မိုင် ၆၀၀...

ဆူနမ်ရှိရာ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့ မိုင် ၁၀၀ ( ၂ နာရီ )  တလတခေါက်၊ အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့ မိုင် ၃၀၀ ( ၅နာရီ) မောင်းဖူးထားတာမို့ ဟိုင်းဝေးအတွေ့အကြံ  ု မစိမ်းပေမယ့် ဘုရင်နေသောမြို့ကနေ သူငယ်ချင်းနေသောမြို့အထိ ကန်တက်ကီ၊ အနောက်ဗာဂျီးနီးယား၊ ပန်စင်ဘေးနီးယား၊ မေရီလန်းပြည်နယ်ကို ဖြတ်ကျော်ကာ မိုင် ၆၀၀ ( ၉ နာရီ) ခရီးကတော့ နည်းနည်း ထူးခြားတယ်။

ပြင်နေကျ  မိုင်ကယ်တာရာ ကားပြင်ဆိုင်မှာ သွားစစ်တော့ လေးဘီးလုံး လဲထားတာမို့ အသစ်အတိုင်း၊ အင်ဂျင်ဝိုင်ကလည်း လဲထားတယ်၊ ဘရိတ်လည်းကောင်းတယ်။ စင်ကနယ်မီးကျွှမ်းနေလို့လဲရမှာကလွဲရင် ခရီးအတွက် ရယ်ဒီပါတယ့်။ အင်ဂျင်ဟိတက်တာ ပြင်မယ်ဆိုရင် တထောင်နားကျမှာမို့ မပြင်ခိုင်းဘဲ အရည်ဝယ်သွားပြီး လမ်းမှာ နေ့လည်စာစားလို့ အင်ဂျင်အေးသွားမှ ထည့်ပါတယ့်။ နောက်ဖုံးက သော့နဲ့လည်း ဖွင့်မရ၊ ညာဖက်နောက်တံခါး ဖွင့်မရ၊ ဘယ်ဖက်နောက်တံခါး မှန်အတင်အချ မရတာကိုတော့ သူတို့မပြင်နိုင်။ ဒီလာဆီမှာ သွားပြင်ပါတယ့်။



ဒီလာဆီမှာ သွားပြင်ဖို့ အပွိုင့်မတ် အရင်ယူရတယ်။ အသွားအပြန် ရှယ်တယ် ကြိုပို့ပေးတယ်။ ဒီလာတွေက ပိုက်ဆံပိုပေးရပေမယ့် မပြင်နိုင်တာ မရှိပါဘူးတယ့်။ ဘယ်ဖက်နောက်တံခါး မှန်အတင်အချ မရတာက တံခါးမော်တာတခုလုံး လဲရမှာမို့ ထောင်ကျော်မယ်ဆိုတော့ မပြင်တော့ပါဘူး။ ကားပြင်ဆိုင်ရဲ့ ဖောက်သည်ကြီး ဖြစ်နေလို့ စိတ်ကုန်နေတာ ကားရှိရင်တော့ ကားပြင်ဆိုင် ရောက်မှာပဲလို့ ဆိုင်က အားပေးလိုက်တယ်..း)

မီးဖိုချောင်သုံးပစ္စည်းဆိုလို့ ထမင်းပေါင်းအိုး၊ ဖန်ခွက် ၉ ခု၊ အဲ.. အခြောက်အခြမ်းက ဟမ်းကယ်ရီတအိတ်၊ ဒါတောင် ဆူနမ်လို မွေ့ယာ၊ ဖုန်စုပ်စက်၊ မိုက်ကရိုဝေ့၊ မီးအိမ်ရှည်၊ အမှိုက်ပုံး၊ မီးဖိုချောင်သုံး ပစ္စည်းတွေ မပါလို့။ လက်ကေ့အိတ်ကြီး ၂ အိတ်၊ ဟမ်းကမ်ရီ ၂ အိတ်၊ အိတ်အကြီးကြီး တခု၊ စာအုပ်ပုံတပုံး။ စတိတ်ကိုလာတုန်းက လက်ကေ့အိတ် ၂ အိတ်၊ ဟမ်းကမ်ရီ ၁ အိတ်။ တိုးပွားလာတယ် ဆိုပါတော့..ပစ္စည်းအသုံးအဆောင်တွေ...း) ။ အိမ်ရှင်ကို ဆီ၊ ကြက်သွန်၊ ဆား ပေး၊ ပစ္စည်းသိမ်း၊ အခန်းသန့်ရှင်းရေးလုပ်။


၅ နာရီမောင်း လမ်းမှာ တညအိပ် နောက်နေ့ ၄ နာရီ ထပ်မောင်း ၂ ရက်မောင်းဖို့ စီစဉ်ထားတာ။ ကားမောင်းရတာ အာရုံစိုက်ရလို့ ၄နာရီလောက် မောင်းပြီးရင် ခေါင်းကိုက်လာပြီ။  မောင်းနိုင်မယ်လို့လည်း မထင်။ ဆူနမ်က နင် ဟိုတယ်ကို ဘွတ်ထားလား၊ ပိတ်ရက်တွေဆို အခန်းကျပ်တယ်ဆိုမှ ခေါင်းကြီးသွားတယ်။ မောင်းနိုင်သလောက်မောင်း လမ်းက ဟိုတယ်မှာ တညအိပ်ဖို့ စီစဉ်ထားတာ။ ဘာမှကြိုတင် မစီစဉ်ဘူး ဘာဘူးနဲ့ ဆူနမ်က ထုံးစံအတိုင်း ပွမ်ပါလေရော။

အိမ်ရှင်အမကိုမေးတော့ ကိုယ့်အစီအစဉ်ကို ကြိုက်တယ်တယ့်။ ဆူနမ်က မိန်းကလေးတယောက်တည်းမို့စိတ်ချရအောင် ကြိုတင်စီစဉ်ခိုင်းတာပါတယ့်။ မနက် ၇ နာရီမှာ စတင်ထွက်ခွာလာခဲ့တာ ကန်တက်ကီပြည်နယ်က မြေပြန့်မို့ မောင်းရတာ မခက်ဘူး။ မြို့လယ်တွေမှာသာ တလမ်းမောင်းလမ်းတွေနဲ့ ရှုပ်ပေမယ့် ဟိုင်းဝေးလမ်းတွေက တဖြောင့်တည်း။ အဲ.. အခွဲတွေမှာတော့ နည်းနည်း သတိထားရတယ်။ မှားသွားရင် မိနစ်၂၀လောက်မှ လမ်းကြောင်းပေါ် ပြန်ရောက်တတ်လို့။


ဝဲကမ်းတူ အနောက်ဗာဂျီးနီးယားပြည်နယ် ဆိုတယ့်ဘုတ်ကို ဖြတ်ကျော်ပြီးတာနဲ့ ကန်တက်ကီပြည်နယ်လို မြေပြန့်လွင်ပြင် မဟုတ်တော့ဘဲ တောင်တန်းတွေ၊ နှင်းတွေ စတွေ့ပါပြီ။ ရှမ်းပြည်တောင်ကြီး အတက်လိုပဲ။ ၃ နာရီအကြာ ၁၀ နာရီထိုးတော့ လမ်းမှာတွေ့တယ့် Rest Area မှာ နားတယ်။ အဲဒီ Rest Area မှာ အိမ်သာအပြင် တယ်လီဖုန်း၊ သစ်ပင်အောက်မှာ ထိုင်ခုံလေးတွေ ရှိပါတယ်။ နွေရာသီဆိုရင် အပင်အောက်က ခုံလေးတွေမှာ ထိုင်ပြီး ပါလာတယ့် အစားအသာက်စားရရင် ပစ်ကနစ်ထွက်သလိုပဲ။ ခုတော့ ကားထဲမှာပဲ ကြိတ်ရပြီး ကားလည်းနား လူလည်းနား။

နာရီဝက်နားပြီးတော့ ခရီးဆက်ပါတယ်။ လမ်းတလျှောက် အစားအသောက်ဆိုရင် ဘယ် Exit ၊ ဆီဆိုရင် ဘယ် Exit ၊ ရာသီဥတု၊ Traffic ဆိုရင် ဘယ်ရေဒီယိုနံပါတ်၊ အကူအညီလိုလို့ ရဲကို ဖုန်းခေါ်ချင်ရင် ဘယ်နံပါတ် ရေးထားပါတယ်။ တောင်ပတ်လမ်းတွေ အကွေ့အကောက်များလို့ သတိထားရတယ်။ အရင်ဆို မိုင် ၇၀ ဆို မိုင် ၈၀ မောင်းပေမယ့် ခုတော့ ခရီးရှည်မို့ ၇၀ အတိပဲ မောင်းတယ်။ ကားမှန်သမျှ ကိုယ့်ကားကို ကျော်တက်သွားကြတယ်။ လူနေကျဲတယ့် ပြည်နယ်မို့ ကားကြောပြတ်တယ်။



တခါတလေ နှင်းဖွဲဖွဲ ကျလိုက်။ မြူတွေဆိုင်းလိုက်၊ နှင်းဖြူဖြူတွေဖုံးနေတယ့် တောင်တန်းတွေ၊ ကားကြောပြတ်တယ့် လမ်းတွေကို မောင်းရတာ နည်းနည်းကြောက်မိတယ်။ ဆီကုန်ခါနီးပြီမို့  Exit က ထွက်ပြီး ဘယ်ကွေ့တော့ ကိုယ်သွားနေတယ့် လမ်းကြောင်းက ပြောင်းပြန်ဖြစ်သွားတယ်။ ဂျီပီအက်စ်မှာ အနီးအနားက ဟိုတယ်၊ အစားအသာက်၊ ဆီဆိုင် ရှာလို့ရပြီး ဂျီပီအက်စ်ညွှန်တယ့် အတိုင်းသွားတာ Exxon Disel ဆိုတယ့် ဆိုင်းဘုတ်တွေ့လို့ ကွေ့ပြီး ပတ်ကင်းဂီယာမှာ မထားဘဲ စိတ်လောလောနဲ့ သော့ကို ဆွဲနှုတ်လိုက်တယ်။ ပြီးတော့မှ ပါကင်းဂီယာမှာ ပြန်ထိုးပြီး စက်ကိုပြန်နှိုးတာ တအီအီနဲ့ ပြန်မနှိုးလို့ လူကို ပူထူသွားတာပဲ။ စက်ပြန်မနှိုးတော့ရင် ဘယ်လိုလုပ်ရပါ့ ...။

ဆီလာထည့်တယ့်ကားတွေကလည်း ကူညီဖို့လိုသလား တကြည့်ကြည့်နဲ့။ အကိုကြီးနှစ်ယောက်က လာကူညီတယ်။ စက်နိုးအောင် ကြိုးစားပေမယ့် မနှိုးပြန်ဘူး။ ဒီဆိုင်မှာ ဂတ်ဆိုလင်းရလားဆိုတော့ ဒီမှာလေတယ့်။ ဂတ်ဆိုလင်းက နေရာတိုင်းမှာ ရပေမယ့် ဒီဇယ်ကတော့ ဂတ်ဆိုလင်းလောက် မပေါဘူး။ ၁မိနစ်လောက် သော့ကိုလှည့်နှိုးနေတော့မှ နှိုးသွားတယ်။ ဒီတော့မှပဲ ဟင်းချနိုင်တယ်။ နောက်ဆို ဆီတဝက်ကျော်ရင် ဆီဖြည့်တော့မယ်။


