အမွေ..

သမီးလေးအတွက် ကျွန်မ၏ ဆုံးဖြတ်ချက်မှန်သမျှ သမီးလေးအတွက် အကောင်းဆုံးဖြစ်မည်ထင်တာကို ဘက်ပေါင်းစုံမှ စဉ်းစားကာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ကျွန်မ မိတ်ဆွေ၊ အပေါင်းအသင်းများပေးသည့် အကြံညဏ်များနှင့် ကွဲလွဲကောင်း ကွဲလွဲနိုင်သည်။ ကျွန်မ၏ ဆုံးဖြတ်ချက်ကို သမီးလေး ငြင်းပယ်ခွင့် မရှိခဲ့။ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့် အရွယ်ရောက်လာလျှင် ကျွန်မ ဆုံးဖြတ်ချက်ကို သမီးလေး ဝေဖန်ချင် ဝေဖန်လိမ့်မည်။ သေချာသည်ကတော့  ကမ္ဘာပေါ်တွင် သမီးလေးကို ကျွန်မလောက် ချစ်နိုင်မည့်သူ မရှိနိုင်ခြင်းပင် ဖြစ်သည်။

**************************************************************************

မေ့ကို  ဧရာဝတီတိုင်းအတွင်းရှိ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြသော၊ မြို့အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ခြားထားသော မြစ်ငယ်လေး ဖြတ်သန်းစီးဆင်းရာ မြို့ငယ်လေးတွင် မွေးဖွားခဲ့သည်။ မေ့ကို မွေးဖွားပြီးပြီးခြင်းပင် မေမေ ဆုံးပါးသွားသည်နှင့် မေမေ့မျက်နှာကို မမြင်ဘူးလိုက်။ မွေးချင်း၆ယောက်ထဲတွင် တဦးတည်းသော သမီးဖြစ်သည့် မေမေ့သမီး မိတဆိုးလေး မေ့ကို နှစ်ဖက်ဆွေမျိုးများက သနားပိုကြသည်။ လာတင်တောင်းသည့်အခါတိုင်း ခေါင်းခါရင်း မေ ကြီးပြင်းအောင် အမေက စောင့်ရှောက်ခဲ့သည်။ မေ့မှာ မေမေ မရှိသော်လည်း သည် ဖေဖေ့ညီမသည် မေ၏ အမေ ဖြစ်သည်။

ဖေဖေ့ ဝန်ထမ်းလစာ ဝင်ငွေ၊ အမေ စပါးပေး၊ ပဲပေး၊ အပ်ချုပ်ဆိုင်မှ ဝင်ငွေများနှင့် မပိုလျှံသော်လည်း ဝမ်းရေးဖူလုံသည်။ သာယာအေးချမ်းသော မြို့ငယ်လေးတွင် မေ၏  ငယ်စဉ်တောင်ကျေး ကလေးဘဝများသည် ပျော်ရွှင်ဖွယ်အတိ ဖြစ်သည်။ စာတော်သော မေ့ကို ရန်ကုန်တွင်ရှိသော မေမေ့ဖက်က ဦးလေးအိမ်ပို့ကာ အထက်တန်းပညာကို သင်ကြားစေသည်။ လစာဝင်ငွေမှတပါး အခြားဝင်ငွေ မရှိသော ဖေဖေ့ ဝန်ထမ်းလစာသည် အိမ်စရိတ်မှတပါး မေ့ ပညာသင်စရိတ်ကို မထောက်ပံ့နိုင်။ မေမေ့ဖက်က ဘကြီး၊ ဦးလေးများက ထောက်ပံ့ရသည်။


