ရပ်ကွက်ထဲမှာတော့ဗျာ - ၂၀

National Police Week
ရုံးဆင်းချိန် ဘူတာရုံအထက်ဖက် လမ်းမထက်မှာ ပီ...ပီ..ပီ အသံကြားလို့ ဘာလဲဟဲ့ သွားစပ်စုတာ ပြည်နယ်ပေါင်းစုံက ရဲတွေ ဘင်ခရာတီး၊ နှဲမှုတ်၊ အလံကိုင်ပြီး ချီတက်နေကြတာပါလား။ ကားအဟောင်းကြီးတွေမောင်းကာ လမ်းဘေးက ရပ်ကြည့်နေတယ့်သူတွေကလည်း လက်ခုပ်တွေတီးလို့။ အံမယ် သူတို့ယူနီဖောင်းက စကော့တလန်တွေလို စကဒ်နဲ့။


ရဲချီတက်ပွဲ အားပေးနေလို့ အိမ်ပြန်နောက်ကျပါတယ်ဆိုမှ ဆင်းရမယ့်ဘူတာ မရောက်ခင် Takoma ဘူတာမှာ အားလုံးဆင်းတယ့်။ Silver Spring ၊ Forest Glen  ဘူတာတွေဆီ သွားဖို့ ရှယ်တယ်ကို မိနစ် ၂၀ လောက် စောင့်ရတယ်။ ရုံးဆင်းချိန်ဆိုတော့ လူတွေက အများကြီး ရဟတ်ယာဉ်က ဝဲနေလို့ ဗုံးများပေါက်သလား။ Silver Spring ဘူတာမှာလည်း ရဲကားတွေ အများကြီးတွေ့တယ်။ ဘူတာ ၂ မှတ်တိုင်ကို ကွေ့ပတ်မောင်းနေရတာ ၁ နာရီလောက် ကြာတယ်။  Forest Glen ဘူတာရောက်လို့ Glenmont ဖက်သွားသွား Shady Grove ဖက်သွားသွား တခြမ်းတည်းမှာပဲ စောင့်ပါ။ လေးမိနစ်ကြာရင် ရထားလာပါမယ် ၊ စိတ်ရှည်စွာ စောင့်ဆိုင်းပေးတယ့်အတွက် ကျေးဇူးတင်ပါတယ်နဲ့။ အဲဒီလေးမိနစ်က နှစ်ခါတောင်။ ဒီလိုနဲ့ အိမ်ကို ည ၉ နာရီမှ ပြန်ရောက်တယ်။



နောက်နေ့မှ သိတယ် မေ ၁၂ ကနေ ၁၈ အထိ National Police Week ဖြစ်လို့ တနိုင်ငံလုံးကရဲတွေ ဒီစီကို လာရောက်ပြီး ချီတက်ပွဲတွေ ဆင်နွှဲနေတာ ပါတယ့်။ မနေ့ညက Silver Spring ဘူတာမှာ ရထားမီးလောင်လို့ Traffic jam တွေ ဖြစ် တော်သေးတာက လူမရှိတယ့် ရထားဖြစ်နေလို့။

Tornado
မေလ ၂၀ ရက်နေ့ အိုကလားဟိုးမားပြည်နယ် မိုးမြိ ု့မှာ တိုက်ခတ်သွားတယ့် လေဆင်နှာမောင်းဟာ  EF 5 (Enhanced Fujita Scale) အမြင့်ဆုံး  တနာရီ မိုင် ၃၀၀ နီးပါးနဲ့ တိုက်ခတ်သွားတာ လူ ၂၀ ကျော် သေဆုံးပါတယ်။ ကျောင်း ၂ ကျောင်းနဲ့ ဆေးရုံတရုံ ပြိုကျပြီး သေဆုံးသူ အများစုက ကျောင်းသားကလေးတွေပါ။ တော်နေဒိုးများတယ့် ပြည်နယ်က ကျောင်းဖြစ်ပြီး တော်နေဒိုးတိုက်ရင် ခိုလှုံဖို့ ကျောင်းတွေမှာ မြေအောက်ထပ်မရှိတာ ဝေဖန်ကြပါတယ်။  ၁၉၉၉  မေ၃ မှာ EF 5 တော်နေဒိုး တိုက်လို့ ၄၆ ယောက် သေဆုံးသွားတာလည်း အဲဒီနား တဝိုက်မှာပါ။