အရင်တုန်းက ၄နာရီမောင်းပြီးရင် ခေါင်းကိုက်ပျင်းလာပေမယ့် ခုများတော့ ပျင်းဖို့ထား မျက်လုံးကို ပြူးနေတာ ဇီးကွက်နဲ့ နင်လားငါလားပဲ..း) ။  နေ့လည် ၁ နာရီခွဲမှာ တွေ့တယ့် Rest Area မှာ နားတယ်။ မုန့်စားပြီး ၁၅ မိနစ်လောက် မှေးလိုက်တာ ပင်ပန်းလွန်းလို့နဲ့ တူပါရဲ့ တကယ်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ နာရီဝက်နားပြီးတာနဲ့ စက်အဖုံးဖွင့်ပြီး အင်ဂျင်အေးမအေး စစ်။ အေးတော့ ဆိုင်ကပြလိုက်တယ့်အတိုင် အင်ဂျင်အေးတယ့်အရည် ထည့်တယ်။

လီဗာတင်တာ တဝူးဝူးမြည်လို့ လန့်သွားတယ်။ လီဗာမတင်နိုင်တော့ပဲ စက်ရပ်သွားရင် ဒုက္ခ။ ဆူနမ်တို့စကား နားထောင်ပြီး ဟိုတယ်နားသင့်တာ။ စပိလစ်မစ် မိုင် ၇၀ ကို ၄၅ မိုင်နဲ့မောင်းနေတာ မိုင် ၈၀နဲ့ပြေးနေတယ့် ယုန်တွေကြားထဲက လိပ်လိုပဲ။ အတင်းဖိမနင်းတော့ဘဲ ခြေထောက်အဖျားလေးနဲ့ ဖိနင်းတော့ အရှိန်နည်းနည်း တက်လာတယ်။  အကွေ့တွေမှာ  မှောက်တတ်လို့ထရပ်ကားတွေကို မိုင် ၄၀ နဲ့ မောင်းဖို့ သတိပေးဆိုင်းဘုတ်တွေ တွေ့တယ်။



လမ်းတလျှောက် ဟိုတယ်တွေ၊ အင်းတွေ တွေ့တယ်။ ကိုယ်က မောင်းနိုင်ပေမယ့် ကားကို စိတ်ပူတာ။ အိုပြီး ချူချာသူကိုး။ ဒီလိုလူပြတ်တယ့်နေရာမှာ ထိုးရပ်သွားရင် ဒုက္ခ။ ကားလေးရယ် မေရီးလန်းရောက်တယ့်အထိ ပြေးလိုက်စမ်းပါနော်။ အဲဒီရောက်ရင် စိတ်ကြိုက်နား။ နေ့လည် ၃ နာရီ ခွဲလောက်မှာ မေရီလန်းပြည်နယ် ဝင်လာပါပြီ။ တောင်ပြန့်ပြန့်လေးတွေက ကလောဖက်လိုပဲ။ အနောက်ဗာဂျီးနီးယားပြည်နယ်ရဲ့ လက်ဆောင် ဖုန်ဖြူဖြူတွေကို ဝိုင်ပါနဲ့သုတ်တာလည်း မရ။ နောက်ဆို မှောင်လာတော့မှာ။ မဖြစ်ချေဘူး လမ်းဘေးချရပ် အင်မာဂျန်စီစစ်ကနယ်ပြပြီး ဖုန်သုတ်ရတော့တာပဲ။

ဆီဖြည့်ဖို့ ကွေ့လိုက်တာ ဆီဆိုင်မတွေ့။ ဂျီပီအက်စ်ညွှန်တယ့်အတိုင်းမောင်းတာ ဘေးမဲ့ဥယျာဉ်ထဲက လမ်းတွေ။ သစ်ပင်အမြင့်ကြီး ကာရံထားတယ့် လမ်းတလျှောက် တစီးတည်းဆိုတော့ ကြောက်မိသား။ တမိုင်လောက်မောင်းပြီး ဟိုင်းဝေးလမ်းကို တွေ့မှ စိတ်အေးသွားတယ်။ လမ်းမှာတွေ့တယ့် Exxon ဆိုင်မှာ ဝင်ထည့်။ လူနေစိတ်တယ့်ပြည်နယ်မို့ ကားတွေ မပြတ်ဘူး။ ခုတော့ လီဗာအရှိန်တင်ရင် တဝူးဝူးမြည်သံကို မကြားနိုင်တော့ဘဲ နေဝင်ပြီမို့ မျက်စိကို အသားကုန်ပြူးကာ ဂရုတစိုက်မောင်းရတယ်။  ဆူနမ်တို့အိမ်နားက မီးပွို င့်ရောက်ရင်ပဲ ဂျီပီအက်စ်က တတိန်တိန် မြည်ပါတော့တယ့်။ အရှိန်စောင့်ကြည့်တယ့် ကင်မရာတွေ ရှိတာမို့သတ်မှတ်ရှိန်အတိုင်း မောင်းဖို့ပါ။



လမ်းလျှောက်ရလွန်းလို့ စကိုးဖိနပ်တောင် ပါးယူတယ့် စင်္ကာပူမှာ ဖိနပ်ကောင်းကောင်း လိုတယ်။ စတိတ်မှာတော့ ကားကောင်းကောင်းလိုတယ်။ ဖုန်တဖွေးဖွေး မျောက်ဖြူဖြစ်နေတယ့် စန်းထွန်းတယောက် နောင်ဒီလိုများ မောင်းမလားဆိုရင် နိုးပဲ။ အဲ...အဖော်ပါရင်၊ ကားကောင်းရင်တော့ တပွဲတလမ်းလောက် နွှဲချင်သေးသပါ့..း) ။ ခုလို မဖြစ်မနေ မောင်းရမယ်ဆိုရင်တော့လည်း နိုးချိုင့်။

စန်းထွန်းတယောက် ဘေးမသီ ရန်မခ ရောက်ရှိကြောင်း ဘလော့မိတ်ဆွေတွေကို အသိအပ်ပါကြောင်း။

စန်းထွန်း
ဖေဖေါ်ဝါရီ ၂၄၊ ၂၀၁၃။

ဘုရင်နေသောမြို့...

မျက်ရည်လွယ်သော၊ မင်းသား၊ မင်းသမီး မငိုသေးခင် အရင်ငိုနှင့်တတ်သော သူတယောက် ချစ်သူရဲ့ မြို့မှ ထွက်ခွာစဉ် မျက်ရည်တစက်မှ မကျသည်မှာ ထူးဆန်းလှသည်။ မြို့ငယ်ကလေးကို ချစ်ခင်တွယ်တာသော်လည်း  ခွဲခွာရသည့် ဝမ်းနည်းမှုထက် သူငယ်ချင်းများရှိရာ မြို့လေးဆီတွင် ကြုံတွေ့ရမည်များကို စိတ်လှုပ်ရှားမှု ပိုနေသောကြောင့် ဖြစ်မည်။ အိုင်အိုဝါပြည်နယ်မှ မနက် ၁၁ နာရီတွင် ထွက်ခွာလာခဲ့သော ဘတ်စ်ကားသည် နှင်းကျကာ  ၃နာရီမျှကြာအောင် ယဉ်ကြောပိတ်နေမှုကြောင့် အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့သို့ အဝင်နောက်ကျကာ ည ၈ နာရီ ပြောင်းစီးရမည့် ကားကို လွတ်သွားလေသည်။

မနက်ငါးနာရီ ဘတ်စ်ကားကို ညလုံးပေါက် ထိုင်ငိုက်စောင့်ရင်း နောက်နေ့ အင်ဒီယားနားပြည်နယ်ကို ဖြတ်ကျော်ကာ ခရီးဆုံးဖြစ်သော အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့သို့ မနက် ၁၁နာရီတွင် ရောက်လေသည်။ အကြိမ်ကြိမ် လမ်းမှားမောင်းပြီးမှ မြို့လယ်ဘတ်စ်ကားဂိတ်ရှိရာသို့ မျက်နှာရှုံ့မဲ့မဲ့ဖြင့် ရောက်လာသော မော်ဒယ်ထက်ပိန်သည့် သူငယ်ချင်းမိုင်းကို  မြင်လိုက်ရသည်နှင့် လုံခြုံစိတ်ချသွားသည်။ အုပ်စုထဲတွင် အသက်အငယ်ဆုံးဖြစ်သော်လည်း အစ်မကြီးတယောက်ကဲ့သို့ စောင့်ရှောက်သည့် ဆူနမ် မိုင်း၏ကုမ္ပဏီတွင် အလုပ်လုပ်ရန် နောက်နေ့တွင် ဘော့စတွန်မှ ရောက်လာလေသည်။



ကျောင်းပြီးခါစ ဝင်ငွေမရှိသည့် ကိုယ့်အတွက် သူ့ဆီလာဖို့ဘတ်စ်ကားလတ်မှတ်ကို မိုင်းက ဝယ်ပို့ပေးသည်။ အလုပ်ရှာနေစဉ်  နေထိုင်စားသောက်စရိတ်ကို မိုင်းနှင့်ဆူနမ် ကုန်ကျခံလေသည်။ မဆလာနှင့် အာလူးအမြဲပါသည့် ဆူနမ့်ဟင်း၊ မိုင်း၏ ရေလုံပြုတ်၊ ကျေးဇူးပြု၍ ငါရဲ့ခံတွင်းတွေ့မှုကို နင့်လက်ရာများနှင့် မဖျက်ဆီးလိုက်ပါနဲ့ဟု ဆူနမ် ကောင်းချီးပေးတတ်သည့်  ကိုယ့်လက်ရာ... တယောက်လက်ရာ တယောက်မစားနိုင်ကြ။ ဆူနမ်၏ ချာပါတီကို မိုင်းနှင့်ကိုယ်က အားပေးတတ်သော်လည်း မိုင်းနှင့်ကိုယ် နှစ်သက်သည့် ငါးပေါင်း၊ ပြည်ကြီးငါးကင်ကို ညှီသည်ဟုဆိုကာ ဆူနမ်က လုံးဝမစား။ ကိုယ်ကတော့ အိန္ဒိယအလုပ်ရှာပေးသူများ၏ ရိုင်းပြမူများနှင့်ကြံကြုံလျှင် ဒေါဖောင်းလိုက်၊ အင်တာဗျူးရလျှင် ဝမ်းသာလိုက်ရှိနေပြီး အသစ်ဝင်ခါစ ဆူနမ်ကတော့ အလုပ်သွင်းပေးသည့် မိုင်း မျက်နှာမပျက်အောင် ကြိ ုးစားသင်ယူရင်း မျက်နှာရှုံ့မဲ့နေလေသည်။

မနက်ရုံးမသွားမှီ ရေးဖြေစာမေးပွဲဖြေရမည့် နေရာတွင် ချထားခဲ့ပြီး နေ့လည် ထမင်းစားချိန်တွင် လာရောက် ခေါ်ယူလေသည်။ ရေးဖြေစာမေးပွဲ၊ ဖုန်းအင်တာဗျူးအောင်ပြီး ဖေ့စ်တူဖေ့စ်အင်တာဗျူးခေါ်သောအခါ ထိုမြို့လေးသို့ ပထမဆုံးအကြိမ် ရောက်ဖူးခဲ့လေသည်။ မိုင်းတို့ ရုံးချိန်မသွားမှီ ပို့ပေးခဲ့သောကြောင့် ၈ နာရီခွဲကတည်းက ဘတ်စ်ကားဂိတ်ရောက်နှင့်နေကာ နေ့လည် ၁၁ နာရီထွက်မည့်ဘတ်စ်ကားကို တမေ့တမော စောင့်ယူရလေသည်။  စီးရမည့် ဘတ်စ်ကားပေါ်တက်ရန် တန်းစီစောင့်ဆိုင်းချိန် ဒီအလုပ်များ ငါရမလားဟု ဖျပ်ခနဲ တွေးမိသွားသည်မှာ ဂိတ်နံပါတ် ၁၃ ကြောင့် ဖြစ်သည်။ ၁၃သည် အများက ကံဆိုးသည့် နံပါတ်ဟု ယူဆကြသော်လည်း ကိုယ့်အတွက်တော့ ကံကောင်းခြင်းများကို ဆောင်ကြဉ်းလာတတ်သည့် နံပါတ် ဖြစ်သည်။