ကျောင်းအားချိန်များတွင် ကိုယ့်မိဘအိမ်တွင် နေရသော တခြားကျောင်းသားကျောင်းသူများလို မေ့မှာ သူငယ်ချင်းများနှင့် မလည်ပတ်နိုင်။ ဦးလေး၏ အမျိုးသမီး အဒေါ့် အိမ်စီးပွားရေးလုပ်ငန်း၊ အိမ်မှုကိစ္စများကို ကူညီလုပ်ကိုင်ပေးရသည်။ အိမ်အနီးအနားတွင် ရှိသော အင်္ဂလိပ်စာသင်တန်းတက်ချိန်များသည် မေ့ ကိုယ်ပိုင်လွတ်လပ်ချိန် ဖြစ်သည်။ ကျောင်းပိတ်ရက်ရှည် အိမ်ပြန်ချိန်များကို လက်ချိုးရေတွက် စောင့်စားသည်။ အမေချက်သော ငါးပြေမငါးဟင်းသည် မေ အမက်မောဆုံးသော အစားအစာ ဖြစ်သည်။

ဆယ်တန်းအောင်စာရင်းထွက်သောအခါ  ဂုဏ်ထူး၃ခုဖြင့် ထူးချွှန်စွာ အောင်မြင်စွာခဲ့သည်။ ဆရာဝန်အမှတ် မမှီသောအခါလည်း မေ ဝမ်းမနည်းခဲ့။ ငွေကုန်ကြေးကျများသော ဆေးကျောင်းသားဘဝကို တက်ရောက်ဖို့ မေ အင်အားမရှိပါ။ တက္ကသိုလ်တက်ရန် စောင့်နေရင်း ပုသိမ်တွင်ရှိသော ဦးလေး သားသမီးများအတွက် ဂိုက်အဖြစ် ဖေဖေ အတင်းအကျပ် စေလွှတ်ခြင်းသည် ဖေဖေနှင့် မေ သဘောထားကွဲလွဲမှု၏ အစဖြစ်သည်။ ငွေကြေးပြည့်စုံသော ဦးလေးတို့ မိသားစုသည် သူတို့သားသမီးများအတွက် မေ့ထက် ပိုကောင်းမွန်စွာ ထိန်းကျောင်းပေးနိုင်သော ဂိုက် ငှားရမ်းနိုင်သည်။ သို့သော် ဆွေမျိုးခြင်း စောင့်ရှောက်ရမည်ဟု ဖေဖေက ဆုံးဖြတ်သောအခါ မေ မကျေနပ်သော်လည်း မငြင်းပယ်နိုင်ခဲ့။

မေတို့ မတိုင်ခင် တနှစ်ခန့်က ပိတ်သွားခဲ့ပြီ ဖြစ်သော ရန်ကုန်စက်မှုတက္ကသိုလ်ကြီးကြောင့် မေ ဂျီဟောသူ မဖြစ်ခဲ့။ အဲဒီနှစ်က ဆေးပြုတ်အများစုရောက်သော ကွန်ပျူတာတက္ကသိုလ်ကို မေ ရွေးချယ်ခဲ့သည်။ တက္ကသိုလ်မတက်မှီ မြို့ငယ်လေးဆီ အလည်ပြန်ရင်း မေ ချစ်သူ ရှိခဲ့သည်။  ရန်ကုန်တွင် ကျောင်းတက်နေသော ကိုအောင်သည် မေတို့မြို့၏ ပျိုတိုင်းကြိုက်သော နှင်းဆီခိုင် ဖြစ်သည်။ စာအဆက်အသွယ်ဖြင့် ချစ်သူဖြစ်ခဲ့သော မေနှင့် ကိုအောင် ပထမဆုံး ချိန်းတွေ့ကြသည့်နေရာကတော့ သီချင်းချိုချိုလေး ဖွင့်ထားသည့် ကော်ဖီဆိုင်လေး မဟုတ်ခဲ့ပါ။  လော်ကြီးဖြင့် ဖွင့်ထားသော ပဋ္ဌာန်းတရားသံကို ကျော်လွန်ကာ မိုင်ကုန်ဟစ်ရသည့် ဘုရားရင်ပြင်တွင်  ဖြစ်သည်။ ကိုယ် ပြန်မရောက်မှီ သတင်းအရင် ရောက်နှင့်နေသော နယ်မြို့လေးဖြစ်သည့်အတွက် အသိတွေနှင့်များ တိုးမလား စိုးထိတ်ရင်း  ရင်တဒိတ်ဒိတ်ခုန်နေခဲ့သည်။ ရန်ကုန် ရောက်လျှင် ထပ်မံတွေ့ဆုံဖို့ ကတိစကား ထားခဲ့ကြသည်။


