ရက်ကွက်ထဲမှာတော့ဗျာ - ၁၅

မမအိုင်အိုရာ အညွှန်းကောင်းလို့ ပထမဦးဆုံးသော ကိတ်မုန့်လက်ရာ။ ကြက်ဥ ၃လုံး၊ ဆီ ဖန်ခွက်တဝက်၊ ရေ ဖန်ခွက်တခွက်နဲ့ ၂ဒေါ်လာတန် အဲဒီတံဆိပ်အမှုန့်ကို ရောသမမွှေ။ ဖုတ်မယ့်ဗန်းကို ထောပတ်သုတ်၊ ၃၅၀ ဒီဂရီနဲ့ ၄၅မိနစ်လောက် ထားလိုက်ရင် အရသာရှိလှတဲ့ ကိတ်မုန့်လေး ရပါပြီ။ မမအိုင်အိုရာ လေသံအတိုင်း ပြောရရင် စူပါအီးဇီး.. း )


နိုဝင်ဘာ ၁၀ မှာ ဖြေရမယ့် ကွန်ပျူတာဂရပ်ဖစ် ဘာသာအတွက် မှတ်စုထုတ်ရင်း စာအုပ်တခြား၊ အဖုံးတခြား ဖြစ်နေတဲ့ စာအုပ်အဖုံးလေးကို မြင်မိတော့ ဓာတ်ပုံရိုက်လိုက်တယ်။ စာတော့ မသိဘူး..စာအုပ်တော့ ကြေနေပြီ  း D ။ ဆူနမ်နဲ့ ရာမား ပေးထားတယ့် မိုင်သောင်းချီအဝေးကနေ သယ်လာတဲ့ ဗလာစာအုပ်။ နီပေါနိုင်ငံရဲ့ အမှတ်သင်္ကေတ ကမ္ဘာ့အမြင့်ဆုံးး ဧဝရက်တောင်၊  အတန်း၊ ခုံနံပါတ်၊ ဘာသာ၊ ကျောင်းနာမည်တွေ ရေးဖို့ နီပေါနိုင်ငံ မြေပုံလေးရယ်။


အလုပ်ဝင်တာ ခြောက်လပြည့်လို့ အမြဲတမ်းဝန်ထမ်းခန့်ဖို့ မေးကြည့်တာ စန်ထရယ်အင်ဂျင်နီယာဌာနကို ဘတ်ဂျက်ဖြတ်ထားလို့ မခန့်နိုင်ပါဘူးတယ့် ခင်ည။ အခုက ကျောင်းသားဗီဇာ F1 ။  Curricular Practical Training  (CPT)  အလုပ်အချိန်ပြည့်လုပ် Distance Education (DE) Courses တွေ တက်နေရတဲ့ W2 အလုပ်လုပ်ခွင့်ပါမစ်ကို ကျောင်းက စပွန်ဆာပေးထားတာပါ။ အဲဒါက ၂၀၁၃ ဒီဇင်ဘာဆို ကုန်ပြီ။ စတိတ်မှာ ဆက်နေချင်ရင် အလုပ်ရှင်က H1B စပွန်ဆာပေးတယ့် အလုပ်ကို ရှာနေရပါပြီ။ အင်တာဗျူးတွေမှာ H1B စပွန်ဆာပေးလား မေးလိုက်ရင် ဆောရီးတွေကများလို့ စန်းထွန်းတယောက် ဆယ့်တစ်ကျပ်ကျ အဲ စိတ်ဓာတ်ကျနေတာပေါ့ ခင်ညာ။ စလုံးမှာ အီးပီ၊ အက်စ်ပတ်စ်တို့ကို အလုပ်ရှင်က လျှောက်ပေးသလိုမျိုးပေါ့။ အလုပ်တူရင်တောင် ဂရင်းကဒ်၊ စီးတင်းဇင်တွေက လစာပိုများတယ်။ နိုင်ငံခြားသားဆိုတာ နိုင်ငံသားနဲ့ အခွင့်အရေး ကွာတယ်။