တက္ကသိုလ်တက်မည့်အချိန်စောင့်ရင်း လန်ဒန်တက္ကသိုလ်တစ်ခုမှ လာရောက်ဖွင့်လှစ်သည့် ပထမနှစ်ဒီပလိုမာသင်တန်း တက်စဉ် အတန်းအမည်မှာ အိုင်ဒီစီအက်စ် ဆက်ရှင် ၁၃ ဖြစ်သည်။ ဆက်ရှင် ၁၃ မှ ကျောင်းသားများသည် မနက် ၁၁ နာရီ အတန်းပြီးသော်လည်း အာလာဒင်တွင် ဒန့်စင်းဂိမ်း သွားဆော့၊ စာမေးပွဲဖြေပြီးလျှင် တိရစ္ဆာန်ဥယျာဉ် ပင်လယ်ဓားပြလှေစီးကာ မျက်စိမမှိတ်ကြေးပြိုင်တတ်ကြပြီး အမြဲတတွဲတွဲရှိနေတတ်ကြသည်။ ဆက်ရှင် ၁၃မှ ကျောင်းသားများကို ဆရာ၊ ဆရာမများက ချစ်ကြသည်။ ၁၂ နှစ်ကြာပြီဖြစ်သော်လည်း ဆက်ရှင်၁၃အကြောင်း တွေးမိတိုင်း ကိုယ် ပြုံးမိဆဲ။

ခြင်္သေ့ကျွန်းနိုင်ငံတွင် ကျောင်းပြီး၍ အလုပ်ရှာစဉ် ရေးဖြေစာမေးပွဲ၊ ပရောဂျက်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး၍ ဖေ့စ်တူဖေ့စ် အင်တာဗျူးစဉ် ဒီအလုပ်က မင်းအတွက် ဘာထူးခြားလဲဟု မေးသောအခါ ကိုယ့်အတွက် ၁၃ခုမြောက် အင်တာဗျူး။ ၁၃နံပါတ်က ကိုယ့်တွက် ကံကောင်းခြင်းတွေ ဆောင်ကြဉ်းလာတတ်ပါတယ်ဟု ဆိုသောအခါ အင်တာဗျူးသူပြင်သစ်ကြီးက မင်းက အယူသည်းသည့် မိန်းကလေးဟုဆိုကာ ရယ်မောနေခဲ့သည်။ နိုင်ငံခြားခရီးတွေလည်း ထွက်ရ၊ အာဆီယံလေးဟု တင်စားရအောင် လူမျိုးစုံ၍ ရယ်သံတွေ ဝေစည်နေသည့် ထိုရုံးက နေ့လည်ထမင်းစားချိန်လေးကို နေ့လည်စာသွားစားသည့် အုပ်စုတွေ မြင်တိုင်း ကိုယ် လွမ်းမိဆဲ။



အင်တာဗျူးသူ ၄ ယောက်နှင့် ၂ နာရီကြာအောင် ဗျူးပြီး  ဘတ်စ်ကားဂိတ်အသွားအပြန် ပို့ဆောင်ပေးသည့် တက္ကစီယာဉ်မောင်းအား ထိုမြို့လေးအကြောင်းမေးသောအခါ ကန်တက်ကီပြည်နယ်၏ မြို့တော်သည် ဖရန့်ဖွတ်ဖြစ်သော်လည်း ထိုမြို့လေးသည် ပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည်။ ဒါဘီ (မြင်းပွဲ) က နာမည်ကြီးသည်။ ၆နာရီခွဲ ထွက်မည့် ဘတ်စ်ကားချိန် စောနေသေးသည်မို့ လူစည်ကားရာ နေရာသို့ လျှောက်လည်ရင်း ဂီတာထောင်ထားသည့် ၄လမ်း၊ တခြားမြို့များတွင် တွေ့ရခဲသည့် ထရော်လီရထား၊ လက်ဝှေ့ကျော် မိုဟာမက်အလီ၊ မြင်းပွဲရှိသည့် ၊ မြစ်ကမ်းပါးဘေးတွင်ရှိသည့် တခြားမြို့များနှင့် ထူးမခြားနားသည့်မြို့တစ်မြို့သာ ဖြစ်သည်။

ချစ်သူရဲ့မြို့မှ ထွက်ခွာပြီး တစ်လပြည့်သောနေ့တွင် ထိုမြို့လေးသို့ ပြောင်းရွှေ့လာခဲ့သည်။ ဘတ်စ်ကားဂိတ်သည် အိမ်နှင့် အတော်ဝေးပြီး တက္ကစီဖြင့် ၃ရက် ရုံးတက်ပြီးသောအခါ အိမ်ရှင်မိသားစုမှ သက်သာသောနှုန်းထားဖြင့် ရုံးသွားရုံးပြန် ကြိုပို့ပေးသည်။ နှစ်ပတ်နေပြီး ရုံးနှင့်နီးသည့် တိုက်ခန်းငှားမည် ကြံရွယ်သော်ငြား  မြို့လေးမှ ထွက်ခွာသည့်အထိ ထိုမြေအောက်ထပ်လေးတွင် နေထိုင်ခဲ့လေသည်။ လူချမ်းသာများနေထိုင်ရာ မြို့အရှေ့ဖက် အန်ကာရေ့အရပ်တွင် ရှိသော ရုံးသည် ဂျေတောင်းဟု ခေါ်ကြသော မြို့အရှေ့တောင်အရပ်တွင်ရှိသော အိမ်မှ ၁၀ မိုင်ဝေးပြီး ဟိုင်းဝေးလမ်းတွင် ၇၅ မိုင်နှုန်းဖြင့် မိနစ်၂၀ မောင်းရလေသည်။



ပထမသုံးလသည် လုပ်ငန်းခွင်အသစ်၊ လူအသစ်၊ နေရာအသစ်များနှင့် လိုက်လျောညီထွေဖြစ်အောင် ရုန်းကန်ရခြင်းကြောင့် စိတ်အပင်ပန်းဆုံးလများဖြစ်သည်။ နွေဦးရာသီဖြစ်၍ ရောင်စုံဖူးပွင့်နေသော ပန်းများ၊ စိမ်းလန်းသော မြက်ခင်များ၊ ကြည်လင်နေသော ရေကန်များဖြင့် ထိုမြို့လေးသည် လှပသည်။ တခါတလေ ဝင်မွှေတတ်သော တော်နေဒိုးကြောင့် ရုံး၏ မြေအောက်ထပ်နားတွင် စုဝေးရဖူးသည်။

ကားလေး ရှိလာသောအခါ ကိုယ့်ခြေထောက် ဘီးတပ်ပေးလိုက်သည်။ ပထမဆုံး ဟိုင်းဝေးမောင်းသည့် အတွေ့အကြုံကို တွေးမိတိုင်း တဒိတ်ဒိတ်ရင်ခုန်သံကို ကြားရမြဲ။ မြို့ငယ်လေးတွင် ၄၅ မိုင်ထက် ပိုမမောင်းဖူးသည့်ကိုယ် ဟိုင်းဝေးလမ်းကို တက်မောင်းသောအခါ ဟွန်းသံဖြင့် ကောင်းချီးပေးကြလေသည်။  လွယ်လွယ်ကူကူ ဘယ်တော့မှ မရသည့် ကိုယ် အိမ်ရှင်မိသားစု၊ ရုံးမှ လုပ်ဖော်ကိုင်ဖက်၊ စီနီယာများ၏ အကူအညီ၊ အကြံညဏ် အမြဲတောင်းရသည်။ ထိုနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဥပဒေများကို သင်ယူလေ့လာနေရဆဲ။



ရုံးပိတ်ရက်များတွင် ဗီယက်နမ်၊ ကိုရီးယားဆိုင်တွင် ဈေးဝယ်ခြင်း၊ နေ့လည်စာစားခြင်း၊ လျှောပင်းထွက်ခြင်းဖြင့် မြို့၏ သာယာလှပ သန့်ရှင်းပုံများကို တွေ့မြင်ခဲ့သည်။ ခရစ်ယာန်ဘုရာရှိခိုးကျောင်းမှ ဒုက္ခသည် ကူညီစောင့်ရှောက် ပေးသူများနှင့် လုပ်အားပေးရင်း မြို့အနောက်ဖက်ခြမ်းမှ အကျဉ်းတန်မှုများကို မြင်တွေ့ခဲ့သည်။ မိန်းကလေးဟူ၍ ကိုယ်တစ်ယောက်တည်းရှိသော်လည်း ဌာနမှ လူကြီးလူကောင်းများ၏ ကူညီစောင့်ရှောက်မှု၊ နွေးထွေးမှုများကြောင့် ထိုမြို့လေးကို ချစ်ခင်တွယ်တာလာလေသည်။

တော်လှန်ရေးစစ်ပွဲ တိုက်ပွဲဝင် အမေရိကန်စစ်သည်များကို အကူအညီပေးသော ပြင်သစ် ဘုရင် လူဝီ ၁၆ ကို  ဂုဏ်ပြုအမည်ပေးထားသည့် လူဝီဗီလ်မြို့ကို ၁၇၈၀ တွင် စတည်ခဲ့သည်။ အင်ဒီယားနားပြည်နယ်နှင့် ကန်တက်ကီပြည်နယ် ဘော်ဒါလိုင်း အိုဟိုင်းရိုးမြစ်ဘေးတွင် တည်ရှိပြီး နိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် တောင်ဖက်အကျဆုံး မြို့ဖြစ်သလို တောင်ပိုင်းတွင် မြောက်ဖက်အကျဆုံးမြို့ဖြစ်သည်။ တောင်ပိုင်းမြို့ဖြစ်သော်လည်း တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်း ယဉ်ကျေးမှု လွှမ်းမိုးသည်။



မြို့၏ စည်ပင်သာယာနယ်နမိတ်တချို့သည် အင်ဒီယားနားပြည်နယ်တွင် ပါဝင်သောကြောင့် ကန်တက်ကီယားနားဟု ခေါ်ဆိုကြသည်။ မြို့မြောက်ဖက်ပိုင်းကို အပါလာချိန်းတောင်စဉ်တောင်တန်းများက ဝန်းရံနေပြီး ပြည်နယ်တခုလုံးမှာ အပြာရောင်မြက်ခင်းလွင်ပြင်တွင် တည်နေသည်။ မူရင်းနေထိုင်သူ အင်ဒီယန်းဘာသာစကားအရ ကန်တက်ကီ ဆိုသည်မှာ မြက်ခင်းလွင်ပြင်ဟု အဓိပ္ပါယ်ရသည်။ ရာသီဥတုမှာ ပူနွေးစိုစွတ်ပြီး လေထုညစ်ညမ်းမှုဆိုးရွားသော မြို့များတွင် ၃၈ ဖြစ်သည်။

တောင်ပိုင်းမှ ကျွှန်အဖြစ်မှ လွတ်ငြိမ်းခွင့်ပြုသည့် မြောက်ပိုင်းသို့သွားဖို့ ထိုသင်္ဘောဆိပ်လေးမြို့လေးသည် ပြည်တွင်းစစ်ကာလတွင် အရေးပါနေခဲ့သည်။ ပြည်တွင်းစစ်တွင် ပြည်ထောင်စုတပ်များဖက်မှ ပါဝင်ခဲ့သည်။ ကမ္ဘာကျော် ကန်တက်ကီဒါဘီပွဲကို ၁၈၇၅ မေ ၁၇ တွင် ယခင်လူဝီဗီလ်ဂျော်ကီကလပ် ယခု ချာချေးဒေါင်းဟု အမည်တွင်သည့် နေရာတွင် ကျင်းပသည်။ အမျိုးသမီးများသည် ဒါဘီထုံးစံအရ ဦးထုပ်လှလှလေးများဆောင်းကာ ဒါဘီပွဲ ဆင်နွှဲလေ့ရှိသည်။




