ကျွှန်ုပ်နှင့် ကားပျောက်မှု ...


သာမာန်ရုံးဝန်ထမ်းဖြစ်သော ကျွှန်ုပ်သည် မနက် ၈ နာရီမထိုးခင် ငါးမိနစ်အလိုတွင် အိမ်မှထွက်ကာ ငါးမိနစ်ခန့်မောင်းပြီး ဘူတာရုံနောက်ဖက် ကားပါကင်ဝင်းတွင် ကားကိုထားကာ မနက် ၈ နာရီ ၅ မိနစ်တိတိတွင် ဝါတန်ရှင်ဒီစီ မြို့ထဲသို့ထွက်ခွာသော ရထားဖြင့် ရုံးတက်လေ့ရှိသည်။ ညနေ ၆ နာရီတွင် ရုံးဆင်းကာ ဘူတာရုံသို့၁၀ မိနစ်ခန့် လမ်းလျှောက်ပြီး နာရီဝက်ခန့် ရထားစီး၍ ဂိတ်ဆုံးဘူတာတွင် ဆင်းသည်။ ကားပါကင်ဝင်းတွင် တနေ့လုံး အေးအေးလူလူ အိပ်စက်အနားယူနေသော  ဗောက်စ်ဝယ်ဂွန် ( အမေရိကန်များ နားလည်စေလျှင် ဗုတ်စ်ဝယ်ဂွန်ဟု အသံထွက်ပါလေ) ကားကို ငါးမိနစ်ခန့်မောင်းပြီး ည ၇ နာရီတိတိတွင် အိမ်သို့ရောက်သည်မှာ ကျွှန်ုပ် ၏ရုံးတက်ရက် နေ့စဉ်အချိန်ဇယား ဖြစ်သည်။

ရီဇာတ်ပါကင် ( Reserved Parking) ဖိုး တလ ၄၅ ကျပ်၊ ၆၅ ကျပ် အပိုမကုန်ချင်သောကြောင့် ကြီးမားသော ပါကင်ဝင်းတွင် တခါတရံတွင် နှစ်ထပ်၊ တခါတရံတွင် သုံးထပ်၊ တခါတရံတွင် လေးထပ်  တနေ့နှင့်တနေ့ ပါကင်နေရာမတူ သတ်သတ်မှတ်မှတ် နေရာမရှိ လွတ်သည့်နေရာ လွတ်သလို ကြုံလျှင်ကြုံသလို ပါကင်တတ်သည်။ အရင်နေ့များက ပထမထပ်သို့ ဆင်းလေ့ရှိသော်လည်း ယနေ့ကားကို ဒုတိယထပ်တွင် ပါကင်ထားခဲ့ကြောင့် ပထမထပ်သို့ မဆင်းတော့ဘဲ ဘူတာရုံနှင့် တိုက်ရိုက်ဆက်စပ်နေသော ဒုတိယထပ်သို့ သွားလေသည်။  မူလရပ်ထားသည့် နေရာတွင် ကားကိုမတွေ့၍ လန့်ဖျန့်သွားသည်မှာ ဆိုဖွယ်ရာ မရှိ။

ကျွှန်ုပ် ပါကင်တတ်သည့် သုံးထပ်၊ လေးထပ် ပတ်ပတ်လည် ဟိုဖက်သည်ဖက် လိုက်ရှာသည် မတွေ့။ ငါးထပ်တွင် ကျွှန်ုပ် ကားကို အဝေးမှလှမ်းမြင်ရသောအခါ ချစ်သူကို တွေ့ရဘိအလား ဒိတ်ခနဲ ရင်ခုန်ဝမ်းသာသွားသည်။ ဒင်းက ဒီမှာနှပ်နေတာကိုး ငါ့မှာတော့ ဒင်းပျောက်လို့ ရှာလိုက်ရတာ။ အနီးရောက်သောအခါ  သူ့အရုပ်ခြင်းတောင်းမှ ကျွှန်ုပ် အတွက် ရွေးချယ်ထည့်ပေးလိုက်သည့် ကားနောက်ခန်းတွင် အစီအရီ တင်ထားသော သားလေး၏လက်ဆောင် အရုပ်များကို မတွေ့။ ဘယ်ဖက်နောက်တံခါးနားတွင် ပိန်ချိုင့်နေသည်။ တောက်ပြောင်သားနားနေပြီး မေရီလန်းပြည်နယ်ပလိတ်ပြားဖြစ်သောကြောင့် ကျွှန်ုပ် ကား လုံးဝ လုံးဝမဟုတ်။