မြို့အသစ်၊ အလုပ်အသစ်၊ လူအသစ်တွေနဲ့ အသားကျဖို့ ခြောက်လလောက် အချိန်ယူရတယ်။ ဟော..အသားကျလို့ ဒီကုမ္ပဏီ၊ ဒီမြို့၊ ဒီလူတွေကို ကြိုက်ပါတယ်ဆိုကာမှ ရေစက်ကုန်လို့ ခွဲရပြန်ဦးမယ်။ ဘယ်ဆီဘယ်ဝယ်မှန်းမသိ။ ဆောင်းဦးကာလမှာ သစ်ရွှက်တွေက အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်တွေပြောင်းတာ တော်တော်လှတယ်။ ရာသီဥတုကလည်း သိသိသာသာ အေးလာပြီ။ အခုတော့ အပင်တွေက ရိုးတံကျဲကျဲ  ဆောင်းလေအဝှေ့မှာ သစ်ရွှက်ကြွေတွေက ဝေ့ဝဲလို့။

တုပ်ကွေးရာသီချိန်မို့ တုပ်ကွေးကာကွယ်ဆေးတွေ စတိုးဆိုင်ကြီးတွေ၊ ရုံးတွေမှာ အခမဲ့ ထိုးပေးနေပါတယ်။ တုပ်ကွေးဖြစ်တာကို ကာကွယ်ပေးပြီး တကယ်လို့ ကွေးခဲ့ရင်လည်း ကွေးချိန် တိုပါတယ်တဲ့။ အဲ နည်းနည်းတော့ ဟပ်ချိုးတယ်။ မတည့်တာကတော့ အတော့်ကို ဖြစ်နိုင်ချေ နည်းပါတယ်တဲ့။ အလကားဆို လက်မလွှတ်တယ့် စန်းထွန်းတယောက် ကာကွယ်ဆေးထိုးပါတယ်။ ပုရွှတ်ဆိတ်ကိုက်သလောက်သာ နာပေမယ့် နောက်နှစ်ရက်ကတော့ လက်မောင်း နာတယ်။ နမိုးနီးယားကာကွယ်ဆေးလည်း ထိုးလို့ရတယ်။ အိမ်ရှင်ရယ်၊ ပီတာရယ်က အားမပေးတာနဲ့ မထိုးလိုက်တော့ဘူး။


တုပ်ကွေးကာကွယ်ဆေးကို ဘယ်အချိန်လောက်ကစပြီး အမေရိကန်မှာ သုံးနေတာလဲဆိုတော့ ငါ ငယ်ငယ်ကတည်းကတဲ့။ အိမ်ရှင်က ၃၈ နှစ်။ မြန်မာပြည်မှာ တုပ်ကွေးချိန်ဆို ဟိုင်းကြီးတနယ်လုံးက ကလေးတွေ နယ်လုံးကျွှတ် ကွေးကြတာ သတိရတယ်။ တုပ်ကွေးပြင်းရင် အသက်ပါသွားနိုင်တယ်။ ဒန်းကီး(တုပ်ကွေး) ဖြစ်စေတဲ့ ခြင်၊ ပိုးဟပ်၊ ကြွက်၊ အကောင်ပလောင်တွေဆို စလုံးတွေက သိပ်ကြောက်ကြတာ။ ရွှေမြန်မာတွေကတော့ လာထား တုတ်နဲ ရိုက်၊ တစ်ရှူးနဲ့ ဖမ်း ။  ခြင်ကိုသာမက ကိုယ့်ကိုကိုယ်ပါ ဆော်တတ်တယ့် သူတွေမလား ဒီလောက်တော့ အပျော့။ တွေးမိတယ် အဲဒီတုပ်ကွေးကာကွယ်ဆေးသာ မြန်မာတနိုင်ငံလုံးက ကလေးတွေကို အခမဲ့ထိုးပေးနိုင်ရင် ဘယ်လောက်များ ကောင်းမလဲနော်။