ကိုယ်နေခဲ့ဖူးတယ့် အိုင်အိုဝါ၊ အင်ဒီယားနား၊ အိုဟိုင်းရိုး၊ ကန်တက်ကီပြည်နယ်တွေက တော်နေဒိုးဇုန်။ အိုင်အိုဝါမှာ ကျောင်းတက်နေတုန်းက တော်နေဒိုးဖြတ်ချိန် မိုးခြိမ်းသံတွေ တချူန်းချူန်း လျှပ်စီးတွေ တလက်လက်နဲ့ ကြောက်လို့ ကိုယ်တို့လေးယောက် စုအိပ်ကြဖူးတယ်။ အိုဟိုင်းရိုးမှာ ကောင်းကင်က မိုးမှောင်ကျ Siren မြည်လာလို့ ခိုစရာ မြေအောက်ထပ်လည်း မရှိ ဘယ်ပြေးရမတုန်းဆိုတော့ ဆူနမ်နဲ့မိုင်းဖန်က ပြတင်းပေါက်မရှိတယ့် ရေချိုးခန်းအိမ်သာထဲ ဝင်နေတယ့်။ အနွေးထည်၊ ဂျင်းဘောင်းဘီ၊ ဘွတ်ဖိနပ်ဝတ်၊ အရေးကြီးတယ့် စာရွက်စာတမ်း၊ မုန့်၊ ရေဗူး ၊ စောင်အပါးတထည် ကျောပိုးအိတ်ထဲထည့်ပြီး အသင့်ပြင်ထားရတယ်။ ကန်တက်ကီမှာ တော်နေဒိုး သတိပေးချက်ရှိတယ့်တနေ့ မနက် ၃ နာရီလောက် ခရစ်ယာန်ဘုရားရှိခိုးကျောင်းက Siren မြည်လာလို့ အိမ်ရှင်မိသားစု ကိုယ့်အခန်းရှေ ့ တီဗွီကြည့်တယ့်နေရာမှာ လာအိပ်ကြတယ်။ ကိုယ်ကတော့ မြေတွင်းအောင်းပြီးသားမို့ ပြောင်းဖို့မလိုဘူးကိုး။


IRS Scandal
အခွန်ထမ်းတွေဟာ ဧပြီလမတိုင်ခင်မှာ တနှစ်စာဝင်ငွေရဲ့ဖယ်ဒရယ်ခွန်၊ ပြည်နယ်ခွန်တွေကို (တန်နက်ဆီ၊ တက္ကဆက် ပြည်နယ်တွေက ပြည်နယ်ခွန် ဆောင်စရာမလို)  Internal Revenue Service (IRS) ဆိုဒ်မှာ ဆောင်ရပါတယ်။ Tax Filing ကို တချို့က စာရင်းကိုင်၊ တက်စ်စပါရှယ်လစ်တွေနဲ့ လုပ်ကြပြီး ကိုယ်တို့ကတော့ TarboTax ဆော့ဝဲလ် သုံးပြီးဆောင်ကြတယ်။ ဆော့ဝဲလ်သုံးခ ဖယ်ဒရယ်ခွန်ပဲ ဆောင်ရတယ့် အမ်းထရူးက ၄၀၊ ဖယ်ဒရယ်ခွန်၊ ပြည်နယ်ခွန်ဆောင်ရတယ့် ကိုယ်နဲ့ ဆူနမ်က ၆၀၊ ဖယ်ဒရယ်ခွန်၊ မက်ဆာချူးဆက်၊ မေရီလန်း နှစ်ပြည်နယ်မှာ အလုပ်လုပ်ခဲ့တယ့် ရာမားက ၈၀ ပေးရတယ်။ တချို့က လစဉ်အခွန်နည်းနည်းပဲ ဆောင်ခဲ့လို့တက်စ်ရီဖန်း ပြန်မရတယ့်အပြင် အစိုးရကို ပြန်ပေးရတယ်။ ကိုယ်တွေကတော့ လစဉ်မှန်မှန်ဆောင်ခဲ့လို့တက်စ်ရီဖန်း ပြန်ရတယ်။ တက်စ်ရာသီချိန်တုန်းကဆိုရင် Accepted ပြီလား Approved ပြီလား Refunded ပြီလား ဆိုပြီး IRS ဆိုဒ်ကို နေ့တိုင်း ဝင်... ဝင် ကြည့်ရတာ။ IRS ဆိုတာ အခွန်စည်းကြပ်တယ့် အဖွဲ့အစည်းပါ။

