အိတ်မှောက်သွန်ဖြိုး နှစ်ဆယ့်ကိုး...(တဂ်ပို့စ်)

အစကတော့ လေဘာဒေးပိတ်ရက်ပြီးမှ အိတ်မှောက်မလို့ စိတ်ကူးထားတာ။ မမယ်သံ ပြောသလို "မင်းတို့အိတ်တွေ လေထဲမှောက်လိုက်ကြ" ဆိုပြီး ဘလော့ဂါမောင်နှမတွေ တက်ညီလက်ညီ အိတ်တွေ မှောက်ချနေတာ ဖတ်ရတော့၊ Camping ထွက်ဖို့ အိတ်ရှင်းရမှာနဲ့ မထူးပါဘူးလေ တခါတည်း မှောက်လိုက်မယ်ဆိုပြီး မှောက်ချပစ်လိုက်တော့....


အိတ်ကြီးထဲက အိတ်ငယ်လေးတွေ ထွက်လာတယ်။

ကျောပိုးအိတ်
စတိတ်ကို မရောက်ခင်အထိ ဘေးလွယ်အိတ်၊ စလွယ်သိုင်းအိတ်တွေပဲ လွယ်ခဲ့ပြီး ( ခြင်္သေ့ကျွှန်းမှာ တောင်တက်တယ့် အချိန်ကလွဲလို့) ကျောပိုးအိတ် မလွယ်ခဲ့ဘူး။ ကျောပိုးအိတ်ကို လေဒီမဆန်ဘူးလို့ထင်တယ့် ဖက်ရှင်မိုက်တယ့် မကြီးဝယ်ပေးတယ့် အိတ်တွေလွယ်ပြီး ဖက်ရှင်မိုက်ခဲ့တယ် ဆိုပါတော့ း) ။ စတိတ်ရောက်တော့ ပြောင်းပြန်။ ဘေးလွယ်အိတ်၊ စလွယ်သိုင်းအိတ်တွေ ရှိပေမယ့် ကျောပိုးအိတ်ပဲ လွယ်ဖြစ်တော့တယ်။ ဒီ Swiss Gear ကျောပိုးအိတ်က ဆူနမ်နဲ့ရာမား မွေးနေ့လက်ဆောင် ပေးထားတာ။

ထမင်းဗူးအိတ်
ချိုလွန်း၊ ငန်လွန်းတယ့် အမေရိကန်စာတွေ မစားနိုင်လို့ ထမင်းဗူး သယ်တယ်။ ကန်စွန်းဥပြုတ်၊ ပြောင်းဖူးပြုတ်၊ ပေါင်မုန့်၊ ကွတ်ကီးတို့ကို မနက်စာအတွက် သယ်သလို သစ်သီးမစားရရင် မနေနိုင်တာမို့ အသီးတွေ သယ်တယ်။ မိုက်ခရိုဝေ့ခံ ပလပ်စတစ်ဗူးထက် ဖန်၊ ကြွေတို့ကို ပိုကြိုက်လို့ ထမင်းဗူးက Pyrex တံဆိပ် ဖန်ခွက် နည်းနည်းလေးတယ်။ မနက်ဆို စားစရာတွေနဲ့ နင့်နေလို့ လက်ကဆွဲပေမယ့် ညနေစာင်းဆို အတော်ပေါ့သွားလို့ ကျောပိုးအိတ်ထဲ ရောက်သွားတယ်။


မောက်ကပ်ဘေ့စ် အဲလေ မိတ်ကပ်ဘောက်အိတ်
နှုတ်ခမ်းခြောက်ရင် ဆိုးဖို့ Clinique နှုတ်ခမ်းဆိုးဆေးတောင့်၊ ဘောပင်တချောင်း၊ ခဲတံတချောင်း၊ မျက်မှန်သုတ်တယ့် အဝတ်၊ ရထားစီးချိန်နဲ့ရုံးမှာ သီချင်းနားထောင်ဖို့နားကြပ်၊ စိတ်ရှုပ်လာရင် နဖူးပေါ်ဝဲနေတယ့် ဆံပင်တွေကို ဖယ်ရှားပစ်ဖို့ ဘဲဆံညှပ်၊ Jogging ပြေးရင် ပိုနီတေးစည်းဖို့ J.Crew ကလစ်ခုံးတခု ( သယ်ဖို့ မလိုဘူး...ထုတ်ပစ်ဦးမှ ) ၊ မျက်စိညောင်းရင် ခပ်ဖို့ မျက်စဉ်းဆေး၊ နေ့လည်စာ ထွက်စားရင် ယူသွားတယ့် ပိုက်ဆံအိတ် အသေး တခု။ ဆူနမ်တို့ဆီ သွားရင်၊ ခရီးထွက်ရင်တော့ အဲဒီအိတ်က မိတ်ကပ်ဘောက်အိတ် ဖြစ်သွားတယ်။


