ရပ်ကွက်ထဲမှာတော့ဗျာ - ၁၉

ချယ်ရီပွဲတော် နွှဲပျော်ပျော်...

ဝါရှင်တန်ဒီစီက ချယ်ရီပွဲတော် ကျင်းပပြီဆိုရင် သေချာပါတယ် ဒါနွေဦးရောက်ပြီ ။ နာမည်ကြီး နွေဦးကြိုချယ်ရီပွဲတော်ကို မတ်လ ၂၀ ကနေ ဧပြီ ၁၄ အထိ ကျင်းပပါတယ်။ ၁၉၁၂ တိုကျိုမြို့တော်ဝန် ယုကီရို အိုဇာကီက ဝါရှင်တန်ဒီစီမြို့ကို  နှစ်နိုင်ငံချစ်ကြည်ရေးလက်ဆောင်အဖြစ်  ချယ်ရီပင် ၃၀၀၀ ပေးအပ်လို့ အမေရိကန် သမ္မတကတော်  ဟာရွန် သက်ဖ်နဲ့ ဂျပန်သံအမတ် ဇနီးတို့က အနောက်ပတ်တိုမတ်ပန်းခြံ (West Patomac Park ) ထဲက တိုင်ဒယ်ဘေဆင် (Tidal Basin)  မြောက်ဖက်ကမ်းပါးမှာ ပထမဆုံး ချယ်ရီပင်နှစ်ပင် စိုက်ပျိုးတယ့် အခမ်းအနားလေးက စတင်လို့ သမ္မတကတော် အစဉ်အဆက် ချယ်ရီပင် စိုက်ပျိုးပြီး ချယ်ရီပွဲတော်ကို ဖွင့်လှစ်တာ ယနေ့ထက်တိုင်ပါပဲ။

နှစ်စဉ်နှစ်တိုင်း လူတသန်းခွဲလောက် ဝါရှင်တန်ဒီစီကို လာရောက်လည်ပတ်ကာ ချယ်ရီပန်းအလှကို ကြည့်ရူခံစားကြပါတယ်။ စွန်လွှတ်ပွဲ၊ ဂျပန်အနုပညာရိုးရာ တင်ဆက်ပွဲ၊ ပွဲတော်အပိတ် ချီတက်ပွဲတွေနဲ့ အတော်စည်ကားပါတယ်။ ဒယ်လာဝဲပြည်နယ်က စီနီယာ အက်စမီတာတို့ ဇနီးမောင်နှံ၊ အက်စမီတာရဲ့ ညီမဝမ်းကွဲ ဇနီးမောင်နှံ၊ စီနီယာ ဒီနာ၊ ကိုယ်တို့လေးယောက်လည်း ဒီလိုနာမည်ကြီးတယ့် ချယ်ရီပွဲတော်ကို နွှဲဖို့ ကြံစည်ပါတယ်။ နီပါလီတွေ အသည်းစွဲ မိုမိုလို့ခေါ်တယ့် ဖက်ထုပ် (ကိုယ်မကြိုက်)၊ ဝိုင်၊ ဘီယာ၊ ပိုကာပါတီတွေ အိမ်မှာကျင်းပပေမယ့် အင်တာဗျူးတွေဖြေဖို့ စာကြည့်နေရလို့ အပြည့်အဝ မနွှဲနိုင်ပါဘူး။


ရထားဘူတာပါကင်းက ပိတ်ရက်ဆို ဖရီး၊ ဝမ်းဒေးပတ်စ် ရထားလက်မှတ်ဝယ်၊ အနီရောင်လိုင်း မတ်ထရိုဘူတာကနေ လိမ္မော်ရောင်၊ အပြာရောင်လိုင်းပြောင်းလို့ စမစ်ဆိုနီးယမ်းဘူတာမှာဆင်း မြေအောက်က ထွက်လိုက်ရင်ပဲ... အောင်မလေးဗျ ကမ်ပီတိုကနေ မိုးနီးမတ်ကျောက်တိုင်အထိ လူတွေ လူတွေ...ကြိတ်ကြိတ်တိုးနေလိုက်တာ..။ ချယ်ရီပွဲတော် အတော်စည်တယ်ဆိုတာ မယုံမရှိနဲ့ ကိုယ်တွေ့။ ရေကန်နား ရောက်တယ့်အထိ ချယ်ရီနဲ့တူတာဆိုလို့ ဘာဆိုဘာမှမတွေ့။ ဒီနှစ် ရာသီဥတု အေးလို့ချယ်ရီပွင့်တာ နောက်ကျတယ်ဆိုပဲ။ ဧပြီ ၄ ကနေ ၇ မှာ ချယ်ရီတွေ အစွမ်းကုန်ပွင့်မယ်တယ့်။ ချယ်ရီတွေနဲ့ ဓာတ်ပုံအပီရိုက်မယ်လို့ ကြုံးဝါးထားတယ့် စန်းထွန်းခမျာ ခဲလေသမျှ သဲရေကျ။

ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်ကိုသွားတော့ ရေကန်ထဲမှာ ရေမရှိသလို ရေပန်းလည်း မတွေ့။ ဒါပေမယ့်လည်း ထိုင်လို့တမျိုး ၊ မတ်တပ်ရပ်လို့တမျိုးနဲ့ လူတွေ စည်နေတာပဲ။ ရေကန်ထဲမှာ ခြေနင်းမောင်းရတယ့် လှေစီးတယ့်သူတွေ၊ အမေရိကန် ဂျပန် ချစ်ကြည်ရေး ပိုစတာမှာ ပန်းချီဆွဲ စာရေးနေတယ့် ကလေးတွေ၊ လမ်းလျှောက်နေသူတွေ၊ စွန်လွှတ်ပြိုင်ပွဲဝင်သူတွေ၊ ကောင်းကင်မှာ ပလူပျံနေတယ့် စွန်ရောင်စုံတွေ၊ ပြေးပြီး စွန်လွှတ်နေတယ့် ကလေးတွေ... မြန်မာပြည်က ဘုရားပွဲ ကျနေတာပဲ။ နီပါလီနှစ်သစ်ကူး Daishai ပွဲတော်မှာ စွန်လွှတ်တယ့် ဓလေ့ရှိတယ့် နီပါလီတွေလည်း အားကျမခံ စွန်လွှတ်မဟဲ့ဆိုပြီး ဝယ်ဖို့သွားစုံစမ်းတာ တန်းစီနေတယ့်လူတန်းကြီးက အရှည်ကြီး။ သူများတွေလွှတ်တယ့် စွန်ကိုပဲ မော့ခဲ့တယ်။ ပင်လုံးဝေနေတယ့် ဒီအပင်ကို သူများတွေ ဓာတ်ပုံရိုက်နေတာနဲ့ ကိုယ်လည်း ဘယ်နေပါ့မလဲ။


စနေနေ့ သွားကြည့်တုန်းက ချယ်ရီမပွင့်သေးတာများ တနင်္လာနေ့ဧပရယ်ဖူးနေ့မှာ အင်တာဗျူးရှိလို့ ဝါရှင်တန်ဒီစီကို ရောက်တုန်းရောက်ခိုက် ရထားလက်မှတ်ကလည်း ဝမ်းဒေးပတ်စ်ဆိုတော့ ချယ်ရီတွေများ ပွင့်နေလေမလားဆိုပြီး သွားကြည့်သေးတယ်း ဒါလည်း မပွင့်သေးဘူး။ သောကြာနေ့ဆို ချယ်ရီတွေပွင့်ပြီ အင်တာဗျူးကအပြန် ဝင်ကြည့်မလို့ ကြံစည်ထားတာ ညနေစာင်းမှာ အင်တာဗျူး တခုရှိနေပြန်လို့ မသွားလိုက်ရဘူး။ ဂူဂယ်ဓာတ်ပုံတွေက ဝါရှင်တန်ဒီစီ ချယ်ရီပွဲတော် ဘာလို့နာမည်ကြီးမှန်း ပြောပြပါလိမ့်မယ်။



လမ်းဘေးတွန်းလှည်းက မုန့်ဝယ်ဖို့လည်း လူတန်းက အရှည်ကြီး။ မိသားစုလိုက် ဘောကွင်းပစ်နေတယ့်သူတွေ၊ နေရောင်အောက်မှာ လဲလျောင်းရင်း စာဖတ်နေသူတွေ၊ စက်ဘီးစီးသူတွေ၊ ပြေးနေသူတွေ၊ ကလေးတွေ၊ ခွေးတွေ... လူတွေဆိုမှ ဝါရှင်တန်ဒီစီ တမြို့လုံးကလူတွေ ဒီရောက်နေလား မှတ်ရတယ်။ အိမ်ဖြူတော်နားရောက်တော့ အဖြူရောင်ဝတ်ထားတယ့် ဆန္ဒပြနေသူတွေ တွေ့တယ်။

credit to - Google
credit to - Google
credit to  - Google
credit to  - Google 

Pronunciation...

စာမေးပွဲသွားဖြေတော့ အတန်းဖော် ပါကစ္စတန်နိုင်ငံသား အီဂျက်နဲ့တွေ့တယ်။ ကျောင်းကထွက်လာကတည်းက မတွေ့တာဆိုတော့ တစ်နှစ်တောင် ကျော်ပြီ။ စီနီယာ နီပေါမလေး ဒီနာနဲ့တွေ့လို့ ဆူနမ်က အလုပ်အကိုင် အကြောင်းမေးကြရင်း သူတို့ကုမ္ပဏီမှာ အလုပ်ခေါ်နေတယ် စန်းစန်း နင်လျှောက်ပါလားတယ့်...ငါ အွန်လိုင်းမှာ ဖောင်ဖြည့်ပြီး လျှောက်ထားတယ်...တခါမှ အင်တာဗျူး မခေါ်သေးဘူး...ကုမ္ပဏီမှာ လုပ်နေတယ့်သူက ထောက်ခံပေးရင် ခဏလေးပဲ အင်တာဗျူးခေါ်ရောတယ့်... သူတို့က အမ်ယူအမ်ကျောင်းသားတွေအကြောင်း ကောင်းကောင်းသိတယ်... အင်တာဗျူးကျထားတယ့်သူကိုတော့ ထောက်ခံပေးလို့ မရဘူးတယ့်။

အိမ်အပြန်လမ်းမှာ ဆူနမ်က စန်းစန်း နင် ဘယ်တုန်းက အဲဒီကုမ္ပဏီနဲ့ အင်တာဗျူး ကျတာလဲ...အမ်...အဲဒီ ကုမ္ပဏီနဲ့ငါ တခါမှ အင်တာမဗျူးဖူးဘူး...ဟေ...ဒါနဲ့ အင်တာဗျူးကျတယ်လို့ ပြောတာတုန်း...ဒီနာက နင့်ကို ထောက်ခံပေးမလို့ဟာ... သူ ထောက်ခံပေးရင် အင်တာဗျူးဖို့ခဏလေးပဲ...နင်က ကျတယ်ဆိုလို့ဒီနာက မထောက်ခံပေးတော့တာ...ငါ ကျတယ်လို့ မပြောမိပါဘူး...အွန်လိုင်းဖောင်ကို ဖြည့်တယ်လို့ ပြောတာ... (ရာမား) နင် Fill လို့ ပြောတာကို ငါတို့ ကြားတာက Fail ...(အမ်းထရူး  လက်မှာ ဖောင်တိန်နဲ့ရေးပြီး )  စန်းစန်း Fill Fail ပြောကြည့်စမ်း... ဖေးလ် ဖေးလ်...နင့်ဟာက အတူတူပဲ မကွဲပါလား...အသံနေ အသံထား သင်ပေးပြီး ဒါကြောင့် နင် ESL တက်ရတာ။

