ကျွှန်ုပ်နှင့် ကားတိုးခြင်း...

ယခင်အပတ်က ဘူတာရုံ ကားပါကင်ဝင်းတွင် ကျွှန်ုပ်နှင့် ကားပျောက်မှု ဖြစ်ပြီး တိုးခြင်းခံရသည်ဟုထင်သော ကျွှန်ုပ် ကားသည် ယခုအပတ်တွင် တကယ်တိုးခြင်း ခံရလေသည်။
ဖြစ်ရပုံမှာ ...

စနေနေ့ မစ်တန်းစာမေးပွဲကို ချေဗီချေ့ဟိုက်စကူးကျောင်းတွင် နေ့လည် ၁၂ နာရီတွင် ဖြေဆိုရမည်ဖြစ်သောကြောင့် အိမ်မှ ၁၁ နာရီကတည်းက ထွက်သော်ငြား လမ်းတွင် မီးပွိုင့် ၁၀ ခါလောက် မိသောကြောင့် ၂၅ မိနစ်အဝေးကို ၄၅ မိနစ်မှ ရောက်လေသည်။ ရာသီဥတုမှာ မိုးလေးတဖွဲဖွဲနှင့် ကော်ဖီတကြိုက်၊ ရေနွေးကြမ်းတခွက်၊ လက်ဖက်သုပ်တပန်းကန်၊ စာအုပ်ကောင်း တအုပ်ဖြင့် စောင်ခြုံကာ ကွေးဖို့ကောင်းသော ရာသီဥတု ဖြစ်သည်။ သို့ပါသော်ငြား ကွေးဖို့ကံဇာတာမပါသူ ကျွှန်ုပ်မှာကား သင်အံမှတ်သား ထားသမျှ ဖြစ်ညှစ်ထုတ်လျက် ခေါင်းတဗျင်းဗျင်းကုတ် အငွေ့တလူလူ ထွက်ကာ မီးခိုးခေါင်းတိုင်ဖြစ်နေရှာသည်။

ပါကစ္စတန်နိုင်ငံသား အီဂျတ်နှင့် အလုပ်အကြောင်း၊ ကျောင်းအကြောင်း ဆွေးနွေးကြသည်။ အီသီယိုးပီယားနိုင်ငံသား ယေဒင်ယက်ရှူး မင်္ဂလာဆောင်သည်ကို ဖေ့ဘွတ်ပေါ်မှာ တွေ့ထားသောကြောင့် လက်ဆွဲနှုတ်ဆက်ကာ ကွန်ကရက်ကျူလေးရှင်း လုပ်ကြသည်။ စီနီယာတရုတ် ဟိုင်ရှန်ကို နိ ဟောင်မားသည်။ စီနီယာ နီပေါမလေး ဒီနာနှင့် ဖိုင်နယ်စာမေးပွဲက ဂျူလှိုင် ၆  စနေနေ့မို့လို့ ဂျူလိုင် ၄ အမေရိကန်လွတ်လပ်ရေးပိတ်ရက်တွင် ခရီးမထွက်နိုင်သည့်အကြောင်း ညည်းညူကြသည်။

ကျွှန်ုပ် အား ကိုလံဘီယာနိုင်ငံသား ဒန်နီယမ်က စပိန်လို သရပ်သရပ် (သုံးသုံးဟု အဓိပ္ပာယ်ရသည်) ဟု ခေါ်ပြီး ဂျပန်စကားပြောတတ်သော မွှန်ဂိုလီးယားနိုင်ငံသား မော့ခ် အော့ခ်က အိချိစံ(သုံးဆယ့်သုံး) ဟု ခေါ်တတ်သည်။ တရုတ်ဘာသာစကားတွင် san ဆိုသည်မှာ သုံးဟု အဓိပ္ပာယ်ရသောကြောင့် သုံးသုံးနာမည်ပိုင်ရှင် ကျွှန်ုပ် အား စပိန်လို၊ ဂျပန်လို နာမည်ပြောင် ပေးထားကြခြင်းဖြစ်လေသည်။ မော့ခ် အော့ခ်နှင့်တွေ့တော့ ဝမ်းသားအာရ ပြေးဖက်ကြကာ  အိုဟိုင်းရိုး ဂိုဆိုင်းမတ်ကြသည်။

