နိုင်အာဂရာသွား တောလား...

အမေရိကန်နဲ့ကနေဒါကြားက နိုင်အာဂရာရေတံခွန်ဟာ ကမ္ဘာ့အံအားသင့်ဖွယ်၉ခုမှာ ပါဝင်ပါတယ်။ မနှစ်က ဂျူလှိုင်၄ အမေရိကန်လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်မှာ  ရာမားဖိတ်ခေါ်လို့ မန်ဆာချူးဆက်ပြည်နယ် ဘော့စတွန်ကို သွားလည်ဖို့ပြင်ဆင်ကြတော့  နိုင်အာဂရာရေတံခွန်ကို သွားလည်ရအောင်လို့ ကိုယ်က အကြံပေးတယ်။ မမီးငယ် သွားတာကို သူ့ဘလော့မှာ ဖတ်ပြီးကတည်းက ဖလမ်းဖလမ်းထတယ် ဆိုပါတော့။ မမီးကို မေးမြန်းစပ်စုတော့ နယူးယောက်၊ ဘောစတွန်ကနေ နိုင်အာဂရာရေတံခွန် တိုးကားတွေ ပေါမှပေါတယ့်။ ဆူနမ်က သောကြာနေ့ည သန်းခေါင်မှ ဘော့စတွန်ရောက် စနေနေ့ မနက်အစောကြီးထပြီး ဘော့စတွန်မြို့ထဲကို သွားစီး။ ဘောစတွန်ကနေ နောက်ထပ် ၇ နာရီ ကားစီးရမှာ။ ပင်ပန်းလို့ နေမကောင်းဖြစ်မယ်၊ လေယာဉ်နောက်ကျရင် ပြသနာ မသွားဘူးဆိုပြီး လက်မှတ်မဝယ်လိုက်တာ ကံကောင်းတယ်။

ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့ကနေ နယူးယောက်မှာ လေယာဉ်ပြောင်းပြီး ည ၁၁ နာရီကျော်မှာ ဘော့စတွန်ကို ကိုယ်က ချောချောမောမော ရောက်ပေမယ့် အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့ကနေ ဝါရှင်တန်ဒီစီမှာ ထရန်စစ်ထိုင်တယ့် ဆူနမ်ကတော့  တော်နေဒိုးဝင်မွှေသွားလို့ လေဆိပ်မှာ တညအိပ်လိုက်ရတယ်။ ဘော့စတွန်ကို ထွက်မယ့်အစောဆုံးလေယာဉ်က စနေနေ့ညနေစောင်းဆိုလို့ ၄၅ မိနစ်အဝေးက လေဆိပ်ဆီကို ရှယ်တယ်စီး။ မနက်စောစောထွက်တယ့် လေယာဉ်စီးပြီး ဘောစတွန်ကို စနေနေ့နေ့လည်ပိုင်းမှ ရောက်လာတယ်။ ကိုယ်တို့က အိမ်ကထမင်းဘူးသယ်ပြီး သွားကြိ  ုရတယ် ဒီစီလေဆိပ်မှာ ခရီးသည်တွေ သောင်တင်နေပြီး စားစရာ၊ သောက်စရာ အကုန်ပြတ်လပ်သွားလို့။ ပိုက်ဆံရှိတာတောင် ဝယ်လို့မရတယ့် ဘဝ။

မနှစ်က မသွားဖြစ်တယ့် နိုင်အာဂရာရေတံခွန် ခရီးစဉ်ကို မေ ၂၇ မယ်မိုရီယမ်ဒေးပိတ်ရက် တနင်္လာနေ့ရုံးပိတ်ရက် ၃ရက်ဖြစ်တယ့် ခုတပတ်ရုံးပိတ်ရက်မှာ သွားဖြစ်တယ် ဆိုပါတော့။ ကားငှားသွားမယ်လို့ ရည်ရွယ်ထားပေမယ့်  အနည်းဆုံးငါးရက် ငှားရမယ်ဆိုလို့ ရှေ့နှစ်ပတ်ကမှ ဝယ်ထားတယ့် အမ်းထရူးရဲ့ အသစ်ကျပ်ချွှတ် ၂၀၁၃ တိုရိုတာရေဗ့်ဖိုးကားကို ဟိုင်းဝေးလမ်းနဲ့ မိတ်ဆက်ပေးတယ်။ မေရီလန်းပြည်နယ်ကနေ ပင်စယ်ဗေးနီးယားပြည်နယ်ကို ဖြတ်ကျော်လို့ နယူးယောက်ပြည်နယ် နိုင်အာဂရာရေတံခွန်အထိ  မြောက်စူးစူး ၃၈၀ မိုင် ၇ နာရီ မောင်းရမှာပါ။ ဖွတ်ချက်ဖွတ်ချက် ကိုယ်တို့ကားတွေနဲ့ဆိုရင် လမ်းမှာထိုးရပ်သွားမှာ စိတ်ပူရပေသကိုး။


ကားကအသစ်ဆိုတော့ လီဗာလေး နည်းနည်းတော့လိုက်တာနဲ့ မိုင်တော်တော်ပြေးတယ်။  ဖွတ်ချက်ဖွတ်ချက် ကားတွေကတော့ မိုင်နည်းနည်းပြေးဖို့ကို လီဗာအသားကုန် ဖိနင်းရပေသကိုး။ မနက် ၇ နာရီကတည်းက မောင်းလိုက်တာ လမ်းမှာ ဆီဖြည့်၊ ဗိုက်ဖြည့်ဖို့တခါပဲ ရပ်ပြီး ဆူနမ်ပဲ တောက်လျှောက် မောင်းတယ်။ နယူးယောက်ပြည်နယ် ဘာဖဲလိုးမြို့ထဲ ဝင်ရင်ပဲ သူတို့ပြည်နယ် ဥပဒေအရ နောက်ခန်းကလူတွေ ခါးပတ်ပတ်တယ့်။  စိမ်းပြာနေတယ့် မြစ်၊ မိုးပြာရောင် မြစ်ကူးတံတားကြီးကို ဖြတ်ရင်ပဲ ကားတွေ လူတွေ ကြိတ်ကြိတ်တိုးနေတယ့် နိုင်အာဂရာရေတံခွန်ဆီကို ရောက်ပါပြီ။ တံတားဖြတ်ခ ၁ ကျပ်ဆိုလို့ သက်သာလိုက်တာဟ။

ဒစ်ကာဗာရီပတ်ကေ့ချ်ဝယ်ထားတာမို့ အဲဒီထဲက တခုဖြစ်တယ့် Maid of the Mist အမေရိကန်ရေတံခွန် American Falls ၊ မြင်းခွာရေတံခွန် Horseshoe Falls ကို သင်္ဘောစီးပြီး သွားရောက်ဖို့ တန်းစီနေတယ့် လူတန်းကြီးက အရှည်ကြီး။ တသွင်သွင် စီးဆင်းနေတယ့်  မြစ်ရေက ကြည်လင်စိမ်းလဲ့ကာ စင်ယော်တွေက ဝဲပျံနေတယ်။ တဖက်ကမ်း ကနေဒါဆီ ဆက်သွယ်ထားတယ့် တံတားခုံးခုံးဖြူဖြူလေးပေါ်က နှစ်နိုင်ငံအလံလေးက လေထဲမှာ လွင့်လို့။ အောက်ကိုငုံ့ကြည့်လိုက်တော့ အပြာရောင်လူအုပ်ကြီးကို တွေ့တယ်။

ကိုရီးယားတိုးအဖွဲ့၊ တရုတ်တိုးအဖွဲ့လေးတွေက အလံလေးတွေ ထောင်လို့ အိန္ဒိယတွေကလည်း အတော်များတယ်။ သဘောၤတစီးကို လူအယောက် ၅၀၀ ဆန့်တာမို့ ကျူတန်း ရှည်ပေမယ့်လည်း ၁၅၊ ၂၀ လောက်ပဲ ကြာတယ်။ တာဝါတိုင်ကနေ အောက်ရောက်တော့ မိုးပြာရောင် ပလတ်စတစ်ဝတ်ရုံပေးတယ်။ သြော် ဒါကြောင့် အပေါ်ကနေ အပြာရောင်လူအုပ်ကြီး မြင်ရတာကိုး။


ရေတွေ တဝုန်းဝုန်း ပေါက်ကွဲနေတယ့် ရေတံခွန်အလယ်က မြစ်ကြမ်းပြင်အထိ ဖြာဆင်းနေတယ့် သက်တန့်ရောင်စဉ်နှစ်ခု ဇင်ယော်ဖြူဖြူတွေ ပျော်ရွှင်စွာ ပျံဝဲလို့ အေးမြတယ့် ရေစဉ်တွေ ဖျန်းပက်တယ့်အခိုက်အတန့် သဘာဝအလှတရားမှာ နစ်မျောပျော်ဝင်သွားလို့ အရာအားလုံး ကိုယ်တို့ မေ့လျော့သွားတယ်။ ရေတွေတဝေါဝေါ ရွာသွန်းနေတယ့် ရေတံခွန်ရှေ့က သက်တန့်ခုံးခုံးလေးကို ငေးကြည့်ရင်း ကိုယ်တို့ရေရွတ်မိတာက နိုင်အာဂရာ မင်း...သိပ်လှတယ်။

ည ၈ နာရီ ကျော်နေပြီမို့  ၉  နာရီ Nigara legends of Adventure Theater နောက်ဆုံးပွဲ ကြည့်ဖို့ တန်းစီကြတယ်။ စကားလုံးတွေ နင်းကန်နေတယ့် ဆူနမ်က မမြင်လိုက်ပေမယ့် ကိုယ်က မြင်လိုက်တယ် တန်းစီသူတွေရဲ့ မနှစ်မြို့တယ့် အကြည့်တွေ။ ကိုယ်တို့တန်းစီနေတာက သူတို့ဘေးမှာ ဖြစ်နေလို့ ဖြတ်ဝင်တယ်ထင်ပြီး ဘုကြည့်ကြည့်တာကိုး။ ၁၅ မိနစ်လောက် တန်းစီနေတုန်း ကိုယ်တို့ရှေ့ကို ပိုက်တန်းထားကို ကျော်ပြီး အိန္ဒိယမိသားစု ဖြတ်ဝင်တယ်။ အားလုံးက ဘာလိုလဲဟပေါ့။ ပြောရင်ကောင်းမလား စဉ်းစားနေတုန်း လက်မှတ်ရှိသူတွေ ဝင်လို့ရပါပြီလို့ ကြေငြာတော့ လက်မှတ်မရှိလို့ ဘေးကပ်နေတယ့် သူတို့ကို အားလုံးက ကြည့်ကြတယ် ဘယ်နှယ့်ရှိစ။

ကိုယ်တို့တွေ သိချင်ကြတယ် အဲဒီမိသားစု ဘယ်လိုဖြစ်ကျန်ခဲ့လဲလို့ အတင်းလည်း ချကြတာပေါ့ သူတို့အပြုအမူကို။ ဆူနမ် ရယ်လို့ ကြည့်လိုက်တော့ အဲဒီမိသားစု ခန်းမထဲ ဝင်လာတာ။ လက်မှတ်ရသွားတာ တော်သေးတာပေါ့။ ဒါပေမယ့် သူတို့အပြုအမူက အကျဉ်းတန်လွန်းတယ်။ နိုင်အာဂရာဆိုတာ နေးတစ်အမေရိကန် အင်ဒီးယန်းဘာသာစကားနဲ့ Thundering Water လို့ အဓိပ္ဗာယ်ရပါသတယ့်။  စည်ဗိုင်းထဲ မွေ့ယာထည့် စက်ဘီးလေထိုးတံနဲ့ လေထိုး သူ့ကြောင်လေးနဲ့ အတူ မြစ်အထက်ကနေ ရေတံခွန်အောက်ဖက်အထိ မျောတယ့် အဘွားအို၊ ရေတံခွန်ကို အံတုကာ စက်လှေမမြုပ်တယ့် အင်္ဂလိပ်လူမျိုး သင်္ဘောကပ္ဗတိန်၊ ရေတံခွန်ကို ဖြတ်သန်းကာ ကောင်းကင်ကြိုး လမ်းလျှောက်တယ့်သူ ။ လူစွန့်စားတွေအတွက် ခွန်အားကြီးတယ့် နိုင်အာဂရာရေတံခွန်က စိန်ခေါ်နေသလိုပါပဲ။


ဗီဒီယို မကောင်းဘူးလို့ ကိုယ် ကွန်ပလိန်းတော့ နိုင်အာဂရာရေတံခွန် ညအလှကို ကြည့်ဖို့ဗီဒီယိုကြည့်ရင်း စောင့်တယ်လို့ သဘောထားလိုက်။ အပြင်မှာဆို အေးပါဘိနဲ့ဗီဒီယိုကြည့်ရင်း ငါတို့ အနားယူရတာပေါ့လို့ ဆူနမ်က ဖျောင်းဖြတယ်။ မီးရောင်စုံတွေ လင်းလက်နေတယ့် နိုင်အာဂရာကို တခြမ်းစောင်းလေးပဲ တွေ့ခဲ့တယ်။  မြင်ကွင်းပြည့်မြင်ရတယ့် ကနေဒါဖက်ခြမ်းက ဗျူးပိုကောင်းတယ်လို့ ဆိုကြတယ်။ ဟုတ်မှာ ကနေဒါဖက်မှာ ဟိုတယ်တွေ ပိုများပြီး စကိုင်းတာဝါတိုင် အမြင့်ကြီး တွေ့တယ်။