၁၈၉၀ တွင် တိုက်ခတ်ခဲ့သည့် လူပေါင်း တစ်ရာကျော် အသက်ဆုံးရှုံးခဲ့သည့် အက်ဖ်ဖိုးတော်နေဒိုး အမှတ်တရ အထိမ်းအမှတ် မြို့လယ်တွင် ရှိသည်။


၁၉၃၇ တွင် ရေလွှမ်းမိုးမှု ဆိုးဆိုးရွားရွားဒဏ်ခံခဲ့ရကြောင့် ရေကာတာအများအပြား တမြို့လုံးကို ဝန်းရံထားသည်။ တမြို့လုံးအား ရေပေးဝေနေသည့် လူဝီဗီလ်ရေကုမ္ပဏီသည် ၂၀၀၈ တွင် နိုင်ငံ၏ အရသာအရှိဆုံး သောက်သုံးရေဆုကို ရရှိခဲ့သည်။


ဒုတိယကမ္ဘာစစ်အတွင်း အစိုးရတာဝန်ပေးအပ်မှုကြောင့် ကာဂိုလေယာဉ်များထုတ်လုပ်သော ကုမ္ပဏီအခြေစိုက်သည့် မြို့ဖြစ်သည်။ ယနေ့တိုင် ခရီးသွားများထက် ကာဂိုလေယာဉ်များကြောင့် အလုပ်များသည့် လေဆိပ်ဖြစ်နေသည်။ ဂျီအမ်နှင့် ဖို့ဒ်ကားထုတ်လုပ်သည့် စက်ရုံများ ရှိသည်။ မြို့အနောက်ဖက်ခြမ်းသည် စရိုက်စုံသည်။ တောင်ဖက်ခြမ်းတွင် လူဖြူအခြေခံလူတန်းစားများသည်။ အရှေ့တောင်ဖက်ခြမ်းတွင် လူလတ်တန်းစားများ နေထိုင်ပြီး အရှေ့ဖက်ခြမ်းတွင် လူချမ်းသာများ နေထိုင်ကြသည်။ ၁၉၆၀ နောက်ပိုင်း အာရှတိုက်၊ ဥရောပတိုက်မှ ရွှေ့ပြောင်းအခြေချ နေထိုင်သူများကြောင့် လူမျိုးစုံ၊ ဘာသာစုံပြီး နိုင်ငံ၏ ၁၇ခုမြောက် အကြီးဆုံးမြို့ ဖြစ်လာသည်။ ၇၅ ရာခိုင်နှုန်းမှာ လူဖြူဖြစ်ပြီး ၂၀ ရာခိုင်နှုန်းမှာ လူမည်းဖြစ်သည်။ ဂျူးလူမျိုးအခြေချနေထိုင်သူများ တည်ထောင်ခဲ့သည့် ဂျူးရစ်ဆေးရုံ ရှိသည်။

အိုဟိုင်းရိုးမြစ် အလယ်ပိုင်းတွင် တည်ရှိသော မြို့သည် ရေလမ်း၊ ကာဂိုလေယာဉ်ကုန်တင် အချက်အချာဖြစ်သောကြောင့် ဖွံ့ဖြိုးတိုးတက်လာသည်။ နှလုံး၊ လက်၊ ကင်ဆာ၊ အသက်ရူလမ်းကြောင်း၊ နှလုံးအတုတပ်တင်ခြင်းကဲ့သို့သော သုသေတနလုပ်ငန်းများအတွက် ၈၈ သန်းတန် ကျန်းမာရေး ပရောဂျက် လူဝီဗီလ်တက္ကသိုလ်တွင် အကောင်အထည် ဖေါ်နေသည်။ ၂၀၁၂ စက်တင်ဘာလ အမေရိကား ခရီးစဉ်တွင်  လူဝီဗီလ်တက္ကသိုလ်မှ ဖိတ်ကြားမှုကြောင့် လူထုခေါင်းဆောင် အမေစု လာရောက်မိန့်ခွန်းပြောခဲ့သည်။


နိုင်ငံ၏ အကြီးဆုံး ကျန်းမာရေးအာမခံလုပ်ငန်းတစ်ခုဖြစ်သော ဟူမန်နာ ဋ္ဌာနချုပ်ရှိသည်။ ကမ္ဘာပေါ်ရှိ သုံးပုံတပုံသော ဘောဘွန်ဝီစကီမှာ ဘရောင်းဖေါ်မန်းကော်ပိုရေးရှင်းရှိရာ ထိုမြို့လေးမှ လာသည်။




ဒါဘီဆိုသည်နှင့် ကန်တက်ကီဒါဘီဟု သိကြသော ဒါဘီပွဲသည် မေလ၏ ပထမပတ်စနေနေ့တွင် ကျင်းပသည်။ ဒါဘီပွဲ နှစ်ပတ်ကြာပြီးနောက် မြောက်အမေရိကတိုက်တွင် အကြီးဆုံး၊ ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံး လူဝီဗီလ်မှ မိုးခြိမ်းသံ ( သန်ဒါအိုဗာ လူဝီဗီလ်) ဟု အမည်တွင်သော မီးရှုးမီးပန်းပွဲတော် ရှိသည်။


မေလ၏ နောက်ဆုံးပတ် တနင်္လာနေ့တွင် ကျရောက်သော အောက်မေ့ဖွယ်နေ့ရုံးပိတ်ရက်များတွင် အကြီးမားဆုံးသော ဘီတယ်လ်ပွဲတော်ကို ဆင်နွှဲသည်။ ရှိတ်စပီးယားပွဲတော်၊ ကုန်စည်ပြပွဲ၊ မီးထွန်းပွဲများ ကျင်းပကြသည်။  စက်တင်ဘာလတွင် နိုင်ငံ၏ ပဉ္ဇမမြောက်အကြီးဆုံး ဘလူးဂရပ်စ်မီးပုံးပျံပွဲတော် ရှိသည်။


မြို့လယ်တွင် လူဝီဗီလ်သိပ္ပံစင်တာ၊ မိုဟာမက်အလီစင်တာ၊ ကန်တက်ကီအနုပညာပြတိုက် ပြတိုက်များစွာရှိသည်။  နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး မစ်စစ်စပီစတိုင်ရေနွေးငွေ့သင်္ဘောဖြစ်သည့်  လူဝီဗီလ်၏ မိန်းမပျိုသည် ၂၀၁၄ တွင် ရာပြည့်မွေးနေ့ဆင်နွှဲမည်။


အနုပညာမြတ်နိုးသလို ဘေ့စ်ဘော့၊ ဘတ်စကက်ဘော အရူးအမူး ခုံမင်ကြသည်။ ကေဖက်စ်စီယမ်းစင်တာ၊ လူဝီဗီလ်တက္ကသိုလ် အိမ်ကွင်းရှိသည်။ တက္ကသိုလ်ပေါင်းစုံ ဘတ်စ်ဘောပြိုင်ပွဲတွင် ပြည်နယ်ပြိုင်ဖက် ကန်တက်ကီတက္ကသိုလ် (ယူကေ) နှင့် လူဝီဗီလ် တက္ကသိုလ် (ယူအိုအယ်လ်) တွေ့ဆုံလျှင် တမြို့လုံး၏ အိမ်များတွင် အပြာရောင် (ယူကေ) အလံ၊ ကားများတွင် အနီရောင် (ယူအိုအယ်လ်) အလံ လွှင့်နေတတ်သည်။





မန်နေဂျာ ဒေးဗစ်ရှနယ်၊ ကိုယ် မသိသော ဝေါဟာရများ၊ ဥပဒေများ စိတ်ရှည်လက်ရှည် ရှင်းပြပေးသည့် စီနီယာ ဝီလီယမ်ဂရင်း၊ ဌာနတွင် သက်တမ်းရှည်ကြာပြီး အစတွင် ပေါင်းရခက်သော်လည်း နောင် ကိုယ့်ကို အမြဲကူညီသည့် ပီတာ၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နှင့် ကိုယ့်လုပ်ဖော်ကိုင်ဖက်ကြီး ဂျရတ်။ အသိမိတ်ဆွေ တိုးလာသလို တူရကီသို့ အပြီးပြန်သွားပြီဖြစ်သည့် မူဆာဖာ၊ တခါတလေ နေ့လည်ထွက်စားဖော် မီနီဆိုးတားသို့ ပြန်သွားသည့် ကနေဒါနိုင်ငံသူ တရုတ်လူမျိုး ယွင့်ကျင့်ကျဲကျဲတို့နှင့်လည်း ခွဲခွာရဖူးသည်။

ထိုင်ဝမ်ကုမ္ပဏီ အိပ်ချ်တီစီရဲ့က စီအီးအိုက မြန်မာကွဟုဆိုကာ မဆီမဆိုင် ဘလိုင်းကြီးကြွားခြင်း ခံရသည့် ထိုင်ဝမ်တရုတ် လင်း၊  ရိုတီ ( ပေါင်မုန့်) ဟု တမင်တကာ နောက်ပြောင်ခေါ်တတ်သော ပိန်ပိန်ရှည်ရှည် ရိုဟီနီ၊ အာရွန်၊ အာနန်၊ ရုံး၏ သက်တော်ရှည်  အိန္ဒိယလူမျိုး  ပါရှာ၊ ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ လက်သီးချင်းတိုက် နှုတ်ဆက်တတ်သည့် လာအို ဆိုဗမ်၊ အာရှယဉ်ကျေးမှုကို စိတ်ဝင်စားသည့် အင်္ဂလိပ်လူမျိုး ပိုက်ပါရဂူ အဲရစ်၊  သူ လက်စွမ်းပြထားသည့် ကိတ်မုန့်များကို အားရပါးရ စားတတ်သည့် ကိုယ့်အား လာကျွှေးတတ်သည့် အန်နာ၊ တခြားအမေရိကန်မတွေနှင့် မတူ ပိန်သေးသည့် အက်ရှလေ၊ နယူးကလီးယား ဓာတ်ပေါင်းဖိုတွင် လုပ်ခဲ့ဖူးသည့် ဝှစ်တနီ၊ လူကြမ်းသလောက် သဘောကောင်းသည့် မန်နေဂျာသစ် ကယ်လီဖနယ်လီ။



ကိုလံဘီယာ နိုင်ငံသူ နာဒီယာ၊ စတိုင်ကျသည့် လန်နာ၊ မိခင်တယောက်လို နွေးထွေးသည့် ဗာဂျီးနီယား၊ ဒီရုံးမှာ ၃၅ နှစ်ရှိပြီဆိုကာ ဂုဏ်ယူတတ်သည့်  ၃၅ နှစ်ဟု  ကိုယ်နာမည်ပေးထားသည့် အမည်မသိ အန်ကယ်ကြီး၊ ဘာသာတရား ကိုင်းရှိုင်းသည့် ဂျင်မီမေ၊ ပင်လယ်ပြာပြာ မျက်လုံးများကို မျက်ခုံးနက်နက်များဖြင့် အနားသတ်ထားသည့် မိုက်ကယ်ရေး၊ အမြဲရယ်နေတတ်သည့် ဂျိမ်းမိုင်လာ၊ ဟိုးလာဟု နှုတ်ဆက်တတ်ကာ စပိန်စကားသင်ပေးတတ်သည့် ဟိုဆေး၊ ကိုယ်သိသလောက် ညှပ်ပြောတတ်သည့် တရုတ်စကားကို သည်းခံနားထောင် အမှားပြင်ပေးတတ်သည့် ဂျော့ရှ်ကျန်း၊ နက်နဲသည့် စတက်ခ်ပရောဂျက် ဖန်တီးရှင် အမြဲတမ်း ဝတ်စုံပြည့် ကိန်းခမ်းတကြီး စားသောက်တတ်သည့် ဂလင်း။