ကားမှတ်ပုံတင်ငွေ  ၂၀၀ အတွက် ကလိမ်း Claim ငွေ ၂ ကျပ် ပြန်ရတာမျိုး၊ ကျောင်းလခ ဘယ်လောက်ပေးထားရင် ဘယ်လောက်ကလိမ်းနိုင်တာမျိုး (ကန်တက်ကီပြည်နယ်မှာ နေတာမို့ ကန်တက်ကီပြည်နယ်က ကျောင်းဆိုရင် ကလိမ်းလို့ရပေမယ့် အိုင်အိုဝါပြည်နယ်က ကျောင်းမို့လို့ ကလိမ်းလို့မရ)၊ အိမ်၊ သင်္ဘော ဝယ်ထားရင်၊ ကလေးဘယ်နှစ်ယောက်ဆိုရင်၊ မိဘကို ထောက်ပံနေတာမျိုးဆိုရင်၊ အတူနေမိသားစုမှာ မသန်မစွမ်းရှိရင်၊  နိုင်ငံခြားမှာ ပိုင်ဆိုင်မှုတွေ ရှိနေရင်၊ နိုင်ငံခြားက ဝင်လာတယ့် ငွေရှိရင် ဘယ်လောက်ကလိမ်းနိုင်တာမျိုး ၊ အမေရိကန်ကြက်ခြေနီအသင်းကို လှုတယ့်ငွေတွေဆိုရင် အခွန်ကင်းလွတ်တာမျိုး။ အခွန်ဥပဒေတွေက ရှုပ်ထွေးသလို ပြည်နယ်တွေပေါ်မူတည်ပြီး ကွဲပြားနေသေးတယ်။


မေလမှာ IRS က အိုဘားမားရဲ့ ဒီမိုကရက်တွေနဲ့ ပနာရတယ့် Tea Party အဖွဲ့အစည်းတွေကို အခွန်သက်သာအောင် လုပ်နေတယ်လို့ သတင်းထွက်လာပါတယ်။ အိုဘာမားအုပ်ချုပ်ရေးအဖွဲ့က သိပေမယ့် အိုဘားမားသိအောင် မတင်ပြဘူး။ နောက်ဆုံးသိရတော့မှ ဒေါသပုန်ထပြီး အိုဘားမားက IRS အကြီးအကဲကို ချက်ချင်း ဖြုတ်တော့တာပဲ။ ခုလည်း ရုံးတင်ကြားနာ စစ်ဆေးနေပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ ဘာလုပ်နေမှန်း သိရအောင် ဘို (အိုဘာမားရဲ့ခွေး)...ရုံးစာရွက် သွားယူစမ်း..ဆိုပြီး အိုဘားမားကို ပြောင်လှောင်သရော်ကြတယ့် ကာတွန်းကို မနက်တိုင်း ဘူတာရုံတွေမှာ အလကားကမ်းတယ့် ဝါရှင်တန်တိုင်းစ် သတင်းစာတွေမှာ တွေ့လို့ ပြံ ုးမိသေးတယ်။

lipstick on collar
ကော်လာပေါ်က နှုတ်ခမ်းနီ သူလေလည်တာ မိပြီ...မိသက် လက်ချက်လား...မိစမ်း လက်ချက်လား...
(သတိ..သူလေလည်တာဟု မဖတ်ရ.. သူလေ...လည်တာဟု ဖတ်ရမည်) မိသက်၊ မိစမ်း လက်ချက်တော့ မဟုတ်။ ၂၀၁၁ အမေရိကန်အိုင်ဒေါ ဒုတိယဆုရှင် ဖိလစ်ပိုင်မလေး ဂျက်ဆီကာ့အန်တီ လက်ချက်။ မေ ၂၉  အာရှအမေရိကန် ပစိဖိတ်ကွျှန်းနေသူများ အမွေအနှစ်လ အထိမ်းအမှတ် အိမ်ဖြ ူတော်မှာ ကျင်းပတယ့်ပွဲမှာ အခုလိုမျိုး နွေးထွေးစွာ ကြိ ုဆိုတာကို ဝမ်းသာပါတယ်...ဂျက်ဆီကာလား..မဟုတ်သေးဘူး..အန်တီ...ဟိုမှာကြည့်လိုက်...
သူ့ကော်လာပေါ်က နှုတ်ခမ်းနီကို လက်နဲ့ညွှန်ပြရင်း
အားလုံးကို သက်သေထားချင်လို့ပါ...မစ်ရှဲနဲ့ ပြသနာမဖြစ်ချင်ပါဘူး...ဒါကြောင့်မို့ အားလုံးရှေ့မှာ ရှင်းတာပါ...