နောက်နေ့ နေ့လည်မှာတော့ ပင်လယ်ရေသတ္တဝါပြတိုက်ကို သွားကြတယ်။ နေ့လည် ၁၂ မှာ Sea Lion ပင်လယ်ဖျံပြပွဲ မှီလိုက်တယ်။ ပင်လယ်ဖျံတွေက ရေထဲမှာ အမြန်ဆုံး ဖြစ်သလို ကုန်းမှာလည်း မြန်တယ်။ ဝါအကြီးဆုံး ပင်လယ်ဖျံက ၂၆ နှစ် ရှိပြီး အငယ်ဆုံးလေး ကင်မ်က မနှစ်ကမှ ကယ်လီဖိုးနီယားကမ်းခြေမှာ ကယ်ဆယ်ရရှိပြီး ဒီရောက်လာတာပါ။ ဂျူလှိုင် ၁၆ မှာ ငါးနှစ်မြောက်မွေးနေ့ကို ဆင်နွှဲမှာပါတယ့်။ ပင်လယ်ဖျံလေးတွေ တင်ဆက်တာကို ကလေးတွေသာမက လူကြီးတွေလည်း နှစ်ခြ ိုက်ပါတယ်။

ပင်ဂွင်းတွေ၊ ပင်လယ်ဖျံတွေကို ကိုယ်တိုင်ကိုယ်ကျ အစားကျွှေး နိုင်တယ့် အစီအစဉ်တွေလည်း ရှိတယ်။ ကန်ထဲမှာ ကူးခတ်နေတယ့် ငါးအကြီးကိုတွေ့တော့ ရာမားက နင့်ကို ဖမ်းပြီး ကြော်စားမယ်၊ ကိုယ်က ဒီငါးမန်းကို ငါးမန်းတောင် ဟင်းချိုလုပ်ဖို့ တရုတ်ပြည်ပို့လို့ကတော့ ဈေးကောင်းရမှာလို့ တွေးတယ် း) ။ ရေဘဝဲကို ဓာတ်ပုံရိုက်တော့ ဘေးကလူတွေကို ဆိုင်းပုဒ်ပြပြီး No Flash လို့ သတိပေးတယ်။ အဟီး ဆောရီး ရိုက်ပြီးသွားပြီ နောက်မရိုက်တော့ဘူး။ စင်္ကာပူ Sentosa ထဲက Under Water က ပိုစုံတယ်။


လမ်းကူးလို့ Discover Center  Qတန်းမှာ ဝင်စီတယ်။ ဘာမှန်း မသိဘူး သူများစီလို့ စီတာ။ မိနစ် ၂၀ လောက် တန်းစီးပြီးတော့  ဓာတ်လှေကားနဲ့ မြေအောက် တထပ်ပြီးတထပ် ခေါ်သွားတယ်။ ဓာတ်လှေကားနံရံကနေ မြင်ရတယ့် ကျောက်လွှာတွေကို ဒီကျောက်လွှာကတော့ နှစ်သန်းပေါင်း ဘယ်လောက်ရှိပြီ၊ ဒီကျောက်လွှာကတော့ စကော့တလန်က ကျောက်ဆောင်တွေလို အနီရောင်၊ ဒီကျောက်လွှာကတော့ အမာဆုံးနဲ့ ဗီဒီယိုက ရှင်းပြတယ်။ ကိုယ်တို့အားလုံး တညီတညွှတ်တည်း မှတ်ချက်ပြုတယ် စောင့်ရကျိုး မနပ်လိုက်တာ။ ကျောက်လွှာတွေကို ကိုယ်တွေမှ စိတ်မဝင်စားတာ။

မနေ့က Food Court မှာ မလေးရှားခေါက်ဆွဲကြော်၊ ကင်ချီထမင်းကြော်၊ ဟိုင်နန်ကြက်ဆီထမင်း စားမဟဲ့ဆိုပြီး သွားတန်းစီတာ အဲဒီနေ့အရမ်းဘီးစီးလွန်းလို့ ဘူဖေးပဲ ရောင်းပါတယ်တယ့်။ အမေရိကန်က တရုတ်ဆိုင် အများစုက ချိုပေမယ့် အဲဒီတရုတ်ဆိုင်ကတော့ မချိုဘူး။ ဆူနမ်တို့က ဘာအရသာမှ မရှိတယ့် အိန္ဒိယဆိုင်နဲ့ သွားတိုးတယ်။ ဆိုင်အားလုံးက လက်ငင်းငွေ ပေးရတယ်။ ဒီနေ့တော့ လက်ငင်းငွေမရှိတော့တာနဲ့ ခရက်ဒစ်ကဒ်နဲ့ ပေးလို့ရတယ့် ပန်ဂျပ်အိန္ဒိယဘူဖေးမှာ စားတာ စားကောင်းတယ်ဗျား။

နောက်ဆုံးခရီးစဉ်ဖြစ်တယ့် Cave of the winds ရှိရာ မြစ်လယ်က ဆိတ်ကျွှန်း Goat Island ဆီသွားဖို့ ထရော်လီ စောင့်ကြတယ်။ ဆိုးလွန်းတယ့် မြောက်အမေရိက ဆောင်းတွင်းမှာ ဘယ်တိရစ္ဆာန်မှ အသက်မရှင်ပါဘူး။ အဲ တခုတည်းသော သတ္တဝါသာ အသက်ရှင်တယ် အဲဒါ ဆိတ်ပါတယ့်။ ဒါကြောင့်မို့လို့ ဆိတ်ကျွှန်းလို့ နာမည်ပေးထားတာလို့ထရော်လီကြီးကြပ်သူ ရှင်းပြတယ်။ ဆိတ်ကျွှန်းအောက်ဖက်ဆင်းပြီး အမေရိကန် ရေတံခွန်အောက်ကို ဆင်းရတယ့် အစီအစဉ်ပါ။


လူတန်းကြီးက ရှည်လိုက်တာမှ ရှည်..ရှည် နေတယ်။ ပထမဆုံး သတိထားမိသူက ရာမားပါ။ ဘာလို့ လူတွေ အားလုံး ဖိနပ်ဆင်တူ စီးထားတာလဲ။ အမ်းထရူးက အုပ်စုလိုက်မို့လို့ နေမှာပေါ့။ ငါတို့တောင် ပန်ဒါတီရှပ်ဆင်တူ ဝတ်ထားတာပဲ။ မဟုတ်သေးဘူးနော် အားလုံးနီးပါး စီးထားတာ။ အဲဒီဖိနပ်စီးမှ ဝင်ခွင့်ပြုတာထင်တယ်။ ဆူနမ်နဲ့ အမ်းထရူး သွားစနည်းနာတယ်။ ပြန်လာတော့ အဲဒီဖိနပ်တွေ စီးလို့။ ဘာမှာလဲ ငါတို့အတွက်။ နင်တို့ကိုယ်တိုင် လက်မှတ်နဲ့သွားထုတ်ရမှာ။

ဘိုးလင်းသွားကစားရင် ချော်လဲမှာစိုးလို့ ဘိုးလင်းဖိနပ်စီးရသလို ဒီမှာလည်း ဒီလိုပဲ တူပါရဲ့ ။ ရေတံခွန်နောက်ခံ ပန်းချီကားနဲ့ ဓာတ်ပုံရိုက်ပေးတာတွေ့တော ရိုက်မလား တိုင်ပင်ကြတယ်။ ယူနီဗာဆယ်စတူဒီယို စင်္ကာပူမှာလေ မမ်မီစီးတော့ ဓာတ်ပုံရိုက်ထားတယ်။ ကိုယ့်ပုံပါတယ့်ဓာတ်ပုံ ဝယ်ရင် ၃၀၊ ၄၀ ပေးရတယ်။ ဟောင်ကောင်ကနေ လန်ထောင်ကျွှန်းကို ကေဘယ်စီးတော့ တာဝါတိုင်တွေရောက်ရင် ဓာတ်ပုံရိုက်ထားမှာမို့လို့ ပြုံးပါဆိုတယ့် ဆိုင်းပုဒ်တွေ ရှိတယ်။ ပြီးရင် ပိုက်ဆံနဲ့ ဝယ်ပဲ။ ဒီမှာလည်း ဒီလိုနဲ့တူတယ် ရိုက်ဘူးနော်။ ဓာတ်ပုံရိုက်မလား။ ဟင့်အင်း။ အလကားနော်။ ဟင့်..အင်း။

အဝါရောင်မိုးကာအင်္ကျီ ဝတ်ပြီး တောင်အောက်ခြေဆင်းတော့ စင်ယော်တွေ အများကြီး။ တသွင်သွင် စီးနေတယ့် မြစ်ရေ၊ နှစ်နိုင်ငံပေါင်းကူးထားတယ့် တံတားခုံးခုံးလေး။ ရေတံခွန်က ရေတွေ ပြင်းပြင်းထန်ထန်ကျရင် လွတ်ရာကို ပြေးလိုက်။ ဝမ်း တူး သရီးအော်ပြီး ရေပြန်ခံလိုက်။ မခံနိုင်ရင် ပြန်ပြေးလိုက်နဲ့ အတော်ပျော်ဖို့ကောင်းသား။ သက်တံရဲ့အောက်မှာ ကိုယ်တို့ ဓာတ်ပုံရိုက်ခဲ့ကြတယ်။ ကားပါကင်ဆီပြန်တော့ ထရော်လီ မစောင့်တော့ဘူး လမ်းလျှောက်ပြန်တယ်။ ထရော်လီကြီးကြပ်သူပြောတယ့်အတိုင်း ဆယ့်မိနစ်လောက်ပဲ လျှောက်ရတယ်။ တံတားနှစ်ခုဖြတ်လို့ ကြည်လင်စိမ်းမြနေတယ့် မြစ်ရေတွေနဲ့ သာယာလှပလိုက်တာ။


နိုင်အာဂရာကနေ စထွက်တော့ ည၈နာရီတောင် ထိုးနေပြီ။ တနာရီလောက်မောင်းပြီး ဆီဖြည့်  ကော်ဖီဝယ်ဖို့ ဓာတ်ဆီဆိုင်ဝင်ပြီး  အိမ်သာဝင်။ အိမ်သာကအထွက် စားသောက်ဆိုင်တွေ့တော့ ဗိုက်ဆာဆာနဲ့ဝင်တီးကြတယ်။ Milkshake က တော်တော်ကောင်းတယ် မက်ဒေါနယ်က မေ့ခ်ရှိတ်က ရေခဲတွေ အများကြီး  ဒီဆိုင်ကမေ့ခ်ရှိတ်ကတော့ ရေခဲလုံးဝမပါဘဲ အပိုခွက်ပါ ပေးတယ်။ မေရီလန်းပြည်နယ်မှာ ဒီဆိုင်ကို နေရာတကာတွေ့ပေမယ့် ဒီလိုကောင်းမှန်း မသိလို့။ ခုတော့ သူသိသွားပြီ နှစ်၆၀ သက်တမ်းရှိပြီဖြစ်တယ့် Denny ဆိုင်ကို။

ည ၉  နာရီ ရှိနေပြီ လမ်းမှာမနားဘဲ တောက်လျှောက်မောင်းရင်တောင် မနက်၅နာရီမှ ရောက်မယ်။ ကားမောင်းနေတယ့် အမ်းထရူးကို ချီးယားလုပ်ဖို့ သီချင်းတွေဆိုပြီး မအိပ်ကြေးနော်။ နေ့လည်ဖက်ဆို သစ်ပင်တွေကြည့်လို့ ရသေးတယ်။ ခုတော့ မှောင်မည်းနေတာ မအိပ်ချင်အောင် ပန်းသီးမီနီလေးထုတ်ပြီး စာဖတ်တော့ မျက်လုံးအားစိုက်ရလို့ ခေါင်းပေါ်က မီးခလုတ်ဖွင့်ဖို့ လက်လှမ်းချိန်

အဲဒါ ဘာလုပ်တာလဲ...
စာဖတ်တာ မမြင်ရလို့ မီးဖွင့်မလို့...
ယူ နဲဗား...နဲဗား...ဘယ်တော့ ဘယ်တော့မှ မီးမဖွင့်လေနဲ့..ဘယ်ပြည်နယ်ပဲဖြစ်ဖြစ်... မီးဖွင့်ရင် ရဲလာဖမ်းလိမ့်မယ်... မီးကြောင့်ရှေ့ကိုမမြင်ရလို့ကားမောင်းတာ အန္တရာယ်ရှိတယ်...နင် မသိဘူးလား...
I know everything ဆိုကာI know nothing တယ့် ကိုယ်ပါ...
ငါ လေယာဉ်ပျံပေါ်မှာလို မီးဖွင့်ပြီး စာဖတ်မလို့...
အောင်မလေး ငါ့ကားကို လေယာဉ်ပျံ ထင်နေတယ့်ပေါ့လေ...မမလေး ယောင်ပြီး မီးမဖွင့်လေနဲ့နော်...တခါတည်း အိမ်မရောက်ဘဲ ရဲစခန်းရောက်သွားမယ်...