စေ့စပ်သေချာပြီး စစ်သားနှင့်တူကာ စတွေ့လိုက်သည်နှင့် ခင်မင်နှစ်လိုဖွယ်ကောင်းသည့် ဂျန်းတဲမန်း ဘရန်ဒန် ဖရန့်ကလင်း၊ အရပ်ရှည်သလို စကားအလွန်များ ဓားခုတ်ချန်ပီယမ်၊ ဘွိုင်းစကောက်၊ မော်ဒယ်ဘွိုင်းအလား ချောမောသည့် ဒီရုံး၏ ကင်းဘွဲ့ ကိုယ်ပေးထားသည့် မတ်စ်ဒက်လင်းဂျာ၊ အားလုံးက လေးစားချစ်ခင်ပြီး ပြောင်မြောက်သည့် မိန့်ခွန်းပြောတတ်သည့် စီအီးအို စတိဗ်။



သူငယ်ချင်း အပေါင်းအသင်း မရှိသော်လည်း ထိုမြို့လေးကို ခင်တွယ်သည်မှာ ရုံးရှိ လူများ၏ နွေးထွေးမှုကြောင့် ဖြစ်သည်။ မျှော်လင့်ထားသည့် အချိန်ထက် အဆင်သင့်မဖြစ်သေးခင် ခွဲခွာရဖို့ဖန်လာသည်။ ကိုယ့် မိတ်ဆွေများသည် စိတ်မကောင်းရုံမျှအပ မည်သို့မှ မတတ်နိုင်။ ပထမဆုံးနှင့် နောက်ဆုံးအကြိမ် လုပ်ဖော်ကိုင်ဖက်များနှင့် နေ့လည်စာစားတော့ တနေရာမှ တနေရာ ပြောင်းရွှေ့အခြေချနေသော ကိုယ့်ကို သတ္တိခဲဟု ဆိုသည်။ တချို့လူများသည် မြို့လေးဆီမှ မခွဲခွာစဖူး၊ တခြားမြို့တွင် အခြေတကျဖြစ်အောင် ကြိုးပမ်းရသည်မှာ လွယ်ကူသောကိစ္စ မဟုတ်သောကြောင့် ဖြစ်သည်။

တကယ်တော့ ကိုယ်သည် သတ္တိကောင်းသူ မဟုတ်ပါ။ လူသားတစ်ဦးဖြစ်သောကြောင့် ကြောက်ရွံ့၊ စိုးရိမ်၊ အားငယ်၊ စိတ်ဓာတ်ကျ၊ နောင်တရသလို ပျော်ရွှင်၊ တက်ကြွ၊ ဝမ်းမြောက်ရွှင်လန်းတတ်သည်။ ဒီမြို့ဒီရွာပဲ နေချင်သည်ဟု ရွေးချယ်ခွင့် ကိုယ့်မှာ မရှိ။ ရလာသော အလုပ်၊ မြို့တွင် အဆင်ပြေအောင် ကြိုးစားဖို့ ရွေးချယ်ခွင့်သာ ကိုယ့်မှာ ရှိသည်။



အရှေ့ခြမ်းကနေ အနောက်ဖက်ခြမ်းအထိ နိုင်ငံဖြတ်ကျော် ကားမောင်းချင်သော ကိုယ့်စိတ်ကူးအိမ်မက် တစွန်းတစ အကောင်အထည်ပေါ်လာသည်။ ထိုမြို့လေးမှ သူငယ်ချင်းများရှိရာ မေရီလန်းပြည်နယ်အထိ မိုင် ၆၀၀ ၉ နာရီခန့်ခရီးကို ကိုယ်တယောက်တည်း ၂ ရက် မောင်းယူမည် ဆိုသောအခါ ကိုယ့်ကားမောင်းစွမ်းရည် သိကြသူများက ကံကောင်းပါစေ၊ ဘုရားသခင် စောင်မပါစေဟု ဆုတောင်းပေးကြသည်။

အားလုံးကို နှုတ်ဆက်ပြီး နောက်ဆုံးအကြိမ် ရုံးကို ပတ်လျှောက်ချိန် ရင်ထဲနာကျင်စွာ မျက်ရည်ကျသည်။ ရုံးသွားရုံးပြန်တိုင်း ကားပေါ်ကလှမ်းကြည့်သော်ငြား ဘယ်တော့မှ မရောက်ဖြစ်သော ရုံးနားက ရေကန်လေးအား နောက်ဆုံးအကြိမ် သွားရောက်ချိန် ကိုယ်ချစ်သော ထိုရုံး၊ ထိုမြို့လေးကို မခွဲချင်ဘဲ ခွဲခွာရသောကြောင့် ဝမ်းနည်းကြေကွဲမှု၊ မရေရာ မသေချာ မသိနိုင်သေးသော အနာဂတ်၊ နေရာသစ်တခုကို အခြေချဖို့ ကြောက်ရွံ့စိတ်များဖြင့် ငိုကြွေးမိသည်။



ချစ်သူရဲ့မြို့လေးသို့ကား ဘွဲ့နှင်းသဘင်ချိန် တစ်ခေါက်ရောက်ဖို့ သေချာသော်လည်း ထိုမြို့လေးသို့ ရောက်ကောင်း ရောက်နိုင်သည်၊ ရောက်ချင်မှလည်း ရောက်နိုင်သည်။ ဘယ်သောအခါမှ ထပ်မရောက်တော့သည်လည်း ဖြစ်နိုင်သည်။ မြို့လေးကို တွယ်တာသည်မှာ ထိုမြို့လေးတွင် ကိုယ်က ချစ်ခင်ပြီး ကိုယ့်ကို ချစ်ခင်သူများရှိသောကြောင့် ဖြစ်သည်။

ချစ်သူရဲ့မြို့လေးသည် သူငယ်ချင်းများနှင့် ပျော်ရွှင်ခြင်း၊ ကျောင်းစာများကြောင့် ဖိစီးခြင်း၊ ရှုံးနိမ့်ခြင်း၊ ကြိုးစားအားထုတ်ခြင်းများနှင့် ကိုယ့်ကိုကိုယ် ကြံ့ကြံခိုင်တတ်အောင် သင်ကြားပေးပြီး ထိုမြို့လေးသည်ကား အခက်အခဲများကို မဆုတ်မနစ် ဖြေရှင်းတတ်အောင် သင်ကြားပေးရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးတက်စေခဲ့သည်။



ထိုမြို့ကလေးဘေးနား လဲလျောင်းနေသော အိုဟိုင်းရိုးမြစ်၊ ကာရံထားသော အပါလာချိန်းတောင်တန်း၊ ပြန့်ပြူးနေသော အပြာရောင် မြက်ခင်းပြင်၊ ဥတုအလိုက်ပွင့်သော ပန်းများဖြင့် အင်မတန် သာယာလှပသည်။ ကျယ်ပြန့်စိမ်းစိုသော မြက်ခင်ပြင်တွင် အေးအေးလူလူ မြက်စားနေသော မြင်းများကို ထိုပြည်နယ်၏ နေရာအနှံ့တွင် တွေ့မြင်ရသည်။ အမ်ဘီအေ ဘတ်စ်က်ဘောမြို့၊ ပင်စင်ယူဖို့ ကောင်းသောမြို့၊ အိမ်ငှားခ သက်သာသောမြို့၊ စက်ဘီးချစ်သောမြို့၊ ပန်းခြံပေါသောမြို့ ဖြစ်သည်။



ပြင်သစ်ဘုရင်အမည်အစွဲပြု၍ အမည်ပေးထားသော မြို့လေးတွင် ကိုယ့်ဘုရင်လေးတပါး နေထိုင်လေသည်။ မြင်းပုံဖြင့် တင်စားကြသော ပြည်နယ်မှ ဘုရင်နေသောမြို့လေးကို တိုက်ဆိုက်မှုရှိတိုင်း လွမ်းနေမှာကတော့ သေချာလွန်းနေခဲ့သည်။

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၃။

All Photos are from Google.
( ဖေဖေါ်ဝါရီ ၁၇ ၊ ၂၀၁၃ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့က ထွက်ခွာသောနေ့ အမှတ်တရ)

ရပ်ကွက်ထဲမှာတော့ဗျာ - ၁၇

သေနတ်ထိန်းချုပ်ရေး ဥပဒေ

ရုပ်ရှင်ရုံ၊ စာသင်ကျောင်းတွေကို သေနတ်ပစ်သမားက ဝင်ပစ်လို့ အပြစ်မဲ့သူတွေ သေဆုံးတယ့် သတင်းဟာ အာရှတိုက်မှာ ဖြစ်ခဲပေမယ့် သေနတ်ပေါတယ့် အမေရိကန်မှာတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ၂၀၁၂ ဒီဇင်ဘာ ၁၄ ရက် ကွန်ကပ်တီးနပ်ပြည်နယ် နယူးတောင်းမြို့က ဆန်ဒီဟွခ် မူလတန်းကျောင်းမှာ သေနတ်ပစ်မှု ဖြစ်လို့ ကလေး ၂၀၊ ဆရာ၊ ဆရာမ ၆ ယောက် သေဆုံးသွားတာက စလို့ သတင်းတွေမှာရော၊ ကွန်ဂရက်မှာပါ သေနတ်ထိန်းချုပ်ရေး ဥပဒေတွေ ပြဋ္ဌာန်းဖို့ ညံနေပါတယ်။ အမေရိကန်မှာ  သေနတ်ဘာကြောင့်ပေါသလဲမေးရင် အမေရိကန်သမိုင်းကြောင်းကို ချန်လှပ်ထားခဲ့လို့ မရပါဘူး။

အမေရိကန်နိုင်ငံဟာ ဗြိတိသျှကိုလိုနီဖြစ်ခဲ့တာမို့ ဗြိတိသျှတွေကို တိုက်ထုတ်ဖို့၊ ကျွှန်လွှတ်မြောက်ရေးဥပဒေအတွက် မြောက်ပိုင်းနဲ့ တောင်ပိုင်း ပြည်တွင်းစစ်ဖြစ်လို့လူတိုင်းသေနတ်ကိုင်ပါတယ်။  တက္ကဆက်ပြည်နယ် အော်စတင်မြို့နားမှာ နေတယ့် အိမ်ရှင်အစ်မ အဖေမှာ အမဲလိုက်ဖို့ သေနတ်ရှိပါတယ်။ အိမ်ထဲ ဝင်စီးတဲ့ ဓားပြကို သေနတ်နဲ့ပစ်လို့ သေသွားရင် ခုခံကာကွယ်တာမို့လို့ ထောင်မကျပါဘူးတယ့်။ အဲ ..အဲဒီဓားပြ မသေဘဲ ဒဏ်ရာနဲ့ အိမ်ပိုင်နက် အပြင်ရောက်သွားရင်တော့ ပြသနာရှိနိုင်ပါတယ်တယ့်။

အိမ်ရှင်မရှိတုန်း ဝင်ခိုးတယ့် သူခိုးဟာ အိမ်ထဲ ငါးရက်လောက် ပိတ်မိနေလို့ သူခိုးက အိမ်ရှင်ကို တရားပြန်စွဲလို့နိုင်တာ အမေရိကန်နိုင်ငံပဲ ရှိမယ် ထင်ပါတယ်။ ထူးဆန်းပေစွ..။  တဖက်ကလည်း သေနတ်ထိန်းချုပ်ဖို့ ဆော်သြကြသလို တဖက်ကလည်း  အန္တရာယ်တခုခုကြုံရင် ၉၁၁ က နောက်... ကိုယ်သေမှာက အရင်..ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ သေနတ်ဆောင်ရမယ်လို့ ချေပပါတယ်။