အမေစုကို ကစ်ပေးတုန်းက တခါ၊ ကော်လံပေါ်က နှုတ်ခမ်းနီ ခုတခါ ...အတော်ချစ်ဖို့ကောင်းတယ့် အိုဘားမား...အာဘွား...
(သတိ... နှုတ်ခမ်းနီ ဆိုးမထားမှ အာဘွားပေးရန်)

Immigration Reform
အသစ်ပြင်ဆင်တယ့် လူဝင်မှုကြီးကြပ်ရေး ဥပဒေ အတည်ပြုပြီးသွားရင် DV Lottery ပိတ်ပြီး အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းသူ အရေအတွက်ကို လျှော့ချမယ်။ နိုင်ငံတွင်းက တရားမဝင်နေထိုင်သူတွေကို ဥပဒေနဲ့ကိုက်ညီရင် နိုင်ငံသားပေးမယ်။ ဘော့စတွန်ဗုံးခွဲတရားခံလို ဒီနိုင်ငံမှာ ကြီးပြင်း ဒီနိုင်ငံကိုမုန်း ဒီနိုင်ငံကို အန္တရာယ်ပေးမယ့်လူတွေ ရှိတယ်ဆိုတာ သတိပေးလိုက်သလို။

American Birthday
အာရှမှာမွေးနေ့ဆိုရင် မွေးနေ့ရှင်က သူငယ်ချင်းတွေကို လိုက်ကျွှေး တယ်။ အမေရိကန်မှာတော့ မွေးနေ့ဆိုရင် သူငယ်ချင်းတွေက မွေးနေ့ရှင်ကို လိုက်ကျွှေး တယ်။ မွေးနေ့ရှင်က သူငယ်ချင်းတွေကို ကျွှေး မွှေးရလို့ ပိုက်ဆံအများကြီး ကုန်ပေမယ့် သူငယ်ချင်းတွေက မွေးနေ့ရှင်ကို ဝိုင်းကျွှေး ရင် ပိုက်ဆံနည်းနည်းပဲ ကုန်တယ်။ အာရှမှာ မွေးနေ့ရှင်က သူငယ်ချင်းတွေကို စပါယ်ရှယ်ဖြစ်အောင်လုပ်ပြီး အမေရိကန်မှာတော့ သူငယ်ချင်းတွေက မွေးနေ့ရှင်ကို စပါယ်ရှယ်ဖြစ်အောင် လုပ်တယ်။ ကောင်းတယ့်အလေ့အထဆိုရင် လက်ခံကျင့်သုံးသင့်တာမို့ ကိုယ်တို့လည်း ဂျူလှိုင်လမှာ ကျရောက်တယ့် ရာမားမွေးနေ့ကစပြီး နောင်ဘယ်သူ့မွေးနေ့ပဲဖြစ်ဖြစ် အမေရိကန်စတိုင်ကျင့်သုံးဖို့ ဆုံးဖြတ်လိုက်တယ်။

Now You see me
စတိတ်မှာ ရုပ်ရှင်ဆိုရင် ဆူနမ်၊ ရာမားတို့နဲ့ ဆုံတယ့် ၂၀၁၂ ဂျူလှိုင် ဘော့စတွန်မှာ Protnus ၊ ဒီဇင်ဘာ မေရီလန်းမှာ Hobbit ကြည့်ဖြစ်တယ်။ ဆူနမ်က ကြိ ုက်ပေမယ့် ကိုယ်နဲ့ရာမားက မကြိုက်ကြဘူး။ ခုတပတ်က ဆူနမ်က တောင်းဆိုလာတယ် Now You see me သွားကြည့်ရအောင်တယ့်။ လက်မှတ်မရရင် အိန္ဒိယကား ကြည့်မယ် အင်္ဂလိပ်စာတန်းထိုးတာမို့ နင် နားလည်မယ်။ ဆူနမ်တို့နဲ့သွားမှ ရုပ်ရှင်ရုံရောက်ဖြစ်တာမို့ ကိုယ်ကတော့ ဘာကားပဲဖြစ်ဖြစ် လိုက်ပြီးသားပဲ။ ဒီတခါတော့ ကိုယ်တို့အားလုံး တလေသံတည်း ထွက်တယ် ကောင်းတယ်လို့။ ကြုံရင် ကြည့်ဖြစ်အောင်ကြည့်ဖို့ လက်တို့လိုက်တယ်ဗျို့။