စန်းစန်းရေ အလုပ်ရှာတာ အခြေအနေ ဘယ်လိုလဲဟေ့...ဖုန်းအင်တာဗျူးရှိတယ် အူတာ့ပြည်နယ်က... ဟေ..အူတာ့ပြည်နယ်ဆိုတာ ဘယ်ပြည်နယ်ပါလိမ့် စာလုံးပေါင်းပြ... ယူတီအေအိပ်ချ်... အောင်မလေး...အဲတာ ယူတာ့လို့ ထွက်တယ်...သိဘူးလေ စင်္ကာပူမှာ Pula Ubin ပူလာအူပင် ယူကို အူလို့ အသံထွက်တယ်... (ဂျရတ် နဖူးကို လက်နဲ့ ရိုက်လိုက်ရင်း) မှားပါတယ် ကိုသောင်းရယ် အဲလေ...စန်းစန်းရယ်။

(အမ်းထရူး) ဂျေအိုအက်စ်အီး (Jose) ကို ဘယ်လိုအသံထွက်လဲ...စပိန်လို ဂျေကို အိပ်ချ်လို့ အသံထွက်တယ် အဲဒါ ဟိုဆေးလို့ ထွက်ရတယ်...လာမစမ်းနဲ့နော် ဆူနမ်တို့က ငါ့ကို မီနီဂူဂယ်လို့ နာမည်ပေးထားတာ..ဟွင်း..ဟွင်း...
ယူတာ့ကို အူတာ့လို့ မှားထွက်တာ၊ Fill နဲ့ Fail က မကွဲတာက လွဲလို့... း)


6 packs...

(ဆူနမ်) စန်းစန်း နင် 6 packs ဆိုတာ သိလား...သိတယ် ဗိုက်မှာ ၆ မြှောင်းရှိတာ...(ရာမား) အမ်းဒရူးမှာ ၆ မြှောင်း ရှိလား...(စန်းစန်း) ၆ မြှောင်းတော့ မတွေ့ဘူး...၃ လဗိုက်တော့ တွေ့တယ်...
တိန်...

အိန္ဒိယရုပ်ရှင်ဆိုရင် အမီတာဘဂျမ်း၊ ရှာရွှတ်ခမ်း၊ ဆမ်မခမ်းလောက်သာသိတယ့် ကိုယ့်ကို ဆမ်မခမ်းက အသက် ၄၅ ရှိပြီ... ဟေ..ငါက ၃၀လို့ ထင်နေတာ...အဲဒီမင်းသမီး အသက် ၅၀ ကျော်... ဟေ...ငါက ၃၅ လို့ ထင်နေတာ... (အမ်းဒရူး) ငါ ငယ်ငယ်တုန်းက ငါ့အမေ သူ့ရုပ်ရှင်တွေ ကြည့်တာ... အောင်မလေး သူတို့ ဘာလို့ ဒီလောက် နုနေကြပါလိမ့်... ဘိုတောက်ထိုးလို့များလား မသိဘူး...မဟုတ်ဘူး...လေ့ကျင့်ခန်းလုပ်လို့...ငါလည်း လေ့ကျင့်ခန်း လုပ်ဦးမှ...နောက်နေ့ အိမ်နားက ရေကန်တပတ် လမ်းလျှောက်ပြီးသောအခါ အရွယ်မတင်လည်း ရှိစေတော့ ...း)

ရာမားတို့ရုံးမှာ အင်တာဗျူးသွားဖြေတယ့် အမ်းထရူးကို ဗျူးပြီးပြီးချင်း ရာမားစီနီယာ ရာမားကို မေးတာက အမ်းထရူးက ရာမားထက် အသက်ကြီးလားတယ့်။ ကျောင်းပြီးတယ့်အချိန်၊ လုပ်သက်က သိပ်မကွာတော့ ရွယ်တူလောက်ပါပဲ... ဒါပေမယ့် အမ်းထရူးက အသက်ကြီးပုံပေါက်နေတယ်... သွားမပြောနဲ့နော်...ရာမားက သွားမပြောရှာဘူး ဂျီတော့ကနေပဲ ရိုက်ရှာတယ်။ အဲဒီကတည်းကစလို့ အန်ကယ်အမ်းထရူး အမည်တွင်တော့တာပဲ...(စန်းစန်း) အမ်းထရူးတို့များ အခုတောင် အန်ကယ်ရုပ် ပေါက်နေတာ ၃၅လောက်ဆို သေချာတယ် ဂရမ်ပါရုပ်...
တိန်..သေပြီဆရာ



If you fall down...

ဒယ်လာဝဲယားပြည်နယ်က အမ်စမီတာမန်ချေးတို့အိမ်ကို ပိတ်ရက်မှာ သွားလည်တော့ သူ့ညီမဝမ်းကွဲတို့ ဇနီးမောင်နှံလည်း ရောက်နှင့်နေတယ်။ ကိုယ်တို့လေးယောက် အိပ်ယာက ဧည့်ခန်းထဲမှာ။ တီဗွီဖက်အခြမ်းမှာ ငါ အိပ်လို့မရဘူး ကန်မိလိမ့်မယ်...အဲဒါဆို နင် ဆိုဖာဖက်မှာ အိပ်...ဆူနမ်ကအလယ် ရာမားနဲ့ကိုယ်က ဆူနမ့်ဘေးမှာ...ဆိုဖာမှာ အမ်းထရူးစောင်တွေ့တော့ အမ်..အမ်းထရူးက ဆိုဖာမှာ အိပ်မှာလား...အေး...ဟေ...ငါ ငယ်ငယ်တုန်းက ကုတင်ပေါ်က ပြုတ်ကျလို့ မကြီးက ငါ့ကို နံရံဖက်ထားအိပ်ရတယ်...သူ ပြုတ်ကျရင် ဒုက္ခပဲ...ပေါင် ၁၈၀ ငါတော့ သေပြီဆရာ...ဟား..ဟား...စိတ်မပူနဲ့ ဟိုတခေါက်တုန်းကလည်း သူဒီလိုအိပ်တာ မပြုတ်ကျဘူး  စိတ်ချ...If you fall down, I will kick you နင်ပြုတ်ကျလို့ကတော့ ငါ ကန်လိုက်မှာနော်...ဟာ...နင် ဒီလောက် စိတ်မချဖြစ်နေရင် နင် ဆိုဖာပေါ်အိပ်..ငါ အောက်မှာ အိပ်မယ်..သေချာတယ် ငါ ပြုတ်ကျမှာ...

ဆိုဖာပေါ်က ကောင်လေးတယောက် ကြမ်းပြင်ပေါ်က ကောင်မလေးသုံးယောက် ညလုံးပေါက် စကားတွေ ပြောကြရင်း တချိန်တုန်းက ကုတင်ပေါ်မှာ ခပ်ပိန်ပိန် ကောင်မလေးနှစ်ယောက် ကြမ်းပြင်ပေါ်မှာ ကောင်မလေးနှစ်ယောက် တော်နေဒိုးဖြတ်ချိန် မိုးခြိမ်းသံတွေ လျှပ်စီးလက်သံတွေကြား တခါတလေ စကားတွေပြောလိုက် တခါတလေ ဘုရားစာရွတ်လိုက် အတူတူ စုအိပ်ကြတယ့်ညကို အမှတ်ရမိတယ်...


dating...

ရာမားတို့ရုံးမှာ အင်တာဗျူးမယ့် အမ်းထရူးအကြိုအပို့က ကိုယ့်တာဝန်။ သူ အင်တာဗျူးနေတုန်း ကိုယ်ကလည်း လျှော့ပင်းမောလ်မှာ ဝင်းဒိုးလျှော့ပင်း။ ဆူနမ်က နင်တို့နှစ်ယောက်ရဲ့ first date က ဘယ်လိုလဲဆိုတော့ ပင်ပန်းလိုက်တာ ကား၂နာရီလောက် မောင်းရ လျှော့ပင်းနေရလို့။  ဆူနမ်နဲ့ အမ်းထရူး ဈေးဝယ်ဖို့သွားရင် ကိုယ်က gurung တွေရဲ့ date လို့ နာမည်တပ်တယ်။ အမ်းထရူးခမျာ ဒိတ်တွေ များနေရှာတယ် ကောင်မလေးသုံးယောက်နဲ့။

အမ်းထရူး ဟင်းချက်ကောင်းတယ်...မီးဖိုချောင်မှာ ချက်ပြုတ်နေတယ့် ယောကျ်ားလေးကမှ ဆွဲဆောင်မှုတာ...အမ်းထရူးကို ယောကျ်ားလေးလို့ မထင်မိဘူး...ကျောင်းမှာတုန်းက ငါတို့လေးယောက်...အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမှာတုန်းက ငါတို့သုံးယောက်လို့ခံစားရတယ်...တိန်... အင်တာဗျူးပြီး နောက်နေ့ အလုပ်ရတယ့် အမ်းတရူးတယောက် ညာညာဟင်းချက်ခိုင်း မြှောက်ပင့် ဖဲ့တတ်တယ့် ထိုသူငယ်ချင်းသုံးယောက် ရန်ကြောက်လို့ အိမ်ကို အပူတပြင်း လိုက်ရှာတယ်...

Calories....

ရာမားက သူမကြိုက်တယ့် အစားအစာဆို ကယ်လိုရီကို ရမယ်ရှာတယ်...Chipolet က ကယ်လိုရီ ၃၀၀ နီးပါး...ရာမား နင် အမေရိကန် ဖြစ်လာပြီ...ကယ်လိုရီ သိပ်ဂရုစိုက်တာပဲ...ငါတော့ လုံးဝဂရုမစိုက်ဘူး...ကြိုက်တာ စားမှာပဲ...မက်ဒေါနယ်က မိုကာအအေးဝယ်တယ့် ရာမားကို (စန်းစန်း) သကြားက ကယ်လိုရီ ၁၀၀...(အမ်းထရူး) ခရင်က ၁၅၀...(ဆူနမ်) ကော်ဖီက ၅၀ ပဲ ထားပါတော့...(စန်းစန်း) နင့် မိုကာတခွက်က ငါတို့ ညစာထက်တောင် ကယ်လိုရီ ပိုများသေးတယ်...အမေရိကန်တွေလည်း ဒီလိုပဲ ကယ်လိုရီကိုသာ တွက်ချက်နေတာ...သူတို့စားချင်တာဆို ကယ်လိုရီ မတွက်တော့ဘူး...း)


Apple eater...