၂ နာရီခန့်အကြာ Corning မြို့နား ဖြတ်သောအခါ
အစက Corning Glass ပြတိုက်ဝင်မလို့..ခုတော့ အချိန်မရလို့ မဝင်တော့ဘူး..နောက်တခေါက်ပေါ့...


ပုလစ်..ပုလစ်..
အောင်ညလေး ပလုတ်တုတ်...သူ့ဘာသာ ရဲကားဖြတ်တာ ငါတို့နဲ့ ဘာဆိုင်လို့တုန်း...နင် အော်တာနဲ့ ငါယောင်ပြီး အရှိန်လျှော့မိတယ်...ငါက သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနေတာ...ဘာမှကြောက်စရာမလိုဘူး...

လမင်းကြီးက လှလိုက်တာ...ကင်မရာမန်းတွေ ဓာတ်ပုံရိုက်ကြပါဟ...
ဓာတ်ပုံထဲဆို မလှတော့ဘူး...နင့် မျက်လုံးနဲ့ရိုက်ပြီး စိတ်ထဲ သိမ်းထားလိုက်...
ကဲ..ငါ ရိုက်နေပြီနော်..ကလစ်..ကလစ်...

မအိပ်ကြေးဆိုပေမယ့် သန်းခေါင်ယံမှာ ကိုယ်နဲ့ရာမား ခေါင်းစိုက်ကြပြီ ။ မနက် ၂ နာရီ ဆီဖြည့် ဓာတ်ဆီဆိုင်မှာ ရူးပေါက်၊ ကော်ဖီဝယ်ပြီး နောက်ထပ် ၂ နာရီဆို ရောက်ပြီ နင်တို့တွေ မအိပ်နဲ့နော်...နင်တို့ကတော့ အိပ်နေပြီး အမ်းထရူးက တယောက်တည်း ကားမောင်းနေရတာ ဘယ်တရားပါ့မလဲ...

စန်းစန်း..
အင်..ဟင်.ဟင်.. ငါ မအိပ်ဘူးနော်...
နင် ငါအိပ်မအိပ် လာစမ်းသပ်နေတယ်...ငါ အိပ်ငိုက်နေရင် ဘာမှမဖြစ်ဘူး...အမ်းထရူး အိပ်ငိုက်မှ ငါတို့ဂန့်မှာ..ငါ့ကို စစ်မယ့်အစား အမ်းထရူး အိပ်ငိုက်မငိုက် နင် စစ်သင့်တယ် ဆူနမ်...
(အမ်းထရူး) အောင်မယ်...ငါကို နင့်လိုမျိုး စာသင်ချိန်မှာ မျက်မှန်ကွယ်ပြီး ခိုးအိပ်ငိုက်တယ့်သူလို့ ထင်သလား...
တိန်...


တသွင်သွင်စီးဆင်းနေတယ့် မြစ်၊ ဇင်ယော်ဖြူဖြူတွေ ပျော်မြူးတယ့်၊ ရေတွေ တဝေါဝေါ စီးဆင်းနေတယ့် ရေတံခွန်၊ သက်တန့်ရောင်စဉ်တွေ ဖြာလင်းနေတယ့်  နိုင်အာဂရာရေတံခွန်က ကမ္ဘာပေါ်က အလှပဆုံး နေရာတခုပါ။ မမ်မိုရီယမ် ပိတ်ရက်လေးက တကယ့်ကို မမ်မိုရီယမ်ပါပဲ။

ဂျူလှိုင် ၄ အမေရိကန်လွတ်လပ်ရေးနေ့က ကြသပတေးနေ့ သောကြာ၊ တနင်္လာခွင့်ယူပြီး နယူးယောက်၊ ဗာဂျီးနီးယား၊ အိုရှင်းစီးတီး နယူးဂျာစီ သွားမယ် စန်းစန်း။ အမလေး ဂစ်...ဂစ် ဂျူလှိုင် ၆ မှာ အေအက်စ်ဒီ (Advance Software Development) ဖိုင်နယ်စာမေးပွဲရှိတယ် ။ နယူးယောက်သွား တောလားခွင့် မကြုံခဲ့။

အရင်တုန်းက ဆူနမ်တယောက်ပဲ စကားများတယ်။ ခုတော့ အမ်းထရူးကလည်းများ ဆူနမ်ကလည်းများ စကားနည်းတယ့် ရာမားက ချစ်မန့်အသံလိုလုပ်ပြီး အော်နဲ့ သူတို့သုံးယောက်လေလှိုင်းကို ကိုယ် ဘယ်လိုမှ မကျော်ဖြတ်နိုင်ဘူး။ ငယ်ငယ်တုန်းက စကားများလွန်းလို့ ဖိုးဖိုးက ဆယ့်ငါးမိနစ်လောက် စကားမပြောဘဲနေရင် ၁၀ပေးမယ်ဆိုရင်တောင် ပိုက်ဆံမယူဘဲ စကားများတယ့် ကိုယ် ခုတော့ ဝစီပိတ်ကျင့်ရတာများတယ်။ သူတို့နီပါလီသီချင်း သံပြိုင်ဆိုကြရင် ကိုယ် မပါဝင်နိုင်။ ဒီလိုနဲ့ တိတ်တိတ်ဆိတ်ဆိတ်လေး နေရတာကို နှစ်သက်လာတယ် ထင်တယ်။ သူတို့လို စကားမများရ၊ သီချင်းသံပြိုင်မဆိုရပေမယ့်လည်း ကိုယ့်ကို ချစ်တယ့် ကိုယ်ကချစ်တယ့် သူငယ်ချင်းတွေ အနားမှာရှိနေရင်ပဲ ကိုယ်ကျေနပ်တယ်။

ကားဖွတ်ချက်ဖွတ်ချက်တစီး ရှိတယ်...
အားလပ်ရက်၊ ပိတ်ရက်တွေ ရှိတယ်...
ကျန်းမာရေးလည်း ကောင်းနေတယ်...
ပုံမှန်ဝင်ငွေရတယ့် အလုပ်လေး ရှိနေတယ်...
သူတို့ဘယ်သွားသွား ကိုယ့်ကိုမမေ့မလျော့
အမြဲခေါ်တတ်တယ့် သူငယ်ချင်းသုံးယောက်ရှိတယ်...

တောတွေ လားဖြစ်နေမယ် ထင်ပါတယ်...

Happy Traveling!
စန်းထွန်း
မေ ၂၉ ၊ ၂၀၁၃။

ကျွှန်ုပ်နှင့် ကားတိုးခြင်း...

ယခင်အပတ်က ဘူတာရုံ ကားပါကင်ဝင်းတွင် ကျွှန်ုပ်နှင့် ကားပျောက်မှု ဖြစ်ပြီး တိုးခြင်းခံရသည်ဟုထင်သော ကျွှန်ုပ် ကားသည် ယခုအပတ်တွင် တကယ်တိုးခြင်း ခံရလေသည်။
ဖြစ်ရပုံမှာ ...

စနေနေ့ မစ်တန်းစာမေးပွဲကို ချေဗီချေ့ဟိုက်စကူးကျောင်းတွင် နေ့လည် ၁၂ နာရီတွင် ဖြေဆိုရမည်ဖြစ်သောကြောင့် အိမ်မှ ၁၁ နာရီကတည်းက ထွက်သော်ငြား လမ်းတွင် မီးပွိုင့် ၁၀ ခါလောက် မိသောကြောင့် ၂၅ မိနစ်အဝေးကို ၄၅ မိနစ်မှ ရောက်လေသည်။ ရာသီဥတုမှာ မိုးလေးတဖွဲဖွဲနှင့် ကော်ဖီတကြိုက်၊ ရေနွေးကြမ်းတခွက်၊ လက်ဖက်သုပ်တပန်းကန်၊ စာအုပ်ကောင်း တအုပ်ဖြင့် စောင်ခြုံကာ ကွေးဖို့ကောင်းသော ရာသီဥတု ဖြစ်သည်။ သို့ပါသော်ငြား ကွေးဖို့ကံဇာတာမပါသူ ကျွှန်ုပ်မှာကား သင်အံမှတ်သား ထားသမျှ ဖြစ်ညှစ်ထုတ်လျက် ခေါင်းတဗျင်းဗျင်းကုတ် အငွေ့တလူလူ ထွက်ကာ မီးခိုးခေါင်းတိုင်ဖြစ်နေရှာသည်။

ပါကစ္စတန်နိုင်ငံသား အီဂျတ်နှင့် အလုပ်အကြောင်း၊ ကျောင်းအကြောင်း ဆွေးနွေးကြသည်။ အီသီယိုးပီယားနိုင်ငံသား ယေဒင်ယက်ရှူး မင်္ဂလာဆောင်သည်ကို ဖေ့ဘွတ်ပေါ်မှာ တွေ့ထားသောကြောင့် လက်ဆွဲနှုတ်ဆက်ကာ ကွန်ကရက်ကျူလေးရှင်း လုပ်ကြသည်။ စီနီယာတရုတ် ဟိုင်ရှန်ကို နိ ဟောင်မားသည်။ စီနီယာ နီပေါမလေး ဒီနာနှင့် ဖိုင်နယ်စာမေးပွဲက ဂျူလှိုင် ၆  စနေနေ့မို့လို့ ဂျူလိုင် ၄ အမေရိကန်လွတ်လပ်ရေးပိတ်ရက်တွင် ခရီးမထွက်နိုင်သည့်အကြောင်း ညည်းညူကြသည်။

ကျွှန်ုပ် အား ကိုလံဘီယာနိုင်ငံသား ဒန်နီယမ်က စပိန်လို သရပ်သရပ် (သုံးသုံးဟု အဓိပ္ပာယ်ရသည်) ဟု ခေါ်ပြီး ဂျပန်စကားပြောတတ်သော မွှန်ဂိုလီးယားနိုင်ငံသား မော့ခ် အော့ခ်က အိချိစံ(သုံးဆယ့်သုံး) ဟု ခေါ်တတ်သည်။ တရုတ်ဘာသာစကားတွင် san ဆိုသည်မှာ သုံးဟု အဓိပ္ပာယ်ရသောကြောင့် သုံးသုံးနာမည်ပိုင်ရှင် ကျွှန်ုပ် အား စပိန်လို၊ ဂျပန်လို နာမည်ပြောင် ပေးထားကြခြင်းဖြစ်လေသည်။ မော့ခ် အော့ခ်နှင့်တွေ့တော့ ဝမ်းသားအာရ ပြေးဖက်ကြကာ  အိုဟိုင်းရိုး ဂိုဆိုင်းမတ်ကြသည်။

မနက်စာအဖြစ် ငှက်ပျောသီးတလုံးသာ စားခဲ့သောဝမ်းသည် စာမေးပွဲ ၂ နာရီ ဖြေဆိုပြီးချိန်တွင် တကျုတ်ကျုတ် မြည်လာလေသည်။ အနီးအနားတွင်ရှိသော ချစ်ပိုလေး Chipolte မက်ဆီကန်ဆိုင်တွင် ပါဆယ်ဆွဲရန် သွားသောအခါ ဘယ်ဒန်စဒါ Bethesda မြို့လယ်ကောင် ဖြစ်သောကြောင့် ပယ်ရလယ်ပါကင် ထိုးရမည်ဖြစ်ပြီး ကွာတားဟုခေါ်သော ၂၅ ပြားစေ့ထည့်ကာ ပါကင်းခပေးရသည်။ ပယ်ရလယ်ပါကင် အသေကြောက်ပြီး ကွာတားစေ့မရှိသော ကျွှန်ုပ်သည် ဖရီးပါကင်ထိုးရမည့်နေရာကို လှည့်ပတ်ရှာလေသည်။

မနီးမဝေး ဈေးဆိုင်ခန်းရှေ့တွင် ပါကင်လွတ်နေသောကြောင့် ပါကင်ထိုးကာ ချစ်ပိုလေးဆိုင်သို့ ပြေးလေသည်။ ငါးမိနစ်ခန့်အကြာ ကားပါကင်ဆီသို့ပြန်လာသောအခါ၌ကား
လား ...လား...
ကျွှန်ုပ်ကားနောက်ဘီးကို ချည်နှောင်ကာ တိုးကားကြီးက ဆွဲခါနီးလုလု


ဟေ့...ရပ်...ရပ်...ဘာလို့ငါ့ကားကို တိုးတာလဲ...
ဒီမှာရပ်ပြီး ဒီဆိုင်တွေမှာ မဝယ်ရင် တိုးတယ်...
ဟင်..အဲဒါဆို မတိုးနဲ့တော့... ငါ အခု အဲဒီဆိုင်တွေမှာ သွားဝယ်မယ်..
ဆောရီး မမ်...ဒီမှာ ပါကင်ပြီး ဒီဆိုင်တွေမှာ မဝယ်ရင်ဘဲဖြစ်ဖြစ်၊ ဒီဆိုင်ထဲကနေ ငါးမိနစ်အတွင်း ထွက်သွားရင်ဖြစ်ဖြစ် တိုးရမယ့်စည်းမျဉ်းရှိတယ်...
တိုးသွားရင် ဘယ်မှာသွားရွေးရမှာတုန်း..
ရော့ခ်ဗီလ်မြို့ တိုးဌာနမှာ ၁၆၀ ဆောင်ပြီး လာရွေး ...
ဟေ...မတိုးမယ့် နည်းလေးများ မရှိဘူးလား...
ခုလက်ငင်းငွေ ၅၀ ပေးရင် မတိုးတော့ဘူး...
ဟိုက်...ဒုက္ခပဲ..ငါ့မှာ ၂၀ ပဲ ရှိတယ်... ငွေ ဘယ်မှာသွားထုတ်ရမှာတုန်း...
ဟို မီးပွိုင့်နားမှာ HSBC ဘဏ် အေတီအမ်တခု၊ ဒီနောက်ဖက် တည့်တည့်လျှောက် ညာချိုးရင် အေတီအမ် တခု ရှိတယ်...ငါးမိနစ်ပဲ စောင့်မယ် မမ်...