KanKong
စင်္ကာပူမှာ ကန်ကုန်းလို့ခေါ်တယ့် ကန်စွန်းရွက်ကို NTUC ၊ ShinSong မှာ အလွယ်တကုူ ဝယ်လို့ရပါတယ်။ ခရမ်းချဉ်သီး၊ ငရုတ်သီးနဲ့ ကြော်တယ့် မလေးရှားစတိုင် ကန်စွန်းရွက်ကြော်ကလည်း စားကောင်းတယ်။      
စတိတ်ရောက်ပြီး တနှစ်ကျော်ကြာမှ ကန်တက်ကီက ဗီယက်နမ်ဆိုင်မှာ ကန်စွန်းရွက် တခါရဖူးတယ်။ အိမ်ရှင်အမေရိကန်မက မြည်းကြည့်ပြီး  အရသာက Spanich ရွက်နဲ့တူတယ်တယ့်။ အမေရိကန်မှာ ကန်စွန်းရွက် ရှားတယ်။


Roselle Leaves
နိုင်ငံခြားရောက် မြန်မာတွေ တကြတယ့်အရာက ချဉ်ပေါင်ကြော်ပါ။ စင်္ကာပူလို မြန်မာများတယ့်နေရာမှာတော့ ပင်နီစူလားပလာဇာမှာ သွားဝယ်လိုက်ရုံပဲ။ စတိတ်က နိုင်ငံခြားကနေ အသီးအနှံ ၊ အသား တင်သွင်းတာကို အသေအချာ စစ်ပါတယ်။ မူရင်းဒေသက မဟုတ်တယ့် မျိုးစိတ်တွေက မူရင်းဒေသမဟုတ်တယ့်နေရာမှာ ရှင်သန်ရရင် နှစ်နည်းပဲ ရှိပါတယ်။ သေရင်သေ မသေရင် ဒေသခံမျိုးစိတ်တွေ ရှင်သန်လို့ မရအောင် တအားပွားကာ ဇီဝသဟဇာတ ဖြစ်မူတွေကို ကမောက်ကမ ဖြစ်စေပါတယ်။ ကိုယ်တို့ကို အင်္ဂလိပ်စာသင်တယ့် တီချယ်ကာရိုလိုင်း  အီတလီက သစ်ရွက်လေးလှလို့ စာအုပ်ကြား ညှပ်လာတာ လေဆိပ်မှာတင် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနက သစ်ရွက်လေးကို လွှင့်ပစ်လိုက်တယ်။

မနှစ်က ကားနဲ့အတူ မခိုင် ထည့်ပေးလိုက်လို့တခါ၊ အမေစု ဟောပြောတာကို နားထောင်ဖို အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ကို သွားတုန်းက မနှင်းဆိုင်က ချဉ်ပေါင်ကြော် ငါးဗူး ဝယ်ခဲ့လို့ တခါ... နှစ်ခါ ချဉ်ပေါင်ကြော် စားရဖူးတယ်။ ကန်တက်ကီက ဗီယက်နမ်ဆိုင်မှာ ချဉ်ပေါင်ရွက်အဖြူနဲ့ တူလို့ ဝယ်လာတာ ကြော်လိုက်တော့ ချွှဲပစ်ပစ်နဲ့ ချဉ်ပေါင်အရသာလည်း မရ လွှတ်ပစ်လိုက်ရတယ် အင်္ဂလိပ်နာမည်က စလုရွှက်ဆိုလား ဘာဆိုလား။