ပိုက်ဆံအိတ် အသေး
ကျွန်မကို အသေသတ်ချင်ရင် အဲဒီအိတ်သာ ဖျောက်ပစ်လိုက် (အစ်မ မြသွေးနီ လေသံ း)  ။ အဲဒီအိတ်ထဲမှာ ကားမောင်းလိုင်စင်၊ ဒက်ဘစ်ကဒ်  ၊ ခရစ်ဒစ်ကဒ် နှစ်ခု (တချို့ဆိုင်တွေက ဒစ်ကာဗာ ခရက်ဒစ်ကဒ်ကို လက်မခံလို့ တခြား ခရက်ဒစ်ကဒ်ကိုပါ အပိုဆောင်ထားရ) ၊ ငွေသားအချို့ ( တချို့ဆိုင်တွေက လက်ငင်းငွေသားပဲ လက်ခံတယ် ၊  ချေ့စ်ဘဏ်က ကန်တက်ကီမှာ အေတီအမ် ပေါသလောက် မေရီလန်းနဲ့ ဝါရှင်တန်ဒီစီမှာ အေတီအမ် မရှိဘူး...ငွေထုတ်ချင်ရင် စာတိုက်မှာ တခုခုဝယ်ရင်း ကက်ရှ်ဘက် ထုတ်၊ ဒါမှမဟုတ် ဆူနမ်တို့ကို ထုတ်ခိုင်း ၊ ပြီးမှ သူတို့ကို ချက်ရေးပေး၊ ကားတိုးခံရလို့ ဒဏ်ကြေးပေးဖို့ အေတီအမ်မှာ ငွေသွားထုတ်တာ အေတီအမ်ဘဏ်က ထုတ်ခနဲ့ ချေ့စ်ဘဏ်က သူ့အေတီအမ်မှာ မဟုတ်လို့ ထုတ်ခ နှစ်ခုပေါင်း ငွေ ၃၀ ထုတ်တာကို ၅ ကျပ် ပေးရပြီးကတည်းက လက်ငင်းငွေသား အပိုဆောင်တယ် ) ။


သော့အိတ်
ကားသော့ ( H Mart မန်ဘာကဒ်အသေးနဲ့ ကားပြင်ဆိုင် မန်ဘာကဒ်အသေး ချိတ်ထားတယ်) ၊ အိမ်သော့ ( အိမ်ရှေ့တံခါးသော့၊ အခန်းသော့၊ အိမ်နောက်ဖေးသော့ ) ၊ ရထားကဒ်၊ ရုံးဓာတ်လှေကားကဒ်၊ ဝန်ထမ်းကဒ်။ ဒီအိတ်လေးကတော့ ကျောပိုးအိတ်ရဲ့ အပြင်ဖက်ဆုံး အိတ်ဖက်ထဲမှာ ထားတယ်။ တခါတုန်းက အခန်းသော့ ပိတ်ပြီး အိမ်ရှေ့တံခါးမကြီး ပိတ်တော့မလို့ လုပ်ခါမှ အိမ်သော့ အခန်းထဲမှာ ကျန်ခဲ့မှန်း သိတယ်။ အိမ်ရှေ့တံခါးနဲ့ အိမ်နောက်ဖေးတံခါးသော့က အိမ်ရှင်ဆီမှာ ရှိပေမယ့် အခန်းသော့က အော်ရင်ဂျင်နယ်။ သူ့မှာလည်း အပိုမရှိဘူး။ သော့ဖျက်တယ့် လူကို ခေါ်ရမယ် ထင်တယ်။ ဆူနမ်တို့ အိမ်သော့ အထဲမှာ ကျန်ခဲ့လို့ တိုက်ခန်းကြီးကြပ်ရေးမှုးက သူ့မှာရှိတယ့် သော့နဲ့ လာဖွင့်ပေးတာလေးကို ၃၅ ကျပ် ပေးရတယ်။ သော့ဖျက်ရမယ် ဆိုရင်....

နေ့လည်ဖက် အိမ်သော့ကို မိတ်ကပ်ဘောက်အိတ်ထဲမှာ ပြန်တွေ့လို့ ပျော်လိုက်တာ။ နောက်ဆို သော့တွေကို သော့အိတ်ထဲမှာပဲ ထား၊ အခန်းသော့ ပါမပါ သော့အိတ်ကို အရင်စစ်ပြီးမှ အခန်းလော့ချ။ ရုံးက ဘာဘရာက သော့အိတ်လေးကို လှလို့တယ့်။ အဲဒါ မြန်မာပြည်ကကွ...(ဘာလို့ကွမှန်း ကွကို မသိ.. ) ။ မကြီး မြန်မာပြည် ပြန်တော့ အဲဒီအိတ်မျိုး ထပ်မှာသေးတယ်။ ဟမ်းမိတ်၊ ဆီးကွင့်တွေ၊ ဘော်ကြယ်တွေ၊ ရွှေခြည်ထိုးတွေနဲ့ လှပေမယ့် ကွာလတီကတော့ သိပ်မကောင်းဘူး။ မြန်မာပြည်မှာတုန်းက နိုင်ငံခြားဖြစ်တွေ သုံးချင်ပြီး နိုင်ငံခြားရောက်တော့ မြန်မာပြည်ဖြစ်တွေ သုံးချင်တယ် း) ။