ကိုအောင် ဖုန်းဆက်တိုင်း ဖုန်းဆိုသည်မှာ အလုပ်အတွက် မရှိမဖြစ်သုံးဖို့ ထားတာဟု ဆိုသော အဒေါ့်စကားကြောင့်  ဖုန်းမဆက်ဖို့ ကိုအောင့်ကို တားမြစ်ရသည်။  သူလည်း တခြားချစ်သူများလို ကြည်နူးချင်ပေမပေါ့။ ကြည်နူးခွင့် မရသည်ကို ကိုအောင် စိတ်ပျက်မိမှာ မလွဲ။ မခိုင်မြဲသော အချစ်ကြိုးလေး လျှော့နည်းလာသည်ကို သိသော်လည်း ကိုအောင့်ကို မေ အပြစ်မတင်ရက်ပါ။ တက္ကသိုလ်တွင် ရုပ်ရည်ချောမောသော မေ့ကို ပိုးပန်းသူများသော်လည်း မေကတော့ တစ်ချိန်တုန်းက ချစ်သူကို တမ်းတနေဆဲ။ ကိုအောင် ပေးထားသော ကျောပိုးအိတ်လေးကို တမြတ်တနိုး လွယ်နေဆဲ။ ကိုအောင့်နာမည် ကြားရတိုင်း ရင်ခုန်နေဆဲ။ ကိုအောင်များ သင်တန်းရှေ့ လာမလားလို့ မျှော်နေဆဲ။ မေ့သူငယ်ချင်း ဝတီတို့ အိမ်ရောက်တိုင်း ကိုအောင့်ဆီ ဖုန်းဆက်ဆဲ။

ကိုအောင် မိန်းမခိုးပြေးသည့် သတင်းကြားသည့်နေ့ကတော့ ဝတီ့အိမ် သွားကာ ငိုကြွေးသည်။ မေငိုတော့ ဝတီလည်း မေ့ကို ဖက်ကာ ငိုတော့သည်။ ဝတီ ငိုတော့ မေ စိတ်မကောင်း ဖြစ်မိသည်။ ကိုအောင့်အတွက် မေ့ ခံစားချက်ကို ဝတီတို့ကို ရင်မဖွင့်တော့ဘဲ သော့ခတ်သိမ်းဆည်းလိုက်တော့သည်။ စိုးထိတ်နေသာ အရာတခု စိုးထိတ်နေသည့်အတိုင်း ဖြစ်လာသည့်အခါ မေ စိုးရိမ်ပူပန်နေရာမှ လွတ်မြောက်သွားသည်။ နှလုံးသားဒဏ်ရာ တဖြည်းဖြည်း ကျက်လာသော်လည်း အမာရွတ်လေးတော့ ပါးပါးလေး ကျန်နေခဲ့သည်။ အသည်းကွဲဒဏ်ရာကြောင့် မေ စာတွေ ပိုဖတ်ဖြစ်သည်။

တကောင်ကြွက်ဖြစ်သည့် မေသည် အိမ်လည်းနီးသော၊ မွန်းကြပ်တိုင်း သွားလည်ဖြစ်သော ဝတီတို့ မိသားစုကို အားအကျဆုံး ဖြစ်သည်။ သားသမီးလိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးရင်း သားသမီး၏ ဆန္ဒများကို အလေးထားသော မိဘ၊ မောင်နှမများကို  စောင့်ရှောက်သော ဝတီ့အစ်မ ရတီ၊ ဝတီနှင့် ရန်ဖြစ်နေတတ်သော နဒီတို့နှင့် ဝတီ့ဘဝလေးသည် နွေးထွေးလှသည်။ ဝတီကဲ့သို့ အဖော်ရသော ညီအစ်မ၊ ရန်ဖြစ်စရာ မောင်လေးတယောက် လိုချင်မိသည်။ သွယ်ကဲ့သို့ မုန့်ဖိုးတောင်းရန် ကိုကြီးတယောက်၊ သူငယ်ချင်းတယောက်လို အဖော်ရသော အစ်မတယောက်၊ ရန်ဖြစ်ရန် ကိုလေးတယောက် လိုချင်မိသည်။ အမြဲတတွဲတွဲ ရှိနေတတ်သော လှိုင်နှင့်ကြိုင်တို့လို ညီအမမျိုး လိုချင်မိသည်။ သံသာကဲ့သို့ မောင်လေး၊ ညီမလေးများဖြင့် တရုန်းရုန်း နေချင်မိသည်။