ငါးမိနစ်ခန့်ကြာသောအခါ...
ရော့..ဒီမှာ ၅၀...မတိုးနဲ့တော့...ဒီဆိုင်တွေမှာ မဝယ်ရင် တိုးမယ်လို့ဘယ်မှာ ရေးထားလဲ...
ကြီးမားသော ဆိုင်းပုဒ်ကြီးကို ညွှန်ပြရင်း
တွေ့လား ဒီဆိုင်တွေမှာ ဝယ်ရင် ၂ နာရီ ပါကင်ခွင့် ရှိတယ်...ဒီဆိုင်တွေကနေ ငါးမိနစ်အတွင်း ထွက်သွားရင် တိုးခွင့်ရှိတယ်...
ငါက ဒီနားက ဟိုက်စကူးမှာ စာမေးပွဲ လာဖြေတာ...ဒါတွေ မသိလို့...
မြို့လယ်ကောင်မှာ ဒီလိုချည်းပဲ..သတိထား မမ်...

စတူးပစ်အိုင်ဒီယာဟု မကျေမချမ်း ရေရွှတ်သော်လည်း တကယ်တမ်း စတူးပစ်သူမှာ ဆိုင်းပုဒ်တွေကို အသေအချာမဖတ် စတိတ်ရောက်၍ စတိတ်ဥပဒေကို မသိနားမလည် မလိုက်နာသော ကျွှန်ုပ် သည်သာ ဖြစ်လေသည်။

ဆူနမ်တို့အား ပြောပြသောအခါ အယ်မလေး ... ၅၀ ဆိုတာ သက်သာတာ...ဗာမွန်ပြည်နယ်မှာ မိုင်းဖန်လေ ၂၀၀ ဆောင်ရတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က စီနီယာ Nga ဆိုရင် ၄၀၀ ဆောင်ရတာ။ သူတို့နဲ့ ယှဉ်ရင် နင်က အပုံကြီး သက်သာတယ်။ ကလယ်ယားကွမ်းက မြို့လယ်ခေါင် ပါကင်ခွင့် မရှိတယ့်နေရာမှာ ပါကင်လို့ သူ့ဘီအမ်ဒဘလျူကားကို တိုးသွားတာ တိုးခ၊ ပါကင်ဥပဒေချိုးဖောက်ခ ဒဏ်ငွေ ၂၅၀ ဆောင်ရတယ်။ ယာဉ်ရပ်နားစည်းမျဉ်းဖောက်ဖျက်မှု တစ်ကဒ်ထိရင် ကားအာမခံကြေး မြှင့်တတ်တယ်။ တစ်ကဒ်မရတာဘဲ အဆိုးထဲက အကောင်းဆိုသောအခါမှ ဖြေသာလေသည်။ ငွေသားထုတ်ယူသော အေတီအမ်မှ ၃ ကျပ် ဖြတ်သလို ကျွှန်ုပ် ၏ချက်ကင်းအကောင့် ထားရှိရာဘဏ်မှလည်း သူ့အေတီအမ် မဟုတ်သည်က ထုတ်ယူသောကြောင့် ၂ ကျပ် ဖြတ်သည်။


ကျောင်းက ထိုင်ခုံတွေက ထိုင်လို့ မကောင်းဘူး နာတယ်၊ ကျောင်းက အစားအသောက်တွေက ကမ္ဘာပေါ်မှာ အဆိုးဆုံး၊ ဒီမိုကရေစီနိုင်ငံသာဆိုတယ် သူတို့တီအမ်ကို မကြိုက်ပုံပြရင် မကြိုက်ပါလား၊ ဖောရက်ဘာသာဆိုတာ အာပလာ သင်တန်းကြေးကြတော့ ထောင်ကျော်တောင်းတယ် စသည်ဖြင့် ခြင်္သေ့ကျွှန်းတွင် နေထိုင်ဖူးသူပီပီ ကွန်ပလိမ်းသော ကျွှန်ုပ် အား ကွန်ပလိမ်းဂဲလ်ဘွဲ့ ပေးထားရာက  ကားပျောက်သည်ဟုတမျိုး ကားတိုးသည်ဟုတဖုံ ပြသနာပေါင်း သောင်းခြောက်ထောင်ပိုင်ရှင် ကျွှန်ုပ်အား ထိုနေ့မှစ၍  ပရော်ပလမ်ဂဲလ်ဘွဲ့ တညီတညွှတ်တည်း ပေးအပ်လေတော့သည်။

စန်းထွန်း
မေ ၂၂ ၊ ၂၀၁၃။
Photos are from Google.

အချိန်ရမှ နားဆင်ပါ - ၃

အခုတလော ဟစ်ဖြစ်နေတယ့် Pink နဲ့Fun အဖွဲ့ခေါင်းဆောင် Nate Ruess တို့ရဲ့ Just Give Me A Reason



Maroon 5  ရဲ့ One More Night ၊ Payphone  နားထောင်ကောင်းသလို Daylight လည်း ကောင်းတယ်။



 အချိန်ရရင် Official Music Video ကို ကြည့်လိုက်ပါ။ တင်ဆက်ထားပုံ ပေးချင်တယ့် message ကောင်းတယ်။



Rihana ft Mikky Ekko ရဲ့ Stay



Bruno Mars ရဲ့ When I Was Your Man


Adele ရဲ့ Rumor has it

ရေဒီယိုမှာ ကြားဖူးပေမယ့် အမေရိကန်အိုင်ဒေါနောက်ဆုံးနေ့မှာ လာဆိုတော့မှ သိတော့တယ် Emeli Sande ရဲ့ Next To Me ၊ The Wanted  ရဲ့ Glad You Came ၊ Selena Gomez ရဲ့ Whos Says






ကိုယ်လား မြူးဇစ်နဲ့ အရမ်းနီးစပ်တယ် အမေရိကန်အိုင်ဒေါဒိုင် Randy Jackson ၊ Keith Urban ကို သိဘူး :) ။ Keith  စင်မှာ ဖျော်ဖြေတော့မှ ဘာလို့ နာမည်ကြီးမှန်း သိတော့တယ်။ ကန်းထရီမြူးဇစ် စစ်စစ်ကို နားဆင်ကြည့်ပါ။



၂၀၁၁ အေမရိကန္အိုင်‌ဒေါ Phillp Phillips ရဲ ့ Gone Gone Gone



Who says you're not perfect
Who says you're not worth it
Who says you're not start potential
Who says you're not presidential
Who says you can't be in movies
Who says you don't pass the test
Who says you can't be the best
Trust me, Listen to me
You got every right to be a beautiful life.

စန်းထွန်း
မေ ၁၉ ၊ ၂၀၁၃။

ကျွှန်ုပ်နှင့် ကားပျောက်မှု ...


သာမာန်ရုံးဝန်ထမ်းဖြစ်သော ကျွှန်ုပ်သည် မနက် ၈ နာရီမထိုးခင် ငါးမိနစ်အလိုတွင် အိမ်မှထွက်ကာ ငါးမိနစ်ခန့်မောင်းပြီး ဘူတာရုံနောက်ဖက် ကားပါကင်ဝင်းတွင် ကားကိုထားကာ မနက် ၈ နာရီ ၅ မိနစ်တိတိတွင် ဝါတန်ရှင်ဒီစီ မြို့ထဲသို့ထွက်ခွာသော ရထားဖြင့် ရုံးတက်လေ့ရှိသည်။ ညနေ ၆ နာရီတွင် ရုံးဆင်းကာ ဘူတာရုံသို့၁၀ မိနစ်ခန့် လမ်းလျှောက်ပြီး နာရီဝက်ခန့် ရထားစီး၍ ဂိတ်ဆုံးဘူတာတွင် ဆင်းသည်။ ကားပါကင်ဝင်းတွင် တနေ့လုံး အေးအေးလူလူ အိပ်စက်အနားယူနေသော  ဗောက်စ်ဝယ်ဂွန် ( အမေရိကန်များ နားလည်စေလျှင် ဗုတ်စ်ဝယ်ဂွန်ဟု အသံထွက်ပါလေ) ကားကို ငါးမိနစ်ခန့်မောင်းပြီး ည ၇ နာရီတိတိတွင် အိမ်သို့ရောက်သည်မှာ ကျွှန်ုပ် ၏ရုံးတက်ရက် နေ့စဉ်အချိန်ဇယား ဖြစ်သည်။

ရီဇာတ်ပါကင် ( Reserved Parking) ဖိုး တလ ၄၅ ကျပ်၊ ၆၅ ကျပ် အပိုမကုန်ချင်သောကြောင့် ကြီးမားသော ပါကင်ဝင်းတွင် တခါတရံတွင် နှစ်ထပ်၊ တခါတရံတွင် သုံးထပ်၊ တခါတရံတွင် လေးထပ်  တနေ့နှင့်တနေ့ ပါကင်နေရာမတူ သတ်သတ်မှတ်မှတ် နေရာမရှိ လွတ်သည့်နေရာ လွတ်သလို ကြုံလျှင်ကြုံသလို ပါကင်တတ်သည်။ အရင်နေ့များက ပထမထပ်သို့ ဆင်းလေ့ရှိသော်လည်း ယနေ့ကားကို ဒုတိယထပ်တွင် ပါကင်ထားခဲ့ကြောင့် ပထမထပ်သို့ မဆင်းတော့ဘဲ ဘူတာရုံနှင့် တိုက်ရိုက်ဆက်စပ်နေသော ဒုတိယထပ်သို့ သွားလေသည်။  မူလရပ်ထားသည့် နေရာတွင် ကားကိုမတွေ့၍ လန့်ဖျန့်သွားသည်မှာ ဆိုဖွယ်ရာ မရှိ။

ကျွှန်ုပ် ပါကင်တတ်သည့် သုံးထပ်၊ လေးထပ် ပတ်ပတ်လည် ဟိုဖက်သည်ဖက် လိုက်ရှာသည် မတွေ့။ ငါးထပ်တွင် ကျွှန်ုပ် ကားကို အဝေးမှလှမ်းမြင်ရသောအခါ ချစ်သူကို တွေ့ရဘိအလား ဒိတ်ခနဲ ရင်ခုန်ဝမ်းသာသွားသည်။ ဒင်းက ဒီမှာနှပ်နေတာကိုး ငါ့မှာတော့ ဒင်းပျောက်လို့ ရှာလိုက်ရတာ။ အနီးရောက်သောအခါ  သူ့အရုပ်ခြင်းတောင်းမှ ကျွှန်ုပ် အတွက် ရွေးချယ်ထည့်ပေးလိုက်သည့် ကားနောက်ခန်းတွင် အစီအရီ တင်ထားသော သားလေး၏လက်ဆောင် အရုပ်များကို မတွေ့။ ဘယ်ဖက်နောက်တံခါးနားတွင် ပိန်ချိုင့်နေသည်။ တောက်ပြောင်သားနားနေပြီး မေရီလန်းပြည်နယ်ပလိတ်ပြားဖြစ်သောကြောင့် ကျွှန်ုပ် ကား လုံးဝ လုံးဝမဟုတ်။

လေးထပ်၊ သုံးထပ်၊ နှစ်ထပ် တက်လိုက်ဆင်းလိုက် သုံးခေါက်တိတိ ရှာသည်။ ဘေးဘီကို စောင်းငဲ့ကြည့်သည် ကုန်းကြည့်သည် ပြူးကြည့်သည် အသေအချာကြည့်သည်။ မတွေ့သောအခါ၌ကား မနက်က ကျွှန်ုပ်ရပ်ထားခဲ့သည် ထင်သည့်နေရာကို ထပ်မံသွားကြည့်သောအခါ၌ကား လား...လား...