ပိုက်ဆံအိတ် အကြီး
ဒီပိုက်ဆံအိတ်က မကြီး မွေးနေ့လက်ဆောင် ပေးထားတယ့် Bonia အိတ်။ ငါးနှစ်လောက် ကြာပြီပေမယ့် အခုထိ  မဟောင်းသေးဘူး။  ပတ်စပို့သက်တမ်းတိုးဖို့ ရိုက်ထားတယ့် ဓာတ်ပုံ ၂ ပုံ (ဘာလို့ ပိုက်ဆံအိတ်မှာ သိမ်းထားမှန်းမသိ..) ၊ ကျောင်းသားကဒ်၊ အိုင်အိုဝါဘဏ်ကဒ် ( အဲဒီဘဏ်ကဒ်ကို ကျောင်းလခသွင်းဖို့လောက်ပဲ သုံးတယ်) ၊ အဲဒီဘဏ်ရဲ့ ပင်နံပါတ် ရေးထားတယ့် စာရွက် ၊ AAA Road Assistance ကဒ်  ၊ ကျန်းမာရေး အာမခံကဒ် ၊ ကားအာမခံကဒ်၊ ငွေသားအချို့၊ အကြွေစေ့ အတော်များများ ( စင်္ကာပူ ပြား ၅၀ စေ့ကို မလွှင့်ပစ်ရက်လို့ အလေးခံပြီး သိမ်းထားလေရဲ ့) ၊ Body Shop မန်ဘာကဒ်၊  Kroger မန်ဘာကဒ် ( H Mart လို အသား၊ အသီးအရွက် ရောင်းတယ့်ဆိုင် ကန်တက်ကီမှာပဲ ရှိတယ် ) ၊ ကိုရီးယားဆိုင် H Mart မန်ဘာကဒ် (ကားသော့မှာ H Mart ကဒ်အသေး ချိတ်ထားတာမို့ ကဒ်အကြီးနဲ့ မေရီလန်းမှာ မရှိတယ့် Kroger ကဒ်တွေကို ထုတ်ပစ်ဦးမှ ) ၊ ဘောက်ချာစာရွက်အချို့ ( ကင်မရာအတွက် မန်မိုရီကဒ် ဝယ်ထားတာ ဆိုဒ်မတော်ရင် ဝယ်ပြီး ၁၅ အတွင်း ဘောက်ချာပြပြီး ပြန်လဲဖို့ သိမ်းထားတယ့် Best Buy က ဘောက်ချာစာရွက်။ မကြီးဆီ ပစ္စည်းပို့တုန်းက စာတိုက်က ပေးတယ့် ဘောက်ချာစာရွက်တွေမှာ ထရက်ကင်းနံပါတ်၊ အာမခံနံပါတ်တွေပါလို့ ပစ္စည်းမရောက်မချင်း သိမ်းထားတယ်။ ရောက်ပြီဆိုမှ လွှင့်ပစ်ရန် )


စာအုပ်
စာမေးပွဲ နီးပြီဆိုတော့ ရုံးမှာ အားတယ့်အချိန်တွေ၊ ရထားစီးတယ့် အချိန်တွေမှာ ဖတ်ဖို့ စာအုပ်နဲ့ နှုတ်စ်ထုတ်ဖို့ ဗလာစာအုပ်။ စာမေးပွဲ ဝေးတယ့်အချိန်တွေဆို အိုင်ပတ်မီနီ ဒါမှမဟုတ် စာအုပ်သေးသေးတအုပ် သယ်တယ်။ ရထားစီးချိန်၊ နေ့လည်စာ ထမင်းစားချိန်တွေမှာ ဖတ်ဖို့။


ဖုန်း
စတိတ်မှာနေပြီး စမတ်ဖုန်းလည်း မရှိ၊ အိုင်ပတ်လည်း မရှိ၊ ငါ့ဟာတွေ ပို့ပေးရမလားလို့ မြန်မာပြည်က မောင်မောင်က ကျွန်မကို ဟားတယ်။ ကန်တက်ကီမှာတုန်းက အိမ်ရှေ့၊ ရုံးရှေ့အထိ ကားမောင်းလို့ရတော့ အိုင်ပတ်နဲ့ စာဖတ်ချိန်လည်း မရှိ၊  အိမ်ရောက်တာနဲ့ ကွန်ပျူတာဖွင့်တာဆိုတော့ စမတ်ဖုန်းလည်း မလို။ မေရီလန်းရောက်တော့ ရထားစီးချိန်တွေမှာ စာဖတ်ဖို့ အိုင်ပတ်၊ သွားလာနေတုန်း လမ်းပျောက်သွားခဲ့ရင် ရှာဖွေဖို့ စမတ်ဖုန်း လိုလာတယ်။

ကျွန်မရဲ့ ပထမဆုံးဖုန်းက ဆမ်ဆောင်း ခေါက်ဖုန်း။ ဒုတိယဖုန်းက Emporio Armani အတွက် ဆမ်ဆောင်းက ထုတ်တယ့် မီးရောင်စုံလင်းတယ့် ဖုန်း။ ဆမ်ဆောင်းဖုန်းတွေပဲ သုံးခဲ့တော့ Brand Loyalty ဖြစ်အောင် ဆမ်ဆောင်းဂယ်လာဆီ  ဝယ်မလား စိတ်ကူးပေမယ့် သူငယ်ချင်းတွေ၊ မကြီးနဲ့ မောင်မောင်က အိုင်ဖုန်းသုံးကြတာမို့ အိုင်ဖုန်းဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ရုံးက ဗီယက်နမ် သက်ငုယင်က
အိုင်ဖုန်းဖိုက်လား.. ငါ့ဖိုးကို ဖိုက်နဲ့ လဲချင်နေတာ...
သုံးလတကြိမ်လောက် အသစ်ပေါ်နေတာ.. လိတ်တက်စ် ပေါ်သမျှ ကိုင်ချင်နေတာ...ခရေဇီပဲ...
ရှေ့လကျရင် အိုင်ဖုန်း အသစ်ထွက်မယ် ကြားတယ်..ဖိုက်နဲ့ မလဲနဲ ့ဦး...တလထပ်စောင့်လိုက်..အိုင်ဖုန်းဆစ်နဲ့ လဲ..