တခြားပြည်နယ်တော့ မသိဘူး..ကန်တက်ကီပြည်နယ်မှာတော့ သေနတ်ဝယ်ရ အင်မတန် လွယ်တယ်လို့ စီနီယာ ဝီလီယမ်ဂရင်းက ပြောဖူးပါတယ်။ ခုတော့ နယူးယောက်ပြည်နယ်မှာ  သေနတ်ဆောင်တယ့်သူတွေရှိတယ့်နေရာကို ပြထားတယ့် သေနတ်မြေပုံဆိုပြီး ထုတ်ပါတယ်။ ကိုယ့်အိမ်နားနီးချင်းမှာ သေနတ်ရှိတယ်ဆိုရင် အိမ်နီးချင်းတွေကလည်း ဒီအိမ်မှာ သေနတ်ရှိတယ် အန္တရာယ်ဆိုပြီး စိတ်မဖြောင့်ကြသလို မြေပုံမှာ ဖော်ပြခံရတယ့် သေနတ်ပိုင်ရှင်တွေကလည်း စိတ်မသက်မသာ ဖြစ်ပါတယ်။

သေနတ်ဝယ်ရင်  စိတ်ကျန်းမားရေးချို့တယ့်သူတွေ မိသားစုထဲမှာ ရှိမရှိ နောက်ခံရာဇဝင် တင်းတင်းကျပ်ကျပ် စစ်မယ်လို့ ဆိုပါတယ်။ သေနတ်လာအပ်ရင် ဘယ်ကရတာလဲ နောက်ခံရာဇဝင် မစစ်ဘူး၊ သေနတ်နဲ့ပိုက်ဆံ လဲတယ့် အစီအစဉ်အရ လာအပ်တယ့်အထဲမှာ လောင်ချာတောင် ပါလိုက်သေး။



ဒီဇိုင်းနာက လာအပ်တယ့်သေနတ်ရဲ့ စီရီယယ်နံပါတ်တွေပါတယ့် ရွှေလက်ကောက်၊ ငွေလက်ကောက်ကို ထွင်ပြီးရောင်း၊ ရတယ့်ငွေကို သေနတ်ပစ်ခံရလို့ သေဆုံးသွားတယ့်သူတွေရဲ ့ မိသားစုကို ထောက်ပံ့တယ့် အဖွဲ့အစည်းကို လှုတာမျိုးလည်း ရှိပါတယ်။



တရစပ် ပစ်ခတ်နိုင်ပြီး လူအများစု အသက်ဇီဝိန်ခြွှေတယ့် အဆော့ရိုင်ဖယ်ပိုင်ဆိုင်မှု ထိန်းချုပ်ကန့်သတ်ဖို့ကို လွှတ်တော်နှစ်ရပ်လုံးက ခြွင်းချက်မရှိ သဘောတူပါတယ်။ သေနတ်ပစ်မှုအများစုဟာ အဆော့ရိုင်ဖယ်သုံးပြီး ပစ်ခဲ့တာပါ။



ခုတော့ ကျောင်းတွေမှာ လုံခြုံရေး တိုးမြှင့်ပါတယ်။ ငလျင်လှုပ်လေ့ရှိတယ့် ဂျပန်မှာ ငလျင်လှုပ်ရင် ဘယ်လိုပြုမှုရေး လေ့ကျင့်ရသလို အမေရိကန်နိုင်ငံက စာသင်ကျောင်းတွေမှာလည်း သေနတ်သမားဝင်ပစ်ရင် ဘယ်လိုပြုမှုရမလဲ လေ့ကျင့်ကြရပါတယ်။ သွယ်ရလွယ်၊ ပေါ့ပါးတယ့် ကျဉ်ကာအဖြူရောင်သင်ပုန်း တီထွင်ပြီးပြီမို့ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားတွေကို ဝေမယ်လို့ ဆိုပါတယ်။


အန်အာအေလို အမျိုးသားရိုင်ဖယ်အဖွဲ့အစည်းက သေနတ်ဆောင်တာကြောင့် မှုခင်းဘယ်လောက်ကျတယ်ဆိုပြီး ချေပပါတယ်။ သေနတ်ဆောင်တာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးဖြစ်တယ်လို့ ယုံကြည်တယ့် အမေရိကန်တွေကို ဘယ်လိုထိန်းချုပ်မလဲ၊ သေနတ်သံ ကင်းဝေးတယ့် အနာဂတ်ကို အမေရိကန်တွေ ဘယ်လိုတည်ဆောက်ကြမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းသား...

သမ္မတ ကျမ်းသစ္စာခံယူပွဲ

အမေရိကန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  ရွှေးကောက်တင်မြှောက်ခံရတယ့် သမ္မတဟာ ဇန်နဝါရီ ၂၀ မှာ အိမ်ဖြူ‌တော်မှာ ကျမ်းသစ္စာခံယူပြီး ၂၁ မှာတော့ ကွန်ဂရက်ရှေ့ ပြည်သူတွေ ရှေ ့မှာက်မှာ ကျမ်းသစ္စာခံယူပြီး မိန့်ခွန်းပြောပါတယ်။ အမေရိကန်ပြည်သူတွေအတွက် အရေးပါတယ့်နေ့ဖြစ်သလို စတိုင်ရှိတယ့် သမ္မတကတော် ဘယ်လိုစတိုင်နဲ့ ပွဲတက်မလဲလို့ အားလုံးက စိတ်ဝင်တစား ရှိလှပါတယ်။

Our journey is not complete until our gay brothers and sisters are treated like anyone else under the law - for if we are truly created equal, then surely the love we commit to one another must be equal as well. Our journey is not complete until no citizen is forced to wait for hours to exercise the right to vote. Our journey is not complete until we find a better way to welcome the striving, hopeful immigrants who still see America as a land of opportunity; until bright young students and engineers are enlisted in our workforce rather than expelled from our country.


America will remain the anchor of strong alliances in every corner of the globe; and we will renew those institutions that extend our capacity to manage crisis abroad, for no one has a greater stake in a peaceful world than its most powerful nation. We will support democracy from Asia to Africa; from the Americas to the Middle East, because our interests and our conscience compel us to act on behalf of those who long for freedom.

We will respond to the threat of climate change, knowing that the failure to do so would betray our children and future generations. Some may still deny the overwhelming judgment of science, but none can avoid the devastating impact of raging fires, and crippling drought, and more powerful storms. The path towards sustainable energy sources will be long and sometimes difficult. But America cannot resist this transition; we must lead it.



သမ္မတမိန့်ခွန်းအရ သူရဲ့ဒုတိယအကြိမ် သမ္မတသက်တမ်း လေးနှစ်အတွင်း လိင်တူချစ်သူအခွင့်အရေး၊ တရားမဝင်နေထိုင်သူအရေး၊ အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းပေါ် အမေရိကန်ရဲ့သဘောထား၊ ကမ္ဘာကြီး ပူနွေးလာမှု၊ စီးပွားရေး ခိုင်မာအောင် လုပ်ဆောင်ဖို့ ဦးစားပေး ဆောင်ရွှက်သွားမှာပါ။ အားမာန်ရှိပြီး ထက်မြက်တယ့် သမ္မတအိုဘားမားမိန့်ခွန်းကို နားထောင်ရချိန်မှာ မြန်မာပြည်သူတွေ  ရွေးခြယ်မယ့်  သမ္မတကရော ကျမ်းသစ္စာခံယူချိန်မှာ အားမာန်အပြည့်ရှိပြီး ပြတ်သားတယ့် ဘယ်လို မိန့်ခွန်းတွေကို ပြောမှာပါလိမ့်..


လူဝင်မှုကြီးကြပ်ရေး ဥပဒေ

အမေရိကန်မှာ တရားမဝင်နေထိုင်သူ ၁၁ သန်း ရှိပါတယ်။ ဆင်းရဲမွဲတေတယ့် မက္ကဆီကိုနိုင်ငံသားတွေရဲ့တခုတည်းသော မျှော်လင့်ချက်က အမေရိကန်နိုင်ငံကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ဝင်ရောက်ဖို့ပါ။ နယ်စပ်မှာ ခြံစည်းရိုးကြီးတွေ၊ ပစ်မိန့်တွေ ကြားကနေ ခိုးဝင်လာတယ့်သူတွေ  ရှိနေတာပါပဲ။ တချို့ဆို ရောက်တာ ဆယ်စုနှစ်ကျော်ကာ ကလေးတွေကလည်း အမေရိကန်မှာမွေးလို့ အမေရိကန်နိုင်ငံသားဖြစ်။ သူတို့ကိုယ်သူတို့ မှတ်ပုံတင်မရှိတယ့် နိုင်ငံသားတွေလို့ သတ်မှတ်ပါတယ်။ ဒီမြေ၊ ဒီရေမှာ ကြီးပြင်းလို့ ဒီနိုင်ငံဟာ သူတို့အိမ်ပါတယ့်။

ခုတော့ အိုဘားမားရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ နယ်စပ်လုံခြုံရေး တင်းကျပ်ပါမယ်။ မှတ်ပုံတင်မရှိတယ့်သူတွေကို အလုပ်ခန့်ဖို့ ကုမ္ပဏီတွေကို  အားပေးပါမယ်။ အင်္ဂလိပ်စကားပြောဆိုနိုင်ပြီး အခွန်ဆောင်၊ ဒဏ်ကြေးဆောင်၊ နောက်ကြောင်းရာဇဝင်စစ်တာ အောင်ရင် အမေရိကန်နိုင်ငံသား ပေးပါမယ်။ တရားဝင် မှတ်ပုံတင် မရှိတော့ ကားမောင်းလိုင်စင်မရှိ။ ရဲက လာစစ်ရင် မတရားမဝင်နေထိုင်သူမှန်းသိလို့ ပြန်ပို့လို့အမေရိကန်နိုင်ငံသားဖြစ်နေတယ့် ကလေးတွေနဲ့ ခွဲရမှာက တရားမဝင်နေထိုင်သူတွေရဲ့ ကြောက်ရွှံ့မှု။ ချီကာဂိုပြည်နယ်မှာတော့ တရားမဝင် နေထိုင်သူတွေအတွက် ကားမောင်းလိုင်စင် ချပေးနေပါတယ်။ အမေရိကန်မှာတော့ ကားမောင်းလိုင်စင်ဟာ အိုင်ဒီကဒ်လိုပါပဲ။




တချို့လူတွေကတော့ တရားဝင်လာရောက် အလုပ်လုပ်တယ့် ပညာရှင်တွေ၊ အမေရိကန်မှာ ကျောင်းလာတက်ပြီး အလုပ်လုပ်တယ့်သူတွေကို အမေရိကန်နိုင်ငံသားအဖြစ် အခွင့်အရေး ပိုပေးချင်ပေမယ့် တရားမဝင် နေထိုင်တယ့်သူတွေအတွက် ဒီဥပဒေဟာ မျှတပါတယ်။ ဒါပေမယ့် စီးပွားရေးအတွက် မကောင်းသလို လူလတ်တန်းစားတွေအတွက် မျှတမှု မရှိပြန်ဘူး။ နိုင်ငံအတွက် အတတ်ပညာရှင်တွေ လိုအပ်သလို အခြေခံအလုပ်သမားတွေလည်း လိုအပ်ပြန်တယ်။