Reserved Parking
Unauthorized cars will be towed during 10 am - 2pm
If your car is towed, please call 123-456-7890


သေချာပါပြီ ရီဇာတ်ပါကင်မလုပ်ထားဘဲ ရီဇာတ်ပါကင်းမှာ သွားရပ်ထားတော့ တိုးသွားပြီ။ ဖုန်းနံပါတ်ကို ခေါ်သောအခါ ဘယ်ဘူတာ ဘယ်နေရာမှာ ဘာကားအမျိုးအစား ဘာအရောင် နာမည် ဖုန်းနံပါတ် တောင်းကာ တယောက်လာလိမ့်မည်ဟု ဆိုသည်။ ကျွှန်ုပ်စိတ်ထဲတွင့် ကျွှန်ုပ်ကားကို ထရပ်ကားကြီးက ဆွဲသွားသည် ထင်နေသည်။

ငါးမိနစ်ခန့်ကြာသောအခါ ရဲကားတစီး အချက်ပြမီးရောင်စုံထွန်းကာ တစုံတယောက်ကို ရှာဖွေနေသည်။ ကျွှန်ုပ်ကား ဟိုကြည့် ဒီကြည့် ပျောက်ခြင်းမလှ ပျောက်နေသော ကျွှန်ုပ်ကားအား ရှာဖွေနေဆဲ။ ဖုန်းထပ်ဆက်သောအခါ ရဲကားက မင်းကို လိုက်နေရှာနေတယ် မင်းက ဘယ်မှာတုန်း။ ကိုယ်က 3d မှာ ရဲကားကို တွေ့လိုက်တယ် ကိုယ့်ကို ရှာနေမှန်း မသိလို့။ ဘူတာရဲက ဖုန်းဆက်လာသည်။ မင်းက ဘယ်မှာတုန်း ဘူတာနောက်ဖက် ပါကင်အထပ်တွေမှာလား ဘူတာရဲ့မျက်နှာချင်းဆိုင် ပါကင်ဝင်းမှာလား။ ကိုယ်က ဘူတာနောက်ဖက် လေးထပ်မှာ မင်းကို တွေ့လိုက်တယ် ကိုယ့်ကိုလိုက်ရှာနေမှန်း မသိလို့ 3d မှာ ကိုယ်စောင့်နေမယ်။ မင်းက ဘာအရောင်ဝတ်ထားလဲ။ အညိုရောင်ကုတ်အင်္ကျီ နက်ပြာရောင်ဘောင်းဘီ မျက်မှန်နဲ့။ အိုကေ  မင်းအဝေးက လှမ်းမြင်နိုင်အောင် ကိုယ် ကားကို အချက်ပြမီး ထွန်းထားတယ်။

ကွန်ပျူတာ၊ ဝေါ်ကီတော်ကီများဖြင့် ရှုပ်ပွနေသော ကားရှေ့ခန်းတွင် ထိုင်ခိုင်းပြီး မင်းကားက မီးခိုးရောင် ဗုတ်စ်ဝယ်ဂွန် ပတ်စက်အမျိုးအစား။ ဟုတ်တယ် မနက်က လောလောနဲ့ ရီဇာတ်ပါကင်မှာ ပါကင်ခဲ့တယ်ထင်တယ် ခုမတွေ့တော့ဘူး။ သော့ကို နှိပ်လိုက်ပါလား ပွမ်ပွမ် အသံပေးရင် မင်းကားဘယ်မှာ ရပ်ထားမှန်း သိတာပေ့ါ။ အဟဲ ကိုယ့်ကားက အိုနေပြီ ပွမ်ပွမ် အသံပေးလို့ မရဘူး။ တခါတလေ Security ဝင်ရင် ကားမှန်တံခါးနားမှာ မီးနီလေးပေါ်လာပြီး သူ့ဘာသာ ပွမ်ပွမ် ထအော်တတ်တာကလွဲလို့။ အိုကေ ကိုယ်တို့ အောက်ထပ်ကစပြီး ရှာရအောင်။



တိုးခြင်းခံရသည့် ကျွှန်ုပ်ကားရှိရာသို့ ကျွှန်ုပ်အား ခေါ်ဆောင်သွားမည်ထင်သည့်အတွေး တက်တက်စင်အောင် လွဲလေသည်။ ရီဇာတ်ပါကင်တွင် ရီဇာတ်ပါမစ်ကဒ်မရှိဘဲ ပါကင်ထားသည့် ကျွှန်ုပ်ကားကို တခြားနေရာလွတ်တခုသို့ တိုးသွားပုံရကာ ကားပါကင်ဝင်းတခုလုံး ပတ်ရှာရသည့် သဘောဖြစ်သည်။ အောက်ထပ်အဆင်း အကွေ့လေးတွင်

"ဟိုမှာ ကိုယ့်ကား ကျေးဇူးအများကြီး အများကြီး တင်ပါတယ်"
"မင်းရဲ့အပြုံးတွေကို မြင်ရတာ ကိုယ့်ရဲ့ပျော်ရွှင်မူပါပဲ"
ကားနောက်ဖုံးကို ချစ်စနိုးဖြင့် ပုတ်လိုက်ပြီး
"မင်းကိုတွေ့ရတာလောက် ပျော်ဖို့ကောင်းတာ မရှိတော့ဘူး"

ထိုနေ့က ည၈နာရီတိတိမှ အိမ်ပြန်ရောက်လေသည်။ အပေါ်ထပ်တက်လိုက်၊ အောက်ထပ်ဆင်းလိုက် ကားကိုပတ်ရှာနေရခြင်း၊ ဗိုက်ဆာခြင်းတို့ကြောင့် ခေါင်းပင်မူးနောက်နောက် ဖြစ်သွားသည်။ ကျွှန်ုပ်မိခင်နိုင်ငံက ရဲဝန်ထမ်းများကို ကျေးဇူးမတင်တတ်သော ကျွှန်ုပ်သည် အနှီရဲဝန်ထမ်းကိုတော့ ကျေးဇူးအထူး တင်လေသည်။


သြော်...  ထိုရဲအား ကျွှန်ုပ် ဖွင့်ဟမပြောလိုက်သော စကားတစ်ခွန်း ရှိသည်။ မနက်က ကျွှန်ုပ် ကားဘေးနားတွင် ရပ်ထားသည့် နောက်ပြန်ပါကင်ထားသည့် ကားအဖြူရောင်မှာ ဘေးနားတွင် ရှိနေဆဲ။ တိုင်နှစ်တိုင်ကြား ကပ်ညှပ်လျက် ကျွှန်ုပ် ၏ပါကင်စွမ်းရည်ကို ပြသသည့်အလား ဘယ်တော့မှ တည့်တည့်မဟုတ် တခြမ်းစောင်းကာ ပါကင်ထိုးတတ်သည့် ကျွှန်ုပ် ကားပါကင်ပုံကလည်း တစက်မှ အရာမယွင်း။ ကျွှန်ုပ် ကားသည် မူလနေရာမှ တလက်မမှ မရွှေ့ခဲ့။ ကျွှန်ုပ် ကားသည် ရီဇာတ်ပါကင်တွင် ရပ်ထားခြင်းကြောင့် တိုးခံရခြင်း မဟုတ်ပါ။ ကျွှန်ုပ် ရပ်ထားခဲ့သည့်နေရာ  ကျွှန်ုပ်ဘာသာ မမှတ်မိခြင်း ဖြစ်လေတော့သည်။

ဌာနတွင် ကျွှန်ုပ်၏ တဦးတည်းသော မိန်းကလေးအဖော်ဖြစ်ပြီး တခန်းတည်းဖော်ဖြစ်သည့် ကလဲယားကွမ်းအား ဖြစ်ကြောင်းကုန်စင်ပြောပြရာ မြို့လယ်ကောင် ပါကင်ခွင့်မရှိသည့်နေရာတွင် ပါကင်ခဲ့သော သူမ၏ဘီအမ်ဒဘလျုကားကို တိုးသွား၍ ယာဉ်ရပ်နားဥပဒေ ဖောက်ဖျက်မူ၊ တိုးခ ၂၅၀ ဒဏ်ရိုက်သည်ဟု ဆိုသည်။ ဒီဇင်ဘာလက အိုဟိုင်းရိုးပြည်နယ်မှ မေရီလန်းပြည်နယ်သို့ မောင်းလာစဉ် တိုးဂိတ်ဖြတ်သန်းခ ၅ ကျပ်မပေး၍ ၂၅ ကျပ် ဒဏ်ငွေဆောင်ခိုင်းသည့်စာကို လွန်ခဲ့သောလက ဆူနမ်ရရှိသည်။ လက်ငင်းငွေသား ပေးဆောင်ခဲ့သည်ဆိုသော်လည်း သက်သေပြစရာ မရှိ။

ဒယ်လာဝဲယားပြည်နယ်သို့သွားစဉ် တိုးဂိတ်ပေးရသည့် လမ်းတခုသည် EZPass Only, No Cash ဟု ရေးထားသော်လည်း ဒီးသည် လက်ငင်းငွေသားပေးဆောင်ဖို့ တိုးဂိတ်ရှာသောအခါ မတွေ့သောကြောင့် တိုးဂိတ်ခ မပေးလိုက်ရ။ မကြာမှီ တိုးဂိတ်ဖြတ်သန်းခ ၄၅ ကျပ် ဒဏ်ရိုက်သောအခါမှ ထိုလမ်းဖြတ်သန်းခကို EZPass Card မှ အော်တိုနှုတ်သွားသည်မှန်း သိလေတော့သည်။ ကျွှန်ုပ်ကားသည်လည်း အတိုးခံရလျှင် ဒဏ်ငွေရိုက်သော စာလာမည်မှာ ဧကန်မလွဲ ဖြစ်သည်။

ထိုနေ့မှစ၍ ကျွှန်ုပ်သည် ကားပါကင်ဝင်း မည်သည့်နေရာတွင် ရပ်ခဲ့မှန်း အသေအချာ မှတ်လေတော့သည်။ အကယ်၍များ ကားအသစ်တစီး ဝယ်ခဲ့မည်ဆိုလျှင် ခလုတ်နှိပ်လိုက်သည်နှင့် ပွမ်ပွမ်ဟုထမြည်ကာ ဘယ်နေရာမှာ ရပ်ထားမှန်း အသံပေးတတ်သော ကားသည်သာ ကျွှန်ုပ်၏ နံပါတစ်ဦးစားပေးအရာ  ဖြစ်ပေလိမ့်မည်။

စန်းထွန်း
မေ ၁၀၊ ၂၀၁၃။
Except first photo, all photos are from Google.

အချစ်ကို မယုံကြည်ကြသူများ - ၄

အလုပ်သင်ဆရာဝန် မေထက်မှလွဲ၍ မတိမ်းမယိမ်းပင် သူတို့အားလုံး သက်ဆိုင်ရာတက္ကသိုလ်များမှ ဘွဲ့အသီးသီး ယူခဲ့ကြလေသည်။ ဖြိုးဝေက သူ့မိခင်ပန်းဆိုင်ကို ဦးစီးသည်။ သင်းခိုင်က မင်္ဂလာဒုံဈေးတွင် ဆန်ဆိုင်ဖွင့်သည်။ ဖခင့်သူငယ်ချင်း အဆက်အသွယ်ဖြင့် ဝတ်ရည်က ပုဂ္ဂလိကဘဏ်တစ်ခုတွင် ဝန်ထမ်းအဖြစ် လုပ်သည်။ ခိုင်မေကတော့ စာသင်ဂိုက်အလုပ်ကို ဆက်လုပ်သည်။ ရွှေစင်က အစိုးရဝန်ထမ်း အရာရှိအဖြစ် ဖောင်ကြီးသင်တန်း သွားရသည်။ အရင်လို တလတခါ မဆုံတွေ့ကြသော်လည်း သုံးလတခါလောက်တော့ တွေ့ဖြစ်ကြလေသည်။

ဖခင်ဆုံးပါးသွား၍ အမွေခွဲသောအခါ ရသောသိန်း၃၀၀ခန့်ဖြင့် ကြည့်မြင်တိုင်တွင် တိုက်ခန်းတခန်းကို ခိုင်မေ့အမည်ပေါက်ဝယ်ကာ လူငှားတင်သည်။ ဇင်ဝေ့အမည်ပေါက် သိန်းနှစ်ရာတန်ကားသည် အရောင်းအဝယ်လုပ်ရင်း သိန်းတရာ့ငါးဆယ်ကားသို့လျှော့ကျသည်။ ကိုယ်ပိုင်ကားတက္ကစီဆွဲသော ဇင်ဝေသည် အရက်သမားလုံးလုံး ဖြစ်လာပြီး မူးပြီးရမ်းလျှင် ခိုင်မေ စိတ်ညစ်ရသည်။ မူးပြီးရမ်းနေသောသားကို ဆွဲထိုးဖို့ ဖခင်က မရှိတော့ပြီ။ အိမ်ပေါ်မှ ဆင်းခိုင်းလျှင်လည်း မဆင်းသောကြောင့် အနီးအနားရှိ အမဝမ်းကွဲများထံတွင် သွားအိပ်ရသည်။ မေထက်မောင်လေးသည်လည်း တက္ကသိုလ်မှာ စာမသင်ဟုဆိုကာ ကျောင်းမသွား။

အင်္ဂလိပ်စာသင်တန်းတက်ဖို့ လိုက်အပ်ပေးသော်လည်း တရက်သာ သွားတက်သည် နောက်နေ့ လုံးဝသွားမတက်တော့။ တက္ကသိုလ်စာမေးပွဲ ဘယ်အချိန်ဖြေသွားမှန်း မသိလိုက်။ ပထမနှစ်ကို သုံးနှစ်တိတိ တက်ပြီးမှ အောင်လေသည်။ ဝတ်ရည်မောင်လေးလည်း ထိုနည်းလည်းကောင်း ဂစ်တာတဂေါင်ဂေါင်။ ဖြိုးဝေအကို တိုးဝေကလည်း ထိုနည်းလည်းကောင်း ဆိုင်အလုပ်မကူ အပေါင်းအသင်းမင်သည်။ သင်းခိုင်မောင် ဖြိုးခိုင်သည်လည်း စင်္ကာပူသွားတော့မလို မလေးရှားသွားတော့မလိုနှင့် ယောင်နေသည်။  အိမ်မှုကိစ္စ၊ အလုပ်ကိစ္စများဖြင့် သူတို့က မအားလပ်သော်လည်း အားလပ်နေသော သူတို့အကို၊ မောင်များကို နည်းနည်းမှ အားမရ။ အကိုတွေ၊ မောင်တွေအကြောင်း အတင်းချတိုင်း ရွှေစင် နင်ပဲ ကောင်းတယ် အကိုတွေ၊ မောင်တွေ မရှိဘူး။