အဒေါ့်သားသမီးများဖြစ်သော တဝမ်းကွဲ မောင်နှစ်ယောက်နှင့် ညီမတစ်ယောက်သည် မေ့ကို ချစ်ကြသော်လည်း မောင်နှမရင်း သံယောဇဉ်လောက် မတွယ်တာ။ အိမ်ထောင်ပြုလို့ သားသမီးမွေးရင်ဖြင့် မေ့လို ဥတလုံး တစ်ကောင်ကြွက် မဖြစ်စေရဟု ဆုံးဖြတ်ထားသည်။

ဘွဲ့ နှင့် လုံးဝမသက်ဆိုင်သောအလုပ်ဖြင့် မေ လုပ်ငန်းခွင် ဝင်ခဲ့သည်။ ကိုရီးယားမှ စက်ပစ္စည်းများ တင်သွင်းသော ကုမ္ပဏီတွင် ဖြစ်သည်။ ထိုကုမ္ပဏီတွင် မေ၏ အထက်မန်နေဂျာဖြစ်သော၊ မေ့ထက် ၁၀နှစ်ကျော်ကြီးသော ကိုသက်နှင့် ဆုံတွေ့ခဲ့သည်။ စနစ်ကျသော၊ လက်ရေးလှသော၊ အင်္ဂလိပ်စာ ကျွှမ်းကျင်သော ကိုသက်အရည်အချင်းများက မေ့ကို အထင်ကြီးလေးစားစေခဲ့သည်။ မေ ရင်ဖွင့်တိုင်း ဝတီက နားထောင်ပေးလေ့ရှိသည်။ ရုပ်အဆင်းမရှိရှာသော ကိုသက်ကို စတွေ့တွေ့ချင်း မေနှင့် မလိုက်ဖက်လိုက်တာဟု ကောင်းချီးပေးကြသော်လည်း မေနှင့် ကိုသက်တို့၏ အချစ်ကြိုးလေးသည် တရစ်ပြီးတရစ် ခိုင်မြဲလာခဲ့သည်။

အလုပ်အခြေတကျဖြစ်သည်နှင့် မေ အဆောင် ပြောင်းနေသည်။ ဖေဖေက ဦးလေးအိမ် ရှိရဲ့သားနှင့် အဆောင်နေသည်ကို သဘောမကျသော်လည်း မေ ဆုံးဖြတ်ချက် မပြောင်းမှန်း သိသည့်အခါ  ငြင်းဆန်ခြင်းငှာ မစွမ်းသာခဲ့။ ဦးလေးအိမ်တွင် အဒေါ့်အလိုကျ နေခဲ့ရသော မေ ဘယ်သူ့မျက်နှာမှ ကြည့်စရာ မလိုသော အဆောင်ပြောင်းနေသောအခါ ကိုသက်သည်သာ မေ့ တွယ်တာရာ ဖြစ်လာခဲ့သည်။ အဆောင်တွင် ဘယ်သူ့မျက်နှာမှ ကြည့်နေစရာ မလိုသော်လည်း အဆောင်သူအချင်းချင်း စိတ်အခန့်မသင့်ဖြစ်စရာလေးတွေ ရှိတတ်ပါသည်။