အရင်ပို့တုန်းက လာဗင်ဒါလို့နာမည်ပေးထားတဲ့ မြက်ပင်တွေ ခုတော့ အသီးသီးနေကြပြီ
ရှေ့တပတ်ကတော့ ဆူပါဗိုက်ဆာကို စိတ်ဆိုးလွန်းလို့ နေ့လယ်စာလည်း မစားနိုင်၊ အသားတွေ အဆတ်ဆတ်တုန်၊ ခေါင်းတွေကိုက်။ တူရကီလေး မူဆာဖာ အလုပ်မရှိလို့ အလုပ်တောင်းတာ သူက တူရကီကို မကြာမှီ ပြန်တော့မှာ ပရောဂျက်တန်းလန်းဖြစ်နေမှာမို့လို့ အလုပ်မပေးနိုင်ပါဘူးတဲ့။ ပြီးတော့ ပိုက်ဆံလေလွင့်တယ်လို့ပြောလိုက်သေးတယ်။ အလုပ်မပြီးရင် သူ့အပြစ်၊ အလုပ်မရှိတာက သူ့အပြစ်မဟုတ်ဘဲ ပြောခံရတော့ မူဆာဖာ ဒေါသအမျက် ခြောင်းခြောင်းထွက်။ ဒါပေမယ့် သူက ဂျရတ်ကို ဘာမှမပြောဘူး။ ကိုယ့်အဖြစ်ကလည်း မူဆာဖာနဲ့ ထူးမခြားနား။ မဟုတ်မခံ ဆတ်ဆတ်ကျဲ စန်းထွန်းကတော့ မူဆာဖာလို ငြိမ်ခံမနေဘူးဗျ။ သွားချဲပစ်လိုက်တယ်။ မန်နေဂျာကိုပါ သွားတိုင်ပစ်လိုက်တယ်။ ကိုယ်မှန်လို့ကတော့ ဘူလီ လာမလုပ်နဲ့။ လုံးဝ ခံဘူး။ ခုတော့ ဂျရတ်တယောက် စန်းထွန်းကို မော်မကြည့်ရဲဘူး။ အဲ.. ငုံ့တော့ ကြည့်ရတယ်  း ) ။


အိမ်ရှင်မိဘတွေက လယ်လုပ်ကြတာမို့ သူတို့နိုင်ငံက စိုက်ပျိုးနည်းစနစ်ကို စပ်စုကြည့်ပါတယ်။ ဒီနှစ် ဒီလယ်ကွက်မှာ ပြောင်းစိုက်ရင် နောင်နှစ်မှာ မြေပဲ၊ ဝါဂွမ်း အလှည့်ကျ စိုက်ပျိုးနည်းစနစ်ကို သုံးပါတယ်။ လယ်ကွက်ထဲကမြေကို သုတေသနဌာနကို ပို့လိုက်ရင် မြေဆီလွှာမှာ ဘာဓာတ်တွေ၊ ဘယ်လောက်အချိုးအစား ရှိနေတာမို့ ဘယ်အပင်စိုက်သင့်တယ်လို့ ညွှန်ကြားပါတယ်။ သဘာဝဘေးဒဏ်ကြောင့် အသီးအနှံမအောင်ရင် အစိုးရက ရင်းနှီးစိုက်ပျိုးသမျှ ကျသလောက်ကို ပြန်ပေးပါတယ်တဲ့။ ရှုံးလို့ လယ်သမားတွေ လယ်မစိုက်တော့ရင် ဘယ်သူတွေ စိုက်ပျိုးကြမလဲနော့။ လယ်သမားတွေရဲ့ ထုတ်ကုန်တွေ ဈေးကွက်ထဲမြန်မြန်ဆန်ဆန် ရောက်ဖို့လည်း ကူညီပါတယ်။ ကုန်စည်စီးဆင်းမှု မကောင်းလို့ အသီးအနှံတွေ ပုပ်သိုးပြီးမှ ဈေးကွက်ထဲရောက်ရင် စိုက်ပျိုးသမျှ အလကားပါပဲ။ စတိတ်က အသီးအနှံတွေက ကြီးပေမယ့်လည်း နူးညံ့တယ်။ ဒီမျိုးစေ့က အရသာ၊ ဒီမျိုးစိတ်က အနံ့၊ ဒီမျိုးစိတ်က ရောဂါခံနိုင်မှု အကောင်းဆုံးဆိုတာတွေယူပြီး မျိုးစိတ်ကို ပြုပြင်ပါတယ်။