ရှေ့တပတ်က Global Food ဆိုင်မှာ ချဉ်ပေါင်တွေ့လို့ ဝမ်းသားအားရနဲ့ သုံးစည်းတောင် ဝယ်လာတယ်။ အရွက်ကြီးပေမယ့်လည်း နုတယ် ချဉ်တယ် ဒီတခါတော့ ချဉ်ပေါင်စစ်စစ်ရပြီဗျို့။ မြှစ်၊ ပုဇွန်နဲ့ ကြော်စားတယ် အဲ... ငါးပိ မပါဘူး။ ငါးပိက ဗီယက်နမ်ဆိုင်မှာ ဝယ်လို့ရတယ်။ ရွှေမင်းသား ဟင်းရည်ကို ပိုးကောင်နံ့ရတယ်၊ ငံပြာရည်တောင် နံတယ်ဆိုတယ့် အမေရိကန်အိမ်မှာ ငါးပိ သွားချက်လို့ရတော့ ထွက်ပြေးမှာ သေချာတယ်။ အိုဟိုင်းရိုးအိမ်မှာတုန်းက ငါးပိချက်တာ ဆူနမ်က အရမ်းနံလို့တယ့်။

ငါးပိမပါပေမယ့်လည်း ချဉ်ပေါင်ကြော်၊ ချည်ပေါင်ဟင်းချိုလေးက ကိုယ့်အတွက်တော့ နတ်သုဒါ္ဓတမျှပါပဲ။


CEO
UFL မှာ မနက်ပိုင်း တရုတ်စာဒီပလိုမာ တနှစ်ကျော် တက်ဖူးတော့ တရုတ်စကား နည်းနည်းပါးပါး ပြောတတ်တယ် ဆိုပါတော့။ တရုတ်တွေနဲ့တွေ့ရင်  တရုတ်စကားလေ့ကျင့်ဖို့ အကွက်ကောင်းပဲဆိုပြီး ကိုယ်သိတယ့် တရုတ်စကားကို အင်္ဂလိပ်စကားလုံးနဲ့ ညှပ်ပြောတယ်။ ကိုယ်ရဲ့ အသံထွက်က ဆိုးရွားတယ့်အပြင် အင်္ဂလိပ်လိုလည်း ညှပ်လိုက်သေးတော့ တရုတ်တွေခမျာ မျက်လုံးလေး ကလယ်ကလယ် ဘာဆိုလိုမှန်း အသေအလဲ စဉ်းစားရတာ။ ကိုယ်နဲ့တရုတ်လိုပြောရမှာ တရုတ်တွေ သိပ်စိတ်ညစ်တယ်။

ညနေစောင်း ကလဲယားကွမ်း ၊ နစ်ကိုးလင်းတို့ကို မနက်က  ကိုယ့်အတွေ့အကြုံအကြောင်း ထုံးစံအတိုင်း တရုတ်လိုနည်းနည်း အင်္ဂလိပ်လိုများများနဲ့ ပြောပြနေတာက...
ဒီနေ့ Pantry မှာ အမျိုးသမီးအသစ်တယောက်တွေ့လို့ နှုတ်ဆက်ကြတယ်...ဒီနေ့ ရထားနောက်ကျတယ့်အကြောင်း၊ ရာသီဥတုပူတယ့်အကြောင်း ဘလာ ဘလာ ပေါ့။ ငါ မေးလိုက်တယ်...

你是新员工 .
Nǐ shì xīn yuángōng .
我是CEO .
Wǒ shì CEO .
 ဟား..ဟား
ကိုယ်မေးလိုက်တာက
နင်က အသစ်တယောက်လားဟင်...
ငါက စီးအီးအို...

မေရီလန်းရုံးထိုင်ပြီး ဒီစီရုံးကို တခါတလေမှ လာတတ်တယ့် စီအီးအိုကို အသစ်ဝင်တယ့်သူလားလို့ သွားမေးနေတာ စတူးပစ်လိုက်ပုံက။

