ငါးမျှားခြင်း ...
ငါးမျှားဝါသနာပါသူတွေ၊ ငါးမျှားဖို့  တက်ကြွနေသူတွေ မြင်ရတိုင်း ငါးမျှားခြင်းကို ဘာလို့ နှစ်သက်ကြပါလိမ့်ဟု တွေးမိသည်။ ငါးမျှားတံနှင့် ယောက်ျားလေးကို တွဲမြင်မိသလို အေးအေးဆေးဆေး ငါးထိုင်မျှားဖို့  အချိန်မရှိတာလား၊ စိတ်ရှည်လက်ရှည် မစောင့်နိုင်တာလားတော့မသိ ငါးမျှားသူအများစုမှာ ယောက်ျားလေးများသာ ဖြစ်သည်။
ဇာတိမြို့ လေးဘေးနား ဖြတ်သန်းစီးဆင်းနေသာ မြစ်ကမ်းတလျှောက် ငါးမျှားသူများကို တွေ့ လျှင် ငါးဘယ်နှစ်ကောင်ရပြီလဲဟု မေးမည်။ သူတို့ ရသော ငါးများကို စိတ်ဝင်တစား ကြည့်ရှုမည်။ ငါးမျှားတံကို ခဏကိုင်ကြည့်မည်။ သို့ သော် ဘယ်သောအခါမှ ငါးမျှားချင်စိတ် မဖြစ်ခဲ့။ သူငယ်ချင်းအပေါင်းအသင်းများကလည်း ငါးမျှားဝါသနာမပါသောကြောင့် ငါးမျှားခြင်းနှင့် အလှမ်းအတော်ဝေးနေခဲ့သည်။
လွန်ခဲ့သောနှစ်နှစ်ခန့်  နွေရာသီကျောင်းပိတ်ရက် ဧပြီလ၏ တခုသောနေ့ ရက်တွင် ကျောင်းအနီးတွင်ရှိသော ကန်သို့  ငါးမျှားထွက်ကြသည်။ ငါးမျှားသူက သုံးယောက် လိုက်ပါအားပေးသူများက ဆယ်ယောက်ကျော်ဖြစ်သည်။ ငါးမျှားသူက ငါးမျှားချိန်တွင် လိုက်ပါသူများက ဓာတ်ပုံရိုက်၊ လမ်းလျှောက်၊ သီချင်းဆိုကြသည်။ နှစ်နာရီကျော်ခန့်  စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီးမှ ငါးတကောင်မိသည်။ ထိုတကောင်တည်းသော ငါးသည် ဆယ့်ငါးယောက်အုပ်စုအတွက် မလောက်ငှ။ အဆောင်တွင် မီးဖိုဆောင်မရှိ ချက်ပြုတ်ခွင့်မရှိသောကြောင့်  အပြင်ဆောင်တွင်နေထိုင်သော စီနီယာထံသို့   ပေးလိုက်ကြသည်။
လည်ပတ်စရာမရှိ သေးငယ်သောမြို့ လေးတွင် ခြိုးခြံချွှေတာရသော ကျောင်းသားများသည် နွေရာသီကျောင်းပိတ်ရက်တွင် ခရီးလည်းမထွက်နိုင်၊ အဆောင်တွင်လည်း မနေချင်၊ အနီးအနားတဝိုက် လည်ပတ်ဖို့  ကားကလည်း အလုံအလောက်မရှိ။ နှစ်စီးသာရှိသောကားသည် ဆယ့်ငါးယောက်အုပ်စုကို  နှစ်ခေါက် သုံးခေါက် ကြို့ ပို့ လုပ်လုပ်ပြီး ငါးမျှားခြင်းကို ပွဲတော်ကျင်းပသလို တခမ်းတနား ကျင်းပကြဖူးသည်။ သူတို့ အတွက် ငါးတကောင်သာရလည်း ကိစ္စမရှိပါ။ နွေရာသီကျောင်းပိတ်ရက် သူငယ်ချင်းများ တွေ့ ဆုံပွဲ ဖြစ်သောကြောင့် ဖြစ်သည်။