ခြေဆော့လက်ဆော့ရှိသော အဆောင်သူကြောင့်  စိတ်အနှောင့်အယှက် ဖြစ်ရဖူးသည်။ ရွှေ၊ လက်ဝက်လက်စား တန်ဖိုးကြီးပစ္စည်းကို သူတို့အိမ်က မီးခံသေတ္တာမှာ လာထားဟု အကြံပေးသော ဝတီ့စကားကြောင့် မေ ရယ်မောရသေးသည်။ မီးခံသေတ္တာထဲ ထည့်သိမ်းထားလောက်အောင် တန်ဖိုးကြီးမိဘအမွေ မေ့မှာ မရှိပါ။ ကိုသက် နိုင်ငံခြားထွက်ခွာသွားပြီး မကြာမှီပင် မေ့ကို လိုက်လာရန် ခေါ်သည်။ ကိုသက့်နောက်မည်ဟု မေ ဆုံးဖြတ်ခဲ့သည်။

မိဘဓနအင်အား မတောင့်တင်းသော မေနှင့် ကိုသက်တို့နှစ်ယောက်သည် သာမာန်ဝန်ထမ်းမျှသာ ဖြစ်သည်။ နိုင်ငံခြားတွင်အလုပ်ရရန် ကုန်ကျသောစရိတ်များ ဆပ်ပြီး တစ်အိုးတစ်အိမ် ထူထောင်ရန် လက်ထဲစုမိဆောင်းမိ ရှိစေရန် ၂နှစ်ကျော်ခန့် မေတို့ အချိန်ယူခဲ့ရသည်။ နေစရိတ်မြင့်မားသောနိုင်ငံတွင် အိမ်သူကြီးလုပ်ရသောသူတို့ ဒုက္ခထုံးစံအတိုင်း လူငှားမရလို့ အိပ်စိုက်ရသည်လည်း ရှိသည်၊ အခန်းဖော်အချင်းချင်း အပေးအယူမမျှလို့ တိုင်တောကြသည့်အခါလည်း ရှိသည်။ ရေချိုခန်း၊ အိမ်သာ၊ မီးဖိုချောင်၊ သန့်ရှင်းရေး၊ နေရာထားသိုရေး ပြသနာ ဖြေရှင်းရသည့်အခါလည်း ရှိသည်။ ကိုယ့်အိမ်ကိုယ့်ယာကလေးနှင့် နေချင်သော မေ ထိုဒုက္ခများကို သည်းခံနိုင်သည်။

နာမည်ကြီးတက္ကသိုလ်တွင် ကျောင်းလာတက်သော ဝတီနှင့် သံသာတို့သည် ကျောင်းပြီးသည်နှင့် လစာကောင်းမွန်သော အလုပ်များ ရရှိသည်။ မေ သူတို့ကို အားကျသည်။ သို့သော် သူတို့ဘဝပေး အခြေအနေနှင့် မေ့ဘဝပေး အခြေအနေက ခြားနားသည်။ တချိန်ချိန်မှာတော့ သူတို့လို ကျောင်းတက်ဦးမည်ဟု ရည်မှန်းထားသည်။ ပညာအမွေဆိုသည်မှာ မိဘက ထောက်ပံနိုင်သော်လည်း သားသမီးက ကြိုးစားမှ၊ သားသမီးက ကြိုးစားသော်လည်း မိဘက ထောက်ပံ့နိုင်မှ ရနိုင်သည်။ ဘွဲ့ရသည့်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုခွင့်မရသည့် မေ့အဖြစ်ကို ရင်နာမိသည်။ မေ့သားသမီး လက်ထက်တွင်တော့ သူစိတ်ဝင်စားသည့်ပညာကို သူ့ဘာသာ ရွေးချယ်ခွင့်၊ အတင်းအကျပ် စေခိုင်းခြင်း မဟုတ်ဘဲ ရွေးချယ်နိုင်ခွင့် ရှိရမည်။ မေ့လို စိတ်မဝင်းစားသည့် ဘာသာကို သင်ကြားရသည့် အဖြစ်၊ ငြင်းဆန်နိုင်ခွင့် မရှိသည့်အဖြစ်မျိုး မကြုံစေဖို့ ဆုံးဖြတ်ထားသည်။