လေးထပ်၊ သုံးထပ်၊ နှစ်ထပ် တက်လိုက်ဆင်းလိုက် သုံးခေါက်တိတိ ရှာသည်။ ဘေးဘီကို စောင်းငဲ့ကြည့်သည် ကုန်းကြည့်သည် ပြူးကြည့်သည် အသေအချာကြည့်သည်။ မတွေ့သောအခါ၌ကား မနက်က ကျွှန်ုပ်ရပ်ထားခဲ့သည် ထင်သည့်နေရာကို ထပ်မံသွားကြည့်သောအခါ၌ကား လား...လား...

Reserved Parking
Unauthorized cars will be towed during 10 am - 2pm
If your car is towed, please call 123-456-7890


သေချာပါပြီ ရီဇာတ်ပါကင်မလုပ်ထားဘဲ ရီဇာတ်ပါကင်းမှာ သွားရပ်ထားတော့ တိုးသွားပြီ။ ဖုန်းနံပါတ်ကို ခေါ်သောအခါ ဘယ်ဘူတာ ဘယ်နေရာမှာ ဘာကားအမျိုးအစား ဘာအရောင် နာမည် ဖုန်းနံပါတ် တောင်းကာ တယောက်လာလိမ့်မည်ဟု ဆိုသည်။ ကျွှန်ုပ်စိတ်ထဲတွင့် ကျွှန်ုပ်ကားကို ထရပ်ကားကြီးက ဆွဲသွားသည် ထင်နေသည်။

ငါးမိနစ်ခန့်ကြာသောအခါ ရဲကားတစီး အချက်ပြမီးရောင်စုံထွန်းကာ တစုံတယောက်ကို ရှာဖွေနေသည်။ ကျွှန်ုပ်ကား ဟိုကြည့် ဒီကြည့် ပျောက်ခြင်းမလှ ပျောက်နေသော ကျွှန်ုပ်ကားအား ရှာဖွေနေဆဲ။ ဖုန်းထပ်ဆက်သောအခါ ရဲကားက မင်းကို လိုက်နေရှာနေတယ် မင်းက ဘယ်မှာတုန်း။ ကိုယ်က 3d မှာ ရဲကားကို တွေ့လိုက်တယ် ကိုယ့်ကို ရှာနေမှန်း မသိလို့။ ဘူတာရဲက ဖုန်းဆက်လာသည်။ မင်းက ဘယ်မှာတုန်း ဘူတာနောက်ဖက် ပါကင်အထပ်တွေမှာလား ဘူတာရဲ့မျက်နှာချင်းဆိုင် ပါကင်ဝင်းမှာလား။ ကိုယ်က ဘူတာနောက်ဖက် လေးထပ်မှာ မင်းကို တွေ့လိုက်တယ် ကိုယ့်ကိုလိုက်ရှာနေမှန်း မသိလို့ 3d မှာ ကိုယ်စောင့်နေမယ်။ မင်းက ဘာအရောင်ဝတ်ထားလဲ။ အညိုရောင်ကုတ်အင်္ကျီ နက်ပြာရောင်ဘောင်းဘီ မျက်မှန်နဲ့။ အိုကေ  မင်းအဝေးက လှမ်းမြင်နိုင်အောင် ကိုယ် ကားကို အချက်ပြမီး ထွန်းထားတယ်။