Dream Car
ဟေ့ ရာမား..နင် ကား ဝယ်ရင် ဘာဝယ်မှာတုန်း...ဘီအမ်ထဗလျူလား...
(သူ့စီနီယာ ဘီအမ်ထဗလျူကား စီးပြီးကတည်းက ဘီအမ်ထဗလျူမှ ဘီအမ်ထဗလျူ ဖြစ်နေတယ့် ရာမား)
ဘီအမ်ထဗလျူက ဈေးကြီးတယ်..ငါက တိုရိုတာ ဟိုက်ဘရစ် လိုချင်နေတာ...လျှပ်စစ်နဲ့ မောင်းလို့ရတယ်...ဓာတ်ဆီနဲ့လည်း မောင်းလို့ရတယ်...ဂရင်းကားမို့လို့ တက်စ်ကလိမ်းလို့ ရတယ်...ငါ အမေ ဘွဲ့ယူဖို့လာရင် ကားစုတ်လေးနဲ့ မဖြစ်ပါဘူး....ကားအသစ်လေးနဲ့မှ မိုက်တာ...နင်ရော..
(စန်းထွန်း) ငါလား ကက်လက် ဖြစ်မယ်ထင်တယ်...
(ရာမား) ဘာဖြစ်လို့...
(စန်းထွန်း) ကန်တက်ကီရုံးမှာတုန်းက ရုပ်ဆိုးဆိုး ကားဟောင်းကြီးကို ဘာကားလည်းလို့  အိမ်ရှင်အစ်မကိုမေးတော့ အဲဒါ ကက်လက်...လွန်ခဲ့တယ့် ဆယ်နှစ်လောက်တုန်းက အမေရိကန်တွေရဲ့ ဒရင်းကား...ကက်လက်လေးစီးပြီး စနေနေ့မှာ လျှောက်လည်ရရင် သေပျော်ပြီဆိုတယ့် သီချင်းလေးတောင် ရှိတယ်...တခါဝယ်ပြီးရင် တသက်လုံး အမုန်းဆုံးစီးပဲ ကားဘီးပဲ လဲရတယ်...
အိုင်တီဒါရိုက်တာ ဂရေ့စ်အိုးစ် ကက်လက်ဝယ်တယ်ဆိုလို့ ဂျရတ်က အိုး..ကက်လက် လို့ထအော်တယ့် အသံကို ကြားပြီးကတည်းက ကက်လက်ဖြစ်နေတာ...ကက်လက် မစီးဖူးသေးဘဲ ကက်လက် ဖြစ်နေတယ် ဆိုပါတော့...ဆူနမ် နင်ရော ဘာကားဝယ်မှာလဲ..
(ဆူနမ်) ငါလား...ဘာကားမှ မဝယ်ဘူး...ရာမားရဲ့ ကားအသစ်ကို မောင်းမယ်...
(စန်းထွန်း) ဟား..ဟား...ဂွတ် အိုင်ဒီယာ..


အထိန်းတော်
ဆူနမ်တို့အိမ်နားမှာ ပွဲဈေးရှိလို့  ညဖက်ပွဲဈေးလျှောက်ကြတယ်။ တပတ်လျှောက် စနည်းနာပြီးတော့  ပင်လယ်ဓားပြလှေ စီးကြတယ်။ မျက်စိမှိတ်ထားရင် မကြောက်ပေမယ့် ဖွင့်လိုက်ရင် လွင့်ထွက်သွားတော့မလို၊ တိုင်နဲ့ပဲ ဆောင့်မိတော့မလိုနဲ့ အော်လိုက်ကြတာ ဝက်ဝက်ကွဲ။

(အမ်းထရူး) သောက်ကျိုးနည်း ...ရှေ့က ဟိုက်စကူးကောင်လေးတွေ စီးတုန်းက ဘာသံမှ မထွက်ဘူး... နင်တို့အလှည့်ကျမှ အော်လိုက်ကြတာ...စီးတယ့်သူတွေအထဲမှာ နင်တို့ အအော်ဆုံး...ငါဖြင့် ရှက်လိုက်တာ... ဒီလိုဖြစ်မယ်ထင်လို့ ငါ နင်တို့ မထိုင်တာ...
(ဆူနမ်) အောင်မယ်...ဒီလောက်တောင် ရှက်နေရင် နောက်နေ့ နင် ငါတို့နဲ့ မလိုက်နဲ့...ငါတို့ဘာသာ သွားမယ်...
(ရာမား၊ စန်းထွန်း) အေးလေ...
(အမ်းထရူး) မဖြစ်သေးပါဘူးဟာ...တိုက်အောက်မှာ အမဲကောင် အမူးသမားတွေ တွေ့တယ်...နင်တို့ မိန်းကလေးတွေချည်းပဲ မဖြစ်သေးဘူး...ငါ ပါမှဖြစ်မှာပေါ့...