သမီးလေး ဝင်ရောက်လာသည့်နေ့မှစ၍ မေ့ဘဝ ပို၍ အဓိပ္ပာယ် ရှိလာသည်။ မေ တကောင်ကြွက် မဟုတ်တော့။ မေ့တွင် တွယ်တာစရာ သမီးလေး ရှိသည်။ သမီးလေးအတွက် မေ အရာရာ ပေးဆပ်နိုင်သည်။  နို့ချိုတိုက်‌ကျွှေးရင်း တစိမ့်စိမ့် ကြည့်ရသော သမီးလေးမျက်နှာသည် ရှုမဝဖြစ်သည်။ အနှိုင်းမဲ့သော မိဘမေတ္တာကို သမီးလေး မွေးဖွားပြီးမှ မေ နားလည်လာခဲ့သည်။ ဖေဖေ့ကို အရင်ကလို မကျေနပ်တာ မရှိတော့။

မီးဖွားခွင့်ပြီးသည်နှင့် သမီးလေးကို သူ့ဘွားအေ လက်ထဲအပ်ရင်း အလုပ်ခွင် ဝင်ရသည်။ ပထမဆုံး သမီးလေးနှင့် ခွဲရသည့်နေ့ကတော့ သမီးလေး ငိုနေမည်လားဟု စိုးထိတ်နေရသည်။ သမီးလေး၏ တီတီတာတာ အသံများကို လွမ်းနေမိသည်။ အိမ်ပြန်ရောက်ခြင်း သမီးလေး၏ မျက်နှာကို မြင်ရသည်နှင့် တနေ့တာလုံး ပင်ပန်းသမျှ  ပိန်းကြာရွှက် ရေမတင်ဘိသကဲ့သို့ လျှောဆင်းသွားသည်။ မိဘများမှာ ငယ်ငယ်တုန်းက သားသမီးများကို ထိန်းကျောင်းရုံမျှမက မြေးရပြန်တော့လည်း မြေးထိန်းရန် နိုင်ငံခြားသို့ ရောက်ကြတော့သည်။ သမီးလေးကို ထိန်းကျောင်းနေရသော အမေသည် နိုင်ငံခြားတွင် စကားပြောဖော်မရှိ ပျင်းနေရှာသည်။ ဆွေမျိုးအသိုင်းအဝန်းမှ မခွဲခွာဘူးသော၊ မြိkhငယ်ကလေးမှ မခွာဘူးသော အမေ့အတွက် မြို့ပြကြီးသည် အတော်ပျင်းစရာ ကောင်းနေခဲ့သည်။ စားသုတ်သုတ်၊ သွားသုတ်သုတ် တက်သုတ်နှင်နေကြသော မြို့သူမြို့သားများကိုကြည့်ကာ  ဘေးကနေ အမေက မောနေတတ်သည်။

အမေ့လက်ထဲထည့်ကာ ဇာတိမြို့ငယ်လေးတွင် သမီးလေးကို ကြီးပြင်းစေမည့် မေ့ဆုံးဖြတ်ချက်ကို မိတ်ဆွေအပေါင်းအသင်များက ကန့်ကွက်ကြသည်။ မေတို့ သားအမိ ကောင်းစားရေးအတွက် သူတို့ ပြောဆိုကြမှန်း မေသိပါသည်။ မနက်စောစော မိဘပခုံးထက်တွင် အိပ်ပျော်နေတတ်သော၊ လူနှင့်မလိုက်အောင် ကျောပိုးအိတ် အကြီးကြီးများကို သယ်ပိုးရသော ကလေးများကို တွေ့တိုင်း မေ ဂရုဏာ သက်မိသည်။ နိုင်ငံခြားတွင် သမီးလေးအတွက် ပညာရေး ပိုကောင်းသည်မှာ အမှန်ဖြစ်သည်။