ကွန်ပျူတာ၊ ဝေါ်ကီတော်ကီများဖြင့် ရှုပ်ပွနေသော ကားရှေ့ခန်းတွင် ထိုင်ခိုင်းပြီး မင်းကားက မီးခိုးရောင် ဗုတ်စ်ဝယ်ဂွန် ပတ်စက်အမျိုးအစား။ ဟုတ်တယ် မနက်က လောလောနဲ့ ရီဇာတ်ပါကင်မှာ ပါကင်ခဲ့တယ်ထင်တယ် ခုမတွေ့တော့ဘူး။ သော့ကို နှိပ်လိုက်ပါလား ပွမ်ပွမ် အသံပေးရင် မင်းကားဘယ်မှာ ရပ်ထားမှန်း သိတာပေ့ါ။ အဟဲ ကိုယ့်ကားက အိုနေပြီ ပွမ်ပွမ် အသံပေးလို့ မရဘူး။ တခါတလေ Security ဝင်ရင် ကားမှန်တံခါးနားမှာ မီးနီလေးပေါ်လာပြီး သူ့ဘာသာ ပွမ်ပွမ် ထအော်တတ်တာကလွဲလို့။ အိုကေ ကိုယ်တို့ အောက်ထပ်ကစပြီး ရှာရအောင်။



တိုးခြင်းခံရသည့် ကျွှန်ုပ်ကားရှိရာသို့ ကျွှန်ုပ်အား ခေါ်ဆောင်သွားမည်ထင်သည့်အတွေး တက်တက်စင်အောင် လွဲလေသည်။ ရီဇာတ်ပါကင်တွင် ရီဇာတ်ပါမစ်ကဒ်မရှိဘဲ ပါကင်ထားသည့် ကျွှန်ုပ်ကားကို တခြားနေရာလွတ်တခုသို့ တိုးသွားပုံရကာ ကားပါကင်ဝင်းတခုလုံး ပတ်ရှာရသည့် သဘောဖြစ်သည်။ အောက်ထပ်အဆင်း အကွေ့လေးတွင်

"ဟိုမှာ ကိုယ့်ကား ကျေးဇူးအများကြီး အများကြီး တင်ပါတယ်"
"မင်းရဲ့အပြုံးတွေကို မြင်ရတာ ကိုယ့်ရဲ့ပျော်ရွှင်မူပါပဲ"
ကားနောက်ဖုံးကို ချစ်စနိုးဖြင့် ပုတ်လိုက်ပြီး
"မင်းကိုတွေ့ရတာလောက် ပျော်ဖို့ကောင်းတာ မရှိတော့ဘူး"

ထိုနေ့က ည၈နာရီတိတိမှ အိမ်ပြန်ရောက်လေသည်။ အပေါ်ထပ်တက်လိုက်၊ အောက်ထပ်ဆင်းလိုက် ကားကိုပတ်ရှာနေရခြင်း၊ ဗိုက်ဆာခြင်းတို့ကြောင့် ခေါင်းပင်မူးနောက်နောက် ဖြစ်သွားသည်။ ကျွှန်ုပ်မိခင်နိုင်ငံက ရဲဝန်ထမ်းများကို ကျေးဇူးမတင်တတ်သော ကျွှန်ုပ်သည် အနှီရဲဝန်ထမ်းကိုတော့ ကျေးဇူးအထူး တင်လေသည်။