ဒီမိုကရက်တွေကတော့  စပိန်စကားပြောတယ့် လက်တင်နိုတွေရဲ့ ထောက်ခံမှုနှုန်းကျနေတယ့် ရီဘာပလင်ကန်တွေရဲ့ နိုင်ငံရေးလှည့်ကွက်လို့ မြင်ပါတယ်။ သမ္မတဟောင်း ဂျော့ဒဘလူဘုရှ် ရွေးကောက်ပွဲ ဝင်တုန်းက လက်တင်နိုဆီက ၄၄ ရာခိုင်နှုန်း မဲရပြီး ဂျွှန်မတ်ကိန်း ရွေးကောက်ပွဲချိန်မှာ ၂၂ ရာခိုင်နှုန်း ခု ရွှန်မနီ ရွေးကောက်ပွဲတော့ လက်တင်နိုတွေဆီက ၁၀ ရာခိုင်နှုန်းကျော်ပဲ ရတာပါ။ လက်တင်နိုတွေရဲ ့ မဲတွေသာ ရခဲ့ရင် ရီဘာပလင်ကန်သမ္မတလောင်းတွေ နိုင်ချေရှိတာကြောင့် ဒီဥပဒေကို ရီဘာပလင်ကန်ဖက်က တင်သွင်းတာလို့ တွေးကြပါတယ်။

 စစ်သမီးများနှင့် ရှေ့တန်းစစ်မျက်နှာ


အမေရိကန်စစ်တပ် ရှေ့တန်းစစ်မျက်နှာမှာ အမျိုးသမီးစစ်သည်များ ပါဝင်ခွင့် ကန့်သတ်ထားကို ပယ်ဖျက်လိုက်ပါတယ်။  စစ်သမီးတွေဟာ စစ်သားများနည်းတူ ရွှပ်ရွှပ်ချွှံချွှံ ပြောင်မြောက်စွာ တိုက်ပွဲဝင်ကြပါတယ်။ ရှေ့တန်းစစ်မျက်နှာမှာ ပါဝင်ဖူးမှ တက်ရောက်ခွင့်ရှိတယ့် သင်တန်းအချို့ဟာ ရာထူးတိုးဖို့အတွက် အခရာကျတာမို့ ရှေ့တန်းစစ်မျက်နှာမှာ ပါဝင်ခွင့်မရတယ့် စစ်သမီးတွေဟာ ရာထူးတိုးဖို့ ခက်သလို အမျိုးသား၊ အမျိုးသမီး ခွဲခြားတယ်လို့ ခံစားရပါတယ်။ ရှေ့တန်းစစ်မျက်နှာမှာ ပါဝင်ခွင့်ပြုလိုက်ပေမယ့်လည်း တချို့အရာတွေတော့ ကန့်သတ်ထားပါသေးတယ်။

အမေရိကန်နှင့် အမျိုးသမီးသမ္မတ

ဒီမိုကရေစီပေါက်စနိုင်ငံများဖြစ်တယ့် ဖိလစ်ပိုင်မှာ အာယိုယို၊ ထိုင်းမှာ ရှင်နာဝပ်၊ ပါကစ္စတန်မှာ ဘူတို၊ တောင်ကိုးရီးယားမှာလည်း ပထမဆုံးအမျိုးသမီးသမ္မတ ရှိပေမယ့် ဒီမိုကရေစီ့ဘိုးအေ၊ အမျိုးသားအမျိုးသမီး တန်းတူပဲလို့ ယုံကြည်ကြွေးကြော်တယ့် အမေရိကန်နိုင်ငံမှာ ကွန်ဒိုလီဇာရိုက်၊ ဟီလာရီကလင်တန်တို့လို့ ထက်မြက်တယ့် အမျိုးသမီးဝန်ကြီးတွေ ရှိခဲ့ပေမယ့် အမျိုးသမီးသမ္မတ မရှိသေးတာ ရှက်စရာလို့ အမေရိကန်တွေ ယူဆကြပါတယ်။


လစ်ဗျားနိုင်ငံ အမေရိကန်သံရုံးတိုက်ခိုက်ခံရမှုကြောင့် သံမှုးအပါအဝင် အမေရိကန်နိုင်ငံသား ၄ဦး ကျဆုံးတယ့် ကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီး ဟီလာရီကလင်တန်က တာဝန်ယူကာ လွှတ်တော်မှာ စစ်မေးခံပါတယ်။ လုံခြုံရေး လျော့နည်းတာကို ဝန်ခံပါတယ်။ ၂၀၁၆ ရွှေးကောက်ပွဲမှာ ဟီလာရီကလင်တန်ကို ပထမဆုံးအမျိုးသမီးသမ္မတဖြစ်ဖို့ အမေရိကန်တွေ ဆန္ဒရှိကြပါတယ်။ ကွန်ဂရက်နဲ့လွှတ်တော်မှာ အမျိုးသမီးအမတ်များများ ပါဝင်လာဖို့ တိုက်တွန်းပါတယ်။ ၂၀၁၆ မှာ  ပထမဆုံးအမျိုးသမီးသမ္မတကို  အမေရိကန်တွေ ရွေးခြယ်ကြမှလား...

လေးအော့ဖ်ခြင်း...

၂၀၀၈ စီးပွားပျက်ကပ်နှစ် စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ကျောင်းတက်ချိန် တီချယ်အယ်စတာ ပထမဆုံး စပြောတယ့် စကားလုံးက လေးအော့ဖ်(အလုပ်ဖြုတ်ခံရခြင်း) ပါ။ စင်္ကာပူတိုးတက်မှုဘဏ် (ဒီဘီအက်စ်) မှာ အလုပ်ဖြုတ်ခံရတယ့် ၉၀၀ ကျော်မှာ အများစုက အိုင်တီသမားတွေ။ ကိုယ့်အရည်းအချင်းတွေ ဖြည့်ထားကြတယ့်။ ဗီယက်နမ်မလေး မိုင်းဖန် မလေးရှား အိပ်ချ်ပီကနေ ပါတနာ ကယ်လီဖိုးနီးယားကုမ္ပဏီကို လွှတ်ပါတယ်။ ၂၀၀၈ စီးပွားပျက်ကပ်ဆိုက်တော့ တပတ်အတွင်း ဗီယက်နမ်ပြန်ဆိုပြီး လေးအော့ဖ်ခံရပါတယ်။ မိုင်းဖန်က တို့တွေကို  မကြာခဏ အဲဒီအကြောင်း ပြောပြတော့ လေးအော့ဖ်ဆိုတာ ကြားဖူးနေတယ်။

၂၀၁၂ စက်တင်ဘာမှာ  နောက်တလပဲ လစာပေးနိုင်တော့မှာမို့ အလုပ်သစ်ရှာပါဆိုပြီး  ရာမား လေးအော့ဖ် ခံရပါတယ်။ ၂လအကြာ မေရီလန်းမှာ ရာမား အလုပ်ရတာ အကြောင်းပြုလို့ ဒီစီသွား တောလားပို့စ်တွေ ရေးခဲ့ပါသေးတယ်။ တမြို့တည်းနေတယ့် အတန်းဖော် ဘာရိန်းနိုင်ငံသား မဟာကလည်း သူရုံးက နောင်နှစ်ပတ်ဆို ကွန်ထရက်ရပ်မယ် ပြောလို့ အလုပ်ရှာနေတယ် နင်တို့ရုံးမှာ အလုပ်ရှိလား မေးလာတယ်။


၆လပြည့်ချိန် စီနီယာက ထောက်ခံပေးလို့ မန်နေဂျာကို အမြဲတမ်းခန့်ဖို့ သွားမေးတာ ဘတ်ဂျက်မရှိလို့ မခန့်နိုင် ဖေ့စ်တူဖေ့စ်အင်တာဗျူးတွေ ရှိလို့ ခွင့်ယူချင်ရင် ရပါတယ်တဲ့။ တစ်နှစ်စာချုပ်ပြည့်ဖို့နှစ်လအလို မန်နေဂျာက စိတ်မကောင်းစွာ လာပြောတာက ဒီအပတ် သောကြာနေ့က ကိုယ့်ရဲ့ နောက်ဆုံးနေ့ပါတယ့်။ လက်ရှိလုပ်နေတယ့် ပရောဂျက် မပြီးလည်း လွှဲပေးပါတယ့်။ ဝမ်းနည်းသွားတယ့်ကိုယ့်ကို အလုပ်လုပ်တာ မကောင်းလို့ဖြုတ်တာ မဟုတ်ဘူးနော်၊ ဘတ်ဂျက်ကြောင့် ကွန်ထရက်တာ အားလုံးကို ဖြုတ်တာ၊ လိုအပ်ရင် ရပ်ဖ်ဖရန့်မှာ သူ့နာမည်၊ အီးမေလ်၊ ဖုန်းနံပါတ်ရေးဖို့ သူ့လိပ်စာကဒ်ပေးသွားပါတယ်။

ကွန်ထရပ်မတိုးနိုင်တာ သိပေမယ့် ကွန်ထရပ်ပြီးအောင် ဒီမှာလုပ်နေရင်း ကွန်ထရပ်လည်းပြီး အလုပ်လည်းရဖို့ မျှော်လင့်ထားတာ။ ပီတာ၊ ဂျရတ်၊ ဝီလ်နဲ့ကိုယ်တိုင်ကရော ဘယ်သူကမျှ မျှော်လင့်မထားခဲ့တာပါ။ နောက်ဆုံးနေ့မှာတော့ အိမ်ရှင်အမက သတိပေးပါတယ်။ အမေရိကန်ကုမ္ပဏီအများစု ချက်ချင်းထွက်သွားဖို့ ပြောတတ်တာမို့ ပြင်ဆင်ထားဖို့ပါ။


ဝီလ်နဲ့  ဂျရတ် ကျွှေးတယ့် နေ့လည်စာကို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် စားသောက်ရင်း တရုံးလုံးက ကိုယ်သိတယ့်သူတွေကို နှုတ်ဆက်ပါတယ်။ ရုံးကို နောက်ဆုံးအကြိမ် တပတ်ပတ်ချိန် ရင်ထဲ တကယ်နာကျင်တယ်။ ရုံးသွားရုံးပြန် ဖြတ်နေပေမယ့် တခါမှ မရောက်ဖြစ်တယ့် ရုံးနားက ရေကန်လေးနားမှာ ရပ်ပြီး ဝမ်းနည်းကြေကွဲစွာနဲ့ ငိုမိတယ်။ ဒီနေရာကလေးရယ်၊ ဒီရုံးရယ်၊ ရုံးကလူတွေကို တကယ်တွယ်တာနေတာပါလား။ သေချာတယ်... ကိုယ် တကယ်အလုပ်ပြုတ်တာ။

အင်တာဗျူးရရင် ပျော်လိုက်၊ အင်တာဗျူးမအောင်ရင် စိတ်ဓာတ်ကျလိုက်၊ အိန္ဒိယအေးဂျင့်တွေကြောင့် စိတ်တိုလိုက်၊ တောင်တန်းရှိတယ့် ပြည်နယ်က အင်တာဗျူးဆိုရင် တောင်တက်ဖို့စိတ်ကူးယဉ်လိုက်၊ ပင်လယ်နားက ပြည်နယ် အင်တာဗျူးဆိုရင် ပင်လယ်ပြာပြာ သဲသောင်ပြင်ကို စိတ်ကူးယဉ်လိုက်နဲ့ အင်တာဗျူးတွေအကြောင်း နောက်မှ ပို့စ်တပုဒ် ရေးဦးတယ်။