တခုသောရုံးပိတ်ရက်က အိမ်နှင့်မနီးမဝေးတွင်ရှိသော စနီကာပန်းခြံတွင် ဘာဘီကျူးကင်ကြပြီး ငါးမျှားသည်ကို လိုက်ပါအားပေးကြသည်။ တခြားပြည်နယ် ကားမောင်လိုင်စင်ဆိုလျှင် ဈေးပိုကြီးပြီး မေရီလန်းကားမောင်းလိုင်စင်ဖြစ်သည့်အတွက် ငါးမျှားလိုင်စင်ဖိုး တနှစ်လုံးစာ ၂၀ ပေးရသည်။  ဇာတိမြို့ တွင်တော့ လိုင်စင်ဆောင်စရာမလို မြစ်ရိုးတလျှောက် ကြိုက်သည့်နေရာတွင် ကြိုက်သလောက် ငါးမျှားနိုင်သည်။ ငါးမျှားတံကို ပလတ်စတစ်အကြည် ကြိုးတပ်ပြီး ရေအောက်နစ်မြုပ်စေဖို့  သံလုံးလေးများ တပ်သည်။ ငါးမျှားစာအတွက်ကတော့ တီကောင်အစစ်တွေကို စက်ရုံမှာကြိတ်ပြီး တကယ့်တီကောင်အစစ်တွေလို အနံ့ အရသာရှိသော အာတီဖစ်ရှယ် တီတောင်။
အနီးတဝိုက်မှ ဖော့ဘူးလက်စလက်ကျန်များကြောင့် ထိုနေရာတွင် ငါးမျှားကြမှန်း သိသာသည်။ ရေသည် ကြည်လင်နေပြီး နက်သည်။ ငါးမျှားတံကို လွှဲသောအခါ အဝေးသို့ ထွက်ပြေးရလေသည်။ တော်ကြာ ငါးမျှားချိတ်က ငါးမမိဘဲ လူကိုမိနေမှ။ ငါးမျှားတံကို ငြိမ်နေအောင် ကိုင်ထားရင်း ရေပြင်တွင်ပေါ်နေသော ဘော့သီးလေးအား ကြည့်ကာ ငါးလာစားမစား ခန့် မှန်းရသည်။ ရေစီးနှင့်အတူ ငါးမျှားကြိုး ဘယ်ကိုဦးတည်နေမှန်း စောင့်ကြည့်ရသည်။ စကားအလွန်များသောကြောင့် နားညည်းဒဏ် မခံနိုင်ဘိအလား ငါးများအဝေးသို့  ထွက်ပြေးသောကြောင့် သူငါးမျှားလျှင် ငါးတကောင်မှမမိဟုဆိုသော မလေးရှားတရုတ်မ ထိန်ထိန့် ကို သတိရမိသည်။
ကြည်လင်နေသော ကန်ရေပြင်သည် စိမ်းလန်းနေသော သစ်ပင်များကြောင့် ပိုပြီးစိမ်းမြနေသည်။ ကန်ပတ်လည်တလျှောက် လမ်းလျှောက်ကြသူများ၊ ခွေးကျောင်းကြသူများ၊ ငါးမျှားကြသူများဖြင့် လူသူကင်းမဲ့မနေခဲ့။ တခါတရံ ကာရက်လှေလှော်သူများကို တွေ့ ရသည်။ အေးမြသောလေပြေ တဟူးဟူး တိုးဝှေ့ သွားသည်။