ဖုန်းအသစ်ရသည့် ကျွန်မ မျောက်အုန်းသီးရမည့်ပမာ မြင်မြင်သမျှရိုက်ပြီး  ဖေ့ဘွတ်ပေါ်မှာ တဂျိမ်းဂျိမ်း တင်တယ်...မျက်စိနောက်ပေစွ...း)


ထီး
ဒီနေ့မိုးရွာမယ်ဆိုလို့ ထီးဆောင်တယ်။ ပြုံးမြတ် မွေးနေ့လက်ဆောင် ပေးထားတယ့် အပြာရောင်မှာ အဖြူရောင် ဘောလုံးအစက်လေးတွေပါတယ့် ESPRIT ထီး။ ကျွန်မ ဆောင်းဖူးသမျှ ထီးတွေထဲမှာ ဒီထီးလေးက အလှဆုံး။



လိုအပ်တာတွေပဲ ပါပေမယ့် ကျွန်မ အိတ်ကလည်း အစ်မသက်ဝေအိတ်လို သုံးကီလိုလောက် လေးနေမလား။ စာအုပ်၊ ထီး မပါတယ့်နေ့ဆို အိတ်က ပေါ့နေလို့ ငါ ဘာများမေ့ကျန်နေပါလိမ့်လို့ တွေးမိတယ်။ သေးသေး၊ ကြီးကြီး  အိတ်ဆိုတာ လိုအပ်တာတွေ သယ်ယူသွားဖို့ပဲ မလား။

"ဤရက်ပိုင်းအတွင်း ဘလော့ဂါများ အိတ်မှောက်လတ္တံ့။ အားလုံး၏ အိတ်ချောင်အတွင်းရှိ အမှိုက်သရိုက်များ ရှင်းလင်းကြလတ္တံ့။"

အစ်မမြသွေးနီ နမိတ်ဖတ်ထားသလို နောက်ရှင်းလာမယ့် အိတ်လေးတွေကို စောင့်စားရင်း

စန်းထွန်း
သြဂုတ် ၃၀ ၊ ၂၀၁၃။

All About DC - 3

National Gallery of Art ပြတိုက်ပိတ်ချိန် ညနေ ၅ နာရီ ။ နေက ခြစ်ခြစ်တောက် ပူနေတုန်း။ ည ၈ နာရီလောက်မှ နေဝင်တာမို့ Tidal Basin တိုင်ဒန်ဘေဆင်ရေကန်၊  Thomas Jefferson Memorial ဖက်ကို ခြေဆန့်ပါတယ်။ US Capitol ကယ်ပီတယ်ကနေ Monument မိုးနူးမတ် ကျောက်တိုင်အထိ ဘေးတချက်တချက်စီမှာ ပြတိုက်တော်တော်များများ ရှိတာမို့ ကယ်ပီတယ်နဲ့ မိုးနူးမတ်နား ပတ်နိုင်ရင် ဒီစီနှံ့ပြီ။ နေရာတွေကလည်း တခုနဲ့တခု ဆက်နေတာမို့ အဲ လမ်းတော့ အသေလျှောက်ရတယ် း) ။

မတ်လကုန် ဧပြီလဆန်း နွေဦးတုန်းက ချယ်ရီပွဲတော် ကျင်းပတယ့် တိုင်ဒန်ဘေဆင်ရေကန်နဲ့ ဂျက်ဖာဆန် မန်မိုရီယန်။



Franklin Delano Roosevelt Memorial မှာတော့ သူရဲ့ ထင်ရှားတယ့် အဆိုအမိန့်တွေကို ကျောက်တုံးတွေမှာ ထွင်းထုထားတယ်။ လူတွေဖန်တီးထားတယ့် ရေတံခွန်ဆိုပေမယ့် ရေတွေ တသွင်သွင် စီးနေတာကို မြင်ရတာ အေးချမ်းတယ်။

လှေကားထစ်မှာလည်း မိန့်ခွန်းတွေ

လူမည်းတွေ လူဖြူနဲ့တန်းတူ မဲပေးခွင့်ရရေးအတွက် တိုက်ပွဲဝင်ခဲ့တယ်  Martin Luther King Jr. Memorial ။ ရုပ်တုမှာ ရေးထိုးထားတယ့် မိန့်ခွန်းတွေထဲက အငြင်းပွားဖွယ်ရှိတယ့် စကားလုံးတွေကို တရုတ်ကျောက်ဆစ်ပညာရှင်နဲ့ ဖယ်ရှားနေပါတယ်။