ကြေကွဲကွန်ပျူတာဖြစ်သွားလို့ မော်နီတာတခြမ်းလေးကိုပဲ အတင်းပြူးပြဲကြည့် ရာမားကွန်ပျူတာလေး တခါတလေယူသုံးနေတာ ဆိုနီဗာဗီယို လုံးဝအနားယူသွားလို့ တက်စ်ရီဖန်းရတာနဲ့ ဝယ်လိုက်တယ် မက်ဘွတ်ပရိုရီတင်နာ ၁၅ လက်မ (MacBook Pro with Retina Display)။ အလုပ်ရှာတယ့်နှစ်လ နေထိုင်စားသောက်စရိတ်ငြိမ်း၊ ရာမားကုမ္ဗဏီမှာ အလုပ်သွင်းပေးလို့ ကျေးဇူးဆပ်တယ့်အနေနဲ့ အမ်းထရူးက လက်ဆောင်ပေးတယ့် အိုင်ပတ်မီနီ တယောက်တခုနဲ့ ဆူနမ်၊ ရာမား ဂိမ်းဆော့တာကို ကိုယ်ကလည်း ဘေးကနေ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ဝင်ပါတတ်တယ် ။ မနက်မိုးလင်းရင် အိပ်ယာက မထသေးဘဲ အိုင်ပတ်နဲ့ နှပ်တတ်
ကြတယ်။ သူတို့ကို အားကျလို့ ဝယ်ဦးမယ် အိုင်ပတ်မီနီ ရုံးအသွားအပြန် ရထားပေါ်မှာ စာဖတ်ဖို့။


Back to school...

အလုပ်ရှာတာ ၂ လခွဲ ၃လ ကြာလို့ အလုပ်မရသေးရင် ကျောင်းကိုပြန်ပြီး သုံးပတ်ဆင်မီနာ တက်ရတယ်။ ကိုယ်ကျောင်းတက်နေတုန်းက စီနီယာ တရုတ်အကိုကြီးနဲ့ အိန္ဒိယမလေးတယောက် ပြန်လာတက်တာ တွေ့တော့ ကိုယ်ဒီလိုမဖြစ်နိုင်ပါဘူးလို့ ထင်ထားတာ မဖြစ်နိုင်တာတွေလည်း ဖြစ်တတ်ပါတယ်။ကိုယ့်လက်ရာထက်တောင် ညံ့တယ့် ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ကျောင်းက သက်သက်လွတ် အော်ဂင်းနစ် အစားအသောက်တွေ စားရမယ့်ကိုယ့်ကို ဆူနမ်တို့က  အဝစားသွား ကျောင်းမှာ နင် ငတ်လိမ့်မယ်ဆိုပြီး ပါတီပွဲလေး ကျင်းပပေးတယ်။



လေယာဉ်လက်မှတ်၊ တက္ကစီခ ဈေးကြီးလို့ ဈေးသက်သာတယ့် ဘတ်စ်ကားနဲ့စနေနေ့ ညနေ ၂ နာရီ ဖရက်ဒရစ် မေရီလန်းပြည်နယ်က စတင်တာ တနင်္ဂနွေနေ့ ညနေ ၄ နာရီမှာ အိုင်အိုဝါပြည်နယ်ကို ရောက်တယ်။ Pittsburgh ပင်ဆယ်ဗေးနီးယားပြည်နယ် Cleveland အိုဟိုင်းရိုးပြည်နယ် ၊ အီလီနွိုက်ပြည်နယ် ၊ Burlington  အိုင်အိုဝါပြည်နယ်တွေမှာ တထောက်နားတယ်။ မိုင် ၉၀၀ ဝေးပြီး ၁၄ နာရီ မောင်းရမှာ။ ဘတ်စ်ကားကတော့ တရက်ခရီး လေယာဉ်နဲ့ဆိုရင် ၂ နာရီလောက်ပဲ ကြာမယ်။ ကားပေါ်မှာ စာဖတ်လိုက်၊ သီချင်းနားထောင်လိုက်၊ ဘတ်စ်အင်တာချိန်းက ဖရီးဝိုင်ဖိုင်နဲ့အုတ်လမ်း တွယ်တက်လိုက်။

ကဗျာဆရာဆိုရင် ကဗျာကောင်းလေးတွေ ထွက်လာနိုင်ပေမယ့် ကဗျာပါရမီ အားနည်းရှာတယ့် ကိုယ့်ကတော့ မြို့လေးရောက်တုန်းရောက်ခိုက် ကဗျာလည်းမကျ၊ အက်ဆေးလည်းမကျတယ့် အရင်အတိုင်း ဆိုတယ့် ပို့စ်လေးတပုဒ်ရေးပြီး ပဟေဋ္ဌိ ဖွက်လိုက်သေးတယ်။ ကိုညိမ်းနိုင် က မှတ်မိနေတယ် ချစ်သူရဲ့မြို့ ဆိုတာ။ ၂၀၁၂ ဖေဖေါ်ဝါရီ ကျောင်းက မထွက်ခွာခင် ချစ်သူရဲ့မြို့ ပို့စ်လေး ရေးတင်ဖူးတယ်။ အမည်မသိ အဖြေမှန်ပါတယ်။ ကိုယ်ကျောင်းတက်ခဲ့တယ့် အိုင်အိုဝါပြည်နယ် ဖဲဖီးမြို့လေးပါ။

ပရောဂျက်စီမံခန့်ခွဲမှု လာတတ်တာ ကိုယ်ရယ်၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဂျိုဆေးမြို့က တရုတ်လေး လေ့၊ မွန်ဂိုလီးယား တမက်။ လေ့က ကယ်လီဖိုးနီးယားမှ ကယ်လီဖိုးနီးယား။ အာဂျီရိုဆောင်ကို  ကိုယ်က နေ့လည်စာ သွားစားပေမယ့် အဲဒီကောင်လေးနှစ်ယောက်က တနှစ်နီးပါး တို့ဖူးစားခဲ့တာ လုံလောက်ပြီ နောက်ထပ် လုံးဝမစားချင်ဘူးဆိုပြီး လုံးဝကိုသွားမစားဘူး အဲလို ပြတ်သားတာ။ ဧပရယ် ၁၀ မှာ ဧပရယ်ဖူးနေ့ အင်တာဗျူးက အလုပ်ခန့်စာ ( Offer letter)  ပေးလာတယ်။ နောက်တပတ် အင်္ဂါနေ့ ရုံးတက်နိုင်မလားတယ့်။ ကျောင်းကို အသိပေးတော့ စနေနေ့အထိ တပတ်တက်ပြီး  ဝမ်းခရက်ဒစ်ရရင် ကျောင်းကခွာလို့ရတယ်။ ဆရာ၊ ကျောင်းသားတွေနဲ့ ညှိကြတော့ သောကြာနေ့ညနေမှာ ပရက်ဆက်တေးရှင်းပေးပြီး စနေနေ့မှာ ချစ်သူရဲ့မြို့လေးက ထွက်ခွာခဲ့တယ်။



ဆူနမ်တို့က ပြောကြတယ်...စန်းစန်းတယောက် ကျောင်းမှာ အော်ဂင်းနစ်သက်သက်လွတ်တွေစား တီအမ်လို့ခေါ်တယ့် တရားထိုင်လို့ အလုပ်ရတာဆိုပဲ...အောင်မြေသွားနင်းတယ်ဆိုပါတော့...ကိုယ့်ကံကိုက ဘယ်အရာကို လွယ်လွယ်နဲ့ မရတတ်ဘူး...စိတ်ညစ်ပြီးမှ ရတတ်တယ်...ချစ်သူရဲ့မြို့လေးမှာ လမ်းအတော်လျှောက်ဖြစ်တယ်...ဝေါမတ်ကို ရောက်တာ (Router) ဝယ်ဖို့ လမ်းလျှောက်တယ်...ပီဇာရန့်ဇ် ကြက်ကြော်စားဖို့ လမ်းလျှောက်တယ်...ဘတ်စ်ကား လတ်မှတ်ချိန်းဖို့ လမ်းလျှောက်တယ်....ရောက်တာ ပြန်လဲဖို့ လမ်းလျှောက်တယ်...မြို့ကို နှုတ်ဆက်ဖို့ လမ်းလျှောက်တယ်....

စီပီတီလို့ခေါ်တယ့် အင်တန်းက စက်တင်ဘာဆို ကုန်ပြီ။ တကယ်ဆိုရင် ဧပြီလမှာ H1B လို့ခေါ်တယ့် အလုပ်ဗီဇာကို လျှောက်ရမှာ အလုပ်အဆင်မပြေလို့။ အခုအလုပ်က တနှစ်ကွန်ထရပ် နောက်နှစ်မှ H1B လျှောက်ပေးမှာ ဒီတော့ နောက်ထပ် ၃ ဘာသာ ထပ်ယူပြီး စီပီတီ တစ်နှစ်ထပ်တိုးရတယ်။ ကျောင်း ၊စာမေးပွဲကို စိတ်ကုန်နေသူက နောက်ထပ် ၃ ဘာသာ ထပ်ယူတယ် ကျောင်းတက်နိုင်သူကြီးပါ ခင်ညာ။ ရှေ ့နှစ် ကုမ္ဗဏီက H1B  မလျှောက်ပေးရင် school loan တွေ ကျေအောင်ဆပ်ပြီး စီပီတီကုန်တာနဲ့ စင်္ကာပူကို ပြန်တော့မယ်။ စတိတ်မှာ မပျော်ဘူး စင်္ကာပူမှာ ပျော်တယ်။ ဒီကျောင်းက ပရိုက်ဗိတ် (Private) ကျောင်းမို့လို့ အကြွေးမကျေရင်၊ GP ၃.၀ အောက်ဆိုရင် ဘွဲ့မပေးဘူး။ H1B မရသေးဘဲနဲ့ ဘွဲ့ယူလိုက်ရင်လည်း ကျောင်းသားဗီဇာ ကုန်ရော။ အကြွေးကြေ ၊ GP ၃.၀ အထက်၊ H1B ရမှ ဘွဲ့ယူလို့ ရပါမယ်တယ့် ခင်ည။

လေ့က ကယ်လီဖိုးနီးယားပြည်နယ်ကနေ အိုင်အိုဝါပြည်နယ်အထိ ၃ရက် ကားမောင်းလာတယ်။ ကိုယ်လည်း မိုင် ၆၀၀ တရက်မောင်းဖူးတာမို့ အတွေ့အကြုံတွေ ဖလှယ်ကြတယ်။ လေ့က သူ့မှာ ကားဘီးလဲဖို့ပင့်စက်၊ လေထိုးတံ၊ ဘတ်ထရီဒေါင်းသွားရင် တခြားကားကနေ ဂျန့်ခ် ဘတ္တရီသွင်းဖို့ ကေဘယ်၊ နှင်းတွေကျရင် ကားဘီးပတ်ဖို့ ချိန်းရှိတယ်...ငါ့မှာ ဘာမှ မပါဘူး...ဟေ...မိုင် ၆၀၀ ကို ဘာမှမပါဘဲ မောင်းတယ်...ဘုရားရေ...တခုခုဖြစ်ရင် နင် ဘယ်လိုလုပ်မတုန်း...၉၁၁ ခေါ်လိုက်မှာပေါ့...ဖုန်းစစ်ကနယ် မမိတယ့် နေရာဆို ဘယ်လိုလုပ်မလဲ..သိဘူး...တမက်နဲ့ လေ့ ပြုံးကြတယ်...ဘယ်လိုဟာမလေးပါလိမ့်....


Boston Marathon Bombing...