ငါ့ကို အတွင်းရေးမှုးလုပ်မလားလို့ မေးလာလို့ မလုပ်ဘူးလို့ ဖြေလိုက်တယ်။
ဟယ် ဘာလို့ငြင်းလိုက်တာလဲ ဘော့စ်နဲ့ အနီးကပ်နေရမှာ။ စပွန်ဆာကောင်းရင် ဟိုမော်ဒယ်လို သူ့ဖုန်းက ဘယ်လောက်တန်တာ။ စင်္ကာပူ၊ ဘန်ကောက်ကို ဈေးတခါ ထွက်ဝယ်ရင် ဘယ်လောက်ကုန်တာလို့ ကြွားလို့ရပြီ။ ဒါတွေ ကြိုသိလို့ ငြင်းလိုက်တာဟေ့ ဘာလဲ ငါ့ကို စမောဖြစ်စေချင်လို့လား။
ဟုတ်ပါဘူးဟာ အင်း ဝတ်ရည်က ချောတော့ ဆက်ကပ်ကြီး လုပ်စေချင်မှာပေါ့။

သတို့သားက ဘယ်ဆီနေမှန်းမသိ မင်္ဂလာဆောင်ရင်တော့ဖြင့် ငါက သတို့သမီးအရံလုပ်မှာ၊ ငါက ပန်းကြဲမှာ၊ ငါက လက်စွပ်ပန်းကိုင်မှာဖြင့် သူတို့စိတ်ကူးယဉ်ခဲ့ကြလေသည်။ ဖြိုးဝေက ငါ မင်္ဂလာဆောင်ရင်တော့ဖြင့် ဝတ်ရည်နဲ့ရွှေစင်ကို သတို့သမီးအရံ မလုပ်ခိုင်ဘူး။ ဘာဖြစ်လို့။ သူတို့က သတို့သမီးထက် အရပ်ရှည်ပြီး ချောနေလို့ဟေ့။ နင် လက်ကိုင်ပန်းစည်းပစ်ရင် ငါ့ဆီ ပစ်နော်။ ဟဲ့ မြန်မာလိုဆောင်ပါတယ်ဆိုမှ ဘယ့်နှယ့် လက်ကိုင်ပန်းစည်း ပစ်မှာတုန်း။ လက်ကိုင်ပန်းစည်းက ဘိုလိုဆောင်မှ ပစ်ရတာ။ ဟာ ဘယ်လိုပဲဆောင်ဆောင် ပန်းစည်း ငါ့ဆီပစ် ဒါပဲ။

မိဘများသဘောတူသည်မို့ ကျောင်းပြီးရင်တော့ဖြင့် မောင်စံရှားနှင့် ဝတ်ရည်တို့၏ မင်္ဂလာပွဲတက်ဖို့ သူတို့မှန်းထားသည်။ ဝတ်ရည်မေမေ သဘောမတူသည်နှင့် မင်္ဂလာဆောင်ဖို့ထား မောင်စံရှားနှင့် မတွေ့ပါဘူးဟု ဝတ်ရည် ကတိပေးလိုက်ရသည်။ ဝတ်ရည်မင်္ဂလာပွဲအစား ကြီးကြီးမေကြောင့် မင်္ဂလာပွဲ နောက်ကျလိမ့်မည်ဟု မှန်းထားသော ရွှေစင့်မင်္ဂလာဆောင်ကို သူတို့ အရင်ဆုံး တက်ရလေသည်။ သတို့သားက ရွှေစင့်ချစ်သူ ကိုဂျိမ်းစ်မဟုတ် ကြီးကြီးမေ သဘောတူသော ကိုနိုင်ဟု သိရသောအခါ သူတို့အားလုံး အံ့သြရလေသည်။ မင်္ဂလာဆောင်သောနေ့တွင် ပျော်ရွှင်ပုံ မရသော်လည်း ရွှေစင်သည် အလှပဆုံးသော သတို့သမီးလေး ဖြစ်နေခဲ့သည်။


ခေါင်းမာသောရွှေစင် ထိုမင်္ဂလာပွဲကို လက်ခံသည်ဆိုသည်မှာ သူတို့အတွက် ပဟေဋ္ဌိဖြစ်လေသည်။ အတော်လေးကြာတော့မှ ထိုပဟေဋ္ဌိကို ရွှေစင်ကိုယ်တိုင် ရှင်းပေးခဲ့သည်။ မိုးတွေသည်းသည်းမည်းမည်း ရွာတယ့်တနေ့ ကိုနိုင်အဖျားတက်နေလို့ ကိုနိုင့်မေမေ ဆေးသွားဝယ်နေတုန်း ရွှေစင်စောင့်နေပေးခိုက် ရွှေစင့်ဘဝလည်း မိုးလေထန်ခဲ့သည်။ ရွှေစင့်ကို ‌ချွှေးမတော်ချင်နေသော ကိုနိုင့်မေမေတို့ဖက်က မိသားဖသားပီပီ လာရောက်တောင်းရမ်းသောအခါ အရင်ကတည်းက သဘောတူနေသော ကြီးကြီးမေက ဝမ်းမြောက်ဝမ်းသာ လက်ခံသည်။

ကိုနိုင်သည် ရွှေစင့်ကို အတော်ချစ်သလို ဂရုအင်မတန် စိုက်သည်။ ကိုဂျိမ်းနှင့် ရှင်ကွဲကွဲရသော်လည် သမီးလေး ဂျူးဂျူးမွေးတော့ ကိုဂျိမ်းစ်ဆိုတာ ရွှေစင့်ဘဝမှာ မရှိတော့ပါ။ ရွှေစင့် နှလုံးသား၊ ဘဝတခုလုံးသည် သမီးလေး ဂျူးဂျူးအတွက်သာ ဖြစ်သည်။ ရွှေစင့်ဆီက မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်း၊ နှာတံပေါ်ပေါ်၊ ကိုနိုင့်ဆီက ဖြူဝင်းသောအသား၊ အရပ်မြင့်မြင့်တို့ကို ပိုင်ဆိုင်ထားသော ဂျူးဂျူးလေးသည် အလွန်ချစ်စရာကောင်းသည်။ သားယောကျ်ားလေးသာရှိသော ကိုနိုင့်မေမေ၊ ကိုနိုင့်ညီ၊ ကြီးကြီးမေတို့က မိခင်ဖြစ်သူရွှေစင်ထက် သဲသဲလှုပ်နေသည်။

မိရွှေစင် ညည်းပြောတော့ ကိုနိုင့်ကို မချစ်ဘူးလေး ဘာဘူးလေးနဲ့ဂျူးဂျူးလေးက သူ့အဖေနဲ့ တရုပ်တည်းပါလား ချွှပ်ချွှတ်တူအောင် မွေးတတ်ပါ့အေ။ ရွှေစင့်တို့အိမ်ထောင်ရေးမှာ အဆင်ပြေသော်လည်း အချစ်ကြီးသော ကိုနိုင့် သံသယက ရွှေစင့်ကို ဝန်ပိစေသည်။ နာမည်ကြီးအဆိုတော် ဖြစ်လာပြီး ဟစ်ဖြစ်နေသော ကိုဂျိမ်းစ်သီချင်းများကို ကိုနိုင်ရှေ့မှာ ရွှေစင် မဆိုရဲ။ မတော်တဆ ယောင်ပြီးဆိုမိလျှင် ကိုဂျိမ်းစ်အပေါ် ချစ်မပြယ်ဟုထင်ကာ သံသယနှင့် ရှောင်ဖယ်နေတတ်သည်။ ကိုနိုင့်သံသယကို ရွှေစင် အကြောက်ဆုံး။


သင်းခိုင်က သူ့ဆီလာပါဟု ဆိုလာသောအခါ ဂျူးဂျူးလေးနှင့် မအားလပ်သော ရွှေစင်မှလွဲ၍ သူတို့အားလုံး သွားရောက်တွေ့ဆုံရလေသည်။ သူ့ချစ်သူ  မင်းထက်နှင့် မိတ်ဆက်ပေးသည်။ ငယ်လည်းငယ် ဆိုင်ကယ်ကယ်ရီ မောင်းသော မင်းထက်ကို သူတို့သဘောမကျသော်လည်း သင်းခိုင် နင် စိတ်လိုက်မာန်ပါ မဆုံးဖြတ်နဲ့နော် ငါတို့ကို တိုင်ပင်ဦး။ ခေါင်းမာစိတ်မြန်သော သင်းခိုင်သည် သူတို့ကို မတိုင်ပင်ခဲ့ပါ။ သူ့မင်္ဂလာဖိတ်စာကိုသာ ပို့ခဲ့လေသည်

ကျိုက်ကလို့ဘုန်းကြီးကျောင်း မင်္ဂလာဆွမ်း‌ကျွှေးပွဲတွင် ပန်းဆီရောင် ဝတ်စုံလေးနှင့် သင်းခိုင် လှနေခဲ့သည်။ သဘောမတူသော သင်းခိုင်မိဘများကြောင့် ပဲခူးသို့ခိုးပြေးပြီး မင်းထက်ဖက်မှ လာအပ်သည်။ သင်းခိုင်ထက် ငယ်သော မင်းထက်သည် ခိုင့်သဘော ခိုင့်သဘောဆိုကာ သင်းခိုင်အလိုကျအတိုင်းသာ ဖြစ်သည်။ သူတို့အားလုံးရဲh အမြင်မှာတော့ မင်းထက်က သင်းခိုင်ကို ခိုးပြေးတာ မဖြစ်နိုင်ဘူး သင်းခိုင်က မင်းထက်ကို ခိုးပြေးတာ ဖြစ်ရမယ်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး

၈၈ အရေးတော်ပုံချိန်တွင် အသက် ၆ နှစ် ၇ နှစ်သာ ရှိသေးသော သူတို့သည် အရေးတော်ပုံအကြာင်း ကြားဖူးရုံသာ ကြားဖူးသည်။ သေသေချာချာ ဂဃနဏ မသိ။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကိုကား သူတို့ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြသော သံဃာတော်များ၏ ကမ္ဘာကျော် သမိုင်းဝင် ရွှေဝါရောင်တော်လှန်ရေး။ သံဃာတော်များကို လမ်းချင်းဆက်ကာ ကာရံပေးထားသော အဖြူ အစိမ်းဝတ် ကျောင်းသားလူငယ်ကလေးများ၊ လမ်းဘေးမှ ရှိခိုးဦးချသူများ၊ ရေဘူး၊ ဆေး ကမ်းကြသူများ၊ လက်ခုပ်တီးအားပေးကြသူများဖြင့် ပြည်သူများ ပါဝင်လာခဲ့သည်။


စစ်ကားများ ရောက်ရှိလာကာ မီးခိုးဗုံး၊ သေနတ်ဖြင့် ပစ်ဖောက်ကာ လူစုခွဲသည်။ တွေ့သည့်လူကို နံပါတ်တုတ်ဖြင့် ရိုက်နှက်ကာ ကားပေါ်သို့ ဆွဲတင်သည်။ ဗုဒ္ဓဘာသာဝင်များ ဘုရားဖြင့် တန်းတူထားသော သံဃာတော်များကို နံပါတ်တုတ်ဖြင့် ရိုက်နှက်သည်။ မြင်ရသည့် ဗုဒ္ဓဘာသာဝင်များသာအက တခြားဘာသာဝင်များကပါ နှလုံးနာကြသည်။ စစ်အာဏာရှင်များက အကြမ်းဖက် နှိမ်နင်းသော်လည်း မီးခိုးဗုံး မျက်ရည်ယိုဗုံးရန် ကာကွယ်ဖို့ မျက်နှာဖုံး တပ်ဆင်ကာ ဆက်လက်တိုက်ပွဲဝင်သည်။ လမ်းမှ ကမ်းသောရေဗူးတချို့သည် မသင်္ကာစရာများ ပါသောကြောင့် ယုံကြည်စိတ်ချရမှ သောက်သည်။

ကျူးကျော်လာသော ရန်သူများကို ချေမှုန်းသင့်သော သေနတ်သည် လက်နက်မပါ ရန်မပြု ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သော ရဟန်းရှင်လူ ပြည်သူများကို သုတ်သင်ခဲ့သည်။ ညအချိန် ဘုန်းကြီးကျောင်းများကို ပြောက်ကျားနည်းဖြင့် ချေမှုန်းသောကြောင့် သွေးစွန်းရသည်။ စစ်ကြောရေးစခန်း၊ ထောင်များတွင်  ဒင်းကြမ်းပြည့်ကုန်သည်။ ရွှေတိဂုံတွင် စုဝေးနေစဉ် နေခြစ်ခြစ်တောက် ပူနေတုန်း မိုးခြမ်းသံကို အသေအချာ ကြားလိုက်ရသည်။ ညမထွက်ရ အမိန့်ကြောင့် အိမ်မကပ်သော သူတို့အကို၊ မောင်များသည် အိမ်မြဲကြသည်။ လူစည်နေတတ်သော လမ်းမများသည် တိတ်ဆိတ်ခြောက်ကပ်ကာ ခွေးအူသံများဖြင့် စိတ်ညစ်ညူးစရာ ကောင်းသည်။ မတရားဖိနှိပ်ခံရသော ဝိညာဉ်များ၏ ငိုညည်းသံကို ညအချိန်အခါ ကြားရသလို။