Martin Luther King, Jr Memorial

သမ္မတကတော်က  ဒီကျောက်မီးပုံးက ဆီမီးတိုင်ကို  မီးထွန်းညှိ၊ ချယ်ရီပင်အသစ် စိုက်ပျိုးပြီး ချယ်ရီပွဲတော်ကို ဖွင့်လှစ်လေ့ ရှိပါတယ်။ အနီးအနားမှာ ပထမဆုံး စိုက်ပျိုးခဲ့တယ့်  ချယ်ရီပင်နှစ်ပင် ရှိပါတယ်။ တိုင်ဒန်ဘေဆင် ရေကန်တလျှောက် ချယ်ရီတွေ အစွမ်းကုန်ပွင့်ပြီဆိုရင် ရင်သပ်ရှုမောဖွယ် လှပလွန်းလို့ ချယ်ရီပွဲတော်ကို နွှဲပျော်ဖို့ နွေဦးရာသီ ချယ်ရီပွဲတော်ချိန်ဆို ဒီစီကို လူတွေသန်းချီ လာရောက်လည်ပတ်ကြပါတယ်။ ဒီနှစ် ချယ်ရီအစွမ်းကုန် ပွင့်ချိန်တုန်းက ကျောင်းကိုရောက်နေလို့ ချယ်ရီတွေနဲ့ ဓာတ်ပုံမရိုက်လိုက်ရဘူး။ ချယ်ရီပွဲတော် ဘယ်လောက်လှကြောင်း ဂူဂယ်က ဓာတ်ပုံတွေနဲ့ သက်သေပြမယ် း) ။

credit to Google
credit to Google
credit to Google
credit to Google
credit to Google

သူက Jonathan Livingston Seagull လား ။ အခုလောလောဆယ် ဖတ်နေတယ့် စာအုပ်နာမည်ပါ။

                                   
World War II Memorial ။ အမေရိကန်တွေ ဒုတိယကမ္ဘာစစ်မှာ ပါဝင်လာပုံ ရုပ်ထုတွေ၊ ပြည်နယ်တခုချင်းစီအတွက် ကျောက်တိုင်တွေ၊ ရေပန်းတွေနဲ့ အတော်သာယာတယ်။ ကယ်ပီတယ်လည်း ငါ မကြိုက်ဘူး၊ အိမ်ဖြူတော်လည်း ငါ မကြိုက်ဘူး၊ ဒီစီမှာ ငါ အကြိုက်ဆုံးက ဒီနေရာလို့ ဆိုလာသူက ဆူနမ်။

World War II Memorial
Washington Monument

ကိုရီးယား ကျောင်းသားလေးတွေ ကက်ဆက်ဖွင့်ပြီး စည်းချက်ညီညီ ကခုန်ကြတာကို လမ်းက ဖြတ်သွားဖြတ်လာတွေက လက်ခုပ်တီး အားပေး၊ ဓာတ်ပုံရိုက်။ ကိုယ်လည်း ဘယ်နေပါ့မလဲ း) ။

မတ်ထရိုဘိုက်နဲ့ ဒီစီလည်

ဒီစီရဲ့ ဘူတာရုံ တော်တော်များများမှာ ဒီလို အနီရောင် Metro Bike တွေ ရှိပါတယ်။ စင်္ကာပူမှာ ရထားကို MRT ၊ ဟောင်ကောင်မှာ MTR ၊ ဒီစီမှာ Metro ၊ နယူးယောက်မှာ Subway လို့ ခေါ်ပါတယ်။ မန်ဘာဝင်ထားရင် မတ်ထရို ဘူတာတွေ တခုကနေတခုကို လိုတယ့်အချိန် ဘူတာရုံမှာ ဒီအနီရောင်စက်ဘီး ကောက်စီး၊ အနီးအနားက ဘူတာတွေမှာ ထားခဲ့။ လေထုညစ်ညမ်းမှုလည်း မရှိတယ့် မတ်ထရိုစက်ဘီးက ဒီစီမှာ အတော့်ကို ပေါ်ပြ ူလာဖြစ်ပါတယ်။ တခြားမြို့ကြီးတွေမှာလည်း ဒီစီမတ်ထရိုစက်ဘီးကို နမူနာယူပြီး လုပ်မယ်လို့ ကြားတယ်။


March on Washington လူမည်းတွေ လူဖြူတွေနဲ့တန်းတူ မဲပေးခွင့်ရအောင် စည်းရုံးလှုံ့ဆော် တိုက်ပွဲဝင်ခဲ့ပြီး မာတင်လူသာကင်းက သမိုင်းဝင် I have a dream မိန့်ခွန့်ကို လင်ကွန်းမန်မိုရီယန်မှာ ပြောကြားခဲ့တာ သြဂုတ် ၂၈ ဆို နှစ် ၅၀ ပြည့်ပြီ။ ချီတက်ပွဲရှိလို့ ဒီစီတခွင် လူတွေစည်နေပါတယ်။ သမိုင်းတွင်တယ့် ချီတက်မူကို အစဉ်အလာမပျက် ထောင်ပေါင်းများစွာ ချီတက်ကြသလို၊ ချီတက်ပွဲမှာ ပြောကြားတယ့် မိန့်ခွန်းတွေကို တီဗွီတွေက မပြတ်ထုတ်လွှင့်ပေးသလို Update News ကိုလည်း တင်ဆက်ပေးပါတယ်။ သမိုင်းကို ပြောင်းလဲစေခဲ့တယ့် ဒီချီတက်ပွဲကို အမေရိကန်တွေ သိပ်ဂုဏ်ယူတယ်။