ငယ်ငယ်လေးနှင့် မိဘနှင့် ခွဲရသည့် သမီးလေးအတွက် မေရင့်ထဲ မချိဖြစ်သည်။ ဖြစ်နိုင်လျှင် သမီးလေးနားမှာ နေရင်း တဖြည်းဖြည်း ကြီးပြင်းလာသည်ကို မေ့မျက်စိဖြင့် ကိုယ်တိုင်တပ်အပ်မြင်၊ ကိုယ်တိုင်ပြုစုပျိုးထောင်ချင်မိသည်။ တချိန်ချိန်တွင် နိုင်ငံခြားတွင် မကြီးပြင်းစေသည့်အတွက် သမီးလေးမှ အပြစ်တင်ကောင်း တင်နိုင်မည်။ မေ့ဆုံးဖြတ်ချက်မှန်သမျှသည် သမီးလေးအတွက် အကောင်းဆုံးဖြစ်နိုင်မည်ဟူသမျှကို ဘက်ပေါင်းစုံမှ စဉ်းစားကာ ဆုံးဖြတ်ခဲ့သည်ခြင်း ဖြစ်သည်။ သမီးလေး၏ အဘိုး၊ အဘွားများသည် မိဘဖြစ်သော မေ့၏ ချစ်ခြင်းထက် မလျော့သော ချစ်ခြင်းတရားများဖြင့်  သမီးလေးကို ပြုစုစောင့်ရှောက် ပျိုးထောင်ကြမည်မှာ မလွဲဖြစ်သည်။

ငွေကြေးအပိုအလျှံမရှိသော မေသည် သမီးလေးအတွက် တိုက်တစ်လုံး၊ ကားတစ်စီး၊ ကုမ္ပဏီတစ်ခု အမွေပေးစရာ မရှိပါ။ သမီးလေးအတွက် မေ ပေးနိုင်သည့် အမွေကတော့ ချစ်ခြင်းမေတ္တာဖြင့် မွှန်းထုံနေသော၊ သာယာပျော်ရွှင်ဖွယ်ကောင်းသော ငယ်ဘဝ၊ စာအုပ်၊ သစ်ပင်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသည့်စိတ်၊ ရိုးသားသည့် ဂုဏ်ကို တန်ဖိုးထားသည့် စိတ်၊ အသက်မွေးဝမ်းကြောင်း အတတ်ပညာတခု၊ လူကြီးသူမကို ရိုသေကိုင်းရှိုင်းသည့်စိတ်၊ ကူညီရိုင်းပင်း ချစ်မြတ်နိုးဖွယ်ကောင်းသည့် မြန်မာ့ဓလေ့ထုံးစံများကို ချစ်မြတ်နိုးသည့်စိတ်၊ ကံ ကံ၏ အကျိုးကို ယုံကြည့်စိတ်နှင့် မြန်မာစကားပင် ဖြစ်သည်။

တချိန်ချိန်တွင်တော့ သမီးလေးအတွက်  မေ့ဆီမှ ပေးနိုင်သောအမွေကို သမီးလေး ကျေနပ်နှစ်သက်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

စန်းထွန်း
ဇွန် ၃၊ ၂၀၁၂။

(ဓာတ်ပုံများကို ဂူဂယ်မှ ယူပါသည်။)

10 comments:

Anonymous said...

တကယ်ကျေနပ်စေပါတယ်။
အိုင်အိုရာ


ဒီိလို ကိုယ့်ဘာသာနဲ့ စကားကိုတန်ဖိုးထားတတ်တဲ့မိခင်တွေ များများ ရှိကြပါစေကွယ်.. ဒါမှလည်း နိုင်ငံခြားရောက် မြန်မာကလေးတွေ မြန်မာစာ မြန်မာစကားဆိုတာ ကို မမေ့မှာ

စံပယ်ချို said...

မကြာ မကြာဝင်လာလေရဲ့

ပစ်ပစ် said...


oakkar said...


AH said...








လေးစားစွာဖြင့်
မြတ်ပန်းနွယ်

San San Htun said...