ဖြိုးဝေသည် ရွှေဝါရောင်တော်လှန်ရေးတွင် ဘုန်းကြီးများကို ထောက်ပံ့သောအဖွဲ့တွင် ပါဝင်သည်။ ဈေးတွင် ဖြိုးဝေနှင့် အမြဲတတွဲတွဲ ရှိနေသော သူငယ်ချင်းမှာ အလ်နယ်ဒီမှ အမာခံဖြစ်သည်။ သူတို့ နားနေချိန် ဒီဘီဗွီရုပ်သံမှ အသေအချာလာရိုက်ကာ လွှင့်သွားသောကြောင့် ထောက်လှမ်းရေးမှ သူတို့နှစ်ယောက်နောက် လိုက်သည်။ ဖြိုးဝေသူငယ်ချင်းမှာ အမျိုးရှိရာ ပြည်ဖက်သို့ ရှောင်တိမ်းသောကြောင့်  နောက်နေ့ ထောက်လှမ်းရေး သူမအိမ် လာရှာချိန် လွတ်သွားသည်။


ဖြိုးဝေအကို တိုးဝေသည်လည်း အိမ်နားမှ ဖြတ်သွားသော ချီတက်ပွဲကို လိုက်ပါကာ ဆူးလေတွင် မောင်နှမနှစ်ယောက် ဆုံမိကြလေသည်။ ဖြိုးဝေတယောက် မေထက်အိမ်ကို တပတ်လာနေကာ ထောက်လှမ်းရေးရန်ရှောင်ရသည်။ မိဘများ နယ်မှာသွားနေချိန်ဖြစ်၍ ထိုခြောက်ခြားဖွယ်ကာလများကို အတူတူ ဖြတ်သန်းကြလေသည်။ ထိုအချိန်တွင် မေထက်သည် နိုင်ငံခြားကျောင်းလျှောက်ဖို့ ပြင်ဆင်နေသည်။ မြို့ထဲသွားလျှင် ပုဝါအနီပတ် သေနတ်ကိုင်ကာ ကင်းစောင့်နေသော စစ်သားများကို တွေ့ရလျှင် ကြောက်လန့်မုန်းတီးမိသည်။

တောင်ဥက္ကလာက ငွေကြာယံဘုန်းကြီးကျောင်း၊ ဘယ်နားက ဘယ်ဘုန်းကြီးကျောင်းကိုတော့ဖြင့် ညအချိန် စီးသွားပြန်ပြီဆိုသည့် သတင်းတွေ ကြားနေရသည်။ မေထက်တို့နားတွင်ရှိသော ဘုန်းကြီးကျောင်းကိုလည်း ရက်ကွက်သူရပ်ကွက်သားတွေ အလှည့်ကျ ကင်းစောင့်ကြသည်။ အုန်းမောင်းခေါက်လျှင် ရပ်ကွက်သားတွေ ဘုန်းကြီးကျောင်းဆီ ချီတက်ကာ ကယ်ဆယ်ဖို့ အသင့်ဖြစ်သည်။ မေထက်အိမ်တွင် တပတ်နေပြီး မင်္ဂလာဒုံရှိအမျိုးများဆီကို ပြောင်းသည်။ တုန်လှုပ်ခြောက်ခြားဖွယ် ခေတ်ဆိုးခေတ်ပျက်ချိန်ကို သူမတို့ ဖြတ်သန်းခဲ့ရသည်။

၂၀၀၈ မေလ နာဂစ်မုန်တိုင်း
မြန်မာ့သမိုင်းတွင် မကြံဖူးလောက်အောင် ပြင်းထန်သော ဆိုင်ကလုန်း နာဂစ်။ အိမ်နီးနားချင်းနိုင်ငံတွေက မုန်တိုင်းဒဏ်ခံဖို့ ပြင်ဆင်နေချိန် အစိုးရက ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုနိုင်ရေး မဲပေးကြဖို့ ဆော်သြနေသည်။ မုန်တိုင်းဝင်ရောက်တိုက်ခတ်သောနေ့တီဗွီမှ ကြေငြာချိန် မုန်တိုင်းသည်ကား ဧရာဝတီတိုင်းကို ဝင်ရောက်တိုက်ခတ်ပြီး အရာအားလုံးကို ဖျက်ဆီးသွားခဲ့ပြီ ဖြစ်သည်။ ဆယ်ပေခန့်တက်လာသော ဒီရေ၊ အလွန်ပြင်းထန်သော လေတိုက်နှုန်းကြောင့် သေဆုံးသူ အရေအတွက် မြင့်မားသည်။


နယ်တွင် ရောက်နေသော မေထက်မိဘများအား စိတ်ပူကာ သတင်းမေးဖို့ ဖြိုးဝေတို့ မောင်နှမနှစ်ယောက် ဘတ်စ်ကားမရှိ နာရီဝက်ခန့် လမ်းလျှောက်ပြီးမှ ရောက်လာလေသည်။ မေထက်တို့ မောင်နှမ ဘေးကင်း၍ စိတ်အေးသွားသော်လည်း ဧရာဝတီတိုင်းတွင် ရောက်နေသော မေထက်မိဘများကို စိတ်ပူမိသည်။ ညဖက်ဖြတ်ကျော်တိုက်ခတ်သော မုန်တိုင်းကြောင့် ပင်လယ်ရေ ဆယ်ပေခန့်တက်ကာ တကျွှန်းလုံး ပျောက်သွားသည့် သတင်းကြောင့် မိဘများကို စိတ်ပူသော မေထက်ခမျာ ညတွင်းခြင်း ဆင်းလေသည်။

ဆန်စက်များ ဆုံးရှုံးသွားသော်လည်း မိဘများ အသက်ဘေး ကင်းလွတ်သောကြောင့် မေထက်ခမျာ စိတ်အေးသွားသည်။ ဘယ်မှာဖြင့် ဘယ်နှစ်ယောက်သေတာ၊ ပျက်စီးဆုံးရှုံးမှု သတင်းတွေ နားဖြင့်မဆံ့ ကြားရသည်။ ရေငန်ထိသွားသော ပစ္စည်းများကို လျှော်ဖွတ်ရ၊ လွင့်စင်သွားသော ပစ္စည်းများကို ကောက်ရ၊ ပြန်လည်တည်ဆောက်ရသောကြောင့် တဒုန်းဒုန်း အသံများကို မပြတ်ကြားရသည်။ မုန်တိုင်းကို စောစောစီးစီး သတိပေးပြီး လူတွေကို ဘေးလွတ်ရာမှာ ကယ်ဆယ်နေရာချထားပေးခဲ့လျှင် ဒီလောက်သေဆုံးမှုများမည် မထင်။

နာဂစ်ပြီးမှ သူငယ်ချင်းများ လှုဒန်းသော ဆေးဝါ၊ အစားအစာ၊ အဝတ်အထည်အိတ်ဖြင့် ဧရာဝတီတိုင်းဖက် ဆင်းသွားသော မေထက်သည် လက်မောင်းနှင့် ချက်တွင် မီးလောင်ဒဏ်ရာများနှင့် ပြန်ရောက်လာသည်။ လူသေလောင်းများ ပေါလောမျောနေသော မြစ်ချောင်း၊ ပင်လယ်ရေတို့ကြောင့် ဖြစ်သည်။ ဆရာဝန်လောင်း မေထက်ခမျာ သူ့မီးလောင်ဒဏ်ရာကို သူ မကုနိုင်။ ဖြိုးဝေအသိ လှည်းတန်းက ဆရာဝန်ကြီးပေးသော မြန်မာဆေး၊ အင်္ဂလိပ်ဆေးများနှင့်မှ သက်သာသွားလေသည်။ နာဂစ်ကြောင့် ပျက်ဆီးသွားသည်များကို  ပြင်ဆင်နိုင်သော်လည်း မိဘမဲ့သွားသောသော ကလေးများ၊ မိဘဆွေမျိုး ဆုံးရှုံးသွားသူများ၏ စိတ်ဒဏ်ရာကို ကုစားဖို့တော့ အချိန်ကြာမည် ထင်ပါသည်။ ရန်သူမျိုးငါးပါးရန်ကိုလည်း သူတို့ကြုံတွေ့ဖြတ်သန်းခဲ့ဖူးသည်။


ဖြိုးဝေသည် သူတို့ဈေးသို့ပြောင်းလာသော ဦးလူပျိုကြီးဟု သူတို့နာမည်ပေးထားသောသူနှင့် မျက်လုံးခြင်း ချိတ်မိကြသည်။ လာရောက်အကဲခတ်သော သင်းခိုင်က ဦးလူပျိုကြီးနဲ့ နင်က တကယ့် အိုင်တီအစ်စ်ပဲ။ ဦးလူပျိုကြီးက ပိန်ပိန်ရှည်ရှည် ဖြိုးဝေက ပုပုသေးသေး။ သူတို့နှစ်ယောက် ချစ်သူဖြစ်တော့ တခြားချစ်သူများလို လွတ်လွတ်လပ်လပ် မတွေ့နိုင်ရှာ။ ဈေးစကားတွေက ချဲ့ကားလွန်းသည်။ တရုတ်မိသားစုတွင် အကိုအကြီးဆုံးဖြစ်သော ဦးလူပျိုကြီးကို နင် တရုတ်အိမ်မှာ အိမ်ဖော်ဖြစ်လိမ့်မယ်ဟု ဆိုကာ ဖြိုးဝေတို့ဖက်က နည်းနည်းမှ သဘောမကျ။ ဦးလူပျိုကြီး ညီမတွေကလည်း ဖြိုးဝေမိဘများ အိမ်ထောင်ရေး အဆင်မပြေသည်ကို အကြောင်းပြကာ တခြားသူများနှင့် စပ်သည်။ နဲ့ပါများသော ကျောက်တုံး ရွေ့သလို ဦးလူပျိုကြီးသည်လည်း ပြောင်းလဲလာသည်။

ဖြိုးဝေက လက်မှတ်ထိုးပေးပါမည် ပြောတာတောင် အင်တင်တင်။ ဖြိုးဝေတို့ဖက်ကလည်း ဖြိုးဝေကို နည်းနည်းမှ အလွတ်မပေး။ အင်္ဂလန်သို့ မေထက် မသွားခင် သူတို့အားလုံး ဆုံကြသည်။ ကိုနိုင့်ကို မချစ်လို့တာဆိုတယ် တဗိုက်ပြီး တဗိုက်ပါလား မိရွှေစင်။ ဂျူးဂျူးလေးကို ငါ့လို တကောင်ကြွက် ဖြစ်မှာစိုးလို့။ ကိုနိုင်က ကလေး သုံးလေးယောက် လိုချင်တယ်။ မွေးပေါ့ ရွှေစင်ရဲ့ နင့်မှာ ထိန်းပေးမယ့် ကိုနိုင့်မေမေ ကြီးကြီးမေ ရှိနေတာပဲ။ သူတို့ကလည်း ပြောပါတယ်။ မွေးသာမွေး သူတို့ထိန်းပေးမယ်တယ့်။ ကိုနိုင်ရော ဘယ်လိုလဲ အရင်လို သံသယ ရှိတုန်းလား။ တခါတလေမှ။

သင်းခိုင်ယောကျ်ား မင်းထက်တို့ မိဘအသိုင်းအဝိုင်းမှာ တကယ့်စရိုက်ဖြစ်သည်။ ရန်ဖြစ်လျှင် တအိမ်လုံး ရှိသမျှလူက တုတ်ဆွဲကိုင်ကာ ရန်ပွဲဆင်ဖို့ မင်းထက်ကို လာခေါ်သည်။  မင်းထက်ကလည်း ဓားဆွဲ တုတ်ဆွဲကာ လိုက်လေသည်။ သင်းခိုင်မိဘများမှာ စိတ်နှလုံး မချမ်းမြေ့လှ။ မိဘများ စိတ်မချမ်းသာသည်ကိုသိသော သင်းခိုင်သည် မင်းထက်ကို တားဖြစ်ဆုံးမသော်လည်း မိဘမောင်ဖွား လာခေါ်တိုင်း မင်းထက်က လိုက်မြဲလိုက်ဆဲ။