ငါးများနှစ်သက်သော ငါးစာနှင့် မျှားဖို့ လိုအပ်သလို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းတတ်ဖို့ လည်း လိုသည်။ ဘဝတွင်လည်း ရည်မှန်းချက်တွေ ဖြစ်မြောက်ဖို့  သင့်လျှော်သော အားထုတ်မှု၊ ခေတ်နှင့် လိုက်လျောညီထွေကိုက်ညီဖို့ ၊ သည်းခံစောင့်ဆိုင်းတတ်ဖို့ လိုအပ်သည်။ ငါးသေးသေးလေးမိသောအခါ ကိုရီးယားဆိုင်ရေကန်ထဲမှ ငါးကြီးကိုဝယ်ပြီး လက်ဆောင်ပေးမည်ဟု လှောင်ပြောင်သရော်ခြင်း ခံရခြင်းများလည်း ရှိသည်။ ဘဝတွင်လည်း အထင်သေးခြင်း၊ လှောင်ပြောင်သရော်ခံရခြင်း၊ အတင်းစကားဆိုခံရခြင်းများ ရှိနိုင်သည်။ မိထားသော ငါးနှစ်ကောင်ထဲမှ တကောင်သည် ပုံးထဲမှ လာရင်းရေကန်ထဲသို့  ခုန်ချထွက်ပြေးလွတ်မြောက်သွားသည့်အခါ ငိုအားထက် ရယ်အားသန်။ ဘဝတွင်လည်း ရရှိထားသော အခွင့်အရေးများ လက်လွတ်ဆုံးရှုံးခြင်းများဖြင့်လည်း ကြုံနိုင်သည်။
ငါးသေးသေးလေး မိသောအခါ ရေကန်ထဲသို့  ပြန်လွှတ်ရခြင်းများလည်း ရှိသည်။ ဘဝတွင်လည်း တခါတရံ စွန့် လွှတ်အနစ်နာခံရခြင်းများလည်း ရှိသည်။ ပျော်ရွှင်ခြင်း၊ အားမလိုအရဖြစ်ခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံစောင့်ဆိုင်းခြင်း၊ စွန့် လွှတ်ခြင်းများဖြင့် ငါးမျှားခြင်းသည် ရသစုံပေးသည်။ ငြိမ်ငြိမ်လေးထိုင်ပြီး ငါးထိုင်မျှားရခြင်းသည် တောင်တက်ခြင်းလောက် ခွန်အားသုံးဖို့ မလို။
ကောင်းကင်တွင် မျှောလွင့်နေသော တိမ်ဆို်င်ဖြူဖြူများကို ငေးမောရင်း  သာယာစွာ သီကျွှေးနေသော ကျေးငှက်တေးသံကို နားဆင်ကာ ကန်ရေပြင်ပေါ် ဖြတ်သန်းလာသော အေးမြသည့်လေညှင်း ဆော်သွေးတိုက်ခတ်ခြင်းကို မျက်စိလေးမှိတ်ကာ ခံစားမိသည်။ ရေကန်စပ်နား ထိုင်ခုံလေးချကာ ငါးထိုင်မျှားခြင်းသည် ပျင်းဖို့ ကောင်းသည် ထင်ရသော်ငြား တမျိုးတဖုံ စိတ်ဝင်စားစရာ ကောင်းသည်။
မျှားနေသောသူဆီက ငါးမျှားတံ ခဏငှားကာ ငါးမျှားဖူးရုံ ငါးလည်းတကောင်မှ မမိဘူးသောကြောင့် ငါးမျှားဖို့ စိတ်အားမထက်သန်။ တောင်တွေတက်ဖို့  ခွန်အားမရှိတော့လျှင် ငြိမ်ငြိမ်လေးထိုင်ပြီး ငါးထိုင်မျှား ဖြစ်နေမလားမသိ။ ငါးမျှားခြင်းထက် ပိုစိတ်ဝင်စားစရာကောင်းသော အရာများတွေ့ ၍ လုံးဝငါးမမျှားသည်လည်း ဖြစ်နိုင်သည်။
စန်းထွန်း
ဇွန် ၁၄၊ ၂၀၁၃။
(ငါးမျှားထွက်ကြခြင်း အမှတ်တရ)
Photos - credit to Andrew Gurung.