လူမည်းတွေ လူဖြူတွေနဲ့တန်းတူ မဲပေးခွင့်ရအောင် တိုက်ပွဲဝင်ရင်း သမိုင်းဝင် I have a dream မိန့်ခွန်း ပြောခဲ့တာ လူမည်းတွေ ကျွှန်ဘဝကနေ လွှတ်မြောက်အောင် ကြိုးစားအားထုတ်ခဲ့တယ့် သမ္မတလင်ကွန်းရုပ်တုရှေ့ပါ။  I have a dream  လို့ ကမ္ဗည်းထိုးထားတယ်။

credit to Google
credit to Google
credit to Google
credit to Google

ကိုယ်တို့နိုင်ငံမှာလည်း လွန်ခဲ့တယ့် ၂၅ နှစ်တုန်းက ဒီလိုသမိုင်းဝင်ဖြစ်ရပ်တခု ရှိခဲ့ဖူးပါတယ်။

Lincoln Memorial
March On Washington အတွက် ပြင်ဆင်နေကြတာ

ဘူတာရုံမှာ ကမ်းတယ့် သတင်းစာမှာ I have a dream မိန့်ခွန်းကို ဖတ်လိုက်ရတုန်းက သမိုင်းဝင်မိန့်ခွန်းဆိုတာ ဒီလိုမျိုးခွန်အားရှိပါလား ။ မဖတ်ရသေးတယ့် သူငယ်ချင်းတွေကို ဖတ်ရအောင် ဘလော့ကနေ ရှယ်လိုက်တာပါ။ နှစ်ပေါင်း ၅၀ အကြာ မာတင်လူသာကင်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်တယ်လို့ ဆိုရတယ်။ လက်ရှိသမ္မတက ပထမဆုံး အာဖရိကန်နွယ်ဖွား အမေရိကန် သမ္မတ။ အဲဒီချီတက်ပွဲသာ မရှိခဲ့ဘူးဆိုရင် သမ္မတအိုဘာမားလည်း ရှိလာခဲ့မှာ မဟုတ်ဘူး။

I have a dream that one day this nation will rise up and live out the true meaning of its creed. "We hold these truths to be self evident: that all men are created equal." I have a dream that one day on the red hills of Georgia the sons of former slaves and the sons of former slaveowners will be able to sit down together at a table of brotherhood. I have a dream that one day even the state of Mississippi, a desert state, sweltering with the heat of injustice and oppression will be transformed into an oasis of freedom and justice. I have a dream that my four children will one day live in a nation where they will not be judged by the color of their skin but by the content of their character. I have a dream today.

Martin Luther King, Jr
The March on Washington
For Jobs and Freedom
August 28, 1963.

အာရှတခွင်မှာတော့ မေဒေး အလုပ်သမားနေ့က မေလ ၁ ရက်နေ့ ဖြစ်ပေမယ့် အမေရိကန်မှာတော့ စက်တင်ဘာလရဲ့ ပထမဆုံး တနင်္လာနေ့ ဖြစ်ပါတယ်။ မေဒေးလို့ မခေါ်ဘဲ လေဘာဒေးလို့ ခေါ်ပါတယ်။ လေဘာဒေးပိတ်ရက်မှာ ခရီးပဲ သွားဖြစ်မလား၊ တောင်ပဲ တက်ဖြစ်မလား မသိသေး။ ဒီစီကို လည်ပတ်ခဲ့ရင်တော့ All About DC အပိုင်းတွေ အနေနဲ့ ဆက်ရေးသွားဖို့ ရှိပါတယ်။

စာလာဖတ်သူတွေ ကျန်းမာပျော်ရွှင်ကြပါစေ။

စန်းထွန်း
သြဂုတ် ၂၇၊ ၂၀၁၃။

All About DC - 2

ဒီစီက လည်ပတ်သင့်တယ့်နေရာတွေကို ရှာဖွေတော့ တော်တော်များများက ရောက်ဖူးပြီးသား။ မရောက်ဖူးသေးတယ့် နေရှင်နယ်အာခိုက် (National Archives) ဆိုတယ့် အစိုးရနဲ့ သမိုင်းဝင် စာချုပ်စာတမ်းတွေ သိမ်းဆည်းပြသထားတယ့် ပြတိုက်ကို ဒီတပတ် စနေနေ့မှာ သွားလည်မယ်လို့ စိတ်ကူးထားတယ်။ အာခိုက်ဘူတာက တက်ရင်ပဲ ယူအက်စ်နေဗီ မန်မိုရီယမ် (US Navy Memorial)  တွေ့တော့ ရိုက်တယ်။

United States Navy Memorial

ရှေ့မှာတွေ့တယ့် အာခိုက်အဆောက်အဦးကို ရိုက်တယ်။

Archives of The United States of America

ဆိုက်ကားတစီးတွေ့တာကို ရိုက်တယ်။

ဆိုက်ကားလေးနဲ့ တူပျော်ပျော်...