မေမေ သဘောမတူသောကြောင့် မောင်စံရှားနှင့် မတွေ့ရသော ဝတ်ရည်သည် မေမေ့ကျန်းမာရေး ပိုဆိုးမည်စိုး၍ မောင်စံရှားနှင့် လုံးဝမတွေ့ဝံ့။ မောင်စံရှားက ခိုးပြေးချင်သော်လည်း မေမေ့ ဗုန်းဗုန်းလဲသည့် တရားခံ ဝတ်ရည် မဖြစ်ချင်။ သုံးနှစ်အတွင်း အားလုံးအဆင်ပြေသွားဖို့ကိုသာ မျှော်လင့်သည်။ ခိုင်မေက သူ့ထက်ငယ်သော စစ်ဗိုလ်ကောင်လေးနှင့် ရည်ငံနေသည်။ ခိုင်မေ့ခင်ပွန်းက တပ်အရာရှိဆိုလျှင် ဘယ်တော့မှ ရာထူးတိုးမည်မဟုတ်။ ခိုင်မေ့ဖခင်က နိုင်ငံရေးသမားဖြစ်သောကြောင့် ဖြစ်သည်။ ကြိုးစားပြီးမှ ရလာသော အရာရှိဆိုသည့် ရာထူးလေးကို စွန့်လွှတ်ဖို့မလွယ်။ မဆုံနိုင်သည့်ဖူးစာ ဖြတ်တောက်ဖို့ သူငယ်ချင်းများက ပြောသော်လည်း ပေးဆပ်သော၊ ဘာကိုမှ မမျှော်လင့်မထားသော ချစ်ခြင်းဖြင့်သာ ချစ်နေခဲ့သည်။

မေထက် နိုင်ငံခြား ထွက်ခွာသွားပြီးနောက်တွင်တော့ တနှစ်တစ်ခါလောက်သာ သူတို့တွေ့ဖြစ်ကြတော့သည်။ အင်တာနက်ဆိုသည်မှာ သူတို့နှင့် အလှမ်းကွာလှသောကြောင့် တနှစ်လုံး အွန်လိုင်းတွင် နှစ်ခါလောက်သာ မေထက်နှင့် ဆုံဖြစ်တော့သည်။ စစ်ပြေးဖြစ်သော မင်းထက်ကို လာဖမ်းဆီးပြီး ပြည်စစ်ထောင်သို့ ပို့ကာ ထောင်နှစ်နှစ် ချလေသည်။ သို့သော် စစ်ထောင်သည် တခြားထောင်များထက် အပုံကြီးသာသည်။

ယောကျ်ားလုပ်သူကို မိဘများ မကြည်သောကြောင့် အိမ်ခွဲနေသည့် သင်းခိုင် ကလေးမီးဖွားသည့်အချိန် ယောကျ်ားက ထောင်မှာ။ မိဘကိုလည်း အသိမပေး။ သင်းခိုင်နှင့် အနီးကပ်ရှိသည့် သူငယ်ချင်းက အကြောင်းကြားသည့်အခါတွင်မှ ဖြိုးဝေနှင့် ခိုင်မေ အပြေးအလွှား သွားရောက်ကြလေသည်။ လက်ထဲပိုက်ဆံထည့်သည့်အခါ မျက်ရည်ကျခဲသော သင်းခိုင် ငိုမိသည်။ သူငယ်ချင်းများကလည်း အကြောင်းမကြားရန်ကော ဂရုဏာဒေါသော ဆူကြသည်။ သင်းခိုင်က အဆက်အသွယ် ဖြတ်ထားသော်လည်း သင်းခိုင်မိဘများကို အကြောင်းကြားလိုက်သည်။ သင်းခိုင်မိဘများ သင်းခိုင်ကို အိမ်သို့ ခေါ်ဆောင်သွားသောအခါမှ သူတို့ စိတ်အေးသွားလေသည်။


မေမေ သဘောမတူသော်လည်း ဖေဖေ့ ခွင့်ပြုချက်ဖြင့် မောင်စံရှားနှင့် ဝတ်ရည်တို့ မင်္ဂလာပွဲကို ရွှေပြည်သာဘုန်းကြီးကျောင်းတွင် ကျင်းပသည်။ နိုင်ငံခြားရောက်နေသော မေထက်နှင့် နယ်တွင် တာဝန်ထမ်းဆောင်နေသော ရွှေစင်တို့ မတက်ရောက်နိုင်ဘဲ ခိုင်မေ၊ ဖြိုးဝေနှင့် သင်းခိုင်တို့သာ တက်ရောက်သည်။ အခက်အခဲများကို ဖြတ်သန်းပြီးမှ လက်တွဲနိုင်သော သူတို့မင်္ဂလာပွဲကို အဝေးရောက်သူငယ်ချင်းများ ဝမ်းမြောက်ဝမ်းသာ ရှိနေပေလိမ့်မည်။ မင်္ဂလာပွဲတွင် မပျော်ရွှင်ဆုံးမှာ မေမေဖြစ်သည်။ မောင်စံရှားညီမပုံက သိပ်မလွယ်ဘူး ဝတ်ရည်ကို ဒါကြောင့် သူ့မေမေက သဘောမတူတာဟု ခိုင်မေက ဆိုသည်။ ဝတ်ရည် အရမ်းလှတာပဲ မေထက်ရယ်ဟု ဖြိုးဝေက ပြောသည်။ ခုနေသာ ငိုမဲ့မဲ့ ဖြစ်နေတာ မြေးရရင် ဝတ်ရည်မေမေက အသည်းဆုံးနေမှာဟု သင်းခိုင်က မှတ်ချက်ချသည်။

...ငါးနှစ်ခန့်ကြာသောအခါ...

သစ်ရွက်လှုပ်တာတောင် တခစ်ခစ် ရယ်မောတတ်သော အရွယ်မှ လောကဓံ အလှည့်အပြောင်းကို ခါးစီးခံလို့ ရင့်ကျက်တည်ငြိမ်သော အရွယ်ရောက်လာကြသည်။ ဆယ်ကျော်သက် မိန်းကလေးများသည် ဆယ်စုနှစ်နှစ်ခုကို ဖြတ်သန်းလို့ အသက်သုံးဆယ်ကျော်အရွယ် ဖြစ်နေသည်။  သူတို့မတွေ့ကြသည်မှာ ကြာပြီဖြစ်သည်လည်း သူငယ်ချင်းညီအမသံယောဇဉ်ကတော့ အရင်အတိုင်းပင် ဖြစ်သည်။

မေထက်ပြန်လာသောအခါ သူတို့ ပြန်ဆုံကြလေသည်။ ပညာသင်ရင်း ကြင်ယာပါလာခဲ့သော မေထက်သည် ခင်ပွန်းသည် မြန်မာပြည်သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရသည်နှင့် မိသားစုလိုက် ပြောင်းရွှေ့လာခဲ့သည်။ အရှေ့တိုင်းသူ မိခင်ဆီက မျက်လုံးနက်နက် ဥရောပသား ဖခင်ဆီက ဖြူဆွတ်ဆွတ်အသားအရေ အမွေရထားသော မေဂရေ့သည်  သူတို့အတွက် မေထက်အငယ်စားလေးဖြစ်သည်။


ကိုနိုင် သဘောၤပေါ်က ပြုတ်ကျလို့ ဆုံးသွားတာ ခြောက်လရှိပြီ။ သူ သိပ်ကြားချင်တယ့် စကားတခွန်းတောင် ငါမပြောလိုက်ရဘူး။ ငါ အရင်တုန်းက သူ့ကို ကျိန်ဆဲခဲ့လို့လား မသိဘူး မေထက်ရယ်။  ငါ သိပ်ဆိုးတယ် မေထက် ဟင့်..ဟင့်။ တိတ်ပါ ရွှေစင်ရယ် နင် သူ့ကို ချစ်မှန်း ကိုနိုင် သိပါတယ်။ နင့်မှာ ကိုနိုင့်ကိုယ်ပွားလေးတွေ ရှိတာပဲ။ သူတို့အတွက် နင် ကြံ့ခိုင်ရမယ်နော်။

သင်းခိုင်သားလေးက ရုပ်ကသာ သူ့အဖေနဲ့တူသာ စိတ်က သင်းခိုင်အတိုင်းပဲ ခေါင်းမာတဇွတ်ထိုးလေး။ ကိုလေးကို ဖေဖေလို့ ခေါ်ခိုင်းတာ ဘယ်တော့မှ မခေါ်ဘူး။ ကိုလေးက ပထွေးတယောက်အနေနဲ့ ကောင်းပါတယ်။ သူ့အဖေ အသိုင်းအဝိုင်းနဲ့ မတွေ့အောင်လို့ မင်္ဂလာဈေးဖက်ကို ပြောင်းလာတယ်။ သားလေးကို ငါ အကောင်းဆုံးဖြစ်အောင် ပျိုးထောင်မယ်။ နင် စီးပွားရေးပဲ လုပ်မနေနဲ့ဦး ကလေးကို အချိန်ပေးဦး သူတို့လိုအပ်တာက ပိုက်ဆံမဟုတ်ဘူး မိဘတွေရဲ့ အချိန်၊ ဂရုစိုက်မူတွေ။

ဝတ်ရည်မေမေလား မြေးချီနေလေရဲ့။ သမီးကအချစ် မြေးကအနှစ်တယ့်။ မောင်စံရှားညီမက စိတ်ရင်းတော့ ကောင်းတယ် အပြောမတတ်ဘူး။ ဒါပေမယ့် ဝတ်ရည်က အေးတယ်။ မောင်စံရှားကလည်း ဝတ်ရည်ကို သိပ်ချစ်ရှာတာ။ သူတို့မိသားစုလေးကို အားကျတယ်။


ခိုင်မေ့ချစ်သူ စစ်ဗိုလ်လား တိုက်ပွဲကျသွားတယ်။ အချစ်ထက် ရာထူးပိုမက်တယ့် ငနဲလေး။ ခိုင်မေက အားလုံလိုက်လျောပြီး ပေးဆပ်ချစ်နဲ့ ချစ်တာ။ ရှင်ကွဲကွဲတာထက် သေကွဲကွာတာ ပိုကောင်းတယ်လို့ ငါထင်တယ်။ နင်ကလည်း ကိုယ်ချင်းမစာ ပြောတော့မယ်။ ဟုတ်တယ်လေ ရှင်ကွဲဆို ငါ့ကို ရက်စက်လိုက်လေခြင်းလို့ တနုံ့နုံ့နဲ့ မုန်းတီးနေမှာ။ ခုလို သေကွဲကွဲတော့ လွမ်းတသသ ဖြစ်နေသေးတာပေါ့။ သင့်တော်တယ့်သူတွေ့ရင် အိမ်ထောင်ပြ ုနော် ခိုင်မေ။

ဖြိုးဝေလား သူလာမှာ မဟုတ်ဘူး။ နင် သွားတွေ့ရမယ် မှော်ဘီ ဝါးနက်ချောင်းကို။ သူ့မိဘတွေ အိမ်ထောင်ရေး အဆင်မပြေတယ့် အရိပ်ကြီးက သူ့အိမ်ထောင်ရေး အရိပ်မိုးမှာ စိုးရိမ်တယ်ဆိုတယ့်အတိုင်း ဖြစ်လာတယ်။ ဦးလူပျိုကြီးနဲ့ မယူဖြစ်ပါဘူး။ ဦးလူပျိုကြီးက သူ့ညီမတွေ စပ်ပေးတယ့်သူကို ယူသွားတယ်။ သူ့မေမေဆုံးတော့ အိမ်ကို သူ့အကိုနဲ့ အမွေခွဲ သူရတယ့် ဝေစုကို လှုပြီး သီလရှင်ရာသက်ပန် ဝတ်သွားတယ်။ တလတခါ သွားလှုရင်းနဲ့ ငါတို့ရောက်ဖြစ်ပါတယ်။ သူဘဝလေးက တကယ်အေးချမ်းတယ်။


အချစ်ကို မယုံကြည်ကြသူများ...

ငါ့အတွက်တော့ အချစ်ဆိုတာ အိမ်မက်ဆိုး မက်ရသလိုပါပဲဟယ်။ ရင်တထိတ်ထိတ်နဲ့ နှိုးလာတော့လည်း ဘယ်လိုအဆုံးသတ်မလဲလို့ သိချင်နေပြန်ရော...
ရွှေစင်

ငါလား အချစ်ဆိုတာကို မယုံဘူး။ နှလုံးသားရဲ့ စေခိုင်းချက်ထက် ဦးနှောက်က ဆုံးဖြတ်တာ ပိုမှန်တယ်...
သင်းခိုင်

အချစ်ဆိုတာ အသွားအပြန် ရှိတယ်ဆိုပေမယ့် ငါ့အတွက်တော့ အသွားပဲ ရှိတယ် အပြန်ဆိုတာ မရှိဘူး...
ခိုင်မေ

အချစ်ဆိုတယ့် ကြိုးကလေးက မိဘဆွေမျိုးတွေ ဖြတ်တောက်ရင် ပြတ်တတ်တယ်...
ဖြိုးဝေ

အချစ်ဆိုတာ အပြန်အလှန် နားလည်မူတွေ၊ ယုံကြည်မှုတွေနဲ့ချည်နှောင်တယ့် ကြိုးကလေး...
မေထက်

မြင်မြင်ချင်း ချစ်တယ့် ကိုယ်တို့နှစ်ယောက် ချစ်ခရီးလမ်းက မဖြောင့်ဖြူးခဲ့ဘူး...ဒါပေမယ့် စိတ်ရှည်လက်ရှည် စောင့်ခဲ့ကြတယ်...ပန်းခင်းလမ်းရှိသလို ဆူးခင်းလမ်းလည်း ရှိခဲ့တယ်...ကိုယ့်တို့နှစ်ယောက် အချစ်ကို ယုံကြည်လို့ လက်တွေ ခိုင်မြဲခဲ့တယ်...The course of true love never run smooth...
ဝတ်ရည်

ပြီးပါပြီ

စန်းထွန်း
မေ ၆၊ ၂၀၁၃။
All photos are from Google.