သြော်...  ထိုရဲအား ကျွှန်ုပ် ဖွင့်ဟမပြောလိုက်သော စကားတစ်ခွန်း ရှိသည်။ မနက်က ကျွှန်ုပ် ကားဘေးနားတွင် ရပ်ထားသည့် နောက်ပြန်ပါကင်ထားသည့် ကားအဖြူရောင်မှာ ဘေးနားတွင် ရှိနေဆဲ။ တိုင်နှစ်တိုင်ကြား ကပ်ညှပ်လျက် ကျွှန်ုပ် ၏ပါကင်စွမ်းရည်ကို ပြသသည့်အလား ဘယ်တော့မှ တည့်တည့်မဟုတ် တခြမ်းစောင်းကာ ပါကင်ထိုးတတ်သည့် ကျွှန်ုပ် ကားပါကင်ပုံကလည်း တစက်မှ အရာမယွင်း။ ကျွှန်ုပ် ကားသည် မူလနေရာမှ တလက်မမှ မရွှေ့ခဲ့။ ကျွှန်ုပ် ကားသည် ရီဇာတ်ပါကင်တွင် ရပ်ထားခြင်းကြောင့် တိုးခံရခြင်း မဟုတ်ပါ။ ကျွှန်ုပ် ရပ်ထားခဲ့သည့်နေရာ  ကျွှန်ုပ်ဘာသာ မမှတ်မိခြင်း ဖြစ်လေတော့သည်။

ဌာနတွင် ကျွှန်ုပ်၏ တဦးတည်းသော မိန်းကလေးအဖော်ဖြစ်ပြီး တခန်းတည်းဖော်ဖြစ်သည့် ကလဲယားကွမ်းအား ဖြစ်ကြောင်းကုန်စင်ပြောပြရာ မြို့လယ်ကောင် ပါကင်ခွင့်မရှိသည့်နေရာတွင် ပါကင်ခဲ့သော သူမ၏ဘီအမ်ဒဘလျုကားကို တိုးသွား၍ ယာဉ်ရပ်နားဥပဒေ ဖောက်ဖျက်မူ၊ တိုးခ ၂၅၀ ဒဏ်ရိုက်သည်ဟု ဆိုသည်။ ဒီဇင်ဘာလက အိုဟိုင်းရိုးပြည်နယ်မှ မေရီလန်းပြည်နယ်သို့ မောင်းလာစဉ် တိုးဂိတ်ဖြတ်သန်းခ ၅ ကျပ်မပေး၍ ၂၅ ကျပ် ဒဏ်ငွေဆောင်ခိုင်းသည့်စာကို လွန်ခဲ့သောလက ဆူနမ်ရရှိသည်။ လက်ငင်းငွေသား ပေးဆောင်ခဲ့သည်ဆိုသော်လည်း သက်သေပြစရာ မရှိ။

ဒယ်လာဝဲယားပြည်နယ်သို့သွားစဉ် တိုးဂိတ်ပေးရသည့် လမ်းတခုသည် EZPass Only, No Cash ဟု ရေးထားသော်လည်း ဒီးသည် လက်ငင်းငွေသားပေးဆောင်ဖို့ တိုးဂိတ်ရှာသောအခါ မတွေ့သောကြောင့် တိုးဂိတ်ခ မပေးလိုက်ရ။ မကြာမှီ တိုးဂိတ်ဖြတ်သန်းခ ၄၅ ကျပ် ဒဏ်ရိုက်သောအခါမှ ထိုလမ်းဖြတ်သန်းခကို EZPass Card မှ အော်တိုနှုတ်သွားသည်မှန်း သိလေတော့သည်။ ကျွှန်ုပ်ကားသည်လည်း အတိုးခံရလျှင် ဒဏ်ငွေရိုက်သော စာလာမည်မှာ ဧကန်မလွဲ ဖြစ်သည်။

ထိုနေ့မှစ၍ ကျွှန်ုပ်သည် ကားပါကင်ဝင်း မည်သည့်နေရာတွင် ရပ်ခဲ့မှန်း အသေအချာ မှတ်လေတော့သည်။ အကယ်၍များ ကားအသစ်တစီး ဝယ်ခဲ့မည်ဆိုလျှင် ခလုတ်နှိပ်လိုက်သည်နှင့် ပွမ်ပွမ်ဟုထမြည်ကာ ဘယ်နေရာမှာ ရပ်ထားမှန်း အသံပေးတတ်သော ကားသည်သာ ကျွှန်ုပ်၏ နံပါတစ်ဦးစားပေးအရာ  ဖြစ်ပေလိမ့်မည်။

စန်းထွန်း
မေ ၁၀၊ ၂၀၁၃။
Except first photo, all photos are from Google.