မနက်စာအဖြစ် ငှက်ပျောသီးတလုံးသာ စားခဲ့သောဝမ်းသည် စာမေးပွဲ ၂ နာရီ ဖြေဆိုပြီးချိန်တွင် တကျုတ်ကျုတ် မြည်လာလေသည်။ အနီးအနားတွင်ရှိသော ချစ်ပိုလေး Chipolte မက်ဆီကန်ဆိုင်တွင် ပါဆယ်ဆွဲရန် သွားသောအခါ ဘယ်ဒန်စဒါ Bethesda မြို့လယ်ကောင် ဖြစ်သောကြောင့် ပယ်ရလယ်ပါကင် ထိုးရမည်ဖြစ်ပြီး ကွာတားဟုခေါ်သော ၂၅ ပြားစေ့ထည့်ကာ ပါကင်းခပေးရသည်။ ပယ်ရလယ်ပါကင် အသေကြောက်ပြီး ကွာတားစေ့မရှိသော ကျွှန်ုပ်သည် ဖရီးပါကင်ထိုးရမည့်နေရာကို လှည့်ပတ်ရှာလေသည်။

မနီးမဝေး ဈေးဆိုင်ခန်းရှေ့တွင် ပါကင်လွတ်နေသောကြောင့် ပါကင်ထိုးကာ ချစ်ပိုလေးဆိုင်သို့ ပြေးလေသည်။ ငါးမိနစ်ခန့်အကြာ ကားပါကင်ဆီသို့ပြန်လာသောအခါ၌ကား
လား ...လား...
ကျွှန်ုပ်ကားနောက်ဘီးကို ချည်နှောင်ကာ တိုးကားကြီးက ဆွဲခါနီးလုလု


ဟေ့...ရပ်...ရပ်...ဘာလို့ငါ့ကားကို တိုးတာလဲ...
ဒီမှာရပ်ပြီး ဒီဆိုင်တွေမှာ မဝယ်ရင် တိုးတယ်...
ဟင်..အဲဒါဆို မတိုးနဲ့တော့... ငါ အခု အဲဒီဆိုင်တွေမှာ သွားဝယ်မယ်..
ဆောရီး မမ်...ဒီမှာ ပါကင်ပြီး ဒီဆိုင်တွေမှာ မဝယ်ရင်ဘဲဖြစ်ဖြစ်၊ ဒီဆိုင်ထဲကနေ ငါးမိနစ်အတွင်း ထွက်သွားရင်ဖြစ်ဖြစ် တိုးရမယ့်စည်းမျဉ်းရှိတယ်...
တိုးသွားရင် ဘယ်မှာသွားရွေးရမှာတုန်း..
ရော့ခ်ဗီလ်မြို့ တိုးဌာနမှာ ၁၆၀ ဆောင်ပြီး လာရွေး ...
ဟေ...မတိုးမယ့် နည်းလေးများ မရှိဘူးလား...
ခုလက်ငင်းငွေ ၅၀ ပေးရင် မတိုးတော့ဘူး...
ဟိုက်...ဒုက္ခပဲ..ငါ့မှာ ၂၀ ပဲ ရှိတယ်... ငွေ ဘယ်မှာသွားထုတ်ရမှာတုန်း...
ဟို မီးပွိုင့်နားမှာ HSBC ဘဏ် အေတီအမ်တခု၊ ဒီနောက်ဖက် တည့်တည့်လျှောက် ညာချိုးရင် အေတီအမ် တခု ရှိတယ်...ငါးမိနစ်ပဲ စောင့်မယ် မမ်...

ငါးမိနစ်ခန့်ကြာသောအခါ...
ရော့..ဒီမှာ ၅၀...မတိုးနဲ့တော့...ဒီဆိုင်တွေမှာ မဝယ်ရင် တိုးမယ်လို့ဘယ်မှာ ရေးထားလဲ...
ကြီးမားသော ဆိုင်းပုဒ်ကြီးကို ညွှန်ပြရင်း
တွေ့လား ဒီဆိုင်တွေမှာ ဝယ်ရင် ၂ နာရီ ပါကင်ခွင့် ရှိတယ်...ဒီဆိုင်တွေကနေ ငါးမိနစ်အတွင်း ထွက်သွားရင် တိုးခွင့်ရှိတယ်...
ငါက ဒီနားက ဟိုက်စကူးမှာ စာမေးပွဲ လာဖြေတာ...ဒါတွေ မသိလို့...
မြို့လယ်ကောင်မှာ ဒီလိုချည်းပဲ..သတိထား မမ်...