အိုးတောင်း ထရော်လီကို ရိုက်တယ်။

Old Town Trolley

ဘေးက ရွှေရောင်အမိုးခုံး၊ မြင်းစီးနေတယ့် ဗိုလ်ချုပ် ဝင်းဖီးလ်စကော့ဟန်ကွတ်ရုပ်တု (Major General Winfield Scott Hancock Statue) ကို ရိုက်တယ်။

Major General Winfield Scott Hancock Statue

စတားဘာ့ခ်ကော်ဖီဆိုင်ကိုတွေ့တော့ မနှစ်က ခရစ်စမတ် ဒီစီကို ပထမဆုံးအကြိမ် လာလည်တုန်းက ညဖက် ကယ်ပီတယ်နားမှာ လမ်းပျောက်ပြီး ဘူတာရုံ ရှာမတွေ့ဖြစ်နေတာ။  တွေ့တယ့်ဘတ်စ်ကားပေါ်တက်ပြီး အနီးဆုံး ဘူတာရုံကို ချပေးပါဆိုတော့ ကားတစီးလုံး ကိုယ်တို့သုံးယောက်တည်း။ ဘတ်စ်ကားခပေးတော့လည်း မယူ ဘူတာရုံကို သေချာလမ်းညွှန်ပြီး ချပေးခဲ့တာ အဲဒီအာခိုက်ဘူတာပေါ့။

အိမ်ဖြ ူတော်ကနေ ကယ်ပီတယ်အထိ နာရီဝက်လောက် လမ်းလျှောက်ရလို့ ညောင်းညာ (အဝေးကမြင်ရရင် တော်ပြီပေါ့လို့ နားချတာကို နင်တို့ မတ်ထရိုဘူတာရုံမှာ စောင့်နေ ကယ်ပီတယ်ကို အနီးကပ်ကြည့်ပြီး ငါ ပြန်လာခဲ့မယ် ဆိုပေမယ့် စမတ်ဖုန်းမရှိတယ့် ကိုယ့်ကို စိတ်ပူလို့ ဆူနမ်နဲ့ရာမားက ကိုယ့်နောက်လိုက်ပေးကြတာ။ ကိုယ်က တခါတလေ အဲဒီလို အမြင်ကတ်ဖို့ကောင်းအောင် ခေါင်းမာတယ်)၊ ဖုန်းဘထ္ထရီ ဒေါင်းသွားလို့ စိတ်ပူ၊ မှောင်ကမှောင်၊ ချမ်းကချမ်း၊ လမ်းကပျောက်။ အာခိုက်ဘူတာရှေ ့က စတားဘာ့ခ်ကောင်ဖီဆိုင်မှာ ဆူနမ်နဲ့ရာမားကို ကော်ဖီပူပူလေးနဲ့ချော့မလို့ဟာ နောက်ထပ် ဆယ်မိနစ်ဆို ဆိုင်ပိတ်တော့မယ်တယ့်။  ခိုက်ခိုက်တုန်အောင် ချမ်းနေတယ့် အအေးဒဏ်ကို အံတုဖို့ အဲဒီဆိုင်အပြင်ဖက်မှာ မောပန်းနွမ်းလျစွာနဲ့  ကော်ဖီပူပူလေး သောက်နေခဲ့ဖူးတယ်။

မနှစ်က ခရစ်စမတ်တုန်းက သောက်ခဲ့တာ အဲဒီရွှေရောင်အမိုးခုံးအောက်က စတားဘာ့ခ်ဆိုင်...
အဆောက်အဦး ဒီဇိုင်းက ဆန်းလို့ရိုက်တယ်...ဘာလဲတော့ သိဘူး...း)

နေရှယ်နယ်အာခိုက်ရောက်တော့ ကျူတန်းကြီးက အရှည်ကြီး။ နာရီဝက်လောက် စောင့်ရဖို့ကိန်း ရှိတယ်။ ညနေ ၅ နာရီဆို ပြတိုက်က ပိတ်မှာ ခု ၂ နာရီကျော်နေပြီ။ ပြတိုက်တခုဆိုရင် အနည်းဆုံး ၂ နာရီကနေ ၃ နာရီလောက် ကြာတတ်တာ။

Archives of The United States of America

သွားဖို့ကြံစည်ထားတာက နေရှယ်နယ်အာခိုက် သွားဖြစ်သွားတာက နေရှယ်နယ် ဂယ်လာရီအော့ဖ် အာ့တ်ပြတိုက် (National Gallery of Art) ။ ပြတိုက်က အတော်ကြီးတယ်။ ပန်းပု၊ ပန်းချီ၊ ဗီရို၊ ခုံ၊ ဒင်္ဂါး၊ ကြေးသွန်း ရှားပါးလက်ရာတွေကို အတော်အစုံအလင် ပြထားတယ်။ ဟိုးခေတ်တုန်းက ဗီရို၊ ခုံတွေက မဟော်ကနီရောင်။ ရွှေပန်းနုတ်တွေနဲ့ အလှဆင်ထားတာ အတော်လှတယ်။ ပန်းပုရုပ်တွေက အနုစိတ်တယ်။ ပန်းချီတွေက တကယ့်သက်ရှိလို့ ထင်ရအောင်၊ သစ်သီးတွေဆိုရင်လည်း တကယ့်သစ်သီးလို့ ထင်ရပြီး လက်နဲ့ကိုင်ပြီး စားချင်လာအောင်ကို အတော်အသက်ဝင် လက်ရာမြောက်တယ်။