မှန်ပြတိုက်လိုမျိုး ဝင်ဖို့ စောင့်ကြည့်ကြတော့
ဟင်...ကလေးတွေချည်းပါလား...ငါတွေ့တာ အကြီးဆုံးဆိုလို့ ၁၀ နှစ်လောက်ပဲ ရှိတယ့် ကလေးမ။
အောင်မြင်စွာ ဆုတ်ခွာကြပြီး တိုက်ကားမောင်းကြလေသည်။ ၂၀၀၀ ပြည့်နှစ် ကေအမ်ဒီမှာ အရင်တုန်းက အန်စီစီ ခု လန်ဒန်မက်ထရိုပိုလစ်တန်တက္ကသိုလ်က လာဖွင့်တယ့် အိုင်ဒီစီအက်  ဆက်ရှင်း ၁၃ တက်တုန်းက သူငယ်ချင်းတွေနဲ့ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သွား ပင်လယ်ဓားပြလှေစီး၊ တိုက်ကားမောင်းကြတာ သတိရမိတယ်။


Bikini
Buy one Get another 50% အွန်လိုင်းကနေ ဝယ်ထားတယ့် အရှည်ဒူးအထက်  ဂါဝန်နှစ်ထည်ရောက်လာလို့ ဝတ်ကြည့်ရင်း ပေါင်လယ်လောက်အထိ မတင်ကာ ဒီလောက်တိုချင်တာဟု ညည်းတွားရင်း ရေချိုးခန်းမှန်မှာ သွားကြည့်နေတယ့် ရာမားကို ဆူနမ်နဲ့ အမ်းထရူး လှမ်းအော်ကြတယ်။ ဘာလဲတော့မသိ ဗီတိုးရီးယားစီးကရက် ( Victoria Secret  ဘရာ၊ အတွင်းခံဘောင်းဘီ ထုတ်လုပ်သော ကုမ္ဗဏီ) ဆိုတာတော့ ကြားလိုက်တယ်။

သိလား..စန်း...ရာမားက ဂါဝန်ကို ပေါင်ရင်းလောက် တိုချင်လို့တယ့်...အဲဒါ ငါနဲ့ဆူနမ် ဝိုင်းအော်နေတာ...အဲလောက် အတိုဝတ်ချင်ရင် ဘာမှမဝတ်နဲ့ ဗီတိုးရီးယားစီးကရက်ပဲ ဝတ်လို့..

ငါလည်း အတိုဝတ်ချင်တာ...ငါ့ခြေသလုံးက တုတ်တယ့်အပြင် စက်ဘီးမှောက်တယ့် ဒဏ်ရာ၊ သစ်ပင်ပေါ်က ပြုတ်ကျတယ့် ဒဏ်ရာတွေနဲ့ မလှလို့...ဆောင်းတွင်းဆို  တကိုယ်လုံး အထပ်ထပ် ထုပ်ထားရတာ...နွေတုန်း ဝတ်ထား ရာမား...နင့် ခြေထောက်က လှတယ်...လှတယ့်အရာတွေကို ဖုံးမထားနဲ့...ဖေါ်သာဖေါ်... ဝတ်သာ ဝတ်...
 လို့ မပြောတော့ပါဘူး...တော်ကြာ...

ဟို အတိုကြိုက်တယ့် မမက ရုံးကို ဗစ်တိုးရီးယားစီးကရက် ဝတ်ပြီးသွား...
ဟို လှတယ်လို့မြှောက်ပေးတယ့် တယောက်လည်း ဘီကနီ ဝတ်ပြီးသွား...

လို့ ဝိုင်းအော်ကြမှ



ဟုတ်ကဲ့..ကျွှန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်။

စန်းထွန်း
မေ ၆၊၂၀၁၃။
All photos are from Google.

4 comments:

Mg Goldfish said...

Thanks for sharing your experience. It is fun to read them..

Friendly reminder: You can file your tax return using either software, accountant or tax specialist. Not Lawyer..

San San Htun said...


Anonymous said...

I am glad that you guys are hanging and having fun.
love
mamaiora

San San Htun said...

San San Htun said...
အမှားထောက်ပြပေးတာ ကျေးဇူး ကိုထွန်းထွန်းဝင်း..
ပြင်လိုက်ပါ့မယ် စာရင်းကိုင်နဲ့ တက်စ်စပါယ်ရှယ်လစ်လို့
June 7, 2013 at 11:58 AM