စတူးပစ်အိုင်ဒီယာဟု မကျေမချမ်း ရေရွှတ်သော်လည်း တကယ်တမ်း စတူးပစ်သူမှာ ဆိုင်းပုဒ်တွေကို အသေအချာမဖတ် စတိတ်ရောက်၍ စတိတ်ဥပဒေကို မသိနားမလည် မလိုက်နာသော ကျွှန်ုပ် သည်သာ ဖြစ်လေသည်။

ဆူနမ်တို့အား ပြောပြသောအခါ အယ်မလေး ... ၅၀ ဆိုတာ သက်သာတာ...ဗာမွန်ပြည်နယ်မှာ မိုင်းဖန်လေ ၂၀၀ ဆောင်ရတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က စီနီယာ Nga ဆိုရင် ၄၀၀ ဆောင်ရတာ။ သူတို့နဲ့ ယှဉ်ရင် နင်က အပုံကြီး သက်သာတယ်။ ကလယ်ယားကွမ်းက မြို့လယ်ခေါင် ပါကင်ခွင့် မရှိတယ့်နေရာမှာ ပါကင်လို့ သူ့ဘီအမ်ဒဘလျူကားကို တိုးသွားတာ တိုးခ၊ ပါကင်ဥပဒေချိုးဖောက်ခ ဒဏ်ငွေ ၂၅၀ ဆောင်ရတယ်။ ယာဉ်ရပ်နားစည်းမျဉ်းဖောက်ဖျက်မှု တစ်ကဒ်ထိရင် ကားအာမခံကြေး မြှင့်တတ်တယ်။ တစ်ကဒ်မရတာဘဲ အဆိုးထဲက အကောင်းဆိုသောအခါမှ ဖြေသာလေသည်။ ငွေသားထုတ်ယူသော အေတီအမ်မှ ၃ ကျပ် ဖြတ်သလို ကျွှန်ုပ် ၏ချက်ကင်းအကောင့် ထားရှိရာဘဏ်မှလည်း သူ့အေတီအမ် မဟုတ်သည်က ထုတ်ယူသောကြောင့် ၂ ကျပ် ဖြတ်သည်။


ကျောင်းက ထိုင်ခုံတွေက ထိုင်လို့ မကောင်းဘူး နာတယ်၊ ကျောင်းက အစားအသောက်တွေက ကမ္ဘာပေါ်မှာ အဆိုးဆုံး၊ ဒီမိုကရေစီနိုင်ငံသာဆိုတယ် သူတို့တီအမ်ကို မကြိုက်ပုံပြရင် မကြိုက်ပါလား၊ ဖောရက်ဘာသာဆိုတာ အာပလာ သင်တန်းကြေးကြတော့ ထောင်ကျော်တောင်းတယ် စသည်ဖြင့် ခြင်္သေ့ကျွှန်းတွင် နေထိုင်ဖူးသူပီပီ ကွန်ပလိမ်းသော ကျွှန်ုပ် အား ကွန်ပလိမ်းဂဲလ်ဘွဲ့ ပေးထားရာက  ကားပျောက်သည်ဟုတမျိုး ကားတိုးသည်ဟုတဖုံ ပြသနာပေါင်း သောင်းခြောက်ထောင်ပိုင်ရှင် ကျွှန်ုပ်အား ထိုနေ့မှစ၍  ပရော်ပလမ်ဂဲလ်ဘွဲ့ တညီတညွှတ်တည်း ပေးအပ်လေတော့သည်။

စန်းထွန်း
မေ ၂၂ ၊ ၂၀၁၃။
Photos are from Google.

6 comments:

မီးမီးငယ် said...
This comment has been removed by the author.
မီးမီးငယ် said...

ကိုစန်းထွန်းလေးရေ့ ..၊
keep going...honey :P

မြသွေးနီ said...

ရပ်ချင်သလိုရပ်...
ပြီးရော... :)

AH said...


Vista said...


San San Htun said...

မီးမီးငယ် said...
သနားစရာပြသာနာပေါင်းသောင်းခြောက်ထောင်နဲ့ပါလား၊
ကိုစန်းထွန်းလေးရေ့..၊
တယောက်ထဲရင်ဆိုင်နေထိုင်ရဲတာကနဲတဲ့သတ္တိမဟုတ်ဘူး။
keep going...honey :P
(အပေါ်တခုကစာလုံးပေါင်းမှာထွားလို့..အဟဲ)
May 22, 2013 at 8:41 PM
မြသွေးနီ said...
တို့မြန်မာပြည်ပဲ ကောင်းတယ်...
ရပ်ချင်သလိုရပ်...
ပြီးရော... :)
May 23, 2013 at 6:57 AM
AH said...
ဒီနေ့ တွတ်ပီတို့ ကံမကောင်းဘူး ဖြစ်သွားတယ်ပေါ့လေ... :P
May 25, 2013 at 3:45 AM
Vista said...
ကွန်ပလိန်းပဲနော် တို့တွေက ဟိဟိ
May 27, 2013 at 1:03 AM