ကလယ်ရာကို ဓာတ်ပုံတွေပြတော့ နင် ပန်းချီပြခန်းတွေ မသွားဖူးဘူးလားတယ့်။ ဒါ ပထမဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ နင် အလယ်တန်း၊ အထက်တန်းတက်တုန်းက ကျောင်းကနေ လေ့လာရေးခရီးအဖြစ် ပြတိုက်တွေ မပို့ဘူးလားတယ့်။ နိုင်ငံခြားကျောင်းတွေမှာက ကျောင်းသားဗဟိုပြု ပညာရေးစနစ်၊ အားကစားတခု၊ ဘာသာစကားတခု၊ အနုပညာတခု မဖြစ်မနေ သင်ယူရပြီး ကျောင်းကနေ အဲဒီလိုမျိုးတွေ လိုက်ပို့ပေးတယ်။ အဲဒါတွေ ဘာမှမရှိတယ့် ကိုယ်တို့နိုင်ငံက ပညာရေးစနစ်အကြောင်း သူနားလည်အောင် ဘယ်လိုရှင်းပြရပါ့။

ဒီစီရဲ့ထူးခြားချက်က ပြတိုက်၊ နေရာတော်တော်များများက ဝင်ကြေးအခမဲ့။ ဝင်ကြေးပေးရမယ်ဆိုရင် တော်တော်နဲ့ ပြတိုက်ထဲ ရောက်ဖြစ်မှာမဟုတ်ဘူး း) ။ ခုတော့ ဝင်ကြေးမပေးရတယ့်အပြင် ကင်မရာခွန်လည်း ပေးစရာမလိုတာနဲ့ဟိုရိုက်ဒီရိုက်ခဲ့သမျှ သည်းခံအားပေးကြပါဦး ခင်ဗျား။


ရှုခင်းပန်းချီတွေဆိုရင် အသက်ဝင်ပြောင်မြောက်လွန်းလို့ အဲဒီနေရာကို ရောက်သွားလား ခံစားရတယ်။

ပုံတူပန်းချီကားတွေက မျက်လုံး၊ ဟန်ပန် အသက်ဝင်လွန်းလို့ သက်ရှိလား ထင်ရတယ်။ အနုပညာတိုင်းက အားထုတ်ရတယ် ဆိုပေမယ့် ပန်းချီအတွက် အားထုတ်ရမှုက ပိုလို့ ပန်းချီတွေက ပိုဈေးကောင်းတာ ထင်တယ်။ ထင်တာပြောတာ..း) ။

ပန်းချီဆရာတွေ ခံစားသက်ဝင်ထားတယ့် ပန်းချီတွေကလည်း ခံစားမှုရသတမျိုး ပေးတယ်။

လသာည

အိန်ဂျယ်စိတ်ကူးကို ပန်းချီတို့၊ သရီးဒီတို့၊ မမိုးငွေ့တို့ကပဲ ဖော်ကျူးနိုင်မယ် ထင်တယ်နော်။

ဟော်လန် ပန်းချီပြခန်း။

ဟော်လန်အလံက နှစ်ပေါင်းရာချီနေပေမယ့် မပြောင်းလဲ

နောက် ဆယ်မိနစ်ဆိုရင် ပြတိုက်ပိတ်ပါတော့မယ်။ ကျွန်တော်တို့ပြတိုက်က တနင်္လာနေ့ကနေ စနေနေ့အထိ မနက် ၁၀ ကနေ ည ၅ နာရီအထိ ဖွင့်လှစ်ပါတယ်။ တနင်္ဂနွေနေ့မှာ မနက် ၁၁ ကနေ ည ၆ နာရီအထိ ဖွင့်လှစ်တာမို့ နက်ဖြန် မနက် ၁၁ နာရီ ထပ်မံလာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျား။

ဒီနှစ် အစိုးရဘက်ဂျက်တွေ ဖြတ်တောက်ထားတာမို့ ဒီစီက ပြတိုက်တော်တော်များများ အချိန်လျှော့ပါတယ်။  ပြတိုက်က ထွက်လာချိန်မှာ ပြတိုက်ကို လာတယ့်သူတွေ တွေ့လိုက်တယ်။ ည ၅ နာရီ နေကလည်း ခြစ်ခြစ်တောက် ပူနေဆဲ။ ည ၈ နာရီခွဲလောက်မှ နေဝင်တာမို့ ချယ်ရီပွဲတော်ကျင်းပတယ့် တိုင်တယ်ဘေစင်ရေကန်၊ ဂျက်ဖာဆန်မန်မိုရီယန်ကို သွားလည်ဖို့ အချိန်ရှိသေးတယ်။

P.S ပုံတွေ များသွားလား မသိ။ မညီမညာ စောင်းရွှဲ ့နေတာတွေကို Crop လုပ်ထားတာကလွဲလို့ ဘာမှပြင်မထားပါ။

Photos of paintings and sculptures are credit to National Gallery of Art.

စန်းထွန်း
သြဂုတ် ၂၀ ၊ ၂၀၁၃။