မွှေးထုံအီလို့ ပျားပိတုန်းတကောင်က ဝတ်ရည်သောက်သုံးလို့

သမ္မတရွှေးကောက်ပွဲအတွက် အမေရိကန်တဝှမ်း မဲဆွယ်ပွဲတွေ ပြင်းထန်နေပါတယ်။ ရီဘာပလင်ကန် သမ္မတလောင်း ရွမ်နီနဲ့ ဒီမိုကရက်တစ် လက်ရှိသမ္မတ အိုဘားမားတို့ စကားစစ်ထိုးပွဲတွေ၊ သူတို့ သမ္မတဖြစ်ရင် ချမှတ်မဲ့ စီးပွားရေး၊ နိုင်ငံရေး ပေါ်လစီတွေ၊ ပြိုင်ဘက်ရဲ့ အမှားတွေထောက်၊ သာသာနဲ့နှာနှာလေးနှက်ကာ မဲဆန္ဒရှင်တွေကို ဆွဲဆောင်နေပါတယ်။ မဲအရေအတွက်က သိပ်မကွာနိုင်တော့ အကြိတ်အနယ် ရှိလှပါတယ်။ တိုင်းပြည်ရဲ့အနာဂတ်ဆိုတော့ အမေရိကန်ပြည်သူတွေလည်း စိတ်ဝင်တစားရှိလှပြီး ပြည်သူတွေကို အကောင်းဆုံးလုပ်ပေးနိုင်မယ်ထင်တယ့် သမ္မတကို ရွေးချယ်ကြတော့ပါမယ်။


ရီဘာပလင်ကန် အမာခံ တက္ကဆက်က လာတယ့် အိမ်ရှင်က အရင်က အိုဘားမားကို မဲပေးခဲ့ပေမယ့် ခုတော့ ရွမ်နီတဲ့။ သမ္မတရွှေးကောက်ပွဲဆိုတာ မမြင်ဘူးတဲ့ စန်းထွန်းတယောက် စတိတ်မှာ မဲပေးခွင့်မရှိပေမယ့်လည်း သမ္မတလောင်းတွေ အကြိတ်အနယ်မဲဆွယ်ကြတာ နားဆင်ရင်း တို့ရွှေမြန်မာပြည်ကြီးလည်း တနေ့နေ့တော့...

စန်းထွန်း
အောက်တိုဘာ ၂၈၊ ၂၀၁၂။

Singapore Botanic Garden

ဘလော့ဂင်းရင်း စင်္ကာပူရုက္ခဗေဒဥယျာဉ်ဆိုတာ တွေ့လိုက်ရတော့ ကိုယ်သွားခဲ့တာလေး သတိရသွားတယ်။ စန်းထွန်းတောင်တက်နေသည် - ၁ ပို့စ်တွေတုန်းက ဖလမ်းဖလမ်းထဖက် အဲလေ တောင်တက်ဖက် အိအိနဲ့ ၂၀၁၀ ဧပရယ်  Good Friday ပိတ်ရက်မှာ တခါ၊ စက်တင်ဘာမှာ ဘွဲ့ယူဖို့ ရောက်နေကြတယ့် ဖေ၊ မေ၊ မောင်မောင်တို့ကို လိုက်ပို့ပေးရလို့တခါ နှစ်ခါတိတိ ရောက်ပါတယ်။