8 comments:
Anonymous said...
ရေးမရဘူး။
ဒီလိုတွေပေါနေတယ်။
မမအိုင်အိုရာ
Anonymous said...
ဟား ဟား
ဒီလိုတွေပေါ်နေတယ်လို့ ရေးတာ။
ဂလိုကိုး။
ရေးချင်တာရေး အပေါ်ရောက်မှမှားတာမှန်တာမြင်ရတယ်။
လက်ရည်တွေတော့သိကုန်ပါပြီ။
San Htun said...
မြန်မာစာဖောင့်ကို အိမ်ကစက်မှာ မြင်ရတယ်..ရုံးက စက်မှာ မမြင်ရဘူး..မတ်ဘွတ်နဲ့ ဝင်းဒိုး လွဲတော့လွဲနေပြီ..း)
Anonymous said...
ကိုယ့်ဟာလည်းမက်ဘွတ်ဘဲ။
တချို့ ဆိုဒ်မှာအမှန်ဘဲမြင်ရတယ်
Anonymous said...
တချို့ ဆိုဒ်မှာမမြင်ရဘူး။
မမအိုင်အိုရာ
ညီလင်းသစ် said...
တစ်ဘဝလုံးစာ မျှားရမယ့် ငါးတွေကို ပြန်ပြောင်း သတိရမိစေတဲ့ ပို့စ်ကလေးပါပဲ ညီမစန်းထွန်းရေ...၊ ရှုခင်းစိမ်းစိမ်းတွေ၊ ရေကန် ကြည်ကြည်လင်လင်နဲ့ ပြေပြစ်တဲ့ အရေးအသားက ဖတ်ရတာ ငြိမ်းချမ်းစေတယ်...။ ဒုတိယ ဓါတ်ပုံထဲက သစ်တောအုပ် စိမ်းစိမ်းလေးကို သဘောကျသွားတယ်...။း)
San Htun said...
အဟဲ..ဓာတ်ပုံတွေက အမ်းဒရူးလက်ရာ...တူတယ် စန်းထွန်းလည်း အဲဒီဓာတ်ပုံ ကြိုက်တယ်..း)
ဟန်ကြည် said...
ငါးလိုက်မျှားရင်း ဒဿနတွေ သဘောကျသွားတယ်...ဟုတ်တော့လည်း ဟုတ်တာပါပဲ...ဘ၀မှာ တစ်ခါတစ်ခါ ငါးမျှားတတ်ဖို့လည်း လိုသေးတာကလား...ဦးဟန်ကြည်ကတော့ ဘောလုံးဝါသနာအိုးဆိုတော့ ဘ၀ကို ဘောလုံးပွဲလိုပဲ မြင်မြင်နေတာခက်တယ်...
The river runs through ကြည့်ပြီးတော့ ငါးမျှားချင်လိုက်တာလေ...ဖင်တကြွကြွနဲ့...ခက်တာက ရွှေပြည်ကြီးမှာ သည်အရွယ်ဆိုတာ ခန့်ခန့်ကြီးနေရတာလို့ သတ်မှတ်ထားတော့ ခွကျနေရော...မနေ့ကတောင် အလုပ်ခွင်ကိုသွားရင်း ရပ်ကွက်လူကြီး အိမ်ရှေ့လမ်းမပေါ်က ချိုင့်ကြီးထဲမှာ ရေတွေပြည့်နေတာမြင်တော့ ငါးထိုင်မျှားရရင်ကောင်းမလားတောင် စိတ်ပေါက်ပေါက်နဲ့ စဉ်းစားမိသေး...
အမေရိကားရောက်မှပဲ ငါးမျှားတော့မယ် စန်းထွန်းရေ...လောလောဆယ်တော့ ငွေမျှားနေရတယ်...မံမံမပျောက်အောင်လို့း)