အိမ်ရှာနေတာနဲ့ ဘော့စတွန် မာရသွန် ဗုံးပေါက်တာတောင် မသိလိုက်ဘူး။ လုံခြုံရေး ကင်းလှည့်တယ့်ရဲ ပစ်သတ်ခံရပြီး ကားကိုပြန်ပေးဆွဲ၊ ပြန်ပေးဆွဲခံရသူက ဆီဖြည့်နေတုန်း ထွက်ပြေးလွတ်မြောက်ပြီး ရဲကို သတင်းပေး။ အက်ဖ်ဘီအိုင်က သံသရှိတယ့် ညီအစ်ကိုနှစ်ယောက်  ဓာတ်ပုံကို ထုတ်ပြန်ကြေငြာ၊ အပြန်အလှန် ပစ်ခတ်ရင်း အကိုဖြစ်သူ သေဆုံး၊ ညီဖြစ်သူက ထွက်ပြေးလွတ်မြောက်လို့ ဘော့စတွန်တမြို့လုံးက ကျောင်းတွေ ရုံးတွေ အကုန်ပိတ်၊ သံသယရှိသူ ခိုအောင်းနေတယ့် ဝါးတားတောင်းတဝိုက်က အိမ်ထဲက လူတွေ အပြင်မထွက်ဘဲ အိမ်ထဲမှာနေဖို့၊ ရဲကလွဲပြီး ဘယ်သူ့ကိုမှ တံခါးမဖွင့်ပေးဖို့၊ သံသယရှိသူမှာ ပေါက်ကွဲစေတယ့် ပစ္စည်းတွေ လက်ဝယ်ရှိပြီး အန္တရာယ် ကြီးမားတာမို့ ကိုယ်တိုင်မရင်ဆိုင်ဘဲ ရဲကိုသတင်းပေးဖို့ အက်ဖ်ဘီအိုင်က ကြေငြာချက် ထုတ်ပါတယ်။

အမေရိကန်သမိုင်းမှာ အကြီးမားဆုံး တအိမ်တက်ဆင်း လိုက်ရှာတယ့် manhunt ၊ အိမ်နောက်ဖေး မော်တော်ဘုတ်ထဲမှာ မသင်္ကာဖွယ်ရာ သွေးတွေနဲ့ လူတယောက်တွေ့တယ်လို့ အိမ်ပိုင်ရှင်က သတင်းပေးပြီး မကြာခင် ရဟတ်ယာဉ်တွေ၊ လူနာတင်ယာဉ်တွေ ရောက်လာပြီး ဖမ်းဆီးပါတယ်။The suspect is in custody လို့ ကြေငြာလိုက်ရင်ပဲ ဘောစတွန်သားတွေ လမ်းမပေါ်ထွက်ပြီး အောင်ပွဲခံပါတယ်။  Law Enforcement ၊ SWAT ၊ FBI ၊ Police တွေ ထွက်ခွာရင် ဘောစတွန်သားတွေက လက်ခုပ်တွေတီးကာ ပွေ့ဖက်ကာ ဂုဏ်ပြုကြပါတယ်။ ပြည်သူတွေ လုံခြုံရေးအတွက် ၂၄နာရီ တပတ်လုံးလုံး  အချိန်ပြည့် အလုပ်လုပ်ခဲ့ကြသူတွေမလား။ ဗုံးပေါက်ပြီး တပတ်အကြာ သံသယရှိသူကို ဖမ်းမိပါတယ်။

ရုရှနိုင်ငံ ချေချင်းညှာမှာ မွေးခဲ့ပြီး အမေရိကန်ကို လွန်ခဲ့တယ့် ဆယ်စုနှစ်က ရောက်လာတယ့် ညီအကိုနှစ်ယောက်။ ပစ်ခတ်ရင်း သေဆုံးသွားတယ့် အကိုက အသက် ၂၆ နှစ် ဘောစ်ဆင်လက်ဝှေ့ဝါသနာပါပြီး အဓိကဦးဆောင်သူ။ အသက်မသေဘဲ ကျန်ရစ်နေတယ့် ညီကတော့ ၁၉ နှစ် အကိုနောက်ကို ခွေးလေးလို လိုက်နေတတ်သူ။ အစွန်းရောက်မွတ်စလင် အကြမ်းဖက်သမား ဖြစ်လာနိုင်တယ်လို့ ရုရှက သတင်းပေးလို့ ဖက်ဘီအိုင်အေးဂျင့်က အကိုဖြစ်သူကို လွန်ခဲ့တယ့်တစ်နှစ်လောက်က စစ်မေးဖူးပေမယ့် သံသယဖြစ်စရာ မတွေ့ရတယ့်အတွက် အမှုပိတ်လိုက်တယ်လို့ ဆိုပါတယ်။

credit to  - Google

၂၀၁၂ မှာ ရုရှကို ခြောက်လသွားလည်စဉ် ချေခြင်းညှာခွဲထွက်ရေးသမားတွေ၊ အစွန်းရောက်မွတ်စလင် အကြမ်းဖက်ရေးသမားတွေနဲ့ ဆက်သွယ်ခဲ့သလားလို့ ဖက်ဘီအိုင်က စစ်ဆေးနေပေမယ့် ဖခင်ကတော့ သူနဲ့တချိန်လုံး ရှိနေခဲ့တာလို့ ဆိုပါတယ်။ ဖက်ဘီအိုင်က အကြမ်းဖက်အဖွဲ့အစည်းတွေ (အယ်ခိုင်ဒါ) ၊ အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းတွေ မတက်ဘဲ အင်တာနက်ကနေ ပရက်ရှာကွက်ကာသုံး ဖောက်ခွဲနည်းတွေ လေ့လာပြီး အိမ်မှာပဲ ဗုံးပြုလုပ်တာလို့ ကောက်ချက်ချပါတယ်။

ဗုံးကွဲပြီးနောက် ညီဖြစ်သူက ကျောင်းတွေ၊ ပါတီတွေကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဘော့စတွန်မှာ ဖောက်ခွဲပြီး လူစည်ကားတယ့် နယူးရောက်တိုင်းစကွဲယားကို ဦးတည်ပေမယ့် ပြန်ပေးဆွဲတယ့်ကားက ဆီကုန်သွားလို့ ဆီဖြည့်နေတုန်း ပြန်ပေးဆွဲခံရသူက ထွက်ပြေးလွတ်မြောက်ပြီး ရဲကိုသတင်းပေးလို့ နယူးရောက်တိုင်းစကွဲယားက လွတ်သွားတယ်။ ရုပ်ဆိုးအကျဉ်းတန် ရက်စက်လွန်းတယ့် ဗုံးခွဲမူတွေလုပ်ဖို့ ဒီလူငယ်လေးတွေကို ဘယ်အရာက အမှောင်တိုက် သွင်းလိုက်ပါ့လိမ့်...

နှစ်တစ်ရာကျော် ကျင်းပလာတယ့် ဘောစတွန်မာရသွန်ဟာ လမ်းတလျှောက် အားပေးသူမပြတ် ရှိတာမို့ နာမည်ကြီးပါတယ်။ ပန်းဝင်လာတယ့် အပြေးသမားတွေရဲ့ အပျော်တွေကို ပြသနေတယ့် တီဗီချယ်နယ်တွေဟာ သွေးသံတရဲရဲ ဗုံးပေါက်ကွဲသတင်းတွေကို breaking news ပြောင်းရတော့တယ်။ တချို့တဝက်က ပြေး တချို့တဝက်က ဘယ်သူဘယ်ဝါ မသိလည်း ရိုင်းပင်းကူညီကြတာ ဗီဒီယို၊ ဓာတ်ပုံသတင်းတွေက ပြသပါတယ်။ ပွဲကို ခဏတာ ရပ်ဆိုင်းပြီး ဆက်ကျင်းပပါတယ်။ အပြေးသမားတွေဟာ ပန်းဝင်ကြပေမယ့်လည်း ဆက်ပြေးကြပါတယ် အမေရိကန်ကြက်ခြေနီ သွေးလှုဌာနကို။ သွေးတွေ လုံလောက်နေပါပြီလို့ ကြေငြာချက် ထုတ်ရတယ့် အထိ။ ၉ / ၁၁ နောက်ပိုင်း အဆိုးရွားဆုံး ပေါက်ကွဲမူဖြစ်တယ့် ဒီဗုံးခွဲမှုက အမေရိကန်တနိုင်ငံလုံးကို တုန်လှုပ်စေပါတယ်။

အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်၊ မြောက်ကိုရီးယား ဒုံးကျဉ်ပစ်မှတ်က အမေရိကန်၊ ပြည်ပက အကြမ်းဖက်သလို ပြည်တွင်းမှာလဲ ဘယ်နေရာ သေနတ်ပစ်လို့ ဘယ်နှစ်ယောက်သေပြန်ပြီ။ စတိတ်မှာ နေရတာ အသက်ကို ဖက်နဲ့ထုပ်ထားပေတော့။ လူစည်ကားတယ့် နေရာတွေ မသွားနဲ့နော်...အကြမ်းဖက်သမားတွေက နယူးရောက်တိုင်းစကွဲယား၊ အိမ်ဖြူတော်၊ ဝါရှင်တန်စတိတ်ကယ်ပီတယ်တို့ကို ပစ်မှတ်ထားတာ...နင်လည်း သတိထား...လမ်းသွားနေရင် ရထားစီးနေရင် ဘုရားစာရွတ်..

credit to - Google
Hair Cut & Dryer ...

စတိတ်ကို လာတုန်းက ဆံပင်ကို ဘိုကေသာသာ ညှပ်ခဲ့တယ် ဆံပင်ညှပ်ခ သက်သာအောင်။ တစ်နှစ်ကြာတော့ ကန်တက်ကီမှာ ဆံပင်ညှပ်တယ် အမေရိကန်ဆိုင်မှာ။ ပုံဆွဲပြလည်း နားမလည် စတပ်ဖ်ဆိုလည်း နားမလည်။ အိုင်ပတ်ကြီး ထိုးပေးပြီး ပုံပြတယ့် ကိုရီးယားမင်းသမီး ကင်ဟာနူးပုံပြပြီး ညှပ်ခိုင်းရတယ်။ ဒါတောင် နှစ်ပတ်ဘွတ်ကင်းယူ လက်သင်လေးတွေနဲ့ ညှပ်လို့ပရောက်ဖက်ရှင်နယ်တွေနဲ့ဆိုရင် တလစောင့်ရတယ်။ လက်သင်လေးဆိုတော့ အသေအချာ ညှပ်ပေးတယ်။ သိပ်မကြိုက်ပါဘူး..ရှည်လာတော့လည်း မဆိုးဘူး။

ရှေ့တပတ်က ဆံပင်အဖျားတွေ ပျက်စီးနေလို့ သွားညှပ်တာ မက်ဆီကန်ဆိုင်။ သရီးလေယာ ဒီလောက်အနေအထား ရှေ့တစောင်းလို့ ပြောတော့ နားလည်တယ်။ မက်ဆီကန်မတွေက ဒီလိုပုံမျိုးပဲ ညှပ်တယ်နဲ့တူတယ်.။ ခေါင်းလျှော်ပြီးတော့ မေးတယ် HairCut Dryer လားတယ့် ။ ဟင့်အင်း Hair cut only။ ငါးမိနစ်လောက်ပဲကြာတယ် မှန်ထောင်ပြတယ် နောက်ဖက်ကို မြင်ရအောင်။ အင်း ကောင်းတယ်။ တင်နေတယ့် ဆံပင်တွေကို ခါချနေလို့ မသင်္ကာတာနဲ့ မေးကြည့်တော့  Haircut only ပြီးပြီလေတယ့်။

ဟေ..ဆံပင်ရေစိုကြီး ဒီအတိုင်း ပြန်ရမှာလား မနေ့က မိုးမိလို့ ဟပ်ချိုးနေတာ ဆံပင်ကို Dryer မှုတ်ပေးပါလာ။ မေးတယ်လေ အစက Hair cut နဲ့Dryer လားလို့Hair cut ပဲဆိုလို့ Hair cut က ၂၅ Dryer လုပ်ရင် ၃၅။ အိုကေ ကောင်လေးတွေ ကတုံးဆံတောက်ညှပ်တာ ၁၅ မိနစ်လောက် ကြာတယ် ငါ့ကျတော့ ၅ မိနစ်တောင် မကြာဘူး ဒီအတိုင်း ဂျွှမ်း..ဂျွှမ်း ညှပ်ချတာ.

