက နိုင်ငံခြားသားကလေးတွေလည်း တွေ့ခဲ့ပါတယ်။ ကလေးတွေရဲ့ နှလုံးသားမှာ ဘုရားတည်နေတာ ကောင်းလိုက်တာ။ မမေငြိမ်းတို့က ကလေးတွေကို မြန်မာစာတတ်အောင်သင်တယ် ဆရာတော်က ဗုဒ္ဓဘာသာအကြောင်း သင်တယ်လို့ ဆရာတော်က မိန့်ပါတယ်။ ကျောင်းအကြောင်း ဖတ်ချင်ရင် ဒီလင့်ခ် လေးမှာ ဖတ်လို့ရပါတယ်။


ရိုးရာအစဉ်အလာ ဆွမ်းဆန်စိမ်းလောင်းလှုပွဲ၊ နိဗ္ဗာန်ဈေးပွဲတော်၊ မြန်မာအစားအစာ၊ မြန်မာရနံ့တွေနဲ့ စတိတ်ရောက်ပြီး သုံးနှစ်အကြာမှ ဆင်နွှဲရတဲ့ ဒီသီတင်းကျွှတ်ပွဲတော်လေးကိုတော့ ကျွှန်မ အမှတ်တရ ဖြစ်နေမှာပါ။ နိုဝင်ဘာမှာ ကျင်းပမဲ့ ကထိန်ပွဲကိုလည်း မေရီလန်းမှာ ကျွှန်မ ရှိနေသေးရင် ရောက်ဖြစ်ဦးမှာပါ။

စန်းထွန်း
အောက်တိုဘာ ၂၀၊ ၂၀၁၃။

6 comments:

မီးမီးငယ် said...

ပျော်စရာကြီးကွာ...

မလေး said...

ချစ်ခင်တဲ့
မလေးမြတ်

Anonymous said...

ပျော်သွားပါတယ်။
ချစ်သောမမအိုင်အိုရာ

ဟန်ကြည် said...




Zun Nwe Tun said...


San San Htun said...

မီးမီးငယ် said...
အလကားစားရတဲ့နိဗ္ဗာန်ဈေးဆိုပါလား...
စိတ်ဝင်းစားလိုက်တာဟယ်..:P
ပျော်စရာကြီးကွာ...
October 21, 2013 at 9:27 PM
မလေး said...
ညီမစန်းထွန်းရေ ပျော်ရွင်စရာကောင်းပြီး ကုသိုလ်လည်း
ရ မိတ်ဆွေတွေလည်းတွေ့ရ မုန်တွေလည်းအများကြိး
စားရ တဲ့ပျော်ရွှင်စရာသီတင်းကျွတ်လေးနော်။
ချစ်ခင်တဲ့
မလေးမြတ်
October 22, 2013 at 9:43 AM
Anonymous said...
ရှယ်ပါလားစန်းထွန်းရေ။
စန်းထွန်းလေးပျော်တော့မမအိုင်အိုရာလည်း
ပျော်သွားပါတယ်။
ချစ်သောမမအိုင်အိုရာ
October 22, 2013 at 10:03 PM
ဟန်ကြည် said...
စန်းထွန်း မျက်စိစူးချက်...သူများကလေးကို ပြည့်ပြည့်ဖောင်းဖောင်း ဗွေနှစ်လုံးလေးတဲ့...အေးရော... း)

ချဉ်ပေါင်ကြော်စားချင်ရင် ဦးဟန်ကြည်တို့အိမ် အလည်လာခဲ့လေ...မဒမ်ဟန်ကြည် ချဉ်ပေါင်ကြော်လွန်းလို့ ဗိုက်ထဲမှာ ချဉ်ပေါင်ခင်းဖြစ်နေလို့... း)

စကားမစပ် ဓာတ်ပုံထဲမှာ မျောက်မှန် တပ်မထားပါလား...း)
October 24, 2013 at 9:22 AM
Zun Nwe Tun said...
ပုံလေးတွေ အရမ်းလှပါတယ်
November 15, 2013 at 3:10 AM