10 comments:

Anonymous said...

It happens all the time with my fried.
After facing several times we always look which level we parked. Otherwise go up and down to look for the car.
(Now my town is smaller than previous one so I don't need to do that for daily basis.) :D
Chit thaw Ma Ma Iora


Anonymous said...

Ha..Ha sorry sorry I thought I wrote " friend" not "fried". Please replace with "friend". My apology.
mama iora

Anonymous said...

တိမ်ပြာ(မနောမြေ)



ညိမ်းနိုင် said...

တော်ကြပါပေတယ်....။

မောင်မျိုး said...


မြသွေးနီ said...

ဖြစ်ရလေ...စန်းထွန်းရယ်..

မဒမ်ကိုး said...


သတိရနေတဲ့

ဒိုးကန်

မီးမီးငယ် said...

Hi!SH...
I want to write in Birumar here.
But fonts problem,
We had the same problem like you,
in Roosevelt Field Mall longisland,NY.
We visited on black Friday, you can imagine how crowded the people.
Car parking lot like a car sea.
I saw a millions cars there.
We had to looking our car for 3 hours :((((
Btw you works in DC near us, come and visit NY again.
From NY to my house just 20 minutes by bus.
:)

San San Htun said...

Anonymous said...
ဖြစ်ရလေ စန်းထွန်းရေ :) အလုပ်သစ် နေရာသစ်နဲ့ နေသားကျနေပြီ ထင်ပ၊၊ ဝမ်းသာပါတယ်နော်၊၊
တိမ်ပြာ(မနောမြေ)
May 11, 2013 at 5:33 PM
ချော(အစိမ်းရောင်လွင်ပြင်) said...
ကားပျောက်မှုဆိုတော့ ဆားပုလင်းစန်းထွန်းများဖြစ်တော့မလား ထင်မိလိုက်တာ..
တော်သေးတယ် ပြန်တွေ့လို့..
တို့လည်း တစ်ခုခုဆို ကိုယ့်ထားခဲ့တာ မမှတ်မိဘဲ ဒေါင်းတောက်အောင်ရှာတတ်တာ :)
May 12, 2013 at 2:53 PM
ညိမ်းနိုင် said...
ငိုအားထက်ရီအားသန်ဆိုတာ ဒါမျိုးထင်ပါ့ဗျာ... :)))
သူတို့ ရဲတွေကတော့ တကယ့်ကို ပြည်သူ့ရဲပဲနော်....
တော်ကြပါပေတယ်....။
May 13, 2013 at 6:29 AM
မောင်မျိုး said...
ပျောက်တယ်ဆိုတော့ နောက်တစ်စီးဝယ်တော့မလို့လားလို့....
May 13, 2013 at 6:48 AM
မြသွေးနီ said...
ဖြစ်ရလေ...စန်းထွန်းရယ်..
ကိုယ့်ကားပါကင်နေရာ ကိုယ်မေ့တာ..
ကားပျောက်ချိန်တုန်းက သောကကို ခံစားနားလည်ပေးနိုင်ပါတယ်..ဟိဟိ
May 14, 2013 at 7:06 AM
မဒမ်ကိုး said...
စိတ်ကိုမောပြီးမူးသွားတာပဲ စန်းထွန်းရယ်
ဖဘထဲမှာမတွေ့တော့လို့ လိုက်တောင်ရှာနေတာ း))))

သတိရနေတဲ့

ဒိုးကန်
May 17, 2013 at 9:41 AM