အလှအပရေးရာ ကျွှမ်းကျင်သူ ရာမားက ညှပ်တာမဆိုးဘူး သဘောကျတယ် သွားညှပ်ဦးမှ။ Dryer ခ ၁၀ သက်သာအောင် အိမ်က Dryer သယ်သွားဦးမယ်။ ၁၅ ကျပ်ဆို Dryer အသစ်ဝယ်လို့ရတယ်။ ဆံပင်ညှပ်ခ သက်သာပေမယ့် Dryer ခ ရိတ်သကိုး။ ကြုံဖူးပေါင် ဒီလို Dryer ခ တောင်းတယ့် ဆံပင်ညှပ်ဆိုင်မျိုး။


Office...

ကုမ္ဗဏီက ကလိုင်းရင့် အလုပ်သမားဌာန ( Department of Labor - DOL ) အတွက် ဆော့ဝဲတွေ ရေးပေးတယ်။ ယူနိုက်တက်စတိတ်ကယ်ပီတယ် (United States Capitol) ရဲ့ နောက်ဖက် DOL နဲ့ ကပ်လျက်ရုံး ။ အစိုးရရုံးတွေ အများကြီးရှိတယ့်နေရာမို့ ရုံးဝတ်စုံအပြည့် ဝတ်ကြတယ့် အဲဒီနေရာလေးကို  အင်တာဗျူးသွားကတည်းက သဘောကျနေတာ။

မနက် ၇ နာရီ အိပ်ယာထ မက်ထရိုလို့ ခေါ်တယ့် ဘူတာကို ၁၅ ၊ ၂၀ မိနစ်မောင်း၊ ကားကို ဘူတာပါကင်းဝင်းမှာထား၊ Shady Grove  အနီရောင်လိုင်းအစ ဘူတာကနေ ၄၅ မိနစ်စီး ရုံးကို ၁၀ မိနစ် လမ်းလျှောက် အိမ်ကနေ ရုံးကို ၁ နာရီခွဲ။ ပင်ပန်းလွန်းလို့ ရထားပေါ်မှာ အိပ်ငိုက်တယ်။ ဆူနမ်တို့က ကားကို Reserved Parking လုပ် အဲတာဆို နေရာရှာစရာ မလိုတော့ဘူးဆိုလို့ မက်ထရိုဆိုဒ်မှာ ရှာတော့ Reserved Parking fee က တလကို ၄၅ - ၆၅  တနေ့ပါကင်းခ ၅ကျပ်က မပေးမနေရ။

ပင်ပန်းလွန်းလို့အိမ်အသည်းအသန် လိုက်ရှာပြီး ဒီတပတ် တနင်္ဂနွေ အိမ်ပြောင်းတယ် Silver Spring  မေရီလန်းပြည်နယ်။ ဆူနမ်တို့နဲ့ နာရီဝက်ပဲ ဝေးတယ်။ အိမ်ကနေ မတ်တရိုကို ၅ မိနစ် အနီရောင်လိုင်း အစ Glenmont ကနေ မိနစ် ၃၀ စီး ရုံးကို ၁၀ မိနစ်လျှောက် အိမ်ကနေ ရုံးကို ၁ နာရီအတွင်း ရောက်တယ်။ ရုံးနဲ့ နီးတယ့်နေရာ၊ မတ်ထရိုနဲ့ နီးတယ့်နေရာတွေက ဈေးကြီးတယ်။


စင်္ကာပူသူ နစ်ကိုးက သတင်းပေးတယ် အဲဒီမှာ မြန်မာတွေ အများကြီး မြန်မာစားသောက်ဆိုင်တောင် ရှိတယ်တယ့်။ ဂူဂယ်မှာ ရှာတော့ မန္တလေး မြန်မာဆိုင် တွေ့တယ်။ Rating လည်း ကောင်းတယ်။ ပိတ်ရက်တွေမှာ မြန်မာစာ စားလို့ရပြီကွ။ ဝါရှင်တန်ဒီစီ မတ်ထရို အနီရောင်ရထားလိုင်းပေါ်မှာ တခါတလေ ငိုက် တခါတလေ စာဖတ် တခါတလေ သီချင်းနားထောင်တတ်ပြီး Union Station ၊ United States Capitol နားမှာ မျက်မှန်ထူထူ  swiss gear ကျောပိုးအိတ်နဲ့ ရုံးချိန်မှီအောင် အပြေးအလွှား လမ်းလျှောက်နေတယ့် ကောင်မလေးတယောက် တွေ့ခဲ့ရင် သေချာပါတယ် အဲဒါ စန်းထွန်း...


စန်းထွန်း
ဧပရယ် ၂၇ ၊ ၂၀၁၃။
Credit to  - Andrew and Asmita for their photos

အရင်အတိုင်း...


ကိုယ့်ဇာတိလို့ ခံစားရတာလည်း အရင်အတိုင်း...
လျှောက်ခဲ့ဖူးတယ့် လမ်းတွေဟာလည်း အရင်အတိုင်း...
လမ်းကူးတယ့်သူတွေကို ဦးစားပေးတာလည်း အရင်အတိုင်း...
ဥသြဆွဲပြီး နှုတ်ဆက်ပေမယ့် ဘယ်တော့မှ မရပ်တယ့် ရထားကလည်း အရင်အတိုင်း...

ပီဇာရန့်ဇ် ကြက်ကြော် ကြွပ်ရွပြီး စားကောင်းတာလည်း အရင်အတိုင်း...
အော်ဂင်းနစ်ပေမယ့် အရသာမရှိတယ့် အာဂျီရိုဆောင်က အစားအသောက်တွေကလည်း အရင်အတိုင်း...
ရီဗယ်လက်ရှင်းဆိုင်က ခါးသက်တယ့် ကပ်ပပ်ချီနို ကော်ဖီကလည်း အရင်အတိုင်း...

မြေအောက်ထပ်မှာ ဘိလက်ယက်ထိုး၊ စားပွဲတင် တင်းနစ်ဆော့တယ့်သူတွေကလည်း အရင်အတိုင်း...
နားနေခန်းမှာ အိပ်တတ်သူတွေကလည်း အရင်အတိုင်း...
ဝင်းဒိုးလျှော့ပင်းကြပြီး ဘယ်တော့မှ မဝယ်တယ့် ကျောင်းစတိုးဆိုင်ကလည်း အရင်အတိုင်း...
မြို့ငယ်လေးနဲ့ မလိုက်ဖက်အောင် ကြီးမားတယ့် စာကြည့်တိုက်ကလည်း အရင်အတိုင်း...

ကိုယ့်ကို မှတ်မိကြတာလည်း အရင်အတိုင်း...
ရင်းရင်းနှီးနှီး ပြုံးပြတတ်တာလည်း အရင်အတိုင်း...
တလေးတစား နှုတ်ဆက်ကြတာလည်း အရင်အတိုင်း...
ကိုယ့်မြို့သားတယောက် တွေ့ရသလို ဝမ်းသာကြတာလည်း အရင်အတိုင်း...

ရေကန်ကြီးထဲက ရေတွေကလည်း အရင်အတိုင်း...
ငှက်ကလေးတွေ တေးဆိုသံကလည်း အရင်အတိုင်း...
ရာသီလိုက်ပွင့်တယ့် ပန်းတွေကလည်း အရင်အတိုင်း...
လှပတယ့် သစ်ပင်ကြီးတွေကလည်း အရင်အတိုင်း...

မိုးခြိမ်းသံတွေ တဂျိမ်းဂျိမ်းနဲ့ လျှပ်စီးလက်နေတာလည်း အရင်အတိုင်း...
ကောင်းကင်အုံ့ဆိုင်းလို့ လေထန်နေတတ်တာလည်း အရင်အတိုင်း..
တဖျောက်ဖျောက်နဲ့ မစဲတယ့် မိုးကလည်း အရင်အတိုင်း...
နေပွင့်ပေမယ့် အေးစိမ့်တာလည်း အရင်အတိုင်း...

ဖက်ရှင်မကျတာလည်း အရင်အတိုင်း...
လမ်းမရှုပ်တာလည်း အရင်အတိုင်း...
ဟွန်းသံမကြားရတာလည်း အရင်အတိုင်း...
ရဲကား၊ မီးသတ်ကား၊ လူနာတင်ယာဉ်သံ မကြားရတာလည်း အရင်အတိုင်း...

တိတ်ဆိတ်အေးချမ်းတာလည်း အရင်အတိုင်း...
နွေးထွေးပျူငှာတာလည်း အရင်အတိုင်း...
ခင်မင်နှစ်လိုဖွယ် ကောင်းတာလည်း အရင်အတိုင်း...
လုံခြုံစိတ်ချ အန္တရာယ် ကင်းတာလည်း အရင်အတိုင်း....

တိုးတိတ်ညင်သာတယ့် အသံလေးကလည်း အရင်အတိုင်း...
ရွှေအိုရောင်ဆံပင်လေး နဖူးပေါ်ဝဲနေတာလည်း အရင်အတိုင်း...
နူးညံ့တယ့် မျက်ဝန်းနက်နက်လေးကလည်း အရင်အတိုင်း...

အရင်အတိုင်း ဘာဆိုဘာမှ မပြောင်းလဲတယ့် ကိုယ့်ရဲ့ မြို့ကလေး...

(ခန့်မှန်းကြည့်ပါ...ဘယ်မြို့လေးလဲလို့...အဖြေမှန်ရင် ဆုချမယ်...တဆင့် း)

စန်းထွန်း
ဧပြီ ၁၃၊ ၂၀၁၃။
 Photo is from Google.

မှားယွင်းခြင်း...

Cherry Blossom Kite Festival at Washington, D.C
From March 20 - April 14 2013
Credit to AG

ပျောက်ဆုံးနေတယ့် မျှော်လင့်ချက်တွေ...
ချစ်သော မြို့လေးတွေကို ခွဲခွာရတယ့် ဝမ်းနည်းမူတွေ...
မေ့လဲရင်တောင် ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူးဆိုတယ့် အတွေးတွေ...
ရာသီအလီလီ ပြောင်းခဲ့ပေမယ့် အိမ်ပြန်ဖို့ စိတ်ကူးတောင် မယဉ်ရဲတယ့် ညတွေ...
အလုပ်အသစ်၊ နေရာအသစ်၊ လူအသစ် အရာအားလုံးနဲ့ နေသားကျဖို့ အားထုတ်ရတယ့် အချိန်တွေ...
ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ မှားယွင်းကြောင်း သက်သေပြရချိန်တွေ...
ထိုင်ခုံ၊ အစားအသောက်၊ ဘာသာရပ်၊ ကျောင်းနာမည် ၊ ဘွဲ့ဝတ်ရုံကအစ
ဘာဆိုဘာမှ မကြိုက်တယ့် ကျောင်းက ကျောင်းသူဖြစ်ချိန်တွေ...

ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းထဲက အရာအချို့ကိုသာ လှီးထုတ်ခွင့်ရမယ်ဆိုရင်
အဲဒီအချိန်တွေ ကိုယ့်ဘဝထဲက ထုတ်ပစ်လိုက်ချင်တယ်...

ကိုယ့်ဘဝရဲ့ အမှန်ကန်ဆုံး ရွေးချယ်မူက အန်ယူအက်စ် (NUS) ကျောင်း...
ကိုယ့်ဘဝရဲ့အမှားယွင်းဆုံး ရွေးချယ်မှုက အမ်ယူအမ် (MUM) ကျောင်း...

ငြိမ်သက်နေတယ့် ရေပြင်လေးဟာ အဲဒီကျောင်းသူ ဖြစ်ကတည်းက လှိုင်းတံပိုး ထန်ခဲ့လို့
ရွေးချယ်ခဲ့တယ့် ကိုယ့်ကိုကိုယ်ရော၊ အဲဒီကျောင်းကိုရော ကိုယ် သိပ်မုန်းတယ်လို့ဆိုရင်
ကိုယ် လွန်သလား...

မိသားစုမရှိ သူငယ်ချင်းမရှိတယ့် ကမ္ဘာကြီးရဲ့ ဟိုးတဖက်က အရပ်ဒေသကို သွားမယ်လို့ ဆိုတုန်းက
နင် သတ္တိကောင်းတယ်ဆိုတယ့် စကားလေးကို သွားသတိရမိတယ်...
ဒီလို ဒုက္ခရောက်မယ် ဆိုတာကိုများ မတွေးခဲ့မိလို့ ကိုယ် သတ္တိ ကောင်းခဲ့တာများလား...

စန်းထွန်း
ဧပြီ ၈၊ ၂၀၁၃။

အချစ်ကို မယုံကြည်ကြသူများ...၃

ငါ စာသင်ရတယ့် ကလေးတွေကို သနားပါတယ်...
ဘာဖြစ်လို့..
ကျောင်းက ပြန်ရောက်တာနဲ့ ဂိုက်သာ တယောက်ပြီးတယောက် ပြောင်းသွားတယ်..သူတို့တွေက ထိုင်ခုံက မထရဘူး...မိဘတွေက တတ်စေချင်ပေမယ့် ကလေးတွေမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသလားလို့...
ငါဆို လေးတန်းလောက်မှ ကျူရှင် တက်ရတာ...ဒါတောင် ကျောင်းက ပေးလိုက်တယ့် အိမ်စာရယ်၊ အသစ်နည်းနည်း သင်ပေးတာလောက်ပဲ..ငါတို့ကလေးတုန်းက ဆော့ရသေးတယ်..ခုခေတ် ကလေးတွေ ဂိုက်ပိနေသလားလို့...
အဲဒီကျူရှင်က ဘာသာစုံ သင်တာမလား...
အင်း..
ခုခေတ်က မြန်မာစာဆို ဂိုက်တယောက်..အင်္ဂလိပ်စာဆို ဂိုက်တယောက်..သင်္ချာဆို တယောက်..မြန်မာစာ စာစီစာကုံးအတွက်က တယောက်...
တတ်နိုင်သူတွေ ချဲ ့တာထင်တယ်...
ခုခေတ်ကလည်း ငါတို့ခေတ်ကလို  မဟုတ်ဘူး...အတန်းပိုင်ဆရာမဆီမှာ ကျူရှင်မတတ်ရင် အမှတ်မကောင်း အဆင့်ကျလို့ အိမ်နားက စာသင်ကောင်းတယ့် ကျူရှင်မှာ ထားချင်ပေမယ့်လည်း အတန်းပိုင်ဆရာမဆီမှာ ထားရတယ်...အတန်းပိုင်ဆရာမ စာသင်မကောင်းရင် စာသင်ကောင်းတယ့် နေရာမှာ ထားရပြန်ရော..ဒီလိုနဲ့ ကလေးတွေ ကျူရှင်ပိရော...

ကလေးတွေကိုသာ ပြောနေတယ်။။ တက္ကသိုလ်ကျောင်းသူ သူတို့တွေလည်း ကျူရှင်ယူနေရတုန်း။ ကျူရှင်မသင်ရ ကျူရှင်သင်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုပေမယ့်လည်း တိုးတိုးတိတ်တိတ် သင်တယ့်ကျူရှင်ဝိုင်းတွေကို သူတို့ တက်နေရတုန်း။


သူကျွှမ်းကျင်တယ့် ဘာသာထက် မသင်ချင်တယ့် ဘာသာကို သင်ရတယ့် ဆရာ့အချိန် အလယ်နားနေခန်းမှာ စကားထိုင်ပြောပြီး အတန်းလစ်တယ့် ငါတို့ကို အတန်းပြီးလို့ ထွက်လာတယ့် ဆရာက လှမ်းခေါ်တယ်..သူ့အတန်း မတက်လို့ ဆူမလို့လားမသိဘူးဆိုပြီး ငါတို့မှာ လန့်သွားတာပဲ..ဘယ်ဟုတ်ရမလဲ ရိုးကော (အတန်းတက်ချိန်) ထိုးဖို့ လှမ်းခေါ်နေတာ..ဘယ်လောက်ချစ်ဖို့ကောင်းတယ့် ဆရာလဲနော်..ဆရာ့မိန်းမ သားလေးမွေးတယ် ကြားတော့ ဆရာ့ကိုတွေ့တိုင်း ယောက္ခမကြီးလို့ အော်တော့တာပဲ...

တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲအတွက်  ချောက်တီးချောက်ချက် မနည်းစုဆောင်းထားရတယ့် ကျောင်းဘောလုံးအသင်းကို လေ့ကျင့်ပေးနေရလို့ မအားရှာတယ့် ဆရာက လက်ကာပြလိုက်ရင် အီးစီက နေ့လယ် ဆရာ့အတန်း မရှိဘူးဆိုရင်ဘဲ ငါတို့တခန်းလုံး အတန်းလစ်ကြတာ ကျောင်းအုပ်ကြီး သိသွားလို့ နောက်နေ့ ဆရာ့ကို ခေါ်ဆူတယ် ကြားတယ်..ဆရာ ဆရာ့ကို ဆရာမကြီးက မုန့်ဟင်းခါး ခေါ်ကျွှေးတာလားဆိုတော့ ဟုတ်တယ်လေ...အကြော်တောင် အဆစ်ပါလိုက်သေးတယ်တယ့်...

အတန်းခေါ်ချိန်မပြည့်လို့ စာမေးပွဲ မဖြေရတယ့် ကျောင်းသားစားရင်းမှာ ကျောင်းမလာ ကျောင်းမတက်တယ့် အကောင်ကြီးကြီး သားသမီးတွေက မပါဘဲ ကျောင်းတက်တယ့်သူတွေ နာမည်စာရင်းထဲ ပါလာတာကို မကျေနပ်တယ့် ကျောင်းသားတွေ မိန်းလမ်းမကြီးကို ပိတ်ပြီး ဆန္ဒပြကြတယ်.. နောက်တော့ ညှိလို့ရသွားတယ်...ဆန္ဒပြတယ့် ခေါင်းဆောင် စာမေးပွဲ ကျမလားလို့ စောင့်ကြည့်နေတာ အောင်သွားတယ်...


ကျောင်းလခသွင်းထားတယ့် ဘောက်ချာပျောက်သွားလို့ ကျောင်းလခ ထပ်သွင်းရတယ်...ဘောက်ချာပြန်တွေ့လို့ ပြန်တောင်းတာ နောက်နှစ်မှ ပြန်ရတယ်...
တော်သေးတာပေါ့ ပြန်ရတာ...
ကျောင်းသားရေးရာဌာနက မိန်းမတွေ အချိုးမပြေတာများ ယောကျ်ားလေးဆို ချက်ချင်း လုပ်ပေးတယ်...
ငါဆို ကျောင်းသားရေးရာကိစ္စတွေကို ငါ့ဘော်ဒါကောင်လေးတွေကို လုပ်ခိုင်းရတယ်...

အောင်မလေး ဖရက်ရှာလေးတွေလေ...
ဘာလဲ ကျောင်းကားကို ဝှီး..ဝှီး..ဝှီး သိုင်းနဲ့ ဦးပြန်ပြီလား...
ဘယ်ကလာ...မိုးရေ ထွက်ချိုးကြတာ...
ဟေ... သူတို့ဘာသာ ငယ်ငယ်ကလို မိုးရေထွက်ချိုးတာ ဘာဖြစ်လို့တုန်း..ငါတော့ ချိုးချင်ပါဘူး..ချမ်းက ချမ်းပါဘိနဲ့..
ငါ့ စကားဆုံးအောင် နားထောင်ပါဦး...နင် ထင်တာတွေ စွတ်ပြောနေတာပဲ..ဖရက်ရှာလေးတွေ မိုးရေထွက်ချိုးကြတာ မိန်းလမ်းမကြီးမှာ..ဘာပြောကောင်းမလဲ ကျောင်းအုပ်ကြီး ကားနဲ့ ပတ်ဖမ်းတာ အိမ်သာထဲ ထွက်ပြေးတယ့်သူတွေ လွတ်တယ်..မိသွားတယ့် သူတွေရဲ ့ မိဘခေါ်မယ် ပြောတယ်...

အောင်မလေး...ငါတော့ ကျောင်းသာ ပြီးတော့တယ်..မိုးရေ တခါမှ ထွက်မချိုးဖူးသေးဘူး..ဒီတခါ မိုးရွာရင် ထွက်ချိုးဦးမှ....
နင်တို့ ကျောင်းအုပ်ကြီး ကားနဲ့ လိုက်ဖမ်းမှ ဂွိနေဦးမယ်...
မိုးရေ ထွက်ချိုးတာတော့ ဟုတ်ပါပြီ..ကျောင်းဆင်းတယ့်အထိ စိုထိစိုဖတ် အင်္ကျီရေစိုနဲ့ နေရမှာ...နေမကောင်းဖြစ်မှာ မစိုးရိမ်ဘူးလား မသိဘူးနော်....
ကွာတယ်လေ...ငါတို့တွေက ၈၈ အရေးအခင်းမှာ တနှစ်အောက်တာနဲ့ ဆယ်တန်းအောင်ပြီးလို့ တက္ကသိုလ်တက်ဖို့ တနှစ်ခွဲ၊ နှစ်နှစ်ခွဲလောက် စောင့်ရတာနဲ့ တက္ကသိုလ် တက်ချိန်မှာ အသက် ၁၈၊ ၂၀...သူတို့တွေက ၁၆ နှစ်...


သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်တွင်ရှိသော ဂျီတီစီနှင့် ကွန်ပျူတာက္ကသိုလ်ကျောင်းများသည် ယူနီဖောင်း ဝတ်ရသည်။ ကွန်ပျူတာတက္ကသိုလ် ယူနီဖောင်းအရောင်သည် သူတို့အမြင်တွင် ဘဏ်စာရေးမ အရောင်နှင့် တူသည်။ ကံကောင်းသည်က သူတို့တက္ကသိုလ်များသည် ယူနီဖောင်း ဝတ်ရန် မလိုဘေ။ ဆယ်တန်းတွင်လည်း အဖြူအစိမ်း ယူနီဖောင်း ဝတ်ခဲ့ပြီးပြီ။ တက္ကသိုလ်တွင်လည်း ယူနီဖောင်း ဝတ်ရမည်။ ဘွဲ့ရပြီးလို့ လုပ်ငန်းခွင် ဝင်လျှင် ယူနီဖောင်း ဝတ်ရဦးမည်။

ထိုကျောင်းများသည် ပညာရေးဝန်ကြီးဌာန လက်အောက်တွင် မရှိဘဲ အဘယ်ကြောင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်တွင်ရှိမှန်း သူတို့ မသိပါ။ အတန်းချိန် မပြည့်လို့ ၊ ယူနီဖောင်းမဝတ်လို့ မိဘခေါ်တွေ့ရတယ့်ခံရသူတွေ၊  ကျောင်းအုပ်ကြီးနဲ့ အဆင်မပြေလို့ နယ်ပြောင်းခံထိတယ့် ဆရာမတွေ တက္ကသိုလ်ရဲ့ မလှပတယ့် အခြားတဖက်ကိုလည်း သူတို့မြင်တွေ့ခဲ့သည်။ ကျောင်းစောင့်ရ၊ ယူနီဖောင်း မဝတ်သော ကျောင်းသားများကို ဖမ်းရ၊ မြို့ပြင်တွင်ရှိသော နယ်တက္ကသိုလ်များတွင် တာဝန်ထမ်းရသော ဆရာမများကို ကြည့်ကာ တက္ကသိုလ်ဆရာမ ဖြစ်ချင်နေသော ခိုင်မေ့စိတ်ကူးယဉ် အိမ်မက်များ ပျက်ပြယ်သွားလေတော့သည်။

အကြိုက်ဆုံး သရုပ်ဆောင်...ဒါရိုက်တာရင်..(ဒါရိုက်တာနင်)
အကြိုက်ဆုံး အစားအစာ..နေကြာစေ့၊ နွားနို့၊ ရှောက်သီးသုပ် (အဲဒီသုံးမျိုး တခါတည်းစား ဂန့်မှာသေချာတယ်...းP )
မေထက် သူငယ်ချင်းများ လက်စွမ်းပြထားသော"ရေးပေးပါ"  စာအုပ်သည် သူတို့အတွက် အကောင်းဆုံးဟာသစာအုပ်ဖြစ်သည်။


ယောကျ်ားလေးအိမ်သာဝတွင် ပိတ်ရပ်နေသော သင်းခိုင်ကို တွေ့လိုက်ရသော အောင်ကျော်ခမျာ
ဟင်..သင်းခိုင်..နင် ယောကျ်ားလေးအိမ်သာဝမှာ ဘာလုပ်နေတာတုန်း...
ကင်းစောင့်နေတာ..အထဲမှာ ငါ့ဘော်ဒါတွေ...
ဟေ..နင်တို့ မိန်းကလေးအိမ်သာ ဘာဖြစ်လို့လဲ...
ဘာမှ မဖြစ်ဘူး..စာမေးပွဲခန်းဝင်ဖို့ ခေါင်းလောင်းတီးတော့မယ်..အပေါ်ထပ် မိန်းကလေးအိမ်သာကို တက်ရင် ငါးမိနစ်လောက် ကြာဦးမှာ..ဒါကြောင့် ဒီမှာ ကိစ္စရှင်းနေတာ..နင် မဝင်နဲ့ဦး...ခဏလေးစောင့်...
တိန်..
ယောကျ်ားလေးအိမ်သာကို အပိုင်စီးသော ထိုမိန်းကလေးများကို အောင်ကျော်ခမျာ ဆလံသလေသည်။

သူတို့ အထက်တန်းကျောင်းတက်တုန်းက တရုတ်သိုင်းကားများ ခေတ်စားသည်။ ဆယ်တန်းအောင်ချိန်တွင်  မီးရထားရုံပိုင်ကြီး မွေးစားသော မိန်းကလေးတယောက်၏ ဘဝဇာတ်ကြောင်း ၊ ကုန်တိုက်အလုပ်သမားလေး အစ်ပေ့၊ အမြဲလွဲနေတတ်သော ဆရာဝန်မလေး နနကို၊ မိဘများ ဆုံးပါးသွားသောကြောင့် ညီငယ်၊ ညီမငယ်လေးများကို စောင့်ရှောက်ရသော အအဂျာ ဂျပန်ကားများ ခေတ်စားသည်။ တက္ကသိုလ်တက်ချိန်တွင် ကိုရီးယား ခေတ်စားလာသည်နှင့်အမျှ  သူတို့သည်လည်း ကိုရီးယား ခရေဇီ ဖြစ်လာသည်။

ငါ့ရည်းစားရရင် အိုပါးလို့ ခေါ်မယ်...
အမ်..နင့်ထက် အသက်ကြီးရင် အိုပါးလို့ ခေါ်လို့ရတယ်..နင့်ထက် ငယ်နေရင် ဘယ်လိုခေါ်မှာတုန်း...
အိုနီးဆိုတာ မိန်းကလေး အချင်းချင်းခေါ်တာ.. ယောကျ်ားငယ်လေးက သူ့ထက် အသက်ကြီးတယ့် အမကို နူနား လို့ ခေါ်တယ်...ဒါပေမယ့် အသက်ငယ်တယ့် ကောင်လေးကို ဘယ်လိုခေါ်မှန်း မသိဘူး...ငါ့သူငယ်ချင်း ကိုရီးယားဘာသာ တက်နေတယ့်သူကို မေးလိုက်ဦးမယ်....
ငါ့ထက် ငယ်ငယ် ကြီးကြီး...အိုပါးပဲ...
ဟင်...ဇွတ်ကြီးပဲ...

ဝေမာက အိုပါးဟု ခေါ်သော ဝေမာ့ချစ်သူ ကျောင်းကိုလာသောအခါ ဝရန်တာတွင် ခေါင်းကွယ်ကာ ဝေမာ့အိုပါးဟု သူတို့ လှမ်းအော်ကြဖူးသည်။
ကိုရီးယားစကားပြော သင်တန်းတောင် တက်စရာ မလိုဘူး..ကိုရီးယားကားကြည့်ပြီး ကိုရီးယားစကားပြောတတ်နေပြီး...အနယ်ကဆိုင်ယော် (မင်္ဂလာပါ)..အိုပါး ဆားရာငယ် (ချစ်တယ် အကို)..
ယော်ဘိုးဆိုတာ ဟန်နီ၊ ဒါလင်..ဘာဘိုးဆိုတာ စတူးပစ်..ယော်ဘိုးနဲ့ဘာဘိုး သွားမရောနဲ့နော်...
အေးပါ ဘာဘိုး..အဲလေ ယော်ဘိုး..

ဘီယာနယ် (တောင်းပန်ပါတယ်)...
ဘီယာနယ်ဆိုတာ ဘာတုန်းဟ..
မသိရင် မှတ်ထား..အဲဒါ ဘီယာနည်းနေပြီ ထပ်ထည့်ပါလို့ ကိုရီးယားလို ပြောတာ..
ဟေ..ဟုတ်လား...
အဲဒီကတည်းကစလို့ ငါ့သူငယ်ချင်း အောင်ကြီး ဘီယာသောက်တိုင်း ဘီယာနယ်လို့ အော်တော့တာပဲ...

မီးပြတ်သောနေ့ဖြစ်လျှင် အင်ဗာတာဖြင့် မီးမဖွင့်ဘဲ ကိုရီးယားကားကြည့်ဖို့ လျှပ်စစ်ဓာတ်အား ချွှေတာတတ်ကြသည်။ နောင် လမ်းဘေးကူးခွေများ ပေါလာသောအခါ တထောင်ဖိုး သုံးခွေ  ကိုးရီးယားကား ဝယ်ယူကြကာ အချင်းချင်း ငှားကြည့်ကြသည်။ မူပိုင်ခွင့်ကို အားပေးသည့်အနေဖြင့် မူရင်းခွေ ဝယ်ယူပါဆိုသော်လည်း ဈေးချိုသော လမ်းဘေးကူးခွေကိုသာ အားပေးကြသည်။


စာဖတ်ဝါသနာပါကြသော ခိုင်မေ၊ မေထက်၊ ဖြိုးဝေ၊ ဝတ်ရည်၊ ရွှေစင်တို့သည် စာအုပ်လဲဖတ်ကြသည်။ လှည်းတန်းရှိ စာပေလောကသည် သူတို့အမြဲလည်ပတ်ရာနေရာ ဖြစ်သည်။ ဆရာကြီး မြသန်းတင့်၏ လေရူးသုန်သုန်၏ ဇာတ်လိုက် စကားလက် အိုဟာရာ၊ ဆရာကြီး ရွှေဥဒေါင်း၏ ဘဝတသက်တာမှတ်တမ်း၊ ဆရာ ဒဂုန်တာရာ၏ နာမည်ကြီး မေ၊ ရဲအောင်၊ စိုးမြတ်သူဇာ သရုပ်ဆောင်သော "မရှိမဖြစ်မိုး" ရုပ်ရှင်ကို သူတို့ကြည့်ဖူးကြသော်လည်း မူရင်း ဆရာဂျူး ဝထ္ထုကို ခုမှ ဖတ်ဖြစ်ကြသည်။

အစုစု ကွဲပြားနေသော နယ်မြေများကို စည်းရုံးပြီး ဗုဒ္ဓဘာသာဖြင့် ပထမနိုင်ငံတော် တည်ထောင်ခဲ့သော အနော်ရထာမင်း၏ ပုဂံပြည်၊ ခြေဖြင့် လှော်ခတ်သော အင်းလေးကန်၊ အလယ်ပိုင်းမှ အိုအေစစ် ပုပ္ပားတောင်၊ နောက်ဆုံး မင်းနေပြည်တော် မန္တလေးတို့ကို ကျောင်းခရီးစဉ်ဖြင့် သူတို့ လည်ပတ်ခဲ့သည်။ မေထက် အဘိုးအဘွားများ နေထိုင်ရာ ဧရာဝတီတိုင်းဖက်ကို သွားလည်ပတ်ကြသည်။  မျက်စိတဆုံး ကျယ်ပြန့်သော ပင်လယ်ပြာပြာ၊ သဲဖြူဖြူ လွလွကို နင်းလျှောက်ရင်း ဆားငန်နံ့သင်းနေသော ပင်လယ်လေကို ရှုရှိုက်ရသည်မှာ  မြို့သူများဖြစ်သော သူတို့အတွက် အဆန်းတကြယ် ဖြစ်သည်။