တလောက ဂျူနီယာ ဗီယက်နမ်လေး ဟိုင်းနဲ့ အလုပ်အကြောင်း မေးကြရင်း ၆လ ကွန်ထရပ်က ၃လနဲ့တင် ရပ်သွားလို့ သူလည်း အလုပ်ရှာနေပါတယ်တဲ့။ နင့်ကို ဘယ်လောက်ကြိုတင်အသိပေးလဲ..တပတ်..ဟေ.. နင် ကံကောင်းတယ်..ငါဆို အလုပ်ဖြုတ်ခံရမယ်မှန်းတောင် မသိဘူး..ချက်ချင်း ပစ္စည်းသိမ်းခိုင်းပြီး ချက်ချင်း ထွက်သွားခိုင်းတာ.. တကယ်ရှော့ခ်ဖြစ်သွားတယ်။ ဟုတ်ပါတယ် အမေရိကားမှာ အလုပ်ဖြုတ်တော့မယ်ဆိုရင် ကုမ္ပဏီကို တခုခုလုပ်မှာစိုးလို့ အသိမပေးဘဲ  ချက်ချင်း ပစ္စည်းလာသိမ်းခိုင်းပြီး ချက်ချင်း ထွက်သွားခိုင်းတာ ထုံးစံပါတယ့်။

ကျောင်းမှာတုန်းက ကိုယ့်တို့သုံးယောက်က အင်္ဂလိပ်စကားပြောသင်တန်း တက်ရပြီး ဆူနမ်တယောက် မတက်ရတော့ ကြုံတိုင်း  နှိပ်ကွပ်ကြတာက ဆူနမ်တကောင် အီးအက်စ်အယ်လ် (အင်္ဂလိပ်စကားပြောသင်တန်း ) မတက်ဖူးလို့ အမေရိကန်စကားစစ်စစ်ဆိုတာ မသိဘူးလို့။ လေးအော့ဖ်ဖူးတယ့် ကိုယ်တို့သုံးယောက် လေးမအော့ဖ်ဖူးတယ့် ဆူနမ်ကို နှိပ်ကွပ်ကြတာက ဆူနမ် နင် တကယ့်အမေရိကန်ကုမ္ပဏီစစ်စစ်မှာ မလုပ်ဖူးသေးဘူး။ ဟုတ်ကဲ့ တကယ့်အမေရိကန်ကုမ္ပဏီ စစ်စစ်ဆိုရင် တနေ့မလွဲမသေ ကြုံရမှာက လေးအော့ဖ်ပါတယ့်။

ရော့..ယူလိုက်

ကွန်ထရက်ပြီးသွားလို့ ဆူနမ်တို့ ဆီသွားကာ အလုပ်ရှာမယ့် အန်းထရူးဂူရုန်းက ကန်တက်ကီပြည်နယ်အောက်ဖက်က တန်နက်စီပြည်နယ် မန်းဖစ်မြို့မှာ နေတာပါ။ ဆူနမ်တို့က ကိုယ့်ကို ဝင်ခေါ်ပြီး နှစ်ယောက်အတူတူ လာစေချင်ပေမယ့် တန်နက်စီပြည်နယ်ကနေ ကန်တက်ကီပြည်နယ်ဆီ လေယာဉ်ခက ဝါရှင်တန်ဒီစီ လေယာဉ်ခထက် ဈေးကြီး၊ ဘတ်စ်ကားနဲ့၁၀၀ ကျော်ပဲကျပေမယ့် ၆ နာရီစီးပြီး ကန်တက်ကီပြည်နယ်ကိုလာ အဲဒီကနေ ဝါရှင်တန်ဒီစီအထိ မိုင် ၆၀၀ ခရီးကို ၉ နာရီမောင်းရမယ့် ခရီးမို့ အန်ထရူးက ကိုယ့်ဆီ မလာတော့ဘဲ ဒီစီကို တိုက်ရိုက်သွားပါတယ်။ ဒီကောင် သူငယ်ချင်းမပီသဘူးလို့ ကိုယ်ပြောပေမယ့်လည်း သူ့နေရာမှာ ကိုယ်ဆိုလည်း သူ့လိုပဲ နေမှာပါပဲ။

ကိုယ်တို့မြို့နားက အင်တာဗျူးတွေကို လက်စသတ်နေတာနဲ့ဆူနမ်တို့ဆီသွားဖို့ ကြာနေပါတယ်။ ဆူနမ်တို့က သူတို့ထမင်းဝိုင်းကိုပြပြီး ငါတို့ကျောင်းပိတ်ရက်မှာ ထမင်းစုချက်စားသလိုပဲ စန်းစန်း ..နင်..ဘယ်တော့လာမှာလဲ။ အေး..ဒီက အင်တာဗျူးတွေ မအောင်ရင် လာခဲ့မယ်..ဒီက မခွာခင် ဒီနားမှာ ရသလောက်လေး ကြိုးစားနေတာ။ အန်းထရူးက ငါတို့ကို ဟင်းချက်ကျွှေးတယ်.. နင်လာရင် ဟင်းချက်စရာ မလိုဘူး။  ငါ မှတ်မိတယ်ဟ..အန်းထရူး ချက်တယ့် ဝက်သားနဲ့မုန်ညှင်းက သိပ်စားကောင်းတာ။ အန်းထရူးမှာ နင့်ကို ပေးဖို့ လက်ဆောင် ရှိတယ်တယ့်။

ဟမ်...လက်ဆောင် ( မွေးနေ့မဟုတ်ဘဲ လက်ဆောင်လို့ သူတို့ပြောရင် မျက်ခုံးလှုပ်တယ်။ ပိုနေတယ့်ဟာတွေကို လက်ဆောင်ဆိုပြီး အတင်းကိုယ့်အခန်းထဲ လာ..လာပစ်တတ်လို့) ပစ္စည်းတွေ ဝယ်ရင် ရတယ့် ဖရီးဂစ်ဖ်ကို ငါ့ကို ပေးမလို့လား။ ဟုတ်ပါဘူးဟ.. နင့်အတွက် သီးသန့်ဝယ်ပေးမလို့တယ့် ..ဟိ..ဟိ။ ဘာတုန်းဟ..။ ဟိုဟာလေဟာ ဟိုဟာ..မဆလာ..။ ဘာ..မဆလာ..အမ်မလေး...ငါကတောင် ပြန်ပေးလိုက်ဦးမယ်။ နင်နဲ့ စင်စင်နာတီ ဂျမ်းကဲဂျင်မှာ ဝယ်ထားတာတွေ ပိုနေတာ အများကြီး။ ဟာ..ဘယ်က မဆလာ ရမှာတုန်း.. မက်စ်ကာလာ.. မက်စ်ကာလာ.. မျက်တောင်ကော့တယ့်ဟာ..။

ဘာလို့ မက်စ်ကာလာ ပေးရတာတုန်း။ ဖေ့ဘွတ်မှာ တင်ထားတယ့် နင့်ပရိုဖိုင်ကို တွေ့ပြီး အန်းထရူးက နင်မျက်လုံးလုပ်ဖို့ မတ်စ်ကာလာ ဝယ်ပေးမလို့တယ့်။ (အန်းဒရူးက  မတ်စ်ကာလာ လုပ်ဖို့လိုတယ်လို့ပြောတာကို ဒင်းတို့က အန်းဒရူး ဝယ်ပေးမလို့ဆိုပြီး အချွှန်နဲ့ မနေတာ သတိထား..) ငါက မက်စ်ကာလာလုပ်ရင် မျက်လုံးယားလာလို့ မသုံးဘူးဟ။ အေးဟာ..နင်တို့နှစ်ယောက် အလုပ်ရရင် တိုက်ခန်းအတူတူငှားပြီး ရှယ်နေရင် အိမ်ငှားခ သက်သာတယ်။ ငါနဲ့မိုင်းဖန် နင့်အတွက် အကောင်းဆုံး စီစဉ်ထားတယ်..နင်လည်း အသိ..အန်းဒရူးက စိတ်သဘောကောင်း၊ ဟင်းချက်ကောင်းဟ..(သိလိုက်ပြီ ဒင်းတို့ဘာဆိုလိုနေမှန်း) ။


အံမယ်..ဆူနမ်..နင်တို့ဂူရုန်းတွေက ဂူရုန်းခြင်းပဲ ယူလို့ရတယ်ဆို။ နင်လည်း ဂူရုန်း၊ အန်းထရူးလည်း ဂူရုန်း  နင် ယူလိုက်။ သူနဲ့ငါ့ကို ချစ်သူရည်းစားလို့ မထင်ဘဲ သားအမိလို့ ထင်လိမ့်မယ်ဟ..ပြီးတော့ ငါ့ထက် ငယ်တယ်..ရာမား နင် ယူလိုက်။ အမ်.. ငါက ဗြဟ္မဏမျိုးနွယ် မျိုးနွယ်မတူလို့ ယူလို့မရဘူး..စန်းစန်း ဓာတ်ပုံကို လှတယ်လို့ပြောတယ်.. စန်းစန်းကို ကြိုက်နေတာ နေမှာ စန်းစန်း နင် ယူလိုက်။

(ဆူနမ်) စန်းစန်း နင် ဟင်း မချက်တတ်ဘူးမလား..အန်းဒရူးက ဟင်းချက်ကောင်း..သူချက်တယ့် ဝက်သားနဲ့ မုန်ညှင်း နင်ကြိုက်တယ်ဆို။ အင်း..။ မပူနဲ့နင့်ကို သူ ချက်ကျွှေးလိမ့်မယ်။ နင်တို့နှစ်ယောက် ဘိုးလင်းဆော့တာလည်း ကောင်းတယ် သူက ပထမ နင်က ဒုတိယ။ ဖူးလ်ဘောဆော့တာလည်း ကောင်းတယ်။ (စန်းစန်း) အမ်.. အန်းဒရူးနဲ့ ဆော့မဆော့ ငါ မမှတ်မိဘူး..ဂင်္ဂါက ရှေ့တန်း ငါက နောက်တန်း ဆော့တာတော့ မှတ်မိတယ်.. ။ (ဆူနမ်) ဒန်မွိုင်း သွားလည်တုန်းကလည်း သူ့နီကွန်ကင်မရာအကြောင်း နင်နဲ့ လေပေးဖြောင့်တယ်လေ။ (ရာမား) အန်းဒရူးက စန်းစန်းကို ကြိုက်မကြိုက်တော့ မသိဘူးဟေ့..ဆူနမ်က အန်းဒရူးကို ကြိုက်နေပုံရတယ်။ (စန်းစန်း) ဟုတ်တယ်..ဟုတ်တယ်... ငါလည်း အဲဒီလို ထင်တယ်။ ဆူနမ်..နင် ယူလိုက်။



ဂင်္ဂါ ။  ။ ဟေ့ကောင် အန်းဒရူး ...ဖိုးကံကောင်း..မင်းကွာ အိန်ဂျယ်သုံးယောက် ခြံရံပြီး ကံကောင်းလိုက်လေခြင်း..။ ငါလည်း လေးအော့ဖ်ခဲ့ရင် ဆူနမ်တို့ဆီသွားပြီး အလုပ်ရှာရင် ကောင်းမယ်  (ရာမားနဲ့ နီးရအောင်)။

အန်းဒရူး ။   ။ မှားမယ် ဂင်္ဂါ..စန်းစန်းက ဂူရုန်းခြင်းတူတယ် ဆူနမ် ယူလိုက်။ ဆူနမ်က အသက်မကွာတယ့် ရာမား ယူလိုက်။ ရာမားက မျိုးနွယ်မတူလို့စန်းစန်း ယူလိုက်ဆိုပြီး ရော့..ယူလိုက် လုပ်နေကြတာဗျား။ ဒင်းတို့ကို ကြောက်လို့ အလုပ်လျှောက်တာတောင် ငါ မေရီလန်းပြည်နယ်ဆို ဝေးဝေးရှောင်တယ်မောင်..။

ဟုတ်ကဲ့ ..စန်းထွန်းတို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်။

စန်းထွန်း
ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၃။
All photos are from Google.