Anonymous said...
နိုင်ငံခြားရောက်မြန်မာမိဘတွေရဲ့သားသမီးတွေမြန်မာ စကားမပြောနိုင်တာတွေ့ရတိုင်းအားမလိုအားမရဖြစ်ရတဲ့ စိတ်ကိုမျိုသိပ်နေရတော့ဒီစာလေးကကိုယ့်အတွက်တော့
တကယ်ကျေနပ်စေပါတယ်။
အိုင်အိုရာ
June 3, 2012 at 1:51 PM
ပျိုးယုဝသုန် (Pyo Yu Wathone) said...
ဒီလို ကိုယ့်ဘာသာနဲ့ စကားကိုတန်ဖိုးထားတတ်တဲ့မိခင်တွေ များများ ရှိကြပါစေကွယ်.. ဒါမှလည်း နိုင်ငံခြားရောက် မြန်မာကလေးတွေ မြန်မာစာ မြန်မာစကားဆိုတာ ကို မမေ့မှာ
June 3, 2012 at 10:24 PM
စံပယ်ချို said...
ဂျက်လဲတခါတရံဆိုရင်တော့ သူများမောင်နှမတွေကို
ကြည့်ပြီးအားကျတယ် တစ်ယောက်ထဲဆိုတဲ့အသိလဲ
မကြာ မကြာဝင်လာလေရဲ့
အားငယ်တဲ့စိတ်လဲ ဖြစ်နေတယ်
ခုမှပဲ ငါလိုလူတွေအများသားပါလားလို့
June 4, 2012 at 2:11 AM
ပစ်ပစ် said...
မေရဲ့ ဆုံးဖြတ်ချက်မှန်ပါတယ် .. အထွန်းးး
June 4, 2012 at 3:46 AM
oakkar said...
ဦးလေးနဲ့အဒေါ် က အလုပ်အခြေအနေအရ သူ့သမီးကို နယ်ကအဖွားအဒေါ်တွေနဲ့ နယ်က ကျောင်းလေးမှာ ထားပါတယ်..ကန့်ကွက်ကြတာတွေရှိတာပေါ့ ..တောကျောင်းမှာ ထားရသလားဆိုပြီး ... ကလေးကဆယ်တန်း ကိုထူးချွန်စွာအောင်ပြီး ဆေးကျောင်းဝင်ခဲ့ပါတယ် ...ကလေးက လိမ်မာရေးခြားရှိသလို ...မြို့ကြီးပြကြီးက လူမှုရေးပြသာနာတွေ ..မလိုတဲ့ပြိုင်ဆိုင်မှုတွေလဲ နယ်မှာ နဲပါးပါတယ် ... စိတ်မကောင်းမဖြစ်ပါနဲ့ ..
June 4, 2012 at 3:49 AM
AH said...
အင်း... ကျွန်တော်လည်း ကလေးရရင် ဘယ်လိုလုပ်ရမှန်းမသိ။ ယဉ်ကျေးမှု့မတူ၊ စရိုက်မတူတဲ့ လူမျိုးခြားနိုင်ငံမှာ ဘယ်လောက်လူနေမှု့အဆင့်မြင့်သည်ဆိုဆို.. ကလေးကိုတော့ မြန်မာပြည်မှာပဲ ပြန်ထားမယ်လို့ စိတ်ကူးထားတာပဲ။
June 4, 2012 at 7:10 AM
လွင်ပြင်လှိုင်းငယ် said...
ဆုံးဖြတ်ချက်လေးအရမ်းကောင်းပါတယ်
June 5, 2012 at 1:15 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
ကလေးလေး ရတဲ့ အမွေက သိပ်ကိုတန်ဖိုးရှိပါတယ်
သူကိုယ်တိုင်လည်းသိတတ်လာတဲ့အချိန်ကျရင် ကျေနပ်မှာပါ..
အဲဒီလိုအမွေမျိုး လိုချင်မိပါသေးတယ် စန်းထွန်းရေ..
June 7, 2012 at 3:07 PM
မြတ်ပန်းနွယ် (Myat Pan Nwe) said...
သမီးလေးအတွက် မေမေ မေ ပေးနိုင်တဲ့ အရာတွေအားလုံးက တန်ဖိုးရှိလိုက်တာ။ အဲဒီအရာတွေကမှ တကယ့်ဘဝကို ပြည့်စုံစေတယ်ဆိုတာ သမီးလေး နားလည်တဲ့နေ့ မေမေ မေ့ရဲ့ အမွေတွေကို ကျေနပ်နှစ်သက်သွားမှာပါ။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်
June 8, 2012 at 5:28 AM