ချစ်သူမောင်စံရှားကို  မိဘများနှင့် မိတ်ဆက်ပေးချိန် ထိုင်ကန်တော့သော မောင်စံရှားကို ဖေဖေက သဘောကျသော်လည်း မေမေက သဘောကျဟန်မတူ။ အိမ်သို့ ဝင်ထွက်ခွင့်ပေး၍ အရင်လို ခိုးကြောင်ခိုးဝှက် တွေ့ရန်မလိုသောကြောင့် သာယာပျော်ရွှင်ရသော နေ့ရက်များသည် ကြာကြာမခံလိုက်။ မောင်စံရှားနှင့် ဆက်တွဲလျှင် မေမေ့နှလုံးရောဂါ တိုးအောင် လုပ်နေသလိုပဲ ဆိုလာသောအခါ မေမေ့ကို မဖြတ်နိုင်သော ဝတ်ရည်သည် မောင်စံရှားကို ဖြတ်ရလေသည်။ ဝတ်ရည်တယောက်တည်းကိုသောချစ်သော မောင်စံရှားကိုလည်း သနားသည်။ မေမေနှင့် မောင်စံရှား မည်သူ့ကိုမျှ မဖြတ်နိုင်သော ဝတ်ရည် ဘယ်လိုလုပ်ရမှန်းမသိ။ မောင်စံရှားနှင့် မဆက်သွယ်သော်လည်း မောင်စံရှားမှလွဲ၍ တခြားမည်သူ့ကိုမှ မချစ်နိုင်။ မေမေ လက်ခံလာအောင် နောက်သုံးနှစ် ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။


ဘယ်လိုအကြောင်းနှင့်မျှ မဖြတ်နိုင်ဟု ဆိုလာသော ကိုကြီးအောင်ကို သင်းခိုင် ဘယ်လိုမှ ပြန်လက်မခံခဲ့။ ဘယ်သို့ပင် ဖြတ်သော်ငြား အသေးငယ်ဆုံးနှင့် ခိုင်မြဲဆုံးကြိုးလေးမှာ မိသားစုသံယောဇဉ်ကြိုး ဖြစ်သည်။ သူ့ကြောင့် သူတို့မိသားစုကြိုးလေး ပြတ်တောက်မှာ သင်းခိုင် မလိုလား။ မောင်ငယ်၊ ညီမငယ်များအတွက် အကိုကြီး အဖရာဖြစ်နေသော ကိုကြီးအောင်ကို သားလိမ္မာလေးသာ ဖြစ်စေချင်သည်။ မိသားစုအသိုင်းအဝိုင်းနှစ်စု ပေါင်းစည်းရာတွင်  သူ့ကို မလိုလားသော မိသားစုနှင့် သူ မပေါင်းစည်းချင်။

ကိုဂျိမ်းစ်နှင့် သဘောမတူသော ကြီးမေသည် ကိုနိုင်ကိုတော့ သဘောကျလေသည်။ ငယ်ငယ်ကတည်းက အတူကြီးပြင်းခဲ့သော ကိုနိုင်သည် ရွှေစင့်အတွက် အကိုကြီးတယောက်သာ။ ကိုနိုင်၊ ကိုပိုင် သားယောကျ်ားလေးများသာ ရှိသော ကြီးကြီးလေးကတော့ ရွှေစင့်ကို သမီးတယောက်လို ချစ်သည်။ ရွှေလမ်းငွေလမ်း ခင်းချင်ကြသော်လည်း ဘွဲ့ယူပြီးမှ အိမ်ထောင်ရေးကို စဉ်းစားမည်ဆိုသော ရွှေစင့်စကားကြောင့် ဘာစကားမှ ဆိုမလာသေးသော်လည်း ရွှေစင် သိနေသည်။ ကိုဂျိမ်းစ်နှင့်လည်း မခွဲနိုင် ကျေးဇူးကြီးမားသော ကြီးမေကိုလည်း ကျေးမစွတ်ရက်။

အိမ်သို့ လာလည်သော သူငယ်ချင်းမလေးများအား အကြည့်ချင်းဆုံနေသော အိမ်ခြေရင်း ဘောလုံးဒိုင်က ထွန်းထွန်းကို ပြသောအခါ  နင့်ရည်းစားက အလုပ်အကိုင်က ဘာလဲလို့ မေးတယ့်အခါ ဘောလုံးဒိုင်မှာ လုပ်တယ်လို့ ပြောမှာလား ၊ ငယ်လည်း ငယ်တယ် ငါတို့ကတော့ သဘောမကျဘူးဟု ကောင်းချီးပေးကြသည်။ ဆန်ပွဲရုံမှ ကိုအောင်က မေထက်ကို သဘောကျသောအခါ အားလုံးက ဝိုင်းကန့်ကွက်ကြလေသည်။ သူငယ်ချင်းများ ရင်ဖွင့်သမျှကိုသာ နားထောင်ပေးပြီး အချစ်ဆိုသည့်စကား တခွန်းမှ မကြားခဲ့ရသော ဖြိုးဝေထံမှ အချစ်ဆိုသောစကားကို မေထက် ကြားခဲ့ရလေသည်။


မေထက်..ငါ ဆယ်တန်းတုန်းက အကိုကြီးတယောက် ငါ့ကို  အသေအလဲလိုက်တာ..သူ့အိမ်ကလည်း သိတယ်..ငါ လက်မခံဘူး..ဘာလို့လဲ သိလား...
သိဘူး...
အရက် အရမ်းသောက်လို့...သူက လုံးဝ ဖြတ်မယ် ပြောတယ်...မရခင်တုန်းကသာ ဖြတ်မယ်ပြောတာ..ရလည်းရရော မင်းကိုသာ ဖြတ်မယ်..အရက်ကိုတော့ မဖြတ်နိုင်ဘူးလို့ လာမှာ...ကိုအောင်က စိတ်ထားကောင်းတယ်..ကူညီတတ်တယ်..နင့်ကိုလည်း ချစ်ပါတယ်..ဒါပေမယ့် သူတို့ လို စီးပွားရေး အသိုင်းအဝိုင်းနဲ့ နင် မအပ်စပ်ဘူး...အချစ်ဆိုတာ နှစ်နှစ် ခံမခံ စောင့်ကြည့်လိုက်ရအောင်..အားလုံးကပဲ သဘောမကျလို့လား၊ မေထက်ကပဲ တကယ် မချစ်လို့ပဲလား၊ ပျိုတိုင်းကြိုက်တယ့် နှင်းဆီခိုင် ကိုအောင့်မာန ထိပါးသွားလို့လား၊ အချစ်ကပဲ နှစ်နှစ် မခံလို့ဘဲလားတော့မသိ ပင်ပန်းလွန်းသော ဟောက်ဆာဂျင်ကျောင်းသူလေး၏ ဖူးပွင့်လာသော အချစ်ပန်းလေးခမျာ ရေမလောင်း ပေါင်းမသင်သောကြောင့် ပွင့်လန်းခွင့် မရရှာဘဲ ညှိုးလျော်သွားလေတော့သည်။

ဆေးကျောင်းသူ မေထက်ကတော့ ကျောင်းပြီးလျှင် ဆရာဝန်ဖြစ်မှာ သေချာသော်လည်း သူတို့ကတော့ ကျောင်းပြီးလျှင် ဘာလုပ်ရမည်မှန်း မသိ။ ဖြိုးဝေကတော့ သူ့မိခင်ပန်းဆိုင်ကို ဦးစီးကာ ဘာအပင်၊ ဘာမျိုးစိတ်ဆိုတာ ခွဲခြမ်းစိတ်ဖြာလို့ ကျောင်းမှာသင်ယူခဲ့သော ရုက္ခဗေဒဘာသာရပ်ကို သူ့ပန်းဆိုင်တွင် အသုံးချနိုင်မည်ဟု ဆိုသည်။

ကမ္ဘာမြေကြီးဆွဲငင်အား၊ အလင်းနှစ် တွက်ချက်မူများ၊ ကမ္ဘာမြေကြီးကို  အကြိမ်များစွာပတ်ပြီးမှ ကမ္ဘာမြေဆွဲငင်အားကို တွန်းကန်ရသော အာကာသယာဉ် လွှတ်တင်ခြင်း တွက်ချက်မူများသည် တစ်စင်တီမီတာလောက် လွဲသွားရုံမှဖြင့် လ၊ အင်္ဂါဂြိုလ်များသို့ မရောက်ဘဲ အာကသထဲ မဆုံးသော ခရီးလမ်း ရောက်သွားနိုင်မူများကြောင့် အခရာကျသော ရူပဗေဒဘာသာရပ်ယူရင်း တက္ကသိုလ်ဆရာမ ဖြစ်ချင်ခဲ့သော  ခိုင်မေသည် တက္ကသိုလ်တက်ပြီးမှ တက္ကသိုလ်ဆရာမဖြစ်ချင်စိတ် ကုန်ခမ်းသွားကာ စာသင်ဂိုက်သာ လုပ်မည်ဆိုသည်။

စီးပွားရေးစီမံခန့်ခွဲမူ ဘာသာရပ် တတ်နေသော ဝတ်ရည်ကတော့ စီမံခန့်ခွဲစရာ ကိုယ်ပိုင်စီးပွားရေး မရှိသောကြောင့် သူ့မိဘလို အစိုးရဝန်ထမ်းလုပ်မည် ဆိုသည်။ သတ္တဗေဒဘာသာရပ် တတ်နေသော သင်းခိုင်ကတော့ အကောင်ပလောင်များ၏ မျိုးစိတ်၊ သားဖောက်ရန် မွေးမြူရေးကန် မရှိသောကြောင့် မိဘလက်ငုတ်လက်ရင်း ကုန်စုံဆိုင်သာ ဦးစီးမည်ဟု ဆိုသည်။ သူ့မောင်၏ ငါးမွေးကန်ထဲမှ ငါးများကို ကြည့်ရင်း ဒီအကောင်မျိုးစိတ်ကို ငါသိပါတယ်ဟုဆိုကာ နာမည်မေ့နေတတ်သော သင်းခိုင်သည်  သူသင်ယူထားသော ဘာသာရပ်ကို တခါတရံ အသုံးချတတ်သူ ဖြစ်သည်။ ကြီးကြီးမေ၏ စာရင်းဇယားများကို ကူလုပ်ပေးရင်း သင်ယူထားသောကို သချာၤဘာသာရပ် အသုံးချမည်ဟု ရွှေစင်က ဆိုသည်။

ရီယာဇယ်နှင့် ဘွဲ့ယူသောနေ့တွင် ဝတ်ဆင်ဖို့ အင်္ကျီအဝတ်အစား၊ ဖိနပ်၊ အိတ်၊ မိတ်ကပ်၊ ပန်း၊ လက်ဝတ်ရတနာ၊ လိုက်ပါသော မိဘမောင်နှမအတွက် အရောင်ကိုက်ညီဖို့ ပြင်ဆင်ရသည်မှာ အတော်ပင်ပန်းလေသည်။ ယောကျ်ားလေးများသည် လည်ကတုံးအဖြူ၊ ပုဆိုးအသစ်၊ ကတ္တီပါခြေညှပ်ဖိနပ်စီးလျှင် ပြီးသော်လည်း မိန်းကလေးများကတော့ အလုပ်အတော်ရှုပ်သည်။ ယောက်ျားလေးများ ထိုကဲ့သို့ ကိစ္စရှင်းသည်ကိုပင် ဘုန်းဟု ခေါ်သည်ထင်သည်။ မည်သို့ပင်ဖြစ်စေ  တက္ကသိုလ်မှ သက်ဆိုင်ရာဘွဲ့အသီးသီး သူတို့ သင်ယူပြီးမြောက်ခဲ့ကြသည်။

(ကျောင်းပြီးသွားကြသော ထိုမိန်းကလေးများ ဘာတွေ ဆက်ဖြစ်ဦးမှာလဲ...ဆက်ရန်)

စန်းထွန်း
 ဧပြီ ၄၊ ၂၀၁၃။
All photos are from Google.