စင်္ကာပူရောက်ရင် ရောက်သင့်တယ့်နေရာတွေထဲမှာ ဒီရုက္ခဗေဒဥယျာဉ်ကြီးလည်း ပါပါတယ်။ ဝင်ကြေးက အခမဲ့ပါ။ Buona Vista နဲ့ Orchard ပြေးဆွဲတယ့် ကားတွေစီး Gleneagles Hospital မှတ်တိုင်မှာ ဆင်းပြီး လမ်းကူးလိုက်တာနဲ့ ရောက်ပါပြီ။ Bukit Timah ဖက်ကလာရင် Singapore Botanic Garden မှတ်တိုင်မှာ ဆင်းတာနဲ့ ရောက်ပါပြီ။ Circle အဝါရောင်မီးရထားလိုင်းကြီး ပြီးသွားရင်တော့ ရထားစီးပြီး ရုက္ခဗေဒဥယျာဉ်မှတ်တိုင်မှာ ဆင်းရုံပဲ။ သစ်ခွဥယျာဉ် ဝင်ချင်ရင်တော့ စီနီယာစီတင်ဇင်၊ ကလေးတွေက အခမဲ့၊ ကျောင်းသားဆိုရင် ဒီစကောင့်နဲ့ ငါးကျပ်ပေးရပါတယ်။ ငါးကျပ်မပေးချင်လို့ အင်တင်တင်လုပ်နေတာ အိအိက နောင်ရောက်ဖြစ်မှာ မဟုတ်ဘူး ဝင်ရအောင်ဟာလို့ တိုက်တွန်းတာနဲ့ ဝင်ဖြစ်သွားပါတယ်။ ငါးကျပ်ပေးရတာ တကယ်တန်ပါတယ်။ အမျိုးအစားအစုံအလင် သစ်ခွပန်းကလေးတွေ မြင်ရတာ စိတ်ချမ်းသာပါတယ်။

ရုက္ခဗေဒ မှန်လှောင်အိမ်ထဲမှာ ကိုးတန်း၊ ဆယ်တန်း ဘိုင်အိုမှာ သင်ရတယ့် အပင်တွေ တွေ့ခဲ့သေးတယ်။


ဘွန်ဇိုင်းမျိုးစုံ၊ ကြာမျိုးစုံ၊ Symphony Lake မှာဆို တေးဂီတစင်ဆက်တယ့် အဆောက်အဦးတွေနဲ့ သာယာပါတယ်။ တနေ့တာ အပန်းဖြေစေမယ့် နေရာလေးပေါ့။ ရှုခင်းလှလို့ လက်ထပ်မင်္ဂလာဆင်နွှဲမယ့် မောင်နှံတွေ ဓာတ်ပုံအရိုက်များကြတယ့် နေရာလေးပါ။

အဲဒီတုန်းက ဘလော့ဂါ မဖြစ်သေးတော့ ရှုခင်းထက် ကိုယ့်ကိုကိုယ် ပြန်ရိုက်တာ များတယ်။ လှတယ့်နေရာလေးတွေ့ရင် အပြေးလေးကပ် လက်နှစ်ချောင်းထောင်လိုက်၊ ခါးလေးကုန်းလိုက်နဲ့ ပဲပေးနေတာများ မြင်ရသူ ရယ်ချင်စရာ။ သူများတွေက ရှုခင်းခံစားနေချိန်မှာ ဘယ်နေရာလေးမှာ ဘယ်လိုပဲပေးပြီး ရိုက်ရမလဲလို့စဉ်းစားနေတာကိုး။ နို့မို့ ဓာတ်ပုံဒီထက်များများ တင်နိုင်မှာ။ ( ဘုရား..ဘုရား တော်ပါသေးရဲ့ အဲဒီတုန်းက ဘလော့ဂါ မဖြစ်သေးတာ...သူ့ဟိုရိုက် ဒီရိုက်လက်ရာတွေနဲ့ နှိပ်စက်မယ့်ဒုက္ခက လွတ်သွားတယ်..  း D  )

အောက်ကသစ်ခွပုံကတော့ ကြွားတာ... း ) ။ မခိုင်ဆရာမဆီက ယူလာပြီး အိမ်မှာပွင့်တယ့် သစ်ခွလေးပါ။ Clementi အိမ်က နေရောင်ရတော့ ပွင့်လိုက်တာ။ ဘုရားပန်း အတော်ကပ်လိုက်ရတယ်။ Boon Lay အိမ်ပြောင်းတော့ နေရောင်မရလို့ သေသွားတယ်။

စင်္ကာပူရောက်ခဲ့ရင် ရုက္ခဗေဒဥယျာဉ်ကြီးကို သွားပြီး ခြေတို.. အဲလေ အပန်းဖြေကြပါနော်။

စန်းထွန်း
အောက်တိုဘာ ၁၅၊ ၂၀၁၂။